မိတ်ဆွေဟောင်း
Vol. 1 Ch. 11
မုန့်ယွင်လော်၏ လှုပ်ရှားမှုများသည် မသိသာသော်ငြားလည်း သူမသည် မျက်စိရှင်ပြီး စိတ်နှလုံးသားရှင်းလင်းသည့် အမျိုးသမီးများထံမှ ဖုံးကွယ်ထားခြင်း မရှိနိုင်ချေ။
အသံတိုးတိုး ရယ်မောသံတချို့သည် မုန့်ယွင်လော်၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။
မုန့်ယွင်လော်သည် လူရှေ့တွင်အရှက်ကွဲသွားပြီး သူမ၏ဖြူဖွေးပြီး ချစ်စဖွယ်ကောင်းသည့် မျက်နှာပေါ်တွင် ရှက်ရိပ်စွန်းထင်လာခဲ့သည်။
သူငယ်ချင်းဖြစ်သူ ကျင်းချန်အာကလည်း မုန့်ယွင်လော်ကို နှစ်သိမ့်ပေးဖို့ရန် နည်းနည်းလေးမှ စိတ်ကူးမရှိချေ။ ထိုအစား သူမက အင်္ကျီလက်ဖြင့် သူမ၏မျက်နှာကို ကွယ်လိုက်ကာ ရယ်မောလိုက်ပြီး သူမ၏မျက်လုံးထဲတွင်လည်း တစ်ဖက်သူ၏ဒုက္ခအပေါ် ဝမ်းသာမှုများအပြည့် ဖြစ်နေလေသည်။
ဒါသည် မြို့တော်ထဲက အထက်တန်းလွှာအမျိုးသမီးများကြားက "သူငယ်ချင်း သံယောဇဥ်"ပင်။
သူငယ်ချင်းဟောင်းလေးနှင့် ပြန်လည်တွေ့ဆုံခဲ့ရသည့် လုမင်ယွိ၏ပျော်ရွှင်မှုလည်း အနည်းငယ် လျော့ပါးသွားခဲ့ပြီး သူမ၏နှုတ်ခမ်းထောင့်သည် မသိမသာ မြင့်တက်သွားလေသည်။ သူမက ချိုင်လန်နှင့်အတူ ခန်းမထဲသို့ လျှောက်ကာ ဝင်သွားလိုက်၏။
တံခါးဘောင်မှ ကျော်ဖြတ်လာပြီးနောက်တွင် လုမင်ယွိသည် ဘေးတစ်ဖက်တစ်ချက်မှလမ်းကိုပင် မကြည့်ဘဲ ရှေ့တည့်တည့် တည်တည်ငြိမ်ငြိမ် လျှောက်သွားလိုက်ကာ အရိုအသေပေးလိုက်သည်။
"မိဖုရားခေါင်ကြီးကို အရိုအသေပေးပါတယ်"
ဇာမဏီသလွန်ပေါ်တွင်ထိုင်နေသည့် ချောင်မိဖုရားခေါင်သည် ပြုံးကာ ပြောလာသည်။
"မလိုပါဘူး ထပါ"
"မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ပါတယ်"
လုမင်ယွိက သပ်သပ်ရပ်ရပ် ထလိုက်ပြီး သူမထလာချိန်တွင် သူမ၏မျက်လုံးများက ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ကာ ခန်းမထဲက လူတိုင်း၏ မြင်ကွင်းကျယ်ကို တွေ့လိုက်ရသည်။
ချောင်မိဖုရားခေါင်သည် ရာထူးမြင့်မိသားစုတစ်ခုမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူမသည် ငယ်ငယ်လေးကတည်းက တော်တော်လေး အရည်အချင်းရှိသူဖြစ်၏။ ယခုအချိန်တွင် အသက်၃၀ဝန်းကျင် ရှိပြီးဖြစ်သော်ငြားလည်း သိမ်မွေ့နူးညံ့သည့်အပြုံးတစ်ခုကို ပိုင်ဆိုင်ထားကာ ကျက်သရေဖြင့် တင့်တယ်ပြီး လှပနေသေးသည်။
ဤအချိန်တွင် ချောင်မိဖုရားခေါင်၏မျက်လုံးများထဲ၌ အကဲခတ်မှုများ အပြည့် ဖြစ်နေလေသည်။
မင်းသားတော်များသည် မင်းသမီးများနှင့် ကိုယ်လုပ်တော်များကို ရွေးချယ်ပေးရန် အသက်အရွယ် ရောက်ရှိလာခဲ့သည်။ ဒီနေ့ နန်းတွင်းပွဲတော်၏ ရည်ရွယ်ချက်သည်လည်း အားလုံးက သေသေချာချာလေး သိကြသည်။
ချောင်မိဖုရားခေါင်က သေသေချာချာလေး အကဲခတ် ကြည့်ရှုနေသည်ကလည်း သဘာဝပင်။
ချောင်မိဖုရားခေါင်၏ အောက်ဖက်တွင် ထိုင်နေသူကလည်း မုန့်ကွေ့ဖေးဖြစ်၏။ မုန့်ကွေ့ဖေးနှင့် ချောင်မိဖုရားခေါင်တို့သည် သက်တူရွယ်တူများ ဖြစ်ကြပြီး သူတို့၂ယောက်စလုံးသည် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားကြကာ လှပပြီးနှစ်လိုဖွယ်မျက်နှာများ ပိုင်ဆိုင်ထားပြီး မျက်ခုံးနှင့် မျက်လုံးများကြားတွင် ရင့်ကျက်သည့် အမျိုးသမီးတစ်ယောက်၏ အသွင်များရှိနေသည်။
မုန့်ကွေ့ဖေးတွင် သားတော်တစ်ယောက်နှင့် သမီးတော်တစ်ယောက် ရှိသည်။ အကြီးဆုံးမင်းသားကတော့ မနှစ်က အိမ်ထောင်ပြုပြီးသွားပြီဖြစ်ကာ နန်းတော်အပြင်ဖက်တွင် အိမ်တော်တစ်ခု တည်ထောင်ထားပြီးသား ဖြစ်သည်။ ကျင့်အန်းကုန်းကျူကတော့ ဒီတစ်နှစ်တွင် အသက်၁၅နှစ်သာ ရှိသေးပြီး အလွန်ငယ်ရွယ်သေးလေသည်။
ကျင့်အန်းကုန်းကျူသည် မုန့်ကွေ့ဖေးဘေးတွင် ထိုင်နေ၏။
မိဖုရားခေါင်မှ မွေးဖွားလာသည့် ဟွေ့အန်းကုန်းကျူကတော့ အသက်၂၀အရွယ် ရောက်ပြီဖြစ်ကာ ကြင်ယာတော်တစ်ယောက်ကို ရွေးချယ်ထားပြီးသား ဖြစ်သည်။
ဒီနေ့ နန်းတွင်းပွဲတော်ကိုလည်း ဟွေ့အန်းကုန်းကျူက မပါလို့ မဖြစ်ချေ။ ချောင်မိဖုရားခေါင်၏ တခြားဖက်တွင် ထိုင်နေပြီး သူမသည် ထောင်လွှားဝံ့ကြွားသည့်ပုံစံရှိကာ သူမ၏မျက်လုံးများကလည်း အေးစက်မှုနှင့် ဝေဖန်အကဲခတ်မှုများ အပြည့်ဖြစ်နေပြီး သူမသည် သူမ၏အနာဂတ် ယောင်းမလောင်းကို ရွေးချယ်နေသလိုပင်။
မုန့်ကွေ့ဖေး၏ တဖက်ဘေးတွင်တော့ ချင်ဖေး ရှိသည်။
ရုပ်ရည်အသွင်အပြင်နှင့် ပတ်သတ်လာလျှင် ချင်ဖေးသည် မုန့်ကွေ့ဖေးထက် အများကြီး နိမ့်ပါးလေသည်။ သို့သော်ငြား သူမသည် အင်မတန် ဖြူဖွေးသည့်အသားအရည်နှင့် နှစ်လိုဖွယ်အပြုံးနှင့် အကျင့်စရိုက်တစ်ခု ပိုင်ဆိုင်ထားသည့် လှပသည့်အမျိုးသမီးတစ်ယောက် ဖြစ်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည် နူးညံ့ပျော့ပျောင်းပြီး ဖော်ရွေသည်ဟု ခံစားရလေသည်။
ချင်ဖေး၏ထိုင်နေသူမှာ တတိယမင်းသားနှင့် ပဥ္စမမင်းသားတို့၏ မိခင်အရင်း သူမ၏ယခင်ဘဝက ယောက္ခမ စူးကျောင်းရုံဖြစ်သည်။
စူးကျောင်းရုံသည် ယခင်က ယုံးကျားဧကရာဇ်၏ နှစ်သက်မြတ်နိုးရသည့် ကချေသည် တစ်ယောက်အဖြစ်မှ တက်လာခဲ့ခြင်းဖြစ်သည်။ ဟုတ်ပါသည်။ သူမသည် အင်မတန်လှပစွာ မွေးဖွားလာခဲ့ပြီး လခြမ်းပုံသဏ္ဍာန်မျက်ခုံး၊ နက်မှောင်နေသည့်မျက်လုံး ကြွေရုပ်လေးလိုနှာခေါင်း ချယ်ရီရောင် နှုတ်ခမ်းလေးများ ပိုင်ဆိုင်ထားသည်။ မုန့်ကွေ့ဖေးထက်ပင် အများကြီး ပိုပြီးလှပလေသည်။
သို့သော်ငြား မုန့်ကွေ့ဖေးသည် စစ်သူကြီးမိသားစုတစ်ခုမှ မွေးဖွားလာခဲ့သူဖြစ်ပြီး သူမသည် လှပကာ သူရဲကောင်းဆန်၏။ တစ်ဖက်တွင်တော့ စူးကျောင်းရုံသည် သစ်ပင်များကို မှီခိုကာ နွယ်တက်နေသည့် နွယ်ပင်တစ်ခုနှင့်တူပြီး လှပသော်ငြား အားအင်ချိနဲသဖြင့် လူအများကို ဂရုဏာသက်ရစေလေသည်။
အခက်အခဲ တွေ့လာသည့်အချိန်တိုင်း ငိုယိုနေတတ်ပြီး အားအင်ချိနဲကာ ကူကယ်ရာမဲ့နေသယောင် ထင်ရသည့် ဤအမျိုးသမီးကပင် နှစ်ပေါင်းများများ ငြိမ်ငြိမ်သက်သက်လေး သည်းခံလာခဲ့ပြီး နောက်ဆုံးမှ ဝေ့ဧကရာဇ်မင်းကြီး၏ မယ်တော်ကြီး ဖြစ်လာခဲ့၏။
သူမသည် အုပ်ချုပ်ရေးပိုင်းကို နားမလည်သလို အာဏာနှင့် နည်းပရိယာယ်များကို အသုံးချရာတွင်လည်း ပါးနပ်မှု မရှိချေ။ သူမသည် စစ်ရေးကိစ္စများအကြောင်းလည်း ဘာတစ်ခုမှမသိချေ။
အမြင်ကျဥ်းမြောင်း သဘောထားသေးသိမ် အတ္တကြီးပြီး ရက်စက်လေသည်။
သူမ၏ကိုယ်ပိုင်အတ္တ လိုအင်ဆန္ဒအတွက် သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့ကို အချင်းချင်း ကျောခိုင်းအောင် လှုံဆော်ပေးခဲ့ပြီး တိုင်းပြည်ကိုပင် ဂရုမစိုက်ခဲ့ချေ။
ဤကဲ့သို့သောလူမျိုးသည် မယ်တော်ကြီးတစ်ယောက် ဖြစ်ဖို့ရန် လုံးဝမထိုက်တန် ယောက္ခမတစ်ယောက်ဆိုလျှင်တော့ ပိုဆိုးသေးသည်။
လုမင်ယွိသည် သူမ၏ရင်ထဲတွင် လူသတ်လိုစိတ်များ ပြင်းပြနေသော်ငြားလည်း သူမ၏အမူအယာကတော့ မပြောင်းလဲဘဲရှိနေ၏။
စူးကျောင်းရုံသည် လုမင်ယွိကို တွေ့လိုက်ရသောအခါ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မသိမသာ တုန်ယင်သွားတော့သည်။ သူမ၏ရင်ဘတ်ထဲသို့ ထက်ရှလှသည့် စကားလုံးများနှင့် ထိုးနှက်ခံလိုက်ရသည့် စူးရှသည့်နာကျင်မှုက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
သူမသည်ထကာ ထွက်ပြေးသွားချင်စိတ်များ ဖြစ်လာ၏။ သို့မဟုတ်လျှင်လည်း သူမရှေ့က ထိုရက်စက်လှသည့် ချွေးမဖြစ်သူကို ရက်ရက်စက်စက် သတ်ပြစ်ချင်စိတ်များ ပေါက်သွားတော့သည်။
မဖြစ်သေးဘူး။ စိတ်ရှည်ရမယ်!
သေချာပေါက် စိတ်ရှည်ရမယ်!
ငါ့သား ထီးနန်းဆက်ခံတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမယ်။
နဂါးပုလ္လင်ပေါ်မှာ အခြေခိုင်တဲ့အထိ စိတ်ရှည်နေရမယ်။ အဲ့ဒီ့အချိန်ကျမှ သူရဲ့ယောက္ခမအနေနဲ့ သူမက ကြိတ်ချေချင်တယ်ဆိုရင်တောင် ဒီချွေးမက လက်ခံရုံပဲ တတ်နိုင်လိမ့်မယ်။
စူးကျောင်းရုံသည် သူမ၏မျက်နှာအမူအယာကို မြန်မြန်ထိန်းညှိထားလိုက်ပြီး လုမင်ယွိကို ကြင်နာတတ်သည့်အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။
လုမင်ယွိသည် မမြင်သလို မထီမဲ့မြင်ကာ ပြန်ကြည့်လိုက်လေသည်။
စူးကျောင်းရုံ "..."
...
"မင်းက ရှင်းယန်ဝမ်ရဲ့သမီး လုမင်ယွိလား"
ချောင်မိဖုရားခေါင်၏ သိမ်မွေ့သည့်အသံသည် ခန်းမထဲတွင် ပေါ်ထွက်လာခဲ့သည်။
လုမင်ယွိက မျက်ခုံးကိုပင့်ကာ ချောင်မိဖုရားခေါင်ကို လှမ်းကြည့်လိုက်ပြီး
"ဟုတ်ပါတယ်ရှင့်။ မိသားစုထဲမှာ မောင်နှမ၆ယောက် ရှိပါတယ်။ ကျွန်တော်မျိုးမက ၄ယောက်မြောက်ပါ။ မိဖုရားခေါင်ရဲ့ ဂရုဏာကြောင့် နန်းတော်ထဲကိုဝင်လာပြီး ဒီနေ့မိဖုရားခေါင်နဲ့ တွေ့ဆုံနိုင်ခဲ့တာပါ"
ပင်မခန်းမကို ရောက်လာသည့် မိန်းကလေးများသည် အနောက်နန်းဆောင်၏ အာဏာအမြင့်ဆုံး သာ့ဝေတိုင်းပြည်၏ ထည်ဝါခမ်းနားလှပြီး ဂုဏ်အရှိဆုံးမိဖုရားများနှင့် တွေ့ဆုံရကြသည့်အချိန်တွင် ဝမ်းသာစိတ်ကြောင့် စိတ်လှုပ်ရှားသွားသည်မဟုတ်လျှင် စိုးရိမ်စိတ်ကြောင့် တုန်လှုပ်နေတတ်ကြပြီး ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များအပြည့် ရှိနေတတ်ကြသည်။
တည်တည်ငြိမ်ငြိမ် အိန္ဒြေရှိလှသည့် လုမင်ယွိကဲ့သို့သောသူ တစ်ယောက်မှ မရှိကြချေ။
သူမ၏ရင်သက်ရှုမောဖွယ် အမူအယာက စုတ်တံနှင့် မှင်ရည်တို့နှင့်ပင် ဖော်ပြဖို့ရန် ပိုပြီးခက်ခဲကာ တော်တော်လေးကို ဆွဲဆောင်မှုရှိလို့နေ၏။
သူမနှင့်အတူ ခန်းမထဲသို့ အရင်ဝင်လာကြသည့် ချောင်ဝမ်နှင့် ကျောက်ယွီတို့သည် နာမည်ကြီးမိသားစုများမှ အဆင့်မြင့် အမျိုးသမီးလေးများ ဖြစ်ကြပြီး သူတို့တစ်ယောက်ချင်းစီတွင်လည်း သူတို့၏ကိုယ်ပိုင်အားသာချက်များ ရှိကြသည်။
သို့သော်ငြား လုမင်ယွိ ပေါ်ထွက်လာသည့်အခိုက်တွင် သူမသည် ကျန်၂ယောက်ကို လုံးဝမထင်မရှား ဖြစ်သွားသည်အထိ မှိန်ဖျော့သွားစေခဲ့၏။
ချောင်မိဖုရားခေါင်၏ မျက်လုံးများသည် လုမင်ယွိ၏လှပပြီး ကျက်သရေရှိလှသည့် မျက်နှာပေါ်တွင် ကျရောက်သွားပြီး သူမ၏စိတ်ထဲတွင်လည်း အတွေးပေါင်းစုံ ဆက်တိုက်ဝင်ရောက်လာခဲ့သည်။ သူမ၏လေသံကပိုပိုပြီး ညင်သာသိမ်မွေ့လာခဲ့၏။
"ရှင်းယန်ဝမ်က မင်းကြီးနဲ့အတူတူ စစ်တပ်ကိုဦးဆောင်ပြီး အလုပ်ကြိုးစားတဲ့သူပါ"
လုမင်ယွိကအနည်းငယ်ပြုံးလိုက်ကာ သင့်တင့်မျှတစွာ ပြန်ဖြေလိုက်၏။
"အဖေက သာ့ဝေတိုင်းပြည်ရဲ့ စစ်သူကြီတေစ်ယောက်ပါ။ စစ်တပ်တွေကို ဦးဆောင်ပြီး စစ်ချီတက်ရမှာက သူရဲ့တာဝန်ပါ။ အလုပ်ကြိုးစားပြီး လေးစားစရာကောင်းတယ်လို့တော့ မခံယူဝံ့ပါဘူး"
ချောင်မိဖုရားခေါင်က အပြုံးဖြင့် မေးလိုက်သည်။
"အိမ်တော်မှာ ဘာတွေလုပ်လဲ။ ဘယ်လိုစာအုပ်မျိုး ဖတ်လေ့ရှိလဲ။ စောင်းတီး၊ စစ်တုရင်ကစား၊ လက်ရေးလှရေးပြီး ပန်းချီပညာတွေကိုရော သင်ယူဖူးလား"
လုမင်ယွိက မနိမ့်ချလွန်း မထောင်လွှားလွန်း ပြန်ဖြေလိုက်သည်။
"မယ်မယ်ကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးမက ကလေးဘဝကတည်းက ဓားသိုင်းပညာကို လေ့ကျင့်ခဲ့တာပါ။ မြင်းစီးပြီး မြှားပစ်သင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ စာဖတ်ရတာကိုတော့ သဘောမကျခဲ့ပါဘူး။ စာလုံးကိုတော့ နည်းနည်းပါးပါးပဲ သိပါတယ်။ စောင်းတီး၊ စစ်တုရင်ထိုး၊ လက်ရေးအလှရေးခြင်းနှင့် ပန်းချီပညာတွေကိုလည်း အများကြီး မသင်ယူခဲ့ပါဘူး"
ချောင်မိဖုရားခေါင်သည် နာမည်ကြီး စာပေပညာရှင်မိသားစုမှ မွေးဖွားလာခဲ့ပြီး သူမသည် သိမ်မွေ့ညင်သာသည့် စိတ်သဘောထားနှင့် ကဗျာစာပေ ထူးချွန်သည့် ချောင်ဝမ်လို မိန်းကလေးမျိုးကို သဘောကျလေသည်။
ဟုတ်ပါသည်။ လုမင်ယွိကတော့ စာပေဖက်တွင် မကျွမ်းကျင်ဘူးဟု ဝန်ခံလိုက်သောအခါ ချောင်မိဖုရားခေါင်က အနည်းငယ် မျက်မှောင်ကျုံ့သွားခဲ့၏။
စူးကျောင်းရုံက ထင်မထားဘဲ ဖြတ်ပြောလိုက်သည်။
"စတုတ္ထသခင်မလေးလုက မြင်းစီးမြှားပစ်ကျွမ်းကျင်တယ်လို့ ကြားထားတယ်။ သူက အရမ်းအရည်အချင်းရှိပြီး ရှင်းယန်ဝမ်နဲ့လည်း တော်တော်တူတယ်တဲ့။ ဒီနေ့ကိုယ်ရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မတွေ့လိုက်ရတာကတော့ နှမြောစရာပဲ"
မုန့်ကွေ့ဖေးက ပုဝါလေးတစ်ထည်ကို ကောက်ကိုင်လိုက်ကာ အပြုံးဖြင့် သူမ၏ပါးစပ်ကို ကွယ်ထားလိုက်လေသည်။
"သြော် စူးကျောင်းရုံက မိန်းကလေးတစ်ယောက်ကို ချီးကျူးစကား ပြောတာမြင်ရတာ ရှားရှားပါးပါးပဲ"
မင်းသမီးနှင့် ကိုယ်လုပ်တော်များကို ရွေးချယ်ရာတွင် ဒုတိယမင်းသားအတွက် အရင်ဆုံး ရွေးချယ်ရမည်မှာ သဘာဝပင်။ ချောင်မိဖုရားခေါင်က အရင်ဆုံး ရွေးချယ်ရသည်။ ထို့နောက်တွင်တော့ တတိယမင်းသားနှင့် စတုတ္ထမင်းသားအလှည့် ဖြစ်လာမည်။
စူးကျောင်းရုံက ဒီအချိန်တွင် သူမ၏ပါးစပ်ကို ဖွင့်ပြောလိုက်သည်က တော်တော်ကို လျစ်လျူရှုရာကျ၏။
ချင်ဖေးကလည်း သူမ၏နှုတ်ခမ်းကို စေ့ထားလိုက်ကာ ပြုံးလိုက်သည်။
"ကျွန်မနဲ့ စူးကျောင်းရုံတို့ကလည်း အတွေးတူတယ်နော်။ ကျွန်မလည်း အဲ့ဒါကိုပဲ ကြည့်နေတာ။ စတုတ္ထသခင်မလေးက အရမ်းတော်ပါတယ်။ ဒါပေမဲ့ ဒီနေ့ နန်းတွင်းစားတော်ပွဲအတွက်ဆိုရင် ပျော်ရွှင်စရာကောင်းအောင် သီချင်းနဲ့အက ကဗျာနည်းနည်းနဲ့ စောင်းတီးတာလေးတွေလုပ်မှ ပျော်စရာကောင်းမှာလေ။ ဓားတိုနဲ့ဓားရှည်တွေ ကပြတတ်တဲ့သူတွေအတွက်ကျတော့ အဆင်မပြေလှဘူးပေါ့။ နောက်တစ်ချက်က မတော်တဆတွေ မဖြစ်ပါဘူးလို့ အာမခံချက်လည်း မရှိဘူးလေ"
ချောင်မိဖုရားခေါင်၏အပြုံးသည် မှိန်ဖျော့သွားခဲ့၏။
စူးကျောင်းရုံသည် နိမ့်ကျသည့်နောက်ခံမှလာပြီး အားကိုးစရာ သန်မာသည့်မိသားစုလည်း မရှိချေ။ မကြာခဏဆိုသလို အနောက်နန်းဆောင်ထဲတွင် အပြောအဆိုခံရပြီး လှောင်ပြောင်ခံရသည်ကလည်း သူမအတွက် ပုံမှန်ကိစ္စတစ်ခုပင်။
စူးကျောင်းရုံသည် အံ့ကြိတ်ထားလိုက်ကာ သူမ၏ရှက်ရွံ့မှုကို မြိုသိပ်ထားလိုက်ပြီး ပြုံးကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်မလည်း စကားပြော အရမ်းလောသွားတော့ အမှားလုပ်မိသွားတယ်။ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ"
ချောင်မိဖုရားခေါင်က ညင်သာစွာ ပြောလိုက်၏။
"မင်းက မင်းရဲ့အမှားကို သိပြီဆိုတော့ ပါးစပ်ကိုပိတ်ပြီး စကားလျော့ပြောပါ"
စူးကျောင်းရုံ၏မျက်နှာသည် ထူပူသွားကာ သူမသည် ပြန်ဖြေလိုက်ပြီး ခေါင်းကို မြန်မြန်ငုံ့ထားလိုက်လေသည်။
လုမင်ယွိကတော့ အေးစက်စက်မျက်လုံးများဖြင့် စူးကျောင်းရုံ၏ အရှက်ကွဲသွားခြင်းကို ကြည်ရှုနေလိုက်ပြီး တော်တော်လေးကို ကျေနပ်သွားတော့၏။
အရင်ဘဝက သူမသည် လီဟောက်နှင့် လက်ထပ်ခဲ့ပြီးနောက်တွင် ဤကဲ့သို့သော ရှက်ရွံ့ဖွယ်အခြေအနေထဲတွင် ကျရောက်နေသည့် သူမ၏ယောက္ခမဖြစ်သူကို ဂရုဏာသက်ခဲ့မိပြီး မကြာခဏဆိုသလို သူမကို အားပေးထောက်ခံခဲ့သည်။ ချင်ဖေး၊ ချောင်မိဖုရားခေါင်နှင့် မုန့်ကွေ့ဖေးတို့ကြားက အချေအတင် ဖြစ်ကြသည်ကလည်း ပုံမှန်ပင်။
ယခုတော့ ထိုအကြောင်းကို စဥ်းစားကြည့်လိုက်သောအခါ စူးကျောင်းရုံက အားနည်းချင်ဟန်ဆောင်ပြီး မိမိကိုယ်ကို သနားစရာကောင်းအောင် လုပ်နေကာ ထိုအရာအားလုံးက စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသည့် သူမ၏ချွေးမဖြစ်သူကို အသိပေးနေသည့် နည်းလမ်းများဖြစ်နေပြီး ရှေ့သို့တက်ကာ ဝင်လာသည့်မြှားများကို ကာကွယ်တိုက်ခိုက်ပေးဖို့ရန် ဖြစ်လေသည်။
ယခုအချိန်တွင်တော့ သူမသည် ဘာမှမသက်ဆိုင်တော့သဖြင့် ပွဲကြီးပွဲကောင်းတစ်ခုကို စောင့်ကြည့်နေရုံသာ ရှိတော့သည်။
...