အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
အခန်း ၁၉၆ ။ ချစ်သူများတွေ့ဆုံမှု
"ရှောင်ရွှမ် မင်းကမှ ကိုယ့်ကို အရမ်းဂရုစိုက်တဲ့ တစ်ဦးတည်းသောလူပဲ" ရှင်းဟန်မျက်လုံးထဲ အမျိုးအမည်မသိတဲ့ခံစားချက် ဖြတ်ပြေးသွားတယ်။
"ရှင်... ဟိုက် ကျွန်မ မဟုတ်ဘူးလို့ ပြောနေတယ်လေ၊ ဘာလို့အတင်း..."
"ဟင့်အင်း မင်းဖြစ်ရမယ်" ရှင်းဟန်က သူမလက်ကို အတင်းဆုပ်ကိုင်ပြီး အလွန်လေးနက်တဲ့လေသံနဲ့ ပြောတော့တယ်။
"မင်း ကိုယ့်ဆီ ပြန်လာသရွေ့ ဘာမှအရေးမကြီးတော့ဘူး ဒါကြောင့်..."
"ရှင်းဟန် ရှင်ဘာကြောင့်..." ဟွေ့လင်က ထိတ်လန့်တကြား ရပ်သွားတယ်။
"ရှင်ဘာလုပ်နေတာလဲ"
ရုတ်တရက် မိန်းကလေးနှစ်ယောက်နောက်က အင်းကွက်က လင်းသွားပြီး အမည်းရောင်အက်ကွဲကြောင်းကြီး ပေါ်လာတယ်။ ပြင်းထန်တဲ့ဆွဲအားတစ်ခုကြောင့်အက်ကွဲကြောင်းဆီ ဆွဲခေါ်ခံနေရသလိုမျိုးပဲ။
ရှင်းဟန်က ရူးနှမ်းနေတဲ့ပုံစံနဲ့ ပြောလာတယ်။
"ကိုယ်တို့ဘယ်တော့မှ မခွဲရတော့ဘူး"
နောက်တော့ သူက ဟွေ့လင်ကို ကောက်ချီပြီး အက်ကွဲကြောင်းဆီ လျှောက်သွားတယ်။ အက်ကွဲကြောင်းက ကြီးလာလိုက်တာ ဘေးပတ်လည်က အားလုံးကို စုပ်ယူတော့တယ်။ သူတို့ဘေး ရပ်နေတဲ့ရွှမ်ထုံက ထောက်တိုင်အနေနဲ့ မြေကြီးထဲစိုက်ထားတဲ့ အမတဓားတစ်ချောင်းကို ဆုပ်ကိုင်ထားရတယ်။
"ဒီလိုမလုပ်နဲ့" သူမကို သူခေါ်သွားဖို့ကြိုးစားနေတာ နားလည်ပြီး ဟွေ့လင်ရုန်းတော့တယ်။
"မစိုးရိမ်ပါနဲ့၊ မင်းဘာမှမဖြစ်ပါဘူး" ရှင်းဟန်က သူမကိုနှစ်သိမ့်တယ်။
"ကိုယ်တို့ ဒီနေရာက ထွက်သွားရုံပါ"
"လင်အာ..." သူမ ကောင်းကင်ကနေ ရင်းနှီးနေတဲ့ အသံတစ်သံ ထွက်လာတာကို ကြားလိုက်ရတယ်။ ချန်ကောက နောက်ဆုံးတော့ သူ့ဓားပျံနဲ့အတူ ရောက်လာပြီ။ သူက မြေကြီးပေါ်က အက်ကွဲကြောင်းကို ကြည့်ပြီး ထိတ်လန့်သွားတယ်။
"ဘာတွေဖြစ်နေတာ..."
သူ့စကားတွေက ရွှမ်ထုံကို မြင်ချိန် လွဲချော်သွားခဲ့တယ်။ သူမကိုကြည့်ပြီး သူ့ရင်ထဲ ရှင်းပြမရတဲ့ ခံစားချက်ရလိုက်လေရဲ့။
သူမက ဘယ်သူများလဲ။
"ဆရာ ကျွန်မကိုကယ်ပါ" ပျော်သွားတဲ့ဟွေ့လင်က သူ့ဘေးကို ပြေးလာချင်ပေမဲ့ ရှင်းဟန် ပြန်ဆွဲထားတာ ခံလိုက်ရတယ်။
"ဧကရာဇ်ရှင်းဟန် ခင်ဗျား ဒါဘာဆိုလိုတာလဲ" သုံးယောက်သားက အက်ကွဲကြောင်းထဲ စုပ်ယူခံရတော့မှာ မြင်တော့ ချန်ကော ရွှေကြိုးတစ်ချောင်း ထုတ်လိုက်တယ်။
"မင်းကိုကယ်ဖို့ ဒါသုံးလိုက်မယ်"
ချန်ကောက လေထဲ ကြိုးကို ပစ်လိုက်တယ်။ သူက သူတို့ဆီ တန်းတန်းမတ်မတ် ပျံသန်းလာပြီး... ရွှမ်ထုံ့ကို ပတ်သွားလေတယ်
ချန်ကော ။ ။ "..."
ဟွေ့လင် ။ ။ "..."
ရှန်းရင် ။ ။ "..."
နောက်တော့ မျက်နှာပေါ် မယုံကြည်နိုင်တဲ့အကြည့်နဲ့ ဟွေ့လင်က မြေကြီးထဲက အက်ကွဲကြောင်းထဲ တန်းတန်းမတ်မတ်ကျသွားပြီး ပျောက်သွားတော့လေတယ်။
ကြောင်အမ်းနေတဲ့ အကြည့်က ချန်ကောမျက်နှာပေါ် ပေါ်လာတယ်။ အဲချိန် ရွှမ်ထုံ့ဓားက ကျိုးသွားပြီ။ အက်ကွဲကြောင်းရဲ့ ဆွဲအားက ပြင်းလွန်းလို့ သူပါ ဆွဲခံရတော့မယ်။
နှစ်ယောက်သား အက်ကွဲကြောင်းဆီ စုပ်ယူခံရတော့မဲ့အချိန် ရှန်းရင်က မျက်စိတစ်မှိတ်အတွင်း ပျံသန်းသွားပြီး သူတို့ကို လက်တစ်ဖက်စီကနေ ဆွဲချီလာတော့တယ်။
အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားလေရဲ့။ သူတို့ငုံ့ကြည့်ချိန် အက်ကွဲကြောင်းက ပိတ်သွားပြီ။
"ဂိုဏ်းချုပ်..." ရွှမ်ထုံ့ ရင်တုန်နေဆဲပဲ။ ရွှမ်ထုံ ဘယ်လိုလိုဏ်ဂူကို တူးထားတာလဲ မသိပေမဲ့ အန္တရာယ်များတယ်ဆိုတာ သူမ အလိုလိုအာရုံခံမိတယ်။ သူမ ရှန်းရင်ကို မော့ကြည့်ပြီး မီးအိမ်ကို ကမ်းပေးလိုက်တယ်။
"နင်သိမ်းထားလိုက်၊ ဖေဖေနျို့ကို ပြီးရင်ပေးလိုက်ပေါ့"
ရွှမ်ထုံ ခေါင်းညိတ်ပြီး သိမ်းထားလိုက်တယ်။
ချန်ကောက ရွှမ်ထုံကို ငေးကြည့်နေဆဲဖြစ်ပြီး အတွေးလွင့်နေတဲ့ပုံ။ အတော်ကြာတော့ သူကတုံ့ဆိုင်းစွာမေးလေတယ်။
"မင်းတို့အားလုံး အဆင်ပြေ... အို့"
သူ စကားမဆုံးခင် ရွှမ်ထုံက ခြေထောက်ကို မြှောက်ပြီး အရှိန်ပြင်းပြင်းနဲ့ သူ့ခြေထောက်နှစ်ဖက်ကြား ကန်ချလိုက်တယ်။
ချန်ကောက လုံးဝကို မထင်မှတ်ထားတာ။ သူ့ကိုယ်ကို မသေမျိုးချီတွေကာကွယ်ထားတယ်ဆိုပေမဲ့ နာကျင်မှုက သူ့ကို ကိုင်းညွှတ်သွားစေပြီး လက်တွေက ထုတ်ပြောမရတဲ့ ခန္ဓာကိုယ်အပိုင်းကို အုပ်ထားတော့တယ်။
"ဟမ့် ဒါတွေအားလုံးက ရှင့်ရဲ့ ဦးနှောက်ချောင်နေတဲ့တပည့်ရဲ့ အမှားကြောင့်ပဲ" ကျွန်မဂိုဏ်းချုပ်က ကျွန်မကို ကယ်ဖို့ ဒီရောက်လာပေမဲ့ ရှင့်တပည့်ကတော့ အဲဒီ ရွံစရာလူဘက်ကနေတယ်။
"နောက်တစ်ခါကျ သူ့ကိုသေချာသင်ထား၊ တခြားသူတွေကို ဒုက္ခပေးအောင် မလွှတ်ထားနဲ့"
ရှန်းရင် ။ ။ "..."
ဂျပုလေး အဆင်ပြေရဲ့လား။ ဒါရက်စက်တဲ့အကွက်ပဲ။
အံ့ဩစရာကောင်းလောက်အောင် ချန်ကောက ဒေါသမထွက်ဘူး သူက ရွှမ်ထုံ့ကို ရှုပ်ထွေးနေတဲ့အကြည့်နဲ့ ဆက်ကြည့်နေတယ်။
"ဂိုဏ်းချုပ် ရှင်းဟန်က ထွက်ပြေးသွားပြီ၊ ကျွန်မတို့ အခု ဘာလုပ်သင့်လဲဟင်" ရွှမ်ထုံက ရှန်းရင်ဘက် ပြန်လှည့်လာပြီး နဂိုရှက်တတ်ပြီး စကားနားထောင်တဲ့ပုံစံအဖြစ် ပြောင်းလဲသွားတယ်။
"... အိမ်ပြန်ကြရအောင်" ငါထမင်းစားပြီးရင် ဆုံးဖြတ်တာပေါ့။
"ဟုတ်ကဲ့ ဂိုဏ်းချုပ်" ရွှမ်ထုံက သူမဓားကို အမြန်ဆင့်ခေါ်ပြီး ရှန်းရင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တယ်။ သူမ နောက်ဆုံးတော့ ဂိုဏ်းချုပ်နဲ့အတူ ပျံဖို့ အခွင့်အရေးရခဲ့ပြီ။ ပျော်ရွှင်မှု သူမဒဏ်ရာတွေကတောင် အခုနာကျင်ပုံ မပေါ်တော့ဘူး။
ရှန်းရင် ဓားပေါ်တက်ပြီး သူတို့ နန်းတော်ထွက်ပေါက်ဆီ ပျံသန်းလာခဲ့တယ်။
"ဂျပုလေး နင့်ကို အဲလိုကန်ဖို့ ဘယ်သူသင်ပေးတာလဲ"
"ဆရာချီက သင်ပေးတာပါ"
"ကြက်ကင်အစ်မလား"
သူက အဲလောက်တောင် ရက်စက်တာလား။
"ဟုတ်ပါတယ်၊ ဆရာချီက ဒီကမ္ဘာမှာ ကောင်းတဲ့ယောက်ျားဆိုတာ မရှိဘူးလို့ ပြောပါတယ်"
ရှန်းရင် ။ ။ "..."
ရှန်းရင် စာနာစိတ်လေးလေးနက်နက် ခံစားမိလိုက်ရတော့တယ်။
***
ရှန်းရင် နန်းတော်အဝင်မှာ စားဖိုမှူးနဲ့ ဖေဖေနျိုတို့နဲ့ ကြုံသွားတယ်။ ရှင်းဟန်က သူဝိညာဉ်လဲဂါထာကို သုံးနေတာ ဘယ်သူ့ကိုမှ မသိစေချင်တာကြောင့်ထင် နန်းတော်က အတော်လေးလူသူကင်းမဲ့နေတယ်။ ဒါကြောင့် သူတို့ ဘာမတော်တဆမှုမှမရှိဘဲ နန်းတော် ဝင်ပေါက်ဆီ ရောက်လာခဲ့တယ်။
"ဆရာ" ယိချင်းက အမြန်ပျံသန်းလာတယ်။ သူ ရှန်းရင်ကို မြင်ချိန် စိတ်အေးသွားပြီး သက်ပြင်းချလိုက်တယ်။
"မင်း ဘယ်ရောက်သွားတာလဲ" ဖေဖေနျိုက ရှန်းရင်ကို ဒေါသတကြီးကြည့်ပြီး မေးလိုက်တယ်။ နောက်တော့ ‘ပိုင်ကျောင်း’ ဘက် လှည့်ကြည့်တော့တယ်။
"မင်း ဘာလို့သူ့ကိုပါခေါ်လာတာလဲ"
"သူက ဂျပုလေးလေ" ရှန်းရင် ရှင်းပြလိုက်တယ်။
"အကြီးအကဲကူယွဲ့၊ ကျွန်မက ရွှမ်ထုံပါ၊ ဘာကြောင့်လဲ မသိပေမဲ့ ဝဋ်ကြွေးချေမှုအပြီးမှာ ဒီခန္ဓာကိုယ်ထဲ ပိတ်မိနေတာပဲ"
"ရွှမ်ထုံ" ကူယွဲ့ အံ့အားသင့်သွားတယ်။ သူ တစ်ခဏစဉ်းစားနေပြီးတဲ့နောက် ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။
"အရင်ပြန်ကြရအောင်... ဟမ်၊ ဧကရာဇ်ချန်ကောပါ ဘာလို့ဒီရောက်နေတာလဲ"
ချန်ကောက သူ့ကိုသတိတကြီး ပြန်ကြည့်နေတဲ့ ရွှမ်ထုံ့ကို ကြည့်ပြီးအတွေးထဲ နစ်မျောနေတယ်။ သူ ဘာကြောင့်လိုက်လာမိလဲတောင် မသိဘူး။
"ကျွန်တော်တို့ ပြန်ရောက်ရင်ပြောကြတာပေ့ါ" ယိချင်းက အကြုံပြုပြီး ရှန်းရင်ကို သူ့ဓားဆီ ဆွဲခေါ်လိုက်တယ်။ ရှန်းရင် နန်းတော်ထဲက ရုတ်ရုတ်သဲသဲထဲ ပါခဲ့မယ်လို့ သူခန့်မှန်းမိတယ်။ ဒါထွက်သွားဖို့အချိန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက ယီရွှေ့နယ်နိမိတ်ကိုး။
လူတိုင်းခေါင်းညိတ်ပြီး ကောင်းကင်အလွန်မှကောင်းကင်များဆီ ပျံသန်းခဲ့တော့တယ်။
ဝူတိဂိုဏ်း။
ကူယွဲ့ ‘ရွှမ်ထုံ့’ ကို လှမ်းကြည့်လိုက်တယ်။ ဒဏ်ရာတွေကနေ သက်သာပြီဆိုပေမဲ့ မျက်နှာမှာ စိတ်မအေးဖြစ်နေတဲ့အမူအရာနဲ့။ တစ်အောင့်နေတော့ သူ တည်တည်ကြည်ကြည်မေးလိုက်တယ်။
"ပိုင်ကျောင်းလား"
သူမက တွန့်သွားပြီး လက်သီးဆုပ်လိုကိတယ်။ သူတို့ သိသွားပြီပဲ။
"ငါ့ကိုပြော၊ ဘာတွေဖြစ်သွားခဲ့တာလဲ"
"ကျွန်မ... ကျွန်မသူ့ကိုယ်ကို အပိုင်သိမ်းဖို့ ဆန္ဒမရှိပါဘူး" သူတို့ သူမအကြောင်း သိသွားပြီဆိုမှတော့ ပိုင်ကျောင်းဝန်ခံရတော့တယ်။
"အဲနေ့က ရှင်းဟန်ကို ကယ်ဖို့ ကျွန်မစွမ်းအား အားလုံးကို သုံးခဲ့ရပြီး မူလဝိညာဉ်ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တယ်လေ၊ သွေးပျက်ပြီး ကျွန်မ ဝိညာဉ်လဲသိုင်းတစ်ခုကို သုံးမိခဲ့တာပါ၊ ကျွန်မ... သူ့ကိုယ်ထဲ လဲသွားလိမ့်မယ်လို့ မထင်မိခဲ့ဘူး" သူမနိုးလာချိန် ရွှမ်ထုံ့ခန္ဓာကိုယ်က အင်အားနည်းနေလို့ လော့ဟန်ကျောက်တုံးကို သွားငှားမယ်လို့ပြောနေတာ ကြားခဲ့ရတယ်။ သူမ ရှင်းဟန်အခြေအနေအကြောင်း သိချင်တာမို့ အဖြစ်မှန်ကို မပြောပြခဲ့ဘူး။
"ရှင်းဟန်... ရှင်းဟန်၊ သူဘယ်လိုနေလဲဟင်၊ အဆင်ပြေရဲ့လား"
"သူအဆင်ပြေတာပေါ့ သေချာပေါက် အဆင်ပြေတာပေါ့" ကူယွဲ့ အေးစက်စက်နှာမှုတ်လိုက်တယ်။
"အဆင်ပြေလွန်းလို့ သူ့ချစ်သူဟောင်းအတွက်... ဝိညာဉ်လဲသိုင်းကိုပါ ထုတ်သုံးသေးတယ်လေ"
"ဘယ်လို" ပိုင်ကျောင်း ဇဝေဇဝါဖြစ်သွားတယ်။
ကူယွဲ့ က ပိုင်ကျောင်းကို စောင်းကြည့်ပြီး ရွှမ်ထုံပြောပြသမျှကို ပြန်ပြောပြလိုက်တယ်။ သူမနားထောင်လေ ပိုပြီးတော့ ဖြူဖပ်ဖြူရော်ဖြစ်လာလေပဲ။ သူမကြည့်ရတာ ယူကျုံးမရဖြစ်နေတဲ့ပုံ။
တစ်အောင့်နေတော့ သူမခေါင်းယမ်းလိုက်တယ်။
"မဖြစ်နိုင်ဘူး၊ ရှင်းဟန်က ကျွန်မကို ဒီလိုနည်းနဲ့ဆက်ဆံမှာမဟုတ်ဘူး" သူမ သူ့အတွက် အရာအားလုံးကို ပေးဆပ်ခဲ့တာ။ သူလုပ်သမျှက ယွင်ရွှမ်အတွက် လက်စားချေဖို့ဖြစ်ပြီး သူမကိုလုံးဝမချစ်ခဲ့ဘူးဆိုတာ မယုံကြည်နိုင်ဘူး။
"မင်းယုံမယုံ ငါဂရုမစိုက်ဘူး" ကူယွဲ့က မျက်ဆန်လှန်လိုက်တယ်။
"ငါတို့ကိုပြော၊ ဝိညာဉ်တွေကို ပြန်လဲဖို့နည်းရှိလား" သူ ဒီဝိညာဉ်လဲသိုင်းကို အရင်ကမကြားဖူးသလို ချူရွှမ်ရောလန်ဟွားရောပဲ။ ဒါပေမဲ့ သူ ခန္ဓာအပိုင်စီးတာတော့ကြားဖူးတယ်။ ဒါပေမဲ့ ခန္ဓာအပိုင်စီးတာက ခံရသူဝိညာဉ်က ဝင်စီးသူရဲ့ဝါးမျိုမှုကို ခံရမှာ။ ဝိညာဉ်လဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။
"မဖြစ်နိုင်တာ..." ပိုင်ကျောင်းက ကြမ်းပြင်ပေါ် ပြိုလဲသွားတယ်။ သူမ သူ့ကို မကြားသလိုမျိုး တီးတိုးရေရွတ်နေဆဲ။
"သူ သိတာ သေချာပါတယ်... ကျွန်မ ယွင်ရွှမ့်ကိုယ်ထဲ တမင်ဝင်ခဲ့တာမဟုတ်ဘူးဆိုတာ၊ ဘာဖြစ်ခဲ့တာလဲ ကျွန်မ မသိဘူး၊ တက်လှမ်းပြီးနောက်မှာ ကျွန်မ မူလကိုယ်ထဲ ပြန်ရောက်သွားခဲ့တယ်၊ သူက စိတ်မရှိဘူးလို့ ကျွန်မကိုပြောတာပဲ၊ ကျွန်မမှာ သူမကိုသေစေလိုတဲ့ ရည်ရွယ်ချက် မရှိဘူး"
"..." ဒီအချစ်ရူးငတုံးတွေကတော့ တကယ်ကိုစိတ်ရှုပ်စရာပဲ
"ကျွန်မကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးလို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ၊ ကျွန်မ မယုံဘူး... ကျွန်မ မယုံဘူး" ပိုင်ကျောင်းက မျက်နှာကိုအုပ်ပြီး အသည်းအသန်ငိုကြွေးတော့တယ်။ ဒါပေမဲ့ လက်ကျန်မျှော်လင့်ချက် အမျှင်တန်းလေးတော့ သူမမျက်ဝန်းတွေထဲ ကျန်ရစ်နေဆဲ။
"သူက ဒီဘဝမှာ ကျွန်မကလွဲလို့ ဘယ်သူ့မှလက်မထပ်ဘူးလို့ပြောခဲ့တာ၊ ယွင်ရွှမ်က သူ့ဆရာတူညီမပဲတဲ့၊ ဘယ်လိုလုပ် သူမကို ကြိုက်မှာလဲ၊ သူက နှလုံးမဲ့တာအိုလေ့ကျင့်လို့ ဒီလိုဖြစ်နေရတာ၊ အဲဒါကြောင့်ပဲ ဒါတွေအားလုံးက နှလုံးမဲ့တာအိုကြောင့်ပဲ"
ရှိနေတဲ့လူတိုင်း သူမ တစ်ကိုယ်တည်း စိတ်ထင်ယောင်ထင်မှားဖြစ်မှုထဲ နစ်မျောနေတာကိုမြင်ရတော့ မျက်မှောင်ကြုတ်လိုက်တယ်။ အထူးသဖြင့် သူမကရွှမ်ထုံ့ကိုယ်ကိုသုံးနေတာလေ။ ကြက်ကင်အစ်မ သူမကိုမရိုက်မိအောင် လက်သီးဆုပ်ပြီး ကိုယ့်ကိုယ်ကိုယ်တားနေရတယ်။
"ငါ ဒီကိစ္စကို သူနဲ့ဖြေရှင်းချင်တယ်" ပိုင်ကျောင်းက ရုတ်တရက် ထရပ်တယ်။ "သူချစ်တာ ယွင်ရွှမ်မဟုတ်ဘဲ ကျွန်မဆိုတာသေချာတယ်"
"သူ သေချာပေါက် သူမကို မချစ်ဘူး" ရှန်းရင်က ရုတ်တရက် ထပြောလာတယ်။
လူတိုင်း အံ့ဩသွားပြီး သူမကိုလှည့်ကြည့်လိုက်တယ်။ သူမ ဘာဆိုလိုတာလဲ။
ပိုင်ကျောင်းရဲ့ မျက်လုံးတွေ တောက်ပသွားခဲ့တယ်။ သူမ မဟာမိတ်တွေ့ရတာ ကျေနပ်သွားတဲ့ပုံ။
"သတ္တဝါလေး မေးခွန်းတစ်ခုဖြေပေး"
"ဘာများလဲ"
"ဒီဝိညာဉ်လဲသိုင်းကို မင်း ဘယ်သူ့ဆီကသင်လာတာလဲ"
...
အခန်း ၁၉၇ ။ ဝိညာဉ်လဲမှုနောက်ကွယ်မှအမှန်တရား
ပိုင်ကျောင်းက သူမမေးခွန်းကြောင့် အံ့ဩသွားတယ်။
"ဒီသိုင်းက... ရှင်းဟန်ဖန်တီးထားတာပါ၊ အမတတက်လှမ်းမှုအပြီးမှာ မြေခွေးခန္ဓာကိုယ်ဆီ ပြန်လို့ရအောင် ကူညီပေးဖို့ပါ"
"ပြောရရင်တော့ သူက နင့်ကို ဒီသိုင်း သင်ပေးခဲ့တာပေါ့"
ပိုင်ကျောင်းခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။
"သူ တက်လှမ်းမှုအတွက် ကျွန်မကိုပါ ခေါ်သွားတဲ့အချိန် နှစ်ယောက်စာ ဝဋ်ကြွေးချေမှုကို တောင့်ခံရတာလေ၊ ကျွန်မက အောက်ဘုံမှာရှိနေချိန် အကြီးအကျယ် ဒဏ်ရာရထားတာဆိုတော့ ဒိသိုင်းကို ဖန်တီးခဲ့ရတာ..."
"အိုး..." ရှန်းရင်က ယိချင်းကို လှည့်ကြည့်လိုက်တယ်။ သူမ ဘာဆိုလိုလဲဆိုတာ ချက်ချင်း သဘောပေါက်သွားပြီး သူ့အမူအရာက မှုန်မှိုင်းသွားခဲ့တယ်။
"ဘာလို့ဒါကိုမေးတာလဲ" ကူယွဲ့နဲ့တခြားသူတွေ အူကြောင်ကြောင်ဖြစ်ကုန်တယ်။
"သိုင်းတစ်ခုကို ဖန်တီးတယ်ဆိုတာ အဲလောက်မလွယ်ဘူး" ယိချင်းက ရှင်းပြလိုက်တယ်။ သူ့ဓားသိုင်းလည်း ကိုယ်တိုင်ဖန်တီးထားတာဆိုပေမဲ့ နှစ်ပေါင်းများစွာ အားထုတ်စမ်းသပ်ခဲ့ပြီးမှ ဖန်တီးလို့ရခဲ့တာ။ အခုတောင် သူတိုးတက်အောင် လုပ်နေရဆဲ။ အမတသိုင်းတွေကို ဖန်တီးရတာ လုပ်ငန်းစဉ်အတူတူပဲ။
"ပြီးတော့ အမတဘုံက ဘယ်အဇဋာဧကရာဇ်မှ ဒီဝိညာဉ်လဲသိုင်းကို မကြားဖူးဘူး"
လူတိုင်း ဒါကိုကြားချိန် အမူအရာတွေပြောင်းကုန်တယ်။
"ရှင်းဟန်က ပထမဆုံး အမတတက်လှမ်းချိန် မြေအမတပဲရှိသေးတယ်၊ ဒါတောင် ပိုင်ကျောင်း ဆိုးဆိုးရွားရွား ဒဏ်ရာရနေချိန် ဖိအားအောက်မှာ ဒီသိုင်းကို ဖန်တီးနိုင်ခဲ့တယ်ပေါ့" ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။
ယိချင်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
"ဘုရားပေးတဲ့ပါရမီပါရင်ပါ မဟုတ်ရင်တော့..."
"သူဒီသိုင်းကို အစတည်းက သိခဲ့တာပဲ" ရှန်းရင်က သူ့အတွက် စကားကို အဆုံးသတ်ပေးလိုက်တယ်။
"မဖြစ်နိုင်ဘူး" ပိုင်ကျောင်းအမူအရာ ပြောင်းလဲသွားခဲ့တယ်။ သူမကြည့်ရတာ သူတို့ဆိုလိုတာကို နားလည်သွားတဲ့ပုံ။ အသည်းအသန် ခေါင်းယမ်းပြီး သူမပြောလိုက်တယ်။
"သူက ကျွန်မအတွက် ဒီသိုင်းကိုဖန်တီးခဲ့တာ... သူက ကျွန်မဘယ်လိုပြောင်းလဲသွားသွား ချစ်မှာလို့ ပြောခဲ့တာ၊ သူကျွန်မကို လိမ်မှာမဟုတ်ဘူး"
"ငါခန့်မှန်းပါရစေ" ရှန်းရင် သူမကိုလျစ်လျူရှုပြီး ဆက်ပြောလိုက်တယ်။
"နင် အဲယွင်ရွှမ့်ကိုယ်ထဲ ဘယ်လိုဝင်သွားလဲဆိုတာ မသိဘူးလို့ပြောတယ်နော်၊ ဆိုလိုတာက နင်က အောက်ဘုံမှာ ဝိညာဉ်တစ်ခုအဖြစ်ပဲ ရှိနေခဲ့တာ၊ ဝိညာဥ်တွေ အောက်ဘုံကိုဆင်းသက်သွားတဲ့ လုပ်ငန်းစဉ်ကဘာလဲ"
လူတိုင်းက ခဏတိတ်သွားပြီး ချန်ကောကို လှည့်ကြည့်လိုက်ကြတယ်။
"..." မင်းတို့အားလုံး ဘာလို့ငါ့ကို ကြည့်နေတာလဲ။ ချန်ကော အူကြောင်ကြောင်ဖြစ်သွားပေမဲ့ ဖြေပေးလိုက်တယ်။
"ပုံမှန်အရတော့ သူတို့က သုံးလောက သံသရာစက်ဝန်းထဲဝင်ပြီး ပြန်ဝင်စားရမှာ"
"အဲဒါ... အဲဒါ မတော်တဆပဲ" ပိုင်ကျောင်းရဲ့ မျက်နှာက ပိုဖြူဖျော့လာပြီး ခန္ဓာကိုယ်က ယိမ်းယိုင်စပြုလာတယ်။
"မဟုတ်ရင်ရော ဘာဖြစ်လဲ" ရှန်းရင် ဆက်ပြောလိုက်တယ်။
"သေမျိုးဘုံက ကျင့်ကြံသူတစ်ယောက်က ပြန်ဝင်စားဖို့လိုနေတဲ့ လေလွင့်အမတဝိညာဉ်တစ်ခုကို မတော်တဆ ရှာတွေ့သွားခဲ့တယ်၊ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီကျင့်ကြံသူက ဝိညာဉ်လဲသိုင်းကို သိတယ်၊ ဒီလေလွင့်ဝိညာဉ်က မိန်းကလေးတစ်ယောက်၊ ပြီးတော့ ဒီကျင့်ကြံသူမှာ အမတတက်လှမ်းမှုကို တောင့်မခံနိုင်တဲ့ ချစ်သူတစ်ယောက်ရှိနေတယ်၊ သူဘာလုပ်မယ်ထင်လဲ"
"ဝိညာဉ်တွေလဲမှာပေါ့" မှင်တက်စရာ နားလည်သဘောပေါက်သွားတဲ့အကြည့် လူတိုင်းမျက်နှာပေါ် ပေါ်လာတယ်။
"အမတကိုယ်ထဲ ရောက်တာနဲ့ သူမက ဝဋ်ကြွေးချေခြင်းကို ရှောင်လွှဲနိုင်ပြီး အမတတန်းဖြစ်သွားမှာ၊ သူမက အမတတက်လှမ်းမှုကို ကျော်လွှားပြီး အမတဘုံထဲ ဝင်တာနဲ့ မဟူရာအမတတန်းဖြစ်သွားမှာ"
"ဟုတ်တယ်" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
"ဒါပေမဲ့ ဒီသိုင်းမှာ အားနည်းချက်တစ်ခုရှိတယ်၊ ဒါအလုပ်ဖြစ်မယ်လို့ အာမခံချက်မရှိတာပဲ၊ အဲဒါကြောင့်..."
"အဲဒါကြောင့် ယွင်ရွှမ်က ဝိညာဉ်လဲတဲ့လုပ်ငန်းစဉ်အတွင်း သေခဲ့တာပဲ၊ ရှင်းဟန်က အရှုပ်ထုတ်တွေ လုပ်ပြီး ဘာမှမသိချင်ယောင် ဆောင်နေတာပဲ" ဟိုလီရှစ်... သူ အရှက်မရှိတဲ့လူတွေအများကြီး မြင်ဖူးပေမဲ့ ဒီအကောင်ကတော့ တော်တော်ဆိုးဆိုးပဲ။
"သူက ဝိညာဉ်လဲသိုင်းမှာ အားနည်းချက်ရှိတာသိလို့ ဝိညာဉ်စုဝေးမီးအိမ်ကို လိုခဲ့တာ"
ရှန်းရင်က ပန်းသီးကို ဝါးပြီး ပိုင်ကျောင်းနဲ့ ရွှမ်ထုံ့ကို ကြည့်လိုက်တယ်။
"ခန့်မှန်းရသလောက်တော့ အားနည်းချက်... က အလုပ်ဖြစ်ဖို့ဆိုရင် နှစ်ဖက်စလုံးရဲ့ မူလဝိညာဉ်တွေက အတော်လေး မတည်မငြိမ်ဖြစ်နေဖို့လိုတယ်"
"အဲဒါကြောင့် ထုံအာရဲ့ ဝဋ်ကြွေးချေမှုအတွင်း သူမဝိညာဉ်က ပိုင်ကျောင်းနဲ့ မတော်တဆလဲသွားခဲ့တာပဲ"
ချီချန်းယွီက အံ့အားတကြီး ပြောလာတယ်။ ထုံအာရဲ့ မူလဝိညာဉ်က တောမီး နောက်ဆုံးတစ်ချက်ကြောင့် ဒဏ်ရာရသွားချိန် ပိုင်ကျောင်းက ရှင်းဟန်ကို ကယ်ဖို့လုပ်တုန်း ဒဏ်ရာရသွားခဲ့တာ။ ဒါကြောင့် နှစ်ယောက်က အောင်အောင်မြင်မြင် ဝိညာဉ်လဲသွားနိုင်ခဲ့တာပဲ။
ရှန်းရင်က အသီးတစ်လုံး စားတာပြီးသွားပြီး နောက်တစ်ခုဆီ ပြောင်းလိုက်တယ်။ ခု စာရွက်လိုဖြူစုတ်နေတဲ့ ပိုင်ကျောင်းကိုကြည့်ပြီး သူမ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
"နင်က သူ့ဇနီးခန္ဓာကိုယ်ကို ဝင်စီးမှုအတွက် တာဝန်ရှိသူမဟုတ်ပါဘူး၊ နင်က သူတို့ရဲ့ အကြံအစည်ထဲမှာ ညပ်ပါသွားခဲ့တာ၊ နင်ကမှ နှစ်သောင်းချီအလိမ်ခံခဲ့ရတဲ့သူ၊ သူ မဟုတ်ဘူး"
ပိုင်ကျောင်း စိတ်ဓာတ်ကျဆင်းစွာ နောက်ကိုယိုင်သွားခဲ့တယ်။ သူမ ခြေထောက်တွေ ပျော့ခွေပြီး ကြမ်းပြင်ပေါ် ကျသွားရှာတယ်။ သူမ အသက်မဲ့သလို လဲနေပေမဲ့ မျက်ရည်တွေကတော့ ဆည်ကျိုးသလိုမျိုး လျှံထွက်လာလေရဲ့။
လူတိုင်း သက်ပြင်းချလိုက်ကြတယ်။ ပိုင်ကျောင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိလောက်ခဲ့ပေမဲ့ အချစ်က သူမကို အမှန်တရားမမြင်အောင် ဖုံးကွယ်ထားခဲ့တာပဲ။
ရှန်းဟန်က သူ့တာအိုလက်တွဲဖော်အတွက် လက်စားချေမယ်လို့ပြောတာက အဓိပ္ပာယ်ကို မရှိတာ။ သူသာ ယွင်ရွှမ်ကို တကယ်ချစ်ခဲ့ရင် ယွင်ရွှမ်အစစ်နဲ့အတုကို မခွဲတတ်ဘဲ နေမှာမဟုတ်ဘူး။ ပိုင်ကျောင်းက ဧကရာဇ်ပိုင်ထီရဲ့သမီးဆိုတဲ့အချက်ကြောင့် သူက ဟန်ဆောင်ခဲ့တာပဲ။
ရှင်းဟန်က နှလုံးမဲ့တာအိုလေ့ကျင့်လို့ နှလုံးသား မဲ့တာမဟုတ်ဘူး။ သူချစ်တဲ့တစ်ဦးတည်းသောလူက သူကိုယ်တိုင်ပဲ။ မသေမျိုးတက်လှမ်းဖို့ ယွင်ရွှမ့်ကို စွန့်ပစ်ဖို့ရွေးခဲ့တယ်။ ဒါကြောင့် သေချာပေါက် အခု ပိုင်ကျောင်းကို စွန့်ပစ်ဖို့လည်း ပြဿနာမရှိဘူးပေါ့
ကူယွဲ့က ယူကျုံးမရဖြစ်နေတဲ့ ပိုင်ကျောင်းကိုကြည့်ပြီး ခေါင်းယမ်းလိုက်တယ်။ ကြည့်ရတာ ဒီနေ့ သူမဆီကနေ ဘာအဖြေမှထပ်ရတော့မဲ့ပုံ မပေါ်ဘူး။ ရွှမ်ထုံနဲ့ယွီဟုန်ဘက် လှည့်ပြီး သူ ညွှန်ကြားလိုက်တယ်။
"သူ့ကို ပြန်ခေါ်သွားတော့၊ ဧကရာဇ်ပိုင်ထီကို ဒီအကြောင်း အသိပေးပြီး ပြန်လာခေါ်ခိုင်းလိုက်"
"ကောင်းပါပြီ" ယွီဟုန်က ဖြေလိုက်ပြီး ရွှမ်ထုံ့ အကူအညီနဲ့အတူ ပိုင်ကျောင်းကို အခန်းထဲက ချီထုတ်သွားခဲ့တယ်။ ချီချန်းယွီနဲ့ တခြားတပည့်တွေလည်း ထွက်လာကြပြီး ချန်ကောလည်း...။
ရွှမ်ထုံက သူမနောက်လိုက်လာတဲ့လူကို လှည့်ကြည့်လိုက်တယ်။ သူမမျက်မှောင်ကြုတ်ပြီး အလိုလို ပြောလိုက်မိတယ်။
"ထွက်သွား"
"ကောင်းပြီလေ" ချန်ကောက ပြန်လှည့်လာပြီး ထိုင်ချတယ်။
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
ဒီကလေး ဘာဖြစ်သွားတာလဲ။ ဇာတ်ညွှန်းတောင် ပြောင်းသွားပြီ။
ဇာတ်လိုက်မင်းသမီးက မင်းသားအပေါ် တစ်ဖက်သတ် သဘောကျရမှာလေ။ ဒါပေမဲ့ အခု ဇာတ်ဆောင်တွေက ပြောင်းပြန်ဖြစ်သွားသလိုပဲ။ ပြီးတော့ ချန်ကောက သူ့တပည့်ကိုကယ်ဖို့ ကြိုးစားနေရမှာ မဟုတ်ဘူးလား။ ဘာကြောင့် သူမနောက်လိုက်နေတာလဲ။
"အာ... ကြည့်ရတာ ငါတို့ ရွှမ်ထုံနဲ့ ပိုင်ကျောင်းဝိညာဉ်ပြန်လဲဖို့ကို စွန့်စားလို့မရတဲ့ပုံပဲ" ကူယွဲ့ အနေရခက်ခက် ချောင်းဟန့်ပြီး ချန်ကောကို တစ်ချက် ခိုးကြည့်လိုက်တယ်။ ဇာတ်ကြောင်းပြောင်းလဲမှုတွေက သူ့အတွက် အရမ်းထူးဆန်းလွန်းနေပြီ။ သူတို့တွေ မိန်းကလေးနှစ်ယောက်ကို ဝိညာဉ်ပြန်လဲဖို့အတွက်နဲ့ မူလဝိညာဉ်တွေ ထိခိုက်တဲ့အထိ ထုထောင်းလို့ မဖြစ်ဘူးလေ။ သူတို့တွေ ပိုင်ထီရောက်လာမှာကို စောင့်ပြီး မိန်းကလေးတွေရဲ့ အုပ်ထိန်းသူတွေကို ဆုံးဖြတ်ခိုင်းတာ ကောင်းမယ်။
"ဒါပေမဲ့ အနည်းဆုံးတော့ ဒီပြဿနာမှာ ဖြေရှင်းနည်းရှိပါတယ်"
"ဘာဖြေရှင်းနည်းလဲ"
ရှန်းရင်က ရုတ်တရက်မေးလာတယ်။
"ဘာဆိုလိုတာလဲ"
"အဲဒီငနဲဆင်း..."
"ရှင်းဟ ရှင်းဟန်" ကူယွဲ့နှုတ်ခမ်းတွေ စိတ်ကုန်မှုနဲ့ တွန့်ချိုးသွားတယ်။ မင်းစိတ်ရှိတိုင်း လူတစ်ယောက်နာမည်ကို ပြောင်းလို့မရဘူးဟ။
"ဟုတ်တယ်၊ အမှန်ပဲ၊ သူသာ ဝိညာဉ်လဲတဲ့ကိစ္စကို ကြိုးကိုင်ခဲ့တဲ့သူဆိုရင် သူ လက်ဖက်စိမ်းမ(ဟွေ့လင်) ကို ပြန်ပေးဆွဲသွားတာ ထူးဆန်းတယ် မထင်ဘူးလား"
လူတိုင်းက ထိတ်လန့်တကြား ထရပ်ကုန်တယ်။ ရှန်းရင်ပြောတာ မှန်တယ်။ တကယ်လို့သူသာ ကြိုးကိုင်သူအစစ်ဆို နှလုံးသားကင်းမဲ့တဲ့သူ့ပုံစံနဲ့ ဘာကြောင့် ဟွေ့လင်ဝိညာဉ်ကို ပိုင်ကျောင်းကိုယ်ထဲ လဲမှာလဲ။ သူက အဇဋာဧကရာဇ် ဖြစ်နေပြီလေ။ ပိုင်ထီ့ကိုအပြစ်ပြုမိတဲ့အထိ စွန့်စားစရာအကြောင်းအရင်း မရှိဘူး။
"ဆရာ ရွှမ်ထုံက ကျွန်တော်တို့ကိုပြောတယ်လေ၊ လိုဏ်ဂူထဲက အဲအငွေ့အသက်က အရမ်းကို ထူးဆန်းတယ်ဆိုပြီး" ယိချင်းက ရုတ်တရက် ပြန်စဉ်းစားမိသွားတယ်။
"အဲဒါဘာလဲဆိုတာသိလား"
"နတ်ဆိုးချီ" ရှန်းရင် မဖြေနိုင်ခင် ချန်ကောက နောက်ဆုံးတော့ သူ့အတွေးနယ်ချဲ့မှုကနေ ပြန်သတိဝင်လာပြီး ကြားဖြတ်ပြောလာတယ်။
"လိုဏ်ဂူထဲ နတ်ဆိုးချီရှိနေတာ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
လူအုပ်ကြီး ။ ။ "..."
...
အခန်း ၁၉၈ ။ မျိုးနွယ်ပြောင်းလဲခြင်း
ပိုင်ထီက ချက်ချင်း ရောက်လာတယ်။ နှစ်ရက်အတွင်း သူက သူ့သမီးကိုလာခေါ်တယ်။ သူ နောက်ဆုံးတစ်ကြိမ်တုန်းကနဲ့ အရမ်းကိုကွာခြားသွားခဲ့ပြီ။ ဒီတစ်ကြိမ် သူက အများကြီး အိုမင်းသွားတဲ့ပုံ။ သူ ပိုင်ကျောင်းကို ကြည့်တဲ့ပုံက အရင်ကလောက် ဂရုမစိုက်တော့သလို တန်ဖိုးမထားတော့ဘူးဆိုတာ ပြနေတယ်။ ကြည့်ရတာ ပိုင်ကျောင်းရဲ့ခေါင်းကြောမာတဲ့ဘလုပ်ရပ်ကြောင့် အရမ်းကိုနာကျင်သွားခဲ့ပုံပဲ။
ကူယွဲ့ ထင်ထားသလိုမျိုးပဲ နှစ်ယောက်သား ဝိညာဉ်ပြန်လဲလို့မရခဲ့ဘူး။ ပိုင်ကျောင်းက အပြည့်အဝသက်သာနေပြီး ရွှမ်ထုံ့မူလဝိညာဉ်ကလည်း အပြည့်အဝပြန်ကောင်းသွားပြီ။ ဝိညာဉ်လဲသိုင်းရဲ့ အောင်မြင်နှုန်းက နိမ့်လွန်းတဲ့အပြင် ပစ်မှတ်တွေကို တရားသေထားလို့ ရတဲ့နည်းလည်း မရှိဘူး။ သူတို့ဝိညာဉ်တွေကို လဲဖြိုကြိုးစားရင် ဝိညာဉ်တွေ ပျောက်ဆုံးသွားမှာ စိုးရိမ်ရတယ်။ ဝိညာဉ်စုဝေးမီးအိမ်နဲ့တောင် စွန့်စားနှုန်းက အတူတူပဲ။ မီးအိမ်က ပစ်မှတ်ကို တရားသေ မလုပ်နိုင်ဘဲ လူတစ်ယောက်ရဲ့ မူလဝိညာဉ်ပျောက်မသွားတာသေချာအောင်ပဲလုပ်ပေးတယ်။ ပြောရရင်တော့ လူတစ်ယောက်ရဲ့ မူလဝိညာဉ်က လုံးဝအပြည့်ဖြစ်နေချိန် ဝိညာဉ်လဲမှုအတင်းလုပ်လိုက်ရင် ဝိညာဉ်တွေထဲက တစ်ခုက သေချာပေါက်သေသွားလိမ့်မယ်။
ဟုတ်တာပေါ့၊ ရှင်းဟန်က ပိုင်ကျောင်းနဲ့ ဟွေ့လင်ဝိညာဉ်တွေကို လဲဖို့တွေးခဲ့ချိန် ပိုင်ကျောင်းအသက်ရှင်မယ်လို့ သူမထင်ခဲ့ဘူးပဲ။ အဲဒါကြောင့် အဲကိုယ်ထဲမှာ ပိုင်ကျောင်း ရှိမနေမှန်း သိသွားတာတောင် ဝိညာဉ်လဲဖို့ကို ဆက်လုပ်ချင်နေခဲ့တာပဲ။ ရွှမ်ထုံ ဒါကိုသိသွားချိန် သွေးပျက်သွားခဲ့တယ်။ ဘုရားမတာပဲ ဂိုဏ်းချုပ်က သူမကိုမှတ်မိတာ ဘုရားမတာပဲ။ မဟုတ်ရင်...။
ရုတ်တရက် သူမ ခံစားချက်တွေပြည့်လျှံသွားခဲ့တယ်။ သူမ ရှန်းရင်အခန်းထဲ တိတ်တိတ်လေးဝင်ပြီး အာလူးတွေ၊ ကန်စွန်းဥတွေ၊ လတ်ဆတ်တဲ့ပန်းတွေနဲ့ တခြားပူဇော်ဖွယ်တွေ ဖြည့်လိုက်တယ်။
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
မုန်လာဥဖြူ ။ ။ "..."
နောက်ဆုံးတော့ ပိုင်ထီက သူတို့ဝိညာဉ်တွေကို မလဲဖို့ဆုံးဖြတ်လိုက်ကြတယ်။ နှစ်ယောက်သား နဂိုအတိုင်းဆက်ရှိနေပြီး ပိုင်ထီက ပိုင်ကျောင်းကို ပြန်ခေါ်သွားမယ်။ သူမရဲ့ကျင့်ကြံဆင့်က လုံးဝကို ပျက်စီးသွားပြီး ပြန်လေ့ကျင့်ရတော့မှာ။ နှစ်ရာချီလောက်အတွင်းတော့ အထဲမှာပဲနေရပြီး အပြင်မှာ ပြဿနာလိုက်မရှာနိုင်လောက်တော့ဘူး။
လူသားကနေ မိစ္ဆာပြောင်းသွားတဲ့ ရွှမ်ထုံလည်း တူညီတဲ့ကံကြမ္မာကို ခံစားနေရတယ်။ သူမကို လူအသွင် ထိန်းထားပေးမဲ့ ချီချန်းယွီရဲ့ မသေမျိုးချီ ရံဖန်ရံခါရှိပေမဲ့ ပထမအဆင့်မိစ္ဆာတွေလောက်တောင် သူမကိုယ်ခန္ဓာက မသန်မာဘူး။
အံ့ဩစရာကောင်းစွာပဲ ကူယွဲ့က သူတို့ ရှိရင်းစွဲအခြေအနေအတိုင်း ဆက်သွားမှာကို မကန့်ကွက်ခဲ့ဘူး။ သူက ပိုင်ထီ၊ ရွှမ်ထုံနဲ့ ပိုင်ကျောင်းကို သူနဲ့အတူ ကောင်းကင်တာအိုကတိပြုဖို့ပဲ တောင်းဆိုခဲ့တယ်။ သူတို့ဝိညာဉ်တွေကို ပြန်လဲဖို့ ဘယ်လိုပဲဖြစ်ဖြစ် မကြိုးစားဖို့အတွက်ပေါ့။
ပိုင်ထီက သဘောတူခဲ့တယ်။
ကတိပြုပြီးတဲ့နောက် ကောင်းကင်ကနေ မိုးကြိုးတန်းကြီးလေးခုဆင်းလာပြီး တစ်ယောက်ချင်းစီပေါ် ကျိန်စာတွေ တင်ခဲ့တယ်။ ဆိုးရွားတဲ့ သဘောတူညီချက်ကို လုပ်ခဲ့ရသလိုမျိုး မျက်နှာထားဖြစ်နေတဲ့ ကူယွဲ့က ရုတ်တရက် စပ်ဖြီးဖြီးဖြစ်သွားတော့တယ်။ သူက လှည့်ပြီး သူတို့ကိုမောင်းထုတ်တော့တာပဲ။
"အရှင်မင်းကြီးပိုင်ထီ၊ နောက်ကျနေပြီနော်၊ လိုက်မပို့တဲ့အတွက် ခွင့်လွှတ်ပေးပါဦး"
"ဒီကိစ္စက... မင်းတို့အားလုံးအကူအညီအတွက် ဂိုဏ်းကိုကျေးဇူးတင်ရမှာပါ၊ မင်းတို့ ကျုပ်ကလေးကို ကယ်ခဲ့တာပဲ" ပိုင်ထီက စိတ်တိုလွယ်ပေမဲ့ ကျေးဇူးတင်ရမှာကိုတော့ နားလည်သေးတယ်။ ဝိညာဉ်လဲတာက မတော်တဆ ဖြစ်သွားခဲ့တာဆိုပေမဲ့ သူတို့ တကယ်ပဲ သူ့သမီးကို ကယ်တင်ပေးခဲ့တာလေ။
"နောက်ကျရင် သေချာကျေးဇူးတင်ပါ့မယ်"
သူစကားပြောပြီးချိန် စိတ်ထိခိုက်မှုကနေ ပြန်သက်သာအောင်လုပ်နေဆဲ သူ့သမီးကို ပိုင်ကျောက်ဆီ ပြန်ခေါ်သွားခဲ့တော့တယ်။
ကူယွဲ့က စပ်ဖြီးဖြီးပြုံးလိုက်တယ်။ ဒီအပြုံးက ပိုပိုပြီး ပီပြင်သထက်ပီပြင်လာတယ်။ အထူးသဖြင့် ရက်နည်းနည်းအကြာမှာ ပိုင်ကျောက်ကလူတွေ သူတို့ဆီ ကျေးဇူးတင်လက်ဆောင်အနေနဲ့ သိုလှောင်အိတ်ဆယ်အိတ်စာတန်တဲ့ လက်ဆောင်တွေ လာပို့ချိန်ပေါ့။ သူ့မျက်လုံးတွေက ရွှမ်ထုံ့မျက်လုံးအသစ်တွေလို ကွေးညွှတ်နေတာပဲ။
ဘာတွေဖြစ်နေလဲ သိတဲ့ ဝူတိဂိုဏ်းကလူအားလုံး ။ ။ "..."
ပါးနပ်လိုက်တဲ့ စီးပွားရေးသမားပဲ။
သူက သူတို့ကို အခွင့်အရေးယူပြီး ဒီဖြစ်ရပ်ဆိုးကနေ ပိုက်ဆံထပ်ရအောင်ပါ လုပ်ခဲ့သေးတယ်။
ရွှမ်ထုံနဲ့ ပိုင်ကျောင်းတို့နှစ်ယောက်လုံး ညီတူညီမျှ ဆိုးဆိုးရွားရွား ခံစားခဲ့ရတာပဲ။ တစ်ယောက်က သေမျိုး၊ နောက်တစ်ယောက်က သာမန်မြေခွေး။ ပိုင်ထီကတော့ မသိပေမဲ့ ရှန်းရင်နဲ့ တခြားသူတွေအားလုံး သိတယ်။
ရှင်းဟန်က အရင်ကပြောသွားတာ ပိုင်ကျောင်းကိုယ်ထဲက ကျင့်ကြံဆင့်က မပျောက်ကွယ်သေးဘူးတဲ့။ ပြီးတော့ သူမအစွမ်းတွေကို အမျိုးအမည်မသိတဲ့စွမ်းအားတွေက ပိတ်လှောင်ထားတာ။ သူမက တကယ်တော့ မဟူရာအမတလေ။ ရွှမ်ထုံက အကြောင်းအရင်းမရှိ ကျင့်ကြံဆင့်တွေ မြင့်တက်သွားသလို ကူယွဲ့လည်း ပမာဏကောင်းကောင်းရလိုက်တယ်။
ဒါပေမဲ့ လူတိုင်း ရွှမ်ထုံ့မြေခွေးခန္ဓာကိုယ်ကိုမြင်ချိန် အခက်အခဲတွေ မြင်နေရဆဲပဲ။ စည်းချိပ်က ဘယ်နေရာမှာလဲဆိုတာ ဘယ်သူမှမသိဘူး။ သူမက ခုမှ အသိစိတ်ရခါစ ဝိညာဉ်မြေခွေးတစ်ကောင်နဲ့ပဲတူနေတယ်။ ပိုင်ထီက သူ့သမီးရဲ့ထူးဆန်းတဲ့အသွင်ကို နားမလည်ခဲ့တာ မထူးဆန်းတော့ဘူး။
သူတို့တွေ ရွှမ်ထုံ့ကိုယ်ကို ရက်တွေအကြာကြီး လေ့လာကြပေမဲ့ ဘယ်သူမှစည်းချိပ်ကို မရှာနိုင်သေးဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ မုန်လာဥဖြူက ဒုဓလီပန်းတွေ လာပို့ပြီး ရွှမ်ထုံ့ရဲ့ ပူဇော်ဖွယ်တွေကို သယ်သွားဖို့လုပ်ချိန် ရုတ်တရက် စကားပြောလာတယ်။
"အာ ဒီမြေခွေးရဲ့ ခြေဖဝါးမှာ အမှတ်ရှိတာပဲ၊ အစ်ကိုကြီးလန်မှာ ရှိတာနဲ့ တူတယ်"
"ဝိညာဉ်ချိပ်ပိတ်လုပ်ရပ်" ချန်ကောက ပထမဆုံးတုံ့ပြန်သူ။
"ဒါက နတ်ဆိုးတွေရဲ့ အတတ်ပဲ"
လူတိုင်းက ထိတ်လန့်သွားကြတယ်။ သူတို့မရှာနိုင်တာ အံ့ဩစရာမရှိတော့ဘူး - ဒါနတ်ဆိုးတွေရဲ့ အတတ်ကိုး။ သူတို့ ချက်ချင်း ရွှမ်ထုံ့ကို တောင်အနောက်ဆီ ခေါ်လာခဲ့ပြီး လပေါင်းများစွာ ဆေးလုံးတွေသန့်စင်နေခဲ့တဲ့ ကြွယ်ဝမှုနတ်ဘုရားလန်ကို သွားရှာတော့တယ်။
တကယ်ပဲ သူက ရွှမ်ထုံ့အကျပ်အတည်းကို မြင်တာနဲ့ ဖြေရှင်းနိုင်ခဲ့တယ်။
ကူယွဲ့ နဂိုကတော့ ချန်ကောက ဝူတိဂိုဏ်းမှာ လန်ဟွားကိုမြင်ရင် ပြဿနာပေါ်လာမှာ စိုးရိမ်နေခဲ့တာ။ ဒါကြောင့် လန်ဟွားကို အနောက်ဥယျာဉ်ကနေ ခြေတစ်လှမ်းမှ ထွက်ခွင့်မပြုခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ချန်ကောက ဒါနဲ့ပတ်သက်ပြီး နည်းနည်းလေးတောင် စိတ်ထဲထားပုံမပေါ်။ လုပ်ငန်းစဉ်တစ်လျှောက်လုံး သူက ရွှမ်ထုံ့ကိုပဲ စိုးရိမ်တကြီး စိုက်ကြည့်နေတယ်။ သူက ရွှမ်ထုံ့ပြဿနာနဲ့ ပတ်သက်ပြီး သူတို့အားလုံးထဲ စိတ်ပူပန်ဆုံးဖြစ်နေတာက ရွှမ်ထုံက ဝူတိဂိုဏ်းကမဟုတ်ဘဲ သူ့တပည့်ရင်း ကျနေတာပဲ။
ရှင်းဟန်ပြောခဲ့သလိုမျိုးပဲ။ ချိပ်ပြေသွားတာနဲ့ ရွှမ်ထုံ့ကိုယ်ထဲက မသေမျိုးချီက ပေါက်ကွဲထွက်လာတော့တယ်။ သူမရဲ့ ကျင့်ကြံဆင့်က ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့တာမှ ချက်ချင်း မဟူရာအမတဖြစ်သွားတဲ့အထိပဲ။ သူမရဲ့ကျင့်ကြံဆင့်က ခုဆို ကူယွဲ့နဲ့ယိချင်းပြီးရင် အမြင့်ဆုံးပဲ။
အမြီးကလည်း ကိုးချောင်းဖြစ်သွားပြီး ကိုးမြီးမြေခွေးဖြူဖြစ်နေပြီ။ ခန္ဓာကိုယ်မှာတော့ လျှပ်စီးတန်းဖြူတွေ။ သူမက လျှပ်စီးဝိညာဉ်ကြောပဲ။
ကူယွဲ့မျက်လုံးတွေ တောက်ပသွားပြီး ခုလူပုံစံအသွင်ယူထားတဲ့ ရွှမ်ထုံ့ပခုံးကိုပုတ်လိုက်တယ်။
"ဒီနေ့ကစပြီး မင်းကို ငါကိုယ်တိုင် ဓားသိုင်းသင်ပေးမယ်"
လျှပ်စီးဝိညာဉ်ကြောနဲ့လူတွေက ဓားကျင့်ကြံမှုမှာ ပုံမှန်အားဖြင့် ပါရမီပါကြတယ် ဒီတစ်ကြိမ်တော့ သူမကို ဘယ်သူမှလမ်းလွဲအောင် မလုပ်နိုင်တော့ဘူး။ ချီးကို ခန္ဓာကျင့်ကြံသူတွေ
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ဖေဖေနျို၊ သူက ဇာတ်လိုက်မင်းသမီးဆိုတာ မေ့နေပြီလား။
ရွှမ်ထုံကြောင်သွားတယ်။ သူမက မဟူရာအမတဆိုပေမဲ့ ဘာသိုင်းမှာ မကျွမ်းကျင်ဘူး။ ရုတ်တရက် သူမမျက်လုံးတွေ တောက်ပသွားတော့တယ်။ သူမ ဒူးထောက်ချပြီး ဝမ်းမြောက်ဝမ်းသာ ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ" အကြီးအကဲနားကပ်ရင် ဂိုဏ်းချုပ်နဲ့ ပိုပြီးတွေ့ခွင့်ရမှာပဲ။
အဲဒါကောင်းတယ်။
ချန်ကောက မနေနိုင်ဘဲ ရှေ့တစ်လှမ်းတိုးလာခဲ့တယ်။
"တကယ်တော့ ကျုပ်ကူညီနိုင်..."
"ထွက်သွား"
"အိုး..." တစ်စုံတစ်ယောက်သောဇာတ်လိုက် သူ့နေရာဆီ နောက်ပြန်ဆုတ်သွားခဲ့လေရဲ့။
ဘာကြောင့်မှန်းမသိ ရွှမ်ထုံက အဲချန်ကောဆိုတဲ့ အဇဋာဧကရာဇ်ကို ကြည့်မရဘူး။ သူမက သူ့ကိုမြင်တာနဲ့ ရိုက်ချင်နေတာ။
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
သူတို့တွေ ဝတ္ထုဇာတ်လမ်း ပြိုလဲသံကို ကြားမိလိုက်သလိုပဲ...။
ကူယွဲ့က လည်ချောင်းဟန့်ပြီး လန်ဟွားဘက်လှည့်ကာ ရှင်းဟန် နတ်ဆိုးချီတွေပြည့်နေတဲ့ အဝတစ်ခုကို ဖွင့်ခဲ့တဲ့အကြောင်း ပြောပြလိုက်တယ်။
"ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှု" လန်ဟွား အံ့ဩတကြီးရေရွတ်လိုက်တယ်။
"အဲဒါ ဘာအဓိပ္ပာယ်လဲ ရှင်းပြဦး"
"အဲဒါ နေရာရွှေ့ပြောင်းအစီအရင်လိုမျိုး အလုပ်လုပ်တဲ့ မှော်ပညာတစ်ခုပဲ၊ ဒါပေမဲ့ ကြိုတင်ပြီး အစီအရင်ချထားဖို့ မလိုသလို အမတကျောက်တုံးလည်း မကုန်ကျဘူး၊ ဟင်းလင်းပြင်မှာ အလုပ်လုပ်တဲ့ပုံစံကလည်း ကွာတယ်၊ ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှုက လူတစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း လောကကြီးထဲကဘယ်နေရာမဆို နေရာရွှေ့ပြောင်းလို့ရအောင် လုပ်ပေးတယ်"
"ဆိုလိုတာက သူဘယ်သွားလဲဆိုတာ သိရဖို့ နည်းလမ်းမရှိဘူးလား"
"အဲလိုတော့ မဟုတ်လောက်ဘူး" လန်ဟွားက မနေနိုင်ဘဲ သူ့ဘေးမှာထိုင်ပြီး အဆာသွတ်မုန့်စားနေတဲ့ အစားသရဲအတွက် လက်ဖက်ရည်ကြမ်း ငှဲ့ပေးလိုက်တယ်။
"ဟင်းလင်းပြင်တစ်သောင်း ကိုက်ဖဲ့မှုက နတ်ဆိုးချီပမာဏ အများကြီး လိုတယ်လေ၊ ထွက်ပေါက်မှာ ထူးခြားတဲ့ဖြစ်စဉ်တွေ ရှိလိမ့်မယ်၊ မင်းတို့ အမတဘုံမှာ ခုရက်ပိုင်းအတွင်း ဘယ်မှာထူးခြားဖြစ်စဉ်တွေ ဖြစ်ပွားလဲ ရှာကြည့်ကြည့်၊ အဲဆို သူ့ကိုရှာတွေ့နိုင်လိမ့်မယ်"
ချန်ကောက မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ရာကိုမှတ်မိသွားဟန် လူအုပ်ကိုလှမ်းပြောလာခဲ့တယ်။ သူ့အမူအရာက မှုန်မှုန်မှိုင်းမှိုင်း။
"ကိစ္စတွေက အဲလောက်မရိုးရှင်းမှာ... စိုးမိတယ်"
"..."