← Chapters

ပွဲကြီးပွဲကောင်း

Vol. 2 Ch. 16

ပွဲကြီးပွဲကောင်း

Vol. 2 Ch. 16

ဤမြင်ကွင်းက လူများအားလုံးကို တုန်လှုပ်သွားစေ‌တော့သည်။

ချောင်မိဖုရားခေါင်သည်လဲ အနည်ငယ်အံ့ဩသွားပြီး သူမ၏ မျက်လုံးများက သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေးဖြင့် စိတ်ရင်းအတိုင်း တောင်းပန်နေသည့် လီဟောက်ကို လှမ်းကြည့်လိုက်မိကာ လုမင်ယွိ၏ အေးစက်စက်လှပနေသည့် မျက်နှာပေါ်သို့ ကျရောက်သွားတော့သည်။ သူမသည် စိတ်ထဲတွင် ရုတ်တရက် သဘောပေါက်သွားတော့၏။

ဒီလိုဖြစ်နေတာကိုး။

လုမင်ယွိကတော့ လုံးဝကို မလှုပ်မယှက် ပေါ့ပေါ့ပါးပါးအမူအရာဖြင့် ပြန်ဖြေလိုက်၏။ “ကျွန်မ အရည်အချင်းမရှိလို့ ကျောင်းရုံမယ်မယ်ကို ထိတ်လန့်သွားစေတာပါ။ အရှင်မင်းသား ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး”

သူမသည် အရိုအသေပေးရန် ထရပ်လာခြင်းလဲ မရှိသလို သူမ၏ စိတ်လက်မာန်ပါအပြူအမူကြောင့်လဲ တောင်းပန်ခြင်း မရှိချေ။

လီဟောက်၏ လက်သည် လေထဲတွင် ရှိနေဆဲဖြစ်ကာ သူ့အမူအရာကလဲ အနည်းငယ် တောင့်တင်းသွားတော့သည်။

ထိုမျက်လုံးနက်များထဲတွင်တော့ မယုံကြည်နိုင်လောက်အောင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

လွန်ခဲ့တဲ့ ၃ ရက်က သူမက သူ့ကို ရက်ရက်စက်စက် အနိုင်ယူပြီး မောင်းထုတ်ခဲ့တယ်။ ဒီနေ့ ချောင်မိဖုရားခေါင်နဲ့ တခြားသူတွေရှေ့မှာ စူးကျောင်းရုံကိုလဲ အရှက်ခွဲခဲ့တယ်။

သူ့ရဲ့ မာနနဲ့ သိက္ခာကို ဘေးဖယ်ထားပြီး သူ့ရှေ့မှာ ခေါင်းငုံ့ပြီး ကိုယ်တိုင်တောင်းပန်ဖို့ ရောက်လာခဲ့ရတာ။

ဒါပေမဲ့ သူကတော့ မလှုပ်မယှက် ဆက်ထိုင်နေပြီး သူ့ကို ဒီလို ပြတ်ပြတ်သားသား၊ အေးအေးစက်စက် ငြင်းပယ်ခဲ့တယ်တဲ့လေ။

နေရောင်ခြည်လို တောက်ပတဲ့ အပြုံးပိုင်ရှင် ကောင်မလေး၊ သူ့ကို မြင်လိုက်တဲ့အခါ မျက်လုံးလေးတွေ တောက်ပလာတဲ့ လုမင်ယွိ။ သူက ဘာဖြစ်လို့ ဒီလိုဖြစ်သွားပါလိမ့်။

ရှန်းလန်သည် အနည်းငယ် မသက်မသာဖြစ်သွားပြီး လုမင်ယွိ၏ အနားသို့ တိုးတိုးတိတ်တိတ် ရောက်လာတော့သည်။

လုမင်ယွိနှင့် တတိယမင်းသားတို့သည် အချင်းချင်း သိကျွမ်းခဲ့ကြပြီး အပျိုဆောင်ထဲက သူငယ်ချင်းတစ်ယောက် အနေဖြင့် သူမသည်လဲ ထိုအကြောင်းကို အမြဲတမ်း သိထားခဲ့သည်။ သူမက တတိယမင်းသားကို ဤသို့ မြင်ဖူးသည်မှာ ပထမဦးဆုံး အကြိမ်ပင်။

အတိတ်က ဘာတွေပဲ ဖြစ်ခဲ့ပါစေ။ ယခုအချိန်တွင် တတိယမင်းသားသည် သူမ၏ ရှေ့တွင် ရပ်နေကာ လက်နှစ်ဖက်ကို ယှက်ပြီး တောင်းပန်လို့နေသည်။ လူအများကြီးက စောင့်ကြည့်နေကြသည်တွင် လုမင်ယွိကတော့ ဘာကိုမှ ဂရိမစိုက်။ ခံစားချက်မဲ့စွာဖြင့် သူ့ကိုပင် လျစ်လျူရှုထားလိုက်သေးသည်။ သူမသည် တတိယမင်းသား၏ မျက်နှာကို ဘယ်နား သွားထားခဲ့ပါသနည်း။

လုမင်ယွိကတော့ မလှုပ်မယှက်ပင် ရှိနေဆဲပင်။

ကျင်းချန်အာကတော့ ဆက်ပြီး သီးမခံနိုင်တော့ဘဲ ပါးစပ်ဖွင့်ကာ ပြောတော့၏။ “လုမင်ယွိ နင် အရမ်းကို ဘဝင်မြင့်လွန်းနေပြီ! တတိယမင်းသားက နင့်ကို လူကိုယ်တိုင် လာတောင်းပန်နေတာ။ နင်လဲ ပြန်ပြီးတော့ အရိုအသေ ပေးသင့်တာပေါ့။ မဟုတ်ရင် ဒီမှာရှိတဲ့လူတွေက ရှင်းယန်ဝမ်အိမ်တော်က စတုတ္ထသခင်မလေးက ရိုင်းစိုင်းတယ်ဆိုပြီး ရယ်မောကြလိမ့်မယ်...”

လုမင်ယွိက ဘာမှ မပြောရသေးခင်မှာပင် လီဟောက်က မနှစ်မြို့စွာဖြင့် မျက်မှောင်ကြုတ်ပြီး သူမကို လှမ်းကြည့်လိုက်ကာ “မင်းက ဘယ်သူလဲ။ ဒီမင်းသားနဲ့ စတုတ္ထသခင်မလေးလုကြားက ကိစ္စကို ဘာဖြစ်လို့ ဝင်စွက်ဖက်နေရတာလဲ!”

ကျင်းချန်အာ ”...”

ကျင်းချန်အာ၏ မျက်နှာလှလှလေးသည် နီရဲသွားကာ ရှက်ရွံ့ဒေါသထွက်သွားပြီး သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ စီးကျလာလေတော့သည်။

မုန့်ယွင်လော်နှင့် ကျင်းချန်အာတို့က သူငယ်ချင်းများ ဖြစ်လာသည်မှာလဲ ကြာမြင့်နေပြီဖြစ်၏။ ဒီတစ်ကြိမ်တွင် သူမသည် ကျင်းချန်အာအတွက် စကားနည်းနည်းပါးပါး ပြောပေးရပေမည်။ သူမက ကျင်းချန်အာ၏ အင်္ကျီလက်ကို ချက်ချင်းလှမ်းဆွဲလိုက်ကာ ခပ်တိုးတိုးလေး ပြောလိုက်၏။ “ဒါက အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောရမဲ့နေရာ မဟုတ်ဘူး။ နင့်ပါးစပ်ကို ပိတ်ထားသင့်တဲ့အချိန်”

ကျေးဇူးတင်ပါတယ် သူငယ်ချင်း!

ကျင်းချန်အာ၏ ရင်ထဲတွင် ဗလောင်ဆူသွားပြီး သူမ၏ မျက်နှာမှာ နီရဲရာက ဖြူဖွေးသွားကာ သူမ၏အင်္ကျီလက်ကို ဒေါသတကြီး ပြန်ဆွဲထားလိုက်တော့သည်။

ချင်ဝမ်ကတော့ သူမ၏ လက်ကိုင်ပုဝါကို မြှောက်ပြီး သူမ၏ နှုတ်ခမ်းထောင့်လေးကို ကွယ်ကာ ခပ်တိုးတိုးရယ်မောလေသည်။

ကျောက်ယွီသည်လဲ လက်ကိုင်ပုဝါတစ်ထည်ဖြင့် သူမ၏ မျက်နှာကို ကွယ်ထား၏။ သို့သော်ငြား အားလုံး၏ လှောင်ပြောင် ရယ်မောသံကိုတော့ ကြားနိုင်လေသည်။

ချောင်မိဖုရားခေါင် ”...”

သူမ၏ စိတ်ထဲတွင်ရှိသည့် အရာကို တော်ရုံမပြသတတ်သည့် ချောင်မိဖုရားခေါင်ပင်လျှင် ဤအခြေအနေကို တုံ့ပြန်ခြင်း မပြုဘဲ မနေနိုင်တော့ချေ။ သူမ၏ ရင်ထဲက မွန်းကြပ်နေသည့် ခံစားချက်သည် ပွင့်အန်လာလို့မရ မျိုသိပ်လို့ မရနိုင်ဘဲ သူမ၏ လည်ချောင်းထဲတွင် တစ်ဆို့နေတော့၏။

ချောင်မိဖုရားခေါင်သည် အသက်ကို တစ်ချက်လောက် ပြင်းပြင်းရှူသွင်းလိုက်ကာ သူမ၏ ရင်ထဲက လှိုင်းထန်နေသည့် လေကို မျိုချလိုက်ပြီး ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်၏။ “ထားလိုက်ပါ။ ဒီအသေးအဖွဲကိစ္စလေးကလဲ တကယ်ပဲ ပြောပစရာမရှိပါဘူး။ တတိယမင်းသား အရင်ဆုံး ပြန်သွားလိုက်ပါ!”

လီဟောက်မှာ မတတ်သာဘဲ လက်လျှော့လိုက်ရတော့၏။ သိုသော်ငြား ထွက်မလာခင်တွင် သူသည် လုမင်ယွိကို တစ်ချက်လောက် လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ချေ။

လုမင်ယွိကတော့ အေးစက်စက်အမူအရာဖြင့် တုံ့ပြန်ခြင်း မပြုခဲ့ပေ။

-

လီဟောက် ထွက်ခွာသွားပြီးနောက်တွင် မွန်းတည့်ချိန် ရောက်ရှိလာခဲ့သည်။

ချောင်မိဖုရားခေါင်က သူတို့ကို စားပွဲသို့ ဖိတ်ခေါ်လိုက်၏။

နန်းတော်အတွင်းက တော်ဝင်စားပွဲအတွက် ဟင်းလျာများသည် အရသာထူးကဲကာ အနုစိတ် စီမံထားလေသည်။ နန်းတွင်းပွဲတော်တွင် အမျိုးသမီးငယ်လေးများ သောက်သုံးရန် သင့်တော်သည့် သစ်သီးဝိုင်ကိုလဲ ထားရှိပေးသည်။

သို့သော်ငြား အမျိုးသမီးလေးများကတော့ စားချင်သောက်ချင်စိတ် လုံးဝ မရှိကြတော့ချေ။ တစ်လုပ်နှစ်လုပ်လောက် နည်းနည်းပါးပါး စားသောက်ပြီးသွားသောအခါ သူတို့သည် သူတို့၏ တူကို ချထားလိုက်ကြတော့သည်။

လုမင်ယွိကတော့ စားချင်စိတ်များ အပြည့်ဖြစ်နေပြီး ဣန္ဒြေရရ မြန်မြန်ဆန်ဆန်ဖြင့် သူမ၏ ဗိုက်ကို ဖြည့်လိုက်တော့သည်။

ရှန်းလန်က တိုးတိုးလေး ပြောလိုက်၏။ “နင် စားသောက်နိုင်သေးတာ မရှက်ဘူးလား”

သူ ဒီနေ့ စူးကျောင်းရုံနဲ့လဲ အတိုက်အခံလုပ်ခဲ့တယ်။ မိဖုရားခေါင်ကြီးကိုလဲ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ပြီး တတိယမင်းသားကိုလဲ ပြစ်မှားခဲ့သေးတယ်! ဒါတောင်မှ စားချင်စိတ် အပြည့်ရှိနေသေးတယ်တဲ့။

ဒီလို အရည်အချင်းမျိုးကတော့ လုမင်ယွိကလွဲရင် တခြားဘယ်သူ့ဆီမှာမှ ရှိမှာမဟုတ်ဘူး။

လုမင်ယွိက မျက်ခုံးများကို ပင့်ပြကာ ပြုံးလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင်လဲ အေးအေးလူလူ ရုပ်သွင်‌လေးတစ်ခု ရှိနေတော့သည်။

ရှန်းလန်မှာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ရတော့၏။

စားသောက်ပွဲ ပြီးသွားသည့်နောက်တွင် တော်ဝင်ဥယျာဉ်သို့ သွားရောက်ကာ ပန်းများကို ရှုစားခြင်း၊ ကဗျာများရေးသားခြင်း စသည့် လှုပ်ရှားမှုများ ရှိခဲ့သော်ငြားလည်း ချောင်မိဖုရားခေါင်သည် ဆက်လက်လုပ်ဆောင်ဖို့ရန် စိတ်မပါတော့ချေ။ မည်သို့ပင်ဖြစ်စေ မယ်တော်ကြီးကျောက်ကလွဲလျှင် သူမသည် တခြားသူများ၏ မျက်နှာကို ထောက်ထားစရာ မလိုပေ။

စားသောက်ပွဲ ပြီးသွားသည်နှင့်ချက်ချင်း ချောင်မိဖုရားခေါင်က ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်ကို ပြသလာတော့သည်။

ဟွေ့အန်းကုန်းကျူက ချက်ချင်းပင် ပြုံးကာ ပြောလိုက်၏။ “မူဟုပ်က ရက်တော်တော်ကြာ အလုပ်များနေခဲ့တာ။ အရမ်း ပင်ပန်းမှာပဲ။ ဒီနေ့ သခင်မလေးတွေကို နန်းတော်ကနေ အိမ်ပြန်လွှတ်လိုက်ပါ။ နောက်ပိုင်း အားတဲ့အချိန် နန်းတော်ကို လာပြီးတော့ မူဟုပ်ကို လာနှုတ်ဆက်ခိုင်းလိုက်ပါ”

မုန့်ကွေ့ဖေးသည်လဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် ချောင်မိဖုရားခေါင်ကို လှမ်းကြည့်လိုက်ကာ ထောက်ခံလိုက်လေသည်။ “အသက်အရွယ်က မညှာတာဘူး။ ချန်ချဲ့တို့လဲ နည်းနည်းလေး ပင်ပန်းနေပါပြီ။ ဒီနေ့ပွဲတော်ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်ပါ!”

ချောင်မိဖုရားခေါင်ကတော့ စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်၏။

သခင်မလေးများ အားလုံးကလဲ ထရပ်ကာ အတူတူ ထွက်ခွာသွားကြလေသည်။

ရောက်လာသည့် အချိန်တွင် တစ်ဦးချင်းစီ နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး နန်းတော်က ထွက်ခွာလာသည့် အချိန်တွင်မူ စည်းကမ်းများစွာ မရှိတော့ချေ။ ၂ယောက်တွဲ၊ ၃ ယောက်တွဲ စုဝေးကာ လွတ်လွတ်လပ်လပ် လျှောက်သွားလိုက်ကြလေတော့သည်။

ကျင်းချန်အာသည် သူမ၏ စိတ်ဆိုးဒေါသကို မျိုသိပ်ထားပြီး လုမင်ယွိ၏ ဘေးသို့ မြန်မြန်ဆန်ဆန် လျှောက်သွားလိုက်ကာ တိုးတိုးလေး ပြောလိုက်၏။ “လုမင်ယွိ နန်းတွင်းစားသောက်ပွဲ ကောင်းလေးတစ်ခုကို ဒီနေ့ နင် ဖျက်ဆီးပစ်လိုက်တာပဲ။ ဒီနေ့ ပြီးသွားရင် နင့်ကို ဘယ်သူက ဂရုစိုက်ပေးချင်သေးလဲ ကြည့်ရသေးတာပေါ့”

လုမင်ယွိကတော့ နှုတ်ခမ်းထောင့်ကို ပင့်ကာ ပြုံးလိုက်၏။ “ငါကတော့ ပျော်တယ်”

ကျင်းချန်အာ၏ မျက်လုံးများမှာ မီးပွားများ လွင့်စင်လုမတတ် ဖြစ်သွားပြီး ဒေါသထွက်ကာ လွှတ်ကနဲ အော်ပြောလိုက်တော့သည်။ “တတိယမင်းသားက ဘာတွေ စဉ်းစားနေလဲ တကယ် နားမလည်တော့ဘူး။ သူကိုယ်တိုင်ကတောင် နင့်ကိုလိုက်ပြီးတော့ အဖော်ပြုပေးနေသေးတယ်လို့”

ဒေါသထွက်ရဆုံးကတော့ တတိယမင်းသားက သူမရဲ့ စေတနာစကားကို စေတနာလို့ မထင်ခဲ့ဘူးလေ။

မကျေမချမ်းဖြစ်နေသည့် မိန်းကလေး၏ အတွေးများသည် မျက်နှာပေါ်တွင် ချရေးထားသကဲ့သို့ပင်။

လုမင်ယွိက ထိုအရိပ်အယောင်ကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင်တော့ လှောင်ရယ်သည့် အရိပ်အယောင် တစ်ခု ထွက်ပေါ်လာခဲ့၏။ စိတ်လှုပ်ရှားလွယ်သည့် ကျင်းချန်အာကို ရယ်မောမိနေသည်လား။ သို့မဟုတ် အရင်ဘဝက လီဟောက်ကို သဘောကျခဲ့မိသည့် မိမိကိုယ်မိမိ ရယ်မောနေသည်လားကိုပင် မသိနိုင်တော့ပေ။

လုမင်ယွိသည် သတိရှိရှိ စေတနာဖြင့် အကြံပေးလိုက်လေသည်။ “စူးကျောင်းရုံက လွယ်တဲ့သူ မဟုတ်ဘူးနော်။ နင့်ကို စိတ်ကို ပြောင်းလိုက်တာ ပိုကောင်းမယ်”

ကျင်းချန်အာကို အမှန်တရား ပြောပြလိုက်ချိန်တွင် အလွန် ရှက်ရွံ့သွားပြီး သူမက လုမင်ယွိကို မနှစ်မြို့စွာဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ငါ ဂရုမစိုက်ဘူး။ ဒါ နင်နဲ့လဲ မဆိုင်ဘူး!”

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် မြန်မြန်လှည့်ထွက်သွားတော့သည်။

မုန့်ယွင်လော်ကလဲ သူမနောက်က လိုက်ပြေးသွားကာ ကျင်းချန်အာ၏ လက်ကို လှမ်းဆွဲလိုက်ပြီး လေသံတိုးတိုးဖြင့် တစ်ခုခု ပြောလိုက်၏။

ကျင်းချန်အာ၏ တင်းမာနေသည့် မျက်နှာလှလှလေးသည် နောက်ဆုံးတော့ နည်းနည်းလေး ပြေလျော့သွားတော့သည်။

-

တုန်းဟွားတံခါးမှ ထွက်လာပြီးနောက် ရှန်းလန်သည် စကားတစ်ခွန်းမှ မဆိုဘဲ လုမင်ယွိကို သူမ၏ လယ်ထဲသို့ ဆွဲသွင်းလိုက်၏။

“ရှောင်ယွိ နင် ဒီနေ့ ဘာဖြစ်တာလဲ” ရှန်းလန်သည် မသိမသာ မျက်မှောင်ကြုတ်ထားကာ မျက်နှာပေါ်တွင်လဲ စိုးရိမ်နေသည့် အမူအရာတစ်ခု ဖြစ်နေတော့သည်။ “ဘာဖြစ်လို့ စူးကျောင်းရုံနဲ့ တတိယမင်းသားတို့ကို တမင်တကာ စိတ်ဆိုးအောင် လုပ်လိုက်တာလဲ”

“နင် တတိယမင်းသားနဲ့ ပြဿနာတက်ထားတာလား”

လုမင်ယွိက သူမ၏ နှုတ်ခမ်းကို အနည်းငယ် စေ့ထားလိုက်ကာ အဓိက အကြောင်းအရာကို ရှောင်ရှားရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။ “ငါက မင်းသား ကြင်ရာတော်အဖြစ် ရွေးချယ်မခံချင်လို့လေ။ ဒါကြောင့်မလို့ နည်းလမ်းတချို့ သုံးလိုက်တာ”

ရှင်းယန်ဝမ်၏ အရှိန်အဝါနှင့် လုမင်ယွိ၏ ထူးခြားသည့် နောက်ခံနှင့်ဆိုလျှင် မိဖုရား သို့မဟုတ် မင်းသားတစ်ပါး၏ ကြင်ရာတော်အဖြစ်မှ ရွေးချယ်မခံရဖို့ရန် ဤထူးဆန်းသည့် လှည့်ကွက်များကို အမှန်ပင် သုံးဖို့ရန် လိုအပ်ပေသည်။

သို့သော်ငြား ဤသို့ လုပ်လိုက်လျှင်ဖြင့် လုမင်ယွိနှင့် တတိယမင်းသားတို့သည် ရေစက် ရှိလာတော့မည် မဟုတ်ပေ။

ရှန်းလန်၏ စိတ်ထဲတွင် လင်းလက်သွားပြီး တိုးတိုးလေး မေးလိုက်၏။ “နင် တကယ်ပဲ မင်းသမီးတစ်ပါး မဖြစ်ချင်တာလား”

လုမင်ယွိကတော့ ပြတ်ပြတ်သားသား ဖြေလာသည်။ “ဟုတ်တယ်”

ရှန်းလန်က လုမင်ယွိကို အလေးအနက် တစ်ချက်လောက် ကြည့်လိုက်ကာ “ဒီကိစ္စနဲ့ ပတ်သက်ပြီး နင် မတတ်နိုင်မှာဘဲ စိုးရိမ်ရတယ်”

တတိယမင်းသား၏ လုမင်ယွိအ‌ပေါ် ချစ်ခင်မြတ်နိုးမှုနှင့် စွဲလန်းမှုတို့ကို ထိုးထွင်းသိမြင်ဉာဏ် ရှိသူတစ်ယောက်ထံမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။ အကယ်၍ တတိယမင်းသားကသာ မိဖုရားခေါင်ထံသို့ သွားပြီး မင်္ဂလာပွဲအပ်နှင်းပေးဖို့ရန် တောင်းဆိုခဲ့လျှင် လုမင်ယွိသည် မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။

လုမင်ယွိ၏ မျက်လုံးများကလဲ လင်းလက်သွားပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလာသည်။ “ဒါပေါ့ ငါ့ရဲ့ လက်ထပ်ပွဲကို ငါကိုယ်တိုင်ပဲ ဆုံးဖြတ်မှာ။ ဘယ်သူမှ အတင်းအကြပ် လာလုပ်လို့ မရဘူး”

...

All Chapters