မိတ်ဆွေသူငယ်ချင်း
Vol. 1 Ch. 9
နေရောင်ခြည်သည် အရှေ့ဖက်ခြမ်းမှ လင်းထိန်စွာသာလာပြီး လေပြေလေးကလဲ ညင်သာစွာတိုက်ခတ်လို့နေသည်။
အနီရောင်ဝတ်ဆင်ထားသည့် သခင်မလေးတစ်ယောက်သည် မြင်းကို ဒုန်းစိုင်းစီးပြီး ရောက်လာ၏။
ဤအနီရောင်မြင်းသည် မြင့်မားသန်မာကာ ချောမွတ်သောအမွှေးများနှင့် အားကောင်းသည့်မြင်းခွာများကို ပိုင်ဆိုင်ထားသည်။ ဒါသည် အထင်ကရ အထက်တန်းလွှာမှ ရှားရှားပါးပါး မျိုးကောင်းမျိုးသန့် မြင်းတစ်ကောင် ဖြစ်သည်။
မြို့တော်ထဲတွင် ဤကဲ့သို့သော မြင်း၃ကောင်သာ ရှိလေသည်။
၂ကောင်ကတော့ တော်ဝင်မြင်းစောင်းထဲတွင်ရှိပြီး နောက်တစ်ကောင်ကို လွန်ခဲ့သည့်၂နှစ်က ယုံးကျားဧကရာဇ် ရှင်းယန်ဝမ်ဆီသို့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ရှင်းယန်ဝမ်က သူ့အသက်ထက် ပိုပြီးချစ်ခင်ရသည့် သမီးဖြစ်သူကို ဤမြင်းအား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်၏။
နေရောင်ခြည်သည် မြင်း၏ရှည်လျားသည့် လည်ဆံမွှေးပေါ်တွင် ကျရောက်နေပြီး မြင်း၏မျက်လုံးများကလဲ တောက်ပနေကာ အနီရောင်ဝတ်ထားသည့် သခင်မလေး၏မျက်နှာပြင်သို့ ဖြာကျနေလေ၏။
သခင်မလေး၏ ချောမွေ့နေသည့်မျက်နှာပြင်ကို အလင်းရောင် အလွှာလေးတစ်ခုဖြင့် လွှမ်းခြုံထားသယောင် ထင်ရပြီး သူမ၏အသားအရေသည် အေးစက်တောက်ပနေကာ သူမ၏အသွင်အပြင်က ခန့်ညားထည်ဝါလွန်းနေသည်။
လုမင်ယွိ!
အပြာနုရောင် ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ယောက်က လှည်းပြတင်းပေါက်တစ်ခုမှ ခေါင်းပြူထွက်လာကာ လုမင်ယွိကို ပြုံးပြသည်။
"ရှောင်ယွိ ဘာဖြစ်လို့ မြင်းစီးလာတာလဲ"
လုမင်ယွိက မြင်းဇက်ကြိုးကို ဆွဲထားလိုက်ပြီး ကိုယ်ကိုလှည့်ကာ မြင်းပေါ်က ဆင်းလိုက်ပြီးနောက် ချောမွတ်မည်းနက်နေသည့် ဆံနွယ်များက လေအလွင့်တွင် မြှောက်တက်လာကာ သူမ၏ပခုံးပေါ်တွင် ကျလာခဲ့သည်။
အပြာရောင်ဝတ်စုံဝတ်ထားသည့် သခင်မလေး၏ မျိုးရိုးနာမည်မှာ ရှန်းဖြစ်ပြီး သူမ၏နာမည်မှာ လန် ဖြစ်လေသည်။ သူမ၏အဖေသည် ဘဏ္ဍာတိုက်ကို တာဝန်ယူထားရသည့် ဘဏ္ဍာဝန်ကြီးတစ်ယောက် ဖြစ်သည်။
ဘဏ္ဍာရေးဝန်ကြီးရှန်းသည် အရပ်သိပ်မမြင့်ဘဲ ရုပ်ရည်ကသာမန်ဖြစ်ကာ ဆံပင်များကလဲ သိပ်မထူလှချေ။ သို့သော်ငြား ရှန်းလန်ကတော့ လှပသည့် မျက်နှာလေးတစ်ခုနှင့် သွယ်လျလျ ခန္ဓာကိုယ်လေးတစ်ခုရှိကာ အရာရှိတစ်ယောက်သမီး၏ အိန္ဒြေရှိလှသည့် အငွေ့အသက်ကို ဆောင်ထားလေသည်။
လုမင်ယွိနှင့် ရှန်းလန်။ တစ်ယောက်က စစ်သူကြီးသမီးဖြစ်ပြီး ကျန်တစ်ယောက်က အရပ်ဖက်ဝန်ကြီးသမီး ဖြစ်သည်။ တစ်ယောက်က ချစ်ရဲမုန်းရဲပြီး ကျန်တစ်ယောက်ကတော့ နူးညံ့သိမ်မွေ့ကာ ကိုယ့်ဟာကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ သူတို့၂ယောက်သည် လုံးဝကို မတူညီသည့်သခင်မလေးများ ဖြစ်သော်ငြားလဲ ငယ်သူငယ်ချင်းများ ဖြစ်ကြ၏။
လုမင်ယွိသည် သူမ၏သူငယ်ချင်းဟောင်းလေးကို တွေ့လိုက်ရသော်အခါ နွေးထွေးသွားသလို ခံစားလိုက်ရ၏။
ရှန်းလန်သည် သူမထက် အသက်၃လကြီး၏။ သူမ၏အတိတ်ဘဝတွင်တော့ ရှန်းလန်သည် ထင်ရှားကျော်ကြားသည့် ကျင့်ရှီတစ်ယောက်နှင့် လက်ထပ်ခဲ့သည်။
လူကြီးမင်းရှန်း၏ သမက်အပေါ် ရွေးချယ်တတ်သည့် အကြည့်ကတော့ လုလင်းထက် အများကြီးပိုပြီး ကောင်းမွန်လေသည်။
ထိုအသစ်ခန့်အပ်ခံထားရသည့် ကျင့်ရှီသည် ပညာရှင်မိသားစုတစ်ခုမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ ဟန်လင်းကျောင်းတော်တွင် ၃နှစ်တာ နေခဲ့ပြီးနောက်တွင် သူသည် မြို့တော်မှ ထွက်ခွာလာပြီး အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏အရာရှိ လမ်းကြောင်းခရီးသည် ချောမွေ့ခဲ့ပြီးနှစ်အနည်းငယ် ကြာပြီးနောက်တွင် ကျင်းလင်မြို့တော်ဝန် ဖြစ်လာခဲ့သည်။
ရှန်းလန်သည် မြို့တော်မှနေ၍ သူမ၏ခင်ပွန်းဖြစ်သူနှင့် ထွက်ခွာခဲ့သည့်နေ့တွင် တတိယမင်းသားကြင်ယာတော် ဖြစ်နေပြီးသားဖြစ်သည့် လုမင်ယွိသည် သူမကို ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခဲ့၏။
ရှန်းလန်က သူမ၏လက်ကို မလွှတ်ချင်ဘဲ ကိုင်ထားရင်း တိုးညှင်းစွာ ပြောလေသည်။
"ဒီနေ့တော့ နှုတ်ဆက်ရအုံးမယ်။ ငါတို့တွေ ဘယ်အချိန်မှ ပြန်တွေ့ရအုံးမလဲ မသိဘူး"
"ရှောင်ယွိ နင်က အခုဆိုရင် တော်ဝင်မိသားစုရဲ့ ချွေးမတစ်ယောက် ဖြစ်နေပြီ။ မိသားစုထဲမှာလဲ ယောက္ခမ၂ယောက် ရှိတယ်။ နင့်ရဲ့ ပွင့်လင်းပြီး ဖြောင့်မတ်တဲ့ဒေါသကို နည်းနည်းလေးတော့ ထိန်းချုပ်ထားအုံး။ နင်တို့တွေက အခုဆိုရင် ကြင်စဦးမောင်နှံတွေပဲ။ အရှင်မင်းသား တတိယမင်းသားကလဲ နင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ သေချာပါတယ်။ ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ အပြောင်းအလဲတွေ ရှိလာမှာ စိုးရတယ်။ ဒီတော့ နင်လဲ ဒီအချိန်ကို အများကြီး တန်ဖိုးထားရမယ်နော်"
ထိုအချိန်က သူမသည် ကြင်စဦးဇနီးမောင်နှံတို့၏ ချိုမြိန်နေသည့်ချစ်ခြင်းထဲတွင် နှစ်မျောနေဆဲဖြစ်ကာ အပြုံးဖြင့် မျက်ခုံးများ ပင့်ပြလိုက်ပြီး ပြန်ဖြေခဲ့လေသည်။
"အစ်မရှန်း စိုးရိမ်နေပြန်ပါပြီ။ သူက ကျွန်မကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး"
ရှန်းလန်သည် ခပ်တိုးတိုးသက်ပြင်းချလိုက်ကာ နှုတ်ဆိတ်နေလိုက်သည်။
ထိုနောက်တွင်တော့ သူမသည် နှစ်အနည်းငယ်အတွင်းမှာပင် ယောက္ခမဖြစ်သူ၏ ဆိုးညစ်သော တိုက်ခိုက်မှုနှင့် သူမခင်ပွန်းဖြစ်သူ၏ တဖြည်းဖြည်း ဖယ်ကြဥ်လာခြင်း၏ ဒေါသနှင့် နာကျင်မှုတို့ကို ခံစားခဲ့ရသည်။
ထိုအရာအားလုံးကလဲ သူမသည် အလွန်မောက်မာထောင်လွှားခဲ့ပြီး ယုံကြည်ချက် ပြင်းထန်ခဲ့ခြင်းကြောင့်ပင်။ အကယ်၍ ဇနီးမောင်နှံ၂ယောက်သာ အပြန်အလှန် ချစ်ခင်နေကြပြီး တစ်သက်လုံး အတူတူကြီးပြင်းသွားလိမ့်မည်ဟု ထင်ခဲ့ခြင်းကြောင့်ပင်။
သို့သော်ငြား ဤလောကထဲက လူများသည် ဆိုးညစ်ကောက်ကျစ် ကြလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။
တစ်နေ့လုံး မျက်ရည်စက်လက်နှင့် အားနည်းချိနဲ့စွာ ငိုကြွေးနေတတ်သည့် ယောက္ခမဖြစ်သူသည် အမြင်ကျဥ်းကာ စိတ်ထားဆိုးညစ်ပြီး ရက်စက်လေသည်။
အပြစ်ကင်းစင်ကာ ရိုးသားဟန်တူသည့် မတ်တော်ကလဲ ညစ်မဲကာ လိမ်ကောက်သည့် စိတ်နှလုံးပိုင်ဆိုင်ထားသည်။ လီဟောက်၏ ထက်မြက်လှသည့် မျက်လုံးများကလဲ သူ့အမေနှင့် ညီတော်ရှေ့တွင်တော့ ဘာမှမမြင်တော့ ဟန်တူသည်။
ယခုအချိန် သူမ ပြန်စဥ်းစားကြည့်လိုက်တော့ ထိုအရာက လီဟောက်သည် နားမလည်ခဲ့ခြင်း မဟုတ်ပေ။
သူ့စိတ်ထဲတွင် သူ့အမေနှင့် ညီတော်ကသာ သူမထက် အများကြီးပိုပြီး အရေးကြီးနေခြင်းသာ။
...
လုမင်ယွိသည် ထိုအကြောင်းကိုထပ်ပြီး မစဥ်းစားချင်တော့ပေ။ ထို့ကြောင့် သူမက စိတ်လျော့ထားလိုက်ပြီး သူမ၏သူငယ်ချင်းကို ပြုံးပြလိုက်၏။
"လှည်းစီးရတာ ငြီးငွေ့နေပြီလေ။ မြင်းစီးရတာလောက် သက်တောင့်သက်သာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မလို့ မြင်းနဲ့လာခဲ့တာ"
သာ့ဝေတိုင်းပြည်တွင် သခင်မလေးများက မြင်းစီးပြီး အပြင်ထွက်ကြခြင်းကလဲ ထူးထူးခြားခြားတော့ မဟုတ်ချေ။
သို့သော်ငြား သည်နေ့သည် မိဖုရားခေါင်၏ ဧည်ခံပွဲဖြစ်သဖြင့် အလေးအနက်ထားဖို့ရန် လိုအပ်လေသည်။ ထို့ကြောင့် နန်းတော်ဧည်ခံပွဲသို့ လာရောက်ကြသည့် မျိုးရိုးမြင့်သခင်မလေးများသည် သေသေချာချာ ဝတ်စားဆင်ယင်လာကြပြီး လှည်းထဲတွင် အိန္ဒြေသိက္ခာအပြည့်ဖြင့် ထိုင်ပြီးလိုက်ပါလာကြသည်။
မြင်းနှင့်လာသူကတော့ လုမင်ယွိတစ်ယောက်သာ ရှိ၏။
ရှန်းလန်သည် လုမင်ယွိ၏ ဂရုမထားသည့်အကြည့်ကို မြင်လိုက်ရသောအခါ ပြုံးပြပြီး ပေါ့ပေါ့ပါးပါးပြောလိုက်၏။
"နင်လေ။ နင်ဟာ အမြဲတမ်း စိတ်ထင်သလို လုပ်နေတာပဲ။ လှည်းပေါ်မြန်မြန်တက်။ ခဏလောက် ဝင်ထိုင်လိုက်အုံး"
ရှန်းမိသားစု၏လှည်းသည် စတုတ္ထနေရာတွင်ရှိပြီး လှည်း၃စီး ပြီးသွားလျှင်တော့ နန်းတော်ထဲသို့ ဝင်ရမည့်အလှည့်ဖြစ်သည်။
လုမင်ယွိက ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်လိုက်ကာ လှည်းပေါ်သို့ တက်မည်ပြင်လိုက်၏။ ပဥ္စမလှည်းပေါ်က သခင်မလေးသည် မကျေမနပ် ဖြစ်သွားပြီး ခေါင်းထွက်လာကာ လုမင်ယွိကို ဒေါသတကြီး ကြည့်တော့သည်။
"လုမင်ယွိ တန်းစီလေ။ ငါတို့အားလုံးဒီမှာ နာရီဝက်ကျော်ကျော်လောက် စောင့်လာခဲ့ရတာ။ နင်ကတော့ ရောက်လာတာနဲ့ အစ်မရှန်းရဲ့လှည်းပေါ်ကို တိုးဝှေ့တက်သွားတော့တာပဲ! အရှက်မဲ့လွန်းလိုက်တာ"
ဤသခင်မလေးသည် အသက်၁၄နှစ် ၁၅နှစ်အရွယ်ဖြစ်ပြီး အဝါဖျော့ရောင် ဝတ်စုံလေးတစ်ခုကို ဝတ်ဆင်ထားကာ သိမ်မွေ့သည့်မျက်နှာထားတစ်ခု ပိုင်ဆိုင်ထားပြီး သူမ၏ဖျပ်လတ်လှသည့် မျက်ဝန်းထဲတွင် ထောင်လွှားသည့် အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ ဒါကတော့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ သမီး ကျင်းချန်အာ ဖြစ်သည်။
နာမည်က အနည်းငယ် ရိုးရှင်းသောငြားလဲ ကျင်းမိသားစုသည် အတိတ်က နာမည်ကြီးတစ်ခုဖြစ်၏။ မိသားစုသည် နှစ်ပေါင်း၁၀၀ကျော်အောင် လက်ဆင့်ကမ်းလာသည့် မိသားစုတစ်ခုဖြစ်ကာ နက်ရှိုင်းသည့် နောက်ခံသမိုင်းကြောင်းတစ်ခု ပိုင်ဆိုင်ထားသည်။
ကျင်းဝန်ကြီးသည် အသက်၅၀နားနီးမှ ဤသမီးတစ်ယောက်ကိုရရှိသဖြင့် အထူးတလည် ဂရုစိုက်ပြီး အလိုလိုက်ထားလေသည်။ ကျင်းချန်အာသည် အိမ်တွင်လဲ နိုင်ထက်စီးနင်းပြုမူနေသည်ကို အသားကျပြီးသားဖြစ်ကာ အပြင်ဖက်တွင် စကားပြောဆိုလျှင်လဲ သူမ၏ထောင်လွှားတတ်သည့် စိတ်သဘောထားကို မပြောင်းလဲနိုင်ချေ။
သို့သော်ငြား နိုင်ထက်စီးနင်းပြုမူသည့် စိတ်သဘောထားနှင့် ပတ်သတ်လာလျှင်တော့ လုမင်ယွိကလဲ ၂ယောက်မရှိသူဖြစ်ရာ ဘယ်သူကမှ သူမနဲ့ မငြင်းခုံနိုင်ကြပေ။
လုမင်ယွိက ကျင်းချန်အာကို လှမ်းကြည့်လိုက်သည်။ "ငါ ဒီနေ့ အရမ်းမျက်နှာပြောင်တယ်လေ။ အဲ့ဒီတော့ကော နင်က ဘာလုပ်ချင်လို့လဲ။ တကယ်လို့ နင် လက်မခံနိုင်ဘူးဆိုရင်လဲ တစ်နေ့လောက် ချိန်းပြီးတော့ ငါတို့တွေ သိုင်းလေ့ကျင့်ကွင်းထဲမှာ လက်ရည်ပြိုင်ကြမယ်လေ”
ကျင်းချန်အာ "..."
လုမင်ယွိသည် ပုံမှန်နေ့ရက်များတွင် သူမ၏အရည်အချင်း သို့မဟုတ် စွမ်းအင်ကို အပြည့်အဝပြသခဲ့ခြင်းမရှိဘဲ သူမအစွမ်း၏၃၀ရာခိုင်နှုန်းနှင့် သူမအရည်အချင်း ၏၅၀ရာခိုင်နှုန်းကိုသာ ပြသတတ်သည်။ သို့တိုင် မြို့တော်ထဲက မျိုးရိုးမြင့်သခင်မလေးများကြားတွင် ယှဥ်ပြိုင်နိုင်သူ မရှိချေ။
ကျင်းချန်အာ၏ သိမ်မွေ့နူးညံ့လှသည့် ရုပ်သွင်လေးနှင့်ဆိုရင်တော့ သူမသည် လုမင်ယွိအတွက် လက်သီး၂ချက်စာ ပြိုင်ဖက်တစ်ယောက်ပင် မဟုတ်ချေ။
ကျင်းချန်အာသည် အရင်ကလဲ အကြိမ်အနည်းငယ် ဆုံးရှုံးထားခဲ့ဖူးသဖြင့် လုမင်ယွိနှင့် ယှဥ်ပြိုင်လိုချင်စိတ်မရှိတော့ချေ။ ဒီအချိန်တွင် သူမသည် ခါးခါးသီးသီး အံ့ကိုကြိတ်ကာ ခပ်တိုးတိုးရေရွတ်လိုက်တော့သည်။
"အရိုင်းအစိုင်း!"
လုမင်ယွိကတော့ အေးအေးလူလူ ပြန်ပြုံးပြလိုက်လေသည်။
"ဟုတ်တယ်။ ငါက ဒီလိုရိုင်းစိုင်းပြီးတော့ အထိန်းအသိမ်းမရှိတဲ့ ဒီလိုဒေါသနဲ့လူလေ။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို ရန်လာစမယ်ဆိုရင် ငါက သူ့ကို လက်သီးစာကျွေးပြီး ပြန်မထနိုင်အောင် ရိုက်ပစ်ရမှာပဲ။ အာ... တချို့သူတွေကတော့ ဒေါသသာ ထွက်ရဲပြီး ဘာမှမလုပ်ရဲတဲ့သူအကြောင်း စဥ်းစားကြည့်လိုက်တော့လဲ ရယ်စရာကောင်းပါတယ်!"
ကျင်းချန်အာ "..."
ရှန်းလန်ကတော့ အသံထွက်ကာ ရယ်မောတော့သည်။
ကျင်းချန်အာသည် ဒေါသကြောင့် ရှက်ရွံ့သွားပြီး လုမင်ယွိကို မျက်စောင်းဖြင့် ကြည့်လိုက်ကာ လှည်းခန်းဆီးကို ဒေါသတကြီး ဆွဲချလိုက်လေသည်။
ဒေါသထွက်ရုံပဲ ထွက်နိုင်တာ မဟုတ်ဘူးလား။
သူတို့၏လှည်းအနီးဝန်းကျင်နားက တခြားလှည်းများထံမှလဲ ခပ်တိုးတိုး ရယ်သံလေးများ ထွက်လာခဲ့သည်။
မြို့တော်သည် ကျဥ်းလှသည် မဟုတ်သော်ငြားလဲ အထက်တန်းလွှာ သခင်မလေးများ အသိုင်းအဝိုင်းကတော့ ထိုမျှလောက် မကြီးမားလှချေ။ အဆင့်၃နှင့်အထက် အရပ်ဖက်နှင့် စစ်ဖက်အရာရှိများသည် ၃၀-၄၀ထက် ပင်မရှိချေ။ ဒီနေ့နန်းတော်ဧည်ခံပွဲသို့ လာရောက်ရန် ဖိတ်စာရရှိထားကြသည့် သခင်မလေးများကလဲ အချင်းချင်း ရင်းနှီးကြသည်တော့ မဟုတ်သော်ငြား အနည်းဆုံး အပြန်အလှန်တော့ တွေ့ခဲ့ဖူးကြသည်။
လုမင်ယွိ၏ ကျော်ကြားလှသည့်နာမည်ကို မသိဘဲ မည်သူက ရှိပါမည်နည်း။
ရှင်းယန်ဝမ်၏သမီး၊ မျိုးရိုးမြင့်သခင်မလေးများကြားတွင် နံပါတ်တစ်။ သူမသည် အလှအပတွင်လဲ နာမည်ကြီးသလို ဒေါသကြီးရာတွင်လဲ နာမည်ကြီးလေသည်။
ကျင်းချန်အာသည် စိတ်ထားပျော့ပြောင်းသည့်လူများကိုသာ အနိုင်ကျင့်ရဲခဲ့၏။ သူမသည် လုမင်ယွိနှင့် တွေ့ဆုံရချိန်တွင်တော့ သံပြားကြီးတစ်ခုကို ကန်ကျောက်နေရသလိုပင် ဖြစ်နေတော့သည်။
လုမင်ယွိက လှည်းပေါ်သို့ ရောက်လာပြီးချိန်တွင် ရှန်းလန်ကတော့ တခစ်ခစ် ရယ်မောနေဆဲ ဖြစ်၏။
"နန်းတော်တံခါးဘေးမှာတောင် နင် နည်းနည်းလေးမှ အလျော့မပေးတတ်ဘူးနော်"
လုမင်ယွိ၏မျက်လုံးများသည် မသိမသာ တဖျပ်ဖျပ်လက်သွားပြီး သူမ၏နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ချိုးသွားကာ ပြုံးပြီးဟာသလုပ်ကာ ပြန်ပြောလိုက်လေသည်။
"ဟုတ်တယ်လေ။ ငါက ဒီစိတ်နဲ့ပဲ မွေးလာခဲ့တာပဲ။ တကယ်လို့ ရန်ငြိုးရှိလာခဲ့မယ်ဆိုရင်တော့ နေရာမှာတင် လက်စားပြန်ချေရမှာပဲ။ အဲ့ဒီ့ကိစ္စကိုတော့ နောက်ပိုင်းအထိ ဘယ်တော့မှ သယ်သွားမှာ မဟုတ်ဘူး"
"အချိန်ကရှိပါသေးတယ်" ဆိုတာတွေ၊ "ဖြည်းဖြည်းချင်းကြံစည်မယ်" ဆိုတာတွေက ရှုပ်ထွေးနေတဲ့အရာကို ပြတ်ပြတ်သားသား ဖြေရှင်းလိုက်တာလောက် ဘယ်ကောင်းပါ့မလဲ။
ရှန်းလန်၏အပြုံးသည် ပိုထင်ရှားလာခဲ့ပြီး သူမက လုမင်ယွိကို လှမ်းကြည့်လိုက်ကာ အလှပြင်သေတ္တာကို ဆွဲထုတ်လာပြီး ဘီးတစ်ချောင်းကို ယူလိုက်ပြီးနောက် လုမင်ယွိ၏အနည်းငယ် ရှုပ်ပွနေသည့် ဆံပင်လေးကို ဖြီးသင်ပေးလိုက်သည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ်။ စတုတ္ထသခင်မလေးလုက တကယ် အံ့သြစရာ ကောင်းတယ်ဆိုတာ သိပါတယ်။ အခုတော့ မလှုပ်သေးနဲ့အုံး။ နင့်ဆံပင်တွေကို ပြင်ပေးအုံးမယ်။ ကျောင်းဖန်နန်းတော်ထဲမှာ မလေးစားတာမျိုး မဖြစ်စေနဲ့"
လုမင်ယွိသည် သူမ သူငယ်ချင်းလေး၏ စေတနာကောင်းကို မငြင်းပယ်တော့ဘဲ ပြုံးကာ အသာအယာ ခေါင်းငြိမ့်ပြလိုက်တော့သည်။
...