အခန်း (၃၅၁-၃၅၂)
Vol. 33 Ch. 351-352
ယန်နတ်ဘုရား စာစဉ် (၃၃)။
ဘာသာပြန်သူ နေဇင်။
အခန်း (၃၅၁)။
“အော်…၊ မင်းက ငါနဲ့ ပူးပေါင်းဖို့ ငြင်းလိုက်တာလား။ မိုးကြိုးကပ်ဘေး နှစ်ကြိမ်လောက်ပဲ ဖြတ်ကျော်ထားတဲ့ ပညာရှင်တစ်ယောက်က ဒီလောက်အထိ ခေါင်းမာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ငါတို့ ကျင့်ကြံသူတွေဆိုတာ ထာဝရအကျိုးစီးပွားကိုပဲ ဂရုစိုက်ကြတာ။ မင်းကိုကြည့်ရတာ ခေါင်းမာတဲ့ ပညာရှင်တစ်ယောက်လို ခံစားရပြီး၊ စိတ်ဆန္ဒပြင်းပြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကလဲ ငါ့ရှေ့မှာ မင်းလိုပဲ ခေါင်းမာပြဖူးတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။ ကံဆိုးတာက အဲဒီလူဟာ ခေါင်းမာလွန်းလို့ နောက်ဆုံးတော့ သေသွားခဲ့ရ တယ်…”
ဟုန်ယွိ၏ စကားကို ကြားသောအခါ ကောင်းကင်မြွေဘုရင်မ ရှင်းမို၏ မျက်လုံးများတွင် ဝမ်းသာခြင်း၊ စိတ်ဆိုးခြင်း မည်သည့်အမူအရာမှ မရှိပေ။ ၎င်းအစား သူမသည် အေးစက် ခြောက်ကပ်သော လေသံဖြင့်သာ ပြောလိုက်သည်။
ဤကဲ့သို့ အေးစက်ခြောက်ကပ်သော လေသံကြောင့် ဟုန်ယွိသည် နန်းတော်အတွင်း ကြင်ယာတော်ယွမ်ကို ပေးအပ်ခဲ့သည့် လက်ဝတ်ရတနာများထဲမှ သူရရှိခဲ့သော ကြံ့ချို ဆံထိုးလေးကို ပြန်လည်သတိရသွားသည်။ ထိုဆံထိုးလေးပေါ်တွင် ချစ်စရာကောင်းသော မြွေငယ်လေးတစ်ကောင်နှင့် စာသားအချို့ ပါရှိခဲ့သည်။
“ဒါပေမဲ့ မင်းက ငါ့အတွက် ဓားစွမ်းအားကို တားဆီးပေးဖို့ ဝန်လေးနေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့။ ငါ့စွမ်းအား အပြည့်အဝ သုံးပြီး မင်းကို ပိတ်လှောင်ရလိမ့်မယ်။ ပြီးရင် မင်းကို ဆန်းကြယ်ကောင်းကင်ဘုံခန်းမကို ခေါ်သွားမယ်၊ မင်းရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပြီး မှော်လက်နက်တစ်ခုအဖြစ် ပြုလုပ်မယ်။ အဲဒါကို ဒိုင်းအဖြစ် သုံးလို့ရတယ်။ ဘယ်မှော်လက်နက်ကမှ ဖန်ဟွမ်အသက်ဝိညာဉ်ဓားရဲ့ ဓားစွမ်းအားကို မတားဆီးနိုင်ပေမဲ့ အတိတ်ကျမ်းကို ကျင့်ကြံထားတဲ့ ပညာရှင်တစ်ယောက်ရဲ့ စိတ်ဝိညာဉ်နဲ့ သန့်စင်ထားတဲ့ မှော်လက်နက်ကတော့ တားဆီးနိုင်တယ်။ အချိန်အများကြီးတော့ ပေးရမှာပေါ့။”
ကောင်းကင်မြွေဘုရင်မက ဟုန်ယွိကို ကြည့်ကာ ထပ်မံပြောဆိုလိုက်သည်။
“ဒါဆို, ခင်ဗျားက ကျုပ်ကို ရန်သူအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။” ဟုန်ယွိသည် သူ့ရှေ့မှ ရှင်းမို၏ မျက်လုံးများကို ကြည့်ကာ သူမ၏ မယိုင်မလဲသော ဆုံးဖြတ်ချက်ကို ခံစားလိုက်ရသည်။
“သေချာတာပေါ့၊ တကယ်လို့, မင်းက ငါ့အတွက် ဓားကို တားဆီးပေးဖို့ ကတိပေးရင် ငါ မင်းကို လွှတ်ပေးနိုင်တယ်။ မင်းက ကတိမပေးဘူးဆိုမှတော့ ငါလဲ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး။ မင်းမှာ စကြာဝဠာအိတ် ရှိသလို ဒိုင်ဇင်ဘုရားကျောင်းရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကျမ်းတွေလည်း ရှိနေတယ်။ ကံကောင်းတာက မင်းရဲ့ တာအိုမှော်စွမ်းအားက အားကောင်းပေမဲ့ ငါ ဖိနှိပ်နိုင်သေးတယ်ဆိုတာ တွေ့လိုက်ရတာပဲ။ တကယ်လို့, မင်းသာ မိုးကြိုးကပ်ဘေး သုံးကြိမ် ကျော်ဖြတ်ထားသူဆိုရင် ငါတောင် ဖိနှိပ်နိုင်မှာ မဟုတ်တော့ ဘူး။ နောက်ထပ် ဆယ်စုနှစ်အနည်းငယ် အချိန်ပေးလိုက်ရင် မင်းက ဒုတိယ မိုနိုဂါတာရီ ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။”
ပြောဆိုနေရင်းနှင့် ကောင်းကင်မြွေဘုရင်မသည် သူမ၏ လက်ျာလက်ကို မြှောက်လိုက် သည်။ ရုတ်တရက် ချောက်ကမ်းပါးတစ်ခုလုံးသည် လွှမ်းမိုးကြီးစိုးသော အမှောင်ထုများ ဖြင့် ပြည့်နှက်သွားသည်။ ဤအမှောင်ထုသည် ယခင်အမှောင်ထုထက်ပင် ပိုမိုထူထဲလှပြီး အမှောင်ထု၏ ဗဟိုတွင် တာအိုဆရာသခင်တစ်ပါး၏ ပုံရိပ်က ဝေဝါးစွာ ပေါ်ထွက်လာ သည်။
ထိုတာအိုဆရာသခင် ပေါ်လာသည်နှင့် ဟုန်ယွိ၏ နှလုံးသားမှာ ချက်ချင်းပင် တုန်လှုပ်သွား သည်။
“ဆန်းကြယ်တာအိုဆရာသခင်။” (ရွှမ်တျန်းတာအိုသခင်)။
မှန်ပေသည်။ ဤတာအိုဆရာသခင်သည် အမှောင်ထု၏ မူလမြစ်ဖျားခံရာ၊ အမှောင်ထုကို ပျံ့နှံ့စေသူ၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမတွင် အမြင့်ဆုံး စိတ်ကူးပုံဖော်ရသည့် နတ်ဘုရားဖြစ်သော ဆန်းကြယ်တာအိုဆရာသခင်ပင် ဖြစ်သည်။
“အခုနက မင်းကို ပိတ်လှောင်ဖို့ ငါ့စွမ်းအားတစ်ဝက်ကိုပဲ အသုံးပြုခဲ့တာ။ ဒါပေမဲ့ မင်းက လွတ်အောင် ပြေးနိုင်ခဲ့သေးတယ်။ အခုတော့ ငါ မင်းကို တစ်ခါ ထပ်ပြီး ပိတ်လှောင်မယ်။ မင်းရဲ့ စကြာဝဠာအိတ်က ထွက်ပြေးနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။”
ရှင်းမို ပြောပြီးသည်နှင့် သူမ၏လက်ထဲတွင် အနက်ရောင် မန္တလာပန်းတစ်ပွင့် ပေါ်လာ သည်။ တစ်ချိန်တည်းမှာပင် သောင်းနှင့်ချီသော အတွေးအလင်းစက်များ ပျံထွက်လာပြီး မန္တလာမှော်အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“မန္တလာဆိုတာ ရှေးခေတ်ကျင့်ကြံသူတွေက ပြင်ပမှ နတ်ဆိုးတွေ ကျူးကျော်ဝင်ရောက်မူ ကို တားဆီးဖို့ တည်ဆောက်ခဲ့တဲ့ မှော်အစီအရင်တစ်ခုပဲ။ အမှောင်ထုမဟာအကန့်သက် စက်ဝိုင်းဖြစ်တဲ့ ဒီမန္တလာမှော်အစီအရင်ဟာ ဆန်းကြယ်တာအိုဆရာသခင် ကျင့်ကြံခဲ့တဲ့ မှော်အစီအရင်ပဲ။ အခုနက မင်းကို ပိတ်လှောင်တုန်းက အစီအရင်ရဲ့ ဗဟိုချက်ကို ထိန်းချုပ် ဖို့ ဆန်းကြယ်တာအိုဆရာသခင်ပုံရိပ်ကို ငါ မသုံးခဲ့ဘူး။ အဲဒါကြောင့် မင်းက ဟင်းလင်းပြင် ကူးပြောင်းခြင်း နတ်ဘုရားစွမ်းရည်နဲ့ လွတ်မြောက်သွားတာ။ အခုတော့ မင်း လွတ်မြောက် နိုင်ဦးမလား ကြည့်ကြတာပေါ့။”
ရှင်းမို ပြောလိုက်သည်နှင့် မှော်အစီအရင်အဖြစ် ဖော်ဆောင်ထားသော သောင်းနှင့်ချီသော အတွေးများမှာ ရုတ်ချည်းပင် လှိမ့်တက်လာသည်။
‘ဒါက ကောင်းကင်မြွေဘုရင်မရဲ့ စွမ်းအားအပြည့်လား။ မိုးကြိုးကပ်ဘေး စတုတ္ထအဆင့် ပညာရှင်တစ်ယောက်ရဲ့ အစွမ်းအပြည့်ပဲလား။ တကယ်လို့, မိုးကြိုးကပ်ဘေး ရှစ်ကြိမ် ကပ်ဘေးကျော်ဖြတ်ထားတဲ့ မိုနိုဂါတာရီရဲ့စွမ်းအားဆိုရင် ဘယ်လောက် သန်မာလိုက်မ လဲ။ တာအိုပညာရပ်တွေက ဘယ်လောက်အထိ ထူးဆန်းအံ့သြဖို့ ကောင်းနေမလဲ”။ ဆန်းကြယ်တာအိုဆရာသခင် ထွက်ပေါ်လာသည်နှင့် ဟုန်ယွိသည် သူ့ပတ်ဝန်းကျင်မှ အမှောင်ထုက သူ့ကို ဖိသိပ်လာသည်ကို ခံစားလိုက်ရပြီး သူ၏ အကာအကွယ် ရောင်စုံ အလင်းတန်းများမှာ တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာသည်။
နတ်ဘုရားရှစ်ပါးသည် ထူထဲသော အမှောင်ထုတံတိုင်းကြီး၏ ဖိနှိပ်ခြင်းကို ခံရသောအခါ အမှောင်ထု၏ ဖိအားကို မခံနိုင်တော့သကဲ့သို့ အလိုအလျောက် ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
ဟုန်ယွိသည် အသည်းအသန်ဖြစ်နေစဉ်အတွင်း ဟိန်းဟောက်သံတစ်ချက် လွှတ်လိုက်ပြီး သူ၏ အင်အားအကောင်းဆုံး နည်းစနစ်ကို တစ်ဖန် ပြန်လည်အသုံးပြုလိုက်သည်။ သူသည် လက်ထဲမှ စကြာဝဠာအိတ်ကို လှုပ်ခါလိုက်ရာ ကြည်လင်သော အလင်းတန်းထဲတွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။
ဘုန်း…။
စကြာဝဠာအိတ် ပိတ်သွားသည်နှင့် ကြည်လင်သော အလင်းတန်းမှာ တောက်ပလာပြီး သူသည် ဟင်းလင်းပြင် လေဟာနယ်အတွင်းသို့ ခုန်ဝင်လိုက်ပါသည်။
သို့သော် ထိုအချိန်တွင် အစီအရင်၏ အလယ်ဗဟိုမှ ဆန်းကြယ်တာအိုဆရာသခင်သည် သူ၏လက်ကို အနည်းငယ် ဆန့်ထုတ်လိုက်ပြီး ရေထဲမှ ငါးကို ဖမ်းဆုပ်သကဲ့သို့ အမှောင် လေဟာနယ်အတွင်းသို့ လှမ်းဖမ်းလိုက်သည်။
ဖျတ်…။
ဟင်းလင်းပြင်ကို ဖြတ်ကျော်နေသော စကြာဝဠာအိတ်မှာ ဆန်းကြယ်တာအိုဆရာသခင် ၏ ဖမ်းဆီးခြင်းကို အမှန်တကယ် ခံလိုက်ရသည်။
စကြာဝဠာအိတ် တစ်ခုလုံးမှာ အဆက်မပြတ် ခုန်ပေါက်နေသော ငါးကြီးတစ်ကောင်ကဲ့သို့ အထက်အောက် ပြင်းထန်စွာ ရုန်းကန်နေ၏။ စကြာဝဠာအိတ်ပေါ်မှ ကြည်လင်သော အလင်းတန်းများမှာ အရပ်ရပ်သို့ ပွင့်ထွက်နေသော်လည်း ဆန်းကြယ်တာအိုဆရာသခင် သည် ထူထဲသော အနက်ရောင် အငွေ့အသက်များကို ထုတ်လွှတ်ကာ အလင်းတန်းများကို ဖိနှိပ်ထားလိုက်သည်။
“သန္ဓေသားကမ္ဘာ။” "မိခင်ဝမ်းဗိုက်အတွင်းရှိ သန္ဓေသားသည် ပြင်ပလောကကို မမြင်ရဘဲ သီးခြားကမ္ဘာတစ်ခုတွင် ရှိနေသကဲ့သို့" ရန်သူကို အပြင်လောကနှင့် အဆက်ဖြတ်၍ ပိတ်လှောင်ထားသည့် "အနန္တစကြာဝဠာ ပိတ်လှောင်မှုနယ်ပယ်"ကို ဆိုလိုခြင်း ဖြစ်ပါ သည်။
ဟင်းလင်းပြင်အတွင်းမှ စကြာဝဠာအိတ်ကို ဖမ်းယူပြီးနောက် အစီအရင်၏ အလယ်ဗဟိုမှ ဆန်းကြယ်တာအိုဆရာသခင်သည် စကားလုံးနှစ်လုံးကို ထွေးထုတ်လိုက်သည်။ စကားလုံး နှစ်လုံးမှာ တော်ဝင်ချန်ဘာသာစကား မဟုတ်သလို၊ ယွန်မင်နိုင်ငံ ဘာသာစကားလည်း မဟုတ်ပေ။ ထို့အပြင်, ဟွာလျှိုဘာသာစကားလည်း မဟုတ်ပေ။ ၎င်းတို့သည် ရှေးကျသော အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး၊ အသံထွက်များမှာ ထူးဆန်းပြီး ရှေးကျသော်လည်း ဟုန်ယွိ၏ နှလုံးသားထဲတွင် ရှင်းလင်းစွာ ကြားနေရသည်။ ထိုအသံမှာ စကြာဝဠာအိတ်ကို ဖြတ်သန်းကာ အတွင်းပိုင်းအထိ ဝင်ရောက်သွားသည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့် မှော်အစီအရင် တစ်ခုလုံးမှာ လည်ပတ်သွားပြီး ဗဟိုချက် တစ်ခုကို အခြေခံကာ စကြဝဠာကြီး ပျက်စီးပြီး အမှောင်ထုထဲ ပြန်လည်ရောက်ရှိသွား သကဲ့သို့ ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။
ထို့နောက် မှော်အစီအရင်မှာ အနက်ရောင် ဖန်ပြားဝိုင်းလေးအဖြစ် တစ်ဖန် ပြောင်းလဲသွား ပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ၎င်းမှာ အရင်ကထက် နှစ်ဆ ပိုမိုကြီးမားနေပြီး၊ ဖန်ပြားဝိုင်း၏ အလယ်ဗဟို အမှောင်ထုလှိုင်းများ တက်လိုက်ကျလိုက် စီးဆင်းနေသည့်ကြား၌ ဆန်းကြယ်တာအိုဆရာသခင် ထိုင်နေသည်။ ဤတာအိုဆရာသခင်သည် ကမ္ဘာပေါင်းများ စွာ ခြားနားနေသကဲ့သို့ အတိုင်းအဆမရှိ ဝေးကွာနေပုံရသည်။
တာအိုဆရာသခင်သည် သူ၏ လက်ထဲတွင် စကြာဝဠာအိတ်ကို ဆုပ်ကိုင်ထားသည်။
မူလက ကြီးမားသော စကြာဝဠာအိတ်မှာ ယခုအခါ ဖန်ပြားဝိုင်းအတွင်း၌ လက်သည်းခွံ အရွယ်လောက်သာ ရှိတော့သည်။ ၎င်းမှာ ဆန်းကြယ်တာအိုဆရာသခင်၏ လက်ဝါးထဲ တွင် ရှိနေပြီး၊ ကြည်လင်သော အလင်းတန်းများ မည်မျှပင် ထုတ်လွှတ်နေပါစေ, တာအို ဆရာသခင်၏ အမှောင်ထုအောက်တွင် ဖိနှိပ်ခြင်း ခံထားရကာ လွတ်မြောက်နိုင်ခြင်း မရှိပေ။
ကောင်းကင်မြွေဘုရင်မသည် သက်ပြင်းသဲ့သဲ့တစ်ချက် ချလိုက်ပြီး ဖန်ပြားဝိုင်းကို ညွှန်လိုက်သည်။ ဖန်ပြားဝိုင်းမှာ လည်ပတ်သွားပြီး သူမ၏ လက်ဝါးထဲသို့ ပျံဝင်သွားတော့ သည်။
“မကောင်းတော့ဘူး။”
စကြာဝဠာအိတ် အတွင်း၌မူ ကြည်လင်သော အလင်းတန်းများ ပြည့်နှက်နေပြီး အရာ အားလုံးမှာ ငြိမ်သက် အေးချမ်းနေသည်။
ဟုန်ယွိသည် စာအုပ်စင်များကြားတွင် ထိုင်နေပြီး သူ၏ မျက်ခုံးနှစ်ခုကြားမှ အတွေးစများ မှာ တဖျတ်ဖျတ် ပေါ်ထွက်နေ၏။ ထိုအတွေးများသည် တစ်ခုပြီးတစ်ခု တောက်ပစွာ လင်းလက်နေပြီး စကြာဝဠာအိတ်၏ ဟင်းလင်းပြင်တစ်ခုလုံးတွင် ကခုန်နေကြသည်။
အတွေးစများ ပျံဝဲသွားတိုင်း စကြာဝဠာအိတ်မှာ ပျံတက်တော့မည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။ သို့သော် ပျံတက်တော့မည့် အချိန်တိုင်းတွင် မမြင်ရသော လေဟာနယ် အတွင်းမှ လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အားတစ်ခုက ပေါ်ထွက်လာပြီး အပြင်ဘက်မှ ၎င်းကို ဖိနှိပ်လိုက်သည်။
စကြာဝဠာအိတ်၏ ကြည်လင်သော အလင်းတန်းများကြား၌ပင် ရေခဲတုံးအတွင်းသို့ မှင်ရည်များ စိမ့်ဝင်သွားသကဲ့သို့ အနက်ရောင် အငွေ့အသက်များ အနည်းငယ် စီးဆင်းနေ သည်ကို ဝေဝါးစွာ မြင်နေရသည်။
စကြာဝဠာအိတ် တစ်ခုလုံးသည် အမှောင်ထု၏ ထိုးဖောက်ခြင်းကို ခံထားရပုံရသည်။
“ဟင်းလင်းပြင်ကို ဖြတ်ကျော်လို့ မရတော့ဘူး။ ကောင်းကင်မြွေဘုရင်မရဲ့ တာအို ပညာရပ် က ဒီအဆင့်အထိတောင် ရောက်နေပြီကိုး။ အမှောင်ထု မဟာအကန့်သက်စက်ဝိုင်းက ဆန်းကြယ်ကောင်းကင်ဘုံခန်းမရဲ့ အစွမ်းထက်ဆုံး ပိတ်လှောင်မှု ပညာရပ်ဆိုတဲ့အတိုင်း ပဲ။ ငါ့ကိုတောင် အထဲမှာ ပိတ်လှောင်ထားနိုင်တယ်။ တကယ်ကို အံ့သြစရာပဲ”။
ဟုန်ယွိ၏ ထပ်တလဲလဲ ကြိုးစားမှုများမှာ အရာမထင်ခဲ့ပေ။ စကြာဝဠာအိတ်၏ ဟင်းလင်းပြင်တစ်ခုလုံး လှုပ်ရှားမှု မရှိတော့ပေ။ ဤအချိန်တွင် သူသည် လွတ်မြောက်ရန် မဖြစ်နိုင်တော့မှန်း သိလိုက်ပြီ။
ကောင်းကင်မြွေဘုရင်မသည် မိုးကြိုးကပ်ဘေး လေးကြိမ်ကို ကျော်ဖြတ်ပြီးသည့် ဒဏ္ဍာရီ လာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ယခုအခါ သူမသည် သူမ၏ အစွမ်းထက်ဆုံး ပိတ်လှောင်ခြင်း အစီအရင်ကို ဖော်ဆောင်လိုက်သောအခါ ဟုန်ယွိသည် သူ၏ တာအိုပညာရပ်အားလုံးမှာ ကောင်းကင်မြွေဘုရင်မ၏ ရှေ့တွင် အသုံးမဝင်တော့ဟု ခံစားလိုက်ရ၏။
ဤအမှောင်ထု မဟာအကန့်သက်စက်ဝိုင်းသည် ‘အချိန်ထာဝရခေါင်းလောင်း’၊ ‘စကြာဝဠာ စေတီတို့နှင့် အဆင့်တူသော အထွတ်အထိပ် တာအိုပညာရပ်တစ်ခု ဖြစ်သည်။ ၎င်းမှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ကျမ်းစာများအောက် မနိမ့်ကျပေ။
ဤတာအိုပညာရပ်ကို ကောင်းကင်မြွေဘုရင်မကဲ့သို့ ပညာရှင်တစ်ဦးက အစွမ်းကုန် အသုံးပြုလိုက်သောအခါ, ၎င်း၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်သော်လည်း၊ ဟုန်ယွိ၏ မဟာလေဟာနယ်လက်ဝါးမှာမူ အပြည့်အဝ မကျင့်ကြံရသေးပေ။
“တကယ်လို့, ငါသာ အသက်မဲ့အနာဂတ်ကျမ်းရဲ့ မူရင်းကို ရခဲ့ပြီး၊ အလင်းကွင်း ကိုးခုနဲ့ အင်မော်တယ် မူလဝိညာဉ်အဆင့်အထိ ကျင့်ကြံနိုင်မယ်၊ လက်ဟန်တံဆိပ်တွေကို သင်ယူခဲ့မယ်ဆိုရင် ဒီအစီအရင်ကို လက်ဝါးတစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်လောက်တယ်။ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူး။”
ဟုန်ယွိသည် မတ်တပ်ထရပ်ပြီး ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ စကြာဝဠာ အိတ်၏ ကြည်လင်သော အလင်းတန်းများကြားမှ အတိုင်းအဆမရှိ ကြီးမားသော ‘ဆန်းကြယ်တာအိုဆရာသခင်’ ကြီး ရပ်နေသည်ကို သူ ဝေဝါးစွာ မြင်နေရသည်။
ကောင်းကင်မြွေဘုရင်မသည် စကြာဝဠာအိတ်ကို ထိုးဖောက်ဝင်ရောက်ကာ သူ့ကို တစ်ခုခု မလုပ်နိုင်သော်လည်း စကြာဝဠာအိတ်ကို ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသို့ ယူဆောင် သွားသည်နှင့် သူ့အခြေအနေမှာ ဆိုးရွားသွားပေလိမ့်မည်။
ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ၏ အင်အား၊ တစ္ဆေအင်မော်တယ် အကြီးအကဲ အများ အပြား၊ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင် ကိုယ်တိုင်နှင့် မှော်ရတနာများစွာ၊ မဟာ အစီအရင်များစွာနှင့်ဆိုလျှင် သူတို့သည် စကြာဝဠာအိတ်ကို သန့်စင်ပြီးနောက် သူ့ကိုပါ သန့်စင်ပစ်နိုင်ကြလိမ့်မည်။
သို့သော် ယခုအခါ ဟုန်ယွိတွင် အခြားနည်းလမ်း မရှိတော့ပေ။ ကောင်းကင်မြွေဘုရင်မက စကြာဝဠာအိတ်နှင့်အတူ သူ့ကိုပါ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသို့ ခေါ်သွားသည်ကို ကြည့်နေရုံသာ ရှိတော့သည်။
သို့သော်လည်း ဟုန်ယွိသည် သူ့စိတ်ထဲတွင် အနည်းငယ်မျှပင် ထိတ်လန့်ခြင်း မရှိပေ။ ရှုံးနိမ့်ခြင်းကြောင့်လည်း စိတ်ဓာတ်ကျခြင်း မရှိပေ။ ၎င်းအစား သူ၏ အတွေးများမှာ လျင်မြန်စွာ လည်ပတ်နေသည်။
ရုတ်တရက် သူ၏ စိတ်ဝိညာဉ်အတွင်း၌ စိတ်ကူးသစ်တစ်ခု လက်ခနဲ ပေါ်လာသည်။
“အခုတော့ ငါလုပ်နိုင်တာ ဒီတစ်ခုပဲ ရှိတော့တယ်။”
ဟုန်ယွိ၏ စိတ်ထဲတွင် စိတ်ကူးသစ် ပေါ်လာသည့် အခိုက်အတန့်မှာ စကြာဝဠာအိတ်၏ အလယ်ဗဟိုတွင် ရှိနေသည့် ‘ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး’ ကို မြင်လိုက်ရချိန် ဖြစ်သည်။
စကြာဝဠာအိတ်၏ ထောင့်လေးထောင့်မှာ ကြည်လင်သော အလင်းတန်းများဖြင့် ပြည့်နှက် နေ၏။ ထိုနေရာမှာ ဟုန်ယွိက ယူလူလက်၊ ယောင်ချင်းဟွေ၊ ယောင်ယွဲ့ရှင်း၊ မင်းသားရှီဒီ၊ တာအိုသခင် ကျန်းခုန်း နှင့် မိန်းမစိုးခေါင်းဆောင် သိုင်းသူတော်စင် ယန်လျန်ဟွာတို့ကို ပိတ်လှောင်ထားသည့် နေရာဖြစ်သည်။
ထိုလူအားလုံးမှာ အတွင်း၌ ပိတ်လှောင်ခြင်း ခံထားရသည်။
ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံးမှာ မသွေးရသေးသော ကျောက်စိမ်းတုံးကြီး အဖြစ် ရှိနေဆဲဖြစ်သည်။ ၎င်းမှာ လူတစ်ရပ်ခန့် မြင့်သည်။ အတွင်းရှိ သန္ဓေသားမှာ နှလုံးခုန်သကဲ့သို့ တဒိတ်ဒိတ် မြည်နေသည်။ ၎င်း အသက်ရှူလိုက်တိုင်းတွင် အားနည်း သော အသံတစ်ခု ထွက်ပေါ်လာသည်။
သန္ဓေသား အသက်ရှူလိုက်သည်နှင့် ကောင်းကင်တိုင် ကျောက်တုံးပေါ်ရှိ အပေါက် ကိုးပေါက်မှ တိမ်တိုက်ကဲ့သို့သော မွှေးရနံ့များ ထွက်ပေါ်လာသည်။ သိုင်းသူတော်စင်၏ အရှိန်အဝါနှင့် နှိုင်းယှဉ်ပါက ၎င်းမှာ ပိုမို သန့်စင်ပြီး နှစ်ပေါင်း တစ်သောင်းသက်တမ်းရှိ လင်ဇီးမှိုကဲ့သို့ပင် ဖြစ်သည်။
ကောင်းကင်တိုင်ကျောက်တုံး၏ အထက်တွင် ကြည်လင်သော အလင်းတန်း အစီအရင် ပုံကြမ်းတစ်ခု ရှိသည်။
အစီအရင်ပုံကြမ်း၏ အလယ်ဗဟိုတွင် ကျောက်စိမ်းဆွဲပြားလေးတစ်ခု ရှိသည်။ ထိုကျောက်စိမ်းဆွဲပြားမှာ တောက်ပသော လျှပ်စီးများကို အဆက်မပြတ် ထုတ်လွှတ်နေ သည်။
ဤကျောက်စိမ်းဆွဲပြားမှာ ရှေးခေတ် သူတော်စင် ဧကရာဇ်များ မိုးကြိုးနတ်ဘုရားထံ ပူဇော်ပသရာတွင် အသုံးပြုခဲ့သည့် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းပင် ဖြစ်သည်။ လွန်ခဲ့သော နွေဦးရာသီ ဟုန်ယွိသည် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်စဉ်အတွင်း မိုးကြိုးစွမ်းအားများကို ၎င်းအတွင်း၌ သိုလှောင်ထားခဲ့သည်။
ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံးသည် သန္ဓေသားဘဝမှ လွတ်မြောက်ပြီး ပေါက်ဖွားလာရန်အတွက် မိုးကြိုးပစ်ခတ်ခြင်းကို ခံယူရန် လိုအပ်သည်။
ယခုအခါ ဟုန်ယွိသည် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းကို ၎င်းကျောက်တုံး အထက်တွင် ချိတ်ဆွဲထားသည်။ သူ၏ ရည်ရွယ်ချက်မှာ ကျောက်တုံးကို ဖြည်းဖြည်းချင်း အကောင်ပေါက်စေရန်နှင့် ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံးအတွင်းရှိ သန္ဓေသား ၏ နက်နဲမှုကို လေ့လာရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် သန္ဓေသားအတွင်းမှ ချန်ပီယံမြို့စား၏ စိတ်ဆန္ဒနှင့် ဝိညာဉ်ကို ဖယ်ရှားပစ်ရန် နည်းလမ်းများ ရှာလိုသည်။
သို့သော် ယခုအခါတွင်မူ သူ မစောင့်နိုင်တော့ပေ။
ဟုန်ယွိသည် ၎င်းကို အမြန်ဆုံး သားဖောက်ရမည်ဖြစ်ကြောင်း သိလိုက်သည်။ သို့မှသာ သူသည် ပြင်ပခန္ဓာကိုယ်တစ်ခုကို ကျင့်ကြံနိုင်ပြီး၊ သန္ဓေသားဘဝမှ ဖောက်ထွက်နိုင်မှသာ ကောင်းကင်မြွေဘုရင်မ ကို ပြန်လည် တိုက်ခိုက်နိုင်လိမ့်မည်။
စိတ်ကူးရသည်နှင့် ဟုန်ယွိသည် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းကို ညွှန်ပြလိုက်သည်။
ဂျိမ်း…။
ကျောက်စိမ်းဆွဲပြားမှ ထူထဲသော မိုးကြိုးတစ်ချက် ပစ်ချလိုက်ရာ ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံးကို ထိမှန်သွားတော့သည်။
ကျောက်တုံးအတွင်းရှိ သန္ဓေသားမှာ တစ်ခုခုကို အာရုံခံမိပုံရပြီး သူ၏ မျက်လုံးများကို ဖွင့်လိုက်တော့သည်။
အခန်း (၃၅၂)။
ဂျိမ်း…၊ ဂျိမ်း…။
အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းမှ မိုးကြိုးများ ပစ်ချလိုက်သည်နှင့် တစ်ပြိုင် နက် ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး အတွင်းရှိ ဝိညာဉ်သန္ဓေသားသည် သူ၏ မျက်လုံးများကို ပြင်းထန်စွာ ဖွင့်လိုက်တော့သည်။ ကျောက်တုံးပေါ်ရှိ အပေါက်ကိုးပေါက်မှ လည်း ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။
ဤအသံတွင် အနှိုင်းမဲ့ အားကောင်းလှသော အနီရောင်အငွေ့အသက် သွေးစွမ်းအားများ ပါဝင်နေပြီး၊ စကြာဝဠာအိတ် အတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ထိုအသံသည် အထက်သို့ တိုက်ခတ်သွားသော လေပြင်းတစ်ခုကဲ့သို့ပင်။ ကြည်လင်သော အလင်းတန်းများသည် ထိုအသံနှင့် ထိတွေ့မိသောအခါ တဖြောက်ဖြောက် မြည်သံများ ချက်ချင်း ထွက်ပေါ်လာသည်။ ကျောက်တုံးအတွင်းရှိ နတ်ဘုရားသန္ဓေသားသည် ထိုအသံ တစ်ခုတည်းနှင့်တင် စကြာဝဠာအိတ်၏ ဟင်းလင်းပြင်တစ်ခုလုံးကို ဆွဲဖြဲပစ်တော့မည့် အလား ထင်ရပေသည်။
“မကောင်းတော့ဘူး။”
ဟုန်ယွိ၏ မျက်နှာအမူအရာ ပြောင်းသွားသည်။ သူသည် ပါးစပ်ကိုဖွင့်ကာ လေကို မှုတ်ထုတ်ပြီး၊ အတွေးတစ်ချက်ဖြင့်, စကြာဝဠာအိတ် အတွင်းရှိ ကြည်လင်သော အလင်းတန်းများ အားလုံးသည် အပြင်သို့ ပြေးထွက်လာပြီး ဝိညာဉ်သန္ဓေသားကို ရစ်ပတ် လိုက်ကြသည်။ “နတ်ဘုရားကျောက်တုံး ဝိညာဉ်သန္ဓေသား” ပတ်လည်ရှိ ကြည်လင်သော အလင်းတန်းများသည် ချက်ချင်းပင် ဆယ်ဆမျှ ပိုမိုအားကောင်းလာပြီး ကျယ်လောင်သော အသံနှင့် ပြင်းထန်သော အရှိန်အဝါတို့ကို အတင်းအကျပ် ဖိနှိပ်ကာ အပြင်သို့ ပေါက်ကွဲ ထွက်မသွားအောင် ထိန်းချုပ်လိုက်သည်။
ဤနတ်ဘုရား ဝိညာဉ်သန္ဓေသားသည် နှစ်ပေါင်းထောင်ချီကြာ ပြုစုပျိုးထောင်ခြင်း ခံထားရပြီး တိုက်တိုက်ဆိုင်ဆိုင် သန္ဓေသားဘဝသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းတွင် သူ၏ အပ်စိုက်မှတ်အားလုံးကို ဖွင့်လှစ်နိုင်စွမ်းနှင့် အနန္တစကြာဝဠာရှိ မရေမတွက်နိုင်သော ကြယ်စင်များနှင့် ဆက်သွယ်နိုင်စွမ်း ရှိသည်။ လူသားအင်မော်တယ် တစ်ဦး၏ စွမ်းအားမှာ အတိုင်းအဆမရှိပေ။ အလွန်အားကောင်းလွန်းသဖြင့် စနစ်တကျ မထိန်းချုပ်နိုင်ပါက ဖိနှိပ်ရန် အလွန်ခက်ခဲလိမ့်မည်။
ထို့အပြင် ချန်ပီယံမြို့စား၏ ဝိညာဉ်မှာလည်း သန္ဓေသား၏ ခန္ဓာကိုယ်အတွင်း၌ နက်ရှိုင်း စွာ စွဲထင်နေသည်။
“ရှန်ရှောင်တာအိုသခင်၊ ငါ့ရဲ့မူလစွမ်းအားကို ကူညီပါ။ အင်မော်တယ် ကောင်းကင်မိုးကြိုး ဆိုတာ မသေမျိုး ဖြစ်ရမယ် … တရားဥပဒေ အမိန့်တော်အတိုင်း၊ မိုးကြိုးတာအို ထွန်းကားပါစေ။”
ဟုန်ယွိသည် ဟစ်ကြွေးလိုက်ပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် ထိုင်လိုက်သည်။ ထောင်နှင့်ချီသော အတွေးစများမှာ အပြင်သို့ တဟုန်ထိုး ပျံထွက်လာပြီး သူ၏ ခန္ဓာကိုယ် အတွင်း၌ ဘာမျှ မကျန်တော့ပေ။
ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ် သို့မဟုတ် အတွေးစ တစ်ခုမျှ မကျန်တော့ဘဲ ဗလာကျင်းနေသော အခွံတစ်ခုသက်သက် ဖြစ်သွားပြီ။
တောက်ပပြီး စိန်ကဲ့သို့ မာကျောသော၊ စတုရန်းပုံစံ အတွေးစပေါင်း ၄,၈၀၀ သည် အထက်သို့ ပျံတက်လာပြီး စကြာဝဠာအိတ်၏ ဟင်းလင်းပြင်အတွင်း စုစည်းသွားသည်။ ထိုအတွေးများသည် တဖြည်းဖြည်းနှင့် သရဖူဆောင်းထားပြီး မိုးကြိုးလျှပ်စီးများဖြင့် ရက်လုပ်ထားသော တာအိုဝတ်စုံကို ဝတ်ဆင်ကာ၊ လျှပ်စီးတိမ်တိုက်များကို နင်းထားသည့် လူသားပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ မျက်လုံးများမှာ မိုးကြိုးလုံးကြီး နှစ်လုံး ဖြင့် ဖွဲ့စည်းထားသည်။ ဤသူကား “ရှန်ရှောင်တာအိုသခင်” ပင် ဖြစ်သည်။
အကယ်၍ ဟုန်ယွိသည် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်း အတွင်းရှိ မိုးကြိုး များကို ထိန်းချုပ်လိုပါက သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးကို ရှန်ရှောင်တာအိုသခင် အဖြစ် ပြောင်းလဲရမည် ဖြစ်သည်။
ရှန်ရှောင်တာအိုဆိုသည်မှာ မိုးကြိုးနှင့် လျှပ်စစ်တို့၏ ကိုယ်ပွားပင် ဖြစ်သည်။
“ကြည့်ရတာ, ငါဟာ ကောင်းကင်မြွေဘုရင်မထက် တကယ်ကို အဆင့်နိမ့်နေသေးတာပဲ။ သူမရဲ့ အတွေးစတိုင်းက ငါ့ထက် ပိုအားကောင်းရုံတင်မကဘူး အတွေးတစ်ချက် ကမ္ဘာ တစ်ခု အဆင့်ကိုတောင် ရောက်နေပြီ။ သူမရဲ့ နတ်ဘုရား အတွေးတွေက ငါ့ထက် သုံးဆ လောက် ပိုအားကောင်းတယ်။”
သူ့စွမ်းအားကို အပြည့်အဝ ထုတ်သုံးပြီး နတ်ဘုရား အတွေးစများ အားလုံးကို လွှတ်ထုတ် လိုက်သောအခါ ဟုန်ယွိသည် သူ့တွင် အများဆုံး အတွေးစပေါင်း ၄,၈၀၀ သာ ရှိနိုင်မှန်း သိလိုက်ရသည်။ သို့သော် ကောင်းကင်မြွေဘုရင်မ ရှင်းမိုသည် အမှောင်ထု မဟာ အကန့်သက် စက်ဝိုင်းကို အသုံးပြုခဲ့စဉ်က သူမ၏ ခန္ဓာကိုယ်အတွင်းမှ အတွေးစပေါင်း ၁၀,၀၀၀ ကျော် ထွက်ပေါ်လာခဲ့သည်။
ဒဏ္ဍာရီများအရ အားကောင်းသော ယန်စိတ်ဝိညာဉ် တစ်ခုတွင် နတ်ဘုရားအတွေးစပေါင်း သန်း ၄၈၀ ရှိသည်ဟု ဆိုကြသည်။ သူတို့၏ အတွေးစတစ်ခုချင်းစီမှာ ပြီးပြည့်စုံသော ကမ္ဘာတစ်ခု ဖြစ်ပြီး၊ အံမခန်းသော နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ကြသည်။ အနန္တစွမ်းအား နှင့် သူတို့သည် စကြာဝဠာအတွင်း လှည့်လည်သွားလာနိုင်ပြီး ကြယ်နှင့် လကိုပင် ဆွတ်ခူး နိုင်ကြသည်။
အမှန်စင်စစ် ထိုအတွေးစများသည် စိတ်အနှောင့်အယှက်ဖြစ်စေသော အတွေးများ မဟုတ် ဘဲ၊ မိမိ၏မူလသဘာဝမှ ခွဲထွက်သွားပြီးနောက် ရရှိလာသော စစ်မှန်သော အတွေးစများ ဖြစ်သည်။
ဟုန်ယွိသည် သူ၏ ကျင့်ကြံမှုမှာ အလွန်နုနယ်သေးကြောင်း သိနေသည်။ သူသည် ယန်စိတ်ဝိညာဉ် မဟာတာအိုလမ်းစဉ်နှင့် အလွန်ဝေးကွာနေသေးသည်။
ဇိ… ဇိ… ဇိ…
ကြီးမားလှသော မိုးကြိုးနှင့် လျှပ်စီးစွမ်းအားများမှာ အပြင်သို့ တဟုန်ထိုး ပျံ့နှံ့ထွက်လာပြီး ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံးကို လုံးဝ လွှမ်းခြုံလိုက်သည်။ တဇိဇိမြည်သံများ သည် ဟင်းလင်းပြင်အတွင်း ပြည့်နှက်သွားသည်။ ၎င်းမှာ အားကောင်းပြီး ပြင်းထန်လှကာ အမာဆုံးသော သံမဏိများ ပြင်းထန်စွာ တုန်ခါနေသည့် အသံနှင့် တူလှသည်။ ဤအသံကို ကြားရသောအခါ အသန်မာဆုံး ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သိုင်းသူတော်စင်များ ပင်လျှင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထလာပြီး ကြွက်သားများ ထုံကျင် သွားပေလိမ့်မည်။
အသံက မိုးကြိုးလျှပ်စီး၏ အသံ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ စိတ်ဝိညာဉ်တစ်ခုလုံးမှ ပြောင်းလဲထားသော “ရှန်ရှောင် တာအိုသခင်” ထံမှလည်း တူညီသော “ဇိ… ဇိ…” အသံကို ထုတ်လိုက်သည်။ ၎င်းသည် မိုးကြိုးလျှပ်စီးသံနှင့် ပေါင်းစပ်သွားပြီး တစ်သားတည်း ဖြစ်သွားတော့သည်။
ဤသို့ ပေါင်းစပ်နေသော အသံများကြားတွင် ဟုန်ယွိမှ ပြောင်းလဲထားသော “ရှန်ရှောင် တာအိုသခင်”သည် ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး တစ်ခုလုံးကို လက်နှစ်ဖက် ဖြင့် ဆုပ်ကိုင်လိုက်သည်။ မိုးကြိုးနှင့် လျှပ်စီးများ ရောယှက်သွားသည့် အခိုက်အတန့်တွင် “ရှန်ရှောင်တာအိုသခင်” သည် ပါးစပ်ကိုဖွင့်ကာ မှုတ်ထုတ်လိုက်ရာ စကြာဝဠာအိတ် အတွင်းရှိ ကြည်လင်သော အလင်းတန်းများနှင့် ရောယှက်နေသော လေစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ တခဏအတွင်းမှာပင် အင်မော်တယ်ပစ္စည်း အဝါရောင် ကျောက်စိမ်း အတွင်းရှိ မိုးကြိုးလျှပ်စစ်အားလုံးကို ရစ်ပတ်လိုက်တော့သည်။
“ကောင်းကင်နဲ့ မြေကြီးကြားက စွမ်းအားဝင်ပေါက် ကိုးပေါက်ရှိတဲ့ သက်ရှိမှန်သမျှ အင်မော်တယ် ဖြစ်နိုင်ကြတယ်။ မိုးကြိုးဟာ ကမ္ဘာဦးအစမှာ ပေါ်ထွက်လာပြီး သေခြင်းနဲ့ ရှင်ခြင်းကို ဖန်တီးနိုင်တယ်။ … မိုးကြိုးမှာ အဆင့်ကိုးဆင့်ရှိပြီး၊ စိတ်ဝိညာဉ်မှာ စွမ်းအား ဝင်ပေါက် ကိုးပေါက်ရှိတယ်။ ကိုးနှစ်ခု ပေါင်းစည်းပြီး၊ နတ်ဘုရား နဂါးတွေအဖြစ် ပြောင်းလဲစမ်း … နတ်ဘုရား မိုးကြိုးနဂါး၊ ငါ့ရဲ့စိတ်ဆန္ဒကို စုစည်းပြီး ဝိညာဉ်သန္ဓေသားကို သန့်စင်စေ…။”
ကျယ်ပြောလှသော အသံတစ်ခုက “ရှန်ရှောင်တာအိုသခင်”၏ ပါးစပ်မှ ထွက်ပေါ်လာ သည်။
ရှန်ရှောင်တာအို မိုးကြိုးပညာရပ်၏ အမြင့်ဆုံး အနှစ်သာရကို ဟုန်ယွိ၏ စိတ်ထဲတွင် စကားလုံးများအဖြစ် ဖော်ပြနေခြင်း ဖြစ်သည်။ စကြာဝဠာအိတ် တစ်ခုလုံးအတွင်း ကျယ်ပြန့်လှသော သဘောတရားများက လှိုင်းထနေသည်။ ဤသဘောတရားသည် ဤကမ္ဘာလောကရှိ သက်ရှိအားလုံး၏ လွတ်မြောက်ခြင်းဆိုင်ရာ နက်နဲမှုကို ဖော်ပြနေ သည်။ စွမ်းအားဝင်ပေါက် ကိုးပေါက်ရှိသော သက်ရှိအားလုံးသည် အင်မော်တယ် ဖြစ်လာ နိုင်သည်။ စွမ်းအားဝင်ပေါက် ကိုးပေါက် မရှိသူများသည်လည်း အခြားသူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး စွမ်းအားဝင်ပေါက် ကိုးပေါက်ရှိသော ခန္ဓာကိုယ်သို့ ပြောင်းလဲခြင်းဖြင့် အင်မော်တယ် ဖြစ်လာနိုင်သည်။
မိုးကြိုးကပ်ဘေးတွင် အဆင့်ကိုးဆင့် ရှိသည်။
ကိုးကိုးခုတာအိုဆိုသည်မှာ ဤကမ္ဘာလောကရှိ သက်ရှိအားလုံး၏ လွတ်မြောက်ခြင်း ဆိုင်ရာ လျှို့ဝှက်ချက် ဖြစ်သည်။
ဤအချိန်တွင် ဟုန်ယွိသည် မန်ရှန်ကျိ၏ (မိုနိုဂိုတာရီ) ပြင်ပခန္ဓာကိုယ်တွင် အဘယ့် ကြောင့် မီးလျှံနဂါး ကိုးကောင် ရှိနေရသည်ကို နားလည်သွားသည်။ ကိုးဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ အမြင့်ဆုံး ကိန်းဂဏန်း ဖြစ်သည်။
ဧကရာဇ်သည် ကိုးကိုးလုံး၏ အထွတ်အထိပ် ဖြစ်သကဲ့သို့ ကောင်းကင်ဘုံအရှင်သည် လည်း ကိုးကိုးလုံး၏ အထွတ်အထိပ် ဖြစ်သည်။
ရှေးခေတ်ကာလတွင် သူတော်စင် ဧကရာဇ်များကို ကိုးကိုးလုံး အထွတ်အထိပ် ပုဂ္ဂိုလ်များ ဟု ခေါ်ဆိုခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီခန့်းက အတွေးအခေါ်ကျောင်းများ ထွန်းကားလာသောအခါ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ ပြောင်းလဲသွားကြသည်။ ဧကရာဇ်၏ ဘွဲ့တော်မှ တာအိုလေးခုကို ဖယ်ရှားလိုက်ပြီး ကိုးငါးလုံး အထွတ်အထိပ်ဟုသာ ခေါ်ဆိုနိုင်တော့သည်။
သူသည် ဤစကြာဝဠ၏ အဆုံးစွန် “ကိန်းဂဏန်း” အကြောင်းကို နားလည်လာသည်နှင့် အမျှ သမိုင်းကြောင်းများကို ထိုးဖောက်သွားပြီး၊ နက်နဲသည့် လျှို့ဝှက်ချက်တစ်ခုသည် ဟုန်ယွိ၏ စိတ်ထဲတွင် ပြည့်နှက်သွားသည်။
ဟုန်ယွိ၏ စိတ်ထဲတွင် ရှန်ရှောင်တာအိုသခင် တစ်ကိုယ်လုံးသည် ငွေရောင် လျှပ်စီးစပါးအုံး မြွေ ကိုးကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး တစ်ခု လုံးကို ရစ်ပတ်လိုက်သည်။
ရှန်ရှောင်တာအိုသခင်မှ ပြောင်းလဲထားသော “လျှပ်စီးစပါးအုံးမြွေ ကိုးကောင်” မှာ အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး အစွယ်များနှင့် ပါးစပ်ကျယ်ကြီးများ ရှိကြသည်။ သူတို့၏ ဦးခေါင်းပေါ်တွင် တစ်ခုခု ပေါက်လာတော့မည့်အလား အဖုအထစ်လေးများ ရှိနေသည်။ သူတို့၏ ဝမ်းဗိုက်ဘေးနှစ်ဖက်တွင်လည်း ငွေရောင် အဖုအထစ်လေးများ ရှိနေသည်။ ၎င်းတို့မှာ ဦးချိုနှင့် ခြေသည်းများ ပေါက်လာတော့မည့် ပုံစံမျိုး ဖြစ်သည်။
စပါးအုံးမြွေများတွင် ဦးချိုနှင့် ခြေသည်းများ ပေါက်လာသောအခါ ၎င်းတို့သည် “နဂါး” ဖြစ်လာကြလိမ့်မည်။
ကြီးမားလှသော မိုးကြိုးနှင့် လျှပ်စစ်များသည် ရှန်ရှောင်တာအိုသခင် ဖော်ဆောင်ထား သော မိုးကြိုးစပါးအုံးမြွေ ကိုးကောင်ကို ချက်ချင်းပင် ရစ်ပတ်လိုက်သည်။ ထို့နောက် အဆုံးမဲ့ မိုးကြိုးစွမ်းအားများသည် လျှပ်စီးစပါးအုံးမြွေ ကိုးကောင်ကို လွှမ်းခြုံသွားသည်။
ချက်ချင်းပင် လျှပ်စီးမြွေ ကိုးကောင်သည် ဝိညာဉ်ကို တုန်ခါစေပြီး၊ လောကကြီးကို ဖျက်ဆီးပစ်နိုင်သော အသံများကို ထုတ်လွှတ်ကာ ရူးသွပ်စွာ အော်ဟစ်ကြတော့သည်။
အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းမှ ထွက်ပေါ်လာသော မိုးကြိုးစွမ်းအား ထက်ဝက်နီးပါးကို လျှပ်စီးစပါးအုံးမြွေ ကိုးကောင်က စုပ်ယူလိုက်သည်။ လျှပ်စီးစပါးအုံးမြွေ ကိုးကောင်မှာ ဟိန်းဟောက်နေစဉ် သူတို့၏ ဦးခေါင်းနှင့် ဝမ်းဗိုက်ပေါ်ရှိ အဖုအထစ်များမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဖျစ်….၊
လျှပ်စီးစပါးအုံးမြွေများ၏ မေးစေ့အောက်တွင် မုတ်ဆိတ်ရှည်များ ထွက်လာပြီး ဦးခေါင်း ပေါ်တွင် သမင်ချိုနှင့်တူသော ဦးချိုတစ်ခု ပေါက်လာသည်။ တစ်ချိန်တည်းမှာပင် ဝမ်းဗိုက် မှ ခြေသည်းလေးခု ပေါက်လာသည်။
လုံလောက်သော မိုးကြိုးစွမ်းအားများကို စုပ်ယူပြီးနောက် ရှန်ရှောင်တာအိုသခင်၏ လျှပ်စီး စပါးအုံးမြွေ ကိုးကောင်သည် နောက်ဆုံးတွင် နဂါးငယ် ကိုးကောင်အဖြစ် ပြောင်းလဲသွား တော့သည်။ ၎င်းတို့သည် သေးငယ်သော “လျှပ်စီးနဂါးငယ်လေး” များ ဖြစ်သည်။
သို့သော် ဤလျှပ်စီးနဂါးကိုးကောင်မှာ “မီးလျွှနဂါးကိုးကောင်” လောက် မအားကောင်း သေးပေ။ သူတို့ကို “နဂါးပေါက်လေးများ” ဟုသာ ခေါ်နိုင်သည်။ သို့သော် ၎င်းတို့ ကြီးထွား လာနိုင်သည်ဆိုရုံနှင့်ပင် လုံလောက်နေပါပြီ။
အောင်း…..၊ အောင်း… ၊ အောင်း…၊ အောင်း…။
မိုးကြိုးစွမ်းအား အများစုကို ရှန်ရှောင်တာအိုသခင်၏ လျှပ်စီးနဂါးများက ကြားဖြတ်စုပ်ယူ လိုက်ပြီး သူ အနည်းငယ်သာ ရရှိသည်ကို မြင်သောအခါ ကောင်းကင်တိုင် နတ်ဘုရား ကျောက်တုံး အတွင်းရှိ နတ်ဘုရားသန္ဓေသားသည် ဒေါသတကြီး ဟိန်းဟောက်လိုက် သည်။ သူသည် ဟုန်ယွိကို မုန်းတီးမှု၊ မောက်မာမှုတို့ဖြင့် စိုက်ကြည့်နေပြီး မြေပြိုသံ သို့မဟုတ် ဆူနာမီလှိုင်းတံပိုးတက်ခြင်းကဲ့သို့သော အသံဖြင့် ဟိန်းဟောက်လိုက်သည်။
ဤကဲ့သို့ ဒေါသ၊ မုန်းတီးမှုနှင့် မောက်မာမှုတို့မှာ လောကတွင် သူသာလျှင် ကြီးမြတ်ဆုံးဟု ယူဆထားသည့် ချန်ပီယံမြို့စား၏ စိတ်ခံစားချက်များနှင့် အလွန်ပင် တူလှသည်။
သူ့မိုးကြိုးများကို လုယူခံလိုက်ရသည်ကို မြင်လိုက်ရချိန်မှာ နတ်ဘုရား သန္ဓေသားသည် ချန်ပီယံမြို့စား၏ သက်ရှိကိုယ်ပွားတစ်ခု ဖြစ်လာပုံရသည်။
မိုးကြိုးသည် နတ်ဘုရားသန္ဓေသားအတွက် နို့ရည်နှင့် အာဟာရပင် ဖြစ်သည်။ ယခုအခါ ၎င်းအားလုံးကို ဟုန်ယွိ၏ ရှန်ရှောင်တာအိုသခင် လျှပ်စီးနဂါးကိုးကောင်က စုပ်ယူသွားပြီး နဂါးငယ်လေးအဖြစ် ပြောင်းလဲရန် စွမ်းအားများ ဖြစ်သွားခဲ့သည်။ အသိစိတ် အနည်းငယ် ရရှိလာကာစ နတ်ဘုရားသန္ဓေသားအနေဖြင့် မည်သို့လျှင် နက်ရှိုင်းသော မုန်းတီးမှုကို မခံစားရဘဲ ရှိပါမည်နည်း။
ကလေးတစ်ယောက်ပင် သူ၏ မုန့်ကို လုယူခံရလျှင် စိတ်ဆိုးတတ်သေးသည်၊ အစွမ်းထက် လှသော နတ်ဘုရားသန္ဓေသားဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ဖျစ်… ဖျစ်… ဖျစ်…
နတ်ဘုရားသန္ဓေသားထံမှ ပြင်းထန်သော အမျက်ဒေါသနှင့် မောက်မာသော အရှိန်ဝါများ ပေါက်ကွဲထွက်လာသည်။ မသွေးရသေးသော ကျောက်စိမ်းကျောက်တုံး၏ မျက်နှာပြင် တစ်ခုလုံးမှာ အက်ကွဲသံများ ထွက်ပေါ်လာပြီး နတ်ဘုရားသန္ဓေသားမှာ ကျောက်တုံး၏ ချည်နှောင်မှုအတွင်းမှ ရုန်းထွက်ကာ အခွံကို ဖောက်ထွက်ရန် ကြိုးစားနေသကဲ့သို့ပင်။
ကျောက်တုံးစများ အဆက်မပြတ် ကွာကျနေပြီး၊ တောက်ပြောင်သော ကျောက်တုံးအပိုင်း အစများမှာ မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျနေပြီး၊ ရွှေကျောက်စိမ်းထက်ပင် ပိုမိုကြည် လင်သော အသံများကို ထုတ်လွှတ်နေသည်။ ကျိုးပဲ့သွားသော ကျောက်တုံးအပိုင်းအစ တိုင်းမှာ ပြင်းထန်သော ယန်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ကျိုးပဲ့နေသော ကျောက်တုံးအပိုင်းအစများပင်လျှင် မှော်လက်နက်များ သန့်စင်ရန်အတွက် ဤလောကတွင် အားအကောင်းဆုံး ပစ္စည်းများ ဖြစ်ကြသည်။ ၎င်းတို့နှင့် သန့်စင်ထား သော မှော်လက်နက်များသည် အနှိုင်းမဲ့ဖြစ်ပြီး၊ တစ္ဆေသရဲများနှင့် နတ်ဘုရားများပင် မတားဆီးနိုင်ပေ။
အဘယ့်ကြောင့်ဆိုသော်, ထိုကျောက်တုံးသည် နှစ်ပေါင်း သန်းနှင့်ချီ၍ ပြုစုပျိုးထောင်ထား သော နတ်ဘုရားသန္ဓေသား၏ ခန္ဓာကိုယ် ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့သော် ဟုန်ယွိသည် နတ်ဘုရားသန္ဓေသား၏ အမျက်ဒေါသကို ဂရုမစိုက်သလို၊ အက်ကွဲ ကာ တဖွဖွကြွေကျနေသော ကျောက်တုံးအပိုင်းစများကိုလည်း ဂရုမစိုက်ပေ။
“မင်းက တကယ်ပဲ အခွံကနေ ဖောက်ထွက်ချင်တယ်ဆိုရင်တော့ ငါ့စိတ်ဆန္ဒကို လက်ခံပါ။ မင်းရဲ့ ခန္ဓာကိုယ်ထဲက ချန်ပီယံမြို့စားရဲ့ စိတ်ဆန္ဒအားလုံးကို ငါ လုံးဝ ပိတ်လှောင်မျိုး၊ ဒါမှမဟုတ် ဖယ်ရှားပစ်တာမျိုး လုပ်ရလိမ့်မယ်။ ငါ့ရဲ့ မိုးကြိုးစွမ်းအား ပါဝင်တဲ့ စိတ်ဆန္ဒက မင်းရဲ့ ခွန်အားလည်း တိုးမြှင့်နိုင်မယ်။ မင်းက ငါ့ရဲ့ ပြင်ပကိုယ်ပွားတစ်ခု ဖြစ်လာလိမ့် မယ်…”
ပြင်းထန်သော အသံတစ်ခုသည် လျှပ်စီးနဂါးငယ် ကိုးကောင်၏ ပါးစပ်များမှ ထွက်ပေါ်လာ သည်။ ၎င်းမှာ ဟုန်ယွိ၏ အသံပင် ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် လျှပ်စီးနဂါးငယ် ကိုးကောင်သည် သူတို့၏ ခန္ဓာကိုယ်ကို ပြင်းထန် စွာ တွန့်လိမ်လိုက်ပြီး နတ်ဘုရားကျောက်တုံး၏ အပေါက်ကိုးပေါက်အတွင်းသို့ တိုးဝင်သွား ကြသည်။ ထို့နောက် ၎င်းတို့သည် သန္ဓေသား၏ အပေါက်ကိုးပေါက်အတွင်းသို့လည်း ဝင်ရောက်သွားကြတော့သည်။
ရုန်း… ဝုန်း…။
မိုးကြိုးစွမ်းအား အများစုကို စုပ်ယူထားပြီး "နဂါးကိုးကောင်" အဖြစ် ပြောင်းလဲထားသော ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် နတ်ဘုရားကျောက်တုံးအတွင်းရှိ နတ်ဘုရားသန္ဓေသား၏ ထက်ဝက်ကျော်ကို စုပ်ယူလိုက်သည်။ လျှပ်စီးနဂါးကိုးကောင်မှာ နတ်ဘုရားသန္ဓေသား၏ ပါးစပ်၊ မျက်လုံး၊ နား၊ နှာခေါင်းနှင့် အခြားသော အပေါက်များအတွင်းသို့ တိုးဝင်သွားစဉ်, သန္ဓေသားသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာတစ်ခုလုံးမှာ ချန်ပီယံမြို့စား ၏ မျက်နှာနှင့် ခပ်ဆင်ဆင် ဖြစ်သွားသည်။
သို့သော် ပြင်းထန်သော ဟိန်းဟောက်သံများအပြီးတွင် သူသည် တည်ငြိမ်သွားတော့သည်။
ဘုန်း…၊ ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး တစ်ခုလုံးသည် စကြာဝဠာအိတ်၏ ကြည်လင်သော အလင်းတန်းများအတွင်းသို့ လေးလံစွာ ကျဆင်းသွားပြီး အလင်းတန်းများ မှာ ရေများကဲ့သို့ စင်ထွက်သွားလေသည်။
“ချန်ပီယံမြို့စားရဲ့ စိတ်ဆန္ဒက တကယ်ကို အားကောင်းတာပဲ။ ကံကောင်းလို့ ငါ မြန်မြန် ဆန်ဆန် လုပ်နိုင်ခဲ့တာ။ တကယ်လို့, သူ့ရဲ့စိတ်ဆန္ဒနဲ့ ဝိညာဉ်သန္ဓေသားရဲ့ စိတ်ဆန္ဒ ပေါင်းစပ်သွားပြီး ပိုအားကောင်းလာမယ်ဆိုရင်, သူက ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ် သွားနိုင်လိမ့်မယ်။ အဲဒီကျရင် ငါ သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။”
ဟုန်ယွိ၏ စိတ်ဝိညာဉ်တစ်ခုလုံးမှာ မိုးကြိုးစွမ်းအားများကို သယ်ဆောင်လျက်၊ နတ်ဘုရား သန္ဓေသား၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် မိုးကြိုးစွမ်းအားများ အားလုံး ကို ချက်ချင်း လွှတ်ထုတ်လိုက်သည်။ တဂျိန်းဂျိန်း မြည်ဟီးလျက် အားကောင်းလှသော မိုးကြိုးစွမ်းအားများသည် နတ်ဘုရားသန္ဓေသား၏ အသွေးအသား၊ အရေပြား၊ ကြွက်သား၊ အစိတ်အပိုင်းတိုင်းကို ဆေးကြောပေးလိုက်ပြီး သူ၏ အရေပြား၊ အရိုးနှင့် ခြင်ဆီများကို ဖြည့်ဆည်းပေးကာ ပိုမို အားကောင်းစေသည်။
ဤအချိန်တွင် ဟုန်ယွိ၏ စိတ်ဝိညာဉ်က အပြင်းအထန် ရှာဖွေလိုက်ရာ နတ်ဘုရား သန္ဓေသား၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင် အစက်အပြောက်တစ်ခုကို ချက်ချင်း တွေ့ရှိသွားသည်။ ၎င်းသည် ရွှေအစစ်ကဲ့သို့ တောက်ပနေပြီး သန့်စင်သော စိတ်ဆန္ဒတစ်ခု ဖြစ်သည်။
ဤစိတ်ဆန္ဒမှာ အလွန်ပင် အားကောင်းလှပြီး နတ်ဘုရားသန္ဓေသား၏ အသွေးအသားနှင့် သွေးအတွင်းမှ မူလစွမ်းအားများကို အဆက်မပြတ် စုပ်ယူကာ ကြီးထွားနေ၏။
ဟုန်ယွိ တစ်ချက် ကြည့်လိုက်ရုံဖြင့် ၎င်းသည် ချန်ပီယံမြို့စား၏ စိတ်ဝိညာဉ်ဆန္ဒဖြစ်သော လက်သီးဆန္ဒ ဖြစ်ကြောင်း သိလိုက်ရသည်။
ဤလက်သီးဆန္ဒ အနည်းငယ်မှလွဲ၍ နတ်ဘုရားသန္ဓေသားတွင် အခြားဝိညာဉ် မရှိပေ။ သန္ဓေအိတ်ထဲရှိ သန့်စင်သော အသွေးအသားကလေးမှာ အသိစိတ်နှင့် ဝိညာဉ် မည်သို့လျှင် ရှိနိုင်ပါမည်နည်း။
“တကယ်လို့, ငါသာ ကောင်းကင်မြွေဘုရင်မရဲ့ အမှောင်ထုမဟာအကန့်သက် စက်ဝိုင်းကို သင်ယူခဲ့မယ်ဆိုရင် ဒီသိုင်းဆန္ဒကို ထာဝရ ပိတ်လှောင်ထားနိုင်လိမ့်မယ်။ ဒါပေမဲ့ အခုတော့ ငါလုပ်နိုင်တာ ဒါပဲ ရှိတော့တယ်။”
ဤသိုင်းဆန္ဒနှင့် ရင်ဆိုင်ရသောအခါ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါသွား ပြီး ၎င်းကို ရစ်ပတ်လိုက်ကာ၊ နတ်ဘုရားသန္ဓေသား၏ မူလစွမ်းအားကို စုပ်ယူပြီး ကြီးထွား နိုင်မည့် လမ်းကြောင်းကို ချက်ချင်း ဖြတ်တောက်လိုက်သည်။
ချန်ပီယံမြို့စား၏ သိုင်းဆန္ဒသည် ကင်ဆာကျိတ်တစ်ခုကဲ့သို့ပင် နတ်ဘုရားသန္ဓေသား၏ အနှစ်သာရ သွေးနှင့် မူလစွမ်းအားတို့ကို စုပ်ယူကာ ကြီးထွားနေခြင်း ဖြစ်ပြီး နောက်ဆုံး တွင် နတ်ဘုရားသန္ဓေသား၏ ဝိညာဉ်အဖြစ် အပြီးသတ် ပြောင်းလဲသွားပေလိမ့်မည်။
ထိုအချိန်တွင် ဤနတ်ဘုရားသန္ဓေသားသည် ချန်ပီယံမြို့စား၏ ကိုယ်ပွား၊ တိုက်ခိုက်ရေး ခန္ဓာကိုယ် ဖြစ်လာပေလိမ့်မည်။
ယခုအခါ ဟုန်ယွိသည် သူ၏ အသိစိတ်ကို ချက်ချင်း ဖြတ်တောက်လိုက်ပြီး သူ၏ ဆန္ဒဖြင့် ရစ်ပတ်ထားလိုက်ပြီ ဖြစ်သဖြင့် ဤကျိတ်သည် ထပ်မံ ကြီးထွားလာမည် မဟုတ်တော့ပေ။ သို့သော် ၎င်းကို သန့်စင်ဖျက်ဆီးပစ်ရန် အချိန်အနည်းငယ် ယူရဦးမည် ဖြစ်သည်။
သို့သော်, ဤမျှဖြင့်ပင် လုံလောက်ပါပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ယွိသည် နတ်ဘုရားသန္ဓေသား၏ ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး လုံးဝ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။
ဘုန်း…။
သူ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည့် အခိုက်အတန့်တွင် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်နှင့် တခဏမျှ ပေါင်းစပ်သွားသည်။ သူသည် မြစ်တစ်စင်းကဲ့သို့ ဟုန်းဟုန်း တောက်နေပြီး၊ တောင်တစ်လုံးကဲ့သို့ မြင့်မားကာ၊ ရွှေကိုယ်ထည်ကဲ့သို့ ဖျက်ဆီး၍ မရသော၊ စိန်ကဲ့သို့ မာကျောသော အသက်စွမ်းအား၊ အရိုးနှင့် ကြွက်သားများကို ခံစားလိုက်ရသည်။
သူ၏ တစ်ကိုယ်လုံးရှိ အပ်စိုက်မှတ်ပေါင်း တစ်ရာသည် စကြာဝဠာအိတ်၏ ကမ္ဘာကို လုံးဝ ထိုးဖောက်သွားပြီး အနန္တစကြာဝဠာရှိ အမည်မသိ ကြယ်စင်များနှင့် ဆက်သွယ်သွားတော့ သည်။
‘လူသားအင်မော်တယ် … ဒါဟာ လူသားအင်မော်တယ်ပဲ … လူသားအင်မော်တယ် နယ်ပယ်က … အားကောင်းလွန်းတယ်။ တစ္ဆေအင်မော်တယ် နယ်ပယ်နဲ့ နှိုင်းယှဉ်ရင် ဆယ်ဆလောက် ပိုပြီး နက်နဲသလို၊ အဆတစ်ရာလောက် ပိုပြီး အားကောင်းတယ် … တစ္ဆေအင်မော်တယ် နယ်ပယ်က သေခြင်းနဲ့ ရှင်ခြင်း တာအိုကိုပဲ နားလည်တာ၊ ဒါပေမဲ့ လူသားအင်မော်တယ် နယ်ပယ်ကတော့ စကြာဝဠာရဲ့ အလွှာနှစ်ခု၊ ယင်နဲ့ယန်ရဲ့ အလွှာ နှစ်ခုကို နားလည်ပြီး လူ့ခန္ဓာကိုယ်နဲ့ ကောင်းကင်နဲ့မြေကြီး ပေါင်းစည်းမူကို နားလည်တာ ပဲ … ဒါဟာ ဟုန်ရွှန်ကျိ ရောက်နေတဲ့ နယ်ပယ်လား။ အားကောင်းလိုက်တာ၊ တကယ်ကို အားကောင်းလွန်းတယ်။”
တခဏအတွင်းမှာပင် ဟုန်ယွိသည် လူသားအင်မော်တယ် နယ်ပယ်၏ စွမ်းအားကို ခံစားလိုက်ရသည်။
ဘုန်း…။
ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး တစ်ခုလုံး ပေါက်ကွဲသွားပြီး ကျောက်တုံး အပိုင်းအစများစွာသည် အရပ်ရပ်သို့ လွင့်စင်သွားလေသည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သန္ဓေသား၏ အထက်ပိုင်းတွင် ကိန်းအောင်းနေသည်။ သူသည် ‘ခြင်ဆီထုတ်ယူခြင်း မဟာအတတ်’ကို အနည်းငယ် အသုံးပြုလိုက်သည်နှင့် အနှစ်သာရ သွေးနှင့် မူလစွမ်းအား လှိုင်းလုံးကြီးတစ်ခုသည် သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
လူသားအင်မော်တယ်၏ သွေးနှင့် စွမ်းအားများက သူ၏ စိတ်ဝိညာဉ်ကို ဖြည့်တင်းပေး လိုက်သောအခါ ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ ချက်ချင်းပင် အဆမတန် ကြီးထွားလာသည်။ စိတ်ဝိညာဉ်အတွေး တစ်ခုချင်းစီမှာ အစွမ်းထက်လှသော အားဆေးကို သောက်လိုက်ရ သကဲ့သို့ ဖြစ်သွားခဲ့သည်။
အခွံအတွင်းမှ ဖောက်ထွက်လာသော ဤနတ်ဘုရား သန္ဓေသား၏ မျက်နှာပေါ်ရှိ ကြွက်သားများမှာ အနည်းငယ် လှုပ်ရှားပြီး၊ ပြောင်းလဲသွားကာ ဟုန်ယွိနှင့် ခပ်ဆင်ဆင် ဖြစ်သွားတော့သည်။
“ဒါ ဘာကြီးလဲ။”
ကောင်းကင်မြွေဘုရင်မ ရှင်းမိုသည် သူမ၏ လက်ထဲမှ ဖန်ပြားဝိုင်းလေး ပြင်းထန်စွာ တုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး သွေးနှင့် ချီစွမ်းအင် လှိုင်းလုံးကြီးတစ်ခု အပြင်သို့ ဝုန်းခနဲ ထွက်လာသည်။
ဘုန်း…။
အနက်ရောင် ဖန်ပြားဝိုင်းလေး တစ်ခုလုံး ပေါက်ကွဲသွားပြီး သောင်းနှင့်ချီသော အတွေးစ များအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်မြွေဘုရင်မ ရှင်းမို၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်။
“ကောင်းကင်မြွေဘုရင်မ၊ ခင်ဗျား ကျုပ်ကို ပိတ်လှောင်နိုင်မယ်လို့ ထင်နေတာလား။”
ဟုန်ယွိ၏ အသံ ထွက်ပေါ်လာတော့သည်။