← Chapters

အခန်း (၁၀၆၇-၁၀၆၈)

Vol. 63 Ch. 1067-1068

အခန်း (၁၀၆၇-၁၀၆၈)

Vol. 63 Ch. 1067-1068

အပိုင်း (၁၀၆၇)

စုနန်က ထပ်မံကာ ဦးတိုက်၏။ သူ၏ နဖူး ကြွက်သားများက တုန်ယင်နေ၏။ “အရှင်... ကျုပ် အရှင့်ကို ကျေးဇူးတင်ပါတယ်။”

အကြောင်းရင်းက ရှမ့်လန်၏ စကားတွေက သူ့ကို ရာထူးပြန်ပေးလိုက်ခြင်းနှင့် အတူတူ ဖြစ်နေ သောကြောင့်ပင်။ သူ့ကို အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

ရှမ့်လန်က ပြော၏။ “အချိန်က လူတစ်ယောက်ရဲ့ စိတ်နှလုံးကို ဖော်ပြတယ်။ ဒီနှစ် အနည်းငယ်အတွင်း မိဖုရားကြီးစုဖေးက အရမ်း လိမ္မာခဲ့တယ်။ သူက အရှင်နင်ယွမ်ရှန်းကို လေ့ကျိုးကျွန်းမှာ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်နေတယ်။ အခုဆိုရင် နင်ကျင်းကလည်း ရင့်ကျက်လာခဲ့ပြီ။ နင်ကျန့်ကလည်း အစိုးရ အလုပ်တွေကို ကူညီပေးနေပြီ။”

စုနန်က ထပ်မံကာ ဦးတိုက်သည်။ “ကျုပ် အရှင့်ကို ကျေးဇူးတင်ပါတယ်။”

“ကျုပ် နန်းကုန်းအို.. အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

တစ်ချိန်က ရွှဲ့ပြည်နယ်၏ မြောက်ပိုင်းကာကွယ်ရေး နယ်စားမင်း နန်းကုန်းအိုက ရှမ့်လန်၏ ရှေ့၌ ဒူးထောက်၏။ သူ၏နောက်တွင် သူ၏ သားက ဒူးထောက်နေ၏။

“အင်း... ယောကျ်ားချောလေး... အရှင် နိုးလာပြီလား။ ဟား ဟား ကောင်းလိုက်တာ။ ငါတို့ အရှင်က ခန္ဓာကိုယ်ကလွဲရင် ကျန်တဲ့နေရာတိုင်း အားကောင်းတယ်။”

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် ရယ်သံကြီးက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။ ဤလူက ကျန်းလီရဲ့ အထူး သွေးမျိုးဆက် ပိုင်ရှင်။ ယခင်တုန်းက နင်ချီ၏ နောက်သို့လိုက်ခဲ့သည့် အထူး ကြမ်းတမ်းလွန်းသော စစ်သူကြီး လန်ပေါင်ပင်။

ထိုစကား ထွက်လာတော့ လူတိုင်း၏ အေးစက်သည့် အကြည့်များက ပြစ်တင်ရှုံ့ချမှုများနှင့် ပြည့်နှက်စွာဖြင့် လှမ်းကြည့်၏။

တုတနှင့် တုအာက တီးတိုး ပြောသည်။ “ငါ မင်းကို ပြောသားပဲ။ သူ့ကို ယောကျ်ားချောလေးလို့ ခေါ်လို့မရဘူးလို့။ ငါတို့ သုံးယောက် တီးတိုးခေါ်တာ ကိစ္စမရှိပေမဲ့ လူရှေ့သူရှေ့မှာ ခေါ်ရင်တော့ ခေါင်းဖြတ်ခံရလိမ့်မယ်။”

သို့သော်ငြား ဤလူနှစ်ယောက်၏ တီးတိုးပြောသံက သာမန်လူများ အော်ဟစ်သံနှင့် အတူတူကဲ့သို့ပင်။ တုတနှင့် တုအာက ချောင်ပြည်နယ်၏ အထူးကြမ်းတမ်းသည့် စစ်သူကြီးများ ဖြစ်ပြီး ကျန်းလီ၏ အထူးသွေးမျိုးဆက်ကို ပိုင်ဆိုင်၏။ ထိုသူတို့ကလည်း စစ်ဘေးဒုက္ခသည်များ ဖြစ်ခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဤညီအစ်ကို နှစ်ယောက်နှင့် အရူးကြီးတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖူး၏။

“အရှင်... ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့..။ ကျုပ်တို့ကြား အရှင့်ကို လူပေလူလွင့်လို့ ခေါ်ကြတယ်။ အရှင်က ကြက်ကလေး တစ်ကောင်ကို ဖမ်းချုပ်ဖို့တောင် အားမရှိဘူးလေ။ အရှင်က ဧကရာဇ်ကျန်းလီရဲ့ သားနဲ့ မတူဘူး ဆိုပေမဲ့ အရှင်က အထင်ကြီးစရာတော့ ကောင်းပါတယ်။ ကျုပ်တို့ သုံးယောက်က အရှင့်ကို အရမ်း လေးစားပါတယ်။ အရှင့်အတွက် အလုပ်လုပ်ပေးဖို့လည်း ဆန္ဒရှိပါတယ်။”

တုတက သူ၏ ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ပုတ်ပြီး ကျယ်လောင်စွာ ပြော၏။ ပြီးနောက် လူတိုင်း၏ လေးနက်သော အကြည့်များက သူတို့ သုံးယောက်ကို စိုက်ကြည့်နေကြောင်း မြင်ရ၏။ သူက ချက်ချင်း အားပျော့စွာ ပြောမိသသည်။ “ကျုပ် တစ်ခုခု မှားပြောမိလို့လား။ ကျုပ်တို့ ဒူးထောက်ရတော့မှာလား။”

မင်းသားကျင်းက လှမ်းမေး၏။ “ခင်ဗျားတို့ ဘယ်လိုထင်လဲ။”

ချက်ချင်းပဲ ထိုလူကောင်ကြီးကြီး သုံးယောက်က ဒူးထောက်ကာ ဦးတိုက်သည်။ “ဂါရဝပြုပါတယ် အရှင်... အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်လန်က ထိုလူကောင်ကြီး သုံးကောင်ကိုကြည့်ပြီး အလွန်ပင် ဝမ်းသာသွား၏။ မူလက သူ၏ လက်အောက်တွင် တပ်ဖွဲ့ အများအပြား မရှိသလို စစ်သူကြီးများနှင့် ကြမ်းတမ်းသည့် တပ်မှူးများလည်း အများအပြား မရှိချေ။ သူ့၌ လန်ဖုန်း၊ မင်းသမီး ဒိုဟာ၊ ချောင်ယောင်းအာနှင့် အာယုနာနာ၊ အရူးကြီးတို့ သာလျှင် ရှိ၏။

သူ့၌ အရပ်ဖက်အရာရှိများက ပိုနေပြီး ကျန်းချွင်းဟွာကိုတောင် အသုံးပြုခဲ့ရ၏။ ယခုတော့ ပါရမီရှင်များက အများကြီး ရှိနေသည်။

စာပေ၊ သိုင်းပညာထူးချွန်သည့် မင်းသားကျင်းလို စစ်သေနာပတိ စစ်ပညာရှင်မျိုးတောင် ရှိနေ၏။ စုနန်ကလည်း ထိုနည်းလည်းကောင်းပင်။ သူ၏ သိုင်းပညာအရဆိုလျှင် စစ်သူကြီးတစ်ယောက် ဖြစ်နိုင်သလို၊ စာပေစွမ်းရည်အရ ဆိုလျှင် ဝန်ကြီးတစ်ပါးတောင် ဖြစ်နိုင်၏။

ပြီးနောက် မင်းသားကျင်း၏ မိဖုရား ရှားမန်က စုတ်ပြုတ်တစ်အိုးကို ကိုင်ကာဖြင့် ဝင်လာ၏။ သူမက ရှမ့်လန်ကို ပြုံးပြကာ ပြောသည်။ “လက်ထဲက စွပ်ပြုတ်အိုး ကိုင်ထားတော့ ကျွန်မ ဒူးမထောက်ရ တော့ဘူးပေါ့။”

ရှမ့်လန်က သူမကို ပြုံးပြ၏။ ဤမိန်းမကြမ်းကြီး၏ စိတ်ထဲ၌ ရှမ့်လန်က ယခင်တုန်းက ရှမ့်လန်အတိုင်းပင် ဖြစ်နေလောက်၏။

ရှမ့်လန်က မနည်းရုန်းကန်ထကာဖြင့် အခန်းပြင်သို့ ထွက်လာခဲ့၏။ ထိုအရာက ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး တစ်ခုလုံးကို သူ ပထမဦးဆုံးအကြိမ် တွေ့မြင်ရခြင်းပင်။

လှေကားထစ် ပုံစံဖြင့် တစ်ဆင့်ပြီး တစ်ဆင့် ခရုပတ် တိုင်ပေါ်သို့ တက်သွားသည့် ရှေးဟောင်းမြို့တော် တစ်ခု ဖြစ်၏။ နေရောင်ခြည်က အလင်းတန်း အမျိုးမျိုးဖြင့် ဝင်ရောက်ပြီး စိုက်ခင်းများ၊ ပန်းခင်းများနှင့် စားကျက်မြေများပင် ရှိ၏။ ဤရှေးဟောင်းအပျက်အစီးက ရှမ့်လန် ယခင်က မြင်ဖူးသမျှနှင့် အလွန် ကွာခြား၏။

ရှမ့်လန် ထွက်လာသည်ကို မြင်ပြီးနောက် အပြင်ဘက်ရှိ လူသောင်းချီတို့က စနစ်တကျ ဒူးထောက်၏။ “အရှင် ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ပြီးနောက် အရူးလန်က ရှမ့်လန်ကို သတင်းပို့သည်။ “အရှင်... အရှင် ထွက်ခွာသွားပြီးတဲ့နောက်မှာ ကျုပ်တို့က တောင်ပိုင်းတိုင်းပြည်ထဲကို ဝင်လာခဲ့တယ်။ အစပိုင်းတုန်းက ကျုပ်တို့ရဲ့ အရေအတွက်က လျော့မသွားဘဲ တိုးလာတာပါ။

သူရဲကောင်းပေါင်းများစွာတို့က အရှင့်ကို ရှာမတွေ့လို့ တောင်ပိုင်းတိုင်းပြည်ကို ဝင်ရောက်ခိုလှုံတယ်။ ကျုပ်တို့ရဲ့ လက်အောက်မှာ လာပြီး အလုပ်လုပ်ကြတယ်။ ကျုပ်တို့ရဲ့ အရေအတွက်က အများဆုံး အချိန်က တပ်သား နှစ်သိန်းအထိ ရှိခဲ့တယ်။ သဲကန္တာရ လူရိုင်းမျိုးနွယ်စုရဲ့ တပ်တော် အပါအဝင် ဆိုရင် ကျုပ်တို့ဆီမှာ တပ်ဖွဲ့ဝင် ၃ သိန်းခွဲလောက် ရှိတယ်။

နင်ချီက စစ်သည် ၃ သိန်းကို ဦးဆောင်ပြီး တောင်ပိုင်းတိုင်းပြည်ကို တိုက်ခိုက်ဖို့ တောင်ဘက်ကို လာခဲ့ပေမဲ့ ကျုပ်တို့ ကြားမှာ နားလည်မှု တစ်ခု ရှိခဲ့တယ်။ နှစ်ဝက်လောက် တိုက်ခိုက်ပြီးတဲ့နောက်မှာ ဘယ်ဘက်ကမှ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူး။

နောက်ပိုင်း ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ သွေးဝိညာဉ် တပ်တော် ရောက်လာပြီး ကျုပ်တို့ရဲ့ တပ်ဖွဲ့ဝင် ၃ သိန်းခွဲကို တိုက်ခိုက်ခဲ့တယ်။ ၅ သောင်းပဲ ကျန်တော့တယ်။ စစ်မြေပြင်မှာ လူအများကြီး သေဆုံးခဲ့တယ်။ တာ့နန်းနိုင်ငံ့ရဲ့ အကြံပေးဆရာတော် ရှားယင်နဲ့ သဲကန္တာရ လူရိုင်းမျိုးနွယ်ရဲ့ မျိုးနွယ်စု ခေါင်းဆောင် ၂၄ ယောက်၊ အဲဒီထဲက ၂၂ ယောက်က သေဆုံးပြီး ၂ ယောက်ပဲ အသက်ရှင် ကျန်ခဲ့တယ်။ နန်းကုန်းအိုရဲ့ သားတွေထဲကလည်း တစ်ယောက်ပဲ ကျန်တယ်။ ကျန်ရှိနေတဲ့ ၅ သောင်းကတော့ ခေါင်တွေချည်းပါပဲ။

ထိပ်တန်း သိုင်းပညာရှင်တွေလို့ ပြောရမယ်။ ဟုတ်တယ်။ သူတို့က သွေးမျိုးဆက် ပြောင်းလဲခြင်း မလုပ်ရသေးတဲ့အတွက် သွေးဝိညာဉ် တပ်တော်ရဲ့ စံနှုန်းကို ရောက်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီနေရာ ပတ်ဝန်းကျင်က အရမ်းကို ထူးခြားတယ်။ ကျုပ်တို့ စားတဲ့ အစားအစာတွေကလည်း ထူးခြားတယ်။ ပြီးတော့ ဒီနှစ် တစ်လျှောက်လုံး တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေ၊ လေ့ကျင့်တာတွေ ပေါင်းစပ်လိုက်ရင် ဒီလူ ၅ သောင်းထဲမှာ အနည်းဆုံး ၃ သောင်းက နိဗ္ဗာန တပ်တော်ရဲ့ စံနှုန်းကို ရောက်နေပြီလို့ ကျုပ် ထင်ပါတယ်။”

ရှမ့်လန်က မေး၏။ “နာကျည်းမှု... သူ ဘာဖြစ်သွားတာလဲ။”

မင်းသားကျင်းက ဖြေသည်။ “ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးရဲ့ အရှေ့ အစွန်းမှာ စွမ်းအင်ဝဲကတော့ တစ်ခု ရှိတာကို အရှင် တွေ့ခဲ့မှာပေါ့။ ကျုပ် မမှားဘူး ဆိုရင် အရှင် အဲဒီ ဝဲကတော့က လာခဲ့တာပဲ ဖြစ်မယ်။”

ရှမ့်လန်က ပြော၏။ “ဟုတ်တယ်။ ဝဲကတော့ရဲ့ တခြားတစ်ဖက်က စေတီတောင်ရဲ့ ကြီးမားတဲ့ ရှေးဟောင်း အပျက်အစီးကြီးပဲ။”

မင်းသားကျင်းက ပြောလိုက်သည်။ “ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးထဲကို ဝင်ရောက်ပြီးတဲ့နောက်မှာ ကျုပ်တို့က စွမ်းအင်ဝဲကတော့ကို စူးစမ်းဖို့ လူတွေကို အကြိမ်ကြိမ် လွှတ်ခဲ့ပေမဲ့ ရလဒ်ကတော့ ဝမ်းနည်းစရာပဲ။ ဒီစွမ်းအင်ဝဲကတော့နဲ့ ထိတွေ့မိတဲ့ ဘယ်အရာမဆို ပြာမှုန့်အဖြစ် ပြောင်းလဲသွားခဲ့တယ်။”

ထင်မှတ်ထားသည့်အတိုင်းပင် စွမ်းအင်ဝဲကတော့က နှစ်ဖက်လုံး၌ ကန့်သတ်ချက် ရှိနေ၏။ ဘယ်ဘက်က ဖြစ်ဖြစ် ထိတွေ့ရန် လုံလောက်သည့် အခွင့်အာဏာ မရှိပါက တစစီ ကြေမွသွားပေလိမ့်မည်။

မင်းသားကျင်းက ဆက်ပြော၏။ “ဒါကြောင့် ဒီစွမ်းအင်ဝဲကတော့နားကို ဘယ်သူမှ မကပ်ရဘူးလို့ ကျုပ် အမိန့်ထုတ်ထားတယ်။ ဒါပေမဲ့ အစ်ကိုကျိုးအကြောင်း အရှင်လည်း သိမှာပါ။ သူက အရမ်းကို ခေါင်းမာတယ်။ ဒီနေရာကနေ ထွက်ခွာချင်နေတာ။ သူက အရှင့်ကို ရှာချင်တယ်။ တောင်တွေမြစ်တွေကို ဖြတ်ကျော်ပြီး ရှာရမယ် ဆိုရင်တောင်မှ သူက အရှင့်ကို ရအောင် ရှာချင်တယ်။ ဒါကြောင့် သူက ဒီစွမ်းအင်ဝဲကတော့ကို စူးစမ်းဖို့ အချိန်တွေ အများကြီး ပေးခဲ့တယ်။”

တကယ်တမ်းမှာတော့ မင်းသားကျင်းက နာကျည်းမှုထက် ပို၍ ဤစွမ်းအင်ဝဲကတော့ကို လေ့လာချင်ခဲ့ ၏။ အဘယ်ကြောင့်ဆိုသော် သူတစ်ယောက်တည်းသာလျှင် ယခင်တုန်းက ရှေးဟောင်းအပျက်အစီး များနှင့် ထိတွေ့ဖူးသူ ဖြစ်သောကြောင့်ပင်။

သို့သော်ငြား သူ မလုပ်နိုင်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူက ဤလူပေါင်း သောင်းချီအတွက် စီမံခန့်ခွဲရ၏။ ထိုသူတို့ကို စိုက်ပျိုးခိုင်းရ၏။ လေ့ကျင့်ခိုင်းရ၏။ ထို့အပြင် အရေးကြီးဆုံးက မျှော်လင့်ချက်ကင်းမဲ့နေသည့် အချိန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်မသေဘဲ အသက်ရှင် နေထိုင်ချင်အောင် နှစ်သိမ့်ပေးရ၏။

“အစ်ကိုကျိုးက အနည်းငယ် အစွဲအလမ်းလွန်တယ်။ သူက ဒီစွမ်းအင်ဝဲကတော့ထဲကို အတင်းဝင်ဖို့ ကြိုးစားခဲ့လို့ ကျုပ်က အကြိမ်တိုင်း သူ့ကို စောင့်ကြည့်ဖို့ လူနှစ်ယောက်တောင် လွှတ်ထားခဲ့ရတယ်။”

မင်းသားကျင်းက ပြောသည်။ “ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပေါင်း ၁၃၀ လောက်တုန်းက စွမ်းအင်ဝဲကတော့က ရုတ်တရက် ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့တယ်။ ရှင်းပြလို့ မရနိုင်အောင်ပဲ ဖောက်ထွင်းမြင်နိုင်တဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ အစ်ကိုကျိုးက အခွင့်အရေးကို အရယူပြီး ပြေးဝင်သွားခဲ့တာပဲ။ ပြီးတော့ တိုက်ရိုက်ပဲ ပျောက်ကွယ်သွားတယ်။ ခဏလေးပဲ။ ဒါပေမဲ့ စွမ်းအင်ဝဲကတော့က ချက်ချင်းပြန်ပြီး ထွင်းဖောက် မြင်နိုင်စွမ်း မရှိတော့ဘူး။ ထိတွေ့မိတဲ့ ဘယ်အရာမဆို ပြာမှုန့်အဖြစ် ပြန်ပြီး ပြောင်းလဲသွားခဲ့တယ်။”

ရှမ့်လန်က ခေါင်းညိတ်လိုက်မိ၏။ “လွန်ခဲ့တဲ့ ရက်ပေါင်း ၁၃၀ တုန်းက မီးနဂါး ကြယ်တံခွန် ကောင်းကင် ကနေ ကျလာပြီး လောကမြေကို ဝင်တိုက်တယ်။ လောကကြီးတစ်ခုလုံး ခဏတာ ပြောင်းလဲသွားတယ်။ ဒါကြောင့် စွမ်းအင်ဝဲကတော့က ချက်ချင်း ဖောက်ထွင်းမြင်နိုင်တဲ့ ပုံစံမျိုး ဖြစ်သွားတာပဲ။ ဒါက ကြယ်တံခွန် ဝင်တိုက်မှုနဲ့ ဆက်စပ်နေလောက်တယ်။”

အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ ဖြစ်၏။ နာကျည်းမှုက မင်းသားကျင်းတို့နှင့် အတူရှိနေတာ ထင်ရှားနေ၏။ အဘယ့်ကြောင့် တစ်ယောက်တည်း စေတီတောင်၏ လက်ထဲသို့ ရောက်သွားသည် ဆိုသည်ကို သူသိရှိသွားခဲ့သည်။

ဟုတ်ပေ၏။ နောက်ထပ် သံသယတစ်ခု ရှိနေသေး၏။ နာကျည်းမှု၏ ခန္ဓာကိုယ်က အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။ အသိစိတ် လွတ်သွားသော်လည်း သူ၏ သိုင်းပညာနှင့် သွေးမျိုးဆက်က ကြီးမားသည့် အသွင်ပြောင်းလဲမှု ဖြစ်လာခဲ့၏။

စွမ်းအားကြီးမားလာခြင်းပြီး စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းခြင်းကြောင့် ဖြစ်လာရသည်လား။ သို့မဟုတ် အခြေအနေ နှစ်ခုက သီးခြားစီလား။ သွေးမျိုးဆက်ပြောင်းလဲခြင်းက စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းခြင်း ကြောင့် ဖြစ်ပြီး အသိစိတ်လွတ်သွားခြင်းက စေတီတောင်ဂိုဏ်းချုပ်၏ လက်ချက်ပေလား။

“အရှင်... ကျုပ်တို့ အခု အရမ်းဆိုးဝါးတဲ့ အခြေအနေမှာ ရောက်နေတယ်။” မင်းသားကျင်းက ပြောသည်။

ရှမ့်လန်က ကြောင်အသွားမိသည်။ ကျင်းကန်တောင် အပျက်အစီးထဲက အခြေအနေက အရမ်း ကောင်းနေသည်ဟု သူခံစားရ၏။ စည်ကားသိုက်မြိုက်ပြီး တက်ကြွလန်းဆန်းနေ၏။ ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးနှင့် သစ်ဥသစ်ဖုများတော့ အများကြီးရှိပြီး စိုက်ခင်းများလည်း ရှိ၏။ စားကျက်မြေများလည်း ရှိ၏။

မင်းသားကျင်းက ပြောသည်။ “အရှင်... စိုက်ပျိုးရေး လုပ်တယ်ဆိုတာ တကယ်တော့ လူတိုင်းကို လုပ်စရာ တခုခု ပေးထားဖို့ပါပဲ။ တကယ်တမ်းတော့ ကျုပ်တို့ ရိတ်သိမ်းတဲ့ သီးနှံတွေက စိုက်ပျိုးလိုက်တဲ့ မျိုးစေ့တွေလောက်တောင် မကောင်းပါဘူး။ ဒီတိရစ္ဆာန်တွေကလည်း အပြင်ကနေပြီး သယ်လာတာပါ။ ပြီးတော့ ကျုပ်တို့ တစ်ကောင်မှ မသတ်ရက်ကြဘူး။

အရေးကြီးဆုံးအချက်ကတော့ ရှေးဟောင်းအပျက်အစီးရဲ့ စွမ်းအင်က ကုန်ခမ်းလုနီးပြီ။ စွမ်းအင်ကုန်သွားတာနဲ့ နေရောင်ခြည်နဲ့ အစားအစာတွေ အားလုံး ပျက်သုဉ်းသွားပြီ။ ဒီနေရာက မှောင်မိုက်တဲ့ သရဲမြို့တော်ကြီးလို ဖြစ်သွားလိမ့်မယ်။”

ထိုအရာကို ရှမ့်လန်က ခံစားမိ၏။ အဘယ့်ကြောင့်ဆိုသော် စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းပြီး အထူး လှိုဏ်ခေါင်းပေါ် လမ်းလျှောက်လာတုန်းက အလင်းရောင်အားလုံးက ငြိမ်း၏။ အောက်ဆီဂျင်ပမာဏက ပုံမှန်အောက်သို့ ရောက်သွားခဲ့သောကြောင့်ပင်။

“ခင်ဗျားရဲ့ ခန့်မှန်းချက်အရ ရှေးဟောင်းအပျက်အစီးရဲ့ စွမ်းအင်က ဘယ်လောက်ကြာကြာ ခံအုံးမလဲ။” ရှမ့်လန်က မေး၏။

“နှစ်လလောက်ပါပဲ။” မင်းသားကျင်းက ပြန်ဖြေသည်။

ဟုတ်ပေ၏။ ရှမ့်လန်၌ အချိန်နှစ်လ မရှိချေ။ စေတီတောင်ဂိုဏ်းချုပ်က ၁၀ ရက်အတွင်း တပ်တော်ကို စုစည်းပြီး နုရှောင့်မြို့ကို တိုက်ခိုက်မည်ဟု ပြောခဲ့၏။ တကယ်တမ်း တပ်တော်ကို စုစည်းပြီး ချီတက်ရန်ဆိုလျှင် ရက်နှစ်ဆယ်လောက် ကြာပေလိမ်မည်။ ထို့ကြောင့် ရှမ့်လန်၌ အများဆုံး ရက် ၂၀ သာလျှင် ရှိ၏။ ၂ ရက် ကုန်ဆုံးသွားခဲ့ပြီမို့ ၁၈ ရက်သာ လိုတော့၏။

ရှမ့်လန်က ဤလူပေါင်းသောင်းချီနှင့်အတူ ကျင်းကန်တောင် အပျက်အစီးကနေ ထွက်ခွာရမည်။ ပြီးနောက် သူ ကိုယ်တိုင် နုရှောင့်မြို့သို့ ပြန်ရမည်။ သူ မရှိလျှင် နဂါးနောင်တကို ပစ်လွှတ်၍ မရချေ။ ရှမ့်လန်သာ ၁၈ ရက် အတွင်း နုရှောင့်မြို့ကို ပြန်မရောက်ပါက မြို့တော်က အပျက်အစီး ဖြစ်သွားပြီး သူ၏ အခြေခံအုတ်မြစ်များ ပျက်စီးပေလိမ့်မည်။

ရှမ့်လန်က ပြောသည်။ “ဒီရှေးဟောင်းအပျက်အစီးက အရမ်းကို ထူးဆန်းတယ်။ ခင်ဗျားတို့ ရှေးဟောင်း လက်နက် ကိရိယာ ဒါမှမဟုတ် ရှေးဟောင်းစာအုပ် တခုခုကို တွေ့မိသေးလား။”

မင်းသားကျင်းက ဖြေ၏။ “လုံးဝမတွေ့ဘူး။ ကျုပ်တို့ ဝင်လာတုန်းက အစားအစာတွေ အများကြီး တွေ့ခဲ့တယ်။ လူပေါင်းသောင်းချီအတွက် လုံလောက်တဲ့ အစားအစာတွေ။ ပြီးတော့ ဒါတွေက လုံးဝ ပုပ်သိုး မသွားဘူး။ ဒါတင်သာမကသေးဘူး။ မြေဆီလွှာနဲ့ ဥယျာဉ်တစ်ခုရှိတယ်ဆိုပေမဲ့ ရှေးဟောင်းလက်နက် ဒါမှမဟုတ် ကိရိယာမျိုးတော့ မရှိဘူး။ ပြီးတော့... ကျုပ် အရှင်ကို သတင်းပို့စရာ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ရှိပါသေးတယ်။”

ရှမ့်လန်က စကားထောက်ပေးသည်။ “ပြောပါအုံး။”

မင်းသားကျင်းက ပြော၏။ “ကျုပ်တို့ကို ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ်တော်က ဒီထျန်းရွှယ်တောင်အထိ မောင်းထုတ်ခဲ့တာပဲ။ အဲတုန်းက နောက်ဆုံး အခိုက်အတန့်မှာ အံ့ဖွယ်တစ်ခုခုကို ဖန်တီးပြီး နောက်ဆုံးကျန်ခဲ့တဲ့ လူသောင်းချီကို ရှေးဟောင်းအပျက်အစီးထဲ ခေါ်သွားနိုင်လိမ့်မယ်လို့ ကျုပ်ခံစားမိတယ်။

သက်သေအထောက်အထား အမျိုးမျိုးအရ ဒီတောင်ပေါ်မှာ ရှေးဟောင်းအပျက်အစီးတစ်ခု တကယ်ရှိနေတယ်။ ဒါပေမဲ့ ဖွင့်တဲ့နည်းလမ်းကို ကျုပ် ရှာမတွေ့ခဲ့ဘူး။ လူပေါင်းသောင်းချီရဲ့ အသက်ကို ထမ်းပိုးထားရတဲ့အတွက် ဝင်ပေါက်တစ်ခု ရှာဖွေသင့်တယ်လို့ ကျုပ် ခံစားမိခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ရှေးဟောင်းအပျက်အစီးကို ကျုပ်မဖွင့်နိုင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျုပ်တကယ်ပဲ မျှော်လင့်ချက် ကင်းမဲ့ခဲ့တယ်။ လူပေါင်းသောင်းချီက တခြားပြေးစရာ မရှိတော့ဘူး။ ပြီးတော့ သုတ်သင်ရှင်းလင်းခံရတော့မယ်ဆိုတဲ့ အခြေအနေမျိုးကို ရောက်နေတယ်။”

ရှမ့်လန်က ပြောသည်။ “ဒါပေမဲ့ ဒီအချိန်မှာ လူတစ်ယောက် ရောက်လာတယ်။ ပြီးတော့ အဲလူက အမျိုးသမီးတစ်ယောက်၊ သူက ခင်ဗျားကို ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ကို ဖွင့်ပေးတယ်။ ခင်ဗျားတို့ လူပေါင်းသောင်းချီကို ဆုတ်ခွာခွင့် ပြုခဲ့တယ်။ ဒါကြောင့် ကျူးဟုန်ရွဲ့ရဲ့ သွေးဝိညာဉ်တပ်တော်က တောင်ကို ရှာဖွေချိန်မှာ ခင်ဗျားတို့ကို ရှာမတွေ့ခဲ့တာပဲ။ ခင်ဗျားတို့က လောကထဲကနေ ပျောက်ကွယ်သွားသလို ဖြစ်ခဲ့တာ။”

မင်းသားကျင်းက တုန်လှုပ်သွား၏။ “ဟုတ်တယ်။ အမျိုးသမီးတစ်ယောက်ပါပဲ။ ကျုပ်တို့မှာ ရှိသမျှ စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်တဲ့ အမျိုးသမီးပဲ။ လှတယ်လို့ ပြောလို့မရဘူး။ အိမ်မက်တစ်ခုလိုပဲ။ သူက တကယ်ရှိလား၊ မရှိလား ဒါမှမဟုတ် ကျုပ်တို့က ထင်ယောင်ထင်မှား မြင်ခဲ့တာလား ဆိုတာတောင် မသေချာဘူး။

လူတိုင်းက ကျုပ်ကို ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ကို ဖွင့်ပြီး လူပေါင်းသောင်းချီကို ကယ်တင်ခဲ့တယ်လို့ ထင်နေပေမယ့် တကယ်တမ်းမှာတော့ လူတိုင်းကို ကယ်တင်ခဲ့တာက သူပဲ။ ကျုပ် တွေးနေခဲ့တာက ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ကို ဖွင့်ပေးခဲ့တာ ကောင်းကင်နတ်ဘုရားလို့။ ပြီးတော့ အဲဒီအမျိုးသမီးက တစ္ဆေပုံရိပ်ယောင်တစ်ခုလိုပဲ။ ဒါပေမဲ့ အခု အရှင်ပြောလိုက်တော့ ဒီအမျိုးသမီး တကယ်ရှိကြောင်း ၊ လူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားလာပြီ။”

ရှမ့်လန်က ပြောသည်။ “တကယ်တော့ ခင်ဗျားရဲ့ဉာဏ်ပညာအရ ဒီအမျိုးသမီး ဘယ်သူလဲဆိုတာ ခင်ဗျားသိသင့်တယ်။ ဒါပေမဲ့ ခင်ဗျားက မရိုမသေနဲ့ ကောက်ချက်ချမှုကို မလုပ်ရဲတာပဲ။”

မင်းသားကျင်းက ခဏလောက် တွန့်ဆုတ်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ဘိုးဘေးလော်လား။ အရှင်ကျန်းလီရဲ့ ယုံကြည်ရတဲ့ မိတ်ဆွေ မဟုတ်လား။”

ရှမ့်လန်က ခေါင်းညိတ်၏။ “ဟုတ်တယ်။ သူ ဖြစ်လောက်တယ်။ ဘိုးဘေးလော်”

အပိုင်း (၁၀၆၈)

ရှမ့်လန်၏ ဘဝ၌ အကြိမ်ကြိမ် ပေါ်ပေါက်လာခဲ့ပြီး အရေးကြီးမားသော အမျိုးသမီးတစ်ယောက်ပင်။ သို့သော်လည်း ရှမ့်လန်သည် ယခုထိ သူမကို မမြင်ဖူးသေးချေ။ မင်းသားကျင်းတို့ကို ထပ်ပြီး ကယ်တင်ခဲ့သည် ကလည်း သူမပင် ဖြစ်လိမ့်မည်။ မူလန်နှင့် ရှမ့်ယီတို့က ဘိုးဘေးလော်နှင့် အတူရှိနေ၏။ သူတို့ နေကောင်းကြရဲ့လား မသိချေ။

“အင်း... သူဖြစ်နေတာကိုး။ တကယ်သူဖြစ်နေတာကိုး။”

မင်းသားကျင်းက သက်ပြင်းချလိုက်၏။ “သူသာဆိုရင် အံ့အားသင့်စရာ မဟုတ်တော့ဘူး။ သူက ဒီလောကထဲမှာ ကျန်ရှိနေတဲ့ ကောင်းကင်ဘုံရဲ့ နတ်မိမယ်တွေထဲက တစ်ပါးပဲလေ။”

ဟုတ်ပေ၏။ ကောင်းကင်ဘုံသား ဆိုသည်က မသေမျိုးတွေ မဟုတ်ချေ။ သူတို့က သာမန်လူတွေ၏ စိတ်ကူး စိတ်သန်းထက် သာလွန်သော သိုင်းပညာနှင့် ဉာဏ်ပညာရှိသူမျိုးပင်။ ထို့ကြောင့် ထိုသူတို့ကို ကောင်းကင်မှ လူများဟု ခေါ်ကြ၏။ ဧကရာဇ်ကျန်းလီက ကောင်းကင်ဘုံသားဟု ခေါ်ကြပြီး တော်ဝင်ရန် ဧကရာဇ်က ၊ ပြီးတော့ ဘိုးဘေးလော်ကို ထိုသို့ ရည်ညွှန်းကြသည်။

“အရှင်... ကျုပ်တို့ ရောက်နေတဲ့ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးက အရမ်းကို ထူးခြားတယ်။”

မင်းသားကျင်းက ပြော၏။ “ကျုပ်တို့ နေရာတိုင်းကို ရှာဖွေပြီးပြီ။ ဒါပေမဲ့ ရှေးဟောင်းလက်နက်၊ စာအုပ် တစ်ခုကိုမှ မတွေ့ခဲ့ဘူး။ အိမ်တွေ အများကြီး ရှိပေမဲ့ ဘယ်အိမ်မှ နေထိုင်ဖို့ မသင့်တော်ဘူး။ ပြီးတော့ ဒီမှာ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ အများကြီးရှိတယ်။ အားလုံးက လှလှပပ ထုပ်ပိုးထားတယ်။ မြင့်မြတ်တဲ့ ပုံစံမျိုးတောင် ပေါက်နေသေးတယ်။ ပုံမှန်သိုလှောင်တာနဲ့ မတူဘဲ ပူဇော်ပသတာမျိုးလို ဖြစ်နေတာပဲ။”

ရှမ့်လန်က မေးသည်။ “အစ်ကိုကျင်း... ခင်ဗျားရဲ့ အထင်က ဘယ်လိုထင်လဲ။”

မင်းသားကျင်းက ပြော၏။ “ဒါက ပူဇော်ပသတဲ့ မြို့တော်တစ်ခုပဲ။ သက်ရှိတွေအတွက် မဟုတ်ဘဲ သေလွန်ပြီးသား လူတွေအတွက်ဖြစ်မယ်။ ဒါမှမဟုတ် ရှေးဟောင်းယုံကြည်မှုက ယုံကြည်တဲ့ ဘုရားသခင်တွေ၊ နတ်ဘုရားတွေအတွက်ပဲ ဖြစ်လိမ့်မယ်။”

ဟုတ်ပေ၏။ နတ်ဘုရားဆိုသည်က အစစ်အမှန် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ ခေတ်သစ်လောက ကမ္ဘာမြေတွင်လည်း ဘုရားသခင်အမျိုးမျိုးကို ကိုးကွယ်ကြ၏။ ထိုအရာက ယုံကြည်မှု သတ်သတ်ပင်။

ရှမ့်လန်ကလည်း ဤကဲ့သို့သော ခံစားချက်မျိုးရှိ၏။ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးကို ပထမဆုံး မြင်လိုက်တည်းက ဤနေရာ၏ အငွေ့အသက်က တကယ်ကို နတ်ဆန်ပြီး မြင့်မြတ်လွန်းနေသည်ဟု သူ ခံစားမိ၏။

ဤမြို့တော်က ကျင်းကန်တောင်တွင် တည်ရှိနေ၏။ ပတ်ပတ်လည်တွင် လက်ရာမြောက်သည့်အိမ် အများကြီး ဝန်းရံထားပြီး ခမ်းနားထည်ဝါသည့် မြင်ကွင်းတစ်ခုကဲ့သို့ပင်။ သို့သော်ငြား ထိုအရာက ပုံမှန်အိမ်များ နှင့် လုံးဝမတူချေ။ ပုံစံဆွဲထားသည်က လှပလွန်း၏။ ဥယျာဉ်များ၊ အိမ်များ၊ ရုပ်တုများ စသည့်အရာများက အခမ်းအနား တစ်ခုခုအရ တည်ဆောက်ထားပုံပင်။

ထိုအရာက ပုံမှန် ရှေးဟောင်းမြို့တော် တစ်ခုသာဆိုပါက လျှို့ဝှက်ဂိုထောင်များ၊ လျှိုဝှက်လက်နက်များ သို့မဟုတ် အနည်းဆုံး ရှေးဟောင်းစာကြည့်တိုက် တစ်ခုတော့ ရှိသင့်၏။ သို့သော်ငြား ဤနေရာတွင် ဘာမှမရှိချေ။ ရှေးဟောင်းအပျက်အစီး တစ်ခုကို ရှာဖွေခြင်းက စိတ်လှုပ်ရှားစရာ ကောင်းသည်ဆိုသော်လည်း ဤနေရာ၌ အမွေအနှစ်မရှိပေ။

ထိုနောက် ကတော်ကျင်းက ရုတ်တရက် ဝင်ပြော၏။ “အရှင်... ရှေးဟောင်းကျမ်းစာတွေ၊ ရှေးဟောင်း လက်နက်တွေ၊ ကိရိယာတွေ မတွေ့တာကပဲ အကြီးမားဆုံး ရှာဖွေမှုနဲ့ အကြီးမားဆုံး ရိတ်သိမ်းမှု ဖြစ်မယ်လို့ ခံစားရတယ်။”

ရှမ့်လန်က စကားထောက်ပေးလိုက်သည်။ “ဆက်ပြောပါအုံး။”

မင်းသားကျင်းက ဝင်ပြော၏။ “ဒီရှေးဟောင်းအပျက်အစီးက တောင်ထဲမှာ လုံးဝ တည်ဆောက်ထားတာ ဆိုတော့ ရှေးဟောင်းပူဇော်ပသတဲ့ မြို့ကြီးဖြစ်ရမယ်။ ဒါဆိုရင် အကြီးမားဆုံး အနှစ်သာရက ဘယ်မှာရှိမယ်လို့ အရှင် ထင်လဲ။”

ရှမ့်လန်က ပြောသည်။ “တောင်ထိပ်ပေါ့။”

သူက ချက်ချင်းပဲ ပျောက်ဆုံးနိုင်ငံရဲ့ အပျက်အစီးထဲမှ နှင်းဖုံးနေသည့် တောင်ကြီးကို သတိရမိ၏။ ထိုနေရာ၌ ပိရမစ်တစ်ခု ရှိသည်။ ဤပိရမစ်ထဲတွင် လျှို့ဝှက် ဆန်းကြယ်ပြီး စွမ်းအားကြီးမားသည့် အင်အားစုတစ်ခုက တပ်စွဲထားပြီးသားပင်။

သူတို့က ပျောက်ဆုံးနိုင်ငံ၏ အမြင့်ဆုံးသော အုပ်စိုးသူများ ဖြစ်လာ၏။ သူတို့၏ အာဏာက မိစ္ဆာမယ်တော်ကြီး ထက်ပင် ပို၍မြင့်မားနေသေး၏။

မင်းသမီးဟယ်လင်က အရမ်းစွမ်းအားကြီးမားသည် ဆိုသော်လည်း အဆုံးသတ်မှာတော့ သူမက တောင်ထိပ်မှ ပိရမစ်ကြီးကို မစူးစမ်းနိုင်ခဲ့ချေ။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် စွမ်းအားကြီးမားသည့် မိစ္ဆာမယ်တော်ကြီး တောင်မှ တောင်ထိပ်မှ ပိရမစ်၏ ထိန်းချုပ်မှုကို အတိုင်းအတာ တစ်ခုထိ ခံခဲ့ရသည်။

မင်းသားကျင်းက ပြောလိုက်၏။ “အရှင်... ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးရဲ့ ထိပ်ဆုံးမှာလည်း ဘုရားကျောင်းတစ်ခု ရှိတယ်။ ပြီးတော့ ဘုရားကျောင်း ဝင်ပေါက်ကလည်း စွမ်းအင်ဝဲကတော့ တစ်ခုပါပဲ။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။ ထိတွေ့မိတဲ့ ဘယ်သူမဆို တစ်စစီ ကြေမွပြီး ပြာမှုန့်အဖြစ် ပြောင်းလဲသွားတယ်။”

ရှမ့်လန်၏မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး တစ်ခုလုံး၌ ရတနာ မရှိချေ။ ရှေးဟောင်းလက်နက်၊ ရှေးဟောင်းကိရိယာ၊ ရှေးဟောင်းစာအုပ် ဘာမှမရှိချေ။ သို့သော်ငြား ရှေးဟောင်းခေတ်မှာဆိုလျှင်တောင် ဤကဲ့သို့သောမြို့တော်မျိုး တည်ဆောက်ရသည့် အခက်အခဲက သာမန်မြို့တော် တစ်ခုထက် အများကြီး ပိုကြီးမားသည်။

မည်သို့ပင်ဆိုစေကာမူ ထိုအရာက တောင်ပေါ်ရှိ မြို့တစ်မြို့၊ မီတာထောင်ချီ မြင့်မားပြီး တစ်လွှာပြီး တစ်လွှာ ခရုပတ် သွယ်တန်းထားသည့် ပုံစံမျိုးပင်။ ထို့အပြင် နတ်ဘုရားများအတွက် တည်ဆောက်ထားခြင်း မျိုးကဲ့သို့ပင်။ ဆိုလိုသည်က နတ်ဘုရားများကို ပူဇော်ပသသည့် မြို့တော်ဖြစ်ပြီး ဘုရားကျောင်းမှာ တောင်ထိပ်တွင် ရှိနေခြင်းဖြစ်မည်။

ဘုရားကျောင်းထဲတွင် ဘာရှိသနည်း။ အထဲတွင် ရှေးဟောင်းကိရိယာနှင့် လက်နက်များ၏ တန်ဖိုးထက် များစွာ သာလွန်သော စစ်မှန်သည့် ရတနာများ ရှိနေလောက်၏။ တကယ်ကို တန်ဖိုးဖြတ်မရနိုင်သည့် အရာ သို့မဟုတ် နဂါးနောင်တထက် ပို၍ တန်ဖိုးကြီးမားသည့် အရာ ဖြစ်နေမည်လား။

မင်းသားကျင်းက ပြော၏။ “ဘုရားကျောင်းထဲမှာ လောကကြီးကို ပြောင်းလဲစေနိုင်တဲ့ ရတနာတွေ ရှိတယ်လို့ ကျုပ် အလိုလို ခံစားမိတယ်။ ဒါပေမဲ့ ဘယ်သူမှ စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းပြီး တောင်ထိပ်က ဘုရားကျောင်းထဲကို ဝင်လို့မရဘူး။”

ဟုတ်ပေ၏။ ရှမ့်လန်မှလွှဲလျှင် မည်သူမှ စွမ်းအင်ဝဲကတော့ကို ဖြတ်သန်း၍ မရချေ။ ထိုသို့ဆိုလျှင် ဘုရားကျောင်းထဲ၌ မည်ကဲ့သို့သော အံ့အားသင့်စရာ ရတနာမျိုးက သူ့ကို စောင့်ကြိုနေမည်နည်း။

ရှမ့်လန်က ပြောသည်။ “ကျုပ်ကို တောင်ထိပ်က ရှေးဟောင်းဘုရားကျောင်းဆီကို ခေါ်သွားပေးပါ။”

မင်းသားကျင်းက ပြောလိုက်၏။ “ကောင်းပါပြီ။”

“အစ်ကိုကျွင်း.... ကျူးဟုန်ရွှဲ့က ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကို ကျူးလွန်ခဲ့တယ်။”

ရှမ့်လန်က ပြောသည်။ “သူက ထျန်းရွှယ်တောင်ကို မီးရှို့တုန်းက သဲကန္တာရ လူရိုင်းမျိုးနွယ်စုရဲ့ မိုင်ပေါင်း ထောင်ချီကျယ်ဝန်းတဲ့ ရှေးသစ်တောကြီးကို ကျွမ်းလောင်လုနီးပါးဖြစ်အောင် လုပ်ခဲ့တယ်။ အဆုံးသတ်မှာတော့ မိုးတွေ ရွာချလာခဲ့လို့ မီးငြိမ်းခဲ့တာ။ ဒါတောင်မှ သဲကန္တာရလူရိုင်းမျိုးနွယ်စုရဲ့ သစ်တော ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ပျောက်ကွယ်သွားခဲ့ရတယ်။”

မင်းသားကျင်း၏ မျက်နှာက ရှုံ့တွသွား၏။ ဤအရာက ယုံမှားသံသယမရှိအောင် ကြီးမားသည့် ကပ်ဘေးကြီးပင်။ ဤရှေးဟောင်းသစ်တောကြီးက အနည်းဆုံး နှစ်ပေါင်းထောင်နှင့်ချီ သက်တမ်းရှိပြီး ထို့ထက်ပို၍ ကြာနိုင်သေး၏။ သစ်တောထဲတွင် သက်ရှိသတ္တဝါ မည်မျှ နေထိုင်ခဲ့သနည်း။ သန်းဆက်ချီ၊ ဘီလီယံရာချီ ရှိပေမည်။ မီးလောင်မှုက မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသည့် သစ်တော၏ ဂေဟစနစ် တစ်ခုလုံးကို မျိုတုံး ပျက်စီးသွားစေခဲ့၏။

မင်းသားကျင်း၏ နှလုံးသားက တုန်လှုပ်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာက သူ၏ တာ့နန်းတိုင်းပြည် ဖြစ်နေသောကြောင့်ပင်။ အချိန်အတန်ကြာပြီးနောက် မင်းသားကျင်းက ပြောသည်။ “ကပ်ဘေးဆိုတာမျိုးက မမြင်နိုင်တဲ့ ကောင်းချီးတစ်ခု ဖြစ်သလို ကောင်းချီးဆိုတာကလည်း မမြင်နိုင်တဲ့ ကပ်ဘေးတစ်ခုပါပဲ။ ဒါက ကပ်ဘေးတစ်ခု ဖြစ်တယ်ဆိုပေမယ့် ဘဝသစ်တစ်ခု စခြင်းလည်း ဖြစ်တယ်။

ဒီနည်းအားဖြင့် အနာဂတ်မှာ အရှင်က အရှေ့တိုင်းလောကတစ်ခုလုံးကို ပေါင်းစည်းတဲ့ အချိန်မှာ ကျုပ်တို့ရဲ့ တာ့နန်းတိုင်းပြည်က အရှေ့တိုင်းလောကနဲ့ပိုပြီး လျင်လျင်မြန်မြန်နဲ့ ပေါင်းစည်းနိုင်ပါလိမ့်မယ်။ အနည်းဆုံးတော့ သဲကန္တာရလူရိုင်းမျိုးနွယ်စုက အမဲလိုက်တာနဲ့ သစ်သီးခူးတာတွေကိုပဲ မှီခိုမဲ့အစား စိုက်ပျိုးရေးတွေ လုပ်လာနိုင်လိမ့်မယ်။ သူတို့က ရှေးဟောင်းလူရိုင်းမျိုးနွယ်စုတွေလို နေစရာ မလိုတော့ပါဘူး။”

ထိုအရာက မင်းသားကျင်းပင်။ ဘာပဲဖြစ်ဖြစ် သူက မဟာဗျူဟာမြောက် ရှုထောင့်ကနေ ကြည့်ရှုနိုင်စွမ်းရှိ၏။ အတိုင်းအတာတစ်ခုအထိ သူ၏စကားများကလည်း မှန်ကန်ပေသည်။

သဲကန္တာရ လူရိုင်းမျိုးနွယ်စုက သိသိသာသာ စွမ်းအားကြီးမား၏။ အဘယ်ကြောင့် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာတည်းက အင်အားကြီးမားသည့် နိုင်ငံတစ်ခု မဖြစ်လာရသနည်း။

အကြောင်းရင်းက တောများ၊ တောင်များကြောင့် လူမျိုးနွယ်စုများက တစ်ခုနှင့်တစ်ခု အကြီးအကျယ် ဝေးကွာနေသောကြောင့်ပင်။ မိုင်သုံး၊ လေးရာလောက် ဝေးကွာသည့်အပြင် မျိုးနွယ်စုများက အဆက်အသွယ် မလုပ်နိုင်သလောက်ပင်။ ထို့အပြင် နေရာအနှံ့တွင် ရှိနေသည့် ရှေးဟောင်းသစ်တောကြီးများက မြို့ပြများ ပေါ်ပေါက်လာဖို့နှင့် စိုက်ပျိုးရေး ယဉ်ကျေးမှု ထွန်းကားရန် တားဆီးထား၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ရဲ့နုရှောင့်မြို့တော်က သေးငယ်ပေမဲ့ ပြည်တွင်းရေး ကိစ္စရပ်တွေက ပိုပြီး ရှုပ်ထွေးလာတယ်။ လုပ်စရာတွေကလည်း ပိုပြီး များလာတယ်။ ကျုပ်က ပျင်းရိတတ်သူတစ်ယောက်ဆိုတော့ တာ့နန်းဘုရင်ဖြစ်တဲ့ ခင်ဗျားက နုရှောင့်မြို့တော်မှာ ကျုပ်ကို ကူညီပြီး အချိန်ကာလတစ်ခုအထိ ဝန်ကြီးချုပ် လုပ်ပေးနိုင်မလား။ ဟုတ်တယ်။ ခင်ဗျားက ဝန်ကြီးချုပ် ဆိုတဲ့ ရာထူးကို မကြိုက်ရင် ဧကရာဇ်ရဲ့ ညာလက်ရုံး လို့ နာမည်ပြောင်းလို့လည်း ရတယ်။”

ဤအရာက အရှေ့တိုင်းလောကတွင် တစ်ခါမှ မကြုံဖူးသည့် ကိစ္စပင်။ ကျင်းနိုင်ငံဘုရင်က တော်ဝင်ရန် အင်ပါယာ၏ ဝန်ကြီးချုပ် ဘယ်တော့မှ ဖြစ်ခွင့်မရှိပေ။ သို့သော်ငြား အနောက်တိုင်းလောကတွင်တော့ ထိုအရာက ခေတ်စား၏။

“အမိန့်တော်အတိုင်းပါပဲ အရှင်။”

ကျင်းကျွင်းက ပြောသည်။ “တော်ဝင်ချန်မင်းဆက် ရှိနေသရွေ့ တောင်ပိုင်းတိုင်းပြည်နဲ့ သဲကန္တာရ လူရိုင်းမျိုးနွယ်စု ဆိုတာ ရှိနေမှာပါ။”

ပြီးနောက် ရှမ့်လန်က အရှေ့တိုင်းလောကသို့ ပြန်လာခဲ့သည့် ဖြစ်ပျက်သမျှအားလုံးကို ပြောပြ၏။ ကျင်းကျွင်းက အံ့အားသင့်မိပြီး အသက်ရှူမှားမတတ် ဖြစ်နေ၏။ ရှမ့်လန်က အရှေ့တိုင်းလောကသို့ ပြန်ရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပင် ဤမျှကြီးမားလွန်းသည့် အောင်ပွဲကို ရယူထားနိုင်လိမ့်မည်ဟု သူ မထင်ခဲ့ချေ။ သူက နုရှောင့်မြို့့တော်ကို ပြန်လည် သိမ်းပိုက်ထားရုံတင်မက ဝူ၊ ချောင်၊ ရွှဲ့ နိုင်ငံ သုံးခုလုံးကိုပါ ကာကွယ်ပေးနိုင်ခဲ့၏။ ယခုဆိုလျှင် အရှေ့တိုင်းလောကကြီးက သုံးပိုင်းကွဲသွားခဲ့ပြီ ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “စေတီတောင်သခင်က ကျုပ်ကို သတိပေးခဲ့တယ်။ ၁၀ ရက်အတွင်း စစ်သည်အင်အား စုစည်းပြီး နုရှောင့်မြို့ကို မြေလှန်ဖျက်ဆီးမယ်တဲ့။ ခင်ဗျားအမြင်အရဆိုရင် ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ။”

မင်းသားကျင်းက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ ပြော၏။ “မဟာဗျူဟာ အကျိုးစီးပွား ရှုထောင့်က ကြည့်မယ်ဆိုရင် ရင်ကွမ်းနဲ့ စေတီတောင်က နုရှောင့်မြို့ကို စစ်တပ်လွှတ်ပြီး ချေမှုန်းဖို့ ကြိုးစားတာက ပညာမဲ့ရာ ကျပါတယ်။ ရင်ဝူမင်က စေတီတောင် ကိုယ်စားလှယ်အဖြစ် သဘာဝလွန်အင်အားစု အစည်းအဝေးကို တက်ရောက်ခဲ့တာနဲ့တင် ကမ္ဘာလောကကြီးက တရားဝင် သုံးပိုင်း ကွဲသွားခဲ့ပါပြီ။ စေတီတောင်နဲ့ ချင်နိုင်ငံသစ်တို့ ပူးပေါင်းလိုက်ပြီဆိုပေမဲ့ တော်ဝင်ရန်အင်ပါယာက အားအကောင်းဆုံး ဖြစ်နေဆဲပါပဲ။ ရင်ကွမ်းနဲ့ စေတီတောင်အတွက်ကတော့ အဲဒီ သုံးပွင့်ဆိုင် အနေအထားကို ထိန်းသိမ်းထားတာက အကျိုးအရှိဆုံး ဖြစ်ပါလိမ့်မယ်

သာမန် သုံးပွင့်ဆိုင် အခြေအနေမျိုးမှာဆိုရင် အားနည်းတဲ့ နှစ်နိုင်ငံက လက်တွဲပြီး အားအကြီးဆုံးနိုင်ငံကို တော်လှန်ကြစမြဲပါ။ ဒါက အတည်ငြိမ်ဆုံး ဖွဲ့စည်းပုံပါပဲ။ ဒါပေမဲ့ ကျုပ်တို့ရဲ့အခြေအနေက ထူးခြားလွန်းနေတယ်။ ကျုပ်တို့နဲ့ ချင်နိုင်ငံသစ်က ရေနဲ့မီးလို ဖြစ်နေတယ်။

မူလကတော့ စေတီတောင်နဲ့ ပူးပေါင်းဖို့ လမ်းစရှိခဲ့ပေမယ့် စေတီတောင်သခင်ရဲ့ မျက်လုံးထဲမှာတော့ ကျုပ်တို့က သိပ်ပြီး အားနည်းလွန်းနေတယ်။ ဒါ့အပြင် အရှင်က ‘နဂါးနောင်တ’ ကို ပစ်လွှတ်နိုင်စွမ်း ရှိနေတော့ သူတို့က အရှင့်ကို အလုံးစုံ ထိန်းချုပ်ချင်ကြတယ်။ ဒီအချက်ကပဲ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် လမ်းစကို ပိတ်ပင်လိုက်သလို ဖြစ်သွားစေပါတယ်။

အတိုချုပ်ပြောရရင် စေတီတောင်သခင်နဲ့ ရင်ကွမ်းတို့က အရှင့်ကို တကယ်တမ်း မသတ်ချင်ကြပါဘူး။ သူတို့က အရှင့်ကို ဖမ်းဆီးပြီး အရှင့်ရဲ့ ဉာဏ်ရည်နဲ့ စိတ်ဆန္ဒကို ဖျက်ဆီးပစ်ချင်ကြတာပါ။ အရှင့်ကို ‘နဂါးနောင်တ’ ပစ်လွှတ်ဖို့ ကိရိယာတစ်ခုအဖြစ်ပဲ အသုံးချချင်ကြတာ။

ဒါကြောင့် သူတို့ နုရှောင့်မြို့ကို သေချာပေါက် တိုက်ခိုက်လာပါလိမ့်မယ်။ နုရှောင့်မြို့က သူတို့အတွက် တန်ဖိုး မရှိဘူး ဆိုရင်တောင်၊ နုရှောင့်မြို့ကို တိုက်ခိုက်တာက သူတို့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားနဲ့ ဆန့်ကျင် နေရင်တောင်မှ အရှင့် ဒူးထောက် အညံ့ခံလာစေဖို့ သူတို့ လုပ်ဆောင်ကြပါလိမ့်မယ်။ အရှင် အခြေချနိုင်မယ့်အရာကို ဖျက်ဆီးပြီး အရှင့်ကို ဘုံပျောက်အောင် လုပ်လိမ့်မယ်။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆိုရင် တော်ဝင်ရန်အင်ပါယာ ဧကရာဇ် အခုချိန်မှာ ဘာတွေ တွေးနေမယ်လို့ ထင်သလဲ။ သူက တောက်လျှောက် တံခါးပိတ် ကျင့်ကြံနေခဲ့တာ။ ကျုပ်ရယ်၊ ရင်ကွမ်းရယ်၊ စေတီတောင်ရယ် အချင်းချင်း သေမထူး ၊ နေမထူး တိုက်ခိုက်ကြမဲ့ အချိန်ကို စောင့်နေတာများလား။ ပြီးမှ သူက အမြတ်ထုတ် မလို့လား။”

ကျင်းကျွင်းက ခေါင်းခါပြီး ပြော၏။ “တော်ဝင်ရန်အင်ပါယာ ဘာတွေတွေးနေလဲ ဆိုတာကို ကျုပ် တကယ်ပဲ မခန့်မှန်းနိုင်ပါဘူး။ နဂါးဆိုတာ ခေါင်းကိုသာ ဖော်ပြပြီး အမြီးကို ဝှက်ထားတတ်တာမျိုးလေ။ ဒီလောကမှာ သူ့ရဲ့အတွေးကို ခန့်မှန်းနိုင်တဲ့လူ သိပ်ရှိမယ် မထင်ဘူး။ ဒါကြောင့် သူက အားအကောင်းဆုံးနဲ့ ကြောက်မက်ဖွယ် အကောင်းဆုံး ရန်သူဖြစ်တယ် ကျုပ် ထင်တယ်။ ဧကရာဇ်ကျန်းလီလို လူမျိုးတောင်မှ သူ့ကို ရှုံးနိမ့်ခဲ့ရတယ်လေ။ သူ့ကို ဘယ်လောက်ပဲ အထင်ကြီးကြီး လွန်တယ်လို့ မရှိပါဘူး။

နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်။ ကျောက်စိမ်းဖြူမြို့တော် သံတမန်လည်း သဘာဝလွန်အင်အားစု အစည်းအဝေးကို တက်ရောက်ခဲ့တယ်။”

မင်းသားကျင်းက ဆက်ပြောသည်။ “ကျုပ်တို့ရတဲ့ သတင်းအချက်အလက်တွေက သိပ်ပြီး ဝါးတားတား နိုင်လွန်းတယ်။ အဲဒီ အစည်းအဝေးမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ၊ ဘာခေါင်းစဉ်တွေ ဆွေးနွေးခဲ့ကြလဲ ဆိုတာ မသိရပါဘူး။ ဒါပေမဲ့ ဆွေးနွေးတဲ့ ခေါင်းစဉ်က သိပ်ပြီး အရေးကြီးမယ်လို့ ကျုပ် ထင်တယ်။ လောက ကံကြမ္မာနဲ့တောင် သက်ဆိုင်နေနိုင်တယ်။ ဒါပေမဲ့ ဘုရင်အာဏာစက်နဲ့ အလှမ်းဝေးကွာ နေပါလိမ့်မယ်။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ မင်းသားကျင်း၏ သုံးသပ်ချက်က သူ့အမြင်နှင့် ထပ်တူနီးပါး ဖြစ်နေပြီး ဖော်ပြပုံကလည်း အလွန် တိကျသည်။ ဆွေးနွေးသည့် ခေါင်းစဉ်က အလွန်အရေးကြီးသည်ဟု သူ ဆိုရခြင်းမှာ ထိုအရာက လောကကြီး၏ ကံကြမ္မာနှင့် သက်ဆိုင်နေပြီး လာမည့် နှစ်ပေါင်းတစ်ရာ၏ ဦးတည်ချက်ကို ဆုံးဖြတ်ပေးနိုင်သောကြောင့်ပင်။

ထိုသို့ သုံးသပ်ရခြင်းမှာ အကြောင်းရင်း နှစ်ချက်ရှိ၏။ ပထမအချက်မှာ ကျောက်စိမ်းဖြူမြို့တော်အနေဖြင့် အစည်းအဝေးသို့ သံတမန် စေလွှတ်ခြင်းမှာ ရှားပါးသော ကိစ္စဖြစ်၏။ ထို့အပြင် သံတမန်၏ အဆင့်အတန်း မှာလည်း မနိမ့်ကျချေ။

ဒုတိယအချက်မှာ တော်ဝင်ရန်အင်ပါယာအနေဖြင့် နုရှောင့်မြို့ကို ‘နဂါးနောင်တ’ ဖြင့် အပြီးတိုင် ဖျက်ဆီးပစ်သည်အထိ အစည်းအဝေးကို ရွှေ့ဆိုင်းလိုခဲ့၏။ အဘယ့်ကြောင့်ဆိုသော် စေတီတောင်နှင့် ရင်ကွမ်းတို့က တော်ဝင်ရန်အင်ပါယာမှ ခွဲထွက်မည့် အချက်ပြမှုကို ထိုအစည်းအဝေးမှတဆင့် အရှေ့တိုင်း လောကတစ်ခုလုံးသို့ ပြင်းထန်စွာ ပေးပို့လိုသောကြောင့်ပင်။

သို့သော်ငြား တကယ်တမ်းမှာတော့ တော်ဝင်ရန်အင်ပါယာက အစည်းအဝေးကို မရွှေ့ဆိုင်းခဲ့ဘဲ သတ်မှတ်ချိန်အတိုင်း ကျင်းပခဲ့၏။

ထို့အပြင် လျှို့ဝှက်ဆန်းကြယ်ပြီး ဂရုမစိုက်တတ်သကဲ့သို့ နေတတ်သော ရှန့်ကုန်းဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော် ကိုယ်တိုင်လည်း တက်ရောက်ခဲ့သည်။ နန်းဆောင်သခင် ကျိုးရှီဆိုလျှင် ရွဲ့ပြည်နယ်မှ လုံးဝ ဆုတ်ခွာပြီး သဲကန္တာရကြီးတွင် အရာအားလုံး ပုံအောထားခဲ့သူ ဖြစ်သည်။ သူက အစည်းအဝေး တက်ရောက်ရန် မလိုအပ်သော်လည်း တက်ရောက်ခဲ့သည်။

ထိုအကြောင်းပြချက်များကြောင့် ဤအစည်းအဝေးက အလွန်အရေးကြီးပြီး အဆုံးအဖြတ်ပေးနိုင်သော ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို ချမှတ်ခဲ့ကြပေလိမ့်မည်။

သို့ပေမည့် ရင်ကွမ်းနှင့် စေတီတောင်၏ စီမံကိန်းများကို သက်ရောက်မှု မရှိခဲ့တာ သေချာသည်။ သူတို့သည် ခွဲထွက်ရေး လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေကြပြီး တော်ဝင်ရန်အင်ပါယာကို ဆက်လက် တိုက်ခိုက်နေကြဆဲပင်။

မင်းသားကျင်းက သတိပေး၏။ “လောကအရှင်သခင် တစ်ယောက်အနေနဲ့ အရှင်က ဒီအစည်းအဝေးရဲ့ အကြောင်းအရာကို သိရှိထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါက တော်ဝင်ချန်အင်ပါယာကြီးရဲ့ အနာဂတ်အတွက် အလွန် အရေးကြီးပါတယ်။ ရာစုနှစ်ပေါင်းများစွာအတွက် ကြိုတင် မစီမံထားနိုင်ရင် ခဏတာအတွက်လည်း စီမံနိုင်မှာ မဟုတ်ပါဘူး။”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ အချို့သော ကိစ္စရပ်များမှာ အလွန် ဝေးကွာနေသယောင် ရှိပြီး မိမိတို့နှင့် မသက်ဆိုင်သလို ထင်ရ၏။ သို့ပေမည့် ဂရုစိုက်မိချိန်တွင်မူ အရာအားလုံး နောက်ကျသွားခြင်းမျိုး ဖြစ်နိုင်သည်။ သူတို့နှစ်ဦး စကားစမြည်ပြောရင်း ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးများ၏ ထိပ်ဆုံးသို့ ခရုပတ်သဏ္ဍာန် လှည့်ပတ်ကာ တက်လာခဲ့ကြသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာငါးထောင်ကျော် မြင့်မားသောကြောင့် ခရီးမှာ အလွန်ဝေးကွာလှ၏။ အစပိုင်းတွင် ရှမ့်လန်က လမ်းလျှောက်ခဲ့သော်လည်း နောက်ပိုင်းတွင် မလျှောက်နိုင်တော့သဖြင့် မြင်းစီးလိုက် ရသည်။

“ဒီစစ်မြင်းကလည်း အပြင်က ယူလာတာလား။” ရှမ့်လန်က မေးလိုက်၏။

မင်းသားကျင်းက ခေါင်းညိတ်ကာ ပြောသည်။ “ဟုတ်ပါတယ်။ ချင်နိုင်ငံက စစ်မြင်းပါ။ မူလကတော့ အကောင် သေးသေးလေးပါ။ ဒါပေမဲ့ ဒီနေရာကို ရောက်လာပြီးနောက်မှာ ခန့်ညားပြီး ထွားကျိုင်းလာတယ်။ အမြန်နှုန်းနဲ့ ခံနိုင်ရည်ကလည်း အများကြီး တိုးတက်လာပါတယ်။”

All Chapters