အခန်း (၂၃)
Vol. 2 Ch. 23
အပိုင်း (၂၃)
သမီးရဲ့ အဖေရှိနေ၍ ဘယ်သူမှ သမီးကို အနိုင်ကျင့်လို့ မရဘူး!
တိုတောင်းလှသည့် စကားတစ်ခွန်းထဲနှင့် လုလင်းသည် ပြတ်ပြတ်သားသား ပြောလိုက်ပြီး သမီးဖြစ်သူကို အလွန် လွှမ်းမိုးနိုင်စွမ်းရှိသည့် ထောက်ခံမှုတစ်ခုကို ပေးခဲ့သေးသည်။
သာ့ဝေတိုင်းပြည်၏ မျိုးရိုးမတူသည့် ပထမဦးဆုံး ဝမ်ရယ်နှင့် အရဲအရင့်ဆုံး အကျော်ကြားဆုံး စစ်သူကြီးတစ်ယောက် အနေဖြင့် သူ၏ လက်အောက်တွင် ရှင်းယန်စစ်သည်အင်အား ၆ သောင်းနှင့် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည့် စစ်သူကြီး များစွာ ရှိလေသည်။ သူသည် ဧကရာဇ်၏ ယုံကြည်မှုကို ရရှိထားခဲ့ပြီး စစ်မြေပြင်တွင်လဲ ကြီးမားသည့် အောင်မြင်မှုများကို ရရှိထားခဲ့သည်။
ထို့ကြောင့် လုလင်းသည် သူ၏ ကိုယ်ပိုင် လွှမ်းမိုးနိုင်စွမ်းရှိသည့် အရည်အချင်းနှင့် ယုံကြည်မှုတို့ ရှိသည်မှာလဲ သဘာဝပင်။
လုမင်ယွိ၏ ရင်ထဲတွင်တော့ ပူနွေးသည့် လှိုင်းတစ်ခု ပေါက်ထွက်လာတော့၏။
“အဖေ အဖေပြောချင်တဲ့စကားကို သမီး သိပါတယ်” လုမင်ယွိက သူမ၏ လေသံကို ပျော့ပြောင်းထားလိုက်ကာ “ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ချောင်မိဖုရားခေါင်က နန်းတွင်းထဲမှာ စားသောက်ပွဲတစ်ခု ကျင်းပခဲ့တယ်လေ။ သမီးလဲ နန်းတွင်း စားသောက်ပွဲကို တက်ဖို့ ဖိတ်စာကို ရရှိခဲ့ပြီး နန်းတော်ထဲကို ဝင်ခဲ့တယ်”
“နန်းတော်ထဲက လူတိုင်းက ဟန်ဆောင်ကောင်းကြတယ်။ သမီးက အဲဒါတွေကို ကျင့်သားမရနေဘူး။ အားလေး နည်းနည်း သုံးလိုက်တာနဲ့ စူးကျောင်းရုံကို အထိတ်တလန့် ဖြစ်သွားစေပြီး ချောင်မိဖုရားခေါင်ကို ဒေါသထွက်အောင် လုပ်မိခဲ့တယ်”
“သမီးသာ လီဟောက်နဲ့ လက်ထပ်ရမယ်ဆိုရင် သမီးရဲ့ စိတ်နေစိတ်ထားကိုလဲ ထိန်းချုပ်ထားရမယ်။ နူးညံ့သိမ်မွေ့ယဉ်ကျေးပြီး နုနယ်တဲ့ ပုံစံလဲ ဟန်ဆောင်ထားရမယ်။ ရိုးသားမှုမရှိဘဲ အပေါ်ယံဆန်တဲ့ စကားလုံးတွေကို ပြောရမယ်။ ဒါက သမီးလိုချင်တဲ့ဘဝမျိုး မဟုတ်ဘူး”
“အဲဒီနေ့က စပြီး သမီးက တော်ဝင်မိသားစုထဲကို ချွေးမတစ်ယောက်အဖြစ် ဘယ်တော့မှ လက်ထပ်ပြီး ဝင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တာ”
လုလင်း၏ အရှေ့တွင် လုမိသားစုက အိမ်ရှေ့စံအတွက် နန်းလုပွဲ ပါဝင်မှာ မဟုတ်ပါဟု ပြောခဲ့မည်ဆိုလျှင် အဖေဖြစ်သူ၏ သမီးအပေါ်ထားသည့် ချစ်ခြင်းမေတ္တာကို ထောက်ချင့်လျှင် သူသည် သမီးဖြစ်သူ၏ တစ်သက်တာ ပျော်ရွှင်မှုအတွက် သေချာပေါက် အလျှော့ပေးပေလိမ့်မည်။
ထို့ကြောင့် သူမသည် တော်ဝင်မိသားစုနှင့် လက်ထပ်ပြီးနောက် အနိုင်ကျင့်ခံရခြင်း သို့မဟုတ် ဖယ်ကြဉ်ထားခံရခြင်းကို မလိုလားကြောင်း တမင်တကာ အလေးပေး ပြောဆိုခဲ့ခြင်းပင်။
မျှော်လင့်ထားသည့်အတိုင်းပင် လုလင်းသည် ဤစကားကို ကြားလိုက်ရသည့်အခါ သူ့သဘောထားမှာ အရင်ကလောက် ခိုင်မာခြင်း မရှိတော့ချေ။ “ရှောင်ယွိ နန်းတော်စားသောက်ပွဲမှာ သမီးကို သဘောမကျကြဘူးတဲ့လား”
လုမင်ယွိက တမင်တကာ သက်ပြင်းချလိုက်ကာ “အဲလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့တွေက သမီးကို ကြည့်နေတဲ့ အကြည့်က ဘီလူးတစ်ကောင်ကို ကြည့်နေသလိုပဲလေ”
လုလင်းမှာ ဒေါသထွက်သွားလေတော့သည်။ “ဟွန့်! သူတို့အားလုံးမှာ မျက်လုံး မရှိကြဘူးလား။ ငါ့ သမီးက မွေးရာပါ နတ်အစွမ်းနဲ့ မွေးဖွားလာခဲ့တာ။ သိုင်းပညာအရည်အချင်းက လောကကြီးထဲက ကလေးတွေ အားလုံးထက်တောင် ပိုပြီး သာသေးတယ်။ လီဟောက်က ဘယ်သူမလို့လဲ။ သမီး သူ့ကို သိုင်းကွက် ၁၀၀ အတွင်းမှာ မြေကြီးထဲမှာ လူးလိမ့်သွားအောင် တိုက်ခိုက်ပစ်နိုင်တယ်!”
“ထားလိုက်ပါ။ လက်မထပ်ရရင်ဘဲ ဟုတ်နေပါပြီ။ မနက်ဖြန် အဖေ နန်းတော်ထဲ ဝင်တဲ့အခါ အရှင်မင်းကြီးက လက်ထပ်ပွဲ အကြောင်း ပြောချင်တယ်ဆိုရင် သမီးကို နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ပြီး ခေါ်ထားချင်သေးတယ်လို့ပဲ သူ့ကို ပြောလိုက်မယ်...“
“အဲလို ပြောလို့ မဖြစ်ဘူး” လုမင်ယွိ၏ မျက်လုံးများသည် လင်းလက်သွားပြီး သူမက စကားကို ဆက်ကာ ပြောလိုက်လေသည်။ “တကယ်လို့ အဖေကသာ သမီးကို လက်ဖက်ပေးဖို့ မလိုလားဘူးလို့ ပြောလိုက်မယ်ဆိုရင် အရှင်မင်းကြီးက အရင်ဆုံး စေ့စပ်ပွဲ လုပ်ပေးလာလိမ့်မယ်။ နောက်ပြီး နှစ်အနည်းငယ်လောက် စောင့်ပြီးရင် လက်ထပ်ရမှာပဲ။ အဖေက အဲဒီအခါကျရင် ဘယ်လိုလုပ်ပြီး ငြင်းမှာလဲ”
ဤစကားကလဲ အမှန်ပင်။
လုလင်းက ခဏလောက် စဉ်းစားလိုက်ကာ “မဟုတ်ရင်လဲ အဖေက သမီးအတွက် မင်္ဂလာကိစ္စတစ်ခု စီစဉ်ထားပြီးပြီလို့ ပြောလိုက်ရမလား”
“ဒါလဲ မဟုတ်သေးဘူး” လုမင်ယွိက ထိုကိစ္စကို ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ “အဖေက စစ်တပ်ကို ဦးဆောင်ပြီးတော့ တိုက်ခိုက်နေတာ။ သမီးအတွက် လက်ထပ်ထိမ်းမြားမဲ့ကိစ္စ စီစဉ်ပေးဖို့ ဘယ်မှာ အချိန်ရှိမှာလဲ။ အရှင်မင်းကြီးက ဒီအကြောင်းကို ကြားသွားရင် အဖေက ဆင်ခြေပေးနေတယ်ဆိုတာ သိသွားလိမ့်မယ်။ ဒီအပြင် အရှင်မင်းကြီးက တစ်ဖက်လူက ဘယ်သူလဲလို့ မေးလာခဲ့ရင်ကော။ အဖေက ဘာပြောမှာလဲ”
ဤအကြောင်းပြချက်သည်လဲ စေ့စေ့စပ်စပ် စုံစမ်းခြင်းကို ခံနိုင်ရည် မရှိဘဲ အလွယ်တကူ ဖော်ထုတ်ခံရနိုင်သည်။
လုလင်းမှာ ခဏလောက် လေးလေးနက်နက် စဉ်းစားလိုက်ပြီး “ဒါဆိုရင် ဘယ်လိုလုပ်ရမှာလဲ”
လုမင်ယွိက ပြုံးကာ လုလင်း၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်လေသည်။ “... အဲဒီအချိန်ကျရင် အဖေက ရိုးသားချင်ဟန်ဆောင်လိုက်။ ဒါမှ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ရနိုင်မှာလေ”
လုလင်း၏ မျက်လုံးများမှာ လင်းလက်သွားကာ သွားများပေါ်သည်အထိ ပြုံးရယ်လိုက်တော့သည်။ “စိတ်ချ! အဖေ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း စာအုပ်တွေ ဖတ်ခဲ့တာ အလကား မဟုတ်ဘူး။ အရှင်မင်းကြီး မေးလာရင် မျက်ရည်တွေ ကျလာအောင် လုပ်ပြမယ်လို့ ကတိပေးတယ်။ အရှင်မင်းကြီးကို စိတ်လှုပ်ရှားသွားစေပြီး နေရာတင် ငိုချပြလိုက်မယ်”
လုမင်ယွိမှာ ထိုရယ်စရာ စကားကြောင့် အသံထွက်ကာ ရယ်မောမိလေတော့သည်။
ဒါသည် သူမ ပြန်လည်မွေးဖွားလာပြီးကတဲက ပထမဦးဆုံးအကြိမ် အတောက်ပဆုံး ပြုံးခဲ့ခြင်းပင်။
လုလင်းသည် ပြုံးရယ်နေသည့် သမီးဖြစ်သူကို ကြည့်လိုက်ပြီး အလွန် စိတ်ချမ်းသာသွားတော့၏။ ကြင်ရာတော်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် လက်ထပ်ချင်တဲ့သူ လက်ထပ်ပါစေ။ သူ့စိတ်ထဲမှာတော့ သမီးဖြစ်သူရဲ့ ပျော်ရွှင်မှုထက် ပိုအရေးကြီးတာ ဘာမှ မရှိဘူး။
...
နန်းတွင်း စားသောက်ပွဲသည်လဲ ယခုအချိန်တွင် ပြီးဆုံးခါနီးနေပြီဖြစ်၏။
အပေါ်ဆုံးတွင် ထိုင်နေသည့် ယုံးကျားဧကရာဇ်သည် မြင့်မားတန်ခိုးကြီးကာ ဧကရာဇ်တစ်ပါး၏ ကြည်ညိုဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထား၏။
ယနေ့ည နန်းတွင်း စားသောက်ပွဲသည် မိသားစုစားသောက်ပွဲတစ်ခု ဖြစ်လေသည်။ တက်ရောက်လာကြသည့် သူများမှာလဲ ယုံးကျားဧကရာဇ်၏ ဇနီးများ၊ ကိုယ်လုပ်တော်များ သို့မဟုတ် သားများ၊ ချွေးမများ၊ သမီးများ၊ သားမက်များ ဖြစ်ကြသည်။ ယုံးကျားဧကရာဇ်သည် အောင်ပွဲနှင့်အတူ ပြန်ရောက်လာခဲ့ပြီး စိတ်အခြေအနေကောင်းမွန်နေ၏။ သူသည် ဒီနေ့ညတွင်တော့ သေရည်များစွာ သောက်သုံးခဲ့လေသည်။
တစ်ဦးတည်းသော ပျက်ကွက်သူမှာ ဒဏ်ရာရနေသည့် ဒုတိယမင်းသားသာ ဖြစ်၏။
ချောင်မိဖုရားခေါင်သည် ဒုတိယမင်းသား၏ ဒဏ်ရာအကြောင်းကို စဉ်းစားမိပြီး ဒီအချိန်တွင် ထုတ်ဖော်ပြောဆိုဖို့ရန် မသင့်ကြောင်း သိနေ၏။ သူမက အပြုံးဖြင့် သေရည်ခွက်ကို မြှောက်လိုက်ကာ “အရှင်မင်းကြီးက ဒီတစ်ကြိမ်လဲ သူပုန်တွေကို အောင်အောင်မြင်မြင် ဖိနှိပ်နိုင်ခဲ့တယ်။ သာ့ဝေအတွက် နောက်ထပ် မြို့ ၂ မြို့ကို ထပ်ပြီးတော့ ဖြည့်တင်းနိုင်ခဲ့တယ်။ မြို့ ၂ မြို့က ပြည်သူတွေကလဲ သာ့ဝေတိုင်းပြည်ကို ပြန်ရောက်လာနိုင်ပြီး အေးအေးချမ်းချမ်း ကျေကျေနပ်နပ်နဲ့ အလုပ်လုပ်ရင်း နေထိုင်သွားနိုင်ကြပြီ။ သူတို့တွေက သူပုန်တွေရဲ့ ဆူပူသောင်းကျန်းမှုကို ခံစားရတော့မှာ မဟုတ်ဘူး။ ပန်ကုံးနဲ့ ကိုယ်လုပ်တော်တွေကလဲ အရှင်မင်းကြီးကို ဒီတစ်ခွက်နဲ့ ဂါရဝပြုပါတယ်”
ဤစကားလုံးများသည် အမှန်ပင် နားဝင်ချိုလှလေသည်။
ယုံးကျားဧကရာဇ်က ဝမ်းသာအားရဖြင့် ပြုံးလိုက်ကာ “ကောင်းပြီ။ ကျန်းက မိဖုရားခေါင်ရဲ့ ဒီတစ်ခွက်ကို လက်ခံလိုက်မယ်”
ချောင်မိဖုရားခေါင်၏ လက်ထဲက သေရည်ခွက်ကို မချရသေးခင်မှာပင် မုန့်ကွေ့ဖေးက ပြုံးကာ သေရည်ခွက်ကို မြှောက်လိုက်ပြီး “ချဲ့ကလဲ အရှင်မင်းကြီးကို တစ်ခွက်ဂုဏ်ပြုပါတယ်။ အရှင်မင်းကြီးက အောင်ပွဲဆင်နိုင်ပြီး ပြည်မကြီးကို ပေါင်းစည်းနိုင်ဖို့ လက်တစ်ကမ်းအကွာမှာပဲ လိုပါတော့တယ်။ အရှင်မင်းကြီး ထာဝရတည်တံ့မဲ့ တိုင်းပြည်တစ်ခု တည်ထောင်နိုင်ပါစေ”
မုန့်ကွေ့ဖေး၏ စကားလုံးများမှာ ယုံးကျားဧကရာဇ်၏ ဆန္ဒများနှင့် ပိုပြီး ကိုက်ညီနေသည်မှာ သိသာလေသည်။
ယုံးကျားဧကရာဇ်က ရယ်မောလိုက်လေ၏။ “ကောင်းပြီ။ အိုက်ဖေး(ချစ်ရတဲ့ မိဖုရား)က ပြောတာ ကောင်းလိုက်တာ။ ကျန်းလဲ ဒီတစ်ခွက်ကို သောက်လိုက်မယ်။ ဒီလို တိုင်းပြည်ကြီးကို တတ်နိုင်သမျှ မြန်မြန်တည်ထောင်နိုင်ဖို့ မျှော်လင့်တယ်”
မုန့်ကွေ့ဖေးသည် နှုတ်ခမ်းများကို ကွေးထားလိုက်ကာ ခပ်တိုးတိုးရယ်မောလိုက်ပြီး သေရည်ကို တစ်ငုံလောက် သောက်လိုက်ပြီးနောက် သူမ၏ စွဲမက်ဖွယ်အကြည့်လေးက ယုံးကျားဧကရာဇ်၏ မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။
ယုံးကျားဧကရာဇ်သည် ယမကာအရသာကို ခံစားနေနှင့်ပြီးသားဖြစ်ကာ ဒီတစ်ကြိမ်တွင် စွဲမက်ဖွယ်ကောင်းလှသည့် မိဖုရားကို မြင်လိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ နွေးထွေးသွားတော့၏။
ချောင်မိဖုရားခေါင် “...“
ငါ့ရှေ့မှာ ဒီလောက် ချစ်ခင်ကြင်နာတဲ့ပုံစံ ပြနေကြတယ်။ မိဖုရားခေါင်က သေသွားပြီလို့များ ထင်နေကြတာလား။ အရှင်မင်းကြီးက သူ့ရဲ့စစ်တပ်နဲ့ ပြန်ရောက်လာတယ်။ ထုံးစံအတိုင်း ညဖက်မှာ ကျောင်းဖန်နန်းဆောင်မှာ နေရမှာလေ။
တကယ်လို့ ဒီနေ့ည ယုံးကျားဧကရာဇ်ကို မုန့်ကွေ့ဖေးကသာ ဆွဲပြီး ယန်ရှီနန်းဆောင်ကို ခေါ်သွားမယ်ဆိုရင် ချောင်မိဖုရားခေါင်ရဲ့ မျက်နှာကို ဘယ်နားသွားထားရမှာလဲ။
ချောင်မိဖုရားခေါင်သည် ရင်ကွဲပက်လက်ဖြစ်သွားပြီး မုန့်ကွေ့ဖေးကို လှမ်းကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ခုနတုန်းက မုန့်ကွေ့ဖေး ပြောလိုက်တဲ့စကားက ဒီနန်းဆောင်ရဲ့ စိတ်နှလုံးထဲမှာ အရမ်းကို လေးစားဖွယ်ကောင်းပါတယ်။ လာ။ မုန့်ကွေ့ဖေးကို နောက်ထပ် သေရည်တစ်ခွက်နဲ့ ဂုဏ်ပြုပါတယ်!”
ချောင်မိဖုရားခေါင်ဘေးက နန်းတွင်းအပျိုတော်လေးသည် တလေးတစား အမိန့်ကို နာခံလိုက်ပြီး မုန့်ကွေ့ဖေးထံသို့ သေရည်တစ်ခွက် ယူဆောင်သွားလိုက်သည်တွင် ကံဆိုးချင်တော့ ယုံးကျားဧကရာဇ်၏ မြင်ကွင်းကို ကွယ်သွားစေတော့သည်။
ချစ်ခင်ကြင်နာနေသည့် အကြည့်များမှာ အလိုလို ပြတ်တောက်သွားတော့၏။
မုန့်ကွေ့ဖေး “...“
ချောင်မိဖုရားခေါင်သည် သူမ၏ အဆင့်အတန်းဖြင့် လူကို ဖိနှိပ်ထားခဲ့သဖြင့် မုန့်ကွေ့ဖေးမှာ အလွန်ဒေါသထွက်သွားပြီး ကျေးဇူးတင်စကား ပြောရန် ထရပ်လိုက်ကာ နန်းတွင်း အပျိုတော်လေးထံမှ အရက်ခွက်ကို လှမ်းယူလိုက်တော့သည်။
ချင်ဖေးက လက်ကိုင်ပုဝါဖြင့် သူမ၏ ပါးစပ်ကို အုပ်ထားလိုက်ကာ သူမ၏ နှုတ်ခမ်းထောင့်လေးမှာ မသိမသာ ကွေးတက်သွားလေသည်။ ထို့နောက်တွင်တော့ သူမကလဲ ထရပ်လိုက်ပြီး ညင်ညင်သာသာဖြင့် နှုတ်ခွန်းဆက်စကား ပြောလိုက်တော့၏။
ချင်ဖေးသည် ယုံးကျားဧကရာဇ်၏ မိခင်ဖက်က ဝမ်းကွဲတစ်ယောက်ဖြစ်ပြီး သူမသည် မယ်တော်ကြီးကျောက်ကို နေ့စဉ်နေ့တိုင်း အဖော်ပြုပေးလာခဲ့၏။ ယုံးကျားဧကရာဇ်သည် မိဘကို ရိုသေသည့် သားတစ်ယောက် ဖြစ်သဖြင့် သူသည် ချင်ဖေးကိုလဲ မတူညီသည့် ပုံစံတစ်ခုဖြင့် သဘောထားဆက်ဆံပေးလေသည်။
စူးကျောင်းရုံတစ်ယောက်မှာ အချိန်အကြာကြီး စိုးရိမ်တကြီး စောင့်ဆိုင်းလာခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ သူမ၏ အလှည့်သို့ရောက်လာခဲ့သည်။ သူမက ဒီအတိုင်း ထရပ်လိုက်သော်ငြားလည်း သူမ စကားမပြောရသေးခင်မှာပင် ယုံးကျားဧကရာဇ်က ပြောလာခဲ့သည်။ “ကျန်း ဒီနေ့ည အများကြီး သောက်ပြီးသွားပြီ။ ဒီနေ့တော့ ဒီမှာပဲ နားကြမယ်!”
စူးကျောင်းရုံ “...“
စူးကျောင်းရုံသည် အနည်းငယ်ရှက်ရွံ့သွားသည့် အပြုံးတစ်ခုဖြင့် ပြန်ဖြေရတော့၏။ “ချဲ့ သေသေချာချာလေး မစဉ်းစားမိခဲ့တဲ့အတွက် အရှင်မင်းကြီး အများကြီး သောက်ခဲ့မိသွားတယ်။ အရှင်မင်းကြီးလဲ အများကြီး ဆက်မသောက် နိုင်တော့ဘူး။ ကျေးဇူးပြုပြီးတော့ စိတ်မကွက်ပါနဲ့နော်”
ထိုသို့ပြောလိုက်ပြီးနောက် သူမကလဲ မြန်မြန်ပြန်ထိုင်ချလိုက်တော့သည်။
တစ်စုံတစ်ယောက်ကတော့ ခပ်တိုးတိုး ရယ်မောနေတော့၏။
သူမကို ဟားတိုက်နေသည့် အကြည့်များဖြင့် ကြည့်နေသည့် မျက်လုံးပေါင်း ဘယ်နှစုံရှိသည်ကို မသိတော့ချေ။
စူးကျောင်းရုံ၏ နားများမှာ ပူပြင်းသွားပြီး လှောင်ပြောင်သရော်ခံရကာ အရှက်ကွဲခံရသည့် ရင်းနှီးပြီးသား နာကြင်မှုကလဲ သူမ၏ တစ်ကိုယ်လုံးကို တိုးဝင်လာခဲ့တော့သည်။
သူမ၏ ယခင်ဘဝတွင် တစ်နှစ်ပြီးတစ်နှစ် ဤကဲ့သို့ သီးခံလာခဲ့ပြီး သူမ၏ ချွေးမတော် နန်းတော်သို့ ဝင်လာခဲ့ကာ သားဖြစ်သူက ထီးနန်းဆက်ခံခဲ့ပြီး သူမသည် မယ်တော်ကြီး တစ်ပါးဖြစ်လာသည့်အချိန်အထိပင်။
သူမကို အရှက်ခွဲခဲ့သူ သူမကို အထင်သေးခဲ့သူများ အားလုံးသည် သူမ၏ ခြေတော်ရင်းသို့ ဝပ်တွားခယခဲ့ရသည်။
သို့သော်ငြား ယခုအချိန်တွင်တော့ အရာအားလုံးက မူလနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
ချောင်မိဖုရားခေါင်၊ မုန့်ကွေ့ဖေး၊ ချင်ဖေး... ဤနက်ရှိုင်းလှသည့် နန်းတော်အတွင်းတွင် တစ်ယောက်ပြီးတစ်ယောက် “သေဆုံး” ခဲ့ကြရသည်။
ယခုတော့ ထိုသို့ မဟုတ်တော့ချေ။ မူလကထက် ပိုပြီးဆိုးရွားကာ ကြောက်စရာကောင်းပေလိမ့်မည်။
လုမင်ယွိသည် မုန်းတီးမှုအပြည့် ဖြစ်နေ၏။ တံခါးမှ ဖြတ်ဝင်လာသည်နှင့်ချက်ချင်း သူမနှင့် သူမ၏ သားငယ်တို့အတွက် ထွက်ပေါက်ရှိလာတော့မည် မဟုတ်ချေ။ သို့သော်ငြား ဒီရက်ပိုင်းအတွင်းတွင် သူမက ထိုအကြောင်းကို ပြောလာသည့် အချိန်တိုင်း လီဟောက်၏ သဘောထားကလဲ အလွန်ခိုင်မာလို့နေသည်။
ဤအရှုပ်ထုပ်ကို မည်သို့ ဖြေရှင်းရပါမည်နည်း။
...