← Chapters

ညီအစ်ကိုများ

Vol. 2 Ch. 25

ညီအစ်ကိုများ

Vol. 2 Ch. 25

ယိဟွားနန်းဆောင်အတွင်းတွင် ပြတ်တောင်းပြတ်တောင်း ငိုရှိုက်သံလေးများ ထွက်ပေါ်နေ၏။

“အားဟောက် သားလဲ ဒီနေ့ မြင်ခဲ့တယ် မဟုတ်လား။... ဒီနန်းတော်ထဲမှာ ဘယ်သူကမှ အမေ့ကို အလေးထားကြတာ မဟုတ်ဘူး။ မင်းရဲ့ ခမည်းတော်က မိဖုရားခေါင်ကို လေးစားတယ်။ ကွေ့ဖေးကို အလိုလိုက်တယ်။ ချင်ဖေးကို သနားတယ်။ အမေ့အလှည့်ကျတော့ အရက်ခွက်လေး ဆက်သဖို့တောင် အရည်အချင်းမရှိဘူး”

“အမေ အားလုံးရဲ့ရှေ့မှာ အရှက်ကွဲခဲ့ရတယ်။ သူတို့အားလုံးက အမေ့ကို ရယ်မောနေကြပြီ”

“ဒီနေ့ အရမ်းရှက်ရလွန်းလို့ မြေကြီးထဲတောင် တိုးဝင်ချင်စိတ်ပေါက်သွားမိတယ်”

စူးကျောင်းရုံသည် ခါးခါးသီးသီး ဝမ်းပန်းတနည်း ငိုကြွေးနေကာ မျက်ရည်များကလဲ တစ်စပြီးတစ်စ ကျဆင်းလာခဲ့သည်။

လီဟောက်သည် စိတ်မကောင်းဖြစ်သွားပြီး အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။ “မူချင်း မငိုပါနဲ့။ ဒီနှစ်တွေ တစ်လျှောက်လုံး သီးခံလာခဲ့ပြီးပြီပဲ။ နောက်ထပ် နှစ်နည်းနည်းလောက် သီးခံလိုက်ကြရအောင်ပါ!”

သီးခံတာကလွဲပြီး သူမကရော ဘာတတ်နိုင်မှာလဲ။

စူးကျောင်းရုံသည် ပုဝါတစ်စဖြင့် သူမ၏ မျက်ရည်များကို သုတ်လိုက်ကာ နီရဲနေသည့် မျက်လုံးများဖြင့် တီးတိုးပြောလာခဲ့သည်။ “အားဟောက် မင်းရဲ့ ခမည်းတော်က သူ့နှလုံးသားထဲမှာ အမေ့ကို လုံးဝ မထားတော့ဘူး။ သူသာ အမေ့ကို မြှောက်စားပေးချင်တယ်ဆိုရင် အမေ့ကို ‘ဖေး’အရာတင်မြှောက်ပေးလိုက်မယ်ဆိုရင် အမေ့ဘဝကလဲ ဒီလောက် ခက်ခဲမှာ မဟုတ်ဘူး”

“အဲဒီနေ့ရက်တွေတုန်းကလဲ အမေ့ရဲ့ ဗိုက်ကြောင့်သာ ကံအကောင်းဆုံး ဖြစ်ခဲ့တာ။ မင်းကို တစ်ချီထဲ မွေးဖွားပေးနိုင်ခဲ့လို့ ကျောင်းရုံအဆင့်ကို ရခဲ့တာ။ မဟုတ်ရင် မင်းရဲ့ ဖမည်းတော်က အမေ့ကို ပစ်ထားခဲ့တာ ကြာပြီ”

“အမေ့ရဲ့ လက်ကျန်ဘဝမှာ မင်းကိုပဲ အားကိုးရတော့မှာ။ အမေ့ရဲ့ အဆင့်အတန်းက သားရဲ့ အဆင့်အတန်းနဲ့အတူ မြင့်တက်လာမှာ။ တစ်နေ့ကျရင် မင်း အိမ်ရှေ့စံဖြစ်လာတဲ့အခါ ဘယ်သူကမှ ငါတို့ သားအမိကို အနိုင်ကျင့်ရဲ ကြမှာ မဟုတ်ဘူး”

လီဟောက် “...“

မင်းသားတစ်ပါးအနေဖြင့် သူသည် အိမ်ရှေ့စံဖြစ်လာဖို့ရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဟု ဆိုလျှင် လိမ်ရာကျပေမည်။

သို့သော်ငြား သူသည် မင်းသားများကြားတွင် လုံးဝဩဇာမရှိကြောင်းကိုလဲ သူ့စိတ်ထဲတွင် ကောင်းကောင်းသိနေသည်။

ဇာစ်မြစ်အရ ပြောရမည်ဆိုလျှင် သူသည် ဒုတိယအစ်ကိုလောက်ပင် မကောင်းချေ။ မျက်နှာသာပေးခံရမှုဆိုလျှင်လဲ သူသည် အချစ်ခံရသည့် အကြီးဆုံးမင်းသားလောက်ပင် မကောင်းချေ။ မယ်တော်ကြီးကျောက်၏ အထောက်အပံ့ကို အားကိုးနေရသည့် စတုတ္ထမင်းသားကပင် သူ့ထက်ပိုပြီးမျက်နှာသာ ပေးခံရသေးသည်။

ထီးနန်းအတွက် ယှဉ်ပြိုင်ချင်သည်တဲ့လား။ ထိုအရာက ဤမျှလွယ်ကူသည့် ကိစ္စဟုတ်ပါရဲ့လား။

သားအမိ ၂ ယောက်သည် ထိုအကြောင်းကို အရင်က တစ်ခါမှ ထုတ်မပြောခဲ့ကြဖူးချေ။ ဒီအခိုက်အတန့်တွင်တော့ ရုတ်တရက် ထုတ်ပြောလာပြီး စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်တွင် ရှင်းမပြတတ်သည့် ရှက်ရွံ့မှုတစ်ခုလဲ ပါရှိနေတော့သည်။

ဤအချိန်တွင် သူသည် စာကြည့်ဆောင်ထဲတွင် စာပေလေ့လာနေဆဲဖြစ်ကာ စစ်တန်းလျားသို့လဲ မဝင်ရသေးသလို နန်းတွင်းညီလာခံကိုလဲ မတက်ရောက်နိုင်သေးချေ။ အရပ်ဖက်နှင့် စစ်ရေးအရာရှိများ အားလုံးကလဲ သိကြသည်။ အရပ်ဖက် မူးမတ်အရာရှိများက ဒုတိယမင်းသားကို ထောက်ပံ့ပေးကြပြီး စစ်သူကြီး အများအပြားကတော့ ပထမမင်းသားကို ထောက်ပံ့ပေးကြသည်။ တော်ဝင်မျိုးနွယ်က စတုတ္ထမင်းသားနှင့် ပိုပြီး နီးစပ်ကြသည်။

သူဆိုသည့် မျိုးရိုးနောက်ခံလဲ မမြင့်မား၊ မျက်နှာသာ မပေးခံရသည့် တတိယမင်းသားက ဆက်ခံသူဖြစ်လာဖို့ရန် ကြိုးစားခြင်းမှာ အရူးတစ်ယောက်၏ အိပ်မက်တစ်ခုသာ ဖြစ်ပေမည်။

“မူချင်း” လီဟောက်က ပင့်သက်တစ်ချက်ရှိုက်လိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “နောက်ဆိုရင် ဒီလို ကိစ္စတွေကို ထပ်မပြောပါနဲ့တော့။ သာ့ကောက အကြီးဆုံးသား၊ အာ့ကောက သားဦး၊ လီချူကလဲ သားတော်အရင်းထက်နဲ့ ဘာမှမခြားဘူး။ ကျွန်တော့်အလှည့် ရောက်လာမှာ မဟုတ်ဘူး”

စူးကျောင်းရုံက သူမ၏ လက်ကို လှမ်းဆန့်လိုက်ကာ သားဖြစ်သူ၏ လက်မောင်းကို ဖမ်းဆုပ်လိုက်ပြီး မျက်လုံးများသည်လဲ အံ့ဩစရာကောင်းလှသည့် အရောင်များဖြင့် တောက်ပလို့နေသည်။ “ဘာဖြစ်လို့ မင်းအလှည့် မရောက်နိုင်ရမှာလဲ။ စစ်မြေပြင်ပေါ်မှာ ဓားတွေဆိုတာ မျက်လုံးရှိတာ မဟုတ်ဘူး။ သေရေးရှင်ရေးဆိုတာကလဲ လက်တစ်ကမ်းအလိုပဲ။ ပြောလို့မရဘူး။ သူတို့ ၂ ယောက်စလုံး စစ်မြေပြင်မှာ သေသွားရင် မင်းရဲ့ခမည်းတော်မှာ မင်းကိုပဲ အိမ်ရှေ့စံအဖြစ် ခန့်အပ်ရမှာ”

“တော်တော့!”

လီဟောက်၏ နှလုံးသားမှာ အပြင်းအထန် တုန်လှုပ်သွားကာ ထိတ်လန့်ခြင်းလား၊ ဒေါသထွက်ခြင်းလား သို့မဟုတ် အပြစ်ရှိစိတ်လား။ စိတ်ထဲတွင် လျှို့ဝှက်ဆုံးအတွေးကြောင့် ရှက်ရွံ့သွားသည်များလား။ ဝေခွဲမတတ်တော့ချေ။

သွေးများသည် ရုတ်တရက်ဆိုသလို ဆူပွက်လာပြီး သူ့နှလုံးသားမှာလဲ လှိုင်းထလာလေတော့၏။

“မူချင်း အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဘယ်တော့မှ ထပ်မပြောပါနဲ့!”

“ကျွန်တော်တို့တွေက ညီအစ်ကိုတွေပါ။ ဘယ်လိုလုပ်ပြီးတော့ ဒီလို ပုန်ကန်တဲ့ စိတ်မျိုး ထားရှိလို့ ရမှာလဲ” လီဟောက်သည် ရုတ်တရက် ထရပ်လိုက်ကာ ပြတ်သားစွာဖြင့် ပြောလိုက်လေသည်။ “တကယ်လို့ ကျွန်တော်သာ ဒီလို စဉ်းစားမယ်ဆိုရင် လူဖြစ်ရကျိုး နပ်မှာ မဟုတ်ဘူး”

စူးကျောင်းရုံသည် လီဟောက်၏ ဒေါသကြောင့် အလန့်တကြားဖြစ်သွားပြီး ရှင်းပြဖို့ရန် ပါးစပ်ဟလိုက်သော်ငြားလည်း လီဟောက်ကတော့ အေးစက်စက် မျက်နှာထားတစ်ခုဖြင့် လျှောက်ကာ ထွက်သွားနှင့်ပြီဖြစ်၏။

လီဟောက်သည် ယိဟွားနန်းဆောင်မှနေ၍ ခြေလှမ်းကျဲများဖြင့် ထွက်လာခဲ့တော့သည်။

နွေဦးရာသီ၏ အေးမြမြလေပြည်လေးက သူ့မျက်နှာပေါ် ဖြတ်တိုက်လာခဲ့သော်ငြားလည်း သူ၏ ရင်ထဲက ရှင်းမပြတတ်သည့် မီးတောက်များကို ငြိမ်းသတ်ပေးဖို့ရန်အတွက်တော့ မစွမ်းသာခဲ့ချေ။

အမျိုးမျိုးသော ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အတွေးများအားလုံးသည် သူ့စိတ်ထဲတွင် အလုံးအရင်း ထွက်ပေါ်လာခဲ့လေသည်။

သူ့နှလုံးသားထဲက အတွင်းဆုံးအပိုင်းထဲတွင်တော့ ပိတ်လှောင်ခံထားရသည့် မည်းနက်ကာ ကြမ်းတမ်းနေသည့် သားရိုင်းတစ်ကောင် ရှိနေသည့်နှယ်။ ဒီနေ့တွင် ထိုသားရိုင်းသည် လှောင်အိမ်ထဲက ဖောက်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။

ဘာဖြစ်လို့ မင်းအလှည့် မရောက်နိုင်ရမှာလဲ။ စစ်မြေပြင်ထဲက ဓားသွားတွေမှာ မျက်စိမပါဘူး။ သေရေးရှင်ရေးဆိုတာကလဲ လက်တစ်ကမ်းအလိုပဲ။ ပြောမရဘူး။ သူတို့ ၂ ယောက်စလုံး စစ်မြေပြင်မှာ ဆုံးပါးသွားရင် မင်းရဲ့ ဖခမည်းတော်က မင်းကို ပဲ ဆက်ခံသူအဖြစ် ခန့်အပ်ရမှာ...

လီဟောက်သည် သူ့နှုတ်ခမ်းထောင့်များကို အလွန်တင်းကြပ်နေအောင် စေ့ထားလိုက်ပြီး သူ့ခြေလှမ်းများကလဲ မြန်သည်ထက် ပိုပြီး မြန်ဆန်လာတော့၏။

အတွင်းခန်းအစေခံ ရှောင်နျန်သည် တစ်လမ်းလုံး နောက်မှ အပြေးအလွှား လိုက်လာကာ ခက်ခက်ခဲခဲ မီအောင် လိုက်ပါနေရသည်။

လီဟောက်သည် အိပ်ဆောင်သို့ တစ်လမ်းလုံး မြန်မြန်ပြန်လာခဲ့ပြီးမှ စကားတစ်ခွန်းသာ ပြောလိုက်သည်။ “စောင့်စရာ မလိုတော့ဘူး။ ထွက်သွားတော့!”

ထို့နောက်တွင်တော့ တံခါးပိတ်ထားလိုက်တော့သည်။ သူ့နှာခေါင်းမှာ တံခါးရွက်နှင့်တိုက်မိလုနီးပါး ဖြစ်သွားကာ နာကြင်ကိုက်ခဲသွားပြီး မျက်ရည်များကလဲ မျက်လုံးများတွင် ဝေ့တက်လာတော့သည်။ ရှောင်နျန့်က သူ့နှာခေါင်းကို အုပ်ထားလိုက်ပြီး အချိန်ခဏလောက် အသံတိတ်ကာ အံကြိတ်ထားလိုက်ပြီးနောက် မျက်ရည်များကိုသုတ်ကာ ပြန်ဆုတ်သွားလိုက်တော့သည်။

...

ဒီနေ့ညတွင်တော့ လူပေါင်းများစွာက ဟိုလှိမ့်ဒီလှိမ့် အိပ်မပျော်နိုင် ဖြစ်နေသည်ကို ဘယ်သူမှ သိကြမည် မဟုတ်ပေ။

နောက်တစ်နေ့ မနက်ခင်းစောစောတွင် ကျောင်းဖန်နန်းဆောင်အပြင်ဖက်တွင် ပေါ်လာသည့် လီဟောက်သည် ညှိုးငယ်နေသည့် မျက်နှာ၊ နီရဲနေသည့် မျက်လုံးများ ဖြစ်နေတော့၏။

အကြီးဆုံးမင်းသားကလဲ မခြားနားချေ။ မျက်လုံးအောက်တွင်လဲ မျက်ကွင်းများ ညိုနေကာ သန်းဝေလို့နေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူသည် တစ်ညလုံး မအိပ်ခဲ့ရသည်မှာ သိသာ၏။ ... အကြီးဆုံးမင်းသား၏ ဘေးတွင်လဲ ကြင်ရာတော်သည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော်ငြား သူမ၏ အသားအရေကတော့ နူးညံ့လို့နေ၏။

“သာ့ကော(အစ်ကိုကြီး)၊ သာ့စောင်(မရီးကြီး)” လီဟောက်က လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်သည်။

ကြင်ရာတော်ကလဲ သူ့ကို ပြန်နှုတ်ဆက်လာသည်။

အကြီးဆုံးမင်းသားက ပြုံးကာ လီဟောက်၏ ပုခုံးကို အလွန် ကြင်နာစွာဖြင့် လှမ်းပုတ်ပေးလိုက်ကာ “စန်းတိ(တတိယညီလေး) မနေ့ညက သောက်လို့ မဝခဲ့ဘူး။ ဒီနေ့ ငါ အိမ်တော်မှာ စားသောက်ပွဲတစ်ခု ကျင်းပမယ်။ ငါတို့ညီအစ်ကိုတွေ သီးသန့်စုပြီးတော့ နည်းနည်းပါးပါး သောက်ကြတာပေါ့”

မင်းသားများသည် လက်ထပ်ပြီးသွားသည်နှင့် သူတို့သည် နန်းတော်ထဲမှ ထွက်ခွာရကာ မင်းသားအိမ်တော်ထဲတွင် နေထိုင်ကြရပြီး ထိုနေရာတွင် စိတ်တိုင်းကျ စားသောက်ပွဲများ ကျင်းပနိုင်ပေသည်။ နန်းတွင်းအမတ်များနှင့် မိတ်ဖွဲ့ရန်က ပိုပြီး လွယ်ကူနေ၏။

လီဟောက်ကတော့ တည်တည်ငြိမ်ငြိမ် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“သာ့ကော၊ သာ့‌‌‌စောင်၊ စန်းကော(တတိယအစ်ကို) မင်းတို့တွေ အစောကြီး ရောက်လာကြတာပဲ” စတုတ္ထမင်းသား လီရှန်းရန်သည် လူမရောက်လာသေးသော်ငြားလည်း အသံကတော့ အရင်ဆုံး ‌ရောက်လာနှင့်၏။

စတုတ္ထ မင်းသားသည် ဒီတစ်နှစ်တွင် အသက် ၁၄ နှစ် အရွယ်ရှိပြီ ဖြစ်၏။ သူသည် ဖြူဖြူဖွေးဖွေး ချောမောစွာ မွေးဖွားလာခဲ့ပြီး ပြုံးမနေသည့် အချိန်မှာပင် သူ့မျက်နှာပေါ်၌ အပြုံးလေးတစ်ခု ရှိနေသည်။

ခဏအကြာတွင် ပဥ္စမမင်းသားလီချန် ရောက်လာခဲ့သည်။

လီချန်ကတော့ အရပ်လဲ မမြင့်သလို ဝဖိုင့်ဖိုင့်လေးရှိ၏။ သူသည် ဖြည်းဖြည်းချင်း လျှောက်လာကာ အမြဲတမ်းလဲ အနည်းငယ် တုံးအသည့် ရုပ်လေးပေါ်နေသည်။

အကြီးဆုံးမင်းသားက မျက်လုံးကို ဝှေ့ကြည့်ကာ ရယ်မောပြီး ပြောလိုက်၏။ “ငါတို့တွေ မတွေ့ရတာ နည်းနည်းလေးတောင် ကြာသွားပြီ။ ဝူတိက ဘာမှ မကောင်းပေမဲ့ ကိုယ်အလေးချိန်တော့ တက်လာတာပဲ။ ‌နောက်ဆိုရင် သိုင်းပညာကို သေသေချာချာလေးလေ့ကျင့်မှ ရမယ်။ ဒီထက်ပိုပြီးဝလာလို့ မဖြစ်ဘူး။ မဟုတ်ရင် နောက်ပိုင်း လက်မထပ်နိုင်မှာ စိုးရိမ်ရတယ်”

စတုတ္ထမင်းသားကလဲ သဘောကျသွားကာ အတူတူ ရယ်မောလေသည်။

လီချန်ကတော့ နှုတ်ဆိတ်နေပြီး သူ့အစ်ကိုဖြစ်သူများက သူ့ကို လှောင်ပြောင်စနောက်နေသည်ကို တိတ်ဆိတ်စွာ သီးခံနေလိုက်သည်။

လီဟောက်၏ မျက်ခုံးများက မသိမသာ တွန့်ချိုးသွားကာ သူက စကားလမ်းကြောင်းပြောင်းဖို့ ကြိုးစားလိုက်တော့၏။ “အာ့ကော ဘာဖြစ်လို့ မလာသေးတာလဲ။ အာ့ကော လာတဲ့အထိ စောင့်ပြီးမှ အတူတူ ဝင်ကြမလား”

“မလိုပါဘူး” အကြီးဆုံးမင်းသား၏ လေသံက အာဏာသံပါနေပြီး သူက သေချာသည့် လေသံတစ်ခုဖြင့် ပြောလိုက်လေသည်။ “သူ့ဒဏ်ရာတွေက သက်သာသေးတာ မဟုတ်ဘူး။ သူ ဒီနေ့ လာမှာ မဟုတ်လောက်ဘူး ထင်တယ်။ ငါတို့ညီအစ်ကိုတွေပဲ အရင်ဆုံး ဖုဟွမ်နဲ့ မူဟုပ်တို့ဆီသွားပြီး နှုတ်ဆက်လိုက်ကြရအောင်”

အသံတိတ်သွားသည်နှင့်ချက်ချင်း ရင်းနှီးသည့်ပုံရိပ်တစ်ခုသည် အားလုံး၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

ထိုလူငယ်သည် အရပ်မြင့်မြင့် သွယ်လျလျရှိကာ အလျင်စလိုမရှိ နှေးကွေးနေသည်လဲ မရှိဘဲ ထည်ဝါခန့်ညားစွာဖြင့် လမ်းလျှောက်လာခဲ့၏။

တောက်ပသည့် မနက်ခင်း အလင်းရောင်အောက်တွင် လူငယ်လေးသည် အဝေးမှနေ၍ အနီးသို့ တဖြည်းဖြည်း ရွေ့လျားလာပြီး သူ့မျက်နှာကလဲ အားလုံး၏ မျက်လုံးထဲတွင် ရှင်းလင်းစွာ ထင်ဟပ်လို့နေသည်။

ရှည်လျားလှသည့် မျက်ခုံးများအောက်တွင် တောက်ပသည့် မျက်ဝန်းတစ်စုံရှိနေသည်။ နှာတံသည် ဖြောင့်စင်းနေပြီး နှုတ်ခမ်းက မထူလွန်း မပါးလွန်း အင်မတန် ချောမောလှပသည့် မျက်နှာလေးတစ်ခု ဖွဲ့စည်းထား၏။

အားလုံးက သဘာဝအတိုင်း အချိုးအစားလှပနေပြီး တစ်စက်ကလေးမျှ ပိုလို့လဲ မရနိုင်သလို တစ်စက်ကလေးကိုလဲ လျှော့ထား၍ မရနိုင်ပေ။

ဤလူငယ်ကလေးမှာ လီကျင့်။ ဒုတိယမင်းသား ဖြစ်တော့သည်။

ဒုတိယမင်းသားက အကြီးဆုံးမင်းသားကို တစ်ချက်လောက် လှမ်းကြည့်လိုက်ကာ “သာ့ကောက ကျွန်တော့်အကြောင်း ပြောနေတာ အဝေးကြီးကနေတောင် ကြားရတယ်။ သာ့ကော ဘာတွေ ပြောနေတာလဲ မသိဘူးနော်”

အကြီးဆုံးမင်းသားသည် အနည်းငယ် ရှက်ရွံ့သွားကာ ချောင်းဟန့်လိုက်လေသည်။ “မင်း မနေ့ညတုန်းက နန်းတွင်းစားသောက်ပွဲမှာ ပေါ်မလာခဲ့ဘူးလေ။ မင်း ရက်အနည်းငယ်လောက် အနားယူအုံးမယ်လို့ ငါက ထင်ထားတာ။ အခု မင်း ရောက်လာတယ်ဆိုတော့လဲ ကွက်တိပဲ။ နန်းတော်ထဲကို အတူတူ သွားပြီးတော့ မိဘတွေကို နှုတ်ဆက်ကြရအောင်”

ဒုတိယမင်းသားကလဲ ညင်ညင်သာသာ ပြုံးလိုက်၏။ “ကျွန်တော် ဒဏ်ရာရထားတဲ့အကြောင်း အားလုံးသိနေတာပဲ။ သာ့ကောက ဒီကိစ္စကို ထပ်ခါ ထပ်ခါ အလေးပေး ပြောနေစရာ မလိုပါဘူး”

အကြီးဆုံးမင်းသား “...“

တစ်စုံတစ်ယောက်အကြောင်း နောက်ကွယ်တွင် ပြောနေခြင်းကို လူမိသွားခဲ့ခြင်းပင်။

အကြီးဆုံးမင်းသားမှာ အနည်းငယ် ရှက်ရွံ့သွားတော့သည်။

စတုတ္ထမင်းသားက ချက်ချင်းဆိုသလို အခြေအနေကို ဖြန်ဖြေပေးလိုက်တော့၏။ “အချိန်လဲ နောက်ကျနေပါပြီ။ ဖုဟွမ်နဲ့ မူဟုပ်တို့ကို သွားပြီးတော့ နှုတ်ဆက်ကြရအောင်”

လီဟောက်ကလဲ ပြုံးကာ ထောက်ခံလိုက်သည်။ “သာ့ကောနဲ့ အာ့ကောတို့ အရင်ဆုံး ရှေ့ကသွားပါ”

ဒုတိယမင်းသားသည် သူ့အကြည့်ကို လွှဲလိုက်ကာ ဘေးကို လှမ်းကြည့်လာသည်။

လီဟောက်နှင့် ဒုတိယမင်းသားတို့သည်လဲ အကြည့်ချင်း ဆုံသွားကြပြီး သူတို့၏ ရင်ထဲတွင်တော့ ရုတ်တရက် အေးစိမ့်စိမ့် ခံစားချက်တစ်ခု ဖြစ်သွားလေတော့၏။

...

All Chapters