လီဟောက်
Vol. 1 Ch. 3
အတိတ်က အမှတ်ရစရာများသည် တစ်ခုပြီးတစ်ခု အပြေးအလွှား ရောက်ရှိလာခဲ့သည်။
နှလုံးသားကို ထိုးဖောက်သည့် နာကျင်မှုသည် သူမကို နစ်မြုပ်လုနီးပါးပင်။
လုမင်ယွိသည် မျက်လုံးများကို အားဖြင့် မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ပြန်ဖွင့်လိုက်ချိန်တွင်တော့ သူမ၏ မျက်ဝန်းများသည် အံ့ဩဖွယ်ရာ တောက်ပနေခဲ့သည်။ “အိမ်တော်ထိန်းတင်း၊ တတိယမင်းသားကို လေ့ကျင့်ရေးကွင်းဆီ လွှတ်လိုက်ပါ။ ကျွန်မ လေ့ကျင့်ရေးကွင်းမှာ သူ့ကို စောင့်နေတယ်လို့ ပြောလိုက်ပါ”
အိမ်တော်ထိန်းတင်းသည် သက်ပြင်းတစ်ချက်ချကာ ပြန်ထွက်သွားခဲ့သည်။
ချီယွင်သည် ဝမ်းမြောက်မှုဖြင့် ပြည့်နှက်နေပြီး စကားပြောရန် ပြင်လိုက်စဉ် လုမင်ယွိ၏ မျက်လုံးများက လှမ်းကြည့်လိုက်သည်။ “နင် လိုက်ခဲ့ဖို့ မလိုဘူး”
ချီယွင်သည် “ကျွန်မ နားလည်ပါတယ်၊ နားလည်ပါတယ်” ဟူသော အပြုံးကို နောက်တစ်ကြိမ် ပြုံးလိုက်သည်။ “ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်မ သခင်မလေးရဲ့ မျက်စိနောက်အောင် မလုပ်တော့ပါဘူး”
လုမင်ယွိသည် များများစားစား မပြောလိုဘဲ လှည့်ထွက်ကာ သိုင်းလေ့ကျင့်ကွင်းသို့ ထွက်လာခဲ့လိုက်သည်။
စစ်သည်ရဲမက် ရာပေါင်းများစွာကို အတူတကွ လေ့ကျင့်နိုင်လောက်အောင် ကျယ်ဝန်းသော ဤသိုင်းလေ့ကျင့်ကွင်းသည် မြို့တော်တွင် ကျော်ကြားလှ၏။ သိုင်းလေ့ကျင့်ကွင်းဘေးတွင် လက်နက်စင် ဆယ်ခုထက်မနည်းရှိသည်။ ဓားရှည်၊ လှံ၊ ဓားမ၊ ပုဆိန်၊ ချိတ်၊ ခက်ရင်း၊ ကြာပွတ်၊ တင်းပုတ် စသည့် လက်နက် ဆယ့်ရှစ်မျိုးစလုံး အစုံအလင်ရှိသည်။
လုမင်ယွိက ဓားရှည်တစ်ချောင်းကို ရွေးထုတ်လိုက်သည်။
ဓားသည် သူမ၏ လက်ထဲသို့ ရောက်သည်နှင့် ဟိုအရင်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သော ခိုင်မာသည့် မိမိကိုယ်ကို ယုံကြည်မှုသည် နှလုံးသားထဲသို့ လွှမ်းခြုံဝင်ရောက်လာခဲ့သည်။
ရင်းနှီးသော ခြေသံတစ်စုံသည် အဝေးမှ အနီးသို့ ထွက်ပေါ်လာခဲ့သည်။ လူငယ်၏ အနည်းငယ် ခပ်တိုးတိုးအသံက သူမ၏ နောက်မှ ထွက်ပေါ်လာ၏။ “ရှောင်ယွိ”
လုမင်ယွိက မျက်နှာသေဖြင့် လှည့်လိုက်သည်။
သူမ၏ လက်ကောက်ဝတ်ကို တစ်ချက်အလှည့်တွင် ဓားရှည်သည် ဓားပန်းတစ်ပွင့်ကို ဖန်တီးကာ မြင်ကွင်းထဲသို့ ဝင်ရောက်လာသော ရင်းနှီးသည့် လူငယ်၏ ပုံရိပ်ဆီသို့ ချိန်ရွယ်ထားလိုက်လေသည်။
လူငယ်သည် အနက်ရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျယ်ပြန့်သော ပခုံးနှင့် ကျဉ်းမြောင်းသော ခါး၊ ရှည်လျားသော ခြေတံတို့ဖြင့် အရပ်မြင့်မားသည်။ ဓားသွားသဖွယ် မျက်ခုံးတစ်စုံ၊ ကြယ်တာရာကဲ့သို့ မျက်ဝန်းများ၊ ဖြောင့်စင်းသော နှာတံနှင့် ပါးလွှာသော နှုတ်ခမ်းတို့ဖြင့် အလွန်ခန့်ညားလှ၏။
သူမ၏ မှတ်ဉာဏ်ထဲက လီဟောက်သည် နဂါးဝတ်ရုံတော်ဖြင့် ခန့်ညားပြီး တည်ငြိမ်လှသည်။ သူမ၏ ရှေ့မှ လီဟောက်မှာမူ ငယ်ရွယ်၊ ခန့်ညားပြီး သူ၏ မျက်ဝန်းများသည် ကောင်းကင်မှ တောက်ပသော နေမင်းကြီးနှင့် တူလှ၏။
ထိုအနည်းငယ် နက်ရှိုင်းပြီး အေးစက်စက် မျက်ဝန်းများသည် သူမကို မြင်လိုက်သည့်အခိုက်တွင် နွေဦးလေညင်းကြောင့် အရည်ပျော်သွားသကဲ့သို့ ပြောင်းလဲသွားပြီး အပြုံး ပါးပါးလေးတစ်ခု ပေါ်လာခဲ့သည်။ “ရှောင်ယွိ၊ ဘာလို့ ကို့ကို ဓားနဲ့ ချိန်ထားရတာလဲ”
ယခင်က ဤအပြုံးသည် သူမကို ယစ်မူးစေခဲ့သည်။
ယခုမူ သူမသည် ဤခွေးလိုလူကို ဓားဖြင့် ခုတ်ပိုင်းပစ်ချင်နေမိသည်။
လုမင်ယွိက အေးစက်စွာ ပြောလိုက်သည်။ “ဓားသွားယူ!”
ဘာပဲဖြစ်ဖြစ်၊ သူ့ကို အရင်ရိုက်ပြီး ရင်ထဲက မကျေနပ်တဲ့ ဒေါသတွေကို အရင်ထုတ်ပစ်ရမယ်။
လီဟောက်မှာမူ ရှုပ်ထွေးသွားခဲ့သည်။
ရှောင်ယွိ ဘာဖြစ်သွားတာလဲ။
လွန်ခဲ့တဲ့ ရက်နည်းနည်းကအထိ အကောင်းကြီးပဲကို။ ငါက သူ့ကို မြင်းစီးအမဲလိုက်ထွက်ဖို့ ဖိတ်တော့ သူက ချက်ချင်းပဲ လက်ခံခဲ့တာလေ။ ဘာလို့ ဒီနေ့ ရုတ်တရက်ကြီး ဒီလောက်အေးစက်သွားရတာလဲ။ ငါ့ကို စိတ်ဆိုးနေတာများလား။
ရှောင်ယွိက ရိုးသားပွင့်လင်းပြီး စိတ်ရှင်းတဲ့ူ။ တစ်ခါတလေ မပျော်မရွှင်ဖြစ်ရင် ချက်ချင်းပဲ ပေါက်ကွဲတတ်ပေမယ့် နောက်တစ်ကြိမ်အထိတော့ သည်းခံနေမှာ မဟုတ်ဘူး။
ဒါဆို ဒီနေ့ ဘာဖြစ်နေတာလဲ။
လီဟောက်သည် ခဏစဉ်းစားပြီးနောက် လုမင်ယွိ၏ စိတ်ကို ခန့်မှန်းမိပြီဟု ထင်ကာ အနည်းငယ် ပြုံးလိုက်ပြီး ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်သည်။ “မင်းလည်း ပန်းကြည့်ပွဲတော်အတွက် ဖိတ်စာရတယ်မလား”
“မူဟုတ်(မယ်တော် မိဖုရားခေါင်)က ပန်းကြည့်ပွဲတော်ကို အစ်ကိုတော်နှစ်အတွက် ကြင်ယာတော်ရွေးဖို့ အဓိက ကျင်းပတာပါ။ ကိုနဲ့ ဘာမှမဆိုင်ဘူး။ စိတ်မကောင်း မဖြစ်နဲ့”
ဤသို့ပြောပြီးနောက် သူသည် ခဏရပ်ကာ သူမကို အနည်းငယ်ပို၍ နူးညံ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ “ကို့ မူချင်း (မယ်တော်)နဲ့ မင်းအကြောင်း ပြောပြီးပြီ၊ မူချင်းက ခမည်းတော်နဲ့ မူဟုတ်ကို သီးသန့်လျှောက်တင်ပြီး မင်းနဲ့ကို့ကို လက်ဆက်ပေးဖို့ တောင်းဆိုမယ်လို့ ပြောတယ်…”
သူ၏ စကားမဆုံးမီတွင် ချွန်ထက်သော ဓားသည် ရှေ့သို့ တည့်တည့် ထိုးစိုက်လာခဲ့သည်။
လီဟောက်သည် သတိလက်လွှတ်ဖြစ်သွားပြီး အနည်းငယ် ရှက်ရွံ့သွားသည့်ခံစားချက်ဖြင့် နောက်ပြန်ရှောင်လိုက်ရ၏။
လုမင်ယွိတွင် နောက်ပြောင်လိုစိတ် တစ်စိုးတစ်စိမျှ မရှိချေ။ တစ်ချက်ပြီးတစ်ချက် ထိုးစိုက်လိုက်ရာ ဓားသွားရိပ်တို့ လင်းလက်သွားပြီး အားလုံးမှာ သေကွင်းသေကွက် နေရာများဆီသို့ ဦးတည်နေခဲ့သည်။
လီဟောက်သည် ရုတ်တရက် နောက်ဆုတ်ပေးနေရပြီး အကြိမ်ကြိမ် ရှောင်တိမ်းရင်း ထပ်မံ ပါးစပ်ဖွင့်ရန် အချိန်မရတော့ချေ။ သူသည် မင်ယွိ၏ တွန်းအားကြောင့် လက်နက်စင်ဘေးသို့ နောက်ဆုတ်သွားရပြီး မတတ်သာသည့်အဆုံး လှည့်ကာ ဓားရှည်တစ်ချောင်းကို ယူလိုက်ရတော့သည်။
မိမိကျွမ်းကျင်သော လက်နက်ကို လက်ထဲတွင် ကိုင်ဆောင်ထားသည်နှင့် လီဟောက်သည် တည်ငြိမ်သွားပြီး ရှက်ဖွယ်ကောင်းစွာ ရှောင်တိမ်းခြင်း မပြုတော့ဘဲ ဓားရှည်ကို ဝှေ့ယမ်းကာ ခုခံလိုက်သည်။
သာ့ဝေနိုင်ငံတွင် သိုင်းပညာသည် ခေတ်စားလာပြီး အပျိုးဆောင်အတွင်းမှ အမျိုးသမီးငယ်များပင် မြင်းစီးခြင်းနှင့် မြားပစ်ခြင်းကို ပျော်ရွှင်စွာ ပြုလုပ်ကြသည်။ မင်းသားအများစုသည် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့ကြပြီး အားလုံးမှာ သိုင်းပညာကောင်းများ ရှိကြ၏။
လီဟောက်သည် မြင်းစီးခြင်းနှင့် မြားပစ်ခြင်းတွင် ထူးချွန်ပြီး မင်းသားများထဲတွင်လည်း ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူတို့သည် ပုံမှန်ရက်များတွင် သိုင်းပညာလေ့ကျင့်ကြသော်လည်း အစောင့်များနှင့် စစ်သားများသည် မင်းသားနှင့် တိုက်ခိုက်ရန် ဘယ်သောအခါမှ မဝံ့ရဲကြချေ။
လီဟောက်သည် အခြားသူများနှင့် လက်ချင်းယှဉ်ပြိုင်ရာတွင် တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိပေ။
လုဖေးနှင့် လီဟောက်သည် တစ်ယောက်ကိုတစ်ယောက် ကောင်းစွာသိရှိပြီး သီးသန့်တွေ့ဆုံချိန်တွင် ပေါ့ပေါ့ပါးပါး နောက်ပြောင်ကြသည်။ “ကျွန်တော် စတုတ္ထညီမလေးနဲ့ ယှဉ်ပြိုင်တဲ့အခါ အကွက်တစ်ရာကို မကျော်နိုင်ဘူး။ အရှင်မင်းသားက ကျွန်တော့်ထက် အနည်းငယ်သာပေမယ့် စတုတ္ထညီမလေးလောက်တော့ မကောင်းပါဘူး”
လီဟောက်သည် ကျက်သရေရှိစွာ ပြုံးလိုက်သည်။
သူ၏ အမြင်တွင် ရှောင်ယွိသည် သာမန်မိန်းကလေးများထက် အမှန်ပင် သာလွန်လှ၏။ သို့သော် သူ အမှန်တကယ် စတင်တိုက်ခိုက်ပါက သူမသည် သူ၏ ပြိုင်ဘက် ဘယ်သောအခါမှ ဖြစ်နိုင်မည် မဟုတ်ပေ။
လက်မထပ်ရသေးသော အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးသည် မည်မျှပင် အရည်အချင်းကောင်းနေပါစေ၊ သူမသည် ပန်းလက်သီးနှင့် ပန်းထိုးခြေထောက်မျှသာ။
… သူ မှားသွားခဲ့ပြီ။
ချွင်း!
ဓားများသည် နောက်တစ်ကြိမ် ဆုံတွေ့သွားပြီး အသံမှာ စူးရှပြီး နားမခံသာလောက်အောင်ပင်။
ဓားများဆုံရာမှ တားဆီးမရနိုင်သော အင်အားတစ်ခု ထွက်ပေါ်လာခဲ့သည်။
လီဟောက်၏ မျက်နှာတွင် သံသယဖြစ်ဖွယ် နီရဲရဲအရောင်တစ်ခု လင်းလက်သွားပြီး သူ၏ နဖူးတွင် ချွေးစေးများ ဖုံးလွှမ်းသွားခဲ့သည်။ သူ၏ ညာဘက်လက်ကောက်ဝတ်သည် အနည်းငယ် တုန်ခါနေပြီး လက်ထဲမှ ဓားရှည်ကို မနည်းထိန်းထားရသည်။ သူသည် ထိတ်လန့်သွားတော့သည်။
လုဖေးပြောခဲ့သည်မှာ အမှန်ဖြစ်နေခဲ့သည်။
လုမင်ယွိသည် သာမန်ရက်များတွင် သူမ၏ အစစ်အမှန် အရည်အချင်းကို ဘယ်သောအခါမှ မပြသခဲ့ပေ။
လုမင်ယွိသည် အမှန်တကယ်တွင် နတ်ဘုရားဆန်ဆန် ခွန်အားနှင့် မွေးဖွားလာခဲ့သည်ကို သူ သိလိုက်ရသည်။
ခွန်အားတစ်ခုသည် ဆယ်စွမ်းရည်ကို ချိုးဖျက်နိုင်၏။ ထို့အပြင် လုမင်ယွိသည် ကြမ်းတမ်းသော ခွန်အားကိုသာ အသုံးပြုသူမဟုတ်ဘဲ သူမ၏ ဓားသိုင်းပညာမှာလည်း လက်ရာမြောက်လှသည်။
လုမင်ယွိ၏ မျက်နှာတွင် အပေါ်ယံဆန်ဆန် အမူအရာ တစ်စုံတစ်ရာ မရှိချေ။ ဓားရှည်သည် လျင်မြန်ပြီး တိကျလှကာ အကွက်သုံးဆယ်အတွင်းမှာပင် လီဟောက်၏ လက်ထဲမှ ဓားရှည်ကို ရိုက်ချလိုက်နိုင်ခဲ့သည်။
ဓားရှည်သည် ‘ထန်းခနဲ’ အသံဖြင့် မြေပြင်ပေါ်သို့ ကျသွားပြီး လုမင်ယွိ၏ လက်ထဲမှ ဓားရှည်သည် လီဟောက်၏ ရင်ဘတ်ကို ထိသွားလေသည်။
…
အားကို အနည်းငယ်သာ သုံးလိုက်လျှင် ဤဓားသည် လီဟောက်၏ ရင်ဘတ်ကို ထိုးဖောက်သွားနိုင်ပေသည်။
အကြောင်းမသင့်လေတော့ သူမသည် ထိုမျှ စိတ်လိုက်မာန်ပါ မလုပ်နိုင်ခဲ့ချေ။
ဤသည်မှာ လုစံအိမ်တော်ဖြစ်ပြီး လီဟောက်သည် တတိယမင်းသား ဖြစ်သည်။ အကယ်၍ သူမသည် လီဟောက်ကို မထီမဲ့မြင် သတ်လိုက်ပါက လုမိသားစုအတွက် ဘေးဒုက္ခကို ဆောင်ကျဉ်းပေးသလို ဖြစ်ပေလိမ့်မည်။ သူမသည် တစ်ကြိမ်သေဆုံးဖူးသူဖြစ်ပြီး အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ဂရုမစိုက်တော့ချေ။
သို့သော် သူမသည် မိမိ၏ မိသားစုကို ဒုက္ခမပေးနိုင်ပေ။
လုမင်ယွိသည် လီဟောက်ကို စိုက်ကြည့်ကာ ဓားရှည်ကို ပြန်ရုပ်သိမ်းလိုက်သည်။
လီဟောက်သည် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
သိုင်းပညာလေ့ကျင့်သူများသည် သတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစားသိနိုင်ဆုံး ဖြစ်ကြသည်။ ယခုလေးတင် ခဏလေးအတွင်းမှာပင် လုမင်ယွိ၏ မျက်ဝန်းများထဲတွင် အေးစက်စက် သတ်ဖြတ်လိုစိတ် လင်းလက်သွားပြီး သူမသည် သူ့ကို ခြောက်လှန့်ရန် ဟန်ဆောင်နေခြင်း မဟုတ်ပေ။
သူမသည် သူ့ကို ယခုလေးတင် ဓားဖြင့် သတ်ပစ်ချင်နေခဲ့သည်။
လီဟောက်သည် ထိတ်လန့်သွားသလို ဒေါသလဲထွက်သွားပြီး သူ ဘယ်သောအခါမှ ဝန်ခံမည်မဟုတ်သော ထိတ်လန့်မှုအချို့နှင့် ရောနှောလို့နေသည်။
သူ၏ ချောမောခန့်ညားသော မျက်နှာသည် အနည်းငယ် ညိုမှိုင်းသွားပြီး သူ့အသံမှာ အနည်းငယ် တင်းမာသွားခဲ့သည်။ “ရှောင်ယွိ၊ မင်း ဘာသဘောလဲ”
လုမင်ယွိ၏ အမူအရာကတော့ အေးစက်ပြီး သူမ၏ လေသံမှာလည်း ထိုနည်းတူပင်။ “အရှင်မင်းသားနဲ့ ကျွန်မက အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာကို အရှင်မင်းသားက ကျွန်မရဲ့ အပျိုဆောင်နာမည်ကို ခေါ်တာကတော့ ရိုင်းစိုင်းပြီး မဆင်မခြင်နိုင်လွန်းပါတယ်”
လီဟောက် : “…”
မင်းသားများထဲတွင် အထင်ရှားဆုံးမှာ ဒုတိယမင်းသားဖြစ်သည်။ အိမ်ရှေ့စံမင်းသားသည် ယုံးကျားဧကရာဇ်၏ အချစ်ဆုံး ကိုယ်လုပ်တော်မှ မွေးဖွားပြီး သူ၏ အချစ်ဆုံးသားတော်ဖြစ်သည်။
တတိယမင်းသား လီဟောက်သည် အလယ်အလတ်ဖြစ်ပြီး အထက်လည်းမဟုတ်၊ အောက်လည်းမဟုတ်ပေ။ သူ၏ မွေးမိခင် စူးကျောင်းရုံသည် မျိုးရိုးနိမ့်ကျပြီး မိခင်ဘက်မှ မျိုးနွယ်ဖြစ်သော စူးမျိုးနွယ်မှာလည်း အရေးမပါလှချေ။
သို့သော် သူ မည်မျှပင် မျက်နှာသာမရပါစေ သူသည် မြင့်မြတ်သော မင်းသားတစ်ပါးဖြစ်ပြီး လူတိုင်းက သူ့ကို လေးစားကာ ဦးစားပေးကြရသည်။ သူသည် အရပ်မြင့်ပြီး ခန့်ညားလှကာ သူ သွားလေရာတွင် မြို့တော်မှ မျိုးရိုးမြင့် သခင်မလေးများ၏ ရှက်ရွံ့ခြင်းမဟုတ်လျှင် ရဲတင်းသော မျက်ဝန်းများကို အမြဲဆွဲဆောင်နိုင်ခဲ့သည်။
ယနေ့ကဲ့သို့ အရှက်ခွဲခံရခြင်းကို သူ တစ်ခါလေးပင် ကြုံခဲ့ဖူးပါလေစ။
လီဟောက်လည်း ဒေါသထွက်ကာ သူ၏ ခန့်ညားသော မျက်နှာသည် မည်းမှောင်သွားခဲ့သည်။ “စတုတ္ထသခင်မလေးလုက ငါ့ကို မမြင်ချင်ဘူးဆိုရင်တော့ ငါ သွားပါ့မယ်”
သူ သွားမည်ဟု ဆိုသော်လည်း သူ၏ ခြေထောက်များမှာ မရွေ့လျားခဲ့ချေ။
ဤသည်မှာ သူမ ယခင်ကဲ့သို့ ပျော့ပျောင်းစွာ အလျှော့ပေးပြီး သူ့ကို ချော့မော့ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ဟွန်း!
လုမင်ယွိသည် လီဟောက်ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။ “အရှင်မင်းသား ဘာကို စောင့်နေတာလဲ”
လီဟောက်သည် ဒေါသတကြီး လှည့်ထွက်သွားခဲ့သည်။
လုမင်ယွိက ရုတ်တရက် ပါးစပ်ဖွင့်လိုက်ပြန်သည်။ “နေဦး!”
လီဟောက်၏ ဒေါသသည် အနည်းငယ် ပြေလျော့သွားပြီး ခေါင်းလှည့်လိုက်ရာ သူ၏ အမူအရာမှာ အေးစက်နေခဲ့သည်။ “အခု တောင်းပန်ဖို့က နောက်ကျသွားပြီ”
သူမ၏ ယနေ့လုပ်ရပ်သည် သူ၏ ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို လေးစားမှုကို နက်ရှိုင်းစွာ ထိုးနှက်ခဲ့သည်။ သူ သူမကို မည်မျှပင် သဘောကျနေပါစေ၊ ဤအရှက်ခွဲမှုကို သူ သည်းမခံနိုင်ပေ။
သို့သော်လည်း အကယ်၍ သူမသည် ခေါင်းငုံ့ကာ အမှားဝန်ခံပြီး “အစ်ကိုဟောက်” ဟု ညင်သာစွာ ခေါ်မည်ဆိုလျှင် သူသည် သူမကို ဤတစ်ကြိမ်တော့ မဆိုင်းမတွ ခွင့်လွှတ်ပေးပေလိမ့်မည်…
လုမင်ယွိသည် လီဟောက်အကြောင်းကို ရင်းနှီးလွန်းလှ၏။ သူ၏ အနည်းငယ် မြင့်တက်နေသော မျက်ခုံးကို မြင်ရုံဖြင့် သူ ဘာတွေးနေသည်ကို သိနိုင်လောက်အောင်ပင် ရင်းနှီးလှ၏။
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို ကွေးလိုက်သော်လည်း သူမ၏ နက်မှောင်သော မျက်ဝန်းများထဲတွင် အပြုံးအရိပ်အယောင်မရှိချေ။ “နောင်ကို ဘယ်တော့မှ မလာနဲ့တော့”
လီဟောက် : “…”
သူ၏ လက်များသည် လက်သီးများအဖြစ်သို့ ဆုပ်ထားပြီး သွေးကြောများမှာ ထောင်တက်လာခဲ့တော့သည်။ ထိုနက်မှောင်သော မျက်ဝန်းများသည် ဒေါသဖြင့် ပြည့်နှက်နေပြီး သူမကို စိုက်ကြည့်လို့နေသည်။
လုမင်ယွိကလည်း အေးတိအေးစက် အမူအရာဖြင့် မထီမဲ့မြင် ပြန်ကြည့်လိုက်သည်။
ခဏအကြာတွင်တော့ လီဟောက်သည် စကားတစ်ခွန်းမျှမဆိုဘဲ လှည့်ထွက်သွားလေတော့သည်။