သားအမိ
Vol. 2 Ch. 18
ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူးကို ဆူပုတ်နေသည့်မျက်နှာထားတစ်ခုဖြင့် လှမ်းကြည့်လိုက်ကာ "နင့်အတွက်တော့ ပြောရတာ လွယ်တာပေါ့"
"ရှင်းယန်ဝမ်က ရှန်ဟန်စစ်တပ်ကို ဦးဆောင်ပြီး သာ့ဝေတိုင်းပြည်အတွက် အပြင်ဘက်မှာ စစ်တိုက်ထွက်နေတာ။ တကယ်လို့ ဒီကိစ္စသာ ပေါက်ကြားသွားပြီး ငါ မိဖုရားခေါင်က ရှင်းယန်ဝမ်ရဲ့ တစ်ဦးတည်းသော ချစ်သမီးကို နန်းတော်ထဲမှာ အခက်တွေ့အောင် လုပ်ခဲ့တယ်လို့သာ သတင်းပြန့်သွားမယ်ဆိုရင် ရှင်းယန်ဝမ်က ဘယ်လိုထင်မလဲ။ နင့်ရဲ့ဖုဟွမ် (ခမည်းတော်)ကရော ဘယ်လိုစဥ်းစားမယ်ထင်လဲ"
"မိဖုရားခေါင်ကြီးတစ်ပါးဖြစ်လာရင် လုပ်ချင်တိုင်းလုပ်လို့ရနိုင်ပြီး အရာအားလုံးကလဲ ကိုယ့်ရဲ့စိတ်သဘောထားအတိုင်းပေါ်ပဲ မူတည်တယ်လို့ များထင်နေတာလား"
ဟွေ့အန်းကုန်းကျူးကတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်ကာ သူမက ပါးစပ်ကိုဟကာ ချောင်မိဖုရားခေါင်၏ ရင်ထဲသို့ထိုးနှက်လေတော့သည်။ "မူဟုပ်က အရမ်းကို သတိထားလွန်းနေတာပါ။ မူဟုပ်က ဖုဟွမ် (ခမည်းတော်) မကြိုက်မှာကို ကြောက်နေတာလေ။ ဒီလိုသည်းခံနေရတာက တကယ်စိတ်ပျက်စရာကောင်းတာပဲ"
“တကယ်တော့ မူဟုပ်က ဒီလိုသည်းခံလွန်းနေလို့ ဖုဟွမ်ကလဲ မုန့်ကွေ့ဖေးနဲ့ အကြီးဆုံးမင်းသားကို မျက်နှာသာပေးနေတာ။ သမီးသာ ပြောရမယ်ဆိုရင် ခါးကိုမတ်မတ်ထားပြီး ပြောချင်တာပြော လုပ်ချင်သာလုပ်လိုက်မှာပဲ။ အဲဒါကမှ မူဟုပ် ပျော်မယ်ဆိုရင် လုပ်သင့်တာပဲ"
ချောင်မိဖုရားခေါင်မှာ အနာပေါ် တုတ်ကျသွားသလို ခံစားလိုက်ရပြီး ရှုံ့မဲ့နေသည့်မျက်နှာဖြင့် ဟွေ့အန်းကုန်းကျူးကို ဒေါသတကြီး စိုက်ကြည့်လေတော့သည်။ "တော်စမ်း! နင် ဘာဖြစ်လို့ ဒီလိုစကားမျိုးပြောနိုင်ရတာလဲ။ အသက်၂၀ရှိနေပြီ။ လူကြီးတောင် ဖြစ်နေပြီ။ ဘာဖြစ်လို့ ကလေးစကားတွေ ပြောနေတာလဲ။ အဓိပ္ပါယ် မရှိတာတွေပဲ။ နင် ပြောနေတဲ့စကားကိုတောင်မှ မသိတော့ဘူး!"
ဟွေ့အန်းကုန်ကျူးသည် ဆူပူကြိမ်းမောင်းခံလိုက်ရသောအခါ သူမ၏စိတ်ထဲတွင် မချမ်းမသာ ဖြစ်သွားလေတော့သည်။
ချောင်မိဖုရားခေါင်သည် မျက်နှာသာမရခဲ့ဘဲ သူမနှင့်အတူမွေးသည့် အကြီးဆုံးမင်းသမီးကပင် မုန့်ကွေးဖေးမှမွေးသည့် ကျင့်အန်းကုန်းကျူးကဲ့သို့ မင်းကြီး၏မျက်နှာသာပေးခြင်းကို မခံခဲ့ရချေ။
ဟွေ့အန်းကုန်းကျူသည် မနာခံတတ်သည့် စိတ်နေသဘောထားရှိသူဖြစ်ကာ ဒေါသထွက်သွားပြီး ရုတ်တရက် လှောင်ပြောင်ကာပြောတော့သည်။ "ဟုတ်ပါတယ် ဟုတ်ပါတယ်။ မူဟုပ်က ဒါကိုနားထောင်ဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း သမီး မပြောတော့ပါဘူး"
ထိုသို့ပြောလိုက်ပြီးနောက် ဟွေ့အန်းကုန်းကျူးသည် ခေါင်းကိုတဖက်သို့ လှည့်လိုက်ကာ ချောင်မိဖုရားနှင့် ဆက်ပြီးစကားပြောဆိုဖို့ရန် ငြင်းဆန်လေတော့သည်။
ချောင်မိဖုရားခေါင်၏ နားထင်များမှာ တဒုတ်ဒုတ် ခုန်လာတော့၏။
သူမသည် လက်ကိုဆန့်ထုတ်လိုက်ကာ နားထင်ကို ခဏလောက် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီး သူမ၏စိတ်ထဲက ဒေါသများကိုလည်း မျိုသိပ်နေရင် သူမ၏အသံမှာ အများကြီး ပျော့ပျောင်းသွားတော့သည်။ "အဲဒီ့လုမင်ယွိက နောက်ခံကောင်းတယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်နေသဘောထားက နည်းနည်းတော့ ကြမ်းတမ်းတယ်ဆိုတာလဲ အမှန်ပဲ။ မင်းသားကြင်ယာတော်ဖြစ်ဖို့ဆိုတာ မသင့်တော်ဘူး။ ဒါပါပဲ။ ဒီနန်းတော်ကနေ လူရှေ့မှာ ပြစ်တင်ပြောဆိုပြီး အပြစ်ပြောမယ်ဆိုရင် မိဖုရားခေါင်ရဲ့သိက္ခာပဲ ကျရာရှိမယ်"
ဟွေ့အန်းကုန်းကျူးက နှာခေါင်ရှုံ့ကာ ပြောလိုက်သည်။ "သမီးက အဓိပ္ပါယ် မရှိတာပဲပြောနေတာ။ ဒီတော့ ဘာပြောရမယ်မှန်း မသိတော့ဘူး။ ဘာမှားနေမှန်းလဲ မသိဘူး။ တကယ်လို့ မူဟုပ်မှာ အစီအစဥ်တစ်ခုရှိတယ်ဆိုရင်လည်း သမီးကို ပြောပြစရာ မလိုပါဘူး"
ချောင်မိဖုရားခေါင်း "..."
ဒါက သူမရဲ့သမီးအရင်းပဲလေ။
ချောင်မိဖုရားခေါင်သည် ထိုစကားကို အကြိမ်ကြိမ်အဖန်ဖန် ရေရွတ်ပြီး စိတ်ရှည်လက်ရှည်ဖြင့် ချော့မော့ရတော့သည်။ "ဟုတ်ပါပြီ။ ခုနက မူဟုပ် မှားသွားတာ။ ငါ မင်းကို မဆူသင့်ဘူး။ မူဟုပ်ကို စိတ်ဆိုးမနေပါနဲ့တော့"
ဒီလိုမှပေါ့။
ဟွေ့အန်းကုန်းကျူးသည် ခေါင်းကိုတဖက်သို့ပြန်လှည့်လာကာ "မူဟုပ်က ကိုယ့်ရဲ့အမှားကိုသိသွားပြီဆိုရင်လည်း ဟုတ်ပါပြီ"
ချောင်မိဖုရားက "..."
ချောင်မိဖုရားခေါင်သည် သူမ၏နှုတ်ခမ်းများကို မသိမသာ ကွေးထားလိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်တော့၏။ "ထားလိုက်ပါတော့။ ဒီအကြောင်း မပြောတော့ဘူး။ ဒီနေ့ နာမည်ကြီးသခင်မလေးတွေ အများကြီး နန်းတော်ထဲကို ဝင်လာခဲ့ကြတာ။ သမီးရဲ့အမြင်မှာရော ဒုတိယမင်သားရဲ့ ကြင်ယာတော်အဖြစ် ဘယ်သူ့ကိုပေးချင်လဲ"
ဟွေ့အန်းကုန်းကျူး၏ အာရုံသည်လည်း ချက်ချင်းဆိုသလို ဆွဲဆောင်ခံလိုက်ရကာ သူမက ခဏလောက် စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။ "မိသားစုနောက်ခံအရဆိုရင်တော့ ချောင်ဝမ်နဲ့ ကျောင်းရုံတို့က အကောင်းဆုံးပဲ။ ရုပ်ရည်နဲ့ပတ်သက်လာရင် မုန့်ယွင်လော်နဲ့ ကျင်းချန်အာတို့နှစ်ယောက်စလုံး ချောမောပြေပြစ်ကြတယ်။ ရှန်းလန်ကတော့ အိန္ဒြေသိက္ခာရှိပြီး ပြေပြစ်ချောမောတယ်"
ဟုတ်တာပေါ့လေ။ လူအများကြားထဲမှာလည်း တစ်ချို့အားနည်းချက်တွေတော့ ရှိသေးတာပေါ့။
ချောင်မိသားစုက နာမည်ကြီးပညာရှင်မိသားစုတစ်ခု စစ်ရေးအင်အားမရှိဘူး။
ကျောင်းရုံက ပန်းထိုးထားတဲ့ခေါင်းအုံးတစ်လုံးလိုပဲ သဘောထားသေးတယ်။
မုန့်ယွင်လော်က ကွမ်းပင်းနယ်စားရဲ့သမီး။ ကွမ်းပင်းနယ်စားနဲ့ ဒုတိယမင်းသားတို့က သဘာဝအတိုင်း ဆန့်ကျင်ဘက်ပဲ။
ကျင်းချန်အာကျတော့ စိတ်လိုက်မာန်ပါနိုင်ပြီး ဘာစိတ်ကူးစိတ်သန်းမှ မရှိဘူး။ ကြင်ယာတော်မင်းသမီးတစ်ယောက် မဖြစ်သင့်ဘူး။ ရှန်းလန်က လှပပြီးအိန္ဒြေသိက္ခာရှိတယ်။ ဒါပေမဲ့ သူ့ရဲ့မိသားစုနောက်ခံက နည်းနည်းလေး နိမ့်ပါးနေသေးတယ်။
နောက်ဆုံးတွင်တော့ ဟွေ့အန်းမင်းသမီးသည် တစ်ယောက်ချင်းစီကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အထိတ်တလ န့်ဖြစ်သွားတော့သည်။ "ဟမ်? ဒီလိုယှဥ်ကြည့်လိုက်တော့လည်း လုမင်ယွိက အကောင်းဆုံး ဖြစ်နေသေးတာပဲ"
သူ့အဖေက အင်အားကြီးစစ်တပ်တစ်ခု ပိုင်ဆိုင်ထားတဲ့စစ်သူကြီးတစ်ယောက်။ သူကလဲ လှပပြီးတော့ သူရဲကောင်းဆန်ဆန် ရုပ်သွင်လေးရှိတယ်။ အေးစက်မှု မွေးရာပါစွမ်းအား အရည်အချင်းကောင်းတွေကလဲ ပြိုင်ဘက်ကင်းပဲ။ ဒီနေ့ နန်းတော်ထဲကို ဝင်လာကြတဲ့ နာမည်ကြီးသခင်မလေးတွေကြားထဲမှာ လုမင်ယွိထက် ပိုပြီးသာပါတယ်လို့ ကြေညာရဲတဲ့သူ ဘယ်သူမှရှိနိုင်မှာ မဟုတ်ဘူး။
ချောင်မိဖုရားခေါင်ကတော့ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "တကယ်လို့ လုမင်ယွိက ကောင်းတယ်ဆိုရင်တောင် သူ့ကို ဒီနေ့သူ့စကားနဲ့ လုပ်ရပ်တွေကြောင့်ပဲ ချွေးမအဖြစ်တော့ ရွေးချယ်နိုင်မှာ မဟုတ်ဘူး"
"နင့်ရဲ့မောင်တော်က မင်းကြီးရဲ့ တိုက်ရိုက်ဆက်ခံသူ။ သူက နောက်ဆိုရင် အိမ်ရှေ့မင်းသားဖြစ်လာမှာ။ ဒီနန်းတော်ရဲ့ချွေးမက သာ့ဝေတိုင်းပြည်ရဲ့ အနာဂတ်မိဖုရားခေါင်ပဲ။ လုမင်ယွိက မဆင်မခြင်ပြုမူပြီး ရိုင်းစိုင်းတဲ့စိတ်သဘောထားရှိတယ်။ ဒီလိုချွေးမမျိုးကို ဒီနန်းတော်ကလက် မခံနိုင်ဘူး"
ချောင်မိဖုရားခေါင်သည် ပညာရှင်မိသားစုတစ်ခုက မွေးဖွားလာသူဖြစ်သည်။ သူမသည် လုမင်ယွိကဲ့သို့ စစ်ရေးစိတ်ဓာတ် ရှိသူတစ်ယောက်ကို သေချာပေါက် သဘောကျမည် မဟုတ်ပေ။
ဟွေ့အန်းကုန်းကျူးမှာ အနည်းငယ် နှမြောတသ ဖြစ်သွားတော့သည်။ "နှမြောစရာပဲ။ ရှင်းယန်မိသားစုနဲ့ လက်ထပ်နိုင်ရင် ဒုတိယမောင်တော်မှာ ဒီလိုရဲရင့်တဲ့ ယောက္ခမတစ်ယောက်ရှိထားတယ်ဆိုတော့ သူ့ကိုထောက်ပံ့ပေးမဲ့ စစ်တပ်ဖက်မှာလဲ လူတွေရှိလာမှာပဲ။ နောက်ဆိုရင် အိမ်ရှေ့စံရာထူးကို ဆက်ခံတဲ့လမ်းကြောင်းက ပိုပြီးတော့တောင် ချောမွေ့သွားအုံးမှာ"
ချောင်မိဖုရားခေါင်သည်လည်း သူမ၏စိတ်ထဲတွင် ချင့်ချိန်တွေးတောနေရင်း ဖြည်းဖြည်းချင်း ပြောလာသည်။ "လုမင်ယွိကသာ သူ့စိတ်တိုင်းကျ စိတ်လွတ်ကိုယ်လွတ် လုပ်နေမယ်ဆိုရင် သူက မင်းသမီးတစ်ပါး မဖြစ်သင့်ဘူး။ တကယ်လို့ သူ ဒါကို တမင်တကာ လုပ်နေတယ်ဆိုရင်တော့ သူ့ကို မရွေးချယ်သင့်ဘူး"
ထိုစကားကလဲ အမှန်ပင်။
အတင်းမှည့်အောင် ပြုလုပ်ထားသည့် ဖရဲသီးသည် ချိုမြိန်နေလိမ့်မည် မဟုတ်ချေ။ တော်ဝင်မိသားစုက ချွေးမတစ်ယောက်ကို ရွေးချယ်ရသည့်အချိန်တွင် ထိုသူများသည် ဆန္ဒရှိသူများ ဖြစ်ရပေမည်။
ဟွေ့အန်းကုန်းကျူးက ချောင်မိဖုရားခေါင်ကို လှမ်းကြည့်လိုက်ကာ ပွင့်ပွင့်လင်းလင်း မေးလိုက်တော့၏။ ဝမ်းကွဲညီမလေး ချောင်ဝမ်ကတော့ မူကျင်းရဲ့စိတ်ထဲမှာရှိတယ်မဟုတ်လား" မေးခွန်းထုတ်လိုက်သော်ငြားလည်း သူမ၏လေသံကတော့ အလွန်အပြုသဘောဆောင်နေ၏။
ချောင်မိဖုရားခေါင်ကလဲ မသိမသာ ခေါင်းညိမ့်ပြလိုက်သည်။
ဟွေ့အန်းကုန်းကျူးသည် မောက်မာထောင်လွှားသော်ငြားလည်း တုံးအသူတော့ မဟုတ်ချေ။ "ချောင်မိသားစုက မူဟုပ်ရဲ့မိသားစု သူတို့တွေက လက်မထပ်ချင်ဘူးဆိုရင်တောင် ဒုတိယမောင်တော်ကို ထောက်ပံ့ပေးရမှာပဲ။ မောင်တော်ကို အင်အားကြီးတဲ့ဇနီးတစ်ယောက် ရှာဖွေပေးဖို့ဆိုရင် နောက်ထပ်နာမည်ကြီးသခင်မလေးတစ်ယောက်ကို ရွေးချယ်လိုက်တာက ပိုကောင်းတယ်။ အဲဒီ့တစ်ယောက်က စစ်သူကြီးရဲ့သမီးဖြစ်တယ်ဆိုရင် အကောင်းဆုံးပဲ"
ချောင်ကောသည် အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ ဒုတိယမင်းသားသည် တိုက်ရိုက်ဆက်ံခံသူတစ်ယောက်ဖြစ်ပြီး သစ္စာစောင့်သိသည့် အရပ်ဘက်အရာရှိများက ဒုတိယမင်းသားကို ထောက်ခံကြလိမ့်မည်။ ဒုတိယမင်းသား လိုအပ်နေသည့်အရာမှာ စစ်သူကြီးများ၏ထောက်ခံမှုသာဖြစ်၏။
ချောင်ဝမ်ကို ဒုတိယကြင်ယာတော်အဖြစ် ရွေးချယ်သည်က မဆိုးသော်ငြားလည်း မင်းသားကြင်ယာတော်ရာထူးအတွက် ရွေးချယ်မည်ဆိုလျှင်တော့ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ချောင်မိဖုရားခေါင်က သက်ပြင်းချလိုက်၏။ "ငါလဲ ဘာပြောရမယ်မှန်း မသိတော့ပါဘူး"
" နင့် ဖုဟွမ်ရဲ့ရင်ထဲမှာ မုန့်ကွေ့ဖေးတို့ သားအမိနှစ်ယောက်ကိုပဲ မျက်နှာသာပေးနေတာကြာပြီ။ ကွမ်းပင်းနယ်စားက စစ်ဘက်မှာ အရမ်းကိုအာဏာရှိပြီး နင့် ဖုဟွမ်ရဲ့ လူရုံတော်တစ်ယောက်ပဲ။ စစ်သူကြီးယန်က နန်းတွင်းတပ်ရဲ့တပ်မှုးတစ်ယောက် သူကလဲ နင့်ဖုဟွမ်ရဲ့ အယုံကြည်ရဆုံးသူပဲ။ စစ်တပ်ထဲက စစ်သူကြီးတွေက သူနဲ့အတူတူ ပူးပေါင်းနိုင်တယ်။ စစ်သူကြီးယန်နဲ့တူတဲ့ ဆင်တူတဲ့ရာထူးရှိတဲ့သူတစ်ယောက်ဆိုရင်တော့ ... "
"ရှင်းယန်ဝမ်နဲ့ ဖူယန်နယ်စားတို့ပဲ ကျန်တယ်" ဟွေ့အန်းကုန်းကျူးသည် ကျန်သည့်စကားကို မြန်မြန်ဝင်ပြောလိုက်တော့သည်။ "ဖူယန်နယ်စားက အဘွားတော်မိသားစုဝင်။ ဘွားတော်ကလဲ ကျောက်ယွိကို စတုတ္ထမင်းသားနဲ့ လက်ဆက်ပေးဖို့ အစောကြီးကတည်းက စီစဥ်ထားပြီးသား။ ဒီတော့ လုမိသားစုပဲ ကျန်ပြန်ရော ..."
သားအမိနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး တပြိုင်တည်း မျက်မှောင်ကြုတ်လိုက်ကြ၏။
ခဏအကြာတွင် ဟွေ့အန်းကုန်းကျူးက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့သည်။ "ကြင်ယာတော်တပါး ရွေးချယ်ရတဲ့ကိစ္စက အသေးအဖွဲကိစ္စ မဟုတ်ဘူး။ သေသေချာချာလေး စဥ်းစားမှရမယ်။ ဒုတိယမောင်တော်က ဖူးဟွမ်နဲ့အတူတူ အပြင်ထွက်သွားပြီး မြို့တော်ကို မကြာခင် ပြန်လာတော့မှာ။ ဒုတိယမောင်တော် ပြန်လာတဲ့အချိန်ကျရင် သူ့သဘောထားကို မေးကြည့်လိုက်ပေါ့။ အဲဒီ့အချိန်ကြမှ ဆုံးဖြတ်ချက်ချလဲ မနောက်ကျပါဘူး"
ဒါပဲရှိတော့တာပဲလေ။
ချောင်မိဖုရားခေါင်ကလဲ ညင်ညင်သာသာ ခေါင်းညိမ့်လိုက်လေတော့သည်။
ဒီအချိန်တွင် တံခါးခေါက်သံကို အကြိမ်အနည်းငယ် ကြားလိုက်ရပြီး ချိုင်လန်၏ တရိုတသေအသံက ထွက်ပေါ်လာ၏။ "မိဖုရားခေါင်မယ်မယ်ကို လျှောက်တင်ပါတယ်။ ကျောင်းရုံမယ်မယ်က အသက်ရှူရခက်ခဲပြီး ရင်ဘတ်အောင့်နေတယ်။ ခေါင်းကိုက်နေတယ်လို့ ခံစားရပြီး ငြီးငြူနေပါတယ်။ တော်ဝင်သမားတော်ကို ကြည့်ရှုပေးဖို့ တောင်းဆိုချင်နေပါတယ်"
မိဖုရားငယ်များသည် တော်ဝင်သမားတော်ကို ဆန္ဒအလျောက် ခေါ်ယူခွင့် မရှိချေ။ မိဖုရားခေါင်၏အမိန့်ဖြင့်သာ ခေါ်ယူရလေသည်။
ဟုတ်ပါသည်။ မျက်နှာသာပေးခံနေရသည့် မုန့်ကွေးဖေးကတော့ ချွင်းချက်ပင်။
ချောင်မိဖုရားခေါင်၏ မျက်လုံးများသည် အထင်သေးသွားသည့် အမူအယာ ဖျတ်ခနဲလင်းလက်သွားပြီး သူမက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ "ဒီနန်းဆောင်ရဲ့စကားကို လက်ဆင့်ကမ်းလိုက် တော်ဝင်ဆေးပေးခန်းဌာနက သမားတော်တစ်ပါးကို ယိယွားနန်ဆောင်ကို သွားပြီး စူးကျောင်းရုံကို သွားကြည့်ရှုပေးဖို့ စေလွှတ်ခိုင်းလိုက်"
သူမသည် နာမည်ကြီးမိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်ပြီး စူးကျောင်းရုံ၏ အားနည်းချိနဲ့ကာ ငိုယိုနေပုံကို အထင်သေးသည်ဖြစ်ရာ ထိုအခြေအနေကို ကြားရလျှင် ခေါင်းကိုက်စရာပင်။
ကချေသည်က ကချေသည်ပါပဲ။ စင်ပေါ်မှာတောင် မရပ်နိုင်တဲ့ နိမ့်ပါးတဲ့ နောက်ခံတစ်ခုကလာတာ။ လုမင်ယွိလို သာမန်လူလေးတစ်ယောက်ကတောင် သူ့ကို ထိတ်လန့်တကြား ထွက်ပြေးသွားအောင် လုပ်နိုင်တာ။ နောက်ပြီး တော်ဝင်သမားတော်ကို လာကြည့်ရှုပေးပါလို့တောင်မှ တောင်းဆိုနေသေးတယ်တဲ့လေ။
သည်အချိန်တွင် ချောင်မိဖုရားခေါင်သည် သူမကိုယ်တိုင်က လုမင်ယွိကြောင့် စိတ်ဆိုးဒေါသထွက်နေရသည်ကို လုံးဝ မေ့လျော့သွားတော့သည်။
...