ပြန်လည်မွေးဖွားခြင်း
Vol. 1 Ch. 2
ယုံးကျား နန်းစံ ရှစ်နှစ်မြောက်။
နှစ်လပိုင်း၏ နွေဦးအစတွင်မူ အေးမြမြ အအေးဓာတ်တို့ကား မကုန်ခမ်းသေးပေ။
စင်္ကြံလမ်း၏ အမိုးစွန်းအပြင်ဘက်ရှိ သစ်ပင်အချို့သည် အကိုင်းအခက်တို့ကို ဆန့်တန်းလျက် စိမ်းစိုသော အညွန့်အတက်သစ်တို့ကို ထုတ်လွှတ်နေကြ၏။ သစ်ပင်များကြားတွင် စာဝါငှက်တစ်ကောင်က ပျော်ရွှင်စွာ တေးသီနေလေသည်။
ထူးခြားဆန်းပြားသည့် ပန်းများနှင့် အပင်များမရှိ၊ ထူးဆန်းသော တောင်တန်းများနှင့် ကျောက်ဆောင်များမရှိ၊ ထို့ပြင် အနုစိတ်လှစွာ ကွေ့ကောက်နေသော စင်္ကြံလမ်းများလည်း မရှိချေ။ ရှင်းယန်စံအိမ်တော်သည် စစ်သူကြီးတစ်ဦး၏ စံအိမ်ဟန်ပန်အတိုင်း ခန့်ညားထည်ဝါပြီး ရှင်းလင်းကျယ်ဝန်းလှသည်။
အသက် ၁၅အရွယ် လုမင်ယွိသည် ဖြည်းညင်းစွာ ရှေ့သို့ လျှောက်လှမ်းလာခဲ့၏။ သူမ၏ မျက်ဝန်းအစုံသည် အချိန်အတော်ကြာ ရင်းနှီးကျွမ်းဝင်ခဲ့ရသော အရာခပ်သိမ်းကို လွှမ်းခြုံကြည့်ရှုလိုက်ရာ ပြင်းထန်သော နာကျင်မှုနှင့် ကြီးမားသော ဝမ်းမြောက်မှုတို့သည် သူမ၏ နှလုံးသားထဲတွင် ရှေ့တိုးနောက်ဆုတ် လှုပ်ရှားသွားပြီး ရင်ခေါင်းထဲမှ ပေါက်ကွဲထွက်လုမတတ်ပင်။
ဒါတွေအကုန်လုံးက တကယ်ဖြစ်နေတာလား။
ဒါမှမဟုတ် အိပ်မက်များလား။
တကယ်လို့ ဒါသာ အိပ်မက်တစ်ခုဆိုရင်တော့ လောကမှာ အလှပဆုံးအိပ်မက်တစ်ခု ဖြစ်မှာပဲ။ သေဆုံးပြီးနောက်မှာတောင်မှ ငယ်ရွယ်နုပျိုပြီး ခမ်းနားထည်ဝါခဲ့တဲ့ နေ့ရက်တွေဆီကို ပြန်ရောက်လာခွင့် ပေးခဲ့တယ်လေ။
ထိုအချိန်က သူမသည် လီဟောက်နှင့် လက်မထပ်ရသေးသလို လုမိသားစုသည်လည်း အိမ်ရှေ့စံနေရာ လုပွဲထဲသို့ ပါဝင်ပတ်သက်ခြင်း မရှိသေးပေ။ သူမ၏ ဖခင် လုလင်မှာ သက်ရှိထင်ရှားရှိနေသေးပြီး မောင်နှမများအားလုံးလည်း ဘေးကင်းလုံခြုံကြသည်။
နောင်တရစရာများနှင့် ဝမ်းနည်းကြေကွဲမှုအားလုံးသည် မဖြစ်ပွားသေးပေ။
အရာအားလုံးကို အစကနေ ပြန်စလို့ရသေးသည်။
လုမင်ယွိသည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူမ၏ နက်မှောင်သော မျက်ဝန်းများထဲတွင် အရည်ကြည်တို့ လဲ့ခနဲ ဖြစ်သွားခဲ့၏။
သူမ၏ အစေခံ ချီယွင်သည် နောက်မှ လိုက်ပါလာခဲ့သည်။
ထိုအချိန်က ချီယွင်သည် အနာဂတ်တွင်ကဲ့သို့ တည်ငြိမ်ပြီး စေ့စပ်သေချာမှုကို မွေးမြူထားနိုင်ခြင်း မရှိသေးဘဲ စကားကို တရစပ် ပြောဆိုတတ်သူဖြစ်၏။
“သခင်မလေး ညက ရုတ်တရက် ဖျားပြီး ညသန်းခေါင်မှာ ကယောင်ကတမ်းတွေ ပြောနေခဲ့တာ။ ဆေးနှစ်ကြိမ်လောက် သောက်ပြီးတော့မှ အဖျားက ကျသွားတယ်။ သခင်မလေး အိပ်ရာထဲမှာပဲ လှဲပြီး များများအနားယူသင့်တယ်”
လုမင်ယွိသည် ခြေလှမ်းတို့ကို ရပ်တန့်လိုက်ပြီး ဘေးရှိ ချီယွင်ကို ကြည့်လိုက်သည်။
ချီယွင်သည် သူမထက် တစ်နှစ်ကြီးပြီး ယခုနှစ်တွင် ၁၆နှစ် ပြည့်ပြီဖြစ်သည်။ အသားအရေက ညိုပြီး မျက်နှာလေးမှာ ချစ်စဖွယ်ဖြစ်ကာ မျက်ခုံးမျက်လုံးတို့မှာ သက်ဝင်လှုပ်ရှားနေ၏။
ယခင်ဘဝက သူမ နန်းတော်နက်ထဲတွင် ပိတ်မိနေခဲ့စဉ် ချီယွင်သည် သူမအနားမှာ အမြဲရှိနေခဲ့သည်။ သူမ မသေဆုံးမီ မယ်တော်ကြီးစူးကို သတ်ခဲ့သဖြင့် ချီယွင်သည်လည်း လွတ်လမ်းမရှိတော့သည်မှာ ဖြစ်နိုင်ခြေများ၏။
ချီယွင်က သခင်မလေးသည် သူမကို စကားများလွန်းသည်ဟု ထင်မြင်နေသည်ဟု တွေးကာ တိတ်ဆိတ်စွာပင် ပါးစပ်ပိတ်လိုက်သည်။
လုမင်ယွိက ညင်သာစွာ ခေါ်လိုက်၏။ “ချီယွင်”
စကားလုံးပေါင်းများစွာသည် သူမ၏ လည်ချောင်းဝတွင် တစ်ဆို့နေပြီး မည်သည့်စကားနှင့် စရမည်ကို မသိတော့ချေ။ ရင်ထဲမှ လှိုင်းထန်နေသော ခံစားချက်တို့သည် နောက်ဆုံးတွင်တော့ တောက်ပသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ နက်မှောင်သော မျက်ဝန်းများက လင်းလက်တောက်ပ သွားတော့သည်။
အသက်၁၅ သူမ၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပပြီး နက်မှောင်သော ဆံနွယ်တို့မှာ ရေတံခွန်တစ်ခုအလားပင်။
ရှည်လျားသော မျက်ခုံး၊ ဇာမဏီမျက်ဝန်း၊ နက်မှောင်သော မျက်လုံးများနှင့် နီထွေးသော နှုတ်ခမ်းတို့သည် အေးစက်တည်ငြိမ်ပြီး တောက်ပကာ သူရဲကောင်းဆန်ဆန် အလှကို ဆောင်နေ၏။
ထိုအခိုက်အတန့်တွင် သူမ ပြုံးလိုက်သည့်အလှသည် ပန်းပေါင်းတစ်ရာတို့၏ အလှတို့ထက် လင်းလက်တောက်ပနေပြီး အခြားသော အလှအပဟူသမျှကို မှေးမှိန်သွားစေနိုင်စွမ်းရှိသည်။
ချီယွင်၏ နှလုံးသားထဲတွင် ဂုဏ်ယူဝံ့ကြွားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ “သခင်မလေးက တကယ်လှတာပဲ။ နှစ်ရက်နေရင် နန်းတွင်းပွဲတော်ကို သွားတဲ့အခါ သခင်မလေးက အားလုံးထက် ထင်းနေမှာ သေချာတယ်”
နန်းတွင်းပွဲတော် ဟုတ်လား။
လုမင်ယွိသည် မျက်ခုံးအနည်းငယ်ကျုံ့လိုက်ပြီး ရှည်ကြာလှသည့် မှတ်ဉာဏ်တစ်ခုသည် သူမ၏ စိတ်ထဲတွင် လျှပ်ပြက်သလို ပေါ်လာခဲ့သည်။
သာ့ဝေနိုင်ငံသည် သက်တမ်း ရှစ်နှစ်သာ ရှိသေးပြီး နေရာတိုင်းတွင် စစ်မက်များ ဖြစ်ပွားနေကာ ငြိမ်းချမ်းခြင်းမရှိသေးပေ။
လီမျိုးနွယ်သည် ယခင်မင်းဆက်က ချမ်းသာကြွယ်ဝသော မိသားစုဖြစ်ခဲ့သည်။ မြို့တော်သည် မူလက လီမျိုးနွယ်၏ နယ်မြေဖြစ်ပြီး ဤနေရာတွင် နှစ်ပေါင်း နှစ်ရာကျော်ကြာ ကြီးပွားချမ်းသာခဲ့ကြ၏။ ထိုမိသားစုကို ဒေသခံဧကရာဇ်ဟု ဆိုလျှင်ပင် လွန်အံ့မထင်ပေ။
ယခင်မင်းဆက် ပြိုလဲသည်နှင့် လီမျိုးနွယ်၏ အကြီးအကဲ လီယွမ်သည် ပုန်ကန်မှုအလံကို လွှင့်ထူကာ ဒေသခံဧကရာဇ်ဘဝမှ ဧကရာဇ် အစစ်အမှန်အဖြစ်သို့ တက်လှမ်းခဲ့သည်။
အစပိုင်းတွင် လီမျိုးနွယ်၏ ထိန်းချုပ်နယ်မြေသည် မကျယ်ဝန်းလှပေ။ တိုက်ပွဲပေါင်းများစွာကို ဆက်တိုက်အနိုင်ရပြီး မြို့အချို့ကို သိမ်းပိုက်ပြီးနောက်တွင်မူ လာရောက်ခိုလှုံသော “ပုန်ကန်သူ” အရေအတွက် တဖြည်းဖြည်း တိုးများလာကာ သာ့ဝေနိုင်ငံ၏ နယ်မြေသည်လည်း တစ်စတစ်စ ကျယ်ပြန့်လာခဲ့သည်။ ရှင်းယန်စစ်တပ်၏ ပူးပေါင်းပါဝင်မှုသည် လီမျိုးနွယ်ကို ပို၍ပင် အင်အားကြီးမားစေခဲ့၏။
သာ့ဝေသည် ပြည်မကြီး၏ ထက်ဝက်နီးပါးကို သိမ်းပိုက်ထားပြီး ကျန်ထက်ဝက်ကိုမူ ယန်ပြည်နယ်နှင့် ချူပြည်နယ်တို့က သိမ်းပိုက်ထားကြသည်။ ယန်ဘုရင်သည် ယခင်မင်းဆက်၏ စစ်သူကြီးတစ်ဦးဖြစ်ပြီး မိမိတပ်ကို အားကိုးကာ ကိုယ်ပိုင်ထီးနန်းကို တည်ထောင်ထားသူဖြစ်၏။
ချူဘုရင်သည်လည်း ယုံးကျားဧကရာဇ်နှင့် အလားတူပြီး ထင်ရှားသော ဒေသခံမိသားစုမှဖြစ်ကာ ပုန်ကန်မှုအလံကို လွှင့်ထူပြီး ကိုယ်ပိုင်ထီးနန်း တည်ထောင်ထားသူဖြစ်သည်။ ထို့အပြင် ကြီးငယ်မဟူ အင်အားစု ငါးခု၊ ခြောက်ခုခန့် ရှိသေးသည်။
ယုံးကျားဧကရာဇ်သည် ကြီးကျယ်သော အမှုတို့ကို ဆောင်ရွက်လိုပြီး ကမ္ဘာလောကကို အုပ်စိုးရန် နေရာအနှံ့သို့ စစ်တပ်များ စေလွှတ် တိုက်ခိုက်နေခဲ့သည်။
နိုင်ငံတော်၏ အင်အားနှင့် စစ်အင်အားအရ ယန်နှင့် ချူပြည်နယ်တို့သည် ဝေနိုင်ငံထက် နိမ့်ကျသဖြင့် လျှို့ဝှက်စွာ မဟာမိတ်ဖွဲ့ထားကြသည်။ သာ့ဝေသည် အတန်ကြာအောင် ဘာမျှလုပ်နိုင်ခြင်း မရှိဘဲ သုံးပွင့်ဆိုင် အခြေအနေသို့ ရောက်ရှိသွားခဲ့၏။
မြို့တော်အပြင်ဘက်တွင် စစ်မက်များ ပြင်းထန်နေသော်လည်း မြို့တော်အတွင်း၌မူ စည်ကားသာယာသော မြင်ကွင်းတစ်ခု ဖြစ်ထွန်းနေခဲ့သည်။
မှန်ပေသည်။ ယခုနှစ်တွင် ချောင်မိဖုရားခေါင်က နန်းတော်၌ ပန်းကြည့်ပွဲတော်တစ်ခု ကျင်းပခဲ့ရာ ဖိတ်ကြားလွှာရရှိသော မြို့တော်မှ သခင်မလေးများအားလုံး ဝမ်းမြောက်စိတ်လှုပ်ရှားနေကြ၏။
သူမ၏ ဖခင်အရင်း ရှင်းယန်ဝမ်သည် ရာထူးကြီးမြင့်ပြီး ယုံးကျားဧကရာဇ်၏ အလေးထားခြင်းကို ခံရသူဖြစ်သည်။ သူမသည် ရှင်းယန်ဘုရင်၏ တစ်ဦးတည်းသော သမီးအရင်းဖြစ်သဖြင့် နန်းတွင်းပွဲတော်မှ ဖိတ်ကြားလွှာကို ရရှိခြင်းမှာ သဘာဝကျပေသည်။
ချီယွင်၏ မျက်ဝန်းများထဲတွင် အတင်းအဖျင်းပြောလိုသော မီးတောက်များ တောက်လောင်နေပြီး သူမက ပျော်ရွှင်စွာ တီးတိုးပြောလိုက်သည်။ “နန်းတော်ထဲက မင်းသား တော်တော်များများက ထိမ်းမြားရမယ့် အရွယ်ရောက်နေပြီ။ ကြားရတာကတော့ မိဖုရားခေါင်ကြီးက ဒီနန်းတွင်းပွဲကို မင်းသားတွေအတွက် ကြင်ယာတော်ရွေးဖို့ စီစဉ်တာတဲ့”
“သခင်မလေးရဲ့ အလှနဲ့ မျိုးရိုးဂုဏ်နဲ့ဆိုရင် သေချာပေါက် ထင်ပေါ်ကျော်ကြားမှာပဲ”
ချီယွင်သည် ပြောရင်းဆိုရင်း ပို၍ စိတ်လှုပ်ရှားလာသည်။ “ပဉ္စမမင်းသားက ဒီနှစ်မှ ဆယ်နှစ်ပဲ ရှိသေးတော့ သူ့ကို ထည့်မပြောသေးဘူးပေါ့။ အိမ်ရှေ့စံမင်းသားကတော့ လွန်ခဲ့တဲ့နှစ်က လက်ထပ်ပြီးသွားပြီ။ ဒုတိယမင်းသားနဲ့ တတိယမင်းသားက နှစ်ယောက်လုံး ၁၆နှစ်၊ စတုတ္ထမင်းသားက ၁၅နှစ်ပဲ။ ဒါက ကြင်ယာတော်ရွေးရမယ့် အရွယ်ပဲ”
“သခင်မလေး၊ ဒီအခွင့်အရေးကောင်းကို လက်လွှတ်မခံနဲ့နော်။ တတိယမင်းသားက သခင်မလေးကို…”
လုမင်ယွိ၏ မျက်ဝန်းများ လင်းလက်သွားပြီး ချီယွင်ကို ညင်သာစွာ ဖြတ်ပြောလိုက်သည်။ “ငါက တတိယမင်းသားနဲ့ အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာ၊ လုံးဝ မရင်းနှီးဘူး”
ဒီဘဝမှာတော့ အဲ့ဒီခွေးလိုလူနဲ့ ဘယ်တော့မှ ပတ်သက်မှာမဟုတ်ဘူး။
ချီယွင်က ပြုံးဖြီးဖြီးလုပ်ကာ “ကျွန်မ နားလည်ပါတယ်၊ နားလည်ပါတယ်” ဟူသော အပြုံးဖြင့် ပြောလိုက်သည်။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ သခင်မလေးက တတိယမင်းသားနဲ့ ဘာမှမပတ်သက်ပါဘူး၊ ကျွန်မက စကားများသွားတာပါ”
လုမင်ယွိ : “…”
ဤကဲ့သို့သော အရာမျိုးသည် ဖြေရှင်းလေလေ ပိုရှုပ်လေလေ ဖြစ်တတ်သည်။
လုမင်ယွိသည် ထပ်မံရှင်းပြခြင်း မပြုတော့ဘဲ လှည့်ထွက်ကာ ခြေလှမ်းလှမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင် လုစံအိမ်တော်၏ အိမ်တော်ထိန်းချုပ် လုကျားသည် ကိုယ်တိုင်လာရောက် အစီရင်ခံ၏။ “အရှင်... စတုတ္ထသခင်မလေး၊ တတိယမင်းသား ကြွရောက်တွေ့ဆုံခွင့်တောင်းနေပါတယ်”
…
လီဟောက် ရောက်လာသည်တဲ့လား။
သူမကို လာတွေ့ရဲသည့် သတ္တိက ဘယ်ကများ ရသနည်း။
သူမ၏ နှလုံးသားထဲတွင် ဖိနှိပ်ထားသော ဒေါသသည် ရုတ်တရက်ဆိုသလို ပြင်းထန်သော မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လုမင်ယွိသည် ရုတ်တရက် လှည့်လိုက်ရာ သူမ၏ မျက်ဝန်းများသည် မီးတောက်နေသကဲ့သို့ ဖြစ်နေ၏။ “သူက ဘာကိစ္စနဲ့ လာတာလဲ။ သူ့ကို ထွက်သွားခိုင်းလိုက်စမ်း”
အိမ်တော်ထိန်းတင်း : “…”
ချီယွင် : “…”
လုမင်ယွိသည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူကာ ရင်ထဲမှ ပြင်းထန်သော မီးတောက်များကို အနည်းငယ် ဖိနှိပ်လိုက်ပြီး အလွန်အေးစက်သော အသံဖြင့် ပြောလိုက်သည်။ “သွားပြီး လီဟောက်ကို ပြောလိုက်၊ ရှင်းယန်ဝမ်က စစ်တပ်ကို ဦးဆောင်သွားပြီး ဒုတိယအစ်ကိုကလည်း စံအိမ်မှာ မရှိဘူး။ လုစံအိမ်တော်မှာ အသက်ကြီးသူတွေနဲ့ မိန်းမသား၊ ကလေးတွေချည်းပဲမို့ ဂုဏ်သရေရှိဧည့်သည်တော်ကို ဧည့်ခံဖို့ အဆင်မပြေဘူး။ သူ ပြန်သင့်တယ်”
ချီယွင်က ချောင်းဟန့်ကာ ယဉ်ကျေးစွာ သတိပေးလိုက်သည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်မလေးနဲ့ တတိယမင်းသားက ဒီနေ့ နွေဦးအမဲလိုက်ပွဲအတွက် မြင်းစီးထွက်ဖို့ ချိန်းဆိုထားတာလေ။ တတိယမင်းသားက ချိန်းဆိုထားတဲ့အတိုင်း လာတာပါ”
ယုံးကျားဧကရာဇ်သည် မိမိ၏ နိုင်ငံတော်ကို စစ်အင်အားဖြင့် တည်ထောင်ခဲ့ပြီး မကြာခဏဆိုသလို ကိုယ်တိုင် စစ်ချီထွက်လေ့ရှိသည်။ မင်းသားအများစုသည် မြင်းစီးခြင်းနှင့် မြားပစ်ခြင်းတွင် ကျွမ်းကျင်ကြ၏။
မငြိမ်မသက်သော ခေတ်ကာလတွင် မွေးဖွားလာခဲ့ရသဖြင့် ယခင်မင်းဆက်က အမျိုးသမီးများအပေါ် မျှော်လင့်ထားသော သီလနှင့်ပြည့်စုံပြီး၊ နူးညံ့သိမ်မွေ့သော အမူအကျင့် စံနှုန်းများကို စွန့်ပယ်ခဲ့ကြသည်။ လက်ရှိ သာ့ဝေနိုင်ငံတော်တွင် စစ်ရေးစွမ်းရည်ကို တန်ဖိုးထားသော ယဉ်ကျေးမှုက ထွန်းကားနေခဲ့သည်။
အမျိုးသမီးငယ်များသည် အပျိုဆောင်အတွင်း စုဝေးကြပြီး စောင်းတီး၊ ကျားထိုး၊ လက်ရေးလှရေး၊ ပန်းချီဆွဲခြင်းတို့သာမက မြားပစ်ခြင်းနှင့် မြင်းစီးခြင်းကိုပါ လေ့ကျင့်ကြသည်။ သုံးယောက်တစ်စု၊ ငါးယောက်တစ်ဖွဲ့ စုဝေးကာ မြင်းစီးအမဲလိုက်ထွက်ခြင်းသည်လည်း သာမန်အရာတစ်ခု ဖြစ်သည်။
လုမင်ယွိသည် မွေးရာပါ သဘာဝလွန်ခွန်အားနှင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့၏။ ရှင်းယန်စစ်တပ်၏ သခင်တစ်ဦးဟု လူသိများသော လုမင်ယွိ၏ မွေးစားအစ်ကို လုဖေးပင်လျှင် သူမ၏ လက်အောက်တွင် သိုင်းကွက် အကွက်တစ်ရာကို မခံနိုင်ချေ။
သူမ၏ ပုံမှန်လက်နက်မှာ သံနက်ကို သံကောင်းဖြင့် ရောစပ်ပြုလုပ်ထားသော ဓားရှည်ကြီးဖြစ်ပြီး ဓားအမည်မှာ ‘ပေါင်ယွိ’ ဖြစ်သည်။ ဓားသည် သာမန်ဓားထက် သုံးလက်မပိုရှည်ပြီး နှစ်ဆပိုလေးလံသည်။ သူမ၏ လက်ထဲတွင်မူ ငှက်မွေးတစ်မျှင်ကဲ့သို့ ပေါ့ပါးပြီး အရှိန်အဟုန်မှာ အံ့မခန်းပင်။
သို့သော်လည်း ဤအရာများကို မိသားစုဝင်များသာ သိရှိကြသည်။ သူစိမ်းများရှေ့တွင်မူ လုမင်ယွိသည် သူမ၏ နတ်အစွမ်းဆန်ဆန် ခွန်အားကို ငါးဆယ်ရာခိုင်နှုန်းခန့် ချုပ်တည်းထားပြီး အရည်အချင်း၏ သုံးဆယ်ရာခိုင်နှုန်းကိုသာ ထုတ်ဖော်ပြသခဲ့သည်။
သို့တိုင်အောင်ပင် သူမ ရံဖန်ရံခါ မြားပစ်သည့်အခါ မြို့တော်မှ သခင်မလေးများသည် သူမ၏ ပြိုင်ဘက်မဟုတ်ကြချေ။
သူမနှင့် လီဟောက်၏ “ဆိုးရွားတဲ့ ဆက်ဆံရေး” သည် လွန်ခဲ့သော နှစ်နှစ်က မမျှော်လင့်ဘဲ တွေ့ဆုံမှုတစ်ခုမှ အစပြုခဲ့သည်။
ထိုနှစ်က အသက် ၁၃နှစ်အရွယ်တွင် သူမသည် မိမိချစ်မြတ်နိုးသော မြင်းကို စီး၊ လေးနှင့်မြားကို ဆောင်ကာ အစ်ကိုကြီး လုဖေးနှင့်အတူ အမဲလိုက်ထွက်ခဲ့သည်။ လင်းယုန်တစ်ကောင်သည် လေထဲတွင် ပျံဝဲနေပြီး သူမ၏ မျက်လုံးများ လင်းလက်သွားပြီး လျင်မြန်စွာ လေးကိုဆွဲကာ မြားကို ပစ်လွှတ်လိုက်သည်။
ရှည်လျားသော မြားသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး လင်းယုန်၏ လည်ချောင်းကို ထိမှန်သွားခဲ့သည်။
လင်းယုန်သည် တည့်တည့်မတ်မတ် ပြုတ်ကျလာခဲ့သည်။
သူမသည် ဝမ်းမြောက်ခြင်းနှင့် ကျေနပ်ခြင်းတို့ အပြည့်ဖြင့် သားကောင်ကို ကောက်ယူရန် မြင်းကို စီးနင်းသွားခဲ့သည်။ မမျှော်လင့်ဘဲ အနက်ရောင်မြင်းကို စီးထားသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးသည်လည်း စီးနင်းလာခဲ့သည်။
လင်းယုန်သည် မြားနှစ်စင်းဖြင့် ထိမှန်ခံထားရလေသည်။ တစ်စင်းမှာ လည်ချောင်း၌ဖြစ်ပြီး နောက်တစ်စင်းမှာ ရင်ဘတ်ကို ဖောက်ထွင်းသွားသည်။ အားလုံးမှာ သေစေနိုင်သော မြားဒဏ်ရာများဖြစ်၏။ မည်သည့်မြားက အရင်ထိမှန်သည်ကို မည်သူမျှ မသိနိုင်ချေ။
အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် မြင်းပေါ်မှဆင်းကာ သူမ၏ ရှေ့တွင် ရပ်လိုက်ပြီး သူ၏ ခန့်ညားသော မျက်နှာသည် နေရောင်အောက်တွင် တောက်ပနေသကဲ့သို့ ဖြစ်၏။ “ဒီလင်းယုန်ကို မိန်းကလေးနဲ့အတူ ပစ်ခတ်မိတာက ရေစက်ပဲ။ လင်းယုန်ကို မိန်းကလေးကို ပေးလိုက်ပါ့မယ်”
သူမသည် ငယ်ရွယ်ပြီး တက်ကြွကာ လှောင်ရယ်လိုက်သည်။ “ဘယ်သူက ရှင့်ကို ပေးခိုင်းလို့လဲ”
သူမသည် မြားအိမ်မှ မြားကိုဆွဲထုတ်၊ လေးကို မြှောက်ကာ ပစ်လွှတ်လိုက်၏။ လူအုပ်၏ အံ့ဩတကြီးအော်သံများကြားတွင် ရှည်လျားသော မြားသည် ကြယ်ပျံတစ်စင်းကဲ့သို့ ကောင်းကင်အမြင့်မှ လင်းယုန်တစ်ကောင်ကို ပစ်ချလိုက်လေသည်။ ကံဆိုးသွားသည့် လင်းယုန်ငှက်မှာ တည့်တည့်မတ်မတ် ပြုတ်ကျလာခဲ့သည်။
မီတာ ၁၀၀ အကွာမှ မြားတစ်စင်းသည် လည်ချောင်းကို ဖောက်ထွင်းသွားခဲ့သည်။
အနက်ရောင်ဝတ်စုံနှင့် လူငယ်၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားပြီး သူမကို စိုက်ကြည့်လိုက်သည်။ “မိန်းကလေးရဲ့ မြားပစ်စွမ်းရည်က နတ်ဘုရားတစ်ပါးလိုပဲ၊ ခွန်အားက ပိုလို့တောင် အံ့ဩစရာကောင်းပါပေတယ်”
သူမသည် မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။ “ဒီလင်းယုန်ကိုလည်း ရှင့်ကို ပေးတယ်”
ထို့နောက် သူမသည် မြင်းပေါ်တက်ကာ စီးနင်းထွက်ခွာသွားခဲ့သည်။
အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် ထိုနေရာတွင် ရပ်နေရင်း သူမ၏ ပုံရိပ်ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့ပြီး သူ၏ မျက်ဝန်းများမှာ လင်းလက်နေကာ ပါးလွှာသော နှုတ်ခမ်းများမှာ အနည်းငယ် ကွေးတက်သွားခဲ့သည်။
နောက်ပိုင်းတွင် သူမ သိရှိခဲ့သည်မှာ အမဲလိုက်စဉ် တွေ့ဆုံခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်စုံနှင့် လူငယ်သည် သာ့ဝေနိုင်ငံ၏ တတိယမင်းသား လီဟောက် ဖြစ်နေသည်ဟူ၍။
လီဟောက်သည် သူမ၏ မွေးစားအစ်ကို လုဖေးနှင့် တမင်တကာ မိတ်ဖွဲ့ခဲ့ပြီး ရှင်းယန်စံအိမ်တော်သို့ ပေါ်ပေါ်တင်တင် ဝင်ထွက်သွားလာကာ သူမနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။
ဤသို့ ခန့်ညားပြီး ထူးချွန်သော လူငယ်တစ်ဦးသည် သူမ၏ ရှေ့တွင် မကြာခဏ ပေါ်လာပြီး သူ၏ မျက်ဝန်းများသည် အမြဲတမ်း တောက်ပပြီး အာရုံစူးစိုက်နေခဲ့သည်။ နုပျိုသော နှလုံးသားလေးက ခံစားချက်တို့ဖြင့် ပြည့်နှက်လာခြင်းမှာ ရှောင်လွှဲမရနိုင်ပေ။
နောက်ပိုင်းတွင် သူမ လီဟောက်နှင့် လက်ထပ်ခဲ့သောအခါ လုမိသားစုသည် လီဟောက်၏ နောက်တွင် အလိုလို ရပ်တည်ခဲ့ပြီး လီဟောက်၏ ထီးနန်းလုပွဲတွင် အစွမ်းထက်ဆုံး ထောက်ခံသူ ဖြစ်လာခဲ့သည်။
နောက်ပိုင်း လီဟောက် နဂါးပလ္လင်ပေါ်တွင် ထိုင်ခဲ့သောအခါ သူသည် သူမနှင့် လုမိသားစုကို မည်သို့ ဆက်ဆံခဲ့သနည်း။
သူသည် မိမိ၏ မယ်တော်၏ သွေးထိုးလှုံ့ဆော်မှုကို ခံရပြီး သူမကို သံသယဝင်လာခဲ့သည်။ အခြားအမျိုးသမီးတစ်ဦးနှင့်အတူ လုမိသားစုကို လျှို့ဝှက်စွာ တိုက်ခိုက်ပြီး ဖိနှိပ်ခဲ့သည်။ အထွတ်အထိပ်ကာလတွင် ရှင်းယန်စစ်တပ်၌ စစ်သည် ၆၀,၀၀၀ ရှိခဲ့သော်လည်း ယုံရှီခေတ်တွင်မူ စစ်သည် ၂၀,၀၀၀ သာ ကျန်ရှိတော့သည်။
သူသည် နာတာရှည်ရောဂါဖြင့် မသေဆုံးမီ ထီးနန်းကို မိမိ၏ သားတော်အား မပေးဘဲ ညီတော်အား ပေးခဲ့သည်။
မယ်တော်ကြီးစူးက ငိုယိုတောင်းပန်ခဲ့သည်မှာ မှန်သော်လည်း သူ သဘောတူခဲ့ခြင်းမှာ သူမကို မယုံကြည်သောကြောင့်ပင်။ သူသည် မိမိ၏ ငယ်ရွယ်သော သားတော် ထီးနန်းဆက်ခံပြီးနောက် သူမက ရင်ခွင်ပိုက်အုပ်ချုပ်သူအဖြစ် အာဏာလွှဲပြောင်းယူကာ လုမိသားစုက ထီးနန်းကို လုယူမည်ကို စိုးရိမ်ခဲ့သည်။
၁၃နှစ်အရွယ်တွင် တွေ့ဆုံခဲ့ပြီး ၁၆နှစ်တွင် လက်ထပ်ခဲ့ကာ ခုနစ်နှစ်တိုင်တိုင် အိမ်ထောင်သက်ရှည်ခဲ့သည်။
ဆယ်စုနှစ်တစ်ခုကြာသော ချစ်ခြင်းတရားသည် နောက်ဆုံးတွင်တော့ နန်းတွင်းအာဏာလုပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို မယှဉ်နိုင်ခဲ့ချေ။
...