← Chapters

မိန်းမလှလေးများ စုဝေခြင်း

Vol. 1 Ch. 10

မိန်းမလှလေးများ စုဝေခြင်း

Vol. 1 Ch. 10

လက်ဖက်ရည်တစ်ခွက် သောက်စာအချိန်လောက် စောင့်ဆိုင်းပြီးနောက်တွင် ရှန်းလန်အလှည့် ရောက်လာခဲ့သည်။

ရှန်းလန်သည် အပြုံးဖြင့် လှည်းပေါ်ကဆင်းလာပြီး သူမဘေးက အစေခံမလေးကို နန်းတော်ဖိတ်စာအား နန်းတော်စောင့်ကို လှမ်းပေးခိုင်းလိုက်၏။ နန်းတော်စောင့်က ဖိတ်စာကို သေသေချာချာ စစ်ဆေးလိုက်ပြီး အပြုံးဖြင့်ပြောလိုက်၏။

"တတိယသခင်မလေးရှန်း ကျေးဇူးပြုပြီး နန်းတော်ထဲကို ဖိတ်ခေါ်ပါတယ်"

ရှန်းလန်သည် နန်းတော်ထဲသို့ဝင်ရန် အလျင်မလိုဘဲ ကိုယ်ကိုလှည့်ကာ လုမင်ယွိကို ပြုံးပြလိုက်သည်။

"အတူတူဝင်ရအောင်"

လုမင်ယွိသည် နန်းတော်ထဲသို့ နည်းနည်းလေးမှ စိတ်မဝင်စားပေ။ ထို့ကြောင့် သူမက ပေါ့ပေါ့ပါးပါးဖြင့်သာ အင်း ဟု ပြောလိုက်သည်။ သူမဘေးက ချီယွင်က ဖိတ်စာကဒ်ကို ထုတ်လာခဲ့သည်။

နန်းတော်စောင့်ရဲမက်က ဖိတ်စာကိုကြည့်လိုက်ပြီး ခါးကို အနည်းငယ် ပိုပြီးကုန်းလိုက်ကာ သူ့အပြုံးသည်လဲ ပိုပြီးဂရုတစိုက်ရှိလာလေသည်။

"စတုတ္ထသခင်မလေးလု ဖြစ်နေတာကိုး။ ကျေးဇူးပြုပြီးတော့ နန်းတော်ထဲကို ကြွပါ"

ရှန်းလန်၏အဖေသည် ဒုတိယအဆင့် အထက်တန်း အရာရှိတစ်ယောက် ဖြစ်သည်။

သို့သော်ငြားလဲ သာ့ဝေတိုင်းပြည်ကို ယခုမှတည်ထောင်ကာစသာ ရှိသေးကာ စစ်သူကြီးများ၏ အဆင့်အတန်းသည် အရပ်ဖက်အရာရှိများထက် အများကြီး ပိုပြီးမြင့်လေသည်။ စစ်တပ်အင်အား အများကြီး ကိုင်ဆောင်ထားပြီး စစ်ပွဲတွင်လဲ အောင်မြင်မှု အကြီးကြီးရရှိထားခဲ့သည့် ရှင်းယန်ဝမ်သည်လဲ စစ်သူကြီးများအကြားတွင် အမြင့်ဆုံးအဆင့်၌ ရှိသည်။

နန်းတော်အတွင်းတွင် နန်းတွင်းအစေခံသည် အမြဲတမ်း အဆင့်အတန်းမြင့်သူ တစ်ယောက်ကို ပိုပြီးဦးစားပေးကာ အဆင့်အတန်းနိမ့်သူကိုတော့ နင်းခြေတတ်သည့် သဘောထားရှိသည်တွင် လုမင်ယွိအပေါ် သူ့သဘောထားကလဲ ရှန်းလန် အပေါ်သဘောထားထပ် အများကြီးပိုပြီး ဂရုတစိုက် နွေးထွေးလေသည်။

ရှန်းလန်ကတော့ သဘောထားကြီးမားပြီး ဒီအတိုင်းရယ်မောကာသာ ကျော်လွှားပေးလိုက်ကာ လုမင်ယွိ၏လက်ကို လှမ်းတွဲလိုက်ပြီး နန်းတော်အတွင်းသို့ အတူတူလျှောက်ကာဝင်သွား​တော့သည်။

ထို့နောက်တွင်တော့ ကျင်းချန်အာ၏အလှည့် ရောက်လာသည်။ ထိုနန်းတွင်းအစောင့်၏ ကိုင်းထားသည့်ခါးသည် အနည်းငယ် ပြန်မတ်လာပြီး နည်းနည်းလေးတော့ လေးစားသမှု ပြနေသေး၏။ သို့သော်ငြား ကွာခြားချက်ကတော့ ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။

မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ခွေးတွေ!

မောက်မာထောင်လွှားလှသည့် ကျင်းချန်အာသည် ဒေါသကြောင့် နီရဲနေသည့် မျက်နှာလေးနှင့် ထိုနန်းတွင်းအစောင့်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ဖြူဖွေပြီး ချောမောသည့် ကုန်းကုန်း၏အမူအယာကတော့ မပြောင်းလဲဘဲ ကျန်ရှိနေပြီး စိတ်ထဲတွင်တော့ လှောင်ပြောင်နေလိုက်၏။

ကုန်သွယ်ရေး ဝန်ကြီးတစ်ယောက်ရဲ့သမီးက ရှင်းယန်ဝမ်ရဲ့သမီးနဲ့များ ပြိုင်ဆိုင်ရဲသေးတယ်! သူရဲ့မိသားစုနောက်ခံ မပြောနဲ့ ရုပ်ရည်သွင်ပြင်နဲ့ အရှိန်အဝါနဲ့ ယှဥ်ကြည့်မယ်ဆိုရင်တောင် စတုတ္ထသခင်မလေးလုနဲ့ ယှဥ်ရင် တစ်ချက်ကလေးတောင်မှ သာလွန်နိုင်မှာ မဟုတ်ဘူး!

စိတ်ထဲမှာ မကျေနပ်ဘူးဆိုရင်လဲ အရည်အချင်းရှိရင် စတုတ္ထသခင်မလေးလုကို သွားတိုက်ခိုက်ပြီးတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြသလိုက်ပေါ့။ ဘာမျိုးဆက်သစ်မှမရှိတဲ့ ဒီအစေခံလေးအပေါ်ကို ဒေါသလာထွက်ပြနေတော့ ဘာအရည်အချင်း ပြသနိုင်မှာမလို့လဲ!

...

တုံးဟွာတံခါးသည် ရှည်လျားသည့် ဝင်​ပေါက်တစ် ခုဖြစ်၏။

မြင်နိုင်သည့်အရာမှာ မြင့်မားသည့်မြို့ရိုးများ၊ အနီရောင်တံစက်မြိတ်များ၊ ဘာမှမပြောဘဲ ငုံ့ကာ လမ်း်ပေးနေကြသည့် ကုန်းကုန်းများနှင့် နန်းတွင်အပျိုတော်လေးများသာ ရှိလေသည်။ ထည်ဝါခန့်ညားပြီး စီးပိုးလွန်းလှသည့် လေထုအငွေ့ အသက်က လူတို့၏နှလုံးသားကို ရုတ်တရက်ဆိုသလို တုန်လှုပ်သွားစေ၏။

လုမင်ယွိသည် တစ်ချက်လောက် အဝေးကို လှမ်းကြည့်လိုက်ပြီး သူမရှေ့က မြင်ကွင်းသည် အလွန်ရင်းနှီးနေပြီး စက်ဆုတ်ရွံ့ရှာဖွယ် ကောင်းလောက်အောင် ရင်းနှီးလို့နေသည်။

ရှန်းလန်ကတော့ ပထမဦးဆုံးအကြိမ် နန်းတော်ထဲသို့ ဝင်လာခြင်းဖြစ်သည်။ ဒီအချိန်တွင် သူမသည် အနည်းငယ် စိုးရိမ်နေပြီး သူမ၏နှုတ်ခမ်းထောင့်လေးကိုလဲ မသိမသာ ဖိကာ အားတင်းထား၏။

သူမသည် အမှတ်တမဲ့ ခေါင်းကိုလှည့်ကာ လုမင်ယွိကို လှမ်းကြည့်လိုက်မိသည်။

သိို့သော်ငြား လုမင်ယွိကတော့ လုံးဝမပြုံးဘဲ သူမ၏အမူအယာကလဲ ဖာသိဖာသာ ဖြစ်နေကာ အေးစက်လုမတတ်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏မျက်လုံးထဲတွင်လဲ လေးစားမှုများရှိရမည့်အစား လှောင်ပြောင်သရော်နေသည့် အရိပ်အယောင်တစ်ခု ရှိနေလေသည်။

လုမင်ယွိ ဘာဖြစ်တာလဲ။

ပထမဦးဆုံးအကြိမ် နန်းတော်ထဲသို့ ဝင်လာခဲ့ပြီး နန်းတော်ထဲက မိဖုရားခေါင်နှင့် မိဖုရားများအားလုံးကို တွေ့ဆုံရမည်ဖြစ်ကာ ဤကဲ့သို့အမူအယာသည် လုံးဝမသင့်တော်လှပေ။

ရှန်းလန်သည် အထိတ်တလန့် ဖြစ်သွားပြီး သူမ၏လက်ကို အသာအယာ လှမ်းလိုက်ပြီးနောက် လုမင်ယွိ၏အင်္ကျီကိုလှမ်းဆွဲလိုက်သည်။

လုမင်ယွိသည် ခဏလောက် ရပ်တန့်သွားပြီး ခေါင်းကို လှည့်ကာ သူမ၏ပုံမှန်ရုပ်သွင်လေး ပြန်ရောက်လာခဲ့ပြီး ရှန်းလန်ကို ပြုံးပြလိုက်၏။

ရှန်းလန်သည် သူမက အခုလေးတင် အထင်လွဲသွားသည်ဟုပင် ထင်လိုက်မိပြီး မနေနိုင်တော့ဘဲ မျက်တောင်ခတ်ပြီး ကြည့်လိုက်မိသည်။

လုမင်ယွိသည် ဤသေးငယ်လှသည့် အမူအယာလေးကြောင့် သဘောကျသွားကာ သူမ၏နှုတ်ခမ်းကို ကွေးထားလိူက်ပြီး ပြုံးပြလိုက်သည်။

သူမက ရှန်းလန်၏လက်ကို လှမ်းတွဲလိုက်ပြီးနောက် ပြုံးကာ တိုးတိုးလေး ပြောလိုက်သည်။

"အစ်မလန် ငါ့အတွက် စိတ်မပူပါနဲ့။ ဘာက ငါ့အတွက် အရေးကြီးတယ်ဆိုတာ သိပါတယ်။ အလွယ်တကူ ပြဿနာမရှာပါဘူး"

ရှန်းလန်သည် တစ်ဖန်စိုးရိမ်သွားပြီး လေသံတိုးတိုးလေးဖြင့် ပြောလိုက်၏။

"ရှူး။ စကားမပြောနဲ့တော့"

လုမင်ယွိက ပေါ့ပေါ့ပါးပါးပြုံးလိုက်ကာ စကားထပ်မပြောတော့ပေ။

သူတို့သည် ဘာမှမပြောဘဲ ခဏလောက်လျှောက်လာပြီး အချိုးအကွေ့၂ခုကို ဖြတ်လျှောက်လာပြီးနောက်တွင် နောက်ဆုံးတော့ ကျောင်းဖန်ခန်းမဆီသို့ ရောက်ရှိလာခဲ့သည်။

ကျောင်းဖန်ခန်းမသည် နန်းတော်၏ မိဖုရားနေထိုင်ရာ စံမြန်းရာအိမ်တော် ဖြစ်၏။ လုမင်ယွိသည် ကျောင်းဖန်နန်းတော်ထဲတွင် ၃နှစ်တာ နေထိုင်ခဲ့သည်။ လီဟောက် ကွယ်လွန်သွား​ပြီး ဘုရင်အသစ် နန်းတက်လာသည့်အထိပင်။ ထို့နောက်တွင်တော့ သူမသည် သားဖြစ်သူနှင့်အတူ ချန်ချွန်းနန်းတော်သို့ ပြောင်းရွေ့ခဲ့ရသည်။

ကျောင်းဖန်နန်းတော်သည် အနောက်နန်းဆောင် အလယ်တည့်တည့်တွင် တည်ရှိပြီး ထည်ဝါခမ်းနားလှသည့် အပြင်အဆင်နှင့် လှပသည့်အတွင်းပိုင်း အပြင်အဆင်များ ရှိလေသည်။

မြို့တော်က မျိုးရိုးမြင့်မိန်းကလေးများအားလုံးကို ကျောင်းဖန်နန်းတော်၏ ဘေးအခန်းဖက်သို့ ခေါ်သွားပြီး ချောင်မိဖုရားခေါင်က ဆင့်ခေါ်အလာကို စောင့်ဆိုင်းနေရသည်။

နန်းတော်၏ စည်းမျဥ်းစည်းကမ်းများအရ နန်းတော်ထဲသို့ ဝင်လာချိန်တွင် အနီးကပ်အစေခံမလေးတစ်ယောက်ကိုသာ ခေါ်လာခွင့်ရှိသည်။ နန်းတော်၏ပင်မခန်းမသို့ ဝင်လာခဲ့ပြီးနောက်တွင် ထိုအစေခံမလေးများက မိမိတို့သခင်မလေးများကို အဖော်မပြုပေးနိုင်တော့ပေ။

အရန်ခန်းထဲတွင် ထိုင်ခုံ၂တန်းရှိပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုင်ခုံ၁၀ခုကျော်လောက် ရှိသည်။ ဒီနေ့တွင် နန်းတော်ပွဲတော်သို့ ​ဝင်ရောက်လာသူမှာ မျိုးရိုးမြင့်သခင်မလေး အယောက်၂၀ကျော်ရှိသည်။ ထို့အပြင် သူတို့သည် ထိုင်စရာထိုင်ခုံများ လုံလုံလောက်လောက် ရှိခဲ့လျှင်ပင် ပထမဦးဆုံးအကြိမ် နန်းတော်ထဲသို့ဝင်လာကြသည့် မိန်းကလေးများသည် ထိုနေရာတွင်ထိုင်ပြီး စိတ်လိုလက်ရ စကားပြောရဲကြလိမ့်မည် မဟုတ်ချေ။

ထောင့်နားတွင် ရပ်နေသည့် အသက်၃၀ဝန်းကျင် အမျိုးသမီးအရာရှိတစ်ယောက် ရှိနေသည် မဟုတ်ပါလား။

ဒါသည် မိဖုရားခေါင်ကြီးက သူမအနားကလူကို လွှတ်ကာ အားလုံးကို စောင့်ကြည့်ခိုင်းထားတာပဲ ဖြစ်ရမည်။

အကယ်၍ ဒီအချိန်တွင် တစ်စုံတစ်ယောက်က ကြောက်ရွံ့လွန်းနေခြင်း သို့မဟုတ် ဆူဆူညံညံလုပ်ကာ မိမိကိုယ်ကို မိုက်မဲသည့်အပြုအမူများ ပြုလုပ်နေခဲ့လျှင် သူတို့သည် မင်းသား၏ကြင်ယာတော်အတွင် လျာထားသည့်စာရင်းမှနေ၍ ပထမဦးဆုံး ဖယ်ရှားခံရပေလိမ့်မည်။

ရလဒ်အနေဖြင့် မိန်းကလေးများအားလုံးသည် မျက်နှာပေါ်တွင်အပြုံးဖြင့် အိန္ဒြေရရ ရပ်နေကြလေသည်။

လုမင်ယွိကလဲ ပုံမှန်ထက် ထူးထူးခြားခြား ဘာမှမလုပ်ခဲ့ချေ။

သူမသည် ကြင်ယာတော်တစ်ယောက် ဖြစ်လာဖို့ရန် စိတ်ကူးမရှိချေ။ သို့သော်ငြား သူမသည် ရှင်းယန်အိမ်တော်အတွက် မျက်နှာတော့ အပျက်ခံလို့ မဖြစ်ပေ။

...

နောက်ထပ်နာရီဝက်လောက် ဤကဲ့သို့ စောင့်ဆိုင်းလိုက်ရသည်။

မိန်းကလေးများသည် ခြေထောက်နှင့် ခြေသလုံးများနာကျင်ကာ ရပ်နေခဲ့ရ၏။ ကံအားလျော်စွာ လူတိုင်းက ရှည်လျားသည့်စကပ်များ ဝတ်ဆင်ထားကြသဖြင့် သူတို့၏ခြေထောက်များကို အသာအယာ လှုပ်ရှားနိုင်ကြသည်။

ထောင့်နားတွင်ရှိနေသည့် အသက်၃၀ဝန်းကျင် အမျိုးသမီးအရာရှိသည် သူမ၏မျက်လုံးထဲက ကျေနပ်သွားသည့် အရိပ်အယောင်တစ်ခုနှင့် တိတ်တိတ်ကလေး ထွက်သွားခဲ့၏။

ခဏအကြာတွင်တော့ ချောင်မိဖုရားခေါင်သည် လူလွှတ်ကာ မိန်းကလေးများ အားလုံးကို ပင်မနန်းဆောင်ထဲသို့ ဝင်လာဖို့ရန် ဆင့်ခေါ်ခိုင်းလိုက်သည်။

မိဖုရားခေါင်နှင့် တွေ့ဆုံဖို့ရန်အတွက်လဲ အစီအစဥ်တကျ ရှိရသေးသည်။

မိန်းကလေးများအားလုံးသည် အမျိုးသမီးအရာရှိကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြ၏။ ထိုအမျိုးသမီးအရာရှိသည် ခရမ်းဖျော့ရောင် နန်းတွင်းဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး သေးသွယ်သည့် ကိုယ်လုံးကိုယ်ထည် ချောမွေ့သည့် အသားအရည်နှင့် သူမ၏မျက်လုံးအောက်တွင်လဲ မှဲ့နက်ကြီးတစ်ခု ရှိလေသည်။

ဒါသည် ချောင်မိဖုရားခေါင်ဘေးက နန်းတွင်းအပျိုတော်လေး ချိုင်လန် ဖြစ်၏။

ချိုင်လန်က ပြုံးပြီး ဦးညွှတ်လိုက်သည်။

"မယ်တော်ကြီးရဲ့ မိဖုရားခေါင်ရဲ့တူမတော် သခင်မလေးရွှန်းချောင် ဝင်လို့ရပါပြီ"

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် တတိယသခင်မလေးချောင်သည် အပြုံးဖြင့် ပြန်ဖြေလိုက်၏။ တတိယသခင်မလေးချောင်၏ ငယ်နာမည်မှာ ဝမ်ဖြစ်သည်။ သူမသည် နာမည်အတိုင်း သိမ်မွေ့လှပစွာ မွေးဖွားလာသူဖြစ်၏။

ချောင်ဝမ်သည် မိန်းကလေးများ၏ မနာလိုအားကျသည့် အကြည့်အောက်တွင် အိန္ဒြေအပြည့်ဖြင့် လျှောက်ကာထွက်သွားလေသည်။

ကျင်းချင်အာတစ်ယောက်ကတော့ မအောင့်နိုင်တော့ဘဲ သူမဘေးက မိန်းကလေးကို တီးတိုးပြောလိုက်၏။

"ဒီနေ့ ချောင်ဝမ်က အရင်ဆုံး ဦးဆောင်ပြီး ထွက်လာလိမ့်မယ်လို့ ထင်မထားမိဘူး"

ပန်းနုရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးသည် ပန်းရောင်မျက်နှာလေးနှင့် မက်မွန်ရောင် ပါးပြင်လေးတစ်ခု ဖြစ်နေသည်။ သူမသည် တော်တော်လေး နှစ်လိုဖွယ်ကောင်းလှ၏။ သူမသည် ကွမ်းပင်းဟို၏ သမီးငယ်လေးဖြစ်ကာ သူမ၏မျိုးရိုးနာမည်မှာ မုန့်ဖြစ်ပြီး သူ့မ၏အမည်မှာ ယွမ်လော်ဖြစ်သည်။ သူမသည် နန်းတော်အတွင်းက မုန့်ကွေ့ဖေး၏ တူမတော် ဖြစ်သည်။

မိသားစုနောက်ခံအရဆိုရလျှင် ကွမ်းပင်းဟိုအိမ်တော်သည် သာ့ဝေမင်းဆက်၏ နာမည်ကြီးမိသားစုများထဲတွင် ပထမအဆင့်အိမ်တော် ဖြစ်သည်။ မုန့်ကွေ့ဖေးသည် နန်းတော်ထဲတွင် တော်တော်လေး အချစ်ခံရသူ တစ်ယောက်ဖြစ်ကာ အကြီးဆုံးမင်းသားကိုလဲ ယုံးကျားဧကရာဇ်က အများကြီးပိုပြီး နှစ်သက်သဘောကျလေသည်။

သို့သော်ငြား မုန့်ကွေ့ဖေးသည် မည်မျှပင် အချစ်ခံရသည်ဖြစ်စေ သူမသည် ချောင်မိဖုရားခေါင်ကိုတော့ ဦးညွှတ်ရဆဲပင်။ ထို့ကြောင့် မုန့်ယွင်လော်သည် နန်းတော်ထဲ ရောက်လာသောအခါ သူမသည် ချောင်ဝမ်လောက် အရေးမပါတော့သည်ကလဲ သဘာဝပင်။

မုန့်ယွင်လော်သည် ချောင်ဝမ်၏ပုံရိပ်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် မနာလိုဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပေးသွားကာ ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

"လူကြီးမင်းချောင်ကဲက နန်းတော်ထဲမှာ လက်ထောက်ဝန်ကြီး တစ်ယောက်ပဲလေ။ ချောင်ဝမ်က မိဖုရားခေါင်ရဲ့တူမတော် ဒီတော့ သူကအများကြီးပိုပြီး အရေးကြီးတာပေါ့"

ခဏအကြာတွင် ချိုင်လန်သည် ထပ်ထွက်လာပြီး ထပ်ခေါ်လိုက်သည်။

ဒီတစ်ကြိမ်တွေ့ဆုံရန် ဆင့်ခေါ်ခံရသူမှာ ဖူယန်ဟို၏ ကျောက်မိသားစုမှ ပဥ္စမသခင်မလေး ကျောက်ယွိဖြစ်သည်။ ကျောက်မိသားစုသည် မယ်တော်ကြီးကျောက်၏ အမေဘက်က မိသားစုဖြစ်ကာ ကျောက်ယွိသည် မယ်တော်ကြီးကျောက်၏ တူမတော် ဖြစ်လေသည်။ သူမသည် မကြာခဏဆိုသလို မယ်တော်ကြီးကျောက်အား အဖော်ပြုပေးရန် နန်းတော်ထဲသို့ ဆင့်ခေါ်ခံရတတ်၏။

အရပ်သိပ်မမြင့်လှသည့် ကျောက်ယွိသည် ပန်းရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားကာ တော်တော်လေး နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းလေသည်။ သူမသည် ပြုံးလိုက်ချိန်တွင် သူမ၏ပါးပြင်ပေါ်တွင် ပါးချိုင့်လေး၂ခုက ပေါ်လာတတ်၏။

ကျင်းချန်အာမှာ စူပုတ်သွားလေသည်။

မုန့်ယွင်လော်သည် သူမ၏နှုတ်ခမ်းကို အသာအယာ တင်းနေအောင် စေ့ထားလိုက်ပြီး ပိုပိုပြီး ဒေါသထွက်လာတော့၏။

သူတို့အားလုံးသည် မြို့တော်ထဲက နာမည်ကြီးမျိူးရိုးမြင့် မင်းမျိုးမင်းနွယ်မှ သခင်မလေးများ ဖြစ်ကြသည်။ ပုံမှန်ဆိုလျှင် မည်သူ အသားစီးမရချင်ဘဲ ရှိပါမည်နည်း။ မည်သူကနောက်တွင် ချန်ရစ်ခံခဲ့ချင်ပါမည်နည်း။

ဤမွန်းကြပ်လှသည့် စိတ်ခံစားချက်သည် မြိုသိပ်ဖို့ရန် ခက်ခဲလှပေသည်။

နောက်ဆုံးတော့ သူမအလှည့် ရောက်လာခဲ့သည်။

ချိုင်လန် ထွက်ပေါ်လာချိန်တွင် မုန့်ယွင်လော်သည် သူမ၏ခါးကို အမှတ်တမဲ့ မတ်ထားလိုက်ကာ မျက်နှာပေါ်တွင်လဲ တည်ငြိမ်ပြီး ကျက်သရေရှိလှသည့် အပြုံးတစ်ခုကို ဆောင်ထားလိုက်၏။ သူမကခြေထောက်ကို အသာအယာမြှောက်ပြီး ရှေ့သို့တစ်လှမ်းလှမ်းတော့မည် ပြင်လိုက်စဥ်တွင်...

ထိုအချိန်မှာပင် ချိုင်လန်၏အသံကို ကြည်ကြည်လင်လင် ကြားလိုက်ရလေသည်။

"စတုတ္ထသခင်မလေးလု ကျေးဇူးပြုပြီးတော့ ခန်းမထဲကိုဝင်ပါ"

မုန့်ယွင်လော် "..."

မုန့်ယွင်လော်၏အပြုံးသည် သူမ၏နှုတ်ခမ်းထောင့်တွင် အေးခဲသွားပြီး သူမ၏ရှေ့သို့ဆန့်ထားသည့်​ခြေထောက်ကို တိတ်တဆိတ် ပြန်ရုတ်သိမ်းလိုက်ရလေတော့သည်။

...

All Chapters