← Chapters

တောင်းပန်ခြင်း

Vol. 1 Ch. 15

တောင်းပန်ခြင်း

Vol. 1 Ch. 15

ယိဟွားနန်းဆောင်မှ ထွက်လာသည်နှင့် လီဟောက်၏ မျက်နှာပေါ်ရှိ အပြုံးများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။ ဘာကြောင့်မှန်းမသိသော်ငြားလည်း သူ၏ ရင်ထဲ၌ ရှင်းမပြတတ်သည့် ဝန်ထုပ်ဝန်ပိုးတစ်ခုသည် ကြီးမားလေးလံနေကာ ထူထဲသည့် အရိပ်မဲတစ်လွှာဖြင့် ဖုံးအုပ်ခံထားရသလို ခံစားနေရတော့သည်။

မူချင်းက အမြဲတမ်း ပျော့ပျောင်းနူးညံ့တဲ့သူပဲ။ အခုလို စိတ်ခံစားမှု ထိန်းချုပ်လို့မရအောင် တစ်ခုခုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဖူးတာမျိုး တစ်ခါမှ မရှိပါဘူး။

လုမင်ယွိကလဲ ထက်မြက်တဲ့ စိတ်နေစိတ်ထားတစ်ခုရှိပေမဲ့ တကယ်တမ်းကျတော့ ကြင်နာပြီး စိတ်ကောင်းရှိတဲ့သူပဲ။ သူက လူရှေ့မှာ ဘယ်လိုလုပ်ပြီးတော့ မူချင်းကို အရှက်ခွဲမှာလဲ။

သူ မသိတဲ့ ကိစ္စလေးတစ်ခု နောက်ကွယ်မှာ ဖြစ်နေတာပဲ ဖြစ်ရမယ်။

လီဟောက်သည် အချိန်တော်တော်ကြာအောင် ရပ်တန့်လို့နေပြီး သူ့မျက်လုံးများကလဲ မရေမရာဖြစ်နေတော့၏။

နန်းတွင်းအစေခံ ရှောင်နျန့်သည်လည်း တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းလို့နေသည်။

အချိန်တော်တော်ကြာပြီးသွားသောအခါ သူသည် သခင့်ထံမှ နူးညံ့သည့်အမိန့်တစ်ခုကို ကြားလိုက်ရ၏။ “ငါ့နောက်လိုက်ခဲ့။ ကျောင်းဖန်နန်းဆောင်ကို သွားမယ်”

ရှောင်နျန့်ကုန်းကုန်းမှာ အခိုက်အတန့် မှင်သက်အံ့ဩသွားပြီးမှ လွှတ်ကနဲ ပြောထွက်သွားတော့သည်။ “ချောင်မိဖုရားခေါင်က နန်းတွင်းပွဲတော်တစ်ခု ခင်းကျင်းနေပါတယ်။ ဒီအချိန်မှာ ကျောင်းဖန်နန်းဆောင်ထဲမှာ နာမည်ကြီး သခင်မလေးတွေ အများကြီး ရှိနေမှာပါ။ အရှင်မင်းသား ဒီအချိန်မှာ သွားလိုက်ရင်တော့ မသင့်တော်ဘူး ထင်ပါတယ်”

မငြိမ်မသက်ဖြစ်နေသည့် ကာလအတွင်းတွင် သာ့ဝေတိုင်းပြည်ကြီးသည်လဲ စည်းလုံးညီညွတ်သည့် တိုင်းပြည်တစ်ခု မဟုတ်သေးချေ။ ယခင်မင်းဆက်များ၏ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကိုသာ ချဲ့ထွင်ပြီး ကျင့်သုံးနေကြဆဲပင်။ သာမန်နေ့များတွင် လူပျို၊ အပျိုများက တွေ့ဆုံပြီး အတူတူ သွားလာခဲ့ကြလျှင်လဲ ကြီးကြီးမားမားကိစ္စ မဟုတ်သော်ငြား ဒီနေ့တွင် သူတို့သည် နန်းတွင်းအတွင်းတွင် ရှိနေကြသည်ဖြစ်၏။ ထို့ကြောင့် သူတို့သည် သံသယဖြစ်ဖွယ်ရာများကို ရှောင်ရှားရပေမည်။

လီဟောက်ကလဲ အလွန်ပြတ်သားလှသူ ဖြစ်၏။ ဆုံးဖြတ်ချက်ချပြီးသွားသည်နှင့် အများကြီး မစဉ်းစားတော့ချေ။ သူသည် ကျောင်းဖန်နန်းဆောင်ဆီသို့ လျှောက်လှမ်းသွားလေတော့သည်။

ကုန်းကုန်းငယ်လေးကတော့ သူ့ကိုယ်သူ အသာအယာ ပါးပြန်ရိုက်လိုက်ပြီး နောက်မှနေ၍ မြန်မြန် လိုက်ပါသွားတော့၏။

သခင်လုပ်ချင်တဲ့အရာကို သူ့မှာ ဘာပြောစရာ ရှိအုံးမှာလဲ။

...

အမွှေးတိုင်တစ်တိုင်စာ ကြာပြီးနောက်တွင် ...

ကျောင်းဖန်နန်းဆောင်ထဲတွင် တယောသံနှင့် ပုလွေသံများ ပျံ့လွင့်လို့နေဆဲပင်။

ချောင်မိဖုရားခေါင်သည် အစောပိုင်းက ဖြစ်ပွားသွားသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေရကာ စိတ်အခြေအနေသည်လဲ မကောင်းလှချေ။ တစ်ခါတစ်ရံ အောက်ဖက်စားပွဲနားတွင် တည်တည်ငြိမ်ငြိမ်ထိုင်နေသည့် လုမင်ယွိကို လှမ်းကြည့်နေမိတတ်ပြီး သူမ၏ ရင်ထဲတွင်လဲ ပိုလို့ပင် စိတ်ဓာတ်ကျလာကာ ဒေါသထွက်လာတော့သည်။

မုန့်ကွေ့ဖေးသည်လဲ ချောင်မိဖုရားခေါင်ကို တားမြစ်ရန် အခွင့်အရေးကို လက်မလွှတ်ချင်လိုသဖြင့် တမင်တကာ ပြုံးကာ ပြောလိုက်၏။ “မြို့တော်မှာရှိတဲ့ အထူးချွန်ဆုံးနဲ့ အဆင့်အမြင့်ဆုံး သခင်မလေးတွေအားလုံး မယ်မယ့်ရှေ့မှာ ရှိနေတာပဲ။ မယ်မယ်က မျက်စိလေးကို ဖွင့်ပြီးတော့ သေသေချာချာလေး ကြည့်သင့်တယ်နော်”

ကြည့်ရမယ်။ ဘာကြည့်ရမှာလဲ။

ဒီလောက် စိတ်အနှောင့်အယှက်ဖြစ်နေရတာကို သူမရဲ့ ချွေးမလောင်းများကို ရွေးချယ်ဖို့ ဘယ်လိုလုပ် စိတ်ပါနိုင်အုံးမှာလဲ။

မုန့်ကွေ့ဖေးကတော့ သူမရဲ့ ရင်ဘတ်ကို တမင်တကာ လာပြီးတော့ ထိုးဆွနေတာပဲ!

ချောင်မိဖုရားခေါင်သည် မုန့်ကွေ့ဖေးကို လှမ်းကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်တော့၏။ “ပန်ကုံးလဲ အားနေတာပဲ။ တခြားဘာမှလဲ လုပ်စရာ မရှိဘူးလေ။ ဒီတော့ သခင်မလေးတွေကို နန်းတွင်းထဲ ပျော်ပျော်ပါးပါး လာလည်ဖို့ ဖိတ်ခေါ်လိုက်တာ။ ကွေ့ဖေးရဲ့ ပါးစပ်ထဲ ရောက်သွားမှပဲ ဘယ်လိုလုပ်ပြီးတော့ အဓိပ္ပာယ်ပြောင်းလဲသွားရတာလဲ။ ပန်ကုံးမှာ တခြားဘာအဓိပ္ပာယ်မှ မပါပါဘူး”

မုန့်ကွေ့ဖေး၏ စကားမှာ အရာမရောက် ဖြစ်သွားသော်ငြားလည်း သူမသည် စိတ်အနှောင့်အယှက်မဖြစ်ဘဲ နှုတ်ခမ်းကိုသာ တင်းနေအောင် စေ့ထားလိုက်ပြီး ပြုံးလိုက်တော့၏။ “ချန်ချဲ့စကားကို ပြောမှားသွားတာပါ။ မယ်မယ်က နားထောင်ရတာ မကြိုက်ဘူးဆိုတော့ ချန်ချဲ့မပြောတော့ပါဘူး”

ချောင်မိဖုရားခေါင်၏ မျက်လုံးများမှာ မှေးမှိန်သွားတော့သည်။

စူးကျောင်းရုံနှင့် ရင်ဆိုင်ရချိန်တွင် သူမဆိုသည့် မိဖုရားခေါင်သည် ခါးကို တင်းမတ်ထားကာ သူမကို အလိုရှိသလို အရှက်ခွဲနိုင်ပေသည်။

မုန့်ကွေ့ဖေးကတော့ မျိုးရိုးနိမ့်ပါးသည့် စူးကျောင်းရုံထက် များစွာ သာလွန်နေ၏။

မုန့်ကွေ့ဖေးသည် စစ်သူကြီးတစ်ယောက်၏ သမီးဖြစ်ပြီး ယုံးကျားဧကရာဇ်နှင့်အတူ ငယ်ချစ်ဦးများအဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ဟိုတုန်းက ချောင်မိသားစုသည် နာမည်ကြီး မင်းမှုထမ်းမိသားစုတစ်ယောက် ဖြစ်သော်ငြား ယခုအချိန်တွင်တော့ ချောင်မိသားစု၏ အကြီးအကဲသည် မြို့တော်အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်လာ၏။ ချောင်မိသားစုကို ဆွဲဆောင်ဖို့ရန်အတွက် ယခင်ဧကရာဇ်သည် ဤလက်ထပ်ပွဲကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။

သို့မဟုတ်လျှင် ဤမိဖုရားခေါင်နေရာကို မုန့်ကွေ့ဖေးကသာ ပိုင်ဆိုင်သွားပေလိမ့်မည်။

မုန့်ကွေ့ဖေး၏ အစ်ကိုသည် ကွမ်းပင်းနယ်စားဘွဲ့ကို ရှိထားပြီး ယုံးကျားဧကရာဇ်နှင့်အတူ စစ်တိုက်ထွက်ခဲ့သူ ဖြစ်သည်။ ယုံးကျားဧကရာဇ်၏ ရင်ထဲ၌ မုန့်မိသားစုသည် ချောင်မိသားစုထက် ပိုပြီး အရေးပါကာ သူ၏ အချစ်ရဆုံးသားသည်လဲ မုန့်ကွေ့ဖေးမှ မွေးဖွားလာသည့် အကြီးဆုံးမင်းသားပင်။

မင်းသားများအတွက် ပထမဇနီးကို ရွေးချယ်ပေးရမည့်တာဝန်မှာ သူမဆိုသည့် မိဖုရားခေါင်၏ တာဝန်ဖြစ်၏။ လွန်ခဲ့သည့် ၂ နှစ်က သူမသည် အကြီးဆုံးမင်းသားအတွက် အရာရှိတစ်ယောက်၏ သမီးဖြစ်သူကို ကြင်ရာတော်အဖြစ် ချွေးချယ်ချင်ခဲ့၏။ မျှော်လင့်မထားဘဲ စကားတစ်ခွန်းထဲဖြင့် ယုံးကျားဧကရာဇ်၏ ပယ်ချခြင်းခံခဲ့ရသည်။

“ကျန်း မှာ ပထမမင်းသား လက်ထပ်ပွဲအတွက် အစီအစဉ်ရှိပြီးသား။ ဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း စိတ်ပူစရာ မလိုဘူး”

ယုံးကျားဧကရာဇ်၏ ပေါ့ပေါ့ပါးပါး စကားလုံးများသည် သူမအတွက်တော့ ပြင်းထန်သည့် ရိုက်ချက်တစ်ခုဖြစ်ခဲ့ကာ သူမ၏တွက်ကိန်းမှာ အချည်းနှီး ဖြစ်သွားတော့သည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် ယုံးကျားဧကရာဇ်သည် လက်ထပ်ရန် အမိန့်တော်တစ်ခု ထုတ်ပြန်ခဲ့ပြီး အကြီးဆုံးမင်းသား၏ ကြင်ရာတော်လျန်သည် နန်းတွင်းတပ်၏ စစ်သူကြီးတစ်ယောက်၏ သမီးဖြစ်လာသည်။ အကြီးဆုံးမင်းသားသည် မိခင်ဖက်က အင်အားကြီးမားသည့် မိသားစုတစ်ခုရှိကာ ယောက္ခမဖြစ်သူသည်လဲ နန်းတွင်းတပ်၏ စစ်သူကြီးတစ်ယောက်ဖြစ်နေသဖြင့် သူ၏ အရှိန်အဝါမှာ ပိုလို့ပင် ကြီးမားလာတော့၏။

ဤအကြောင်းအရာကို စဉ်းစားမိလိုက်တိုင်း ချောင်မိဖုရားခေါင်၏ ရင်ထဲတွင် ရေခဲရည်စိမ်ထားသလို ခံစားရပြီး မည်မျှပင် ခါးသီးကာ စိတ်မချမ်းသာရကြောင်းကို သူမတစ်ဦးတည်းသာ သိလေသည်။

“မယ်မယ့်ကို လျှောက်တင်ပါတယ်” နန်းတွင်းအစေခံမလေးသည် ဦးညွှတ်ဂါရဝပြုရင်း လျှောက်တင်လာ၏။ “အရှင်မင်းသား တတိယမင်းသားက မယ်မယ့်ကို လာရောက်ဂါရဝပြုပါတယ်”

အသံသည် မတိုးလွန်းမကျယ်လွန်းဘဲ ခန်းမအတွင်းက လူများအားလုံ ကြားနိုင်လောက်ပေသည်။

အပြန်အလှန် တီးတိုးပြောဆိုနေကြသည့် မိန်းကလေးများသည် ရုတ်တရက်ဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားကြကာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ဒါက ဘယ်လိုဖြစ်တာလဲ။

တတိယမင်းသားက ဘာဖြစ်လို့ ရုတ်တရက်ကြီး ရောက်ချလာတာလဲ။

မဟုတ်မှလွဲရော အရှက်ခွဲခံရတဲ့ စူးကျောင်းရုံအတွက် လက်စားချေဖို့ လာတာများလား။

အားလုံး၏ မျက်လုံးများသည် လုမင်ယွိဖက်သို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်ရင်းသည်ဖြစ်စေ ရောက်ရှိလာကြလေသည်။

လုမင်ယွိကလဲ အားလုံးကို တည့်တည့်ပြန် စိုက်ကြည့်လိုက်၏။

ဘာကြည့်တာလဲ။

နင်တို့ရဲ့ မျက်လုံး ကြီးနေလို့လား။

...

ချောင်မိဖုရားခေါင်သည်လဲ ခဏတာ မှင်သက်အံ့ဩသွားပြီးနောက် မြန်မြန် ခေါင်းငြိမ့်သဘောတူလိုက်တော့သည်။ “တတိယမင်းသားကို ဝင်ခွင့်ပြုလိုက်ပါ”

မကြာမီတွင် ချောမောခန့်ညားသည့် မျက်ခုံးမျက်လုံးများ ပိုင်ဆိုင်ထားသည့် တတိယမင်းသားသည် အားလုံး၏ ရှေ့တွင် ပေါ်ထွက်လာခဲ့၏။ လီဟောက်ကတော့ ဘေးဘယ်ညာမကြည့်ဘဲ လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။ “သားတော် မူဟုပ်(မယ်တော်)ကို ဂါရဝပြုပါတယ်”

မိန်းကလေးများ၏ မျက်လုံးများသည် လင်းလက်သွားကာ သူတို့၏ ရင်ခုန်သံကလဲ အလိုလို မြန်ဆန်လာလေတော့သည်။

စူးကျောင်းရုံသည် မျိုးရိုးနိမ့်ကျသူဖြစ်သည်မှာ အမှန်ပင် ဖြစ်သော်ငြားလည်း တတိယမင်းသားကတော့ အလွန်တရာ ချောမောခန့်ညားလွန်းနေသည်...

လုမင်ယွိကတော့ အရပ်မြင့်မြင် ခန္ဓာကိုယ်သွယ်သွယ် ကျက်သရေရှိလှသည့် လီဟောက်ကို ကြည့်လိုက်ပြီး သူမ၏ ညာဖက်လက်ကို တင်းနေအောင် ဆုပ်ထားမိတော့၏။ သူမ၏ နှလုံးသားအောက်ခြေတွင် ဖိနှိပ်ထားရသည့် အမုန်းတရားနှင့် ဒေါသတို့မှာ တစ်ဖန် လှုပ်ရှားလာတော့မည့်နှယ်ပင်။

သူ့ကို မြင်ရင် တကယ်ပဲ တစ်ချက်လောက်တော့ လက်သီးနဲ့ ထိုးပစ်ချင်လိုက်တာ!

ချောင်မိဖုရားခေါင်သည် စူးကျောင်းရုံကို အလေးမထားသော်ငြားလည်း သူမသည် တတိယမင်းသားအပေါ်တွင်တော့ ကြင်နာမှုရှိ၏။ “အရိုအသေပေးစရာ မလိုပါဘူး။ ထပါ”

လီဟောက်သည် ထလိုက်ပြီးနောက် ချောင်မိဖုရားခေါင်က အပြုံးဖြင့် ပြောလိုက်၏။ “ဒီနေ့ စာသင်ဆောင်က စောစောစီးစီး လွှတ်ပေးလိုက်တာလား”

လီဟောက်က တလေးတစား ပြန်ဖြေလာသည်။ “ကျောင်းမဆင်းသေးပါဘူး။ စူးကျောင်းရုံက ဒီနေ့ ကျောင်းဖန်နန်းဆောင်မှာ မလေးမစားလုပ်မိတယ်လို့ အာချန်(သားတော်) ကြားရတဲ့အတွက် စူးကျောင်းရုံကိုယ်စား မူဟုပ်ကို တောင်းပန်ဖို့ အထူးတလည် ရောက်လာတာပါ။ မူဟုပ်က ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ”

ထိုသို့ပြောလိုက်ပြီးနောက် သူသည် လက်နှစ်ဖက်ကို တစ်ဖန်ယှက်လိုက်ကာ တလေးတနက် ဦးညွှတ်အရိုအသေပြုလိုက်၏။

တစ်ခုခုဖြစ်လာလျှင် ငိုယိုမျက်ရည်ကျပြီး သားတော်ကို အကူအညီတောင်းခြင်းမှာ စူးကျောင်းရုံ၏ အကျင့်တစ်ခုပင်။

လီဟောက်တစ်ယောက်သည်လဲ ငယ်စဉ်ကတဲက မိခင်၏ ပြဿနာများကို ရှင်းလင်းပေးခဲ့ရသူ ဖြစ်၏။ သို့သော်ငြား ယနေ့လို ဦးညွှတ်ကာ တောင်းပန်ခြင်းမျိုးတော့ ရှားပါးလှသည်။

မုန့်ကွေ့ဖေး၏ မျက်လုံးများမှာ လင်းလက်သွားပြီး သူမက ပြုံးရွှင်စွာဖြင့် ဝင်ပြောလိုက်၏။ “စူးကျောင်းရုံကလဲ တကယ်ပါပဲ။ နှမ်းတစ်စေ့၊ ပဲတစ်စေ့ကိစ္စကို ဘယ်လိုလုပ်ပြီးတော့ စာသင်ဆောင်အထိ သတင်းပို့ခိုင်းရတာလဲ။ အေးအေးချမ်းချမ်း စာသင်ရတာကို အ‌နှောင့်အယှက် ဖြစ်နေတော့မှာပဲ”

ချင်ဖေးကလဲ ပြုံးကာ ထောက်ခံလေသည်။ “မဟုတ်ဘူးလား။ ပြောရမယ်ဆိုရင် ဒါက အသေးအဖွဲကိစ္စလေးပါပဲ။ မယ်မယ်ကလဲ စိတ်သဘောထားကြီးမြတ်ပါတယ်။ ဒီလို အသေးအဖွဲကိစ္စလေးတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ တတိယမင်းသားက ဘာဖြစ်လို့ ကိုယ်တိုင်လာဖို့ လိုမှာလဲ”

ဤစကားလုံးများသည် နူးညံ့သိမ်မွေ့ကာ စိုးရိမ်သည့်လေသံ ထွက်ပေါ်နေသော်ငြားလည်း အမှန်တွင်တော့ မလိုမုန်းထားမှုနှင့် လှုံ့ဆော်မှုအပြည့် ဖြစ်နေလေ၏။

စိတ်ခွန်အားနည်းပါးသည့် မိခင်ဖြစ်သူသည် မုန့်ကွေ့ဖေးနှင့် ချင်ဖေးတို့၏ ပြိုင်ဖက် မဖြစ်နိုင်ချေ။ ထိပ်ဆုံးတွင် ရှိနေသည့် ချောင်မိဖုရားခေါင်ဆိုလျှင်တော့ ပြောစရာမလိုပေ။

ယောက်ျားတစ်ယောက်အနေဖြင့် အမျိုးသမီးများနှင့် အငြင်းပွားဖို့ရန်ကလဲ မသင့်တော်လှပေ။ ထို့အပြင် သူသည် မင်းသားတစ်ပါး ဖြစ်နေသောကြောင့် နန်းတော်ထဲရှိ ကြင်ရာတော်များနှင့် ငြင်းခုန်ရန်လဲ အကြောင်းမရှိချေ။ ဤကဲ့သို့ မသိမသာ ဆုံးရှုံးမှုများကို သူတို့သားအမိသည် နှစ်အတော်ကြာအောင် နှုတ်ဆိတ်စွာ ခံစားခဲ့ရလေသည်။

နောင်တစ်ချိန် သူ လက်ထပ်ပြီးသွားလျှင်တော့ အရာအားလုံးက ပြောင်းလဲသွားပေလိမ့်မည်။

လုမင်ယွိသည် မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာပြီး မွေးရာပါ နတ်အစွမ်း ပိုင်ဆိုင်ထားသူဖြစ်ရာ စိတ်သဘောထားကလဲ ခက်ထန်တင်းမာလှသည်။ ထို့ကြောင့် သူမသည် မည်သည့်ဆုံးရှုံးမှုကိုမှ ခံစားရလိမ့်မည် မဟုတ်ချေ။ အနာဂတ်တွင် မည်သူကမှလဲ သူ၏ မိခင်ကို အနိုင်ကျင့်ရဲတော့မည် မဟုတ်ပေ။

ချောင်မိဖုရားခေါင်၏ အသံက ထွက်ပေါ်လာခဲ့သည်။ “မုန့်ကွေ့ဖေးနဲ့ ချင်ဖေးတို့ ပြောချင်တဲ့စကားကို ပန်ကုံးကလဲ ရင်ထဲမှာ သိပါတယ်။ စိတ်ချပါ။ ပန်ကုံးက စိတ်မဆိုးပါဘူး”

“မူဟုပ်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်” လီဟောက်က သူမကို ကျေးဇူးတင်စကား ပြောလိုက်၏။ အားလုံး၏ စောင့်ကြည့်နေကြသည့် မျက်လုံးအောက်တွင် သူသည် လုမင်ယွိရှေ့သို့ လျှောက်သွားလိုက်လေသည်။

သူ လာနေပြီ။

ပွဲတော်စတော့မယ်!

ဒီတတိယမင်းသားကတော့ မျက်မှောင်ကြုတ်ပြီး သူမကို ဒေါသထွက်တော့မှာ သေချာတယ်။

လုမင်ယွိကတော့ ဒီနေ့ မျက်နှာပျက်ရတော့မှာပဲ!

ကျင်းချန်အာသည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ လည်ပင်းကို လှမ်းဆန့်လိုက်ပြီး မုန့်ယွင်လော်နှင့် တခြားသူများကလဲ နောက်မှ လိုက်ကြည့်လိုက်ကြသည်။ ဣန္ဒြေဆယ်ထားသည့် ချောင်ဝမ်ပင်လျှင် လှမ်းကြည့်လာခဲ့သည်။

လီဟောက်က ငြိမ်ငြိမ်သက်သက်လေး ရပ်နေဆဲဖြစ်ကာ မသိမသာ ဦးညွှတ်နှုတ်ဆက်လိုက်သည်ကို တွေ့လိုက်ရတော့သည်။ “စူးကျောင်းရုံက လွန်ခဲ့တဲ့ ၂ ရက်တုန်းက အိပ်မက်ဆိုးတွေ မက်ခဲ့လို့ စိတ်မတည်မငြိမ် ဖြစ်နေတာပါ။ ဒီနေ့ နန်းတော်ထဲမှာ သူ့ရဲ့ မလေးမစား အပြုအမူကြောင့် စတုတ္ထသခင်မလေးလုက အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။ ကျွန်တော်က စူးကျောင်းရုံကိုယ်စား စတုတ္ထသခင်မလေးလုကို တောင်းပန်ပါတယ်”

လူအများ “...“

...

All Chapters