← Chapters

ထိတ်လန့်ကြောင်အမ်းခြင်း(2)

Vol. 43 Ch. 430

ထိတ်လန့်ကြောင်အမ်းခြင်း(2)

Vol. 43 Ch. 430

သူမ မျက်နှာပြင်ပေါ်မှ အချက်အလက်များအား သေချာ ကြည့်ရှုခဲ့ပြီးနောက် သက်လတ်ပိုင်းစုံတွဲကို တဖန် ကြည့်လိုက်သည်။

သာမန်မျက်လုံးဖြင့် မမြင်နိုင်သောလည်း သူမ၏ မြင်ကွင်းတွင် မြင်တွေ့နိုင်သည့် ‘ယင်စွမ်းအင်’သည်က စုံတွဲနှစ်ဦး၏ ပတ်ဝန်းကျင်တွင် မီးခိုးဖျော့ရောင်သန်းကာ ဝန်းရံနေခဲ့သည်။

သူတို့က အိမ်တွင် ဖြစ်ပျက်သည့် အရာများက သဘာဝလွန်ဖြစ်ရပ်များနှင့် မပတ်သတ်ဟု ထင်နေခဲ့ကြသည်။ သို့သော် အဖြစ်မှန်မှာ သူတို့အနေဖြင့် သဘာဝလွန်အရာများနှင့် ထိတွေ့မိကာ မသန့်စင်သော လေ၏ သက်ရောက်ခြင်းခံနေရပြီးဖြစ်သည်။

ကုကျစ်စုန့် ရှေးခေတ်ဒင်္ဂါးပြားသုံးပြားကို ထုတ်ယူလိုက်ပြီးနောက် မွေးနေ့ကို ကြည့်လိုက်သည်။

ထိုအချက်အလက်များနှင့် ဇနီးမောင်နှံနှစ်ဦး၏ မျက်နှာတို့အား ပေါင်းစပ်လိုက်ချိန်တွင် ထိုလူနှစ်ဦး၏ ဘဝဖြစ်စဉ်များက သူမ၏ စိတ်ထဲတွင် ပို၍ပင် ထင်ရှားလာခဲ့သည်။

အပြင်ပန်းအရ ကြည့်လျှင် ဇနီးမောင်နှံနှစ်ယောက်လုံးသည်က လောကဓံကို ခံစားခဲ့ရပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်ပေါ်သည်။

အသက်မှာလည်း နှစ်ဦးလုံးက (၅၀)ကျော်ခန့်ဟု ထင်ရသည်။

သို့သော် သူတို့၏ ရာသီခွင်များအရ အမျိုးသမီးဖြစ်သူသည်က အသက် (၃၇)နှစ်သာ ရှိသေးပြီး အမျိုးသားဖြစ်သူသည်လည်း အသက် (၄၀)အရွယ်သာ ရှိသေးသည်။

သူတို့နှစ်ဦးက ဘဝတစ်လျှောက်လုံး ကြိုးစားရုန်းကန်ခဲ့ရသောကြောင့် ရှိရင်းအသက်ထက် ပို၍ အိုစာနေခဲ့ကြခြင်းသာဖြစ်သည်။

နှစ်ဦးလုံးက တောင်ထူသည့် ဒေသများတွင် ဖွားမြင်ခဲ့ကြပြီး တစ်မြို့တည်းသား၊ ကစားဖော်၊ ကစားဖက်များ ဖြစ်ကြသည်။

အလယ်တန်းကျောင်းမှစ၍ ချစ်သူဖြစ်ခဲ့ကြပြီးနောက် အလုပ်ကိုလည်း အတူလုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

မစ်စ်စွန်းက နယ်ခံဟိုတယ်တစ်ခုတွင် customer service အဖြစ် လုပ်ကိုင်နေပြီး မစ်စတာဝမ်သည်က စက်ရုံတစ်ခုတွင် လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်။

သူတို့က ထိုကဲ့သို့ သုံးနှစ်ကျော် အလုပ်,လုပ်ကိုင်ခဲ့ကြသော်လည်း ငွေကြေးအများအပြား မစုဆောင်းနိုင်ခဲ့ပေ။

မထင်မှတ်ထားစွာပင် မစ်စ်စွန်း ကိုယ်ဝန်ရှိလာခဲ့သည်။

သူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီးနောက် မွေးရပ်မြေသို့ ပြန်ကာ မင်္ဂလာပွဲကျင်းပခဲ့ကြသည်။ ထို့နောက် ကလေးမွေးပြီးချိန်တွင်လည်း အလုပ်ပြန်ဝင်ကာ ငွေရှာခဲ့ကြသည်။

သူတို့တွင် ပညာအရည်အချင်းလည်းမရှိ၊ ကျွမ်းကျင်သည့် ပညာရပ်လည်း မရှိသောကြောင့် ငွေရှာ၍ ဘဝကို ပြောင်းလဲချင်သော်လည်း မပြောင်းလဲနိုင်ခဲ့ကြပေ။

ယခုအချိန်ထိ သူတို့တွင် အိမ်ပိုင်လည်း မရှိခဲ့ချေ။

သူတို့၏မျက်လုံးပေါ်မှ ‘အိမ်ခြံမြေနန်းတော်’သည်က ဗလာနတ္ထိဖြစ်နေသည်။ နဖူးပေါ်မှ ‘ရွေ့ပြောင်းခြင်းနန်းတော်’သည်လည်း နေရာကျဲကျဲ ဖြစ်နေသည်။

အဓိပ္ပာယ်မှာ သူတို့သည် တစ်နှစ်ပတ်လုံး အိမ်ငှားအဖြစ် နေထိုင်ခဲ့ရပြီး ပုံသေ နေထိုင်ရန် နေရာမရှိပေ။

သူတို့သည်က လူမှုအဖွဲ့အစည်း၏ အောက်ခြေမှ သာမန်လူများ ဖြစ်ပြီး စားစရာ၊ သောက်စရာ လုံလောက်ရန်အတွက်ပင် အပြေးအလွှားရှာဖွေရသူများ ဖြစ်ကြသည်။

ကင်မရာနှင့် မီးဆိုင်းများအောက်တွင် နေထိုင်ရသူများ မဟုတ်ကြပေ။

ကုကျစ်စုန့် ဖြည်းညင်းစွာ ပြောလိုက်သည်။

“မစ်စ်စွန်း ရှင်က ကိုယ်ဝန် နှစ်ကြိမ်ဆောင်ဖူးတာပဲ၊ ရှင့်ရဲ့ ကလေးတွေကိုကြည့်ရင် အကြီးဆုံးသမီးက ဒီနှစ်မှာ အသက် (၁၆)နှစ် ပြည့်မှာပဲ”

“ရှင် ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ရတာက မမျှော်လင့်ဘဲ ရတဲ့ ကိုယ်ဝန်ဖြစ်ခဲ့တယ်၊ ပြီးတော့ ကိုယ်ဝန်က မိန်းကလေးမှန်း သိပြီးတဲ့နောက် ရှင်က ဖျက်ချဖို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒီနောက်ပိုင်း ရှင့်ရဲ့ ကျန်းမာရေးက သိပ်မကောင်းတော့ဘူး

ကျန်းမာရေးပြဿနာ သေးသေးမွှားမွှားလေးတွေလည်း မကြာခဏ ဖြစ်နေတတ်တယ်”

မစ်စ်စွန်း မျက်နှာပျက်သွားခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူမှ ရှင်းပြခဲ့သည်။

“ကုတောက်ကျန့် တွက်ချက်တာတွေက အမှန်ပါပဲ၊ ကျွန်တော်တို့မှာ ကလေးနှစ်ယောက်ရှိရမှာပါ၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘယ်လိုမှ ရွေးချယ်စရာ မရှိခဲ့ပါဘူး

ကျွန်တော်တို့မှာ စားဖို့၊သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေတာလေ၊ ဘယ်လိုလုပ်ပြီး နောက်ထပ်ကလေးတစ်ယောက်ကို မွေးနိုင်မှာလဲ”

ထိုသို့ စကားဆိုသော်လည်း ဇနီးမောင်နှံနှစ်ယောက်လုံး အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားနေမိသည်။

ထိုဒုတိယကိုယ်ဝန်က မိန်းကလေးဖြစ်နေကြောင်းကို မသိခဲ့ပါက သူတို့အနေဖြင့် ကိုယ်ဝန်အား ပြတ်ပြတ်သားသား ဖျက်ချနိုင်ခဲ့မည်မဟုတ်ပေ။

“ရှင်တို့နှစ်ယောက်မှာလည်း ချင့်ချိန်စရာတွေတော့ ရှိမှာပဲ၊ ဒါပေမဲ့ ကလေးကို ဖျက်ချလိုက်တဲ့အချိန်မှာ အဲဒီကလေးက လေးလတောင် ဖြစ်နေပြီ၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲက အင်္ဂါတွေတောင် စုံနေပြီ၊

ပြီးတော့ ပြန်ဝင်စားတဲ့ ဝိဉာဉ်ကလည်း အဲဒီကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ အခြေကျနေပြီဆိုတော့ သူ့မှာ အသိစိတ်က ရှိနေပြီလေ”

တွက်ချက်မှုများ ပြုလုပ်ပြီးနောက် ထိုနှစ်က ဖြစ်ပျက်ခဲ့သည့်အရာများကို ကုကျစ်စုန့် အကြမ်းဖျင်း ခန့်မှန်း၍ ရနိုင်သည်။

သမီးကြီးဖြစ်သူအား ဖွားမြင်ပြီး မကြာသေးခင်မှာပင် သူတို့သည် ထိုကလေးအား နယ်ဘက်မှ မိဘများထံတွင် ထားခဲ့ကြပြီး အပြင်တွင် အလုပ် လုပ်ကိုင်ခဲ့ကြသည်။

နှစ်နှစ်ခန့် ကြာပြီးချိန်တွင် မစ်စ်စွန်း ကိုယ်ဝန်ထပ်မံရခဲ့သည်။

သူမ သိရချိန်တွင် ကိုယ်ဝန်နှစ်လရှိပြီဖြစ်သည်။ သူမတွင် ငွေကြေးပြဿနာများရှိနေခဲ့ပြီး ဒုတိယကလေးအား မပျိုးထောင်နိုင်သည့် ပြဿနာဆိုပါက ထိုအချိန်ကတည်းက ဖျက်ချခဲ့ရမည်ပင်။

သို့သော် ဇနီးမောင်နှံနှစ်ယောက်လုံး တွေဝေနေခဲ့သည်။ ကိုယ်ဝန် သုံးလခန့်ရောက်ပါက ကလေးငယ်၏ လိင်အား ultrasound မှတဆင့် သိနိုင်မည်ဖြစ်သည်။

မစ်စ်စွန်း၏ ဗိုက်ထဲမှ ကလေးငယ်က တစ်နေ့တစ်ခြား ဖွံ့ဖြိုးလာခဲ့သည်။ ကိုယ်နေဟန်ထား မမှန်ကန်သောကြောင့် ကလေးငယ်၏ လိင်အား ကိုယ်ဝန်လေးလကြာမှ သိနိုင်ခဲ့သည်။

ထိုကလေးက မိန်းကလေးဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူတို့အနေဖြင့် ကိုယ်ဝန်ဖျက်ချရန် ဆုံးဖြတ်ခဲ့ကြသည်။

ကုကျစ်စုန့်၏ စကားအတိုင်းပင်။

ပြန်လည်ဝင်စားသည့် ဝိဉာဉ်သည်က ကလေးဝိဉာဉ်အဖြစ်‌ ပြောင်းလဲကာ မစ်စ်စွန်း၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

ထိုကလေးငယ်သည်က ဘဝသစ်ကို စတင်ရန် အသင့်ဖြစ်နေခဲ့သော်လည်း မိခင်ကိုယ်တွင်းမှ ဖျက်ချခံလိုက်ရပြီး ပြန်လည်ဝင်စားနိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။

မြေအောက်ကမ္ဘာမှ သရဲအရေအတွက်က ယခုနှစ်ပိုင်းအတွင်း အဆမတန် များပြားလာခဲ့သည်။

သို့သော် ပြန်လည်မွေးဖွားသည့် ကလေးအရေအတွက်မှာ နည်းပါးလွန်းပေသည်။ သာမန်တစ္ဆေများအတွက် လူ့ဘဝတွင် ပြန်လည်ဝင်စားနိုင်ရန် သုံးနှစ်မှ ငါးနှစ်အထိ စောင့်ဆိုင်းရသည်။

ရံဖန်ရံခါတွင် ဆယ်စုနှစ်ကျော်ကြာသည်ထိ စောင့်ဆိုင်းရတတ်သည်။

အချိန်များစွာ စောင့်ဆိုင်းခဲ့ရသော အခွင့်အရေးသည်က အဓိပ္ပာယ်မဲ့သော အကြောင်းပြချက်များကြောင့် ဖျက်ဆီးခံလိုက်ရသည်။

ကလေးငယ်၏ နေထိုင်ခြင်း၊ ခွဲခွာခြင်းတို့မှာ မိဘများ၏ ဆုံးဖြတ်ချက်ဖြစ်သော်ငြား ထိုကလေးဝိဉာဉ်မှာ မကျေနပ်စွာ၊ ဒေါသထွက်စွာဖြင့် လောကတွင် ကျန်ရစ်နေခဲ့သည်။

ထိုဝိဉာဉ်နှင့် မသန့်စင်သော လေတို့က သက်လတ်ပိုင်းစုံတွဲအပေါ်တွင် မကောင်းသော သက်ရောက်မှုရှိမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ကုကျစ်စုန့်၏ မျက်နှာမှာတော့ တည်ငြိမ်စွာ ရှိနေခဲ့သည်။

“မစ်စ်စွန်း၊ ရှင့်မှာက အောက်ခြေက ခိုင်ခံ့မှုမရှိဘူးလေ၊ ဒီတော့ မသန့်စင်တဲ့ လေထုနဲ့ ကြာကြာထိတွေ့ရင် နာမကျန်းဖြစ်ဖို့ ပိုလွယ်တယ်

ရှင် ပွဲတော်ရက်တွေမှာ အဲဒီကလေးအတွက် ငွေစက္ကူများများ မီးရှို့ပြီးတော့ အနီးအနားက လေထုကို သန့်စင်ပေးဖို့ အမွှေးတိုင်များများ ထွန်းပေးပါ”

မစ်စ်စွန်း ကြောင်အမ်းနေခဲ့သည်။

သူမ ကိုယ်ဝန်ဖျက်ချပြီးနောက်တွင် မကြာခဏ ဖျားနာလေ့ရှိသည်။ ဆေးရုံသို့ အကြိမ်များစွာ ပြသခဲ့ပြီး ဆေးစုံအောင် သောက်ခဲ့ပါသော်လည်း သက်သာလာခြင်းမရှိချေ။

သို့သော် သူမ ထိုကိစ္စအား စိတ်ထဲတွင်မသိပ်မထားခဲ့ပေ။ အမျိုးသမီးတစ်ယောက် အသက်ရလာသောကြောင့် ဖြစ်သည့် မိန်းမရောဂါဟုသာ ထင်ခဲ့မိသည်။

သူတို့ စွန့်ပစ်ခဲ့သည့် ကလေးငယ်မှ တစ်ချိန်လုံး အပြစ်တင်နေခဲ့သောကြောင့် ဖြစ်ရသည့် ရောဂါဟု မည်သူ ထင်ထားမည်နည်း?

သူမ အနည်းငယ် ဝမ်းနည်းမိသကဲ့သို့ ကြက်သီးလည်း ထမိသည်။

ထို့နောက် ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

“ကျွန်မ… ကျွန်မ နားလည်ပါပြီ၊ မှားခဲ့တာက ကျွန်မနဲ့ သူ့အဖေပါ..

ကျွန်မတို့တွေ ကလေးအတွက် မနက်ဖြန်ပဲ ငွေစက္ကူမီးရှို့လိုက်ပါမယ်ရှင်”

ကုကျစ်စုန့်: “ပြီးတော့ ရှင်တို့နှစ်ယောက်လုံး ပြင်းထန်တဲ့ အိပ်ရေးပျက်တာ၊ စိတ်မလန်းဆန်းတာ၊ ကံနိမ့်တာ၊ ငွေကြေးဆုံးရှုံးတာနဲ့ ပြဿာနာတွေကို အခုတလော ကြုံတွေ့နေရတယ်

အားလုံးက ရှင်တို့ရဲ့ သမီးကြီးနဲ့ သက်ဆိုင်နေတာပဲ”

“ကျွန်မ တွက်တာ မလွဲဘူးဆိုရင် သူက လွန်ခဲ့တဲ့ လဝက်လောက်တုန်းက အရေးပေါ်အခြေအနေဖြစ်ပြီး ဆေးရုံတင်ထားရတယ်”

“ဒါကြောင့်ပဲ ရှင်တို့တွေ အနှစ်နှစ်အလလ စုဆောင်းထားတဲ့ ငွေတွေ အကုန် ဆုံးရှုံးလိုက်ရတယ်၊ ဒါကလည်း သမီးကြီးရဲ့ ပယောဂမကင်းဘူး”

မိသားစု၏ သမီးကြီးအကြောင်း စကားစလိုက်သည်နှင့် လင်မယားနှစ်ယောက်လုံး မျက်နှာများက ပို၍ပင် အိုစာသွားခဲ့သည်။

မစ်စတာဝမ် အံကို ကြိတ်ရင်း ပြောလိုက်သည်။

“ကုတောက်ကျန့် ပြောတာအမှန်ပါပဲ၊ အဲဒီသမီးက လုံးဝကို မသိတတ်တဲ့ သမီးမိုက်ပဲ၊ သူ့အမေနဲ့ ကျွန်တော်နဲ့ နေ့တိုင်း အပြင်ကိုထွက် အလုပ်လုပ်ပြီးတော့ မိသားစုကို ပံ့ပိုးခဲ့ရတာ

ကျွန်တော်တို့ နှစ်ယောက်လုံးပေါင်းမီ တစ်နေ့စာ ထမင်းသုံးနပ်အတွက် ယွမ်၂(၀)တောင် မသုံးခဲ့ဘူး။ ဒါ‌တောင်မှ သူက..သူက!”

သူ ဒေါသထွက်လွန်းသောကြောင့် အသက်ပင် ရှူရခက်လာခဲ့သည်။

“ကျွန်မပဲ ပြောလိုက်ပါ့မယ်”

မစ်စ်စွန်း သက်ပြင်းချရင်း မျက်ရည်သုတ်လိုက်သည်။

“ကျွန်မတို့တွေ သူ ငယ်ငယ်တုန်းကတည်းက အိမ်မှာ မရှိနေပေးခဲ့နိုင်လို့နေမှာပေါ့၊ သူ ငယ်သေးတဲ့အချိန်မှာ သေသေချာချာ ဂရုမစိုက်ပေးနိုင်ခဲ့ဘူးလေ

ဒါကြောင့်ပဲ အဲဒီကလေးမက အင်မတန် ဆိုးနေတာ၊ သူက အတန်းတွေလစ်တယ်၊ လိမ်တယ် အရက်သောက်တယ် ပြီးတော့ ပိုက်ဆံလည်း ခိုးတယ်လေ၊

သူက ကောင်းတဲ့အရာကလွဲလို့ ကျန်တာ အကုန်တတ်နေတာ၊ ကျွန်မတို့ရဲ့ စကားကိုလည်း နည်းနည်းမှ နားမထောင်ဘူး”

*

All Chapters