← Chapters

ပြုပြင်ပြောင်းလဲရေး

Vol. 2 Ch. 17

ပြုပြင်ပြောင်းလဲရေး

Vol. 2 Ch. 17

လှည်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ ဆက်ပြီး ‌ရွေ့လျားနေ၏။

ရှန်းလန်က တွေးတွေးဆဆ မျက်လုံများဖြင့် လုမင်ယွိကို ကြည့်လိုက်သည်။

“ရှန်းကျဲ (ရှန်းကျဲ)က ငါ့ကို ဘာဖြစ်လို့ ဒီလို ကြည့်နေတာလဲ” လုမင်ယွိကလဲ သိလျက်နှင့် မေးလိုက်သည်။

ရှန်းလန်က သိမ်မွေ့စွာဖြင့် ပြောလာခဲ့သည်။ “‌ရှောင်ယွိ နင် အရင်ကနဲ့ အများကြီး ကွာသွားတယ်”

အရင်က လုမင်ယွိသည် ပွင့်လင်းကာ တောက်ပပြီး ရွှင်ရွှင်ပြုံးပြုံးရှိခဲ့ဖူးသည်။

ဒီနေ့ လုမင်ယွိ၏ စကားများနှင့် လုပ်ရက်များကတော့ မျှော်လင့်မထားသည့် အရာများပင်။ သူမ၏ မျက်ဝန်းများထဲတွင်လဲ ထိတ်လန့်ဖွယ်ရာ အေးစက်မှုနှင့် ပြတ်သားမှုများ ရှိနေသည်။

မတွေ့ရတာ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ လုမင်ယွိ ကြည့်ရတာ မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့ အပြောင်းအလဲတွေ ရင်ဆိုင်ခဲ့ရတဲ့ပုံပဲ။ အပျိုဆောင်ထဲက သူငယ်ချင်းတစ်ယောက် အနေနဲ့ သူမလဲ မရင်းနှီးသလိုတောင် ခံစားလိုက်ရတယ်။

လုမင်ယွိကတော့ ရှန်းလန်၏ ထူးဆန်းနေသည့် အကြည့်ကို ရှောင်ဖယ်ခြင်း မရှိချေ။ “ငါတို့အားလုံး တစ်နေ့တစ်ခြား ကြီးပြင်းလာကြတာပဲလေ။ သိပ်မကြာခင်မှာဘဲ လက်ထပ်ရမဲ့ အရွယ်ရောက်တော့မယ်။ ရှန်းကျဲက ဒီနေ့ ငါ လုပ်ခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကို သေသေချာချာလေး သိသင့်ပါတယ်”

ရှန်းလန်က လုမင်ယွိကို ကြည့်လိုက်ကာ “ငါ သိပါတယ်။ နင်က မင်းသားရဲ့ ကြင်ရာတော် မဖြစ်ချင်တာ”

လုမင်ယွိကလဲ မသိမသာ ခေါင်းငြိမ့်ပြလိုက်ကာ “ဟုတ်တယ် မလုပ်ချင်ဘူး”

ရှန်းလန်သည် မချင့်မရဲဖြင့် ရယ်မောလိုက်လေတော့သည်။ “လက်ထပ်ပွဲကိစ္စ ပြောတဲ့အခါ နင့်စိတ်ထဲမှာ ပွင့်ပွင့်လန်းလန်း ရှိပြီး ရှက်ရွံ့‌နေတာလဲ မရှိဘူးနော်”

ဘဝ၏ အရေးကြီးကိစ္စများကို ပြောဆိုလာချိန်တွင် ဤကဲ့သို့ တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် ပြောဆိုနိုင်သူမှာ လုမင်ယွိ တစ်ဦးတည်းသာ ရှိတော့သည်။

လုမင်ယွိ၏ မျက်လုံးများက မသိမသာ တဖျပ်ဖျပ်လက်သွားပြီး သူမက အသံလေးကို တိုးကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ ၄ နှစ်တုန်းက အဖေက စစ်သည်အင်အား ၆ သောင်းကို သာ့ဝေတိုင်းပြည်ကို လက်နက်ချခိုင်းခဲ့တယ်လေ။ အရှင်မင်းကြီးက လုမိသားစုကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ရှင်းယန်ဝမ်ဆိုတဲ့ ဘွဲ့ကို ပေးခဲ့တာ။ ထူးခြားတဲ့ အမည်နာမတစ်ခုအတွက် သက်သေသာဓကတစ်ခု ဖန်တီးခဲ့တာ။ လုမိသားစုကလဲ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

“မင်းကြီးမှာ သားတော် ၅ ပါးရှိတယ်။ ဒုတိယမင်းသား၊ တတိယမင်းသားနဲ့ စတုတ္ထမင်းသားအားလုံးက ကြင်ရာတော် ရွေးချယ်ရမဲ့ အရွယ်ရောက်နေကြပြီ။ ငါသာ မင်းကြီးရဲ့ မိသားစုထဲကို ချွေးမအဖြစ် လက်ထပ်ဝင်လိုက်မယ်ဆိုရင် ထီးနန်းလုပွဲမှာ ပါဝင်ပတ်သက်သွားတော့မှာ”

“ငါ့အဖေက သစ္စာရှိတဲ့ အမတ်တစ်ယောက်ဖြစ်သလို စစ်တပ်ကို ဦး‌ဆောင်ပြီး တိုက်ခိုက်နေတဲ့ နေရာမှာလဲ တော်တယ်။ သူက မင်းကြီးတို့ တော်ဝင်မိသားစုရဲ့ စစ်ပွဲထဲမှာ ပါဝင်သင့်တဲ့သူ မဟုတ်ဘူးလေ”

အရင်ဘဝတုန်းကတော့ သူမက အချစ်ကို ဦးစားပေးပြီး လီဟောက်ကို လက်ထပ်ဖို့ အတင်းအကြပ် တောင်းဆိုခဲ့တယ်။ ဒါကြောင့်မလို့လဲ လုမိသားစုက ဒီရွှံ့နွံထဲ ပါဝင်လာပြီး မလွတ်မြောက်နိုင်ခဲ့ဘူး။

ဒီဘဝမှာတော့ သူမက လက်စားချေချင်တယ်။ သူမရဲ့ မိသားစုကိုလဲ ကာကွယ်ပေးချင်တယ်။ ပထမဦးဆုံး လုပ်ရမဲ့ အလုပ်က လီဟောက်နဲ့ ဆက်ဆံရေးကို လုံးဝဖြတ်တောက်ပြီး ကြင်ရာတော် မင်းသမီးဖြစ်လာမဲ့ ဖြစ်နိုင်ချေကို ရပ်တန့် ထားဖို့ပဲ။

ရှန်းလန်သည်လဲ အရာရှိ မိသားစုမှ ပေါက်ဖွားလာသူဖြစ်သဖြင့် သူမသည် ထီးနန်းလုပွဲ၏ ကြမ်းတမ်းလှသည့် လှုပ်ရှားမှုများကို အမှန်ပင် ရှင်းရှင်းလင်းလင်း သိလေသည်။ ရှန်းလန်က ညင်ညင်သာသာ သက်ပြင်းချလိုက်ကာ “နင် ပြောတာလဲ ဟုတ်ပါတယ်။ ဘယ်သူပဲ မင်းသားအဖြစ် ဘွဲ့ခံယူပါစေ။ အမတ်တွေကတော့ ထီးနန်းအပေါ် သစ္စာစောင့်သိနေသင့်တာပဲ”

စောစောစီးစီး ဘက်ပြောင်းရပ်မယ်ဆိုရင်လဲ မှန်ကန်တဲ့ ဖက်မှာ ရပ်လိုက်တယ်ဆိုရင်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ တကယ်လို့ မှားယွင်းတဲ့ဖက်ကို ရပ်မိသွားပြီဆိုရင်တော့ ဘာဖြစ်လာမယ်ဆိုတာ ပြောရခက်သွားပြီ။

ရှန်းလန်သည် ထိုအကြောင်းကို စဉ်းစားပြီးသွားသောအခါ သူမ၏ စိတ်မှာ ရုတ်တရက်ဆိုသလို ပွင့်လင်းသွားတော့သည်။ “ရှောင်ယွိ နင် ဒီနေ့ လုပ်ခဲ့တာ မှန်တယ်”

လုမင်ယွိက သူမ၏ မျက်ခုံးများ၏ ဖြေလျော့ထားလိုက်ကာ ရှန်းလန်ကို ပြုံးပြလိုက်သည်။ “တကယ်လို့ နင်သာ ငါ့ရဲ့ စိတ်ကူးတွေကို သိမယ်ဆိုရင် ငါ့ကို ထောက်ခံမယ်ဆိုတာ သိနေပါတယ်။ ငါတို့တွေ ဒီနေ့ ပြောခဲ့တဲ့ အကြောင်းအရာတွေကို တခြားသူတွေကိုတော့ မပြောနဲ့နော်”

“စိတ်မပူပါနဲ့။ ဒီစကားတွေကို ငါ့အဖေနဲ့ အမေကိုတောင်မှ ပြောမှာ မဟုတ်ဘူး” ရှန်းလန်ကလဲ တည်တည်တံ့တံ့ဖြင့် ပြောလိုက်လေသည်။ ထို့နောက်တွင်တော့ သူမက မေးလာ၏။ “ဒါနဲ့လေ။ နင့်အဖေ စစ်တပ်ကို ဦးဆောင်ပြီး ပုန်ကန်သူတွေကို နှိမ်နင်းဖို့ ထွက်သွားတာ ၁နှစ်ခွဲလောက် ရှိတော့မယ်နော်။ ဘယ်တော့ ပြန်လာမှာလဲ မသိဘူး”

သူတို့သည် ပုန်ကန်သူများကို နှိမ်နင်းဖို့ရန် ထွက်သွားခဲ့သည်ဟု ကြေညာခဲ့သော်ငြားလည်း သူတို့ လုပ်နေသည့် အရာမှာတော့ သာ့ဝေတိုင်းပြည်အတွက် နယ်မြေများကို ချဲ့ထွင်နေခြင်းသာ ဖြစ်လေသည်။

သာ့ဝေတိုင်းပြည်၏ နယ်မြေကို တဖြည်းဖြည်းချဲ့ထွင်လာခဲ့ပြီး ၄ နှစ်နောက်ပိုင်းတွင် ပြည်မကြီးကို စုစည်းနိုင်ပေလိမ့်မည်။

အဖေဖြစ်သူအကြောင်း ပြောလိုက်သည်တွင် လုမင်ယွိ၏ ရင်ထဲ၌ ပြင်းပြပြီး တမ်းတသည့် လွမ်းဆွတ်မှုများ ဖြစ်လာတော့၏။ “မကြာခင် ပြန်လာတော့မှာပါ”

သူမ အမှတ်မမှားလျှင် စစ်တပ်ကြီးသည် ၁၀ ရက်အတွင်း မြို့တော်သို့ ပြန်လာပေလိမ့်မည်။

ရှန်းလန်ကတော့ အမှတ်တမဲ့ ဟန်‌ဆောင်ကာ မေးလိုက်၏။ “နင့်ရဲ့ အာ့ကော(အစ်ကို၂)လဲ ဒီတစ်နှစ်ဆိုရင် လက်ထပ်ဖို့ အရွယ်ရောက်နေပြီနော်။ သူ ဒီတစ်ခါ မြို့တော်ကို ပြန်လာတဲ့ အချိန်ကျရင် သူ့အတွက် အိမ်ထောင်ပြုပေးဖို့ စီစဉ်ပေးတော့မှာလား”

လုဖေး၏ လက်ထပ်ပွဲအကြောင်း ပြောလိုက်သည်တွင် လုမင်ယွိသည် သိသိသာသာ မျက်မှောင်ကြုတ်သွားတော့သည်။

သူမ၏ အရင်ဘဝတွင် လုဖေးသည် ဘယ်တော့မှ အိမ်ထောင်မပြုခဲ့ချေ။

လုမင်ယွိက လုဖေးအတွက် အကြိမ်ပေါင်းများစွာ လက်ဆက်ပေးဖို့ရန် ကြိုးစားခဲ့သော်ငြားလည်း လုဖေးကတော့ သူမကို တားမြစ်ခဲ့သည်။ နောက်ပိုင်းတွင်တော့ လုဖေးသည် စစ်စခန်းထဲတွင်သာ သွားရောက် နေထိုင်တော့၏။ တစ်ကိုယ်တည်း သမားအဖြစ် ဘဝကို ကုန်ဆုံးတော့မည့် ပုံစံမျိုးပင်။

မိဖုရားခေါင်တစ်ပါးအနေဖြင့် လုမင်ယွိသည် အနောက်နန်းဆောင်တွင် နေထိုင်ခဲ့ပြီး နန်းတော်အပြင်ဖက်သို့ ထွက်ဖို့ရန်လဲ အခွင့်အရေးက မရှိခဲ့သလောက်ပင်။ လုဖေးကလဲ စစ်တပ်စခန်းထဲတွင် ပုန်းအောင်းနေကာ သူမကို လာတွေ့ဖို့ရန် နန်းတော်ထဲ ဝင်ဖို့လဲ ငြင်းဆန်နေခဲ့သည်။ သူမသည်လဲ လုဖေးကို သွားရှာဖို့ရန် စစ်စခန်းသို့ တစ်ခါမှ မသွားနိုင်ခဲ့ချေ။

“အင်း အာ့ကောက အိမ်ထောင်ပြုဖို့ အချိန်တန်နေပြီ” လုမင်ယွိသည် သူမ၏ သူငယ်ချင်းကို ပြန်ဖြေနေသယောင်ယောင်။ သို့မဟုတ်လဲ တစ်ယောက်ထဲ စကား‌ပြောနေသယောင်ပင်။ “သူ့ရဲ့ ညီမတစ်ယောက်အနေနဲ့ ငါလဲ အာ့ကောအတွက် အိမ်ထောင်ရေးကို စီစဉ်ပေးချင်ပါတယ်”

ရှန်းလန်သည် သူမ၏ နှုတ်ခမ်းကို ကိုက်ထားလိုက်ကာ သူမ ဘာတွေးနေသည်ကို မသိသော်ငြားလည်း ခပ်ဖျော့ဖျော့ ပန်းရောင်လေးတစ်ခုက သူမ၏ နုနယ်သန့်ရှင်းနေသည့် မျက်နှာပေါ်တွင် ပေါ်လာတော့သည်။

-

လုမင်ယွိက ရှန်းလန်၏ ရှက်သွေးဖြာနေသည့် မျက်နှာလှလှလေးကို လှမ်းကြည့်လိုက်ကာ သူမ၏ ရင်ထဲတွင်လဲ မရှင်းမလင်း အတွေးတစ်ခု ဖျပ်ကနဲ ပေါ်ထွက်လာခဲ့သည်။

သူမက ထိုအကြောင်းကို မစဉ်းစားရသေးခင်မှာပင် လှည်းကလဲ ရပ်သွားခဲ့သည်။

သူတို့သည် လုအိမ်တော်သို့ ရောက်လာခဲ့ကြပြီး ဖြစ်၏။

လုမင်ယွိက လှည်းပေါ်က ဆင်းကာ ပြုံးပြီး ရှန်းလန်ကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်တော့သည်။ “အိမ်ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးပဲနော် ရှန်းလန်ကျဲကျဲ။ ဒီနေ့ ငါတို့တွေ နန်းတွင်းပွဲတော်ကို သွားခဲ့ရတာ ဆိုတော့ ရှန်းကျဲလဲ သေချာပေါက် ပင်ပန်းနေတော့မှာပဲ။ နောက်တစ်နေ့ကျမှ ရှန်းကျဲကို အိမ်တော်ကို အလည်ခေါ်ပါအုံးမယ်”

ရှန်းလန်ကတော့ ပေါ့ပေါ့ပါးပါးအပြုံးဖြင့် ပြန်ဖြေလိုက်ကာ လုမင်ယွိကို လက်ဝှေ့ယမ်းပြလိုက်ပြီး ဝါးကန့်လန့်ကာလေးကို ပြန်ချလိုက်လေသည်။

လုမင်ဟွား၊ လုမင်ယွဲ့နှင့် လုရွှမ်းတို့ မောင်နှမ ၃ ယောက်သည် လုမိသားစု၏ အိမ်တံခါးဝအပြင်ဖက်တွင် အတူတူ ရပ်ကြကာ အချင်းချင်း နှုတ်ဆက်လိုက်ကြလေသည်။

“စစ်ကျဲ ဒီနေ့ နန်းတွင်းပွဲတော်ကို သွားခဲ့ရတာ ပျော်ရဲ့လား” လုမင်ယွဲ့က အရင်ဆုံး ရှေ့သို့ အပြေးအလွှား ရောက်လာကာ ဝမ်းသာအားရဖြင့် မေးလေသည်။

လုရွှမ်းကလဲ အပြုံးဖြင့် အနားသို့ ရောက်လာ၏။ “ဘာဖြစ်လို့ အဲလို မေးနေတာလဲ! စစ်ကျဲက ဒီလောက် ပျော်နေတာ မတွေ့ဘူးလား။ သူ ဒီနေ့ နန်းတွင်းပွဲတော်ထဲမှာ သေချာပေါက် တောက်ပနေမှာပဲ”

သူမသည် အမှန်ပင် တောက်ပခဲ့လေသည်။

စူးကျောင်းရုံဖြစ်စေ၊ ချင်ဖေးဖြစ်စေ၊ ချောင်မိဖုရားခေါင်ဖြစ်စေ သူတို့ထဲက ဘယ်သူကမှ သူမကို ချွေးမအဖြစ် ‌တော်ရဲ ကြလိမ့်မည်မဟုတ်ပေ။

ထိုအကြောင်းကို စဉ်းစားမိလိုက်ပြီး လုမင်ယွိသည် အမှန်ပင် စိတ်ကြည်လင်သွားကာ အသံထွက်ရယ်မောလိုက်တော့၏။ “အင်း။ ဒါပေါ့!”

လုမင်ဟွားကတော့ ဂရုအစိုက်ဆုံး ဖြစ်ရာ အနည်းငယ် ထူးခြားနေသည်ကို သတိပြုမိလိုက်ပြီး သွေးတိုးစမ်းကာ မေးလိုက်တော့သည်။ “နန်းတွင်းပွဲတော်က ဘာဖြစ်လို့ ဒီလောက် အစောကြီး ပြီးသွားတာလဲ။ အခုမှ နေ့လယ်စောင်းပဲ ရှိသေးတယ်လေ။ အနည်းဆုံးတော့ တော်ဝင်ဥယျာဉ်ထဲကို သွားပြီး ပန်းတွေကို ရှုစား၊ ကဗျာတွေရေး၊ ပန်းချီဆွဲတာမျိုး တစ်ခုခု လုပ်သင့်တာပေါ့!”

လုမင်ယွိကလဲ ပွင့်လင်းရိုးသားသည့် မျက်နှာလေးဖြင့် ပြန်ဖြေသည်။ “ငါလဲ မသိဘူး‌လေ။ မိဖုရားခေါင်က တော်ဝင်ပွဲတော်ထဲကနေ ထွက်သွားခဲ့တာ။ ဒီတော့ စကားအများကြီး မပြောလိုက်ရဘူး”

လုမင်ဟွားသည် အနည်းငယ် မသက်မသာဖြစ်သွားဆဲ ဖြစ်ပြီး တိုးတိုးလေး မေးလာ၏။ “နင် ဒီနေ့ ပြဿနာတော့ မရှာခဲ့ပါဘူးနော်။ ဟုတ်တယ်မလား”

လုမင်ယွိကတော့ ဖြောင့်မတ်မှန်ကန်စွာဖြင့် ပြန်ဖြေသည်။ “လုံးဝ မတက်ခဲ့ပါဘူး”

ထိုအခါမှ လုမင်ဟွားသည် စိတ်အေးသွားကာ ပြုံးပြီး လုမင်ယွိ၏ လက်ကို လှမ်းဆွဲလိုက်ပြီးနောက် အိမ်ထဲသို့ ဝင်လာရင်း ရယ်မောကာဖြင့် ပြောလာလေသည်။ “သာ့ကျဲ (သာ့ကျဲ)က စာတစ်စောင် ပို့လာတယ်။ ၂ ရက်လောက် နေရင် အိမ်ခဏပြန်လာချင်တယ်တဲ့။ သာ့ပေါင်နဲ့ ရှောင်းပေါင်တို့ကိုလဲ သူနဲ့အတူ ခေါ်လာလိမ့်မယ်တဲ့။ အိမ်ထဲကို ဝင်ရ‌အောင်”

လုမင်ဖန်းသည် အသက် ၁၈ နှစ် အရွယ်တွင် အိမ်ထောင်ပြုသွားပြီ ဖြစ်ကာ နောက်တစ်နှစ်တွင် သားတစ်ယောက် မွေးဖွားခဲ့သည်။ ထိုတစ်နှစ် ကြာပြီးသွားသည်တွင်တော့ နောက်ထပ် သားတစ်ယောက်ကို ထပ်မံ မွေးဖွားခဲ့သည်။ ကလေးများ၏ အမည်မှာ သာ့ပေါင်နှင့် ရှောင်းပေါင်တို့ ဖြစ်၏။

လုမင်ယွိကလဲ တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်တော့သည်။ “ဒါဆိုရင် ဘာကို စောင့်နေအုံးမှာလဲ။ သာ့ကျဲနဲ့ ကလေးတွေကို အိမ်ပြန်ခေါ်ဖို့ လူလွှတ်လိုက်တော့လေ”

အိမ်တော်ထိန်းကြီး လုကျားက အပြုံးဖြင့် တုံ့ပြန်လာကာ သူသည် လှည်းတစ်စီးကို ပြင်ဆင်ပေးတော့မည်မှာ ပြောရန်ပင် မလိုချေ။

-

ဝုန်း!

ခပ်အုပ်အုပ်အသံတစ်ခုသည် ကျောင်းဖန်နန်းဆောင်၏ အိပ်ဆောင်မှနေ၍ ထွက်ပေါ်လာ၏။

တံခါးက ထူထဲသော်ငြားလည်း အသံကိုတော့ ရှင်းလင်းစွာ ကြားနိုင်ဆဲပင်။

တံခါးနားတွင် စောင့်နေကြသည့် နန်းတွင်းအစေခံမလေးများသည် အနည်းငယ် ဝေးသို့ နေရာသို့ တိုးတိုးတိတ်တိတ် ပြန်ဆုတ်လိုက်ကြကာ မိဖုရားခေါင်၏ ဒေါသကို သက်ရောက်မှု မရှိရန် ရှောင်ထားလိုက်ကြ၏။

“တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ!”

အိပ်ဆောင်အတွင်းတွင်တော့ ချောင်မိဖုရားခေါင်၏ မျက်နှာမှာ ဒေါသအပြည့်ဖြစ်နေကာ ထိုဒေါသများက သူမ၏ ဇာမဏီ မျက်လုံးများထဲတွင် လင်းလက်လို့ နေ၏။

အချိန်အကြာကြီး ဒေါသကို မျိုသိပ်ခဲ့ရပြီး ဒီအချိန်ရောက်သည်တွင်တော့ သူမသည် ထိုဒေါသများ အားလုံးကို ဖွင့်ချလေတော့သည်။ “ဒီလုမင်ယွိက ငါ့ကို မျက်လုံးထဲ လုံးဝ မထည့်တာဘဲ။ ငါ့ရှေ့မှာ စူးကျောင်းရုံကို စော်ကားတုန်းက တတိယမင်းသားက လာပြီးတော့ တောင်းပန်တယ်။ သူက မလှုပ်မယှက် တည်တည်ငြိမ်ငြိမ်နဲ့တောင်မှ တောင်းပန်တာကို လက်ခံလိုက်သေးတယ်”

“တကယ့်ကို ကောင်းမွန်တဲ့ နန်းတွင်း စားသောက်ပွဲကလဲ သူတစ်ယောက်ထဲကြောင့် ပျက်စီးသွားခဲ့ရပြီ။ တကယ် ဒေါသထွက်စရာ ကောင်းတာပဲ!”

ဟွေ့အန်းကုန်းကျူကတော့ မိခင်ဖြစ်သူကို နှစ်သိမ့်ဖို့ရန် စိတ်ကူးမရှိဘဲ မကျေမနပ်ဖြင့် နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်လေသည်။ “မူဟုပ် စိတ်မချမ်းသာရင်လဲ ဘာဖြစ်လို့ သီးခံနေသေးလဲ။ ကျွန်မသာ ပြောခွင့်ရမယ်ဆိုရင် မူဟုပ်က လုမင်ယွိကို နေရာမှာတင် အပြစ်ပေးခဲ့သင့်တာ”

“သူက ရှင်းယန်ဝမ်ရဲ့ သမီးဆိုတဲ့ အရာကို အားကိုးပြီး ဒီနေ့ ကျောင်းဖန်နန်းဆောင်ထဲမှာ မူဟုပ်ကို မလေးမစား လုပ်ခဲ့တာ။ မူဟုပ်က သူ့အ‌‌‌ပေါ် ဘာဖြစ်လို့ ယဉ်ကျေးနေရာမှာလဲ”

...

All Chapters