မက်မွန်ပွင့်ကျိန်စာ(2): မက်မွန်ပွင့်သတ်ဖြတ်ခြင်း (3)
Vol. 43 Ch. 425
ဗီဒီယိုတစ်ပုဒ်လုံးကို ကြည့်ပြီးနောက် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ငိုရခက်၊ ရယ်ရခက်ဖြစ်နေခဲ့ပြီး ဤဘလော့ကာက ပုံပြင်များ ပြောနေခဲ့ခြင်းဖြစ်ပြီး လိမ်ဆင်ဟုသာ တွေးခဲ့မိသည်။
သို့သော် ဗီဒီယိုအောက်မှ ကောမန့်ထောင်ပေါင်းများစွာတွင် လူအများစုက ဂါထာနှင့် ပတ်သတ်၍ မယုံကြည်ခဲ့ကြကြောင်းမြင်တွေ့ရသည်။
သို့သော် ဂါထာအား အကြိမ်ရေအနည်းငယ် ရွတ်ဖတ်ပြီးချိန်တွင် ယခင်ရေးသားထားခဲ့သော ကောမန့်အောက်တွင် ပြန်လည် ရေးသားလာခဲ့ကြပြန်သည်။
သူတို့သဘောကျသည့် မိန်းကလေးနှင့် နီးစပ်လာကြောင်း၊ ကွဲသွားသော ချစ်သူဖြင့် ပြန်လည်ပေါင်းစည်းနိုင်ကြောင်း၊ တစ်စုံတစ်ယောက်က ချစ်ရေးဆိုလာကြောင်း အစရှိသည်တို့ပင် ဖြစ်သည်။
ထိုအကောင့်များသည်လည်း အကောင့်တုများလည်း မဟုတ်ကြပေ။
ပို၍ အရေးကြီးသော အရာမှာ ဗီဒီယိုအဆုံးသတ်တွင် ဘလော့ကာ နောက်ဆုံးပြောခဲ့သော စကားပင် ဖြစ်သည်။
‘အဲဒီဒီဂါထာရဲ့ သက်ရောက်မှုကို မြင်ရဖို့ ၁၀ရက်၊ ၁၅ရက်လောက်တော့ အချိန်ပေးရပါတယ်
ရှင်တို့တွေ ဂါထာကို ရွတ်နေသမျှ ကိုယ်ချစ်တဲ့သူနဲ့ နီးစပ်လာဖို့ အခွင့်အရေးတွေ တိုးလာပါလိမ့်မယ်၊ ရှင်တို့မှာ ငွေကြေးဆုံးရှုံးရတာမျိုးလည်း မရှိဘူး၊ ကံကောင်းရင် ငွေတောင် ဝင်ဦးမယ် ဒီတော့ ကြိုးစားကြည့်ကြနော်”
ဘလော့ကာ၏ စကားကို နားထောင်ပြီးချိန်တွင် တစ်ဖက်လူ၏ စကားက အဓိပ္ပာယ်ရှိသည်ဟု ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ တွေးလိုက်မိသည်။
ထို့ကြောင့်……
“ဒီတော့ အဲဒီဂါထာကို လိုက်ပြီး ဖတ်လိုက်တယ်ပေါ့”
ကုကျစ်စုန့် မေးလိုက်သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အနည်းငယ် ရှိုက်လိုက်ရင်း အသံခပ်အုပ်အုပ်ဖြင့် ပြန်ဖြေသည်။
“ကုတောက်ကျန့်.. ကျွန်မ အဲဒီဂါထာကို လိုက်ဆိုရုံပဲလုပ်ပြီး အခြားဘာမှ ထပ်မလုပ်ခဲ့ပါဘူး၊ အဲဒီဗီဒီယိုကို နေ့တိုင်းကြည့်ပြီး လိုက်ဆိုနေကြတဲ့သူတွေ မနည်းမနောပါပဲ၊ ကျွန်မလုပ်တာ မှားတယ်ဆိုရင် အဲဒီလူတွေကရော?”
ကုကျစ်စုန့် မျက်မှောင်ကျုတ်လိုက်သည်။
“အခြားလူတွေကလည်း အဲဒီဂါထာကို သေချာပေါက် မရွတ်သင့်ဘူးပေါ့၊ အစိုးရအဖွဲ့အစည်းတွေက ဟိုတလောလေးကမှ အင်တာနက်တစ်ခုလုံးမှာ အတိအလင်း ကြေငြာထားပြီးသားပဲ
အွန်လိုင်းမှာ ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ အခုလို မကောင်းမှုဂါထာတွေ၊ ထူးဆန်းတဲ့ ဂါထာတွေကို လုံးဝ လိုက်မရွတ်သင့်ပါဘူးဆိုပြီး ပြောထားတယ်၊
မကောင်းမှုကျူးလွန်တဲ့ အဖွဲ့အစည်းတွေက ဒီအခွင့်အရေးကို အသုံးချပြီး အဲဒီဂါထာတွေကို ဖြန့်နေတာ၊
ဒီလိုမျိုးတွေ တွေ့လာခဲ့ရင် တိုင်ကြားပြီး ကောင်းကောင်းအရေးယူရမယ်၊ အဲဒါတွေကို ကြေငြာထားတာကို ရှင်မသိလိုက်ဘူးလား?”
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ မှတ်ချက်များတွင်လည်း ‘မက်မွန်ပန်းပွင့်ဂါထာ’နှင့် ပတ်သတ်၍ အကြိတ်အနယ် ဆွေးနွေးနေခဲ့ကြသည်။
[ဝိုး၊ ငါ အင်တာနက်ပေါ်မှာ အဲ့ဒီ ‘မက်မွန်ပန်းပွင့်ကျိန်စာ’ဆိုတဲ့ ဗီဒီယိုကို တွေ့လိုက်ရတယ်၊ အဲဒါက ဟိုတလောလေးက တော်တော် နာမည်ကြီးသွားတာလေ
ဘလော့ကာတွေ တော်တော်များများလည်း လိုက်လုပ်ပြီး တကယ်အလုပ်ဖြစ်တယ်ဆိုပြီး ပြောထားကြတာ
ငါတို့အဆောင်က ကောင်မလေးတွေဆို အကုန်လုံးနီးပါး အဲဒီဂါထာကို ရွတ်နေခဲ့ကြတာ!]
[ငါပြောရရင် အဲဒီဂါထာက နည်းနည်း ထူးဆန်းတာနော်၊ ငါက အထက်တန်းကျောင်းတက်နေတာ၊
ငါတို့ အဆောင်မှာဆိုရင် ငယ်ငယ်လေးနဲ့ ရည်းစားထားပြီး အချစ်ရူး ရူးနေတဲ့ အစ်မတစ်ယောက်ရှိတယ်
သူ့မှာ အရင်တုန်းက အရမ်းဆိုးတဲ့ ရည်းစားရှိတယ်လေ အဲဒီရည်းစားနဲ့က ပြတ်သွားပြီ၊ ဂါထာရွတ်တဲ့ ရလဒ်ကတော့ အဲဒီဆိုးတဲ့ ရည်းစားဟောင်းကို ပြန်ရလိုက်တာပါပဲ
သူက နေ့တိုင်း အဲဒီအစ်မကို နှောင့်ယှက်တာ နောက်ဆုံးတော့ ကျောင်းအုပ်ကြီးဆီထိကို ရောက်သွားတာပဲ
အဲဒီနောက်တော့ ငါတို့အဆောင်က ဘယ်သူမှ လိုက်မရွတ်ရဲတော့ဘူးလေ…]
[နေပါဦး အထက်တန်းက ကလေးမတွေက အဲဒါကို ဘာလို့ လိုက်ရွတ်နေကြတာလဲဟ? ငယ်ငယ်ရွယ်ရွယ် စာမကြိုးစားဘဲ ရည်းစားထားမနေကြနဲ့လေ!]
[ငါလည်း အဲဒီဗီဒီယိုကို မြင်ဖူးတယ် ဒါပေမယ့် နည်းနည်းမှ မယုံဘူး၊ ပြီးတော့ အဲဒီကျိန်စာက တကယ်အလုပ်လုပ်တယ်ဆိုရင်လည်း ကြောက်ဖို့ကောင်းတယ်လို့ ထင်မိတာ ငါတစ်ယောက်တည်းလား မသိပါဘူး
ကိုယ်ကြိုက်တဲ့သူ ကိုယ့်ကို ပြန်ကြိုက်လာအောင် အဲဒီလို ဂါထာတွေနဲ့ လုပ်ယူတာဆိုရင် အဲဒီလူက ကိုယ့်ကို တကယ်ကြိုက်တာမဟုတ်တော့ဘဲ ဂါထာကြောင့် ကြိုက်တာ ဖြစ်မနေဘူးလား?
တခြားတစ်ယောက်ကလည်း သူ့ကို အဲဒီလို ဂါထာသုံးနေရင်ရော? သူက လူနှစ်ယောက်ကို တစ်ခါတည်း ကြိုက်လို့ရပါ့မလား?]
[ငါကတော့ ရယ်စရာကောင်းတယ်လို့ပဲ ထင်လို့ လိုက်တောင် မရွတ်မိဘူး အခု တကယ်ကို အဲ့ကျိန်စာက အလုပ်ဖြစ်တယ်ဆိုတော့ နည်းနည်းတော့ ကြောက်စရာကြီးပဲ!]
[ငါကတော့ ငါ့မိသားစုဝင်တွေကို စုန့်စုန့်ပြောသလိုပဲ အဲဒီကျိန်စာက မကောင်းတဲ့အဖွဲ့အစည်းတွေက လုပ်ထားတာလို့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ ပြောပြထားတယ်
ငါလည်း အဲဒါကို လိုက်ရွတ်ကြည့်ခဲ့ဖူးသေးတယ်လေ၊ ထိရောက်လားတော့ မမေးနဲ့၊ ငါ့ရဲ့ အသက် ၅၀ကျော် ထိပ်ပြောင်နေတဲ့ ဘောစိက ငါ့ကို မထော်မနန်း မက်ဆေ့ချ်တွေ လာပို့လို့ အလုပ်ထွက်လိုက်ရတယ်]
[ငါ့သူငယ်ချင်းဆိုရင်လည်း ချောလည်း ချောတယ်၊ ရက်လည်း ရက်ရောပြီး တော်လည်း တော်တယ်လေ၊ သူ့ရဲ့ အရင်ရည်းစားဟောင်းတွေဆိုရင်လည်း ကောင်လေး ချောချောလေးတွေချည်းပဲ
ဒါပေမဲ့ ရုတ်တရက်ကြီး သူ့ရဲ့ standardက တော်တော်လေး နိမ့်သွားပြီးတော့ အရပ်လည်း မရှည်၊ ရုပ်ကလည်း မချော၊ ဒီကြားထဲ အမိန့်ပေးဆန်တဲ့ ပုံစံမျိုးကောင်တစ်ယောက်နဲ့ တွဲနေပြီ၊ လုံးဝကို မျက်မမြင်တစ်ယောက်လိုပါပဲ]
[ဒီကျိန်စာက လူတွေကိုတော့ ဆွဲဆောင်နိုင်လိမ့်မယ်၊ ဒါပေမယ့် အချစ်ရေးကောင်းကောင်းတော့ ရနိုင်မယ်မထင်ဘူး ပြောစရာစကားတွေတောင် ဆွံ့အသွားတယ်]
[……]
မှတ်ချက်ဧရိယာတွင်လည်း လူအများအပြား ဝင်ရောက်ရေးသားခဲ့ကြသည်။
လူတချို့သမှာ ယခင်က ထို’မက်မွန်ပန်းပွင့်ကျိန်စာ’အား သံသယမရှိကြ။ သို့သော် အင်တာနက်ပေါ်တွင် ‘မကောင်းမှုအဖွဲ့အစည်း’များကို ဖမ်းဆီးသည့် အစိုးရရုံးထုတ်ပြန်စာ၊ ကုကျစ်စုန့်၏ တွက်ချက်မှုတို့အား ကြားသိရပြီးနောက် လူအများစုမှာ သူတို့အနီးအနားမှ ရင်းနှီးသူများပင်လျှင် ထိုအွန်လိုင်းဘလော့ကာ၏ ‘မက်မွန်ပန်းပွင့်ကျိန်စာ’ကို လိုက်၍ ရွတ်မိနေကြကြောင်း သိရှိလိုက်ရသည်။
မှတ်ချက်ဧရိယာမှ အကြောင်းအရာတချို့ကို ဖတ်ရှု့ပြီးနောက် ကုကျစ်စုန့် သက်ပြင်းချလိုက်သည်။
“ရှင်တို့တွေက အကြောက်အလန့်ကို မရှိဘူး၊ အကယ်၍ အဲဒါက လူဆိုးတွေကို ကူညီပေးမဲ့ ‘အသက်ငှားရမ်းခြင်းဂါထာ’ ဖြစ်နေရင် ရှင်တို့ ဘယ်လိုလုပ်မလဲ?
ရက်လေးနည်းနည်းလောက် ထပ်ရွတ်လိုက်တာနဲ့ ကိုယ့်အသက် ပါသွားလိမ့်မယ်”
“ဒီကလူတွေ တော်တော်များများလည်း သဘောပေါက်ပြီးဖြစ်မှာပါ၊ အခု အင်တာနက်မှာ အရမ်းကို ပျံ့နှံ့နေပြီး လူတွေ လိုက်လုပ်နေကြတဲ့ ‘မက်မွန်ပန်းပွင့်ကျိန်စာ’ဆိုတာက တကယ်အတည်ပေါက် ဂါထာတစ်ခုမဟုတ်ဘူး
လူမှန်၊ နေရာမှန်၊ ကံကြမ္မာမှန်ဆိုတာက ဈေးထဲမှာ ရောင်းတဲ့ ဟင်းရွက်၊ကန်ဇွန်းရွက်မှ မဟုတ်တာ၊ ကိုယ့်ဘဝမှာ ကိုယ်ကိုယ်တိုင် လူကောင်း၊လူမှန်ကို ရှာတွေ့နိုင်တာက အကောင်းဆုံးပဲ
ဂါထာတစ်ခုကို ရွတ်လိုက်ပြီး သူတို့ကို ကိုယ့်ရည်းစားဖြစ်အောင် ပြောင်းလိုက်နိုင်တယ်ဆိုတာက အဓိပ္ပာယ်လည်းမရှိ၊ ကျင့်ဝတ်လည်း မရှိဘူး”
“ပြောရရင် ရှင်တို့ ဆွဲဆောင်လိုက်တာက လူကောင်းမဟုတ်ဘူး”
နောက်ဆုံးစစ်ဆေးချက်အရ ထို ‘မက်မွန်ပန်းပွင့်ဂါထာ’သည်က ဂါထာရွတ်ဖတ်နေသော လူ၏ ကိုယ်ရှိန်ကိုယ်ဝါအား ပြောင်းလဲစေနိုင်ပြီး ကံကြမ္မာနန်းတော်တွင်လည်း ပြောင်းလဲမှုအချို့ ပြုနိုင်သည်။
လူတစ်ယောက်၏ ကံကြမ္မာနန်းတော်သည် မက်မွန်ပန်းပွင့်လူသတ်သမား၏ သက်ရောက်ခြင်းခံရပါက သို့မဟုတ် ကံကြမ္မာ၏ အရှိန်အဟုန်သည် အကြောင်းအရင်းတစ်ခုခုကြောင့် ရုတ်တရက် အားနည်းသွားပါက ကံဆိုးမှုကြုံတွေ့ရတတ်ပြီး ထိုကံဆိုးခြင်းအား အခွင့်အရေးယူမည့် လူများဖြင့် ဆုံရတတ်သည်။
ထိုအဖြစ်အပျက်မှာ ‘လူမိုက်များကို ရန်စခြင်း’နှင့် အလားတူသည်။
ပိုကောင်းသည့် လူများအား ဂါထာအသုံးပြု၍ ဆွဲဆောင်နိုင်ခြင်းမဟုတ်။ ဂါထာရွတ်ဖတ်သူ၏ ကံကောင်းမှုအား လျှော့ချလိုက်ပြီး လူဆိုးများကို ဆွဲဆောင်ခြင်းပင်ဖြစ်သည်။
ကုကျစ်စုန့် ဆက်ပြောသည်။
“အစတုန်းက ရှင့်ရဲ့ ငယ်သူငယ်ချင်းက ရှင့်အပေါ်မှာ ကျိန်စာမတိုက်ရဲဘူး၊ ဒါပေမယ့် ရှင်က ‘မက်မွန်ပန်းပွင့်ကျိန်စာ’ကို သွားရွတ်လိုက်တယ်
အဲဒီကျိန်စာက ရှင်လိုချင်တာကို ရအောင်လုပ်ပေးပြီး ရှင်ကြိုက်တဲ့ ကောင်လေးနဲ့ တွဲနိုင်ခဲ့ပေမယ့် ရှင့်ရဲ့ ကံကိုလည်း နိမ့်စေတယ်လေ
ဒီတော့ ရှင့်အနီးအနားမှာ ‘လိမ်လို့ လွယ်တယ်’ ‘ရန်စလို့ လွယ်တယ်’ဆိုတဲ့ ပုံစံမျိုးက ရှင်ကိုယ်တိုင်တောင် မသိလိုက်ပဲ ပေါ်လာတတ်တယ်
ပြီးတော့ ရှင့်ငယ်သူငယ်ချင်းက ရှင့်အပေါ်ထားတဲ့ အချစ်ကိုလည်း ပိုပြီးတော့ ပုံဆိုးပန်းဆိုး၊ အစွဲအလမ်းကြီးတဲ့ အခြေအနေမျိုး ဖြစ်တဲ့အထိ ပိုဆိုးသွားစေခဲ့တာ”
တနည်းဆိုရလျှင် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်က ကျိန်စာတိုက်ခံခဲ့ရသော်ငြား ထိုကိစ္စတွင် သူမ၏ အပြစ်လည်း မကင်းပေ။
အချိန်အနည်းငယ်ကြာပြီးနောက် ကြည့်ရှုသူများက ကံကြမ္မာဆိုသည်မှာ လှည့်ကွက်များကြောင်းနှင့်၊ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ က ကိုယ်ပြုသောကံကို ကိုယ်ခံရသည်ဟု ပြောဆိုနေခဲ့ကြသည်။
ထိုအချိန်မှာပင် နောက်ထပ် မေးခွန်းအသစ်တစ်ခု ထွက်ပေါ်လာသည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ ပြောစကားအရ သူမ၏ လက်ရှိချစ်သူသည် အကျင့်စာရိတ္တကောင်းမွန်သည့် လူတော်တစ်ဦးဖြစ်ကြောင်း၊ စွမ်းဆောင်ရည်၊ အရည်အချင်း၊ ကြိုးစားချင်စိတ်တို့ ပြည့်နှက်နေသူဖြစ်ကြောင်း ပြောဆိုခဲ့သည်။
‘မက်မွန်ပန်းပွင့်ကျိန်စာ’သည်က လူဆိုးများကိုသာ ဆွဲဆောင်သည်ဆိုပါက သူမသည် အဘယ်ကြောင့် ထိုကောင်လေးကို ရယူနိုင်ခဲ့ပါသနည်း?
ထိုကောင်လေးသည်လည်း အတွင်းစိတ်မကောင်းသူ တစ်ဦးပေလော?
ကုကျစ်စုန့်လည်း မှတ်ချက်များအတွင်းမှ သံသယများကို မြင်တွေ့လိုက်သောကြောင့် သက်ပြင်းချ၍ ပြောလိုက်သည်။
“ဒါ ဘာလို့လဲဆိုတော့ ဒီကောင်မလေး ရွတ်ခဲ့တာက သာမန် ‘မက်မွန်ပန်းပွင့်ကျိန်စာ’မဟုတ်လို့ပဲ!”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ထိုစကားကို ကြားလိုက်ရချိန်တွင် အံ့အားသင့်သွားခဲ့ပြီး စိတ်ထဲတွင်လည်း မကောင်းသည့် ခံစားချက်တစ်ခု ရလိုက်သည်။
“ကုတောက်ကျန့်.. ဒါက ဘာကို ဆိုလိုတာလဲဟင်..”
“ကျွန်မ ထင်တာ မမှားဘူးဆိုရင် ရှင်က သာမန် ‘မက်မွန်ပန်းပွင့်ကျိန်စာ’ကို အရင်ရွတ်လိုက်ပြီးနောက်မှာ သိပ်ပြီး ထိရောက်မှုမရှိတော့ နောက်ထပ် ရွတ်စရာ ‘ပီယဂါထာ’တစ်ခုကို အသည်းအသန် လိုက်ရှာတော့တာပဲ”
**