အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
အခန်း ၁၈၇ ။ ကျိုးသင့်ကြောင်းသင့်
"ဧကရာဇ်ဝူဟုန် ကျုပ်တို့ ဝူတိဂိုဏ်းက ဖုန့်ထျန်းတိုက်ကြီးနဲ့ အမြဲဆက်ဆံရေးကောင်းခဲ့တာပဲ၊ ဒီတစ်ခေါက် ခင်ဗျား ကျုပ်တို့ဆီပို့လိုက်တဲ့ အမတအစေ့အသုတ်က တကယ်ကိုကောင်းတယ်၊ ရှန်းရင်ကလည်း ခင်ဗျားတို့ကို ကျေးဇူးတင်ဖို့ ကျုပ်ကို အထူးတလည် သတိပေးလိုက်သေးတာ၊ ကျုပ်တို့က ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ချင်တာ စိတ်ရင်းနဲ့ပါ"
"သဘောတူပါတယ် ရောင်းရင်းအမတ"
"ရွှမ်ထုံလေးတောင် သူ့ဧကရာဇ်ဦးလေးနှစ်ယောက်ကိုတွေ့ချင်တဲ့အကြောင်း ပြောနေတာ၊ ဒါက ကံကြမ္မာကြောင့်ပဲ ကျုပ်တို့လည်း ဘုံတူတူရှိနေတာဆိုတော့ ထူးခြားတဲ့ ဆက်ဆံရေးကို တန်ဖိုးထားသင့်တယ်မဟုတ်လား"
"သဘောတူပါတယ် အမတရောင်းရင်း"
"ကျုပ်တို့ဝူတိဂိုဏ်းက ဂိုဏ်းကြီး မဟုတ်ပေမဲ့ လိုက်နာတဲ့ စည်းမျဉ်းတွေတော့ရှိပါတယ်၊ ကျုပ်တို့ဂိုဏ်းတပည့်တွေအားလုံးက ရင်းနှီးဖော်ရွေကြတယ်၊ ပြဿနာမရှာပေမဲ့ ရှောင်လည်းရှောင်မနေဘူး"
"သဘောတူတယ် အမတရောင်းရင်း"
"အရှင်မင်းကြီး ဘယ်သူနဲ့ မိတ်ဆွေလုပ်မလဲ ရွေးချယ်တာကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်နိုင်ပေမဲ့ ဆိုရိုးတစ်ခုက ‘မိတ်ဆွေစစ်ကို ရွေးချယ်တာက ကျင့်ကြံဆင့်လမ်းစဉ်မှန်ကို ရွေးချယ်တာလောက် အရေးကြီးတယ်’တဲ့လေ၊ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ မရောပါနဲ့"
"ကျုပ် သဘောတူတယ် အမတရောင်းရင်း"
"တကယ်တော့ ဧကရာဇ်တစ်ပါးအနေနဲ့ ခင်ဗျားရဲ့ လှုမှုဆက်ဆံရေးက ဆိုးရွားလားဆိုတာ အရေးမကြီးပါဘူး၊ တစ်ယောက်သောသူကလွဲ ဘယ်သူမှ ဘာမှမလုပ်နိုင်ပါဘူး၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာမှာလဲ"
"သဘောတူပါတယ် အမတရောင်းရင်း"
"ဧကရာဇ်ပိုင်ထီပြောတဲ့ကိစ္စအတွက်ကတော့ အခြေအနေက ဒီလိုပါ၊ ရှန်းရင်က ကျုပ်တို့ဂိုဏ်းထဲ ကျူးကျော်လာခဲ့တဲ့ မြေခွေးမိစ္ဆာဖောက်ထွင်းသူခိုးကို ဖမ်းခဲ့တယ်လေ၊ သူ့ကိုယ်ပေါ်မှာ ‘ရှင်းဟန်’ ဆိုတဲ့နာမည်ကို ရှာတွေ့ခဲ့တယ်၊ ကျုပ်တို့က ကိစ္စကို စုံစမ်းချင်ပေမဲ့ ပိုင်ထီက မြင်မြင်ချင်း တိုက်ခိုက်ပြီး နာရီထဲ အကျဉ်းချခဲ့တာပဲ၊ ခင်ဗျား သိမှာသေချာပါတယ်... ဝူတိဂိုဏ်းကလူတွေက ကျိုးကြောင်းမသင့်တော်တဲ့ လူတွေကို သဘောမကျဘူးဆိုတာလေ"
"သဘောတူတယ် အမတရောင်းရင်း"
"အဲတော့ နာရီကို ဖောက်ခွဲတာ၊ ခင်ဗျားတို့နဲ့ တိုက်ခိုက်တာက ကျုပ်တို့ဆန္ဒမဟုတ်ပါဘူး၊ သဘောတူလား"
"သဘောတူတယ် အမတရောင်းရင်း"
မင်းတို့ပြောနေတာ ငါအားလုံးနားလည်ပေမဲ့... ဘာလို့ ငါ့ကိုပါ ထုထောင်းရတာတုံး။ ပြောတော့ ကျိုးကြောင်းသင့်တဲ့လူတွေဆို၊ ဒါပေမဲ့ ဘာလို့ ငါ့မျက်နှာကိုပဲ ဆက်ထိုးရတာတုံး။
ပိုပြီးဆိုးတာက သူ ပြန်ပြီးမတွန်းလှန်ရဲတာ
(ಥ_ಥ)
"ဒီနေ့ ကိစ္စနဲ့ပတ်သက်ပြီး..."
"ကျုပ်အမှားပါ" ဝူဟုန် တက်ကြွစွာနဲ့ ခေါင်းညိတ်လိုက်တယ်။
"ကျုပ် မိတ်ဆွေဖွဲ့တာ မှားခဲ့တာ"
"အရှင်မင်းကြီးက တကယ်ပဲ ချင့်ချိန်တတ်သူပဲ..." ကူယွဲ့ အရေးကြီးတဲ့ လျော်ကြေးကိစ္စကို ပြောတော့မဲ့ဆဲဆဲ...။
ဗွမ်း ဝတ်ရုံစိမ်းနဲ့ ပုဂ္ဂိုလ်တစ်ယောက်က သူတို့ဘေးက ရေကန်ထဲ ကျလာတယ်။ ပိုင်ထီပဲ။ သူက ယီချင်းရဲ့ အကြီးအကျယ်ထုထောင်းတာကို ခံနေရရှာတယ်။ သူ့မသေမျိုးချီကို သုံးပြီး ယိချင်းက မြေကြီးပေါ် ဆင်းသက်လာခဲ့တယ်။
နောက်တော့...။
ယိချင်းက ဘေးမှာ ဒူးထောက်နေတဲ့ ဝူဟုန့်ကို လှည့်ကြည့်လိုက်တယ်။
"ခင်ဗျား..."
ဝူဟုန်က တုန်ရင်သွားခဲ့တယ်။ ယိချင်း လှုပ်ရှားမှာကို မစောင့်တော့ဘဲ သူ လက်မြှောက်ပြီး အနူးအညွှတ်ပြောလိုက်တယ်။
"အမတရောင်းရင်း ခဏနေပါဦး၊ ကျုပ်နားလည်ပြီ ကျုပ်နားလည်ပြီ"
ဝူဟုန် ထရပ်ပြီး ရေကန်အစွန်းဆီ ခပ်သုတ်သုတ် လျှောက်သွားခဲ့တယ်။ နောက်တော့ ရေကန်ထဲ ဗွမ်းခနဲ ‘ကျ’ သွားခဲ့တော့တယ်။
သူ့ကိုထုထောင်းဖို့ မရည်ရွယ်ထားသော ယိချင်း ။ ။ "..."
သူ့ဆီကနေ အမတကျောက်တုံးလေးတချို့တလေ ညှစ်ထုတ်ချင်ရုံ ကူယွဲ့ ။ ။ "..."
အရမ်းကို ပူးပေါင်းလွန်းတဲ့ အဖွဲ့သားရှိတာလည်း ကောင်းတဲ့ကိစ္စမဟုတ်ဘူးပဲ။
****
ဟယ်ယွင်နန်းတော်၊ ထျန်းကျောက်တိုက်ကြီး။
အချိန်တော်တော်ကြာအောင် စောင့်ဆိုင်းနေရတဲ့ ရှန်းရင်က အိပ်ငိုက်စပြုလာတယ်။
"ဟေး ကြက်..."
နစ်နာတဲ့အကြည့်က ချူရွှမ့်မျက်နှာပြင်ထက်မှာ ပေါ်လာတယ်။ အဲတော့ သူ့နာမည်က အခု ကြက်ဖြစ်သွားပြီလား။
"ကြက်ရေ ဒီမှာ"
"နင် လမ်းသိတာသေချာရဲ့လား" ရှန်းရင် သူမရှေ့က နန်းတော်အပျက်အစီးတွေကို ကြည့်လိုက်တယ်။
"သေချာပါတယ် ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဒါက ထျန်းကျောက်တိုက်ကြီးက ဟယ်ယွင်နန်းတော်ပါ၊ ပိုင်ထီက ဒီမှာနေတယ်"
"အော်၊ ဒါပေမဲ့ ငါတို့ ဒီမှာစောင့်နေတာ ၃နာရီတောင် ရှိသွားပြီလေ၊ အဲကြက်ဖြူလားဘာလားက တကယ်ပြန်လာပါ့မလား"
"..." သူ့နာမည်က ပိုင်ထီဟ။
"ပိုင်ထီ နန်းတော်ထဲမရှိဘူးလေ၊ ကျီကျယ်တောင် သူ ဘယ်သွားလဲမသိတာ၊ အဲတော့ ကျုပ်တို့ ဒီမှာနေတာ အကောင်းဆုံးပဲ"
"ဘယ်သူ့ကျီကျယ်"
"ကြီးမြတ်တဲ့နတ်ဒေဝါ..." ချူရွှမ်ရဲ့ ပါးစပ်တွန့်ချိုးသွားပြီး သူမခြေထောက်ကို လက်ညှိုးထိုးပြလိုက်တယ်။
"ခုတက်နင်းထားတဲ့သူက ချန်းနော့တိုက်က ဧကရာဇ်ကျီကျယ်ပါ"
မင်းပဲ အမတအရာရှိတွေဆီကနေ ပိုင်ထီက ဧကရာဇ်ကျီကျယ်ကို သွားရှာတာဖြစ်မယ်လို့ သိပြီးတော့ အိမ်နီးချင်းတိုက်ကြီးဆီ သွားပြီး သူ့ကိုထုထောင်း ဖမ်းခေါ်လာခဲ့တဲ့သူမဟုတ်လား။ နာမည်ပြောင် မပေးရတာကြောင့်နဲ့တင် မမှတ်မိဘူးဆိုတဲ့ဆင်ခြေကိုတော့ မပေးနဲ့။
"အော်" ရှန်းရင် သူမခြေထောက်ကို ဖယ်လိုက်ပြီး ကျောက်တုံးတစ်တုံးပေါ် ပျင်းပျင်းရိရိထို င်ချလိုက်တော့တယ်။
ဟိုက်ယား... သူမ ဘယ်လောက်တောင် စောင့်ရဦးမှာလဲ။
ဗိုက်ဆာနေပြီ။
——————
တစ်ရက်အကြာ။
ဝူတိဂိုဏ်းအနောက်ဆောင်။
မီးခိုးတွေက မီးဖိုချောင်ရဲ့ မီးဖိုကနေ တဖြည်းဖြည်းချင်း မြင့်တက်လာတယ်။ အတွင်းခြံဝန်းက သစ်သားစားပွဲမှာ အရသာရှိတဲ့အနံ့အရသာနဲ့ စားသောက်စရာတွေ ပြည့်နေတယ်။ အံ့ဩစရာကောင်းတာက ဒီနေ့ ရှန်းရင်တစ်ယောက်တည်း စားပွဲမှာထိုင်နေခဲ့တာ။ သူမက စားသောက်စရာတွေကို အလောတကြီး ဖြိုနေတယ်။
အတွင်းခြံထဲမှာ လူတစ်စုရှိသေးတယ်။ လေးယောက်က သစ်သားခုံမှာထိုင်နေပြီး သူတို့အနေအထားတွေက ခပ်မတ်မတ်နဲ့ လက်တွေကို ပေါင်ပေါ် မရဲတရဲတင်ထားကြတယ်။
ဒါတွေကတော့ အဇဋာဧကရာဇ်လေးယောက်။
ဘယ်သူမှစကားမပြောကြ။ ခြံဝန်းတစ်ခုလုံးက တမြုံ့မြုံ့ဝါးနေသံတွေနဲ့ ပြည့်နေတယ်။
ပိုင်ထီ ။ ။ "..." ဒါ တကယ်ကြောက်စရာပဲ။ ငါ့ကို ထုထောင်းခဲ့တဲ့အဲဓားကျင့်ကြံသူက အသားလှီးနေတယ်ပေါ့။ ဒါ ခြိမ်းခြောက်မှုတစ်မျိုးပဲဖြစ်ရမယ်။
ကျီကျယ် ။ ။ "..." ဒါ တကယ်ကြောက်စရာပဲ။ ငါ့ကိုထုထောင်းခဲ့တဲ့အဲနတ်ဒေဝါက အသားစားနေတယ်ပေါ့။ ဒါ ခြိမ်းခြောက်မှုတစ်ခုလား။
ဝူဟုန် ။ ။ "..." ဒါတကယ်ကြောက်စရာပဲ။ ကြီးမြတ်တဲ့ နတ်ဒေဝါက ဗိုက်ဆာနေသေးတဲ့ပုံ။ ငါ့ကို စားဖို့ တွေးနေတာ မဟုတ်ဖို့ မျှော်လင့်မိတယ်။
ချူရွှမ် ။ ။ "..." ဒါတကယ် ကြောက်စရာပဲ။ ခဏနေပါဦး...။ သူက ဘာလို့ ကြောက်ရမှာလဲ။
"ချူရွှမ် ဘာလို့အဲမှာ ထိုင်နေတာလဲ"
ကူယွဲ့က ထောင့်ဘက်အကျဆုံးမှာ ထိုင်နေတဲ့ ချူရွှမ်ကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။
ချူရွှမ်လည်း အကြောင်းပြချက် စဉ်းစားနေမိတယ်။ အမှန်ပဲ။ သူ ဘာအမှားမှ မလုပ်ထားတာကို ဒီနေရာမှာထိုင်နေရတာလဲ။
Σ(°△°|||)
ချီး သူ အဇဋာဧကရာဇ်တွေနဲ့ ညီတူမျှတူထိုင်တာ ကျင့်သားရသွားလွန်းလို့ အလိုလို ထိုင်ချမိခဲ့တာပဲ။
○| ̄|_
ချူရွှမ်က ချက်ချင်းထထိုင်လိုက်ပြီး ကူယွဲ့ဘေးရပ်လိုက်တယ်။ သူ မြေခွေးဖြူကို ကောက်ချီကာ ခုံတန်းပေါ်ပစ်ပေးလိုက်တယ်။
"ကျောင်း..." ပိုင်ထီက နာကျင်သွားပုံပေါ်ပြီး မြေခွေးကို လှမ်းဖက်လိုက်တယ်။
ဒါပေမဲ့ အခြေအနေကို တွေးကာ သူ ပြန်ထိုင်ချလိုက်ရတယ်။
"ပြော၊ ခင်ဗျားတို့လေးယောက် ဒီကိစ္စကို ဖြေရှင်းဖို့ ဘယ်လိုရည်ရွယ်ထားလဲ"
ကူယွဲ့ မျက်ဆန်လှန်ပြီး ရှန်းရင်ကိုတွန်းလိုက်တယ်။
"ငါတို့ဒီမှာအရေးကြီးကိစ္စဖြေရှင်းနေတာ ဟိုမှာသွားထိုင်ချေ၊ လမ်းပိတ်မနေနဲ့"
ကြောင်အမ်းသွားပြီး ရှန်းရင်ထရပ်လိုက်ပေမဲ့ တခြားကုလားထိုင်တွေအားလုံးက ခုခံသူတွေဘက်ကို ရွှေ့သွားပြီဆိုတာ မြင်လိုက်ရတယ်။ ဒီဘက်မှာထိုင်ခုံမရှိတော့ဘူး။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဒီမှာထိုင်ခုံပါ""
ချူရွှမ့်မျက်လုံးတွေ တောက်ပသွားတယ်။ သူ သူ့သိုလှောင်အိတ်ထဲ လက်လှမ်းပြီး ထိုင်ခုံတစ်ခုထုတ် ရှန်းရင်ကို ပြောလိုက်တယ်။
"ကျေးဇူးပြုပြီးထိုင်ပါ"
"ကျေးဇူးပါ" ရှန်းရင်ကထိုင်ချပြီး ဂရုမစိုက်ဘဲ ဆက်စားတော့တယ်။
ထိုင်ခုံရွှေ့ရန်ပြင်ပေးနေသော ယိချင်း ။ ။ "..."
ဒီကောင်ကတော့
ချူရွှမ် ။ ။ ဟမ် ဘာလို့ ရုတ်တရက် ကျောချမ်းလာတာပါလိမ့်။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ရောင်းရင်းအမတတို့ ဒါ နားလည်မှုလွဲတာပါ"
အထုထောင်းခံခဲ့ရဆုံး ကျီကျယ်က ထပြောတယ်။
"ပိုင်ကျောင်းက ဧကရာဇ်ပိုင်ထီရဲ့ တစ်ဦးတည်းသော သမီးပါ၊ သူမက အချိန်အတော်ကြီး ပျောက်နေလို့ ဧကရာဇ်ပိုင်က ထွက်ရှာတာပါ၊ သူနဲ့လမ်းမှာ ဆုံသွားခဲ့ရုံလေ၊ ကျုပ် သူ့ကို လုံးဝကောင်းကောင်း မသိပါဘူး"
ပိုင်ထီ ။ ။ "..." ကျောရိုးမရှိတဲ့ ငနာကတော့
ကျီကျယ်ကို ဒေါသတကြီးကြည့်ပြီး ပိုင်ထီက တောင်းပန်တဲ့အနေနဲ့ လက်သီးနှစ်ဖက်ဆုပ်လိုက်တယ်။
"တကယ်ပဲ ကျုပ်အပြစ်ပါ ကျုပ်က မင်းတို့ ကျောင်းကျောင်းကို ချီလာပြီး ဒဏ်ရာရနေတာ မြင်သွားခဲ့တယ်လေ၊ ဒါကြောင့် တွေးမိသွားခဲ့တာက... သွေးပျက်သွားပြီး တိုက်ခိုက်ခဲ့မိတာပါ၊ ကျုပ်အမှားကို နားလည်တဲ့အချိန် မင်းတို့က အမတဓမ္မအသုံးအဆောင်ထဲရောက်နေပြီ၊ အဲဒါကြောင့်... အခု ဒီလိုဖြစ်လာတော့ မင်းတို့လုပ်တာ ဘာမဆိုလက်ခံပါ့မယ်" အဓိကက သူတို့ကို မနိုင်နိုင်တာလေ။
"ကျုပ်ရောပါပဲ ကြီးမြတ်တဲ့... ကြီးမြတ်တဲ့ နတ်ဒေဝါ" ကျီကျယ်က သူ့ရပ်တည်ချက်ကို ချက်ချင်းဖော်ပြလိုက်တယ်။ သူ အသေရိုက်မသတ်ခံရသရွေ့ သလွန်ကိုပေးဖို့တောင် အသင့်ဖြစ်နေပြီ
ဝူဟုန် ။ ။ "ကျုပ်..." တခြားခုခံသူနှစ်ယောက်ကို ကြည့်ပြီး သူအလိုလိုလက်မြှောက်လိုက်မိတယ်။
"ဒါပေမဲ့ ကျုပ်... ကျုပ်မှ ဘာမှမလုပ်ခဲ့တာ"
(゚Д゚≡゚Д゚)
"တကယ်လို့ အမတရောင်းရင်းသာ ကျုပ်နဲ့ ကျုပ်သမီးကို လွှတ်ပေးဖို့ သဘောတူရင် ခင်ဗျားတို့ဘာပြောပြော ကျုပ်တို့ပိုင်ကျောက်က လုပ်ပေးပါ့မယ်"
"သမီးမသွားချင်ဘူး" သူစကားပြောတာမပြီးသေးခင် ဘေးက မြေခွေးမိစ္ဆာလေးက ရုတ်တရက် စကားထပြောလာတော့တယ်။
...
အခန်း ၁၈၈ ။ အလျော်အစားညှိနှိုင်းခြင်း
"ကျောင်းကျောင်း" ပိုင်ထီ နူးနူးညံ့ညံ့ လှမ်းခေါ်လိုက်တယ်။ အခုက စကားများ ရန်ဖြစ်နေရမဲ့အချိန်မဟုတ်ဘူးလေ။
"ဟင့်အင်း သမီး ပြန်မသွားဘူး" ပိုင်ကျောင်း ခေါင်းကို အသည်းအသန်ယမ်းတော့တယ်။ သူမအသံက သွေးပျက်မှုနဲ့ ပြည့်နေတယ်။
"ဒီဝိညာဉ်စုဝေးမီးအိမ်ကို အကြာကြီးရှာခဲ့ရတာ သမီး ဒါကိုရသရွေ့... ဒီတစ်ကြိမ်တော့ သေချာပေါက်..."
"ကျောင်းကျောင်း" ပိုင်ထီ အသံကိုနှိမ့်ပြီး ကြားဖြတ်လိုက်တယ်။ သူ နောက်တစ်ကြိမ် စကားပြောချိန် အနည်းငယ် ဒေါသထွက်နေပြီ။
"ဘာလို့ စိတ်ကူးယဉ်အိပ်မက်ထဲမှာပဲ ပိတ်မိနေသေးတာလဲ၊ အဇဋာဧကရာဇ်ရှင်းဟန်က မင်းကို ဘယ်တော့မှ သဘောကျမှာ မဟုတ်ဘူး၊ မင်း ဝိညာဉ်စုဝေးမီးအိမ်ကို ရှာတွေ့နိုင်တော့ရော ဘာဖြစ်လဲ၊ မင်း ဒီအချက်ကို ပြင်လို့မရဘူး"
"ဒါပေမဲ့ သူက ဒဏ်ရာရထားတာလေ" ပိုင်ကျောင်းက သွေးပျက်ကာ အသည်းအသန် ရှင်းပြတော့တယ်။
"သူ့မူလဝိညာဉ်က ဒဏ်ရာရထားတာမို့ သမီးအပေါ် ဘာမှမခံစားရတာ၊ သူ သက်သာပြီဆိုတာနဲ့ ဒီတစ်ချိန်လုံး ဘယ်သူက သူ့အပေါ် ကြင်နာခဲ့လဲဆိုတာ မြင်လာလိမ့်မယ်"
"အိုက် သူ ဘာသိုင်းကျင့်နေတာလဲဆိုတာရော သိရဲ့လား၊ ဘာလို့မဖြစ်နိုင်တာကို ကြိုးစားနေတာလဲ"
ပိုင်ထီက သက်ပြင်းရှည်ကြီးချတယ်။
"ကျောင်းကျောင်း၊ စကားနားထောင် လက်လျှော့လိုက်တော့၊ ပြန်လိုက်ခဲ့၊ ပိုင်ကျောက်မှာ အမတတွေ အများကြီးပဲ၊ မင်း သူ့ထက်သေချာပေါက် ကောင်းတဲ့လူကို ရှာတွေ့မှာ"
"ဒါပေမဲ့ သူတို့က ရှင်းဟန်မှမဟုတ်တာ" ပိုင်ကျောင်းမျက်လုံးတွေက ရဲတွတ်လာပြီး မျက်ရည်တွေ ပါးပြင်တစ်လျှောက် စီးကျလာခဲ့တော့တယ်။ သူမက တစ်ဖက်လှည့်ပြီး ဧကရာဇ်ပိုင်ရဲ့ ဝတ်ရုံလက်ကို ဆွဲလိုက်တယ်။
"အဖေ... သမီးတောင်းပန်ပါတယ်၊ ဝိညာဦစုဝေးမီးအိမ်ကို ငှားပါရစေနော်၊ ဒီတစ်ကြိမ်နောက်ဆုံးလို့ ကတိပေးပါတယ်"
"လွန်ခဲ့တဲ့နှစ်သုံးရာကလည်း မင်းတစ်ပုံစံတည်းပြောခဲ့တယ်" ပိုင်ထီ့မျက်လုံးတွေက အေးစက်လာပြီး အတော်လေး စိတ်မရှည်ဖြစ်နေပြီ။
"ဒါပေမဲ့ အဆုံးကျ ဘာဖြစ်သွားလဲ၊ မင်း မဟူရာအမတကနေ အဆင့်နှစ်မိစ္ဆာအဖြစ် ကျဆင်းသွားတယ်လေ၊ မင်းတကယ်ပဲ သူ့အတွက် မင်းဘဝကို လွှင့်ပစ်တော့မို့လား၊ အဖေက သမီးမရှိရင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားဖူးရဲ့လား"
"သမီး... သမီး..." ပိုင်ကျောင်းက တုံ့ဆိုင်းနေပေမဲ့ သူမမျက်ဝန်းထဲမှာ မျှော်လင့်ချက်အနည်းငယ်ကတော့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေဆဲ။
"အဖေ... အဖေ့သမီး ကျေးဇူးကန်းမိပါတယ်၊ ဒါပေမဲ့ တစ်ဘဝလုံး သမီးမှာ ဒီဆန္ဒပဲရှိတာပါ၊ သမီး... သမီးဂရုစိုက်ပါ့မယ်၊ သမီးဘာမှမဖြစ်စေရပါဘူး၊ သမီး ဝိညာဉ်စုဝေးမီးအိမ်ကိုပဲ လိုတာပါ... အဲဒါလေးပဲလို..."
"သူက အဇဋာဧကရာဇ်လို့ မတွေးဘူးလား၊ သူ့မူလဝိညာဉ်ကို ကုသဖို့ မင်းအကူအညီဘာလို့လိုမှာလဲ၊ ဝိညာဉ်စုဝေးမီးအိမ်မရှိဘဲနဲ့တောင် သူက ပျောက်ကင်းမှာပဲ၊ ပြီးတော့..." ပိုင်ထီ ရှင်းပြလိုက်တယ်။
"တကယ်လို့ သူ့မူလဝိညာဉ် သက်သာလာရင်တောင် မင်းအတွက် ဘာမှခံစားရမှာမဟုတ်ဘူး"
"..." ပိုင်ကျောင်းက မြေကြီးကိုစိုက်ကြည့်နေတယ်။
ပိုင်ထီလည်း သူ့သမီးကို ဒီလိုပုံမြင်ရတာ ရင်နာနေမိတယ်။ သူက သူ့အကြီးအကျယ် ဒဏ်ရာရထားတဲ့ခန္ဓာကိုယ်ကနေ တတ်နိုင်သမျှ မသေမျိုးချီကို စုပြီး သူ့ဘေးက မြေခွေးဖြူလေးထဲ ပုံစံပြောင်းလို့ရအောင် ထည်သွင်းပေးလိုက်တယ်။ စက္ကန့်အနည်းငယ်နေတော့ ဝတ်ရုံဖြူနဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် ပေါ်လာတယ်။ သူမရဲ့မျက်ခုံးတွေက လှပပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ နှုတ်ခမ်းပါးပါးလေးရှိတယ်။ သူမက တကယ်ကို မြေခွေးတစ်ကောင်ရဲ့ အသွင်ယူမှုလိုမျိုး မျက်နှာအသွင်အပြင်ရှိတယ်။ မျက်ဝန်းထဲမှာကတော့ အတောမသတ်နိုင်တဲ့ ဝမ်းနည်းမှုတွေ။ ကြည့်ရတာ အချိန်မရွေး ငိုချတော့မဲ့ပုံမျိုး။
"ကျောင်းကျောင်း..." ပိုင်ထီ သက်ပြင်းချပြီး ဆက်ပြောလိုက်တယ်။
"သူက နှလုံးမဲ့တာအိုကို လေ့ကျင့်နေတာ သိတာပဲ၊ သူ့မှာ သံလိုနှလုံးသားရှိတယ်၊ ဒီအမတဘုံထဲက သူ အဇဋာဧကရာဇ်ဖြစ်လာဖို့ ဆက်ဆံရေးတစ်ခုကို ဖျက်ပြီး ကိုယ့်နှလုံးကိုယ်ထုတ်ခဲ့တာ ဘယ်သူမှ မသိကြဘူး၊ သူက ဆက်ဆံရေးရော၊ ဘယ်သူ့ကိုမှ ဘာကိုမှ ဂရုမစိုက်တော့ဘူး၊ တကယ်လို့ မင်း သူ့ကို အခုကူညီရင်တောင် သူကအဲပုံစံအတိုင်းပဲရှိနေတော့မှာ"
"ဒါပေမဲ့... ဒါပေမဲ့..." ပိုင်ကျောင်းက မျက်ရည်တွေ မထိန်းနိုင်တော့ဘူး။ လူတစ်ယောက်အနေနဲ့ သူမက ပိုတောင်ဝမ်းနည်းနေတဲ့ပုံ။
"သမီး... သမီး သူ့ကိုလက်မလွှတ်နိုင်ဘူး၊ သမီးတကယ်ကိုလက်မလွှတ်နိုင်ဘူး အဖေ... သမီးမှာ အဖေပဲရှိတာ... ကျေးဇူးပြုပြီး တောင်းပန်ပါတယ်၊ ဝိညာဉ်စုဝေးမီးအိမ်ကို ငှားဖို့ကူပေးလို့ရမလား၊ ဒီတစ်ကြိမ်က နောက်ဆုံးလို့ကတိပေးပါတယ်၊ အဖေနဲ့သမီးကြားက အကူအညီအနေနဲ့သတ်မှတ်..."
သူမ စကားမဆုံးခင် သူမကိုယ်က တစ်စုံတစ်ယောက်ရဲ့ ကန်ချက်ကြောင့် ဘေးကို ပစ်ထုတ်ခံလိုက်ရလေတယ်။ သူမက တောင်အောက်လိမ့်သွားပြီး မြေခွေးပြန်ဖြစ်သွားတော့တယ်။ သူမရဲ့ကျန်တဲ့စကားတွေက လည်ချောင်းထဲ ပြန်မျိုကျသွားတော့တယ်။
"သ... သ... သ... သမီး..." သူမပြောနေရင်း တောင်အိမ်လိမ့်ဆင်းသွားလေရဲ့။
လက်ထဲ ထမင်းပန်းကန်လုံး ကိုင်ထားတဲ့ ရှန်းရင် ခြေထောက်ပြန်ရုပ်လိုက်တယ်။ သူမ စိတ်မချင့်မရဲဖြစ်မှုနဲ့ အင့်ခနဲအသံထွက်လိုက်တယ်။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ဧကရာဇ်လေးပါး ။ ။ "..."
လူအုပ်ကြီး ။ ။ "..."
(⊙ o ⊙)
ဝိုး
သူတို့ ဘာကြောင့် ဂိုဏ်းချုပ်က အရေးယူဆောင်ရွက်လဲ နားမလည်ပေမဲ့ အကြောင်းရင်းမရှိ စိတ်ထဲ ဝမ်းသာကုန်ကြတယ်။
ရှန်းရင်က တည်တည်ငြိမ်ငြိမ် ပြန်ထိုင်ချလိုက်ပြီး စောနလေးကတင် တောင်ပေါ်ကနေ လူတစ်ယောက်ကို အပြေးမကန်ချလိုက်သလိုမျိုး ထမင်းဆက်စားနေလိုက်တယ်။ သူမ လူတွေ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတဲ့အထိ တုံးအပြီး တစ်ဖက်သတ်ဆက်ဆံရေးတွေကို အတင်းတောင်းဆိုနေတာတွေကို နားထောင်ရတာမုန်းတယ်။ စားသောက်ချင်စိတ်ပါပျက်တာ။
"ကျောင်း... ကျောင်းကျောင်း" ပိုင်ထီ အခုမှ ပြန်တုံ့ပြန်နိုင်တော့တယ်။ သူက ရှန်းရင်ကို ဒေါသတကြီး လှည့်ကြည့်ပြီး သူမဆီ ရှူးရှူးဝါးဝါးနဲ့ ပြေးတက်ဖို့လုပ်တော့တယ်။
"ဘာလို့ မင်း..."
"တော်တော့"
သူ စကားမဆုံးခင် ကူယွဲ့ဘေးရပ်နေတဲ့ ဝူဟုန်၊ ကျီကျယ်နဲ့ ချူရွှမ်တို့က သူ့ကို အသည်းအသန် ဝိုင်းတားကြတော့တယ်။ သူတို့တွေက ပိုင်ထီ့ကို နောက်ပြန်တွန်းထုတ်လိုက်တာ မြေကြီးပေါ် လဲကျသွားတဲ့အထိပဲ။
ချီးထုတ် သူ သေချင်ပေမဲ့ သူတို့ကတော့ဆက်စပ်ထိခိုက်မှုထဲ မပါချင်ပါဘူးနော်။
ချူရွှမ် ။ ။ ခဏ သူက ဘာလို့ ပြေးတက်တာလဲ။
"မင်းတို့အားလုံး... ဝူးဝူးဝူး..."
ပိုင်ထီက စကားဆုံးအောင်မပြောလိုက်ရဘူး။ လူသုံးယောက်က သူ့ပါးစပ်ကိုအုပ်ပြီး စကားမပြောအောင် တားနေကြတယ်။
သူတို့ ရှန်းရင်ပန်းကန်လုံးကို ထမင်းထပ်ဖြည့်နေတဲ့ ယိချင်းကို လှမ်းကြည့်လိုက်တယ်။
တစ်စုံတစ်ရာကို သတိရသွားတဲ့ပုံနဲ့ သူတို့ရင်ထဲလိမ့်တက်လာတဲ့ ဒေါသကို မျိုသိပ်လိုက်ကြတယ်။ ပိုင်ထီ သူ့သမီးကို စိုးရိမ်တယ်ဆိုပေမဲ့ ဒီနေရာက ဒေါသထွက်လို့ကောင်းတဲ့နေရာ သေချာပေါက်မဟုတ်ဘူး။
ပိုင်ထီ ငြိမ်သွားတာမြင်တော့မှ သုံးယောက်သား သူ့ကိုလွှတ်ပေးလိုက်ကြတယ်။
"အမတရောင်းရင်း..." ပိုင်ထီ အသက်ပြင်းပြင်းရှူပြီး ဝူတိဂိုဏ်းတစ်ခုလုံးမှာ ဆုံးဖြတ်ချက်ပေးရတဲ့ တစ်ဦးတည်းသောလူ... ကူယွဲ့ကို စိုက်ကြည့်လိုက်တယ်။
"ကျုပ်တို့ မင်းတို့ကို အရင်က အပြစ်ပြုမိခဲ့ပါတယ်၊ ကျုပ်သမီးကလည်း မင်းတို့ မီးအိမ်ကိုခိုးဖို့ ကြိုးစားပြီး အဲဒါမမှန်ကန်တဲ့လုပ်ရပ်ပါ၊ ဒါပေမဲ့... မင်းတို့ကိုယ်တိုင်မြင်မှာပါ၊ ဒီမီးအိမ်က သူမအတွက် တကယ်ကိုအရေးပါပါတယ်၊ တတ်နိုင်ရင်..."
"ဟင့်အင်း" ကူယွဲ့ ပြန်မဖြေခင် ရှန်းရင် အော်လိုက်တယ်။
"ဒီကောင်းကင်လက်နက်က တခြားဟာတွေနဲ့ မတူတာသိပါတယ်၊ ဒါပေမဲ့ တကယ်လို့ အမတရောင်းရင်းသာ ငှားပေးချင်ရင် ဘာတန်ဖိုးမဆိုပေးပါ့မယ်၊ တကယ်လို့..." ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ သူ့သမီးအတွက်ဆို စိတ်ပျော့သွားရတယ်။ သူ အံကိုကြိတ်ကာ ဆက်ပြောလိုက်တယ်။
"တကယ်လို့ ကျုပ်ရဲ့ ကောင်းကင်လက်နက်တစ်ခုနဲ့ လဲချင်ရင်တောင်... ကျုပ်လဲပါ့မယ်"
သူ့လက်ကောက်ဝတ်ကို လှည့်လိုက်တော့ ငွေရောင်အိတ်ကပ်နာရီတစ်ခု လက်ဖဝါးထဲ ပေါ်လာခဲ့တယ်။ ကောင်းကင်သန့်စင်နာရီဆိုပေမဲ့ ဒီနာရီက အကျိုးအပဲ့တွေ လွှမ်းနေပုံပဲ။
"မီးအိမ်က..."
ရှန်းရင် စကားတောင်မဆုံးသေး ကူယွဲ့က လက်လှမ်းပြီး သူမပါးစပ်ကိုအုပ်တော့တယ်။ သူ ခေါင်းညိတ်ပြလိုက်တယ်။
"ကောင်းပြီလေ"
ပိုင်ထီပြုံးသွားတယ်။
"ဒါပေမဲ့ ခင်ဗျားရဲ့ကောင်းကင်သန့်စင်နာရီက ကျိုးနေပြီးသား၊ ဆယ်ရက်ပဲ မီးအိမ်ကိုငှားနိုင်မယ်"
ကူယွဲ့ဆက်ပြောလိုက်တယ်။
"ပြီးတော့ ဒီချေးငှားမှုက အရင်ကဖြစ်ခဲ့တာနဲ့ ဘာမှမဆိုင်ဘူး"
သူ့သမီး မီးအိမ်ကိုခိုးဖို့ကြိုးစားမှုအတွက် လျော်ကြေးပေးရဦးမှာပဲ။
"ကျေးဇူးတင်ပါတယ် အမတရောင်းရင်း"
ကူယွဲ့ "အထင်လွဲမှားမှု" တစ်ခုလုံးအတွက် လုံလောက်တဲ့လျော်ကြေးက ဘယ်လိုမျိုးလဲဆိုတာ သုံးယောက်နဲ့ စဆွေးနွေးတော့တယ်။ သူ သူတို့သုံးယောက်ကို အလွတ်မပေးခင် အိတ်ကပ်တွေထဲကနေ အပေါက်ကြီးကြီးတစ်ခုစာ ရှို့လိုက်နိုင်တယ်။
"ဒီနာရီစုတ်ကို ဘာလုပ်ဖို့လိုချင်တာလဲ"
ဖုန်းယင်က ကိစ္စအားလုံး ဖြစ်ပျက်သွားတာကို ကြည့်နေပြီးတဲ့နောက် မနေနိုင်ဘဲ မေးလိုက်တယ်။ အလုပ်တော့လုပ်ပေမဲ့ စွမ်းအင်က သိသိသာသာလျော့ကျနေပြီ။
"ဘယ်လိုပြင်ရမလဲတောင် မသိဘဲနဲ့"
"မသိဘူးလေ၊ ဒါပေမဲ့ ရွှင်ရှူးကတော့သိတယ်" ဒီကောင်းကင်လက်နက်က သူတို့မျိုးနွယ်ကနေ ဖန်တီးထားခဲ့တာပဲ။ အဲမီးအိမ်စုတ်ကို ဒီကောင်းကင်လက်နက်နဲ့ လဲလိုက်တာ သူတို့အတွက် အတော်လေးကို အကျိုးရှိတယ်
"..." သူ ကျေနပ်နေပြီ။ ဘာမှ ထပ်ပြောစရာတောင် မရှိတော့ဘူး။
"ဟုတ်သား မင်း စောနကဘာဖြစ်တာလဲ" သူ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။
"အဲမိစ္ဆာကို ဘာလို့ရုတ်တရက် ကန်လိုက်တာလဲ" ပုံမှန်ဆို အရမ်းပျင်းတဲ့သူမဟုတ်ဘူးလား။
"ရုတ်တရက်ဆန်သွားတာလား" မိစ္ဆာကို ကန်တာ ပုံမှန်ပါပဲလို့ သူမ တွေးနေတာ။ လုံးဝရုတ်တရက် မဟုတ်ပါဘူး။
"အင်း၊ ဖြစ်နိုင်တာက... ဖြစ်နိုင်တာက ငါ့အစ်မကို သတိရမိသွားလို့နေမယ်"
ကူယွဲ့က မှင်တက်သွားတယ်။
"မင်းမှာ အစ်မရှိတာလား"
ရှန်းရင်က တုန်ယင်သွားတယ်။ သူမက မတ်မတ်ထိုင်ပြီး ပုံမှန်ပျင်းရိနေတဲ့ပုံ မဟုတ်တော့ဘူး။ မျက်နှာပေါ်မှာလည်း ထူးဆန်းတဲ့ အမူအရာနဲ့။
"မရှိပါစေနဲ့ ဆုတောင်းခဲ့တာ..."
...
အခန်း ၁၈၉ ။ နှလုံးမဲ့လူ
အဇဋာဧကရာဇ်သုံးယောက်က ပြန်သွားတယ်။ ဖေဖေနျိုက ရှယ်အမြတ်ရခဲ့တာပဲ။ ဘယ်သူမှ သူတို့သဘောတူညီချက် အချက်အလက်တွေကို မသိကြဘူး။ ရှန်းရင်အတွက် အချိန်အကန့်အသတ်မရှိ အဆာပြေထောက်ပံ့ပေးဖို့ အထောက်ပံ့ပေးဖို့ အလွယ်တကူ သဘောတူပုံထောက်ရင် သိသိသာသာ ပမာဏရလိုက်တဲ့ပုံပဲ။
ကူယွဲ့က လန်ဟွားကို အမတဆေးပင်တွေရှိတဲ့ ကွင်းပြင်ကြီးကို စောင့်ရှောက်ဖို့ အနောက်တောင်ဆီ ပို့လိုက်တယ်။ သူ့အဓိကတာဝန်က အမတဆေးပင်တွေကို ရေလောင်းဖို့ပဲ။ ဖြစ်နိုင်တာ ကောင်းကင်အလွန်မှကောင်းကင်များမှာတုန်းက သူတို့ရဲ့ထူးခြားတဲ့ဆက်ဆံရေးကြောင့် မုန်လာဥက ပုံမှန်ဆို ယောက်ျားလေး အပေါင်းအသင်းတွေကို မုန်းတာတောင် ဒါကိုတော့ မငြင်းဘူး။ နှစ်ယောက်သားက အတိုင်အေဖာက်ညီညီ အလုပ်လုပ်နေကြလေရဲ့ - တစ်ယောက်က ဆေးပင်တွေကို ရေလောင်းချိန် နောက်တစ်ယောက်ကတော့ ရင့်မှည့်အောင် ကူညီပေးတယ်။ လန်ဟွားရဲ့ ကြီးကြပ်မှုအောက်မှာ သူတို့တွေ အဆင့်အမျိုးမျိုးဆေးလုံးတွေနဲ့ ဆေးတွေဖန်တီးနိုင်ခဲ့တယ်။ နှစ်ယောက်သားက ထုတ်လုတ်ရေးတစ်ခုလုံးဖွဲ့စည်းထားပြီး ဂိုဏ်းကတခြားလူတွေကို အနားရစေခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ ဂိုဏ်းထဲကတပည့်အားလုံးရဲ့ ကျင့်ကြံဆင့်က ပုံမှန် တိုးတက်လာခဲ့တာပဲ။
ချူရွှမ်လည်း ထွက်မသွားဘူး။ သူ့စားသောက်စရိတ်အတွက် ပိုက်ဆံတစ်လုံးတစ်ခဲကြီး ပေးပြီးတဲ့နောက် အချိန်အတော်ကြာနေဖို့ပြင်ခဲ့တယ်။ အစတုန်းက သူနေ့တိုင်း လန်ဟွားနောက်ကနေ နီးနီးကပ်ကပ် လိုက်ပြီး ကျေးဇူးပြန်ဆပ်လို့ရအောင် ဟယ်ချွမ်ဆီ ပြန်သွားဖို့ စည်းရုံးမလို့လုပ်ခဲ့တယ်။ ဒါပေမဲ့ ရက်နည်းနည်း ကြာပြီးတဲ့နောက်မှာတောင် သူ့အားထုတ်မှုတွေက သက်ရောက်မှုမရှိ။ ဂိုဏ်းထဲကလူတိုင်း သူ့ကို အထူးအဆန်း ကြည့်ကုန်ကြတော့တယ်။ သူ တောင်နောက်ကိုရောက်တိုင်း လူတစ်စုက အဲမှာရောက်နေပြီး သူ့ကို ကြည့်နေကြတယ်။ တစ်ခါတလေဆို တချို့က အားပါ ပေးလိုက်သေး။ ပထမတုန်းကတော့ သူ ထူးဆန်းနေတာပေါ့။ သူ အမတကျောက်တုံးတချို့ သုံးပြီးနောက်မှာတော့ "ရဲဘော်ရဲဘက်" ရဲ့ အဓိပ္ပာယ်အမှန်ကို ကူယွဲ့ကို ရှင်းပြခိုင်းနိုင်ခဲ့တယ်။ အဲနောက်မှာတော့ တစ်ကိုယ်လုံး မသက်မသာခံစားရတော့တယ်။
သောက်ကျိုးနည်း ရဲဘော်ရဲဘက် မင်းတို့ဂိုဏ်းထဲ တပည့်တွေကို ဘာတွေသင်ပေးနေတာတုံး။ သူက နူးညံ့ပြီးချိုသာတဲ့ မိန်းကလေးတွေကို သဘောကျတာကွ - မိန်းကလေးတွေကို၊ ဟုတ်ပြီလား
သူ့ကိုယ်သူ ဖြောင့်တန်းတဲ့လူတစ်ယောက်ဆိုတာ သက်သေပြဖို့ ချူရွှမ် တစ်ခုခု အသည်းအသန်လုပ်ဖို့ လိုပြီလို့ ခံစားလိုက်ရတယ်။ ဒါကြောင့်မို့ အဖြောင့်တိုင်းလုပ်မဲ့ကိစ္စကို လုပ်ဖို့ရွေးလိုက်တယ် - ဂိုဏ်းထဲက မိန်းကလေးတွေနဲ့ စကားစမြည်ပြောဆိုတာ။
-_-|||
နေ့တိုင်း အဇဋာဧကရာဇ်ဆယ်ပါးရဲ့ အိမ်မှာ ဘာတွေဖြစ်နေလဲ သိရဖို့ ကြိုးစားသထက်ကြိုးစားတော့တယ်။ ပိုင်ကျောင်းနဲ့ရှင်းဟန်ရဲ့ စိတ်ဆင်းရဲစရာ ဆက်ဆံရေးကို ပြောပြတာလည်း သူပဲ။ ဇာတ်လမ်းကလည်းရှည်တယ်။ ယွီဖုန်းအမတဘုံဗိမာန်ရဲ့ ကောင်းကင်လက်နက်ကနေပဲ စရတာပေါ့။
လွန်ခဲ့တဲ့နှစ်သောင်းချီကပေါ့။
သူမက ပိုင်ထီ့သမီးဆိုပေမဲ့ ပိုင်ကျောင်းက မဟူရာအမတအဆင့်ပဲရှိသေးတယ်။ ပိုင်ထီက အဇဋာဧကရာဇ် မဟုတ်ဘဲ တိုင်းပြည်တစ်ခုရဲ့ အမတဧကရာဇ်အဆင့်ပဲရှိသေးပေမဲ့ သူမရဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်တဲ့လူတန်းကြီးက ပိုင်ကျောက်ကနေ ဖုန့်ချန်တိုက်ကြီးထိ ဆွဲဆန့်နိုင်တယ်။ နောက်ပိုင်းကျ ကောင်းကင်သန့်စင်နာရီ ပေါ်ပေါက်လာခဲ့တယ်။ ပိုင်ကျောက်မှာ အုတ်အော်သောင်းတင်းတွေ ဖြစ်တော့တာပေါ့။ ပိုင်ထီက ကောင်းကင်သန့်စင်နာရီကို ယူနိုင်ပြီး အဇဋာဧကရာဇ်ဖြစ်လာခဲ့ပေမဲ့ ပိုင်ကျောင်းကတော့ ဂယက်ထဲပါသွားခဲ့ရှာတယ်။ မတော်မတဆ သူမက အောက်ဘုံဆီ ကျဆင်းသွားလေရဲ့။
အဲချိန် အောက်ဘုံကကျင့်ကြံသူ ရှင်းဟန်ကို သူမ တွေ့ခဲ့တာပဲ။ သူမ အောက်ဘုံရောက်နေတုန်း သူက အန္တရာယ်ကနေ ကယ်တင်ပေးခဲ့ပြီးနောက်ပိုင်း သဘောကျသွားမိခဲ့တယ်။ နောက်တော့ ပိုင်ကျောင်းက ရှင်းဟန်နောက်လိုက်ပြီး အထက်ဘုံဆီ တက်လာခဲ့တယ်။ နှစ်ယောက်လုံး စိတ်ကူးယဉ်ချစ်ခြင်းတွေနဲ့ အချိန်တစ်ခဏတာတော့ ဖြတ်သန်းခဲ့တယ်။ သူတို့က တာအိုလက်တွဲဖော်အဖြစ် တစ်ယောက်နဲ့တစ်ယောက် ကတိကဝတ်ပြုဖို့ အစီအစဉ်တွေတောင်ရှိတယ်လို့ ပြောကြတာပဲ။
ဒါပေမဲ့ ပိုင်ထီကတော့ မသေမျိုးတက်လှမ်းကာစ မြေအမတကို သူ့သမီးနဲ့ မပေးစားချင်ဘူးပေါ့။ နောက်ပိုင်းကျ ဘာကြောင့်မှန်းမသိ ရှန်းဟန်က နှလုံးမဲ့တာအိုလမ်းစဉ်ကို စတင်ကျင့်ကြံတော့တယ်။ သူ့ကျင့်ကြံဆင့်က မိုးထိုးသွားပြီး နှစ်ထောင်ချီနဲ့တင် အဆင့်မြင့်အမတဖြစ်လာတော့တယ်။
ပိုင်ထီက သူတို့ဆက်ဆံရေးကို မကန့်ကွက်တော့ပေမဲ့ တစ်ခုခုတော့ အရမ်းကိုလွဲသွားခဲ့ပြီ။ နှလုံးမဲ့တာအိုလမ်းစဉ်ကို ကျင့်ကြံသူတွေဟာ တဖြည်းဖြည်းချင်း ခံစားချက်တွေ ကင်းမဲ့သွားမှာ။ ရှင်းဟန်က ပိုင်ကျောင်းအပေါ် အင်မတန်အေးစက်လာပြီး စုံတွဲက တဖြည်းဖြည်း ဝေးသွားခဲ့တယ်။ နောက်ကျတော့ အဆင့်တက်ဖို့အတွက် ရှင်းဟန်က ကိုယ့်နှလုံးသားကိုယ် ထုတ်ပစ်ခဲ့လေတယ်။
ဒါပေမဲ့လည်း ပိုင်ကျောင်းကတော့ ခေါင်းကြောမာစွာနဲ့ လက်မလျှော့နိုင်သေးဘူး။ သူမက အသက်ဘေးရောက်နေတဲ့ ရှင်းဟန်ကိုကယ်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ သူ့နှလုံးသွေးကြောတွေကို ကုသဖို့ သူမကျင့်ကြံမှုအားလုံးကို စတေးခဲ့တယ်။ နောက်တော့ ရှင်းဟန် အသက်ရှင်ပြီး အဇဋာဧကရာဇ်ဖြစ်လာခဲ့ပေမဲ့ ပိုင်ကျောင်းကတော့ ဒုတိယအဆင့်မြေခွေးမိစ္ဆာအနေနဲ့ ကျန်ရစ်ခဲ့တယ်။
"အိုက် ဒါကို ကံကြမ္မာက သူတို့ထဲက တစ်ယောက်ကို အရူးလုပ်သွားခဲ့တယ်လို့ ပြောလို့ရမယ်ထင်တယ်၊ ဖြစ်သွားခဲ့တာကြောင့် ပိုင်ကျောင်းက ရှင်းဟန်ကို လက်မလွှတ်နိုင်သေးဘူး၊ သူမက သူ့ကို တစ်ချိန်က ဆက်ဆံရေးကို မှတ်မိစေချင်တယ်၊ ဒါပေမဲ့ ဒီနေ့ထိ ရှင်းဟန်က မလှုပ်မယှက်ရှိနေဆဲပဲ၊ သူတို့... ကံမပါဘူးလို့ပဲ ပြောရမှာပေါ့"
ဒါက အမတဘုံတစ်ခုလုံး စစကြားတဲ့အချိန် လှုပ်ယှမ်းသွားစေခဲ့တယ်။ ချူရွှမ် သက်ပြင်းရှည်ကြီးမှုတ်ထုတ်ပြီး လေ့ကျင့်ရင်း ခိုးနားထောင်နေကြတဲ့ အလုပ်ကြိုးစားတဲ့ မိန်းကလေးအုပ်စုကို လှမ်းကြည့်လိုက်တယ်။ အင်မတန်လေးနက်စွာနဲ့ သူက ပြောတော့တယ်။
"ငါသာဆိုရင်တော့ ငါ့အမျိုးသမီးရဲ့နှလုံးသားကို အဲလိုမျိုးဘယ်တော့မှမခွဲဘူး" မင်းတို့ မြင်ကြလား။ ငါ့ရဲ့ယောက်ျားဆန်ဆန် အင်အားကိုလေ ငါက မိန်းကလေးတွေကြိုက်တာ
လူတိုင်း သိသိသာသာ မှင်တက်နေခဲ့ကြတယ်။ သူတို့နောက်ဆုံးတော့ ပိုင်ကျောင်း ဘာလို့အဲလောက် ခေါင်းကြောမာနေလဲ နားလည်သွားခဲ့ပြီ။ တစ်ချိန်က ချစ်ခဲ့ဖူးကြတာကိုး။ တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ဆက်ဆံရေးကို သူမက ဆုပ်ကိုင်ထားနေမိရုံပဲ။
ရှန်းရင်က လွဲလို့ပေါ့...။
သူမက သရေစာမုန့်တွေကို အကျယ်ကြီးဆက်ဝါးနေတယ်။ ရုတ်တရက် သူမက စကားဆိုလာတယ်။
"ကြက်၊ ဒါက ကံမပါဘူးလို့ သူတို့ပြောကြတဲ့ဟာလား"
ချူရွှမ် နှုတ်ခမ်းဆူသွားတယ်။ မင်း ငါ့ကို 'ကြက်' လို့ မခေါ်ဘဲနေလို့မရဘူးလား။
"ဒါက သိသာတဲ့ဥပမာ မဟုတ်ဘူးလား၊ ရှင်းဟန်က ပိုင်ကျောင်းအတွက် နှလုံးမဲ့တာအိုကို လေ့ကျင့်ခဲ့ပေမဲ့ သူပိုတော်လာလေ သူတို့အတူရှိနေနိုင်မဲ့ အခွင့်အရေးက နည်းလာလေပဲ"
"အဲတော့ နင့်တွေးခေါ်မှုအရဆို..." ရှန်းရင်က ပျင်းတိပျင်းရွဲ စကားပြောတော့တယ်။
"အဲဘာဆိုတဲ့ဟန်က ဉာဏ်နုံတာလား"
"ဟမ် အာ" ချူရွှမ် သူမကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေမိတယ်။ သူမက ဘာဆိုလိုတာလဲ။ ဘာလို့အဲလိုပြောတာလဲ။
"ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုတာ သူသိတယ်လေ၊ ဒါပေမဲ့ဆက်ပြီးလုပ်ခဲ့တယ်၊ အဲဒါ ဉာဏ်နုံတာ မဟုတ်ဘူးလား" သူမက သူ့ကို ဉာဏ်ပြေးတယ်ခေါ်ရမှာလား။ အဲဒါအဓိပ္ပာယ်မရှိဘူးမလား။
"အာ... ထင်တာပဲ... ဒါပေမဲ့... ဒီသိုင်းက လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို အရမ်းကို မြန်ဆန်စွာနဲ့ မြင့်တက်သွားအောင် လုပ်ပေးနိုင်တယ်၊ တစ်ယောက်ယောက် နှလုံးမဲ့တာအိုမှာ ပိုကျွမ်းကျင်လာလေ ခံစားချက်တွေ ပိုနည်းလာလေပဲ၊ ပြီးတော့ သူက နှလုံးသားမရှိတဲ့လူ၊ နှလုံးသားမရှိဘဲ ဘာမှခံစားရမှာမဟုတ်ဘူး၊ သူ ပိုင်ကျောင်းကို မကြိုက်တော့တာပုံမှန်ပါပဲ"
"ဒါက... နှလုံးသားမဲ့တာနဲ့ ဘာမှမဆိုင်ဘူးမလား"
"ဘာမှမဆိုင်ဘူးလား"
"ဆိုင်လို့လား"
"အာ..." ဆိုင်တာလား မဆိုင်တာလား။ တိတိကျကျ ပြောပါဟ။
"သိပ္ပံနည်းကျပြောရရင်..." ရှန်းရင် စားပွဲက အသီးကိုကောက်ယူကာ ဝါးပြီးမှ ဆက်ပြောလိုက်တယ်။
"တကယ်တမ်းကျ ဆက်ဆံရေးတွေ ယောက်ျားနဲ့မိန်းမကြား ဖြစ်ပေါ်လာတာက သူတို့တွေက လိုက်ဖက်တဲ့ တစ်ယောက်ယောက်တွေ့တာနဲ့ သူတို့ကိုယ်ခန္ဓာကနေ ဖီနယ်လီသယ်လမင်း၊ ဒေါ်ဖမင်း၊ နော်ရယ်ဖစ်နဖရင်းတို့လိုမျိုးဟာတွေ ဟော်မုန်းပမာဏတွေအများကြီးထုတ်ပေးလို့ပဲ၊ ဒီဟော်မုန်းတွေက လူတွေကိုပျော်စေတယ်၊ စိတ်လှုပ်ရှားစေတယ်၊ ချစ်မိစေတယ်၊ ဒါက လူတွေချစ်မိသွားတယ်လို့ဆိုကြတဲ့အရာပဲ၊ ဒီဟော်မုန်းတွေက ဦးနှောက်ကနေ လာတာ - ဒါက နှလုံးသားနဲ့ ဘာမှမဆိုင်ဘူး"
"..."
ချူရွှမ်က ရှန်းရင် ဘာပြောသွားလဲနားမလည်ပေမဲ့ အထင်ကြီးစရာပဲ။
"တကယ်လို့ နှလုံးသားကနေ လူတစ်ယောက်ကို ချစ်မချစ်ဆုံးဖြတ်တာဆိုရင်..." သူမ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်တယ်။
"နှလုံးရောဂါနဲ့လူတွေရဲ့ ခံစားချက်တွေကို ဘယ်လိုမျိုးသက်ရောက်မလဲဆိုတာ စဉ်းစားဖူးလား"
"..."
အမှန်ပဲ။ လူတိုင်း ဘာဖြေရမလဲ မသိကြတော့ဘူး
Σ(°△°|||)
"ဒါကြောင့် တကယ်တော့ သူနှလုံးသား မရှိဘူးဆိုတဲ့အချက်၊ နှလုံးသားမဲ့မမဲ့ဆိုတာက သူ အဲတိရစ္ဆာန်လေးကို ချစ်မချစ်နဲ့ ဘာမှမဆိုင်ဘူး၊ အဲနှစ်ခုက မတူညီတဲ့ သီးသန့်ကိစ္စတွေပဲ" ရှန်းရင်က လက်ဖဝါးပေါ်က အဆာသွတ်မုန့်ကို ပုတ်ပြီး ဆက်ပြောလိုက်တယ်။
"ဆိုလိုတာကတော့ နင့်တွေးခေါ်ပုံကမှားနေတယ်၊ အဲဒီဟန်ဆိုတဲ့ကောင်က နှလုံးမဲ့တာအိုကြောင့် တိရစ္ဆာန်လေးကို ချစ်တာ ရပ်သွားခဲ့တာမဟုတ်ဘူး၊ အဲအစား သူက သူမကို စိတ်မဝင်စားတော့လို့ နှလုံးမဲ့တာအိုကို လေ့ကျင့်ခဲ့တာပဲ"
တိတ်ဆိတ်မှုအတိ...။
ချူရွှမ် ။ ။ "..." ကြီးမြတ်တဲ့နတ်သမီး ခုလေးတင် ဘာပြောသွားတာလဲ။ သူ ဘာလို့ တစ်လုံးမှ နားမလည်ရတာလဲ။ ပြီးတော့ ဘာလို့ရော သူမပြောတာက လုံးဝကို အဓိပ္ပာယ်ရှိတဲ့ လေသံပုံစံပေါက်နေတာလဲ။
(⊙_⊙)
တပည့်အားလုံး ။ ။ "..." သူတို့ နားမလည်ပေမဲ့ ဂိုဏ်းချုပ်ပြောသမျှက မှန်တယ်။
╭(╯^╰)╮
ရှိနေတဲ့လူတိုင်း ဦးနှောက်ထဲ ဘာသံသယမှ မရှိတော့ဘူး။ တစ်ချိန်တည်းမှာပဲ သူတို့ တစ်ခါမှ မတွေ့ဖူးတဲ့ အဇဋာဧကရာဇ်ကို ကင်ပွန်းတပ်လိုက်ကြတယ်။
"ခွေးကောင်"
နားလည်တဲ့ တစ်ယောက်တည်းသော ကူယွဲ့ ။ ။ "..." ရုတ်တရက် ဝတ္ထုတွေထဲ နှလုံးမဲ့တာအိုကို လေ့ကျင့်တဲ့ ဇာတ်လိုက်တိုင်း ငနုံတွေကြီးပဲလို့ ခံစားလိုက်ရတယ်။
-_-|||
အာ၊ ခဏ
ဒါ လေ့ကျင့်ရေးကွင်းလေ။ ဘယ်တုန်းတည်းက အတင်းတုပ်ဖို့ ဒီမှာ လူစုကြတာလဲ။
ကူယွဲ့က အမူအရာမည်းမှောင်သွားတယ်။ သူ မိန်းကလေးတွေကို ပိုးပန်းဖို့အလုပ်များနေတဲ့ 'ကြက်' အတွက် စရိတ်စကတိုးကောက်ရမလားပါ စဉ်းစားမိလိုက်တယ်။
ရုတ်တရက် မြေကြီးက တုန်ခါလာပြီး တစ်ဂိုဏ်းလုံးလှုပ်ယမ်းသွားတယ်။ မသေမျိုးချီလှိုင်းတွေက တောင်ဆီ ပြေးဝင်လာပြီး တောင်ကိုကာကွယ်ထားတဲ့အင်းကွက်ကို ပွင့်ထွက်သွားစေခဲ့တယ်။
"ဘာတွေဖြစ်နေတာလဲ" လူတိုင်းမလှုပ်မယှက်ရပ်နေမိကြတယ်။
သူတို့ ဘာဖြစ်သွားတာလဲ ကြည့်ဖို့အချိန်မရှိသေးခင်မှာတင် ကြက်ကင်အစ်မက သူတို့ဆီပြေးလာတယ်။ သူက ရှန်းရင်လက်မောင်းကိုဆွဲပြီး အသည်းအသန်အော်တော့တယ်။
"ရင်လေး၊ ရွှမ်ထုံတော့တစ်ခုခုဖြစ်ပြီ"
...