မက်မွန်ပွင့်ကျိန်စာ(1): ဘိုးဘွားများ၏ ကောင်းချီးမင်္ဂလာ + ပီယအဆောင်(6)
Vol. 43 Ch. 422
ထိုအရုပ်လေးသည်က သီးသန့်အော်ဒါမှာယူထားခြင်းဖြစ်ပြီး အမွှေးပွများသည်က တိရိစ္ဆာန်အစစ်၏ အမွှေးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ မွေးနေ့အား ရေးသားပြီးချိန်တွင် ထိုအရုပ်အား သူမ၏ အစားထိုးအနေဖြင့် ယူဆ၍ ရနိုင်သည်။
သူမက ထိုအရုပ်အား အင်မတန် နှစ်သက်သောကြောင့် အိပ်ရာဘေးတွင် ထား၍ အိပ်တတ်သည်။ ထို့ကြောင့် အရုပ်အား သူမ၏ အသက်စွမ်းအင်နှင့် ယန်စွမ်းအင်တို့ကို စုပ်ယူကာ အားကောင်းစေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုအရုပ်တွင် သူမ၏ အငွေ့အသက်များ လွှမ်းခြုံနေခဲ့သည်။
ထိုအချိန်တွင် သူတို့နှစ်ဦးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားမည်ဖြစ်သည်။
ငယ်သူငယ်ချင်း၏ နာမည်ကိုလည်း အရုပ်အတွင်း ရေးသားထားသောကြောင့် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ကိုလည်း သက်ရောက်မှုရှိကာ ထိုကောင်လေးအကြောင်းကိုသာ အချိန်ပြည့်တွေးနေမိမည်ဖြစ်သည်။
ထိုအကြောင်းအား ပြန်လည်ပြောပြနေရင်း ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ အသံမှာ အမုန်းတရား၊ ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။
“အဲဒါက ရွံစရာအကောင်းဆုံးမဟုတ်သေးဘူးနော်၊ အရင်တောက်ကျန့်ရဲ့ပြောစကားအရ ကျွန်မက စောစော နိုးထလာနိုင်ပြီးတော့ တစ်ခုခု မူမမှန်တာကို အချိန်မီသိပြီး ထွက်ပြေးနိုင်ခဲ့လို့တဲ့
အဲဒါကြောင့်သာ အဲဒီကောင်ရဲ့ လုပ်ရပ်တွေ မအောင်မြင်တာတဲ့လေ၊ မဟုတ်ရင် ကျွန်မ အဲဒီကျိန်စာကို တစ်သက်လုံးဖျောက်လို့ ရမှာ မဟုတ်တော့ဘူးတဲ့!”
ငယ်သူငယ်ချင်းဖြစ်သူမှ သူမအား ဟိုတယ်သို့ ခေါ်သွားရန် ကြံစည်ခဲ့ခြင်းသည် ရဲတင်း၍ အကြောက်အလန့်မဲ့ခြင်းကြောင့်သာ မဟုတ်တော့ချေ။ ဤသည်မှာ အင်မတန် ဆိုးရွားသည့် လုပ်ရပ်ကို လုပ်ဆောင်ချင်၍သာ ဖြစ်သည်။
‘ပီယအစီအရင်’အား အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် အရေးအကြီးဆုံး နောက်ဆုံးအချက်မှာ ‘အချစ်ကူ’ပင် ဖြစ်သည်။
အစီအရင်ဖြင့် ပြုစားခံရသူကို အစီအရင်လုပ်ဆောင်သူထံမှ တစ်သက်လုံး ခွဲမသွားစေရန် ‘အချစ်ကူ’ကို ပြုလုပ်မည့် စုန်းမက အစီအရင်လုပ်ဆောင်သူ၏ သွေးနှင့် အဆိပ်ရှိပိုးကောင်များကို ရောယှက်ကာ အထူးဆေးဖော်ရသည်။
အမျိုးသားနှင့် အမျိုးသမီး အချစ်ကိစ္စများလုပ်ချိန်တွင် ထိတွေ့နေသော နေရာအား ထိုဆေးကို လိမ်းကျံခြင်း၊ သို့မဟုတ်ပါက အတူတူ သောက်သုံးခြင်းတို့ဖြင့် အချစ်ကူပိုးကောင်က သူတို့၏ ခန္ဓာကိုယ်ထဲတွင် တစ်သက်လုံး နေရာယူသွားမည်ဖြစ်ပြီး ဖယ်ရှားရန် ခက်ခဲလွန်းပေလိမ့်မည်ဖြစ်သည်။
ထိုနည်းအားဖြင့် ကိုယ်ကြိုက်နှစ်သက်သူမှ နတ်ဘုရားပင် ဖြစ်စေ၊ လမ်းခွဲသွားသော ချစ်သူရည်းစားဖြစ်စေ၊ စိတ်ပြောင်းလဲသွားသော ဇနီးခင်ပွန်းဖြစ်စေ အစီအရင်လုပ်ဆောင်သူအား ကိုးကွယ်လုနီးပါး ချစ်မြတ်နိုးစေမည်ဖြစ်သည်။
ထိုအချိန်တွင် သူမသည်က ငယ်သူငယ်ချင်းကိုသာ စွဲလမ်းသွားလိမ့်မည်။ တစ်ဖက်လူ၏ ကျိန်စာ အောင်မြင်သွားခဲ့ပါက သူမ၏ အရှက်သိက္ခာတို့ကိုပါ ဆုံးရှံး၍ ကိုယ့်ကိုကိုယ်လည်း ထိန်းသိမ်းနိုင်တော့မည်မဟုတ်။
တစ်ဖက်လူ လိုချင်သမျှ၊ ပြောသမျှ တသဝေမတိမ်း လိုက်နာရလိမ့်မည်။
ထိုအရာအားလုံးကို သိရှိပြီးချိန်တွင် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’မှာ သူမ၏ ငယ်သူငယ်ချင်းအား သတ်ပစ်ချင်စိတ်ပင် ပေါ်လာခဲ့သည်။
သူမသာ အသိစိတ်ကပ်နေခဲ့ပါက တစ်ဖက်လူ၏ အသားယူခြင်းကို အကြိမ်ပေါင်းများစွာ ငြိမ်ခံနေလိမ့်မည်မဟုတ်။
အဖြစ်မှန်တွင် သူမက ‘ပီယကျိန်စာ’ အတိုက်ခံထားရခြင်းသာဖြစ်သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ မုန်းတီးစွာ ပြောလိုက်သည်။
“ကျွန်မရဲ့ တစ်သက်နဲ့တစ်ကိုယ် ကြုံခဲ့ရသမျှထဲမှာ ဒီကိစ္စက ကံအဆိုးဆုံးနဲ့ ရွံစရာအကောင်းဆုံးလို့ ထင်မိတယ်၊ သူ့ရဲ့အပြစ်တွေလည်း အကုန်ပေါ်သွားရော အဲဒီတိရိစ္ဆာန်ကောင်က ကျွန်မကို ဒေါသတွေထွက်ပြီး ဒုက္ခပေးလာဦးမယ်လို့ မထင်ထားခဲ့မိဘူးလေ!”
“ကျွန်မရဲ့ မိဘတွေသာ ကျွန်မအတွက် စိတ်ပူပြီး အကာအကွယ်အနေနဲ့ ရှေးခေတ်ကျောက်စိမ်းပြားတစ်ခု ဝယ်မပေးခဲ့ဘူးဆိုရင်၊ အဲဒီကျောက်စိမ်းပြားကသာ ကျွန်မကို ကာကွယ်မပေးခဲ့ဘူးဆိုရင် ဒီနေ့ ဒီနေရာမှာတောင် ထိုင်ပြီး စကားပြောနေနိုင်မှာမဟုတ်တော့ဘူး”
သူမ၏ ပြောစကားအရ ကျောက်စိမ်းပြားကို ဝတ်ဆင်ပြီးသည့် ဒုတိယနေ့တွင် သူမ အိပ်ရာဝင်ခါနီးအချိန်၌ သရဲစီးခံခဲ့ရသည်။
သရဲမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် နေရာမှာပင် လိပ်ပြာလွင့်လုနီးနီး ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
သူမ၏ကိုယ်ပေါ်တွင် ထိုကျောက်စိမ်းပြားလေးသာ မရှိခဲ့ပါက သရဲ၏ တစ်စစီ ဆုတ်ဖြဲခြင်းကို ခံနေရပြီပင်။
ကံကောင်းစွာပင် ထိုအချိန်က သူမအနေဖြင့် နေအိမ်သို့ ပြန်ရောက်နေသောကြောင့် သူမ၏ အော်သံကိုကြားသည်နှင့် မိဘနှစ်ပါးလုံး အပြေးရောက်လာခဲ့ကြပြီး တစ်ညလုံး သူမအနီးတွင် နေပေးခဲ့ကြသည်။
ပြဿနာအား လာကြည့်ပေးသည့် တောက်ကျန့်၏ ပြောစကားအရ မကောင်းဆိုးဝါးဝိဉာဉ်မှာ အင်မတန် အားကောင်းပြီး သူမကို အလွတ်ပေးမည်မဟုတ်။ ထိုမကောင်းဆိုးဝါးဝိဉာဉ်အား နှိမ်နင်းနိုင်မှသာလျှင် သူမ အန္တရာယ်ကင်းမည်ဖြစ်သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်လည်း ကျောင်းမှထွက်၍ တောက်ဓမ္မဘုန်းကြီးကျောင်းတစ်ကျောင်းတွင် လုံခြုံမှုရှိစေရန် နေထိုင်နေခဲ့ရသည်။
မိဘများင ပို၍ အားကောင်းသော တောက်ကျန့်တစ်ဦးအား ရှာဖွေနေခဲ့ပြီး တစ်ဖက်တွင်လည်း ငယ်သူငယ်ချင်း၏ မိသားစုအား သားဖြစ်သူကို ထပ်၍ ပြဿနာမရှာရန်အတွက် ဖျောင်းဖြပေးရန် ပြောဆိုခဲ့ကြသည်။
“ဒီကိစ္စမှာ ကံဆိုးတာက သက်သေမရှိတာပဲ၊ ဒီတော့ ရဲကိုခေါ်လည်း အလကားပဲလေ၊ ကျွန်မကို အကာအကွယ်ကျမ်းစာပေးထားတဲ့ တောက်ကျန့်ပြောတာတော့ အဲ့သရဲက ပျောက်လည်းမသွားသေးဘူး၊ ထွက်လည်း မသွားသေးဘူးတဲ့ ကျွန်မကို ဆက်တိုက် ခြောက်လှန့်နေမှာကို ကြောက်မိတာပဲ”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အနည်းငယ် နှာခေါင်းရှုံ့လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ကျွန်မ ဒီနေ့ ကုတောက်ကျန့်ရဲ့ ရွေးချယ်မှုခံရမလားဆိုပြီး မျှော်လင့်ချက်နဲ့လာခဲ့တာ၊ ဒီနေ့က တကယ်ကို ကံကောင်းတဲ့နေ့ပဲ
ကုတောက်ကျန့်.. ကျွန်မရဲ့အနားမှာ စောင့်နေတဲ့ အဲဒီမကောင်းဆိုးဝါးကို ဖယ်ပေးဖို့ ကူညီပေးပါ့လား”
“အဲဒီ ရွံစရာကောင်းတဲ့အရာကို သူ့လုပ်ရပ်တွေအတွက် အပြစ်ဒဏ်ခံရပြီး အပြစ်ပေးခံရမယ့်နည်းလမ်းမျိုးရှိရင် ပိုပြီးတောင် ကောင်းသေးတယ်!”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ အဖြစ်အပျက်ကို ကြားရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ ကြည့်ရှုသူများလည်း ဒေါသထွက်ကာ ငယ်သူငယ်ချင်းကိုလည်း အင်မတန် ယုတ်ညံ့သည့် အမှိုက်သရိုက်အကောင်အဖြစ် ဝိုင်းဝန်းအပြစ်တင်ခဲ့ကြသည်။
[ဘယ်လောက်တောင် ပုတ်သိုးနေတဲ့ လူမျိုးပါလိမ့်၊ လူတွေကို နှစ်ပေါင်းများစွာ လိုက်ပြီး နှောင့်ယှက်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်ရုံတင်မကသေးဘူး၊ ကောင်မလေးကိုတောင် အပြစ်ပုံချချင်သေးတယ်
သူပြောပုံအရဆိုရင် ငါလည်း မင်းသားတစ်ယောက်ကို ဆယ်နှစ်လောက် ကြိုက်လိုက်ရင် အဲဒီမင်းသားက ငါ့ကို လက်ထပ်ရမယ်ပေါ့?]
[ဒါကြီးက ဦးနှောက်မရှိ၊ ယုတ်မာပြီး အကျင့်ယုတ်တာပဲ၊ သူ့ကို ဖမ်းပြီးတော့ public ချပြလို့ မရဘူးလား? အဲဒီကောင်က ဘယ်သူလဲ?!]
[ကောင်မလေးကို ကူညီပေးလိုက်ပါနော်၊ သနားစရာ ကောင်းလွန်းတယ်၊ ဒီလိုမျိုး လုပ်တာကြီးက ရွံစရာကောင်းလွန်းပါတယ်!]
[တစ်ယောက်ယောက်ကို လိုက်လို့မရရုံနဲ့တင် သတ်ပစ်ချင်တယ်ဆိုပဲ၊ အဲဒီကောင်က ရှေးကျနေတဲ့ အတွေးအခေါ်ကြီး ရှိနေတာပဲ!]
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ၏ ဇာတ်လမ်းနှင့် သူမ၏ တောင်းဆိုချက်အား နားထောင်ပြီးနောက် ကုကျစ်စုန့် ဓာတ်ပုံကို ကြည့်နေရာမှ မျက်လုံးကို အကြည့်ခွာလိုက်သည်။
ထို့နောက် မျက်နှာပြင်ကို ကြည့်ကာ မေးလိုက်သည်။
“ရှင်ပြောတာတွေက အမှန်ပဲဆိုတာ ကျွန်မ မြင်နိုင်ပါတယ်၊ တစ်ယောက်ယောက်က ရှင့်ကို တကယ်ပဲ ‘ပီယကျိန်စာ’ တိုက်ခဲ့တာပဲ၊ ဒါပေမယ့် ရှင် တစ်ခုခုကို ဖုံးကွယ်ထားသေးလား?”
“ကျွန်မ မေးချင်တာက ရှင့်ရဲ့ မက်မွန်ပန်းပွင့် ကျိန်စာက ဒီလူတစ်ယောက်တည်းနဲ့ပဲ ပတ်သတ်နေတာလား?”
တစ်ဖက်မှ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’မှာ အနည်းငယ် ကြက်သေ,သေသွားခဲ့သည်။
“ကုတောက်ကျန့် ဘာကို ပြောချင်တာလဲဆိုတာ ကျွန်မ နားမလည်ဘူး”
ကုကျစ်စုန့် ခပ်ဖွဖွ ရယ်လိုက်ပြီး ပြတ်ပြတ်သားသား မေးလိုက်သည်။
“အကူအညီတောင်းသူဖြစ်တဲ့ ရှင်က အရင်တုန်းက အချစ်ကူတွေ၊ အချစ်နဲ့ ပတ်သတ်တဲ့ ကျိန်စာတွေကို မရင်းနှီး မမြင်ခဲ့ဖူးလောက်ဘူးလေ
ဒါကိုတောင်မှ ရှင်က ရှင့်ရဲ့ စိတ်အခြေအနေ နည်းနည်းလောက် ပုံမှန်မဟုတ်တော့တာနဲ့ ရှင့်ရဲ့ ငယ်သူငယ်ချင်းက သဘာဝလွန်ပညာကို သုံးပြီး ရှင့်ကို ‘ပီယကျိန်စာ’တိုက်ထားပါတယ်လို့ ဘာလို့များ တထစ်ချ ဆုံးဖြတ်လိုက်နိုင်ရတာလဲ?”
“ရှင်က ဒီလိုတုံ့ပြန်မှုမျိုးတွေ၊ ဒီလို ကျိန်စာမျိုးတွေနဲ့ အတော်လေး ရင်းနှီးနေသလိုပဲ”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် ချွေးပြန်လာခဲ့ပြီး မည်သို့ ပြန်ဖြေရမည်ကို စိတ်ထဲတိင် တွေးနေမိသည်။
သို့သော် သူမ ရှင်းပြမည့် အဖြေကို မစောင့်ဘဲ ကုကျစ်စုန့်က ဆက်ပြောလိုက်သည်။
“ရှင်ကိုယ်တိုင်က သူများအပေါ်မှာ အစီအရင်နဲ့ လုပ်ခဲ့ဖူးရင်တော့ ရှင်က အဲဒီဖြစ်စဉ်တွေ၊ ကျိန်စာတိုက်ခံရပြီးနောက် ဖြစ်လာတတ်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်းနှီးနေတာဖြစ်နိုင်တယ် ဟုတ်တယ်မလား?”
“ဒီတော့ ကျွန်မပြောတာ ဟုတ်လား. မဟုတ်ဘူးလား”
“ကျွန်မ မလုပ်ပါဘူး!”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’မှာ ရုတ်တရက် ကုကျစ်စုန့်၏ မေးခွန်းအား ဖြတ်ပြောလိုက်သည်။
“ကျွန်မက ဘယ်လိုလုပ်ပြီး သူများအပေါ် အဲဒီလိုကျိန်စာတိုက်ရမှာလဲ? ကျွန်မက ရူးနေတဲ့သူမှ မဟုတ်တာ! ရှင်က ဗေဒင်ဟောသူဖြစ်တာနဲ့တင် ကျွန်မကို အဲ့လို ပုတ်ခတ်ပြောဆိုပိုင်ခွင့်မရှိဘူးနော်!”
သူမ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေခဲ့သော်လည်း နောက်ဆုံးတွင် လေသံမာလာခဲ့သည်။ ကုကျစ်စုန့်ကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။
“ရှင်က ရှင့်ကို နှောင့်ယှက်နေတဲ့ လူလိုမျိုးတော့ ကျိန်စာမတိုက်ခဲ့ပါဘူး၊ ဒါပေမယ့် ရှင့်ရည်းစားကို ရယူဖို့အတွက် ရှင် သဘာဝလွန်နည်းလမ်းတွေ သုံးခဲ့တယ်မဟုတ်ဘူးလား?”
“ရှင် ချက်ချင်း မငြင်းနဲ့ဦးနော်”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’မှာ ငြင်းဆို၍ သူမ ကိုယ် သူမ ကာကွယ်ရန် ပြင်လိုက်သော်လည်း ကုကျစ်စုန့် တားမြစ်လိုက်ပြီး ဆက်ပြောသည်။
“ရှင့်ရဲ့ ဓာတ်ပုံကို ပထမဆုံးမြင်လိုက်ရပြီး ရှင်နဲ့ ချိတ်ဆက်လိုက်တုန်းက ကျွန်မ မပြောလိုက်တာတစ်ခုရှိတယ်၊ ကျွန်မ ရှင့်ရဲ့အနီးအနားမှာ ရှိနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ စွမ်းအားကို ရှင်းရှင်းလင်းလင်း မြင်နိုင် ခံစားနိုင်ရတယ်၊
ရှင့်ရဲ့ မျက်ခုံးနဲ့ မျက်လုံးကြားမှာ ထူးဆန်းပြီး အားကောင်းတဲ့ အနီရောင်အလင်းတစ်ခု ရှိနေတယ်လေ”
“အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ရှင်က မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ပစ်မှတ်ထားခံနေရတာပဲ၊ ဒါက အလိုအလျောက် ပေါ်လာတဲ့ သရဲမဟုတ်ဘူး၊ လူလုပ်ထားတဲ့ ကျိန်စာတစ်ခုပဲ”
“ရှင် ခုလေးတင် ပြောလိုက်တယ်မဟုတ်ဘူးလား? ရှင်က အခုတလော အိပ်ရေးတွေ ပျက်ပြီး မကြာသေးခင်ကမှ မကောင်းဆိုးဝါးဝိဉာဉ် တိုက်ခိုက်တာလည်း ခံထားရတယ်တဲ့
ဒီတော့ ရှင့်ကို ကျိန်စာတိုက်ခဲ့တဲ့ သူက ရှင့်ရဲ့ ငယ်သူငယ်ချင်းဆိုတာ ဘာလို့ အဲဒီလောက်သေချာနေရတာလဲ?”
*