မက်မွန်ပွင့်ကျိန်စာ(2): မက်မွန်ပွင့်သတ်ဖြတ်ခြင်း (2)
Vol. 43 Ch. 424
ကုကျစ်စုန့်အနေဖြင့် သူမ တွေဝေနေဆဲဖြစ်ကြောင်း သိနေခဲ့သည်။
“အကူအညီတောင်းသူကို သတိပေးချင်တာတစ်ခုက ရှင့်ကို ကျိန်စာတိုက်ခဲ့တဲ့သူက အတော်လေးကို အစွမ်းထက်ပြီး ရှင့်ကိုလည်း အင်မတန် မုန်းတီးနေတာနော်
အဲဒီလူက ရှင့်ကို မသေမချင်း တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက် ချထားပြီးပြီ”
“ရှင့်ကို ခြောက်လှန့်နေတဲ့ အရာက သာမန်တစ္ဆေမဟုတ်ဘူး၊ လျှို့ဝှက်ပညာရပ်တစ်ခုခု မဟုတ်ရင် မကောင်းတဲ့အရာတစ်ခုခုပဲ
ရှင် ကြာကြာထွက်ပြေးလေလေ သူက ပိုပြီး ဒေါသထွက်လာလေလေ ဖြစ်မှာပဲ၊ ရှင်ကံကောင်းရင်တော့ သူ့လက်ထဲကနေ တစ်ခါ၊နှစ်ခါ ထွက်ပြေးနိုင်လိမ့်မယ် ဒါပေမယ့် နောက်ဆုံးတော့ သေမင်းဆီကိုပဲ သွားရမှာပဲ”
“ရှင့်ရဲ့ စိတ်အခြေအနေက တစ်နေ့တစ်ခြား ပိုပြီး ဆိုးလာတယ်လို့ မခံစားရဘူးလား? ရှင် သေဆုံးချိန် မတန်သေးပါဘဲနဲ့ အသက်နန်းတော်ထဲက သေခြင်းစွမ်းအင်က ရှင့်တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေပြီ…”
ကုကျစ်စုန့်၏ တည်ငြိမ်အေးစက်သည့် လေသံကို နားထောင်နေရင်း ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အင်္ကျီစကို တင်းတင်း ဆုတ်ကိုင်ထားမိသည်။ သူမ၏ ရင်ထဲမှ ပူပန်မှု၊ ကြောက်လန့်မှုကိုလည်း ထိန်းချုပ်၍ မရတော့ပေ။
သူမ စိတ်မသန့်စွာ စားပွဲပေါ်မှ ကြည့်မှန်ကို လှမ်းကြည့်လိုက်မိသည်။
မှန်ထဲမှ မျက်နှာမှာ ပင်ပန်းနွမ်းနယ်ပြီး စိတ်နှင့် ကိုယ်ပင် ကပ်ဟန်မပေါ်။ ကုကျစ်စုန့်၏ စကားများကြောင့်ပေလော? သူမ၏ မျက်နှာသည် မီးခိုးရောင်သန်း၍ သွေးရောင်မရှိဟု ခံစားနေခဲ့ရသည်။
ထိုအချိန်တွင် ဖုန်းထဲမှ အသံ ထွက်ပေါ်လာပြန်သည်။
“ရှင် ပထမတုန်းက ပြောထားတဲ့စကားကိုပဲ အတည်လို့ ယူမယ်ဆိုရင်တော့ ကြည့်ရတာ ကျွန်မ ရှင့်ကို ဟောတဲ့နေရာမှာ မှားယွင်းသွားတာပဲ ဖြစ်ပါလိမ့်မယ်၊ ဒီနေ့ရဲ့ ပထမဆုံးအမေးအဖြေကို ဒီမှာပဲ ရပ်လိုက်ပါမယ်
ရှင် ဒီထက်ပိုပြီး အားကောင်းတဲ့ တောက်ကျန့်ကို ရှာဖွေပြီး အကူအညီရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“ခဏလေး!”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’က စိတ်ပူပန်လွန်းသောကြောင်း အသံထွက်၍ တားဆီးလိုက်သည်။
သူမ တားဆီးလိုက်ပြီးမှ သူမ၏ လုပ်ရပ်မှာ သွယ်ဝိုက်၍ ဝန်ခံလိုက်မိခြင်းဖြစ်ကြောင်းကို သဘောပေါက်မိသည်။
မျက်နှာပြင်မှ သူမအား စိုက်ကြည့်နေသည့် မျက်ဝန်းနက်နက်များကို ကြည့်ရင်း သူမ စကားများ ပျောက်ဆုံးသွားခဲ့သည်။ ထို့နောက် တိုးဝင်နေသော အသံဖြင့် မေးလိုက်သည်။
“တကယ်လို့.. ကျွန်မ ပြောပြမယ်ဆိုရင် ဒီကိစ္စကို ကူညီပေးမှာလား?”
ကုကျစ်စုန့်: “ရှင်ဘာပြောမလဲဆိုတာကို အရင်နားထောင်ပြီးမှ ပြောကြရအောင်ပါ”
“ကောင်းပါပြီ..”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အနည်းငယ်တော့ မကျေနပ်သေးချေ။
“ကျွန်မ ဝန်ခံပါတယ် ကုတောက်ကျန့်၊ ရှင်ပြောတာ အမှန်ပါပဲ.. ကျွန်မ အခုလက်ရှိချစ်သူကို လိုက်နေတုန်းက သူ့မှာ ရည်းစားရှိနေခဲ့တယ်၊ ပြီးတော့ အဲဒီအချိန်တုန်းက ကျွန်မ အတင်းကြိုးစားပြီး သူ့ကို လုယူဖို့ ကြိုးစားခဲ့တာလဲ အမှန်ပါပဲ..”
“အဲဒီလိုလုပ်ရပ်မျိုးက တချို့လူတွေအမြင်မှာတော့ အကျင့်မကောင်းတာဆိုတာ နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်မ ဥပဒေချိုးဖောက်တာလည်း မဟုတ်ဘူးလေ
သူတို့က လက်ထပ်ထားတာလည်းမဟုတ်ဘူး၊ ချစ်သူရည်းစားအဆင့်ပဲကို၊ ကျွန်မက ကျွန်မရဲ့ ရုပ်ရည်နဲ့ စိတ်ဓာတ်ရေးရာမှာ ယုံကြည်ချက်ရှိလို့ သူ့ကို လိုက်ခဲ့တာ
သူကိုယ်တိုင်ကလည်း သူတကယ်ချစ်တဲ့သူက ကျွန်မဆိုတာကို သဘောပေါက်သွားလို့ အဲဒီမိန်းမနဲ့ လမ်းခွဲလိုက်တာလေ”
“အဲဒီနောက်ကျမှ ကျွန်မတို့နှစ်ယောက် ချစ်သူရည်းစားဖြစ်ကြောင်း ကြေငြာခဲ့တာ!”
“ကျွန်မက တတိယလူလည်း မဟုတ်ဘူး၊ သူကလည်း ဖောက်ပြန်တာမဟုတ်ဘူး အဲဒါက ဘာများမှားလို့လဲ?”
ထိုမိန်းမပျို၏ ရှင်းပြချက်အရ သူမသည်က ယခုအချိန်ထိ သူမ၏ လုပ်ရပ်ကို မှားယွင်းနေသည်ဟု ထင်ပုံမပေါ်ခဲ့ချေ။
“ပြီးတော့ ခုနက ကုတောက်ကျန့်ပြောခဲ့တဲ့အတိုင်းဆိုရင် ကျွန်မက မကောင်းတဲ့ သဘာဝလွန်နည်းလမ်းတွေ သုံးပြီးတော့ သူနဲ့ သူ့ရည်းစားဟောင်းရဲ့ ဆက်ဆံရေးကို ဖျက်ဆီးခဲ့တယ်တဲ့၊
အဲဒါကိုလည်း ကျွန်မ ငြင်းချင်တယ်၊ ကျွန်မ သူ့ကို ဆေးလည်းမခတ်၊ အဆိပ်လည်း မခတ်ခဲ့ဘူး”
ကုကျစ်စုန့်၏ အနက်ရောင်မျက်ဝန်းများ အရောင်တောက်နေခဲ့ပြီး မျက်ခုံးတစ်ဖက် ပင့်မ,၍ ကြည့်လိုက်သည်။
“ဒါပေမဲ့ ရှင် သူ့အပေါ်မှာ ဂါထာမန္တာန် မန်းခဲ့တယ်လေ”
“ကျွန်မ…”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အောက်နှုတ်ခမ်းကို ဖိကိုက်ထားခဲ့သည်။
“ကျွန်မ အင်တာနက်ပေါ်မှာ အချစ်ရေးနဲ့ အိမ်ထောင်ရေးကံကောင်းစေတဲ့ ဂါထာဆိုတာလေးတွေ့လို့ သူရေးထားတဲ့ အညွှန်းအတိုင်း သုံး၊လေးရက်လောက်တော့ လိုက်ရွတ်မိဖူးပါတယ်၊ အဲဒါကို ပြောတာလား?
“အဲဒါက အလုပ်ဖြစ်လား၊ မဖြစ်ဘူးလားဆိုတဲ့ အဖြေကို ရှင်ကိုယ်တိုင် အသိဆုံးဖြစ်မှာပါ”
ကုကျစ်စုန့်၏ အသံက နှင်းခဲများကဲ့သို့ အေးစက်နေသည်။
“ဒါက အလုပ်မဖြစ်ဘူးဆိုရင် ရှင်က ဘာလို့ အဲဒီဂါထာကို အကြိမ်ပေါင်းများစွာ ရွတ်ခဲ့တာလဲ? ဂါထာ ပိုပြီးအစွမ်းထက်အောင် အဲဒီကောင်လေးရဲ့ နာမည်နဲ့ပါ တွဲပြီး ဘာလို့ ရွတ်ခဲ့တာလဲဟင်?”
“ရှင်က အဲဒီ ‘မက်မွန်ပန်းပွင့်ကျိန်စာ’ရဲ့ ထိရောက်မှုအရသာကို ခံစားလိုက်ရတော့ သဘောတွေ့သွားတယ်၊ ရှင့်ရဲ့ လူ့ကျင့်ဝတ်မသိတဲ့ စိတ်ကြောင့် အဲဒီဂါထာကို ထပ်ခါတလဲလဲ ရွတ်ခဲ့တာပဲ”
“ရှင့်ရဲ့ ဂါထာက အလုပ်ဖြစ်ပြီး တစ်ဖက်ကကောင်လေးတို့စုံတွဲမှာလည်း မကြာခဏ ပြဿနာတွေ ဖြစ်လာတာကို မြင်ခဲ့ရတာတောင် ရှင်က ကျိန်စာတိုက်နေခဲ့တာမဟုတ်ပါဘူးလို့ ငြင်းရဲသေးတာလား?”
ထိုမေးခွန်းများအားလုံးက ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ အရှိုက်ကို တည့်တည့် ထိမှန်သွားသည်။
သူမ မငြင်းဆိုရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ ငြင်းဆန်လိုက်ချိန်တိုင်း ဖုန်းမျက်နှာပြင်ပေါ်မှ မျက်ဝန်းနက်နက်တစ်စုံက သူမ၏ အတွင်းစိတ်ထိ ဖောက်ထွင်းမြင်နေရသည့်အလား စိုက်ကြည့်နေတတ်သောကြောင့်ပင်။
သူမ ရှက်လွန်း၍ မျက်လုံးများလည်း နီမြန်းလာခဲ့သည်။
“ကျွန်မ.. ကျွန်မ သူ့ကို အရမ်းသဘောကျလို့ပါ… အင်တာနက်ပေါ်က ဘလော့ဂါကပြောတာ ‘မက်မွန်ပန်းပွင့်ကျိန်စာ’ကို ခဏခဏ ရွတ်လည်း ဘေးထွက်ဆိုးကျိုးမရှိဘူးတဲ့လေ..
ဒါက ကိုယ်ကြိုက်တဲ့သူက ကိုယ့်ရဲ့ ကောင်းကွက်တွေကို မြင်လာအောင် ကူညီပေးရုံပဲလို့ ပြောလို့ လုပ်ခဲ့မိတာပါ..”
ယခုအချိန်တွင် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’နှင့် ချစ်သူတို့ကြားမှ ပြဿနာသည်က ထင်ရှားနေပြီဖြစ်သည်။
ကောလိပ်ကျောင်းတက်ခါစ ကလေးက ချစ်မိသွားခဲ့သည်။ တီဗီများ၊ ဇာတ်လမ်းတွဲများထဲမှ ဇာတ်လိုက်မင်းသားကဲ့သို့သော ချောမောသည့်ကောင်လေးတစ်ဦးကို သူမ မြင်တွေ့ခဲ့ရသည်။ ထိုကောင်လေးမှာ အရည်အချင်းရှိရုံသာမက ရုပ်ရည်လည်း ချောမောသည်။
ထိုကောင်လေးနှင့် ဌာနတစ်ခုတည်းတွင် ရွေးချယ်ခံရပြီးနောက် ဌာနတွင်းလှုပ်ရှားမှုများမှတဆင့် ထိုကောင်လေးက တည်ငြိမ်၍ အင်မတန် ထက်မြက်သည်ဟု ခံစားရပြီး ကောင်လေးကို ချစ်ရေးဆိုချင်ခဲ့သည်။
မည်သူက ထင်ထားလိမ့်မည်နည်း? ထိုကောင်လေးအား ဖွင့်ပြောလိုက်ချိန်မှာပင် ငြင်းဆိုခံလိုက်ရပြီး သူ့တွင် ချစ်သူရှိနေပြီးသားဟု ပြောဆိုလာခဲ့သည်။
သူမ ပထမတွင် မယုံကြည်နိုင်သော်လည်း ကောင်လေး၏ စကားက အမှန်ဖြစ်ကြောင်းကို သိရှိလိုက်ရသည်။
ထိုကောင်လေးတွင် ချစ်သူမိန်းကလေးရှိနေပြီး ချစ်သူသက်တမ်းသည်လည်း ကြာမြင့်နေပြီဖြစ်သည်။ ကောင်လေး၏ အခန်းဖော်များ၊ သူငယ်ချင်းများအားလုံးလည်း ထိုကိစ္စကို သိထားပြီးဖြစ်ပေသည်။
သူ့၏ ချစ်သူကောင်မလေးအား ကျောင်းတွင် မမြင်ဖူးသည်မှာ ထိုကောင်မလေးသည်က သူတို့ကျောင်းမှ ကျောင်းသားတစ်ဦး မဟုတ်သောကြောင့်ပင်။
သူမ ကျောင်းသို့ရောက်လာပြီး ထိုကောင်လေးကို လာရှာချိန်တွင် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ က ထိုကောင်မလေးကို အဝေးမှ မြင်ဖူးခဲ့သည်။
သူမသည်က သာမန်ရုပ်ရည်သာရှိပြီး ပုံတုံးတုံး အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။
သူမ၏ ပညာရေးသည်လည်း အဆင့်မြင့်မဟုတ်ဟု သိရသည်။ သူမက ထိုကောင်လေးနှင့် အထက်တန်း ကျောင်းကတည်းက ချစ်သူဖြစ်ခဲ့ပြီး လက်ရှိတွင် ကောလိပ်တက်ရောက်ခြင်းမရှိပေ။
တစ်ဖက်တွင်တော့ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’သည်က လှပသည်။ မိဘများသည်လည်း ငွေကြေးချမ်းသာသည်။ ကောင်လေးနှင့် တက္ကသိုလ်တစ်ခုတည်း တက်ရောက်နေသော ကောလိပ်ကျောင်းသူလေးဖြစ်သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အနေဖြင့် ထိုကဲ့သို့ သာမန်မိန်းကလေးအား ရှုံးနိမ့်မည်မဟုတ်ချေ။
ထိုကောင်လေး သူမနှင့် တခြားကောင်မလေးများကို ငြင်းဆန်ရခြင်းမှာ သူ၏ချစ်သူကို အမှန်တကယ်ချစ်မြတ်နိုး၍ မဟုတ်။ အားနာစိတ်၊ တာဝန်သိစိတ်တို့ကြောင့်သာ ဖြစ်လိမ့်မည်ဟု ခံစားမိသည်။
ထိုအတွေးကြောင့် ကောင်လေးကို ပို၍ပင် သဘောကျမိသည်။
သူမ နောက်ထပ်နှစ်ကြိမ်တိတိ ထိုကောင်လေးကို ဖွင့်ပြောခဲ့သော်လည်း ကောင်လေးသည် သူမအား ပြင်းပြင်းထန်ထန်၊ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သောကြောင့် မျက်နှာပျက်ခဲ့ရသည်။
တစ်သက်လုံး အလိုလိုက်ခံထားရသော ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ မီာ အင်မတန် စိတ်ဆိုးဒေါသထွက်မိသည်။
သို့သော်လည်း ရှေ့ဆက်တိုး၍ မရသောကြောင့် သူမ အရှုံးပေးလိုက်ရသည်။
တိုက်ဆိုင်စွာပင် သူမ အဆောင်ခန်းတွင်း ဗီဒီယိုကြည့်နေချိန်တွင် အလွန် နာမည်ကြီးနေသည့် ဗီဒီယိုတစ်ပုဒ်အား မြင်တွေ့လိုက်ရသည်။
ဗီဒီယို၏ ခေါင်းစဉ်မှာ :
‘မက်မွန်ပန်းပွင့်ကျိန်စာ’
“အိမ်ထောင်ရေး၊ အချစ်ရေး စန်းပွင့်စေမယ့် မှော်ဂါထာ၊ အချစ်ကံခေနေသူများ၊ အိမ်ထောင်ရေးကံဆိုးနေသူများ လာကြည့်ကြပါနော်~
ဒီဂါထာက အရမ်းကိုမှ လွယ်ကူပြီး ထိရောက်တဲ့ အကျိုးရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်!”
ထိုဗီဒီယိုတွင် like ပေးသူများ၊ ကောမန့်များလည်း များစွာရှိနေခဲ့သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’အနေဖြင့် ထိုကဲ့သို့ သဘာဝလွန်ဂါထာများအား အယုံအကြည်မရှိပေ။ သို့သော် သူမအနေဖြင့် ထိုစီနီယာအား ချစ်မိသွားသည့်အချိန်မှစ၍ အိမ်ထောင်ရေးတွက်ချက်ပေးသည့် ဗီဒီယိုများ၊ ဖူးစာဖက်ဖြစ်နိုင်သည့် ရာသီခွင်များ အစရှိသည့် ဗီဒီယိုများကို မကြာခဏ ကြည့်လေ့ရှိသည်။
သူမနှင့် စီနီယာအစ်ကိုတို့ပ ဖူးစာဖက်ဖြစ်သည်ဟု တွက်ချက်မိပါက စိတ်ထဲတွင် ကြိတ်၍ ပျော်နေမိတတ်သည်။
ထိုအချိန်က သူမက လက်လျှော့တော့မည်ဖြစ်သော်လည်း ဗီဒီယိုမှ မြောက်မြားစွာသော like များကို ကြည့်ရင်း ဖွင့်ကြည့်လိုက်မိသည်။
ဗီဒီယိုသည် အရှည်ကြီးမဟုတ်ချေ။
အကြမ်းဖျင်းမှာ ဘလော့ဂါတစ်ဦးသည် သူမ၏ အချစ်ရေးအတွေ့အကြုံများကို ပြောပြနေခြင်းသာဖြစ်သည်။
သူမက ဤ ‘မက်မွန်ပန်းပွင့်ကျိန်စာ’အား မတွေ့မီက ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသူဟု ပြောဆိုခဲ့သည်။
သူမက အင်မတန် ရှက်တတ်ပြီး ချောမောလှပသည့် ရုပ်ရည်တို့ကြောင့် အသက် (၂၀)ကျော်သည်ထိ ချစ်သူမထားခဲ့ဖူးပေ။
သူမက အချစ်ဖြင့် ထိတွေ့ဖူးချင်ခဲ့သော်ငြား အခွင့်အလမ်းမသာခဲ့ပေ။
သူမ ‘မက်မွန်ပန်းပွင့်ကျိန်စာ’ကို ပထမဆုံး မြင်ခဲ့ချိန်တွင် အနည်းငယ် သံသယရှိခဲ့ပြီး ဂါထာတစ်ခုကို နေ့စဉ်နေ့တိုင်း ရွတ်ဖတ်ရုံမျှနှင့် အချစ်ရေးကံကောင်းနိုင်သည်ဆိုသော အရာအား မယုံကြည်ခဲ့ပေ။
ထိုဂါထာကို နှစ်ဝက်ခန့်မျှ ရွတ်ဖတ်ခဲ့ပြီးနောက်တွင် သူမက အင်မတန် နာမည်ကြီးသည့် အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူမ လမ်းလျှောက်နေချိန် wechat အပ်လိုသူများ ပေါ်လာခဲ့သည်။ တစ်လလျှင် အနည်းဆုံး လူတစ်ယောက် နှစ်ယောက်ခန့် သူမကို ချစ်ရေးဆိုတတ်သည်။
ရလဒ်မှာတော့ သူမ၏ ကိုယ်ပိုင်ယုံကြည်မှုများ တိုးတက်လာခဲ့ပြီး အချစ်ရေးတွင်လည်း ကံတက်လာခဲ့သည်။
နောက်ဆုံးတွင်တော့ ‘မက်မွန်ပန်းပွင့်ကျိန်စာ’ကို နှုတ်တိုက်ရွတ်ပြပြီး ဗီဒီယိုအဆုံးသတ်သွားခဲ့သည်။
*