အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
အခန်း ၁၈၄ ။ ညသန်းခေါင် မီးအိမ်ခိုးခြင်း
လူတိုင်းရဲ့ကျင့်ကြံမှုက ဒီတစ်ခေါက် အုပ်စုလိုက်အစွမ်းတက်မှုမှာ အတော်လေးကို မြင့်တက်သွားခဲ့တယ်။ အထူးသဖြင့် စိတ်တန်ခိုးအမတဆီ တိုက်ရိုက်မြင့်တက်သွားတဲ့ စစ်ယွီနဲ့ယွီဟုန်။ ဖေဖေနျိုရဲ့ ကျင့်ကြံမှုက မပြောင်းမလဲ အဆင့်မြင့်အမတတစ်ယောက်ဖြစ်နေဆဲပဲ။ သူ့ကိုယ်ထဲက မသေမျိုးချီကတော့ ဧကရာဇ်ငယ်အဆင့်ထိတက်သွားခဲ့ပြီ။ သူတို့တွေ ကောင်းကင်အလွန်မှကောင်းကင်များနဲ့ မဝေးသေးတာမို့ ပြန်လှည့်ပြီး မသေမျိုးတက်လှမ်းမှုစင်မြင့်ဆီ ဦးတည်ခဲ့တယ်။
ဒါပေမဲ့ သူတို့ ဉာဏ်အလင်းပွင့်မှုရပြီးတည်းက ခန္ဓာကိုယ်ထဲက မသေမျိုးချီက အရင်ကနဲ့ မတူတော့သလိုပဲ။ အတိတ်တုန်းက သူတို့ချီက ကြည်လင်ပြီးသစ်လွင်နေခဲ့တယ်။ အခုတော့ ရွှေရောင်အစင်းတွေနဲ့ အရောင်စွန်းနေပြီး သူတို့ကိုယ်ထဲ တဒုတ်ဒုတ်ခုန်နေတယ်။ ဒါက အထူးသဖြင့် ဖေဖေနျို့ကိစ္စအတွက် ပိုမှန်တယ်။ သူ့ချီကို မထိန်းရင် ရွှေချီတန်းတွေက သေချာပေါက် ရုပ်ဝတ္ထုအဖြစ် ငွေ့ရည်ဖွဲ့လာလိမ့်မယ်။
ယိချင်း ဒီထူးဆန်းတဲ့ဖြစ်ရပ်ကို နေ့တစ်ဝက်နီးပါး စုံစမ်းခဲ့ပေမဲ့ ဒီရွှေအစင်းကြောင်းတွေက ဘာလဲဆိုတာ အဖြေမထုတ်နိုင်သေးဘူး။ စစ်ဆေးဖို့ စနစ်ကိုသုံးခဲ့တဲ့ ဖုန်းယင်တောင် ပြည့်စုံခိုင်လုံတဲ့ရလဒ်မရခဲ့ဘူး။ သူ့စနစ်ပြောတာက အန္တရာယ်ကင်းတယ်ဆိုတာပဲ။
ဒီလိုနှောင့်နှေးမှုတွေနဲ့အတူ သူတို့ဝူတိဂိုဏ်းဆီပြန်ရောက်ဖို့ လေးလနီးပါးကြာသွားခဲ့တယ်။
အရာအားလုံးက ဝူတိဂိုဏ်းမှာ ပုံမှန်အတိုင်းပါပဲ။ သူတို့မှာလေ့ကျင့်ဖို့ နတ်ဆိုးချီတွေမရှိတော့ပေမဲ့ သူတို့ရဲ့ များပြားလှတဲ့ဓမ္မအသုံးအဆောင်တွေရဲ့ အကူအညီနဲ့ သူတို့ရဲ့ကျင့်ကြံဆင့်က ကြီးထွားလာခဲ့တယ်။
အထူးသဖြင့် အမတအရိုးတွေ ဖွံ့ဖြိုးလာဖို့ အရိပ်အယောင်ပြလာတဲ့ ရွှမ်ထုံပဲ။ သူမရဲ့တိုးတက်မှုက တခြားတပည့်တွေနဲ့ ယှဉ်ရင်နှေးပေမဲ့ သူမကျင့်ကြံမှုက ဆွဲကြိုးရဲ့ တည်ငြိမ်စေမှု သက်ရောက်မှုကြောင့် ကန့်သတ်ခံထားရတာကို ထည့်စဉ်းစားရင် သူမ ဒီလောက် တိုးတက်လာတယ်ဆိုတဲ့အချက်နဲ့တင် သူမဘက်က ချီးကျူးထိုက်စရာ အားထုတ်မှုဆိုတာပြနေတယ်။
ကြက်ကင်အစ်မက အရမ်းကိုကျေနပ်နေတာပေါ့။ ရွှမ်ထုံက ကျင့်ကြံဖို့အတွက် တိတ်ဆိတ်တဲ့ မျက်ကွယ်နေရာတစ်ခုရဖို့ ကူယွဲ့ဆီကနေ မသေမျိုးချီအပေါဆုံးဖြစ်တဲ့ တောင်ခြေမှာ ဂူဗိမာန်တစ်ခုဆောက်ဖို့ ခွင့်တောင်းခဲ့တယ်။ ရံဖန်ရံခါ သူမက ရွှမ်ထုံကို သွားပြီးစစ်ဆေးကြည့်တယ်။ ဒါက လျစ်လျူရှုခံထားရတဲ့ ရည်းစားလိုခံစားနေရတဲ့ ဖုန်းယင်ကို ဒေါသထွက်စေလေရဲ့။
နှစ်လအကြာ...။
"ဟေး၊ နောက်ကျ မုန်လာဥဖြူကို တောင်နောက်ဘက်မှာ စိုက်လိုက်ဦး၊ ငါ သူ့အတွက် မြောက်ဘက်အခြမ်းမှာမြေတစ်ကွက်ချန်ပေးထားတယ်၊ သူ့ကိုအကြီးဆုံးတွင်းထဲ စိုက်ထားလိုက်"
ဝတ်ရုံလက်တစ်ဖက်ယမ်းပြီး ကူယွဲ့ ရှန်းရင်ဆီ လူတစ်ယောက်စာ ပန်းအိုးတစ်ခုကို ပစ်ပေးလိုက်တယ်။
အစိမ်းရောင်မုန်လာဥဖြူတစ်လုံးက အိုးအလယ်မှာ လှဲနေတယ်။ သူက ပျင်းရိနေတဲ့ပုံစံနဲ့ ကျောက်စရစ်ခဲတွေ ပစ်ပေါက်နေတယ်။ ကျောက်စရစ်ခဲတစ်ခုချင်းစီက ကူယွဲ့ကို ချိန်နေတာ။ ဒါပေမဲ့ အိုးအပြင်က အကာအကွယ်အင်းကွက်ကြောင့် သူ့အားထုတ်မှုက အချည်းနှီးပဲ။
"ဘာလို့လဲ" ရှန်းရင် နောက်ဆုံး ထမင်းတစ်လုတ်ကို မျိုချပြီး အိုးကိုလှမ်းကြည့်လိုက်တယ်။
မုန်လာဥဖြူက တောင်နောက်ဘက်မှာ သူ့ကိုယ်ပိုင်တွင်းရှိပြီးသားမဟုတ်လား။
"တွင်းအဟောင်းကြီးက ဝေးလွန်းတယ်၊ အမတဆေးပင်တွေ ပိုပြီးမြန်မြန်ကြီးထွားလာအောင် သူ့ကို အမတသွေးကြောထဲ စိုက်ကြမယ်"
ဝူဟုန်နဲ့ ပြောင်ထင်တို့ သူတို့ဆီပို့ပေးလိုက်တဲ့ ဆေးပင်တွေက အညွှန့်ပေါက်နေပြီ။ သူတို့ဆေးပင်တွေ ကောင်းကောင်း မကြီးထွားမှာဆိုးလို့ ဧကရာဇ်နှစ်ပါးက အမတသွေးကြောတွေကိုပါ အတင်းလက်ဆောင်ပေးလိုက်သေး။ အခု သူ သွေးကြောကို တောင်နောက်မှာ မြှုပ်ထားပြီး အင်းကွက်လည်းပြင်ဆင်ပြီးပြီ။ မုန်လာဥလည်း တွင်းပြောင်းရမှာပေါ့။
"အလုပ်ရှုပ်လိုက်တာ၊ ဘာလို့ ငါ့ကိုလုပ်ခိုင်းဖို့ ရွေးရတာတုံး"
ရှန်းရင်က ချက်ချင်း တစ်ကိုယ်လုံး ကိုက်ခဲလာသလိုပဲ။
"တကယ်လို့ မင်းမသွားရင် မုန်လာဥဖြူက အဲမှာ စိုက်ခံဖို့ဆန္ဒရှိမယ်ထင်နေတာလား" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ မုန်လာဥဖြူရဲ့ ခေါင်းကြောမာတဲ့စရိုက်က အားလုံး သူမအပြစ်ပဲ။ သူမ သူ့ကို အလိုလိုက်ထားတာကိုး။ တစ်ချိန်က ဖြူစင်ပြီး အပြစ်ကင်းတဲ့အပင်ဝိညာဉ်က ပုန်ကန်ချင်တဲ့ ဆယ်ကျော်သက်အဖြစ် ပြောင်းလဲသွားဖို့ အရိပ်လက္ခဏာတွေပြနေပြီ။
"အမတတဆေးအပင်တွေ ကြီးထွားလာဖို့က နှစ်တစ်ထောင် ဒါမှမဟုတ် နှစ်တစ်သောင်းကြာတယ်၊ မုန်လာဥဖြူက သူတို့မြန်မြန်ရင့်မှည့်လာဖို့ မကူညီဘူးဆိုရင် ငါတို့ပိုက်ဆံရှာဖို့ ဆေးလုံးဖော်တဲ့နေရာမှာ ဘယ်လိုလုပ် သုံးနိုင်ပါ့မလဲ"
ရှန်းရင် ခပ်တိုးတိုး မေးလိုက်တယ်။
"ငါတို့ ပိုက်ဆံရှာဖို့ ဒီပေါင်းပင်တွေကို စိုက်ဖို့လိုသေးလို့လား" ငါတို့ ခုတလော အချီကြီး ရခဲ့တာမဟုတ်ဘူးလား။
"လိုလို့တဲ့လား" ကူယွဲ့ အော်ပြောလိုက်တယ်။ သူထရပ်ပြီး စားပွဲကိုလက်သီးနဲ့ထုတော့တာပဲ။
"တကယ်တော့ မင်းတို့သာ ကပ်ပါးရပ်ပါးတွေ ခေါ်လာတဲ့အကျင့်ကို ရပ်ခဲ့ရင် မလိုဘူး" သူ လန်ဟွားကို ဒေါသတကြီး လက်ညှိုးထိုးလိုက်တယ်။
"ရွှမ်ထုံက ထူးခြားတဲ့ကိစ္စမို့၊ ဒါပေမဲ့ ဒီတစ်ယောက်ကျတော့ ဘယ်လိုရှင်းပြမှာလဲ" သူက နတ်ဆိုးမျိုးနွယ်ကမဟုတ်လား။ ဘာလို့ ဒီမှာရှိနေသေးပြီး ငါတို့စားပွဲမှာစားနေတာလဲ။ အမတတွေနဲ့ နတ်ဆိုးတွေကရန်သူတွေမဟုတ်ဘူးလား"
"ဒီအသေးအဖွဲလေးတွေကို စိုးရိမ်မနေစမ်းပါနဲ့"
"ငါ့ခြေထောက်ကို အသေးအဖွဲ"
နတ်ဆိုးတစ်ယောက်အနေနဲ့ လန်ဟွားက အမတကျင့်ကြံသူတွေဆီကနေ မပုန်းရုံတင်မကဘူး စားသောက်ဖို့အတွက် အမတဂိုဏ်းဆီကိုပါ ပေါ်တင်ရောက်လာသေးတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်နဲ့သူ့တပည့်တွေကတော့ လုံးဝပုံမှန်အတိုင်းပုံစံနဲ့ ဒီအခြေအနေကိုဆက်ဆံနေတယ်။
သောက်ကျိုးနည်း သူတို့တွေက သင့်တင့်ပြီး လက်ခံနိုင်တဲ့ အမတတွေပဲ။
"မင်းတို့ကမှငါ့ကို အရင်ပြန်ပေးဆွဲလာပြီး ကောင်းကင်အလွန်မှကောင်းကင်များဆီ ခေါ်သွားခဲ့တာလေ"
လန်ဟွားက ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်တယ်။
"ဟမ့် တကယ်လို့ မင်းတို့အဲလိုမလုပ်ရင် ငါဒီမှာတောင် ရောက်နေမှာမဟုတ်ဘူး"
"ဒါကြောင့် မင်းဘာလို့ ထွက်မသွားတာလဲ" ကူယွဲ့ သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။ အခု ဘယ်သူမှ မင်းကို မချည်နှောင်ထားတော့ဘူး၊ ဘာလို့ ဒီမှာသောင်တင်နေသေးတာလဲ"
"အာ..." လန်ဟွား ကြောင်အမ်းသွားတယ်။ သူ တကယ်ကိုလွတ်မြောက်သွားပြီဆိုတာ နားလည်လိုက်ရတယ်။ သူ ဘာကြောင့် တရစ်ရစ်ဝဲပြီး ရှန်းရင်နဲ့တောင် ထမင်းထိုင်စားမိလိုက်လဲ နားမလည်တော့ဘူး။
ဒါပေမဲ့ သူ့ခြေထောက်က ထွက်သွားဖို့အတွေးကို ငြင်းဆန်နေတယ်။ ဦးနှောက်ခြောက်အောင် စဉ်းစားပြီးတဲ့နောက် သူ ရှင်းပြလိုက်တယ်။
"ငါ့စိတ်ကောင်း ဒီမှာရှိနေလို့ ထွက်... ထွက်သွားလို့မရတာ" သူမ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
"အပိုတွေ" ကူယွဲ့ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။
"မင်း ဟိုတစ်ခေါက်တုန်းက ပျော်ပျော်ကြီး ထားသွားခဲ့တာပဲကို" တစ်ယောက်သောလူ မိုးမခတောအုပ်ထဲ ပုန်းနေခဲ့တာ သူမှတ်မိပါသေးတယ်။
"..."
ကောင်းပြီ၊ ဖေဖေနျို နင်နိုင်ပြီ။
စားပွဲက အသုံးမဝင်တဲ့ ပရိသတ်နှစ်ယောက်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီး ကူယွဲ့က ခြိမ်းခြောက်လိုက်တယ်။
"ဝူတိဂိုဏ်းက အသုံးမဝင်တဲ့လူတွေကို အဖွဲ့ဝင်တွေအဖြစ် လက်မခံဘူး၊ မင်းတို့နေချင်ရင် အလုပ်လုပ်ဖို့လိုတယ်၊ နားလည်လား"
"အင်းအင်းအင်း" နှစ်ယောက်သားက ခေါင်းညိတ်ပြီး အေးအေးဆေးဆေး ထမင်းဆက်စားနေတယ်။
နှစ်ယောက်ဆီက တုံ့ပြန်မှုမရတာမြင်တော့ ကူယွဲ့ ညွှန်ကြားလိုက်တယ်။
"ယွီဟုန်၊ ဈေးသွားဝယ်တဲ့တပည့်ကို ချက်ချင်း ပြန်လာခိုင်းလိုက်တော့"
အသည်းအသန် ထမင်းစားနေတဲ့လူက ချက်ချင်းထရပ်တော့တယ်။
"မစိုးရိမ်ပါနဲ့ ဖေဖေနျို မုန်လာဥကို ငါ့ဆီလွှဲထားပေးလိုက်ပါ၊ အရည်အသွေးမြင့် ဝိညာဉ်ဆေးပင်တွေရတာ သေချာအောင် လုပ်ပါ့မယ်"
နောက်တော့ သူမက ပန်းအိုးကို ကောက်ယူပြီး တောင်အောက်ကနေ ဆင်းသွားခဲ့တယ်။
ကူယွဲ့ နောက်မှာကျန်ရစ်ခဲ့တဲ့ တစ်စုံတစ်ယောက်သာ လူကို လှည့်ကြည့်လိုက်တယ်။
"မင်း..."
"ငါလည်း အလုပ်စလုပ်တော့မယ်..." လန်ဟွားက လက်ထဲက ဖရဲစေ့ကို ယမ်းပြရင်းပြောလိုက်တယ်။
ဒါကြောင့် တစ်နေ့တာအတွင်း ကူယွဲ့ရဲ့ သိမ်းငှက်အကြည့်တွေအောက် ဘက်စုံတော်တဲ့ အမတဧကရာဇ်လန်ဟွားက တောင်ပတ်လည်မှာ အကာအကွယ် အင်းကွက်တွေနဲ့ ဂိုဏ်းတစ်လျှောက် အင်းကွက်မျိုးစုံအခုတစ်ရာလောက် ပြန်စီစဉ်ပြီး သက်စောင့်ဆေးအိုး ၃၀၀၊ အမတလက်နက်၂ခုကို အားသွန်ခွန်စိုက် ဖန်တီးခဲ့တယ်။
သူ ပင်ပန်းမှုကြောင့် အိပ်ရာထဲ စွပ်ခနဲ လှဲချလိုက်တော့မှ အတွေးတစ်ခု ပေါ်လာခဲ့တယ်။
ခဏနေပါဦး
အဲငကြောင်ယိချင်းခိုင်းနေတာမှ မဟုတ်တာ။ သူ ဘာကြောင့် အဲလောက်နာခံရမှာလဲ။
Σ(°△°|||)
——————
ညနက်ချိန်။
အမွှေးဖြူတွေနဲ့ အရာတစ်ခုက အရှေ့နန်းဆောင်ထဲ ခိုးဝင်လာပြီး အဆောက်အဦလေးတစ်ခုဆီ မရောက်ခင်ထိ နန်းတော်ဘေးအဆောင်ဘက်ဆီ သုတ်သီးသုတ်ပျာ ပြေးလာတယ်။ နောက်တော့။ ပြတင်းပေါက်တစ်ခုဆီ ခုန်တက်ပြီး ထိုင်နေတော့ အမြီးနှစ်ချောင်းက ပြတင်းပေါက်ဘောင်ကနေ ထွက်နေတယ်။
အမွှေးထူအကောင်က ညင်သာစွာ ပြတင်းပေါက်ကို ဖွင့်လာတယ်။ သူ့မျက်လုံးမည်းနှစ်လုံးက အခန်းကို သေချာစစ်ဆေးပြီး ရုတ်တရက် အနားက သစ်သားစားပွဲဆီ အကြည့်ရောက်သွားတယ်။ မျက်လုံးတွေပြူးသွားပြီး စိတ်လှုပ်ရှားစွာ စူးစူးဝါးဝါးအော်မိသွားတယ်။
"ခူး..."
ဒါပေမဲ့ ချက်ချင်း ပါးစပ်ကို အုပ်ပြီး တိတ်တိတ်လေး မောဟိုက်နေတယ်။ သူက သတိတကြီး ပတ်ပတ်လည်ကို စစ်ဆေးပြီး တစ်ခဏနေတော့ တစ်ယောက်မှ သူ့တည်ရှိမှုကို သတိမပြုမိတာကို ကျေနပ်သွားတဲ့ပုံစံနဲ့ သူ့အမြီးရှည်ကိုသုံးကာ စားပွဲဆီ လှမ်းတော့တယ်။
စားပွဲမှာ မီးအိမ်တစ်လုံးရှိနေပြီး မီးတောက်က ငြိမ်းနေတယ်။ မီးအိမ်က ကျောက်စိမ်းကနေ ပြုလုပ်ထားပုံပေါ်ပြီး အပေါ််မှာတော့ ပန်းပုံစံတွေ မျောလွင့်နေတယ်။ ညဆိုရင်တောင် မီးအိမ်က အရောင်ဖျော့ဖျော့လေးထွက်နေဆဲ။
သေးငယ်တဲ့အမွှေးလုံးလေးက သူ့အမြီးကို တတ်နိုင်သမျှဆွဲထုတ်ပေမဲ့ သစ်သားစားပွဲက အခန်းတစ်ဖက်စွန်းမှာမို့ လှမ်းမမီ။
သူ့ကြည့်ရတာ အနည်းငယ် စိတ်ပူပန်လာတဲ့ပုံနဲ့ ပြတင်းပေါက်အပြင်မှာရှိနေတဲ့ နောက်အမြီးတစ်ချောင်းကို စိတ်မရှည်စွာယမ်းနေမိတယ်။ တစ်ခဏနေတော့ အကြံတစ်ခုရသွားတဲ့ပုံပဲ။ သူက ခပ်တိုးတိုး ဓမ္မဂါထာတစ်ခုရွတ်တယ်။
ချက်ချင်းပဲ သူ့ရဲ့ခပ်ဝဝအမြီးက ရှည်လာလိုက်တာ နှစ်ဆနီးပါးဖြစ်သွားပြီး စားပွဲကို ထိလုနီးပါး ရောက်သွားတယ်။ ဒါပေမဲ့ မီးအိမ်ကို ပတ်ဖို့လောက်ထိတော့မရှည်သေးဘူး။
တစ်ကိုယ်လုံးနီးပါး ပြတင်းပေါက်ကတစ်ဆင့် တွန့်လိမ်နေပေမဲ့ မီးအိမ်ဆီ မရောက်နိုင်သေး။ သူ့ရဲ့ အမွှေးထူလှတဲ့ကိုယ်ကိုယမ်းခါပြီး နောက်ထပ်အမြီးတစ်ချောင်းကိုဆွဲဆန့်လိုက်တယ်။ ပါးစပ်ဟပြီး အမြီးကို ကိုက်ချလိုက်လေတယ်။ သွေးစက်တွေက ချက်ချင်းစိမ့်ထွက်လာပြီး အမြီးတစ်လျှောက် ဆင်းသွားတယ်။ တခြားအမြီးပါ ရှည်လာလိုက်တာ ပထမအမြီးကိုပါ ကျော်တက်သွားတယ်။
ရလဒ်ကြောင့်ကျေနပ်သွားပြီး အဲအကောင်က သွေးတွေစီးနေတာကို တိတ်အောင်လုပ်ဖို့ပါ လုံးဝမေ့သွားတယ်။ သူက မီးအိမ်ဆီ အမြီးကို ရောက်အောင် လုပ်ပြီး မီးအိမ်ဆီ ထိတော့မဲ့ဆဲဆဲ...။
စားပွဲဘေးထိုင်နေသော ရှန်းရင် ။ ။ "..."
နောက်အခိုက်အတန့်မှာတော့ သူမလက်ဆန့်ထုတ်ပြီး မီးအိမ်ကို အမြီးနဲ့တစ်လက်မအကွာဆီ တိတ်တိတ်လေးရွှေ့လိုက်တယ်။
"..."
"နင်မီးလောင်လိမ့်မယ်"
ရှန်းရင် သတိတကြီး ရှင်းပြလိုက်တယ်။
"မင်း..." အမွှေးဖြူက ကြောင်အမ်းသွားတယ်။ သူ့အမွှေးက ထောင်မတ်သွားပြီး အမျိုးသမီးတစ်ယောက်အသံ ထွက်လာတယ်။
"ဘာလို့ ဒီမှာရောက်နေတာလဲ" ဘယ်တုန်းက ဒီလူက အခန်းထဲဝင်လာတာလဲ။ သူမက သူသတိမထားမိအောင် ဘယ်လိုလုပ်ခဲ့တာလဲ။
အမွှေးဖြူရဲ့ မျက်နှာပေါ် သွေးပျက်နေတဲ့အကြည့်တစ်ခုပေါ်လာပြီး ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်တော့တယ်။
"မီးအိမ်ပေးစမ်း" နောက်တော့ သူ့ကိုယ်ကနေ အနီရောင်အလင်းတန်းကြီး ထွက်လာပြီး အမြီးနှစ်ချောင်းကရှည်လာပြန်တယ်။ သူ့အမြီးကို မီးအိမ်ကိုင်ထားတဲ့ ရှန်းရင်လက်မှာရစ်ပတ်လိုက်ပြီး လှည့်ထွက်ကာ ပြတင်းပေါက်ကတစ်ဆင့် ပြေးထွက်ဖို့ကြိုးစားတော့တယ်။
သူက အတင်းစောင့်ဆွဲပြီး ရှန်းရင်ရော မီးအိမ်ကိုပါ ဆွဲခေါ်သွားဖို့ကြံပေမဲ့... လှုပ်လို့မရတာ မြင်လိုက်ရတယ်။
(⊙_⊙)
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ
သူ လေဓမ္မဂါထာတစ်ခုရွတ်ပြီး ပိုအားထည့်ဆွဲလိုက်တယ်။ ဒါပေမဲ့... ဘာမှမလှုပ်။
○| ̄|_
သူ့ကြိုးစားအားထုတ်မှုအတွက် ရသမျှက အမြီးထိပ်ဖျားမှာ ပြဲသွားတဲ့ခံစားချက်ပဲ။ အမွှေးဖြူက နာကျင်မှုကြောင့် ကွေးကွေးလေးဖြစ်သွားတယ်။
ရှန်းရင်က အမြီးနဲ့ညှိနေတဲ့ သူမလက်ကို ငုံ့ကြည့်လိုက်တယ်။ ရွံရှာစွာနဲ့ မျက်မှောင်ကြုတ်ပြီး အလိုလို သူမလက်ကို ပြန်ဆွဲခွာလိုက်တယ်။
သူ့အမြီးကို ဆွဲဖို့ကြိုးစားနေဆဲ အမွှေးဖြူ ရှေ့ကို ဟတ်ထိုးလဲပြီး သူ့လက်သည်းလေးခုလုံးနဲ့ ပြတင်းပေါက်ဘောင်ကို အတင်းတွယ်ထားဆဲ။
ဘန်း ပြတင်းပေါက်ဘောင်နဲ့အတူ အမွှေးဖြူက အခန်းထဲ လိမ့်ကျလာတော့တယ်။
အရှိန်ကြောင့်လိမ့်လာလိုက်တာ ရှန်းရင် ခြေထောက်ထိရောက်လာပြီး မေ့ပါမေ့သွားလေရဲ့။
ရှန်းရင် ။ ။ "..."
ဒါ ဘာကြီးလဲ။
သူတို့ ညစာအဆာပြေအတွက်... သူတို့ဂိုဏ်း မွေးထားတဲ့ သားရဲလား။
——————
ဆယ်မိနစ်အကြာမှာတော့။
"မိစ္ဆာလား" ကူယွဲ့ ရုတ်ရုတ်သဲသဲ အသံတွေကြားချိန် အလောတကြီးဝင်လာခဲ့တယ်။ အဖြူရောင်တိရစ္ဆာန်လေးကို သူ ကောက်ယူကြည့်လိုက်တယ်။
"ဒါဒုတိယအဆင့်မိစ္ဆာလေးပဲကို ဘာတွေဖြစ်နေတာလဲ"
ယွီဟုန့်ဘက် သူ လှည့်ပြောလိုက်တယ်။
"ဒီမိစ္ဆာလေးက ဘယ်လိုလုပ် ငါတို့ဂိုဏ်းထဲ ကျူးကျော်လာတာလဲ" ရှန်းရင်အခန်းထဲတောင် ခိုးဝင်လာသေးတယ်။
"ကျွန်မ... မသိပါဘူး" ယွီဟုန် လက်ကိုခါယမ်းရင်း ဖြေလိုက်တယ်။
"မင်းတို့ထဲက ဘယ်သူမှ ဒီလောက်သိသာတဲ့ မိစ္ဆာကို သတိမထားမိဘူးလို့ပြောနေတာလား" ကူယွဲ့က အသစ်တပ်ဆင်ထားတဲ့ အင်းကွက်တွေရဲ့ အသုံးဝင်မှုကို သံသယဝင်စပြုလာတော့တယ်။
"တပည့်တွေ သွင်းထားတဲ့ တိရစ္ဆာန်တွေအများကြီးမို့ ဒီမိစ္ဆာက ဘယ်ချိန်တုန်းက ဂိုဏ်းထဲကျူးကျော်လာလဲ အတိအကျမသိလိုက်ပါဘူး"
ကူယွဲ့နှုတ်ခမ်းတွေ တွန့်ချိုးသွားခဲ့တယ်။
"မင်းတို့သွင်းထားတဲ့ တိရစ္ဆာန်တွေက အသိဉာဏ်မဖွံ့ဖြိုးဘူးလို့ ငါထင်နေတာလေ"
ဒီတိရစ္ဆာန်တွေက သူက သူတို့စားသောက်စရိတ်ကို လျှော့ချလိုက်ရင် ရှန်းရင်ရဲ့ အရန်စားစရာရင်းမြစ်ဆိုတာ သူ မသိဘူးလို့များ သူတို့ထင်နေတာလား။
"ဒါက မြေခွေးဆိုတာ အသိသာကြီး၊ အမြီးနှစ်ချောင်းဝိညာဉ်မြေခွေးနော်"
"မြေခွေးလား" ယွီဟုန်က အံ့ဩတကြီး ရေရွတ်ပြီး အမွှေးလုံးကို လှမ်းကြည့်လိုက်တယ်။ သူတို့ သူ့ကို သတိမထားမိတာ အံ့ဩစရာ မဟုတ်တော့ဘူး။
"ယုန်မိစ္ဆာလို့ထင်နေတာ"
စစ်ယွီ ။ ။ "ဆိတ်မိစ္ဆာလို့ထင်နေတာ"
ပိထောင် ။ ။ "ဝက်မိစ္ဆာလို့ထင်နေတာ"
ရှန်းရင် ။ ။ "အင်း အရသာရှိမဲ့ပုံပဲ"
ယိချင်း ။ ။ "ဆရာ ကျွန်တော်ဓားသွားယူလိုက်ရမလား"
"ဟေး တော်လောက်ပြီ" ကူယွဲ့သူတို့ကို ဒေါသတကြီး ကြည့်လိုက်တယ်။
"မင်းတို့ဦးနှောက်ထဲ စားစရာထက် တခြားဟာရှိသေးရဲ့လား"
အမတကမ္ဘာထဲ အသိစိတ်ဖွံ့ဖြိုးလာတဲ့ မိစ္ဆာတွေက တခြားတစ်ယောက်ရဲ့ အိမ်မွေးတိရစ္ဆာန် ဒါမှမဟုတ် အမတနတ်ဆိုးတစ်ယောက်နဲ့ ပတ်သက်မယ်ဆိုတာ သူသိတယ်။ သေချာပေါက် ပိုင်ရှင်ရှိမှာပဲ။
ကူယွဲ့ မြေခွေးမိစ္ဆာကို နှိုးဖို့ သိုင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။
"မင်း ဘယ်ကရောက်လာပြီး ဘာလို့ ဒီမီးအိမ်ကို ခိုးချင်ရတာလဲ"
သူ စားပွဲပေါ်က ကျောက်စိမ်းမီးအိမ်ကို လက်ညှိုးထိုးပြလိုက်တယ်။
မြေခွေးမိစ္ဆာက အနည်းငယ်ရီဝေဝေဖြစ်နေဆဲ။
ခေါင်းကိုယမ်းပြီး သူက အလိုလို စားပွဲပေါ်က မီးအိမ်ဆီ အကြည့်ရောက်သွားခဲ့တယ်။ ချက်ချင်းပဲ မျက်လုံးပြူးသွားခဲ့တယ်။
"မီးအိမ် ငါ့..." နောက်တော့ မီးအိမ်ဆီ ခုန်ပေါက်ပြေးသွားတယ်။
သူက လက်သည်းနှစ်ဖက်နဲ့ မီးအိမ်ကို အသည်းအသန်ဖက်ထားလေတယ်။ သူ မီးအိမ်ကို မ မနိုင်ခင် ရုတ်တရက် အကျယ်ကြီးညည်းလာပြီး လက်သည်းနှစ်ဖက်ကို လွှတ်လိုက်တယ်။ သူ့ရှေ့ခြေထောက်က အမွှေးတွေက အမည်းရောင်ပြောင်းစပြုလာတယ်။ အသားလောင်ကျွမ်းနေတဲ့အနံ့ပါ မဆိုစလောက်ရလိုက်သေး။
ရှန်းရင် ။ ။ "..." ပူတယ်လို့ ငါသတိပေးခဲ့သားပဲ။ နင်က အကင်ခံချင်တာလား။ ငါက ပေါင်းတာ ကြိုက်တာကို။
ကူယွဲ့က မျက်မှောင်ကြုတ်ပြီး မြေခွေးမိစ္ဆာကို နဂိုမူလနေရာ ချက်ချင်းပြန်ထားလိုက်တယ်။
"ငါ့ကို အမှန်တိုင်းပြော၊ ဘာလို့လေဝိညာဉ်ကြော မြေခွေးမိစ္ဆာက မီးအိမ်ဟောင်းတစ်ခုကို လာခိုးရတာလဲ"
အဲတော့မှပဲ မြေခွေးမိစ္ဆာက သူ့မှာရှိတဲ့ အကျပ်အတည်းကို နားလည်သွားခဲ့တယ်။ သူက သူတို့ကို ကြောက်ရွံ့စွာ ကြည့်ပြီး ခွေသွားတယ်။ ပြန်မဖြေဘဲ စားပွဲပေါ်က မီးအိမ်ကိုပဲကြည့်နေတယ်။
"မင်းက ပြောဖို့ငြင်းတယ်ပေါ့" ကူယွဲ့ရဲ့ မျက်နှာ မှောင်မည်းသွားတယ်။
"မင်းမပြောဘူးဆိုရင် မင်းသခင်ကိုသွားရှာပြီး မေးပစ်မယ်"
သူနောက်တော့ စာချုပ်လှပ်ဟချိပ်တစ်ခုကို ဖန်တီးပြီး မြေခွေးကိုယမ်းပြလိုက်တယ်။ သူတို့တွေက ဝိညာဉ်အိမ်မွေးတိရစ္တာန်ပဲဖြစ်ဖြစ် နတ်ဆိုးအမတတစ်ယောက်ရဲ့ ဆွေမျိုးပဲဖြစ်ဖြစ် အမတကမ္ဘာထဲက အမတအဆင့်ရောက်ပြီးသား မိစ္ဆာတွေအကုန်လုံး မှားယွင်းပြီး တိုက်ခိုက်မခံရအောင် စာချုပ်ချိပ်တံစည်းတွေရှိကြတယ်။ သူ့ပိုင်ရှင်က ဘယ်သူလဲဆိုတာ ရှာဖို့ အလွယ်လေးပဲ။
မြေခွေးဖြူက တုန်ယင်သွားတယ်။ ကြည့်ရတာ ကူယွဲ့ ဘာလုပ်မလဲဆိုတာ နားလည်သွားတဲ့ပုံနဲ့ အော်ပြောလာတယ်။
"မလုပ်ပါနဲ့ မလုပ်ပါနဲ့... ဒါက သခင်နဲ့ မဆိုင်ပါဘူး၊ သူက ဒီအကြောင်း မသိပါဘူး၊ သခင့်ကို သွားမရှာပါနဲ့"
"ဒါဆို ဘာလို့ ဒီမီးအိမ်ကို ခိုးချင်ရတာလဲ"
"ငါ... ငါ..." သူ့အသံကတဖြည်းဖြည်း ပိုတိုးလာပြီး ပိုတောင် တုန်ရီလာခဲ့တယ်။ အဖြေမပေးနိုင်သေးတဲ့ပုံပဲ။
"ယွီဟုန်၊ လန်ဟွားကို အနောက်နန်းဆောင်ကနေ ခေါ်လာခဲ့" ကူယွဲ့ ညွှန်ကြားလိုက်တယ်။ သူ ဒီမြေခွေးဝတုတ်ပြောတာကို နားထောင်မနေတော့ဘူး။ ဒီမီးအိမ်က သူ အမတဓမ္မအသုံးအဆောင်ပုံထဲကနေ ထုတ်လာတဲ့ပစ္စည်းတွေထဲက တစ်ခုပဲ။ ဘာမှန်းမသိတာမို့ ရှန်းရင်အခန်းထဲ အလင်းရအောင် ထားထားခဲ့တာ။
အခုကြည့်ရတာတော့ မီးအိမ်က တခြား သုံးစရာတွေရှိပုံပဲ။
"ဒါကဝိညာဉ်စုဝေးမီးအိမ်ပဲ" ယွီဟုန်ဆွဲခေါ်တာ ခံလာရတဲ့ လန်ဟွားကရှင်းပြတယ်။
"ဝိညာဉ်စုဝေးမီးအိမ်လား" အဲဒါဘာလဲ။
"ဝိညာဉ်အကြွင်းအကျန်တွေအားလုံးကို စုဝေးဖို့သုံးတာပဲ" လန်ဟွားက ခပ်ပေါ့ပေါ့လေသံနဲ့ ပြောလာတယ်။
"တစ်ယောက်ယောက်ဝိညာဥ် မပျောက်သရွေ့ ဘာမှအသုံးဝင်တာတော့ မရှိပါဘူး၊ ဒါပေမဲ့ ဒီမီးအိမ်က သေမျိုးတွေရဲ့ ဝိညာဉ်အကြွင်းအကျန်ကိုပဲ စုဆောင်းနိုင်တာ၊ အကြီးအကျယ်ဒဏ်ရာရထားတဲ့ အမတတွေရဲ့ ဝိညာဉ်ကို ပြန်ခေါ်လို့မရဘူး၊ အလွန်ဆုံးက သူ့မူလဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလောက်ကို ပြန်ခေါ်နိုင်ရုံပဲ"
"သေမျိုးဝိညာဉ်တွေကို ပြန်ရအောင်လုပ်နိုင်တဲ့ ဓမ္မလက်နက်တကယ်ရှိတယ်ပေ့ါ"
ကူယွဲ့က အံ့ဩသွားတယ်။ သူ သိသလောက်အရဆို ခန္ဓာကိုယ်ထဲကနေ ထွက်သွားတဲ့ဝိညာဉ်တွေက ပြန်မရနိုင်သလောက်နီးပါးပဲ။
သေမျိုးတွေရဲ့ဝိညာဉ်က အတော်လေး နူးညံ့ပြီး ခန္ဓာကိုယ်ကနေ နှင်ထုတ်ခံလိုက်ရတာနဲ့ အရည်ပျော်သွားလိမ့်မယ်။
"ဒါ အမတအသုံးအဆောင်လို့ ဘယ်သူပြောလဲ"
လန်ဟွားက ကူယွဲ့ကို နလပိန်းတုံးကို ကြည့်နေတဲ့ပုံစံအတိုင်း ကြည့်လာတယ်။
"အမတအသုံးအဆောင် မဟုတ်ဘူးလား" ဒါဆို ဒါကဘာလဲ။
"ဒါက ငါယွီဖုန်းအမတမြို့မှာ ရှာတွေ့ခဲ့တဲ့ အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်အစစ်ပဲ"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
မင်းမှာ ကောင်းကင်လက်နက်တောင် ရှိတယ်ပေါ့ ရှန်းရင်ကို မပေးရသေးတာ တခြားရှိသေးရဲ့လား။
ဟီးဟီး... အဲတော့ ရှန်းရင်က ဒီကောင်းကင်လက်နက်ကို အလင်းရင်းမြစ်အနေနဲ့ သုံးနေတယ်လား။
ဒီအရပ်ဆယ်မျက်နှာကောင်းကင်လက်နက်ရဲ့ အသုံးဝင်မှုတွေက တကယ်ကိုကျယ်ပြန့်လွန်းတာပဲ
...
အခန်း ၁၈၅ ။ မြေခွေးကို ကောင်းကင်အလွန်ပို့ခြင်း
"ကြီးမြတ်တဲ့ အမတတို့... ကျေးဇူးပြုပြီး ဒီမီးအိမ်လေးငှားပါ" မြေခွေးမိစ္ဆာက လူတိုင်း ဒီမီးအိမ်က ဘာလုပ်နိုင်လဲဆိုတာ သိသွားတာကို ခန့်မှန်းမိပုံပဲ။ သူမက တောင်းပန်တော့တယ်။
"ကျွန်မ... ကျွန်မ ဆယ်ရက်အတွင်း ပြန်ပေးမယ်လို့ ကတိပေးပါတယ်၊ တောင်းပန်ပါတယ်"
"ဘယ်သူ့မူလဝိညာဉ်ကို ပြင်ဖို့ကြိုးစားနေတာလဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ကျွန်မ... ကျွန်မ..." မြေခွေးမိစ္ဆာက လန်ဟွားကို မော့ကြည့်ပြီး တုံ့ဆိုင်းနေကာ မလုံမလဲ ဟိုဟိုဒီဒီကြည့်လိုက်တယ်။
ကူယွဲ့ သူမ ဇာတ်လမ်းတစ်ပုဒ်လျှောက်ပြောမှာကို စောင့်နေဖို့ စိတ်အခြေအနေမရှိတာမို့ ချက်ချင်း ဂါထာတစ်ခုရွတ်ပြီး သူမဆီပစ်လွှတ်လိုက်တယ်။
"ဟင့်အင်း" မြေခွေးဖြူက သွေးပျက်သွားပြီး သူမကို တားဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။
တစ်ခဏအတွင်း ဂါထာအမှတ်အသားက မြေခွေးရဲ့နှင်းလိုဖြူစွတ်တဲ့အမွှေးပေါ် ပေါ်လာတယ်။ အမှတ်အသားပေါ်မှာတော့ ရေးထားတာက ရှင်းဟန်။
မြေခွေးဖြူက ချက်ချင်း ဖြူဖျော့သွားခဲ့တယ်။
"ရှင်းဟန်လား" အဲဒါဘယ်သူလဲ။ ကူယွဲ့ လှည့်ကြည့်ပြီး မေးလိုက်တယ်။
"ဒီနာမည်ကို ဘယ်သူကြားဖူးလဲ"
လူတိုင်း ထိတ်လန့်ကုန်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ခေါင်းယမ်းလိုက်ကြတယ်။
မြေကြီးပေါ်က မြေခွေးဖြူက တန့်သွားပြီး စိတ်လှုပ်ရှားမှုတို့ သူမမျက်ဝန်းထဲ ပြည့်နေခဲ့တယ်။ သူမကြည့်ရတာ စိတ်အေးသွားတဲ့ပုံပဲ။
"လန်ဟွား မင်းက ဒီမှာ အသက်အကြီးဆုံးပဲ၊ ဒီနာမည်ကြားဖူးလား" ကူယွဲ့က လန်ဟွားကို လှမ်းမေးလိုက်တယ်။
အသက်အကြီးဆုံးလား။ သောက်ကျိုးနည်း ဘာသဘောလဲ။
"ရင်းနှီးနေသလိုပဲ... ရှင်းဟန်... ရှင်း..." သူ အချိန်အတော်ကြာ စဉ်းစားနေပြီးတဲ့နောက် ခေါင်းယမ်းလိုက်တယ်။
"ငါမေ့သွားပြီ"
"..." မင်းက ဘာအသုံးဝင်လဲ။ မင်းက အရင်က အဇဋာဧကရာဇ်လေ။
ကူယွဲ့ မျက်ဆန်လှန်လိုက်ပြီး ပိုတောင်မျက်မှောင်ကြုတ်လိုက်တယ်။ ဒါက ခက်ခဲတော့မှာပဲ။ သူတို့တွေ ရွေးစရာမရှိဘဲ မနက်ဖြန်မှ အသစ်ခန့်အပ်ထားတဲ့ တိုင်းပြည်ဧကရာဇ်ဆီ သွားမေးရတော့မဲ့ပုံ။
"သိလောက်တဲ့သူရှိတယ်" လန်ဟွားက ရုတ်တရက် တစ်စုံတစ်ရာကို ယူသွားသလိုမျိုး အကြံပြုလာတယ်။
"ဘယ်သူလဲ"
"ခဏနေဦး၊ ငါသူ့ကိုသွားခေါ်လိုက်ဦးမယ်" သူက လေလိုအရှိန်နဲ့ ပြေးထွက်သွားပြီး နှစ်မိနစ်အတွင်း ပြန်ရောက်လာတယ်။ သူက ဝတ်ရုံအပြာနဲ့လူတစ်ယောက်ကို ဆွဲခေါ်လာတယ်။ တည်တံ့နေတဲ့ မျက်နှာပေးနဲ့ သူက အံ့ဩတကြီး ပြောလိုက်တယ်။
"သူပဲ"
"ကြီးမြတ်တဲ့ နတ်ဒေဝါရှန်း၊ ရောင်းရင်း... ရောင်းရင်းအမတတို့ မတွေ့တာကြာပြီနော်" ချူရွှမ် အနေရခက်ခက်နဲ့ ပြုံးလိုက်တယ်။
ကူယွဲ့ ။ ။ "..."
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
"မင်းဘာသာမင်းရှင်းပြစမ်း" ကူယွဲ့ နှုတ်ခမ်းကိုသပ်ပြီး သက်ပြင်းချလိုက်တယ်။ သူ လန်ဟွားကို မထိုးမိအောင် မနည်းထိန်းနေရတယ်။
"ဒီလူက ဘယ်ကရောက်လာတာလဲ" သူ့ကို ချန်ကောက ပိတ်လှောင်ထားတာမဟုတ်လား။ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။
"သူ... သူက မနေ့ညကတင် ပေါ်လာတာပဲ" လန်ဟွားကြည့်ရတာ နစ်နာသလိုခံစားနေရတဲ့ပုံ။ သူမနေ့ညက အခန်းကို ပြန်ချိန် ချူရွှမ်နဲ့ တွေ့ခဲ့တာပဲ။ နှင်ထုတ်ဖို့အချိန် မရှိသေးရုံပါ။
"အမတရောင်းရင်း ကူယွဲ့၊ မင်းအထင်လွဲနေပြီ" ချူရွှမ်က ချက်ချင်း ရှင်းပြလာတယ်။
"ငါ ထွက်ပြေးလာတာ မဟုတ်ဘူး၊ အဲကောင်စုတ်ချန်ကော... အာ သူက သူ့သဘောနဲ့သူ လွှတ်လိုက်တယ်၊ ဟယ်ချွမ်က ငါ့လွှတ်ပေးဖို့ အဖိုးအခပေးပြီး ဖုန့်ချန်နဲ့ ဘယ်တော့မှ ပြန်မတိုက်ခိုက်တော့ဖို့ ကတိပေးလိုက်ပြန်တယ်၊ အဲဒါကြောင့် အမတသုတ်သင်ကိစ္စကပြီးသွားတာပဲ၊ မေ့ပစ်လိုက်တာပေါ့" ဘယ်လိုပဲဖြစ်ဖြစ် အဇဋာဧကရာဇ်လန်ဟွားကို ရှာတွေ့ပြီပဲ။ ကျေးဇူးကြွေးတွေ ပြန်ဆပ်ဖို့ အခွင့်အရေးတွေရှိသေးဦးမှာပဲ။
ပြီးတော့ သူသာ ထွက်ပြေးချင်ရင် ဒီနေရာကိုတောင် လာခဲ့မှာမဟုတ်ဘူး။ သူက မြေခွေးဖြူအမွေးကို ပွတ်နေတဲ့ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။ သူက လန်ဟွားနောက်ကို အလိုလို ဆုတ်သွားမိခဲ့တယ်။ ဘာကြောင့်မှန်းမသိ သူ့တစ်ကိုယ်လုံးနာကျင်သွားသလိုပဲ။
"ဒါကြောင့်..." ကူယွဲ့ သူ့ကို မကျေမနပ်နဲ့ကြည့်နေဆဲဖြစ်ပြီး လန်ဟွားကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။
"အဲဒါ မင်းဒီကိုလာတာနဲ့ ဘာဆိုင်လဲ" နောက်ထပ် ထမင်းမျိုအုံးမဲ့သူပဲ။
လန်ဟွားက ကူယွဲ့နဲ့အကြည့်ချင်းမဆုံအောင် ခေါင်းငုံ့လိုက်တယ်။ ဒါက သူနဲ့ဘာမှမှမဆိုင်တာ။ ချူရွှမ်က သူ့ဘာသာ ဒီကိုရောက်လာတာလေ။
"ငါက ဆ- အဇဋာဧကရာဇ်ကို လာရှာတာ" ချူရွှမ် ခပ်တိုးတိုးပြောလိုက်တယ်။
"ရွှီးမီကွင်းမှာတုန်းက ပြောချင်တာတွေ ပြောဖို့ အချိန်လုံလုံလောက်လောက်မရှိခဲ့လို့ ဒါကြောင့်..."
"အဲတော့၊ မင်း ဒီမှာ ဘယ်လောက်နေဖို့ စီစဉ်ထားလဲ"
"အာ... နှစ်ရက်သုံးရက်လောက်၊ ဒါမှမဟုတ် လပိုင်းလောက်ပေါ့"
အဇဋာဧကရာဇ်အပေါ်ပဲ အများကြီးမူတည်နေတယ်။
"ထွက်သွား" နှစ်ယောက်လုံး။
လန်ဟွား ။ ။ "..."
ချူရွှမ် ။ ။ "..."
ငါ့ဝူတိဂိုဏ်းကို ဖြတ်သွားဖြတ်လာအိမ်လို့များမှတ်နေတာလား။ ဘာလို့လူတိုင်းက ခိုလှုံဖို့ ဒီနေရာကို ရောက်လာကြတာလဲ။ သူတို့တွေ နတ်ဆိုးနှစ်ယောက်ကို ခေါ်ထားတာတင် မလုံလောက်သေးလို့လား။ ဘာလို့ တိုက်ကြီးရဲ့ ရန်သူတွေဖြစ်တဲ့ အဇဋာဧကရာဇ်ပါ ရှိနေတာလဲ။ တကယ်လို့ ဒီလိုသာ ဆက်သွားနေရင် ဒုက္ခသည်အားလုံးအတွက် လွယ်ကူတဲ့ ပစ်မှတ်ဖြစ်လာတော့မှာပဲ။
"အိုက်ယား ဖေဖေနျိုရယ် သူက ဧည့်သည်ပဲ၊ ဒီလိုအသေးစိတ်လေးတွေ စိတ်ရှုပ်ခံမနေစမ်းပါနဲ့" ရှန်းရင် မတ်တတ်ထရပ်ပြီး ကူယွဲ့ပခုံးကိုရိုက်လိုက်တယ်။ သူမ ချူရွှမ့်ဘက်လှည့်ပြောလိုက်တယ်။
"နင့်မှာ အမတ ကျောက်တုံးတွေပါလာလား"
"ဟမ်" ချူရွှမ်က သူမဘာဆိုလိုလဲ နားမလည်ဘဲ ရပ်သွားတယ်။ တစ်အောင့်နေတော့ သူ့ဝတ်ရုံအတွင်းကနေ အမတကျောက်တုံးအိတ်တွေ ထုတ်ပြီး ကမ်းပေးလိုက်တယ်။
"ငါ... ငါ အိတ်တချို့တော့ယူလာခဲ့တယ်"
စောစောပြောရောပေါ့။
ရှန်းရင် မျက်လုံးတွေ တောက်ပသွားခဲ့တယ်။ ကျောက်တုံးတွေ အများကြီးပဲ သူမ ကူယွဲ့ဆီ ကမ်းပေးလိုက်တယ်။
ကူယွဲ့အမူအရာ ပျော့ပြောင်းသွားလေရဲ့။
"ဟင်း... ငါ ဒီညတော့ ခွင့်ပြုလိုက်မယ်၊ မင်း မနက်ဖြန် သွားရမယ်နော်" ငါ မင်းရဲ့ ပိုက်ဆံကြောင့် အလွတ်ပေးတာနော်။
ချူရွှမ် ။ ။ "..."
သူ့ကို လှည့်စားဖို့ သူတို့ခုလေးတင် အဖွဲ့ဖွဲ့လိုက်တာလို့ သူ ဘာလို့ခံစားမိတာပါလိမ့်။
——————
"ရှင်းဟန်" ချူရွှမ်က မြေခွေးမိစ္ဆာရဲ့ ဇာတ်လမ်းကို နားထောင်ပြီးတဲ့နောက် ထိတ်လန့်သွားတယ်။
"သေချာပေါက် ငါ သူ့ကိုသိတာပေါ့၊ အဲကလေးက ယီရွှေ့က မဟုတ်လား"
"ယီရွှေ့တိုက်ကြီးကလား" ကူယွဲ့လည်း ထိတ်လန့်သွားတယ်။
"ရှင်းဟန်ဆိုတာ ယီရွှေ့ရဲ့ အဇဋာဧကရာဇ်နာမည်လို့တော့ မပြောနဲ့နော်"
"အမှန်ပဲ" ချူရွှမ် ခေါင်းညိတ်ပြလိုက်တယ်။
"မင်းမသိဘူးလား" ဒါက အမတဘုံက ပုံမှန်ဗဟုသုတ မဟုတ်ဘူးလား။
အာ...။
အမတဘုံရဲ့ဂိုဏ်းအသစ်က သူတို့တစ်ခုမှ မသိတဲ့အကြောင်း ရှင်းနေတာပဲ။
"ယီရွှေ့က ရှင်းဟန်ရဲ့ နယ်မြေပဲ" ချူရွှမ်က ခေါင်းညိတ်ရင်း ဖြေလိုက်တယ်။ သူ မြေခွေးမိစ္ဆာကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့တယ်။
"ဒါပေမဲ့ အဲကလူတွေကထူးဆန်းတယ်၊ သူတို့တွေက အေးစက်ပြီး မိတ်ဆွေဖွဲ့ဖို့ မလွယ်ဘူး၊ သူတို့တွေက တခြားတိုက်တွေကလူတွေနဲ့ ရောတယ်ဆိုတာ မရှိဘူး၊ ငါကိုယ်တိုင်လည်း သူတို့ကို အကြိမ်ရေတချို့လောက်ပဲမြင်ဖူးတာ၊ အဇဋာဧကရာဇ်ဆယ်ယောက်တွေကြားမှာ ချန်ကောဆိုတဲ့ အဲမျက်နှာပေါင်းစုံနဲ့ကောင်ပဲ သူတို့နဲ့ ဆက်ဆံရေးမျိုးစုံရှိတာ"
အဲတော့ ဒီမြေခွေးက အဇဋာဧကရာဇ်ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကိုး ကူယွဲ့ ငုံ့ကြည့်ပြီး အပြစ်ကင်းတဲ့ တိရစ္ဆာန်လေးကို လှမ်းကြည့်လိုက်တယ်။ အရမ်းကြည့်ကောင်းနေတာ မဆန်းတော့ဘူး။
"မင်းက အဇဋာဧကရာဇ်ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ဆိုမှတော့ ဘာလို့ ဝိညာဉ်စုဝေးမီးအိမ်ကို အသည်းအသန်ဖြစ်နေရတာလဲ"
မြေခွေးမိစ္ဆာက ကွေးကွေးလေးပဲနေနေပြီး လုံးဝမဖြေ။
"တကယ်လို့ မင်းဘာမှမပြောရင် ငါတို့ မင်းကို ကောင်းကင်အလွန်မှကောင်းကင်များဆီပို့ပြီး အဇဋာဧကရာဇ်ရှင်းဟန်ကို ကိုယ်တိုင်မေးရလိမ့်မယ်"
"ဟင့်အင်း..." မြေခွေးဖြူက သွေးပျက်သွားပြီး ရုတ်တရက် ထရပ်ကာ ကူယွဲ့ကို ခုန်အုပ်ရင်း အင်းကွက်ဖောက်ဖို့ ကြိုးစားတော့တယ်။ ဒါပေမဲ့ သူမက ဘယ်လိုအသွင်ပြောင်းရမလဲတောင် မသိသေးတဲ့ မြေခွေးမိစ္ဆာလေးပဲ။ ဘယ်လိုလုပ် ကူယွဲ့အင်းကွက်ကို ဖောက်နိုင်မှာလဲ။ မြေခွေးမိစ္ဆာလေးကနောက်ကို ပြန်ကန်ထွက်သွားပြီး သူမနဲ့ အင်းကွက်ထိသွားတဲ့နေရာမှာ အမွှေးလောင်သွားတဲ့အကွက် ပေါ်လာတော့တယ်။ မြေခွေးဖြူလေးက တစ်ဖက်ခြမ်းမှာ လောင်သွားတဲ့ပုံပဲ။ သူမက မြေကြီးပေါ်လဲပြီး သတိလစ်ကာ ညည်းတွားနေတယ်။
ကူယွဲ့ မေ့မျောစေတဲ့ ဂါထာတစ်ခုရွတ်ပြီး မြေခွေးမိစ္ဆာလေးကို မေ့သွားစေလိုက်တယ်။ ဒါက အဇဋာဧကရာဇ်ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ သူမကို အရမ်းကြီး နာကျင်စေလို့ မဖြစ်ဘူး။ မြေခွေးက မီးအိမ်ကို ခိုးဖို့ကြိုးစားတဲ့အကြောင်းရင်းအတွက်ကတော့ ကူယွဲ့ ရှင်းဟန်ကို ကိုယ်တိုင်မေးရတော့မဲ့ပုံပဲ။
"ကြည့်ရတာ ငါတို့ ဒီတွေ့ဆုံမှုကနေ အဖြေရမဲ့ပုံမပေါ်ဘူး" ကူယွဲ့ ညွှန်ကြားလိုက်တယ်။
"ယွီဟုန် ဒီမြေခွေးမိစ္ဆာကို တောင်နောက်ဘက်က အင်းကွက်ဆီ ခေါ်သွားလိုက်"
"ဟုတ်ကဲ့"
"ပြန်ပို့ဖို့ အချိန်ရှာ... ခဏ" သူက စကားပြောနေရင်း ရပ်သွားပြီး အမူအရာက မည်းမှောင်သွားခဲ့တယ်။
"ရှန်းရင် အဲမြေခွေးကိုချထားလိုက်၊ မင်းစားလို့မရဘူးပြောနေတယ်လေ"
“-ျီး"
"ငါ့ဖင်ကို-ျီး မင်း ကွမ်တုံးကနေ လာတာလား၊ ခဏ... မင်း အမြီးလည်းစားလို့မရဘူး"
"..."
သေစမ်း၊ ကြည့်ရတာ မြေခွေးကို မြန်မြန်ပို့မှပဲ။ ချက်ချင်း၊ ခုချက်ချင်းကို။
——————
ဖေဖေနျိုနဲ့ ယိချင်းက မြေခွေးကိုပို့ဖို့ ကောင်းကင်အလွန်မှကောင်းကင်များဆီ သွားခဲ့တယ်။ သူတို့လောရတာကတော့ ညသန်းခေါင်မှာ မြေခွေးက ကိစ္စတစ်ခု ထဖြစ်လို့ပဲ။ ထွက်ပြေးဖို့ကြိုးစားပြီး တောင်နောက်ဘက်မှာ သွေးကြောကာကွယ်အင်းကွက်နဲ့ ထိမိသွားတယ်လေ။ တစ်ကိုယ်လုံး လောင်တော့မလို့။ တကယ်လို့ မုန်လာဥသာ အဲနေရာမှာ မရှိဘဲ သူ့ကို အမတဆေးမြစ်တွေ မကျွေးခဲ့ဘူးဆိုရင် မြေခွေးက သေနေလောက်ပြီ။
ဒီမြေခွေးဝတုတ်က ခံနိုင်ရည်တော့ရှိသား။ စကားတစ်လုံးတောင် မပြောဖို့ တောင့်ခံနေတယ်။ သူ့ကိုယ်သူ သတ်မသေမိစေဖို့ ကူယွဲ့လည်း ကောင်းကင်အလွန်မှကောင်းကင်များဆီ ခေါ်လာရတော့တာပေါ့။
ယီရွှေ့ရဲ့အဇဋာဧကရာဇ်က ဘယ်လိုမျိုးလဲဆ်ုတာ မသေချာလို့ သူ့ကိုယ်သူ ကာကွယ်ဖို့ ယိချင်းကိုပါ ဆွဲခေါ်လာခဲ့တယ်။
မိဘတွေမရှိတော့ ဝူတိဂိုဏ်းက လုံးဝကို လွတ်ထွက်သွားလေရဲ့။ ဘယ်သူမှ အိမ်မှုကိစ္စမလုပ်တော့သလို အမတဆေးမြစ်တွေကိုလည်း ဂရုမစိုက်တော့ဘူး။ ဂိုဏ်းထဲကလူတိုင်းက ရှန်းရင်အတွက် ဟင်းချက်ဖို့ ၁၀၁နည်းကို ဝေဖန်ဆန်းစစ်နေကြတော့တယ်။
ရှန်းရင် ဟင်းချက်ပြိုင်ပွဲကို စီစဥ်ရမလား စဉ်းစားနေတုန်းရှိသေး ဖေဖေနျိုခေါ်သွားတဲ့မြေခွေးက ရုတ်တရက် ပြန်ရောက်လာတယ်။
သူက အနောက်ဘက်ကို ဝုန်းခနဲပြုတ်ကျလာပြီး အမိုးကနေတစ်ဆင့် စားဖိုမှူး ဘယ်သူ့ကိုမှ မထိခိုင်းထားတဲ့အိုးထဲ တန်းတန်းမတ်မတ်ပြုတ်ကျသွားတော့တယ်။
ရှန်းရင် ။ ။ "..."
အိမ်အပြင်ဘက်မှ လူအားလုံး ။ ။ "..."
အဲတော့... ဒီကောင်ကတကယ်ပဲ ဟင်းချက်စရာအဖြစ် အသုံးခံချင်နေတာလား။
ဒါကတကယ့်ကိုရည်မှန်းချက်ကြီးတဲ့ မြေခွေးပဲ
( ̄『̄)
ရှန်းရင် သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမလား စဉ်းစားနေတာ။ ရုတ်တရက် မြေခွေးက အိုးထဲကနေ တွားသွားထွက်လာပြီး သူမရဲ့ဝတ်ရုံတွေကို ဆွဲတော့တယ်။ မိန်းကလေးအသံနဲ့ သူကပြောလာတယ်။
"ဂိုဏ်းချုပ်ရှန်းတပည့်တွေက နတ်ဆိုးအမတတွေ ဖမ်းခေါ်သွားတာခံလိုက်ရတယ်"
"..."
အဲဒါ ဝက်မိစ္ဆာလား။
"ဘာဖြစ်တာလဲ" လန်သွားက ပထမဆုံး တုံ့ပြန်တဲ့သူ။ သူ မြေခွေးမိစ္ဆာကို ကောက်ချီလိုက်တယ်။
"ဘယ်လိုပြန်ရောက်လာတာလဲ" ပြီးတော့ တစ်ကောင်တည်း။
"တခြားသူတွေရော"
"လမ်း... လမ်းမှာ... နတ်ဆိုးအမတကို တွေ့ခဲ့တာပါ" မြေခွေးမိစ္ဆာက တုန်ယင်နေရင်း သွေးပျက်နေတယ်။
"သူတို့တိုက်ခိုက်ပြီး နောက်တော့ ခေါ်... ခေါ်သွားတာခံလိုက်ရတယ်၊ ငါက မိစ္ဆာဆိုတာ မြင်လို့ သူတို့က မခေါ်သွားတာ၊ အားလုံး... ကျေးဇူးပြုပြီး သူတို့ကိုသွားကယ်ကြပါ"
"နတ်ဆိုးအမတတွေ" ချူရွှမ် မျက်မှောင်ကြုတ်ပြီး တစ်ပြိုင်နက်မေးလိုက်တယ်။
"ချန်ကောက ဘယ်လိုဖုန့်ချန်တိုက်ကို စီမံနေတာလဲ၊ ဘယ်လိုလုပ် နတ်ဆိုးအမတတွေက သူတို့စိတ်တိုင်းကျ သွားလာနေရတာတုံး"
ရှန်းရင် မျက်မှောင်ကြုတ်ပေမဲ့ ဘာမှမပြောဘူး။ မြေခွေးမိစ္ဆာက ဆက်ပြောတယ်။
"ခက်ခက်ခဲခဲထွက်ပြေးပြီး လာအသိပေးတာ၊ အဲဒီ... အဲဒီ နတ်ဆိုးအမတတွေက အရမ်းအင်အားကြီးတယ်၊ သွားမကယ်ခင် ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်"
"သူတို့ကို ဘယ်နေရာခေါ်သွားတာလဲ" လန်ဟွား မေးလိုက်တယ်။
"မ... မသိဘူး" မြေခွေးမိစ္ဆာက ခေါင်းယမ်းလိုက်တယ်။
"တောင်ဘက်ကို ဦးတည်သွားတာပဲ မြင်လိုက်တာ"
"တောင်ဘက်လား" ချူရွှမ်က တစ်ခဏတာ စဉ်းစားနေတယ်။
"ဒါဆို သူတို့ နောက်ထပ်တိုက်ကြီးကို ဦးတည်နေတာဖြစ်ရမယ်၊ ရှန်း... ကြီးမြတ်တဲ့နတ်ဒေဝါ၊ နတ်ဆိုးအမတတွေနဲ့ အမတကျင့်ကြံသူတွေက ဘယ်တုန်းကမှ မတည့်ခဲ့ကြဘူး၊ ဂိုဏ်းအကြီးအကဲတွေ ခေါ်သွားခံတာဆိုရတော့ ကောင်းမဲ့ပုံမပေါ်ဘူး၊ ငါတို့မြန်မြန်သွားတာကောင်းမယ်၊ မဟုတ်ရင်..."
"အလျင်မလိုနဲ့" ရှန်းရင်က ကုလားထိုင်ပေါ် ပျင်းတိပျင်းရွဲထိုင်ပြီး မြေခွေးနတ်ဆိုးကို ငုံ့ကြည့်လိုက်တယ်။
"ဖေဖေနျိုနဲ့ စားဖိုမှူးတို့နှစ်ယောက်လုံး ဖမ်းခံလိုက်ရတယ်လို့ပြောတယ်နော် - နတ်ဆိုးအမတတွေ ဖမ်းတာပေါ့"
"ဟုတ်တယ်" မြေခွေးနတ်ဆိုးက ခေါင်းညိတ်ပြတယ်။
"မျက်မြင်တွေ့ခဲ့ရတာပါ၊ သူတို့ကိုမြန်မြန်သွားမကယ်ရင် မီတော့မှာမဟုတ်ဘူး"
"ငါတို့ အရင်ဆုံးကိစ္စတွေရှင်းအောင် လုပ်ဖို့လိုတယ် မဟုတ်ဘူးလား" ရှန်းရင်က အရမ်းကို တည်ငြိမ်နေတယ်။
"ငါခန့်မှန်းပါရစေ- သူတို့နှစ်ယောက်လုံးက ဧကရာဇ်ငယ်တွေ၊ တကယ်လို့ ဒီနတ်ဆိုးအမတတွေ သူတို့ကို ဖမ်းချင်ရင် သူတို့ကျင့်ကြံဆင့်ကအများကြီးပိုမြင့်ရမှာ - အနည်းဆုံးတော့ အမတဧကရာဇ်အဆင့်လောက်ပေါ့၊ ဒါပေမဲ့... နင် ဒါကို မသိလောက်ဘူးထင်တယ်၊ သူတို့က ဓားအမတတွေဟ၊ ဖေဖေနျိုကိုထားဦး - အမတဧကရာဇ်၁၈ယောက်ပေါင်းရင်တောင် စားဖိုမှူးကို ထိန်းမထားနိုင်ဘူး"
မြေခွေးဖြူက ဒါကိုကြားချိန် တုန်ယင်သွားခဲ့တယ်။ သူ့ရဲ့စိတ်ပူပန်နေတဲ့ အသွင်အပြင်က ရုတ်တရက် သွေးပျက်မှုနဲ့ရောသွားပြီး အကြည့်လွှဲသွားတယ်။
"ပြောရရင်တော့... သူတို့ကိုခေါ်သွားတဲ့လူတွေက အဇဋာဧကရာဇ်တွေပဲဖြစ်ရမယ် - ပြီးတော့ တစ်ယောက်ထက်လဲ ပိုရမယ်" သူမက ချူရွှမ်ကို လှည့်ကြည့်လိုက်တယ်။
"ဟေး သူဌေးလန်နဲ့ နင့်ရဲ့အဲဒီရဲဘော်ရဲဘက်၊ အဇဋာဧကရာဇ်တွေကြားထဲ နတ်ဆိုးအမတတွေ ဘယ်လောက်ရှိလဲ"
ချူရွှမ်က ကြောင်သွားပြန်တယ်။ ဘာလို့ သူမက သူ့ကို ကြက်ဆီလို့ ခေါ်နေပြန်တာလဲ။ ဒါပေမဲ့ သူ အမှန်တိုင်းပဲ ဖြေလိုက်တယ်။
"အဇဋာဧကရာဇ်ဆယ်ပါးကြားထဲ သုံးယောက်က နတ်ဆိုးအမတတွေ၊ ချင်းဇယ်က ပြောင်ထင်၊ ဖုန့်ထျန်းက ဝူဟုန်၊ ထျန်းကျောက်က ပိုင်ထီတို့ပဲ"
"သုံးယောက်ပဲရှိတာပေါ့၊ လွယ်သားပဲ" ရှန်းရင် မျက်လုံးတွေမှေးပြီး မြေခွေးမိစ္ဆာကို ပြုံးဖြီးဖြီး ကြည့်လိုက်တယ်။
"ငါနင့်ကို တခြားတစ်ခုပြောရဦးမယ်၊ ဝူလေးနဲ့ ပြောင်လေးက ဖေဖေနျိုနဲ့ အရမ်းကိုခင်တာ၊ သူတို့ကို ဖမ်းသွားတဲ့လူတွေ မဖြစ်နိုင်ဘူး၊ အဲတော့ သံသယဝင်စရာ တစ်ယောက်ပဲကျန်မယ်"
မြေခွေးဖြူက အလိုလိုကွေးသွားတယ်။
"အဲဒီနောက်ဆုံး ပိုင်..."
"ပိုင်ထီ" ချူရွှမ် လိုက်ပြောလိုက်တယ်။
"အိုး ငါတို့ ဒီလူ့ကို မသိတာမို့ သူနဲ့ဘာရန်ငြိုးမှမရှိဘူး၊ သူက ငါတို့ကို တိုက်ခိုက်စရာအကြောင်းမှမရှိတာ၊ အဲဒီလူတွေက နင့်နောက်လိုက်နေတာပဲဖြစ်ရမယ်"
သူမ မြေခွေးမိစ္ဆာကို ငုံ့ကြည့်လိုက်တယ်။
"လူတစ်စုက နင့်ကိုလာရှာတာပဲဖြစ်ရမယ်၊ အဲဒီနတ်ဆိုးအမတတွေက စားဖိုမှူးရော ဖေဖေနျိုကိုရော ဖမ်းလိုက်နိုင်ပေမဲ့ နင့်ကိုတော့ ထွက်ပြေးခွင့်ပေးလိုက်တယ်ပေါ့၊ အဲဒါအဓိပ္ပာယ်မရှိဘူး၊ ဒါပေမဲ့..."
သူမက ကြမ်းပြင်ကို ငုံ့ကြည့်ပြီး ရုတ်တရက် မြေခွေးဖြူကို ထောက်လိုက်တယ်။
"နင်က သူတို့နဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဆိုရင်တော့ တစ်မျိုးပေါ့"
"..."
"နင်လိုချင်တာကို ခိုးတာမအောင်မြင်ဘဲ ဒဏ်ရာအကြီးအကျယ် ရသွားခဲ့တယ်၊ အရေးကြီးတဲ့အချိန်မှာ ထွက်မပြေးဘဲ ငါတို့ကို သတင်းတောင် လာတင်ပြသေးတယ်၊ မုန်လာဥတောင် နင့်အကြံက အကောင်း မဟုတ်မှန်း ပြောနိုင်တယ်"
"..."
"နင်က စောနလေးကတင် ငါတို့ သူတို့ကို သွားမကယ်ခင် သေချာပြင်ဆင်ရမယ်လို့တောင် ပြောတယ်၊ ဟုတ်တာပေါ့ သေချာပြင်ဆင်လေ ကောင်းလေပဲ၊ သာမန်အမတလက်နက်တွေက လုံလောက်မှာမဟုတ်ဘူး၊ ငါတို့တွေနဲ့အတူ ကောင်းကင်လက်နက်တချို့ပါ ယူသွားရင် ပိုကောင်းမှာပေါ့- ဝိညာဉ်စုဝေးမီးအိမ်လိုမျိုးလေ"
မြေခွေးမိစ္တာက ခုတော့ အတော်လေးတုန်ယင်နေပြီ။ သူ့တစ်ကိုယ်လုံးက အခုဘောလုံးတစ်လုံးကို ကွေးနေလေရဲ့။ ကြည့်ရတာ တံခါးအပြင်ခုန်ထွက်ပြီး ထွက်ပြေးတော့မဲ့ပုံပဲ။
ရှန်းရင် ဆောင့်ကြောင့်ထိုင်ပြီး မြေခွေးနား ကပ်သွားခဲ့တယ်။ တဖြည်းဖြည်းချင်း တမင်သက်သက် ပြောလိုက်တယ်။
"နင့်လို လိမ်ပြောတတ်တဲ့ တိရစ္ဆာန်လေးတွေက ကင်စားခံရမယ်နော်"
မြေခွေး ။ ။ "..."
လူများ ။ ။ "..."
"ပြော - သူတို့နှစ်ယောက် ဘာဖြစ်သွားတာလဲ"
အကြံအစည်ပေါ်သွားတဲ့ မြေခွေးမိစ္ဆာက ရှန်းရင်ကို မဖြေဘဲ ရုတ်တရက် ကိုယ်ကိုဆန့်တစ်ဖက်လှည့်ပြီး ထွက်ပြေးဖို့ပြင်တော့တယ်။
ဘေးမှာရှိနေတဲ့ လန်ဟွားက လက်ကိုယမ်းလိုက်တယ်။ နတ်ဆိုးချီတွေက သူတို့ကိုဖြတ်သန်းသွားပြီး မြေခွေးမိစ္ဆာလေးကို ထိမှန်သွားခဲ့တယ်။ သူ့ခေါင်းနဲ့ ကြမ်းပြင်နဲ့ရိုက်မိပြီး အသည်းအသန်ရုန်းကန်တော့တယ်။
"လွှတ်ပေးပါ... လွှတ်ပေး... ငါ လိမ်တာမဟုတ်ပါဘူး၊ သူတို့တကယ်ဖမ်းခံလိုက်ရတာပါ၊ ငါ အဲမီးအိမ်ကိုလိုချင်ရုံပါ၊ အဲမီးအိမ်ကိုလိုချင်ရုံ..."
သူ ဘယ်လောက်ပဲရုန်းရုန်း နတ်ဆိုးချီကနေ မလွတ်မြောက်နိုင်။ သူ့ရဲ့ ဖြူဆွတ်နေတဲ့ အမွှေးဖြူတွေက ဒဏ်ရာတွေနဲ့ ပြည့်လာတယ်။ အဲတော့မှပဲ ရုန်းနေတာရပ်ပြီး အညံ့ခံကာ ညည်းတွားတော့တယ်။
"တောင်းပန်ပါတယ်... မီးအိမ်ပေးပါ ငါ ဒီအကြောင်းကိုဘယ်သူ့ကိုမှ မပြောပါဘူး၊ ဘာမှမဖြစ်ခဲ့သလို နေပါ့မယ်၊ မယုံရင် နောက်ကျသတ်လိုက်ပါ ငါ လူတစ်ယောက်ကို ကယ်ဖို့ အဲမီးအိမ်ငှားချင်ရုံပါ၊ ဝူးဝူးဝူး... တောင်းပန်ပါတယ်"
"ငါတို့ဘာလုပ်လို့လဲ" ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ ဘာတွေပြောနေတာလဲ။
"ငါ... ငါမပြောပါဘူး ကျိန်ပါတယ်၊ ကျိန်ပါတယ်"
"ပြော၊ ဘာတွေဖြစ်နေတာလဲ" ပြောစမ်းပါဟယ်
မြေခွေးမိစ္ဆာကခေါင်းကိုမော့ပြီး အောက်ကျို့စွာ ပြောလာတယ်။
"နင်တို့... နင်တို့တွေ နတ်ဆိုးတွေကို... ဝှက်ထားတာလေ"
ရှန်းရင် ။ ။ "..."
ပုန်းနေသော လန်ဟွား ။ ။ "..."
အာ... အဲဒါကြောင့် သူ့အသက်အတွက် ဘာကြောင့် မီးအိမ်ကို ခိုးရတာလဲဆိုတာ မပြောချင်ရတဲ့ အကြောင်းရင်းလား။ အခရာအကြောင်းက... ဘာတစ်ခုမှ အဓိပ္ပာယ်မရှိဘူးပဲ။ ဖေဖေနျိုက လန်ဟွား သူတို့နဲ့နေဖို့ကို ဘာလို့ အဲလောက်ငြင်းဆန်နေရလဲဆိုတာ ရှန်းရင် ရုတ်တရက် နားလည်သွားခဲ့ပြီ။
"ထားလိုက်တော့ ငါသူတို့နှစ်ယောက်ကိုသွားရှာတော့မယ်" တခြားကိစ္စတွေဆွေးနွေးဖို့က ဖေဖေနျိုပြန်လာတဲ့အထိစောင့်လို့ရတာပဲ။
"ကောင်းပြီ..."
"ပုန်းနေတဲ့လူတွေက ဒီမှာနေခဲ့သင့်တယ်"
လန်ဟွား ။ ။ "..."
"အဲဒီရဲဘော်(၁)... ငါ အဲဒီပိုင်ကျောင်းဆီ သွားတဲ့လမ်းနဲ့ သိပ်မရင်းနှီးဘူး၊ လမ်းပြ ပြီးတော့ ဒီတိရစ္ဆာန်လေးကိုပါ ငါတို့နဲ့ခေါ်သွားမယ်"
ချူရွှမ် ။ ။ "..."
ကြည့်ရတာ စကားတစ်လုံးလိုနေတဲ့ပုံပဲ။ သူ့ကို "ကြက်ဆီ" လို့ခေါ်တာက "ပြည့်တန်ဆာ" လို့ခေါ်တာထက်တော့ ပိုကောင်းပါတယ်
(ಥ_ಥ)
မှတ်ချက် ။ ။ ရှန်းရင် သုံးသွားတဲ့ (基) က လိင်တူ သဘောကျသူတွေကို ဗန်းစကားအနေနဲ့ ခေါ်တဲ့အသုံးပါ။ 鸡油 (ကြက်ဆီ) က 鸡 နဲ့ အသံချင်းဆင်ပြီး ချူရွှမ်က အဲဗန်းစကားမသိတာမို့ နောက်ထပ်ဗန်းစကားဖြစ်တဲ့ 鸡 (ပြည့်တန်ဆာ) အနေနဲ့ပဲ စဉ်းစားလိုက်တာပါ။
…
အခန်း ၁၈၆ ။ ကောင်းကင်သန့်စင်နာရီ
ဖုန့်လွမ်နန်းတော်၊ ဖုန့်ထျန်းတိုက်ကြီး။
ဝတ်ရုံပြာဝတ်ထားတဲ့ ဝူဟုန်က နန်းဆောင်ထဲ ရှေ့နောက် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတယ်။ အစေ့သေတ္တာတွေ ကြမ်းပြင်ပေါ် အမြင့်ကြီးတင်ထားတာကို မြင်နိုင်ပြီး ဘေးကအမတအရာရှိကို မကြာခဏလှည့်မေးနေတော့တာပဲ။
"ဒါ မင်းတို့ရှာတွေ့ထားတဲ့ အမတဆေးမြစ်အစေ့တွေလား"
"ဟုတ်ကဲ့ သီကျွင်း၊ စုစုပေါင်း ဆေးပင်အမျိုးပေါင်း ၃၇၅၀၀၀ ရှိပါတယ်၊ တစ်မျိုးစီကို အစေ့ဆယ်စေ့ပါ၊ ဒါတွေ အကုန်လုံးက ပထမတန်းစားအစေ့တွေပါ၊ အထူးသဖြင့် အမတသွေးကြောတွေပေါ် အထူးတလည် စိုက်ပျိုးထားပြီး နှစ်ရက်အတွင်း အညွန့်ပေါက်ဖို့ အာမခံပါတယ်"
"ကောင်းပြီလေ" ဝူဟုန်က ခေါင်းညိတ်ပြလိုက်တယ်။
"မင်း အဲဒါတွေကို စစ်ဆေးပြီးပြီလား၊ အထဲမှာ ပုပ်နေတဲ့အစေ့မရှိတာ သေချာတယ်နော်"
"ကျွန်တော်တို့ စစ်ဆေးမှုဆယ်ကြိမ် လုပ်ပြီးပါပြီ"
"ငါတို့မပို့ခင် နောက်တစ်ကြိမ် စစ်ဆေးချေ" မျက်မှောင်ကြုတ်ပြီး သူက ထပ်ပြီးသတိပေးလိုက်တယ်။
"ဒါတွေက ကြီးမြတ်တဲ့နတ်သမီးကို ပို့ရမှာ၊ တစ်ခုချင်းစီက ပြည့်စုံနေရမယ်၊ နားလည်လား"
"ဟုတ်ကဲ့ သီကျွင်း"
"ပြီးတော့ ဘူးတွေကိုလဲလိုက်၊ ဒါတွေက မသေမျိုးချီကိုပဲထိန်းထားနိုင်တဲ့ သာမန်ဘူးတွေ၊ မဟူရာအမတသစ်သားနဲ့ လုပ်ထားတဲ့ ဘူးတွေနဲ့လုပ်လိုက်"
"ဟုတ်ကဲ့"
"စကားမစပ် အဲဒီအမတသွေးကြောတွေကို ပို့လိုက်ပြီလား၊ ဒီတစ်ကြိမ် နောက်တစ်ခုထပ်ထည့်လိုက်၊ အညွန့်ပေါက်ပေမဲ့ မကြီးထွားလာဘူးဆိုရင် ပြဿနာတက်မယ်"
"ဟုတ်ကဲ့"
"ပြီးတော့ အမတလေကိုပါ ယူသွားလိုက်၊ သူတို့ကြီးထွားမှုကို အရှိန်မြန်စေလိမ့်မယ်"
"... ဟုတ်ကဲ့"
"လမ်းမှာဂရုစိုက်ဦး၊ ခရီးအတွင်း မထိခိုက်အောင် အမတချီကိုသုံးလိုက်"
"..."
"ထားလိုက်တော့ ငါပဲ ပို့လိုက်တော့မယ်၊ မင်းတို့ကိုမယုံဘူး"
"..."
လက်တစ်ဖက်ယမ်းပြီး ဝူဟုန်က အစေ့တွေ ဖြည့်ထားတဲ့ဘူးတွေအားလုံးကို ကျောက်စိမ်းသေတ္တာထဲ ထုတ်ပိုးလိုက်တယ်။ သူက ဂရုတစိုက် ကောက်ယူပြီး ထွက်တော့မဲ့ဆဲဆဲ အမတအရာရှိတစ်ယောက်က ခပ်သုတ်သုတ် ပြေးဝင်လာတယ်။
"သီကျွင်း၊ ထျန်းကျောက်တိုက်ကြီးရဲ့ ဧကရာဇ်ပိုင်ရောက်လာပါတယ်"
"ပိုင်ထီလား" ဝူဟုန် အံ့ဩသွားတယ်။
"ဘာလို့ရောက်လာတာလဲ" ပိုင်ထီက သူ အစေ့သွားပို့မဲ့အချိန်ကျတော့မှ သူ့ကိုလာတွေ့ဖို့ ဘာလို့ ရွေးရတာလဲ။
ဝူဟုန်စိတ်ရှုပ်မှုနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ ရွေးစရာမရှိတော့ဘဲ ကျောက်စိမ်းသေတ္တာကို သူ့ဘေးကအရာရှိဆီ ကမ်းပေးလိုက်ပြီး ဒီနေ့တင် တန်းပို့ဖို့ ထပ်မှာလိုက်တယ်။ နောက်တော့ အပြင်ကလူကို ခေါ်လာခဲ့ဖို့ အမူအရာပြလိုက်တော့တယ်။
"ဧကရာဇ်ဝူဟုန်" မုတ်ဆိတ်မွေးဖြူဖြူ၊ ရွှေချည်မျှင်ထိုးထားတဲ့ ဝတ်ရုံစိမ်းနဲ့လူတစ်ယောက်က အထဲဝင်လာတယ်။ သူ့အသံက ခေါင်းလောင်းလို ကျယ်လှချည်ရဲ့။
"ငါတို့နောက်ဆုံးတွေ့ခဲ့တာ အတော်လေးကိုကြာပြီနော်၊ မင်း ဘယ်လိုနေလဲ"
"ဧကရာဇ်ပိုင်ထီ" ဝူဟုန် ယဉ်ကျေးစွာ ပြုံးလိုက်တယ်။
"ဘာက မင်းကို ဖုန့်လွမ်နန်းတော်ဆီ ရောက်လာစေတာလဲ" နှစ်ယောက်လုံးက မိစ္ဆာမျိုးနွယ်ဆိုပေမဲ့ ဖုန့်ထျန်းတိုင်းသူပြည်သားအများစုက အမတတွေအဖြစ် မြင့်တက်လာတဲ့ ပျံသန်းတဲ့ သတ္တဝါတွေ ဖြစ်ပြီး ထျန်းကျောက်က အများစုကတော့ ကုန်းနေသတ္တဝါတွေ။ တိုက်ကြီး၂တိုက်က တည့်ကြတယ်လို့ ပြောလို့မရပေမဲ့ ရန်ဖြစ်နေတာတော့လည်းမဟုတ်ဘူး။ ဒါက ဧကရာဇ်ပိုင်ထီ သူ့ကို ပထမဆုံးအကြိမ်လာတွေ့တာပဲ။
"ငါတို့နှစ်ယောက်လုံးက မိစ္ဆာမျိုးနွယ်ကလေ၊ ပိုပြီးတည့်သင့်တာပေါ့" ပိုင်ထီကပြုံးတယ်။
"မင်းက ဒါပြောဖို့အတွက်နဲ့ ဒီရောက်လာတာလား" အမူအရာ အပြောင်းအလဲမရှိ ဝူဟုန် တန်းတန်းမတ်မတ်ပဲပြောလိုက်တယ်။
"ဧကရာဇ်ပိုင်ထီက အရင်အချိန်တွေအကြောင်းတွေ ပြောဖို့လာတာလား၊ ဒါမှမဟုတ် တခြားကိစ္စပြောဖို့လား"
"ဧကရာဇ်ဝူဟုန်က တကယ်ပဲ ဉာဏ်ပြေးလှတာပဲ" ပိုင်ထီ့အမူအရာက ခပ်တောင့်တောင့်ဖြစ်သွားတယ်။
"တကယ်ပဲ၊ မင်းဆီက တောင်းဆိုစရာတစ်ခုရှိလို့ ရောက်လာခဲ့တာပါ၊ ငါ့ရဲ့ ဇွတ်တရွတ်သမီးလေးနဲ့ ပတ်သက်တဲ့ကိစ္စပါ"
"မင်းရဲ့မင်းသမီးလေးက ပျောက်သွားပြန်ပြီလား"
ဝူဟုန် မဆိုစလောက် လှောင်လိုက်တယ်။ ကောင်းကင်အလွန်မှကောင်းကင်များကလူတိုင်း ပိုင်ထီ့သမီးအကြောင်းသိကြတယ်လေ။
ပိုင်ထီက ဒီလိုလှောင်ပြောင်မှုကို ကျင့်သားရနေတဲ့ပုံနဲ့ သက်ပြင်းမောကြီးချတယ်။
"ငါ့မှာ ဒီကလေးပဲရှိတာ မင်းသိပါတယ်၊ သူ့ကို ငယ်ငယ်လေးတည်းကအလိုလိုက်မိလို့ အဲလောက်ခေါင်းကြောမာမာနဲ့ ကြီးပြင်းလာခဲ့တာပဲ၊ လူတွေအားလုံးထဲမှာမှ သူ ချစ်သွားတာက... ဟိုက် ငါသူ့ကိုဆူပြီးတဲ့နောက် စိတ်ဆိုးပြီး အိမ်ကထွက်သွားတာပဲ"
"ဒါဆို ဘာလို့ သူ့ကို ဒီမှာလာရှာနေတာလဲ၊ မင်းသမီးဘယ်မှာလဲဆိုတာ ငါ ဘယ်လိုလုပ်သိပါ့မလဲ"
"မနေ့က သူ့ကို နောက်ထပ်တိုက်ကြီးတစ်ခုမှာ အာရုံခံမိပြီး ပြန်ခေါ်လာမို့ပဲ၊ ဒါပေမဲ့..." ပိုင်ထီက တစ်စုံတစ်ရာကို တွေးမိသွားပုံနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ငါ အားကြီးတဲ့ဓားအမတနှစ်ယောက်နဲ့ ကြုံခဲ့ပြီး သူတို့ထောင်ချောက်ထဲ ကျတော့မလို့၊ တကယ်လို့ ဧကရာဇ်ကျီကျယ်နဲ့ ကောင်းကင်လက်နက် ကောင်းကင်သန့်စင်နာရီကြောင့်သာ မဟုတ်ရင် သူတို့ကို ဖမ်းမိနိုင်မှာမဟုတ်ဘူး"
နောက်တစ်ကြိမ် ပြန်ထိုင်ချပြီး သူကဆက်ပြောတယ်။
"ဒါပေမဲ့ သူက ငါ သူတို့နဲ့ တိုက်ခိုက်နေတဲ့အချိန် ထွက်ပြေးနိုင်သွားပြန်တယ်၊ တစ်ရက်လုံးလိုက်ရှာပေမဲ့ ရှာနတွေ့သေးဘူး၊ သူတို့အလိမ်တွေကို ယုံပြီး ပုန်းနေတာပဲဖြစ်ရမယ်လို့ ထင်တယ်၊ ဧကရာဇ်ဝူဟုန်က အမတဧကရာဇ်တချို့နဲ့ ရင်းနှီးတယ်လို့ကြားဖူးတယ်၊ သူ့ကိုရှာဖို့ ဒီအမတတွေကို လွှတ်ပေးလို့ရမလား"
ဝူဟုန် ခေါင်းညိတ်ပြလိုက်တယ်။ ဒါက တာဝန်လွယ်လွယ်လေးပဲကို။
"ဒါပေမဲ့ မင်း အမတနှစ်ယောက်ကို ဖမ်းထားပြီးပြီဆိုမှတော့ ဘာလို့ သူတို့ကို တန်းမမေးတာလဲ"
"သူတို့ကိုဖမ်းထားလိုက်ပြီဆိုပေမဲ့ ကောင်းကင်သန့်စင်နာရီက ခုနှစ်ရက်နေမှ တစ်ခါ အသက်သွင်းလို့ရတာ၊ ဒါကြောင့် အဲအချိန်မတိုင်ခင် မေးခွန်းမေးဖို့ ထုတ်လို့မရဘူး"
သူလက်သီးဆုပ်ကို ဟပြတော့ လက်ဖဝါးပေါ် ငွေနာရီလေးတစ်ခုပေါ်လာတယ်။ နာရီအလယ်ကနေ နီရင့်ရင့်အလင်းရောင်က တဖျတ်ဖျတ်တောက်ပနေတယ်။ သူသာ ၇ရက်ဆက်စောင့်နေရင် သူ့သမီးတော့ ပျောက်သွားလောက်ပြီ။
"ငါ ဒီပြဿနာကို အလွယ်လေး ဖြေရှင်းနိုင်ပါတယ်" ဝူဟုန်က အကြံပြုလာသည်။
"ငါတို့ငှက်မျိုးနွယ်မှာ နှလုံးလှစ်ဟအင်းကွက်ဆိုတာရှိတယ်၊ လူတစ်ယောက် အားအနည်းဆုံးအချိန် မှတ်ဉာဏ်တွေကို ဖော်ပြနိုင်တာမျိုးပဲ၊ တကယ်လို့ ငါတို့ ဒီအင်းကွက်ထဲ နာရီကို ထည့်လိုက်ရင် မင်းရဲ့မင်းသမီးလေးတည်နေရာကို ရှာတွေ့နိုင်လောက်တယ်"
"ကောင်းလိုက်တာ"
ပိုင်ထီက သူ့ကို နာရီ အမြန်ကမ်းပေးလာတယ်။
"ဒါဆို ငါ ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ မင်းကို အကူအညီတောင်းရတော့မှာပဲ"
ဝူဟုန် သူ့ဆီက နာရီကိုယူလိုက်တော့ နာရီထဲက အမတနှစ်ယောက်ရဲ့ အရှိန်အဝါကို အာရုံခံမိလိုက်တယ်။ ချိပ်တစ်ခုဖန်တီးရင်း သူမေးလိုက်တယ်။
"စကားမစပ် အထဲက အမတတွေက ဘယ်သူလဲ၊ သူတို့တွေက မင်းကို ဒီလိုမျိုးအကျပ်ရိုက်စေတော့ အတော်လေးစွမ်းရည်ရှိမှာပဲ"
"ငါ... ငါ သူတို့ကိုမသိဘူး၊ သူတို့ကို အရင်ကတစ်ခါမှမမြင်ဖူးဘူး"
"အော်..."
"ဒါပေမဲ့ သူတို့က... ဝူတိဂိုဏ်းကလို့ ပြောတာတော့ ကြားတယ်"
ခလွမ်း
ဝူဟုန် နာရီလေးကို ချက်ချင်း အဝေးလွှင့်ပစ်လိုက်တယ်။
ဝူတိ... ဝူတိ... ဝူတိဂိုဏ်းတဲ့
Σ(°△°|||)
မင်းတို့ ငါ့ကိုနောက်နေတာပဲဖြစ်ရမယ်။
"ဝူဟုန်" ကြောင်အမ်းသွားပြီး ပိုင်ထီ နာရီကို အမြန်လှမ်းဖမ်းလိုက်တယ်။
"မင်းဘာကို..."
သူ ဘာတွေဖြစ်နေတာပဲ ဝူဟုန့်ကိုမေးမလို့ရှိသေး မျက်နှာက ရုတ်တရက် ဖြူဖပ်ဖြူရော်ဖြစ်သွားတာ မြင်လိုက်ရတယ်။ သူ့လက်နှစ်ဖက်စလုံးက အသည်းအသန်တုန်ယင်နေတယ်။
ဟင့်အင်း ဟင့်အင်း ဟင့်အင်း... နားကြားမှားတာပဲဖြစ်ရမယ်။
"ထပ်... ထပ်... ထပ်ပြောပါဦး၊ သူတို့ကဘယ်ဂိုဏ်းက"
"ဖုန့်ချန်တိုက်က ဝူတိဂိုဏ်း"
ဘွန်း ဝူဟုန် မိုးကြိုးပစ်ချခံလိုက်ရသလိုပဲ။
ဖွီ...။
ငေးငိုင်နေမိရင်း သူ သွေးအန်မိတော့တယ်။
"ဧကရာဇ်ပိုင်" ဝူဟုန် လက်ကိုဆွဲပြီး အရေးတကြီး တောင်းပန်တော့တယ်။
"ငါ့စကားကိုနားထောင်ပါ၊ ဒီလူတွေကို ချက်ချင်းလွှတ်ပေးလိုက်၊ မြန်မြန်"
မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်။
"ဘာလို့လဲ" ပိုင်ထီ အူကြောင်ကြောင်ဖြစ်နေတယ်။
"ဒါပေမဲ့ ဒီနာရီက ၇ရက်နေမှ အသက်သွင်းလို့ရတာလေ..."
"ဒါဆိုလည်းချိုးလိုက်" ဝူဟုန် ငိုချင်နေပြီ။
"အမတလက်နက်တွေသုံး၊ သွေဖယ်မိုးကြိုး၊ မူလမီးတောက်တွေသုံး၊ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ဒီလူတွေကိုပဲ လွှတ်လိုက်ပါကွာ"
"ဒါပေမဲ့ ဒါတွေက ကောင်းကင်လက်နက်တွေ..."
"ကောင်းကင်လက်နက်တွေ ကောင်းကင်ဟုတ်မဟုတ် ဂရုမစိုက်... ဟုတ်သား ကောင်းကင်လက်နက်တွေက နာရီကို ချိုးဖောက်နိုင်တယ်၊ ဒီမှာခဏစောင့်၊ ငါ့မှာရှိတယ်... ငါပေးမယ်"
ဝူဟုန် ရှေးဟောင်းဗျပ်စောင်းတစ်ခုကို ဆွဲထုတ်ပြီး သူ့ကိုထိုးပေးလိုက်တယ်။
"မမျှော်လင့်ဗျပ်စောင်း..."
"ယူပြီး နာရီကိုခွဲဖွင့်လိုက် ထားလိုက်တော့ ငါပဲလုပ်တော့မယ်" ဝူဟုန် ဗျပ်စောင်းကိုမြှောက်ပြီး နာရီဆီလွှဲချလိုက်တယ်။
"ခဏ... ဧကရာဇ်ဝူ" ဗျပ်စောင်းကို ဒီလိုသုံးလို့မရဘူးလေ
ဗျပ်စောင်းက နာရီကို ထိတော့မဲ့ဆဲဆဲ မျက်စိကျိန်းစရာအဖြူရောင်အလင်းတန်းက အဲကနေ ထွက်လာတယ်။ ပိုင်ထီ့လက်ပေါ်က လက်ဖဝါးအရွယ် နာရီက တဖြည်းဖြည်းကြီးလာတာမို့ လွှတ်ချလိုက်ရတော့တယ်။ ခဏအတွင်း နာရီက လူတစ်ယောက်အရွယ်ကြီးလာခဲ့တယ်။
အသံအကျယ်ကြီးတစ်ခု လိုက်လာပြီး နာရီမျက်နှာပြင်ပေါ် အက်ကွဲသံတွေ တဖြည်းဖြည်းချင်း ပေါ်လာခဲ့တယ်။ အက်ကွဲကြောင်းတွေက နေရာအနှံ့ပျံ့လာလိုက်တာ နာရီမျက်နှာပြင်တစ်ခုလုံး ဖုံးသွားတဲ့အထိပဲ။
"ဘာတွေ... ဘာတွေဖြစ်နေတာလဲ" ပိုင်ထီ ထိတ်လန့်တကြား အော်ဟစ်လိုက်တယ်။
"ငါ့ကောင်းကင်ဖန်တီး..."
သူ စကားမဆုံးခင်မှာတင် အသံအကျယ်ကြီးပေါ်လာပြီး ငွေရောင်နာရီက အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတော့တယ်။ မသေမျိုးချီတန်းကြီးက သူတို့ဆီ တန်းတန်းမတ်မတ် ပစ်လွှတ်လာလေရဲ့...။
...