ပြန်လည်ဆုံစည်းခြင်း
Vol. 2 Ch. 21
ညနေစောင်းရောက်လာသည့်အချိန်မှသာ ကျန်းဇနီးမောင်နှံသည် ပေါ်လာခဲ့လေသည်။
ကျန်းကျုံး၏မျက်နှာသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော်ငြားလည်း သူ့အမူအရာကတော့ အလွန်ကျေနပ်နေဟန်ရှိ၏။
လုမင်ဖန်း၏ခြေထောက်များမှာ အားနည်းချိနဲ့နေကာ သူမ၏မျက်နှာကလဲ အလွန်နုနယ်လှပနေပြီး မက်မွန်ပွင့်ဖတ်လေးတစ်ခုနှယ်ပင်။
သာ့ပေါင်နှင့် ရှောင်းပေါင်တို့သည် သူတို့၏အဖေအမေကိုတွေ့လျှင် ချက်ချင်းဆိုသလို အပြေးအလွှား ရောက်လာတော့သည်။ ကျန်းကျုံးသည် မျက်စိလျင်ပြီး လျင်မြန်ဖျတ်လတ်လှကာ သားနှစ်ယောက်စလုံးကို သူ၏လက်မောင်းပေါ်သို့ ပွေ့ချီထားလိုက်တော့၏။
ခုနက အင်အားအလွန်အကျွံ သုံးခဲ့သောကြောင့်ဖြစ်နိုင်သည်။ လေးပင်နေပြီဖြစ်သည့် သားနှစ်ယောက်ကို လက်မောင်းပေါ်သို့ ကောက်ချီလိုက်သောအခါ သူ၏လက်များ ပျော့ခွေသွားပြီး ကလေးများကို မချီနိုင်တော့သလိုပင် ဖြစ်သွားတော့သည်။
ကျန်းသာ့ပေါင်က အဖေဖြစ်သူကို မကျေမနပ်ဖြင့်လှမ်ကြည့်လိုက်ကာ "အဖေ သားကို တကယ်မချီနိုင်တော့ဘူးဘဲ"
ကျန်းရှောင်းပေါင်ကလဲ မပီမသဖြင့် ခေါင်းညိမ့်ကာပြောလိုက်၏။ "အဖေက တကယ်အသုံးမကျတော့ဘူး"
ကျန်းကျုံး "..."
လုမင်ယွိနှင့် တခြားသူများက ညင်ညင်သာသာ ရယ်မောလိုက်ကြလေသည်။
လုမင်ဖန်း၏မျက်နှာကတော့ အနည်းငယ် ထူပူလာပြီး သူမက ချောင်းဟန့်ကာပြော လိုက်၏။ "ညနေစာ ပြင်ဆင်ဖို့အချိန်ရောက်ပြီ! ငါ့အထင်တော့ ယိဖု (မွေးစားအဖေ) နဲ့အာ့တိ (ဒုတိယမောင်လေး)တို့ ခဏနေ အိမ်ပြန်လာတော့မယ် ထင်တယ်"
လုမင်ယွိကလဲ ပြုံးပြီးပြန်ဖြေလိုက်သည်။ "အကုန်လုံးကို ပြင်ဆင်ခိုင်းပြီးပါပြီ။ ဒီလိုအသေးအဖွဲကိစ္စလေးတွေကို သာ့ကျဲက စိတ်ပူစရာမလိုပါဘူး"
ထို့နောက်တွင်တော့ သူမက အဆော့သန်လှသည့် ကလေးနှစ်ယောက်ကို လက်ယပ်ခေါ်လိုက်ကာ "သာ့ကျဲဖူ (အကြီးဆုံးခဲအို)က တစ်လမ်းလုံး ခရီးနှင်လာရတော့ ပင်ပန်းနေရောပေါ့။ နင်တို့နှစ်ယောက် မဆော့ကြနဲ့တော့။ ငါ့ဆီ လိမ်လိမ်မာမာလာခဲ့"
ကျန်းသာ့ပေါင်နှင့် ကျန်းရှောင်းပေါင်တို့သည် လုမင်ယွိ၏အယုံကြည်ရဆုံး နောက်လိုက်များဖြစ်ကြကာ သူတို့သည် ခေါင်းညိမ့်လိုက်ပြီး အဖေဖြစ်သူ၏ လက်ပေါ်က ဆင်းလာကြတော့သည်။
ကျန်းကျုံးက အသံထွက်ကာ ရယ်မောလေတော့၏။ "ဒီမျောက်လေးနှစ်ကောင်က စစ်မေ့ရှေ့ကို ရောက်သွားတော့ ထူးထူးခြားခြား လိမ်မာပြီး စကားနားထောင်တတ်လာတာပဲ"
လုမင်ယွိသည် သူမ၏အကြီးဆုံးအစ်မနှင့် ရင်းနှီးသူဖြစ်ကာ သူမ၏ သာ့ကျဲဖူကျန်းကျုံးနှင့်လည်း အလွန်ရင်းနှီးလေသည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် သူမကလဲ ကျီစယ်ကာဖြင့် ပြုံးလိုက်တော့သည်။ "ကျွန်မ ရှေ့ကိုရောက်လာတဲ့ ဘယ်သူမဆို လိမ်မာသွားရမှာပဲ။ သာ့ကျဲဖူကလဲ ကျွန်မစကားကို နားထောင်ရတာပဲ မဟုတ်ဘူးလား"
ကျဲဖူတစ်ယောက်အနေဖြင့် ခယ်မတစ်ယောက်ရှေ့တွင် သူသည် အမြဲတမ်း ပိုပြီးစိတ်သဘောထား ကြီးရလေသည်။
ထို့အပြင် လုမင်ယွိသည် အလွန်ငယ်ရွယ်သေးကာ လှပလို့နေသေးသည်။
စတုတ္ထသခင်မလေးသည် ဒေါသကြီးသည်ဟု နာမည်သတင်းကျော်ဇောကာ သူမ၏မိသားစုတစ်ခုထဲကသာ လုမင်ယွိကို ဤကဲ့သို့ ရယ်ရယ်မောမော စနောက်နိုင်လေသည်။
ကျန်းကျုံးကလဲ သွားများပေါ်သည်အထိ ရယ်မောလိုက်၏။ "ဟုတ်ပါတယ် ဟုတ်ပါတယ်။ ငါ စကားအပြောမတတ်တာပါ။ ဒါပေါ့။ သာ့ကျဲဖူက စစ်မေ့ရဲ့စကားကို နားထောင်ရမှာပေါ့"
လုရွှမ်းသည်လည်း အနားသို့ ကပ်လာကာပြောလိုက်၏။ "သာ့ကျဲဖူ ကျွန်တော့်ကို မြန်မြန်ပြောပြစမ်းပါအုံး။ ဒီစစ်ပွဲမှာရော နိုင်ခဲ့လား။ ယိဖုနဲ့အာ့ ကောတို့က ဘယ်လိုစစ်ရေးအောင်မြင်မှုတွေရခဲ့လဲ။ ဆုလာဒ်တွေ ဘယ်လောက်ရခဲ့လဲ။ ပြီးတော့ စစ်အတွင်းမှာ စိတ်ဝင်စားစရာကောင်းတာရောရှိခဲ့လား"
လုမင်ယွဲ့သည် သိချင်စိတ်ဖြင့် လည်တံလေးကို ဆန့်ထားလိုက်၏။
နှစ်အနည်းငယ် ကြာပြီးသွားသည့်နောက်တွင် လုမင်ယွိ၏ မှတ်ဉာဏ်ထဲတွင်လည်း အနည်းငယ်ဝေဝါးနေခဲ့သည်။
မည်သို့ဆိုစေ သာ့ဝေတိုင်းပြည်သည် တိုက်ပွဲများကို ဆက်တိုက်ဆင်နွှဲလာခဲ့ပြီး လေးနှစ်ကြာပြီးနောက်မှသာ သာ့ယန်နဲ့ သာ့ချူတို့ကို ဖျက်ဆီးနိုင်ခဲ့ကာ ပြည်မကြီးကို ပေါင်းစည်းနိုင်ခဲ့သည်။ မည်သို့ဆိုစေ အောင်ပွဲ ရှုံးပွဲကတော့ ရှိနေပေမည်။
ကျန်းကျုံး၏အသံက လျင်လျင်မြန်မြန် ထွက်ပေါ်လာခဲ့၏။"ငါတို့တွေ စစ်နိုင်ခဲ့တယ်။ အဖေက စစ်တပ်ကိုအုပ်ချုပ်ပြီး မြို့တစ်မြို့ကို သိမ်းပိုက်ခဲ့တာ ကြီးမားတဲ့အောင်မြင်မှုတစ်ခုပေါ့။ အာ့တိကတော့ ရန်သူတစ်ဒါဇင်ကျော် ခေါင်းဖြတ်နိုင်ခဲ့တယ်။ ဒီတစ်ခါ သူလဲ ရာထူးအဆင့် တက်လောက်တယ်"
"တိုက်ပွဲဆိုမှတော့ သတ်တာဖြတ်တာတွေပဲရှိမှာပေါ့။ ဘာမှ စိတ်ဝင်စားစရာ မရှိပါဘူး။ ... နေအုံး တစ်ခုတော့ ရှိတယ်။ ငါတို့အပြန်လမ်းမှာ ဒုတိယမင်းသားက မတော်တဆ မြင်းပေါ်ကနေ ပြုတ်ကျခဲ့တယ်လေ။ ကံကောင်းလို့ လိုက်ပါလာတဲ့ တော်ဝင်သမားတော်က အချိန်မီ ကယ်နိုင်လိုက်ပေလို့ပဲ။ ဒုတိယမင်းသားက ဒဏ်ရာနည်းနည်းပဲရခဲ့တာ။ ရက်အနည်းငယ်နေရင်တော့ သက်သာသွားမှာပါ"
"ဒါပေမဲ့ အဲဒီ့ကတည်းက ဒုတိယမင်းသားက လှည်းထဲမှာပဲနေတော့တာ။ နောင်ထပ် ဘယ်သူ့မှတောင်မှ မမြင်ရတော့ဘူး"
ဒုတိယမင်းသား လီကျင့်လား။ လုမင်၏စိတ်ထဲတွင် ချောမောခံ့ညားသည့် လူငယ်တစ်ဦး၏မျက်နှာသည် ဖျတ်ခနဲ ပေါ်လာလေတော့သည်။
ဒုတိယမင်းသားသည် လီဟောက်ထက် နှစ်လကြီးသည်။ တစ်ယောက်က မိဖရားခေါင်မှမွေးသည့် သားတော်အရင်းဖြစ်ပြီး သူ့အဘိုးက တိုင်းပြည်၏ ပထမအဆင့်အမတ်ကြီး ဖြစ်လေသည်။ တစ်ယောက်ကတော့ ကချေသည်မ၏သားဖြစ်ကာ သူတို့နှစ်ယောက်ကြားက ကွာခြားချက်က အမှန်ပင် ကြီးမားလှ၏။
လီဟောက်သည် ပြည်တွင်းရေး စစ်ဖက်ရေးရာများကို ကျွမ်းကျင်ပြီး အရပ်မြင့်မြင့် ချောမောခံ့ညားကာ ထက်မြက်ပြီး ဆုံးဖြတ်ချက်ပြတ်သားသူ ဖြစ်သည်။
ဒုတိယမင်းသား၏ ချောမောလှသည့်ရုပ်သွင်က လီဟောက်ထက်ပင် ပိုပြီးသာသေးသည်။
တစ်ခုရှိသည်က ဒုတိယမင်းသား၏ ရုပ်ရည်သွင်ပြင်နှင့် စိတ်နေစိတ်ထားတို့သည် ချောင်မိဖရားခေါင်နှင့် ဆင်တူနေသဖြင့် ယုံးကျားဧကရာဇ်က သိပ်တော့ သဘောမကျလှချေ။ ယုံးကျားဧကရာဇ်၏ အချစ်ရဆုံးသားတော်မှာ မုန့်ကွေ့ဖေးက မွေးဖွားသည့် အကြီးဆုံးသားလီယိ ဖြစ်လေသည်။
ထိုအကြောင်းကို ပြောရလျှင်ဖြင့် ဒုတိယမင်းသားသည်လည်း ကံဆိုးရှာလေသည်။ သားတော်အရင်း ဖြစ်သော်ငြား အိမ်ရှေ့စံအဖြစ် အချိန်တော်တော်ကြာမြင့်လှသည်အထိ မသတ်မှတ်ခံခဲ့ရချေ။
မင်းသား၏ ကြင်ယာတော် ရွေးချယ်ရမည့်အချိန်တွင်လည်း ချောင်မိဖရားခေါင်က ခဏတာ စိတ်လွတ်သွားပြီး ကွမ်းပင်းနယ်စား၏သမီး မုန့်ယွင်လော်ကို မင်းသား၏ ကြင်ယာတော်အဖြစ် ရွေးချယ်ပေးခဲ့ကာ မိုက်မဲသည့်လုပ်ရပ်ကို ပြုလုပ်ခဲ့၏။
ချောင်မိဖရားခေါင်၏ အမြင်တွင်တော့ ဒါသည် အင်မတန်ကောင်းမွန်သည့် လှည့်ကွက်တစ်ခုပင်။ အကြီးဆုံးမင်းသား၏ အကြီးဆုံးအားကိုးရာမှာ ကွမ်းပင်းနယ်စားအိမ်တော် ဖြစ်လေသည်။ ကွမ်းပင်းနယ်စားကို ဆွဲဆောင်ထားနိုင်သရွေ့ ဒုတိယမင်းသား၏ အိမ်ရှေ့စံနေရာက ထိုက်တောင်လို တည်ငြိမ်သွားပေလိမ့်မည်။
ကွမ်းပင်းနယ်စားသည် မယ်တော်ကြီး၏ အစ်ကိုဖြစ်လိုသလား သို့မဟုတ် မိဖရားခေါင်၏အဖေဖြစ်လိုသလား စဥ်းစားကြည့်ရုံနှင့်ပင် သိနိုင်သည်။
အမှန်တွင်တော့ ချောင်မိဖရားခေါင်က မှားယွင့်သည့်အကွက်တစ်ခုကို ရွှေ့ခဲ့မိခြင်းပင်။
ကွမ်းပင်းနယ်စား၏သမီး မုန့်ယွင်လော်သည် ဒုတိယမင်းသား၏ ကြင်ယာတော် ဖြစ်လာခဲ့ပြီးနောက် သူမသည် ဒုတိယမင်းသားနှင့် သဘောထား မတိုက်ဆိုင်ခဲ့ချေ။ တခြားငယ်ရွယ်လှသည့်စုံတွဲများက အပြန်အလှန် ညီညွှတ်ကြပြီး ချစ်ခင်နှစ်သက်ကြသည်။ ဒုတိယမင်းသား လက်ထပ်ပြီးနောက်တွင်တော့ မုန့်ယွင်လော်နှင့် လီဟောက်တို့သည် အေးစက်စက်နိုင်လှပြီး ရေခဲတုံးလိုပင် အပြန်အလှန်လေစားမှု မရှိကြချေ။
မုန့်ကွေ့ဖေးသည်လည်း သူမ၏တူမကို ဆွဲတောင်ထားနိုင်သဖြင့် ချောင်မိဖရားခေါင်မှာ ပိုလို့ပင် စိတ်ဓာတ်ကျရတော့သည်။
နောက်ပိုင်းတွင် သာ့ယန်နှင့် သာ့ချူတို့ စစ်ပဖြစ်လာချိန်တွင် ဒုတိယမင်းသားသည် အမှောင်ထဲတွင် ပုန်းအောင်းနေသည့် သူလျှိုတစ်ယောက်၏ စစ်မြေပြင်တွင် မြှားချက်ဖြင့်သေဆုံးခဲ့ရ၏။ သူ့အလောင်းကိုပင် ပြန်မရတော့မလိုဖြစ်သွားခဲ့သေးသည်...
ထူးဆန်းပြီး ရှုပ်ထွေးလှသည့် အလင်းရောင်တစ်ခုသည် လုမင်ယွိ၏မျက်ဝန်းနက်ထဲတွင် ဖျတ်ခနဲ လင်းလက်သွားတော့သည်။
အားလုံးက ကျန်းကျုံး၏စကားလုံးများကို စိတ်ဝင်တစား နားထောင်နေကြပြီး လုမင်ယွိ၏ ထူးထူးဆန်းဆန်း ဖြစ်သွားသည့်ပုံကိုတော့ ဘယ်သူကမှ သတိမထားမိခဲ့ချေ။
လုရွှမ်းက သိလိုစိတ်ဖြင့် မေးလိုက်၏။ "သာ့ကျဲဖူ.ဒီတစ်ကြိမ် ဘယ်သူကပိုပြီးတော့ အောင်မြင်မှုရခဲ့တာလဲ။ ပထမမင်းသားလား ဒုတိယမင်းသားလား"
တကယ့်ကို တုံးအတဲ့မေးခွန်းပါလား။
လုမင်ယွဲ့က လုရွှမ်း၏ခေါင်းလေးကို သူမ၏လက်ဖြင့် လှမ်းခေါက်လိုက်ကာ ကျွမ်းကျင်စွာဖြင့် ပြန်ဖြေလေတော့သည်။ "တကယ့်ကို တုံးအတဲ့မေးခွန်းပဲ! ငါ ကြားထားတာတော့ ပထမမင်းသားက ကလေးဘဝကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့တာ။ သူက အရမ်းကိုကောင်းမွန်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတာ။ ကလေးဘဝကတည်းကလဲ စစ်စခန်းထဲမှာ နေလာခဲ့တာ။ သူ့ရဲ့အရည်အချင်းကလဲ မင်သားတွေထဲမှာဆိုရင် နံပါတ်တစ်ပဲ။ ကွမ်းပင်းဟိုကလဲ သူ့ကို ဂရုစိုက်ပေးနေပြီး အရှင်မင်းကြီးရဲ့ သဘောကျနှစ်သက်တာကို ခံထားရတာပဲ။ ဒုတိယမင်းသားက ပထမမင်းသားနဲ့ ဘယ်လိုလုပ်ပြီးတော့ ယှဥ်နိုင်မှာလဲ"
"ဒုတိယမင်းသားကတော့ ပထမမင်းသား မျက်နှာသာရနေတာကို မြင်ပြီး စိတ်မချမ်းမသာ ဖြစ်နေတော့မှာပဲ။ ဒဏ်ရာလေး နည်းနည်းပါးပါးရပြီး ဒီအတိုင်းပဲ ပုန်းနေလိုက်မယ်ဆိုရင် ဘယ်သူနဲ့မှ တွေ့စရာမလိုတော့ဘူးလေ"
ဒီကောင်မလေးကတော့ တကယ်ပါးနပ်တာပဲ။
လုမင်ယွိသည် ခပ်တိုးတိုး ရယ်မောလိုက်ကာ လက်ကိုဆန့်ထုတ်လိုက်ပြီး လုမင်ယွဲ့၏ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်၏။
ကျန်းကျုံးကလဲ ထောက်ခံသလိုပြုံးကာ ချက်ချင်းဆိုသလို တင်းကြပ်စွာဖြင့် သတိပေးလေတော့သည်။ "ဒီစကားလုံးတွေကို အိမ်မှာပြောတာက ကိစ္စမရှိဘူး။ အပြင်ဘက်ကလူတွေကိုဆိုရင်တော့ ပေါက်ကရတွေမပြောနဲ့နော်။ ဂရုစိုက်တတ်တဲ့လူတွေရဲ့ နားထဲကို ရောက်မသွားအောင်လို့ ဂရုစိုက်ရမယ်"
လုမင်ယွဲ့ကလဲ နာနာခံခံဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
တံခါးစောင့်က စာတစ်စောင်ကို အလျင်အမြန် လာရောက်ပေးပို့လေသည်။ "သခင်မလေး.စစ်သူကြီးနဲ့ ဒုတိယသခင်လေးတို့ ပြန်လာပါပြီ"
လုမင်ယွိ၏မျက်လုံးများသည် လင်းလက်သွားကာ သူမသည် ဘာတစ်ခွန်းမှမပြောဘဲ အပြင်သို့လျှောက်ကာ ထွက်သွားတော့၏။ လုမင်ဟွားနှင့် တခြားသူများကလဲ မြန်မြန် နောက်ကလိုက်ပါလာလေတော့သည်။ လုမင်ဖန်းက မြန်မြန် လမ်းလျှောက်ချင်လိုက်သော်ငြားလည်း ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက်တွင်တော့ သူမ၏ခြေထောက်များမှာ နာကျင်ကာ ပျော့ခွေသွားတော့သည်။
ကျန်းကျုံးက မျက်နှာပြောင်စွာဖြင့် အနားသို့ တိုးကပ်လာပြီး သူ့မိန်းမ၏လက်မောင်းကို လှမ်းတွဲထားပေးလိုက်ကာ "ကိုယ် မင်းကိုတွဲပေးမယ်"
လုမင်ဖန်းက ကျန်းကျုံးကို တချက်လောက် ကြည့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ် အသံတိတ် ပြုံးပြလိုက်တော့၏။
...
လုမင်ယွိကတော့ အလွန်စိတ်စောနေကာ မြန်မြန်ဆန်ဆန်လျှောက်ကာ ထွက်လာခဲ့သည်။ မောင်နှမများသည် မကြာခင်တွင် နောက်တွင် ကျန်ရစ်လေတော့၏။
အဝေးတစ်နေရာတွင် ရှေ့သို့လမ်းလျှောက်လာသည့် ရင်နှီးပြီးသားပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရတော့သည်။
အဖေ!
လုမင်ယွိ၏နှာခေါင်းထဲတွင် တော်တော်လေး မွှန်ထူသွားပြီး သူမ၏မျက်လုံးများကလဲ နွေးထွေးလာတော့၏။
သူမ၏ ယခင်ဘဝတွင် လုလင်းသည် စစ်မြေပြင်တွင် သေဆုံးသွားခဲ့ရသည်။
သူမသည် ကိုယ့်ဟာကို ရုပ်ဖျက်ထားကာ လီဟောက်၏တဲထဲတွင် တချိန်လုံး ပုန်းအောင်းနေခဲ့သည်။
ရှေ့တန်းတွင် လုလင်းသေဆုံးသည့် ဝမ်းနည်းစရာသတင်းရလာချိန်တွင် သူမမှာ အလွန်ဝမ်းနည်းကြေကွဲခဲ့ရသော်ငြားလည်း မျက်နှာပေါ်တွင် ဖော်မပြနိုင်ခဲ့ချေ။ လုလင်း၏ရုပ်အလောင်းကို ခေါင်းတလားထဲတွင် ထည့်သွင်းချိန်တွင်တော့ သူ၏ သားသမီးဝတ္တရား မကျေပွန်လှသည့်သမီးသည် စစ်မြေပြင်တွင် ဒဏ်ရာရလာခဲ့သည့် ခင်ပွန်းဖြစ်သူကို ပြုစုစောင့်ရှောက်နေခဲ့လေသည်။
နောက်ပိုင်းတွင် လီဟောက်သည် ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့၏။ နှစ်အနည်းငယ်အတွင်းမှာပင် သူမသည် နက်ရှိုင်းလှသည့် နန်းတော်အတွင်းတွင် ပိတ်မိနေခဲ့ကာ အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူမသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးခဲ့ရ၏။
သူမရဲ့ဘဝက အရမ်းကို ဝမ်းနည်းစရာကောင်းပြီး ရယ်စရာကောင်းလိုက်တာ။
ဒီလောကကြီးထဲမှာ ဘယ်သူကပဲ သူမကို တကယ် ချစ်ခင်မြတ်နိုးခဲ့တာလဲ။
ဘယ်သူကပဲ သူမကို ယုံယုံကြည်ကြည်နဲ့ ထောက်ပံ့ပေးခဲ့တာလဲ။
သူမရဲ့အဖေအရင်းပဲ ရှိခဲ့တာပါ။
"အဖေ" လုမင်ယွိသည် မျက်လုံးများထဲတွင် မျက်ရည်များဖြင့် အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း အမျိုးသားကြီး၏ရင်ခွင်ထဲသို့ ပြေးဝင်သွားလေတော့သည်။ "အဖေ နောက်ဆုံးတော့ ပြန်လာပြီနော်!"
...