← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 33 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 33 Ch. 353-354

အခန်း (၃၅၃)။

“ဟမ်..”

အနက်ရောင် ဖန်ပြားဝိုင်းလေးမှာ ပေါက်ကွဲသွားပြီး သောင်းနှင့်ချီသော အတွေးစများ အဖြစ် ပြောင်းလဲကာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် ပြန်ဝင်သွားသည်။ ကောင်းကင်မြွေဘုရင်မ၏ မျက်လုံးများမှာ အံ့အားသင့်သွားရသည်။ သူမ၏ နူးညံ့သော နှုတ်ခမ်းများမှ အံ့သြသံတစ်ချက် ထွက်ပေါ်လာသော်လည်း သူမ၏ မျက်နှာမှာမူ ထုံးစံအတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး ဒဏ္ဍာရီလာ ပညာရှင်တစ်ဦး၏ အရှိန်အဝါကို ပြသနေသည်။

ဖန်ပြားဝိုင်းလေး ပေါက်ကွဲသွားပြီးနောက် ကြည်လင်သော အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။

စကြာဝဠာအိတ်သည် ကောင်းကင်ယံတွင် ပေါ်လာတော့သည်။

ထို့နောက် စကြာဝဠာအိတ်၏ အဝမှ ကျောက်တုံးအကျိုးအပဲ့များစွာ အပြင်သို့ ပေါက်ကွဲ ထွက်လာသည်။ ထိုကျောက်တုံး အပိုင်းအစများမှာ လူသားအင်မော်တယ် တစ်ဦး၏ သွေးဖြင့် ရေးဆွဲထားသော မှော်စာလုံးများကဲ့သို့ ပြင်းထန်သော ယန်ချီများကို ထုတ်လွှတ် နေသည်။

ကျိုးပဲ့နေသော ကျောက်တုံးများကြားတွင် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ပေါ်လာသည်။ သူ၏ မျက်နှာပေါ်မှ အရေပြားမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး မျက်နှာအချိုးစားမှာ အလွန်ပင် ပြေပြစ်လှသည်။ သူသည် ဟုန်ယွိနှင့် တပုံစံတည်း တူနေသည်။

ထိုလူ၏ ဦးခေါင်းနောက်တွင် အလင်းကွင်း ရှစ်ကွင်းမှာ အထက်အောက် လွင့်မျောနေပြီး သူ၏ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားသည်။

ဤအစွမ်းထက်ပုဂ္ဂိုလ်မှာ ဟုန်ယွိ သန့်စင်လိုက်သည့် နတ်ဘုရားကျောက်တုံးအတွင်းမှ ဝိညာဉ်သန္ဓေသားပင် ဖြစ်သည်။ သူသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး မွေးဖွားလာသည်နှင့်တပြိုင်နက် လူသားအင်မော်တယ်၏ ခန္ဓာကိုယ်ကို ရရှိထားသည်။ သူသည် အတိုင်းအဆမရှိ အားကောင်းလှသည်။

“မဟာနေမင်း၊ အစစ်မှန် မီးလျှံအသွင်၊ မီး၏အနှစ်သာရ၊ မီး၏စစ်မှန်သောအလင်း၊ သန့်စင်စေ။”

ဟုန်ယွိသည် မွေးဖွားလာသည်နှင့် ကောင်းကင်မြွေဘုရင်မကို ချက်ချင်း မတိုက်ခိုက်သေး ပေ။ ၎င်းအစား သူသည် ကောင်းကင်ယံသို့ လက်ညှိုး ညွှန်ပြလိုက်သည်။

ဘုန်း! ဟုန်ယွိ၏ မျက်ခုံးနှစ်ခုကြားမှ ကျယ်ပြောလှသော ကြည်လင်သည့် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။

ရုတ်တရက်ပင် မှောင်အတိကျနေသော ကောင်းကင်ယံတွင် အပေါက်ကြီးတစ်ခု ပွင့်သွား ပြီး ထိုနေရာမှတစ်ဆင့် အတိုင်းအဆမရှိသော ကောင်းကင်ဘုံအလင်းများနှင့် မီးလျှံများမှာ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ ကြီးမားလှသော အပူရှိန်မှာ မြောက်ပိုင်းနိုင်ငံ၏ အေးစက်သော လေထုကို မောင်းထုတ်ပစ်လိုက်သကဲ့သို့ပင်။ ကောင်းကင်ယံတွင် ကီလိုမီတာ ဆယ်ဂဏန်းမျှ ရှည်လျားသော “လောင်မြိုက်နေသည့် မီးတိမ်တိုက်” ကြီး ပေါ်ထွက်လာသည်။

ကောင်းကင်မြွေဘုရင်မပင်လျှင် ပြင်းထန်သော အပူရှိန်ကို ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်မှာ အနောက်သို့ အနည်းငယ် ဆုတ်ခွာသွားရသည်။

ထို့နောက် မိုင်ပေါင်းများစွာ ရှည်လျားသော “လောင်မြိုက်နေသည့် မီးတိမ်တိုက်ကြီး” သည် အလယ်ဗဟိုသို့ စုစည်းသွားပြီး တဖြည်းဖြည်း ကျုံ့ဝင်သွားကာ တောက်ပနေသော လက်သီးဆုပ်အရွယ် အနှစ်သာရလုံး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဤအနှစ်သာရအလုံးမှာ နေမင်းငယ်လေးတစ်ခုကဲ့သို့ပင် အချိန်တိုင်း အဆုံးမဲ့ အလင်းနှင့် အပူကို ထုတ်လွှတ်နေသည်။ ၎င်း၏ အတွင်း၌ ဖော်ပြ၍မရသော အရာများမှာ လှိုင်းထနေ ပြီး ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေသည်။

“မီးကို အနှစ်သာရအဖြစ် စုစည်းတာပဲ။”

ကောင်းကင်မြွေဘုရင်မသည် ဟုန်ယွိ၏ လုပ်ဆောင်ချက်များကို သူမ၏ ကြယ်စင်မျက်လုံး များဖြင့် ကြည့်နေပြီး မတားဆီးခဲ့ပေ။ ၎င်းအစား ‘ဟွန်း’ခနဲ နှာခေါင်းရှုံ့သံလေး တစ်ချက် သာ ထွက်ပေါ်လာသည်။

ဟုန်ယွိသည် ကောင်းကင်မြွေဘုရင်မ၏ ထိုနှာခေါင်းရှုံ့အသံကို ဂရုမစိုက်ပေ။ “မီးလုံး” ကို သန့်စင်ပြီးနောက် သူသည် ၎င်းကို အနည်းငယ် လှည့်လိုက်ရာ “မီးလုံး” သည် အရပ်မျက်နှာအနှံ့ လည်ပတ်သွားပြီး ပတ်ဝန်းကျင်ရှိ နတ်ဘုရားကျောက်တုံး အပိုင်းအစများကို ၎င်းအတွင်းသို့ စုပ်ယူလိုက်သည်။

“မီးလုံး”ပေါ်မှ ပြင်းထန်သော မီးလျှံများသည် အပ်များကဲ့သို့ စူးရှလှသည်။ ထိုအပ်ကဲ့သို့ မီးလျှံတစ်ခုချင်းစီမှာ ကျိုးပဲ့နေသော “နတ်ဘုရားကျောက်တုံး” များပေါ်သို့ ပစ်ခတ်သွားပြီး ကျောက်တုံးများမှာ တဖြည်းဖြည်း အရည်ပျော်ကာ ကျောက်စိမ်းအရည်များအဖြစ် ပြောင်းလဲသွားသည်။

နတ်ဘုရားကျောက်တုံး အပိုင်းအစများ အားလုံးမှာ မီးလုံး၏ အရည်ပျော်ခြင်းကို ခံလိုက်ရ ပြီး ကျောက်စိမ်းရည် အိုင်တစ်ခုအဖြစ် တဖြည်းဖြည်း စုစည်းသွားသည်။

ကျောက်စိမ်းအရည်များမှာ စီးဆင်းသွားပြီး တဖြည်းဖြည်းနှင့် လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤလက်နက်မှာ ဖန်ဟွမ်အသက်ဝိညာဉ်ဓားနှင့် ဆင်တူသည့် ကျောက်စိမ်းဓားတစ်လက် ဖြစ်သည်။ ၎င်းကိုပုံဖော်ပြီးသောအခါ ဟုန်ယွိသည် ပါးစပ်ကို ဖွင့်ကာ သွေးတစ်လုပ် ထွေးထုတ်လိုက်သည်။

ဖြန်း…။

ကျောက်စိမ်းဓားမှာ ချက်ချင်းပင် ပုံသေဖြစ်သွားပြီး မှင်မျဉ်းတစ်ကြောင်းကဲ့သို့ ဖြောင့်တန်း သွားတော့သည်။

“မီးလုံးရဲ့ သန့်စင်မှု၊ ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး၊ လူသားအင်မော်တယ်သွေး ရဲ့ ယဇ်ပူဇော်မှုနဲ့ ကိုးကိုးလုံစိတ်ဆန္ဒတွေရဲ့ ကောင်းချီးပေးမှု။ ဒီကိုယ်ပွားဟာ ကောင်းကင် နဲ့ မြေကြီးက မွေးဖွားပေးခဲ့တာမို့ ဒီနတ်ဘုရားဓားနဲ့ ထိုက်တန်ပါတယ်။”

ဟုန်ယွိသည် နတ်ဘုရားဓားကို လက်ထဲတွင် ဆုပ်ကိုင်ကာ ခါထုတ်လိုက်သည်။ ချက်ချင်းပင် ဓားမှ မိုးကြိုးသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာပြီး၊ အတွင်း၌ နဂါးကိုးကောင်၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာပုံရသည်။

ရုတ်တရက် ဟုန်ယွိသည် ရှည်လျားကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ, လေပြင်းများ တိမ်တိုက်များကို တိုက်ခတ်သွားသကဲ့သို့ ကောင်းကင်ယံရှိ အနက်ရောင် တိမ်တိုက်များ အားလုံးသည် ကီလိုမီတာ ဆယ်ဂဏန်းမျှ အကွာအထိ လွင့်စင်သွားပြီး နူးညံ့သော ကြယ်စင်အလင်းတန်းများမှာ ကျဆင်းလာတော့သည်။

ဓားကိုခါကာ ဟစ်ကြွေးလိုက်ပုံမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။

ကောင်းကင်မြွေဘုရင်မ၏ အနက်ရောင်ဝတ်စုံနှင့် အနက်ရောင် ဆံပင်များပင်လျှင် ဟုန်ယွိ၏ ဓားဟိန်းသံကြောင့် ပြင်းထန်စွာ လွင့်ခါသွားရသည်။

သို့သော် ဒဏ္ဍာရီလာ ပညာရှင်ဖြစ်သူ ကောင်းကင်မြွေဘုရင်မ ရှင်းမိုမှာမူ လှုပ်ရှားခြင်း မရှိသေးပေ။ သူမသည် ဟုန်ယွိနှင့် ဟုန်ယွိ၏ ဘေးတွင် လွင့်မျောနေသော စကြာဝဠာအိတ် ကိုသာ ငြိမ်သက်စွာ ကြည့်နေသည်။

လူတိုင်း ရယူလိုကြသော စကြာဝဠာအိတ်မှာ ဟေဟင်ပြင်တွင် လွင့်မျောနေသော်လည်း ဟုန်ယွိမှာမူ ၎င်းကို ဂရုမစိုက်ပုံရသည်။ တစ်စုံတစ်ယောက်က လုယူသွားမည်ကို သူ မစိုးရိမ်သကဲ့သို့ပင်၊ သို့မဟုတ် တစ်စုံတစ်ယောက် လုယူရန် ကြိုးစားမည်ကို ဂရုစိုက်စရာ မလိုလောက်အောင် သူ၌ ယုံကြည်ချက် အပြည့်အဝ ရှိနေပုံရသည်။

သူသည် ချိတ်ပိတ်မှုကို ဖျက်ဆီးပြီး လွတ်မြောက်လာခဲ့ပြီ။

သူသည် “မီးဆေးလုံးသန့်စင်ခြင်း” ဆန်းကြယ်အတတ်ကို အသုံးပြုခဲ့ပြီ။

သူသည် မီးလုံးကို သုံးပြီး ကျိုးပဲ့နေသော နတ်ဘုရားကျောက်တုံးများကို ဓားတစ်လက် အဖြစ် သန့်စင်ခဲ့ပြီ။

ဓားကို ပုံဖော်ရန် လူသားအင်မော်တယ်၏ သွေးဖြင့် ယဇ်ပူဇော်ခဲ့ပြီ။

နောက်ဆုံးတွင် သူသည် ဓားကို ခါထုတ်ကာ ဟိန်းဟောက်လိုက်သည်။

ဤလှုပ်ရှားမှုများ အားလုံးမှာ သဘာဝအတိုင်းပင် ဖြစ်ပေါ်လာသော်လည်း ၎င်းအတွင်း၌ စကြာဝဠာ၏ နက်နဲမှုကို ထိုးဖောက်မြင်ရသော သဘောတရား တစ်ခု ပါဝင်နေသဖြင့် ကောင်းကင်မြွေဘုရင်မ ရှင်းမိုကဲ့သို့သော ပညာရှင်ပင်လျှင် ရုတ်တရက် မလှုပ်ရှားရဲပေ။ ထို့အပြင် ရှင်းမို၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ ထလာခဲ့သည်။

သို့သော် ရှင်းမိုသည် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း။ သူမ၏ စိတ်လှုပ်မှုများကို သူမ၏ နှလုံးသားအောက်ခြေတွင် သိုဝှက်ထားပြီး သူမ၏ ခန္ဓာကိုယ်မှာ အလွန်ပင် တည်ငြိမ်နေ သည်။

“ဒီနတ်ဘုရားဓားရဲ့ ကုန်ကြမ်းက နတ်ဘုရားကျောက်တုံးပဲ။ ကျုပ်က မီးဆေးလုံးနဲ့ သန့်စင်ခဲ့တာ၊ နောက်ဆုံးအချိန်မှာ လူသားအင်မော်တယ်ရဲ့ သွေးနဲ့ ပက်ဖြန်းခဲ့တယ်။ ပြီးတော့ ဓားထဲမှာ အခုလေးတင် ကျုပ် နတ်ဘုရားသန္ဓေသားကို အကောင်ပေါက်စဉ်က နားလည်ခဲ့တဲ့ ကိုးကိုးလုံး စိတ်ဆန္ဒတစ်ခုလည်း ပါဝင်နေတယ်။ ကောင်းကင်မြွေဘုရင်မ၊ ခင်ဗျားက နှစ်ပေါင်းများစွာ ကျင့်ကြံထားသူဆိုတော့ အများကြီး သိထားတာပဲ။ ဒီနတ်ဘုရားဓားကို ခင်ဗျား နာမည်တစ်ခု ပေးနိုင်မလား။”

ဟုန်ယွိသည် ဓားကို ခါလိုက်သည်။ ရှည်လျား ကျယ်လောင်စွာ ဟိန်းဟောက်သံအပြီးတွင် သူ၏အသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ကောင်းကင်မြွေဘုရင်မကို ကြည့်ကာ ပြုံးလိုက်ရာ၊ သူ့ပုံစံက ပညာရှင် မဟာပညာရှင်ကြီးတစ်ဦးနှင့် တူနေပြီး သေမျိုးရန်သူတော်တစ်ဦးနှင့် လုံးဝ မတူတော့ပေ။

“ဒါဆို မင်းက စကြာဝဠာအိတ်ထဲမှာ အဲဒီကျောက်တုံးကို ဝှက်ထားတာပေါ့။ ကောင်းကင်နဲ့ မြေကြီးရဲ့ သန္ဓေသား၊ နတ်ဘုရားကျောက်တုံးက မွေးဖွားလာတဲ့အရာ။ လူသား အင်မော်တယ် ခန္ဓာကိုယ်နဲ့ မွေးဖွားလာဖို့ဆိုတာ နှစ်ပေါင်းသန်းချီအတွင်း မရေမတွက်နိုင် တဲ့ ကံတရားတွေကြားမှာ တစ်ခုပေါ်လာဖို့တောင် မလွယ်ဘူး။ ရှေးခေတ် သူတော်စင် ဧကရာဇ် တစ်ပါးဟာလည်း နတ်ဘုရားကျောက်တုံးကနေ မွေးဖွားလာခဲ့ဖူးတယ်။ မင်းမှာ ဒီလို ကံတရားမျိုး ရှိနေတာပဲ။”

ကောင်းကင်မြွေဘုရင်မ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ လှုပ်ရှားသွားပြီး အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ သူမသည် ဟုန်ယွိကို ကြည့်သောအခါ သူမ၏ မျက်လုံးများအတွင်းရှိ နဂါးငွေ့တန်း ကြယ်စင်စုများ မွေးဖွားပြီး ပျက်စီးနေသည့် မြင်ကွင်းမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး တည်ငြိမ်သွားတော့သည်။

ဟုန်ယွိသည် ကောင်းကင်မြွေဘုရင်မက စွမ်းအားများကို စုဆောင်းနေမှန်း ချက်ချင်း သိလိုက်သည်။

သို့သော် ဟုန်ယွိမှာ လုံးဝ မထိတ်လန့်ပေ။ သူ၏စိတ်မှာ အနှိုင်းမဲ့ တည်ငြိမ်နေသည်၊ အကြောင်းမှာ, ယခုအချိန်တွင် သူ၏ စိတ်ဝိညာဉ်သည် နတ်ဘုရားသန္ဓေသား၏ ခန္ဓာကိုယ် အတွင်း၌ ရှိနေပြီး ကြီးမားသန့်စင်လှသည့် သွေးနှင့် မူလစွမ်းအင်များ၏ ထောက်ပံ့မှုကို ရရှိနေသောကြောင့် ဖြစ်သည်။

အညစ်အကြေး အနည်းငယ်မျှ မပါသော ဤသန့်စင်သည့် သွေးနှင့် ချီစွမ်းအင်များသည် သူ၏ အတွေးစတိုင်းကို ဖြည့်ဆည်းပေးနေပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပိုမို အားကောင်းစေသည်။

သူ၏ နှလုံးသားထဲတွင် တိုက်ခိုက်လိုသော ဆန္ဒများ ပြည့်နှက်နေသည်။

၎င်းသည် အားအင်များ အလွန်အမင်း တိုးပွားလာပြီး ပေါက်ကွဲထွက်တော့မည့်သူ တစ်ဦး ကဲ့သို့ပင် သူ၏စွမ်းအားများကို ထုတ်လွှတ်ပြီး ခန္ဓာကိုယ်ဖိအားကို လျှော့ချပစ်ချင်နေခြင်း ဖြစ်သည်။

“ဒါက ကျုပ်ကံတရား မဟုတ်ဘူး၊ ချန်ပီယံမြို့စားရဲ့ ကံတရားပဲ။ ကျုပ်က ဒီနတ်ဘုရား ကျောက်တုံးကို သူ့ဆီကနေ လုယူခဲ့တာ။ တကယ်လို့ ခင်ဗျားသာ ကျုပ်ကို အလောက်အထိ အတင်းအကျပ် မလုပ်ခဲ့ရင်, ကျုပ်အနေနဲ့ ဒါကို ဘယ်တော့မှ သန့်စင်ဖြစ် မှာ မဟုတ်ဘူး။”

ဟုန်ယွိသည် ဓားကို ကျောနောက်တွင် ဝှက်ထားလိုက်သည်။ “ကောင်းကင်မြွေဘုရင်မ၊ ခင်ဗျား ကျုပ်ဓားကို နာမည်မပေးရသေးဘူး။ ဘယ်လိုခေါ်ရင် ကောင်းမလဲလို့ ခင်ဗျား ထင်လဲ။”

“မင်းကိုယ်တိုင် သန့်စင်ခဲ့တာဆိုတော့ မင်းပဲ နာမည်ပေးသင့်ပါတယ်။” ကောင်းကင်မြွေ ဘုရင်မက ခေါင်းညိတ်လိုက်သည်။ “လူသားအင်မော်တယ်တစ်ယောက် ကိုယ်ပွားတစ်ခု သန့်စင်နိုင်တာဟာ ရှေးခေတ်ကတည်းက မဖြစ်ဖူးတဲ့ အရာပဲ။ ငါ ဒီနေ့ ဒါကို မြင်တွေ့ရတာ ကံကောင်းတာပဲ။”

“ခင်ဗျား ဘယ်လောက်ကြာကြာ ကျင့်ကြံခဲ့ပြီးပြီလဲ ကျုပ် သိချင်တယ်။” ဟုန်ယွိက မတိုက်ခိုက်သေးဘဲ မေးလိုက်သည်၊ “ဒီနေ့တော့ ကျုပ်ရဲ့ ဆန်းကြယ်တဲ့ ပညာရပ်တွေကို အထွက်အထိပ်အထိ တတ်မြောက်သွားခဲ့ပြီ။ ခင်ဗျားနဲ့ ယှဉ်ပြိုင်ကြည့်ပြီး ဒီလူသား အင်မော်တယ် ကိုယ်ပွားက ဘယ်လောက် အားကောင်းသလဲဆိုတာ သိချင်တယ်။ ဒါပေမဲ့ ကျုပ် ဒီကိုယ်ပွားကို သန့်စင်နေတုန်းမှာ တစ်ခုခုကို နားလည်ခဲ့ပြီး မေးစရာတွေ ရှိလာခဲ့ တယ်။ တကယ်လို့, ကောင်းကင်မြွေဘုရင်မသာ ကျုပ်ကို ဖြေပေးနိုင်ရင်, ကျုပ် အခု ချက်ချင်းပဲ လှည့်ထွက်သွားမယ်။ ကျုပ်တို့ကြားက ရန်ငြိုးတွေကိုလည်း ကျေအေးပေးမယ်၊ ဘယ်လိုလဲ။”

“ဟမ်..၊” ကောင်းကင်မြွေဘုရင်မသည ဟုန်ယွိက ဤကဲ့သို့ ပြောလိမ့်မည်ဟု ထင်ထားပုံမ ရပေ။ သူမ၏ အနက်ရောင် ဝတ်စုံမှာ ရုတ်တရက် ငြိမ်သက်သွားသည်။ “မင်း ဘယ်လို မေးခွန်းမျိုး မေးချင်လို့လဲ။”

“ရှေးခေတ်တုန်းက သူတော်စင် ဧကရာဇ်တွေဟာ တစ်ပါးပြီးတစ်ပါး နန်းစွန့်ပြီး၊ အလှည့်ကျ အုပ်ချုပ်ခဲ့ကြတယ်။ ထုံးတမ်းစဉ်လာတွေအရ သူတို့ကို ကိုးကိုးလုံး အထွတ်အထိပ်လို့ ခေါ်ဝေါ်ခဲ့ကြတယ်၊ အဲဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ အမြင့်ဆုံး အကြီးမားဆုံး ကိန်းဂဏန်းကို ကိုယ်စားပြုတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက အလယ်ခေတ်ရောက်တဲ့အခါ မဟာပညာရှင်ကြီးတွေ ပေါ်ထွန်းလာပြီး ဧကရာဇ်ရဲ့ ဘွဲ့အမည်ကနေ လေးခုကို ပယ်ဖျက်လိုက်တော့ ကိုးငါးလုံး အထွတ်အထိပ် ဖြစ်သွားခဲ့ရ တယ်။ သူတို့ကို ကိုးကိုးလုံး အထွတ်အထိပ်လို့ မခေါ်နိုင်တော့ဘူး။ အဲဒီအချိန်တုန်းက ဘာတွေ ဖြစ်ခဲ့တာလဲ။ တကယ်လို့, ခင်ဗျား ဒီမေးခွန်းကို ဖြေနိုင်ရင် ကျုပ်တို့ကြားက ရန်ငြိုးအားလုံးကို ကျေအေးပေးမယ်။ ဒီနေ့ ခင်ဗျား ကျုပ်ကို ပိတ်လှောင်ခဲ့တာကိုလည်း ကျုပ် စိတ်ထဲမထားတော့ဘူး။”

ဟုန်ယွိ ပြောနေပုံမှာ အရာရာကို ဘေးဖယ်ထားပြီး အမှန်တရားကို ရှာဖွေလိုသော တက္ကသိုလ် ပညာရှင်ကြီးတစ်ဦးနှင့် တူလှသည်။

“ဟမ်…၊ ဒါဟာ ကောင်းကင်နဲ့ မြေကြီးကြားက အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ။ ငါ တကယ် မသိဘူး။” ကောင်းကင်မြွေဘုရင်မသည် တခဏမျှ ငြိမ်သက်သွားပြီးမှ ပြောလိုက်သည်၊ “ငါဟာ နှစ်ပေါင်း ၈၀၀ ကျော် ကျင့်ကြံခဲ့ပြီး ခန္ဓာကိုယ် ၅ ကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ပေမဲ့ အလယ်ခေတ်က လူတွေနဲ့ယှဉ်ရင် အများကြီး အလှမ်းဝေးကွာနေပါသေးတယ်။ ဒါ့အပြင် အခု ဒီလောကမှာ အလယ်ခေတ်က ကျင့်ကြံသူတွေလည်း မရှိတော့ဘူး။ မင်းရဲ့ မေးခွန်းက ဘယ်တော့မှ အဖြေရမှာ မဟုတ်ဘူးလို့ ထင်တယ်။”

“ဒါဆိုရင်တော့ တခြားနည်းလမ်း မရှိတော့ဘူး။” ဟုန်ယွိက ခေါင်းခါလိုက်သည်။ “ခင်ဗျား က ကျုပ်မေးခွန်းကို မဖြေနိုင်မှတော့ ကျုပ်နှလုံးသားထဲက မကျေနပ်မှုတွေကို ခင်ဗျားရဲ့ ဝိညာဉ်နဲ့ သွေးတွေနဲ့ ဆေးကြောပစ်ရုံပဲ ရှိတော့တာပေါ့။”

ရွှပ်…။

ဟုန်ယွိ ပြောပြီးသည်နှင့် သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ရုတ်တရက် ပြန်ဖွင့် လိုက်သည်။ ရုတ်ချည်းပင် ကောင်းကင်မြွေဘုရင်မသည် ပင်လယ်ကဲ့သို့ ကျယ်ပြောပြီး ငရဲကဲ့သို့ နက်ရှိုင်းသော ဖိအားတစ်ခု သူမ၏အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရ သည်။

သူ၏မျက်လုံးများကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် ဟုန်ယွိသည် လက်ထဲမှ ဓားကို ဆန့်ထုတ်ကာ ရှေ့ကို ချိန်ရွယ်လိုက်သည်။

ရှူး…။

ဓားချီလှိုင်းတစ်ခုက အစိုင်အခဲပုံသဏ္ဌာန်အဖြစ် စုစည်းသွားသည်။ ၎င်းမှာ ပေ ၁၀၀ ကျော် ကျယ်ပြီး ၃ မိုင်ခန့် ရှည်လျားကာ ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး တိုက်ရိုက် ခုတ်ပိုင်းလိုက် သည်။

ဤဓားချီ၏ စွမ်းအားမှာ အမှန်တကယ်ပင် ဖန်ဟွမ်အသက်ဝိညာဉ်ဓား၏ ဓားချီနှင့် တစ်ထပ်တည်း တူလှသည်။

၎င်းသည် တာအိုပညာရပ် မဟုတ်သလို သိုင်းပညာ၏ လက်သီးဆန္ဒလည်း မဟုတ်ပေ။ ၎င်းသည် သိုင်းပညာ၏ လက်သီဆန္ဒနှင့် စိတ်ဝိညာဉ် တာအိုပညာရပ်တို့ ပေါင်းစပ်သွား ပြီးနောက် အထွက်အထိပ်ကို ရောက်ရှိသွားသည့် စွမ်းအားတစ်ခု ဖြစ်သည်။

ကျယ်ပြောလှသော ဓားချီမှာ လမ်းမကြီးတစ်ခုကဲ့သို့ ဖြန့်ခင်းသွားပြီး ဒဏ္ဍာရီလာ မဟာနတ်ဆိုးအင်မော်တယ်တစ်ဦးကို ညာတာကင်းမဲ့စွာ နှစ်ပိုင်း ပိုင်းပစ်တော့မည့် အလားပင်။

ကြီးမားလှသော ဓားချီများကြားတွင် ရှင်းမိုသည် ဟုန်ယွိ၏ သူမကို သတ်ဖြတ်လိုသော ဆုံးဖြတ်ချက်ကို ခံစားလိုက်ရသည်။

“ရန်သူစစ်စစ်... တစ်ဖက်လူ သေမှ အနားယူမယ့် ရန်သူကြီး ဖြစ်သွားပြီပေါ့။”

ရှင်းမိုသည် ဓားချီ သူမထံသို့ လာနေသည်ကို မြင်သောအခါ သူမ၏ ခန္ဓာကိုယ်မှာ အထက် သို့ ပြင်းထန်စွာ ပျံတက်သွားပြီး ကောင်းကင်ယံသို့ တိုက်ရိုက် ဦးတည်လိုက်သည်။

သို့သော် ဤဓားချီမှာ အလွန်ပင် လျင်မြန်လှပြီး၊ ကောင်းကင်မြွေဘုရင်မ နောက်သို့ တိုက်ရိုက် လိုက်ပါသွားသည်။ လေထဲတွင် ဓားအရှိန်ဟုန်မှာ ပိုမိုမြန်ဆန်လာသည်။

နောက်ဆုံးတွင် လွှမ်းမိုးနိုင်စွမ်းကြီးမားသော ဓားချီသည် ကြွေကျနေသော ကြယ်တံခွန် အလင်းတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး ကောင်းကင်မြွေဘုရင်မကို မှီသွားပြီး၊ ပိုးထည်လိပ်တစ်ခုကဲ့သို့ ကောင်းကင်မြွေဘုရင်မကို ရစ်ပတ်လိုက်သည်။

ကောင်းကင်မြွေဘုရင်မသည် ဓားချီက ဤမျှအထိ အသိဉာဏ်ရှိပြီး ဤမျှအထိ မြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဓားချီက သူမထံသို့ ရောက်တော့မည့် အခိုက်အတန့်တွင်…၊ ဤတုဖက်ကင်း မဟာ နတ်ဆိုးဘုရင်မ၏ မျက်ဝန်းများတွင် နဂါးငွေ့တန်း ကြယ်စင်စုများ တစ်ဖန် ပြန်လည် ပေါ်လာပြန်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ထူထဲသော အမှောင်ထုအတွင်း ဖုံးလွှမ်းသွား သည်။

အမှောင်ထု ပေါ်လာသည်နှင့် ၎င်းသည် “ဆန်းကြယ်တာအိုဆရာသခင်” အဖြစ် ဝေဝါးစွာ ပြောင်းလဲသွားသည်။ ဤ “ဆန်းကြယ်တာအိုဆရာသခင်” သည် သူ၏ လက်ထဲတွင် ထူးဆန်းပြီး မည်းနက်သော လက်နက်တစ်ခုကို ကိုင်ထားသည်။ ၎င်းမှာ ယဇ်ပလ္လင် သို့မဟုတ် ပန်းကန်ပြားတစ်ခုနှင့် တူနေပြီး သူသည် ၎င်းကို ဓားချီထံသို့ ပစ်ပေါက်လိုက် သည်။

ဘုန်း။

ကြီးမားလှသော ဓားချီမှာ အမှန်တကယ်ပင် ဆန်းကြယ်တာအိုဆရာသခင်၏ ယဇ်ပလ္လင် ပုံစံ လက်နက်ကို ခုတ်ပိုင်းပစ်လိုက်သည်။ ကျန်ရှိနေသော အရှိန်ဟုန်မှာ လျော့ပါးမသွားဘဲ ဆန်းကြယ်တာအိုဆရာသခင်ကို နှစ်ပိုင်း ပိုင်းလိုက်ပြန်သည်။

သို့သော် နောက်ဆုံးအချိန်တွင် နှစ်ပိုင်းကွဲသွားသော ဆန်းကြယ်တာအိုဆရာသခင်၏ ခန္ဓာကိုယ်မှာ မှောင်မိုက်သော အလင်းလုံးတစ်ခုအဖြစ် ပေါက်ကွဲသွားပြီး၊ တုန်ခါမူနှင့်အတူ ဓားချီလည်း ကောင်းကင်ယံတွင် ပျောက်ကွယ်သွားတော့သည်။

ရှီး…၊

ကြိုးတစ်ချောင်း ပြတ်တောက်သွားသကဲ့သို့ အလွန်စူးရှသော အသံတစ်ချက် ထွက်ပေါ် လာသည်။

အနက်ရောင် ဆံပင်နှင့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းကင်မြွေ ဘုရင်မသည် ဟင်းလင်းပြင်တွင် ရပ်နေသည်။ သူမ၏ရှည်လျားသော ဆံနွယ်တစ်မျှင်မှာ နှစ်ပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ ကြွေကျသွားသည်။ ဓားက ဆန်းကြယ်တာအိုဆရာသခင် ကို သတ်ဖြတ်ရုံတင်မဟုတ်ဘဲ သူမ၏ဆံနွယ်တစ်မျှင်ကိုပင် ဖြတ်တောက်ပစ်လိုက်ပုံရပါ သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်! ကောင်းကင်မြွေဘုရင်မ၊ ခင်ဗျားဟာ ဒဏ္ဍာရီလာ ပညာရှင်တစ်ဦးဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ်။ ဒါက ခင်ဗျားရဲ့ အစစ်မှန် စွမ်းအားပဲ။ ကျုပ်ရဲ့ သေချာပေါက် သတ်ပစ်နိုင်မယ့် ဓားချက်က ခင်ဗျားရဲ့ ဆံနွယ်တစ်မျှင် ကိုပဲ ဖြတ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ခင်ဗျား သွေးတစ်စက်တောင် မကျခဲ့ဘူးပဲ။”

ဟုန်ယွိသည် ခေါင်းမော့ကာ ဤမြင်ကွင်းကို ကြည့်လိုက်သည်။ သူသည် လက်ထဲမှ ဓားကို မြှောက်ကာ လှုပ်ခါလိုက်ရာ လျှပ်စီးနဂါးဟိန်းဟံကဲ့သို့ အသံထွက်ပေါ်လာသည်။ ထို့နောက် သူက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး၊ “ခင်ဗျားက နှစ်ပေါင်း ရှစ်ရာကျော် ကျင့်ကြံလာခဲ့တယ်။ မုန့်ရှန်းကျီရဲ့ အသက်နဲ့ နှိုင်းယှဉ်ရင် ခင်ဗျားက သုံးဆလောက် ပိုကြီး တယ်။ ခင်ဗျားမှာ မုန့်ရှန်းကျီလို နတ်ဘုရား စွမ်းရည်တွေ မရှိပေမဲ့ ခင်ဗျားဟာ မင်းဆက် အမျိုးမျိုးရဲ့ အတက်အကျ ဖြစ်စဉ်တွေကို မြင်တွေ့ခဲ့ရတာပဲ။ ဒါပေမဲ့ တာအိုလမ်းစဉ် မှာတော့ အစဉ်အလာတွေ ရှိတယ်။ ကံတရားဆိုတာ အသက်အရွယ်ပေါ်မူတည်ပြီး စုစည်း လို့ရတာ မဟုတ်ဘူး။ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှာ နတ်လင်းယုန်ဘုရင်ကို ကျုပ် သတ်ခဲ့ပြီးပြီ။ အခု မဟာနတ်ဆိုးအင်မော်တယ် ခုနစ်ပါးပဲ ကျန်တော့တယ်။”

“ချန်ပီယံမြို့စားနဲ့ ယှဉ်ရင် မင်းက တကယ်ပဲ သူ့ထက် သာပါတယ်။” ကောင်းကင်မြွေ ဘုရင်မက သူမ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဖြတ်တောက်ခံလိုက်ရသော ဆံနွယ်မျှင်လေးမှာ သူမ၏ လက်ထဲသို့ ကျရောက်လာသည်။ ၎င်းမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး သူမ၏ ဖြူလွှသော လက်ဖဝါးပေါ်တွင် အနက်ရောင် မျဉ်းတစ်ကြောင်း ပေါ်လာသည်။

“တကယ်လို့, သူသာဆိုရင် ဖန်ဟွမ်ဓားကို ကိုင်ပြီး ငါ့ကို သူ့အစေခံလုပ်ဖို့ ပေါ့ပျက်ပျက် စနောက်နေဦးမှာပဲ။ ငါတို့လို ပညာရှင်တွေက လောကကြီးကို ထိန်းချုပ်ပြီး ကမ္ဘာတွေကို ဖန်တီးနိုင်တာကို သူ မသိဘူး။ ဒီလို ပေါ့ပျက်ပျက် စကားတွေဟာ ငါတို့ရဲ့ တည်ရှိမှုကို အညစ်အကြေး ဖြစ်စေတာပဲ။ မင်းရဲ့ သတ်ဖြတ်လိုတဲ့ ဆန္ဒကမှ ‘ဒဏ္ဍာရီလာ’ ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်တာ။”

“ကောင်းကင်မြွေဘုရင်မ၊ ခင်ဗျားမှာ ကောင်းကင်မြွေဘုရင်မရဲ့ ဂုဏ်သိက္ခာ ရှိပါတယ်။ ခင်ဗျားက နှစ်ပေါင်း ၈၀၀ ကျော် ကျင့်ကြံခဲ့ပြီး သေခြင်းနဲ့ ရှင်ခြင်းကို ကျော်လွန်ခဲ့ပြီ။ ပန်းတစ်ပွင့်၊ အရွက်တစ်ရွက်၊ အသီးတစ်လုံး၊ အတွေးတစ်ချက် ကမ္ဘာတစ်ခု။ ကျုပ် ခင်ဗျား ကို သတ်ချင်ပေမဲ့ မင်းရဲ့ အောင်မြင်မှုတွေကိုတော့ လေးစားမိပါတယ်။ တကယ်လို့, ခင်ဗျားမှာသာ ကြီးမားတဲ့ ဇွဲလုံ့လနဲ့ ဝီရိယ မရှိရင် ဒီအဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိက ပြောနေစဉ် သူ၏ဘေးရှိ စကြာဝဠာအိတ်သည် ကြည်လင်သော အလင်းလုံး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ရစ်ပတ်လိုက်သည်။ ‘ဘုန်း’ ခနဲ အသံနှင့်အတူ သူသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်မြွေဘုရင်မ၏ မျက်လုံးများအတွင်းရှိ ကြယ်စင်စုများ၏ အရှိန်မှာ အဆပေါင်း သန်းတစ်ရာမျှ မြန်ဆန်သွားသည်။ နောက်ဆုံးတွင် ကြည်လင်သော အလင်းစက်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူမမှာ ပျံသန်းဖို့တောင် အချိန်မရလိုက်ပေ။ သူမသည် လက်ညှိုးဖြင့် ညွှန်လိုက်ရာ သူမ၏ ရင်ဘတ်ရှေ့ ၃ ပေခန့် အကွာရှိ နေရာတစ်ခုကို တည့်တည့် ထိမှန်သွားသည်။

ရွှပ်…။

သူမ လက်ညှိုးဖြင့် ညွှန်လိုက်သည်နှင့် ဓားဦးဖျားတစ်ခုက သူမ၏ ရင်ဘတ်မှ ၃ ပေခန့် အကွာတွင် ပေါ်လာသည်။

ထို့နောက် ဟင်းလင်းပြင်အတွင်းတွင် ကြည်လင်သော အလင်းတန်းများ ပေါ်လာသည်။ ထိုအလင်းတန်းများအတွင်းတွင် ဟုန်ယွိ၏ ခန္ဓာကိုယ် ရှိနေသည်။

ဓားဦးဖျားနှင့် လက်ညှိုးထိပ်တို့ ထိတွေ့သွားကြပြီ။

အချင်းချင်း အပြင်းအထန် တိုက်မိသွားကြသည်။

ကောင်းကင်မြွေဘုရင်မ၏ လက်ညှိုးထိပ်မှ သွေးတစ်စက် စိမ့်ထွက်လာတော့သည်။

အခန်း (၃၅၄)။

“ဆန်းကြယ်တာအိုဆရာသခင်၊ အမှောင်ရိပ်မှ မွေးဖွားလာသူ၊ တာအို၏ အခြေခံကို ရရှိထားသူ၊ ကြား၌ ရပ်တည်ကာ၊ စိတ်ဝိညာဉ်နှင့် ပြောင်းလဲခြင်းတို့ကို ပိုင်စိုးပြီး၊ အရပ်လေးမျက်နှာကို ငြိမ်းချမ်းစေသူ...”။

ဗုန်း…။

ဓားဦးဖျားနှင့် လက်ညှိုးတို့ ထိတွေ့သွားပြီး ကောင်းကင်မြွေဘုရင်မ၏ လက်ညှိုးထိပ်မှ သွေးတစ်စက် စိမ့်ထွက်လာသည်။ ဟုန်ယွိသည် သူ၏လက်ထဲမှ ဓားသည် ရှေ့သို့ ဆက်တိုး ၍ မရတော့ဘဲ မကြုံစဖူးသော ခုခံမှုတစ်ခုနှင့် ရင်ဆိုင်နေရသည်ကို ရုတ်တရက် သတိပြု လိုက်မိသည်။

“အမှောင်ဧကရာဇ် လက်ညှိုး။”

ကောင်းကင်မြွေဘုရင်မ၏ မျက်လုံးများက ဟုန်ယွိကို စိုက်ကြည့်နေပြီး သူမ၏ နှုတ်မှ ထူးဆန်းသော ကျမ်းစာသားများ ထွက်ပေါ်လာသည်။ ဤတုဖက်ကင်း နတ်ဆိုးဘုရင်မက ရွတ်ဆိုလိုက်သည်နှင့် သူမ၏ လက်ညှိုးမှာ ဓားဦးဖျားကို ထိကပ်သွားသည်။ ထိုသွေးစက် မှာ အသိဉာဏ်ရှိနေသကဲ့သို့ ဓားဖျားတွင် ကပ်ငြိသွားပြီးနောက် ရေထဲသို့ ကျသွားသော မှင်ရည်ကဲ့သို့ ပြန့်ကားသွားကာ ဆန်းကြယ်သော အနက်ရောင် မှော်စာလုံးများအဖြစ် ပြောင်းလဲသွားသည်။ တခဏချင်းတွင် ထိုစာလုံးများသည် ဓားကိုယ်ထည်တစ်ခုလုံးကို သိပ်သည်းစွာ ဖုံးလွှမ်းသွားပြီး ဓားအတွင်းပိုင်းသို့ စိမ့်ဝင်ကာ ဓားကို ကိုင်ထားသော ဟုန်ယွိ၏ လက်ဆီသို့ ပျံ့နှံ့လာသည်။

ကောင်းကင်ယံတွင် အနက်ရောင်ဆံပင်၊ အနက်ရောင်ဝတ်စုံနှင့် ကြယ်စင်မျက်လုံးပိုင်ရှင် အမျိုးသမီးသည် ကြည်လင်သော အလင်းတန်းများ ဝန်းရံနေသည့် ဓားဦးဖျားကို သူမ၏ နုနယ်လှပသော လက်ညှိုးဖြင့် ထိထားသည်။ သူမသည် လုံးဝ မလှုပ်မယှက်ဘဲ ရှိနေသည်မှာ အလွန်ပင် ထူးဆန်းလှသည်။

ဤအခိုက်အတန့်တွင် အချိန်ပင် ရပ်တန့်သွားသကဲ့သို့ ခံစားရသည်။

သွေးစက်မှ ဖြစ်ပေါ်လာသော အနက်ရောင်မှော်စာလုံးများ စိမ့်ဝင်လာသည်နှင့်အမျှ ဟုန်ယွိသည် သူ၏လက်ထဲမှ နတ်ဘုရားဓားမှာ ကြီးမားလှသော တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ အလွန်ပင် လေးလံလာသည်ကို ခံစားလိုက်ရသည်။ သူ၏လက်မှာလည်း ထိပ်တုံးခတ်ခံထားရသကဲ့သို့ လှုပ်ရှားရ အလွန်ခက်ခဲသွားသည်။

သို့သော် သူသည် လုံးဝ ဂရုမစိုက်ပေ။ အတွေးတစ်ချက်ဖြင့် သူ၏ လက်မောင်းတစ်ခုလုံးရှိ သွေးနှင့် ချီဓာတ်များကို အရှိန်ဟုန် မြင့်တက်စေကာ ပြင်းထန်စွာ ခါထုတ်လိုက်သည်။

ဗုန်း၊ ဗုန်း၊ ဗုန်း၊ ဗုန်း။ သူ၏ ကြွက်သားများ တုန်ခါသွားပြီး ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ တခဏအတွင်းမှာပင် ရစ်ပတ်နေသော အနက်ရောင်မှော်စာလုံးများ မှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲပျက်စီးသွားတော့သည်။ တစ်ချိန်တည်းမှာပင် ဓားကိုယ် ထည်၏ ပြင်းထန်သော တုန်ခါမှုကြောင့် မှော်စာလုံးများနှင့် အနက်ရောင် စွမ်းအင်များမှာ လည်း လွင့်စင်သွားရသည်။

လူသားအင်မော်တယ်၏ ခန္ဓာကိုယ်နှင့် နတ်ဘုရားကျောက်တုံး၊ မီးလျှံဆေးလုံးတို့ဖြင့် သန့်စင်ထားသော ဓားကို မည်သည့် တာအိုပညာရပ်ကမျှ မထိခိုက်စေနိုင်ပေ။

“မဟာကာလ၊ မဟေသရ၊ မင်္ဂလာနတ်သမီး၊ ဝမ်းမြောက်ခြင်းနတ်သမီး... ဈာန်လေးဆင့် ကောင်းကင်ဘုံ၊ အစစ်မှန်ကြယ်ကို ကာကွယ်စောင့်ရှောက်ကြစမ်း...”

သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်မြွေဘုရင်မသည် အသက်ရှူတစ်ရှိုက်စာ အချိန်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူမသည် ရွတ်ဆိုခြင်းကို ရပ်လိုက်ပြီး သူမ၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ သောင်းနှင့်ချီသော အတွေးစများ ပြန်လည် ထွက်ပေါ် လာပြီး ကောင်းကင်ယံတွင် နတ်ဆိုးနတ်ဘုရား လေးပါးအဖြစ် ပုံဖော်လိုက်သည်။ တစ်ပါး မှာ မဟူရာကောင်းကင် နတ်ဆိုးနတ်ဘုရား ဖြစ်ပြီး နောက်တစ်ပါးမှာ မဟာဖျက်စီးခြင်း နတ်ဘုရား ဖြစ်သည်။

တတိယမြောက် နတ်ဘုရားမှာမူ မမျှော်လင့်ဘဲ ကျောပြင်တွင် ဖြူစင်သော အတောင်ပံ နှစ်စုံပါရှိပြီး ဦးခေါင်းပေါ်တွင် အလင်းကွင်းပါရှိသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြူဖွေးဖောင်းအိနေပြီး အလွန်ပင် ချစ်စရာကောင်းလှသည်။ သူမကို မြင်သူတိုင်း မင်္ဂလာရှိခြင်း၊ ကျန်းမာခြင်းနှင့် ကြီးပွားချမ်းသာခြင်းစသော ကောင်းချီးမင်္ဂလာများကို ခံစားရစေသည်။ သူမသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ မင်္ဂလာနတ်သမီး၏ ကိုယ်ပွားပင် ဖြစ်သည်။

နောက်ဆုံးတစ်ပါးမှာ လက်လေးဖက်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် စောင်း၊ စည်၊ ပုလွေနှင့် ခေါင်းလောင်းတို့ကို ကိုင်ဆောင်ထားသည်။ သူမသည် အလွန်ပင် လှပပြီး သူမ၏လက်ထဲမှ တူရိယာကို အနည်းငယ် တုန်ခါလိုက်ရုံဖြင့် အတိုင်းအဆမရှိ သော သာယာနာပျော်ဖွယ် အသံများ ထွက်ပေါ်လာသည်။

ဤအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ဝမ်းမြောက်ခြင်း နတ်သမီးပင် ဖြစ်သည်။

ဤနတ်ဆိုးနတ်ဘုရား လေးပါးသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ အဓိက နယ်ပယ် ကြီး လေးခုဖြစ်သည့် မဟူရာကောင်းကင်နတ်ဆိုး၊ မဟာဖျက်ဆီးခြင်းနတ်ဘုရား၊ မင်္ဂလာ နတ်သမီးနှင့် ဝမ်းမြောက်ခြင်းနတ်သမီးတို့ကို ကိုယ်စားပြုသည်။ ၎င်းတို့သည် ဆန်းကြယ် ကောင်းကင်ဘုံခန်းမ၏ ခန်းမဆောင်ကြီးလေးခုလည်း ဖြစ်သည်။

ထိုနတ်ဆိုးနတ်ဘုရား လေးပါး ပေါ်လာသောအခါ ၎င်းတို့သည် အနည်းငယ် လည်ပတ် သွားပြီး မှော်စာလုံးများစွာအဖြစ် ပြောင်းလဲကာ ကောင်းကင်မြွေဘုရင်မ၏ ခန္ဓာကိုယ်ကို ကောင်းချီးပေးလိုက်ကြသည်။ ပါးလွှာသော ပိတ်ချောဝတ်စုံကဲ့သို့ သူမ၏ အရေပြားတွင် ကပ်ငြိသွားရာ ဤတုဖက်ဘက်ကင်းသော နတ်ဆိုးဘုရင်မ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး အိပ်မက်ကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။

“ဈာန်လေးဆင့် ကောင်းကင်ဘုံ အကာကွယ်ဂါထာပါလား။”

ဟုန်ယွိသည် တစ်ချက်ကြည့်ရုံဖြင့် ကောင်းကင်မြွေဘုရင်မသည် ဆန်းကြယ်ကောင်းကင် ဘုံခန်းမ၏ အစွမ်းထက်ဆုံး အကာကွယ်ပညာရပ်ဖြစ်သည့် ဈာန်လေးဆင့် ကောင်းကင်ဘုံ အကာကွယ်ဂါထာကို အသုံးပြုနေမှန်း သိလိုက်သည်။ ဤဂါထာသည် တိုက်ခိုက်နိုင်စွမ်း မရှိဘဲ ခုခံရန်အတွက်သာ အသုံးပြုနိုင်သည်။ သို့သော် ၎င်းကို အသုံးပြုလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဈာန်လေးဆင့် ကောင်းကင်ဘုံလေးခုက လွှမ်းခြုံထားမည် ဖြစ်သည်။ ခန္ဓာကိုယ်ပတ်လည် ၄ ပေအတွင်းရှိ ဟင်းလင်းပြင်မှာ အဆုံးမဲ့ ပြောင်းလဲခြင်း များဖြင့် ပြည့်နှက်နေမည်ဖြစ်ပြီး မည်သည့် တာအိုပညာရပ် သို့မဟုတ် သိုင်းပညာကမျှ ၎င်းကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။

၎င်းသည် ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ၏ အားအကောင်းဆုံး အကာကွယ် ပညာရပ် လည်း ဖြစ်သည်။

ယခုလေးတင် ကောင်းကင်မြွေဘုရင်မသည် အငိုက်မိသွားခဲ့ပြီး ဟုန်ယွိ၏ ဓားက သူမ၏ လက်ညှိုးထိပ်ကို ဖောက်ထွင်းကာ သွေးထွက်စေခဲ့သည်။ ၎င်းမှာ အလွန်ပင် အန္တရာယ်ကြီး လှသည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ဟုန်ယွိ၏ ထိုးနှက်မှုကို ခံရလုနီးပါး ဖြစ်ခဲ့ပြီး အရှုံးကြီးကြီးမားမား ကြုံတွေ့ခဲ့ရသည်။

သို့သော် ဤအရေးကြီးသော အချိန်တွင် ကောင်းကင်မြွေဘုရင်မ၏ စိတ်မှာ လုံးဝ တုန်လှုပ် ခြင်းမျိုး မရှိခဲ့ပေ။ တခဏအတွင်းမှာပင် သူမသည် ဆန်းကြယ်ကောင်းကင်အမှောင်ကျမ်း ထဲမှ အမှောင်ဧကရာဇ်၏ လက်ညှိုးကို အသုံးပြု၍ ဓား၏ အရှိန်ကို တားဆီးနိုင်ခဲ့သည်။ အချိန်ကို ဆွဲဆန့်နိုင်ခဲ့ပြီးနောက်မှ တာအိုပညာရပ်ကို အသုံးပြုကာ ဈာန်လေးဆင့် ကောင်းကင်ဘုံ အကာကွယ်ဂါထာကို ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။

“ကောင်းကင်မြွေဘုရင်မမှာ ဒီလို တာအိုပညာရပ်မျိုး ရှိနေတာပဲ... နှစ်ပေါင်းရှစ်ရာကြာ ကျင့်ကြံခဲ့တဲ့ ပညာရှင်တစ်ယောက် ပီသပါပေတယ်။ ဒီနှစ်ပေါင်းရှစ်ရာအတွင်းမှာ တာအို ကျင့်ကြံသူတွေ ဘယ်လောက်တောင် သေဆုံးခဲ့ကြလဲ။ ခင်ဗျားတစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်နေတာ။ မုန့်ရှန်းကျီတောင် မင်းကို မသတ်နိုင်ခဲ့ဘူး... ခင်ဗျားက တကယ်ကို ပြိုင်ဘက်ကင်း နတ်ဆိုးဘုရင်မပဲ... ဒါပေမဲ့ ကျုပ်မှာ လူသားအင်မော်တယ်ရဲ့ ရုပ်ခန္ဓာကိုယ် ရှိတယ်။ အဲဒီခန္ဓာကိုယ်ကို တာအိုပညာရပ်တွေ၊ စကြာဝဠာအိတ်နဲ့ ပေါင်းစပ်လိုက်ရင်, ကျုပ်က ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်စွမ်း ရှိသွားပြီ။ ခင်ဗျား ကျုပ်ရဲ့ လျှို့ဝှက်လုပ်ကြံမှုကို ဘယ်နှစ်ကြိမ်လောက် တားဆီးနိုင်မှာလဲ။” ဟုန်ယွိက ချီးကျူးစကား ဆိုလိုက်သည်။ စကြာဝဠာအိတ်၏ ကြည်လင်သော အလင်းတန်းက သူ့ကို တစ်ဖန် ပြန်လည် ဖုံးလွှမ်းသွား ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဟင်းလင်းပြင်အတွင်းသို့ ချက်ချင်း ပျောက်ကွယ် သွားတော့သည်။

ကောင်းကင်မြွေဘုရင်မသည် သူမ၏ လက်ညှိုးကို ပြန်ရုပ်သိမ်းကာ ပါးစပ်ထဲထည့်ပြီး စုပ်လိုက်သည်။ သူမသည် အပ်ချုပ်နေရင်း အပ်စူးသွားသော သာမန်အမျိုးသမီးတစ်ဦး ကဲ့သို့ပင် ပုံမှန်အတိုင်း တည်ငြိမ်နေသည်။ ဤတုဘက်ကင်းသော နတ်ဆိုးဘုရင်မသည် သူမ၏ လက်ညှိုးကို စုပ်ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အားငယ်သော အရိပ်အယောင် လေး တစ်ချက် ဖြတ်သန်းသွားခဲ့သည်။

ရှင်းမိုသည် ကောင်းကင်ယံတွင် တစ်ဦးတည်း ရပ်နေသည်။

သူမကို ခုနကတင် တိုက်ခိုက်ခဲ့သော ဟုန်ယွိမှာ နောက်တစ်ကြိမ် လုံးဝ ပျောက်ကွယ်သွား ပြန်ပြီ ဖြစ်သည်။ သူမအနေဖြင့် မည်သည့် လှုပ်ရှားမှုကိုမျှ မခံစားရတော့ပေ။

သို့သော် ရှင်းမိုသည် သူမ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှ အဆက်မပြတ် ပြောင်းလဲနေ သော သတ်ဖြတ်လိုသည့် ဆန္ဒများကို ခံစားနေရသည်။

၎င်းသည် ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်စွမ်းရှိသည့် သိုင်းပညာရှင်တစ်ဦး၏ စွမ်းရည် ဖြစ်သည်။ ကောင်းကင်မြွေဘုရင်မ၏ စိတ်ထဲတွင် အားငယ်မှု အနည်းငယ် ရှိနေသော် လည်း သူမ နောင်တမရပေ။ သူမသည် မျက်လုံးများကိုသာ မှိတ်ထားပြီး ဟင်းလင်းပြင် အတွင်းမှ ဖြတ်သန်းလာမည့် ဟုန်ယွိ၏ သတ်ဖြတ်လိုသော အငွေ့အသက်ကို အာရုံခံရန် အစွမ်းကုန် ကြိုးစားနေသည်။

ဟုန်ယွိသည် “ဝိညာဉ်သန္ဓေသား နတ်ဘုရားကျောက်တုံး” ၏ စွမ်းအားကို အသုံးပြုပြီး တာအိုပညာရပ်ဖြင့် စကြာဝဠာအိတ်ကို အသက်သွင်းကာ ဟင်းလင်းပြင်အတွင်း ခရီးနှင်နေခြင်း ဖြစ်သည်။ ၎င်းမှာ ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်သော လူသား အင်မော်တယ် အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုနှင့် နီးပါးတူလှသည်။

လူသားအင်မော်တယ် အထွတ်အထိပ် ရောက်ပြီးနောက် နောက်တစ်ဆင့် တက်လှမ်းပါက လေဟာနယ် ဖျက်ဆီးခြင်းနယ်ပယ်သို့ ရောက်ရှိမည် ဖြစ်သည်။ ဤပညာရှင်များသည် ဤလောက၏ အတားအဆီးများကို တိုက်ရိုက် ဖျက်ဆီးနိုင်သည်။ စကြာဝဠာအိတ်ကဲ့သို့ ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်စွမ်း ရှိလာပါက အကွာအဝေးမှာ ပြဿနာ မဟုတ်တော့ ပေ။ သူတို့သည် တစ္ဆေတစ်ကောင်ကဲ့သို့ စိတ်အလိုရှိရာ သွားလာနိုင်မည် ဖြစ်သည်။

လူသားအင်မော်တယ်များသည် ပျံသန်းနိုင်စွမ်း မရှိကြသော်လည်း လေဟာနယ် ဖျက်ဆီးခြင်း နယ်ပယ်သို့ ရောက်ရှိပါက ဟင်းလင်းပြင်ကို တိုက်ရိုက် လျစ်လျူရှုနိုင်သည်။ ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားနိုင်သည်။

သို့သော် ရှေးခေတ်ကတည်းက လူသားအင်မော်တယ်များမှာ အလွန်ပင် ရှားပါးလှသည်။ လူသားအင်မော်တယ် အထွတ်အထိပ် ပညာရှင်များသည် ယန်စိတ်ဝိညာဉ်အဆင့် ပညာရှင်များထက်ပင် ပို၍ ရှားပါးပြီး လေဟာနယ် ဖျက်ဆီးခြင်း နယ်ပယ်အကြောင်းကိုမူ ဆိုဖွယ်ရာ မရှိပေ။ အလယ်ခေတ်ကတည်းက ထိုသို့သောသူ တစ်ဦးမျှ မပေါ်ထွက်ခဲ့ဖူးပေ။

လေဟာနယ်ကို ဖျက်ဆီးနိုင်သော သိုင်းပညာရှင်တစ်ဦးကို ရင်ဆိုင်ရန်အတွက် ယန်စိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိမှသာ ဖြစ်နိုင်မည် ဖြစ်ပြီး မိုးကြိုးကပ်ဘေး ၉ ကြိမ် ကျော်လွန်ထားသော ပညာရှင်ပင်လျှင် ထိုသူ၏ ပြိုင်ဘက် မဟုတ်ပေ။ သို့သော် ဟုန်ယွိသည် ယခုအခါ စကြာဝဠာအိတ်ကို အသုံးပြု၍ ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်စွမ်းကို အတုယူထားခြင်းသာ ဖြစ်သည်။ ၎င်းမှာ အားကောင်းသော်လည်း အစစ်မှန် ဟင်းလင်းပြင် ကို ဖျက်ဆီးနိုင်စွမ်းရှိသူတစ်ဦးကဲ့သို့ ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအား မရှိသေးပေ။

အကယ်၍ သူသည် အစစ်မှန် ဟင်းလင်းပြင် ဖျက်ဆီးနိုင်စွမ်းရှိသူသာ ဆိုပါက, ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး ဓားချက်တစ်ချက်တည်းဖြင့် ကောင်းကင်မြွေဘုရင်မ အယောက် ဆယ်ဂဏန်းလောက်ကို သတ်ပစ်နိုင်မည် ဖြစ်သည်။ “အမှောင်ဧကရာဇ်၏ လက်ညှိုး” ဖြင့် လုံးဝ တားဆီးခံရမည် မဟုတ်ပေ။

အစွမ်းထက်လှသော ခန္ဓာကိုယ်နှင့် ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်သော လက်သီးဆန္ဒ... ၎င်းမှာ မည်မျှအထိ အားကောင်းမည်နည်း။

သို့သော် ယခုအခါ ဟုန်ယွိတွင် လူသားအင်မော်တယ်၏ ခန္ဓာကိုယ် ရှိနေသည်။ သူ၏ တိုက်ရိုက် လုပ်ကြံသတ်ဖြတ်မှုနှင့် အနီးကပ် တိုက်ခိုက်မှုမှာ မဟာလေဟာနယ် လက်ဝါး ရိုက်ချက်နှင့် စစ်နတ်ဘုရားတို့ထက် များစွာ ပိုမို အားကောင်းသည်။

လူသားအင်မော်တယ်၏ တိုက်ရိုက် တိုက်ခိုက်မှု…။

လူသားအင်မော်တယ်တစ်ဦး အနားသို့ ကပ်လာပါက မည်သည့် တာအိုပညာရပ်ကမျှ အလုပ်မဖြစ်တော့ပေ။

ယခုအချိန်တွင် ဟုန်ယွိ၏ တိုက်ခိုက်မှုမှာ ဟုန်ရွှန်ကျိထက် အနည်းငယ် အားနည်းနေ သော်လည်း ဘုန်းတော်ကြီး ယင်ယွဲ့၏ အစွမ်းနှင့်မူ တူညီသည်။

ရှူး။

ကောင်းကင်မြွေဘုရင်မသည် မျက်လုံးများကို မှိတ်၍ သတ်ဖြတ်လိုသော အငွေ့အသက်ကို အစွမ်းကုန် အာရုံခံနေစဉ်မှာပင် သူမ၏ နောက်ကျောဘက်မှ ကြည်လင်သော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းထဲမှ ဓားအလင်း တစ်ခု ထွက်ပေါ်လာသည်။ ဟုန်ယွိသည် ဓားကို ကိုင်ဆောင်ကာ သူမ၏ ကျောပြင်ကို ပစ်မှတ်ထား၍ သူမနောက် ၃ ပေအကွာမှ ထိုးနှက်လိုက်သည်။

ပြင်းထန်လှသော ဓားချီ၊ ဓားဆန္ဒနှင့် သွေးစွမ်းအားများမှာ ပထမအလွှာ၊ ဒုတိယအလွှာ၊ တတိယအလွှာနှင့် စတုတ္ထအလွှာ အကာကွယ်များကို ဆွဲဖြဲပစ်လိုက်သည်။ ဓားဦးဖျားသည် သူမ၏ ကျောဘက်မှ အဝတ်စကို ထိသွားသည်။

“ဈာန်လေးဆင့် ကောင်းကင်ဘုံ အကာကွယ်ရေး ဂါထာ” သည်ပင် ဤဓားချက်ကို မတားဆီးနိုင်ခဲ့ပေ။

ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ၏ အစွမ်းထက်ဆုံး အကာကွယ် ဂါထာသည်ပင် လူသား အင်မော်တယ်၏ လျှို့ဝှက်လုပ်ကြံ တိုက်ခိုက်မှုကို ခုခံရန် စွမ်းရည် မပြည့်ဝသေးပေ။ သို့သော် ဤဂါထာသည် ဓား၏ အရှိန်ကိုမူ အနည်းငယ် လျှော့ချပေးနိုင်ခဲ့သည်။

ဓားဦးဖျားက သူမ၏ ကျောဘက်အဝတ်စကို ဖောက်ဝင်တော့မည့် အခိုက်အတန့်တွင် ကောင်းကင်မြွေဘုရင်မသည် ရုတ်တရက် လှည့်လိုက်ပြီး နောက်ထပ် လက်ညှိုးတစ်ချက် ဖြင့် ညွှန်လိုက်ပြန်သည်။

သူမ၏ လက်ညှိုးမှာ သိပ်သည်းသော အနက်ရောင် အလင်းတန်းများဖြင့် လွှမ်းခြုံထား သည်။ ထိုအနက်ရောင် အလင်းတန်းအတွင်း၌ အမှောင်ထုကို ထိန်းချုပ်ထားသော ဧကရာဇ်တစ်ပါး၏ စိတ်ဆန္ဒများ ပါဝင်နေသည်။

၎င်းမှာ “အမှောင်ဧကရာဇ်လက်ညှိုး” ပင် ဖြစ်သည်။

၎င်းသည် ဆန်းကြယ်ကောင်းကင်အမှောင်ကျမ်းထဲက အမြင့်ဆုံး လျှို့ဝှက်ပညာရပ်တွေ ထဲက တစ်ခုဖြစ်ပြီး တာအိုပညာရပ်နှင့် သိုင်းပညာကို ပေါင်းစပ်ထားသည့် နည်းလမ်းတစ်ခု လည်း ဖြစ်ပါသည်။

ဗုန်း။

အမှောင်ဧကရာဇ် လက်ညှိုးနှင့် ဓားဦးဖျားတို့ ထပ်မံ ထိတွေ့သွားကြသည်။

ဤတစ်ကြိမ်တွင်လည်း ဟုန်ယွိ၏ ဓားဦးဖျားမှာ ကောင်းကင်မြွေဘုရင်မ၏ လက်ညှိုးကို ဖောက်ဝင်သွားပြန်သည်။ နောက်ထပ် သွေးတစ်စက် စိမ့်ထွက်လာပြန်သည်။ ကောင်းကင် မြွေဘုရင်မက မျက်မှောင်ကြုတ်လိုက်သည်။ ဓားချက်က သူမကို ပြင်းပြင်းထန်ထန် ထပ်မံ ထိခိုက်စေခဲ့ပုံရသည်။

သူမ၏ မျက်မှောင်ကြုတ်ပုံမှာ အလွန်ပင် သဘာဝကျလှသဖြင့် မည်သူမျှ သူမကို နောက်တစ်ကြိမ် ထပ်မံ မတိုက်ခိုက်လိုလောက်အောင်ပင်။

သို့သော် ဟုန်ယွိမှာမူ အနည်းငယ်မျှ တုန့်ဆိုင်းမနေပေ။ သူသည် ဓားကို ပြန်ရုပ်သိမ်းလိုက် ပြီး ကြည်လင်သော အလင်းတန်းမှာ ပျောက်ကွယ်သွားသည်။ အခဏအတွင်းမှာပင် ဓားဦး ဖျားမှ ထွက်ပေါ်လာသော ကြည်လင်သည့် အလင်းတန်းမှာ အခြားသော ထောင့်တစ်ခုမှ ရောက်ရှိလာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ကောင်းကင်မြွေဘုရင်မ၏ ဝမ်းဗိုက် အောက်ပိုင်းကို ပစ်မှတ်ထားခြင်း ဖြစ်သည်။

ကောင်းကင်မြွေဘုရင်မသည် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် နှိမ့်လိုက်ပြီး ဓားသွား ပေါ်သို့ လက်ညှိုးဖြင့် ရုတ်တရက် ခါလိုက်ရာ ဓား၏ အရှိန်မှာ ထပ်မံ အားပျော့သွားသည်။ သူမသည် လက်ချောင်းငါးချောင်းကို စုစည်းလိုက်ပြီး ဓားသွားကို ဖမ်းဆုပ်ရန် ညင်သာစွာ ဆွဲတင်လိုက်သည်။

သို့သော် ဓား၏ အငွေ့အသက်က တုန်ခါသွားသည်။ ဖြန်း..၊ သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူလွှသော လက်ချောင်းများပေါ်တွင် သွေးရာအနည်းငယ် ထင်ကျန်ရစ်ခဲ့ပြီးနောက် ဓားမှာ ပြန်လည် ပျောက်ကွယ်သွားသည်။

“ဟမ်…”

လက်ညှိုးပေါ်မှ သွေးများကို ကောင်းကင်မြွေဘုရင်မသည် လုံးဝ ဂရုမစိုက်ပေ။ သူမသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ရာ အနက်ရောင် ချီစွမ်းအင်များက ၎င်းကို ရစ်ပတ်သွားသည်။ မိုးရွာသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ အနှစ်သာရ နတ်ဘုရားကျောင်း၏ နတ်ဘုရား ကုသခြင်းပညာရပ်ပင် ဖြစ်သည်။

ကောင်းကင်မြွေဘုရင်မ ရှင်းမိုသည် နတ်ဘုရား ကုသခြင်းပညာရပ်ကို တိတ်တဆိတ် လေ့လာထားခဲ့သည်မှာ ထင်ရှားလှသည်။

“မင်းရဲ့ လူသားအင်မော်တယ် ကိုယ်ပွား၊ စကြာဝဠာအိတ်နဲ့ အတိတ်ကျမ်းစာရဲ့ အစွမ်း ထက်လှတဲ့ စိတ်ဝိညာဉ် ပြန်လည်ကုစားခြင်း အစွမ်းတွေပေါင်းစပ်ပြီး မင်းက ဟင်းလင်းပြင် ဖျက်ဆီးနိုင်စွမ်းကို အတုယူနေတာပါ။ ဒါပေမဲ့ မင်းက အဲဒီပညာရပ်မှာ ကျွမ်းကျင်တဲ့သူ မဟုတ်သေးဘူး၊ ပြီးတော့ စွမ်းအား ကွာခြားချက်ကလည်း တွက်ချက်လို့ မရနိုင်ဘူး။ အခုတော့ မင်းက ငါ့ရဲ့ ဈာန်လေးဆင့်ကို ဖောက်ထွင်းနိုင်ပေမဲ့ အဲဒါက စွမ်းအင်တွေ အများကြီး ကုန်ဆုံးစေလိမ့်မယ်။ မင်းရဲ့ အားအင်တွေ ကုန်ခမ်းနေပြီ၊ ငါ့ရဲ့ အမှောင်ဧကရာဇ်ရဲ့ လက်သီးကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။”

သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိုးနှက်မည့် ဓားမှာ ပျောက်ကွယ်သွားသည်။ ကောင်းကင် မြွေဘုရင်မ ရှင်းမိုသည် ခန္ဓာကိုယ်ကို ဘယ်ညာ လှုပ်ရှားလိုက်ပြီး ရုတ်တရက် ပြောလိုက် ခြင်း ဖြစ်သည်။

ဝှစ်။

ဓားဦးဖျားမှာ သူမ၏ မျက်ခုံးနှစ်ခုကြားသို့ နောက်တစ်ကြိမ် တိုးဝင်လာပြန်သည်။

ရှင်းမိုသည် နောက်တစ်ကြိမ် လက်ညှိုးဖြင့် ညွှန်ပြကာ ဓားကို ဖမ်းဆီးလိုက်သည်။ ထို့နောက် ဟင်းလင်းပြင်၏ အရပ်မျက်နှာအနှံ့မှ လှည့်ပတ်သွားလာနေသည့် အသံများမှာ ထပ်ခါတလဲလဲ ထွက်ပေါ်လာသည်၊ “မှန်တယ်၊ ကျုပ်ရဲ့ လူသားအင်မော်တယ် ကိုယ်ပွားက ကျင့်ကြံခြင်း မစရသေးဘူး။ အခု အားကောင်းနေပြီ ဆိုပေမဲ့ ခင်ဗျားရဲ့ ဈာန်လေးဆင့်ကို ထိုးဖောက်ပြီးရင် စွမ်းအား သိပ်မကျန်တော့ဘူး။ ခင်ဗျားရဲ့ အမှောင်ဧကရာဇ် လက်ညှိုးကို မထိုးဖောက်နိုင် ပေမဲ့ ခင်ဗျားကကော ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ။”

ဤသို့ပြောပြီးနောက် ဟုန်ယွိသည် မည်သည့်အသံမျှ မထွက်တော့ပေ။ သူမကို အရပ်မျက်နှာအနှံ့မှ အဆက်မပြတ် ထိုးနှက်နေသည့် ဓားချက်များသာ ကျန်ရှိတော့သည်။

ဓားခုတ်ချက် တစ်ခုချင်းစီမှာ အတိုင်းအဆမရှိသော စွမ်းအားများ ပါဝင်နေသည်။ သိပ်သည်းလှသော သွေးနှင့် စွမ်းအားများမှာ တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ပိုမို ထက်မြက်ကာ ပိုမို မြန်ဆန်လာသည်။

ဟုန်ယွိ၏ ခန့်မှန်းရခက်သော တိုက်ခိုက်မှုများနှင့် ပြင်းထန်သော ဓားချီများကို ရင်ဆိုင်ရင်း ရှင်းမို၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် လှုပ်ရှားနေသည်။ သူမ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တိုင်းတွင် သူမ၏ လက်ချောင်းများမှာ အထက်အောက် ပျံသန်းနေပြီး ဓားဦးဖျား၏ ထိုးနှက်ချက်များကို တားဆီးနေသည်။

ဤပညာရှင် နှစ်ဦး ပိုမိုမြန်ဆန်စွာ တိုက်ခိုက်ကြလေ, ပိုမို ပြင်းထန်လာလေ ဖြစ်သည်။ သူတို့သည် ကောင်းကင်ယံမှ မြေပြင်အထိ၊ ထို့နောက် မြေပြင်မှ ကောင်းကင်ယံအထိ ပျံဝဲ တိုက်ခိုက်ကြသည်။ ဟုန်ယွိသည် စကြာဝဠာအိတ်ကို အသုံးပြု၍ ဟင်းလင်းပြင်အတွင်း အဆက်မပြတ် ဖြတ်သန်းသွားလာနေပြီး ကောင်းကင်မြွေဘုရင်မ ရှင်းမိုကမူ ဈာန်လေး ဆင့် ကောင်းကင်ဘုံ အကာကွယ်ဂါထာကို အသုံးပြု၍ မိမိကိုယ်ကိုယ် ကာကွယ်ထား သည်။ အမှောင်ဧကရာဇ် လက်ညှိုးတစ်ချောင်းဖြင့် တားဆီးကာ ခုခံစစ်ကို တင်းတင်း ကျပ်ကျပ် တည်ဆောက်ထားသည်။

ယခုအခါ ဟုန်ယွိက အသာစီးရနေပြီး သူ၏ ဓားက သူမနောက်သို့ လိုက်ပါတိုက်ခိုက်နေ သော်လည်း အချိန်တိုင်း၏ ပြိုင်ဘက်ကင်းသော နတ်ဆိုးဘုရင်မ ကောင်းကင်မြွေဘုရင်မ ကို သူ မသတ်နိုင်သေးပေ။

သို့သော် ဟုန်ယွိသည် တိုက်ပွဲအတွင်း ပိုမို ကျွမ်းကျင်လာသည်။ နတ်ဘုရားကျောက်တုံး သန္ဓေသား၏ စွမ်းအားကို သူ အပြည့်အဝ အသုံးချနိုင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ၎င်းနှင့် တဖြည်းဖြည်း ရင်းနှီးလာသည်။ သူသည် သန္ဓေသား၏ စွမ်းအားနှင့် အဆုံးမရှိသော ပေါက်ကွဲအားကို ခံစားနေရသည်။ ဟုန်ယွိသည် ထိုသန္ဓေသား၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ၎င်းအတွင်းသို့ ပြန်ဝင်စားလိုသော စိတ်ဆန္ဒများပင် ဖြစ်ပေါ်လာသည်။

သို့သော် ဟုန်ယွိက မိမိကိုယ်ကိုယ် ထိန်းချုပ်လိုက်သည်။ ပထမအချက်မှာ ချန်ပီယံမြို့စား ၏ လက်သီးဆန္ဒမှာ သန္ဓေသားအတွင်း၌ ကျန်ရှိနေသေးပြီး ၎င်းကို ဖယ်ရှားခြင်း မပြုရသေးပေ။

ဒုတိယအချက်မှာ သူသည် သူ၏ခန္ဓာကိုယ်ကို အဆင့်ဆင့် ကျင့်ကြံသွားရမည် ဖြစ်သည်။ သူသည် သူ၏ခွန်အားကို တစ်ဆင့်ချင်းစီ နားလည်သဘောပေါက်အောင် လုပ်ဆောင်ပြီး ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ရမည်။ သို့မှသာ အနာဂတ်တွင် အမြင့်ဆုံးသော ပညာရှင်တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။ ခိုင်မာသော အခြေခံရှိမှသာ ခြေလှမ်းတိုင်းကို တည်ငြိမ်စွာ လှမ်းနိုင်မည်ဖြစ်ပြီး သူ၏ ဝိညာဉ်မှာလည်း အားကောင်းလာမည် ဖြစ်သည်။

ဤနတ်ဘုရားကျောက်တုံး သန္ဓေသားသည် အထောက်အပံ့တစ်ခုသာ ဖြစ်သည်။

ခွန်း….။

ဟုန်ယွိ၏ ပါးစပ်မှ ကောင်းကင်ဘုံ ကိုးထပ်ရှိ ကြိုးကြာငှက်တစ်ကောင်၏ ဟစ်အော်ကဲ့သို့ စူးရှသော အော်အသံတစ်ခု ထွက်ပေါ်လာသည်။ ဤလူသားအင်မော်တယ်၏ ဟစ်ကြွေးသံ သည် လှိုင်းတစ်ခုအဖြစ် စုစည်းသွားပြီး ဈာန်လေးဆင့် ကောင်းကင်ဘုံ ဒိုင်းလွှားကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ဘန်း…၊ ဘန်း…။

ကောင်းကင်မြွေဘုရင်မ ရှင်းမို၏ ဒိုင်းလွှားမှာ အရပ်မျက်နှာအနှံ့ ပေါက်ကွဲသွားပြီး သူမ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဝေဝါးသော မှော်စာလုံးများမှာလည်း ပေါက်ကွဲကုန်သည်။

ဤအခွင့်အရေးကို အသုံးချ၍ ဟုန်ယွိသည် သူ၏ဓားဖြင့် ညွှန်ပြလိုက်ရာ ဖြောင့်တန်းသော အလင်းတန်းတစ်ခုမှာ ရှင်းမို၏ လည်ချောင်းဆီသို့ တိုးဝင်သွားတော့သည်။

ရှင်းမို၏ ခန္ဓာကိုယ်မှာ အလျင်အမြန် ပျံသန်းသွားသော်လည်း ဓားဦးဖျားမှာမူ သူမ၏ လည်ချောင်းဆီသို့ တင်းတင်းကျပ်ကျပ် ပစ်မှတ်ထားထားဆဲ ဖြစ်သည်။ ၎င်းမှာ တစ်ပေခန့် သာ ကွာဝေးတော့သည်။ ရုတ်တရက် ကောင်းကင်ယံမှာ မှောင်အတိကျသွားပြီး ကြယ်စင် တိုင်းမှာ အမှောင်ထု၏ ကျူးကျော်မှုကို ခံလိုက်ရပုံရသည်။ ထို့နောက် ထူထဲသော အနက်ရောင် အလင်းတန်းတစ်ခု ကျဆင်းလာပြီး ကောင်းကင်မြွေဘုရင်မ ရှင်းမို၏ရှေ့တွင် လူတစ်ယောက်အဖြစ် ပုံပေါ်လာသည်။

ဤလူသည်လည်း အနက်ရောင် ဝတ်ဆင်ထားပြီး အနက်ရောင် သရဖူကို ဆောင်းထား သည်။ သို့သော် သူ၏ မျက်လုံးများမှာ မှောင်မိုက်နေပြီး သူငယအိမ် သို့မဟုတ် အလင်းရောင် မရှိဘဲ အမှောင်ထုအတိသာ ဖြစ်နေသည်။

အနက်ရောင်ဝတ် တာအိုသခင်သည် ဆင်းသက်လာပြီး ဓားဦးဖျားကို တားဆီးရန် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

“ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်၊ ခင်ဗျားလို ကိုယ်ပွားတစ်ခုက ကျုပ်ရဲ့ လူသား အင်မော်တယ် ဓားကို တားဆီးရဲတယ်ပေါ့ ဟုတ်လား။ သေပေတော့။”

ဟုန်ယွိက ဟစ်အော်လိုက်ပြီး သူ၏ဓားကို လှုပ်ခါလိုက်သည်။ ရွှပ်..၊ ဓားချက်တစ်ချက် တည်းဖြင့် အနက်ရောင်ဝတ် တာအိုသခင်မှာ နှစ်ပိုင်း ကွဲသွားတော့သည်။

သို့သော် နှစ်ပိုင်းကွဲသွားပြီးနောက် ထိုတာအိုသခင်မှာ ချက်ချင်း ပျောက်ကွယ်မသွားပေ။ ၎င်းအစား အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး မရေမတွက်နိုင်သော အတွေးစများ အဖြစ် ပြောင်းလဲကာ ပြန်လည် စုစည်းလျက် ပိတ်ဆို့လိုက်ပြန်သည်။

ဟုန်ယွိသည် သူ၏ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး ကြည်လင်သော အလင်းတန်းတစ်ခုနှင့် အတူ ထွက်ခွာသွားတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ဟုန်ယွိသည် ဟင်းလင်းပြင်အတွင်းမှ ပြန်လည် ထွက်ပေါ်လာ သည်။ ကောင်းကင်ယံတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး မည်သူမျှ ကျန်မရှိတော့ ပေ။ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်နှင့် ကောင်းကင်မြွေဘုရင်မ ရှင်းမိုတို့ နှစ်ဦး စလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

All Chapters