သားအဖ
Vol. 2 Ch. 26
လီဟောက်သည် ဒုတိယမင်းသားထက် နှစ်လငယ်လေသည်။
ညီအစ်ကိုနှစ်ယောက်သည် ထူးထူးခြားခြား ချစ်ခင်ကြင်နာခြင်းမရှိဘဲ အဆင်ပြေရုံသာနေထိုင်ကြ၏။ ဒုတိယမင်းသားသည် လူအများအပေါ် နူးညံ့သိမ် မွေ့သည့် လူရည်မွန်လေးတစ်ယောက်ဖြစ်သည်။ လီဟောက်ကတော့ ဒုတိယမင်းသား၏ စိတ်နေသဘောထားနှင့် အလွန်ရင်းနှီးသူဖြစ်လေသည်။
သို့သော်ငြား ဒီအချိန်တွင်တော့ ဒုတိယမင်းသား၏ မျက်လုံးများက ရှင်းမပြတတ်အောင် တစိမ်းဆန်လွန်းနေ၏။
ထက်ရှလိုက်သည့် ဆူးချွန်နှစ်ခုလို မျက်လုံးအတွင်းနက်နက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။
လီဟောက်သည် ရင်ထဲတွင် ရှင်းမပြတတ်သည့် မသက်မသာခံစားချက်တစ်ခု ဖြစ်သွားတော့သည်။ သို့သော်ငြား အချိန်တိုအတွင်းမှာပင် ဒုတိယမင်းသားက ခေါင်းကိုတစ်ဖက်သို့ လှည့်သွားကာ အကြီးဆုံးမင်းသားကို ပြုံပြလိုက်၏။ "သာ့ကော အရင်ဆုံးသွားပါ"
အကြီးဆုံးမင်းသားကလဲ ယဥ်ကျေးမနေတော့ဘဲ ဒီအတိုင်းပြုံးကာ ခေါင်းညိမ့်ပြလိုက်ပြီးနောက် ကြင်ယာတော်မင်းသမီး၏ လက်ကိုတွဲကာ ကျောင်းဖန်နန်းဆောင်ထဲသို့ လျှောက်ကာဝင်သွားတော့သည်။
ဒုတိယမင်းသားကလဲ တုံ့ဆိုင်းမနေဘဲ ချက်ချင်းလိုက်ဝင်လာခဲ့၏။
လီဟောက်ကတော့ ထိုနေရာတွင်ရပ်နေကာ မလှုပ်မယှက်ရှိနေဆဲပင်။ စတုတ္ထမင်းသားသည် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရ၏။ "စန်းကော ဘာဖြစ်လို့လဲ"
လီဟောက်က သူ့ရှေ့ကပုံရိပ်ကို ပြန်ကြည့်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားလိုက်ကာ ပုံမှန်အပြုံးလေးတစ်ခုဖြင့် ပြောလိုက်လေသည်။ "သွားနှင့်လေ! ငါ ဝူတိနဲ့အတူ လိုက်ဝင်လာခဲ့မယ်"
မင်းသားများအကြားတွင် လီဟောက်နှင့် လီချန်တို့ကသာ မိခင်တစ်ဦးထဲမှ မွေးဖွားလာကြသူဖြစ်သည်။ လီချန့်သည် လီဟောက်အပေါ် အလွန်မှီခိုတတ်ပြီး လီဟောက်ကလဲ ညီဖြစ်သူကို နေရာတိုင်းတွင်စောင့်ရှေုာက်ပေးလေသည်။
စတုတ္ထမင်းသားက ထိုအကြောင်းကို ဘာမှသိပ်မစဥ်းစားမိဘဲ ပြုံးကာအထဲသို့ လျှောက်ကာဝင်သွားတော့၏။
လီချန်က အကျင့်အတိုင်း အစ်ကို့ဖြစ်သူအနားသို့ တိုးတိုးလေးကပ်ကာ လေသံတိုးတိုးဖြင့် ပြောလာသည်။ "စန်းကော မျက်နှာက သိပ်မကောင်းဘူးနော်။ မနေ့ညတုန်းက အိပ်မပျော်ဘူးလား"
လီဟောက်က ခပ်တိုးတိုးရီလိုက်ကာ လီချန်၏ပုခုံးကို အသာအယာလှမ်းပုတ်ပေးလိုက်ပြီး စကားအများကြီးမပြောလိုက်ချေ။
ညီအစ်ကိုနှစ်ယောက်သည်လည်း ကျောင်းဖန်နန်းဆောင်ထဲသို့ လျှောက်ကာဝင်လာခဲ့ကြသည်။
...
သားတော်များက အတူတကွ လာရောက်နှုတ်ဆက်ကြသဖြင့် ယုံးကျားဧကရာဇ်သည်လည်း စိတ်ကြည်နူးနေတော့၏။ သူသည် ပထမဦးဆုံး ပြုံးပြလိုက်ကာ အကြီးဆုံးမင်းသားကို ပြောလိုက်လေသည်။ "မင်းက နန်းတော်အပြင်ဘက်မှာနေတာပဲ ဘာဖြစ်လို့ မနက်အစောကြီး နန်းတွင်းထဲကို ဝင်လာတာလဲ"
အကြီးဆုံးမင်းသားက အပြုံးဖြင့်ပြန်ဖြေသည်။ "အာချန် စိတ်ထဲမှာ ဖုဟွမ်ကို အမှတ်ရနေလို့ပါ။ ဒါကြောင့်မို့ မနက်အစောကြီး နန်းတွင်းထဲကို ရောက်လာခဲ့တာပါ"
ယုံးကျားဧကရာဇ်ကတော့ အားရပါးရ ရယ်မောလေ၏။ "ကောင်းတယ်။ ငါ အရမ်းကို စိတ်ချမ်းသာတယ်။ တနေ့လုံး မင်းစိတ်ထဲမှာ ငါ့ကို ထားနေဖို့မလိုပါဘူး။ မနက်ဖြန် တိုက်တိုက်ဆိုင်ဆိုင် ညီလာခံကြီးရှိတဲ့နေ့ပဲ။ မင်း ငါနဲ့အတူတူ ညီလာခံတက်ရမယ်"
အကြီးဆုံးမင်းသားကလဲ သဘောတူလေသည်။
ယုံးကျားဧကရာဇ်သည် သူ၏သားအကြီးဆုံးအပေါ် ဘက်လိုက်မှုနှင့် ချစ်ခြင်းမေတ္တာကို ဘယ်တုန်းကမှ ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။
ဒုတိယမင်းသားက ဧကရာဇ်ယုံးကျားကို နှုတ်ဆိတ်ကာကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများကလဲ အနည်းငယ် ရှုပ်ထွေးသွားလေတော့သည်။
ကျန်မင်းသားများကလဲ အလားတူဖော်ပြခဲ့ကြ၏။
သားတစ်ယောက်အနေဖြင့် အဖေမေတ္တာ၏ချစ်ခြင်းကို လိုချင်ကာ အာရုံစိုက်မှုကို မလိုချင်သည့်သားမျိုး ဘယ်မှာရှိပါမည်နည်း။ အဖေဖြစ်သူက သာ့ဝေတိုင်းပြည်၏ ဧကရာဇ်တစ်ယောက် ဖြစ်နေသည်တွင် ထုတ်ပြောရန်မလိုတော့ချေ။ အရှင်မင်းကြီး၏ မျက်နှာသာပေးခံရသည့် မင်းသားတစ်ယောက်၏ အဆင့်အတန်းကို ပထမမင်းသား၏ ထင်ပေါ်ကျော်ကြားသည့် မြင်ကွင်းကိုကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။
ချောင်မိဖရားခေါင်၏ နှုတ်ခမ်းထောင့်များမှာ မသိမသာ တွန့်ချိုးသွားတော့သည်။
မနက်ခင်းစောစောမှာပဲ ဖခင်ဖြစ်သူရဲ့ကြင်နာမှုနဲ့ သားသမီးဝတ္တရားကျေပွန်မှုကို အတင်းအကျပ်မြင်တွေနေရတော့ ရင်ထဲမှာ တကယ့်ကိုစိတ်ပျက်မိလေရဲ့။
ချောင်မိဖရားခေါင်သည် ရင်ထဲတွင်ရှုံ့ချလိုက်ပြီး သူမ၏မျက်လုံးများထဲတွင်လည်း ဒုတိယမင်းသားအပေါ် စိုးရိမ်ပူပန်မှုနှင့် ချစ်ခြင်းများအပြည့် ဖြစ်လာတော့သည်။ "အားကျင့် ဒဏ်ရာသက်သာသွားပြီလား။ ဘာဖြစ်လို့ နှစ်ရက်လောက် ထပ်မနားလိုက်တာလဲ"
ယုံးကျားဧကရာဇ်သည် နောက်ဆုံးတော့ အာရုံပြောင်းသွားကာ ဒုတိယမင်းသားကို ငုံ့ကြည့်လိုက်၏။ "မင်းရဲ့ကျန်းမာရေး ဘယ်လိုနေလဲ"
"ဖုဟွမ်နဲ့ မူဟုပ်တို့ဆီ ပြန်ရောက်လာရတော့" ဒုတိယမင်းသား၏အသံမှာ နွေးထွေးချိုမြိန်လို့နေသည်။ "အာချန် ရက်အနည်းငယ်အတွင်း ဒဏ်ရာတွေပြန်သက်သာလာပြီး အခက်အခဲမရှိ လမ်းလျှောက်နိုင်နေပါပြီ။ မနက်ဖြန် နန်းတွင်းညီလာခံကို အာချန်လဲ ဖုဟွမ်နဲ့အတူ တက်ရောက်နိုင်မလား သိချင်ပါတယ်"
လူအများ "..."
ကျောင်းဖန်နန်းတော်အတွင်းတွင် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
အားလုံး၏မျက်လုံးများကလဲ ဒုတိယမင်းသားပေါ်သို့ ကျရောက်လာခဲ့၏။
ယုံးကျားဧကရာဇ်က ပါးစပ်ကိုဖွင့်ဟကာ အကြီးဆုံးမင်းသားကို ညီလာခံသို့တက်ရောက်ရန် ပြောဆိုလာသည်တွင် အဘယ်မင်းသားက သူတို့၏စိတ်ထဲတွင် ဤသို့သော စိတ်ကူးမရှိဘဲ ရှိပါမည်နည်း။ သို့သော်ငြား ဤနှိမ့်နှိမ့်ချချ တလေးတစားရှိလှသည့် ဒုတိယမင်းသားသည် ပါးစပ်ကိုဖွင့်ကာ အရင်ဆုံးမေးလာလိမ့်မည်ဟု ဘယ်သူကမှတော့ စဥ်းစားလိမ့်မည် မဟုတ်။
ဤမေးခွန်းနှင့် ယုံးကျားဧကရာဇ်အား မျက်နှာလိုက်ပါသည်ဟု လူရှေ့သူရှေ့စွပ်စွဲနေခြင်းက ဘာများကွာခြားချက်ရှိပါမည်နည်း။
ချောင်မိဖရားခေါင်သည် အမှတ်တမဲ့ ဇာမဏီပလ္လင်ကို လက်ဖြင့် တင်းနေအောင် ဆုပ်ထားလိုက်ပြီး သူမ၏ရင်ထဲတွင်လည်း နှလုံးသားမှာ ထွက်ကျလုမတတ် ဖြစ်သွားတော့သည်။ သာလွန်လှသည့် ကိုယ်ဟာကို ထိန်းချုပ်နိုင်စွမ်းကြောင့်သာမဟုတ်လျှင် သူမသည် သည်အချိန်တွင် ဒေါသထွက်နေလောက်ပြီဖြစ်သည်။
ယုံးကျားဧကရာဇ်မှာ အံ့သြသွားသလို အနည်းငယ်လည်း စိတ်အနှောက်အယှက် ဖြစ်သွားတော့သည်။
အဖေတစ်ယောက်အနေဖြင့် သူသည် မျက်နှာလိုက်ပြီး ထိုအချင်းအရာကိုပင် သဘာဝကျသည်ဟု ယူဆထားခဲ့သည်။
ယခုအချိန်တွင် ဒုတိယမင်းသား၏ ပြောဆိုခံလိုက်ရချိန်တွင် ယုံးကျားဧကရာဇ်၏မျက်နှာမှာ အနည်းငယ် မသာမယာ ဖြစ်သွားတော့သည်။ ခဏလောက် တိတ်ဆိတ်ငြိမ်သက်ပြီးသွားသည့်နောက် သူက ပြောလာခဲ့၏။ "ငါ ပေါ့ဆသွားတာပဲ။ မင်းလဲ ဒီတစ်နှစ်ဆိုရင် အသက်၁၆နှစ်ရှိပြီ။ ဒီတော့ ညီလာခံအတူတူ တက်ကြတာပေါ့!"
ဒုတိယမင်းသားသည် ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ရှိနေကာ ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ယှက်လိုက်ပြီးနောက် ကျေးဇူးတင်စကား ပြောလိုက်တော့သည်။ "ကျေးဇူးတင်ပါတယ် ဖုဟွမ်"
ယုံးကျားဧကရာဇ်က နဂါးမျက်လုံးများဖြင့် တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် တစ်ဖန်ထပ်မံပြောကြားလာခဲ့သည်။ "အားဟောက်၊ အားချူ၊ မင်းတို့နှစ်ယောက်စလုံးက သိပ်မငယ်ကြတော့ဘူး။ စာကြည့်ဆောင်တွေက သင်ခန်းစာချိန်ကိုလည်း နေ့လယ်ဘက်ပြောင်းလိမ့်မယ်။ မနက်ပိုင်း ရွှေနန်းတော်ကိုသွားပြီး အစိုးရအဖွဲ့ကို အတူတူနားထောင်ကြ မင်းတို့အားလုံးက ငါ့ရဲ့သားပဲလေ။ မင်းတို့အားလုံးက သာ့ဝေတိုင်းပြည်ကြီးရဲ့မင်းသားတွေ မင်းတို့က စစ်တပ်ကိုဦးဆောင်ပြီး တိုက်ခိုက်သင့်တယ်ဆိုရင် နန်းတွင်းရေးရာကိစ္စတွေနဲ့ စိမ်းနေလို့မဖြစ်ဘူး"
လီဟောက်နှင့် စတုတ္တမင်းသားအတွက်တော့ ဤစကားက လုံးဝမမျှော်လင့်ထားသည့်အရာပင်။
ယုံးကျားဧကရာဇ်သည် သူတို့နှစ်ယောက်ကို အသုံးချပြီး ဒုတိယမင်းသား၏ရင်ကို ထိုးစိုက်ခဲ့လျှင်ပင် သူတို့သည် အမှန်တကယ် အကျိုးအမြတ်ရရှိခဲ့လေသည်။
ညီအစ်ကိုနှစ်ယောက်စလုံးကလဲ တစ်ယောက်ချင်းစီဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
လီချန်အနေဖြင့်တော့ သူသည် အသက်၁၀နှစ်ပင်မပြည့်သေးသဖြင့် လတ်တလောတွင် စာကြည့်ဆောင်သို့သွားရောက်ပြီး စာပေသင်ကြားရပေမည်။
ယုံးကျားဧကရာဇ်က လီချန်ကို စာကြိုးစားဖို့ရန် အားပေးခဲ့လေသည်။ လီချန်ကတော့ ယုံးကျားဧကရာဇ်၏ အညရုံစိုက်ခံရခြင်းကို ရှားရှားပါးပါး ခံယူခဲ့ရသည်ဖြစ်ရာ သူ၏အဆီများပြည့်နေသည့်မျက်နှာမှာ နီရဲလို့သွားတော့သည်။ "ဟုတ်ကဲ့ ဟုတ်ကဲ့ အာချန် စာကြိုးစားပါ့မယ်"
...
ယုံးကျားဧကရာဇ်သည် သိပ်မကြာခင် ဝမ်ဟွားနန်းဆောင်သိုရောက်လာကာ နိုင်ငံရေးကိစ္စများကို ကိုင်တွယ်လေတော့သည်။
မင်းသားများကလဲ တစ်ယောက်ချင်းစီ ပြန်လည်ထွက်ခွာသွားကြတော့၏။
ဒုတိယမင်းသားတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။
ချောင်မိဖရားခေါင်က သူမ၏စကားလုံးများကို မျိုသိပ်ထားခဲ့ရသည်။ ယခုတော့ သူမသည် နောက်ဆုံး စကားပြောနိုင်ပြီဖြစ်၏။ သူမပါးစပ်ကို ဖွင့်လိုက်ပြီးနောက် ပိုပိုပြီးဒေါသထွက်လာလေသည်။ "အားကျင့် ဒီနေ့ မင်းဘာဖြစ်နေတာလဲ။ ဒီလိုစကားမျိုးကို ဘာဖြစ်လို့ ရုတ်တရက်ကြီး ထုတ်ပြောရတာလဲ"
"အခုတော့ကောင်းရော။ မင်း ညီလာခံကိုသွားပြီးတော့ မင်းရဲ့ဖုဟွမ်ကို အနှောင့်အယှက် ဖြစ်အောင်လုပ်တော့မယ်"
ရေရှည်အတွက်ဆိုလျှင် အုပ်ချုပ်ရေးတွင်ပါဝင်ဖို့ရန်က ယုံးကျားဧကရာဇ်ကို ဒေါသထွက်စေသည့် ပါးနပ်မှုမရှိသည့်အကွက်သာ ဖြစ်ပေမည်။
ဒုတိယမင်းသားက စိုးရိမ်တကြီးဖြစ်နေသည့် ချောင်မိဖရားခေါင်ကို တည့်တည့်စိုက်ကြည့်လိုက်ကာ "ဒါဆိုရင် မူဟုပ်ရဲ့သဘောအရဆိုရင် ကျွန်တော်က ဘာလုပ်ရမှာလဲ"
ချောင်မိဖရားခေါင်က လွှတ်ခနဲ ပြောလိုက်တော့သည်။ "အုပ်ချုပ်သူဆိုတာ အမတ်မင်းရဲ့သခင်။ အဖေဆိုတာ သားတွေရဲ့သခင်။ ဒါပေါ့။ မင်းက မင်းရဲ့ဖုဟွမ်ကို ဖွင့်ပြောလာတဲ့အထိ စောင့်သင့်တာ ..."
"ဖုဟွမ်က သားတော်ကို သားအရင်းလို သဘောမထားဘဲ သူက သာ့ကောကိုပဲ အမြဲတမ်း မြှောက်စားနေတာလေ" ဒုတိယမင်းသားသည် ချောင်မိဖရားခေါင်ကို ပေါ့ပေါ့ပါးပါး ဖြတ်ကာပြောလိုက်တော့သည်။ "တကယ်လို့ ကျွန်တော်ကသာ အသံမလုပ်ဘူးဆိုရင် ပိုပိုပြီးတော့ လစ်လျူရှုခံထားရတာပဲ ရှိလိမ့်မယ်"
"ကျွန်တော်က မူဟုပ်ရဲ့ဝမ်းဗိုက်ထဲက ထွက်လာတာ ။ သာ့ဝေတိုင်းပြည်ရဲ့ တစ်ဦးတည်းသော သားအရင်း။ ကျွန်တော်က ဘာဖြစ်လို့ ထိန်းချုပ်ထားရမှာလဲ။ ဘာဖြစ်လို့ နှိမ့်နှိမ့်ချချ တိုးတိုးတိတ်တိတ် နေရမှာလဲ။ ဘာဖြစ်လို့ တခါပြီးတခါ နောက်ဆုတ်နေရမှာလဲ"
ချောင်မိဖရားခေါင် "..."
ချောင်မိဖရားခေါင်သည် တအံ့တသြဖြင့် သူမ၏သားဖြစ်သူကို ငေးကြည့်နေမိတော့သည်။
အလွန်ရင်းနှီးကျွမ်းဝင်လှသည့် ဤချောမောလှပသည့် မျက်နှာလေးသည် ရုတ်တရက် တစ်စိမ်းတရံလို ခံစားလိုက်ရတော့သည်။
မည်းနက်နေသည့်မျက်ဝန်းထဲက အေးစက်စက်အလင်းရောင်မှာ ပိုလို့ပင် မျှော်လင့်မထားသည့်အရာပင်။
ဒုတိယမင်းသားနှင့် ချောင်မိဖရားခေါင်တို့သည် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလာခဲ့၏။ "မူဟုပ် စိတ်ချပါ။ ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ သိပါတယ်"
ချောင်မိဖရားခေါင်၏ လည်ချောင်းမှာ တစ်ခုခုဖြင့်တစ်ဆို့ကာ ခံလိုက်ရသယောင် စကားလုံးများအားလုံးက လည်ချောင်းထဲတွင် ဆို့နစ်သွားပြီး တစ်လုံးမှ ထုတ်မပြောနိုင်တော့ချေ။ ပြင်းထန်သည့် ခါးသီးမှုတစ်ခုသည် သူမ၏နှလုံးသားကို လာရောက်ရိုက်ခတ်ပြီး သူမ၏မျက်လုံးများကလဲ မြန်မြန်ဆန်ဆန်ပင် နီရဲလာတော့၏။ "အားကျင့် မူဟုပ် အသုံးမကျတာပါ ... "
သူမသည် ရုတ်တရက် ရှိုက်သံထွက်လာကာ စကားပင် မပြောနိုင်တော့ချေ။
သူမသည် လီယွမ်၏ ပဏာမဇနီးသည် ဖြစ်လေသည်။ လီယွမ်သည် မုန့်ကွေ့ဖေးကို မည်မျှပင် သဘောကျသည်ဖြစ်စေ သူသည် အကြောင်းမရှိ သူ့ပဏာမဇနီးသည်ကို စွန့်ပစ်လို့မရနိုင်ပေ။ လီယွမ်သည် ဧကရာဇ်တစ်ပါးဖြစ်လာပြီးနောက် သူမကလဲ အလယ်နန်းဆောင်၏ ဧကရီတစ်ပါးအဖြစ် ကျိုးကြောင်းဆီလျော်စွာဖြင့် ခန့်အပ်ခံခဲ့ရသည်။
နန်းတော်ထဲတွင် မုန့်ကွေ့ဖေးသည် အရှင်မင်းကြီး၏ နှလုံးသားအတွင်းပိုင်း အဓိကနေရာတွင် ရှိသည့်အကြောင်းကိုလည်း လူတိုင်းက သိကြသည်။
ချစ်ခင်မှုမရရှိသည့် မိဖရားခေါင်တစ်ပါးသည် အကျင့်သီလစောင့်ထိန်းကာ နှိမ့်ချရမည့် သူမ၏အဆင့်အတန်းတစ်ခုသာ ပိုင်ဆိုင်ထားလေသည်။
သူမသည် သားဖြစ်သူကိုလဲ သဘောထားကြီးကာ သည်းခံတတ်ဖို့ရန် သင်ကြားပေးလာခဲ့သည်။ သူမသည် ခင်ပွန်းဖြစ်သူ၏ ချစ်ခင်မြတ်နိုးမှုကို မရရှိခဲ့ချေ။ သူမ၏သားဖြစ်သူကပင် ယုံးကျားဧကရာဇ်၏ မျက်နှာသာပေးခြင်းလဲ မခံခဲ့ရချေ။
သို့မဟုတ်လျှင် သူမသည် သူမ၏ဒေါသများကို မျိုသိပ်ထားကာ သားဖြစ်သူက မှန်ကန်ဖြောင့်မတ်သည့်သား ဖြစ်နေပါလျှက်နှင့် မည်သို့များ မျက်ကွယ်ပြုကာ အလျော့ပေးရပါမည်နည်း။
ချောင်မိဖရားခေါင်မှာ မျက်ရည်များဖြင့် ငိုရှိုက်လေတော့သည်။
ဒုတိယမင်းသားက ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး ရှေ့သို့တက်လာကာ အမေဖြစ်သူကို ပွေ့ဖက်ထားလိုက်ပြီးနောက် ကြားနိုင်ရုံလောက်သာရှိသည့် လေသံလေးဖြင့် ပြောလာခဲ့၏။ "မူဟုပ် မငိုပါနဲ့။ ဇာမဏီပလ္လင်ပေါ်မှာပဲ အေးအေးဆေးဆေး ထိုင်နေပါ။ နောက်ဆိုရင် အရာအားလုံးကို ကျွန်တော်ကပဲ ဖြေရှင်းပါ့မယ်"
...