သမီးယောက္ခမ
Vol. 2 Ch. 24
နန်းတော်စားသောက်ပွဲသည် ရွှီအချိန်အထိ မပြီးဆုံးသေးချေ။
ယုံးကျားဧကရာဇ်သည် ချောင်မိဖုရားခေါင်၏ ဂုဏ်သိက္ခာကို ထောက်ထားဆဲဖြစ်ပြီး ကျောင်းဖန်နန်းဆောင်တွင်သာ နေထိုင်ခဲ့သည်။
မုန့်ကွေ့ဖေးကတော့ သူမ၏ မျက်နှာပေါ်တွင် ပုံမှန်အပြုံးအတိုင်း ဆင်မြန်းထားဆဲဖြစ်ကာ ယန်ရှီနန်းဆောင်သို့ ပြန်ရောက်လာချိန်တွင်တော့ သူမ၏ မျက်နှာမှာ ညှိုးမှောင်သွားတော့သည်။ သူမ၏ အနီးအနားက နန်းတွင်းအစေခံမလေးများ အားလုံးကလဲ သခင့်၏ ဒေါသကို သိနေကြပြီး တုန်တုန်ယင်ယင် ဖြစ်နေကြကာ စကားတစ်ခွန်းမှပင် စိတ်ထင်သလို မပြောဝံ့ကြပေ။
ပထမမင်းသားနှင့် သူ၏ ကြင်ရာတော်တို့ ရောက်လာသည့် အချိန်ကျမှသာ မုန့်ကွေ့ဖေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်ပေါ်လာခဲ့သည်။
ပထမမင်းသားသည် သားဦးဖြစ်ပြီး သူချစ်မြတ်နိုးရသည့် အမျိုးသမီး၏ ကလေးလဲဖြစ်သည်။ ထို့ကြောင့် ယုံးကျားဧကရာဇ်က သူ့ကို အလွန်တရာ ချစ်ခင်မြတ်နိုး၏။ မင်းသားများကြားတွင် အကြီးဆုံးမင်းသားသည် ယုံးကျားဧကရာဇ်နှင့် အတူဆုံးဖြစ်ကာ အသားအရည် အနည်းငယ်ညိုပြီး ထောင့်ကျကျ မျက်ခုံးပုံများဖြင့် ချောမောသည်ထက် ပိုပြီး ခန့်ညားလေသည်။
ပထမမင်းသားကြင်ရာတော်လျန်သည် သေးသေးသွယ်သွယ် ခန္ဓာကိုယ်တစ်ခုရှိပြီး တောက်ပနေသည့် မျက်လုံး၊ ဖြူဖွေးသည့် သွားတန်းလေးများ ပိုင်ဆိုင်ထား၏။ သူမသည် ထိပ်တန်းအလှစာရင်းဝင်သူတစ်ယောက် မဟုတ်သော်ငြားလည်း သူမ၏ ကိုယ်ပိုင်အလှဖြင့် လှပလေသည်။
“ဒီလောက်နောက်ကျနေပြီ။ ဘာဖြစ်လို့ အိမ်တော်ကို စောစောပြန်ပြီးတော့ အနားမယူသေးတာလဲ” မုန့်ကွေ့ဖေးက ပြုံးကာဖြင့် ပထမမင်းသားကို ဆူပူမာန်မဲလိုက်၏။
အကြီးဆုံးမင်းသားသည် ဒီနေ့ညတွင် သေရည်အများကြီး သောက်ထားပြီး သူ့မျက်နှာကလဲ အနည်းငယ် နီရဲနေကာ ပြုံးကာဖြင့် ပြောလိုက်သည်။ “မူဖေးက အမြဲတမ်း ဒီလို စိတ်ထဲက မပါတဲ့စကားတွေပဲ ပြောနေတယ်။ မူဖေးက ကိုယ့်ရဲ့သားတော်ကို တွေ့ရတာ မပျော်လို့လား”
မုန့်ကွေ့ဖေးက ပြုံးကာဖြင့် သားဖြစ်သူကို လှမ်းရိုက်လေသည်။
သားအမိ၂ယောက်သည် အလွန်ချစ်ခင်ကြပြီး စကားလမ်းကြောင်းနေရန် အကြောင်းမရှိချေ။
မုန့်ကွေ့ဖေးက သွယ်ဝိုက်မနေတော့ဘဲ တည့်တိုးသာ မေးလိုက်တော့သည်။ “ခုနတုန်းက အသေးစိတ် မေးဖို့ အချိန်မရ လိုက်ဘူး။ ဒီတစ်ခါ စစ်ရေးအောင်မြင်မှုတွေ ရခဲ့ရဲ့လား။ ဒုတိယမင်းသားရော ဘယ်လိုလဲ”
ပထမမင်းသား ကြင်ရာတော်ကလဲ ဤကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်နေကာ လှလှပပ မျက်လုံးတစ်စုံဖြင့် သူမ၏ ခင်ပွန်းကို ငေးကြည့်လို့နေသည်။
အကြီးဆုံးမင်းသားက မျက်ခုံးများကို ပင့်ထားလိုက်ပြီး ယုံကြည်မှုနှင့် ထောင်လွှားမှုများကို ပြသလာ၏။ “ကျွန်တော်ကိုယ်တိုင် တပ်တွေကို ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့တယ်။ အောင်ပွဲအနည်းငယ် ရရှိခဲ့ပြီး ရန်သူ အယောက် ၂၀ ကျော်ကိုလဲ ခေါင်းဖြတ်နိုင်ခဲ့တယ်။ ဒုတိယညီတော်ကတော့ ဖုဟွမ်(ခမည်းတော်)က သူ့ကို စစ်သူကြီးလီနောက် လိုက်သွားဖို့ အမိန့်ပေးခဲ့ပြီး တိုက်ပွဲမဝင်ခဲ့ရဘူးလေ”
သာ့ဝေတိုင်းပြည်သည် ပြည်မကြီး၏ နယ်မြေတစ်ဝက်ကို သိမ်းပိုက်ထား၏။ သာ့ယန်နှင့် ချူတို့သည် မဟာမိတ် ဖွဲ့ထားသော်ငြားလည်း သာ့ဝေတိုင်းပြည်နှင့်တော့ မယှဉ်ပြိုင်နိုင်သလောက်ပင်။ ယုံးကျားဧကရာဇ်က ထောင်ပေါင်းများစွာသော စစ်တပ်ကို ဦးဆောင်ကာ သိပ်ပြီး အမည်မရှိလှသည့် “ပုန်ကန်နေကြသည့် သူပုန်များ” တချို့ကို နှိမ်နင်းဖို့ရန် စစ်ချီထွက်လာခဲ့ပြီး သူတို့ကို အလွယ်တကူဖမ်းဆီးနိုင်ခဲ့သည်။
အကြီးဆုံးမင်းသားကိုတော့ ကိုယ်ရံတော်ရဲမက် ရာချီအပြင် သူနှင့်အတူ လိုက်ပါလာသည့် ကွမ်းပင်းနယ်စားမင်း၏ အထူးစစ်သည်တော်များကလဲ စောင့်ရှောက်ပေးထားသည်။ စစ်မြေပြင်တွင် စစ်ရေးအောင်မြင်မှု ရရှိဖို့ရန် မခက်ခဲလှချေ။
စစ်သူကြီးလီကတော့ ထောက်ပံ့ရေး စစ်လက်နက်ပစ္စည်းများကို တာဝန်ယူရသည်။ ဒုတိယမင်းသားအတွက် စစ်တပ်နှင့်အတူ ပထမဦးဆုံးအကြိမ် ထွက်ခွာလာခြင်းဖြစ်ပြီး စစ်မြေပြင်သို့ သွားဖို့ရန်လဲ အခွင့်အရေး လုံးဝမရခဲ့ချေ။ အပြန်အလှန်တွင် သူသည် မြင်းပေါ်မှ ပြုတ်ကျကာ ဒဏ်ရာအနည်းငယ် ရခဲ့သေးသည်။
သူက နန်းတော်စားသောက်ပွဲကို မတက်တာလဲ အံ့ဩစရာမရှိတော့ပါဘူး။ သူတို့တွေနဲ့ မျက်နှာချင်းဆိုင်ရမှာ ရှက်နေလို့ကိုး။
မုန့်ကွေ့ဖေးက သူမ၏ နှုတ်ခမ်းထောင့်လေးကို ပင့်ထားလိုက်ကာ သူမ၏ မျက်ဝန်းများထဲတွင်လဲ ထီမထင်သည့် အပြုံးတစ်ခု ဖြတ်ပြေးသွားတော့သည်။ “ပြီးခဲ့တဲ့ လ အနည်းငယ်တုန်းက မိဖုရားခေါင်က ဒုတိယမင်းသားရဲ့ လုံခြုံရေးကိုပဲ စိုးရိမ်နေခဲ့တာ။ ထောက်ပံ့ရေးနဲ့ စစ်ရေရိက္ခာစီစဉ်ရတဲ့ အန္တရာယ်ကိုတောင် သူမစဉ်းစားခဲ့ဘူး”
ပထမမင်းသားသည် နှုတ်ခမ်းကိုစေ့ကာ အသာအယာ ရယ်မောလိုက်လေသည်။
မုန့်ကွေ့ဖေးက သူမ၏ စိတ်ထဲက မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုပြီးနောက်တွင် ပေါ့ပေါ့ပါးပါး မေးလာခဲ့သည်။ “ဒုတိယမင်းသားက ပြန်လာတဲ့လမ်းမှာ ဒဏ်ရာရခဲ့တယ်လို့ ကြားတယ်။ ပြင်းထန်လား”
အကြီးဆုံးမင်းသားက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “ကျွန်တော်လဲ မသိပါဘူး။ ဒုတိယညီတော်က ဒဏ်ရာရခဲ့ပြီးတဲ့နောက် တဲထဲမှာပဲ ပြန်လည်ကုသမှုယူနေပြီး ညဖက်ဆိုလဲ တဲထဲမှာပဲ နေနေတာ။ သူက ဘယ်သူနဲ့မှ တွေ့ဆုံဖို့ လက်မခံခဲ့ဘူးလေ။ ကျွန်တော်လဲ ၂ ခါလောက် သွားခဲ့ပါသေးတယ်။ ၂ ခါစလုံး ဝင်ခွင့်မရခဲ့ဘူး။ နောက်တော့လဲ မမေးတော့ပါဘူး။ စိတ်ပျက်စရာ ကောင်းတယ်”
မုန့်ကွေ့ဖေးက တီးတိုးပြောလာ၏။ “သူက ရှက်လို့ ကိုယ့်ဟာကိုယ် သတိထားနေတာ နေမှာပေါ့။ မင်း သူ့ကို လှောင်ပြောင်မှာကို စိုးရိမ်တာနေမှာ”
အကြီးဆုံးမင်းသားသည် သူ၏ သဘောထားကြီးမားမှုကို သတိလေးဖြင့် ထုတ်ပြလိုက်လေသည်။ “လူတွေလဲ မှားတတ်တယ်။ မြင်းကလဲ မှားတတ်တာပဲ။ တစ်ခါတစ်လေ မြင်းပေါ်က ပြုတ်ကျတာက ကြီးကြီးမားမား ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်က သူ့ကို ဘာဖြစ်လို့ လှောင်ပြောင်ရမှာလဲ”
မုန့်ကွေ့ဖေး၏ မျက်လုံးများသည် မသိမသာ လင်းလက်သွားကာ သူမက အဓိပ္ပာယ်ပါပါဖြင့် ပြောလာခဲ့သည်။ “နှလုံးသားက ဝမ်းဗိုက်နဲ့ ခြားနေတယ်လေ။ ဒီတော့ သူ့စိတ်ထဲမှာ ဘာတွေစဉ်းစားနေတာလဲဆိုတာကို မင်း ဘယ်သိမလဲ”
သားအမိနှစ်ယောက်သည် အပြန်အလှန်ကြည့်လိုက်ကြပြီးနောက် ဘာမှထပ်မပြောကြတော့ချေ။
ယုံးကျားဧကရာဇ်သည် အရွယ်ကောင်းဆဲဖြစ်ကာ မကြာခဏဆိုသလို စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်ထွက်တတ်သည်။ မှူးမတ်များကလဲ အိမ်ရှေ့စံအရာ တင်မြှောက်မည့်ကိစ္စကို ပညာသားပါပါဖြင့် မပြောကြဘဲ ယုံးကျားဧကရာဇ်ကလဲ အိမ်ရှေ့စံခန့်အပ်ဖို့ရန် ရည်ရွယ်ချက် လုံးဝမရှိချေ။
မင်းသားအများအပြားကလဲ အပေါ်ယံတွင်တော့ အတော်အတန် သင့်မြတ်စွာနေထိုင်ကြလေသည်။
မင်းသားများသည် တစ်နေ့တစ်ခြား ကြီးပြင်းလာသည်နှင့်အမျှ နန်းတော်အတွင်းက လူများကလဲ ကိုယ်ပိုင်အတွေးများ ရှိလာကြကာ ထီးနန်းလုပွဲ စတင်ဖို့ရန် အချိန်ကာလတစ်ခုသာ လိုတော့သည်။
ပထမမင်းသားကြင်ရာတော်လျန်က ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ “အချိန်လဲ နောက်ကျနေပြီ။ မူဖေးလဲ စောစောအနားယူသင့်ပါတယ်။ အာရှီ (ချွေးမ) မနက်ဖြန်ကျမှ မူဖေးကို လာနှုတ်ဆက်ပါမယ်”
မုန့်ကွေ့ဖေး၏ အပြုံးသည် မှေးမှိန်သွားပြီး ဟက်ဟက်ပက်ပက် မရှိလှဘဲ အင်းဟုသာ ပြန်ဖြေလိုက်လေသည်။
လျန်ရှီသည် စစ်သူကြီးလျန်၏ သမီးဖြစ်ပြီး အဆင့်အတန်းအရဆိုလျှင်တော့ သူမသည် ပထမမင်းသားကြင်ရာတော် တစ်ယောက်ဖြစ်လာဖို့ရန် စံနှုန်းမီရုံလောက်သာ ရှိပေသည်။
သို့သော်ငြား သာ့ဝေတိုင်းပြည်သည် ၈ နှစ်သာ ရှိသေးပြီး မုန့်ကွေ့ဖေးနှင့် ယုံးကျားဧကရာဇ်တို့သည် ငယ်ကျွမ်းဆွေများအဖြစ် အတူတကွ ကြီးပြင်းလာခဲ့ကြ၏။ သာ့ဝေတိုင်းပြည်က စစ်သူကြီး၏ အဆင့်အတန်းဇာစ်မြစ်မှာ အလွန်ရှင်းလင်းပေသည်။
စစ်သူကြီးလျန်သည် ယုံးကျားဧကရာဇ်၏ ကိုယ်ရံတော်တစ်ယောက် ဖြစ်ခဲ့ပြီး တစ်ကြိမ်တုန်းက သူ့သခင်အတွက် မြှားကို ပိတ်ဆို့ပေးခဲ့ဖူးသည်။ ယုံးကျားဧကရာဇ်က စစ်သူကြီးလျန်၏ သစ္စာရှိမှုအပေါ် ကျေးဇူးတင်ကာ သူ့ကို သူ၏ ကိုယ်ပိုင် စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ပေးခဲ့သည်။
ယုံးကျားဧကရာဇ် နန်းတက်လာသည့်အချိန်တွင် စစ်သူကြီးလျန်သည် နန်းစောင့်တပ် စစ်သူကြီးတစ်ယောက် ဖြစ်လာပြီး နန်းမြို့တော်ကို ကာကွယ်ပေးဖို့ရန် အရေးကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ရွှံ့များပေကျံနေရသည့် အစောင့်တစ်ယောက်၏ သမီးဖြစ်သူသည် သူမ၏ ချွေးမတစ်ယောက် ဖြစ်လာသည်တွင် မုန့်ကွေ့ဖေးသည် မည်သို့များ ကျေနပ်နိုင်ပါမည်နည်း။
သို့သော်ငြား ခြေထောက်များရွှံ့ပေနေသည့် ထိုအစောင့်သည် ယခုအချိန်တွင် တော်ဝင်နန်းစောင့်တပ်၏ ကြောက်မက်ဖွယ်ရာ စစ်သူကြီးတစ်ယောက်၊ စစ်အင်အားကို ချုပ်ကိုင်ထားသည့် အရှင်မင်းကြီး၏ လူယုံတော်တစ်ယောက် ဖြစ်လာခဲ့သည်။ ဤလက်ထပ်ပွဲကိုလဲ ယုံးကျားဧကရာဇ်ကိုယ်တိုင်က ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်၏။ မုန့်ကွေ့ဖေးမှာ မည်သို့ပင် မပျော်ရွှင်နိုင်ဖြစ်နေသည်မူ သူမသည် ချွေးမဖြစ်သူကို အောင့်အီးကာသာ အသိအမှတ်ပြုရလေတော့သည်။
လူအများရှေ့တွင်တော့ ချွေးမဖြစ်သူကို ရိုသေလေးစားပြီး သားသမီးဝတ္တရားကျေပွန်သည်ဟု ဟန်ဆောင်ကာ ချီးကျူးရပေမည်။
ဟွန့်!
အကြီးဆုံးမင်းသားကြင်ရာတော်ကလဲ သူမယောက္ခမဖြစ်သူ၏ အထင်သေးသည့် မျက်လုံးများကို မမြင်ချင်ဟန်ဆောင်ထားလိုက်ကာ တလေးတစား နှုတ်ဆက်လိုက်၏။ သူမသည် ထရပ်လိုက်သည့် အချိန်တွင် အကြီးဆုံး မင်းသားဖက်သို့ အသာအယာလေး ယိမ်းနွဲ့သွားလေသည်။
အကြီးဆုံးမင်းသားက သူ့ဇနီးဖြစ်သူ၏ လက်ကို အမြတ်တနိုး လှမ်းကိုင်လိုက်ပြီးနောက် နုနယ်နေသည့် လက်ဖဝါးလေးကို သူ၏ လက်ချောင်းဖျားများဖြင့် အသာအယာ ကုတ်ခြစ်လိုက်လေသည်။
လင်မယား၂ယောက်သည် အချိန်ကြာမြင့်စွာ ကွဲကွာခဲ့ရပြီးဖြစ်ကာ သူတို့၏နှလုံးသားများကလဲ တောက်လောင်နေကြပြီ ဖြစ်၏။ အကြီးဆုံးမင်းသားကြင်ရာတော်က ရှက်ရွံ့ကာ ခင်ပွန်းဖြစ်သူကို ရို့ရို့ကလေး လှမ်းကြည့်လိုက်လေသည်။
မုန့်ကွေ့ဖေး “...“
ကျေးဇူးမသိတတ်တဲ့ ကောင်စုတ်လေး!
မုန့်ကွေ့ဖေးမှာ သားဖြစ်သူ၏ အသုံးမကျသည့် အမူအရာကို မြင်ရချိန်တွင် ဒေါသထွက်လာပြီး စိတ်မရှည်တော့သဖြင့် လက်ဝှေ့ယမ်းကာ ပြောတော့သည်။ “တော်ပြီ။ နန်းတော်ထဲက ထွက်ပြီ မြန်မြန် ပြန်ကြတော့။ ဒီမှာ ငါ့ကို လာရှုပ်မနေနဲ့”
အကြီးဆုံးမင်းသားကတော့ သမီးယောက္ခမများကြားက ပြင်းထန်သည့် လှိုင်းလုံးများကို သတိမထားမိဘဲ အကြီးဆုံးကြင်ရာတော်မင်းသမီး၏ လက်ကို ဝမ်းသာအားရဆွဲကာ ထွက်သွားလေတော့သည်။
မုန့်ကွေ့ဖေးမှာ ချွေးမဖြစ်သူ၏ နောက်ကျောကို ဒေါသတကြီး စိုက်ကြည့်နေမိပြီး မနေနိုင်တော့ဘဲ နှာခေါင်းရှုံ့မိတော့၏။
...
ချန်းချန်နန်းဆောင်ထဲတွင်တော့ တိတ်ဆိတ်ငြိမ်သက်မှုများ ဖုံးလွှမ်းလို့နေသည်။
အသက် ၁၇ နှစ်၊ ၁၈ နှစ် အရွယ် ချောမောလှပသည့် အစေခံလေးတစ်ယောက်သည် တံခါးနားသို့ တိုးတိုးတိတ်တိတ် လျှောက်လာကာ တံခါးကို ညင်ညင်သာသာလေး ခေါက်လိုက်၏။ “အရှင်မင်းသား ဆေးသောက်ချိန် တန်ပါပြီ”
ဒုတိယမင်းသား၏ အိပ်ဆောင်ဖြစ်နေသည်ပင်။ ရှောင်ရှီးဟု ခေါ်သည့် ချောမောလှပကာ ချစ်စဖွယ်ကောင်းပြီး မျက်နှာဝိုင်းဝိုင်းလေးနှင့် အစေခံက ပုံမှန်အတိုင်း ဒုတိယမင်းသား၏ အဝတ်အစား၊ အစားအသောက်နှင့် နေ့စဉ် ဝေယျာဝစ္စများကို စောင့်ရှောက်ပေးရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်တွင် သခင်သည် စိတ်မကြည်မလင်ဖြစ်နေပြီး လူအများနှင့် စကားပြောဆိုရမည်ကိုလဲ မရွှင်မပျ ဖြစ်လို့နေသည်။
ရှောင်ရှီးကလဲ အထူးတလည် ဂရုစိုက်ကာ ပြုစုနေရသည်။
ခဏအကြာတွင် အသံတစ်ခုသည် တံခါးမှနေ၍ ထွက်ပေါ်လာ၏။ “ဆေးကို အရင်ချထားလိုက်!”
ဤအသံသည် နွေးထွေးကာ သာယာနာပျော်ဖွယ် ရှိထားပြီး အင်မတန် နားဝင်ချိုလှ၏။
မင်းသားများအားလုံးတွင် မတူညီသည့် စိတ်နေစိတ်ထားများ ရှိကြလေသည်။ အကြီးဆုံးမင်းသားက မျက်နှာသာအပေးခံရဆုံးဖြစ်ပြီး သူ၏ စိတ်နေစိတ်ထားကတော့ အပွင့်လင်းဆုံးဖြစ်၏။
တတိယမင်းသား၏ မွေးမိခင်သည် နိမ့်ပါးသည့် နောက်ခံမှ ဆင်းသက်လာခဲ့သဖြင့် သူသည် မျက်နှာသာပေးခြင်း မခံရချေ။ သူသည် ပြည်တွင်းရေးနှင့် စစ်ဖက်ရေးရာများတွင် အထူးတလည် ကျွမ်းကျင်နှံ့စပ်သော်ငြားလည်း ပုံမှန်ဆိုလျှင်တော့ အပြောအဆို အပြုအမူများတွင် အလွန် သိုသိုသိပ်သိပ်ရှိရသည်။
စတုတ္ထမင်းသားကတော့ ချောမောကာ ချစ်စဖွယ်ကောင်းလေသည်။
ပဉ္စမမင်းသားက ငယ်ရွယ်ပြီး အဖက်ဖက်တွင် သာမန်အရည်အချင်းသာရှိ၏။ တခြားသူများထက် ပိုသာသည့် တစ်ခုတည်းသောအရာမှာ သူ၏ စားချင်သောက်ချင်စိတ်ပင်။
ဒုတိယမင်းသားကတော့ သူတို့နှင့်မတူလှပေ။
ဒုတိယမင်းသား၏ မိခင်ဖက်က မျိုးရိုးသည် ပညာတတ်မိသားစုတစ်ခုအဖြစ် နာမည်ကြီးလေသည်။ ချောင်မိဖုရားခေါင်က ဣန္ဒြေသိက္ခာအပြည့်ရှိကာ တည်ကြည်ခန့်ညားပြီး ကိုယ့်ဟာကိုယ် ထိန်းချုပ်နိုင်စွမ်းရှိ၏။ ဒုတိယမင်းသား၏ စိတ်နေစိတ်ထားကိုလဲ လွှမ်းမိုးထားသည်။ သူသည်လဲ ဖြောင့်မတ်မှန်ကန်ကာ ယဉ်ကျေးသည့် လူရည်မွန်တစ်ယောက် ဖြစ်လေသည်။
ဗဟုသုတကြွယ်ဝပြီး နှိမ့်နှိမ့်ချချရှိကာ ဖော်ရွေပြီး လူကြီးလူကောင်းဆန်လှသည်။ ထိုသူမှာ ဒုတိယမင်းသားပင်။
ကံဆိုးချင်တော့ ကြီးမားသည့် အင်အားဖြင့် လောကကြီးကို အုပ်စိုးထားသည့် ယုံးကျားဧကရာဇ်သည် ဤသားတော်ကို သဘောမကျချေ။
ရှောင်ရှီးသည် တံခါးကို ညင်ညင်သာသာလေး တွန်းဖွင့်လိုက်ပြီး ဆေးပန်းကန်လုံးကို စားပွဲပေါ်တွင် တင်ထားလိုက်၏။ ထို့နောက်တွင်တော့ ဦးညွှတ်ကာ နောက်ကို တစ်လှမ်း ပြန်ဆုတ်လာခဲ့သည်။ သူက အပြင်ထွက်မည် ပြင်လိုက်ချိန်တွင် သခင့်ကို မော့ကြည့်လိုက်မိ၏။
ဖယောင်းတိုင် မီးရောင်သည် ဒုတိယမင်းသား၏ မျက်နှာပေါ်တွင် ခပ်ပါးပါး အလင်းနှင့်အမှောင် အလွှာလေးတစ်ခု ဖြာကျလို့နေ၏။ သူသည် သူ့မျက်နှာကို မမြင်ရဘဲ စူးရှကာ ခန့်မှန်းရခက်ခဲသည့် ထိုမျက်ဝန်းအစုံကိုသာ မြင်လိုက်ရတော့သည်။
...