← Chapters

စူးရှီ

Vol. 1 Ch. 6

စူးရှီ

Vol. 1 Ch. 6

မင်းသား ၅ လီချန်နှင့် မင်းသား ၃ လီဟောက်တို့သည် အမေတစ်ယောက်တည်းက မွေးလာသည့် ညီအစ်ကိုအရင်းများ ဖြစ်ကြ၏။ သူတို့သည် ကျန်မင်းသားများထက် အများကြီး ပိုပြီးရင်းနှီးကြလေသည်။

လီချန်သည် လီဟောက်ထက် အသက်၆နှစ်ငယ်ကာ ဒီတစ်နှစ်တွင် အသက်၁၀နှစ်သာ ရှိသေးသည်။

လီဟောက်ကတော့ အရပ်မြင့်မြင့် ချောမောခန့်ညားပြီး ဖိနှိပ်နိုင်စွမ်းအရောင်အဝါတစ် ခုပိုင်ဆိုင်ထားသည်။ လီချန်၏ ကိုယ်လုံးကိုယ်ထည်ကတော့ မရင့်ကျက်လာသေးဘဲ သူ့အရွယ်အစားကလည်း လီဟောက်၏ ရင်ဘတ်လောက်သာရှိသည်။

သူသည် ဖြူဖြူဖွေးဖွေး ဝဝဖိုင့်ဖိုင့် မွေးဖွားလာခဲ့ပြီး အဝါရောင်တောက်တောက် မင်းသားဝတ်စုံကို ဝတ်ဆင်ထားသဖြင့် လုံးဝိုင်းနေသည့် အသားပေါက်စီလေးတစ်ခုနှင့် ဆင်တူနေတော့သည်။ မျက်ဝန်းတစ်စုံကို သူ၏ မျက်နှာပေါ်က အသားပေါ်တွင် အစင်းရာလေးတစ်ခုအနေဖြင့်သာ ညှစ်ထုတ်ထားရ၏။

သူ၏ရုပ်ရည်သွင်ပြင်သည် ရုပ်မဆိုးလှသော်ငြားလည်း ချောမောခန့်ညားနေသည်တော့ မဟုတ်ချေ။

သူ့မျက်နှာကို ကြည့်လိုက်ရုံနဲ့ပင် လီချန်သည် သူ၏ အစ်ကိုအရင်းဖြစ်သူနှင့် မိဘတစ်ယောက်တည်းက မွေးဖွားလာခဲ့သည်ဟု မြင်ရဖို့ပင် မဖြစ်နိုင်ပေ။

လီချန်က လီဟောက်၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်ကာ "စန်းကော (တတိယအစ်ကိုတော်)! မယ်တော်က အိပ်မက်တစ်ခု မက်တယ်တဲ့! ညီတော့်ကို သရဲတစ္ဆေတစ်ကောင် လိုမြင်နေတာတဲ့ သူက ဆက်တိုက်အော်ဟစ်ပြီးတော့ ရုတ်တရက် သတိလစ်သွားတယ်။ အခုထိ သတိမရလာသေးဘူး။ ညီတော် တကယ်ကြောက်သွားတာပဲ"

ရင့်ကျက်သည် ဆိုရုံမျှ အသက်၁၀နှစ်အရွယ် ကောင်လေးတယောက်သည် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုနှင့် ရင်ဆိုင်လာရချိန်တွင် သူသည် အကျင့်ပါနေသည့်အတိုင်း သူ့အစ်ကို၏ဘေးတွင် ဝင်ပုန်းလိုက်လေသည်။

လီချန်က သူ့အမေအရင်းကြောင့် အထိတ်တလန့် ဖြစ်သွားသည်မှာ သိသာ၏။

လီဟောက်၏အမူအရာသည် ဖြည်းဖြည်းချင်း တည်ငြိမ်သွားကာ လေသံတိုးတိုးဖြင့် ချော့မော့လိုက်၏။ "မကြောက်ပါနဲ့။ ငါ မူချင်း(အမေ) အဆင်ပြေမပြေ သွားကြည့်လိုက်ဦးမယ်"

လီချန်က ခေါင်းငြိမ့်လိုက်သည်။ သို့သော်ငြား သူသည် လီဟောက်၏အင်္ကျီလက်ကို ဆွဲထားသည့်လက်ကိုတော့ မလွှတ်ပေးချေ။ "စန်းကော ညီတော်လဲ လိုက်ခဲ့မယ်"

လီဟောက်သည် အလွန်ဒေါသထွက်သွားပြီး စိတ်ရှုပ်ရှုပ်နှင့် သူ့အင်္ကျီလက်ကို ပြန်ဆွဲလိုက်ချင်သော်ငြားလည်း သူ့ညီ၏ ငိုယိုနေသည့်မျက်နှာကို တွေ့လိုက်ရသောအခါ သူ့နှလုံးသားသည် ပျော့ပျောင်းသွားပြီး ဒီအတိုင်း လွှတ်ထားလိုက်တော့သည်။

ယုံးကျားဧကရာဇ်တွင် သားတော် ၅ယောက်နှင့် သမီးတော် ၂ယောက်ရှိသည်။ မင်းသမီးဟွေ့အန်းနှင့် မိဖုရားချောင်မှ မွေးဖွားလာသည့် ဒုတိယမင်းသား တို့ နှစ်ယောက်စလုံးသည် တိုက်ရိုက်ဆက်ခံသူများ ဖြစ်ကြပြီး သူတို့၏အဆင့်အတန်းကလည်း အမြင့်ဆုံးဖြစ်သည်။

အကြီးဆုံးမင်းသားနှင့် မင်းသမီးကျင့်အန်းတို့ကို မိဖုရားငယ်က မွေးဖွားခဲ့ကာ သူတို့၏မိခင်အရင်းမှာ မုန့်ကွေ့ဖေးဖြစ်သည်။ မုန့်ကွေ့ဖေးသည် စစ်သူကြီးမိသားစုတစ်ခုက မွေးဖွားလာသူဖြစ်၏။ မုန့်မိသားစုသည် လောကကြီးကို သိမ်းပိုက်ရာတွင် ယုံးကျားဧရာဇ်နောက်သို့ လိုက်ပါခဲ့သူ ဖြစ်သည်။

ဒုတိယမင်းသား၏ အဘိုးဖြစ်သူသည် သာ့ဝေတိုင်းပြည်၏ ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပြီး အရပ်ဘက်အရာရှိများ၏ အုပ်ချုပ်သူ ဖြစ်သည်။ အေးချမ်းပြီး ပေါများကြွယ်ဝသည့် ခေတ်တစ်ခုတွင် ဤသို့သော မိသားစုတစ်ခု ပိုင်ဆိုင်ထားခဲ့လျှင် ဘယ်သူကမှ ဒုတိယမင်းသား၏ အရိုက်အရာကို ဆွဲလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်ငြား ဤကဲ့သို့သော ရှုပ်ထွေးနေသည့်ခေတ်ကာလတွင် ကွမ်းပင်းနယ်စားအိမ်တော်သည် ခိုင်ခံသည့်အုတ်မြစ်တစ်ခု ရှိ၏။ များပြားလှသည့် စစ်တပ်ကြီးတစ်ခုနှင့် ရှင်ဘုရင်နောက်လိုက်ကာ တိုက်ခိုက်ကြမည့် စစ်သူကြီးများသည် အရပ်ဘက် အရာရှိများထက် အများကြီးပိုပြီး သြဇာသက်ရောက်နေသည်။ အကြီးဆုံးမင်းသားအပေါ် ယုံးကျားဧကရာဇ်၏ သဘောကျချစ်ခင်မှုကလည်း အထူးတဆန်းတော့ မဟုတ်ပေ။

စတုတ္ထမင်းသားကတော့ နောက်ခံက သိပ်မမြင့်မားပေ။ သို့သော်ငြားလည်း စတုတ္ထမင်းသား၏မိခင်အရင်း ချင်ဖေးသည် ယုံးကျားဧကရာဇ်၏ မိခင်ဘက်ကဝမ်းကွဲ တယောက်ဖြစ်သည်။ နန်းတော်အတွင်းက မယ်တော်ကြီးကျောက်သည် ချင်ဖေးကို နေရာတိုင်းတွင် ကူညီစောင့်ရှောက်ပေးခဲ့သည်။

မယ်တော်ကြီးကျောက်၏ အထောက်အပံ့ရှိနေသဖြင့် စတုတ္ထမင်းသားသည် အထူးချစ်မြတ်နိုးခံရသည် မဟုတ်သော်ငြားလည်း ဘယ်သူကမှ သူ့ကို အနိုင်မကျင့်ရဲကြချေ။

လီဟောက်တို့ ညီအစ်ကိုနှစ်ယောက်ကသာ အောက်ဆုံးတွင် ရှိနေသည်။

သူတို့၏မိခင်အရင်းစူးရှီသည် နိမ့်ကျသူတစ်ယောက်ဟု ပြောလျှင်ပင် မြှောက်ပြောရာကျနေပြီ ဖြစ်၏။

စူးရှီသည် ယခင်က ကချေသည်တစ်ယောက်ဖြစ်ခဲ့၏။ စားသောက်ပွဲတစ်ခု အပြီးတွင် လီမိသားစု၏ ငယ်ရွယ်သေးသည့် အိမ်ထောင်ဦးစီးလီယွမ်၏ အိပ်ရာပေါ်သို့ ပို့ပေးခံခဲ့ရသည်။ စူးရှီ၏ဝမ်းဗိုက်ကလည်း စွမ်းအင်များ အပြည့်ဖြစ်နေပြီး သူမသည် တစ်ခါတည်း အိပ်ရုံနှင့်ပင် ကိုယ်ဝန်ရလာခဲ့သည်။

သူမသည် ဆယ်လတာ ကိုယ်ဝန်ဆောင်ခဲ့ပြီး လီဟောက်ဟူသည့် သားတစ်ယောက်ကို မွေးဖွားပေးခဲ့သည်။ မိခင်ဖြစ်သူကို ကလေးက မြှင့်တင်ပေးခဲ့ပြီး စူးရှီသည် နောက်ဆုံးတော့ လီမိသားစုတွင် အဆင့်တန်းတခု ရရှိလာခဲ့ကာ ချဲ့အဆင့်ကိုယ် လုပ်တော်ရာထူးတစ်ခုကို ရရှိခဲ့သည်။

စူးရှီသည် ကချေသည်တစ်ယောက် အဖြစ်မွေးဖွားလာခဲ့သည့်အချက်ကို လူတိုင်းက ကောင်းကောင်းသိထားကြ၏။ မျက်နှာတချို့ရှိသည့် လီမိသားစုထဲက အစေခံများကိုပင် စူးရှီသည် ပြုံးပြီး ဖော်ဖော်ရွေ‌ရွေ ဆက်ဆံတတ်သည်။

စူးရှီသည် နူးညံ့လှပပြီး ဆွဲဆောင်မှုရှိသူအဖြစ် မွေးဖွားလာခဲ့ကာ သူမသည်လည်း အတွင်းခန်းထဲတွင် အတိုင်းအတာတစ်ခုအထိ ချစ်ခင်နှစ်သက်ခံခဲ့ရသည်။ ၆နှစ်ကြာပြီးသွားသောအခါ ဒုတိယသားလီချန်ကို မွေးဖွားခဲ့၏။

နောက်ပိုင်းတွင် လီယွမ်သည် ပုန်ကန်ဖို့ရန် အလံထောင်ခဲ့ပြီး မင်းဆက်အသစ်တစ်ခုကို တည်ထောင်ခဲ့သည်။ ပထမဇနီးချောင်ရှီကို မိဖုရားခေါင်အဖြစ် အပ်နှင်းပေးခဲ့ပြီး သူ အချစ်ရဆုံး မုန့်ရှီကိုတော့ ကွေ့ဖေးအဖြစ် ခန့်အပ်ပေးခဲ့ကာ အမေဖက်က ဝမ်းခွဲညီမတော် ချင်ရှီကို ‘ဖေး’အရာ ခန့်အပ်ခဲ့သည်။

စူးရှီအလှည့် ရောက်လာသည်တွင် သူမ၌ အင်အားကြီးသည့် မိသားစုမရှိဘဲ နောက်ခံကလည်း နိမ့်ပါးနေသဖြင့် ယုံးကျားဧကရာဇ်သည် သူမကို ကျောင်းရုံရာထူး အပ်နှင်းပေးခဲ့သည်။

နိမ့်ကျလှသည့် ကချေသည်တစ်ယောက်မှ နန်းတော်ထဲက ကျောင်းရုံအဆင့် မိဖုရားတစ်ယောက် ဖြစ်လာသည့်အထိ သူမသည် သားနှစ်ယောက်ကို မွေးဖွားပေးခဲ့ပြီး တသက်စာ ဂုဏ်ကျက်သရေနှင့် ချမ်းသာမှုများကို ရရှိခဲ့၏။ တခြားလူများ၏ အမြင်တွေတော့ စူးကျောင်းရုံသည် အောင်မြင်သည့်ဘဝကို ပိုင်ဆိုင်ထားခဲ့လေသည်။

စူးကျောင်းရုံသည် လူအများရှေ့တွင် လှလှပပ ပြုံးနေတတ်ပြီး နောက်ကွယ်တွင်တော့ တိုးတိုးတိတ်တိတ် မကြာခဏ မျက်ရည်ကြရသည်။ "မယ်တော်က အသုံးမကျတဲ့အတွက် သားတို့နှစ်ယောက်ကို အရှက်ရအောင် ပြုလုပ်ခဲ့မိတယ်"

"ပထမမင်းသားရဲ့ အမေအရင်းက ကွေ့ဖေးတစ်ယောက်။ ဒုတိယမင်းသားက မိဖုရားခေါင်ကနေ မွေးတာ။ စတုတ္ထမင်းသားရဲ့ အမေကတောင်မှ ဖေးအဆင့် မိဖုရားတစ်ယောက်။ သားတော်တို့နှစ်ယောက် အလှည့်ကျတော့ သားတော်တို့ရဲ့အမေက ကျောင်းရုံအဆင့်ပဲ ရှိတယ်။ သားတော်တို့က ဘာမှမပြောပေမယ့်လဲ သူတို့တွေက နောက်ကွယ်မှာ သားတော်တို့ကို ဘယ်လိုလှောင်ပြောင်တယ်ဆိုတာ မသိဘူးလို့ မထင်လိုက်ပါနဲ့"

"မယ်တော့်အပြစ်တွေ ပါပဲ"

လီချန်သည် ငယ်ရွယ်သေးပြီး ဘာကိုမှ မသိနားမလည်သဖြင့် ထိုငိုယို အပြစ်တင်သံများအားလုံးသည် လီဟောက်၏နားထဲသို့သာ ဝင်ရောက်လာတော့သည်။

လီဟောက်သည် ရင်ထဲတွင်နာကျင်ရပြီး အမြဲတမ်းငိုကြွေးနေပြီး သနားစရာကောင်းသည့် စူးကျောင်းရုံကို နှစ်သိမ့်ပေးရကာ သူသည် အမေအပေါ် ပိုပိုပြီးလိမ္မာသိတတ်လာခဲ့သည်။

ညီဖြစ်သူလီချန်ကို စောင့်ရှောက်ပေးရခြင်းကလည်း လီဟောက်၏ ရှောင်လွှဲလို့မရသည့်တာဝန်တစ်ခု ဖြစ်လာခဲ့သည်။

လီချန်သည်လည်း အစ်ကိုဖြစ်သူကို အလွန်အားကိုး အားထားရှိပြီး လီဟောက်၏လက်ကိုတွဲကာအိပ်ခန်းသို့ အတူတူ ဝင်ရောက်လာသည်။

...

သတိမေ့မျောနေသည့် စူးကျောင်းရုံသည် ဖြူဖွေးနေသည့် မျက်နှာတစ်ခုဖြင့် အိပ်ရာပေါ်တွင် လဲလျောင်းလို့နေ၏။

လီဟောက်က ကုတင်ဘေးသို့ လျှောက်လာသောကြောင့်လည်း ဖြစ်နိုင်သည်။ စူးကျောင်းရုံသည် နိုးလာပြီး ကတုန်ကယင်ဖြင့် သူမ၏မျက်လုံးများကို ဖွင့်လိုက်ကာ လီဟောက်၏ ငယ်ရွယ်ချောမောလှသည့်မျက်နှာက မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်လာခဲ့သည်။

စူးကျောင်းရုံ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားပြီးနောက် သူမသည် တဆက်ဆက် တုန်လှုပ်လို့နေသည်။

သူမ၏မျက်လုံးများက လီဟောက်ကို စိုက်ကြည့်နေကာ မျက်ရည်များကလည်း ရေစီးကြောင်းတခုလို ကျဆင်းလာပြီး သူမသည် ငိုလို့မဆုံးနိုင်အောင် ဖြစ်နေတော့၏။ "အားဟောက်... တကယ်ပဲ သားနော်... ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်နေတာလဲ..."

အသက်၃၀ကျော် ရှိပြီဖြစ်သည့် စူးကျောင်းရုံသည် သွယ်လျလျမျက်ခုံးများပို င်ဆိုင်ထားပြီး မျက်ဝန်းနက်နက် ပိုင်ဆိုင်ထားကာ နူးညံ့လှပပြီး ဆွဲဆောင်မှုရှိလေသည်။ ဒီအချိန်တွင် မျက်ရည်များက သူမ၏မျက်နှာပေါ်တွင် ပြည့်နက်နေပြီး ပိုလို့ပင် သနားစဖွယ်လေး ဖြစ်နေတော့သည်။

လီဟောက်သည် လိမ္မာသိတတ်သည့် သားတစ်ယောက်ဖြစ်ပြီး အမေဖြစ်သူက ဤကဲ့သို့ ငိုကြွေးနေသည်ကို မကြည့်ရက်နိုင်ပေ။

သူက ကုတင်စွန်းတွင် ထိုင်ချလိုက်ကာ စူးကျောင်းရုံ၏လက်ကို ကိုင်လိုက်ပြီး ပျော့ပျောင်းစွာပြော လိုက်၏။ "မယ်တော် အိပ်မက်ဆိုး ထပ်မက်ပြန်ပြီလား။ ဘာဖြစ်လို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ဘာကို အသက်ပြန်ရှင်လာတာလဲ သားတော်က အကောင်းတိုင်း ရှိနေပါတယ်"

စူးကျောင်းရုံသည် သူမ၏နိမ့်ပါးသည့်အဆင့် အတန်းကြောင့် ဖေးအဆင့် မိဖုရားတစ်ယောက်အဖြစ် ခန့်အပ်မခံခဲ့ရသည်ကိစ္စကို စိတ်ထဲတွင် တနုတ်နုတ်ဖြစ်နေကာ သူမသည် ကျောင်းရုံဟူသည့် စကားလုံးကို မကြားချင်လောက်အောင်ပင်။

ယိဟွားနန်းတော်ထဲက အပျိုတော်များအားလုံးက သူမကို စူးမယ်မယ်ဟု ခေါ်ကြသည်။ လီဟောက်ကလည်း သူမကို မူချင်းဟု ခေါ်သည်။

စူးကျောင်းရုံသည် သားဖြစ်သူကို ငေးမောကာ စိုက်ကြည့်နေပြီး မျက်ရည်များ ကမိုးရွာနေသည့်အလား စီးကြလာ၏။ သူမသည် လီဟောက်၏လက်ကို တင်းကျပ်နေအောင် ဖမ်းဆုပ်ထားသည်။ စကားလုံးများ အားလုံးကလည်း လည်ချောင်းထဲတွင် တစ်ဆို့နေပြီး တစ်လုံး တစ်လေလေးကိုမှ ထုတ်မပြောနိုင်ချေ။

ရှည်လျားသည့် လက်သည်းများက အသားကို စူးဝင်သွားပြီး စူးကနဲ နာကျင်မှုကို အနည်းငယ် ခံစားလိုက်ရ၏။

လီဟောက်သည် မျက်ခုံးပင်မတွန့်ဘဲ အမေဖြစ်သူက သူ့လက်ကို တင်းနေအောင်ဆုတ်ထားသည်ကို ခွင့်ပြုထားလေသည်။

သူ၏လက်တစ်ဖက်ကတော့ လီချန်၏တင်းနေအောင် ဖမ်းဆုပ်ခြင်းကို ခံနေရသည်။

အနောက်နန်းဆောင်ထဲက မိဖုရားများအားလုံးသည် ဖခမည်းတော်၏ မိန်းမများ ဖြစ်ကြပြီး ကလေး ၇ယောက်ကလည်း ဖခမည်းတော် ၏သွေးသားများ ဖြစ်ကြသည်။ သူတို့သားအမိ သုံးယောက်ကတော့ နန်းတော်ထဲအတွင်း အခြေအနေက သိပ်ပြီး မထူးခြားလာပေ။

သူ့အတွက် ဒီလောကထဲတွင် အရင်းအနှီးဆုံးသောလူမှာ သူ့မယ်တော်နဲ့ ညီတော်တို့သာ။

သူ့မယ်တော် အားကိုးအားထားနိုင်သည့် တစ်ဦးတည်းသောသူမှာလည်း သူသာ ဖြစ်လေသည်။

သူ့ညီတော် ယုံကြည်ရပြီး အားကိုးရဆုံးတစ်ဦးတည်းသောသူမှာလည်း သူသာ ဖြစ်သည်။

စူးကျောင်းရုံသည် နာရီဝက်ကျော်ကျော်လောက် ငိုကြွေခဲ့ပြီး သူမ၏မျက်လုံးများကလည်း ငိုကြွေးထားသဖြင့် ယောင်ကိုင်းလို့နေကာ သူမ၏ပြင်းထန်လာသည် စိတ်ခံစားချက်များက နောက်ဆုံးတော့ တည်ငြိမ်သွားတော့၏။ ထိုအခိုက်ထဲမှာသာ လီဟောက်၏ လက်ခုံက သွေးများဖြင့် စိုရွှဲနေသည်ကို အထိတ်တလန့် သတိထားမိလိုက်တော့သည်။

စူးကျားရုံက သားဖြစ်သူ၏လက်ကို လွှတ်ပေးလိုက်ကာ မျက်လုံးများထဲတွင်လည်း မျက်ရည်အပြည့်ဖြင့် ပြောလိုက်၏။ "မယ်တော် သားတော်ရဲ့လက်ခုံကို ခြစ်မိသွားတာပဲ ဒါပေမဲ့ သားတော်က ဘာမှလည်း မပြောဘူး"

လီဟောက်က သူ့လက်ခုံကို ကြည့်လိုက်ပြီး ပြုံးကာနှစ်သိမ့်စကား ပြောလိုက်၏။ "သားတော်က ကြမ်းတမ်းပြီးတော့ အသားလည်း ပြည့်ပါတယ်။ ဒီလို ဒဏ်ရာသေးသေးလေးက ဘာမှမဖြစ်ပါဘူး။ မူချင်း အခုဘယ်လိုခံစားရလဲ"

လီချန်သည် လီဟောက်၏အနောက်ဘက်မှနေ၍ ပြည့်ဖောင်းဖောင်း ခေါင်းလေးကို ပြူထွက်လာကာ တိုးတိုးလေး ပြောလိုက်သည့်။ "မယ်တော် ရင်ဘတ်နာနေသေးလား" ရင်ဘတ်အကြောင်း ပြောလိုက်သည့်တွင် စူးကျောင်းရုံသည် တစ်စုံတခုကို သတိရသွားပြီး သူမ၏မျက်နှာမှာ ရုတ်တရက် ဖြူဖွေးသွားကာ သူမ၏ခန္ဓာကိုယ်တခုလုံးကလည်း ထိန်းမရအောင် တုန်ယင်သွားတော့သည်။

လီဟောက်သည် မျက်မှောင်ကြုံ့လိုက်ပြီး ခေါင်းကို လှည့်မကြည့်ပဲ အမိန့်ပေးလိုက်၏။ "တစ်ယောက်ယောက် လာဦး။ နန်းတွင်းသမားတော် တစ်ယောက်ကို သွားပင့်လာခဲ့"

"ဟင့်အင်း သမားတော်ကိုခေါ် စရာမလိုပါဘူး" စူးကျောင်းရုံသည် တဆက်ဆက် တုန်ယင်နေပြီး လီဟောက်၏လက်ကို ထပ်ပြီး ဖျစ်ညှစ်ထားလိုက်ကာ "အားချန် သား အရင်ဆုံးထွက်သွားလိုက်။ မူချင်း သားရဲ့အစ်ကိုနဲ့ သီးသန့်ပြောစရာစကား ရှိတယ်"

...

All Chapters