အခန်း (၃၅၉-၃၆၀)
Vol. 33 Ch. 359-360
အခန်း (၃၅၉)။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ က စစ်နတ်ဘုရား 'ရှန့်' အသုံးပြုခဲ့တဲ့ 'သေမင်းအလင်း နတ်ဘုရားလှံ' က တကယ်ကို အစွမ်းထက်တာပဲ။ ငါ့ရဲ့ 'မဟာ လေဟာနယ်လက်ဝါး'၊ 'အတိတ်ကျမ်းစာ'၊ 'နတ်ဘုရား ရှစ်ပါးရဲ့ စွမ်းအား' နဲ့ 'ဉာဏ်ပညာလက်ဝါးတံဆိပ်' တွေ တောင်မှ ဒါကို မတွန်းလှန်နိုင်ဘူး ဖြစ်နေတယ်။ ဒီနတ်ဘုရားလှံရဲ့ တိုက်ခိုက်လိုတဲ့ စိတ်ဆန္ဒက အတိုင်းအဆမရှိဘူးပဲ။ ရှေးဟောင်း စစ်နတ်ဘုရားတစ်ပါးရဲ့ လက်နက်ပီပီ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမရဲ့ တည်ထောင်သူ ‘အမှောင်ဧကရာဇ်' ရဲ့ အမှောင် ဧကရာဇ်လက်ညှိုးကိုတောင် ချိုးဖျက်နိုင်ခဲ့တာ အံ့သြစရာ မရှိတော့ဘူး။”
ဟုန်ယွိသည် 'မဟာ လေဟာနယ်လက်ဝါး' ကို ထုတ်ဖော်လိုက်သည်။ အတိတ်ကျမ်းစာ၏ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီး ထွက်ပေါ်လာပြီး၊ ပစ္စုပ္ပန်ကျမ်း၏ 'ဉာဏ်ပညာလက်ဝါး တံဆိပ်'ကို ဖော်ဆောင်ကာ၊ ချန်ပီယံမြို့စား၏ 'သေမင်းအလင်း နတ်ဘုရားလှံ' ကို တခဏ အတွင်း ပိတ်ဆို့လိုက်သည်။ သို့သော် ထိုအချိန်မှာပင် 'သေမင်းအလင်း နတ်ဘုရားလှံ' ၏ ခရမ်းရောင်ကိုယ်ထည်ပေါ်ရှိ မျက်လုံးပေါင်း တစ်ရာသည် ရုတ်တရက် ဝုန်းခနဲ ပွင့်လာကြ သည်။ မျက်လုံးသူငယ်အိမ်များမှာ တဖျတ်ဖျတ် တောက်ပလာပြီး လှံရိုးတစ်လျှောက်မှ ပြင်းထန်လှသော လက်သီးဆန္ဒများ ဖြာထွက်လာတော့သည်။ ဤလက်သီးဆန္ဒမှာ ဒြပ်ကိုယ်ထည်တစ်ခုကဲ့သို့ ခိုင်မာလာပြီး၊ စစ်မြေပြင်တွင် တဟုန်ထိုး ချီတက်လာသည့် ကြီးမားလှသော စစ်တပ်ကြီးတစ်ခု၏ သတ်ဖြတ်လိုစိတ် အရှိန်အဝါကို သယ်ဆောင်လာ သည်။ ထိုအထဲတွင် မည်သည့်ကြင်နာသနားမှု အရိပ်အယောင်မျှ မပါဝင်ဘဲ သန့်စင်သော တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုသက်သက်သာ ရှိသည်။
ဂျိန်း... ဂျိန်း...
'သေမင်းအလင်း နတ်ဘုရားလှံ'မှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် လက်သီးဆန္ဒသည် ပြင်းထန်စွာ တုန်ခါသွားပြီး 'မဟာ လေဟာနယ်လက်ဝါး'၏ လက်ညှိုးနှင့် လက်ခလယ် တို့ကို အမှန်ပင် အစိတ်စိတ်မွှာမွှာ ချိုးဖျက်ပစ်လိုက်သည်။
အမှောင်ဧကရာဇ်လက်ညှိုးသည် ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ၏ အစွမ်းထက်ဆုံး သော တာအိုပညာရပ်များထဲမှ တစ်ခုဖြစ်သည်။ အလယ်ခေတ်ကာလတွင် 'အမှောင် ဧကရာဇ်' တာအိုပညာရှင်သည် ဤလက်ညှိုးပညာဖြင့် ပညာရှင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ ဟုန်ယွိသည် ကောင်းကင်မြွေဘုရင်မနှင့် တိုက်ခိုက်စဉ်ကလည်း ဤလက်ညှိုး၏ စွမ်းအားကို မြင်တွေ့ခဲ့ရဖူးသည်။
သို့သော် ဤ 'သေမင်းအလင်း နတ်ဘုရားလှံ' မှာမူ 'အမှောင်မိုက် ဧကရာဇ်' ၏ လက်ညှိုး ကိုပင် ထိုးဖောက်နိုင်ခဲ့သည်မှာ နတ်ဘုရားရတနာများထဲမှ ရတနာ၊ မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်လောက်အောင် အမှန်ပင် အစွမ်းထက်လှသော လက်နက်ဖြစ်သည်။
ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမကို တည်ထောင်သူ 'အမှောင်မိုက် ဧကရာဇ်' ၏ တာအို ပညာမှာ ကောင်းကင်မြွေဘုရင်မထက် အဆပေါင်းများစွာ သာလွန်ကြောင်း သိထားရမည် ဖြစ်သည်။ 'မိုနိုဂါတာရီ' တောင်မှ သူ့ကို မယှဉ်နိုင်ပေ။
“အဆုံးမဲ့လေဟာနယ်….”
'မဟာလေဟာနယ်လက်ဝါး' သည် နတ်ဘုရားလှံ၏ ဒဏ်ကြောင့် တုန်ခါသွားပြီး လက်ညှိုး နှင့် လက်ခလယ်တို့ ကျိုးပျက်သွားသော်လည်း ဟုန်ယွိကမူ တုန်လှုပ်ခြင်း မရှိပေ။ သူသည် ပါးစပ်မှ စကားလုံးနှစ်လုံးကို ရွတ်ဆိုလိုက်သည်။
ထိုရွတ်ဆိုသံမှာ ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားပြီး ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်မှ အလင်းတန်းများက ထာဝရတည်မြဲခြင်း အငွေ့အသက်များနှင့်အတူ ပိုမိုတောက်ပလာ သည်။ သူ၏ ကျိုးပျက်သွားသော လက်ချောင်းများမှာ ချက်ချင်းပင် ပြန်လည်ကောင်းမွန် လာပြီး တစ်ချိန်တည်းမှာပင် လက်ဝါးအလယ်၌ “卍” Swastika၊ သင်္ကေတတစ်ခု ပေါ်လာ ကာ 'အဆုံးမဲ့လေဟာနယ်စည်းတံဆိပ်' အဖြစ် ပုံဖော်လိုက်သည်။
ဤစည်းတံဆိပ်မှာ အိမ်ရှေ့စံမင်းသား ယန်ယွမ်က တာအိုသခင်ကျန်းခုန်းထံ သင်ကြား ပေးခဲ့သော ပညာဖြစ်ပြီး အလွန်ပင် စွမ်းအားကြီးမားကာ ‘အသက်မဲ့အနာဂတ်ကျမ်းစား' ၏ စစ်မှန်သော ပညာရပ်တစ်ခု ဖြစ်သည်။
ဘုန်း…။
ကျယ်လောင်သော အသံကြီးနှင့်အတူ 'မဟာ လေဟာနယ်လက်ဝါး'သည် ဖမ်းချုပ်ထား သည့်ပုံစံမှ ရိုက်နှက်သည့်ပုံစံသို့ ပြောင်းလဲသွားသည်။ လက်ဝါးပုံစံသည် ပြောင်းလဲသွားပြီး လှံထိပ်ဖျားကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ 'သေမင်းအလင်း နတ်ဘုရားလှံ' မှာ လမ်းကြောင်း အနည်းငယ် လွဲချော်သွားတော့သည်။
“မီးနှင့်ရေ၊ ယင်နှင့်ယန် ထိုးဖောက်ခြင်းလွန်။”
ချန်ပီယံမြို့စားသည် ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှ သွေးစွမ်းအင်များ ဝုန်းခနဲ ထကြွလာသည်။ သူ၏ ဦးခေါင်းအထက်တွင် မမြင်နိုင်သော ပုံရိပ်တစ်ခု ဝိုးတဝါး ပေါ်လာသည်။ ထိုပုံရိပ်အတွင်း၌ ရှေးဟောင်း စစ်မြေပြင်မှ ကြေကွဲဖွယ် သတ်ဖြတ်မှု မြင်ကွင်းများ ပါရှိနေသည်။
တစ်ချိန်တည်းမှာပင် သူ၏ လှံသိုင်းကွက်မှာ ပြောင်းလဲသွားသည်။ လှံရိုးတစ်ခုလုံးမှာ မျက်လုံးပေါင်းတစ်ရာပါသော အဆိပ်ပြင်းနဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ လည်ပတ် လာသည်။ ထို့နောက် သူသည် ရှေးဟောင်းစစ်မြေပြင်၏ လက်သီးဆန္ဒများကို လှံအတွင်း သို့ အပြည့်အဝ ပေါင်းစပ်လိုက်သည်။
'သေမင်းအလင်း နတ်ဘုရားလှံ' တစ်ခုလုံး၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးမြင့်လာ သည်။ တခဏအတွင်းမှာပင် ခရမ်းရောင်အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာ ပြီး ပတ်ဝန်းကျင်သို့ လွှမ်းမိုးသွားတော့သည်။ ပြင်းထန်လှသော တိုက်ပွဲစိတ်ဆန္ဒများသည် လှံတံမှ ထွက်ပေါ်လာပြီး ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားသည်။
“နတ်ဘုရားစိတ်ဝိညာဉ် ချပ်ဝတ်အဖြစ်၊ သေမင်းအလင်း ပင်လယ်အဖြစ်၊ လနတ်ဘုရား ချပ်ဝတ်။”
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို ခရမ်းရောင် အလင်းလွှာတစ်ခုနှင့် ပြဒါးရည်ကဲ့သို့သော အလင်းလွှာတစ်ခုတို့က လွှမ်းခြုံသွားပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒြပ်သားအဖြစ် ခိုင်မာ သွားသည်။ ၎င်းမှာ အလွန်ပင် ခန့်ညားထည်ဝါလှသော ချပ်ဝတ်တန်ဆာတစ်ခုအလား ဖြစ်သွားခဲ့ပြီး၊ သူ့ကို ရှေးဟောင်းခေတ်မှ ဆင်းသက်လာသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။
'လနတ်ဘုရားမ' သည် အမှန်တကယ်ပင် ပြဒါးရည်ကဲ့သို့သော ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲသွားပြီး ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်တွင် ကပ်ငြိလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ ချန်ပီယံမြို့စားကို ပျံသန်းနိုင်စေရုံသာမက ကြီးမားသော စွမ်းအားနှင့် ကာကွယ်မှုများကိုပါ ပေးစွမ်းနိုင်သည်။
ဟုန်ယွိသည် နတ်ဘုရားမတစ်ပါးက ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲသွားသည်ကို တစ်ခါမှ မမြင်ဖူးသလို ကြားလည်းမကြားဖူးခဲ့ပေ။ သို့သော် လှံနှင့် ချပ်ဝတ်တို့ ပေါင်းစပ် သွားသောအခါ တစ္ဆေအင်မော်တယ်များ၏ လျင်မြန်မှု၊ ပျံသန်းမှု မှော်စွမ်းအားများသည် ချန်ပီယံမြို့စားရှေ့တွင် အသာစီးရရန် မလွယ်ကူတော့ပေ။
သိုင်းသူတော်စင် တစ်ယောက် ပျံသန်းနိုင်သွားပြီဆိုလျှင် တစ္ဆေအင်မော်တယ်များအတွက် ပျက်ဆီးကိန်း စိုက်ရောက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ချန်ပီယံမြို့စားသည် ဆေဘာ သူတော်စင် ဂွန်ယန်ယု ထက်ပင် မနိမ့်ကျသော ပညာရှင်တစ်ဦး မဟုတ်လား။
ရူး….။
ပြင်းထန်စွာ လည်ပတ်နေသော 'သေမင်းအလင်း နတ်ဘုရားလှံ'သည် 'မဟာ လေဟာနယ် လက်ဝါး'ကို ထိုးဖောက်သွားသည်။ ထိုလှံ၏ လည်ပတ်မှုကြောင့် ဟုန်ယွိ၏ အလင်းကွင်း ရှစ်ခုမှာ ပေါက်ကွဲသွားပြီး သူ၏ ဦးခေါင်းနောက်ဘက်သို့ ပြန်လည်ဝင်ရောက်သွားကြ သည်။ 'မဟာ လေဟာနယ်လက်ဝါး' မှာ နတ်ဘုရားလှံ၏ ဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
မဟာလေဟာနယ်လက်ဝါးပညာကို လှံတစ်ချက်တည်းဖြင့် ချိုးဖျက်ပြီးနောက် ချန်ပီယံ မြို့စား၏ သွေးရောင်မျက်လုံးများမှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ သူက နောက်ထပ် လှံတစ်ချက်ဖြင့် ဟုန်ယွိ၏ လည်ပင်းကို တည့်တည့်ချိန်ကာ ထိုးနှက်လိုက် သည်။ ခရမ်းရောင်အလင်းတန်းများ တဖျတ်ဖျတ် တောက်နေစဉ် မျက်လုံးပေါင်းတစ်ရာ မှာလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြသည်။ ၎င်းမှာ ရှေးဟောင်းစစ်မြေပြင်ရှိ စစ်သည်တော် ထောင်ပေါင်းများစွာက ဓားများကို တစ်ပြိုင်နက်တည်း ဝှေ့ယမ်းလိုက်သည့် အလင်းပြန်မှုနှင့် တူလှပြီး နှလုံးသားကို တုန်လှုပ်စေသော အသံကြီးလည်း ပါဝင်နေသည်။
“မင်း ငါ့ရဲ့ အထိခိုက်မခံတဲ့ အကြေးခွံကို ထိလိုက်ပြီ။ ဒီနေ့ 'သေမင်းအလင်း နတ်ဘုရားလှံ' ရဲ့ သတ်ဖြတ်ခြင်းဗျူဟာ ခုနစ်သွယ်ရဲ့ စွမ်းအားကို မင်း မြည်းစမ်းကြည့်စေရမယ်။ ဒီလှံနဲ့ သေရမှာဆိုတော့ မင်း ဂုဏ်ယူလိုက်စမ်းပါ။”
“သက်တန့်ရှည် နေမင်းထိုးဖောက်။”
ချန်ပီယံမြို့စား၏ လှံသည် ဟုန်ယွိ၏ လည်ပင်းကို တည့်တည့် ထိုးစိုက်လာသည်။ 'သေမင်းအလင်း နတ်ဘုရားလှံ' ၏ စွမ်းအားရှေ့တွင် မှော်စွမ်းအင်မှန်သမျှ အားနည်းလွန်း သည်ဟု ထင်မှတ်ရသည်။
ဝူးးး ဝူးးး ဝူးးး...
လှံကို ထိုးနှက်လိုက်သည်နှင့် တစ်ပြိုင်နက် 'မဟာကျိနတ်ဘုရားဆေဘာ' ကို ကိုင်ဆောင် ထားသော စစ်နတ်ဘုရားတစ်ပါးသည် ဟင်းလင်းပြင်တွင် ချက်ချင်း ပေါ်လာသည်။ သူ၏ ဆေဘာအလင်းများမှာ ဝှေ့ယမ်းသွားပြီး လှံကို ပြင်းထန်သော အရှိန်အဝါဖြင့် ရိုက်ချလိုက် ရာ ပြင်းထန်သော တုန်ခါမှုနှင့် တောက်ပသော အလင်းများ ပေါက်ကွဲထွက်သွားတော့ သည်။
“လမင်းပျက်စီး၊ ကြယ်များ နစ်မြုပ်။”
ချန်ပီယံမြို့စားသည် ထိုစစ်နတ်ဘုရား ပေါ်လာသည်ကို မြင်သောအခါ သူ၏ လှံသိုင်းကို ဆက်လက် အသုံးပြုလိုက်သည်။ သူ၏ ခြေလှမ်းများမှာ လခြမ်းသဏ္ဌာန် ရွေ့လျားသွားပြီး လှံထိပ်ဖျားကို ပြင်းထန်စွာ တိုးဝင်စေလိုက်ရာ ရေအောက်နန်းတော်၏ အပေါ်ဘက်တွင် ရေတွက်မရနိုင်သော ကြယ်များ ပေါ်လာသည်။ ထိုကြယ်များသည် အထောက်အပံ့မဲ့သွား သကဲ့သို့ ကောင်းကင်ယံမှ ပြင်းထန်စွာ ကြွေကျလာကြတော့သည်။
၎င်းမှာ ကြယ်ကြွေမိုး ရွာသွန်းနေသကဲ့သို့ပင်။
လူတိုင်းသည် ကြယ်တံခွန်များ မြေပြင်သို့ အရှိန်ဖြင့် ကျဆင်းလာသော လေတိုးသံများနှင့် မီးတောက်အလင်းတန်းများကို ကြားမြင်နေကြရသည်။
ကြွေကျလာသော ကြယ်စင်များ၏ စွမ်းအား၊ လေထုကို ထိုးဖောက်လာပြီး မြေပြင်ကို ရိုက်ခတ်မည့် အရှိန်အဝါနှင့် မီးတောက်များ၏ ဒဏ်ကို မည်သည့် သိုင်းကျင့်ကြံသူမှ မတွန်းလှန်နိုင်ပေ။
ယခု ချန်ပီယံမြို့စားက 'လမင်းပျက်စီး၊ ကြယ်များ နစ်မြုပ်' သိုင်းကွက်ကို အသုံးပြုလိုက် သောအခါ လှံထိပ်ဖျားမှ အလင်းများ တောက်လာပြီး ကြယ်စင်များ ကြွေကျကာ လင်းလက်နေသော လမင်းကြီးမှာလည်း ပျက်စီးသွားတော့သည်။ ၎င်းမှာ အနှိုင်းမဲ့သော စွမ်းအားပင်။
ထိုနေရာရှိ ပညာရှင်များ မြင်တွေ့လိုက်ရသောအခါ သူတို့၏ နှလုံးသားများ ကျုံ့ဝင်သွား ကြသည်။ ဟုန်ယွိနှင့် ချန်ပီယံမြို့စားတို့၏ တိုက်ပွဲမှာ အလွန်ပင် မြန်ဆန်လှသဖြင့် သူတို့ ကြားဝင်တားဆီးရန် အချိန်မရသလို၊ တားဆီးနိုင်မည့် စွမ်းအားလည်း မရှိကြပေ။
ဖူးး... ဖူးး... ဖူးး...
တစ်ခဏအတွင်းမှာပင် ဟုန်ယွိ၏ စစ်နတ်ဘုရားသည် ချန်ပီယံမြို့စား၏ လမင်းပျက်ဆီး ကြယ်များနစ်မြုပ်သိုင်းကွက်ဒဏ်ကြောင့် ခန္ဓာကိုယ်တွင် အပေါက်ပေါင်း ထောင်ချီ ဖြစ်သွားပြီး လက်ထဲမှ 'မဟာကျိနတ်ဘုရားဆောဘာ' မှာလည်း ကြေမွပျက်စီးသွားကာ ဟုန်ယွိ၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်အတွေးများအဖြစ် ပြန်လည်ဝင်ရောက်သွားတော့ သည်။
ဟုန်ယွိသည် သူ၏ စစ်နတ်ဘုရား ပျက်စီးသွားသည်ကို မြင်သော်လည်း မျက်မှောင်ပင် မကြုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ပုံမှန်သာ ဖြစ်သောကြောင့်ပင်။
အမှန်တကယ်တော့ ချန်ပီယံမြို့စား၏ သိုင်းပညာနှင့် အရှိန်အဝါမှာ ပြင်းထန်လှသော် လည်း ဟုန်ရွှန်ကျိနှင့် သူ့အမေ၏ အုတ်ဂူရှေ့တွင် ရင်ဆိုင်ခဲ့ရစဉ်ကထက် အနည်းငယ် အားနည်းနေသေးသည်။ ထိုစဉ်က ဟုန်ရွှန်ကျိသည် သူ၏ စွမ်းအားအစစ်ကို အသုံးမပြုခဲ့ သော်လည်း အရှိန်အဝါမှာ ကျန်ရစ်နေခဲ့သေးသည်။
သို့သော် ချန်ပီယံမြို့စားတွင် ဤမျှ အစွမ်းထက်နေရခြင်းမှာ 'သေမင်းအလင်း နတ်ဘုရား လှံ'ကြောင့်ပင် ဖြစ်သည်။ ထိုလှံတွင် သိုင်းတာအို၏ စိတ်ဝိညာဉ်၊ ဖော်ပြမရနိုင်သော သွေးနီရောင် ယန်စွမ်းအားများ၊ ရှေးဟောင်းစစ်မြေပြင်၏ သတ်ဖြတ်လိုစိတ်များ၊ စစ်နတ်ဘုရား၏ သူရဲကောင်းစိတ်ဆန္ဒနှင့် ချန်ပီယံမြို့စား၏ စိတ်ဓာတ်တို့ ပေါင်းစပ်နေ သည်။ ၎င်းကို ချန်ပီယံမြို့စား၏ လက်သီးဆန္ဒနှင့် ပေါင်းစပ်လိုက်သောအခါ မှော်စွမ်းအင် မှန်သမျှကို ဖျက်ဆီးနိုင်ပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုပါ တိုက်ရိုက် ဖျက်ဆီးပစ်နိုင်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ က ရှေးဟောင်းစစ်နတ်ဘုရား 'ရှန့်' ၏ လှံနှင့် လှံသိုင်းများ ဤလောကထဲသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သဖြင့် ၎င်း၏ စွမ်းအားမှာ အတိုင်းအဆ မရှိပေ။
ထို့အပြင် လနတ်ဘုရားမက ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲပြီး ချန်ပီယံမြို့စားကို ထောက်ပံ့ပေးထားသေးသည်။ အကယ်၍ ထိုစဉ်က ဟုန်ရွှန်ကျိသာ ဤချပ်ဝတ်နှင့် ဤလှံ ရှိနေခဲ့လျှင် ဟုန်ယွိပေါင်း တစ်ရာရှိရင်တောင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
“ကောင်းကင်ပြိုလဲ၊ မြေပြင်ကွဲအက်။”
ချန်ပီယံမြို့စားသည် လှံတစ်ချက်ဖြင့် စစ်နတ်ဘုရားကို ဖျက်ဆီးပြီးနောက် ထပ်မံ ဟစ်ကြွေးလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် သူ၏ စွမ်းအားမှာ နောက်ထပ် အဆင့်တစ်ခု သို့ တိုးမြင့်သွားသည်။ သူ၏ ဟိန်းဟောက်သံကြောင့် 'ရေခဲဝိညာဉ် ရေအောက်နန်းတော်' ၏ အပေါ်ဘက်ရှိ အကာအကွယ်လွှာမှာ အမှန်တကယ်ပင် အက်ကွဲသွားတော့သည်။ ရေစက်များမှာ အောက်သို့ စိမ့်ကျလာပြီး နန်းတော်တစ်ခုလုံးမှာ သူ၏ အသံကြောင့်ပင် ပျက်စီးတော့မည့်အလား ထင်ရသည်။
ဘိုးဘေးဟုန်လင်သည် အလျင်မြန်ပင် သူ၏လက်ညှိုးဖြင့် ညွှန်လိုက်ရာ ဦးခေါင်းအထက်ရှိ 'ရေခဲဝိညာဉ် အသက်ပုလဲ' မှ ရေခဲမှုန်များ ထွက်ပေါ်လာပြီး အက်ကြောင်းများကို ပြန်လည် ဖာထေးလိုက်ရသည်။ ဤလှုပ်ရှားမှုလေး တစ်ခုတည်းကပင် ဘိုးဘေးဟုန်လင် ၏ မျက်နှာတွင် ချွေးစေးများ ပျံလာစေသည်။
ချန်ပီယံမြို့စား၏ ခြေလှမ်းများပ ပြောင်းလဲသွားသည်။ လနတ်ဘုရား ချပ်ဝတ်ကို ဝတ်ဆင် ထားသဖြင့် သူသည် ဟင်းလင်းပြင်ပေါ်တွင် မြေပြင်ကဲ့သို့ နင်းလျှောက်နေသည်။ သူ၏ လက်ထဲမှ 'သေမင်းအလင်း နတ်ဘုရားလှံ'ကို တစ်ချက် ခါယမ်းလိုက်ရာ နတ်ဘုရားလှံ သည် နဂါးနှင့် မြွေများကဲ့သို့ ထူးဆန်းသော အရိပ်များအဖြစ် ပြောင်းလဲကာ၊ ဟင်းလင်းပြင် ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
ထိုနဂါးမြွေပုံရိပ်များကြားမှ လှံထိပ်ဖျားသည် ဟုန်ယွိ၏ နှလုံးသားဆီသို့ တန်းတန်း မတ်မတ် ထိုးစိုက်လာနေသည်။
လှံထိပ်ဖျား ထိုးစိုက်တော့မည့် ဆဲဆဲမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်ပတ်လည်၌ ချော်ရည်နံ့ များ ပြင်းထန်စွာ ထွက်ပေါ်နေသော ဖြူဖွေးသော ဥခွံအလွှာတစ်ခု ပေါ်လာသည်။ ၎င်းမှာ 'အမှောင်နတ်ဘုရားဥ' ပင် ဖြစ်ပြီး သူ့ကို ဝိုင်းရံကာကွယ်လိုက်သည်။
ဖျစ်...
'သေမင်းအလင်း နတ်ဘုရားလှံ' သည် 'အမှောင်နတ်ဘုရားဥ' ကို ထိမှန်သွားပြီး ဥခွံတစ်ခု လုံး ချက်ချင်း ကြေမွသွားသော်လည်း လှံ၏ အရှိန်ကိုမူ တားဆီးပေးလိုက်နိုင်သည်။
“ဟွန်းးး။”
ဟုန်ယွိက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ခုန်ပျံလိုက်ကာ ပေပေါင်း များစွာ အဝေးသို့ လျှောတိုက် ဆုတ်ခွာလိုက်သည်။
“အေးစက်လမင်း၊ လေဟာနယ်ကို ဖြတ်ကျော်ခြင်း။” ချန်ပီယံမြို့စားက ဟစ်ကြွေးလိုက်ရာ ငွေရောင်အလင်းတန်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ 'ဖန်ဆင်းရှင်ဗူးသီး' ကို ထိမှန်သွား သည်။ ရုတ်တရက် 'ဖန်ဆင်းရှင်ဗူးသီး' သည် ရှေးဦးအမှောင်ထု စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ဝါးမြိုလိုက်တော့သည်။
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်တစ်ခုလုံး လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားသည်။
“ဒီသိုင်းကွက်လား။”
ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ ချန်ပီယံမြို့စား ပျောက်ကွယ်သွားသည် နှင့် တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်သော ကြည်လင်သည့် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်လည်း လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
နောက်တခဏတွင် ချန်ပီယံမြို့စားနှင့် ဟုန်ယွိတို့၏ ခန္ဓာကိုယ်များသည် လေဟာနယ် အတွင်းမှ တစ်ပြိုင်နက်တည်း ပြန်လည် ထွက်ပေါ်လာကြသည်။ ချန်ပီယံမြို့စားမှာ လှံကို ကိုင်ထားဆဲဖြစ်သော်လည်း ဟုန်ယွိမှာမူ ပြောင်းလဲသွားခဲ့ပြီ။ သူ၏ လက်ထဲတွင် ဓားရှည် တစ်လက်ကို ကိုင်ထားသည်။ ချန်ပီယံမြို့စားမှာ မောက်မာရိုင်းစိုင်းသော အရှိန်အဝါများ ရှိနေပြီး သူ၏ သွေးနှင့် အသက်စွမ်းအင်များမှာ ဒီရေကဲ့သို့ တက်ကြွနေသော်လည်း၊ ဟုန်ယွိ၏ ခန္ဓာကိုယ်ရှိ သွေးနှင့် အသက်စွမ်းအင်များမှာ ပိုမိုပြင်းထန်နေသည်။ သူ၏ ဟိန်းဟောက်သံမှာ အမှန်ပင် သိပ်သည်းသွားပြီး ဒြပ်သားအဖြစ်သို့ ပြောင်းလဲသွားကာ အပေါ်သို့ ထိုးဖောက်သွားသည်။ ဘုန်း… ကျယ်လောင်သော ပေါက်ကွဲအသံနှင့်အတူ 'ရေခဲဝိညာဉ် ရေအောက်နန်းတော်' ၏ အကာအကွယ်လွှာ တစ်ခုလုံးကို ထိုးဖောက်သွားရာ ရေတံခွန်တစ်ခုကဲ့သို့ ရေများ ဝေါခနဲ စီးကျလာတော့သည်။
“အား…။”
ချန်ပီယံမြို့စားသည် ရုတ်တရက် ကြည့်လိုက်ပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အခန်း (၃၆၀)။
“မင်း... မင်း တကယ်ပဲ ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံးထဲက ဝိညာဉ်သန္ဓေသား ကို အကောင်ဖောက်ပြီး ကိုယ်ပွားအဖြစ် ပြောင်းလဲလိုက်တာလား။”
ဟုန်ယွိ လေဟာနယ်အတွင်းမှ ပြန်လည်ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ချန်ပီယံမြို့စားသည် တစ်ဖက်လူထံမှ ထွက်ပေါ်နေသော ကြီးမားလှသည့် သွေးစွမ်းအင် များ၊ ဟိန်းဟောက်သံနှင့်အတူ ပါလာသည့် အထည်ကိုယ်ဒြပ် ထင်ရှားသော အသံလှိုင်း များ၊ ရိုင်းစိုင်းခန့်ညားလှသော အရှိန်အဝါများကို ခံစားလိုက်ရပြီး သူ့မျက်နှာမှာ အထိတ်တ လန့် ဖြူလျော့သွားတော့သည်။ သူ ကံကောင်းထောက်မစွာ ရရှိခဲ့သော 'ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး' ထဲမှ ဝိညာဉ်သန္ဓေသားကို ဟုန်ယွိက အပိုင်စီးလိုက်ပြီ ဖြစ်ကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။
“မဆိုးပါဘူး... ငါ မင်းကို ကျေးဇူးတင်ရမယ်။ မင်းရဲ့ ဒီဝိညာဉ်သန္ဓေသားသာ မရှိရင် ငါလည်း ကောင်းကင်မြွေဘုရင်မ ရှင်းမိုရဲ့ တိုက်ကွက်ကို ပြန်တွန်းလှန်နိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကြည်လင်သော အလင်းတန်းများ ဝန်းရံနေသည်။ ၎င်းမှာ စကြာဝဠာအိတ်ကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာငယ်လေးတစ်ခုပင်။
ယခုအခါ ဟုန်ယွိသည် နတ်ဘုရား ရှစ်ပါး၏ စွမ်းအားကို အသုံးပြုပြီးနောက် 'စကြာဝဠာ အိတ်' ကို စိတ်ကြိုက် လှုပ်ရှားစေနိုင်နေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် 'စကြာဝဠာအိတ်' ကို လေဟာနယ်အတွင်း ရွှေ့လျားနိုင်ရန် တစ္ဆေအင်မော်တယ် ၁၈ ပါး၏ စွမ်းအား လိုအပ်သော်လည်း၊ နတ်ဘုရား ရှစ်ပါး၏ စွမ်းအားကို ရရှိထားသော ဟုန်ယွိသည် ထိုတစ္ဆေအင်မော်တယ် ၁၈ ပါး၏ စွမ်းအားကို တစ်ဦးတည်းဖြင့် တောင့်ခံထားနိုင်သည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ လူသားအင်မော်တယ် ကိုယ်ပွားအတွင်းသို့ စိတ်ဝိညာဉ် ဝင်ရောက်လိုက်ပြီးနောက် ဟုန်ယွိ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အဆမတန် မြင့်တက်လာပြီး 'စကြာဝဠာအိတ်' ကို စိတ်ရှိတိုင်း အသုံးချနိုင်လာခြင်းပင် ဖြစ်သည်။
ချန်ပီယံမြို့စားတွင်မူ အစွမ်းထက်လှသော လနတ်ဘုရားမ 'ဟန်ယွဲ့' ရှိနေသကဲ့သို့ပင်။ သူမ၏ ဖန်ဆင်းရှင်ဗူးသီးကို အသုံးပြု၍ လေဟာနယ်အတွင်း ရွှေ့လျားခြင်းမှာ သူ့အတွက် ဘာမှ ခက်ခဲသော ကိစ္စမဟုတ်ပေ။
“ပြီးခဲ့တဲ့တစ်ခေါက်က မင်း ကောင်းကင်မြွေဘုရင်မကို ပြဿနာရှာခဲ့လို့ သူမက မင်းကို ကောင်းကင်တိုင်တောင်အထိ လိုက်လံတိုက်ခိုက်ခဲ့ပြီး မင်း 'နတ်ဘုရားကျောက်တုံး' ကို ရသွားတာပဲ။ မင်းက ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို သုံးပြီး သူမရဲ့ ကိုယ်ပွားကို သတ်ခဲ့ တယ်။ ဒီတစ်ခါမှာတော့ ကောင်းကင်မြွေဘုရင်မက ငါနဲ့ ပူးပေါင်းပြီး မင်းကို သတ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ ငါက ငြင်းပယ်ခဲ့ပြီး သူမနဲ့ တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးတော့ ငါက 'နတ်ဘုရားကျောက်တုံး'ထဲက ဝိညာဉ်သန္ဓေသားကို သုံးပြီး သူမကို ပြန်မောင်းထုတ် နိုင်ခဲ့တယ်။ "ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာတယ်"လို့ ပြောလို့ရတယ်။ 'နတ်ဘုရား ကျောက်တုံး' က မင်းအတွက် ကျရောက်မယ့် ဘေးဒုက္ခကို ကြားဖြတ်ဟန့်တားပေးခဲ့တာ ပဲ။ မင်း အခုထိ မကျေနပ်သေးဘူးလား။”
ဟုန်ယွိသည် ဟင်းလင်းပြင်တွင် မတ်တပ်ရပ်နေပြီး သူ၏ ဓားရှည်ကို ထောင်မတ်ထားကာ အရှိန်အဝါများမှာ ဒီရေလှိုင်းကဲ့သို့ တက်ကြွနေ၏။ သူက ချန်ပီယံမြို့စားကို ကြည့်ကာ ထိုအကြောင်းအရာများကို ဖြည်းညင်းစွာ ပြောပြလိုက်ရာ လူတိုင်းအပေါ်သို့ ကြီးမားသော ဖိအားများ သက်ရောက်သွားတော့သည်။
ထိုစကားများကို ကြားသောအခါ လူတိုင်း မျက်နှာပျက်သွားကြပြီး အထူးသဖြင့် ရှင်းယုဆန်သည် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။
မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲတွင် ဥဒေါင်းဘုရင်နှင့် ကောင်းကင်မြွေဘုရင်မတို့မှာ ထိပ်ဆုံးတွင် ရှိနေသူများ ဖြစ်သည်။ မူလက ဥဒေါင်းဘုရင်သည် ဓာတ်ကြီးငါးပါးဂိုဏ်း၏ 'ကြည်လင်ကောင်းကင်ကျမ်း' ကို ရရှိထားသဖြင့် နံပါတ်တစ် ဖြစ်ခဲ့သော်လည်း၊ ကောင်းကင်မြွေဘုရင်မသည် ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမ၏ ခန်းမသခင်နှင့်အတူ ကျင့်ကြံပြီးနောက် ဥဒေါင်းဘုရင်ကို ကျော်တက်ကာ ထိပ်ဆုံးနေရာကို အခိုင်အမာ ယူထားနိုင်ခဲ့သည်။
ကျင့်ကြံသူများစွာ၏ မျက်လုံးထဲတွင် ကောင်းကင်မြွေဘုရင်မမှာ ဒဏ္ဍာရီလာ အစွမ်းထက် သူတစ်ဦး ဖြစ်သည်။
ဟုန်ယွိသည် ထိုသို့သော ပညာရှင်ကို ယှဉ်တိုက်နိုင်ရုံတင်မကဘဲ မောင်းထုတ်နိုင်ခဲ့သည် ဆိုပါက သူ၏ အစွမ်းမှာ မည်မျှအထိ ရှိနေသနည်း။
“မင်းက ဒီ'ကောင်းကင်တိုင် နတ်ဘုရားကျောက်တုံး'ကို ပေါက်ဖွားအောင်လုပ်ပြီး၊ ဝိညာဉ် သန္ဓေသားကို ရလိုက်ရုံနဲ့ အဲဒါကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ထင်နေတာလား။ ဟား.. ဟား.. ဟား... ဒီဝိညာဉ်သန္ဓေသားထဲမှာ ငါ့ရဲ့ သိုင်းတာအို လက်သီးဆန္ဒတွေ ကိန်းအောင်း နေတာ။ မင်း အများဆုံး လုပ်နိုင်တာက အဲဒါကို ဖိနှိပ်ထားရုံပဲ၊ ဖယ်ထုတ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ လက်သီးဆန္ဒထဲမှာ ရှေးခေတ် သူတော်စင်ဧကရာဇ် ဖန်ဟွမ်ရဲ့ အရှိန်အဝါတွေ ပါနေလို့ပဲ။ ရက်စက်တဲ့ အာဏာရှင်တစ်ယောက်ရဲ့ အရှိန်အဝါပေါ့။ ဒီနေ့ ဟာ ငါ့အတွက်တော့ ဒီအသစ်စက်စက် လူသားအင်မော်တယ် ခန္ဓာကိုယ်ကို 'မင်္ဂလာ ဝတ်စုံ' အဖြစ် ပြန်လည်ရယူဖို့ အချိန်ကောင်းပဲ။”
ချန်ပီယံမြို့စားသည် ဟုန်ယွိကို ကြည့်ကာ ရုတ်တရက် အော်ဟစ်ရယ်မောလိုက်ပါသည်။ သူ၏ သွေးရောင်မျက်လုံးများက ရုတ်တရက် ကြည်လင်လာပြီး အလွန်အမင်း တည်ငြိမ် သွားတော့သည်။ သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာမူ ပိုမိုပြင်းထန်သော အရှိန်ဖြင့် လည်ပတ်နေ၏။
သူ၏ စိတ်ခံစားချက် အပြောင်းအလဲက သူ၏ သိုင်းပညာကို တစ်စုံတစ်ရာ ထိုးဖောက် အောင်မြင်သွားစေပုံရသည်။
“ဟုန်ယွိ... မူလက ငါဟာ ဒီလောကမှာ အနှိုင်းမဲ့ဖြစ်ပြီး လူတိုင်းက ငါ့ကို ဒူးထောက်ခဲ့ရ တယ်။ ဒါပေမဲ့ ဒီနေ့မှာ မင်းဟာ ငါ့ရဲ့ အပြင်းထန်ဆုံး ပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကောင်းပြီ... တကယ်ကို ကောင်းတယ်။ ဒီလှံကို ခံယူလိုက်စမ်း။”
“အေးစက်လမင်း။”
ချန်ပီယံမြို့စား စကားပြောနေစဉ်မှာပင် ဖန်ဆင်းရှင်ဗူးသီးမှ ထွက်ပေါ်လာသော ရှေးခေတ် အမှောင်ထု စွမ်းအင်များက သူ့ကို ဖုံးအုပ်လိုက်ပြီး လေဟာနယ်အတွင်းသို့ လက်ခနဲ ပျောက်ကွယ်သွားသည်။ နောက်တခဏအကြာမှာပင် ထိုစွမ်းအင်လုံးကြီးသည် ဟုန်ယွိ၏ နောက်ကျော ပေ ၅၀ အကွာသို့ အသံတိတ် ရောက်ရှိလာသည်။ သေမင်းအလင်း နတ်ဘုရားလှံသည် လေထု၏ အရှိန်သတ်မှတ်ချက်ကို ကျော်လွန်ကာ ထိုးနှက်လိုက်ရာ လေထုနှင့် ပွတ်တိုက်မှုကြောင့် ဥက္ကာခဲတစ်ခုကဲ့သို့ မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်လာ တော့သည်။
“ကျယ်ပြောကောင်းကင်ယံ ဒေါသမီးလျှံ။”
ချန်ပီယံမြို့စား၏ ဟစ်ကြွေးသံမှာ လှံရိုးနောက်ကွယ်မှ ထွက်ပေါ်လာသည်။
ဟုန်ယွိက နောက်သို့ ပြန်လှည့်လိုက်စဉ်မှာ သူ၏ ခန္ဓာကိုယ်ကို ကြည်လင်သော အလင်းတန်းများက ပြန်လည်ဖုံးအုပ်လိုက်ပြီး လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွား ကာ ကမ္ဘာပျက်မတတ် ပြင်းထန်သော ထိုတိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ချန်ပီယံမြို့စား၏ ညာဘက်ဘေးမှ ရုတ်တရက် ထွက်ပေါ် လာသည်။ သူက သူ၏ ဓားရှည်ဖြင့် ညွှန်လိုက်ပြီး မည်သည့်ဓားစွမ်းအင်မှ ထုတ်ဖော်ခြင်း မရှိဘဲ ချန်ပီယံမြို့စား၏ နံဘေးကို တည့်တည့် ထိုးစိုက်လိုက်သည်။
ဓားစွမ်းအင်များ မပါဝင်သော်လည်း စုစည်းထားသော ဓား၏ ထက်မြက်မှုမှာ ပိုမိုပြင်းထန် လှသည်။ ဤဓားသိုင်းမှာ ဒိုင်ဇင်ဘုရားကျောင်း၏ ကောင်းကင်နဂါးဓားသိုင်းထဲမှ မိစ္ဆာနှိမ် ဓားသိုင်း ဖြစ်ပြီး လူသားအင်မော်တယ် ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပင် စွမ်းအားကြီးမားလှသည်။ ချန်ပီယံမြို့စား၏ လှံချက်မှာ ဟင်းလင်းပြင်ကိုသာ ထိမှန်သွား သော်လည်း သူ၏ နံဘေးသို့ ရောက်လာသော ဓားချက်ကို မြင်သောအခါ သူသည် အထိတ်တလန့် ဖြစ်မသွားပေ။ သေမင်းအလင်း နတ်ဘုရားလှံ၏ ကိုယ်ထည်မှာ တစ်ချက် လှုပ်ခါသွားပြီး ဒိုင်းတစ်ခုကဲ့သို့ပင် ဓားချက်ကို ဘုန်းဟူသောအသံနှင့်အတူ ပြန်လည် ကာကွယ်လိုက်သည်။
“အမှောင်ချပ်ဝတ်ကိုယ်ထည် အကာကွယ်လှံ။”
ဤလှုပ်ရှားမှုဖြင့် လှံ၏ကိုယ်ထည်က ဝှေ့ယမ်းသွားပြီး ဒိုင်းတစ်ခုကဲ့သို့ ကာကွယ်ပေးလိုက် ခြင်းက ချန်ပီယံမြို့စား၏ နက်နဲလှသော သိုင်းပညာ အခြေခံကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။
ဒေါင်…၊ ဒေါင်…၊ ဒေါင်….
ဓားထိပ်ဖျားနှင့် လှံကိုယ်ထည်တို့ ထိခိုက်မိသောအခါ ပေါင်ချိန် တစ်သိန်းခွဲခန့် လေးလံ သော ခေါင်းလောင်းကြီးကို ရိုက်ခတ်လိုက်သည့်အလား အသံကြီးများ ထွက်ပေါ်လာသည်။
သို့သော် ချန်ပီယံမြို့စားသည် ဟုန်ယွိ၏ ဓားချက်ကို ကာကွယ်နိုင်ခဲ့သော်လည်း ဓားမှ ပါလာသော ပြင်းထန်လှသော အင်အားကြောင့် သူ၏ လှံကို ကိုင်ထားသော လက်မှာ ထုံကျင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ်စီးသွား သကဲ့သို့ ခံစားလိုက်ရသည်။ ဤဓားချက်တွင် လူသားအင်မော်တယ် တစ်ဦး၏ စွမ်းအား များ ပါဝင်နေခြင်း ဖြစ်သည်။
ချန်ပီယံမြို့စားသည် သိုင်းသူတော်စင် အထွက်အထိပ်သို့ ရောက်နေပြီး လူသား အင်မော်တယ် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း၊ လူသားအင်မော်တယ် တစ်ဦး၏ စွမ်းအားနှင့် အရှိန်ဟုန်မှာ မည်သည့် သိုင်းသူတော်စင်နှင့်မျှ နှိုင်းယှဉ်၍ မရနိုင် ပေ။
လူသားအင်မော်တယ်နှင့် သိုင်းသူတော်စင်တို့၏ ကွာဟချက်မှာ သိုင်းသူတော်စင်နှင့် မဟာဆရာသခင်တို့၏ ကွာဟချက်ထက်ပင် ပို၍ ကြီးမားလှသည်။ ယခု သိုင်းပညာချင်း ယှဉ်ပြိုင်ရာတွင် ချန်ပီယံမြို့စား၏ သိုင်းအတွေ့အကြုံနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ဟုန်ယွိထက် ပို၍ ကြွယ်ဝသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သို့သော် ၎င်းတို့နှစ်ဦး၏ ခန္ဓာကိုယ် အင်အားမှာမူ အလွန်ပင် ကွာခြားလွန်းလှသည်။
ချန်ပီယံမြို့စား၏ သိုင်းသူတော်စင် ခန္ဓာကိုယ်ဖြင့် လူသားအင်မော်တယ်တစ်ဦး၏ ခွန်အား ကို တောင့်ခံထားရန်မှာ အလွန်ခက်ခဲလှသည်။ အကယ်၍ သူ့လက်ထဲတွင် သေမင်း အလင်း နတ်ဘုရားလှံသာ မရှိပါက အခြားမည်သည့် လက်နက်မဆို ထိုဓားချက်ဒဏ် ကြောင့် ဖန်သားပြင်ကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပေလိမ့်မည်။ ဟုန်ယွိ၏ ဓားချက်သည် သာမန် သံမဏိများ တောင့်ခံနိုင်သော အရာ မဟုတ်ပေ။
“မဟုတ်ဘူး... လူသားအင်မော်တယ်ရဲ့ စွမ်းအားက ဒီလောက်အထိ ကြီးမားတာလား။”
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်မှာ ထိုဓားချက်၏ တုန်ခါမှုကြောင့် ထုံကျင်သွားရသည်။ အတွေးတစ်ချက်ဖြင့် သူသည် သူ၏ သွေးနှင့်စွမ်းအင်များကို အတင်းအကျပ် ပြန်လည် လည်ပတ်စေပြီး သတိကို ပြန်လည် စုစည်းလိုက်ရသည်။
“ဟွန်း…၊ ချန်ပီယံမြို့စား... မင်းရဲ့ သိုင်းပညာက တကယ်ကို ပြောင်မြောက်လှပါတယ်။ ငါ့ရဲ့ နည်းစနစ်နဲ့ အတွေ့အကြုံက မင်းကို မမီသေးပေမဲ့ ငါ့ရဲ့ အင်အားကတော့ မင်းထက် အဆ ၃၀ ကနေ ၅၀ လောက် ပိုသာတယ်။ ဘယ်လိုလဲ။ ဒီဓားချက်က မင်းကို တော်တော် လေး တုန်လှုပ်သွားစေမှာပဲ။ ဒီနေ့ ငါ မင်းကို မသတ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် မင်း ရှိနေမှ နယ်စပ်ဒေသက တည်ငြိမ်ပြီး ယွန်မင်နိုင်ငံရဲ့ ကျူးကျော်မှုကို ဟန့်တားနိုင်မှာ။ ငါ မင်းကို သတ်လိုက်ရင် နန်းတော်ထဲမှာ ငါပဲ ကျန်တော့မယ်။ အဲဒီအခါ ဟုန်ရွှန်ကျိနဲ့ ဧကရာဇ်တို့က ငါ့ကိုပဲ အဓိကစောင့်ကြည့်ပြီး ကြောက်ရမယ့်လူ ဖြစ်သွားလိမ့်မယ်။ မင်းမှာတောင် ဖန်ဆင်းရှင်ဗူးသီး ရှိနေမှတော့ ဧကရာဇ်နဲ့ ဟုန်ရွှန်ကျိတို့မှာလည်း ဒီလို ရတနာမျိုးတွေ ရှိနေနိုင်တာပဲ။ တကယ်လို့ သူတို့နှစ်ယောက် ပူးပေါင်းလိုက်ရင် 'မိုနိုဂါတာရီ' တောင် သတိထားရမှာ။ ဒါပေမဲ့ မင်းရဲ့ မောက်မာတဲ့ စိတ်ဓာတ်ကိုတော့ ငါ ချိုးနှိမ်ပစ်ရမယ်။ မင်းမှာ မရှိသင့်တဲ့ စိတ်ကူးတွေကို မယဉ်မိစေဖို့ ငါ သင်ခန်းစာ ပေးရမယ်။”
ချန်ပီယံမြို့စား၏ ခန္ဓာကိုယ် ထုံကျင်နေစဉ်မှာပင် ဟုန်ယွိသည် လေဟာနယ်အတွင်းသို့ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
တစ်ချိန်တည်းမှာပင် လေဟာနယ်အတွင်းမှ တိုက်ခိုက်ရန် အချက်ကောင်းကို ရှာဖွေနေ သကဲ့သို့ မည်သည့်နေရာကမှန်းမသိသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ချန်ပီယံမြို့စားသည် ထိုစကားများကို ကြားရသောအခါ သူ၏ မာနတရားများမှာ အပ်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ နာကျင်သွားရသည်။ သူ၏ မျက်လုံးများတွင် သွေးရောင်များ ပြန်လည် လွှမ်းမိုးလာပြန်သည်။ သူက ကောင်းကင်ကို မော့ကြည့်ကာ ဒဏ်ရာရထားသော သားရဲတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ထိုအသံမှာ ငရဲဘုံ ကိုးထပ်မှ ထွက်ပေါ်လာသော မိစ္ဆာနတ်ဘုရားတစ်ပါး၏ အသံနှင့် တူလှသည်။
ထိုအချိန်မှာပင် ဟုန်ယွိသည် လေဟာနယ်အတွင်းမှ ပြန်လည်ပေါ်ထွက်လာပြီး ဓားချက် မှာ ကောင်းကင်ယံမှ ဆင်းသက်လာပြီး ချန်ပီယံမြို့စား၏ ရှေ့တည့်တည့်သို့ ရောက်လာ သည်။
ချန်ပီယံမြို့စားသည် အလျင်မြန်ပင် နောက်သို့ ဆုတ်လိုက်သော်လည်း ဓားချက်မှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပြဒါးရောင် လနတ်ဘုရား ချပ်ဝတ်ကို ထိုးခွဲသွားပြီး အဝတ်စုတ်တစ်ခုကို ဆွဲဖြဲလိုက်သည့်အလား အသံကြီး ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် လနတ်ဘုရားမ ဟန်ယွဲ့ထံမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ် လာသည်။
လနတ်ဘုရား ချပ်ဝတ်မှာ သူမ၏ ခန္ဓာကိုယ်မှ ပြောင်းလဲထားခြင်း ဖြစ်သဖြင့် ဟုန်ယွိ၏ ဓားချက်က သူမကို တိုက်ရိုက် ဒဏ်ရာရစေခြင်းပင် ဖြစ်သည်။
“ဟန်ယွဲ့…” ချန်ပီယံမြို့စားက အော်ဟစ်လိုက်သည်။
“မြို့စား... ဖန်ဆင်းရှင်ဗူးသီးထဲကို အမြန်ဝင်ပါ။ သူ့ကို ကျွန်မပဲ ကိုင်တွယ်လိုက်ပါ့မယ်။ သွားပါတော့။” လနတ်ဘုရားမ 'ဟန်ယွဲ့' ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ “သူ့ကို ကျွန်မ သတ်ပစ်မယ်။”
ဘုန်း!
ချန်ပီယံမြို့စားသည် ဖရိုဖရဲစွမ်းအင်များဖြင့် ဖုံးအုပ်ခံလိုက်ရပြီး 'ရေခဲဝိညာဉ် ရေအောက် နန်းတော်' အတွင်းမှ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး သူလည်း လေဟာနယ်အတွင်းသို့ လိုက်ပါသွားတော့သည်။
“သွားကြစို့။”
ဘိုးဘေးဟုန်လင်နှင့် သူ၏ တပည့်များ၊ ကျန်ရှိနေသော ပညာရှင်များအားလုံး ရေအောက် နန်းတော်အတွင်းမှ အမြန် ပျံထွက်လာကြသည်။
ထို့နောက် ရေအောက်နန်းတော်မှ မိုင်ပေါင်း ရာချီဝေးကွာသော မီးတောင်တစ်ခု၏ အထက် ကောင်းကင်ယံတွင် လနတ်ဘုရားမသည် ဖန်ဆင်းရှင်ဗူးသီးကို လက်တွင် ကိုင်ဆောင်လျက် ပေါ်လာသည်။ ဟုန်ယွိသည်လည်း သူမ၏ ရှေ့တွင် ချက်ချင်း ပေါ်လာသည်။
“မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီ။ မင်း သေရမယ်။” လနတ်ဘုရားမက ဟုန်ယွိ ကို အေးစက်စွာ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ ငွေဖြူရောင် တောက်ပြောင် နေပြီး ပြဒါးရည်ကဲ့သို့သော အလင်းတန်းများ ထွက်ပေါ်နေသည်။ သူမ၏ တစ်ကိုယ်လုံး တွင် ငွေရောင်အရည်များ စီးဆင်းနေပြီး ဒြပ်သားအဖြစ် ခိုင်မာနေသကဲ့သို့ပင်။
“နေမင်း၏ အဖိုးတန်ပုလဲ၊ မိုးကြိုးနဂါး အစစ်မှန် နတ်ဘုရား...”
ဟုန်ယွိသည် လူသားမဟုတ်သော ဤ 'နတ်ဘုရားမ' ကို ကြည့်လိုက်သော်လည်း သူမကို စကားမပြောပေ။ ရုတ်တရက် သူ၏ လက်ကို ခါယမ်းလိုက်ရာ နေမင်းအသေးစားလေးနှင့် တူသော မီးလျှံဆေးလုံးတစ်လုံး ပျံထွက်သွားသည်။ ဘန်း..။
ထိုမီးလျှံဆေးလုံးသည် မီးတောက်ပေါင်း ထောင်သောင်းချီအဖြစ် ပေါက်ကွဲထွက်သွားပြီး မီးတောင်ဝ၏ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ငွေရောင် လျှပ်စီးများနှင့် တူသော ထိုမီးတောက်များသည် လနတ်ဘုရားမထံသို့ တည့်တည့် တိုးဝင်သွားတော့သည်။
“ဟွန်းးး။”
လနတ်ဘုရားမက နှာခေါင်းရှုံ့လိုက်သည်။ “လရောင်ဆိုတာ နေမင်းရဲ့ အလင်းပြန်မှုပဲ။ ငါက လနတ်ဘုရားမပဲ။ ဒီမီးလျှံဆေးလုံးတွေက ငါ့အတွက်တော့ ငါ့ကို ခွန်အားဖြည့်စွမ်းရုံ သက်သက်ပဲ။”
သူမ ပြောပြောဆိုဆိုနှင့်ပင် သူမ၏ တစ်ကိုယ်လုံးမှ မီးတောက်များကဲ့သို့ တောက်ပသော ငွေရောင်အလင်းတန်းများကို ထုတ်ဖော်လိုက်သည်။ မီးတောက်များ သူမ၏ ခန္ဓာကိုယ်သို့ ထိမှန်သွားသောအခါ ပင်လယ်ထဲသို့ မိုးစက်များ ကျဆင်းသွားသကဲ့သို့ပင်။ ထို့နောက် သူမသည် အလွန် သက်သောင့်သက်သာရှိသည့် ညည်းတွားသံဖြင့် ညီးညူလိုက်သည်။
သို့သော် နောက်တစ်ခဏမှာပင် သူမသည် စိတ်မသက်မသာ ဖြစ်သွားရသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသော အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာပြီး အမှောင်နတ်ဘုရား၏ ဟစ်ကြွေးသံကြီးလည်း ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်အတွင်းမှာပင် မဟာလေဟာနယ်လက်ဝါး၏ အလင်းကွင်း ရှစ်ခု ပေါ်လာ ပြီး ဉာဏ်ပညာလက်ဝါးတံဆိပ်နှင့် ဟင်းလင်းပြင်တံဆိပ်တို့ကို ပုံဖော်လိုက်သည်။
ဝုန်းးး…။
လနတ်ဘုရားမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင်ထဲတွင် ပြဒါးရည်ကဲ့သို့သော လရောင်အစုအဝေး သုံးခုအဖြစ် လွင့်စင်သွားတော့သည်။
“အဆုံးမှာတော့ သူမဟာ နတ်ဘုရားမတစ်ပါးပဲ။ သူမရဲ့ အတွေးအခေါ်တွေက အရမ်းကို ခိုင်မာလွန်းပြီး လူသားတွေလို ပါးနပ်မှုမျိုး မရှိဘူး။ တိုက်ပွဲအတွေ့အကြုံလည်း အရမ်းနည်း တယ်။ မီးတောင်ဝက ထွက်နေတဲ့ ကန့်နဲ့ ချော်ရည်နံ့တွေက အမှောင်နတ်ဘုရားရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးထားတာလေ။ မီးလျှံဆေးလုံး ပေါက်ကွဲတဲ့အချိန်မှာ ငါ 'မဟာ လေဟာနယ်လက်ဝါး'ရဲ့ စွမ်းအားတွေကို ရောနှောထည့်လိုက်တာကို သူမ မသိဘဲနဲ့ မိုက်မိုက်ကန်းကန်း စုပ်ယူလိုက်တာပဲ။”
ဟုန်ယွိ၏ အစီအစဉ် အောင်မြင်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ လေဟာနယ်အတွင်း ထပ်မံ ပုန်းကွယ်သွားပြန်သည်။ သူ စကားပြောနေစဉ်မှာပင် ဟုန်ယွိသည် လရောင် အစုအဝေးတစ်ခု၏ အနားတွင် ပေါ်လာပြီး သူ၏ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန် သော ဓားအလင်းတန်းများက လနတ်ဘုရားမကို လွှမ်းမိုးသွားသည်။ လူသားပုံစံ ပြန်လည် ဖွဲ့စည်းရန် ကြိုးစားနေသော နတ်ဘုရားမမှာ အပိုင်းပိုင်းအပြတ်ပြတ် ဆွဲဖြဲခံလိုက်ရပြန် သည်။ သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လှသည်။ သူသည် ရှေ့နောက် ခေါက်တုံ့ ခေါက်ပြန် ပျံသန်းရင်း ပြဒါးရည်ကဲ့သို့သော လရောင်အစုအဝေး သုံးခုလုံးကို ဓားအလင်း များဖြင့် အစိတ်စိတ်အမြွှာမြွှာ ချိုးဖျက်ပစ်လိုက်သည်။
ထိုသို့ ပြုလုပ်ပြီးနောက် ဟုန်ယွိ၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ မဟာ လေဟာနယ် လက်ဝါးသည် ပြင်းထန်စွာ လှုပ်ရှားသွားပြီး ငွေရောင်အလင်းတန်း သုံးခုစလုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆုပ်လိုက်သည်။ ငွေရောင်အလင်းတန်းများသည် လနတ်ဘုရားမ ၏ ခန္ဓာကိုယ်အဖြစ် ပြန်လည်ဖွဲ့စည်းရန် ကြိုးစားသော်လည်း ဟုန်ယွိက သူမကို အခွင့်အရေး ထပ်မပေးတော့ပေ။ သူသည် မဟာလေဟာနယ်လက်ဝါးကို အစွမ်းကုန် တွန်းထုတ်လိုက်ရာ လနတ်ဘုရားမသည် ကြီးမားသော အင်အားကြောင့် စကြာဝဠာအိတ် အတွင်းသို့ လွင့်စင်ဝင်ရောက်သွားရတော့သည်။
စကြာဝဠာအိတ် အတွင်းရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာ ဟုန်ယွိ၏ ကမ္ဘာပင် ဖြစ်သည်။ လနတ်ဘုရားမသည် အတွင်းသို့ ရောက်ရှိသွားသည်နှင့် ချက်ချင်းပင် အကျဉ်းချခံလိုက်ရ တော့သည်။
“ဟူးးး...”
လနတ်ဘုရားမကို ဖမ်းဆီးပြီးနောက် ဟုန်ယွိသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါ သည်။ ဤနတ်ဘုရားမသည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။ သူမသည် ကောင်းကင်မြွေဘုရင်မလောက် အစွမ်းမထက်သော်လည်း မသေနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ကမ္ဘာငယ်လေးတစ်ခုဖြင့်သာ သူမကို အကျဉ်းချထားနိုင်မည် ဖြစ်သည်။ သူမကို ဖျက်ဆီးရန် သို့မဟုတ် စွမ်းအားများ စုပ်ယူရန်မှာမူ နောက်ထပ် ကိစ္စတစ်ခု ဖြစ်သည်။ ယခုလေးတင် ဟုန်ယွိသည် သူ၏ လူသားအင်မော်တယ် ခန္ဓာကိုယ်မှ ဓားစွမ်းအင်များကို သုံးပြီး နတ်ဘုရားမ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့သော်လည်း သူမက လူသားပုံစံ ပြန်လည်ဖွဲ့စည်းနိုင်စွမ်း ရှိနေသေးသည်။ ၎င်းကို ကြည့်ခြင်းဖြင့် သူမ မည်မျှ စွမ်းအားကြီးသည်ကို သိနိုင်သည်။
လနတ်ဘုရားမကို ဖမ်းဆီးပြီးနောက် ဟုန်ယွိသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက် သည်။ ဖန်ဆင်းရှင်ဗူးသီးသည် မီးတောင်ဝအတွင်းသို့ ဖြည်းညင်းစွာ ကျဆင်းနေသော် လည်း သူက လှုပ်ရှားခြင်း မရှိပေ။ ဗူးသီးသည် မီးတောင်ဝသို့ ကျရောက်သွားစဉ် အမှောင်ထုများ လက်ခနဲ ဖြစ်သွားပြီး ချန်ပီယံမြို့စား ထွက်ပေါ်လာသည်။ သူသည် သေမင်းအလင်း နတ်ဘုရားလှံကို ကိုင်ဆောင်လျက် မီးတောင်ဝတွင် ရပ်နေပြီး အဝေးရှိ ဟုန်ယွိကို စိုက်ကြည့်နေသည်။ ဤအချိန်တွင် ချန်ပီယံမြို့စား၌ ပျံသန်းနိုင်သော စွမ်းအား မရှိတော့ပေ။ သူသည် ဟုန်ယွိအတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။
“ဖန်ဆင်းရှင်ဗူးသီးနဲ့ သေမင်းအလင်း နတ်ဘုရားလှံကို ချထားလိုက်စမ်း။ မင်းကို ချန်ပီယံ မြို့စားအဖြစ် ဆက်လက် တည်ရှိခွင့်ပေးမယ်၊ ပြီးတော့ ယူလူလက်ကိုလည်း မင်းရဲ့ မိန်းမအဖြစ် ငါ ပြန်လွှတ်ပေးမယ်။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မပတ်သက်ဘဲ နေကြတာပေါ့။ မင်း သိထားရမှာက ငါ့မှာ မင်းကို သတ်ဖို့ စိတ်ကူး တစ်ခါမှ မရှိခဲ့ဘူးဆို တာပဲ။ မဟုတ်ရင် မင်းလို လူမျိုး ဆယ်ယောက်ရှိရင်တောင် အခုချိန် သေနေလောက်ပြီ။” ဟုန်ယွိက ကောင်းကင်ယံတွင် ရပ်လျက် အေးစက်စွာ ပြောလိုက်သည်။
“ငါ့ဘဝမှာ ဒီလိုအခြေအနေမျိုး ရောက်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ မင်း ငါ့ကို မသတ်ခဲ့တာက မင်းရဲ့ လူသားချင်းစာနာမှုကြောင့် မဟုတ်ပါဘူး။ ငါသာ အသက်အန္တရာယ် ကြုံလာရင် ဖန်ဟွမ်အသက်ဝိညာဉ်ဓားက ထွက်လာပြီး ငါ့ကို ကာကွယ်မှာကို မင်း ကြောက်နေလို့ မဟုတ်လား။”
ချန်ပီယံမြို့စားသည် ကောင်းကင်ရှိ ဟုန်ယွိကို မော့ကြည့်ကာ ဖော်မပြနိုင်အောင် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ “မင်းရဲ့ ကံတရားက ငါ့ထက် ပိုကောင်းတယ် လို့ ငါ မယုံဘူး။ ဒါပေမဲ့ ဒီနေ့ မင်း နိုင်သွားပြီလို့ ထင်နေတာလား။ မင်းကို ငါ အောင်မြင်ခွင့် မပေးဘူး။ ဒီနေ့ ငါ တခဏတာ ရှုံးနိမ့်သွားရပေမဲ့... အချိန်တန်ရင် ငါ ပြန်လာခဲ့မယ်။ အဲဒီအခါကျရင် မင်းအတွက် အိပ်မက်ဆိုးဆိုတာ ဘာလဲဆိုတာ ငါ သိအောင် လုပ်ပေး မယ်။”
ထိုသို့ ပြောပြီးနောက် ချန်ပီယံမြို့စားသည် ဖန်ဆင်းရှင်ဗူးသီးကို ကောက်ကိုင်ကာ ဝုန်းခနဲ ဟိန်းထနေသော မီးတောင်ချော်ရည်များအတွင်းသို့ ရုတ်တရက် ခုန်ချလိုက်တော့သည်။
ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူသည် မီးတောင်အတွင်းရှိ စီးဆင်းနေ သော ချော်ရည်များကို ကြည့်လိုက်စဉ် ရုတ်တရက် အကြေးခွံများ တဖျတ်ဖျတ် လက်သွား သည်ကို မြင်လိုက်ရသည်။
“မီးလျှံနဂါးကိုးကောင်၊ မင်းတို့ နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီလား။”
စာစဉ် (၃၃) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။