သားအဖ (၁)
Vol. 2 Ch. 22
ထိုယောက်ျားသည် အသက် ၃၅၊ ၃၆ ဝန်းကျင်အရွယ်ဖြစ်ကာ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနှင့် သူ၏ ချောမောလှပသည့် မျက်နှာပေါ်တွင် မုတ်ဆိတ်ကျင်စွယ်များ ဖုံးအုပ်ထားလေသည်။ သူ၏ မျက်နှာက လေးနက် စူးရှနေပြီး ဒေါသထွက်ခြင်း အလျင်းမရှိချေ။
ထိုသူမှာ ရှင်းယန်ဝမ် လုလင်းပင်။
စစ်သူကြီးတစ်ဦးအနေဖြင့် သူသည် အချိန်အများစုကို စစ်တန်းလျားထဲတွင် သို့မဟုတ် တပ်များကို ဦးဆောင်တိုက်ခိုက်ခြင်းဖြင့် ကုန်ဆုံးနေရ၏။ သမီးဖြစ်သူနှင့် အချိန်ကုန်ဆုံးရသည်မှာ သိပ်မရှိလှချေ။
သူတို့သည် မတွေ့ရသည်မှာလဲ လ အနည်းငယ် ကြာမြင့်နေပြီဖြစ်၏။ လုလင်သည်လဲ သမီးဖြစ်သူကို လွမ်းဆွတ်နေခဲ့သည်။ သူက လုမင်ယွိ၏ ပုခုံးကို ညင်ညင်သာသာလေး ပွေ့ဖက်ကာ စိတ်အေးရစေရန် ပြုံးကာ ပြောလိုက်လေသည်။ “ရှောင်ယွိ ဒီတစ်ခါ အဖေ မြို့တော်ကို ပြန်ရောက်လာရင် သမီးနဲ့အတူ အဖော်ပြုပေးဖို့ အချိန်နည်းနည်းလေး ကြာကြာ နေမှာပါ”
လုမင်ယွိသည် ရှိုက်သံဖြင့် ခပ်တိုးတိုးလေး ပြန်ထူးလိုက်ကာ သူမ၏ မျက်ရည်များကို မြန်မြန်ဆန်ဆန် သုတ်လိုက်ပြီးနောက် နောက်ကို ခြေ ၂လှမ်း ပြန်ဆုတ်လိုက်၏။
သားအဖ ၂ ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဂရုတစိုက် သေသေချာချာလေး ကြည့်လိုက်ကြပြီး တစ်ချိန်ထဲတွင် တစ်ပြိုင်ထဲ ပြောလိုက်တော့သည်။ “အဖေ/ရှောင်ယွိ ပိန်သွားလိုက်တာ!”
ထိုသို့ ပြောလိုက်ပြီးနောက် ၂ ယောက်သားသည် အသံထွက်ကာ ရယ်မောလိုက်ကြတော့သည်။
လုမင်ယွိက လုလင်း၏ ဘေးက ကောင်လေးကို လှမ်းကြည့်လိုက်ကာ “အာ့ကော!”
ဤလူငယ်လေးသည် အရပ်မြင့်မြင့် ခြေတံရှည်ကာ မျက်ခုံးထူထူနှင့် ကျားမျက်လုံးများ ပိုင်ဆိုင်ထားပြီး အလွန် သူရဲကောင်းပီသလှသည်။ ထိုသူမှာ သူမ၏ မွေးစားအစ်ကို လုဖေးဖြစ်လေသည်။
အရင်ဘဝက လုလင်းသည် စစ်မြေပြင်တွင် ဆုံးပါးခဲ့ရပြီး လုဖေးကို ကျုံးယုံဟိုဘွဲ့ ပေးအပ်ကာ ရှင်းယန်စစ်တပ်ကို လွှဲပြောင်းယူခဲ့ရသည်။ သူသည် သူမ၏ အသန်မာဆုံး ထောက်တိုင်ဖြစ်ပြီး သူမ၏ အရင်းနှီးဆုံး အစ်ကိုလဲ ဖြစ်လေသည်။
သူတို့သည် သွေးသားမတော်စပ်ကြသော်ငြားလည်း မောင်နှမများထက်ပင် ပိုပြီး သာလွန်သည့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားခဲ့ကြ၏။
လုဖေးသည် အသက် ၁၀ နှစ်အရွယ်ကတဲက စစ်စခန်းထဲတွင် နေထိုင်လာခဲ့ပြီး ယခုဆိုလျှင် ၈ နှစ်ကြာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အသက် ၁၈ နှစ် အရွယ် လူငယ်လေးသည် ဓားအိမ်ထဲက ဆွဲထုတ်လိုက်သည့် ထက်ရှလှသော ဓားတစ်လက်နှင့် သူ၏ မျက်လုံးများကလဲ တောက်ပပြီး စူးရှလို့နေသည်။
လုဖေး၏ အသားအရေက အတော်လေးကို ညိုသွားခဲ့၏။ သူက လုမင်ယွိကို ပြုံးပြလာချိန်တွင် သူ၏ ဖြူဖွေးနေသည့် သွားတန်းလေး ၂ ခုမှာ ပေါ်ထွက်လာခဲ့သည်။ “စစ်မေ့ မတွေ့ရတာ လတော်တော်လေး ကြာသွားပြီ။ နင် အများကြီး ထွားလာတာပဲ။ အပျိုကြီးတစ်ယောက်နဲ့တောင် တူလာပြီ”
ပြောရင်းဆိုရင်း လုမင်ဟွားတို့ မောင်နှမကလဲ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။
မိသားစု ပြန်လည်ဆုံစည်းကြချိန်တွင် မကုန်ခမ်းနိုင်သည့် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ အပြည့်ပင်။
လုလင်းက သူ့လက်ကို မာန်ပါပါဖြင့် ဝှေ့ယမ်းလိုက်ကာ “သွားကြ။ စားသောက်ခန်းကို သွားကြမယ်! လပေါင်းများစွာ စစ်ချီတက်ခဲ့ရလို့ ကောင်းကောင်းမွန်မွန်တောင် မစားရဘူး။ ဒီနေ့ နန်းတွင်း စားသောက်ပွဲမှာလဲ စားချင်စိတ်ကို လွှတ်မထားနိုင်ခဲ့ဘူး။ ဒီနေ့ညတော့ အားရပါးရ ဗိုက်ပြည့်အောင် စားပစ်ရမယ်”
သားသမီးများသည် တစ်ညီတစ်ညွတ်ထဲ ပြန်ဖြေလိုက်ကြပြီး လမင်းကြီးကို ဝန်းရံထားသည့် ကြယ်စုလေးများလို အုပ်စုလိုက်ဖွဲ့ကာ စားသောက်ခန်းသို့ သွားလိုက်ကြလေသည်။
လုလင်းက အပေါ်ဆုံးတွင် ထိုင်ပြီး လုမင်ယွိက အဖေဖြစ်သူ၏ ဘေးတွင် ထိုင်ကာ လုမင်ဖန်း၊ လုမင်ဟွား၊ လုမင်ယွဲ့နှင့် လုရွှမ်းတို့က အဆင်လိုက်တိုင်း ထိုင်လိုက်ကြသည်။ လုဖေးကတော့ ကျန်းကျုံးနှင့်အတူ တခြားဖက်တွင် ထိုင်လိုက်၏။
သာ့ပေါင်နှင့် ရှောင်းပေါင်တို့က အဘိုးဟု အော်ဟစ်ကာ ခေါ်ပြီး လုလင်း၏ ရှေ့သို့ တိုးဝင်လာကြသည်။ လုမင်ဖန်းမှာ မြန်မြန် ဆန်ဆန် ပြောရတော့သည်။ “သာ့ပေါင်၊ ရှောင်းပေါင် အဘိုးကို သွားမရှုပ်နဲ့လေ။ အမေ့ဖက်ကို လာခဲ့”
လုလင်းသည် မြေးဖြစ်သူများကို အလိုလိုက်ရသည်ကို သဘောကျသဖြင့် ချက်ချင်းဆိုသလို ပြုံးကာ ပြောလိုက်၏။ “ငါ့မှာ ငါ့မြေးတွေကို မတွေ့ရတာ အရမ်းကြာသွားပြီ။ ခဏလောက် ပေးဆော့ထားလိုက်ပါအုံး။ ရပါတယ်။ နင်တို့သာ ကိုယ့်ဟာကိုယ် စားကြ။ ငါ့ကို စိတ်မပူကြနဲ့”
လက်ကြီးတစ်ဖက်ဖြင့် ကလေး ၂ယောက်စလုံးကို သူ့ပေါင်ပေါ်သို့ ခေါ်တင်ထားလိုက်ကာ ကလေးများ၏ စကားကို စိတ်ရှည်လက်ရှည်ဖြင့် နားထောင်ပေးနေလေသည်။
ဤသို့ပြုလုပ်နေရင်းကပင် သူသည် အစားစားခြင်းကိုလဲ မနှောင့်နှေးစေခဲ့ပေ။
အရသာရှိလှသည့် အစားအသောက် စားပွဲအပြည့် ခင်းကျင်းထားပြီး လုလင်း၏ တူများသည်လဲ အနည်းဆုံးထက်ဝက်ကို သူ၏ ပါးစပ်ထဲသို့ ပြန်သွင်းဝင်ရောက်သွားတော့သည်။ ထို့အပြင် လုလင်းသည် ဟင်းသီးဟင်းရွက် စားရသည်ကို မကြိုက်ရာ သူစားသမျှ အရာအားလုံးမှာ အသားများသာ ဖြစ်တော့၏။
လုမင်ယွိသည် ရင်းနှီးလှသည့် မြင်ကွင်းလေးကို ကြည့်ရင်း နွေးထွေးကာ ဝမ်းသာသလို ခံစားလိုက်ရ၏။ သူ့ကိုလဲ မကြာခဏဆိုသလို သတိပေးလေသည်။ “အဖေ အောင့်အီးမထားနဲ့နော်”
“အစာကြေဖို့အတွက် လုကျားကို ဟောသွန်းအသီးလုံးလေးတွေ ပြင်ဆင်ထားခိုင်းလိုက်မယ်” လုလင်းက စားရင်းသောက်ရင်းက ဆက်ပြောလိုက်သည်။ “ဒီလို အသားတွေ မစားရတာ လေတွေ တော်တော်တောင် ကြာသွားပြီ။ အရင်ဆုံး စားပြီးမှ ပြောကြတာပေါ့”
လုမင်ယွိ “...“
ဟုတ်ပါပြီလေ။
အဖေ ပျော်ရင်ပြီးတာပါပဲ။
...
ညစာစားပြီးသွားသောအခါ အားလုံးကလဲ လူစုခွဲလိုက်ကြပြီး သားအဖ ၂ ယောက် ပြန်လည်ဆုံစည်းချိန်အတွက် စဉ်းစားပေးကြကာ ထွက်ခွာလာခဲ့ကြတော့သည်။
လုလင်းသည် တိုက်ခိုက်ခြင်းကိုသာ သိသည့် စစ်သည်တစ်ဦး မဟုတ်ချေ။ သူ၏ အားလပ်ချိန်တွင် စစ်ရေးကျမ်းစာအုပ်များကို ဖတ်ရှုရသည်ကို သဘောကျသည့်အပြင် အထွေထွေဗဟုသုတစာအုပ်များနှင့် ပြဇာတ်စာအုပ်များကိုလဲ ဖတ်ရှုရသည်ကို သဘောကျလေသည်။ ကြီးမားလှသည့် စာကြည့်ခန်းထဲတွင် စာအုပ်စင်များစွာကလဲ ပြည့်လျှံလို့နေ၏။
လုလင်းသည် ဒီနေ့ညတွင် အသားကို အလွန် ကောင်းကောင်းမွန်မွန်စားသုံးခဲ့သည်။ ဤတစ်ချိန်တွင်တော့ သူသည် ဟောသွန်းအသီး ထည့်ထားသည့် အိုးတစ်လုံးကို ကိုင်ကာ တစ်ချိန်လျှင် တစ်ကိုက်လောက် ကိုက်စားပြီး သက်သောင့်သက်သာဖြင့် တမြုံ့မြုံ့စားလို့နေ၏။
သူက မော့ကြည့်လိုက်ချိန်တွင်တော့ သမီးဖြစ်သူက သူ့ကို စူးစိုက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုအကြည့်သည် စိတ်အားထက်သန်ပြီး ရှုပ်ထွေးလို့နေ၏။
သူ့ကို နှစ်ပေါင်းများစွာ မတွေ့ရသကဲ့သို့ပင်။
လုလင်းကလဲ အသံထွက်ကာ ရယ်မောလေ၏။ “ရှောင်ယွိ အဖေ့ကို ဘာဖြစ်လို့ ဒီလို ကြည့်နေတာလဲ။ မတွေ့ရတာ လ အနည်းငယ်ပဲ ရှိပါသေးတယ်။ အဖေ့ရဲ့ ရုပ်ရည်ကိုတောင် မမှတ်မိတော့ဘူးလား!”
ထိုသို့ပြောလိုက်ပြီးနောက် သူသည် အားရပါးရ ရယ်မောလိုက်လေသည်။
လုမင်ယွိ၏ နှာခေါင်းမှာ မသိမသာမွှန်ထူသွားပြီး ခပ်တိုးတိုးလေး ပြောလိုက်၏။ “အဖေ!”
လုလင်းက နှာခေါင်းဖြင့် အင်းဟု ပြန်ထူးလိုက်ကာ နောက်ထပ် ဟောသွန်းအသီးတစ်လုံးကို ကိုက်ယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်၏။ ဟောသွန်းအသီးသည် ချိုချဉ်အရသာလေးဖြစ်နေကာ အလွန် အရသာရှိလွန်းလှသည်။
ခဏလောက် စောင့်ဆိုင်းပြီးနောက်တွင် လုမင်ယွိက စကားထပ်မပြောရသေးခင်မှာပင် လုလင်းသည် အနည်းငယ် အံ့အားသင့်သွားကာ သူ့လှုပ်ရှားမှုများကို ရပ်တန့်ထားလိုက်ပြီး “ရှောင်ယွိ သမီးရဲ့ စိတ်ထဲမှာ ပြောစရာရှိလို့လား”
လုမင်ယွိက ခေါင်းငြိမ့်ပြလိုက်ကာ “ဟုတ်တယ်။ သမီးမှာ အဖေ့ကို ပြောပြစရာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်”
တောက်ပနေသည့် ဖရောင်းတိုင် အလင်းရောင် အောက်တွင် လုမင်ယွိ၏ အမူအရာမှာ တည်ငြိမ်နေပြီး သူမ၏ မျက်ဝန်းများကလဲ နက်ရှိုင်းကာ လေးနက်လို့နေလေသည်။
ဤကဲ့သို့သော သမီးဖြစ်သူကို အနည်းငယ် စိမ်းသက်လို့နေ၏။
လုလင်း၏ ရင်ထဲတွင် ရှင်းမပြတတ်အောင် လေးလံသွားပြီး သူက ဟောတွန်း အသီးသကြားလုံးဘူးကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်ကာ ထရပ်လိုက်ပြီး လုမင်ယွိရှေ့သို့ လျှောက်လာခဲ့လေသည်။ “ဘာဖြစ်လို့လဲ။ တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်လို့လား။ အဖေ့ကို ပြောလိုက်။ အဖေ သူ့ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး!”
လုမင်ယွိက စကားမပြောရသေးခင်မှာပင် လုလင်း၏ စိတ်ထဲ၌ လူငယ်လေးတစ်ယောက်ကို ဖျပ်ကနဲ မြင်ယောင်သွားတော့သည်။
ဒီနေ့ နန်းတော်စားသောက်ပွဲတွင် မင်းသား ၃ ယောက်လုံး တက်ရောက်ကြသည်။ အားလုံးရှေ့တွင် တတိယမင်းသားက အရင်ဆုံး သူ့ရှေ့သို့ ရောက်လာကာ ဂုဏ်ပြုအရက် တိုက်ခဲ့လေသည်။ အားလုံးက ဘာမှ မပြောကြသော်ငြားလည်း သူတို့၏ မျက်လုံးထဲတွင်တော့ သဘောကျနေသည့် အရိပ်အယောင်လေး တစ်ခုရှိနေသည်မှာ ရှင်းလင်းလို့ နေ၏။
အဖေအရင်းတစ်ယောက် အနေဖြင့် မိမိ၏ သမီးကို လိုချင်တပ်မက်နေသည့် ယောက်ျားတစ်ယောက်က ချဉ်းကပ်လာသည်ကို မြင်ရသောအခါ စိတ်ထဲတွင်တော့ နည်းနည်းလေး ရှုပ်ထွေးသွားခဲ့သည်။ လုလင်းကတော့ တည်တည်ငြိမ်ငြိမ် အရက်ကို သောက်ပြီး တတိယမင်းသားကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ကာ စကားအများကြီးတော့ မပြောလိုက်ချေ။
ယခုအချိန်တွင် ရှောင်ယွိကလဲ လီဟောက်အကြောင်းကို တမင်တကာ ထုတ်ပြောလာသည် ဖြစ်သဖြင့် သူမသည် လက်ထပ်ဖို့ရန် အလျင်လိုနေခြင်းများလား။
လုလင်းသည် ရင်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရကာ မေးလိုက်တော့သည်။ “သမီးက လီဟောက် အကြောင်း ပြောချင်လို့လား”
လုမင်ယွိက ခပ်တိုးတိုး ပြန်ညည်းလိုက်၏။
လုလင်း၏ ရင်ထဲတွင် ပိုပိုပြီး ဝမ်းနည်းလာကာ ခပ်တိုးတိုး နှာခေါင်းရှုံ့ကာ ပြောလေတော့သည်။ “ဒီကောင်စုတ်လေးမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာ ငါ သိသားပဲ။ လွန်ခဲ့တဲ့ ၂ နှစ်ကတဲက သူ့ကို တွေ့လိုက်ကတဲက သူက သမီးရဲ့ ဒုတိယအစ်ကိုကို တမင်တကာ ရင်းနှီးအောင်လုပ်ပြီး ငါတို့ လုမိသားစုကို မျက်နှာပြောင်တိုက်ပြီး လာခဲ့တာ”
“သူ့ရဲ့ အဆင့်အတန်းက သာမန်ဆိုရင်လဲ ထားပါတော့။ ဒါပေမဲ့ သူက မင်းသားတစ်ယောက်။ သူ့ရဲ့အမေအရင်းက စူးကျောင်းရုံ၊ နိမ့်ပါးတဲ့ နောက်ခံမျိုးရိုးကနေလာတာ။ အဖေ့အမြင်အရတော့ သူ သမီးကို သဘောကျနေတယ်။ ဒါပေမဲ့ သမီးရဲ့အဖေက ကြီးမားတဲ့ စစ်တပ်ကြီးကို ထိန်းချုပ်ထားတဲ့ ရှင်းယန်ဝမ်သာ မဟုတ်ဘူးဆိုရင် သူက အဲလောက်တောင်မှ ဇွဲရှိမှာမဟုတ်ဘူး...“
“အဖေ ပြောတာ မှန်ပါတယ်” လုမင်ယွိသည် မျှော်လင့်မထားဘဲ ခေါင်းငြိမ့်ကာ ထောက်ခံလာလေသည်။ “သမီးလဲ ဒါကို သဘောပေါက်ပြီးသားပါ။ သမီးလဲ ကြင်ရာတော်တစ်ပါး မဖြစ်ချင်ပါဘူး။ ထီးနန်းလုပွဲက သမီးတို့ လုမိသားစုတွေ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး”
လုလင်း “...“
နောက်ပြောမည့် စကားလုံးများမှာ သူ့လည်ချောင်းထဲတွင် ရုတ်တရက် တစ်ဆို့သွားလေတော့သည်။
လုမင်ယွိက လုလင်းကို တည်တည်ငြိမ်ငြိမ် ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။ “အရှင်မင်းကြီးက နန်းတော်ကို ပြန်ရောက်လာတဲ့အခါ မိဖုရားခေါင်က မင်းသား တော်တော်များများရဲ့ လက်ထပ်ပွဲကိစ္စကို ထုတ်ပြောလာလိမ့်မယ်။ စူးကျောင်းရုံတို့ သားအမိကလဲ လုမိသားစုနဲ့ လက်ထပ်ပေးဖို့ အရှင်မင်းကြီးကို သေချာပေါက် တောင်းဆိုလိမ့်မယ်”
“တကယ်လို့ အရှင်မင်းကြီးကသာ လက်ထပ်ထိမ်းမြားပေးဖို့ ဆန္ဒရှိတယ်ဆိုရင် သူက အဖေ့ကို မေးလာလိမ့်မယ်။ အဖေက အရှင်မင်းကြီးကို ကိုယ့်ရဲ့ စိတ်ရင်းအမှန်ကို ပြသရမယ်။ လုမိသားစုက တော်ဝင်မိသားစုနဲ့ လက်ဆက်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာမျိုးပေါ့”
လုလင်းမှာ အထိတ်တလန့် ဖြစ်သွားကာ လွှတ်ကနဲ မေးလိုက်လေသည်။ “ရှောင်ယွိ သမီး တကယ်ပြောနေတာလား!”
လုမင်ယွိသည် တည်ငြိမ်နေသည့် ရုပ်ကလေး ဖြစ်နေကာ “သမီးက ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘယ်လိုလုပ်ပြီးတော့ ရယ်စရာလုပ်ပြီး ပြောမှာလဲ”
လုလင်း၏ စိတ်ထဲတွင် အနည်းငယ်ရှုပ်ထွေးသွားတော့၏။ “ခဏနေအုံး။ အခု အဖေ့စိတ်ထဲမှာ ရှုပ်ထွေးသွားပြီ။ ဒီကိစ္စကို စဉ်းစားရအုံးမယ်”
“ရှောင်ယွိ သမီး အဲဒီ လီဟောက်ဆိုတဲ့ ကောင်စုတ်လေးကို အမြဲတမ်း သဘောကျလာခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီးတော့ သူ့ကို လက်ထပ်ဖို့ ရုတ်တရက် ငြင်းဆန်ရတာလဲ”
“အဖေက သမီးကို စောစောစီးစီး အိမ်ထောင်ပြုပေးဖို့ နှမြောတာမှန်တယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက် အရွယ် ရောက်လာတဲ့အခါ အိမ်ထောင်ပြုရမှာပဲလေ။ စူးကျောင်းရုံကို ထားလိုက်ပါ။ လီဟောက်က သမီးနဲ့ ထိုက်တန်ပါတယ်။ တကယ်လို့ သမီးက ဒီအိမ်ထောင်ရေးကို လက်လွှတ်လိုက်မယ်ဆိုရင် နောက်ပိုင်း သင့်တော်တဲ့ ခင်ပွန်းတစ်ယောက် ရှာမတွေ့ရင် ဘယ်လိုလုပ်မှာလဲ”
လုလင်းသည် နားဝင်းဆိုးဆိုး စကားကို ထုတ်ပြောခဲ့ပြီးနောက်တွင် ချက်ချင်းဆိုသလို ဆုံးဖြတ်ချက် ချလိုက်တော့သည်။ “လုမိသားစုက ထီးနန်းလုပွဲထဲမှာ ပါဝင်ပတ်သက်လာမှာဆိုးလို့ သမီးက လီဟောက်ကို လက်မထပ်ချင်တာလား။ ရှောင်ယွိ သမီးက လီဟောက်ကို သဘောကျတယ်ဆိုမှတော့ သူ့ကို လက်ထပ်လိုက်လဲ ကိစ္စမရှိပါဘူး”
“အဖေ ဒီမှာ ရှိနေသ၍ ဘယ်သူမှ မင်းကို အနိုင်ကျင့်လို့ မရဘူး!”