← Chapters

အံ့သြဖွယ်ရာ

Vol. 1 Ch. 13

အံ့သြဖွယ်ရာ

Vol. 1 Ch. 13

လုမင်ယွိသည် လက်တစ်ကမ်းအကွာတွင် ရှိနေ၏။

ငယ်ရွယ်ချောမောသည့်မျက်နှာ၊ တောက်ပပြီး ထက်မြက်သောမျက်လုံး၊ ထိုရင်းနှီးပြီးသား အနည်းငယ် လှောင်ပြောင်သရော်နေသည့်အပြုံး ...

စူးကျောင်းရုံ၏ရင်ထဲတွင် ရုတ်တရက်ဆိုသလို စူးရှသည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

"ကျွန်မမှာ တခြားဘာအရည်အချင်းမှ မရှိပါဘူး။ ကျွန်မရဲ့ခွန်အားက သာမန်လူတွေထက်ပိုပြီး နည်းနည်းလေး သန်မာနေတာက လွဲရင်ပေါ့။ မယ်မယ်က ကျေးဇူးပြုပြီးတော့ တစ်ကြိမ်လောက် ပူးပေါင်းပေးပါအုံး"

လုမင်ယွိ၏အသံသည် သိမ်မွေ့နေခြင်းလည်းမဟုတ်သလို လေးနက်နေခြင်းလည်း မဟုတ်သော်ငြားလည်း ရိုးရှင်းပြီး ကြည်လင်လို့နေသည်။

စူးကျောင်းရုံသည် အနည်းငယ် တောင့်တင်းသွားပြီး အပြုံးတစ်ခုကို အတတ်နိုင်ဆုံး ညှစ်ထုတ်လိုက်ရသည်။

"မင်း... မင်းက ဘာလုပ်ချင်တာလဲ"

ထိုစကားပြောလို့ မပြီးသေးခင်မှာပင် လုမင်ယွိက သူမ၏လက်၂ဖက်စလုံးကို ထုတ်ကာ ထိုင်ခုံ၏လက်ရန်း၂ဖက်ပေါ်တွင် တင်ထားလိုက်သည်။

ကျောင်းဖန်နန်းတော်ထဲက ထိုင်ခုံများအားလုံးကို အရည်အသွေးမြင့် ပုလဲသစ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ အားလုံးက ကြီးမားပြီးလေးလံလှကာ နန်းတွင်းအစေခံ၂ယောက်က ပေါင်းပြီးမမှသာ ရွေ့လျားနိုင်လေသည်။ စူးကျောင်းရုံသည် သွယ်လျလျ ဖြစ်သော်ငြားလည်း သူမသည် အရွယ်ရောက်ပြီးသား လူတစ်ယောက် ဖြစ်၏။

သို့သော်ငြား လုမင်ယွိ၏လက်များ လှုပ်ရှားသွားချိန်တွင်တော့ ထိုင်ခံုကလည်း ရွေ့လျားသွားခဲ့သည်။ ထိုင်ခုံက သူမ၏ခါးနှင့် တစ်ပြေးညီတည်း ဖြစ်သွားလေသည်။ စူးကျောင်းရုံမှာ သတိလက်လွတ်ဖြစ်သွားပြီး လေထဲသို့ မြှောက်အတက်တွင် လုမင်ယွိ၏မျက်လုံးများနှင့် တွေ့ဆုံသွားခဲ့သည်။

စူးကျောင်းရုံ"..."

လူများအားလုံး "..."

စူးကျောင်းရုံ၏ မျက်လုံးအိမ်များသည် ရုတ်တရက်ဆိုသလို ကျုံ့သွားပြီး သူမ၏ရင်ထဲက ပြင်းထန်သည့် လှိုင်းလုံးကြီးများကလည်း လှိုက်တက်လာကာ သူမသည် ရင်ဘတ်ကို ပေါက်ထွက်တော့မည်နှယ်...

သူမက မျက်လုံးများကို ဖွင့်ထားကာ လက်တစ်ကမ်းအကွာတွင်ရှိသည့် လုမင်ယွိကို စိုက်ကြည့်လိုက်သည်။

မဟုတ်သေးဘူး!

အရင်ဘဝတုန်းက ပွဲတော်လုပ်တုန်းက လုမင်ယွိက အရမ်းကို သိုသိုသိပ်သိပ်ရှိပြီး သူရဲ့စွမ်းအားကို ဘယ်တော့မှ မပြသခဲ့ဖူးဘူး။ ဒီနေ့ကျမှ ဘယ်လိုဖြစ်ရတာလဲ။

ဒီ့အပြင် ဒီလုပ်ရပ်က အရမ်းကိုရိုင်းစိုင်းပြီး လေးစားမှုမရှိဘဲ သူမကို ယောက္ခမတစ်ယောက်လို့ လုံးဝသဘောမထားတာပဲ။ သူမရဲ့သားအပေါ် လုမင်ယွိရဲ့ ခံစားချက်သာရှိနေမယ်ဆိုရင် သူက ဘယ်လိုလုပ်ပြီးတော့ ဒီလိုလုပ်မှာလဲ။

ဘာက မှားနေတာလဲ။

စူးကျောင်းရုံ၏ မျက်လုံးထဲက ကြောက်ရွံ့မှုများသည် လုမင်ယွိ၏မျက်လုံးထဲတွင် ရှင်းရှင်းလင်းလင်း မြင်နေရ၏။

လုမင်ယွိ၏စိတ်ထဲက ပြင်းပြသည့်ခံစားချက်ကလည်း ပိုပိုပြီး ပြင်းထန်လာခဲ့သည်။

သူမသည် မျက်လုံးများကို အနည်းငယ် ကျဥ်းမြောင်းထားလိုက်ပြီး ဖိနှိပ်သည့်ခံစားချက်နှင့် အေးစက်စက် လူသတ်လိုသည့် အရိပ်အယောင်တစ်ခုကို တမင်တကာ ထုတ်လွှတ်ထားလိုက်သည်။ စူးကျောင်းရုံသည် အသက်ရှူရပ်သွားပြီး လူ၂ယောက်တည်းသာ ကြားနိုင်သည့်လေသံဖြင့် အံ့ကြိတ်ကာပြောလိုက်သည်။

"သခင်မလေးလု ငါ့ကို လွတ်လိုက်ပါ"

သခင်မလေးလုတဲ့!

ဒီလေသံက ဘယ်လောက်တောင် ရင်းနှီးလိုက်သလဲ!

လုမင်ယွိ၏စိတ်ထဲတွင် ရုတ်တရက် လေးပင်သွားပြီး သူမ၏နှလုံးသားထဲတွင်လည်း ပြင်းထန်သည့် လူသတ်လိုစိတ် အရိပ်အယောင် တိုးပွားလာကာ သူမ၏မျက်လုံးများမှာ ဓားတစ်လက်လို အေးစက်နေတော့သည်။

ယောက္ခမနှင့် ချွေးမကြားတွင် ဆယ်စုနှစ်ကြာ တိုက်ခိုက်ခဲ့ပြီး​နောက်တွင် စူးကျောင်းရုံသည် လုမင်ယွိအကြောင်းကို ကောင်းကောင်းသိလေသည်။

လုမင်ယွိက လူသတ်လိုသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်တွင် စူးကျောင်းရုံသည် အကြိမ်အနည်းငယ် တွန့်သွားပြီး သိက္ခာကိုပင် မဆယ်နိုင်တော့ဘဲ စူးရှစွာအော်ဟစ်လိုက်၏။

"ငါ့ကို လွှတ်"

အချိန်ခဏအတွင်း အကြည့်ချင်းဆုံသွားပြီး အပြင်လူများကလည်း ဘာလုပ်ရမည်ပင်မသိ ဖြစ်သွားကြလေသည်။ စူးကျောင်းရုံ၏ ငယ်သံပါနေသည့် အော်သံက ရှင်းလင်းလို့နေသည်။

ချောင်မိဖုရားခေါင်က အထိတ်တလန့်ဖြစ်သွားရာမှ သတိပြန်ဝင်လာပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်။

"စတုတ္ထသခင်မလေးလုက တကယ်ကို အံ့သြစရာကောင်းတာပဲ။ ပန်ကုန်းကတော့ ဒီနေ့ တကယ် အမြင်ကျယ်ရပါပေတယ်။ စူးကျောင်းရုံကို အရင်ဆုံး ချပေးလိုက်ပါအုံး"

လုမင်ယွိက ခေါင်း​ငြိမ့်လိုက်ကာ စူးကျောင်းရုံကို သေသေချာချာလေး တစ်ချက်လောက် ကြည့်လိုက်ပြီး ထိုင်ခုံကိုပြန်ချပေးလိုက်သည်။ ထိုင်ခုံသည် ကြမ်းပြင်ပေါ်သို့ ပြန်ကျသွားသည်နှင့်ချက်ချင်း စူးကျောင်းရုံသည် ရုတ်တရက် ထရပ်လိုက်ကာ ကြောက်လန့်တကြား ပြောလိုက်လေသည်။

"ကျွန်တော်မျိုးမ သိပ်နေမကောင်းလို့ အရင်ဆုံး ပြန်လိုက်ပါအုံးမယ်"

ချောင်မိဖုရားခေါင်၏ အဖြေကိုပင်မစောင့်ဘဲ သူမသည် သူမ၏မျက်နှာကို အင်္ကျီလက်ဖြင့်ကွယ်ထားကာ မြန်မြန်ထွက်သွားတော့သည်။

ဘာအိန္ဒြေကိုမှ ဆယ်မထားဘဲ သူမသည် အလျင်စလို ပြေးထွက်သွားလေသည်။

...

ကျောင်းဖန်ခန်းမတစ်ခုလုံး ရုတ်တရက်ဆိုသလို ငြိမ်သက်သွားခဲ့၏။

အကြည့်များအားလုံးကလည်း လုမင်ယွိဆီသို့ ကျရောက်လာခဲံသည်။

လုမင်ယွိက ရှုပ်ထွေးနေသည့် ခံစားချက်ကို ဖြည်းဖြည်းချင်း တည်ငြိမ်အောင်လုပ်လိုက်ကာ သူမ၏ပြင်းထန်သည့်ခံစားချက်များကို မြိုသိပ်ထားလိုက်ပြီး မျက်နှာပေါ်တွင် တောင်းပန်သည့် အရိပ်အယောင်တစ်ခုကို ထုတ်ပြထားလိုက်သည်။

"မစဥ်းမစား နမော်နမဲ့ ပြောဆိုလုပ်ကိုင်ခဲ့တာ ကျွန်တော်မျိုးမ အမှားပါ။ မယ်မယ်ကျောင်းရုံကို ပြစ်မှားခဲ့မိပါတယ်။ မယ်မယ်မိဖုရားခေါင် ကျေးဇူးပြုပြီးတော့ ကျွန်မကို အပြစ်ပေးပါ"

ချောင်မိဖုရားခေါင်၏ စိတ်ထဲတွင်လည်း အနည်းငယ်ဒေါ သထွက်သွားခဲ့သည်။

ကောင်းမွန်နေသည့်ပွဲတော်လေးသည် လုမင်ယွိ၏ ရုတ်တရက် အင်အားပြလိုက်သည့်ကိစ္စကြောင့် ပျက်စီးသွားခဲ့၏။ စူးကျောင်းရုံက ပိုလိုပင် အသုံးမကျသေးချေ။ ပွဲတစ်ဝက်မှာတင် အလန့်တကြား ထပြန်သွားခဲ့၏။

ချောင်မိဖုရားခေါင်ကလည်း ပါးနပ်သူဖြစ်ရာ ထိုကိစ္စကို ထုတ်မပြခဲ့ချေ။ သူမက သိမ်သိမ်မွေ့မွေ့ပြုံးလိုက်ပြီး

"စူးကျောင်းရုံက ပြီးခဲ့တဲ့၂ရက်တုန်းက အိမ်မက်ဆိုးမက်ခဲ့တာတဲ့။ သူက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုမရှိသေးဘူးလေ။ ဒီနေ့ အဲ့ဒီ့ကိစ္စက ထပ်ဖြစ်သွားတာပဲ နေမှာပါ။ ဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စိတ်ထဲမထားပါနဲ့"

သူမ၏စိတ်ထဲတွင်တော့ သူမသည် လုမင်ယွိ၏နာမည်ကို ကြင်ယာတော် အလားအလာရှိသည့်စာရင်းထဲက ထုတ်ပယ်ပြစ်ပြီးသား ဖြစ်၏။

ကြင်ယာတော်သည် စစ်သူကြီးမိသားစုတစ်ခုထဲက ဖြစ်နိုင်ပေသည်။

သို့သော်ငြား လုမင်ယွိသည် အလွန်ရဲတင်းရိုင်းစိုင်းပြီး တော်ဝင်မိသားစု၏ ချွေးမဖြစ်လာဖို့ရန် မသင့်တော်ပေ။

တစ်ချိန်လုံး စကားမပြောဘဲ နေလာခဲ့သည့် ဟွေ့အန်းကုန်းကျူက လုမင်ယွိကို လှမ်းကြည့်လိုက်ကာ မပြုံးတပြုံးဖြင့် ပြောလိုက်သည်။

"စတုတ္ထသခင်မလေးလုက အရည်အချင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်လို့ ကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူက ဒီလို မွေးရာပါစွမ်းအားနဲ့ မွေးဖွားလာလိမ့်မယ်လို့တော့ ထင်မထားခဲ့မိဘူး။ ယောကျာ်းတွေတောင်မှ နောက်မှာ ကျန်ရစ်ခဲ့နိုင်တယ်"

လုမင်ယွိက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ "အရှင်မင်းသမီး ချီးမြှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဟွေ့အန်းကုန်းကျူသည် မာနကြီးပြီး အလွန်မောက်မာ ထောင်လွှား သော်ငြားလည်း သူမသည် သာ့ဝေတိုင်းပြည်၏ အဆင့်အတန်းအမြင့်ဆုံး မင်းသမီးကြီးတစ်ပါး ဖြစ်လေသည်။ လောကကြီးထဲတွင် ဆက်ဆံရအခက်ဆုံး ယောင်းမတော်တစ်ယောက်ပင်။

လုမင်ယွိနှင့် ဟွေ့အန်းကုန်းကျူတို့ကလည်း အရင်ဘဝတွင်သိပ်ပြီး အဆင်ပြေလှသည်တော့ မဟုတ်ချေ။ ဒီဘဝတွင် ပထမဦးဆုံး တွေ့ဆုံမှုကလည်း ယမ်းငွေ့များ တထောင်းထောင်း ထနေခဲ့သည်။

ချောင်မိဖုရားခေါင်က နန်းတော်ပွဲတော်ကို ရှုပ်ရှုပ်ထွေးထွေး မဖြစ်စေချင်သည့်အတွက် သူမက အသာအယာ ချောင်းဟန့်လိုက်ကာ "စတုတ္ထသခင်မလေးလုက ပင်ပန်းသွားပါပြီ။ ထိုင်ခုံမှာ ခဏထိုင်ပြီး​တော့ အနားယူလိုက်ပါအုံး"

လုမင်ယွိ၏ ရည်မှန်းချက်များက အောင်မြင်သွားခဲ့သည်။ သူမအကြောင်းကို သိသွားပြီဖြစ်သဖြင့် သူမကလည်း ချောင်မိဖုရားခေါင်ကို အရိုအသေ ပေးလိုက်ကာ အားလုံး၏အကြည့်အောက်မှာပင် သူမ၏နေရာသို့ ပြန်သွားခဲ့သည်။

ရှန်းလန်မှာ တစ်ချိန်လုံး အသက်အောင့်ထားရပြီး ယခုအချိန်မှသာ စိတ်အေးသွားပြီး သက်ပြင်းချနိုင်တော့သည်။

အားလုံး၏အကြည့်များကတော့ လုမင်ယွိကို တမင်သက်သက်သော်လည်းကောင်း မတော်တဆသော်လည်း ကြည့်နေကြလေ၏။ ရှန်းလန်မှာ အသံအကျယ်ကြီး စကားမပြောနိုင်သဖြင့် တိတ်တိတ်ကလေး အနားသို့ကပ်သွားကာ လုမင်ယွိ၏လက်ကို လှမ်းကိုင်ထားလိုက်သည်။

လုမင်ယွိ၏လက်သည် အေးစက်မနေသလို ချွေးလည်းထွက်မနေဘဲ တော်တော်လေး ပုံမှန်မဟုတ်ဘဲ ပူပြင်းလို့ နေသည်။

ရှန်းလန်၏စိတ်ထဲတွင် အလန့်တကြား ဖြစ်သွားပြီး အမှတ်တမဲ့မျက်လုံးကို ပင့်ကြည့်လိုက်မိသည်။ သူမမျက်လုံးထဲ ဝင်လာသည့်အရာမှာ လုမင်ယွိ၏ ပြုံးနေသည့် မျက်နှာတစ်ခြမ်း ဖြစ်နေ၏။ ထိုအပြုံးသည် သူမ၏မျက်လုံးအရင်းထိ မရောက်သွားဘဲ သူမ၏နှုတ်​ခမ်းထောင့်ကလည်း မသိမသာ စေ့ထားကာ ရှင်းမပြတတ်သည့် အေးစက်စက် ခံစားချက်တစ်ခုကို ထုတ်လွှတ်နေသည်။

ဒီအခိုက်အတန့်တွင် လုမင်ယွိသည် အနည်းငယ် စိမ်းသက်နေခဲ့၏။ လုမင်ယွိက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ရှန်းလန်ကို ပြုံးပြလိုက်ကာ သူမအဆင်ပြေကြောင်း ပြသလိုက်သည်။

...

နန်းတော်ပွဲတော်၏ ကျန်အချိန်များတွင်တော့ ဘာမတော်တဆကိစ္စမှ မဖြစ်ဘဲ တော်တော်လေးကို စည်စည်ကားကား ဖြစ်သွားခဲ့သည်။ သို့သော်ငြား အားလုံးကတော့ ထောင့်နားတွင် ထိုင်နေသည့်လုမင်ယွိကို လှမ်းမကြည့်ဘဲမနေနိုင်ကြပေ။

တူရိယာသံများ ထွက်လာသည်နှင့်အမျှ ကချေသည် အုပ်စုတစ်ခုကလည်း ဝင့်ကြွားလှပစွာ ကခုန်နေလေသည်။

ကျင်းချန်အာက မုန့်ယွင်လော်၏နားနားသို့ ကပ်သွားလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

"အရင်တုန်းက ဘယ်တော့မှ ပြိုင်ဆိုင်တာမရှိခဲ့တဲ့ စတုတ္ထသခင်မလေးလုက ဒီလိုမွေးရာပါ အစွမ်းရှိနေတာကိုး"

မုန့်ယွင်လော်၏စိတ်တို့သည် ရှုပ်ထွေးနေပြီး သူမက သက်ပြင်းချလိုက်ကာ

"မဟုတ်လို့လား"

သူမသည် သူတို့ထက် အနည်းငယ် သာလွန်နေလျှင် သူတို့သည်စိတ်ထဲတွင် ယှဥ်ပြိုင်လိုစိတ်များ ရှိနေအုံးမည်။ လုမင်ယွိ လှုပ်ရှားပြလိုက်ချိန်တွင်တော့ သူတို့၄ယောက်စလုံးမှာ အထိတ်တလန့် ဖြစ်သွားကြတော့သည်။

တစ်ခြားဖက်တွင်တော့ ချောင်ဝမ်ကလည်း လေသံတိုးတိုးဖြင့် ကျောက်ယွီကို စကားပြောနေသည်။

"စတုတ္ထသခင်မလေးလုက စကားမပြောရင်လည်း မပြောဘူး။ ပြောတဲ့အချိန်ကျတော့လည်း တကယ့်ကို နာမည်ကြီးသွားတာပဲ"

ကျောက်ယွီက မထီမဲ့မြင် အမူအရာတစ်ခု ပြုချင်လိုက်ပြီး အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်ငြားလည်း ထိုအမူအယာကိုပင် ညှစ်မထုတ်နိုင်ဘဲ နောက်ဆုံးတော့ ခပ်တိုးတိုးလေး သက်ပြင်းချလိုက်လေသည်။ ချက်ချင်းဆိုသလို သူမသည် စိတ်ထဲတွင် ကိုယ့်ဟာကို ပြန်ဖြေသိမ့်လိုက်တော့၏။

ဘာပဲဖြစ်ဖြစ်လေ သူမရဲ့အရီးတော်က မယ်တော်ကြီးပဲ။ မယ်တော်ကြီးကလည်း သူမကို မစတုတ္ဌမင်းသားနဲ့ လက်ထပ်ပေးစေချင်နေတာ။ နန်းတော်ထဲမှာ မစတုတ္ဌမင်းသားနဲ့ ချင်ဖေးတို့ရဲ့ အကြီးမားဆုံး ထောက်ပံ့ပေးမဲ့သူက မယ်တော်ကြီးကျောက်ပဲ။ သူရဲ့အထောက်အပံ့နဲ့ဆိုရင် သူမက လုမင်ယွိကို မရှုံးနိုင်ပါဘူး။

ရှန်းလန်နှင့် လုမင်ယွိတို့က နေရာတစ်ခုတည်းတွင် အတူတူထိုင်နေကြပြီး သူမက လုမင်ယွိကို တိုးတိုးလေး မေးလိုက်သည်။

"ရှောင်ယွိ နင် အရင်တုန်းက လူရှေ့မှာ နင်ရဲ့အစွမ်းကို ဘယ်တော့မှ မပြသခဲ့ဖူးဘူး။ ဒီနေ့ကျမှ ကျောင်းဖန်နန်းတော်ထဲမှာ ဘယ်လိုလုပ်ပြီး​တော့ အဲ့လောက် ရဲတင်းနေရတာလဲ"

သူမသည် အမှန်ပင် လူရှေ့ ထွက်ပြခဲ့လေသည်။ သို့သော်ငြား ဤလုပ်ရပ်က လုမင်ယွိအတွက် ကောင်းသည့်ကိစ္စ မဟုတ်ချေ။ ယခုတွင် ယောက္ခမများအားလုံးသည် သူတို့၏အနာဂတ်ချွေးမလေးသည် ဤကဲ့သို့ ကြောက်စရာကောင်းသည့် ခွန်အားမျိုးရှိနေသည်ကို မြင်ခဲ့ရပြီးနောက် တွန့်ဆုတ်သွားကာ ပြန်စဥ်းစားပေလိမ့်မည်။

လုမင်ယွိ၏ စိတ်အခြေအနေမှာ နောက်ဆုံးတော့ တည်ငြိမ်သွားခဲ့၏။ ထိုစကားကို ကြားလိုက်ရသောအခါ သူမက ရှန်းလန်ကို ပြုံးပြလိုက်ပြီး

"အစ်မလန် စိတ်ချပါ။ ငါ ဒီလိုလုပ်တာကလည်း ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ရှိပါတယ်"

လုမင်ယွိသည် အမြဲတမ်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်၏။

ရှန်းလန်ကလည်း ဘာမှထပ်မပြောတော့ပေ။ လုမင်ယွိသည် အရာအားလုံးကို ပြုလုပ်ပြီးသွားပြီဖြစ်သဖြင့် ဒီအချိန်မှ တစ်ခုခုပြောလျှင်လည်း အလွန်နောက်ကျသွားပြီပင်။

...

All Chapters