မက်မွန်ပွင့်ကျိန်စာ(2): လေပေါ်ပျံနေတဲ့ ခေါင်းပြတ်ကျိန်စာ(1)
Vol. 43 Ch. 426
ကုကျစ်စုန့် လေသံ အနည်းငယ် မာလာခဲ့သည်။
“အဲဒီဂါထာကို ရွတ်နေတဲ့အချိန်မှာ ရှင်က ကောင်လေးရဲ့ နာမည်နဲ့ ကိုယ်ရေးအချက်အလက်ကိုပါ သေသေချာချာအဓိက ထားပြီး ရွတ်ခဲ့တယ် ဂါထာရဲ့ သက်ရောက်မှုကို ပိုပြီး တိတိကျကျဖြစ်အောင်လို့လေ”
“သိပ်မကြာပါသေးခင်က ရှင်ဘက်ကနေ ‘ချုပ်ထိန်းတဲ့ ပီယဂါထာ’ကို ရွတ်လိုက်ပြီးနောက် ကောင်လေးက လုံးဝစိတ်ပြောင်းသွားပြီး သူ့ချစ်သူနဲ့ လမ်းခွဲလိုက်တာပဲ”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ဟန်ဆောင် အကြောင်းပြချက်များပင် မပေးနိုင်တော့။ သူမ ယခုကိစ္စကို မြန်မြန်သာ ပြီးဆုံးချင်တော့သည်။
ထို့ကြောင့် သူမသည် ဗီဒီယိုထဲမှ ‘မက်မွန်ပန်းပွင့်ကျိန်စာ’တစ်ခုတည်းသာ ရွတ်ဆိုခဲ့ခြင်းမဟုတ်ကြောင်း ဝန်ခံခဲ့သည်။
သူမ၏ ပြောစကားအရ ‘ပီယဂါထာ’အား အချိန်အနည်းငယ် ရွတ်ဆိုခဲ့ပြီးချိန်တွင် သူမ၏ အချစ်ရေးကံဇာတာ မြင့်လာခဲ့သည်။
ထိုအချိန်ပိုင်းအတွင်းမှာပင် အတန်းဖော်များ၊ စီနီယာများက သူမအား ချစ်ရေးဆိုခဲ့ကြသည်။
သူမနှစ်သက်သည့် စီနီယာအစ်ကိုပင် သူမနှင့် ဌာနထဲတွင် စကားပြောရာတွင် ယခင်လောက် အေးစက်ခြင်းမရှိတော့ပေ။
ထိုအချက်ကြောင့်ပင် ထိုဂါထာက အလုပ်ဖြစ်ကြောင်း သူမ ယုံကြည်သွားခဲ့သည်။
သို့သော် ဂါထာ၏ အစွမ်းသည်က လုံလောက်မှုမရှိ။
သူမ ထိုဂါထာအား ၁၀ရက်မှ လဝက်၊ လဝက်မှ တစ်လ ကြာသည်ထိ ရွတ်ဖတ်ခဲ့သော်လည်း သူမ မနှစ်သက်သည့် အချစ်ရေးတွင်သာ စန်းပွင့်လာခဲ့သည်။
သူမ နှစ်သက်သည့် စီနီယာက ပြောင်းလဲမှုမရှိသောကြောင့် တဖြည်းဖြည်း စိတ်မကျေမနပ်ဖြစ်လာကာ စိတ်ရှုပ်လာခဲ့သည်။
ဗီဒီယိုမှတ်ချက်တချို့တွင် ကြိုက်နှစ်သက်သူ၏ အမည်ကိုပါ ထည့်သွင်း၍ ရွတ်ဖတ်လျှင် ပိုမို ထိရောက်မည်ဖြစ်ကြောင်းလူတချို့ရေးသားထားခဲ့ကြသည်။
အချို့မှတ်ချက်များတွင်တော့ သူတို့က သူတို့၏ ကိုယ်ပိုင်ကံကြမ္မာကို တွက်ချက်ပေးနိုင်ပြီး ဆုတောင်းပြည့်အောင် ကူညီပေးနိုင်သည့် ဘလော့ကာတစ်ဦးကို ရှာတွေ့ခဲ့ကြောင်း ရေးသားထားခဲ့သည်။
နောက်ဆုံးတွင်တော့ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’က ထို ဘလော့ကာ၏ သီးသန့်မက်ဆေ့ချ်နေရာသို့ ဝင်ရောက်ခဲ့သည်။
သူမ၏ ဆန္ဒကို သိရပြီးနောက် တစ်ဖက်လူက ကောင်လေး ဓာတ်ပုံကို တောင်းယူခဲ့သည်။
ထို့နောက် သူအလိုရှိသူမှ ပြန်လည် ချစ်မြတ်နိုးလာအောင် လုပ်ဆောင်ခြင်းက သာမန် အချစ်ရေးစန်းပွင့်အောင် လုပ်ဆောင်ခြင်းကဲ့သို့ ရိုးရှင်းသည်မဟုတ်၊ ပိုမိုထိရောက်သည့် ဂါထာ လိုအပ်သည်ဟု ပြောဆိုခဲ့သည်။
သူမတွင် သီးသန့်သတ်မှတ်ချက်များရှိနေသည့်အတွက် အနည်းငယ်တန်ဖိုးပေးဆပ်ရမည်ဖြစ်သည်။
ဥပမာဆိုရပါက ချမ်းသာကြွယ်ဝမှုတချို့၊ ကံကောင်းခြင်းများ၊ အခွင့်အလမ်းများ အစရှိသည်တို့ပင်။
ထိုသို့ အပြန်အလှန် ညီမျှသော လဲလှယ်ခြင်းမျိုးမဟုတ်ပါက ပို၍ အစွမ်းထက်သော ဂါထာသည်ပင် အလုပ်ဖြစ်မည်မဟုတ်။
သေချာပင် မစဉ်းစားရန်မလိုပါချေ။ ထိုမိန်းကလေးက သဘောတူလိုက်ကြောင်းကို ကုကျစ်စုန့် အတပ်ပြောနိုင်သည်။
ထင်ထားသည့်အတိုင်းပင် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ငိုယိုရင်း ပြောလာသည်။
“ကျွန်မ သူ့ကို တကယ်သဘောကျတာပါ.. ဒါပေမဲ့ သူက ကျွန်မကို ကြည့်တောင် မကြည့်ဘူးလေ၊ ကျွန်မ သူ့ကို ထိခိုက်ချင်တာမျိုး မရှိပါဘူး.. ကျွန်မ.. ကျွန်မက နောက်တစ်ကြိမ်လောက်ပဲ ကြိုးစားချင်ခဲ့တာပါ.. သူ့ရဲ့ အာရုံစိုက်တာကို လိုချင်ခဲ့ရုံပါပဲ”
“ဒီတော့ ရှင့်ရဲ့ ကံကောင်းခြင်းနဲ့ လဲလိုက်တယ်ပေါ့၊ အဲဒါက အဓိပ္ပာယ်ကို မရှိတာပဲ”
“ရှင် မကြားဘူးလား? အတင်းခူးဆွတ်ခံရတဲ့ သစ်သီးက မချိုဘူး၊ ‘ချုပ်နှောင်တဲ့ ပီယဂါထာ’ဆိုတာက တားမြစ်ခံထားရတဲ့ နည်းလမ်းတစ်ခုပဲ၊ အဲဒါကို သုံးရင် အင်မတန် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေလဲ ရှိတယ်ဆိုတာ ရှင်သိရဲ့လား
ဒါက ရှင့်ရဲ့ အနာဂတ် ကံကောင်းခြင်းတွေ၊ ကျန်းမာရေးတွေနဲ့ ရှင့်ရဲ့ ဘဝသက်တမ်းကိုပါ အသုံးပြုပြီးတော့ တခြားလူရဲ့ ခံစားချက်ကို အတင်းပြောင်းယူပြီး အိမ်ထောင်ရေးလမ်းကြောင်းကို ပြုပြင်လိုက်တာနဲ့ အတူတူပဲ!”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ကြောက်လန့်သွားခဲ့သည်။
“ဘလော့ကာက ကျွန်မကို ‘ချုပ်နှောင်တဲ့ ပီယဂါထာ’လို့ မပြောဘူး! သူပြောတဲ့အထဲမှာ ဒီလိုမျိုးဆိုးရွားတာ မပါဘူး၊ သူလိုအပ်တာက ပမာဏနည်းနည်းလေးပဲ….”
ကံကောင်းမှုအနည်းငယ်နှင့်သာ လဲရန် လိုအပ်သည်။
ထိုသို့ လဲလှယ်ပြီးချိန်တွင် သူမ အနည်းငယ် ကံမကောင်းဖြစ်နေလိမ့်မည်။
သို့သော် ပြီးပြည့်စုံသည့် ချစ်သူကောင်လေးအား ပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ကံမကောင်းဖြစ်ရခြင်းမှာ တန်သည်ဟု တွေးခဲ့မိခြင်းပင်။
ကုကျစ်စုန့် ပြောစရာစကားများပင် ပျောက်ကွယ်သွားခဲ့သည်။
ဤမိန်းကလေးသည်က သနားစရာကောင်းသလို မုန်းစရာလည်း ကောင်းလွန်းပေသည်။
သူမက အစမှအဆုံးထိ ‘ချုပ်နှောင်သော ပီယအစီအရင်’၏ ဆိုးကျိုး၊ကောင်းကျိုးများကို သိရှိထားခဲ့သည်။ သူမ၏ ချစ်သူသည်က ထိုဂါထာကြောင့် ယခင်ချစ်သူဟောင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်းလည်း ကောင်းကောင်းသိထားသည်။
ချစ်သူကောင်လေးက အနည်းငယ်လောက် အသိစိတ်ပြန်ဝင်လာချိန်တိုင်းတွင် သူမက ထိုဂါထာကို ရွတ်ဖတ်လေ့ရှိပြီး သူမကိုယ်တိုင် မသိလိုက်မီမှာပင် ကံကောင်းခြင်းများစွာဖြင့် လဲလှယ်လိုက်မိသွားသည်။
သူမ ထိုကောင်လေးကို သဘောကျသည်မှာအမှန်ပင်။ သို့သော် သူမသည်က ထိုကောင်လေးထက် ထိုကောင်လေး၏ ရုပ်ရည်ကို စွဲလမ်းနေခြင်းသာ ဖြစ်ကြောင်း ကုကျစ်စုန့် မြင်နိုင်သည်။
သူမက အမှန်တကယ်ချစ်ခင်ကြသည့် စုံတွဲအား ခွဲပစ်ခဲ့ပြီး သူမနှင့် မသက်ဆိုင်သော ဆက်ဆံရေးတစ်ခုအား အတင်းအကြပ်တည်ဆောက်ခဲ့သည်။
ထိုအကြောင်းရင်းကြောင့်ပင် သူမ၏ ကံကောင်းခြင်းများက ခိုးယူခံခဲ့ရပြီး သူမ ပိုင်ဆိုင်ထားသော ဘိုးဘေးများ၏ ဆုလာဘ်၊ ကောင်းချီးများကိုလည်း ဆုံးရှုံးခဲ့ရသည်။
ထို ‘မက်မွန်ပန်းပွင့်ကျိန်စာ’နှင့် ‘ချုပ်နှောင်သော ပီယဂါထာ’တို့က သာမန်လူများထံမှ အသက်စွမ်းအင်နှင့် ကံကောင်းခြင်းများကို ခိုးယူရန်အတွက်ပြင်ဆင်ထားသော ‘အနက်ရောင်မြူခိုး’၏ ထောင်ချောက်ဖြစ်သည်။
ထိုဂါထာအစီအရင်များကို ဟဲကျောင်ရှန်း၏ အကူအညီဖြင့် အင်တာနက်တွင် ဖြန့်ခဲ့ခြင်းပင်။
ဖန်းချန်းနယ်တွင် ရှာဖွေမှုများ ပြုလုပ်ခဲ့စဉ်က ဟဲကျောင်ရှန်း၏ အငွေ့အသက်များနှင့် အတူ ရှာဖွေတွေ့ရှိရသော အမှောင်စွမ်းအင်များမှာ ‘မက်မွန်ပန်းပွင့်ဂါထာ’မှပင် ဖြစ်သည်။
မမျှော်လင့်စွာဖြင့်ကုကျစ်စုန့် ပြိုင်ပွဲကိုပြန်လည်ရိုက်ကူးသည်နှင့် တပြိုင်နက် လက်ခံရရှိခဲ့သော အကူအညီတောင်းဆိုခြင်းသည်လည်း ထိုဂါထာနှင့် ပတ်သတ်နေခဲ့သည်။
ထျန်ယွင်ကျေးရွာမှ ပျောက်ကွယ်သွားသော လူများ၏ ဝိဉာဉ်များ၏အဖြစ်ကို ကြည့်ခြင်းအားဖြင့် ဤ ‘မက်မွန်ပန်းပွင့်ကျိန်စာ’သည်လည်း ‘အနက်ရောင်မြုခိုး’၏ စွမ်းအားများမှဖြစ်ကြောင်းကို ကုကျစ်စုန့် ခန့်မှန်းနိုင်သည်။
ထို့နောက် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ကဲ့သို့သော ကံကောင်းခြင်းများ ခိုးယူခံလိုက်ရသူများသည်က ထိုဆုံးရှုံးမှုများကို ပြန်လည်ရရှိနိုင်မည်မဟုတ်တော့ပေ။
သူတို့ အချိန်ကြာမြင့်စွာ ပျော်ပျော်ကြီး ရွတ်ဆိုနေခဲ့ကြသော ‘မက်မွန်ပန်းပွင့်ကျိန်စာ’သည်က သူတို့၏ အနာဂတ်ကြွယ်ဝမှုများ၊ ချမ်းသာမှုများကို ခိုးယူနေသည့် အရာဖြစ်ကြောင်းကို မမြင်နိုင်ခဲ့ကြပေ။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ တစ်ယောက် အနည်းငယ် စိတ်မထိန်းနိုင်ဖြစ်ကာ လက်မခံနိုင်ဖြစ်နေခဲ့ချိန်တွင် ကုကျစ်စုန့် သက်ပြင်းချလိုက်မိသည်။
“အဲဒီဂါထာကို လိုက်မရွတ်ကြပါနဲ့ အခု တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူတွေပဲဖြစ်ဖြစ်၊ ဗီဒီယိုပြန်ကြည့်မယ့် ကြည့်ရှုသူတွေဖြစ်ဖြစ် ကိုယ့်အနီးဝန်းကျင်မှာ အဲဒါကို ရွတ်နေတဲ့ သူတွေရှိရင် ချက်ချင်း ရပ်ခိုင်းပေးပါ
ပြီးရင် စိတ်နှလုံးသားကို သန့်စင်ပေးတဲ့ ဂါထာတစ်ခုခု ရှာပြီးတော့ မသန့်စင်မှုတွေကို ဖယ်ရှားနိုင်အောင် များများရွတ်ပေးကြပါ”
“ပြီးတော့ အကူအညီတောင်းသူက ပိုပြီး စိတ်ပူသင့်တဲ့အရာက ရှင့်ချစ်သူနဲ့ ပတ်သတ်နေတဲ့ ရှင့်ကိုယ်ပေါ်က ကျိန်စာပဲ”
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ လက်သီးဆုတ်လိုက်မိသည်။
“သူ ကျွန်မကို ကျိန်စာတိုက်ခဲ့တာလား?”
“အခုထိတော့ မသေချာသေးဘူး၊ ရှင့်ကိုယ်ပေါ်က မက်မွန်ပန်းပွင့်မကောင်းဆိုးဝါးက သူနဲ့ အတော်လေး နီးစပ်နေတာကိုပဲ မြင်ရတယ်၊ ရှင့်မှာ သူ့ရဲ့ ဓာတ်ပုံဖြစ်ဖြစ် ရှိလား? ရှိရင် ကျွန်မဆီကို ပို့ပေးပါ”
“ရှိတာပေါ့”
ကောင်မလေး ခပ်မဲ့မဲ့ ပြုံးလိုက်မိရင်း ဓာတ်ပုံကို ပို့ပေးလိုက်သည်။
သူမသည်က သူမ၏ ချစ်သူအား တပါးသူထံမှ လုယူနိုင်ခဲ့သော်လည်း သူမကို စုံမက်ခြင်းရှိလိမ့်မည်မဟုတ်ကြောင်း သိခဲ့သင့်သည်။
ထိုကောင်လေးက သူမနှင့် အတူရှိနေသော်လည်း မကြာခဏ သူ၏ ချစ်သူဟောင်းအတွက် စိတ်မကောင်းဖြစ်နေတတ်သောကြောင့် မကြာခဏ စကားများခဲ့ရသည်။
ဖုန်းထဲမှ ကောင်လေး၏ မျက်နှာကို ကြည့်လိုက်ရင်း သူမ ပင်ပန်းကာ စိတ်မသက်မသာဖြစ်လာမိသည်။ ပထမဆုံးအကြိမ်အဖြစ်လည်း နောင်တရမိသည်။
သူမ ဤကောင်လေးကို ရရန် ကြိုးစားခဲ့သမျှ၊ ဆုံးရှုံးခဲ့ရသမျှက အမှန်တကယ်ရော ထိုက်တန်ပါရဲ့လား?
မျက်နှာပြင်၏ တစ်ဖက်မှ ကုကျစ်စုန့် မျက်လွှာချကာ အသစ်ပို့လိုက်သည့် ကောင်လေး၏ ဓာတ်ပုံနှင့် မွေးသက္ကရာဇ်တို့အား ကြည့်နေခဲ့သည်။
ဓာတ်ပုံထဲမှ ကောင်လေးမှာ အမှန်ပင် ရုပ်ရည်ချောမောသူဖြစ်သည်။ သူ၏ မျက်ခုံးများကြားတွင် ဖြောင့်မတ်ခြင်းကို မြင်တွေ့နေရပြီး ပထမဆုံးအမြင်အနေဖြင့် မဆိုးလှပေ။
ကောင်လေး၏ ‘ရုပ်ရည်’နှင့် ဇာတာရှစ်လုံးအား ခွဲခြမ်းစိတ်ဖြာလိုက်ပြီးချိန်တွင် ကုကျစ်စုန့် တွေ့ခဲ့ရသည်မှာ ဤကောင်လေးပ အမှန်ပင် လူတော်လူကောင်းတစ်ဦးဖြစ်ပေသည်။
သူ၏ အချစ်ရေးကံသည်က ‘ခုနှစ်’အခွဲနှင့် ‘လ’ အခွဲတို့တွင် တည်ရှိနေသောကြောင့် ဘက်လိုက်ခြင်းမရှိပေ။ ထိုကဲ့သို့သော ကံကြမ္မာအား သဘာဝလွန်ပညာရပ်တွင် ‘နံရံအတွင်းမှ မက်မွန်ပန်းပွင့်’ဟု ခေါ်ဝေါ်သည်။
သူ၏ အိမ်ထောင်ရေးနန်းတော်သည်က ချစ်ခင်မြတ်နိုးခြင်းများ ပြည့်၍ တည်ငြိမ်သည်။ သူတို့နှစ်ဦးက တစ်ဦးအပေါ် တစ်ဦး လေးစားမှုလည်း ရှိကြသည်။
ထိုကဲ့သို့သော အချစ်ရေးအား ဖျက်ဆီးခြင်းဖြင့် တားမြစ်ထားသည်။
ထိုအချစ်ရေးကို ဖျက်ဆီးသူသည်က မကောင်းဆိုးဝါးစွမ်းအင်များ၏ သက်ရောက်ခြင်းခံရတတ်သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ ကိုယ်ပေါ်မှ အားကောင်းသော မက်မွန်ပန်းပွင့်နတ်ဆိုးသည် ဤနေရာမှ အစပြုလာခြင်းဖြစ်သည်။
အဓိပ္ပာယ်မှာ ဤကံကြမ္မာရှိသော လူအများစုက သူတို့ကိုယ်တိုင်၏ ခံစားချက်အပေါ် အလေးအနက်ထားကာ တာဝန်ယူတတ်သူများဖြစ်ပြီး ပွေရှုပ်တတ်သူများ မဟုတ်ကြပေ။
သူသည်က ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ၏ ဆက်တိုက် ကျိန်စာတိုက်ခြင်းခံထားရပါသော်လည်း ရံဖန်ရံခါ အချိန်များတွင် ချစ်သူဟောင်းအပေါ် အင်မတန် အားနာစိတ်ပေါ်လာတတ်သည်။
သူ၏ ခံစားချက်များ ပြောင်းလဲခြင်းအပေါ်တွင်လည်း အမြဲလိုလို လမ်းပျောက်နေသည့် လူတစ်ယောက်အလား ခံစားနေရပြီး ကိုယ့်ကိုကိုယ် အပြစ်တင်၍ မဆုံးပေ။
ကောင်လေး၏ အတိတ်နှင့် အချစ်ရေးကို ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် မျက်မှောင်ကျုတ်လိုက်သည်။ ထို့နောက် မျက်နှာပြင်ကို မောကြည့်လာရင်း ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အား မေးခွန်းထုတ်လိုက်သည်။
“ရှင် အရင်တုန်းက သရဲစီးတာ ခံရဖူးတယ်ဆို? အဲ့တာက ဘယ်လိုမျိုးလဲ၊ မှတ်မိသေးလား?”
*