← Chapters

အစ်မကြီး

Vol. 2 Ch. 19

အစ်မကြီး

Vol. 2 Ch. 19

မမှောင်ခင်မှာပင် လုမင်ဖန်းတို့ သားအမိသုံးယောက်သည် လုအိမ်တော်သို့ ရောက်ရှိလာခဲ့ကြ၏။

အသက်၂၃နှစ်အရွယ် လုမင်ဖန်းသည် နူးညံ့သိမ့်မွေ့ပြီး လှပလေသည်။ ရှည်လျားသည့်ဆံနွယ်များကို စုစည်းကာ ထုံးဖွဲ့ထားပြီး ဆံထုံးပေါ်တွင် ရွှေဆံထိုးလေးတစ်ခု ထိုးထားကာ နားတွင်တော့ နူးညံ့သည့် ခရမ်းနုရောင်နားကပ်လေး ပန်ဆင်ထားပြီး ရိုးရှင်းသန့်စင်ကာ တည်ငြိမ်သော အလှတရားတစ်ခုကို ဆောင်ကြဥ်းထားလေသည်။

"ရှောင်ယွိ" လုမင်ဖန်းက အပြုံးဖြင့်လှမ်းခေါ်ကာ နှုတ်ဆက်လိုက်၏။

ယခင်ဘဝတုန်းက သူမနှင့်လီဟောက်တို့ အချင်းချင်း သဘောထားကွဲလွဲကြသည့်အချိန်တိုင်း သူမသည် ကျောင်းဖန်နန်းဆောင်တွင်သာ တစ်ယောက်တည်း အထီးကျန်စွာနေခဲ့ရသည်။ အာ့ကောနှင့် လျို့တိတို့သည် ယောက်ျားများဖြစ်ကြသဖြင့် အနောက်ဘက်နန်းဆောင်သို့ဝင်ဖို့ရန် မသင့်လျော်ချေ။ စန်းကျဲကလဲ ကျိုးမိသားစု၏အိမ်ထဲတွင် အကျယ်ချုပ်ခံနေခဲ့ရသည်။

သာ့ကျဲ လုမင်ဖန်းနှင့် ဝူမေ့(ညီမလေး ၅) လုမင်ယွဲ့တို့ကသာ နန်းတော်ထဲတွင် သူမကို မကြာခဏ လာတွေ့ကြသူများဖြစ်သည်။

လုမင်ဖန်း၏ခင်ပွန်းဖြစ်သူသည် တည်ကြည်ကာ စဥ်းစားဆင်ခြင်ဉာဏ်ရှိသူတစ်ဦးဖြစ်ပြီး လုမိဖရားခေါင်ဖြစ်သည့် သူမကို အမြဲတမ်းဘေးမှနေ၍ ထောက်ပံ့ပေးခဲ့သည်။

ကံဆိုးချင်တော့ လူကောင်းများသည် အသက်မရှည်ကြချေ။ ခင်ပွန်းဖြစ်သူက သူပုန်များကို နှိမ်နင်းရင်း မမျှော်လင့်ဘဲ သေဆုံးသွားသောအခါ လုမင်ဖန်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမတစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ဆံပင်များကလဲ အသက်၃၀မတိုင်ခင်မှာပင် ဖြူဖွေးသွားခဲ့တော့၏။

သို့သော်ငြား ယခု သူမရှေ့တွင်ရှိနေသည့် လုမင်ဖန်းကတော့ ကျီးကန်းတောင်ပံကဲ့သို့ နက်မှောင်သောဆံနွယ်၊ တောက်ပသောမျက်ဝန်းများနှင့် နှုတ်ခမ်းထက်မှအပြုံးတို့သည် နုနယ်လှပစွာဖြင့် ရှိနေလေသည်။

လုမင်ယွိ၏မျက်လုံးများသည် ရုတ်တရက်ဆိုသလို ပူနွေးလာပြီး အနည်းငယ်နီရဲသွားတော့၏။ "သာ့ကျဲ"

လုမင်းဖန်က နှုတ်ခမ်းကို ကွေးထားကာ ပြုံးလိုက်ပြီး ရှေ့သို့တစ်လှမ်းလှမ်းလိုက်ရင်း လုမင်ယွိကို ပွေ့ဖက်ထားလိုက်၏။ "ငါတို့တွေ မတွေ့ရတာ လဝက်လောက်ရှိသွားပြီ။ အရမ်းကို ခံ့ညားချောမောတဲ့ လုရှောင်ယွိက တွေ့တဲ့အချိန်တိုင်း မျက်ရည်လေးသုတ်ပြီး ငိုနေတုန်းပါလား"

လုမင်ယွိသည် စနောက်ခံလိုက်ရသဖြင့် အသံထွက်ကာ ရယ်မောလိုက်ကာ သူမ၏ခေါင်းကို အစ်မအကြီးဆုံး၏ရင်ခွင်ထဲတွင် မှီထားလိုက်ပြီး ချွဲနွဲ့စွာဖြင့် ပွတ်သပ်လိုက်တော့၏။

သူမသည် ကလေးဘဝကတည်းက မိခင်အရင်းကို ဆုံးရှုံးခဲ့ရသည်။ သူမအသက် သုံးနှစ်အရွယ်တွင် အသက်၁၁နှစ်အရွယ်ရှိပြီဖြစ်သည့် လုမင်ဖန်းသည် လုအိမ်တော်သို့ ရောက်ရှိလာခဲ့၏။ သူမက တနေ့လုံး.အစ်မအကြီးဆုံးနောက်သို့ တကောက်ကောက် လိုက်သွားတတ်ကာ အစ်မကြီးကလဲ သူမအပေါ် အလွန်ညင်သာသိမ့်မွေ့ပြီး စိတ်ရှည်လေသည်။ အစ်မကြီး အမိအရာ ဟူသည့်စကားကလဲ လုံးဝမမှားခဲ့ချေ။

လုမင်ဖန်းသည် အသက်၁၅နှစ်အရွယ်တွင် အိမ်ထောင်ပြုဖို့ရန် ဆုံးဖြတ်ခဲ့ပြီး အိမ်ထောင်ပြုဖို့ရန်အတွက် သုံးနှစ်လောက် အချိန်ယူလိုက်ရသည်။ အကြောင်းအရင်းကလဲ သူမက လုမင်ဖန်းကို ခွဲခွာရမည့်အဖြစ်အား မုန်းတီးနေသောကြောင့်ပင်။

လက်ထပ်ပြီးသွားသည့်တိုင် လုမင်ဖန်းသည် မကြာခဏဆိုသလို မိဘအိမ်သို့ ပြန်လာတတ်၏။ လုမင်ယွိနှင့် အစ်မအကြီးဆုံးတို့သည် နက်ရှိုင်းသည့် ဆက်ဆံရေးတစ်ခုရှိထားကာ အလွန်လည်းရင်းနှီးခဲ့ကြသည်။

"စစ်ယီ (စတုတ္ထဒေါ်လေး)" လေးနှစ်အရွယ် ကျန်းသာ့ပေါင်၏ခေါင်းလေးသည် တောင့်တင်းသန်မာကာ ချစ်စဖွယ်လေးဖြစ်နေပြီး သူ့အသံလေးကတော့ အလွန်ကျယ်လောင်လှသည်။

လုမင်ယွိက အပြုံးဖြင့် ပြန်ထူးလိုက်ပြီး သူမက လက်ကို ဆန့်လိုက်ချိန်တွင် ကျန်းသာ့ပေါင်ကလဲ မျောက်လေးတစ်ကောင်လို သူမ၏ရင်ခွင်ထဲသို့ ခုန်ဝင်လာခဲ့၏။

အသက်၂နှစ်အရွယ် ကျန်းရှောင်းပေါင်ကလဲ အကျောမခံဘဲ လုမင်ယွိ၏ရင်ခွင်ထဲသို့ တိုးဝှေ့လာကာ "စစ်ယီ" ဟုအော်ဟစ်ကာ မပီမသလေးဖြစ်နေပြီး သွားကမစုံသေးသဖြင့် "ရှီယီ"ဟု ထွက်နေလေတော့သည်။

လုမင်ယွိက အနည်းငယ် ကိုယ်ကိုကိုင်းလိုက်ပြီး သူမ၏ကျန်သည့်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ကျန်းရှောင်းပေါင်ကို သူမ၏ရင်ခွင်ထဲတွင် အလွယ်တကူ ပွေ့ဖက်ထားလိုက်တော့သည်။

လုမင်ဖန်းက သူမ၏ အဆော့သန်လှသည့် သားနှစ်ယောက်ကို ရယ်မောလေတော့သည်။ "နင်တို့ရဲ့စစ်ယီကို ဒုက္ခမပေးကြပါနဲ့။ မြန်မြန်ဆင်းလာတော့"

"မဆင်းဘူး!" ကျန်းသာ့ပေါင်က အကျယ်ကြီးအော်ကာပြောလိုက်သည်။ "သားက စစ်ယီကိုပဲ ချီခိုင်းမှာ"

ကျန်းရှောင်းပေါင်သည်လည်း စကားများများ မပြောသော်ငြား သူ၏ဆုံးဖြတ်ချက်ကို အမူအယာဖြင့် ပြသလို့နေသည်။ ပြည့်ဖောင်းဖောင်း လက်ကလေးနှစ်ဖက်ဖြင့် လုမင်ယွိ၏လက်မောင်းကို တင်းကြပ်နေအောင် ဖက်ထားပြီး ဝတုတ်တုတ်မျက်နှာလေးကို လုမင်ယွိ၏ပုခုံးပေါ်တွင် တင်ထားလေသည်။

"စိတ်မပူပါနဲ့ သာ့ကျဲ။ ငါ သူတို့ကို ချီနိုင်ပါတယ်" လုမင်ယွိသည် တည်ငြိမ်စွာဖြင့် ပြောလိုက်ပြီး သူမ၏မျက်နှာကလဲ ပုံမှန်အတိုင်းဖြစ်နေကာ နှလုံးခုန်သံကလဲ မမြန်လှချေ။

လုမင်ဖန်းမှာ မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားတော့၏။

ကိစ္စမရှိပါဘူးလေ။ စစ်မေ့က သဘာဝလွန်ခွန်အားနဲ့ မွေးဖွားလာခဲ့တဲ့သူပဲ။ အဆော့သန်တဲ့ မျောက်လေးနှစ်ကောင်ကို ချီထားရတာလဲ ပြဿနာ မဟုတ်လောက်ပါဘူး။

ထို့နောက်တွင်တော့ လုမင်ယွိသည် သာ့ပေါင်နှင့် ရှောင်းပေါင်တို့ ညီအစ်ကိုနှစ်ယောက်ကို လေထဲသို့ မြှောက်တင်လိုက်လေသည်။ ကျန်းသာ့ပေါင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာပြောလိုက်၏။ "စစ်ယီ နည်းနည်းလောက် မြင့်မြင့်လေး မြှောက်ပေးပါအုံး"

စစ်ယီက အရမ်းသန်မာတယ်လေ။ သူ့ကို အပေါ်ကိုမြှောက်တင်ပြီးရင်လည်း မြဲနေအောင်ပြန်ဖမ်းပေးနိုင်တယ်။

ကျန်းရှောင်းပေါင်ကလဲ လိုချင်အားကြီးသည့် ရုပ်ကလေးဖြစ်သွားကာ ပူဆာလေတော့သည်။ "သားလဲလုပ်ချင်တယ်!"

လုမင်ယွိက သူမ၏မျက်ခုံးများကို ပင့်တင်ထားလိုက်ကာ ပြုံးပြလိုက်သည်။ "ဟုတ်ပြီ။ မကြောက်ကြနဲ့နော်" သူမသည် ကျန်းရှောင်းပေါင်ကိုလဲ အပေါ်သို့ မြှောက်တင်ပေးလိုက်၏။ ညီအစ်ကိုနှစ်ယောက်မှာ အော်ဟစ်နေကြရာ သူတို့သည် မည်မျှပျော်ရွှင်နေသည်ကိုတော့ ပြောရန်ပင်မလိုချေ။

သိပ်မကြာခင်တွင် လုမင်ဟွားနှင့် တခြားသူများကလဲ ရောက်လာကြသည်။

လုမင်ယွဲ့က ရွှင်လန်းတက်ကြွစွာ ရယ်မောပြီး လုရွှမ်းကလဲ အားနည်းသူတော့ မဟုတ်ချေ။ ထို့အပြင် အဆော့သန်ကြသည့် ကျန်းသာ့ပေါင်နှင့် ကျန်းရှောင်းပေါင်တို့နှင့် ပေါင်းလိုက်သောအခါ အတွင်းခန်မကြီး သည် အမိုးပွင့်တော့မတတ် ဆူညံပွက်လောရိုက်သွားလေတော့သည်။

လုမင်ယွိ၏ မျက်ခုံးနှင့်မျက်လုံးများမှာ နူးညံ့ပျော့ပျောင်းနေပြီး သူမ၏ နှုတ်ခမ်းပေါ်တွင်လည်း အပြုံးပန်းတို့ ဝေဆာလျက်ရှိ၏။

ဒီဘဝမှာတော့ အရာအားလုံးကို ပြန်စလို့ရပြီ။

ဘယ်သူကမှ ဒီအေးချမ်းပြီး လှပတဲ့အရာလေးတွေကို ဖျက်ဆီးရဲမှာ မဟုတ်ဘူး။

...

ညစာစားပြီးသွားသောအခါ ညီအစ်ကိုနှစ်ယောက်ကို နို့ထိန်းမေမေက ရေချိုးပေးရန် ခေါ်သွားတော့သည်။

လုမင်ဖန်းသည် နောက်ဆုံးတော့ အားလပ်ချိန်လေးရရှိလာပြီး လုမင်ယွိ၏မျက်နှာချင်းဆိုင်တွင် ထိုင်ကာစကားစလာသည်။ "နင်ပြီးခဲ့တဲ့ရက်တွေတုန်းက ညသန်းခေါင်ကြီး အဖျားတက်လို့ဆို။ ငါ ပြန်လာချင်ခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ယောက္ခမကလဲ နေမကောင်းဖြစ်နေတော့ ငါလဲ ထွက်လာလို့ မရဘူးလေ"

ကျန်းကျုံးတို့ သားအဖနှစ်ယောက်စလုံးသည် လုလင်းနှင့်အတူ.စစ်တိုက်ထွက်သွားခဲ့ကြသည်။ ကျန်းသခင်မသည် အားနည်းပြီး အခါအားလျော်စွာ နေမကောင်းဖြစ်တတ်လေသည်။ ချွေးမဖြစ်သူ လုမင်ဖန်းက သူမ၏ နာမကျန်းဖြစ်နေသည့် ယောက္ခမထံမှ ထွက်ခွာလာလို့မရနိုင်ပေ။

လုမင်ယွိကလဲ ပြုံးကာ ပြောလိုက်၏။ "ညသန်းခေါင်ကြီး အိမ်မက်ဆိုးမက်တာပါ။ နောက်နေ့ကျတော့ နေကောင်းသွားပြီး နွားတစ်ကောင်လို သန်မာနေတာပဲလေ။ သာ့ကျဲ ငါ့အတွက် စိတ်ပူဖို့မလိုပါဘူး"

လုမင်ဖန်းက လုမင်ယွိကို သေသေချာချာလေး အကဲခတ်ကြည့်လိုက်ပြီးမှ အပြုံးဖြင့်ပြောလိုက်၏။ "နင့်ရဲ့ရုပ်ရည်က အရမ်းကို သာယာနေတာကို တွေ့ရတော့ ငါလဲ စိတ်အေးသွားပါပြီ" ခဏလောက် တုံ့ဆိုင်းသွားပြီးမှ သူမက ညင်ညင်သာသာလေး မေးလာခဲ့သည်။ "ဒီနေ့ နန်းတော်ထဲဝင်တာ ဘယ်လိုလဲ"

လုမင်ယွိကတော့ ပုံမှန်အတိုင်းပြန်ဖြေလိုက်သည်။ "ဪ အားလုံးအဆင်ပြေပါတယ်"

လုမင်ဖန်းက တစ်ချက်လောက် လှမ်းကြည့်လာကာ အသေအချာပြောလိုက်၏။ "တကယ် တစ်ခုခုဖြစ်ခဲ့တာပဲ"

လုမင်ယွိ "..."

လုမင်ယွိက မိမိကိုယ်ကိုခုခံဖို့ မကြိုးစားရသေးခင်မှာပင် လုမင်ဖန်းက ထပ်ပြောလာခဲ့သည်။ "ရှောင်ယွိ နင့်ကို ငါကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့တာပါ။ နင့်ရဲ့စိတ်နေစိတ်ထားကို ငါ့ထက် ဘယ်သူမှ ပိုမသိပါဘူး။ ဘာပဲရှိရှိ ငါ့ကို ဖုံးကွယ်မထားပါနဲ့"

လုမင်ယွိနှင့် လုမင်ဖန်းတို့သည် အခိုက်အတန့် အပြန်အလှန် ကြည့်လိုက်ကြပြီး နောက်ဆုံးတော့ သူမသည် အရှုံးပေးလိုက်ရလေတော့သည်။ "သာ့ကျဲက ဒီအကြောင်းကို ကြားပြီးသွားပြီဆိုမှတော့ ငါလဲ သာ့ကျဲကို ဒီကိစ္စ ဖုံးကွယ်မထားတော့ပါဘူး။ တကယ်ပဲ ကိစ္စသေးသေးလေးတစ်ခု ဖြစ်သွားခဲ့ပါတယ်"

ထို့နောက်တွင်တော့ နန်းတွင်းပွဲတော်ထဲတွင် ဖြစ်သွားခဲ့သည့်အကြောင်းအရာကို ပေါ့ပေါ့ပါးပါး ပြောပြလိုက်လေတော့သည်။

လုမင်ဖန်းမှာ နားထောင်ရင်း မျက်လုံးများ ပြူးကျယ်လာပြီး သူမ၏မျက်ဝန်းထဲက အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများမှာ ပိုလို့ပင် ပြင်းထန်လာတော့သည်။ သူမသည် စိတ်ရှည်လက်ရှည် နားထောင်ပြီးနောက်တွင် မေးလာခဲ့၏။ "ရှောင်ယွိ နင် ဘာဖြစ်လို့ဒီလိုလုပ်တာလဲ။ နင် တတိယမင်းသားကို လက်မထပ်ချင်လို့လား"

လုမင်ယွိက ခေါင်းညိမ့်ပြလိုက်ပြီး သူမ ရှန့်လန်ကိုပြောခဲ့သည့် အကြောင်းအရာကို ထပ်မံပြောပြလိုက်တော့သည်။

လုမင်ဖန်းက မျက်မှောင်ကြုတ်ကာ လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ "နင် ဒီလိုတွေးတာ အရမ်းတစ်ဖက်သတ်ဆန်ပြီး စိတ်လိုက်မာန်ပါ လုပ်ရာကျတယ်။ နောက်ပိုင်း ဖြစ်လာနိုင်တဲ့အရာတွေကြောင့် ကိုယ်ချစ်ရတဲ့သူကို လက်လွှတ်လို့ မဖြစ်ဘူးလေ!"

လီဟောက်က မင်းသားတစ်ပါး။ အရပ်မြင့်မြင့် ချောမောခံညားတဲ့သူ။ စိတ်နေစိတ်ထားသန်မာပြီး စစ်ဖက်ရော အရပ်ဘက်မှာပါ ကျွမ်းကျင်လိမ်မာတဲ့သူ။ လီဟောက်ကို လက်လွှတ်လိုက်ရင် ဒီလိုခင်ပွန်းတယောက်ကို ဘယ်မှာသွားရှာမှာလဲ။

လုမင်ဖန်းသည် ထိုအကြောင်းကို စဥ်းစားလေလေ ပိုပြီးနှမြောမိလာလေလေပင်။

လုမင်ယွိက ပြောလိုက်၏။ "ငါ ဆုံးဖြတ်ပြီးသွားပြီ!"

လုမင်ဖန်းမှာ စကားမပြောနိုင်တော့ဘဲ လုမင်ယွိကို ခဏလောက် ကြည့်လိုက်ပြီးနောက် သူမစိတ်ကို မြန်မြန်ပြောင်းလဲလိုက်လေသည်။ "နင် ပြောတာလဲ မှန်ပါတယ်။ မြို့တော်မှာ သားကောင်းတွေ အများကြီးပါပဲ။ နင် ချွေးမတစ်ယောက်အနေနဲ့ တော်ဝင်မိသားစုတွင်း လက်ထပ်ဝင်သွားတဲ့အခါ နေရာတိုင်းမှာ ထိန်းချုပ်နေရအုံးမယ်။ နင့်ရဲ့စိတ်နေစိတ်ထားနဲ့ဆိုရင် တကယ်တော့လည်း မသင့်တော်လှပါဘူး"

"ဘာပဲဖြစ်ဖြစ်လေ နင်လဲ ငယ်ပါသေးတယ်။ အိမ်ထောင်ရေးကိစ္စမစဥ်းစားခင် နောက်ထပ်နှစ်နှစ်လောက် စောင့်ဆိုင်းလိုက်တာကလဲ သိပ်မနောက်ကျပါဘူး"

ဒါသည် သူမအချစ်ရဆုံးသော အစ်မကြီး ဖြစ်လေသည်။

သူမက ဘာကိုပဲလုပ်လုပ် လုမင်ဖန်းကတော့ သူမ၏ဘေးတွင် မယိမ်းမယိုင်ဘဲ ရပ်တည်ပေးပေလိမ့်မည်။

လုမင်ယွိ၏ရင်ထဲတွင် နွေးထွေးမှုများအပြည့် ဖြစ်သွားတော့၏။ ကလေးတစ်ယောက်လို သူမ၏ခေါင်းကို လုမင်ဖန်း၏လည်ပင်းပေါ်တွင် မှီထားလိုက်ကာ ခပ်တိုးတိုးလေး သက်ပြင်းချပြီးခေါ်လိုက်၏။ "သာ့ကျဲ"

လုမင်ဖန်းကပြုံးကာ ခပ်တိုးတိုးလေးပြန်ထူးလိုက်သည်။

လုမင်ယွိက တိုးတိုးလေးပြောလာခဲ့၏။ "ဒီအတိုင်းခေါ်ချင်လို့ပါ"

သာ့ကျဲရဲ့ လင်းဖြာနေတဲ့မျက်နှာလေးကိုမြင်ရတာ အရမ်းကောင်းတာပဲ။

လုမင်ဖန်းက အသံထွက်ကာ ရယ်မောလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ လုမင်ယွိ၏ဆံနွယ်လေးများကို ပွတ်သပ်ပေးလိုက်တော့သည်။"နင်က ကလေးလေး ကျနေတာပဲ။ နင် ဘယ်တော့မှ ကြီးပြင်းလာမလဲဆိုတာ တကယ်မသိတော့ဘူး"

လုမင်ယွိသည် အနည်းငယ်ဝမ်းနည်းလာသလို ခံစားလိုက်ရ၏။

ဟင့်အင်း။ သူမ ကြီးပြင်းလာခဲ့ပြီးပါပြီ။

သူမရဲ့ ရိုးသားဖြောင့်မတ်မှုတွေက ရိုးသားမှုတွေနဲ့ တုံ့ပြန်မခံရဘဲ မှောင်မိုက်နေတဲ့တွက်ချက်မှုတွေနဲ့ လိမ်ညာခံခဲ့ရတယ်။

သူမရဲ့ အူလှိုက်သည်းလှိုက်အချစ် ဆိုတာကလဲ ဆံပင်ဖြူသွားတဲ့အထိ အတူပေါင်းဖက်ရခြင်းမျိုးမဟုတ်ဘဲ ဧကရာဇ်တစ်ပါးရဲ့ ချိန်ခွင်လျှာတစ်ခုပဲ ဖြစ်ခဲ့တယ်။

လုမင်ဖန်းသည် သူမ၏ပုခုံးပေါ်တွင် အနည်းငယ်စိုစွတ်မှုကို ခံစားလိုက်ရပြီး သနားခြင်း နာကျင်ခြင်းနှစ်မျိုးစလုံးကို တပြိုင်တည်း ခံစားလိုက်ရလေသည်။ သူမသည် ဘာသံသယမှမဖြစ်မိဘဲ လုမင်ယွိက သူမ လက်လျှော့ခဲ့ရသည့် ဖူးသစ်စချစ်ခြင်းမေတ္တာလေးအတွက် ငိုကြွေးနေသည်ဟုသာ ထင်မှတ်လိုက်လေသည်။

လုမင်ဖန်းသည် ဘာမှမပြောတော့ဘဲ သူမကို တိတ်ဆိတ်စွာ အဖော်လုပ်ပေးရင်း လုမင်ယွိကို အသံတိတ် နှစ်သိမ့်ပေးလိုက်တော့၏။

...

All Chapters