← Chapters

အကွက်ဆင်ခြင်း

Vol. 1 Ch. 8

အကွက်ဆင်ခြင်း

Vol. 1 Ch. 8

စူးကျောင်းရုံသည် ဆုံးဖြတ်ချက်ချထားလိုက်ပြီးနောက် လီဟောက်ကို နူးညံ့စွာဖြင့် ပြောလိုက်သည်။

"အားဟောက် သားက စတုတ္ထသခင်မလေးလုကို အမြဲသဘောကျလာတယ်ဆိုတာ မူချင်း သိပါတယ်။ စိတ်ချပါ မူချင်းက မူချင်းရဲ့ ဒီမျက်နှာကို ခဏလောက် ဖယ်ထားပြီးတော့ သားတော်နဲ့ စတုတ္ထသခင်မလေးလုတို့ကြားက မင်္ဂလာပွဲကို သေချာပေါက်ရအောင် ကြိုးစားပေးပါမယ်"

ခဏလောက် ရပ်လိုက်ပြီးနောက် သူမက ပျော့ပြောင်းစွာဖြင့် ထပ်ပြောလိုက်သည်။

"တချို့စကားလုံးတွေကတော့ နားဝင်ချိုမှာ မဟုတ်ဘူး။ ဒါပေမဲ့ သားတော်ကတော့ စိတ်ထဲမှာ နားလည်ထားရမယ်။ မူချင်းက နိမ့်ကျတဲ့ နောက်ခံတစ်ခုကလာတာ အရှင်မင်းကြီးရှေ့မှာ ဘာအာဏာ အင်အားမှ မရှိဘူး။ သားတော်မှာလဲ အင်အားရှိတဲ့ အမေဖက်က ဆွေမျိုးမရှိဘူး။ ဒီတော့ သားတော်က မျိုးရိုးမြင့်သခင်မလေးတစ်ယောက်ကို ကြင်ယာတော်အဖြစ် သေချာပေါက် လက်ထပ်ရမယ်။ နောက်ဆိုရင် သားကို ကူညီပေးနိုင်မဲ့ အရည်အချင်းရှိတဲ့ ယောက္ခမတစ်ယောက်နဲ့ ခမည်းခမက် မိသားစုတစ်ခု ရှိလာနိုင်လိမ့်မယ်"

"ရှင်းယန်ဝမ်ရဲ့ အမိန့်အောက်မှာ စစ်သည်၆သောင်း ရှိတယ်။ ရှင်းယန်စစ်တပ်က ရဲစွမ်းသတ္တိပြည့်ဝတယ်လို့ နာမည်ကြီးပြီး စစ်ပွဲကို ဦးဆောင်တိုက်ခိုက်နေတဲ့ ကွမ်းပင်းနယ်စားရဲ့ အရည်အချင်းက ရှင်းယန်ဝမ်လောက် ကောင်းတာ မဟုတ်ဘူး"

"ရှင်းယန်ဝမ်မှာ မွေးစားထားတဲ့ သားတွေသမီးတွေ အများကြီးပဲ။ ဒါပေမဲ့ စတုတ္ထသခင်မလေးလုကပဲ သူရဲ့သွေးသားရင်းချာ။ မူချင်း ကြားထားတာတော့ ရှင်းယန်ဝမ်က သူ့သမီးကို အသက်လောက်ချစ်တယ်တဲ့။ သူ့သမီးက လမ်းမှားရောက်သွားပြီး ဘယ်တော့မှ လက်မထပ်နိုင်မှာကိုလဲ စိုးရိမ်နေတယ်လို့ ကြားတယ်"

"တကယ်လို့ သားတော်ကသာ စတုတ္ထသခင်မလေးလုကို လက်ထပ်နိုင်မယ်ဆိုရင် ရှင်းယန်ဝမ်ကလဲ သားတော်ရဲ့ ယောက္ခမတော်တစ်ယောက် ဖြစ်လာပြီး သားတော်ရဲ့ဖက်မှာ သေချာပေါက် ရပ်ပေးလိမ့်မယ်"

စူးကျောင်းရုံ၏ မျက်လုံးများသည် ပိုပြီးတောက်ပလာကာ သူ့စကားပြောနှုန်းကလဲ ပိုပိုပြီးမြန်ဆန်လာခဲ့သည်။

"ဒီမင်္ဂလာပွဲက သားအတွက် အကျိုးကျေးဇူးအများကြီး ရှိနိုင်တယ်။ ဒီမင်္ဂလာပွဲကို လုံးဝလက်လွှတ်လို့ မဖြစ်ဘူး"

သူ့နားထဲတွင် ထိုစကားလုံးများကို ကြားလိုက်ရသောအခါ သူသည် ဘာမှမပြောနိုင်တော့ပေ။

လီဟောက်သည် သူ၏ပါးလွှာသည့် နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ကာ တီးတိုးပြောလိုက်၏။

"မူချင်း သားတော်က ရှောင်ယွိကို မြင်မြင်ချင်း သဘောကျခဲ့တာပါ။ အဲ့ဒီ့တုန်းက သူက ရှင်းယန်ဝမ်ရဲ့ အချစ်ရဆုံးသမီးတစ်ယောက်လို့ မသိထားခဲ့ဘူး"

လွန်ခဲ့သည့်၂နှစ်က သူတို့ တွေ့ဆုံကြသည့်မြင်ကွင်းကို သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ထို့နေ့ကသူမသည် အနီရောင်စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင်မြင်းတစ်ကောင်ကို စီးနင်းထားကာ အနီရောင်တိမ်လေးတစ်ခုလို လွင့်ပါးလာပြီး စိုပြေတောက်ပသည့် မျက်နှာလေးတစ်ခု ပိုင်ဆိုင်ထားလေသည်။

သူသည် သူမနှင့် တစ်ပြိုင်တည်း လင်းယုန်ဌက်တစ်ကောင်ကို ​ပစ်ခတ်ခဲ့သည်။ သူက ထိုသားကောင်ကို လက်လျော့ချင်ခဲ့သော်ငြားလဲ သူမကတော့ မျက်ခုံးပင့်ကာ ပြုံးပြီး လက်၂ဖက်ကို မြှောက်ကာ ဦးမော့လိုက်ပြီးနောက် သူမ၏လေးကို မြှောက်လိုက်ပြီးနောက် နောက်တစ်ခါ လှမ်းပစ်လိုက်လေသည်။

ထိုမြှားသည် ကောင်းကင်တွင်ပျံဝဲနေသည့် လင်းယုန်ဌက်ကို ထိမှန်သွားကာ တစ်ချိန်တည်းတွင်လဲ သူ့နှလုံးသားကို ထိမှန်သွားခဲ့သည်။

သူမအပေါ် ချစ်မြတ်နိုးရသည့် ခံစားချက်သည် သူ့မိသားစုနောက်ခံနှင့် ဘာမှမသက်ဆိုင်ပေ။

စူးကျောင်းရုံသည် သားဖြစ်သူ၏ခေါင်းမာသည့် စိတ်ဓာတ်ကို ကောင်းကောင်းသိထားပြီး သူနှင့် ဘယ်တော့မှ ထိပ်တိုက်မယှဥ်ပြိုင်ခဲ့ချေ။ သူမက ပျော့ပြောင်းစွာ ပြုံးလိုက်၏။

"ဟုတ်ပါတယ် ဟုတ်ပါတယ်။ သားတော်က စတုတ္ထသခင်မလေးလုကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုတာ မူချင်း သိပါတယ်။ အရမ်းကို တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကလဲ လုမိသားစုရဲ့ တစ်ဦးတည်းသော သွေးသားရင်းချာ သမီးတစ်ယောက် ဖြစ်နေတာလေ။ ဒါက ခဲတစ်လုံးနဲ့ ငှက်၂ကောင်ကို ပစ်လိုက်မိတဲ့ ဝမ်းသာစရာ ဖြစ်ရပ်လေးတစ်ခုပဲ"

လီဟောက်ရဲ့ တင်းမာ ချောမောသည့်မျက်နှာသည် အနည်းငယ် ပြေလျော့သွားတော့သည်။

သူသည် လုမင်ယွိကိုတော့ တော်တော်လေး ဒေါသထွက်နေဆဲပင်။ သို့သော်ငြား သူ၏မာနကလဲ ရှိနေသဖြင့် သူသည် လုမိသားစု၏ ရိုက်နှက်မောင်းထုတ်ခံသည့် အကြောင်းကိုတော့ မူချင်းဖြစ်သူအား ဘယ်တော့မှ ပြောပြလိမ့်မည် မဟုတ်ပေ။

မိန်းမငယ်လေးတစ်ယောက်က စိတ်ကောက်ပြီး ဒေါသထွက်သွားတဲ့အခါ လူကြီးလူကောင်း ယောကျာ်းလေးတစ်ယောက်အနေနဲ့ သူကလဲ သူမကို ခွင့်လွှတ်ပေးရမှာပေါ့လေ။

လီဟောက် တိုးတိုးလေး ပြောလိုက်၏။

"မူချင်း ပြောတဲ့အတိုင်းပါပဲ"

စူးကျောင်းရုံသည် လီဟောက်၏အတွေးကို ဘာတစ်ခုမှမသိဘဲ တိုးတိုးလေး ထပ်ပြောလိုက်၏။

"သားတော်လဲ စိတ်အေးအေးနဲ့ စာပေနဲ့သိုင်းပညာကို သင်ယူနိုင်ပါတယ်။ မူချင်းက သားတော်အတွက် မင်္ဂလာပွဲကို ကူညီပြီးတော့ စီစဥ်ပေးမယ်"

လီဟောက်သည် မျက်မှောင်ကျုံ့လိုက်ကာ သူ့အမေကို ပြုံးပြလိုက်လေသည်။

"မူချင်းကို ကျေးဇူးတင်ပါတယ်"

သားဖြစ်သူ၏ ပျော်ရွှင်မှုကို ဖုံးကွယ်ထားသော အပြုံးမျက်နှာကိုကြည့်ရင်း စူးကျောင်းရုံ၏ရင်ထဲတွင် ပြင်းထန်သည့်ခါးသီးမှုနှင့် နာကျင်မှုများ ပြည့်နှက်သွားလေသည်။

သားဖြစ်သူ၏ထီးနန်းနှင့် မယ်တော်ကြီး တစ်ဖန် ပြန်ဖြစ်ရေးအတွက် သူမသည် လုမင်ယွိကို မျက်နှာသာလုပ်ဖို့ရန် သဘောကျနှစ်သက်ကြောင်း တစ်ဖန်ပြန်ပြပြီး ဦးညွှတ်ထားရမည်ဖြစ်ကာ သူမသည် လေသံတိုးတိုးနှင့် ချောင်မိဖုရားခေါင်ကို တောင်းဆိုရပေအုံးမည်။

ဘာပဲဖြစ်ဖြစ်ပါလေ သူမလဲ နှစ်ပေါင်းများစွာ နှိမ့်ချလာခဲ့ပြီးပြီပဲ။ နောက်ထပ်၁နှစ် ၂နှစ်လောက် ထပ်ပြီးသည်းခံလိုက်တာပေါ့။

တစ်နေ့ သူမ မယ်တော်ကြီးဖြစ်လာတဲ့အခါ မျက်ခုံးကို ပင့်ထားနိုင်ပြီလေ။ အဲ့ဒီ့အချိန်ကျရင် အားလုံးကလဲ သူမရဲ့ခြေထောက်အောက်မှ ဝပ်တွားခယပြီး သူမရဲ့မျက်နှာကို မော်ကြည့်ပြီးမှ စကားပြောဆိုနိုင်လိမ့်မယ်။

လုမင်ယွိက ဘယ်လောက်ပဲ အင်အားတွေရှိနေပါစေ။ သူကလဲ သူ့ယောက္ခမကို ရိုသေလေးစားရပြီး သူ့ယောက္ခမဖြစ်သူရဲ့ နှိပ်ကွက်တာကို ခံရမှာပါပဲ။

....

မျက်စိတစ်မှိတ်အတွင်းတွင် ၂ရက်တာကာလ ပြီးဆုံးသွားခဲ့သည်။ ဒုတိယလ ၉ရက်နေ့ မနက်ခင်းစောစောတွင် လုမင်ယွိသည် ယင်ရှီ(၅နာရီမှ ၇နာရီကြား မနက်ခင်းအချိန်) အိပ်ရာထလာပြီး သိုင်းလေ့ကျင့်ကွင်းထဲသို့ သွားခဲ့လေသည်။

သာ့ဝေသည် ယခုမှ တည်ထောင်ထားသည့် နှစ်အနည်းသာရှိသေးသည့် တိုင်းပြည်တစ်ခုဖြစ်ကာ ယခင်မင်းဆက်၏ စည်းမျဥ်းပေါင်းများစွာကို လိုက်နာကျင့်သုံးခဲ့သည်။ မင်းသားတစ်ပါးသည် ကိုယ်ပိုင်စစ်သည်ရဲမက် အယောက်၅ရာကျော် ပိုင်ဆိုင်ထားနိုင်ပြီး စစ်သူကြီးများကလဲ ရာထူးအဆင့်အတန်းအလိုက် ကိုယ်ပိုင်အစောင့်စစ်သည်ရဲမက် များစွာရှိလေသည်။ ရှင်းယန်ဝမ်သည် တော်ဝင်မျိုးဆက်မှ ဆင်းသက်လာခြင်း မဟုတ်သည့် ဝမ်ရယ်တစ်ပါးအနေဖြင့် ဘွဲ့ခံယူထားပြီး သူ့တွင်လဲ စစ်သည်အင်အား၅ရာရှိ၏။ အမှန်တွင်တော့ လုလင်း ခေါ်သွားခဲ့သည့် ရှင်းယန်စစ်တပ်တစ်ခုလုံးသည် အထူးလေ့ကျင့်ထားသည့် စစ်တပ့တစ်ခုဖြစ်ကာ လုမိသားစု၏စစ်တပ်ဟု ဆိုလျှင်လဲ ချဲ့ကားရာကျမည် မဟုတ်ချေ။ လုလင်း၏ကိုယ်ပိုင် စစ်သည်အများစုကလဲ ရှင်းယန်စစ်တပ်ထဲက ဖြစ်သည်။

လုလင်းသည် အိမ်တော်အတွင်း ကိုယ်ပိုင်စစ်သည် ၅ရာကို ချန်ထားခဲ့ပြီး စစ်တပ်ကို ဦးဆောင်ကာ စစ်ချီထွက်ခဲ့သည်။

ဤအယောက်၅ရာသော ကိုယ်ပိုင်စစ်သည်များကို တပ်ရင်း၃ခု ခွဲထားပြီး လုအိမ်တော်၏ လုံခြုံရေးကို ကာကွယ်ပေးဖို့ရန် နေ့နှင့်ည စောင့်ကြပ်ထားကြသည်။ မနက်ခင်းတိုင်းတွင် တပ်ရင်းတစ်ခုသည် လေ့ကျင့်ဖို့ရန်အတွက် စစ်ရေးပြကွင်းပြင်ကို ဝင်ရသည်။

ဟော!

ဟေး!

ဟိန်းသံများသည် နားကွဲမတတ် ထွက်လာ၏။ မျက်စိကျိန်းစရာ ဓားရှည်တစ်ချောင်းသည် ထိတ်လန့်အံ့သြဖွယ်ကောင်းသည့် အေးစက်စက် အလင်းရောင်တစ်ခုနှင့်အတူ ပျံထွက်လာခဲ့သည်!

"စစ်ကျဲ (အစ်မ၄)"

ရုတ်တရက် မျက်နှာကြီးတစ်ခုသည် သူမ၏မျက်လုံးရှေ့တွင် ပေါ်လာပြီး သူမ၏မျက်လုံးများမှာ တွ့န်ချိုးသွားလေသည်။

"နင် ဒီနေ့ နန်းတွင်းစားသောက်ပွဲကို သွားရမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ အဆင်သင့်သွားမပြင်သေးဘဲနဲ့ ဒီနေရာမှာသိုင်းလေ့ကျင့်နေတာလဲ"

လုမင်ယွိက ပြုံးကာ သူမ၏နံပါတ်၆ မောင်လေးကို လှမ်းကြည့်လိုက်ပြီး

"နင် ဗိုက်အောင့်နေသေးလား"

လုရွှမ်းသည် ပြုံးလိုက်ပြီး အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်လို ပြုမူရင်း အနားသို့ ရောက်လာသည်။

"ဒီနားမှာ ကိုယ်ပိုင်ရဲမက်တွေ အများကြီးပဲ စစ်ကျဲက ဓားသိုင်းပညာ လေ့ကျင့်ချင်တယ်ဆိုရင်လဲ ဒီအတိုင်း နည်းနည်းပါးပါးလောက်ကို ခေါ်လိုက်ပါ။ ကျွန်တော့်ကိုတော့ မရိုက်ပါနဲ့တော့"

လုမင်ယွိသည် မနေနိုင်ဘဲ အော်ရယ်မိကာ သူ့ခေါင်းကြီးကို အားဖြင့် လှမ်းရိုက်လိုက်လေသည်။

"သွားစမ်းပါ "

လုရွှမ်းသည် စိတ်အေးသွားကာ သက်ပြင်းတစ်ချက်ချပြီး လက်နက်စင်သို့ ပျော်ပျော်ရွှင်ရွှင် ပြေးသွားလိုက်ပြီးနောက် လှံရှည်ကြီးတစ်ချောင်းကို လှမ်းဆွဲလိုက်ကာ လုမင်ယွိကို အားနှင့် တိုက်ခိုက်တော့သည်။ သိမ်မွေ့လှသည်ဟု နာမည်ကြီးသည့် လုမင်ဟွားသည် ဒီတစ်ကြိမ်တွင်တော့ မိန်းကလေးဆန်ဆန် စစ်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး သူမ၏လက်ထဲက ကြာပွတ်ရှည်ကြီး တစ်ချောင်းကလဲ ကျားတစ်ကောင်လို ဟိန်းဟောက်လို့နေသည်။

လုမင်ယွိက သူမ၏နှုတ်ခမ်းကို ကွေးတင်ထားလိုက်ကာ ​ပြုံးလိုက်၏။ ဒါကမှ သူမ ရင်းနှီးနေတဲ့အိမ်ပဲလေ။

သူမကို ခိုင်ခိုင်မာမာ ချည်နှောင်ထားတဲ့ အဲ့ဒီ့မမြင်ရတဲ့ အချုပ်အနှောင်တွေလို စည်းမျဥ်းစည်းကမ်းတွေရှိန​တဲ့ အရင်ဘဝက နန်းတော်လို မဟုတ်ဘူး။ အဲ့ဒီ့နေရာက သူမရဲ့ဂုဏ်သိက္ခာနဲ့ စိတ်ခွန်အားတွေကို တစ်စတစ်စ ဖြိုချပစ်ခဲ့တယ်လေ။

သူမက လောကကြီးရဲ့မိခင်၊ မိဖုရားခေါင်တစ်ယောက်အနေနဲ့ ဇာမဏီသလွန်ပေါ်မှာ ထိုင်နေပေမဲ့ သူမရဲ့ငယ်ရွယ်မှုရယ် ပျော်ရွှင်မှုနဲ့ ခံစားချက်တွေကို လုံးဝမခံစားခဲ့ရတော့ဘူး။

ဒါတွေအားလုံးကလဲ အဲ့ဒီ့ခွေးသားကြောင့်ပဲ!

လီဟောက်အကြောင်း စဥ်းစားမိသည်တွင် လုမင်ယွိ၏စိတ်သည် တစ်ဖန် ဒေါသထွက်လာတော့သည်။ သူမက လက်ထဲကဓားကို တင်းနေအောင် ကိုင်ထားလိုက်ကာ အနားသို့လျှောက်လာသည့် စစ်သည်တချို့ကို အမိန့်ပေးလိုက်သည်။

"ငါနဲ့ လာပြီးတော့ တိုက်ခိုက်ကြ"

၁နာရီကြာပြီးနောက်တွင် လုမင်ယွိ၏ပါးပြင်သည် နီရဲသွားပြီး သူမ၏နဖူးပေါ်တွင်လဲ ချွေးပါးလေးများ ထွက်လာကာ သူမသည် ရေသွားချိုးလိုက်ပြီးနောက် လန်းလန်းဆန်းဆန်း အဝတ်အစားကို ပြောင်းဝတ်လိုက်သည်။ သိုင်းလေ့ကျင့်ရေးကွင်းထဲက ရဲမက်များကတော့ ရှုံ့မဲနေသည့်မျက်နှာများဖြင့် မြေပြင်ပေါ်မှာ ထလာကြသည်။

"သခင်မလေးရဲ့ သိုင်းပညာအစွမ်းက တကယ့်ကိုပိုပြီးတော့ ကောင်းလာတာပဲ!"

"သခင်မလေးက ငါတို့ကို ထိခိုက်မိသွားမှာ စိုးရိမ်နေတာ။ ဒါကြောင့် သူက ကျောက်စိမ်းဓားကိုတောင် မသုံးခဲ့ဘူး။ မဟုတ်ရင် ငါတို့တွေ အခုအချိန်တောင် ထနိုင်မှာမဟုတ်ဘူး"

"နောက်ဆိုရင် ဘယ်သခင်လေးကများ ငါတို့လုအိမ်တော်ရဲ့ သမက်တစ်ယောက်များ ဖြစ်လာရဲပါ့မလဲ မသိဘူး။ တကယ်လို့ သူကသာ သခင်မလေးကို မပျော်ရွှင်အောင် လုပ်ခဲ့မယ်ဆိုရင် လက်သီးတစ်ချက်စာထဲနဲ့ အသက်တစ်ဝက် ထွက်သွားလောက်တယ်- အားးယိုးး!"

"ငါ မင်းကို ပေါက်ကရမပြောပါနဲ့လို့ ပြောသားပဲ!"

"ငါတို့သခင်မလေးကို လက်ထပ်နိုင်တဲ့ ဘယ်သူမဆို ဘဝပေါင်းများစွာ ကျင့်ကြံပျိုးထောင်လာခဲ့တဲ့ ကံကောင်းခြင်းကြောင့်ပဲ ဖြစ်မှာ။ နောက်ဆိုရင် သမက်တော်က သခင်မလေးကို စိတ်ဆိုးအောင် လုပ်ခဲ့တယ်ဆိုရင်တောင် သခင်မလေးက ဘယ်လိုပဲ အပြစ်ပေးပါစေ ငါတို့ရဲ့မင်းသားကလဲ သခင်မလေးကို အရင်ဆုံး အလျှော့ပေးရမှာပဲ"

"ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ဒုတိယသခင်လေးနဲ့ ဆဋ္ဌမသခင်လေးတို့လဲ ရှိသေးတယ်!"

"ဘယ်လောက်ပဲ ဆိုးနေပါစေ ငါတို့ရဲ့ရှင်းယန်စစ်တပ်ကြီး ရှိနေတာပဲလေ"

သူတို့သည် စကားပြောလာလေလေ ပိုပြီးတော့ ချဲ့ကားပြောလာလေလေပင်။

ကိုယ်ပိုင်ရဲမက်များ၏ခေါင်းဆောင် လုရီသည် ဒေါသထွက်ထွက်ဖြင့် ကျိန်းမောင်း လိုက်ကာ အတင်းပြောနေကြသည့် ရဲမက်များကို ကန်ကျောက်လိုက်၏။

"အားလုံး ပါးစပ်ပိတ်ထားကြစမ်း! တကယ်လို့ မင်းတို့တွေ ပေါက်ကရ ထပ်ပြောအုံးမယ်ဆိုရင် ငါ မင်းတို့ရဲ့လျှာတွေကို ဆွဲထုတ်ပစ်လိုက်မယ်"

သူသည် ခဏလောက် တုံ့ဆိုင်းသွားကာ ဆက်ပြောလိုက်သည်။ “နောက်ဆုံးစကားက တော်တော်လေးကို မှန်ကန်ပါတယ်”

ရဲမက်တပ်ဖွဲ့သည် သွားများဖြဲကာ ရယ်မောလိုက်လေသည်။

အမှန်ပဲပေါ့! သူတို့သာ ရှိနေမယ်ဆိုရင် ဘယ်သူကမှ သူတို့ရဲ့သခင်မလေးကို အနိုင်ကျင့်နိုင်တော့မှာ မဟုတ်ဘူး!

-

၁နာရီကြာသွားပြီးနောက်

တုံးဟွားတံခါးအပြင်ဖက်တွင် နန်းတော်ထဲကို ဝင်ကြမည့် လှည်းများသည် တစ်လမ်းလုံး စီတန်းကာ ရပ်နေကြသည်။

စည်းမျဥ်းစည်းကမ်းများအရ နန်းတော်မှ မဟုတ်သည့်လှည်းများကို နန်းတော်သို့ ဝင်ခွင့်မပေးထားပေ။

မိဖုရားခေါင်မိသားစုက သခင်မလေးဖြစ်စေ၊ နယ်စားမင်းမိသားစုက သခင်မလေးဖြစ်စေ၊ လှည်းပေါ်က ဆင်းရမည်ဖြစ်ကာ ဖိတ်စာများကိုလဲ အစစ်ဆေးခံရမည်။ ထို့နောက်တွင်တော့ မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို တစ်ယောက်ပြီးတစ်ယောက် အစစ်ဆေးခံပြီးမှ နန်းတော်အတွင်းသို့ ဝင်ကြရသည်။

ဒီလူများသည် မိဖုရားခေါင်ချောင်၏ ဖိတ်စာကို လက်ခံရရှိထားသည့် မျိုးရိုးမြင့်သခင်မလေးများ ဖြစ်ကြသည်။.မိဖုရားခေါင်၏မျက်လုံးထဲကို ဝင်ရောက်နိုင်သည့် မည်သူမဆို မင်းသား၏ကြင်ယာတော်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

မျက်လုံးရှင်ရှင်ဖြင့် လုံ့လဝိရီယရှိကာ နန်းတော်၏ဂိတ်တံခါးကို စောင့်ကြပ်ပေးနေသည့် ရဲမက်များကလဲ အထူးတလည် ဂရုထားကာ လုံးဝလျစ်လျူရှူခြင်း မပြုရဲကြပေ။

ဒီအချိန်မှာပင် မြင်းခွာသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ အားလုံးက တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြ၏။

...

All Chapters