← Chapters

အတိတ်ဖြစ်ရပ်

Vol. 1 Ch. 1

အတိတ်ဖြစ်ရပ်

Vol. 1 Ch. 1

သာ့ဝေတိုင်းပြည်၊ ယုံရှန့် တတိယနှစ်၊ နှစ်ကုန်ပိုင်းအချိန်။

ချန်ချွန်းနန်းတော်။

တောက်ပစွာ လင်းလတ်နေသော ဖယောင်းတိုင်သည် အိပ်ခန်းကို နေ့ခင်းအလား လင်းလတ်နေအောင် အလင်းပေးထား၏။ ရုတ်တရက် လေပွေတချက်က ဖြတ်တိုက်အလာ ဖယောင်းတိုင်မီးသည် တဖျတ်ဖျတ် လက်သွားပြီး အဖြူရောင်နံရံပေါ်တွင် အရိပ်များက လှုပ်ရှားနေ၏။

ဇာမဏီညောင်စောင်းပေါ်တွင် လှဲလျောင်းနေသော မိဖုရားခေါင်လုသည် မျက်နှာညိုးငယ်နေကာ အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး သူမ၏ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် ပါးစပ်အပြည့် သွေးတလုတ်ကို အန်ထုတ်လိုက်၏။

နန်းတွင်းအပျိုတော် ချီယွင်သည် ဆို့နစ်သွားပြီး လက်ကိုင်ပုဝါတစ်ထည်ဖြင့် သွေးမည်းများကို အောက်မှ ခံပေးလိုက်သည်။

"မယ်မယ်..."

လုမင်ယွိသည် သူမ၏ရင်ထဲတွင်လှုပ်ရှားနေသည့် ခံစားချက်ကို ဖိနှိပ်ထားလိုက်ပြီး ချီယွင်ကို စူးရဲစွာ တချက်လှမ်းကြည့်လိုက်၏။

ချီယွင်၏မျက်ရည်များသည် ပါးပေါ်မှ စီးကျသွားပြီး လက်ကိုင်ပုဝါကို သူမ၏ဘေးထဲက မီးဖိုထဲသို့ မြန်မြန်ပစ်ထည့်လိုက်သည်။ တခဏအတွင်းမှာပင် လက်ကိုင်ပုဝါသည် တဟုပ်ဟုပ် တောက်နေသည့် မီးတောက်ကြီး၏ဝါးမြိုခံလိုက်ရပြီး ပြာအဖြစ်ပြောင်းလဲသွားခဲ့၏။

ပြည့်ဖောင်းဖောင်း သားငယ်လေးက ကုတင်အစွန်းတွင် လဲလျောင်းနေကာ သူမ၏လက်ကို တင်းနေအောင် ကိုင်ထားပြီး မျက်ရည်စီးကြောင်းများကလည်း မျက်နှာပေါ်မှ စီးကျလာခဲ့သည်။ "မယ်တော် မယ်တော်! မယ်တော် မသေရဘူး! ယန့်အာကို မထားခဲ့ပါနဲ့..."

"ယန့်အာ မယ်တော်ကလည်း သားတော်ကို လွမ်းနေပါတယ်"

လွန်ခဲ့တဲ့လဝက်တုန်းက သားတော်က မယ်တော်ရဲ့အကြိုက်ဆုံးအချိုပွဲကို ပျော်ပျော်ရွှင်ရွှင် ယူလာခဲ့ပြီး မယ်တော့်ကို အဆိပ်မိအောင် လုပ်မိသွားတဲ့အကြောင်းကို မယ်တော်က သားတော်ကို အသိမပေးနိုင်ဘူးလေ။

အဆိပ်ခပ်ခဲ့တဲ့သူကလည်း သိနေတယ်။ မယ်တော်က သားတော်ကို ကိုယ်ရဲ့မိခင်အရင်းကို အဆိပ်သတ်ပြီး သေစေခဲ့တဲ့အဖြစ်ကို ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး ဆိုတာကိုပေါ့။ တဖြည်းဖြည်း လှုပ်ရှားလာတဲ့ အဆိပ်ပြင်းတဲ့အရာတစ်ခုနဲ့ ထိတွေ့ခဲ့ပြီးတဲ့နောက်မှာ မယ်တော်ကလည်း သူ့ရဲ့သက်ရောက်မှုကို မချိမဆန့် နာကျင်ခံစားရပြီး အမှန်တရားကို ဖော်ထုတ်ရမှာထက် ဖြည်းဖြည်းချင်း အသေခံသွားလိမ့်မယ်ဆိုတာကို သူ သိနေတယ်လေ။

လုမင်ယွိသည် သားဖြစ်သူ၏ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးကို လှမ်းကာပွတ်သပ်လိုက်ပြီး သူမ၏ငါးနှစ်အရွယ် သားလေး၏ မျက်ရည်များကို သုတ်ပေးလိုက်၏။ ခက်ခက်ခဲခဲနှင့် သူမက လှမ်းပြီး အမိန့်ပေးလိုက်သည်။ "ချီယွင် ယန့်အာကိုချီပြီး ခေါ်သွားလိုက်တော့"

သေသွားတဲ့အခါ ရုပ်ဆိုးနေတော့မှာ။ ယန့်အာကို မကြောက်လန့်စေချင်ပါဘူး။

သစ္စာရှိလှသည့် ချီယွင်ကလည်း ငိုကြွေးကာ ကုတင်ဘေးတွင် ဦးသုံးကြိမ်ချလိုက်ပြီးနောက် နီရဲနေသည့်မျက်လုံးများဖြင့် ယန့်အာကို ချီကာထွက်သွားတော့သည်။

ယခင်မင်းဆက်တွင် ဘုရင်သည် အယုံအကြည်ကင်းမဲ့ပြီး ရိုင်းစိုင်းရက်စက်ကာ ကြမ်းတမ်းခက်ထန်လှပြီး ကျင့်ဝတ်လည်း ကင်းမဲ့လှ၏။ ပြည်သူအများက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရသည်။ ရှေ့ဆက်ဖို့ရန် စိတ်အားထက်သန်ကြသည့် နယ်ပယ်ပေါင်းစုံက သူရဲကောင်းများသည် ထွက်ပေါ်လာခဲ့ပြီး ပြည်မကြီးထဲတွင် ယှဉ်ပြိုင်ခဲ့ကြသည်။

သူမ၏ဖခင်အရင်းဖြစ်သူ လုလင်းသည် ယခင်မင်ဆက်၏ စစ်သူကြီးတစ်ယောက်ဖြစ်ပြီး ရှင်းယန်စစ်သည် ငါးသောင်းကို ဦးဆောင်ကာ မြို့တော်ချင်ဝမ်သို့ ချီတက်ခဲ့သည်။ သူသည် မြို့တော်သို့ ရောက်လာချိန်တွင် မြို့တော်သည် တစ်လမ်းလုံးက ပုန်ကန်ထကြွခဲ့ကြသည့် သူရဲကောင်းများ၏ ဖျက်ဆီးခြင်းခံခဲ့ရပြီဖြစ်၏။ ပုန်ကန်သူများနှင့် ရဲမက်များသည် နန်းတော်အတွင်းသို့ အလုံးအရင်း တိုးဝင်ခဲ့ကြပြီး နန်းတော်သူ နန်းတော်သားများ၏ ခန္ဓာကိုယ်များကလည်း နေရာအနှံ့ပြန့်ကြဲနေကာ နန်းတော်တခုလုံးသည် သွေးအိုင်ထဲတွင် ရွှဲနစ်လို့နေသည်။

ဘုရင်ကို ဓားဖြင့်ခေါင်းဖြတ်သတ်ခဲ့ပြီး မင်းသား၊ မင်းသမီးများလည်း အသတ်ခံခဲ့ရသည်။ တစ်စုံတစ်ယောက်က သစ္စာခံကြောင်း အမည်စာရင်းကို တင်သွင်းချင်လျှင်ပင် နောက်မှာ ထောက်ခံပေးမယ့်သူ မရှိတော့ပေ။

မခံရပ်နိုင်ခြင်းများစွာဖြင့် လုလင်းသည် သူ့စစ်တပ်များကို ဦးဆောင်ကာ လမ်းတစ်လျှောက်က စစ်ဘုရင်မြောက်မြားစွာကို သုတ်သင်ခဲ့သည်။ ထို့နောက်တွင်တော့ စစ်သူကြီးများအားလုံး၏ ထောက်ခံမှုဖြင့် သူသည် မိမိကိုယ်ကို ရှင်းယန်ဝမ်အဖြစ် ကြေညာခဲ့သည်။

စစ်ဘုရင်များအကြား ရုန်းကန်နေရသည့် ဖရိုဖရဲကာလအတွင်းတွင် အင်အားနည်းသူများ၌ ရွေးချယ်စရာ နှစ်ခုရှိခဲ့၏။ ထင်ပေါ်ကျော်ကြားသည့် သခင်တစ်ယောက်ထံတွင် သစ္စာခံလျှင်ခံ သို့မဟုတ်လျှင်တော့ အမြစ်ပြတ် သုတ်သင်ခြင်းခံရပြီးတော့မည်။ ရှင်းယန်စစ်တပ်သည် အရေအတွက်ထက် အရည်အချင်းကို တန်ဖိုးထားခဲ့၏။ ရှင်ဘုရင် ဖြစ်လိုသော ရည်ရွယ်ချက် မရှိဘဲ ဝမ်ရယ်ဖြစ်လာခဲ့သည့် လုလင်းသည် သူ၏ရွေးချယ်မှုများကို ဂရုတစိုက် ထည့်သွင်းစဉ်းစားခဲ့ပြီး သူ့စစ်တပ်များကို ဦးဆောင်ကာ လီမိသားစုထံတွင် သွားရောက်သစ္စာခံခဲ့တော့သည်။

လီမိသားစုသည် ယခင်မင်းဆက်တွင် ဩဇာသက်ရောက်သော မျိုးရိုးမြင့်မိသားစုတစ်ခုဖြစ်ပြီး နက်ရှိုင်းသည့် မျိုးရိုးဇာစ်မြစ်များလည်း ရှိသည်။ မိသားစုခေါင်းဆောင်က စစ်တပ်တစ်ခုကို တည်ထောင်ခဲ့သည့်နေ့မှစပြီး သူသည် မင်းဆက်အသစ်တစ်ခုကို တည်ထောင်ခဲ့ကာ တိုင်းပြည်၏နာမည်ကိုလည်း ‘ဝေ’ဟု အမည်တွင်ခဲ့ပြီး အုပ်စိုးသည့်နှစ်ကို ယုံးကျားနှစ်ဟု အမည်တွင်ခဲ့သည်။

ယုံးကျားဘုရင်သည် ဉာဏ်ပညာကြီးမြတ်သော အရည်အချင်းရှိသည့် ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့တွင် ထက်မြက်သည့် အရှင်တစ်ပါး၏ ရုပ်ရည်သွင်ပြင်ပိုင်ဆိုင်ထားကာ သူသည် သူ့ထံသို့လာရောက်ခိုလှုံခဲ့သည့် ရှင်းယန်ဝမ်ကို ယုံကြည်ခဲ့လေသည်။

ယုံးကျားဘုရင်တွင် သားတော်ငါးပါးနှင့် သမီးတော်နှစ်ပါးရှိသည်။

တတိယမင်းသား လီဟောက်သည် ရဲစွမ်းသတိပြည့်ဝပြီး တိုက်ရည်ခိုက်ရည် ကောင်းမွန်ကာအရပ်မြင့်မြင့် ခန့်ညားချောမောသူဖြစ်ပြီး သူမကို မြင်မြင်ချင်းမှာပင် နှစ်သက်မြတ်နိုးသွားခဲ့သည်။

အသက်၁၆နှစ်အရွယ်တွင် သူမသည် လီဟောက်နှင့် လက်ထက်ခဲ့ပြီး တတိယမင်းသားကြင်ရာတော် ဖြစ်လာခဲ့၏။

၃နှစ်အကြာတွင် လီဟောက်သည် အိမ်ရှေ့မင်းသားဖြစ်လာခဲ့ပြီး သူမကလည်း အိမ်ရှေ့စံမိဖုရား ဖြစ်လာခဲ့သည်။ ယုံးကျားဘုရင် ကွယ်လွန်သွားပြီးနောက် အိမ်ရှေ့မင်းသားသည် ထီးနန်းဆက်ခံခဲ့ပြီး အုပ်စိုးသည့်နှစ်ကိုလည်း ယုံရှီဟု အမည်တွင်ခဲ့သည်။ သူမကို အလယ်နန်းတော်၏ မိဖုရားခေါင်အဖြစ် အပ်နှင်းခဲ့ပြီး ကျောင်းဖန်နန်းတော်သို့ ဝင်ရောက်ခဲ့သည်။

ထိုသို့နှင့် သူမအသက်၂၀အရွယ်တွင် ကိုယ်ဝန်ရရှိခဲ့သည်။

နှစ်အကုန်တွင် သူမသည် သားတော်တစ်ပါးကို မွေးဖွားခဲ့၏။ ယုံရှီဘုရင်သည် အလွန်ဝမ်းသာခဲ့ပြီး မွေးကင်းစသားတော်ကို အိမ်ရှေ့မင်းသားအဖြစ် ချက်ချင်း အပ်နှင်းရန် အမိန့်တော် ထုတ်ပြန်ခဲ့သည်။

နောက်တစ်နှစ်တွင် လှပပြီးဆွဲဆောင်မှုရှိသည့် စူးကွေ့ဖေးသည် နန်းတော်သို့ ဝင်ရောက်လာခဲ့သည်။ စူးကွေ့ဖေးသည် မယ်တော်ကြီးစူး၏ သွေးသားရင်းချာ တူမတော်ဖြစ်၏။ သူမ၏သားဖြစ်သူက နဂါးပုလ္လင်ပေါ်တွင် ထိုင်ပြီးသွားသောအခါ မယ်တော်ကြီးစူးသည် မိခင်ဖြစ်သူ မိသားစုဝင်ထဲက တစ်စုံတစ်ယောက်ကို မိဖုရားတစ်ပါးအဖြစ် နန်းတော်သို့ ခေါ်သွင်းဖို့ရန် မစောင့်နိုင်တော့ချေ။

ထို့နောက်တွင်တော့ ဤတူဝရီးနှစ်ယောက်တို့၏ ရွံရှာစပ်ဆုတ်ဖွယ် အကြံအစည်မျိုးစုံသည် မဆုံးနိုင်သည့် စမ်းချောင်းတခုအလား ပေါ်ထွက်လာခဲ့တော့သည်။

သူမနှင့် ယုံရှီဘုရင်တို့သည်လည်း တစ်ဦးနှင့်တစ်ဦး ကွဲကွာသွားခဲ့သည့်အဖြစ်မှ ရှောင်လွှဲလို့ မရခဲ့ချေ။

ဖြောင့်မတ်ပြီး သဘောထားကြီးမားသည့် ပင်ကိုယ်အကျင့်စရိုက်တစ်ခု ပိုင်ဆိုင်ထားသော သူမသည် သနားစဖွယ်ဖြစ်အောင် ဟန်ဆောင်ရာတွင် ကျွမ်းကျင်ကာ မျက်ရည်ကို လက်နက်သဖွယ် အသုံးပြုတတ်သည့် စူးကွေ့ဖေးနှင့် ယှဉ်ပြိုင်ဖို့ရန် တော်တော်လေး စပ်ဆုပ်ခဲ့သည်။

စူးကွေ့ဖေးသည် သစ်တော်ပန်းလေး မိုးရေစိုသကဲ့သို့ ငိုယိုရင်း သူမအပေါ်သို့ အညစ်အကြေးများ လိမ်းကျံရန် ကြိုးစားသောအခါ သူမသည် စကားတစ်ခွန်းမျှမဆိုဘဲ စူးကွေ့ဖေးအား ပါးနှစ်ချက်ရိုက်ကာ သနားစရာကောင်းလှသော စူးကွေ့ဖေးအား ဝက်ခေါင်းကဲ့သို့ဖြစ်သွားသည်အထိ ရိုက်နက်ခဲ့သည်။

စူးကွေ့ဖေး၏ အော်ဟစ်ငိုယိုသံများကြားတွင် သူမသည် စကားလုံးတစ်လုံးချင်းကို ပြတ်သားစွာ ပြောကြားခဲ့သည်။ "ပန်ကုံး မလိုချင်တော့တဲ့ ယောက်ျားကို နင်ကြိုက်သလိုသာ ယူသွား! နောက်တစ်ခါ ငါ့ရဲ့ ကျောင်းဖန်နန်းဆောင်ကို ဘယ်တော့မှ မလာနဲ့!"

သူမ၏မျက်လုံးထောင့်မှတဆင့် ယုံရှီဘုရင်၏ ညိုမဲတွန့်ရှုံ့သွားသည့်မျက်နှာကို ဖျတ်ခနဲ တွေ့လိုက်ရပြီး သူမသည် စိတ်ထဲတွင် အလွန် ကျေနပ်သွားမိသည်။

တစ်ချိန်က ချစ်ခင်မြတ်နိုးကြသည့်စုံတွဲသည် သူတို့၏ဆက်ဆံရေးမှာ အေးခဲသွားသည့်အထိ ကျဆင်းသွားပြီး သူစိမ်းတရံများ ဖြစ်လာခဲ့၏။

ယုံရှီ တတိယနှစ်တွင် ယုံရှီဘုရင်၏ ရောဂါဟောင်း ပြန်ထလာခဲ့ပြီး ကွယ်လွန်သွားခဲ့သည်။ သူ မကွယ်လွန်ခင်တွင် ယုံရှီဘုရင်သည် သေတမ်းစာတစ်စောင်ကို ချန်ခဲ့ပြီး သူ့ညီတော် ဝူဝမ်ရယ် လီချန်ကို ထီးနန်းဆက်ခံခိုင်းခဲ့၏။ အိမ်ရှင်မင်းသား အရွယ်ရောက်လာပြီး လက်ထပ်ပြီးသွားလျှင်တော့ သူက အာဏာကို အိမ်ရှင်မင်းသားထံ လွှဲပြောင်းပေးရလိမ့်မည်ဟု အမိန့်တော် ချန်ရစ်ခဲ့သည်။

သူမသည် ယုံရှီဘုရင်ကို နောက်ဆုံးအကြိမ် မတွေ့ခဲ့ရဘဲ ဤအမိန့်တော်ကိုသာ မြင်တွေ့ခဲ့ရ၏။ ဤအခိုက်တွင်တော့ သူမသည် ဤခွေးသားကို နောက်တကြိမ် ထပ်သေချင်စိတ်ပင် ဖြစ်သွားစေတော့သည်။

အသစ်နန်းတက်လာသည့် ဘုရင်ယုံရှန့်သည် အပေါ်ယံတွင်တော့ သူ့မုဆိုးမ မရီးတော်ကို ရိုသေလေးစားဟန်ပြသော်လည်း စိတ်ထဲတွင်မူ ညစ်ညမ်းသောအတွေးများ ရှိနေခဲ့သည်။ အကြောင်းမှာကား သူ၏ယောက်ျားမျိုးနွယ်ကို မွေးဖွားပေးနိုင်သည့်နေရာမှာ သူမ၏ ကန်‌ကျောက်ခြင်းခံခဲ့ရပြီးနောက် သူသည် မစွမ်းဆောင်နိုင်သည့် သူတယောက် ဖြစ်သွားခြင်းကြောင့်ပင်။ ဘုရင်သည် လဝက်လောက် သူ့နဂါးသလွန်ပေါ်တွင် လဲလျောင်းခဲ့ပြီးမှ သူမကို နေထိုင်ရာနေရာတစ်ခုကို ဆန္ဒကင်းမဲ့စွာဖြင့် ပေးအပ်ခဲ့သည်။

ထိုအချိန်မှစ၍ ယုံရှန့်ဧကရာဇ်သည် သူမအား အရိုးထဲစွဲအောင် မုန်းတီးသွားခဲ့သည်။

ဤယုတ်ညံ့လှသည့် ဘုရင်ယုံရှန့်သည် ရက်စက်ကြမ်းကြုတ်သော မယ်တော်ကြီးစူးနှင့် ပူးပေါင်းကာ မင်းသားငယ်လေးကိုအသုံးချပြီး သူမကို နာတာရှည် အဆိပ်မိအောင် ပြုလုပ်ခဲ့သည်။

လုမင်ယွိသည် လှောင်ပြောင်သရော်သည့် အပြုံးတစ်ခုကို ဖော်ထုတ်လိုက်၏။

လီဟောက်!

ဒါက ရှင့်ရဲ့ အယုံကြည့်ရဆုံးအမေနဲ့ ညီတော်လေ။ ရှင် သေသွားတာ သုံးနှစ်တောင် မပြည့်သေးဘူး သူတို့တွေကတော့ ရှင်ရဲ့ပထမဇနီးကိုသတ်ပြီး ရှင်ရဲ့ပုလ္လင်ကို တသက်လုံး လက်လွှဲယူထားဖို့ မစောင့်နိုင်ကြတော့ဘူး!

ငရဲပြည်ကနေ ရှင့်ရဲ့ခွေးမျက်လုံးကို ဖွင့်ပြီးတော့ တစ်ချက်လောက် သေသေချာချာလေး ကြည့်စေချင်စမ်းပါဘိ။

...

တံခါးသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။

နန်းတော်ထဲတွင် တံခါးကို ဤသို့တွန်းဖွင့်ရဲသူမှာ မယ်တော်ကြီးစူးတစ်ယောက်သာ ရှိသည်။

လုမင်ယွိသည် ဇာမဏီညောင်စောင်းပေါ်တွင် လဲလျောင်းနေပြီး ညောင်စောင်းပေါ်တွင် ပေါ်လာခဲ့သည့် ထိုမျက်နှာကို အေးစက်စက် ပြန်ကြည့်လိုက်၏။

မယ်တော်ကြီးစူးသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်ငြားလည်း သူမကိုယ်သူမ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားခဲ့သဖြင့် သူမသည် အသက်သုံးဆယ်ဝန်းကျင်သာရှိသည့် အမျိုးသမီးတစ်ယောက် ပုံပေါ်၏။ သူမသည် အားနည်းချိနဲ့ကာ လှပချောမောသည့်ရုပ်လေးတစ်ခု ပိုင်ဆိုင်ထားပြီး သနားစဖွယ် ရုပ်သွင်လေးတစ်ခုဖြင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။

သူမပါးစပ်ကို ဖွင့်လိုက်လျှင် သူမ၏အသံက ပိုပြီး နူးညံ့ချိုမြိန်နေသေးသည်။ "လုမျိုးနွယ်မ။ အားဟောက် ဆုံးသွားတာ သုံးနှစ်တောင်ရှိသွားပြီ။ သူ့တစ်ဘဝတာကာလမှာ သူ ချစ်ရဆုံးက မင်းပဲ။ ဒီနေ့ မင်းလည်း သူနဲ့အတူတူ တမလွန်ကို သွားရတော့မယ်။ မင်းတို့စုံတွဲတွေ ပြန်ပြီးတော့ ပေါင်းစည်းဖို့ အချိန်တန်ပြီ"

ရွံစရာကောင်းလောက်အောင် ဟန်ဆောင်နေပေသည်။

သူမ၏ရှေ့က ဤသို့ ယုတ်မာရက်စက် ကြမ်းကြုတ်သည့် မိန်းမကြောင့်သာမဟုတ်လျှင် သူမနှင့် လီဟောက်တို့သည် အမည်ခံလင်မယားများဖြစ်လာသည့်အထိ ကွဲကွာသွားလိမ့်မည် မဟုတ်ပေ။

လုမင်ယွိ၏အသံသည် ရေခဲတမျှ အေးစက်လို့နေ၏။ "လီဟောက်က ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ သူက သူ့အမေအရင်းပေါ်ကိုတော့ အင်မတန် လိမ္မာသိတတ်ခဲ့တာပါ။ သူက ဘာအမှားမှလုပ်ခဲ့တာ မရှိပါဘူး။ ရှင် လုပ်ခဲ့တဲ့အရာတွေကတော့ သူနဲ့ ထိုက်တန်ရဲ့လား။ ရှင်လည်း တမလွန်ကို ရောက်သွားတဲ့အခါ သူ့ကို တွေ့ရင် ဘာစကားပြောမှာလဲ!"

မယ်တော်ကြီးစူး၏အမူအရာသည် အေးခဲသွားပြီး သူမ၏မျက်နှာမှာ တွန့်ရှုပ်သွားကာ ညှို့မှိုင်းပြီး မကြင်နာသည့်မျက်ဝန်းများဖြင့် လုမင်ယွိကို ကြည့်လိုက်၏။ "အိုက်ကျား(ငါမယ်တော်ကြီး) ဒီလိုလုပ်တာ ဘာမှားလို့လဲ! လုမိသားစုက အရမ်းရည်မှန်းချက် ကြီးမားတယ်။ အမြဲတမ်း အရှင်မင်းကြီးကို ဆန့်ကျင်နေပြီး အုပ်ချုပ်ရေးပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ။ မင်းတစ်ယောက် သေသွားတာနဲ့ လုမိသားစုလည်း ကျောထောက်နောက်ခံ ဆုံးရှုံးသွားလိမ့်မယ်။ အရှင်မင်းကြီးကလည်း ရှင်းယန်စစ်တပ်ကို အပြီးအပိုင် ထိန်းချုပ်နိုင်ပြီး ရုံးတော်ကလည်း တည်ငြိမ်သွားလိမ့်မယ်"

"အရှင်မင်းကြီးနဲ့ အိုက်ကျားက ယန့်အာကို ကြီးပြင်းလာတဲ့အထိ စောင့်ရှောက်ပေးမယ်လို့ သစ္စာပြုခဲ့တယ်။ သူက ယန့်အာကို ထီးနန်းလွှဲပေးလိမ့်မယ်။ အိုက်ကျား လုပ်ခဲ့တဲ့အရာအားလုံးက လီမိသားစုအတွက်၊ ယန့်အာအတွက်..."

"ရှင်က ယန့်အာကို ကိုယ့်အမေရင်းကို အဆိပ်ခပ်သတ်တဲ့ပြစ်မှုကို ခံယူခိုင်းထားပြီးတော့ ဒါက ယန့်အာကောင်းဖို့အတွက်တဲ့လား" လုမင်ယွိသည် မယ်တော်ကြီးစူး၏ သူတော်ကောင်း‌ ယောင်ဆောင်နေသည့်မျက်နှာကို ရက်ရက်စက်စက် ဖော်ထုတ်ပစ်လိုက်တော့သည်။ "ဒီနေရာမှာ ရှင်နဲ့ ကျွန်မပဲ ရှိတာပါ။ ဘယ်သူ့ကိုပြဖို့ ဟန်ဆောင်နေသေးတာလဲ"

မယ်တော်ကြီးစူးသည် လုမင်ယွီအား စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် ပြင်းထန်သော စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုတို့ ထင်ဟပ်နေသည်။

လုမင်ယွိကလည်း သူမ၏ယောက္ခမကို မုန်းတီးကာ သူမကလည်း လုမင်ယွိကို ဘယ်တုန်းကမှ သဘောမကျခဲ့ချေ။

သူမတွင် သားနှစ်ယောက်သာ ရှိသည်။ မိခင်တစ်ယောက်အနေဖြင့် သားဖြစ်သူအပေါ်မှီခိုအားထားသည်မှာ ဘာများမှားနေပါသနည်း။

သို့သော်ငြား သူမ၏သားသည် လုမင်ယွိနှင့် တွေ့ဆုံပြီးကတည်းက သူ့စိတ်နှလုံးသားအလုံးစုံသည် လုမင်ယွိထံတွင်သာ ရောက်ရှိနေခဲ့သည်။ လုမင်ယွိသည် လက်ထပ်ကာ ဝင်ရောက်လာပြီးနောက် သားဖြစ်သူသည် သူ့မျက်လုံးထဲ၌ ဇနီးဖြစ်သူကိုသာရှိပြီး သူ့အမေအရင်းကိုတော့ သူ့ဇနီးဖြစ်သူ၏နောက်တွင် ပို့ထားခဲ့သည်။

သူမက ထိုရာကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

သားသည် သူမ၏သားဖြစ်သည်။ သူ့မိခင်အရင်းကို သားသမီးဝတ္တရား ကျေပွန်သင့်ပြီး သူမပြောသမျှ စကားများအားလုံးကိုလည်း သူက နာခံသင့်သည်။

သူမသည် ဤစုံတွဲ၏နှလုံးသားကို သူစိမ်းတရံများဖြစ်လာအောင် နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပြီး နောက်ဆုံးတော့ သူတို့သည် အချင်းချင်း ကျောခိုင်းခဲ့ကြ၏။ သူမ၏သားဖြစ်သူသည် အရွယ်ငယ်ငယ်တွင် ဖျားနာခဲ့ချိန်က သူမသည် အိပ်ရာဘေးတွင်နေ့တိုင်း ငိုယိုခဲ့ရကာ နောက်ဆုံးအချိန်မှ သားဖြစ်သူ၏စိတ်ကို ပြောင်းလဲနိုင်ခဲ့ပြီး သူ့ညီတော်ကို ထီးနန်းဆက်ခံခွင့်ပေးခဲ့၏။

လုမင်ယွိသည် သူမ၏နောက်တွင် လုမိသားစု ရှိသေးသည်။ လုမိသားစုကို အမြစ်မှ လှန်ပစ်ဖို့ရန်အတွက် မလွယ်ကူချေ။ ကံအားလျော်စွာ လုမင်ယွိက သေဆုံးတော့မည်။

လုမင်ယွိသည် အေးစက်စက် ပြန်ကြည့်လိုက်ပြီး စကားလုံးတိုင်းက မြားတစ်စင်းနယ် မယ်တော်ကြီးစူး၏နှလုံးနှင့် အဆုတ်ကို ထိုးဖောက်သွားတော့သည်။ "လုမိသားစု၏ အထောက်အပံ့သာ မရှိဘူးဆိုရင် လီဟောက်က အိမ်ရှေစံဖြစ်လာမှာ မဟုတ်ဘူး"

"ကျွန်မတို့ လုမိသားစုက ရှင်တို့သားအမိအပေါ် ဘယ်တော့မှ မတရား မလုပ်ခဲ့ဘူး။ ကျွန်မဆိုတဲ့ လုမင်ယွိက သားသမီးဝတ္တရား ကျေပွန်ခဲ့တဲ့ချွေးမ တစ်ယောက် ဖြစ်ခဲ့တယ်။ ကျွန်မနဲ့ပတ်သက်ပြီး ဘာအမှားမှလည်း မလုပ်ခဲ့ဖူးဘူး။ ဟိုတုန်းက မင်းသားရာထူးအတွက် ရှင်ကပဲ လုမိသားစုကို နည်းလမ်းပေါင်းစုံနဲ့ ချော့မောခဲ့ပြီး နည်းလမ်းပေါင်းစုံနဲ့ ကျွန်မအပေါ်လည်း ချစ်ခင်မြတ်နိုးမှုကို ပြသခဲ့တယ်"

"ကျွန်မ လီဟောက်နဲ့ လက်ထပ်ပြီးသွားတဲ့နောက်မှာ ရှင်က ကျွန်မတို့လင်မယားနှစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတရားကို ကြိတ်ပြီးမုန်းတီးခဲ့ပြီး မကြာခဏဆိုသလို သွေးခွဲခဲ့တယ်။ အောက်တန်းကျတဲ့ နည်းလမ်းပေါင်းစုံကို သုံးခဲ့ပြီး ရှင့်ရဲ့သားအပေါ် အကွက်ချခဲ့တယ်။ ဒီလိုနဲ့ စူးရော့ကို နန်းတော်ထဲခေါ်ဝင်ခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မတို့လင်မယားကလည်း အချင်းချင်း ကျောခိုင်းခဲ့ရတယ်"

"လီဟောက်က အပြင်းအထန် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားခဲ့တယ်။ အစတုန်းက ယန့်အာကို ထီးနန်းဆက်ခံဖို့ စီစဉ်ထားခဲ့ပြီးသား။ ကျွန်မက အုပ်ချုပ်မှုအာဏာကိုလွှဲ ယူသွားမှာ ရှင်က စိုးရိမ်နေလို့ ငိုယိုပြီးတောင်းပန်တိုးလျှိုးပြီး လီဟောက်ကို စိတ်ပြောင်းသွားအောင် လုပ်ခဲ့တာ။ ထီးနန်းကိုလည်း အဲဒီငတုံး လီချန်ကို လွှဲအပ်ပေးခဲ့တာ!"

"လီချန်က အရည်အချင်း မရှိပေမယ့် သိပ်ကြောက်တတ်တဲ့သူတော့ မဟုတ်ဘူး။ လီဟောက် ခန္ဓာကိုယ်မအေးစက်ခင်မှာပဲ သူက ရမ္မက်တွေထကြွလာပြီး ကျွန်မအပေါ် ဆေးခတ်ခဲ့တယ်..."

မယ်တော်ကြီးစူးသည် သူမ၏တည်ငြိမ်နေသည့်အိန္ဒြေကို ဆက်ပြီးမထိန်းထားနိုင်တော့ဘဲ မျက်နှာများ တွန့်ရှုပ်ကာ ဒေါသတကြီး အော်ဟစ်တော့သည်။ "ပါးစပ်ပိတ်စမ်း!"

လုမင်ယွိက သ‌ရော်လှောင်ပြောင်ကာပြုံးရင်း ပြောလိုက်သည်။ "ဟုတ်တာပေါ့။ ရှင်လည်း ဒီကိစ္စကို သိပါတယ်။ ရှင်က မျိုးရိုးမြင့်ကလာတဲ့ ကိုယ့်ရဲ့ချွေးမကို အမြဲတမ်း မုန်းတီးလာခဲ့ပြီး ကျွန်မကို အရှက်တကွဲ ဖြစ်စေချင်နေတာလေ။ လီချန်ကလည်း ဒီမုဆိုးမ မရီးဖြစ်သူကို အရှက်တစ်ကွဲဖြစ်အောင် လုပ်ချင်နေတယ်။ ဒါပေမဲ့ ရှင်ကတော့ ဒါကို ဂရုမစိုက်ခဲ့ဘူးပဲ"

"ကံဆိုးချင်တော့ ရှင်တို့သားအမိနှစ်ယောက်စလုံးက ကျွန်မကို လျှော့တွက်ခဲ့ကြတယ်။ တကယ်လို့ ကျွန်မက ဆေးခတ်ခံထားရတယ်ဆိုရင်တောင် ပုံမှန်ခွန်အားရဲ့ သုံးပုံတစ်ပုံပဲရှိပေမဲ့ လီချန်ကို ကန်တစ်ချက်တည်းနဲ့ သုံးမရအောင် လုပ်ပစ်လိုက်နိုင်တယ်"

"ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ လီချန်က သူ့အစ်ကိုဖြစ်သူကို လိမ္မာသိတတ်ကြောင်း ဟန်ဆောင်နေတာ မိဖုရားတွေကိုလည်း သူ့အခန်းထဲမှာခေါ်ပြီးတော့ မခစားခိုင်းခဲ့ဘူး။ ဒါကလည်း သူ မလုပ်ချင်လို့ မဟုတ်ဘူးလေ။ မလုပ်နိုင်လို့ပါ!"

"လီချန်မှာ သမီးတစ်ယောက်တည်းပဲ ရှိတယ်။ ထီးနန်းကိုဆက်ဆံဖို့ သားတစ်ယောက် ပိုင်ဆိုင်ချင်တာက အိပ်မက်တခု ဖြစ်သွားခဲ့ပြီလေ။ ဒီထီးနန်းက အမြဲတမ်း ကျွန်မသားရဲ့ပိုင်ဆိုင်မှုပဲ ဖြစ်လာလိမ့်မယ်"

မယ်တော်ကြီးစူး၏နားထင်များသည် တဒုတ်ဒုတ် ခုန်လာပြီး သူမ၏မျက်နှာမှာ အကျည်းတန် ဆိုးရွားလာကာ သူမ၏မျက်လုံးများကလည်း အလွန်ကြောက်မက်ဖွယ်ရာကောင်းလှပြီး လူသားစားချင်စိတ်ပင် ပေါ်လာတော့သည်။ "လုမင်ယွိ! ပါးစပ်ပိတ်ထား! မင်း ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သေရတော့မှာပဲ "

ထိုသို့ပြောလိုက်ပြီးနောက် မယ်တော်ကြီးစူးသည် သူမ၏မျက်လုံးတွင် ကျေနပ်ပြီး ရက်စက်သွားသည့် အကြည့်တစ်ခုကို ဖော်ပြလိုက်ပြီး ဂုဏ်ယူဝင့်ကြွားသွားသည့် မဲ့ပြုံးတစ်ခုကလည်း သူမ၏ နှုတ်ခမ်းပေါ်တွင် ပြည့်လျှံလာခဲ့သည်။ "သေလုဆဲဆဲ လူတစ်ယောက်က ဘာလုပ်နိုင်ဦးမှာမလို့လဲ"

ဟုတ်ပါတယ်။ ကျန်းမာရဲ့သား ကြီးပြင်းလာတာကို မစောင့်ကြည့်ပေးနိုင်တော့တာ တကယ်ကို နှမျောစရာပါပဲ။ ကျွန်မရဲ့သား နဂါးပလ္လင်ပေါ်မှာ ထိုင်နေတာကို ကိုယ့်ရဲ့မျက်စိနဲ့ မမြင်နိုင်တော့တာလဲ နှမြောစရာပါပဲ။

လုမင်ယွိ၏မျက်လုံးများသည် အနည်းငယ် နောင်တရသွားသည့် အသွင်တစ်ခု ပေါ်ထွက်လာခဲ့ပြီး သူမ၏နှုတ်ခမ်းများက လှုပ်ရှားသွား၏။

မယ်တော်ကြီးစူးက အမှတ်တမဲ့ ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။

ထက်ရှလှသည့် ဓားတစ်ချောင်းသည် လုမင်ယွိ၏ လက်ထဲတွင် အချိန်တစ်ခုကတည်းက ပေါ်ထွက်လာပြီဖြစ်ကာ အေးစက်စက် အလင်းရောင်တစ်ခုသည် ဖျတ်ခနဲ လင်းလက်သွားပြီး မယ်တော်ကြီးစူး၏ ရင်ဘတ်ကို ထိုးဖောက်သွားတော့သည်။ ပူနွေးနေသည့်သွေးများသည် ဖြာထွက်သွားပြီး အိပ်ရာတစ်ခုလုံးကို လွှင့်စင်လာခဲ့သည်။

မယ်တော်ကြီးစူးသည် ကောင်းကင်မြေကြီးကို တုန်လှုပ်သွားစေနိုင်သည့် အော်သံတစ်ခုဖြင့် အော်ဟစ်လိုက်ကာ မထိန်းနိုင်ဘဲ ဝုန်းကနဲ ပစ်လဲသွားပြီး သူမ၏မျက်လုံးများ ဖွင့်လျက်နှင့်ပင် အသက်ထွက်သွားတော့သည်။

လုမင်ယွိသည် သူမ၏နောက်ဆုံးအင်အား ကုန်ခမ်းသွားကာ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ချလိုက်လေသည်။

လောကကြီးသည် အမှောင်ထုထဲသို့ ထိုးဆင်းသွားတော့၏။

ဘဝသည် အလွန်တိုတောင်းလွန်းလှ၏။ မရေမတွက်နိုင်သည့် နောင်တတရားတို့က တစ်ခုပြီးတစ်ခု ကျန်ရစ်နေခဲ့သည်။

အကယ်၍များ သေဆုံးသွားပြီးသည်နောက် နောက်ဘဝတစ်ခုသာ ရှိခဲ့မည်ဆိုလျှင် သူမသည် သူမ၏မျက်လုံးများကို ပြူးကျယ်နေအောင် ဖွင့်ထားရလိမ့်မည်။ အချစ်ဟု အမည်ခံထားသည့် ထိုအရာသည် သူမကို ဘယ်တော့မှ ဝေဝါးသွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူမသည် ဤမီးတွင်းထဲသို့လည်း ဘယ်တော့မှ ထပ်ပြီးခုန်ဆင်းလိမ့်မည် မဟုတ်ပေ။

အကယ်၍ နောက်ဘဝတစ်ခုသာ ရှိခဲ့မည်ဆိုလျှင် သူမသည် ထိုလက်ရှလှသည့် ဓားတစ်ချောင်းကို သုံးကာ သူမ၏ဆွေမျိုးရင်းချာများကို ကာကွယ်ပေးရပြီလိမ့်မည်။

အကယ်၍ နောက်ဘဝတစ်ခုသာ ရှိခဲ့လျှင်...

...

All Chapters