ထိတ်လန့်တုန်လှုပ်ခြင်း
Vol. 1 Ch. 14
အကြီးဆုံးမင်းသားနှင့် ဒုတိယမင်းသားတို့သည် ဧကရာဇ်မင်းမြတ်နှင့်အတူ စစ်ချီထွက်နေကြစဉ်တွင် တတိယမင်းသား၊ စတုတ္ထမင်းသားနှင့် ငယ်ရွယ်လှသေးသည့် ပဉ္စမမင်းသားတို့ကတော့ နန်းတွင်းထဲတွင် နေရစ်ခဲ့ရသည်။ မနက်ပိုင်းတွင် စာပေပညာကို လေ့လာသင်ယူရပြီး နေ့လယ်ခင်းတွင်တော့ သိုင်းပညာနှင့် မြှားပစ်ပညာများကို လေ့ကျင့်ရသည်။ ယခုအချိန်တွင် သူတို့သည် စာကြည့်ဆောင်ထဲ၌ စုဝေးနေကြ၏။
ယနေ့တွင်တော့ မင်းသားတော်တော်များများသည် စိတ်ထဲတွင် ဂဏာမငြိမ်ဖြစ်နေကြတော့၏။
ယွီထိုက်ဖူ (မင်းဆရာ) သည် သူတို့၏ အခြေအနေကို မျက်လုံးထဲတွင် မြင်နေရသော်ငြား ဘာမှတော့ မပြောချေ။ မိဖုရားခေါင်သည် နန်းတွင်းပွဲတော်တစ်ခုကို ကျင်းပနေပြီး မြို့တော်အတွင်းက အရွယ်ရောက်ပြီးသား နာမည်ကြီး သခင်မလေးများအားလုံးကလဲ နန်းတွင်းအတွင်းသို့ ဝင်လာခဲ့ကြသည်။ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့သည် ကြင်ရာတော်တစ်ပါး ရွေးချယ်ရမည့် အသက်အရွယ်ရောက်နေကြပြီ ဖြစ်၏။ နွေဦးကာလ ရောက်ရှိလာပြီဖြစ်သဖြင့် လူငယ်များ၏ စိတ်တို့သည်လဲ လွင့်မြောနေကြခြင်းမှာ ရှောင်လွဲလို့ရနိုင်သည် မဟုတ်ပေ။
သို့သော်ငြား တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့၏ ရင်ထဲက လှုပ်ရှားမှုများကို နားလည်နိုင်သော်ငြားလည်း အသက် ၁၀ နှစ် အရွယ်သာ ရှိသေးသည့် ပဉ္စမမင်းသားကတော့ အဘယ်ကြောင့်များ စိတ်လှုပ်ရှားနေရသနည်း။
ယွီဟန်လင်းသည် မျက်နှာကို မော့လာကာ “အရှင် ပဉ္စမမင်းသား အခုလေးတင် ကျွန်တော်မျိုး ပြောလိုက်တဲ့ ဒီစာပိုဒ်ကို နားလည်ပါရဲ့လား”
အရပ်ပုပုနှင့် ဝတုတ်တုတ်လေး ဖြစ်နေသည့် လီချန်သည် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားကာ မျက်တောင်ခတ်ပြလိုက်၏။
ယွီဟန်လင်း “...“
မင်းသားအများစုက ပြည်သူ့အရေးနှင့် စစ်ဖက်ရေးရာ အရည်အချင်းတွေမှာလဲ ထူးချွန်ထက်မြက်ကြတဲ့ လူငယ်လေးတွေပါပဲ။ မင်းသား ၅ တစ်ယောက်ထဲကပဲ သိုင်းပညာလဲ မလေ့ကျင့်နိုင်။ စာပေပညာမှာလဲ ထူးချွန်နေတာမျိုး မရှိဘူး။ ထိုက်ဖူတစ်ယောက်အနေနဲ့ မင်းသားတစ်ပါးကို ဆူပူကျိန်းမောင်းလို့ မရနိုင်တာတော့ စိတ်မကောင်းစရာဘဲ။
ယွီဟန်လင်းသည် စိတ်ကို ထိန်းချုပ်ထားပြီး နောက်ဆုံးတော့ ဆို့နင့်နေသည့် အသက်ရှူသံကို မျိုချလိုက်ကာ တင်းမာနေသည့် မျက်နှာထားတစ်ခုဖြင့် အမိန့်ပေးလိုက်တော့သည်။ “အရှင်မင်းသား စည်းရုံးရေးမူဝါဒ သင်ခန်းစာကို ဆယ်ကြိမ် ပြန်ကူးပါ”
လီချန်သည် မျက်နှာပေါ်တွင် ခါးသက်သက်အကြည့်တစ်ခု ဖြစ်သွားပြီး အစ်ကိုဖြစ်သူ လီဟောက်အား အားတက်သရော လှမ်းကြည့်လိုက်ကာ လီဟောက်က သူ့အတွက် ရှေ့ထွက်ရပ်ပေးမည်ကို မျှော်လင့်လို့နေသည်။
ကံဆိုးချင်တော့ ဒီနေ့တွင် လီဟောက်သည်လဲ စိတ်နှင့်ကိုယ် မကပ်သဖြင့် သူ့ကို လုံးဝ ဂရုမစိုက်နိုင်ချေ။
လီချန်မှာ ခေါင်းကို ပြန်ငုံ့ထားပြီး ကြိုးကြိုးစားစား စာရေးရလေတော့၏။
ကျောင်းမဆင်းခင်တွင် အစေခံရှောင်နျန့်သည် သိုသိုသိပ်သိပ်လေး ဝင်လာကာ လီဟောက်၏ နားထဲသို့ တီးတိုး စကားပြောလိုက်၏။ လီဟောက်၏ အမူအရာမှာ မသိမသာလေး ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ထရပ်လိုက်ကာ “ဆရာကြီး ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ခွင့်ပြုပါအုံး။ ယိဟွားနန်းဆောင်က အကြောင်းကြားလာလို့။ ကျွန်တော် ချက်ချင်းသွားရပါမယ်”
စူးကျောင်းရုံသည် နိမ့်ပါးသည့် နောက်ခံမိသားစုတစ်ခုမှ ဆင်းသက်လာကာ နန်းတွင်းအတွင်းတွင်လဲ အဆင့်နိမ့် ရာထူးတစ်ခုသာ ပိုင်ဆိုင်ထားလေသည်။ ကံကောင်းချင်တော့ သား၂ယောက်ကို မွေးဖွားထားခဲ့သည်။ ပဉ္စမမင်းသား... ပြောပလောက်စရာ အကြောင်းမရှိသော်ငြားလည်း တတိယမင်းသားကတော့ ပထမတန်းစား ထူးချွန်သူတစ်ယောက် ဖြစ်ကာ စူးကျောင်းရုံအပေါ်တွင်လဲ အလွန် ရိုသေကိုင်းရှိုင်းလေသည်။
ယွီဟန်လင်းက သူ့ကို တားမြစ်ခြင်းမပြုဘဲ နွေးထွေးသည့် လေသံတစ်ခုဖြင့် ပြန်ဖြေလိုက်၏။ “ကျောင်းရုံမယ်မယ်မှာ ကိစ္စရှိနေတာဆိုတော့ အရှင်မင်းသား မြန်မြန်သွားလိုက်ပါ”
လီဟောက်ကလဲ လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးပြီး မြန်မြန်ထွက်ခွာလာတော့သည်။
လီချန်ကလဲ မဆိုင်းမတွပင် ထရပ်လိုက်၏။ “မယ်တော့်မှာ တစ်ခုခု ဖြစ်နေတာပဲ ဖြစ်ရမယ်။ သွားကြည့်ရမယ်”
အခုလေးတင် နွေဦးလေပြည်လို ညင်သာသိမ်မွေ့နေသည့် ယွီဟန်လင်းသည် ချက်ချင်းဆိုသလို တင်းမာသည့် မျက်နှာထားတစ်ခု ပြောင်းလဲသွားတော့၏။ “ကျောင်းရုံမယ်မယ်က တတိယမင်းသားဆီကိုပဲ သတင်းပို့လိုက်တာ။ ပဉ္စမမင်းသားကပါ အတူတူ လိုက်သွားစေချင်တဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သိသာပါတယ်။ အရှင်မင်းသား မြန်မြန်ထိုင်လိုက်ပါ။ ပြီးရင် စာကို မြန်မြန်ပြန်လေ့လာပါ”
လီချန် “...“
...
လီဟောက်သည် တည်ငြိမ်သည့် မျက်နှာထားဖြင့် ယိဟွားနန်းဆောင်သို့ မြန်မြန်လျှောက်လာခဲ့၏။
အိပ်ဆောင်သို့ ခြေချလိုက်သည်နှင့်ချက်ချင်း ဖြူဖျော့နေသည့်မျက်နှာ၊ ကြောက်ရွံ့နေသည့် မျက်လုံးများနှင့် စူးကျောင်းရုံသည် ရှေ့သို့ အပြေးအလွှားရောက်လာကာ လီဟောက်၏ လက်ကို ရုတ်တရက် လှမ်းဆွဲထားလိုက်၏။ “အားဟောက် အမေ့စကားနားထောင်။ အဲဒီ လုမင်ယွိကို လုံးဝလက်ထပ်လို့ မရဘူး!”
“အဲဒါက မကောင်းဆိုးဝါးကြယ်ပဲ! အထူးသဖြင့် အမေ့ကို ပျက်စီးအောင်လုပ်မဲ့ မကောင်းဆိုးဝါးကြယ်! မင်းသာ သူ့ကို လက်ထပ်လိုက်ရင် အားချန်နဲ့ ငါတို့နှစ်ယောက်စလုံး အသက်ရှင်မှာ မဟုတ်ဘူး!”
လီဟောက်၏ မျက်ခုံးမွှေးထူထူများသည် တွန့်ချိုးသွားပြီး သူ့မျက်ဝန်းထဲတွင်လဲ အေးစက်စက် ကြယ်တစ်ပွင့် ဖြတ်ပြေးသွားတော့၏။ မူလက ဘေးတွင် စောင့်ဆိုင်းနေသည့် နန်းတွင်းအစေခံမလေးများမှာ သူတို့၏ ရင်ထဲတွင် အနည်းငယ် ချမ်းစိမ့်သွားသလို ခံစားလိုက်ရကာ ခေါင်းကို မြန်မြန်ငုံ့ပြီး တံခါးမှနေ၍ ထွက်ခွာသွားကြတော့သည်။
“မူချင်း ဒါက ဘာဖြစ်တာလဲ” လီဟောက်သည် စိတ်ရှည်လက်ရှည်ဖြင့် မေးလိုက်၏။ “နန်းတွင်းပွဲတော်ထဲမှာ တစ်ခုခု ဖြစ်ခဲ့လို့လား’
စူးကျောင်းရုံသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုကို တွေ့ကြုံခဲ့ရသည့်နှယ်။ သူမ၏ မျက်နှာကလဲ သွေးဆုတ်ဖြူလျော်နေပြီး သူမ၏ အမူအရာမှာ ထိတ်လန့်ကြောက်ရွံ့မှု အပြည့်ဖြစ်နေကာ သူမ၏ မျက်ဝန်းများတွင်လဲ မျက်ရည်များဖြင့် စိတ်ပျက်အားငယ်မှု အရိပ်အယောင် အပြည့် ဖြစ်နေတော့သည်။ “အားဟောက် အမေပြောတဲ့စကားက အမှန်ပါ။ မင်း အမေ့စကားကို ယုံရမယ်။ တခြားဘယ်သူ့ကိုမဆို လက်ထပ်လို့ရတယ်။ ဒါပေမဲ့ လုမင်ယွိကိုတော့ လုံးဝ လက်မထပ်ရဘူး!”
လီဟောက်ကတော့ အဓိပ္ပာယ်မရှိလေခြင်းဟုသာ ထင်မြင်မိ၏။ သို့သော်ငြား အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာသောကြောင့် သူ့အသံမှာ လေးပင်သွားတော့သည်။ “တကယ့်ကို ဘာတွေဖြစ်နေတာလဲ။ အကြောင်းအရင်းမရှိဘဲနဲ့။ မူချင်းက ဘာလို့ ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ”
စူးကျောင်းရုံသည် ပါးစပ်ကို ဖွင့်လိုက်သော်ငြားလည်း ဘာတစ်ခွန်းမှ မပြောနိုင်ချေ။
သူမ ဘာပြောရမှာလဲ။
ဘာပြောနိုင်မှာလဲ။
ဒါတွေအားလုံးက အတိတ်ဘဝက အကြောင်းအရာတွေ ...
ဝမ်းနည်းခြင်းကာလ ပြီးသွားတာနဲ့ ချက်ချင်း လီချန်က ရာဂစိတ်တွေ ဖြစ်လာပြီး သူ့ရဲ့မုဆိုးမ မရီးကို စော်ကားဖို့ ကြံရွယ်ခဲ့တာ။ ဒါပေမဲ့ လုမင်ယွိကတော့ ခြေတစ်ချက်နဲ့ နဂါးသွေးပါတဲ့ အမြစ်ကို ကန်ကြောက်ပစ်လိုက်ပြီး သူလဲ ဘယ်အမျိုးသမီးနဲ့မှ မနီးစပ်နိုင်တော့ဘူးလေ။ သားယောက်ျားလေး တစ်ယောက်လဲ မွေးနိုင်တော့မှာ မဟုတ်ဘူး။
လီချန်က အငြိုးအတေးတွေထားပြီး သဘောထားကွဲလွဲတဲ့သူတွေကို ဖယ်ထုတ်ကာ လုမိသားစုကို နှိပ်ကွပ်ဖို့ ကြံရွယ်ခဲ့တာ။
သူမကလဲ အချိုပွဲထဲမှာ အဆိပ်ထည့်ခဲ့တယ်။ မြေးဖြစ်သူကို ချော့မော့ပြီးတော့ ချန်ချွန်းနန်းဆောင်ကို ယူသွားခိုင်းပြီး လုမင်ယွိကို အဆိပ်ခပ် သတ်ပစ်လိုက်တယ်။ လုမင်ယွိ သေသွားတာနဲ့ သူတို့ မြေးအဘွားတွေ နီးစပ်သွားမယ်လို့ ထင်ထားခဲ့တာ။ အစီအစဉ်က အောင်မြင်နေတော့ သူမရင်ထဲမှာလဲ ပျော်ရွှင်နေခဲ့မိတာ။ မသေခင်မှာတော့ အာဏာပြဖို့ သတိရသေးပေမဲ့ လုမင်ယွိရဲ့ ဓားနဲ့ အထိုးခံရပြီးတော့ သေသွားခဲ့တယ်လေ။
ကိုယ့်ဟာကိုယ် ပြန်လည်မွေးဖွားလာခဲ့တာကို သိခဲ့ရပြီး လုမင်ယွိကို အိမ်ထောင်ပြုခွင့်ပေးပြီး လုမိသားစုရဲ့ အာဏာကို သုံးပြီးမှ လုမင်ယွိကို ဖယ်ရှားပစ်မယ်လို့ စီစဉ်ထားခဲ့တာ။ ထင်မှတ်မထားဘဲ လုမင်ယွိကလဲ ပြန်ပြီးတော့ မွေးဖွားလာခဲ့တယ်။ ဒေါသတွေ၊ မုန်းတီးမှုတွေ အပြည့်နဲ့ အချင်းချင်း ကြည့်လိုက်တဲ့အခါ အေးစက်မှုက သူမရဲ့ ရင်ဘတ်ကို ထပ်ပြီး ထိုးဖောက်တော့မဲ့ ထက်ရှတဲ့ ဓားတစ်လက်လို ပြောင်းလဲသွားသလိုပဲ...
တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို လီဟောက်က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။
လီဟောက်သည် စကားတစ်ခွန်းမှ မပြောဘဲ အချိန်တစ်ခုအထိ စောင့်ဆိုင်းလာခဲ့ပြီးနောက် သူ့မျက်ခုံးများကတော့ လုံးဝ တွန့်ချိုးသွားလေတော့၏။ “မူချင်း”
စူးကျောင်းရုံ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တစ်ဖန် တုန်ယင်သွားတော့သည်။
သားဖြစ်သူ၏ စိတ်နေစိတ်ထားကို သူမထက် တခြား မည်သူမှ သိသူမရှိချေ။ လီဟောက်သည် လိမ္မာသိတတ်သူ ဖြစ်ပေသည်။ ထိုသို့ ဆိုလျှင်သော်ငြားလည်း သူသည် မည်သူမဆို ကိုင်တွယ်လို့ရသည့် မုန့်သားတစ်ခု မဟုတ်သလို သူသည် လွယ်လွယ်နှင့် လှည့်စားလို့ရနိုင်သူလဲ မဟုတ်ချေ။
စူးကျောင်းရုံသည် စိုးရိမ်ကြောင့်ကျလာပြီး ဉာဏ်နီဉာဏ်နက်ထုတ်ကာ သူမ၏ မျက်ရည်များကိုသုတ်ပြီး ခန်းမထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်တော့သည်။ “... အဲဒီ လုမင်ယွိက သူ့ရဲ့ မွေးရာပါ ခွန်အားကို အားကိုးပြီး အားလုံးရဲ့ ရှေ့မှာ အမေ့ကို လှောင်ပြောင်သရော်ခဲ့တယ်။ အမေ့ကို မျက်နှာပျက်ရအောင် လုပ်ခဲ့တယ်။ တကယ်လို့ သူ့ရင်ထဲမှာ မင်းရှိတယ်ဆိုရင် အမေ့ကို ဘယ်လိုလုပ်ပြီးတော့ ဒီလို ဆက်ဆံမှာလဲ။ အမေက သူ့ရဲ့ အနာဂတ်ယောက္ခမလောင်းပဲလေ”
“အားဟောက် နန်းတော် အတွင်းရော အပြင်မှာပါ လူတွေက အမေ့ကို အထင်သေးကြတယ်။ မင်းက အမေ့သားပဲ။ မင်း နောင်တစ်ချိန်မှာ လက်ထပ်ရမဲ့ ချွေးမက ငါ့အပေါ် ရိုသေကိုင်းရှိုင်းရမယ်။ လုမင်ယွိလို ချွေးမကိုတော့ ငါတကယ် လက်မခံနိုင်ဘူး!”
ပြောရင်းဆိုရင်း သူမသည် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ဤသည်မှာလဲ စူးကျောင်းရုံ၏ အားသာချက်ပင်။
မိခင်အပေါ် ရိုသေကိုင်းရှိုင်းသည့် သားတစ်ယောက်က မိမိ၏ မိခင် ငိုကြွေးနေသည်ကို မြင်ရသည့်အခါ မည်သို့ ကြည့်ရက်နိုင်ပါမည်နည်း။
အမှန်ပင်။ မူလက မျက်ခုံးများ တွန့်ချိုးနေသည့် လီဟောက်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ့အမူအရာသည်လဲ ပျော့ပျောင်းသွားလေတော့သည်။ “မူချင်း မငိုပါနဲ့”
ခဏလောက် ရပ်လိုက်ပြီးနောက် သူက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ရှင်းယန်ဝမ်က ရဲရင့်ပြီး တိုက်ရည်ခိုက်ရည် ကောင်းမွန်တယ်။ သာ့ဝေတိုင်းပြည်ရဲ့ နာမည်ကြီး စစ်သူကြီးတစ်ယောက်ပဲ။ ရှောင်ယွိက ကလေးဘဝကတဲက သိုင်းပညာ လေ့ကျင့်လာခဲ့တယ်ဆိုတော့ ကျွန်တော်တောင် သူ့ကို မနိုင်ဘူးလေ။ သူ့ရဲ့ စိတ်နေစိတ်ထားကလဲ သာမန် မိန်းကလေးတွေနဲ့ မတူဘူး။ သူ့ရဲ့ ချစ်ခြင်းမုန်းခြင်းကို ပြတဲ့ နည်းလမ်းတွေကလဲ တခြားမိန်းကလေးတွေနဲ့ ကွာခြားပါတယ်”
“ဒီနေ့ သူ နန်းတော်ထဲမှာ လုပ်ခဲ့တဲ့ကိစ္စကလဲ မူချင်းကို လှောင်ပြောင်တာ မဟုတ်ဘဲ ရင်းနှီးအောင် လုပ်ဖို့ပဲ နေမှာပါ။ မူချင်းက နားလည်မှု လွဲနေတာပဲ ဖြစ်ရမယ်”
“ရှောင်ယွိက ရိုးသားပွင့်လင်းတဲ့ စိတ်နေသဘောထား ရှိပေမဲ့လဲ ရိုးသားပြီးတော့ ကြင်နာတတ်တဲ့သူပါ။ သူက မူချင်းကို နောက်ဆိုရင် သေချာပေါက် ရိုသေမှာပါ”
စူးကျောင်းရုံသည် ကြားရသည့် စကားက မမှန်မကန်ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ အငိုမရပ်နိုင်တော့ချေ။ “အားဟောက် အမေ့စကားကို နားထောင်ပါ...“
“မူချင်း ကျွန်တော့်စကားကို နားထောင်ပါ” လီဟောက်သည် စူးကျောင်းရုံကို စိုက်ကြည့်လိုက်ကာ သူ့မျက်လုံးများကလဲ တစ်လက်လက် တောက်ပနေတော့သည်။ “လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျွန်တော် သူ့ကို ပထမဦးဆုံး တွေ့တဲ့အချိန်ကတဲက မြင်မြင်ချင်း သဘောကျသွားခဲ့တာ”
“အဲဒီနောက်ပိုင်းမှာ ကျွန်တော့်မျက်လုံးထဲကို တခြားဘယ်သူမှ မဝင်လာနိုင်တော့ဘူး”
“ဒီဘဝမှာ ကျွန်တော် သူကလွဲရင် တခြားဘယ်သူနဲ့မှ လက်မထပ်ချင်ဘူး”
“မူချင်းက ကျွန်တော့်ကို အမြဲတမ်း အချစ်ဆုံးပါ။ သားရဲ့ တစ်သက်တာ ပျော်ရွှင်မှုကို သေချာပေါက် ထည့်သွင်း စဉ်းစားပေးပြီး သားရဲ့ ဆန္ဒကိုလဲ ဖြည့်ဆည်းပေးပါ”
စူးကျောင်းရုံ “...“
စူးကျောင်းရုံ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားပြီး ဆွံ့အသွားလေတော့သည်။
လီဟောက်၏ မျက်နှာထားကတော့ အများကြီး ပိုပြီး ပြေလျော့လာခဲ့၏။ “မူချင်း ကျေးဇူးပြုပြီးတော့ နားလိုက်ပါအုံး! ကျွန်တော် အရင်ဆုံး စာလေ့လာဖို့ ပြန်လိုက်ပါအုံးမယ်။ ပြီးရင် အားလပ်တဲ့အချိန် ရှိတဲ့အခါ မူချင်းနဲ့ စကားလာပြောပါမယ်”
ပြောပြီးသွားသောအခါ သူသည် ဂရုတစိုက်ဖြင့် ပုဝါတစ်ခုကို လှမ်းယူလိုက်ပြီး စူးကျောင်းရုံ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ ထို့နောက်တွင်တော့ ထရပ်ကာ ထွက်သွားလေတော့သည်။
စူးကျောင်းရုံမှာ သားဖြစ်သူ၏ ပုံရိပ်လေးကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိတော့၏။ သားဖြစ်သူ၏ ပြတ်သားလွန်းလှသည့် စကားလုံးကို စဉ်းစားမိသည်တွင် သူမသည် မျက်ရည် မကျနိုင်တော့လောက်အောင် ငိုချင်စိတ်များ ဖြစ်သွားလေတော့သည်။
သားဖြစ်သူက လုမင်ယွိကို လက်ထပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။
ဒီအခြေအနေကို ဘယ်လို ဖြေရှင်းရပါ့။
...