မက်မွန်ပွင့်ကျိန်စာ(2): လေပေါ်ပျံနေတဲ့ ခေါင်းပြတ်ကျိန်စာ(2)
Vol. 43 Ch. 427
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ထိုနေ့ညက အဖြစ်အပျက်ကို တွေးမိလိုက်တိုင်း ကြက်သီးထမိသည်။
မည်မျှပင် အချိန်ကြာပါစေ ထိုအကြောင်း သတိရတိုင်း ထိတ်လန့်မိသည်။
“မှတ်မိပါတယ်…”
သူမ၏ အသံမှာ တုန်ရီနေခဲ့သည်။
“ကျွန်မ အဲဒီတုန်းက အိမ်မှာ အိပ်နေခဲ့တာ၊ အဲဒီ ကျိန်စာအရုပ်ကို ရှာတွေ့ပြီးတော့ ကျောင်းကနေ အိမ်ကို ပြန်လာခဲ့တယ်”
“နောက်တော့ ရုတ်တရက်ကြီး ကျွန်မ ရင်ဘတ်တွေ လေးလာပြီး အသက်ရှူလို့ မရတော့ဘူးလေ၊ ခန္ဓာကိုယ် တစ်ပိုင်းလုံးက အေးစက်နေလို့ ကျွန်မ ချက်ချင်း လန့်နိုးလာခဲ့တာ”
ထို့နောက် သူမဘဝတစ်သက်လုံးတွင် ကြောက်မက်ဖွယ်ရာအကောင်းဆုံး၊ ဘယ်သောအခါမှ မမေ့နိုင်တော့မည့် မြင်ကွင်းအား မြင်လိုက်ရသည်။
အင်မတန် ရှည်လျားသော ဆံပင်၊ သွေးများစွန်းနေခဲ့ပြီး ကြောက်မက်ဖွယ်ရာ ပုံသဏ္ဍာန်ဖြင့် ‘အမျိုးသမီး’တစ်ဦး၏ခေါင်းက လေထဲတွင်ရှိနေကာသူမအား မျက်နှာချင်းဆိုင် စိုက်ကြည့်နေခဲ့သည်။
အမှောင်ထဲတွင် သူတို့နှစ်ဦး တစ်ယောက်၏မျက်နှာကို တစ်ယောက် စိုက်ကြည့်နေခဲ့မိသည်။
ပြင်းထန်လှသော သွေးညှီနံ့ကြောင့် သူမ အန်ထွက်မတတ်ပင်။
အော်ဟစ်ချင်သော်လည်း သူမ၏ လည်ပင်းကို အညစ်ခံထားရသည့်အလား အသံတစ်ချက်မှပင် ထွက်မလာနိုင်ခဲ့ပေ။
သူမ၏ ရင်ဘတ်တစ်ခုလုံး နာကျင်နေခဲ့ပြီး အောက်ဆီဂျင်မရသောကြောင့် အဆုတ်များလည်း မီးမြိုက်ခံထားရသည့်အလားဖြစ်နေခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံး ရေခဲတုံးကဲ့သို့ အေးစက်သွားတော့မည့်အချိန်တွင် သူမ၏ရှေ့မှ အရာက နာကျင်စွာ အော်ဟစ်လိုက်သည့် အသံကို ကြားလိုက်ရပြီး သူမလည်း ထိုအချိန်မှသာ အသံထွက်နိုင်တော့သည်။
သူမ မိဘများကို အော်ခေါ်လိုက်ပြီးနောက် တစ်မိသားစုလုံးက အက်ကွဲနေသည့် ရှေးဟောင်းကျောက်စိမ်းကို တွေ့မြင်လိုက်ရသည်။
ထိုအခိုက်တွင် သူတို့အားလုံး ဤနေအိမ်သည်ပင် မလုံခြုံတော့ကြောင်းကို နားလည်လိုက်ကြသည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’မှ် အိမ်အနီးမှ တောက်ဓမ္မဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။
သူမ စကားအဆုံးတွင် ကုကျစ်စုန့်၏ အသံအား ကြားလိုက်သည်။
“ရှင့်ကိုယ်ပေါ်က ကျိန်စာကို ကျွန်မ သဘောပေါက်သွားပြီ၊ အရင်ဆုံး အဲဒီမှော်ရဲ့ အငွေ့အသက်က အင်မတန် ရက်စက်ပြီး သွေးစွန်းနေတာပဲ
ဒါက စွမ်းအင်ရဲ့ အခြေခံအရဆိုရင်တော့ ကျွန်မတို့ နိုင်ငံက ကျိန်စာတွေနဲ့ နည်းနည်း ကွဲပြားနေတယ်”
တနည်းဆိုရလျှင် ဤအရာသည်က တရုတ်နိုင်ငံမှ ကျိန်စာမဟုတ်ချေ။
“အဲဒီညက ရှင်တွေ့ကြုံခဲ့ရတာတွေအရပြောရရင်တော့ ရှင့်ကိုယ်ပေါ်က ကျိန်စာက အရှေ့တောင်အာရှကနေ အခြေခံလာတာပဲ ဖြစ်ရမယ်၊ ဒါက ‘စုန်းအတတ်ပညာ’တစ်မျိုးပဲ”
[လူတွေကို လေပေါ်ပျံအောင် လုပ်နိုင်တာဆိုရင်တော့ ‘လေပေါ်ပျံနေတဲ့ ခေါင်းပြတ်ကျိန်စာ’ပဲ မဟုတ်ဘူးလား? အဲဒါက တော်တော်လေးကို ရက်စက်တယ်လို့ ပြောကြတာပဲ…]
[စကားမစပ် အရှေ့တောင်အာရှက ကျိန်စာတွေဆိုရင်တော့ ဟဲမီတူနဲ့ ပိုပြီး သင့်တော်မှာပဲ၊ ဒါပေမဲ့ စုန့်စုန့်လည်း ဖြေရှင်းနိုင်မှာပါ]
ထင်ကြေးပေးနေကြသည့် မှတ်ချက်များကြားတွင် ကုကျစ်စုန့် ရှေးခေတ် ကြေးဒင်္ဂါးပြားများကို လက်ထဲမှာ လှုပ်လိုက်ရင်း ပြောလာသည်။
“အဲဒါကျိန်စာက ‘လေပေါ်ပျံနေတဲ့ ခေါင်းပြတ်ကျိန်စာ’ပဲ”
“ရှင်အမှောင်ထဲမှာ မြင်လိုက်ရတဲ့ ဆံပင်ရှည်ဆိုတာ တကယ်တော့ ဆံပင်မဖြစ်နိုင်ဘူး၊ အဲဒီမကောင်းဆိုးဝါးရဲ့ လည်ပင်းကနေ တစ်တွဲတည်း ပါလာတဲ့ ကိုယ်တွင်းအင်္ဂါတွေပဲ ဖြစ်ရမယ်…”
“ကျိန်စာတိုက်တာ ဘယ်သူလဲဆိုတာ့ ရှင်လည်း မြင်လိုက်ပါတယ်၊ အဲဒါက ရှင့်ကောင်လေးရဲ့ ချစ်သူဟောင်းပဲ”
ခေတ္တရပ်လိုက်ပြီးနောက် ကုကျစ်စုန့် ဆက်ပြောသည်။
“ရှင့်အတွက် ကံမကောင်းတာက အဲဒီကောင်မလေးက ထူးခြားဆန်းကြယ်ပညာရှင်ဖြစ်နေတယ်၊ သူမက မိဘမျိုးရိုးလက်ဆင့်ကမ်းလာတဲ့ ပညာကိုရရှိထားတာပဲ
ရှင်က ကောင်လေးအပေါ်မှာ ‘ချုပ်နှောင်တဲ့ ပီယဂါထာ’ကို သုံးပြီး သူတို့ချစ်ခြင်းကို ခွဲခဲ့တယ်ဆိုတာကို သိလိုက်တော့ သူ ရှင့်ကို အရမ်း မုန်းနေခဲ့တာ”
[တိုက်ဆိုင်ချက်ကတော့ လက်လန်တယ်၊ သူမက သဘာဝလွန်နည်းလမ်းတွေ သုံးပြီး သူများရဲ့ချစ်သူကို လုခဲ့တယ်၊ ဒါပေမယ့် ထူးခြားပညာရှင်ရဲ့ ချစ်သူကိုမှ သွားလုမိရတယ်လို့!]
ကုကျစ်စုန့် စစ်ဆေးကြည့်ရှုပြီးနောက် ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းအား ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ပို့ထားသည့် ဓာတ်ပုံများကို ပရင့်ထုတ်ခိုင်းခဲ့သည်။ ‘ဝိဉာဉ်ဝင်ရောက်အာရုံခံခြင်း’အတွက် ဖြစ်သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ၏ ကိုယ်တွင်းမှ ဝိဉာဉ်သည် နှစ်ပိုင်းဖြစ်နေခဲ့သည်။
သူမသည်က ချစ်သူကောင်လေး၏ ဘဝနန်းတော်မှ ‘အတွင်းကျသည့် အချစ်ရေး’အား ဖျက်ဆီးခဲ့ခြင်းကြောင့် သူမ၏ အချစ်ရေးကိုလည်း ထိခိုက်ခဲ့ရသည်။
ဒုတိယတစ်ပိုင်းသည်က မကောင်းဆိုးဝါးဝိဉာဉ် သူမအား ခြောက်လှန့်ချိန်တွင် ပေါ်လာခြင်းဖြစ်သည်။
ထိုမကောင်းဆိုးဝါးဝိဉာဉ်က အင်မတန် အားကောင်းသည်၊ ရက်စက်သည်၊ သဘာဝအလျောက်ပင် သွေးညှီနံ့ပြင်းပြင်း ရနေတတ်သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’အတွက် တောက်ကျန့်အများအပြား သန့်စင်ပေးခဲ့သော်လည်း သူမကို အသက်အန္တရာယ် ခြိမ်းခြောက်နေသည့် ကျိန်စာက မပျောက်ကွယ်သွားသည်မှာ မထူးဆန်းတော့ပေ။
ကုကျစ်စုန့်လည်း ထိုသို့သာ တွေးခဲ့မိသည်။
သို့သော် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ လက်ရှိချစ်သူ၏ ရည်းစားဟောင်းအား ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် ထူးဆန်းမှုတစ်ခုကို ရှာတွေ့နိုင်ခဲ့သည်။
ထိုမိန်းကလေး၏ ဓာတ်ပုံ၊ မွေးသက္ကရာဇ်နှင့် သက်ဆိုင်သော အချက်အလက်များ တစ်စုံတစ်ရာမရှိပါသော်လည်း ကောင်လေး၏ ဘဝနန်းတော်မှ အိမ်ထောင်ရေးလမ်းကြောင်းနေရာတွင် မြင်တွေ့နိုင်သည်မှာ သူတို့နှစ်ဦးသည် အမှန်ပင် ဖူးစာဖက်များ ဖြစ်နေခဲ့သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်သာ ‘မက်မွန်ပန်းပွင့်ကျိန်စာ’နှင့် သူတို့နှစ်ဦးကြား ဝင်ရောက်နှောင့်ယှက်ခဲ့ခြင်း မရှိပါက နောင်အနာဂတ်တွင် အိမ်ထောင်ရေးနန်းတော်တွင်းသို့ ချောမွေ့စွာ ဝင်ရောက်သွားကြမည်ဖြစ်သည်။
သို့သော် သူတို့သည်က ကလေးရမည့် ကံကြမ္မာပါမလာခဲ့ပေ။
နှစ်ဦးလုံး၏ ကျန်းမာရေးအခြေအနေအရမဟုတ်ဘဲ အမျိုးသမီး၏ ကံကြမ္မာကြောင့်သာ ဖြစ်သည်။
ချစ်သူဟောင်းတွင် ‘အားနည်းချက် ငါးပါး၊ ချို့ယွင်းမှု သုံးခု’တို့မှ နှစ်ခု ရှိနေခဲ့သည်။
‘အားနည်းချက် ငါးခု၊ ချို့ယွင်းချက် သုံးခု’ဆိုသည်မှာ သာမန်လောကအပြင်ဘက်မှ လူများ၊ အထူးသဖြင့် ‘ကံကြမ္မာ’ ‘ရုပ်ရည်’ ‘ဟောပြောခြင်း’ တံခါးဝသုံးခု၏ တပည့်များတွင် ပေါ်ပေါက်တတ်သည့် အရာများဖြစ်သည်။
အားလုံးတွင် တစ်ခုစီ ရှိနေတတ်သောကြောင့် သူတို့အားလုံးတွင် အားနည်းချက် တစ်ခုစီ ရှိသည်ဟု ဆိုရမည်။
‘အားနည်းချက် ငါးခု’ဆိုသည်မှာ မုဆိုးဖို၊ မုဆိုးမ၊ မိဘမဲ့၊ ကလေးမဲ့ စသည်တို့အား ဆိုလိုခြင်းဖြစ်သည်။
သူတို့တွင် မှီခိုရာ၊ အားကိုးရာ လူမရှိမည့် ကံကြမ္မာမျိုး ဖြစ်သည်။
‘ချို့ယွင်းချက်သုံးခု’ဆိုသည်မှာ ကြွယ်ဝခြင်း၊ ဘဝသက်တမ်းနှင့် စွမ်းအားတို့ဖြစ်သည်။
ချစ်သူဟောင်းကောင်မလေးတွင် ‘အထီးကျန်မှု’ကို ပိုင်ဆိုင်ထားသောကြောင့် သူမတွင် ကလေးမရနိုင်မည့် ကံကြမ္မာ ပါလာခြင်းပင်။
သူမနှင့် သူမ၏ အနာဂတ်ခင်ပွန်းလောင်းတို့သည်က ကျန်းမာ၍ မည်သည့် ပြဿနာမှ မရှိပါသော်လည်း သူတို့သည် ဘဝသက်တမ်းတစ်လျှောက်လုံး မျိုးဆက်သစ် ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။
ဒုတိယတစ်ခုမှာ ‘စွမ်းအား’ဖြစ်ပြီး အနာဂတ်ကံကြမ္မာနှင့် ကံကောင်းခြင်းတို့ဖြစ်သည်။ သူမသည်က မည်သည့်အချိန်တွင်မှ ရာထူးကြီးကြီး ရရှိနိုင်မည်မဟုတ်ပေ။
ထိုအကြောင်းများကြောင့်လည်း ကောင်မလေးက စာကို ကြိုးစားခြင်းမရှိ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိခြင်း ဖြစ်နိုင်သည်။
သူမအတွက်တော့ ကောလိပ်ဝင်ခွင့် စာမေးပွဲသည်က အလကားသာဖြစ်သည်။
သူမ၏ ကံကြမ္မာတွင် ‘စွမ်းအား’ မရှိသောကြောင့် သူမက ဤဘဝတွင် မြင့်မြင့်မားမား ရောက်ရှိနိုင်မည်မဟုတ်ပေ။ သူမ၏ လက်ရှိ စွမ်းအင်အဆင့်ကိုသာ အာရုံစိုက်၍ မြှင့်တင်ခြင်းကသာလျှင် အကျိုးရှိမည်ဖြစ်သည်။
ယခုအမြင်အရ ကြည့်မည်ဆိုပါလျှင် ဤအမျိုးသမီးသည်က သဘာဝလွန်လောက၏ အပြင်မှလူ၊ သဘာဝလွန်ပညာရှင်တစ်ဦး ဖြစ်သည်။
သူမ လေ့ကျင့်သည့် ပညာသည်က ပုံမှန်ကျောင်းများတွင် သင်ကြားသည့် ပညာမျိုးမဟုတ်ပါချေ။
သူမက ရှေးရိုးစွဲအသိုင်းအဝိုင်းမှလည်း မဟုတ်ဘဲ သူမ၏ခန္ဓာကိုယ်နှင့် သူမ၏ဘဝအား လွယ်ကူစေမည့် သမားရိုးကျမဟုတ်သော နည်းလမ်းတချို့ကို လေ့လာသင်ယူထားသူဖြစ်သည်။
ဥပမာဆိုရလျှင် ‘သင်္ချိုင်းဖောက်သူများ’နှင့် ‘လမ်းလျှောက်တစ္ဆေများ’ ပင်။
ထိုကောင်လေး၏ ချစ်သူဟောင်းကို ‘မကောင်းဆိုးရွားကျင့်ကြံသူ’အဖြစ် နာမည်မတပ်ရခြင်းမှာ သူမ၏ ကိုယ်ပေါ်မှ သွေးစွန်းနေသော မကောင်းဆိုးဝါးစွမ်းအင်သည်က လူများကို အန္တရာယ်ပြုခြင်းမှ ဖြစ်ပေါ်လာသည့်အရာမဟုတ်သောကြောင့်ပင်။
ထိုသည်မှာ သူမ ကျင့်ကြံထားသည့် ပညာရပ်မှ လက်ဆင့်ကမ်းလာသည့် စွမ်းအင်ဖြစ်ကြောင်း ကုကျစ်စုန့် ခွဲခြားသိလိုက်သောကြောင့်ဖြစ်သည်။
ထိုသို့သော စွမ်းအင်ဖြင့် ကိုက်ညီသည့် အဖွဲ့အစည်းမျိုးက ဤနိုင်ငံတွင် မရှိချေ။
ထိုသို့သော အချက်အလက်များ၊ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ၏ မှတ်ဉာဏ်အား ဝင်ရောက်ကြည့်ရှုခဲ့စဉ်က မြင်တွေ့ခဲ့ရသော မကောင်းဆိုးဝါးဝိဉာဉ်တိုက်ခိုက်ခံရသည့် ညမှ မြင်ကွင်းတို့အား ပေါင်းစပ်လိုက်ပြီးနောက် ကုကျစ်စုန့် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။
‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အား ကျိန်စာတိုက်ခဲ့သော ချစ်သူဟောင်းသည်က စုန်းအတတ်ကို ကျင့်ကြံသူတစ်ဦးဖြစ်ပေ၏။
သူမ ကျင့်ကြံသည့် ပညာရပ်သည်က ‘လေပေါ်တွင်ပျံနေသော ခေါင်းပြတ်ကျိန်စာ’ပင် ဖြစ်သည်။
ယနေ့ခေတ် လူမှုအဖွဲ့အစည်းတွင် စုန်းအတတ်ဟု ပြောလိုက်ပါက အရှေ့တောင်အာရှအဖွဲ့အစည်းများမှဟု တသမှတ်တည်း ယူဆကြတတ်သည်။
စုန်းပညာရှင်များသည်လည်း ကူမန်သုန်ကဲ့သို့ သဘာဝလွန်မိစ္ဆာများနှင့် တူညီသည်ဟု သတ်မှတ်ထားကြသည်။
ထိုသတ်မှတ်ချက်များသည်က အမှန်မဟုတ်ပါချေ။
အရှေ့တောင်အာရှအဖွဲ့အစည်းများတွင်လည်း တရုတ်နိုင်ငံကဲ့သို့ပင် ‘ဖြောင့်မတ်သော နည်းလမ်း၊ အထက်လမ်း’နှင့် ‘မှော်အတတ်၊အောက်လမ်း’ဟူ၍ နှစ်မျိုးရှိသည်။
သဘာဝလွန်ပညာရပ်နှင့် မတူညီသည်မှာ ထိုအဖွဲ့အစည်းနှစ်ခုတွင် အလုံးစုံမှန်ကန်သည့်အဖွဲ့၊ အလုံးစုံမှားယွင်းနေသည့် အဖွဲ့ဟူ၍ တိတိကျကျမရှိပေ။
အထက်လမ်းဆရာအများစုသည်က ဖြောင့်မတ်မှန်ကန်ကြသူများ ဖြစ်သော်လည်း သူတို့က ဘုန်းကြီးများမဟုတ်။ ဘုရားကျောင်းများတွင် တရားကျင့်ကြံကြသူများလည်း မဟုတ်ပေ။
သူတို့က ရံဖန်ရံခါ အားပျော့သည့် ‘ဆီသရဲ’များကို လုပ်ဆောင်လေ့ရှိပြီး ဆေးဖော်ခြင်း၊ အဆိပ်ဖော်ခြင်းများလည်း လုပ်ကိုင်ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့က လူများကို ကူညီပေးသည့် ဂါထာများကို လေ့ကျင့်ကြပြီး တခြားလူများအား ကျိန်စာများ ဖယ်ရှားပေးရန် ကူညီပေးတတ်ကြသည်။
ဤအချက်သည်က တရုတ်နိုင်ငံတွင်းမှ ပညာရှင်များ လေ့ကျင့်ကြသကဲ့သို့ပင် ဖြစ်သည်။
ဖြောင့်မတ်သော လူများက မကောင်းမှုများမှ ယတိပြတ် ခွဲခြားနေထိုင်ရမည်။ မဟုတ်ပါက မကောင်းမှုကျင့်ကြံသူအဖြစ် နာမည်တပ်ခံရလိမ့်မည်။
အောက်လမ်းဆရာအများစုကတော့ ငွေရှာရန်အတွက်ဆိုပါက လူ့ကျင့်ဝတ်ကိုမစောင့်ထိန်းသကဲ့သို့ ဥပဒေ အပြစ်ဒဏ်များကိုလည်း ကြောက်လန့်ခြင်းမရှိချေ။ လူသတ်ရန် ဝန်မလေးကြပေ။
ထိုပညာရှင်များသည်က ဈေးကွက်တွင် စွမ်းအားကြီး၍ ရက်စက်သော ကူမန်သုန်များ ပြုလုပ်ရောင်းချတတ်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည်က ကျိန်စာတိုက်ခြင်း၊ ဂါထာမန်းမှုတ်ခြင်းများကိုလည်း ပျော်ပျော်ကြီး လုပ်ကိုင်တတ်ကြသည်။
‘အဆိပ်မန်း’ ‘သေခြင်းကျိန်စာ’နှင့် ‘တိုက်ရိုက်ကျိန်စာ’ အစရှိသည့် ဂါထာများပင် မက၊ တခြားသော ဂါထာမန္တာန်များ၊ ကျိန်စာများကို အသုံးချတတ်ကြသည်။
စုန်းပညာရပ်မှ အထူးဆန်းဆုံး၊ စွမ်းအားအကောင်းဆုံးနှင့် အရက်စက်ဆုံးပညာသည် ‘ခရာဆူး’ သို့မဟုတ် ‘လေပေါ်ပျံနေသည့် ခေါင်းပြတ်ကျိန်စာ’ပင် ဖြစ်သည်။
*