← Chapters

ညီအစ်မများ

Vol. 1 Ch. 5

ညီအစ်မများ

Vol. 1 Ch. 5

လုမင်ယွိသည် သတိအနေအထား ဖြစ်နေသည့်မျက်နှာနှင့် လုမင်ဟွားကို ကြည့်လိုက်ပြီး တော်တော်လေးကြာမှ ကိုယ့်ဟာကို ပြန်သုံးသပ်မိလိုက်၏။

"စန်းကျဲ ကျွန်မက နေ့တိုင်း ကြမ်းတမ်းပြီး နိုင်လိုမင်းထက်ပြုနေလို့ အစ်မတို့အားလုံးက ကျွန်မကို ကြောက်နေကြတာလား"

လုမိသားစုတွင် မောင်နှမ၆ယောက်ရှိပြီး လုမင်ယွိတစ်ယောက်တည်းကသာ လုလင်း၏သမီးအရင်းဖြစ်သည်။ ကျန်လူများကတော့ လုလင်း၏ မွေးစားသားနှင့် မွေးစားသမီးများ ဖြစ်ကြ၏။

လုလင်းက သူ့ကလေးများအပေါ် အလွန်ကောင်းမွန်သည်။ ညီအစ်ကိုမောင်နှမများသည် သူတို့မွေးစားအဖေ၏ကျေးဇူးကို အလွန်သိတတ်ကြပြီး သူတို့သည် လုမင်ယွိနှင့် ပတ်သတ်လာလျှင် အလွန်သည်းခံပေးကြသည်။

ပိုအရေးကြီးသည်မှာ လုမင်ယွိသည် နတ်အစွမ်းဖြင့် မွေးဖွားလာခဲ့သူဖြစ်ပြီး သိုင်းပညာအရာတွင် ပြိုင်ဖက်ကင်းလေသည်။ မောင်နှမ၃ယောက် အတူတူ ပူးပေါင်းလျှင်ပင် သူမ၏ပြိုင်ဖက်များ မဟုတ်ကြပေ။ အကယ်၍ ယခုအချိန်မှသာ ထွက်မပြေးလျှင် အရိုက်ခံရဖို့ရန်သာ ရှိတော့သည်။

လုမင်ဟွားက လည်ချောင်းရှင်းလိုက်ပြီး တလေးတနက် ပြောလိုက်၏။

"ဘာမှမဟုတ်ပါဘူး။ အဲ့ဒီ့ကိစ္စ မစဥ်းစားပါနဲ့တော့။ လျို့တိက တကယ် ဗိုက်နာနေတာ ဖြစ်မှာပါ သူ ထွက်ပြေးဖို့ မရည်ရွယ်ပါဘူး"

နောက်ပြီးတော့ မိန်းကလေးတစ်ယောက်ရဲ့မျက်နှာက အရေးအကြီးဆုံး အစိတ်အပိုင်းပဲလေ။ မျက်နှာပေါ်မှာ ဘာပွန်းပဲ့ဒဏ်ရာမှရှိလို့ တကယ် မဖြစ်ဘူး။

လုမင်ယွိသည် ထိုအခိုက်အတန့်တွင် ဆွံ့အသွားပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်ရတော့သည်။

"ဟုတ်ပါပြီ။ ကျွန်မ အတွေးလွန်သွားခဲ့တာပါ"

လုမင်ဟွားက လုမင်ယွိ၏လက်ကို လှမ်းတွဲလိုက်ကာ ကြင်နာစွာဖြင့် ပြုံးလိုက်၏။

"မွန်းတည့်ချိန် ရောက်တော့မှာပဲ ငါ အစားအသောက် ပြင်ဆင်ဖို့ ​မီးဖိုဆောင်ထဲကို သွားလိုက်အုံးမယ်။ ငါတို့တွေ နေ့လယ်စာ အတူတူ စားကြတာပေါ့"

အိမ်ထဲတွင် မောင်နှမ၄ယောက်သာ ကျန်ရစ်ခဲ့သည်။ လုမင်ယွဲ့နှင့် လုရှန်းတို့က ငယ်ရွယ်သေးသည်ဖြစ်ရာ ပုံမှန်ဆိုလျှင် မောင်နှမ၄ယောက် အတူစားသောက်ကြသည်။

လုမင်ယွိက အပြုံးဖြင့် ပြန်ဖြေလိုက်ပြီး လုမင်ဟွား၏လက်ကို ပြန်ကိုင်ထားလိုက်ကာ

"စန်းကျဲ အရင် စကားပြောကြရအောင်ပါ"

လုမင်ဟွားက သူမ၏နှုတ်ခမ်းကိုစေ့ထားလိုက်ပြီး ပြုံးပြလိုက်သည်။

ဘာပဲဖြစ်ဖြစ်လေ တခြားဘာကိုပဲလုပ်လုပ် စစ်မေ့နဲ့ သိုင်းပညာ လေ့ကျင့်ရတာထပ်တော့ အများကြီး ပိုကောင်းပါသေးတယ်။

ညီအစ်မ၂ယောက်သည် အသက်အရွယ်အားဖြင့်လည်း သိပ်မကွာကြပေ။ ဒီအချိန်တွင်တော့ လက်ချင်းတွဲကာ မကြာခဏဆိုသလို တိုးတီးပြောတတ်ကြသည်။

"စစ်မေ့ အဖေ စစ်တပ်ကို ဦးဆောင်ပြီး ရှေ့တန်းထွက်သွားတာ နှစ်ဝက်တောင် ရှိသွားပြီနော်"

လုမင်ဟွားက ခပ်တိုးတိုးသက်ပြင်းချလိုက်ကာ

"အာ့ကော(အစ်ကို၂)ကလည်း အဖေနဲ့အတူတူ စစ်ထွက်သွားလိုက်တယ်။ သူတို့တွေ ဘယ်တော့မှ ပြန်လာမလဲ မသိဘူး"

ဟုတ်တာပေါ့။ အဖေနဲ့ အာ့ကောတို့ကို မတွေ့တာတောင် အတော်လေး ကြာသွားပြီပဲ။

ယုံးကျားဧကရာဇ်သည် သူ့စစ်တပ်များကို ဦးဆောင်ကာ မကြာခဏဆိုသလို စစ်ထွက်လေ့ရှိသည်။ သာ့ဝေတိုင်းပြည်၏ စစ်သူကြီးများသည် ရဲစွမ်းသတ္တိရှိပြီး တိုက်ရည်ခိုက်ရည်ကျွမ်းကျင်လှကာ သူတို့သည် သေမှာကို မကြောက်ရွံ့ကြချေ။

ယုံးကျား ၁၂ခုနှစ်တွင် ရန်တိုင်းပြည်နှင့် ချူတိုင်းပြည်တို့သည် တစ်ပြိုင်တည်း ကျဆုံးသွားခဲ့သည်။ သာ့ဝေတိုင်းပြည်သည် နောက်ဆုံးတော့ လောကကြီးကို အုပ်စိုးနိုင်ခဲ့၏။

ထိုနှစ်သည် သာ့ဝေတိုင်းပြည်အတွက် အနာကျင်ရဆုံးနှင့် ရဲစွမ်းသတ္တိ အရှိဆုံးဖြစ်၏။ အကြီးဆုံးမင်းသားနှင့် မင်းသား၂တို့ ၂ယောက်စလုံးသည် စစ်မြေပြင်တွင် ဆုံးပါးသွားခဲ့ကြသည်။ သာ့ဝေ၏စစ်နတ်ဘုရားဟု နာမည်ကြီးသည့် လုလင်းသည်လည်း အဆိပ်မြှားတစ်စင်းဖြင့် ပစ်ခံခဲ့ရ၏။

ယုံးကျားဧကရာဇ်သည် သူ၏ချစ်လှစွာသောသားများ သေဆုံးသွားခဲ့သဖြင့် အလွန်ကြေကွဲဝမ်းနည်းရကာ ကြီးစွာသော အောင်မြင်မှုနှင့် ပြန်လာပြီးနောက်တွင် သူသည် ဒီအခွင့်အရေးကို အသုံးချပြီး အိမ်ရှေ့မင်းသားကို ခန့်အပ်ပေးခဲ့သည်။

လီဟောက်သည်လည်း အပြင်းအထန် ဒဏ်ရာရခဲ့၏။ ငယ်ငယ်က ကောင်းမွန်သည့် အုတ်မြစ်တစ်ခု ရှိခဲ့သဖြင့် သူသည် ကပ်ဘေးမှ အသက်ရှင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင်တော့ လီဟောက်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ပေးခဲ့ပြီး သူ့ခမည်းတော် သေဆုံးပြီးသွားသောအခါ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။ သူသည် ဒဏ်ရာဟောင်းကို ပြန်ခံစားခဲ့ရပြီး နဂါးပုလ္လင်ပေါ်တွင် ၃နှစ်သာ ထိုင်ခဲ့ပြီးနောက် ငယ်ငယ်ရွယ်ရွယ်ဖြင့် ကွယ်လွန်ခဲ့သည်။

အချိန်ကို ပြန်တွက်ကြည့်လိုက်တော့ ထိုအရာအားလုံး ဖြစ်ပျက်သွားခဲ့သည်မှာ ၄နှစ်သာ ရှိသေးသည်။

ဒီဘဝတွင်တော့ သူမ ရှိနေသဖြင့် အရာအားလုံးကို အသစ်စက်စက် ပြန်လည် ရေးသားရပေလိမ့်မည်။

သူမသည် မင်းသားများနှင့် ပတ်သတ်လိမ့်မည် မဟုတ်ပေ။ မည်သူက သေပြီး မည်သူက အသက်ရှင်ကျန်ရစ်ခဲ့ကာ မည်သူက အိမ်ရှေ့မင်းသား ဖြစ်လာသည်ကလည်း သူမအတွက် အရေးမကြီးပေ။ သူမအတွက် အရေးအကြီးဆုံးအရာမှာ သူမမိသားစု၏လုံခြုံရေးကို ကာကွယ်ပေးဖို့ရန်သာ။

လုမင်ယွိ၏မျက်ဝန်းများသည် ဆုံးဖြတ်ချက် ပြတ်သားနေပြီး သူမက ခေါင်းကို လှည့်လိုက်ကာ လုမင်ဟွားကို ပြောလိုက်သည်။

"စန်းကျဲ စိတ်မပူပါနဲ့။ ၁လအတွင်း အဖေနဲ့ အာ့ကောတို့ ပြန်လာကြမှာပါ"

လုမင်ဟွားသည် တအံ့တသြ ဖြစ်သွားတော့သည်။

"ဘာဖြစ်လို့အဲ့လောက် သေချာသိနေတာလဲ"

စစ်ပွဲကိစ္စဆိုတာက ပြောဖို့ တကယ် ခက်တယ်လေ။ အချိန်ကာလ တိုတောင်းတယ်ဆိုရင် ၃လကနေ ၅လအထိ။ တကယ်လို့ အချိန်ကာလ ရှည်လျားမယ်ဆိုရင် ၁နှစ်ကနေ ၂နှစ်အထိ ဖြစ်သွားနိုင်တယ်။ ဘယ်တော့မှ ပြန်မလာနိုင်တဲ့အရာလည်း ဖြစ်နိုင်တယ်။

လုမင်ယွိကတော့ အလေးအနက်ထားပြီး ပြောလိုက်၏။

"စန်းကျဲကတော့ စာဖတ်ရတာ အမြဲတမ်းကြိုက်ခဲ့တာ အစ်မက ပညာရှင်တစ်ယောက်နဲ့ အမြဲတမ်း လက်ထပ်ချင်ခဲ့တာ အဖေ ဒီတစ်ခေါက်အချိန်မှီ ပြန်လာတယ်ဆိုတာလည်း နွေဦးစာမေးပွဲရလဒ် ထွက်လာတဲ့အချိန်မှာ စန်းကျဲအတွက် ခင်ပွန်းကောင်းတစ်ယောက်ကို ရွေးချယ်ပေးဖို့လေ"

လုမင်ဟွား "..."

အနီရောင် တိမ်တိုက်လေးတစ်ခုသည် လုမင်ဟွား၏ လှပတဲ့မျက်နှာပေါ်တွင် ပျံသန်းသွားခဲ့ပြီး သူမကရှက်ရှက်ဖြင့် လုမင်ယွိကို လှမ်းဆိတ်လေတော့သည်။

လုမင်ယွိ "အား" ဟု အော်လိုက်ပြီး "စန်းကျဲ ကျွန်မရဲ့လက်ကတော့ အစ်မကြောင့် ကျိုးတော့မှာပဲ"

လုမိသားစုထဲက မောင်နှမများသည် ကလေးဘဝထဲက သိုင်းပညာများကို လေ့ကျင့်လာသူများ ဖြစ်သည်။ လုမင်ဟွားကတော့ စာဖတ်ရခြင်းကို ဝါသနာပါပြီး သိုင်းပညာလေ့ကျင့်ခြင်း အပေါ်တွင်တော့ သိပ်ပြီး စိတ်မဝင်စားတတ်ချေ။ သို့သော်ငြား သူမသည် နေ့တိုင်း မြင်းစီးခြင်းနှင့် မြှားပစ်ခြင်းကိုတော့ လေ့ကျင့်လာခဲ့၏။ သန်မာသည့် ယောကျာ်းတစ်ယောက်၊ နှစ်ယောက်ကတော့ သူတို့ညီအစ်မထဲက ဘယ်သူနှင့်မှ ပြိုင်ဖက်များ မဟုတ်ကြချေ။

လုမင်ဟွားသည် ထိုရယ်စရာစကားကြောင့် ရှက်ရွံ့သွားပြီး အပြုံးဖြင့် သူမကို ပြန်ချေပလိုက်၏။

"ငါ့ရဲ့ မဖြစ်စလောက် အင်အားလေးနဲ့ဆိုရင် အလွန်ဆုံး ငါက သိုးတစ်ကောင်ကိုပဲ သေအောင် ရိုက်နိုင်မှာ။ ဘယ်လိုလုပ်ပြီးတော့ နင့်ရဲ့လက်မောင်းကို ကျိုးအောင်လုပ်နိုင်မှာလဲ"

ညီအစ်မများသည် အချင်းချင်း ကြည့်လိုက်ကြပြီး အသံထွက်ကာ ရယ်မောလေသည်။

လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"စန်းကျဲ အစ်မ ဘယ်လိုခင်ပွန်းမျိုးကို လိုချင်တာလဲ"

လုမင်ဟွားသည် အလွန် ရှက်ကြောက်နေခြင်းမျိုးမဟုတ်ဘဲ သူမ၏နီးမြန်းနေသည့် မျက်နှာအရောင်က အနည်းငယ် ပျောက်ကွယ်သွားကာ သူမက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"နင်က မေးလာပြီဆိုမှတော့ ငါလည်း ဒီကိစ္စကို ဖုံးကွယ်မထားတော့ပါဘူး။ ငါက ကလေးဘဝထဲက စာဖတ်တာနဲ့ ပန်းချီဆွဲတာကို ဝါသနာပါလာခဲ့တာလေ။ ဒီတော့ ငါက ဝါသနာခြင်းတူတဲ့ လူကောင်းတစ်ယောက်နဲ့ လက်ထပ်ချင်တယ်"

"သူ့မှာ အရည်အချင်း အများကြီး ရှိစရာမလိုပါဘူး။ ချမ်းသာတဲ့ မိသားစုတစ်ခုက ဖြစ်စရာမလိုသလို နာမည်ကြီးတဲ့ သူတစ်ယောက်လည်း ဖြစ်စရာ မလိုဘူး။ သူ့မှာ အကျင့်စရိုက်ကောင်းပြီး ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနိုင်ရင် ရပါပြီ"

သူမသည် ထိုသို့ပြောခဲ့သော်ငြားလည်း ရှင်းရန်ဝမ်အိမ်တော်က လုမင်ဟွားသည် သာမန်ပညာရှင်တစ်ယောက်ကို လက်ထပ်ခွင့် မရခဲ့ချေ။ သူမ၏အတိတ်ဘဝတွင် ကျိုးလီကို ရွေးချယ်ပေးခဲ့သူမှာ လုလင်း ဖြစ်လေသည်။

လုမင်ယွိသည် သူမ၏စိတ်ထဲတွင် အစီအစဥ်များ ချမှတ်ထားပြီးသားဖြစ်ပြီး လေးနက်သည့် အဓိပ္ပါယ်တစ်ခုဖြင့် ပြောလိုက်သည်။

"စန်းကျဲ စိတ်ချပါ။ အဖေက အစ်မအတွက် ကောင်းမွန်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို သေချာပေါက် ရွေးချယ်ပေးမှာပါ"

လုမင်ဟွားသည် နှုတ်ခမ်းကိုတင်းနေအောင်စေ့ထားလိုက်ကာ ပြုံးပြလိုက်ပြီး ဆောင်းဦးရေအလျှင်လေးလို ရွေ့လျားနေသည့် ရှက်ရွံ့စိတ်နှင့် မျှော်လင့်ချက်က သူမ၏မျက်ဝန်းထဲတွင် ပေါ်ထွက်ခဲ့သည်။

ဘယ်မိန်းကလေးကရော နွေဦးရာသီကို မချစ်မြတ်နိုးလို့လဲ။ ဘယ်မိန်းကလေးကရော ရင်ခုန်စိတ်လှုပ်ရှားမှုတွေ မရှိလို့လဲ။

လုမင်ဟွားက တိုးတိုးလေး ပြောလိုက်သည်။

"စစ်မေ့ နင်နဲ့ မင်းသား၃တို့ ဘာဖြစ်ကြတာလဲ"

ထိုခွေးသား၏ တားမြစ်ထားသည့်နာမည်ကို ကြားလိုက်ရသောအခါ လုမင်ယွိသည် လုံးဝမပြုံးနိုင်တော့ဘဲ သူမ၏မျက်နှာမှာ အေးစက်သွားတော့သည်။

"စန်းကျဲ ကျွန်မ အဲ့ဒီ့လူအကြောင်းကို မပြောချင်ဘူး"

လုမင်ဟွားမှာ တစ်ဖန် တအံတသြ ဖြစ်သွားတော့သည်။

ဒီတစ်ကြိမ်တွင်တော့ သူမသည် လုမင်ယွိ၏မျက်လုံးထဲက အေးစက်မှုကို သေသေချာချာ မြင်လိုက်ရ၏။ လုမင်ယွိသည် ရယ်စရာ ပြောနေခြင်း မဟုတ်ပေ။ သူမသည် မင်းသား၃နှင့် စည်းခြားထားချင်သည်မှာ အမှန်ပင် ဖြစ်နေသည်။

လုမင်ဟွားက ကိုယ်ကို မြန်မြန်လှည့်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဟုတ်ပါပြီ။ နင် သူ့ကို မုန်းနေတာပဲ။ နောက်ဆိုရင် ငါ သူ့အကြောင်း မပြောတော့ပါဘူး"

ခဏအကြာတွင်တော့ သူမက ထပ်ပြောလိုက်၏။

"၂ရက်နေရင် ကျင်းပမဲ့နန်းတော်ပွဲတော်အတွက် ငါ နင့်ကို သေသေချာချာလေး ပြင်ဆင်ပေးမယ်"

ဤလောကတွင် မင်းသားတစ်ပါးတည်းကသာ သူမ၏စစ်မေ့နှင့် လိုက်ဖက်ရုံလောက်သာ ရှိလေသည်။

လုမင်ယွိသည် လုမင်ဟွား၏ရည်ရွယ်ချက်များကို မြင်လိုက်မိပြီး ဘာမှမပြောတော့ဘဲ ဒိအတိုင်းသာ မသိမသာ ခေါင်းငြိမ့်ပြလိုက်တော့သည်။

သူမသည် နောက်တစ်ကြိမ် ဘယ်တော့မှ ရေနောက်ထဲသို့ ဆင်းသွားလိမ့်မည် မဟုတ်သလို ဘယ်မင်းသားနှင့်မှလည်း လက်ထပ်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား သူမသည် ၂ရက်နေ့လျှင်တော့ နန်းတော်၏ပွဲတော်ကို သေချာပေါက် သွားရပေမည်။

...

နန်းတော်တံခါးအပြင်ဖက်တွင် မြင်းခွာသံတစ်ခွပ်ခွပ် မြည်လာ၏။

နန်းတော်ကို စောင့်ကြပ်ပေးနေသည့် အစေခံတစ်ယောက်က တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး နန်းတော်တံခါးကို မြန်မြန်ဖွင့်ပေးလိုက်ကာ တလေးတစား ဦးညွှတ်နှုတ်ဆက်လိုက်သည်။

" ကျွန်တော်မျိုး မင်းသား၃ကို ဂါရဝပြုပါတယ်"

အနက်ရောင်ဝတ်ဆင်ထားသည့် ချောမောလှသည့် လူငယ်လေးသည် သုန်မှုန်နေသည့် မျက်နှာထားတစ်ခုဖြင့် မြင်းပေါ်ကဆင်းလာပြီး နန်းတော်တံခါးဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်ကာသွားလိုက်၏။ သူ့နောက်က ၁၂ယောက်ကျော်သော အနီးကပ်ကိုယ်ရံတော်များသည် သေသေချာချာလေး လေ့ကျင့်ထားကြကာ မြင်းပေါ်ကဆင်းပြီး နောက်မှ လိုက်ပါလာခဲ့သည်။

တစ်လမ်းလုံး အေးစက်နေသည့် လေထဲတွင် မြင်းစီးလာခဲ့ခြင်းက သူ့ရင်ထဲက ဒေါသများကိုပင် မဖြေဖျောက်နိုင်ခဲ့ပေ။

ထိုရှင်းမပြတတ်သည့် မီးတောက်ကြီးသည် သူ့ရင်ထဲတွင်တမြိုက်မြိုက် လောင်ကျွမ်းနေပြီး သူ့အတွင်း အင်္ဂါများကပင် လောင်ကျွမ်းတော့ မတတ်ပင်။

ဖြူဖွေးချောမောပြီး လှပသည့်မျက်နှာလေးတစ်ခုနှင့် နန်းတွင်းအပျိုတော်လေး တစ်ယောက်သည် နန်းတော်တံခါးဝနားတွင် အချိန်အကြာကြီး စောင့်ဆိုင်းလာခဲ့၏။ ဒီတစ်ကြိမ်တွင်တော့ သူမသည် ရှေ့သို့ အလောတကြီး လျှောက်သွားလိုက်ကာ ဂါရဝပြုလိုက်၏။

"အရှင်မင်းသားကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးမမှာ လျှောက်တင်စရာလေး ရှိလို့ပါ"

လီဟောက်က ခဏလောက် ရပ်သွားကာ အပျိုတော်လေးကို အေးစက်စက် လှမ်းကြည့်လိုက်၏။

"ဘာကိစ္စလဲ"

စကားလုံးထဲက မောက်မာထောင်လွှားမှုက လူအများကိုရင်ထဲ၌ ကျောချမ်းသွားရစေ၏။

နန်းတွင်းအပျိုတော်လေး ဇီထန်သည် တွန့်သွားပြီး ခေါင်းကို မြန်မြန်ငုံ့ထားလိုက်ကာ

"မနေ့ညက စူးမယ်မယ်က အိမ်မက်ဆိုးတစ်ခု မက်ခဲ့ပါတယ်။ သူက ရင်ဘတ်တွေ နာကျင်တဲ့အထိ ဆက်တိုက်ငိုနေလို့ပါ။ တစ်စုံတစ်ယောက်က သူ့ရင်ဘတ်ကို ဓားနဲ့ထိုးဖောက်လိုက်တယ်လို့ ပြောနေပါတယ်"

"နန်းတွင်းသမားတော်က လာကြည့်ပေးသွားပြီး စိတ်ငြိမ်ဆေး ညွှန်းပေးခဲ့ပါတယ်။ စူးမယ်မယ်က ဆေးသောက်ပြီးသွားတော့လည်း အိပ်မပျော်နိုင်သေးပါဘူး။ လွန်ခဲ့တဲ့၁နာရီတုန်းက အိပ်ရာနိုးလာပြီး စူးမယ်မယ်က ဆက်တိုက်ငိုကြွေးပြီးတော့ အော်ဟစ်နေပါတယ်"

"အရှင်မင်းသားက နန်းတော်ထဲမှာမရှိလို့ ကျွန်တော်မျိုးမလည်း တခြားရွေးစရာမရှိဘဲ မင်းသား၅ကို သွားရှာခဲ့ရပါတယ်။ စူးမယ်မယ်က မင်းသား၅ကို တွေ့လိုက်တဲ့အချိန်မှာ သတိလစ်သွားမယ်လို့ ကျွန်တော်မျိုးမလည်း လုံးဝထင်မထားခဲ့မိဘူး..."

လီဟောက်၏ရင်ထဲတွင် လိမ့်ဆင်းသွားပြီး သူသည် နားထောင်ဖို့ရန် အချိန်မရတော့ဘဲ ချက်ချင်းဆိုသလို ကျိဟွားနန်းဆောင်ဆီသို့ လျှောက်သွားလိုက်တော့သည်။

သူသည် အိပ်ခန်းထဲသို့ ဝင်လာသည်နှင့်ချက်ချင်း မင်းသား၅ လီချန်က နီရဲနေသည့်မျက်လုံးများဖြင့် သူ့ကို နှုတ်ဆက်လာလေသည်။

...

All Chapters