ထိမ်းမြားပေးရန်တောင်းခံခြင်း...၁
Vol. 2 Ch. 27
ချောင်မိဖရားခေါင်သည် ခဏတာ ငိုကြွေးပြီးနောက် သူမ၏ စိတ်ခံစားချက်တို့က တဖြည်းဖြည်း တည်ငြိမ်လာကာ လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို သုတ်လိုက်တော့သည်။ သူမက ဒီတစ်ကြိမ် စစ်တပ်နှင့်အတူ လိုက်ပါသွားသည့် ဒုတိယမင်းသား၏အခြေအနေကို ဂရုတစိုက်မေးမြန်းလိုက်၏။
ဒုတိယမင်းသား၏ မျက်လုံးများမှာ လင်းလက်သွားကာ သူ့အမူအရာကလဲ ပေါ့ပါးလာတော့သည်။ "စစ်ရေးရိက္ခာတွေနဲ့ ထောက်ပို့မှုတွေကိုစီစဥ်ဖို့ စစ်သူကြီးလီနောက် လိုက်သွားခဲ့ရတာ စစ်တပ်ကိုဦးဆောင်ပြီး စစ်တိုက်မထွက်ခဲ့ရပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သာ့ကောကတော့ အဖေနဲ့အတူ စစ်ပွဲတွေအများအပြား အောင်မြင်ခဲ့ပြီး သူပုန်အယောက်နှစ်ဆယ်ကျော်ကိုလဲ သတ်ဖြတ်ခဲ့တယ်။ စစ်ရေးအောင်မြင်မှုတွေလဲ အများကြီးရခဲ့ပါတယ်"
ချောင်မိဖရားခေါင်မှာ မနေနိုင်ဘဲ သက်ပြင်းချမိလေတော့သည်။
ယုံးကျားဧကရာဇ်၏နှလုံးသားသည် အမှန်ပင် မျက်နှာလိုက်လေသည်။
ပထမမင်းသား ပထမဦးဆုံးအကြိမ် စစ်တပ်နဲ့ထွက်ခွာတဲ့အချိန်တုန်းက သူက စစ်တပ်ကိုဦးဆောင်ပြီး စစ်မြေပြင်ကိုထွက်ခဲ့တယ်။ သူ့ကိုစောင့်ကြည့်ပေးမဲ့ အနီးကပ်ကိုယ်ရံတော်တွေလဲ အများကြီး။ သူကတော့ သူပုန်လေးတစ်ယောက်နှစ်ယောက်ကို ပစ်သတ်ခဲ့တယ်။ စစ်ပွဲကနေ ပြန်လာတာနဲ့ချက်ချင်း အကြီးဆုံးမင်းသားက "ပင်ကိုယ်အရ ရဲရင့်သူ" နှင့် "စစ်တပ်တွေကို ဦးဆောင်ရာမှာကောင်းမွန်သူ" ဆိုပြီးဖြစ်လာခဲ့တယ်။
တကယ်တမ်းတော့လည်း ဒီဂုဏ်သတင်းတွေကို လူတိုင်းက တမင်တကာ မြှင့်တင်ပေးခဲ့တာပဲ။
ဒုတိယမင်းသားက ပထမဦးဆုံးအကြိမ် စစ်တပ်နဲ့ထွက်ခွာရမဲ့အလှည့်ကြတော့ စစ်ရေးရိက္ခာထောက်ပံ့ပေးဖို့အတွက် စေလွှတ်ခံခဲ့ရတယ်။ အကျိုးဆောင်မှုတွေ လုပ်ချင်တယ်ဆိုရင်တော့ အခွင့်အရေးမရှိခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒုတိယမင်းသားက မြင်းပေါ်ကပြုတ်ကျခဲ့ပြီး အပြန်လမ်းခရီးမှာလည်း ဒဏ်ရာအနည်းအကျဥ်း ရခဲ့သေးတယ်။ နန်းတော်ထဲက ပါးစပ်ဖွာတဲ့လူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုတော့ ပြောကြမှာပဲ။
ချောင်မိဖရားခေါင်သည် အားတင်းထားကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "အားကျင့် ရက်အနည်းငယ်နေရင် မူဟုပ်က နန်းတော်ထဲမှာ စားသောက်ပွဲတစ်ခုကျင်းပမယ်။ ထူးချွန်တဲ့မိသားစုနောက်ခံနဲ့ ရုပ်ရည်သွင်ပြင်တွေပိုင်ဆိုင်ထားတဲ့ သခင်မလေးတွေအားလုံး နန်းတော်ထဲကိုဝင်လာကြလိမ့်မယ်။ မူဟုပ်အထင်တော့ တစ်ချို့လူတွေက ကောင်းကြောင်း ...
သူမစကားမဆုံးသေးခင်မှာပင် ဒုတိယမင်းသား၏ ဖြတ်ပြောခြင်းခံလိုက်ရသည်။"မူဟုပ်က ကွမ်းပင်းဟိုရဲ့သမီး မုန့်ယွင်လော်ကို သဘောကျနေတာလား"
ချောင်မိဖရားခေါင် "..."
ချောင်မိဖရားခေါင်သည် ဘာပြောရမည်မသိအောင်ဖြစ်သွားပြီး တည်တည်ငြိမ်ငြိမ်ဖြစ်နေသည့် ဒုတိယမင်းသားကို ကြည့်လိုက်၏။ "ဘယ်လိုလုပ်ပြီးတော့ မှန်းမိသွားတာလဲ"
သူမသည် ဤမင်္ဂလာပွဲကိစ္စနှင့်ပတ်သက်ပြီး စဥ်းစားလာခဲ့ကာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မပြောခဲ့သေးချေ။ ဟွေ့အန်းကုန်းကျူးက မေးလာသည့်အချိန်မှာပင် သူမက ပေါ့ပေါ့တန်တန်သာဖြေခဲ့ပြီး တကယ့်အစီအစဥ်ကို ဘယ်တော့မှ ထုတ်မပြောခဲ့ချေ။
သူမသည် ထိုအကြောင်းကို စဥ်းစားလေလေ လှည့်ကွက်သာတစ်ခုဖြစ်လေလေဟု ခံစားမိလေသည်။
အကြီးဆုံးမင်းသား၏ အကြီးဆုံးအားကိုးရာမှာ ဧကရာဇ်၏ မျက်နှာသာပေးခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ နန်းတော်ထဲက မုန့်ကွေ့ဖေးနှင့် နန်းတော်ပြင်ပက ကွမ်းပင်းဟိုတို့ဖြစ်သည်။
ဒုတိယမင်းသားကသာ ကွမ်းပင်းဟို၏သမီးနှင့် လက်ထပ်ခဲ့မည်ဆိုလျှင် ကွမ်းပင်းဟိုသည် မင်းသား၏ ယောက္ခမတော် ဖြစ်လာပေလိမ့်မည်။ လူတစ်ယောက်က မည်မျှပင်ကော င်းမွန်နေစေကာမူ မိမိ၏သမက်လောက် မည်မျှကောင်းနိုင်ပါမည်နည်း ။
သူမသည် မင်္ဂလာပွဲမှတစ်ဆင့် မုန့်မိသားစုကို ဆွဲဆောင်လိုခဲ့သည်။ ဒုတိယမင်းသားသည် တိုက်ရိုက်ဆက်ခံသူ တစ်ယောက်ဖြစ်ပြီး ဓလေ့ထုံးတမ်းများကို တန်ဖိုးထားသည့် အရပ်ဘက်အရာရှိများကလဲ ဒုတိယမင်းသားကို သဘာဝအလျောက် ကူညီပေးကြလိမ့်မည်။ အကယ်၍ စစ်တပ်ဘက်က ကွမ်းပင်းဟိုထံမှ ထောက်ခံမှုကို ရခဲ့မည်ဆိုလျှင် မည်သူက ဒုတိယမင်းသားနှင့် ယှဥ်ပြိုင်နိုင်ပါမည်နည်း။
ဒုတိယမင်းသားက သူမ၏အတွေးများကို ခန့်မှန်းနိုင်လိမ့်မည်ဟု တခါမှတော့ မစဥ်းစားခဲ့မိဖူးချေ။
ဒုတိယမင်းသားက ချောင်မိဖရားခေါင်ကို ကြည့်ကာ သူ့အသံကလဲ မသိမသာ ပိုပြီးတိုးညှင်းသွားခဲ့၏။ "သားအမိဆိုတာ စိတ်ချင်းဆက်နေတာပဲလေ။ မူဟုပ် စဥ်းစားတဲ့အရာကို သားတစ်ယောက်အနေနဲ့ ကျွန်တော်က နည်းနည်းပါးပါးတော့ ခန့်မှန်းနိုင်ပါတယ်"
ချောင်မိဖရားခေါင်က မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာကာ "မင်းက ဒါကို ခန့်မှန်းမိပြီဆိုတော့ မူဟုပ်ကလဲ ဖုံးကွယ်မထားတော့ပါဘူး။ မူဟုပ်က မုန့်မိသားစုရဲ့သမီးကို တကယ်သဘောကျတယ်"
ထို့နောက်တွင်တော့ သူမသည် သူမ၏အစီအစဥ်အသေးစိတ်ကို ရှင်းပြချင်လေသည်။
တစ်ခွန်းမှ မပြောရသေးခင်မှာပင် ဒုတိယမင်းသားက ဖြတ်ပြောလာခဲ့၏။ "မူဟုပ် ကျေးဇူးပြုပြီးတော့ ဒီစိတ်ကူးကို ဖယ်ထားလိုက်ပါ! ကျွန်တော် မုန့်ယွင်လော်ကို လက်ထပ်မှာ မဟုတ်ဘူး!"
ချောင်မိဖရားခေါင် "..."
ချောင်မိဖရားခေါင်သည် တိတ်ဆိတ်မှုထဲတွင် ဆို့နစ်သွားပြီး ထူးဆန်းသည့်ခံစားချက်တစ်ခုကလဲ သူမ၏စိတ်ထဲသို့ တစ်ဖန်ဝင်ရောက်လာတော့သည်။
မတွေ့ရတာ လအနည်းငယ်ပဲရှိသေးတယ်။ ဒုတိယမင်းသားက အများကြီးပြောင်းလဲသွားခဲ့တာပဲ။
တစ်ချိန်တုန်းက နှိမ့်နှိမ့်ချချ ကျောက်စိမ်းလို သိမ်မွေ့တဲ့လူငယ်လေးက အခုတော့ အေးစက်စက် ဆုံးဖြတ်ချက် ပြတ်သားတတ်လာပြီ။
"ဘာဖြစ်လို့လဲ" ချောင်မိဖရားခေါင်မှာ မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ချေ။ "မင်းမှာ သဘောကျတဲ့မိန်းကလေးရှိနှင့်နေပြီလား"
မဟုတ်မှလွဲရော သူက ချောင်ဝမ်ကို သဘောကျနေတာလား။
ချောင်မိဖရားခေါင်၏ အတွေးများမှာ ပြောင်းလဲသွားပြီး သူမက သွေးတိုးစမ်းသလို မေးခွန်းတစ်ခုကို မေးမြန်းမည်ပြင်လိုက်ချိန်တွင် ဒုတိယမင်းသားက ဘာမှဂရုမစိုက်သလို ပြောလာသည်ကို ကြားလိုက်ရတော့သည်။ "ကျွန်တော့်ရဲ့စိတ်ထဲမှာ ကြင်ယာတော်မင်းသမီးအဖြစ် သဘောကျတဲ့သူတစ်ယောက်က တကယ်ပဲ ရှိပါတယ်။ ဒီကိစ္စအတွက်နဲ့ မူဟုပ်က စိုးရိမ်ပေးဖို့ မလိုပါဘူး။ ဒီနေ့ည ကျွန်တော်က ဖုဟွမ်ဆီမှာ သီးသန့်သွားပြီးတော့ တောင်းဆိုလိုက်ပါ့မယ်။ မူဟုပ်လိုချင်တဲ့မိန်းကလေးကို ကျွန်တော် လက်ထပ်မှာပါ"
နောက်ဆုံးစကားအနည်းငယ်သည် အဓိပ္ပါယ် အမျိုးမျိုး ပါဝင်လို့နေ၏။
ချောင်မိဖရားခေါင်က ထပ်ပြီးမေးမြန်းချင်သော်ငြားလည်း ဒုတိယမင်းသားကတော့ ဦးညွှတ်ကာ ထွက်ခွာသွားနှင့်ပြီဖြစ်သည်။
ချောင်မိဖရားခေါင် "..."
သူမရဲ့သားဖြစ်သူက အရွယ်ရောက်လာပြီး ကိုယ်ပိုင်စိတ်ကူးတွေနဲ့ အမြင်သဘောထားလဲရှိလာသည်။ သူနှင့်တောင်မှ ဒီလိုကိစ္စတွေကို တိုင်ပင်လို့မရတော့ဖူးဘဲ။
ချောင်မိဖရားခေါင်မှာ ဝမ်သာရမည်လား စိတ်ပျက်ရမည်လားပင် မသိတာ့ချေ။ အချိန်အတော်ကြာသွားပြီးနောက်တွင်တော့ သူမက သက်ပြင်းရှည်ကြီးတစ်ချက်သာ မှုတ်ထုတ်လိုက်လေတော့သည်။
...
ယုံးကျားဧကရာဇ်သည် မြို့တော်မှ လပေါင်းများစွာ ထွက်ခွာသွားခဲ့ပြီး အုပ်ချုပ်ရေးကိစ္စရပ်များစွာလည်း နှောင့်နှေးနေခဲ့သည်။ တနေ့လုံး အလုပ်များပြားပြီးသွားသောအခါ သူသည် မှောင်လာချိန်မှသာ အလုပ်နားခဲ့လေသည်။
လျိုကုန်းကုန်းက တလေးတစားဖြင့် ရှေ့သို့တိုးလာပြီး "နောက်ကျနေပါပြီ အရှင်မင်းကြီး။ ညစာစားချိန်တန်ပါပြီ"
ယုံးကျားဧကရာဇ်က ခဏလောက်စဥ်းစားပြီးမှ ပြောလိုက်၏။ "မလိုဘူး ယန်ရှီနန်းဆောင်ကိုပဲ တိုက်ရိုက်သွားလိုက်မယ်။ ကွေ့ဖေးရဲ့နန်းဆောင်မှာပဲ ညနေစာအတူတူစားမယ်"
နန်းတော်သို့ပြန်လာသည့် ပထမဦးဆုံးနေ့တွင် ကျောင်းဖန်နန်းဆောင်တွင် နေထိုင်ခြင်းက ချောင်မိဖရားခေါင်ကို လုံလောက်အောင် မျက်နှာသာပေးပြီးသားဖြစ်သည်။ ဒီနေ့တွင်တော့ ယုံးကျားဧကရာဇ်သည် မုန့်ကွေ့ဖေး၏နန်းဆောင်သို့ သွားပေတော့မည်။
လျိုကုန်းကုန်းကလဲ ပြုံးကာဖြင့် ပြန်ဖြေလိုက်၏။ ထွက်မခွာလာခင်တွင် မာကုန်းကုန်းသည် ဝမ်ဟွားခန်းမသို့ ဝင်ရောက်လာကာ လျှောက်တင်လေ၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဒုတိယမင်းသားနဲ့ တတိယမင်းသားတို့က တွေ့ဆုံခွင့်တောင်းနေပါတယ်"
သားတော်များက ရောက်လာပြီဆိုသဖြင့် သူတို့ကို သောချာပေါက် တွေ့ရပေတော့မည်။
ယုံးကျားဧကရာဇ်ကတော့ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "သူတို့ကို ဝင်လာဖို့ကြေငြာလိုက်"
မာကုန်းကုန်းက ခေါင်းဟန့်လိုက်ကာ လေသံတိုးတိုးဖြင့် ပြန်ဖြေလေသည်။ "ဒုတိယမင်းသားနဲ့ တတိယမင်းသားတို့က အသီးသီးမှာ အရေးကြီးကိစ္စတွေ ရှိနေတဲ့အတွက် အရှင်မင်းကြီးကို သီးသန့်တွေ့ဆုံချင်တာပါတဲ့"
ယုံးကျားဧကရာဇ် "..."
ဒီကလေးတွေ အမွှေးအတောင်တောင် မစုံသေးဘူး။ သူတို့ကတော့ တော်တော်လေး အကြံအစည်များတဲ့သူတွေဖြစ်နေပြီ။
ယုံးကျားဧကရာဇ်က ခဏလောက် စဥ်းစားလိုက်ပြီးနောက် ပြန်ထိုင်ချလိုက်ကာ "ကောင်းပြီလေ။ တစ်ယောက်ပြီး တစ်ယောက် ခေါ်ကြတာပေါ့"
မာကုန်းကုန်းက ပါးစပ်ကိုဖွင့်ပြီး ဖြေတော့မည်ပြင်လိုက်စဥ်တွင် ယုံးကျားဧကရာဇ်က တစ်ဖန်ထပ်ပြောလာသည်ကို ကြားလိုက်ရတော့၏။ "တတိယမင်သားကို အရင်ခေါ်လိုက်"
မာကုန်းကုန်းမှာ ခဏလောက် မှင်သက်အံ့သြသွားပြီးမှ လျိုကုန်းကုန်းနှင့် မြန်မြန်ဆန်ဆန် အကြည့်ချင်း ဖလှယ်လိုက်လေ၏။
မနက်ခင်းက ဒုတိယမင်းသား၏မှတ်ချက်များမှာ ယုံးကျားဧကရာဇ်ကို အမှန်တကယ် စိတ်အနှောက်အယှက် ဖြစ်စေခဲ့လေသည်။ ထို့ကြောင့် ယုံးကျားဧကရာဇ်က တတိယမင်းသားကို တမင်တကာ အရင်ဆုံးခေါ်လိုက်ပြီး ဒုတိယမင်းသားကို ဥပက္ခာပြုလိုက်ခြင်းပင်။
ခဏအကြာတွင်တော့ တတိယမင်းသား လီဟောက်သည် ခန်းမထဲသို့လျှောက်ကာဝင်လာပြီး အရိုအသေပေးလိုက်၏။ "အာချန် ဖုဟွမ်ကို ဂါရဝပြုပါတယ်"
အဖေတစ်ယောက်အနေဖြင့် သားဖြစ်သူကို မချစ်ရသည့် အကြောင်းအရင်းက မရှိချေ။ လက်ချောင်းငါးချောင်းမှာ အရှည်မတူသော်ငြားလည်း အားလုံးက သူ၏လက်များပင် ဖြစ်နေသေးသည်။
ယုံးကျားဧကရာဇ်က ပြုံးကာပြောလိုက်၏။ "ထုံးတမ်းအစဥ်အလာတွေကို လိုက်နာစရာမလိုပါဘူး။ ထပါ"
လီဟောက်က တရိုတသေ ပြောလိုက်ကာ "ကျေးဇူးတင်ပါတယ် ဖုဟွမ်" ထို့နောက်တွင်တော့ မတ်တပ်ထရပ်လိုက်တော့သည်။ "မင်းက ငါ့ကို တမင်တကာ လာတွေ့တာဆိုတော့ တောင်းဆိုစရာတစ်ချို့ရှိလို့လား"
သားဖြစ်သူကို သီးသန့်တွေ့ဆုံရချိန်တွင် ယုံးကျားဧကရာဇ်ကလဲ ဧကရာဇ်၏ ဟန်ပန်အမူအရာကို ဆောင်မထားတော့ချေ။ ဒီတစ်ကြိမ်တွင်တော့ ယုံးကျားဧကရာဇ်သည် လောကကြီးထဲက ဖခင်များအားလုံးနည်းတူပင် သူ၏နူးညံ့သိမ်မွေ့သည့်အပြုံးများထဲတွင် အနည်းငယ် အလိုလိုက်မှုများ ပါဝင်နေလေသည်။ “ပြောပါ။ ငါ မင်းကို ထောက်ပံ့ပေးပြီးတော့ အဆုံးအဖြတ်ပေးမယ်"
လီဟောက်သည် ရင်ထဲတွင် ပူနွေးသည့်လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရ၏။
ဟုတ်တယ်။ သားတစ်ယောက်အနေနဲ့တစ်ခုခု လိုချင်တာရှိလျှင် အဖေဖြစ်သူက သူ့ကိုတောင်းဆိုတာက မှန်ကန်သင့်လျော်တဲ့ လုပ်ရပ်ပဲ။
"အရှင်မင်းကြီး အာချန်မှာ တောင်းဆိုစရာတစ်ခု ရှိပါတယ်" အနီရင့်ရောင် အရောင်လေးတစ်ခုသည် လီဟောက်၏မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး သူ့လေသံကလဲ ပြတ်သားလာခဲ့၏။ "သားတော်မှာ သဘောကျရတဲ့မိန်းကလေးရှိပါတယ်။ ဖုဟွမ်က သားတော်ကို သူနဲ့လက်ထပ်ပေးဖို့ တောင်းဆိုပါတယ်"
ယုံးကျားဧကရာဇ်သည် ရုတ်တရက်ဆိုသလို စိတ်ဝင်စားလာကာ ပြုံးပြီးမေးလိုက်၏။ "မင်းက ဘယ်မိန်းကလေးကို သဘောကျနေတာလဲ ပြောပြအုံး"
လီဟောက်၏မျက်လုံးများမှာ လင်းလက်သွားကာ "ရှင်းယန်ဝမ်ရဲ့သမီး လုမင်ယွိပါ" ယုံးကျားဧကရာဇ်က မေးခွန်းများ မေးမြန်းလာမည်ကို စောင့်ဆိုင်းမနေဘဲ သူက လွန်ခဲ့သည်နှစ်နှစ်က သူတို့၏ဆက်ဆံရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အရင်ဆုံးပြောပြလိုက်လေတော့သည်။
ယုံးကျားဧကရာဇ်သည်လည်း ငယ်ငယ်လေးကတည်းက ချစ်ကျွမ်းဝင်ခဲ့၏။ သားဖြစ်သူ၏ တောက်ပနေသည့်မျက်လုံးများကို မြင်ရသောအခါ သူက ပြုံးပြီးပြောလိုက်လေသည်။ "မင်း ပြောတဲ့စကားကို ငါ သိပါပြီ။ ဒါပေမဲ့ ထိမ်းမြားခြင်းကို အပ်နှင်းတာနဲ့ ပတ်သက်လာရင်တော့ ငါတို့တွေ ရှင်းယန်ဝမ်ကို အရင်ဆုံး မေးမှဖြစ်မယ်။ မင်း အရင်ဆုံးပြန်သွားပြီးတော့ ငါခေါ်တဲ့အထိ စောင့်နေလိုက်"
လီဟောက်သည် အခြေအနေက ထိုမျှလောက် ချောမွေ့သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။ သူသည် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့၏။ ချက်ချင်းဆိုသလို ဒူးထောက်ချကာ သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်ပြီးနောက် "ဖုဟွမ်ရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်"
ယုံးကျားဧကရာဇ်က ပေါ့ပေါ့ပါးပါး ရယ်မောလေတော့သည်။ "ဟုတ်ပါပြီ အရင်ဆုံး ပြန်သွားလိုက်အုံး!"
လီဟောက်သည်လည်း ခက်သွက်သွက် ခြေလှမ်းများဖြင့် ထွက်ခွာသွားလေတော့သည်။
ခဏအကြာတွင်တော့ ဒုတိယမင်းသားကို ဝမ်ဟွားခန်းမထဲသို့ ဆင့်ခေါ်ခဲ့လေသည်။ ဒုတိယမင်းသားကလဲ လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်ပြီး တင့်တယ်လှပစွာဖြင့် အပြစ်အနာအဆာ ကင်းစင်လို့နေ၏။
ယုံးကျားဧကရာဇ်သည် ခန့်ညားချောမောပြီး ကျောက်စိမ်းလို တည်ငြိမ်လှပသည့် မျက်နှာလေးကို မြင်လိုက်ရသောအခါ သူ၏မျိုသိပ်ထားရသည့်ဒေါသများမှာ နှလုံးသားထဲတွင် ပြန်ပေါ်လာကာ သူ့အသံကလဲ မသိမသာ လေးပင်သွားလေသည်။ "မင်းငါ့ကို တွေ့ချင်တယ်လို့ပြောတယ်။ ဘာကိစ္စလဲ"
ဒုတိယမင်းသားက မျက်လုံးများကိုပင့်ထားလိုက်၏။ "အာ့ချန် ဖုဟွမ်ဆီမှာ ထိမ်းမြားပေးဖို့တောင်းဆိုချင်လို့ပါ"
ယုံးကျားဧကရာဇ် "..."
...