ပြန်လာခြင်း
Vol. 2 Ch. 20
လုမင်ဖန်းတို့ သားအမိသုံးယောက်သည် ထိုနေ့ကစပြီး လုအိမ်တော်တွင် ရက်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။ ကျန်းသခင်မကလဲ ချွေးမဖြစ်သူအပေါ် စည်းကမ်းတင်းကြပ်ခြင်းမရှိဘဲ အစေခံများမှတဆင့် သူတို့အားလုံးအတွက် အစားအစာများကိုပင် ပို့ပေးခဲ့သည်။
လုမင်ဟွားက ခပ်တိုးတိုး ပြုံးရယ်လိုက်၏။ "ဒီလောက်စေတနာကောင်းပြီး ရက်ရောတဲ့ယောက္ခမကို ပိုင်ဆိုင်ထားတော့ သာ့ကျဲက တကယ်ကံကောင်းတာပဲ"
လုမင်ဖန်းက သူမ၏နှုတ်ခမ်းကို ကွေးညွှတ်ထားကာ ပြုံးလိုက်ပြီး တိုးတိုးလေးပြန်ပြောလိုက်၏။ "ကိုယ့်ထက်နိမ့်တဲ့သူကို လက်ထပ်ရတဲ့အခါလဲ ကောင်းတဲ့အချက်လေးတော့ရှိပါတယ်"
လုမင်ဖန်းသည် မွေးစားသမီးတစ်ယောက် ဖြစ်သော်ငြားလည်း ရှင်းယန်ဝမ်၏ အလွန်ချစ်မြတ်နိုးရသည့် သမီးတစ်ယောက် ဖြစ်ခဲ့လေသည်။ ရှင်းယန်ဝမ်က သူ၏မွေးစားသမီးအတွက် သမက်တစ်ယောက်ရွေးချယ်ရာတွင် တော်တော်လေးကို ဂရုတစိုက်ရှိလှသည်။
သူမ၏ယောက္ခထီးသည် ရှင်းယန်ဝမ်၏လက်အောက်က သာမန်စစ်သူကြီးတစ်ယောက်ဖြစ်၏။ ကျန်းကျုံးသည် ကလေးဘဝကတည်းက စစ်စခန်းထဲတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူသည် ချောမောခံ့ညားကာ ရဲရင့်ပြီး ရှင်းယန်ဝမ်၏ မျက်စိကျခြင်းခံခဲ့ရ၏။ ဤအိမ်ထောင်ရေးသည် ကျန်းမိသားစုအတွက်တော့ အမြင့်ကိုတက်လှမ်းရခြင်းပင်။
လုမင်ဖန်းသည် အိန္ဒြေသိက္ခာအပြည့် လှပသူဖြစ်ပြီး သူမ၏ခင်ပွန်း ကျန်းကျုံးနှင့်လည်း ချစ်ခင်စုံမက်ကြသည်။ အိမ်ထောင်ကျပြီးနောက်တွင် သားနှစ်ယောက်ကို တစ်ယောက်ပြီးတစ်ယောက် မွေးဖွားပေးခဲ့၏။
ကျန်းသခင်မကလဲ တုံးအသူတစ်ယောက်တော့ လုံးဝမဟုတ်ချေ။ သူမ၏ချွေးမဖြစ်သူသည် မိဘအိမ်သို့ မကြာခဏပြန်တတ်ပြီး သူမသည် လုမင်ယွိနှင့်လည်း နက်ရှိုင်းသည့် ဆက်ဆံရေးတစ်ခုရှိကာ ထိုအချက်ကပင် ကျန်းမိသားစုအတွက် ကောင်းသည့်အရာတစ်ခုပင်။ သူမသည် မြေးနှစ်ယောက်က လုအိမ်တော်တွင်နေထိုင်သည်ကိုပင် လိုလားခဲ့လေသည်။
လုမင်ဟွားသည် "နိမ့်ကျသည့်လက်ထပ်ရေး"ဟု ကြားလိုက်ရသောအခါ သူမသည် ဘာကိုတွေးမိသည်မသိဘဲ သူမ၏ပါးပြင်များမှာ တိုးတိုးတိတ်တိတ် နီမြန်းသွားလေတော့သည်။
လုမင်ဖန်းက အသံထွက်ကာ ရယ်မောလိုက်ပြီး လုမင်ဟွားကို စနောက်ကျီစယ်တော့၏။ "တကယ်လို့ ငါတို့ ယိဖု(မွေးစားအဖေ)ပြန်လာရင် သူက နင့်အတွက် ခင်ပွန်းကောင်းတစ်ယောက်ကို သေချာပေါက်ရှာပေးမှာပါ"
လုမင်ဟွားက မျက်နှာများနီရဲသွားကာ အတန်ကြာမှပြန်ဖြေလာခဲ့၏။ "ကျွန်မက စာပေပညာရှင်တွေကို သဘောကျတာ"
လုမင်ဖန်းသည် ပြုံးလိုက်ကာ လုမင်ယွိကို လှမ်းပြောလိုက်၏။ "စန်းမေ့(ညီမလေး၃)ကို ကြည့်လိုက်ပါအုံး။ သူက စစ်သူကြီးကတော်တစ်ယောက် မလုပ်ချင်ဘူးတဲ့။ ထန်ဟွား(နုနှယ်တဲ့ပညာရှင်)သခင်မပဲ လုပ်ချင်တာတဲ့"
ထန်ဟွားသခင်မဟူသည့်ဘွဲ့အမည်သည် လုမင်ဟွားကို ရှက်သွေးဖြာသွားစေတော့၏။
လုမင်ဟွား၏အရင်ဘဝတွင် အရည်အချင်းရှိ ကျင့်ရှီသစ်လေးဖြစ်သည့် ကျိုးလီနှင့် လက်ထပ်ခဲ့ကာ ကျိုးအိမ်တော်တည်းဟူသည့် မီးတွင်းထဲကို ခုန်ချခဲ့ရသည်။
လုမင်ယွိ၏ မျက်လုံးများမှာ မသိမသာ လင်းလက်သွားပြီး သူမက တည်တည်ငြိမ်ငြိမ် စကားစပြောလိုက်၏။ "ဒါက စန်းကျဲရဲ့ ဘဝတစ်လျှောက်လုံးအတွက် ကိစ္စဆိုတော့ မျက်လုံးဖွင့်ပြီး သေသေချာချာလေး ရွေးချယ်ရမှာပေါ့။ ထန်ဟွား ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးပါဘူး။ အရေးကြီးတာက စိတ်ထားကောင်းပြီး ဖြူစင်တဲ့သူဖြစ်ဖို့ပဲ"
လုမင်ဟွားကလဲ ခပ်တိုးတိုးလေး ထောက်ခံလိုက်သည်။
ကျန်းသာ့ပေါင်နှင့် ကျန်းရှောင်းပေါင်တို့ ညီအစ်ကိုနှစ်ယောက်သည် နှစ်ပတ်လောက် ပတ်ပြေးပြီးသွားသောအခါ သိပ်မကြာခင်တွင် လုမင်ယွိထံသို့ ပြေးဝင်လာကြ၏။ စကားပီပီသသ ပြောတတ်နေပြီဖြစ်သည့် ကျန်းသာ့ပေါင်က တောင်းဆိုလေတော့သည်။ "စစ်ယီ သား ငှက်ပစ်ချင်တယ်"
လုမင်ယွိက မျက်ခုံးများကို ပင့်ထားလိုက်ပြီး ပြုံးကာပြောလိုက်၏။ "ကောင်းပြီလေ။ စစ်ယီက မင်းတို့ကို ဥယျာဥ်ထဲခေါ်သွားပေးမယ်"
လုမင်ယွဲ့နှင့်လုရွှမ်းတို့ကလဲ ဘာမှလုပ်စရာမရှိသည့်အတွက် ပျော်ရွှင်စရာကိစ္စလေးကို ဝင်ပါလာကြကာ ဥယျာဥ်ထဲသို့ အတူတူသွားကြလေသည်။
...
ရှင်းယန်အိမ်တော်သည် ယခင်မင်းဆက်က ထင်ရှားသောမိသားစု၏နေအိမ် ဖြစ်ခဲ့သည်။ ယုံးကျားဧကရာဇ်သည် စစ်တပ်ကိုထူထောင်ပြီး မိမိကိုယ်တိုင် ရပ်တည်ခဲ့သော်ငြားလည်း ထိုထင်ရှားသောမိသားစုက နာခံရန်ငြင်းဆန်ခဲ့သည့်အတွက် သူတို့၏မျိုးဆက်၉ဆက်လုံးကို ရှင်းလင်းဖျက်ဆီးခဲ့လေသည်။
လုလင်းက သူ၏တပ်ကြီးကို ဦးဆောင်ကာ သာ့ဝေတိုင်းပြည်သို့ သစ္စာခံခဲ့သဖြင့် ယုံးကျားဧကရာဇ်ကို ပိုပြီးအင်အားကြီးမားလာစေခဲ့သည်။ ယုံးကျားဧကရာဇ်သည် အလွန်ဝမ်းမြောက်ကာ ရှင်းယန်ဝမ်ဘွဲ့ကို ချီးမြှင့်ပေးခဲ့သည်။ အလွန်ကျယ်ဝန်းလှသည့် အိမ်တော်ကြီးတစ်ခုကို သူ့အား ချီးမြင့်ပေးခဲ့သည်။
လုလင်းသည် တနေ့ကုန် ခံစစ်တန်းလျားထဲတွင် နေထိုင်ကာ မိသားစုမျိုးဆက်ဆက်ခံဖို့ မဆိုထားနှင့် သူ၏ဘေးတွင် ကိုယ်လုပ်တော်လေးတစ်ယောက်ပင် မရှိချေ။ လုမင်ယွိက ဤကြီးမားလှသည့် ရှင်းယန်အိမ်တော်၏ အိမ်တွင်းရေးကိစ္စများကို တာဝန်ယူခဲ့ရသည်။
လုမင်ယွိသည် အိမ်တော်အတွင်းရှိ ရေကန်များကို မြေဖို့ခဲ့ပြီး ဥယျာဥ်၏အစိတ်အပိုင်းကိုလဲ ရှင်းလင်းခဲ့သည်။ ထို့ကြောင့်ပင် ရှင်းယန်အိမ်တော်၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်သည် ပြောင်ရှင်းကာ ကျယ်ဝန်းနေပြီး မြို့တော်အတွင်းတွင်လည်း ကျော်ကြားလှသည်။
သို့သော်ငြား ဤကဲ့သို့ပြုလုပ်ခဲ့သဖြင့် ဥယျာဥ်ကလဲ သိပ်ပြီးမကြီးမားတော့ချေ။ နာရီဝက်မပြည့်သေးခင်မှာပင် တပတ်ပတ်နိုင်လေသည်။ ထို့အပြင် ဥယျာဥ်ထဲတွင် ရှားပါးသစ်ပင်ပန်းမန်များမရှိဘဲ အများစုက သာမန်သစ်ပင်ပန်းမန်များသာ ဖြစ်၏။
ယခုအချိန်တွင် နွေဦးရာသီဖြစ်ရာ ပန်းများနှင့်သစ်ပင်များက အဖူးအငုံများ ထွက်နေပြီး မျက်စိတစ်ဆုံး စိမ်းလန်းစိုပြေနေကာ နွေဦးရာသီ ရောက်ရှိလာခြင်းကို ကြိုဆိုနေသကဲ့သို့ပင်။
အိမ်တော်ထိန်းလုကျားသည် စာကလေးလှောင်အိမ်နှစ်လုံးကို ကိုယ်တိုင်သယ်လာခဲ့လိုက်ပြီး သူက အေးဆေးတည်ငြိမ်စွာဖြင့် လှောင်အိမ်တံခါးကိုဖွင့်ကာ တစ်ကောင်ကို လွှတ်ပေးလိုက်၏။ စာကလေးသည် တောင်ပံခတ်ကာ လေထဲသို့ လျင်လျင်မြန်မြန် ပျံသန်းသွားတော့သည်။
ကျန်းသာ့ပေါင်က လက်ထဲက သစ်သားလေးငယ်လေးတစ်ခုဖြင့် မြှားတစ်စင်းကို မြန်မြန်ဆန်ဆန် ပစ်လွှတ်လိုက်၏။
မြှားသည် ယိမ်းထိုးကာ ပျံသန်းသွားပြီး မြေပြင်ပေါ်သို့ မြန်မြန်ပြန်ကျလာလေသည်။ စာကလေးငှက်လေး၏ အမွှေးတစ်ပင်လေးကိုပင် မြှားဖြင့် မထိမှန်ခဲ့ချေ။
လုမင်ယွိက လက်ကို အနည်းငယ် မြှောက်လိုက်သော်ငြားလည်း သူမ၏လက်ထဲက လေးကတော့ ဟန်ပြသက်သက်ဖြစ်ကာ သူမသည် လက်ထဲကမြှားကို ဒီအတိုင်းပစ်လွှတ်လိုက်တော့သည်။ မြှားက စာကလေးငှက်၏လည်ပင်းကို သွားရောက်ထိမှန်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ညီအစ်ကိုနှစ်ယောက်က အတူတူလက်ခုပ်တီးကာ အားပေးကြပြီး သူတို့၏မျက်နှာပေါ်တွင်လဲ စိတ်လှုပ်ရှားမှုများအပြည့် ဖြစ်နေတော့သည်။
လုကျားက ပြုံးလိုက်ကာ လှောင်အိမ်ထဲက စာကလေးငှက်များကို ဆက်တိုက်လွှတ်ပေးလိုက်လေသည်။ လုမင်ယွိ၏ မြှားကျည်တောက်ထဲက မြှားများသည် မိုးစက်များနှယ် လွင့်ပျံလာခဲ့၏။ မြှားလေးတစ်စင်းကမှ ပစ်မှတ်ကို လွဲချော်သွားခြင်းမရှိဘဲ အားလုံးကလဲ လည်ပင်းကိုသာ ထိမှန်သွားခဲ့သည်။
လုမင်ယွဲ့က ဝမ်းသာအားရဖြင့် တအံ့တသြ ပြောလိုက်သည်။ "စစ်ကျဲရဲ့မြှားပစ်စွမ်းရည်က ပိုပိုပြီးအစွမ်းထက်လာတာပဲ"
လုရွှမ်းက ခေါင်းခါပြကာ ပြုံးပြီးပြောလိုက်တော့သည်။ "စစ်ကျဲက လေးကိုတောင် မသုံးပါဘူး။ သူက သာ့ပေါင်နဲ့ ရှောင်းပေါင်တို့ပျော်ဖို့ မြှားတစ်ချို့ကို ဒီအတိုင်းပဲ ပစ်လိုက်တာ"
လုမင်ဖန်းနှင့် လုမင်ဟွားတို့ကလဲ အားကျမှုအပြည့် ဖြစ်သွားတော့သည်။
"စစ်မေ့က မွေးကတည်းက နတ်အစွမ်းနဲ့ မွေးဖွားလာပြီး အံ့သြစရာကောင်းတဲ့ သိုင်းပညာအရည်အချင်းလဲ ပိုင်ဆိုင်ထားတဲ့သူ" လုမင်ဖန်းက တီးတိုးပြောလိုက်သည်။ "စစ်မေ့က ယောက်ျားလေး မဟုတ်တာ နှမြောစရာပဲ။ မဟုတ်ရင် သူက သာ့ဝေတိုင်းပြည်ရဲ့ နာမည်ကြီးစစ်သူကြီးတစ်ယောက် သေချာပေါက်ဖြစ်လာမှာ!"
အမျိုးသမီးများ စစ်တန်းလျားသို့ ဝင်ခွင့်မရှိဟူသည့်စည်းမျဥ်းသည် ယခင်မင်းဆက်များကတည်းက ရှိလာခဲ့ခြင်းဖြစ်သည်။
လုလင်းက သူ၏သမီးကို ကိုယ်တိုင်သိုင်းပညာသင်ကြားပေးခဲ့ပြီး ငွေအမြောက်အမြားသုံးကာ လောကထဲတွင် အကျော်ကြားဆုံးဓားသမားကိုလဲ ငှားရမ်းပေးခဲ့သည်။ သူသည် အရည်အသွေးမြင့် သံကောင်းနှင့် သံနက်တို့ကိုရောစပ်ကာ လုမင်ယွိအတွက် ကျောက်စိမ်းဓားတစ်လက်ကိုလည်း သွန်းလုပ်ပေးခဲ့သည်။
လုမင်ယွိသည် သူမ၏ဓားကို တခြားသူများရှေ့တွင် တခါမှ ထုတ်မပြခဲ့ဖူးချေ။ စတုတ္ထသခင်မလေးလု၏ ဓားသိုင်းစွမ်းရည်က ပြိုင်ဘက်ကင်းသည်ကိုလဲ ဘယ်သူကမှ မသိကြပေ။
ခဏလောက် ကစားပြီးသွားသောအခါ စာကလေးငှက်များက မြေကြီးပေါ်သို့ ပြုတ်ကျလာတော့သည်။
လုရွှမ်းက ချက်ချင်းလှမ်းကာ အော်ပြောလိုက်၏။ "အဲဒီ့စာကလေးတွေ အားလုံးကို မီးဖိုချောင်ကို ပို့လိုက်။ သေသေချာချာလေး သန့်ရှင်းရေးလုပ်ပြီးတော့ ကြော်ခဲ့ပေး။ အစောင့်ရဲမက်တွေကိုလဲ အစားအသောက်တွေ ပေးလိုက်အုံး"
လုမင်ယွိသည် ရယ်မောကာ လက်လှမ်းလိုက်ပြီး လုရွှမ်း၏နဖူးကို လှမ်းပုတ်လိုက်လေသည်။ "လောဘကြီးတဲ့ဟာလေး!"
လုရွှမ်းကလဲ သွားများဖြဲကာ ရယ်မောလေသည်။
ကျန်းသာ့ပေါင်ကလဲ ဝမ်းသာအားရဖြင့် အပြေးအလွှားရောက်လာကာ "စစ်ယီ နေ့လယ်စာအတွက် ကြက်ကြော်လား"
အားလုံးကလဲ သူ၏လောဘကြီးလွန်းလှသည့် ရုပ်ကလေးကို ရယ်မောကြလေတော့၏။
ဒီအခိုက်အတန့်တွင် အစောင့်တပ်မှူးလုယီသည် မျက်နှာပေါ်တွင် အပျော်တစ်ခုဖြင့် အနားသို့ရောက်လာခဲ့၏။ လုမင်ယွိ၏ရင်ထဲတွင် လှုပ်ရှားသွားပြီး လုယီက သူ့ပါးစပ်ကိုမဖွင့်ရသေးခင်မှာပင် သူမက လှမ်းမေးလိုက်တော့သည်။ "အဖေ မြို့တော်ကို ပြန်ရောက်လာပြီလား"
လုယီက ခေါင်းညိမ့်ပြလိုက်ပြီး ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ် ရှင်းယန်စစ်တပ်ကြီးက စစ်တန်းလျားကို ပြန်ရောက်လာပါပြီ။ စစ်သူကြီးနဲ့ ဒုတိယသခင်လေးတို့က ဂုဏ်ပြုညစာစားပွဲအတွက် နန်းတော်ထဲ တိုက်ရိုက်ဝင်သွားကြပါတယ်"
ယုံးကျားဧကရာဇ်သည် စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ အောင်မြင်မှုဖြင့် ပြန်ရောက်လာခဲ့၏။ ထို့ကြောင့် သူသည် ဂုဏ်ပြုပွဲပြုလုပ်ရန်အတွက် ပွဲတော်တစ်ခုကို ကျင်းပပေးပေလိမ့်မည်။ စစ်ထွက်ရာတွင် စစ်တပ်ကို အတူတူ ဦးဆောင်ခဲ့ကြသည့် စစ်သူကြီးများကလဲ ချပ်ဝတ်တန်ဆာကို မချွတ်အားဘဲ နန်းတော်သို့ ဝင်ကြရသည်။
အဖေ နောက်ဆုံးတော့ ပြန်လာပြီ!
လုမင်ယွိက ပြုံးကာပါးစပ်ကိုဖွင့်ပြီး အမိန့်ပေးလိုက်တော့၏။ "မီးဖိုချောင်ကို ဟင်းကောင်းတွေ ပြင်ဆင်ခိုင်းထားလိုက် သာ့ကျဲဖူ(ခဲအိုကြီး) မကြာခင် ရောက်လာတော့မယ်"
နန်းတော်သို့ စားသောက်ပွဲ တက်ရောက်ကြသူများသည် စစ်တပ်မှ စစ်သူကြီးများသာ ဖြစ်လေသည်။ ခဲအိုကြီးက အဆင့်ခြောက် ကျောက်ဝူစစ်သူကြီး တစ်ယောက်သာဖြစ်ပြီး နန်းတော်သို့ စားသောက်ပွဲတက်ရောက်ရန် အရည်အချင်းမပြည့်မှီချေ။ သူသည် မကြာမီ ဇနီးနှင့်ကလေးများကို လာရှာဖို့ရန် ဤနေရာသို့ ရောက်လာမှာသေချာသည်။
ဒုတိယအစ်ကို လုဖေးသည် ပိုပြီးအဆင့်နိမ့်သည့် အရာရှိတစ်ယောက်ဖြစ်ကာ ယခုမှ အဆင့်၈ စစ်သူကြီးတစ်ယောက်သာ ဖြစ်သေးသည်။ သို့သော်ငြား လုဖေးသည် ရှင်းယန်ဝမ်၏မွေးစားသားဖြစ်၏။ သူသည် တချိန်လုံး ရှင်းယန်ဝမ်နှင့်အတူ တိုက်ပွဲဝင်ခဲ့သည်။
ဤသို့ပြောလိုက်သည်တွင် နှစ်ပေါင်းများစွာ အိမ်ထောင်ကျခဲ့ပြီးဖြစ်သည့် လုမင်ဖန်းသည် အနည်းငယ် ရှက်ရွံ့သွားကာ သူမ၏မျက်ဝန်းများထဲတွင်လဲ ပျော်ရွှင်မှုများ လင်းလက်သွားတော့၏။
...
မျှော်လင့်ထားသည့်အတိုင်းပင် တစ်နာရီကြာပြီးသွားသောအခါ တည်ကြည်ခံ့ညားသည့် ပုံရိပ်တစ်ခုသည် လူအားလုံး၏ရှေ့သို့ ရောက်ရှိလာတော့သည်။
မြို့တော်သို့ ဝင်မလာခင်တွင် သူသည် မိမိကိုယ်ကိုမိမိ သပ်ရပ်အောင် ပြင်ဆင်ခဲ့ပြီးဖြစ်၏။ ရှုပ်ပွနေသောဆံပင်ကို ဖြီးသင်ပြီး မုတ်ဆိတ်မွှေးများကို ရိတ်ထားသော်ငြားလည်း အဝေးမှပင် ထူးဆန်းသည့်အနံ့တစ်ခုတော့ ထွက်နေဆဲဖြစ်လေသည်။
လူငယ်လေးသည် မည်မျှပင် ချောမောခံ့ညားပြီး ခွန်အားကြီးမားသည်ဖြစ်စေ အချိန်အကြာကြီး စစ်စခန်းတွင် နေထိုင်ခဲ့ပြီးနောက် သူသည် လူကြမ်းကြီးတစ်ယောက်နှင့် ဆင်တူနေဆဲပင်။ စစ်ပွဲကာလအတွင်းတွင် ၁၀ရက် လတစ်ဝက်လောက် ရေမချိုးရခြင်းကလဲ ပုံမှန်ပင် ဖြစ်လေသည်။
လုမင်ဖန်းက သူမ၏နှာခေါင်းကို အုပ်ထားလိုက်ကာ ပြုံးပြီးပြောလာသည်။ "မြန်မြန် ရေသွားချိုးပြီးတော့ အဝတ်အစား လဲလိုက်ပါ"
ဇနီးဖြစ်သူကိုကြည့်ရင်း ကျန်းကျုံး၏မျက်လုံးများမှာ စိမ်းဖန့်သွားလုမတတ်ပင်။ "မင်းလဲ ကိုယ်နဲ့လိုက်ခဲ့"
လုမင်ဖန်း "..."
လုမင်ယွိက ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်ကာ နားလည်မှုရှိရှိဖြင့် တိုက်တွန်းလေတော့သည်။ "ဟုတ်တယ်။ မြန်မြန်သွားပြီး ပြန်လာခဲ့။ ကျွန်မတို့တွေ နေ့လယ်စာစားဖို့ စောင့်နေမယ်"
လုမင်ဖန်းကတော့ အင်တင်တင်ဖြင့် ပြန်ဖြေလိုက်ရသည်။ ကျန်းကျုံးက သူ့ဇနီးဖြစ်သူကို ရေချိုးခန်းထဲသို့ ခေါ်ဆောင်ဖို့ရန် မစောင့်နိုင်တော့ချေ။
အဖေဖြစ်သူ၏ လစ်လျူရှူခံထားရသည့် ကျန်းသာ့ပေါင်ကလဲ ဂရုမစိုက်ဘဲ လုမင်ယွိ၏အင်္ကျီလက်ကိုသာ လှမ်းဆွဲလိုက်ကာ "စစ်ယီ သား ဗိုက်ဆာပြီ"
လုမင်ယွိက သူမ၏နှုတ်ခမ်းကို ကွေးညွှတ်ထားလိုက်ပြီးပြုံးလိုက်တော့၏။ "သွားကြစို့ အခုပဲ နေ့လယ်စာ သွားစားကြမယ်"
"သားတို့တွေ အဖေနဲ့အမေကို မစောင့်တော့ဘူးလား"
"မစောင့်တော့ဘူး"
...