← Chapters

ထိမ်းမြားခြင်းတောင်းခံခြင်း -၂

Vol. 2 Ch. 28

ထိမ်းမြားခြင်းတောင်းခံခြင်း -၂

Vol. 2 Ch. 28

ဒုတိယမင်းသားသည် ယုံးကျားဧကရာဇ်၏ မျက်လုံးထဲက အံ့သြသွားသည့်အရိပ်အယောင်ကို လွတ်မသွားခဲ့ချေ။

လီဟောက်က ဖုဟွမ်ဆီမှာ အရင်ဆုံး တောင်းဆိုပြီးသွားပြီ ထင်တယ်။

ဒုတိယမင်းသားသည် တည်တည်ငြိမ်ငြိမ် စဥ်းစားလိုက်ပြီး ပြုံးကာပြောလိုက်၏။ "ဖုဟွမ်က အာချန် ဘယ်သူ့ကို သဘောကျတယ်ဆိုတာ မသိချင်ဘူးလား"

ယုံးကျားဧကရာဇ်က တည်ငြိမ်အောင်လုပ်လိုက်ကာ ပြုံးပြီးပြောလိုက်လေသည်။ "မင်း မပြောရင်တောင် ငါ ခန့်မှန်းမိပါတယ်။ ချောင်ရှန်းရဲ့မိသားစုထဲမှာ မင်းထက်တစ်နှစ်ငယ်တဲ့ မြေးမလေးတစ်ယောက်ရှိတာ ငါ မှတ်မိသေးတယ်။ သူက မင်းရဲ့အမေကိုအဖော်ပြုဖို့ နန်းတော်ထဲကို ခဏခဏ လာတတ်တယ်လေ။ ငါလဲသူ့ကို တခါနှစ်ခါလော က်တွေ့ဖူးပါတယ်။ သူ့နာမည်က ချောင်ဝမ်..."

"ဖုဟွမ် နားလည်မှုလွဲနေပါပြီ" ဒုတိယမင်းသားသည် ယုံးကျားဧကရာဇ်ကို ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။ "ကျွန်တော်က ဝမ်းကွဲညီမလေးချောင်ဝမ်အပေါ် စိတ်ကူးယဥ်ဆန်ဆန် ခံစားချက်လဲမရှိသလို ကျွန်တော်တို့ ဝမ်းကွဲမောင်နှမတွေကြားမှာလည်း ဘာဆက်ဆံရေးမှ မရှိပါဘူး။ ကျွန်တော် စိတ်ထဲမှာ သဘောကျရတဲ့ မိန်းကလေးက တခြားတစ်ယောက်ပါ"

ယုံးကျားဧကရာဇ်မှာ သူ့စကားဖြတ်ပြောခံလိုက်ရချိန်တွင် မကျေမလည်ဖြစ်သွားပြီး အဖြစ်စ်သဘောမျိုး ပြုံးကာမေးလာတော့သည်။ "ဪ မင်းက ဘယ်မိန်းကလေးကို သဘောကျတာလဲ"

ဒုတိယမင်းသားကလဲ တလေးတစားပြန်ဖြေလိုက်၏။ "သားတော် သဘောကျတဲ့တစ်ယောက်က ရှင်းယန်ဝမ်ရဲ့သမီး စတုတ္ထသခင်မလေးလုပါ"

ယုံးကျားဧကရာဇ် "-"

ယုံးကျားဧကရာဇ်မှာ အလန့်တကြားဖြစ်သွားပြီး သူ နားကြားမှားလေသလားဟုပင် ထင်မှတ်မိသွားတော့၏။ "မင်း ဘာပြောလိုက်လဲ။ ပြန်ပြောစမ်းပါအုံး။ မင်း ဘယ်မိန်းကလေးကို သဘောကျနေတာ"

ဒုတိယမင်းသား၏ ချောမောလှသည့်မျက်နှာပေါ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် လူငယ်လေးတစ်ယောက်၏ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်ပြီး ရှက်ရွံ့မှုများ ထွက်ပေါ်လာတော့သည်။ “ဖုဟွမ် အာချန် ရှင်းယန်ဝမ်အိမ်တော်က စတုတ္ထသခင်မလေး လုမင်ယွိကို ဇနီးအဖြစ် ထိမ်းမြားချင်ပါတယ်"

ယုံးကျားဧကရာဇ်မှာ ရုတ်တရက် ထရပ်လိုက်ပြီး သူ၏မျက်လုံးနှစ်လုံးကလဲ ဒုတိယမင်းသားကို စိုက်ကြည့်လို့နေတော့သည်။

"လီကျင့်! မင်း ဘာပြောနေတယ်ဆိုတာကို သိရဲ့လား!"

ညီအစ်ကိုနှစ်ယောက်စလုံးက တစ်ချိန်တည်းမှာ ရှင်းယန်ဝမ်အိမ်က စတုတ္ထသခင်မလေးလုနဲ့ လက်ဆက်ပေးဖို့ တောင်းဆိုနေကြတာတဲ့လေ!

ဒီလောက် အဓိပ္ပါယ် မဲ့တဲ့ကိစ္စ သတင်းသာပြန့်နှံ့သွားမယ်ဆိုရင် တော်ဝင်မိသားစုမှာ ဘာမျက်နှာကျန်အုံးမှာလဲ။

ဒီကိစ္စအတွက်နဲ့ ညီအစ်ကိုနှစ်ယောက်ကတော့ သွေးကွဲကြတော့မှာပဲ။

သူ့သားတော်တွေကို မိန်းမတစ်ယောက်အတွက်နဲ့ အပြန်အလှန်ကျောခိုင်းရအောင်တော့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။

မမြင်နိုင်သည့် ဖိအားတစ်ခုသည် ထိုက်တောင်ကြီးလို ဒုတိယမင်းသားကို ဖိစီးထားလေတော့သည်။

ဒုတိယမင်းသားမှာ အနည်းငယ် ဆွံ့အသွားပြီး မျက်လုံးထဲတွင်လည်း ရှုပ်ထွေးမှုများဖြင့် မေးမြန်းလာတော့၏။ "ဖုဟွမ် ဘာဖြစ်လို့ ရုတ်တရက် ဒေါသထွက်သွားတာလဲ။ သားတော် ခုနတုန်းက ပြောခဲ့တဲ့ထဲမှာ စကားမှားတာ ပါသွားလို့လား"

နောက်ဆုံး ကိုယ့်ရဲ့ချစ်ရသူနဲ့လက်ထပ်ချင်တဲ့ ဆယ်ကျော်သက်လေးတစ်ယောက်မှာ ဘာမကောင်းတဲ့စိတ်ကူးမျိုးရှိနိုင်မှာလဲ။

"ခုနတုန်းက တတိယညီတော်က ငါ့ကို ဘာဖြစ်လို့ လာတွေ့လဲဆိုတာသိလား" ယုံးကျားဧကရာဇ်၏ နဂါးမျက်လုံးထဲက ဒေါသများသည် စုဝေးလာကာ မုန်တိုင်းကြီးတစ်ခု ချဥ်းကပ်လာသလို နည်းနည်းချင်း ကြီးထွားလာတော့သည်။ "အားဟောက်မှာ သူ သဘောကျရတဲ့သူ ရှိတယ်။ မင်္ဂလာလက်ဆက်ပေးဖို့ လာပြီးတော့ တောင်းဆိုတာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူချစ်ရတဲ့သူကလဲ မင်းပြောတဲ့စတုတ္ထသခင်မလေးလုပဲ!"

ဒုတိယမင်းသားသည် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသယောင် သူ့မျက်နှာမှာ ရုတ်တရက် ဖြူဆုတ်သွားခဲ့ပြီး သူသည် အမှတ်တမဲ့ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ သူ့အသံမှာလည်း မသိမသာ တုန်ရင်သွားတော့သည်။ "ဘယ်လိုဖြစ်နိုင်မှာလဲ! ဒါက လုံးဝမဖြစ်နိုင်ဘူး!"

ပျာယာခပ်သွားသည့် ဒုတိယမင်းသားကို မြင်လိုက်ရချိန်တွင် ယုံးကျားဧကရာဇ်၏နှလုံးသားထဲက ဒေါသသည်လည်း နောက်ဆုံးတော့ အနည်းငယ် ပြေလျော့သွားတော့သည်။ သို့သော်ငြား သူ၏သံသယများကိုတော့ မဖယ်ရှားနိုင်သေးချေ။ သူသည် ဒုတိယမင်းသားကို စိုက်ကြည့်နေဆဲဖြစ်ကာ "ငါလဲ အရမ်းကို ရှုပ်ထွေးနေတာ။ မင်းက စတုတ္ထသခင်မလေးလုကို ဘယ်တုန်းကတွေ့တာလဲ။ မင်း ဘယ်တုန်းက သဘောကျသွားတာလဲ"

ဒုတိယမင်းသားက တည်ငြိမ်သွားပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။ "ဖုဟွမ် တကယ်အထင်လွဲနေပါပြီ။ ကျွန်တော် စတုတ္ထသခင်မလေးလုကို အရင်က တခါမှမမြင်ဖူးပါဘူး"

"ရှင်းယန်ဝမ်က တန်ခိုးကြီးပြီး သူရဲကောင်းပီသတယ်။ သူ့ရဲ့စစ်တပ်ကလဲ အင်မတန်မှ စည်းကမ်းတင်းကြပ်ပြီး သူကလဲ စစ်ပွဲပေါင်းများစွာကို အောင်နိုင်ထားခဲ့တာပါ။ ရှင်းယန်ဝမ်ရဲ့သား လုဖေးကလဲ ငယ်ရွယ်တဲ့ စစ်သည်တစ်ယောက်ပါပဲ။ အာချန်က ရှင်းယန်ဝမ်ကို လေးစားတဲ့အတွက် ရှင်းယန်ဝမ်ရဲ့သမီးကို ကြင်ယာတော်အဖြစ် လက်ထပ်ချင်တာပါ"

ဤအကြောင်းပြချက်ကတော့ နားလည်နိုင်ဖွယ်ရှိလေသည်။

မင်းသားတစ်ပါးအနေဖြင့် သာ့ဝေ၏ နာမည်ကြီးစစ်သူကြီးတစ်ပါး၏ သမီးတစ်ယောက်နှင့် လက်ထပ်ချင်ပြီး စစ်ရေးအင်အား ပိုင်ဆိုင်ထားသည့် စစ်သူကြီးတစ်ယောက် မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ချင်သည်ကလဲ မှားယွင်းသည်တော့ မဟုတ်ချေ။

တစ်ခုတည်းသော အံ့သြစရာများမှာ သားနှစ်ယောက်စလုံးက လုမျိုးနွယ်၏သမီးကို သဘောကျနေခြင်းပင်။

ယုံးကျားဧကရာဇ်၏ဒေါသသည် တစ်ဖန်ပြေလျော့သွားပြီး သူက ဒေါသတကြီး လက်ဝှေ့ယမ်းပြလိုက်၏။ "တော်ပြီ။ ဒီကိစ္စကို ဘယ်သူ့ကိုမှ ဖွင့်မပြောရဘူး။ မင်းရဲ့မယ်တော်မေးလာရင်တောင် ပေါက်ကရတွေ မပြောရဘူး"

ဒုတိယမင်းသားမှာ သည်အချိန်တွင်တော့ ဒီထက်ပိုပြီး ရိုးသားပြီး တည်ငြိမ်ဖို့ရန် မတတ်နိုင်တော့ချေ။ "ဟုတ်ကဲ့ အာချန် ဖုဟွမ်ရဲ့အမိန့်ကို လိုက်နာပါ့မယ်။ ဒီကိစ္စကိုလဲ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လုံးဝမပြောပါဘူး" ခဏလောက် ရပ်တန့်လိုက်ပြီးမှ သူက ချီတုံချတုံဖြင့် ပြောလိုက်၏။ "ဖုဟွမ် အာချန် တစ်ခုလောက်တော့ မေးခွင့်ပြုပါ။ အာချန်နဲ့ တတိယညီလေးနှစ်ယောက်စလုံးက စတုတ္ထသခင်မလေးလုကို သဘောကျနေတာဆိုတော့ ဖုဟွမ်ရဲ့အစီအစဥ်က ဘယ်လိုများ ရှိမလဲမသိဘူးနော် -"

သူက ဒီလိုမေးရဲတဲ့သတ္တိတောင် ရှိနေသေးတယ်!

"ထွက်သွား!" ယုံးကျားဧကရာဇ်သည် လောကတစ်ခွင် တိုက်ခိုက်လာခဲ့သည့် ဧကရာဇ်တစ်ပါးဖြစ်လေသည်။ သူသည် သူ၏ဒေါသကို မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်ငေါက်လေတော့၏။ "အခု ချက်ချင်းထွက်သွား! "

သူက စာရွက်ဖိသည့် ကျောက်စိမ်းတုံးတစ်ခုကို ကောက်ကိုင်ကာ ပစ်ထုတ်လိုက်လေတော့သည်။

ဒုတိယမင်းသားက ကလေးဘဝကတည်းက သိုင်းပညာလေ့ကျင့်လာခဲ့သူဖြစ်ပြီး သူ၏သိုင်းပညာအရည်အချင်းကလဲ တခြားညီအစ်ကိုများလို ကောင်းမွန်လေသည်။ စာရွက်ဖိသည့်ကျောက်စိမ်းအတုံးသည် ဖုတ်ခနဲ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကာ နှစ်ပိုင်းကွဲသွားတော့၏။

ရှောင်ရဲသေးတယ်!

ယုံးကျားဧကရာဇ်သည် စိတ်ထဲတွင် အမျက်ဒေါသထွက်သွားပြီး သူ့မျက်လုံးများက ဝေ့ဝဲသွားကာ ဒီတစ်ကြိမ်တွင်တော့ သူသည် လူအရပ်တစ်ဝက်စာမြင့်သည့် ပန်းအိုးကြီးတစ်လုံးကို လှမ်းကာယူလိုက်၏။

ဒုတိယမင်းသား၏ ဦးရေပြားများမှာ တင်းကြပ်သွားပြီး စဥ်းစားမနေတော့ဘဲ လှည့်ကာပြေးထွက်သွားတော့၏။

လှလှပပပန်းအိုးလေးသည် လေထဲတွင်လွင့်ပျံသွားကာ ဒုတိယမင်းသားနောက်တွင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေတော့သည်။ အကွဲစလေးများက ပျံသန်းသွားပြီး ဖန်ကွဲစတစ်ချို့သည် ဒုတိယမင်းသား၏ခြေထောက်ကို ရှပ်ထိသွားပြီးနောက် အနည်းငယ် စပ်ဖျဉ်းဖျဉ်း ခံစားချက်တစ်ခု ဖြစ်သွားတော့၏။

ဒုတိယမင်းသားမှာ စကားတစ်ခွန်းမှမပြောဘဲ ဝမ်ဟွာခန်းမထဲမှနေ၍ မြန်မြန်ပြေးထွက်လာခဲ့တော့သည်။ ယုံးကျားဧကရာဇ်၏ဒေါသကို သူ့နောက်တွင်ပင် ကြားနေရသေးသည်။

ခန်းမအပြင်ဘက်တွင် စောင့်ကြပ်ပေးနေသည့် နန်းစောင့်တပ်သားများကလဲ တအံ့တသြဖြင့် လှမ်းကြည့်လာခဲ့ကြသည်။

ဒုတိယမင်းသားက ချက်ချင်းဆိုသလို သူ၏အသွင်အပြင်ကို ပြောင်းလဲလိုက်ကာ လျှောက်နေသည့်ခြေလှမ်းကို အရှိန်လျှော့လိုက်ပြီးနောက် အိန္ဒြေရရ ဖြည်းဖြည်းချင်း ရှေ့သို့ဆက်လျှောက်လာခဲ့တော့သည်။ ဤဟန်ပန်အမူအရာကလဲ "မျက်စိပသာဒဖြစ်စရာ လူရည်မွန်တစ်ယောက်" ဟူသည့်စကားလုံးများနှင့် အမှန်ပင် လိုက်ဖက်မှုရှိနေတော့သည်။

ကောင်းကင်ကြီးက ပိန်းပိတ်အောင် မှောင်မည်းသွားပြီဖြစ်၏။

လခြမ်းကွေးလေးသည် ကောင်းကင်ပေါ်တွင်တွဲခိုနေပြီး ကြယ်အနည်းငယ်ကလဲ ကောင်းကင်ထဲတွင် မှိတ်တုတ်မှိတ်တုတ်လင်းလက်လို့နေ၏ အေးမြလှသည့် နွေဦးလေပြေလေးက မျက်နှာပေါ်ကို အသာအယာ တိုက်ခတ်လာသည့် မိုးမခကိုင်းလေးတစ်ခုနှယ်။

ဒုတိယမင်းသား၏ အမူအရာများအားလုံးသည် အမှောင်ထဲတွင် ပျော်ဝင်သွားတော့သည်။ ထိုနက်ရှိုင်းပြီးမည်းနက်နေသည့် မျက်ဝန်းတစ်စုံကသာ ခန့်မှန်းရခက်သည့် အလင်းရောင်လေးတစ်ခုဖြင့် တောက်ပလို့နေခဲ့၏။

-

ယုံးကျားဧကရာဇ်သည် အမှန်တကယ် ဒေါသထွက်သွားကာ မျက်နှာများနီရဲပြီး မောဟိုက်စွာ သက်ပြင်းရှုနေရ၏။ သူ့မျက်လုံးထဲတွင် တဖျတ်ဖျတ်လက်နေသည့်ဒေါသကြောင့် သူ့ရင်ဘတ်တို့မှာလည်း နိမ့်ချီမြင်ချီ လှုပ်ရှားနေလေတော့သည်။

နန်းတွင်းအစေခံများက ရှေ့သိုတို့းလာကာ ရှုပ်ပွနေသည့်အပျက်အစီးများကို ရှင်းလင်းကြရသည်။

လျိုကုန်းကုန်းက သတ္တိကိုအသုံးချပြီး ရှေ့သို့တိုးလာကာ ယုံးကျားဧကရာဇ်ကို နှစ်သိမ့်ပေးတော့၏။ "အရှင်မင်းကြီး ကျေးဇူးပြုပြီးတော့ ဒေါသကိုလျှော့ပါ! ဒုတိယမင်းသားက နူးညံ့သိမ်မွေ့ပြီး ယဥ်ကျေးပျူငှာတယ်။ ရိုသေကိုင်းရှိုင်းပြီးတော့ နှိမ့်ချတတ်တယ်။ သူ့ရဲ့ရည်ရွယ်ချက်ကလဲ အရှင်မင်းကြီးကို ဒေါသထွက်အောင်လုပ်ဖို့ ရည်ရွယ်တာမဟုတ်ပါဘူး..."

ယုံးကျားဧကရာဇ်က ဒေါသထွက်ထွက်ဖြင့် နှခေါင်းရှုံ့လိုက်ကာ "မင်းအဲဒီ့ခွေးကောင်အတွက် စကားပြောပေးစရာ မလိုပါဘူး! တကယ်လို့ သူသာ လိမ်မာသိတတ်တယ်ဆိုရင် ခုနတုန်းက ဘာဖြစ်လို့ရှောင်နေမှာလဲ"

လျိုကုန်းကုန်းက လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ "တုတ်သေးသေးကိုတော့ ရိုက်ခံရမှာဆိုပေမဲ့ တုတ်အရမ်းကြီးနေရင်တော့ ရှောင်ရှားရမှာပါ။ ခုနတုန်းက အရှင်မင်းကြီးက ဒေါသထွက်နေတာလေ။ တကယ်လို့ အရှင်မင်းသားသာ မရှောင်လိုက်ဘူးဆိုရင် သူ တကယ်ထိခိုက်သွားတော့မှာ။ နောက်ဆုံးတော့လည်း စိတ်ဆင်းရဲပြီး ကိုယ်ဟာ့ကို အပြစ်တင်ရမှာက အရှင်မင်းကြီးပဲ ဖြစ်သွားတော့မှာမဟုတ်လား"

ယုံးကျားဧကရာဇ်က မျက်နှာကိုမဲ့ထားလိုက်ကာ လျိုကုန်းကုန်းကို လှမ်းကြည့်လိုက်ပြီး "မင်း ဒုတိယမင်းသားဆီက ဘာတွေ အကျိုးလက်ခံရရှိထားလို့လဲ။ ဒီနေ့ နေရာတိုင်းမှာ သူ့အတွက် လိုက်ပြီးတော့ ပြောပေးနေတယ်"

လျိုကုန်းကုန်းသည် သူ၏ကိုယ်ပိုင်အားသာချက်ကြောင့် အရှင်မင်းကြီး၏ လူယုံတော်တစ်ယောက် ဖြစ်လာနိုင်ခဲ့ခြင်းပင်။ သူကလဲ တရိုတသေ ပြန်ဖြေလိုက်လေသည်။ "ဒီကျွန်က အရှင်မင်းကြီးရဲ့လူဖြစ်လာဖို့ မွေးဖွားလာခဲ့တာပါ။ သေလွန်သွားရင်လည်း အရှင်မင်းကြီးနားမှာ ကပ်နေမဲ့ သရဲတစ္ဆေတစ်ကောင်ဖြစ်မှာပါ။ စိတ်ထဲမှာလည်း အရှင်မင်းကြီးတစ်ပါးထဲကိုပဲ ရှိပါတယ်။ ဘယ်သူက ဘာအကျိုးအမြတ်တွေ လာကတိပေးပါစေ ဒီကျွန်က လက်ခံမှာ မဟုတ်ပါဘူး"

"အစေခံတွေက အရှင်မင်းကြီးအတွက် တကယ်ပဲ စိတ်မကောင်းဖြစ်နေရတာပါ။ အရှင်မင်းကြီးက တနေ့လုံး အလုပ်များလာခဲ့တာ ပူပူနွေးနွေး အစားအသောက်လဲ မစားနိုင်ဘူး။ အခုတော့ အရမ်းကို ဒေါသထွက်နေတယ်လေ"

အရှင်မင်းကြီး စိတ်ထဲမှာ ဒေါသထွက်နေသေးတယ်ဆိုရင် အရှင်မင်းကြီးရဲ့ဒေါသကိုဖွင့်ချဖို့ ဒီအစေခံကိုပဲ အသုံးချလိုက်ပါ။ ဒေါသထွက်ပြီးတော့ နဂါးခန္ဓာကိုယ်ကို ပျက်စီးအောင်မလုပ်ပါနဲ့"

ယုံးကျားဧကရာဇ်သည် အလွန်စိတ်လှုပ်ရှားသွားပြိး သူ့ခြေထောက်ကိုဆန့်ကာ လျိုကုန်းကုန်းကို လှမ်းကန်လေတော့သည်။ "ကျွန်စုတ်အဘိုးကြီး!"

သို့သော်ငြားလည်း ကန်ကျောက်လိုက်သည့်အချိန်တွင် သူ့အင်အားကိုတော့ ထိန်းချုပ်ထားဆဲပင်။

သို့မဟုတ်လျှင် ယုံးကျားဧကရာဇ်၏ခွန်အားနှင့်ဆိုလျှင် လျိုကုန်းကုန်းသည် အပြင်သို့ကန်ထုတ်ခံရမှာပင် စိုးရိမ်ရလေသည်။ လျိုကုန်းကုန်းကတော့ မလှုပ်မယှက်ပင်။ သူက ကန်ချက်ကို ခံယူလိုက်ကာ ယုံးကျားဧကရာဇ်ကို ပြုံးပြလိုက်၏။ "အရှင်မင်းကြီး စိတ်လျှော့တော်မူပါ! ဒီကျွန်က ယန်ရှီနန်းဆောင်ကို စာတစ်စောင် ပို့လိုက်ပါမယ်။ ပြီးရင် အရှင်မင်းကြီး အကြိုက်ဆုံးအစားအသောက်တစ်ချို့ကို ပြက်ဆင်ထားဖို့ မုန့်ကွေ့ဖေးကို ပြောလိုက်ပါ့မယ်"

ယုံးကျားဧကရာဇ်၏ တင်းကြပ်နေအောင်တွန့်ချိုးထားသည့် မျက်ခုံးများမှာ ပြေလျော့သွားလေတော့သည်။ ဘေးတွင်ရှိနေသည့် မာကုန်းကုန်းက လျိုကုန်းကုန်းထံမှ အကြည့်တစ်ချက်ကို လက်ခံရရှိလိုက်ပြီး တိတ်တိတ်လေး ပြန်ထွက်သွားတော့၏။

ယုံးကျားဧကရာဇ်က စိတ်တည်ငြိမ်သွားပြီးသောအခါ အမိန့်ပေးလာတော့သည်။ "ယန်ရှီနန်းဆောင်ကို သွားကြမယ်!"

...

All Chapters