သားအမိ
Vol. 1 Ch. 7
လီချန်သည် လေးတိလေးကန်နှင့် ထွက်သွားတော့သည်။
စူးကျောင်းရုံသည် သူမ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေပြီး မအောင့်အီးနိုင်တော့ဘဲ သားဖြစ်သူကို စူးစူးဝါးဝါး ကြည့်လိုက်၏။
"မြန်မြန်ထွက်သွား"
လီချန်သည် သူ့လက်ကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်လိုက်ကာ ကိုယ်ကိုလှည့်ပြီး လျှောက်ကာ ထွက်သွားတော့သည်။ သူသည် ထွက်သွားတော့မည့်ဆဲဆဲတွင် အမှတ်တမဲ့ ခေါင်းကိုပြန်လှည့်ကာ လှည့်ကြည့်လိုက်၏။
တိုက်တိုက်ဆိုင်ဆိုင် သူ့အမေသည် မျက်လုံးများထဲတွင် မျက်ရည်များဖြင့် အစ်ကိုဖြစ်သူကို ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူမ၏မျက်လုံးများထဲက အလင်းရောင်သည် အသက်ရှင်သန်ဖို့အတွက် ကောက်ရိုးတစ်မျှင်ကို ဖမ်းဆွဲနေရသည့် သေလုဆဲဆဲ လူတစ်ယောက်နှင့် တူနေလေသည်။
"အားဟောက် မူချင်းကသာ သားကို တွေ့ရမယ်ဆိုရင် ထပ်ပြီး သေရမယ်ဆိုရင်လည်း ကျေနပ်ပါတယ်..."
လီဟောက်၏အသံသည် အနည်းငယ် တိုးညှင်းသွားသည်။
"မူချင်း ဘာတွေ လျှောက်ပြောနေတာလဲ"
လီချန်သည် တိတ်တဆိတ် ခေါင်းကိုပြန်လှည့်ကာ လျှောက်ထွက်သွားတော့သည်။
သူ့နောက်တွင်တော့ ထူထဲသည့်တံခါးချပ်များက ပိတ်လို့သွားခဲ့၏။ သားအမိ၂ယောက်၏ တီးတိုးစကားသံများက ပျောက်ကွယ်သွားခဲ့၏။
သူသည် လောကကြီးနှင့် ခွဲခြားခံလိုက်ရတော့သည်။
ထိုသို့စဥ်းစားလျှင်တော့ အမှန်ပင် မသင့်တော်လှချေ။ မူချင်းက အစ်ကိုတော်နှင့် တိုင်ပင်စရာ အရေးကြီးကိစ္စတချို့ ရှိလို့သာဖြစ်ရမည်။ သူ့ကို တမင်တကာ လစ်လျူရှုထားခြင်းမဟုတ်။ သို့သော်ငြားလည်း သူ သိတတ်စအရွယ်ကတည်းက သူ့မူချင်းသည် အစ်ကိုတော်ကိုသာ မျက်လုံးထဲတွင် ရှိလေသည်။
သူကတော့ ငယ်ရွယ်သေးပြီး ဘာမှမသိနားမလည်သူသာ ဖြစ်၏။ ထိုမျှလောက်သာပင်။
ယခုအချိန်တွင် သူသည် တစ်နေ့တစ်နေ့ ကြီးပြင်းလာခဲ့သော်ငြားလည်း ဘာတစ်ခုမှ နားမလည်သည့် ကလေးတစ်ယောက်လို ဆက်ဆံခံနေရဆဲဖြစ်ကာ သူသည် အနည်းငယ် မသက်မသာ ခံစားလိုက်ရတော့သည်။
ကံဆိုးချင်တော့ မည်သူကမျှ သူ့အတွေးကို ဂရုမစိုက်ကြပေ။
လီချန်သည် သူ့ရင်ထဲတွင် မွန်းကြပ်လာသလို ခံစားလိုက်ရပြီး ခေါင်းကိုမော့ကာ သူ့ဘေးတွင်ရှိသည့် အစေခံတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"ရှောင်ချွန်း အဝတ်အစားလဲပေး"
ရှောင်ချွန်းသည် ဒီတစ်နှစ်တွင် အသက်၁၂နှစ် ပြည့်ပြီဖြစ်ကာ သူသည် ချောမောခန့်ညားသူတစ်ယောက် ဖြစ်သည်။ ကုန်းကုန်းလေးတစ်ယောက် ဖြစ်သည့်အတွက် ရှောင်ချွန်း၏အသံသည် အနည်းငယ် စူးရှရှဖြစ်နေပြီး မိန်းမငယ်လေးတစ်ယောက်၏အသံနှင့် တော်တော်လေး ဆင်တူနေသည်။
လီချန်သည် အချစ်မခံရသော်ငြားလည်း မင်းသားတစ်ပါး၏ ထည်ဝါခန့်ညားမှုများတော့ ရှိနေသေး၏။
သူ့ပတ်ဝန်းကျင်တွင် အစေခံ၁၂ယောက်ကျော် ရှိသည်။ အနီးကပ် ခစားပေးရသည့် ရှောင်ချွန်းသည် နေ့တိုင်း သူ့နောက်က လိုက်ပါလာပြီး သူ၏အယုံကြည်ရဆုံးသောသူ ဖြစ်လေသည်။
ရှောင်ချွန်းသည် သခင်က မရွှင်မပြဖြစ်နေသည်ကို တွေ့လိုက်ရပြီး အချက်အနည်းငယ်ကို ခပ်ရေးရေး ခန့်မှန်းကြည့်လိုက်ပြီးနောက် တီးတိုးပြောလိုက်၏။
"အရှင်မင်းသား မပျော်ရွှင်ဘူးဆိုရင် ကျွန်တော်မျိုးကို ကိုက်လိုက်ပါ။ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ပါ"
လီချန်သည် နှုတ်ဆိတ်လို့နေသည်။
သူတို့သည် အခန်းထဲသို့ဝင်လာပြီး လိုအပ်သည့်အရာများ ပြုလုပ်ပြီးသွားသောအခါ ရှောင်ချွန်းသည် ကိုယ့်ဟာကို အင်္ကျီလက်ကို ဆွဲတင်လိုက်ပြီး သူ့လက်ကို သခင့်ပါးစပ်နားသို့ ကပ်ပေးလိုက်တော့၏။
ပေါ်ထွက်လာသည့် ပိန်ပါးပါးလက်မောင်းပေါ်တွင် အမာရွတ်တချို့ထင်ရှားစွာ ရှိနေလေသည်။ ကိုက်ထားသည့်အရာ၊ ကုတ်ခြစ်ထားသည့်အရာ၊ ကြိမ်ရာ၊ အရှိုးရာများဖြင့် ရှိနေသည်။ ထိုအမာရွတ်များသည် အဟောင်းရော၊ အသစ်ပါရှိနေပြီး တစ်ရက်၊ နှစ်ရက်အတွင်း ကျန်ရစ်ခဲ့သည့် ဒဏ်ရာများ မဟုတ်သည်မှာ သိသာ၏။
လီချန်သည် ထိုလက်ကို ကိုက်ချလိုက်ပြီး သူ၏ရှည်လျားသေးသွယ်သည့် မျက်လုံးများထဲတွက် ကြမ်းကြတ်ပြီးကောက်ကျစ်သည့် အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သိပ်မကြာခင်တွင် လီချန်၏ပါးစပ်နားတွင် သွေးအနည်းငယ် စီးကျလာခဲ့၏။
ဤအခိုက်အတန့်တွင် လီချန်သည် လူများကို စားသောက်ချင်နေသည့် တိရစ္ဆာန်တစ်ယောက်လို ဖြစ်နေကာ ယခင်ကလို အပြစ်ကင်းစင်ပြီး ရိုးသားသည့်မျက်နှာ မရှိတော့ချေ။
ရှောင်ချွန်းသည် တွန့်သွားပြီး အံ့ကြိတ်ထားလိုက်ပြီးနောက် အသံမထွက်ရဲဘဲ အောင့်ခံနေလိုက်လေသည်။
အချိန်အတော်ကြာသွားပြီးနောက်တွင် လီချန်က ခေါင်းကိုမော့ပြီး လက်ကိုင်ပဝါတစ်ထည့်ဖြင့် သူ့ပါးစပ်ထောင့်ကသွေးများကို သုတ်ပစ်လိုက်သည်။
"မင်း အရင်ဆုံး သန့်ရှင်းအောင် လုပ်ထားလိုက်"
လီချန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး အရင်ဆုံး လျှောက်ကာထွက်သွားတော့သည်။
အသားစတစ်ခုသည် သူ့လက်မောင်းပေါ်မှနေ၍ ပြုတ်ထွက်လုနီးပါး ဖြစ်နေကာ သွေးများက တစ်စက်စက် ကျနေပြီး နာကျင်မှုက ထိတ်လန့်ဖွယ်ရာပင်။
ရှောင်ချွန်းသည် သခင်က တံခါးအပြင်ဖက်သို့ ထွက်သွားသည်အထိ တောင့်ခံနေလိုက်ပြီး ထိုနောက်တွင်မှ မျက်ရည်၂စက်က စီးကျလာခဲ့သည်။ ဤကဲ့သို့သော ဒဏ်ရာမျိုးကို ဘယ်တော့မှ မြင်တွေ့ခံလို့ မဖြစ်ချေ။ သူသည် သူနှင့်အတူ ဒဏ်ရာလိမ်းဆေးကို ဆောင်ထားတတ်ပြီး ဒဏ်ရာပေါ်တွင် ဆေးလိမ်းလိုက်လေသည်။
...
အိပ်ဆောင်အတွင်းတွင်တော့ လီဟောက်သည် လေသံတိုးတိုးဖြင့် အမေဖြစ်သူကို နှစ်သိမ့်နေရသည်။
စူးကျောင်းရုံသည် နောက်ဆုံးတော့ မျက်ရည်များ ရပ်တန့်သွားပြီး သားဖြစ်သူ၏ လက်ကိုကိုင်ထားကာဆို့နှစ်စွာ ပြောလိုက်၏။
"အားဟောက် အမေ မနေ့ညက အိမ်မက်ဆိုးမက်တယ်။ အိမ်မက်ထဲမှာ ဓားတစ်ချောင်းနဲ့ ထိုးစိုက်ခံလိုက်ရပြီး နေရာမှာတင် သေသွားခဲ့တယ်တဲ့။ နာကျင်လိုက်တာ..."
"နောက်ပိုင်းကျတော့ နန်းတွင်းသမားတော်တစ်ယောက်က ရောက်လာပြီး စိတ်ငြိမ်ဆေးတွေ ပေးခဲ့တယ်။ မူချင်းလည်း ဆေးသောက်ပြီးတော့ မေ့မျောသွားခဲ့တယ်"
တကယ်ကို အိမ်မက်ဆိုးမက်ခဲ့တာပဲ။
လီဟောက်သည် သူ့မျက်ခုံးများကို အနည်းငယ် ဖြည်လျော့လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"မူချင်းက အိမ်မက်ဆိုးကြောင့် ထိတ်လန့်သွားတာပါ။ ရက်နည်းနည်းပါးပါးလောက် ကောင်းကောင်းအနားယူလိုက်ပါ။ သက်သာသွားပါလိမ့်မယ်"
စူးကျောင်းရုံသည် စိတ်အားတက်ကြွနေပြီး ငယ်ရွယ်လှသော သားဖြစ်သူကို စိုက်ကြည့်နေမိသည်။ မျက်ရည်များက သူ့မျက်ဝန်းများမှနေ၍ အလိုလို တစ်ဖန်စီးကျလာပြီး သူမသည် တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။
"အိမ်မက်တစ်ခုတဲ့လား"
"အိမ်မက်တစ်ခုပါ။ အိမ်မက်တစ်ခု ဖြစ်နေတယ်ဆိုရင်တောင် မူချင်းက ဆန္ဒရှိပါသေးတယ်။ အားဟောက် သားတော်က လိမ်လိမ်မာမာ နေရမယ်။ မူချင်းက အသုံးမကျဘူး။ ဒီတော့ မူချင်းက သားတော်ကို အားကိုးဖို့ပဲ တတ်နိုင်မယ်"
လီဟောက်သည် ဒီစကားကို ကလေးဘဝကတည်းက ကြားလာခဲ့သဖြင့် တွေဝေမှုမရှိဘဲ ပြန်ပြောလိုက်တော့သည်။
"စိတ်ချပါ မူချင်း။ သားတော် အနားမှာရှိနေတယ်ဆိုရင် ဘယ်သူကမှ သားတော်တို့ သားအမိ၃ ယောက်ကို အနိုင်ကျင့်ရဲမှာ မဟုတိပါဘူး"
ဟိုးယခင်ကတည်းက ရင်းနှီးပြီးသားစကားလုံးကို ကြားလိုက်ရသောအခါ စူးကျောင်းရုံ၏မျက်လုံးများမှာ တစ်ဖန်နီရဲလာတော့သည်။
သူသည် အားအကိုးရဆုံး အသိတတ်ဆုံးသားလေး ဖြစ်သည်။ ထိုမုန်းတီးစရာ မိန်းမပျက် လုမင်ယွိကသာ သူမ၏သားကို ခိုးယူသွားသဖြင့် ထိုအရာအားလုံးက သူမ၏အမှားသာ ဖြစ်လေသည်...
စောင့်ကြည့်နေလိုက်!
စူးကျောင်းရုံ၏မျက်လုံးများသည် လင်းလက်သွားကာ စိတ်အားထက်သန်စွာ မေးလိုက်၏။
"အားဟောက် အခုရော ဘယ်အချိန်ရှိသွားပြီလဲ။ ယုံးကျား ဘယ်နှစ်ခုနှစ်လဲ။ သားတော် စေ့စပ်ပြီးသွားပြီလား"
အိမ်မက်ဆိုးမက်ဖူးသည့်လူများ၏ မှတ်ဉာဏ်များက ရှုပ်ထွေးနေသည်ကလည်း မဆန်းချေ။
လီဟောက်က စိတ်ရှည်ရှည်ဖြင့် ပြန်ဖြေလိုက်သည်။
"ယုံးကျား ၈ခုနှစ်။ ၂လပိုင်း ၆ရက်နေ့ပါ"
ခဏလောက် စောင့်ဆိုင်းပြီးမှ သူက ဆက်ပြောလိုက်သည်။
"မိဖုရားခေါင်က ၂ရက်နေရင် နန်းတော်ထဲမှာ စားသောက်ပွဲတစ်ခုကို ကျင်းပပါလိမ့်မယ်။ မြို့တော်ထဲက အဆင့်၃အထက် အရပ်ဖက်နဲ့ စစ်ဖက်အရာရှိတွေရဲ့ သမီးနဲ့မြေးတွေက ဖိတ်ကြားခံထားရတယ်။ သူတို့အားလုံးကလည်း နန်းတွင်းစားသောက်ပွဲကိုလာဖို့ ဖိတ်စာတွေ လက်ခံရရှိပြီးပါပြီ"
ယုံးကျား ၈ခုနှစ်၊ ၂လပိုင်း၊ နန်းတွင်းစားသောက်ပွဲတစ်ခု။
ဟောင်းနွမ်းနေသည့် မှတ်ဉာဏ်သည် သူမစိတ်ထဲတွင် တိတ်တဆိတ် ပေါ်ထွက်လာခဲ့၏။
စူးကျောင်းရုံသည် အချိန်အကြာကြီး မှင်သက်နေပြီးမှ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
တော်သေးတာပေါ့။ သားဖြစ်သူက မစေ့စပ်ရသေးဘူး။ သူ နောက်တစ်နှစ်မှာ လုမင်ယွိနဲ့ လက်ထပ်လိမ့်မယ်။ အခုအချိန်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်။ ဒါမှမဟုတ် ဒီလက်ထပ်ပွဲကို ရှုပ်ထွေးအောင် လုပ်မယ်ဆိုရင်လည်း မခက်ခဲဘူး။
ဒါပေမဲ့ လုမိသားစုရဲ့ အကူအညီသာ မရှိဘူးဆိုရင် သားတော်ကလည်း နန်းတက်နိုင်မှာ မဟုတ်သလို နဂါးပုလ္လင်မှာလည်း ထိုင်နိုင်မှာမဟုတ်ဘူး။
ဒီတော့ သားဖြစ်သူက လုမင်ယွိနဲ့ သေချာပေါက် လက်ထပ်ရမယ်။ သူမကတော့ နှစ်အနည်းငယ်လောက် စိတ်ရှည်ရှည်နဲ့ စောင့်လိုက်ရုံပဲ။ သားဖြစ်သူ နန်းတက်တဲ့အချိန်ကို စောင့်နေရုံပဲ...
မဟုတ်သေးဘူး။ သားတော် အိမ်ရှေ့စံဖြစ်လာတဲ့အချိန်ကျရင် လုမင်ယွိကို သတ်ပစ်ရမယ်။ နောက်ထပ် သိမ်မွေ့ပြီးနာခံတတ်တဲ့ နာမည်ကြီး မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပေးပြီး သူမအတွက်လည်း မြေးကလေးတွေအများကြီး မွေးခိုင်းရမယ်။
ယန့်အာဆိုတဲ့ ဘယ်တော့မှ မရင်းနှီးတတ်တဲ့ ကောင်ကလေး။ ဘယ်လောက်ပဲ ချော့မော့နေပါစေ သူမနဲ့ ဘယ်တော့မှ တစ်ရင်းတစ်နှီး မရှိဘူး။ ဒီလိုမြေးလေးတစ်ယောက်ကိုတော့ စကားထဲထည့်ပြောဖို့ မတန်ပါဘူး။
အတွေးပေါင်းစုံသည် စူးကျောင်းရုံ၏စိတ်ထဲတွင် တဖျပ်ဖျပ် လက်လာခဲ့လေသည်။ သို့သော်ငြားလည်း သူမက သူမ၏မျက်နှာအမူအယာကို ပြန်ထိန်းထားလိုက်ကာ ပြုံးယောင်ယောင်လေး ဖြစ်သွားတော့သည်။
"စတုတ္ထသခင်မလေးလုကရော ဖိတ်စာရထားလား"
"သားတော်က သူ့အကြောင်းကို မူချင်းရှေ့မှာ ခဏခဏ ပြောနေတတ်တယ်နော်။ သူ ဘယ်လောက်လှတယ်ဆိုတဲ့ အကြောင်းကိုလည်း ချီးကျူးစကား ပြောတတ်တယ်။ ပြီးတော့ သူက ဉာဏ်ရည်ထက်မြက်ပြီး ထူးချွန်တဲ့အရည်အချင်းတွေ ပိုင်ဆိုင်ထားတယ်ဆို။ မူချင်းက နန်းတော်ထဲက မထွက်နိုင်တာတော့ နှမြောစရာပဲ။ မူချင်း သူ့ကိုတောင် မမြင်ဖူးသေးဘူး။ ၂ရက်နေရင် အနောက်နန်းဆောင်ထဲမှာ ပွဲတော်တစ်ခု ရှိမှာဆိုတော့ မူချင်းလည်း သူ့ကို တစ်ချက်လောက် အကဲခတ် ကြည့်လိုက်ပါအုံးမယ်"
လုမင်ယွိအကြောင်း ထုတ်ပြောလာသည်တွင် လီဟောက်၏မျက်နှာသည် ရုတ်တရက် ညိုမဲသွားတော့သည်။
သူ့နှလုံးသားအောက်ခြေတွင် မြိုသိပ်ထားရသည့် ဒေါသသည် တစ်ဖန် ပြန်ထွက်လာခဲ့တော့သည်။
သူ ဘာအမှား လုပ်ခဲ့လို့လဲ။
သူမက ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျောပေးသွားရတာလဲ။
လုမင်ယွိ၏ မျက်ဝန်းနက်နက်ထဲက အေးစက်စက်အကြည့်နှင့် သူ့ရင်ဘတ်ထဲကို ထောက်ထားသည့် ထက်ရှသည့်ဓားအကြောင်းကို စဥ်းစားမိလိုက်သည့်အခါ လီဟောက်၏ စိတ်အခြေအနေသည် ပိုပြီးပြင်းထန်လာကာ တည်ငြိမ်ဖို့ရန်ပင် ခက်ခဲသွားတော့သည်။
စူးကျောင်းရုံ၏ မျက်လုံးများသည် သူမသားဖြစ်သူ၏ မျက်နှာပေါ်တွင် ဆက်တိုက်ကျရောက်နေပြီး သူမသည် တစ်ခုခု မူမမှန်ဖြစ်နေသည်ကို အလိုလို ခံစားမိလိုက်၏။
"ဘာဖြစ်လို့လဲ။ သားရဲ့မျက်နှာ ဘာဖြစ်လို့အဲ့လောက် ညိုမဲသွားတာလဲ။ ဘယ်သူ သားကို ဒေါသထွက်အောင် လုပ်ခဲ့တာလဲ"
လီဟောက်သည် အံ့ကြိတ်ထားလိုက်ကာ သူ့ဒေါသကို မြိုသိပ်ထားလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ ဖုဟွမ်က စစ်တပ်ကို ဦးဆောင်ပြီး ရှေ့တန်းထွက်သွားတဲ့အကြောင်းကို စဥ်းစားမိလိုက်လို့ပါ။ သူက အစ်ကိုတော်နဲ့ ဒုတိယအစ်ကိုတော်တို့ကိုပဲ ခေါ်သွားတာလေ။ သားတော်က အတူတူ လိုက်မသွားနိုင်ခဲ့ဘူး။ ဒါကြောင့်မို့ စိတ်မကောင်းဖြစ်နေမိတာပါ"
အကြောင်းအရာက မသက်မသာ ပြောင်းလဲသွားခဲ့သည်။ သို့သော်ငြားလည်း ထိုအချက်က စူးကျောင်းရုံ၏အနာကို သွားထိလေတော့သည်။
စူးကျောင်းရုံသည် နီရဲနေသည့်မျက်လုံးများဖြင့် တီးတိုးပြောလိုက်၏။
"သားတော်ကို ထိခိုက်စေခဲ့တာက မူချင်းပါ။ မင်းရဲ့ဖုဟွမ်၊ အရှင်မင်းကြီးက အကြီးဆုံးသားနဲ့ ဒုတိယမင်းသားတို့ကိုပဲ ဘက်လိုက်ပြီးတော့ ချစ်ခင်မြတ်နိုးပေးတယ်။ ပြီးတော့ စတုတ္ထမင်းသား သးကလည်း မယ်တော်ကြီးကို အားကိုးပြီး မကြာခဏဆိုသလို သားရဲ့ဖုဟွမ်ရှေ့မှာ ပေါ်လာတတ်တယ်။ သားကသာ မင်းသားတွေထဲမှာ အထူးချွန်ဆုံးဆိုတာ သိသာနေတာပဲ။ ဒါပေမဲ့ သားကိုတော့ အမြဲတမ်း အေးစက်စက် လျစ်လျူရှူထားခဲ့တယ်..."
စူးကျောင်းရုံသည် သားဖြစ်သူ၏လက်ကို ဖျစ်ညှစ်ထားလိုက်ပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။
"နန်းတော်ထဲက လူတိုင်းက အမေတို့သားအမိတွေကို အထင်မြင်သေးကြတယ်။ နောက်ဆိုရင် တစ်နေ့ သူတို့တွေ သေချာပေါက် နောင်တရကြလိမ့်မယ်!"
ဒီတော့ နှလုံးသားထဲမှာ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ အရင်ဆုံးတော့ မြိုသိပ်ထားရအုံးမယ်။
ဘာပဲဖြစ်ဖြစ်ပါ။ သူမက လုမင်ယွိကို ချွေးမတစ်ယောက်အနေနဲ့ လက်ထပ်လာအောင်တော့ သေချာပေါက် လုပ်ရအုံးမယ်။
...