အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အခန်း ၁၈၁ ။ နှလုံးအင်းကွက်ကျောက်တုံး
"အဲဒါ... အဟမ်း" လန်ဟွား ချောင်းဟန့်လိုက်တယ်။
"သူတို့ ပုံရိပ်ယောင်တွေ လွှမ်းမိုးတာမခံရတာ ကောင်းပါတယ်"
ရှန်းရင် ။ ။ "ဟီးဟီး..." ရုတ်တရက် သူတို့ကိုလာမကယ်ချင်မိတော့သလိုပဲ။
"မင်းတို့က ဘယ်သူလဲ" ဓားကိုဆွဲထုတ်ပြီးကာစ ယောက်ျားနှစ်ယောကိက အဝေးမှာရပ်နေတဲ့ လူသုံးယောက်ကို လှည့်ကြည့်ပြီး အမူအရာတွေ ခက်ထန်သွားတယ်။
"ဟမ့် မင်းတို့တွေ ဘယ်ချိန်အလျှော့ပေးရမလဲ မသိဘူးပဲ အခု မင်းတို့က လူသုံးယောက်အဖြစ်တောင် ပြောင်းသွားပြီပေါ့"
ကူယွဲ့ အေးစက်စက် နှာမှုတ်လိုက်တယ်။ သူ့ဓားကို တင်းတင်းဆုပ်ကိုင်ပြီး သူတို့ဆီ ဦးတည်ဖို့ ပြင်တော့တယ်။
"ခဏ" ယိချင်း သူ့ကို ပြန်ဆွဲထားလိုက်တယ်။
"သေချာအောင် အရင်လုပ်တာပေါ့"
ရှေ့တက်ပြီး သူ့ရှေ့ကလူသုံးယောက်ကို စစ်ဆေးလိုက်ပြီးတော့ ရှန်းရင်ဘက် လှည့်မေးလိုက်တယ်။
"ဆရာ နေ့လယ်စာဘာစားချင်လဲ"
ရှန်းရင် မချင့်မရဲဖြစ်သွားပြီး နှုတ်ခမ်းတွန့်ချိုးသွားတယ်။ သူမ ဖေဖေနျို့ဘက် လှည့်ကြည့်ပြီး အံကြိတ်ရင်းပြောလိုက်တယ်။
"အမတကြိုးကြာ"
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
ကောင်းပြီလေ သူမ ပြောတာ အမှန်ပဲ။
"မင်းဘယ်သွားတာလဲ၊ ဘာလို့ရောက်လာဖို့ အဲလောက်တောင်ကြာနေတာလဲ"
ကူယွဲ့ စိတ်သက်သာရာရကာ သက်ပြင်းချပြီး လျှောက်လာခဲ့တယ်။ သူ မျက်နှာမှာ ထုထောင်းခံရပြီး ယောင်ကိုင်းနေတဲ့ ချူရွှမ့်ကို မြင်ရတာ သိပ်ပြီးတော့အံ့ဩမနေပေမဲ့ လန်ဟွားကို မြင်ချိန် အံ့ဩတကြီးရေရွတ်လိုက်တယ်။
"သူ ဘာလို့ ဒီရောက်နေတာလဲ"
"ဒီကြက်ဆီသူငယ်ချင်းနှစ်ယောက် ခုမှပြန်ဆုံကြတာလေ" ရှန်းရင် ရှင်းပြလိုက်တယ်။
"ကြက်ဆီ" ဆိုတာ ဘာကြီးတုံး။
လန်ဟွားက သူတို့ရဲ့ စကားအသွားအလာကြောင့် အူကြောင်ကြောင် ဖြစ်နေပေမဲ့ လောလောဆယ်အခြေအနေကို ကြည့်ပြီး မမေးဘဲ ထားလိုက်တယ်။ ပန်းခင်းကို လက်ညှိုးထိုးပြီး သူကပြောလိုက်တယ်။
"ဒါက ပုံရိပ်ယောင်တောင်ကြားပဲ၊ ဒီပန်းတွေအားလုံးက စိတ်ထဲ ပုံရိပ်ယောင်အတုကို ဖန်တီးနိုင်တယ်၊ မင်းတို့ရဲ့တခြားတပည့်တွေအားလုံးက အထဲမှာပိတ်မိနေတာပဲ၊ သူတို့ကို မြန်မြန်ကယ်၊ ဒီမှာ ကြာကြာနေလွန်းရင် လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး"
လူနှစ်ယောက်ရဲ့ အမူအရာက မည်းမှောင်သွားခဲ့တယ်။ ယိချင်း မေးလိုက်တယ်။
"သူတို့နေရာတွေကို အသိပေးပါ"
"အနောက်တောင် မီတာ၃၀၊ အရှေ့ဘက်..." လန်ဟွား သူတို့ရဲ့နေရာအတိအကျကို မှတ်မိပြီးသားမို့ ဖြေလိုက်တယ်။
"အချိန်က မလောက်တာမို့ လူခွဲပြီးရှာ..."
သူ စကားမဆုံးခင် ယိချင်းက တစ်ဖက်လှည့်သွားပြီး သူ့ဓားထုတ်လိုက်တယ်။ ဓားချီတွေက ထွက်လာပြီး နဂါးကြီးတွေအဖြစ် ပုံစံဖွဲ့ကုန်တယ်။ နဂါးတွေက ဦးတည်ဖက်အမျိုးမျိုးဆီ ပြေးထွက်ကုန်ကြတယ်။ သူတို့နိုးထလာမှုနဲ့အတု မြက်တွေ၊ ပန်းတွေက အမြစ်ကျွတ်ကုန်ပြီး မြေကြီးတွေဖုန်မှုန့်တွေ လေထဲဝဲကုန်တယ်။ မြေလွှာတစ်ခုလုံး အပိုင်းပိုင်းဖြစ်ကုန်လေရဲ့။ အချိန်တခဏအတွင်း တိကျတဲ့ အရပ်မျက်နှာငါးခုနားကလွဲရင် ပန်းခင်းပြင်ကြီးတစ်ခုလုံးက ညစ်ပတ်တဲ့ကျက်တီးမြေအဖြစ် လျှော့ချခံလိုက်ရတယ်။
"ကျေးဇူးပါ" ယိချင်းက သူ့ဓားကိုဆင့်ခေါ်ပြီး ဂါရ၀ပြုလိုက်တယ်။
ချူရွှမ် ။ ။ "..."
လန်ဟွား ။ ။ "..."
ဒီဓားချီက... မင်း သူ့ကို ဧကရာဇ်ငယ်လို့ ခေါ်သေးတယ်ပေါ့ ဘယ်သူ့ကိုနောက်နေတာလဲ။ သူ နတ်ဆိုးအဖြစ် လေ့ကျင့်နေတဲ့နှစ်တွေအတွင်း အမတဘုံမှာ ဘာတွေဖြစ်သွားခဲ့တာလဲ။
ရှန်းရင်နဲ့ ကူယွဲ့က ထူးထူးခြားခြားဘာမှမဖြစ်သလိုမျိုး သူတို့တပည့်တွေဆီ လျှောက်သွားခေတယ်။ ပန်းခင်းက အခုလုံးဝဖျက်ဆီးခံလိုက်ရပြီး တပည့်တွေက သူတို့အိပ်မက်ကမ္ဘာကနေ နိုးထလာကြပြီ။
"ငါတို့ ဘယ်လိုမျိုး... ဒီအင်းကွက်ကို ဖျက်ဆီးရမလဲ"
ကူယွဲ့ မေးလိုက်တယ်။
သူတို့အခု ဘေးကင်းနေပေမဲ့ သူတို့ကယ်ဖို့လိုတဲ့ တခြားနေရာမှာပိတ်မိနေသူတွေရှိသေးတယ်။ ပြီးတော့ သူတို့က မူလဝိညာဥ်အဆင့်မှာ ပိတ်မိနေဆဲမို့ အင်းကွက် မပျက်စီးမချင်း သူတို့ကိုယ်ဆီ ပြန်လို့မရဘူး။
ရှန်းရင် တစ်ခဏ ရပ်သွားပြီးနောက်တော့ ချူရွှမ့်ကို နောက်လှည့်ကြည့်လာတယ်။
ချူရွှမ်ကြက်သီးထပြီး သိသမျှအားလုံး အမြန်ပြောပြလိုက်ရတယ်။
"အဲဒါက... တကယ်တော့ ပုံရိပ်ယောင်တောင်ကြားကလည်း အမတသုတ်သင်အင်းကွက်ထဲရှိတာမို့ နှလုံးသားအင်းကွက်ကျောက်တုံး... ကလည်း အနားက တစ်နေရာရာမှာပဲရှိလိမ့်မယ်"
ချူရွှမ်က ဒီလူတွေ ပုံရိပ်ယောင်တောင်ကြားကို အဲလောက်အလွယ်တကူ ရှင်းပစ်နိုင်မယ်လို့ မထင်မိခဲ့ဘူး။ သူတို့ အင်းကွက်ထဲ ဝင်လာခဲ့ပေမဲ အဲလောက်အကြာကြီးမှ ပိတ်မမိနေခဲ့တာ။
"ဒါဆို နှလုံးအင်းကွက်ကျောက်တုံးကို သွားရှာကြရအောင်"
ကူယွဲ့က ယွီဟုန့်ကို ညွှန်ကြားချက်တချို့ပေးပြီး သူတို့လမ်းမပျောက်အောင် အင်းကွက်တစ်ခု ဖန်တီးပေးလိုက်တယ်။ နောက်တော့ တပည့်အုပ်စုကိုဦးဆောင်ပြီး မြူခိုးတိမ်တိုက်တွေဆီ ဦးတည်ခဲ့တယ်။
"စကားမစပ်" ရှန်းရင် အတွေးတစ်ခု ရုတ်တရက်ပေါ်လာပြန်တာမို့ တန့်သွားခဲ့တယ်။
"သူဌေး၊ ဒီဆွဲကြိုး ပြန်ဝတ်လိုက်ပါဦး" သူ့ကြည့်ရတာ အဲမီးခိုးမည်းအလွှာကြီးနဲ့ဆို ပိုအူကြောင်ကြောင်နိုင်ချက်ပဲ။
လန်ဟွားက အံ့ဩတကြီးရပ်သွားခဲ့တယ်။ သူမက... တခြားအမတတွေသတိပြန်ရလာချိန် သူက နတ်ဆိုးဘုံကဆိုတာ သိသွားကြမှာ စိုးရိမ်နေတာလား။ သူ့စိတ်ထဲနွေးထွေးသွားခဲ့ပြီး ရင်းနှီးနေတဲ့ ခံစားချက်တစ်ခုက သူ့ကိုလွှမ်းမိုးသွားခဲ့တယ်။ သူ့လက်က သူ့အင်္ကျီလည်ထောင်ဆီ အလိုလို ရောက်သွားတယ်...။
ခဏနေပါဦး စိတ်ကောင်းရေ မလောစမ်းနဲ့။
Σ(°△°|||)
သူ့မှာ အမတကျောက်တုံးတွေ မရှိရင်တောင် သူ့အင်္ကျီတွေကို မကမ်းလှမ်းသင့်ပါဘူး
လန်ဟွား သူ့ကိုယ်သူ သတ်သေချင်သွားတယ်။ ရုတ်တရက် သူ ဝမ်းမြောက်စရာ အခိုက်အတန့် ရှာတွေ့ပြီး ချူရွှမ့်ကို လှမ်းဆွဲလိုက်တယ်။
"မင်း... ငါ့အပေါ်တင်နေတဲ့အကြွေးကို ပြန်ဆပ်ချင်တယ်မလား"
ချူရွှမ်က အပျော်လွန်သွားတာပေါ့။
"ဆရာ နောက်ဆုံးတော့... ကျွန်တော့်ကို အသိအမှတ်ပြုပြီပေါ့"
"မင်းမှာ သိုလှောင်အိတ်ပါလာလား" ချူရွှမ် စကားမဆုံးခင် လန်ဟွားက လက်ကိုကမ်းနေပြီ။
"ဟုတ်ကဲ့... ပါပါတယ်" ချူရွှမ် ကမ်းပေးလိုက်တယ်။
အဲတော့ နောက်အခိုက်အတန့်မှာတင် သူ့ကျေးဇူးရှင်က အိတ်ကိုဖွင့် အထဲကပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြီး ရှေ့က အမျိုးသမီးရှန်းလက်ထဲ ထိုးထည့်ပေးနေတာ မြင်လိုက်ရတယ်။ ပစ္စည်းတွေကိုထုတ်နေရင်း သူကပြောလိုက်သေး။
"ဒီပစ္စည်းတွေက ဘာတွေလဲ ငါမသိဘူး၊ ဒါပေမဲ့ ယူသွားလိုက် ယူသွားလိုက်" သူ့အင်္ကျီတွေကို ချွတ်စရာမလိုသရွေ့ပေါ့။
အိုးဟိုး ဒီတော့ ဒီသူဌေးမှာ အသုံးဝင်တာရှိသားပဲ။
ကူယွဲ့မျက်လုံးတွေ တောက်ပသွားတယ်။ သူ့ဝတ်ရုံထဲက အိတ်အလွတ်တစ်လုံး ထုတ်ပြီး ရှန်းရင်ကို ကမ်းပေးလိုက်တယ်။
"လာ ရှန်းရင် ဒီအိတ်ကိုသုံး"
ယိချင်း ။ ။ "..."
တပည့်အားလုံး ။ ။ "..."
ချူရွှမ် ။ ။ "..." သူ့စိတ်ထဲ အတော်လေးနာကျင်နေပေမဲ့ သူစကားမပြောနိုင်ဘူး။
ပြောရရင် ဧကရာဇ်တွေက ချမ်းသာတယ်လေ။ လန်ဟွားက အိတ်ထဲကပစ္စည်းတွေကို တစ်နာရီနီးပါး ထုတ်နေပြီးမှ ဈေးကြီးတဲ့ပစ္စည်းတွေ အကုန်ကုန်သွားတယ်။
"ဧကရာဇ်... ဧကရာဇ်..." ချူရွှမ် သူကိုင်ထားတဲ့ သိုလှောင်အိတ်အလွတ်ကို မယုံကြည်နိုင်စွာ ကြည့်နေပြီးမှ ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားခဲ့တယ်။
"ဒီရှန်း... ကြီးမြတ်တဲ့နတ်ဒေဝါနဲ့က ခင်ဗျားနဲ့ ဘယ်လိုပတ်သက်တာလဲ"
"သူက ငါ့စိတ်နှလုံးကောင်းလေ၊ မပြောနိုင်ဘူးလား"
"စိတ်နှလုံး... ကောင်းလား" ချူရွှမ် အလိုလို သူ့ယောင်ကိုင်းနေတဲ့နျက်နှာကို ထိမိလိုက်တယ်။
"စိတ်နှလုံးကောင်းဖြစ်ပြီး... နတ်ဆိုးနှလုံးသား မဟုတ်တာ သေချာရဲ့လား"
"..."
————————
သူတို့အုပ်စုက မီးခိုးမြူတိမ်ကြီးဆီ လျှောက်လာခဲ့တယ်။ ပန်းတချို့ကလွဲရင် သူတို့ ဘာအန္တရာယ်မှ မတွေ့ဘူး။ တစ်နာရီနီးပါး လမ်းလျှောက်ပြီးတဲ့နောက် အင်းကွက်အစီအရင်တွေမှာ ကျွမ်းကျင်တဲ့ တစ်ဦးတည်းသောလူကူယွဲ့က ရုတ်တရက် ခြေလှမ်းတွေ ရပ်တန့်သွားခဲ့တယ်။
"အင်းကွက်အစီအရင်ရဲ့ ဗဟိုက ငါတို့ရှေ့နားလေးမှာတင်ရှိနေတာ" သူက အရှေ့ကို လက်ညှိုးထိုးပြတယ်။
ယိချင်းက လေသိုင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။ ချက်ချင်း လေပြင်းတစ်ချက် ပေါ်လာပြီး မီးခိုးထူကြီးကို မှုတ်ထုတ်လိုက်တော့ ကျောက်စားပွဲတစ်ခု ပေါ်လာတယ်။ အဲအပေါ်မှာတော့ အင်းကွက်ပုံရိပ်အမျိုးမျိုးဝိုင်းနေတဲ့ တလက်လက် တောက်ပတဲ့ ရွှေရောင်ဓမ္မအဆောင်တွေရှိနေတယ်။ အင်းကွက်ပုံရိပ်တွေကနေ အနီရင့်ရင့်အရည်တွေ စီးကျလာပြီး မြေကြီးထဲစိမ့်ဝင်သွားခဲ့တယ်။
လူတစ်ယောက်က အင်းကွက်အလယ်မှာ မျက်စိမှိတ်ထားလျက်သား တင်ပျဉ်ခွေထိုင်နေတယ်။ သွေးတွေက သူ့လက်ထဲက ခြစ်ရာကနေ အဆက်မပြတ်စီးကျနေလေရဲ့။
"ချန်ကော" ကူယွဲ့က အံ့ဩတကြီး ရေရွတ်လိုက်တယ်။ သူ ဘာလို့ ဒီရောက်နေတာလဲ။ ပြီးတော့ မူလဝိညာဉ်တင်မဟုတ်ဘူး၊ ခန္ဓာကိုယ်အစစ်ကြီးက ငုတ်တုတ်ထိုင်နေတာ။
"ဘာဖြစ်နေတာလဲ" လန်ဟွားက ချူရွှမ့်ကို လှည့်ကြည့်လိုက်တယ်။
ချူရွှမ့်မျက်လုံးထဲက အမူအရာတွေက အင်းကွက်အလယ်ကလူကို ကြည့်တဲ့ချိန် အငြိုးတချို့ ပါဝင်နေဆဲပဲ။ သူက မကျေမချမ်းတဲ့လေသံနဲ့ပြောတယ်။
"ဒီအင်းကွက်က နဂိုက သူ့သွေးကို ဓာတ်ကူပစ္စည်းအဖြစ် သုံးပြီးခင်းခဲ့တာ၊ ဒါကြောင့် သူ့ကိုယ်က အင်းကွက်အလယ်ကို ထိန်းထားတဲ့အရာပဲ" တကယ်လို့ အားလုံး ချောချောမွတ်မွတ်ဖြစ်ခဲ့ရင် အင်းကွက်က သူ့ကိုယ်ခန္ဓာ နောက်ဆုံးသွေးစက် ကုန်ခမ်းပြီး မသေမျိုးချီတွေအားလုံး လုံးဝပျောက်ကွယ်သွားတာနဲ့ ပျောက်ကွယ်သွားမှာ။ ပြီးတော့ ချန်ကောက အင်းကွက်ထဲ အဆင့်မြင့်ဆုံးကျင့်ကြံဆင့်နဲ့လူမို့ သေချာပေါက် အင်းကွက်အလယ်ဗဟိုမှာရှိနေဖို့ အသင့်တော်ဆုံးပဲ။
"သူက အင်းကွက်နဲ့တစ်သားတည်း ဖြစ်နေပြီ၊ သူ့ကိုယ်က အင်းကွက်ရဲ့ထိန်းချုပ်တာခံထားရတာ၊ သူ့မူလဝိညာဉ်က သူ့ကိုယ်ထဲမှာ မဟုတ်ဘူး၊ နှလုံးအင်းကွက်ကျောက်တုံးက သူ့ခြေထောက်အောက်မှာ၊ အင်းကွက်ကို ဖျက်ဆီးဖို့ သူ့ကိုအနိုင်ရဖို့လိုတယ်"
"နှလုံးအင်းကွက်ကျောက်တုံးထဲက သူထွက်လာအောင် နည်းစဉ်းစားလို့မရဘူး" သူ ရှန်းရင်ကို ခပ်ရှိန်ရှိန် ကြည့်ရင်း ဆက်ပြောလိုက်တယ်။
"အဲဒါကြောင့်... ဖျက်ဆီးလို့မရဘူးလို့ ကျုပ်ပြောတာ၊ တကယ်လို့ ဖျက်ဆီးချင်ရင် သူနဲ့တိုက်ခိုက်ရမယ်၊ ခင်ဗျားတို့ထဲကတစ်ယောက် ဒဏ်ရာရရင်ရ မဟုတ်ရင်သေပါသေနိုင်တယ်၊ သူက ခင်ဗျားတို့ ဖုန်းချန့်အဇဋာဧကရာဇ်လေ၊ ထိခိုက်အောင် မလုပ်ချင်မှာ သေချာ... ဟမ် ဟင်"
သူ စကားမဆုံးခင် ယိချင်းနဲ့ ကူယွဲ့က ဓားတွေနဲ့ ပြေးထွက်သွားပြီ။ သူတို့ ချန်ကောဆီ ဓားမလွှဲချခင် တုံ့ဆိုင်းမှု အရိပ်အယောင်မပြ။ တစ်ပြိုင်နက်တည်းမှာပဲ အင်းကွက်ထဲက ချန်ကောက မျက်လုံးဖွင့်လာတယ်။
သူ့အကြည့်မှာ အာရုံစိုက်မှုမရှိ။ သူတို့နဲ့တိုက်ခိုက်နေတဲ့ သူ့လှုပ်ရှားမှုတွေက သစ်သားရုပ်လိုပဲ ခပ်တောင့်တောင့်ကြီး။
ကံကောင်းတာပဲ သူတို့ ဒီငနာကို ထုထောင်းချင်နေတာ တော်တော်ကြာပြီ
ချူရွှမ် ။ ။ "..."
စိတ်အာရုံလွဲတာပဲလား။ ဒီဓားအမတနှစ်ယောက်က တိုက်ခိုက်ဖို့စိတ်အားထက်သန်နေတယ်လို့ သူဘာလို့ခံစားရတာပါလိမ့်။ ဖုန့်ချန်တိုက်ကြီးကလူတွေက သူတို့ ဧကရာဇ်ကို လေးစားကြတယ် မဟုတ်လား။
...
အခန်း ၁၈၂ ။ ဧကရာဇ်နေရာ လစ်ဟင်းမှု
ရှန်းရင်တို့အုပ်စု အင်းကွက်ဖျက်ဆီးပြီး ဒုတိယနေ့မှာ ကောင်းကင်အလွန်မှ ကောင်းကင်များဆီကနေ ထွက်လာခဲ့တယ်။ သူတို့တွေ ဧကရာဇ်တွေအားလုံး သတိပြန်ရလာတာနဲ့ ချူရွှမ့်ကို ချန်ကောဆီ ချက်ချင်းအပ်ခဲ့လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက တိုက်ကြီးနှစ်တိုက်နဲ့ဆိုင်ပြီး ဝူတိဂိုဏ်းက ဖုန့်ချန်တိုက်ကကိုး။ ချူရွှမ်က တိုက်ကြီးနှစ်ခုကြား ရန်စပျိုးဖို့ အမတသုတ်သင်အင်းကွက်ကို စီရင်ခဲ့တာပဲ။ ဒါကြောင့် ဖြေရှင်းဖို့ ဧကရာဇ်လည်းဖြစ်တဲ့ချန်ကောဆီ လွှဲခဲ့တာ အကောင်းဆုံးပဲ။
ချူရွှမ်က ကိစ္စကို သေချာလက်ခံပြီး ချန်ကော သူ့ကိုယ်ထဲက မသေမျိုးချီတွေကို ချိတ်ပိတ်လှောင်လိုက်ချိန် ဘာတွန်းလှန်မှုမှမရှိဘူး။
ရှန်းရင်ရှိနေလို့ပဲလား၊ ချန်ကော သူ့ကို ဘာမှမလုပ်ရဲဘူးဆိုတာ သေချာလို့ပဲလို့တော့ ဘယ်သူမှ သေချာမသိဘူးပေါ့လေ။ သူက ဘယ်လိုပဲဖြစ်ဖြစ် ဟယ်ချွမ်ရဲ့အုပ်ချုပ်သူပဲ။ သူ့သေဆုံးမှုက တိုက်ကြီးနှစ်ခုကြားတိုက်ပွဲဖြစ်စေလိမ့်မယ်။
သူတို့ ချန်ကော ကိစ္စကိုဘယ်လိုဖြေရှင်းမလဲ မသိပေမဲ့ အချိန်အတော်ကြာ အလုပ်ရှုပ်နေမယ်ဆိုတာတော့ သေချာတယ်။
ကိစ္စတွေအပေါ် မကျေမချမ်းဖြစ်နေသေးတဲ့ တခြားဧကရာဇ်တွေလိုမဟုတ်ဘဲ ကူယွဲ့ကတော့ ဒီလိုတိုင်းပြည်ရေးအရှုပ်အရှင်းတွေကို စိတ်မဝင်စားဘဲ သူ့တပည့်အုပ်စုတွေနဲ့ပြန်လာခဲ့တယ်။ သူတို့ရဲ့ အမတရွက်လှေက ကောင်းကင်အလွန်မှကောင်းကင်များအဝင်ဝဆီ ရောက်ကာစ ဝင်ပေါက်ကနေ မှုန်ပျပျအလင်းတန်းတစ်ခု ဆင်းလာပြီး လူတစ်ယောက် သူတို့ဆီ ပြေးလာတာကိုမြင်လိုက်ရတယ်။
"ခဏစောင့်ပါဦး" ဒါချန်ကောပဲ။ သူက အမြန် ပြေးလာပြီး ရွက်လှေရှေ့ရပ်လိုက်တယ်။
"ဂိုဏ်းချုပ်ရှန်းနဲ့ အကြီးအကဲတို့၊ ဘာလို့ပြန်တော့မယ်ဆိုတာ အသိမပေးရတာလဲ၊ ကျုပ်လိုက်ပို့လို့ရမှာကို"
ကူယွဲ့ ယောင်ကိုင်းနေဆဲ ချန်ကောမျက်နှာကို တစ်ချက်ကြည့်ပြီး အလိုလို မျက်နှာလွှဲမိလိုက်တယ်။ လက်ကိုယမ်းပြီး သူ ရွက်လှေရဲ့ အကာအကွက်အင်းကွက်ကို ဖြည်လိုက်တယ်။ နောက်တော့ သူ ဂါရ၀ပြုလိုက်ရတာပေါ့။
"အဇဋာဧကရာဇ် ဘယ်လိုဖြစ်လို့ ရောက်လာတာပါလိမ့်"
"ခင်ဗျားတို့အားလုံးက ကျုပ်မိတ်ဆွေဟောင်းတွေပဲ၊ ခင်ဗျားတို့ပြန်ပြီဆို ကျုပ် သေချာပေါက် လိုက်ပို့ပေးရမှာပေါ့" ချန်ကောက ပြောရင်း ရွက်လှေပေါ်ဆင်းလာတယ်။ သူက သူ့ရှေ့ကလူ သုံးယောက်ကို လှည့်ကြည့်ပြီး ပြုံးသွားတယ်။ ဒါပေမဲ့ ဒီအပြုအမူက သူ့နှုတ်ခမ်းပေါ်က ရှရာကို ပြဲသွားစေလို့ နာကျင်မှုကြောင့် အပြုံးပြန်တည်လိုက်ရတယ်။
ကူယွဲ့နဲ့ ယိချင်းနှစ်ယောက်လုံး ကောင်းကင်ကို မော့ကြည့်လိုက်ကြတယ်။ အာ ဒါက သူတို့နဲ့ ဘာမှမဆိုင်ဘူးနော်။
"ဂိုဏ်းအကြီးအကဲ၂ယောက်ကြောင့် ကျုပ်နဲ့တခြားဧကရာဇ်တွေ အမတသုတ်သင်အင်းကွက်ထဲက ဘေးကင်းရန်ကင်း ထွက်ပြေးနိုင်တာပါ"
ချန်ကောက တလေးတနက် ကျေးဇူးတင်လာပြီး သူ့မျက်နှာပေါ် ကျေးဇူးတင်တဲ့အကြည့်နဲ့။
သုံးယောက်သား ။ ။ "..."
သူတို့ ရှင်းပြမရတဲ့ အပြစ်ရှိသလိုခံစားချက် ခံစားလိုက်ရတယ်။
သူတို့ အရင်ကလိုမျိုး သူက နန်းတော်အခြွေအရံတစ်သိုက်နဲ့ အမြဲအဖော်ပြုနေကျလိုမျိုး မဟုတ်ဘဲ တစ်ယောက်တည်း လိုက်လာတာ နားလည်လိုက်ရတယ်။
"အဟမ်း... အာ အဇဋာဧကရာဇ်က ကြင်နာလွန်းနေပါပြီ၊ ကျုပ်တို့က ဖုန့်ချန်ရဲ့ တိုင်းသူပြည်သားတွေအနေနဲ့ တာဝန်လုပ်ခဲ့ရုံပါ၊ ပြီးတော့... အင်းကွက်ကိုဖျက်ဆီးခဲ့တာ အဇဋာဧကရာဇ် မဟုတ်လား"
ယောင်ကိုင်းနေတဲ့ မျက်နှာနဲ့ ချန်ကောကလွဲရင် လူတိုင်း အင်းကွက်ထဲကနေ ပွန်းပဲ့ရာမရှိ ထွက်လာတာ။ ဒါက အလွယ်တကူ ရှင်းပြလို့မရတာမို့ ကူယွဲ့နဲ့ယိချင်းက လူတိုင်းကို အင်းကွက်က ချန်ကောဖျက်ဆီးတာ ခံလိုက်ရတာလို့ပဲ ပြောဖို့ဆုံးဖြတ်လိုက်ကြတယ်။ သူတို့တွေက သူ့ရဲ့ အကူတွေပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ တိုက်ခိုက်နေတဲ့အတောအတွင်း သူ့မူလဝိညာဉ်က သူ့ကိုယ်ထဲမှာမှ မဟုတ်တာ။ သူ မသိလောက်ပါဘူး... လို့မျှော်လင့်ရတာပဲ။
"အမတရောင်းရင်းကူယွဲ့က ကျုပ်စွမ်းရည်ကို ချီးကျူးလွန်းနေပါပြီ"
ချန်ကောက သက်ပြင်းချပြီး ကျေးဇူးတင်တဲ့အမူအရာနဲ့ ပြောလာတယ်။
"တခြားဧကရာဇ်တွေက အမှန်မသိပေမဲ့ ကျုပ်သိပါတယ်"
"ဘာလဲ" ကူယွဲ့ ရင်ထိတ်သွားတယ်။ အဲတုန်းက ချန်ကောက မူလဝိညာဉ် ပျောက်ဆုံးနေတာမဟုတ်ဘူးလား။ သူက ဒီကိုလက်စားချေဖို့ ရောက်လာတာလား။
"အဲအချိန်တုန်းက ကျုပ်မူလဝိညာဉ်က ကိုယ်ခန္ဓာထဲက ထွက်သွားတာလေ၊ ကျုပ် လှုပ်လို့မရတော့တာမို့ ဘယ်လိုလုပ် အင်းကွက်ကိုဖျက်ဆီးပြီး ဧကရာဇ်တွေကို ကယ်နိုင်ပါ့မလဲ"
ချန်ကောက သက်ပြင်းချလိုက်ပြန်တယ်။ လေးလေးနက်နက်စိတ်ရင်းအကြည့်နဲ့ သူကပြောလာတယ်။
"ဒါကြောင့်... ခင်ဗျားတို့နှစ်ယောက်က အင်းကွက်ကိုဖျက်ဆီးပြီး အင်းကွက်ထဲ ကျုပ်ခန္ဓာကိုယ်ကို ကာကွယ်ခဲ့တဲ့သူတွေပဲ ဖြစ်ရမယ်မလား"
အားလုံး ။ ။ "..." ခင်ဗျားဦးနှောက်ထဲမှာ အပေါက်ရှိနေတာ တခြားအမတတွေသိကြလား။
"ခင်ဗျားတို့က တခြားဧကရာဇ်တွေရှေ့ ကျုပ်ရပ်တည်မှုမြှင့်တင်ဖို့ လုပ်ပေးခဲ့တာပဲ၊ အဲဒါကြောင့် အင်းကွက်ကို ဖျက်ဆီးခဲ့တဲ့သူက ကျုပ်လို့ ခင်ဗျားပြောခဲ့တာပေါ့"
ချန်ကောက ယုံကြည်ချက်အပြည့်နဲ့ ပြောလာတယ်။
"ဟားဟားဟား..." ကူယွဲ့ အားရပါးရ ရယ်လိုက်ပြီး ရှက်ရွံ့မှုတစ်စက်မရှိ ဖြေတော့တယ်။
"ကြည့်ရတာ ခင်ဗျားမျက်စိထဲက ဘာမှမလွတ်မြောက်နိုင်ပုံပဲ"
ယိချင်း ။ ။ "..."
ရှန်းရင် ။ ။ "..."
ဒီလောက်မျက်နှာပြောင်တိုက်တဲ့ပုံစံက တကယ့်ကိုစီးပွားရေးသမားတစ်ယောက်ဆိုတာ သံသယမရှိဘူး
"ကျုပိတို့ မတွေ့တာကြာပြီဆိုတော့ သွေးအေးသွားကြပြီထင်နေတာ" ချန်ကောက ခေါင်းယမ်းလိုက်တယ်။
"အရေးအကြီးဆုံးအချိန်မှာ ကျုပ်ဆီလာကူမဲ့သူတွေက ခင်ဗျားတို့ ဖြစ်မယ်လို့ တစ်ခါမှမတွေးဖူးဘူး၊ ဒါက ခင်ဗျားတို့နှစ်ယောက် ကျုပ်ကိုကယ်ခဲ့တာ ဒုတိယအကြိမ်ပဲ၊ ကျုပ်... လေးလေးနက်နက် ကျေးဇူးတင်မိပါတယ်" သူက ကိုယ်ကိုကိုင်းပြီး သူတို့သုံးယောက်ကို လေးလေးနက်နက် ဂါရ၀ပြုလာတယ်။
ကူယွဲ့က ရုတ်တရက် ချန်ကောအပေါ် အရမ်းကို ကလိမ်ကျလွန်းရာရောက်နေတယ်လို့ ခံစားလိုက်ရတယ်။
"မလိုပါဘူး အဇဋာဧကရာဇ်၊ ဒါ... ကျုပ်တို့တာဝန်ပါ" ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင် အင်းကွက်ထဲပိတ်မိနေခဲ့တာလေ။ ပြီးတော့ ဝူတိဂိုဏ်းက ဖုန်းချန့်ရဲ့တစ်စိတ်တစ်ပိုင်းပဲလေ။
ချန်ကောက ပိုပြီးတောင် စိတ်ခံစားချက်လွယ်လာပါတယ်။ နောက်တော့ တစ်စုံတစ်ရာကို ပြန်မှတ်မိသွားတဲ့ပုံစံနဲ့ သူကမျက်မှောင်ကြုတ်လိုက်တယ်။
"အမတပြိုင်ပွဲမှာ တကယ်ပဲပြဿနာရှိခဲ့တယ်၊ ဟွေ့လင်... သူ့ကိုစည်းကမ်းမတင်းကြပ်မိတာ ကျုပ်အမှားပါ၊ သူ့ရဲ့ ဗိုလ်စွဲသူဘွဲ့ကို ပြန်ရုပ်သိမ်းပြီး တစ်ယောက်တည်း နှစ်တစ်ရာလောက် ဂူအောင်းလေ့ကျင့်ဖို့ အမိန့်ပေးပြီးပြီ၊ ကျုပ်လည်း သူ ပြိုင်ပွဲကိုဘယ်လိုအနိုင်ရခဲ့လဲဆိုတာ သိရအောင် စုံစမ်းမှုလုပ်ပါ့မယ်"
ဒီလိုပြောပြီး သူကလက်ကိုယမ်းလိုက်တော့ အမတဓမ္မလက်နက်က ချက်ချင်း သူတို့ရှေ့ မျောလွင့်လာတယ်။ ဒါက မြေအမတပြိုင်ပွဲဗိုလ်စွဲသူကို ပေးတဲ့ ဆုပဲ။
"ဒါကျုပ်အပိုင်းမှာ လစ်ဟင်းမှုပါ၊ ကျုပ်တပည့်ရဲ့ လုပ်ရပ်မှားတွေကို သတိမထားမိဘဲ ဘက်လိုက်မိခဲ့တယ်၊ ဒါနဲ့ပတ်သက်ပြီး ကျုပ်ကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
ကူယွဲ့ တိတ်သွားပြီး ဘာဖြေရမလဲမသိတော့ဘူး။
ရှန်းရင် ချန်ကောဆီက ဓမ္မအသုံးအဆောင်ကို လှမ်းယူပြီး သူ့ကိုကျေးဇူးတင်လိုက်တယ်။
"မစိုးရိမ်ပါနဲ့၊ စိတ်ထဲမထားဘူး"
နောက်တော့ သူမနောက်က ခရမ်းရောင်ဝတ်ရုံနဲ့တပည့်ဆီ လှမ်းပစ်ပေးလိုက်တယ်။
"ခရမ်းလေး၊ ဒါနင့်အပိုင်ပဲ"
နဂိုက မြေအမတအုပ်စုရဲ့ဒုတိယနေရာ တပည့်က အလိုလိုလှမ်းဖမ်းမိသွားတယ်။ အနည်းငယ် ကြောင်အမ်းနေရင်း သူမက ပြောလာတယ်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်" ဒီဆုက ဂိုဏ်းချုပ်ပေးတာပဲ ပျော်လိုက်တာ။
"ဂိုဏ်းချုပ်ရှန်းက တကယ်သဘောထားကြီးလှပါတယ်၊ ချန်ကောကျေးဇူးတင်ပါတယ်" ချန်ကော သူတို့ကိုဂါရ၀ပြုပြီး ကူယွဲ့နဲ့ စကားစမြည်ပြောလိုက်တယ်။ နောက်တော့ ယိချင်းဘက်လှည့်သွားတယ်။
"တကယ်တော့ ကျုပ်မှာ အမတရောင်းရင်းယိချင်းကို တောင်းဆိုစရာရှိပါတယ်"
ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ သူ ချန်ကော ဘာကြောင့် အဲလောက်ဖော်ရွေလဲ သိချင်နေတာ။
"ဘာအကူအညီများပါလဲ" ယိချင်းက မေးလာတယ်။
ချန်ကောက ချိပ်တစ်ခုပုံစံ ပစ္စည်းအဖြူလေးတစ်ခုထုတ်ပြီး ဆက်ပြောလာတယ်။
"ဒါက ချုံးလန်တိုင်းပြည်ရဲ့ အမတချိပ်ပါ၊ ကောယိုးက ဖုန့်ချန်ကိုသစ္စာဖောက်သွားတော့ သေချာပေါက် ဧကရာဇ်ဖြစ်ဖို့ အခွင့်အရေး မရှိတော့ဘူး၊ ယိချင်းက ချုံးလန်မှာ အဆင့်မြင့်ဆုံး ကျင့်ကြံဆင့် ရှိတာဆိုတော့ အုပ်ချုပ်သူအနေနဲ့ ကောယိုးအစား နေရာဝင်ယူပေးဖို့ တောင်းဆိုချင်ပါတယ်"
"အုပ်ချုပ်သူ"
ကူယွဲ့နဲ့ တခြားတပည့်တွေ မှင်တက်ကုန်တယ်။
သူ ကိစ္စသေးသေးမွှားမွှားမဟုတ်ဘူးဆိုတာတော့ ခန့်မှန်းထားပြီးသား။ ချန်ကောက ယိချင်းကို ဟယ်ချွမ့်ကို တိုက်ခိုက်မှုမှာ ကူညီပေးခိုင်းမယ်လို့ပါ တွေးမိခဲ့သေးတယ်။ ယိချင်းက သူ့အရည်အချင်းနဲ့ဆို ကောယိုးနဲ့ လက်ရည်တူတာ သေချာတယ်။ ချန်ကောက ယိချင်းကို ချုံးလန်ရဲ့အုပ်ချုပ်သူအနေနဲ့ အကူအညီတောင်းလာမယ်လို့တော့ ဘယ်တုန်းကမှ မခန့်မှန်းဖူးဘ။
"အမတရောင်းရင်းယိချင်းက ဧကရာဇ်ငယ်တစ်ပါးဖြစ်သလို ဓားကျင့်ကြံသူလေ၊ ချုံးလန်မှာ ခင်ဗျားလောက် အင်အားကြီးသူမရှိဘူး၊ ဒါကြောင့် ခင်ဗျားက အကောင်းဆုံး..."
"မရဘူး"
"ဘယ်လို" ချန်ကောက သူ့ငြင်းဆန်မှုကြောင့် အံ့ဩသွားတဲ့ပုံ။
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့..." ယိချင်းက လေးနက်စွာဖြေလာတယ်။
"အဲကျရင် ဆရာ့အတွက် ဟင်းချက်ပေးဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး"
ချန်ကော ။ ။ "..." သောက်ကျိုးနည်း
ကူယွဲ့ ။ ။ "..." မင်းက အကျိုးနည်း အမတစားဖိုမှူးပဲ။
ရှန်းရင် ။ ။ "..." စားဖိုမှူးကောင်းပဲ။
ကူယွဲ့ နှုတ်ခမ်းတွေ စိတ်ကုန်မှုကြောင့် တွန့်ချိုးသွားခဲ့တယ်။ သက်ပြင်းချပြီး သူ ယိချင်းကိုယ်စား ဖြေလိုက်တယ်။
"ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အုပ်ချုပ်သူအသစ်ကိစ္စက အရေးပါဆုံးပါ၊ ကျင့်ကြံဆင့်မြင့်တိုင်း အဲရာထူးကို ယူနိုင်တာမဟုတ်ပါဘူး၊ ယိချင်းက လေလွင့်ကျင့်ကြံသူ ဖြစ်ခဲ့ဖူးတာမို့ အုပ်ချုပ်ရေးအတွက် မသင့်တော်မှာစိုးရိမ်ပါတယ်"
ယိချင်းသာ အဲရာထူးယူရင် တရားဝင် အုပ်ချုပ်သူဖြစ်လာမှာဆိုပေမဲ့ ဆရာတပည့်နှစ်ယောက်ရဲ့ ငကြောင်စရိုက်တွေအရ နောက်ဆုံး ညစ်ပတ်တဲ့အလုပ်ကို သူပဲလုပ်ရမှာ။
ဝူတိဂိုဏ်းထဲက ကျင့်ကြံသူအမတနှစ်ရာကို ဂရုစိုက်ရတာနဲ့တင် သူ့အားကုန်နေပြီ။ တကယ်လို့ တိုင်းပြည်တစ်လုံးသာ အုပ်ချုပ်ရရင်... ဟီးဟီး... သူအသက်တိုချင်စိတ်လုံးဝမရှိဘူး
ဒီတောင်းဆိုချက်ကို ငြင်းရမယ်။
"ခင်ဗျားတို့အားလုံးက မြင့်မြတ်တဲ့စိတ်ထားရှိပြီး ဂုဏ်သတင်းနဲ့အာဏာကို ဘာမှစွဲလမ်းမှုမရှိတာ သိပါတယ်၊ ဒါပေမဲ့..." ချန်ကောကြည့်ရတာ ဇဝေဇဝါဖြစ်နေပုံ။ သူ့မှာရွေးစရာမှ မရှိတာ။ ချုံးလန်ကအုပ်ချုပ်သူလိုတယ်။ ပြီးတော့ သူတို့က အသင့်တော်ဆုံးပဲ။
"အဲလိုဆိုမှတော့..." ကူယွဲ့မျက်လုံးက တောက်ပသွားပြီး အကြံပြုလာတယ်။
"တစ်ယောက်ယောက်ကို ထောက်ခံပေးလို့ရမလား"
"တကယ်လား"
ချန်ကောရဲ့ မျက်လုံးတွေက မျှော်လင့်တကြီး တောက်ပကုန်တယ်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်" ကူယွဲ့က အားပါးတရခေါင်းညိတ်ပြလာတယ်။
"သူက အကောင်းဆုံးရွေးချယ်မှုပဲ"
"ကျုပ် အမတရောင်းရင်း ကူယွဲ့ရဲ့ အကဲဖြတ်မှုကို ယုံကြည်ပါတယ်၊ သူက ဘယ်သူများပါလဲ"
"သူက..."
***
မိုင်အနည်းငယ်အဝေးမှာတော့။
ဟက်ချိုး
သူ့မျိုးနွယ်စုဝင်တွေကို အိမ်ဆီ ခေါ်ဖို့လုပ်နေတဲ့ ရွှင်ရှူး ရုတ်တရက် အကျယ်ကြီးချေမိလိုက်တယ်။ သူ ဘာလို့ရုတ်တရက်ကြီး ကျောချမ်းလာမိတာပါလိမ့်။
...
အခန်း ၁၈၃ ။ စုပေါင်းစွမ်းအင်
လေးနာရီအကြာ။
အရပ်ဆယ်မျက်နှာရွက်လှေက နောက်ဆုံးတော့ ကောင်းကင်အလွန်မှကောင်းကင်များဆီက ထွက်ခွာလာခဲ့ပြီး ချုံလန်တိုင်းပြည်ဆီ ဦးတည်ခဲ့တယ်။
"ဟေး" ကူယွဲ့က ထိုင်ခုံပေါ်ခွေပြီး သစ်သီးတမြုံ့မြုံ့ဝါးနေတဲ့ရွှံ့တုံးကို တံတောင်ဆစ်နဲ့တွတ်လိုက်တယ်။
"မင်းဒီတစ်ကြိမ် ဘာဖြစ်တာလဲ၊ မင်းက မင်းနဲ့လုံးဝမတူတော့သလိုပဲ - မင်းက ချန်ကောနဲ့ သူ့တပည့်ကို အဲလောက်အလွယ်လေး ခွင့်လွှတ်ပေးခဲ့တာပဲ"
သူမကို စိတ်အနှောင့်အယှက်ပေးတဲ့လူတွေကို အဲလိုမျိုးပုံမှန် သဘောထားကြီးမြတ်လို့လား။
"ငါက သူတို့ကို ဘာလို့ခွင့်မလွှတ်ရမှာလဲ" ရှန်းရင်က သူ့ကိုသံသယနဲ့ကြည့်လိုက်တယ်။
"သူ ဘာအမှားလုပ်မိလို့လဲ"
"ပြောဖို့လိုလို့လား..." သူမရဲ့ မှတ်ဉာဏ်ချို့ယွင်းမှုက နောက်တစ်ကြိမ် ရောဂါထလာသလိုမျိုး ကြည့်လိုက်မိတယ်။
"သူဘာလုပ်ခဲ့လို့လဲ"
"သူ..." ကူယွဲ့ စကားပြောနေရင်း ရုတ်တရက်ရပ်သွားခဲ့တယ်။ ကြည့်ရတာ ချန်ကောက တကယ်ကို ဘာမှမလုပ်ခဲ့သလိုပဲ။ အဲအစား အကြောင်းရင်းမရှိ ကူယွဲ့နဲ့ယိချင်းတို့ ထုထောင်းတာပါ ခံလိုက်ရသေးတယ်။
"ဟွေ့လင်... အဲကောင်မစုတ်လေးကို... မင်း သည်းမခံနိုင်ဘူးထင်နေတာ"
"ငါ သူ့ကိုသည်းမခံနိုင်ဘူးလို့ ဘယ်သူပြောလဲ"
"မင်းငါ့ကိုနောက်နေတာပဲဖြစ်ရမယ်" ကူယွဲ့ သူမကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ သူမရဲ့ သူတော်ကောင်းလို စရိုက်က ဘယ်လိုလုပ် အခုမှ ပေါ်လာတာတုံး။
"ပင်မခန်းမမှာ သူ မင်းကို ဘာပြောခဲ့လဲမေ့သွားပြီလား၊ သူက မင်းဘယ်သူလဲဆိုတာကို အထင်မှားနေတာ အသိသာကြီး၊ နောက်တော့ တစ်ဦးတည်းသောမိန်းကလေးဧကရာဇ်ဖြစ်နေတာကို မနာလိုနေတာလေ၊ အဲဒါကြောင့် မင်းကိုစိန်ခေါ်ဖို့ကြိုးစားခဲ့တာပဲ၊ သူက မင်းကို အဇဋာဧကရာဇ်ရဲ့တပည့်ဆိုတဲ့ နာမည်နဲ့ ခြိမ်းခြောက်ဖို့ကြိုးစားတာလေ"
"ငါအဲဒါမမေ့သေးပါဘူး" ရှန်းရင်ကြည့်ရတာ ပျင်းနေတဲ့ပုံ။ သူမက လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူပြီး သောက်လိုက်တယ်။
"ပြီးတော့ ပြိုင်ပွဲအတွင်းမှာ သူက လူတိုင်းရှေ့ လိမ်ခဲ့တာလေ၊ တကယ်လို့ သူသာ ဆွဲကြိုးထဲကလူကို မမှီခိုခဲ့ရင်"
"အော်... ပြီးတော့"
"ပြီးတော့ ဘာဖြစ်လဲ" ကူယွဲ့ မျက်လုံးပြူးလိုက်တယ်။
"ကိစ္စနှစ်ခုရှိနေပြီကို မင်းက နည်းနည်းလေးတောင် ဒေါသမထွက်ဘူးပေါ့"
"ထွက်တယ်လေ"
"ဒါဆိုမင်း..." ကူယွဲ့ ခုတကယ်ကို ဇဝေဇဝါဖြစ်နေပြီ။
ရှန်းရ်ုက သူ့ကိုမော့ကြည့်ပြီး ဘေးက တခြားတပည့်တွေကို ကြည့်လိုက်တယ်။ ရုတ်တရက် သူမက ဝါးနေတဲ့ သစ်သီးကိုချပြီး သက်ပြင်းမောကြီးချလိုက်တယ်။ အလုပ်များလိုက်တာ။
"ဖေဖေနျို နင့်မျက်လုံးထဲ ငါက ဘယ်လိုလူစားလဲ" သူမက အသံကိုနှိမ့်ပြီး ရုတ်တရက်ကြီး အတော်လေး လေးနက်လာတယ်။
"ဟမ်" ကူယွဲ့ တန့်သွားပြီး ဘာကြောင့်ရှန်းရင်မေးတာလဲ သိချင်သွားတယ်။
"အဲလက်ဖက်စိမ်းမလေးက ငါ့ကို စော်ကားခဲ့တယ်ဆိုပေမဲ့ ငါသူ့ကို ပြန်ပေးဆပ်ခိုင်းပြီးပြီလေ၊ သူမက လိမ်ခဲ့တယ်ဆိုပေမဲ့ ပေါ်သွားပြီးတော့ ငါးဆားနယ်ကိုလည်း တောင်းပန်ပြီးပြီ၊ ပြန်ပြင်ဆင်ဖို့လည်း ကြိုးစားခဲ့တာပဲ၊ အပြစ်ပေးခံရတာ လုံလောက်နေပြီပဲ မဟုတ်လား"
"ဒါပေမဲ့..."
"နင်က ငါ့ကိုဘာလုပ်စေချင်တာလဲ၊ သူ့ခေါင်းကိုရိုက်ခွဲရမှာလား"
"..."
"ဒီကိစ္စနှစ်ခုကလွဲရင် တခြားဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်သေးဘူးမလား၊ တကယ်လို့ လူတစ်ယောက်က ပြိုင်ပွဲတစ်ခုမှာ ကလိမ်ကျပြီး တခြားတစ်ယောက်ကို အပေါက်ဆိုးတဲ့စကားတချို့ ပြောရုံနဲ့ သေရမယ်ဆိုရင် ကြောက်စရာမကောင်းလွန်းဘူးမလား"
ရှန်းရင်က လုံးဝကို တင်းမာနေတယ်။
"ငါ သူ့ကို သဘောမကျဘူး၊ စိတ်ရှုပ်စရာကောင်းပြီး ကြောင်သူတော်လို့ထင်တယ်၊ ဒါပေမဲ့ ငါသူ့ကို မကြိုက်တာနဲ့တင် သတ်လိုက်လို့မရဘူးလေ"
"..."
"နင့်မျက်လုံးထဲ ငါက... သားကောင်တစ်ယောက် ဘာစဉ်းစားလဲဆိုတာ ဂရုမစိုက်တဲ့ လူသတ်သမားတစ်ယောက်လား၊ တစ်ဖက်အမြင်ကို လက်မခံနိုင်တဲ့လူတစ်ယောက်လား"
"..."
"တခြားလူတွေကို စိတ်ရှုပ်စရာကောင်းတယ်လို့ လူတိုင်းတွေးခွင့်ရှိပေမဲ့ သူများတွေကို အကဲဖြတ်ဖို့ သူတို့ရဲ့ကိုယ်ပိုင် ကိုယ်ကျင့်တရားတွေကိုတော့ သုံးလို့မရဘူး" ရှန်းရင်က ဆက်ပြောတယ်။
"ဥပမာ ငါးဆားနယ်ကိုပဲကြည့် - နင် သူ့ကို ဝတ္ထုကြောင့် အစတည်းက မုန်းတာသိတယ်၊ ဒါပေမဲ့ တကယ်တမ်းကျ သူတစ်ခုခု အမှားလုပ်မိတာရှိလို့လား၊ အဇဋာဧကရာဇ်တစ်ပါးအနေနဲ့ သူ့လက်အောက်က ဧကရာဇ်တွေကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့တာပဲ၊ ဆရာတစ်ယောက်အနေနဲ့ သူ့တပည့်ကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့သလို တစ်ခုခုလွဲနေတာ သတိထားမိသွားချိန်မှာလည်း အခြေအနေကို ပြန်ပြင်ဖို့ ကြိုးစားခဲ့တယ်၊ သူ့ တပည့်ကို ကိုယ်တိုင် အပြစ်ပေးခဲ့တာပဲ၊ ငါတို့သိခဲ့တဲ့လူတစ်ယောက်အနေနဲ့ ဧကရာဇ်တွေ သူတို့ အမုန်းတရားတွေ ပျောက်အောင် ခြောက်ဖို့အတွက်နဲ့ ဆန်းကြယ်ဝိညာဉ်များနဲ့ အမတများတွေ့ဆုံပွဲဆီ ဖိတ်ခဲ့တယ်လေ၊ သူက ဝတ္ထုထဲက ဇာတ်လိုက်ဖြစ်တာကြောင့်နဲ့ ဒီအချက်တွေအားလုံးကို မျက်ကွယ်ပြုဖို့ရွေးသင့်လို့လား၊ သူလုပ်သမျှမှာ အကြံကြီးတဲ့ ရည်ရွယ်ချက်တွေရှိနေတယ်လို့ အတင်းလက်ခံထားသင့်လို့လား"
"..."
"ဖေဖေနျို... ငါဘယ်တုန်းက အဲလိုမျိုး အမြင်ကျဉ်းပြီး ဘာမှမသိနားမလည်တဲ့ အပျင်းခိုသူ ဖြစ်လာတာလဲ"
လှေပေါ်ကလူတိုင်း တိတ်ကုန်ကြတယ်။
ကူယွဲ့ အတော်လေး ဇဝေဇဝါဖြစ်နေတယ်။ ဒီတော့မှ သူ လွန်ခဲ့တဲ့နှစ်ရက်က ကောင်းကင်အလွန်မှကောင်းကင်များထဲ ဖြစ်ခဲ့တာတွေကို အမှန်တကယ် စသုံးသပ်မိတော့တယ်။ သူ ချန်ကောအပေါ်ထားမိတဲ့ အမြင်စောင်းမှုတွေကို ဘေးဖယ်လိုက်ရင် ကြည့်ရတာ... သူ တကယ်ပဲ သူတို့အပေါ် ဘာအန္တရာယ်မှမပြုခဲ့တာပဲ။ အဲအစား အစတည်းက သူက ဝူတိဂိုဏ်းဘက်မှာ ရှိခဲ့တဲ့ပုံ။ သူက ဧကရာဇ်တွေရဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး ဝူတိဂိုဏ်းကို ပြိုင်ပွဲကြီးမှာတောင် ဝင်ပါခွင့်ပေးသေးတယ်။
ရှန်းရင်က အဲမှာရှိနေပြီး တစ်ဂိုဏ်းလုံးက သူ့အမူအရာကို ဂရုတောင်မစိုက်ပေမဲ့ ချန်ကောက ဒါကိုမသိတာ အမှန်ပဲ။ သူက အမတသုတ်သင်အင်းကွက်အကြောင်းတောင် မသိဘူး။ တစ်လျှောက်လုံး ယိချင်းနဲ့ကူယွဲ့ကပဲ အင်းကွက်ကိုဖျက်ခဲ့တဲ့လူလို့ထင်နေတာ။ ဒါကြောင့် သူ တကယ်ပဲ... ဝူတိဂိုဏ်းကို ကူညီဖို့ အတတ်နိုင်ဆုံးလုပ်ခဲ့တယ်။ သူတို့ သူ့အကူအညီမလိုပေမဲ့ အကျိုးမဖြစ်လို့ သူ့ကြိုးစားအားထုတ်မှုအားလုံးကို တကယ်ပဲ လျစ်လျူရှုနိုင်လို့လား။
သေချာပေါက် ဟွေ့လင်က ရှန်းရင်ကို အပြစ်ပြုပြီး ချန်ကောက တစ်နေ့ပဲ အပြစ်ပေး၊ နောက်နေ့ကျ လွှတ်ပေးခိုင်းတယ်ဆိုတဲ့အချက်တော့ ရှိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကူယွဲ့ အများဆုံး ပြောနိုင်တာက ဟွေ့လင်က သူတို့အပေါ် ရိုင်းခဲ့တယ်ဆိုတာပဲ။ ခေတ်သစ်အချိန်မှာဆို ဒါက စော်ကားတယ်လို့တောင် တွက်လို့မရဘူး။ ပြိုင်ပွဲဝင်ပြိုင်ဖို့လာတဲ့ တပည့်တစ်ယောက်အနေနဲ့ - တစ်ရက်တည်း သူမကိုပိတ်လှောင်ခဲ့တာက အဲလောက်ကျိုးကြောင်းမသင့်ရာကျတာတော့ မဟုတ်တဲ့ပုံပဲ။
ဘာကြောင့် သူ သူတို့ အဲလောက်ခက်ခက်ထန်ထန်ဆက်ဆံမိနေတာလဲ။
သူ့စိတ်ထဲမှာ ဝတ္ထုကြောင့်ဆိုတာတော့ သိတယ်။ ဒါမတိုင်ခင်က သူ ဝတ္ထုထဲကအတိုင်းဖြစ်လာမှာကို ကြောက်နေမိတာ။ ဝတ္ထုက ဖြစ်ရပ်မှန်နဲ့ကွာခြားတယ်ဆိုတာကို လက်ခံဖို့ အများကြီး အားထုတ်ခဲ့ရပေမဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေအပေါ် အမြင်ကိုတောင် မပြောင်းလဲနိုင်ဘူး။
ချန်ကောက ဇာတ်လိုက်ဖြစ်ပြီး ဟွေ့လင်က ဇာတ်လိုက်မင်းသမီးအသစ်ဖြစ်ရုံနဲ့ ကူယွဲ့ သူတို့နှစ်ယောက်လုံးအပေါ် အမြင်စောင်းမိခဲ့တယ်။ သူတို့က အနားကလူတွေကို အန္တရာယ်ပေးမယ်လို့ သေချာနေခဲ့တာ။ ဒါက သူတို့ ကူယွဲ့အပေါ် ထားရစ်ခဲ့တဲ့အမြင်ပဲ။ အစကဆို ရွှမ်ထုံကိုတောင် အဲလောက်သဘောမကျခဲ့ဘူး။ ဟွေ့လင်ပေါ်လာမှပဲ သူ တဖြည်းဖြည်းလက်ခံနိုင်ခဲ့တာ။
အခု သူက သူတို့အပေါ် ဒီအထင်အမြင်မှာ ပိတ်မိနေခဲ့ပြီး အမှန်တရားကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ သူ သူတို့နှစ်ယောက်ကို... လောကကြီးပေါ်က ပျောက်ကွယ်သွားအောင် လုပ်ဖို့တောင် စဉ်းစားမိခဲ့တယ်။
ကူယွဲ့က ရင်ထဲ ထိတ်သွားပြီး သူသင်္ဘောပေါ်က မဆင်းခင် ရုတ်တရက် ရပ်လိုက်မိတယ်။
ရုတ်တရက် အရာအားလုံးက ကြည်လင်နေတယ်။ အချိန်အကြာကြီးရှိနေခဲ့တဲ့ မြူခိုးက နောက်ဆုံးတော့ ရှင်းလင်းသွားသလိုပဲ။ သူ အချိန်အကြာကြီး အထဲမှာမြုပ်နေခဲ့တဲ့အရာတစ်ခုက ပေါက်ကွဲဖို့ ခြိမ်းခြောက်နေသလိုမျိုး ခပ်ရေးရေးခံစားလိုက်ရတယ်။
"ရှန်းရင်..."
"ဟမ်..." ရှန်းရင် တန့်သွားတယ်။
"ငါတို့ သူတို့ကိုသတ်လို့ရအောင် တစ်ဖက်လှည့်နေခိုင်းမှာတော့ မဟုတ်ပါဘူးနော်"
"ဟင့်အင်း အကြံပေးချက်ပါပဲ"
"ဘာလဲ"
ရုတ်တရက် ကူယွဲ့က စပ်ဖြီးဖြီးပြုံးတယ်။
"မင်း နောက်တစ်ကြိမ် ငါနဲ့လေးလေးနက်နက် စကားပြောချင်တဲ့အချိန်ကျရင်... ကောင်းကင်ထဲမှာ မလုပ်ဘဲ နေလို့မရဘူးလား"
"ဟမ်"
ရှန်းရင် မေးတောင်မမေးရသေး ကူယွဲ့ကိုယ်တစ်လျှောက် မသေမျိုးချီတွေ ပွင့်ထွက်လာတယ်။ သူ့တစ်ကိုယ်လုံးက တောက်ပနေတဲ့ပုံနဲ့ အလင်းတန်းဖြူတွေက မျက်စိကျိန်းစရာ။ သူ့ခြေထောက်အောက်မှာရှိတဲ့ ထိပ်တန်းအဆင့် အမတဓမ္မအသုံးအဆောင် အရပ်ဆယ်မျက်နှာရွက်လှေက ရုတ်တရက် အသံကျယ်ကြီးနဲ့ ကျိုးပဲ့သွားတယ်။
ဟိုလီရှစ်
ရှန်းရင်က ဟန်ချက်ပျက်ပြီး ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့တယ်။
"ဆရာ" ကံကောင်းလို့ ယိချင်း အမြန် တုံ့ပြန်ပြီး လှမ်းဖမ်းကာ သူမကိုဓားပျံပေါ် တင်ပေးလိုက်တယ်။ သူတို့ မသေမျိုးချီရဲ့ အပြင်ဘက်ဆီ ပျံသန်းလာခဲ့တယ်။
"ဘာဖြစ်နေတာလဲ"
"သူဉာဏ်အလင်းပွင့်နေတာ"
သေစမ်း ဖေဖေနျို့ရဲ့ စကားပြောနေတုန်း ဉာဏ်အလင်းပွင့်နိုင်စွမ်းက အရမ်းကိုသန်မာနေတုန်းပဲ။
"တခြားလူတွေကရော"
"ကျွန်တော်ထင်တာတော့... သူတို့လည်း ဉာဏ်အလင်းပွင့်နေတာနေမယ်"
"..."
ရှန်းရင်က တစ်ဂိုဏ်းလုံးအတွက် စွမ်းအားတစ်ခု အသက်သွင်းပေးလိုက်သလိုခံစားလိုက်ရတယ်။
"ခဏ..."
ရှန်းရင် အမူအရာက ပြောင်းလဲသွားပြီး ကူယွဲ့ရှိနေတဲ့နေရာဆီ ပြန်သွားဖို့ အလိုလို ကြိုးစားမိလိုက်တယ်။
"ဖေဖေနျို နင်ငါ့ကို လစဉ်မုန့်ဖိုးမပေးရသေးဘူးလေ"
"..."