အခန်း (၁၀၆၉-၁၀၇၀)
Vol. 63 Ch. 1069-1070
အပိုင်း (၁၀၆၉)
သူတို့နှစ်ဦးသည် ပို၍ ပို၍ မြင့်သော နေရာသို့ တက်လာခဲ့ကြပြီး နာရီအနည်းငယ် ကြာမြင့်ပြီးနောက် အပျက်အစီးများ၏ ထိပ်ဆုံးသို့ ရောက်ရှိလာကြ၏။ ထင်ထားသည့်အတိုင်းပင် နောက်ထပ် စွမ်းအင်ဝဲကတော့ တစ်ခု ဖြစ်နေသည်။
သို့ပေမည့် ယခင်တစ်ခုနှင့် အနည်းငယ် ကွဲပြားမှု ရှိ၏။ ယခင် စွမ်းအင်ဝဲကတော့မှာ အချင်း မီတာ ၃၀ ရှိသော စက်ဝိုင်းသဏ္ဍာန် ဖြစ်သော်လည်း ဤစွမ်းအင်ဝဲကတော့မှာ တံခါးပေါက်ပုံသဏ္ဍာန် ဖြစ်ပြီး အမြင့် မီတာ ၃၀၊ အကျယ် ၁၅ မီတာခန့် ရှိ၏။
ရှမ့်လန်က မေးလိုက်သည်။ “ဘိုးဘေးလော်က ခင်ဗျားတို့ကို ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးထဲ ခေါ်လာတုန်းက ဝင်ပေါက်ကို ဘယ်လို ဖွင့်ခဲ့သလဲ။”
မင်းသားကျင်းက ခေါင်းခါပြီး ပြော၏။ “ကျုပ် မသိပါဘူး။ ဘိုးဘေးက ကျုပ်တို့ကို တန်းပြီး ခေါ်လာခဲ့တာပါ။ ကျုပ်တို့ မြင်လိုက်ရတဲ့အချိန်မှာ ဝင်ပေါက်က ပွင့်နေပြီးသားဖြစ်နေပြီ။ အရင်တုန်းက ဘယ်လို အခြေအနေ ရှိခဲ့လဲ၊ တံခါးလား၊ စွမ်းအင်ဝဲကတော့လား ဆိုတာတောင် မသိရဘူး။”
နန်းဆောင် ဝင်ပေါက်ရှိ စွမ်းအင်ဝဲကတော့ ရှေ့သို့ရောက်ချိန်မှာတော့ မင်းသားကျင်းက ဓားမြှောင်တစ်ချောင်း ကို ထုတ်ပြီး စွမ်းအင်ဝဲကတော့ဆီသို့ ညင်သာစွာ ပစ်သွင်းလိုက်၏။ ဓားမြှောင်မှာ ချက်ချင်းပဲ အမှုန့်ဖြစ်သွားသည်။ ထိုမြင်ကွင်းက ထိတ်လန့်ဖွယ် ကောင်းလှသည်။
တကယ်တမ်းတွင် ရှမ့်လန်သည် ဤစွမ်းအင်ဝဲကတော့၏ ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ အလွန် အားကောင်းလွန်း၏။ သို့ပေမည့် ဤမျှ ကြီးမားသော စွမ်းအင်ကို အချိန်ပြည့် ထိန်းသိမ်းထားရန်မှာ မဖြစ်နိုင်ပေ။ ရှေးဟောင်းယဉ်ကျေးမှု ဆိုလျှင်ပင် ထိုသို့ ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ပုံမှန်အချိန်တွင် အသင့်အနေအထားသာ ရှိနေပြီး စွမ်းအင်သုံးစွဲမှု အလွန် နည်းပါးမည်။ သို့ပေမည့် ကျူးကျော်သူကို အာရုံခံမိသည်နှင့် တပြိုင်နက် အရာအားလုံးကို ဖျက်ဆီးပစ်မည့် စွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်လိုက်ခြင်း ဖြစ်ပေမည်။
“အရှင်... ဘယ်လောက် အန္တရာယ်များလဲဆိုတာ အာရုံခံမိလား။” ကျင်းမင်းသားက မေးလိုက်၏။
ရှမ့်လန်သည် ယခင်က စွမ်းအင်ဝဲကတော့ တစ်ခုကို ဖြတ်သန်းဖူးသော်လည်း ဤတစ်ခုကို ဝင်နိုင်ပါ့မည်လား။ ဤအချက်ကို ရှမ့်လန် လုံးဝ မသေချာပေ။ ထို့အပြင် သူ၏ X-ray အမြင်နှင့် AI မှတ်ဉာဏ်တု စနစ်တို့ကလည်း ဤစွမ်းအင်ဝဲကတော့နှင့် ပတ်သက်ပြီး မည်သည့် သဲလွန်စမျှ ရှာမပေးနိုင်ချေ။ မတော်တဆမှု တစ်ခုခု ဖြစ်သွားသည်နှင့် ရှမ့်လန်မှာ ချက်ချင်း ပြာကျသွားပေလိမ့်မည်။
ထို့အပြင် ရှမ့်လန်က သူ့ရှေ့ရှိ စွမ်းအင်ဝဲကတော့၏ အရောင်မှာ ကွဲပြားနေကြောင်း သတိထားလိုက်မိ၏။ တောင်ပင်လယ်ဒေသ ရှေးဟောင်းအပျက်အစီး၏အဆုံးရှိ စွမ်းအင်ဝဲကတော့မှာ အစိမ်းရောင် ဖြစ်သော်လည်း ဤတစ်ခုမှာ အပြာရောင် ဖြစ်နေသည်။
ဤသည်က ဘာကို သက်သေပြနေသနည်း။
ဤစွမ်းအင်ဝဲကတော့က ပို၍ မြင့်မားသော လုပ်ပိုင်ခွင့်အာဏာ လိုအပ်သည်ဟု ဆိုလိုခြင်းလော။ ရှမ့်လန် အောင်မြင်စွာ ဖြတ်သန်းနိုင်ပါ့မလား။ထို့ကြောင့် သူက စွမ်းအင်ဝဲကတော့ကို ထိတွေ့ရန် လက်လှမ်းလိုက်၏။
မင်းသားကျင်းမှာ အသက်ရှူပင် ရပ်တန့်လုမတတ် ဖြစ်သွားသည်။ အဆုံးတွင်တော့ မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်မလာခဲ့ပေ။ ရှမ့်လန်၏လက်က စွမ်းအင်ဝဲကတော့ အတွင်းသို့ လွယ်ကူစွာပင် ဖြတ်ဝင်သွား၏။ မည်သည့် အန္တရာယ်မှ မရှိချေ။
မင်းသားကျင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်၏။ သူ ဝမ်းသာသွားမိသည်။ ရှမ့်လန် ဤနန်းဆောင်ထဲသို့ ဝင်ရောက်နိုင်ခြင်းကြောင့် မဟုတ်၊ ရတနာ တစ်စုံတစ်ရာ ရရှိနိုင်မည် ဖြစ်သောကြောင့်လည်း မဟုတ်ပေ။ ရှမ့်လန်သည် ရှေးဟောင်းအပျက်အစီးများ၌ အလွန်မြင့်မားသော လုပ်ပိုင်ခွင့်အာဏာ ရှိကြောင်း သက်သေပြလိုက်နိုင်ခြင်းကြောင့်ပင်။ ဤအချက်က ရှမ့်လန်မှာ ကံတရား၏ အရှင်သခင် ဖြစ်ကြောင်း ထပ်မံ သက်သေပြနေသည်။
“ကျုပ် အပြင်ကပဲ စောင့်နေပါ့မယ် အရှင်။” မင်းသားကျင်းက ပြော၏။
ရှမ့်လန်က ခေါင်းညိတ်လိုက်ပြီး စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းကာ ဝင်ရောက်သွားသည်။ ဘာမှ မခံစားရချေ။ သာမန် အလင်းကန့်လန့်ကာ တစ်ခုကို ဖြတ်သန်းသွားရသကဲ့သို့ပင်။ ဤအချိန်မှာတော့ ရှမ့်လန် ကိုယ်တိုင်ပင် သူသည် ကံတရား၏ အရှင်သခင် ဖြစ်သည်ဟု ခံစားလိုက်ရသည်။
စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းပြီး နန်းဆောင်ထဲသို့ ရောက်ရှိချိန်မှာတော့ ရှမ့်လန်က မျက်လုံးများကို မှိတ်ထားလိုက်၏။ အဘယ့်ကြောင့်ဆိုသော် သူက နန်းဆောင်၏ အတွင်းပိုင်းကို စိတ်ကူးဖြင့် ပုံဖော်ကြည့်ပြီးမှ မျက်လုံးဖွင့်ကာ သူထင်ထားသည်နှင့် တူမတူ တိုက်ဆိုင်စစ်ဆေးလိုသောကြောင့် ဖြစ်၏။
သူ၏စိတ်ကူးထဲတွင်တော့ ရှေးဟောင်းနန်းဆောင်၏ အတွင်းပိုင်းသည် ရုပ်ရှင်များထဲကကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားထည်ဝါနေမည်ဟု ထင်မှတ်ထား၏။ ငရဲနှင့် တူသလို၊ နတ်ဘုံနှင့်လည်း တူနေမည်။ ဧရာမ နတ်ဘုရားရုပ်ကြီးများ၊ သို့မဟုတ် အစွမ်းထက်သော နတ်သားရဲရုပ်ကြီးများ၊ ရတနာသိုက်များ၊ မယုံကြည်နိုင်လောက်အောင် ဆန်းကြယ်သော ကိရိယာတန်ဆာပလာများ ရှိနေပေလိမ့်မည်။
ထိုစိတ်ကူးယဉ်မှုများနှင့်အတူ ရှမ့်လန်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူ ကြောင်အမ်းသွားမိသည်။
“ဒါ... ဒါက ရှေးဟောင်းနန်းဆောင်တဲ့လား။”
… …
ဤနန်းဆောင်က ရှမ့်လန် စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားနေ၏။ အမှန်တကယ်ပင် ကြီးမားကျယ်ဝန်း လှသည်။ သို့ပေမည့် အတွင်း၌ ဘာမျှ မရှိသလောက်ပင်။ အလွန် ရိုးရှင်းနေသည်။ အပြင်ဘက်ရှိ အဆောက်အအုံများနှင့် ရုပ်တုများက အလွန် လက်ရာမြောက်၏။ လမ်းများကိုပင် ကျောက်စိမ်းခင်းထား သကဲ့သို့ ရှိ၏။
သို့ပေမည့် နတ်ဘုရားကျောင်းဆောင်အတွင်းရှိ အရာအားလုံးကတော့ သာမန် ကျောက်တုံးများဖြင့် ပြုလုပ်ထားသကဲ့သို့ရှိပြီး တောင်ပေါ်မှ ကျောက်များကို အလွယ်တကူ တူးဖော်ပြီး တည်ဆောက်ခင်းကျင်း ထားသကဲ့သို့ပင်။ နတ်သားရဲရုပ်များ မရှိ၊ ရတနာများ မရှိ၊ ဘာမှ မရှိသလောက်ပင်။
ဧရာမ ရုပ်တုကြီး တစ်ခုသာ ရှိ၏။ ဤသည်က နန်းဆောင်အတွင်း ကိုးကွယ်ထားသော နတ်ဘုရားလား။ မည်သည့် နတ်ဘုရားမျိုးနည်း။ ရုပ်တုမှာ မီတာ ၅၀ ခန့် မြင့်မားသည်။ လူမျက်နှာ၊ မြွေခန္ဓာကိုယ်နှင့် ခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော အမျိုးသားပုံစံ ဖြစ်၏။ ဆံပင်များက သွေးရောင်လွှမ်းနေပြီး မျက်လုံးအိမ်များက ရွှေရောင် တောက်ပနေသည်။ ဖျက်ဆီးလိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။
ရှမ့်လန်က နားမလည်နိုင် ဖြစ်နေ၏။ အနောက်တိုင်းရှိ ပျောက်ဆုံးနိုင်ငံ နှင့် မိစ္ဆာတြိဂံနယ်မြေတို့တွင် ဘုရင်မမီဒူဆာ အကြောင်းကို သူ သိရှိခဲ့သည်။ အလင်းနှင့်အရိပ် ပုံရိပ်ယောင်မျှဖြင့် သန်းပေါင်းများစွာသော ပင်လယ်မိစ္ဆာများကို မျက်ရည်ကျစေခဲ့ပြီး မလှုပ်မယှက်ဖြစ်စေကာ သေခြင်းတရားကိုပင် ဂရုမစိုက်တော့သည် အထိ ဆွဲဆောင်နိုင်သည်။ သို့ပေမည့် မီဒူဆာဆိုသည်မှာ အမျိုးသမီး ဖြစ်ပြီး အမျိုးသား မဟုတ်ပေ။
ထိုသို့ဖြစ်လျှင် ယခု ကိုးကွယ်ထားသော လူမျက်နှာ၊ မြွေခန္ဓာကိုယ်နှင့် ဧရာမ အမျိုးသားကြီးက မည်သည့် သတ္တဝါမျိုးနည်း။ ရှေးဟောင်းအင်ပါယာက ဤမျှကြီးမားသော ယဇ်ပူဇော်ရာမြို့တော်ကြီးကို တည်ဆောက်ပြီး ဤသူကို အဘယ်ကြောင့် အထူးတလည် ကိုးကွယ်ထားရသနည်း။
ဤနတ်ဘုရားရုပ်တု တစ်ခုတည်းကို ကိုးကွယ်ရန်အတွက် ကြီးမားသော မြို့တော်ကြီးကို တည်ဆောက် ထားခဲ့ခြင်းလား။ ရှေးဟောင်းယဉ်ကျေးမှုတွင် ၎င်း၏ အဆင့်အတန်းမှာ မည်မျှ မြင့်မားခဲ့သနည်း။
နန်းဆောင်ခန်းမကြီးထဲတွင် လူမျက်နှာ၊ မြွေခန္ဓာကိုယ်နှင့် နတ်ဘုရားရုပ်တုအပြင် နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်။ ဧရာမ နတ်ဘုရားရုပ်တုကြီး၏ ရှေ့ရှိ ထိုလူမှာ အလွန် သေးငယ်၏။ သူက မြေပြင်ပေါ်တွင် နှိမ့်ချစွာ ဒူးထောက်နေပြီး မျက်လုံးများထဲ၌ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသည်။ ထိုသူမှာ ရုပ်တုတစ်ခု မဟုတ်ဘဲ ရှေးဟောင်းလူသား တစ်ဦး ဖြစ်သည်။ သို့ပေမည့် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရှမ့်လန်က X-ray ဖြင့် စကင်န်ဖတ်ကြည့်ချိန်မှာတော့ ထိုသူ၏ ကိုယ်တွင်းအင်္ဂါများကို မြင်တွေ့ရ၏။
သူ့ရှေ့မှ မြင်ကွင်းကို ဖော်ပြရလျှင် ကမ္ဘာပျက်ကပ်နေ့ဟုသာ ဆိုရပေမည်။ ဤရှေးဟောင်းလူသား၏ အဆင့်အတန်းသည် အလွန်တရာ မြင့်မားပေလိမ့်မည်။ သို့ပေမည့် သူ၏ အင်ပါယာကြီး ပျက်စီးတော့မည့် အချိန်တွင် နတ်ဘုရားထံ၌ ကာကွယ်ပေးရန် လာရောက် တောင်းဆိုခဲ့ခြင်း ဖြစ်ပုံပေါ်၏။ သို့ပေမည့် နတ်ဘုရားက ပေါ်မလာခဲ့သလို သူ၏ အင်ပါယာကြီးမှာလည်း ပျက်စီးသွားခဲ့ရသည်။
တကယ့်ကို ထူးဆန်းသည်။ ကျူးကလန်၏ လျှို့ဝှက်စခန်းတွင်လည်း ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းအချို့ကို သူ တွေ့ရှိခဲ့ဖူးသည်။ သို့ပေမည့် ရှေ့မှလူ၏ အဆင့်အတန်းမှာ ပို၍ မြင့်မားပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က သရဖူကို မြင်တွေ့နေရသောကြောင့်ပင်။ သရဖူမှာလည်း ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲနေပြီး သူ၏ခန္ဓာကိုယ်နှင့် တသားတည်း ပေါင်းစပ်နေ၏။
ရှမ့်လန် စိတ်ရှုပ်ထွေးသွားရသည်။ သူ့ရှေ့ရှိ ဘုရင်က မည်သို့သော ကမ္ဘာပျက်ကပ်မျိုးကို ကြုံတွေ့ခဲ့ရသနည်း။ ဘုရင်မ မီဒူဆာ၏ အနောက်တိုင်းလောကမှ ကျူးကျော်မှုလား။ ကျူးကလန်၏ လျှို့ဝှက်စခန်းတွင်တော့ ထိုသို့ ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရှေးဟောင်းလူသားများက နောက်ဆုံးတွင် ‘နဂါးနောင်တ’ ကို ပစ်လွှတ်ရန် လက်လျှော့လိုက်ပြီး တခဏအတွင်းမှာပင် လုံးဝ ကျောက်တုံးအဖြစ် ပြောင်းလဲသွားသောကြောင့်ပင်။ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားလျှင်တောင်မှ သူတို့၏ မျက်နှာအမူအရာများက အသက်ဝင်နေဆဲ ဖြစ်သည်။
သို့ပေမည့် သူ့ရှေ့ရှိ နန်းဆောင်ထဲမှ ဘုရင်၏ မျက်နှာအမူအရာမှာ သေဆုံးခြင်းတရားနှင့် တူနေပြီး တဖြည်းဖြည်းချင်း ညှိုးနွမ်းခြောက်သွေ့ကာ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ရှိသည်။ ထို့ကြောင့် ဤဘုရင်၏ မျှော်လင့်ချက်ကင်းမဲ့မှုမှာ ပို၍ကြီးမားပြီး ပြိုင်ဘက်ကင်း ရန်သူတစ်ဦးကို ရင်ဆိုင်နေရခြင်းမျိုး မဟုတ်ဘဲ ယဉ်ကျေးမှုတစ်ခုလုံး ပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေ၏။
… …
ရှမ့်လန်က ထိုအတွေးများကို အမြန် ဘေးဖယ်လိုက်၏။ ရှေ့မှ မြင်ကွင်း၏ အဓိပ္ပာယ်ကို နားလည်ရန် မကြိုးစားတော့သလို၊ ရှေးလောကတွင် မည်သည်တို့ ဖြစ်ပျက်ခဲ့ကြောင်းကိုလည်း စူးစမ်းရန် မကြိုးစားတော့ချေ။
အဓိကအချက်မှာ ရတနာ ဖြစ်သည်။ သူ ရတနာ လိုချင်သည်။ ဤနန်းဆောင်၏ အဆင့်အတန်းမှာ အလွန် မြင့်မားသည်ဖြစ်သောကြောင့် မည်သို့ပင် ဖြစ်စေကာမူ ဤမျှ ကြီးမားသော အုတ်ဂူကြီးထဲတွင် ရတနာများ ရှိကို ရှိရပေမည်။
သမိုင်းတလျှောက်ရှိ အခြားဧကရာဇ်များ၏ အုတ်ဂူများတွင် ရတနာများ မရေမတွက်နိုင်အောင် ရှိစမြဲ ဖြစ်သည်။ ရွှေ၊ ငွေ၊ ရတနာများမှာ သာမန်ပစ္စည်းများသာ ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သော နိုင်ငံတော် တံဆိပ်တုံး ကဲ့သို့သော ရတနာများပင်လျှင် ဤနေရာမျိုးတွင် ရှိတတ်ကြသည်။
စေတီတောင်က တူးဖော်ခဲ့သော တောင်ပင်လယ်ဒေသ ရှေးဟောင်းအပျက်အစီးမှာ ရှေးဟောင်းမြို့တော် တစ်ခုမျှသာ ဖြစ်သော်လည်း ရှေးဟောင်းလက်နက် ကိရိယာများနှင့် ရှေးဟောင်းကျမ်းစာအုပ်များ မရေမတွက်နိုင်အောင် တူးဖော်ရရှိခဲ့သည်။ ယခု သူရောက်နေသော နန်းဆောင်မှာ အလွန် မြင့်မြတ်သည်ဖြစ်သောကြောင် ရတနာ တစ်ခုတစ်လေမျှ မရှိခြင်းမှာ ဖြစ်နိုင်ပါ့မည်လား။
ရှမ့်လန်က နန်းဆောင်တစ်ခုလုံး နှံ့စပ်အောင် ရှာဖွေခဲ့ပြီး X-ray ဖြင့်ပါ စကင်န်ဖတ်ခဲ့သော်လည်း ရတနာ တစ်ခုမျှ မတွေ့ရချေ။
“ဒါ... ဒါက တကယ် ထူးဆန်းနေပြီ။ ရတနာ မရှိဘူးဆိုရင် ဝင်ပေါက်မှာ ဘာလို့ ဒီလောက် အဆင့်မြင့်တဲ့ စွမ်းအင်ဝဲကတော့ကြီး တပ်ဆင်ထားရသလဲ။ လောကမှာ ဘယ်သူမှဝင်လို့မရအောင် လုပ်ထားပြီး ကျုပ် တစ်ယောက်တည်း ဝင်လို့ရအောင် လုပ်ထားတယ်။ နောက်ဆုံးတော့ ဝင်လာပြန်တော့လည်း အတွင်းထဲမှာ ဘာမှ မရှိပြန်ဘူး။ ဒါက World of Warcraft ဂိမ်းထဲက ကြီးမားတဲ့ Dungeon တစ်ခုကို ဝင်တိုက်ပြီး နောက်ဆုံး Boss ကို သတ်လိုက်ပေမဲ့ ပစ္စည်းတစ်ခုမှ ကျမလာတာနဲ့ အတူတူပဲ။’
ကံဆိုးစွာပင် သူ့ရှေ့ရှိ နန်းဆောင်မှာ ဂိမ်း Dungeon တစ်ခု မဟုတ်ပေ။ ရှေးဟောင်းယဉ်ကျေးမှုရှိ နတ်ဘုရားများကို ကိုးကွယ်ရန် အသုံးပြုသော နန်းဆောင်တစ်ခုမျှသာ ဖြစ်သည်။
ရှေးဟောင်း မြို့တော်များတွင် လက်နက်တိုက်များ၊ လျှို့ဝှက်စမ်းသပ်ခန်းများနှင့် စာကြည့်တိုက်များ ရှိကြသည်မှာ ပုံမှန်ပင် ဖြစ်၏။ နတ်ဘုရားကျောင်းဆောင် ဆိုသည်မှာက အထူးတလည် ဝတ်ပြုကိုးကွယ်ရန် ဖြစ်သောကြောင့် အတွင်း၌ တကယ်ပဲ ဘာမျှ မရှိခြင်း ဖြစ်နိုင်၏။
ခဏကြာချိန်မှာတော့ ရှမ့်လန်၏ အကြည့်က လူမျက်နှာနှင့် မြွေခန္ဓာကိုယ် နတ်ဘုရားရုပ်တုဆီသို့ ရောက်သွား၏။ ၎င်းကိုယ်တိုင်က ကြီးမားသော ရတနာကြီး ဖြစ်နေမလား။ သူက X-ray ဖြင့် စကင်န် ဖတ်ကြည့်သော်လည်း ဘာမှ မတွေ့ရချေ။ လုံးဝ လျှို့ဝှက်ဆန်းကြယ်သော ဒြပ်ပစ္စည်းတစ်ခု ဖြစ်နေသည်။
ထို့နောက် ရှမ့်လန်က ဓားမြှောင်ကို ထုတ်၍ နတ်ဘုရားရုပ်တု၏ အခွံကို လှီးဖြတ်ရန် ကြိုးစားကြည့်၏။
သောက်ကျိုးနည်း... ရှမ့်လန်က တကယ်ကို ဘာမှမကြောက်ပေ။ ရတနာ ရဖို့အတွက်ဆိုလျှင် ရူးသွပ်မတတ်ပင်။ ဤအရာက ရှေးခေတ်ကာလက ကိုးကွယ်ခဲ့သော နတ်ဘုရား ဖြစ်သည်။ ရှေးဟောင်းလူသားများကပင် အလွန် အစွမ်းထက်နေပြီ ဖြစ်ရာ ထိုသူတို့ကိုးကွယ်သော နတ်ဘုရားဆိုလျှင် ပို၍ပင် ဆန်းကြယ်ပြီး အစွမ်းထက်ပေလိမ့်မည်။
ဓားမြှောင်ဖြင့် လှီးဖြတ်ရန် ကြိုးစားခြင်းက နတ်ဘုရား၏ အပြစ်ပေးမှုကို ခံရမည်ကို မကြောက်ပေဘူးလား။ အဆုံးတွင် သူ လုံးဝ လှီးဖြတ်၍ မရခဲ့ပေ။ ဤနတ်ဘုရားရုပ်တု၏ အခွံကို မသိရှိရသော ဒြပ်ပစ္စည်းဖြင့် ပြုလုပ်ထားပြီး အထက်မြက်ဆုံး ဓားမြှောင်ဖြင့်ပင် ဖြတ်တောက်၍ မရနိုင်ချေ။
‘ဘယ်လို လုပ်ရမလဲ။ ဒီအတိုင်း လက်ဗလာနဲ့တော့ ပြန်မထွက်နိုင်ဘူး။’
နောက်ထပ် ရှမ့်လန်၏ ပစ်မှတ်မှာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရှေးဘုရင်၏ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သည်။ ရှေးဟောင်းလျှို့ဝှက်စခန်းတွင် တွေ့ရှိခဲ့သော ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်း အားလုံးကို ရှမ့်လန် ယူဆောင်သွားခဲ့၏။ သူတို့၏ သွေးများတွင် ထူးခြားသော အာနိသင်များ ရှိ၏။
‘ငရဲမီးပိုးကောင်’ ၏ စွမ်းအားကို မြှင့်တင်ရာတွင် အသုံးပြုနိုင်သလို ‘နဂါးနောင်တ’ ကို ပစ်လွှတ်ရာတွင်လည်း အသုံးပြုနိုင်သည်။
သူ့ရှေ့ရှိ ရှေးဟောင်းဘုရင်မှာ ပို၍ မြင့်မားသော အဆင့်အတန်း ရှိပြီး သွေးမျိုးဆက်မှာလည်း သေချာပေါက် ပို၍ မြင့်မြတ်ပေလိမ့်မည်။ တကိုယ်လုံး ရတနာများဖြင့် ပြည့်နှက်နေကောင်း ပြည့်နှက်နေနိုင်သည်။ သယ်ထုတ်သွားနိုင်လျှင် ကြီးမားသော အမြတ်အစွန်း ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် ရှမ့်လန်က အစွမ်းကုန် အားစိုက်သော်လည်း လုံးဝ ရွေ့လျားသွားခြင်း မရှိပေ။ ဤသည်မှာ ရှေးဟောင်းဘုရင်၏ ကျောက်ဖြစ်ရုပ်ကြွင်းက မြေကြီးနှင့် တစ်သားတည်း ပေါင်းစပ်သွားသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ ကြက်တစ်ကောင်ကိုပင် ဖမ်းချုပ်နိုင်စွမ်းမရှိသော ရှမ့်လန်ကို မဆိုထားနှင့်၊ အားအင် ကီလိုဂရမ် ထောင်ချီ ရှိသူပင်လျှင် ရွှေ့နိုင်မည် မဟုတ်ပေ။
မရွှေ့နိုင်လျှင် သူ့ခန္ဓာကိုယ်ကို ဖြတ်တောက်ပြီး သွေးနှင့် ကျောက်ဖြစ်ရုပ်ကြွင်း အချို့ကို ယူမည်။ အလွန် အသုံးဝင်ကောင်း ဝင်နိုင်သည်။ မည်သို့ပင်ဆိုစေ သူ လက်ဗလာဖြင့်တော့ ပြန်မသွားနိုင်ပေ။
သို့နှင့် ရှမ့်လန်က သူ၏ အားအင်အကုန် ထုတ်သုံးလိုက်၏။ သို့ပေမည့် ဤရှေးဟောင်းဘုရင်၏ ကျောက်ဖြစ်ရုပ်ကြွင်း အရေပြားကို လုံးဝ ဖြတ်တောက်နိုင်ခြင်း မရှိချေ။ သံမဏိထက်ပင် ပို၍ မာကျော နေသေးသည်။
ရှမ့်လန်လက်ထဲမှ အလွန် ထက်မြက်သော ဓားမြှောင်မှာ ချက်ချင်းပဲ တုံးသွား၏။
‘ဘာဖြစ်တာလဲ။’
ကျူးမျိုးနွယ် လျှို့ဝှက်စခန်းမှ ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းများမှာ အလွန် ကြွပ်ဆတ်ပြီး လွယ်ကူစွာ ဖြတ်တောက်နိုင်ခဲ့သည်။ သို့ပေမည့် ဤရှေးဟောင်းဘုရင် ကျောက်ဖြစ်ရုပ်ကြွင်းမှာမူ ပြီးပြည့်စုံစွာ မာကျောနေသည်။
‘လှီးဖြတ်လို့ မရရင် ရိုက်ခွဲမယ်။’
“ဒိုင်း... ဒိုင်း... ဒိုင်း...” ရှမ့်လန်က ဓားကို ဝှေ့ယမ်းပြီး ရူးသွပ်စွာ ရိုက်နှက် ခုတ်ထစ်လိုက်၏။ အဆုံးတွင် ဓားသာလျှင် တစစီ ကြေမွသွား၏။ ဓားအကြောင်း ပြောရလျှင် ဤစွမ်းအင်ဝဲကတော့၏ ထူးဆန်းမှုကို ထည့်ပြောရပေမည်။
ယုတ္တိဗေဒအရဆိုလျှင် ရှမ့်လန်တွင် အလွန်မြင့်မားသော လုပ်ပိုင်ခွင့်အာဏာ ရှိသဖြင့် စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းနိုင်ခြင်းမှာ မဆန်းပေ။ သို့ပေမည့် သူ၏ အဝတ်အစားများနှင့် လက်နက်များကလည်း စွမ်းအင် ဝဲကတော့ကို ဖြတ်သန်းနိုင်ခဲ့သည်။ အကယ်၍ ထိုပစ္စည်းများသာ စွမ်းအင်ဝဲကတော့ကို သီးသန့် ထိတွေ့မိပါက ချက်ချင်း ပြာကျသွားပေလိမ့်မည်။ လုပ်ပိုင်ခွင့်အာဏာ အဆင့်ကို မည်သို့ ဆုံးဖြတ်သနည်း။ ထိုအရာကို သေချာ မသိတော့ပေ။
အတိုချုပ်ပြောရလျှင် ရှမ့်လန်က နည်းလမ်းပေါင်းစုံ သုံးသော်လည်း အရာမထင်ခဲ့ပေ။ ရှေးဟောင်းဘုရင်၏ သွေးနှင့် ကျောက်ဖြစ်ရုပ်ကြွင်းကို ယူဆောင်ရန် မဆိုထားနှင့်၊ ဆံပင်တစ်မျှင်ကိုပင် မယူနိုင်ခဲ့ချေ။ အဝတ်အစား အစွန်းအစကိုပင် ဖြတ်တောက်၍ မရခဲ့ပေ။
ရှမ့်လန်က အားကိုးရာမဲ့စွာ ထိုင်ချလိုက်၏။ သူ တကယ်ပဲ လက်ဗလာနှင့် ပြန်ရတော့မှာလား။ တကယ် မကျေနပ်နိုင်ပေ။ သို့ပေမည့် ဤနေရာတွင် အချိန်ဖြုန်းနေ၍ မရချေ။ စေတီတောင်သခင်နှင့် ရင်ကွမ်းတို့က နုရှောင့်မြို့ကို တိုက်ခိုက်ရန် စစ်တပ် စုဆောင်းနေကြပြီ။ ရှမ့်လန်အနေဖြင့် မင်းသားကျင်း၏ စစ်တပ်ကို အမြန်ဆုံး ခေါ်ထုတ်သွားရမည်။
အထူးသဖြင့် သူ နုရှောင့်မြို့ကို အမြန်ဆုံး ပြန်ရောက်ရန် လိုအပ်သည်။ ‘နဂါးနောင်တ’ ကို ပစ်လွှတ်ရန် သူ့တွင်သာ လုပ်ပိုင်ခွင့်အာဏာ ရှိ၏။
ထို့အပြင် ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးသို့ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ မင်းသားကျင်းနှင့် နောက်လိုက် သောင်းချီကို ကယ်တင်ရန် ဖြစ်သည်။ ရတနာ ဆိုသည်မှာ အစီအစဉ်၏ ပြင်ပမှ အရာသာ ဖြစ်သည်။ ရလျှင် ဝမ်းသာစရာကောင်းသော်လည်း မရလျှင်လည်း တည်ငြိမ်စွာ လက်ခံရမည်သာပင်။
အပိုင်း (၁၀၇၀)
သို့ပေမည့် ရှမ့်လန်က ရှေးဟောင်းနန်းဆောင် အတွင်းသို့ မဝင်မီက ‘နဂါးနောင်တ’ ထက် ပိုမို တန်ဖိုးရှိသော ရတနာကို ရရှိလိမ့်မည်ဟု ကြိုတင် ခံစားမိခဲ့သည်။ သို့သော်ငြား ရှမ့်လန်က ကြီးမားသော နန်းဆောင်၏ ထောင့်တိုင်းကို လိုက်လံ ရှာဖွေသော်လည်း အရာမထင်ခဲ့ပေ။ ရတနာ မဆိုထားနှင့် အိပ်မက်ဆိုး ကျောက်တုံး တစ်တုံး၊ ရှေးဟောင်းစာအုပ် တစ်အုပ်ပင် မရှိချေ။
နောက်ထပ် တစ်နာရီခန့် ကြိုးစားပြီးသော်လည်း ဘာမှ မရှိသေးပေ။ ရှမ့်လန် လက်လျှော့လိုက်တော့သည်။
ပြန်ထွက်ရမည့် အချိန် ရောက်ပြီ။ နုရှောင့်မြို့၏ လုံခြုံရေးက ပိုအရေးကြီး၏။ ဤနေရာမှာ အချိန်ဖြုန်းနေလို့ မဖြစ်တော့ချေ။ နုရှောင့်မြို့စစ်ပွဲကို ကြန့်ကြာစေပြီး ကပ်ဘေးသင့်စေခဲ့လျှင် ကြီးမားသောအပြစ် ဖြစ်ပေလိမ့်မည်။
ရှမ့်လန် သက်ပြင်းချလိုက်ပြီး နောက်လှည့်မကြည့်ဘဲ ထွက်ခွာလာခဲ့၏။ သူ နန်းဆောင်ထဲမှ ထွက်လိုက်သည်။
နန်းဆောင် ဝင်ပေါက်ရှိ စွမ်းအင်ဝဲကတော့ ရှေ့သို့ ရောက်လာပြန်၏။ ဤဝဲကတော့ကို ဖြတ်သန်းလိုက်သည် နှင့် သူ တရားဝင် ထွက်ခွာသွားပြီ ဖြစ်သည်။ ထို့အပြင် ရှမ့်လန်၏ စိတ်နေသဘောထားအရ နောက်ထပ် တော်ရုံနှင့် ပြန်လာတော့မည် မဟုတ်ပေ။
ရုတ်တရက် ရှမ့်လန် ခြေလှမ်း ရပ်တန့်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းဆီသို့ အမြန် လျှောက်သွားလိုက်၏။ တစ်ကိုယ်လုံးကို သေချာစွာ အကဲခတ်ကြည့်သည်။ ဆံပင်၊ အဝတ်အစားနှင့် သရဖူတို့က ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေပြီး ခန္ဓာကိုယ်က မြေကြီးနှင့် ပေါင်းစပ်နေသည်။ လုံးဝ မလှုပ်ရှားနိုင်ချေ။ ထို့အပြင် ခန္ဓာကိုယ်ပေါ်ရှိ အရာအားလုံးက ကျောက်ဖြစ်ရုပ်ကြွင်း အရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ထွက်ခွာခါနီးတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ ဘာများ မှားနေသနည်း။ ရှမ့်လန်က AI မှတ်ဉာဏ်တု ကို အသုံးပြုပြီး ရှာဖွေလိုက်ရာ အဖြေကို လျင်မြန်စွာ ရှာတွေ့သွားသည်။
ရှေးဟောင်းဘုရင်၏ လက်စွပ်တွင် အရောင် ကွဲပြားမှု ရှိနေသည်။ ကျောက်သားနှင့် တူသော်လည်း ကျောက်ဖြစ်ရုပ်ကြွင်း ခန္ဓာကိုယ်နှင့် အနည်းငယ် ကွဲပြားနေ၏။ AI သာ မရှိလျှင် သာမန်မျက်စိဖြင့် ခွဲခြားရန် ခက်ခဲပေလိမ့်မည်။
ရှမ့်လန်က ရှေးဟောင်းလူသား၏ လက်စွပ်ကို ချွတ်ရန် ကြိုးစားလိုက်၏။ အဆုံးတွင်တော့ သူက အားစိုက်စရာမလိုဘဲ အလွယ်တကူပင် ချွတ်ယူနိုင်ခဲ့ပြီး လက်ထဲတွင် ကိုင်ထားမိ၏။
ဤရှေးဟောင်းလူသား ခန္ဓာကိုယ်ပေါ်ရှိ အရာအားလုံးက ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားသော်လည်း ဤလက်စွပ် တစ်ကွင်းတည်းသာ သီးခြား ဖြစ်နေသည်။ ဤလက်စွပ်က အလွန် အစွမ်းထက်သည်ဟု ဆိုလိုခြင်းလား။ သီးခြား ရပ်တည်နိုင်လောက်သည် အထိလား။
ရှမ့်လန်က လက်စွပ်ကို လက်ထဲတွင် ကိုင်ထားပြီး သေချာစွာ ကြည့်ရှုလိုက်သည်။ မည်သည့် ထူးခြားမှုမှ မရှိ။ ကျောက်ဖြင့် ထွင်းထုထားသော လက်စွပ်တစ်ကွင်းနှင့် တူနေသည်။ သူက X-ray ဖြင့် စစ်ဆေး ကြည့်သော်လည်း ဘာမှ မတွေ့ရချေ။
ထို့အပြင် ပုံသဏ္ဍာန်ကလည်း အလွန် ရိုးရှင်းလှသည်။ ဘုရင်တစ်ပါး၏ လက်စွပ်နှင့်ပင် မတူချေ။ သာမန် လက်စွပ်တစ်ကွင်းသာ ဖြစ်သည်။ ကျောက်မျက်ရတနာများ မြှုပ်နှံထားခြင်း မရှိသလို၊ ကမ္ပည်းစာလုံးများ ထွင်းထုထားခြင်းလည်း မရှိပေ။ ခေတ်သစ်ကမ္ဘာမြေတွင်ဆိုလျှင် ဤအရာကို ၁၀ ဒေါ်လာနှင့်ပင် ရောင်းရမည် မဟုတ်ပေ။
သို့ပေမည့် ရှမ့်လန်က လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော စွမ်းအင်အရှိန်အဝါကို ထိုလက်စွပ်မှတဆင့် အာရုံခံမိလိုက်သည်။ ထို့အပြင် ဖိနှိပ်ထားသော အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး မည်သည့် သက်ရှိမဆို ၎င်း၏ ရှေ့မှောက်တွင် ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်၏။
Lord of the Rings ရုပ်ရှင်ထဲက လက်စွပ်တစ်ကွင်းကို ရှမ့်လန် ပြေးမြင်မိသည်။ သို့ပေမည့် ဤရှေးဟောင်းလူသား၏ လက်စွပ်က ဤသို့သော လက်စွပ်မျိုး မဟုတ်ပေ။ ယုတ်မာခြင်း မရှိသလို၊ ဖြောင့်မတ်ခြင်းလည်း မရှိ။ အစွမ်းထက်ခြင်း၊ လျှို့ဝှက်ဆန်းကြယ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့သာ ရှိသည်။ သူ အသက်အောင့်ထား လိုက်မိသည်။
“ဒါပဲ။ ဒါက ‘နဂါးနောင်တ’ ထက် သေချာပေါက် ပိုပြီး တန်ဖိုးရှိတယ်။ ပိုမို မြင့်မားသော မဟာဗျူဟာ အဆင့်အတန်း ရှိတယ်။”
ဘာအတွက် သုံးရမှန်း ရှမ့်လန် မသိသေးခြင်းသာ ဖြစ်၏။
‘ဒီလက်စွပ်ကို အခု ဝတ်ကြည့်သင့်လား။ ဝတ်လိုက်ရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ။’
အဘယ့်ကြောင့်ဆိုသော် လက်စွပ်ဆီမှ စွမ်းအင်အရှိန်အဝါက တကယ်ကို တုန်လှုပ်ဖွယ် ကောင်းသောကြောင့်ပင်။ ရှမ့်လန်ကဲ့သို့ သတ္တိကောင်းသော အရူးတစ်ယောက်ပင်လျှင် ကြောက်ရွံ့မှုကို ခံစား နေရသည်။ သူ၏ဝိညာဉ်ပင် တုန်လှုပ်နေသကဲ့သို့ ခံစားရသည်။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ မည်သို့သော အကျိုးဆက် ဖြစ်လာသည်ဖြစ်စေ၊ လက်စွပ်ကို ရရှိထားပြီးဖြစ်ရာ မဝတ်ဆင်ဘဲ နေရန် မဖြစ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် သူ လက်ခံလိုက်မည်။ ရှေးဟောင်းလူသား ဝတ်ဆင်နိုင်သော လက်စွပ်ကို သူ ဝတ်ဆင်နိုင်ခြင်း ရှိ၊ မရှိ သူ သိချင်သည်။ သူသည် ကံတရား၏ အရှင်သခင် ဟုတ်မဟုတ် သိချင်သည်။ ဝတ်လိုက်လျှင် တကယ်ပဲ ပြာကျသွားမလား သူ သိချင်၏။။
ထို့နောက် ရှမ့်လန်က စကားတစ်ခွန်းမျှ မဆိုဘဲ ရှေးဟောင်းလူသား၏ လက်စွပ်ကို တန်း၍ ဝတ်ဆင်လိုက် တော့သည်။
“ဘုန်း...”
တစ်ခဏချင်းမှာပင် ရှမ့်လန်၏ ဦးခေါင်းထဲ၌ နျူကလီးယားဗုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွား၏။ နေမင်းထက် အဆပေါင်းများစွာ တောက်ပသော အလင်းရောင်များ လက်ခနဲ ဖြစ်သွား၏။
တစ်ချိန်တည်းမှာပဲ ရှမ့်လန်၏မျက်လုံးများထဲ၌ ထိတ်လန့်ဖွယ် အလင်းရောင်များ ပွင့်လန်းလာ၏။ သူ့တကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီးနောက် လဲကျသွားတော့သည်။
… …
ဤတစ်ကြိမ်မှာတော့ ရှမ့်လန် သတိမလစ်သွားပေ။ သို့ပေမည့် သူ့ဦးနှောက်တစ်ခုလုံး အလုပ် မလုပ်တော့သကဲ့သို့ ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် အရာအားလုံး ဗလာသက်သက် ဖြစ်သွား၏။ AI စနစ်ပင်လျှင် ပျက်ကျသွားခဲ့သည်။ ထို့အပြင် သူ့ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားတော့ဘဲ ရုပ်တုတစ်ခု ဖြစ်သွားသကဲ့သို့ပင်။ ဦးနှောက် ပေါက်ကွဲသွားသည်သာမက တကိုယ်လုံးရှိ သွေးများပါ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤလက်စွပ်ကို ဝတ်ဆင်လိုက်ရသည်မှာ မည်သို့သော ခံစားချက်မျိုးနည်း။ ဉာဏ်ပညာ စီးဝင်ခြင်းပင်။ ဤလက်စွပ်ထဲရှိ ထူးခြားသော စွမ်းအင်များသည် ရှမ့်လန်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ဆေးကြောပေး လိုက်သကဲ့သို့ ဖြစ်ပြီး ခန္ဓာကိုယ်၏ လက်မတိုင်း၌ ထွင်းထုလိုက်သကဲ့သို့ ဖြစ်သွား၏။
ဤလုပ်ငန်းစဉ်က ၁၅ မိနစ်ခန့် ကြာမြင့်သည်။ ရှမ့်လန် လုံးဝ မလှုပ်ရှားနိုင်ပေ။ မျက်လုံးများပင် မလှုပ်ရှားနိုင်ဘဲ တကယ့်ကို လူသား ရုပ်တုတစ်ခု ဖြစ်နေသည်။
နောက်ဆုံးတွင် အရာအားလုံး ပြီးဆုံးသွား၏။ ရှမ့်လန်၏ ဦးနှောက်က တွေးခေါ်နိုင်စွမ်း ပြန်လည် ရရှိလာပြီး ခန္ဓာကိုယ်ကလည်း လှုပ်ရှားနိုင်စွမ်း ပြန်လည် ရရှိလာ၏။
သူက လက်ကိုဆန့်ထုတ်ပြီး လက်သူကြွယ်ရှိ လက်စွပ်ကို ကြည့်လိုက်သည်။ ချွတ်ရန် ကြိုးစားသော်လည်း မရတော့ပေ။ သူ့လက်ချောင်းတွင် အသားကျသွားသကဲ့သို့ ဖြစ်နေပြီး လုံးဝ ချွတ်၍ မရနိုင်တော့ချေ။
အဘယ့်ကြောင့်နည်း။ သူနှင့် ပေါင်းစပ်သွားခြင်းကြောင့် မချွတ်နိုင်တော့ခြင်းလား။ ထိုသို့ဆိုလျှင် ရှေးဟောင်းလူသား၏ လက်ချောင်းမှ အဘယ့်ကြောင့် အလွယ်တကူ ချွတ်လို့ ရခဲ့သနည်း။ ထိုသူက သေဆုံးနေပြီမို့လို့လား။
ထို့နောက် ရှမ့်လန်က ဤလက်စွပ်၏ လုပ်ဆောင်ချက်များကို စူးစမ်းကြည့်ချင်လာ၏။
‘ရှေးဟောင်းဘုရင် လက်စွပ်ပဲ။ သေချာပေါက် အံ့မခန်း ဖြစ်ရမယ်။ သိုလှောင်လက်စွပ်များလား။ ပစ္စည်းများ သိမ်းဆည်းနိုင်ပြီး ပြန်ထုတ်ယူနိုင်သည့် အရာမျိုးလား။’
အဆုံးတွင်တော့ ရှမ့်လန် အတွေးလွန်နေခြင်း ဖြစ်ကြောင်း သက်သေပြလိုက်သည်။ သူ အကြိမ်များစွာ ကြိုးစားသော်လည်း ကျိုးပဲ့နေသော ဓားမြှောင်ကို လက်စွပ်ထဲသို့ ထည့်၍မရခဲ့ဘဲ သူ့လက်ချောင်းပင် ဓားရှလုနီးပါး ဖြစ်ခဲ့ရသည်။
ထို့နောက် ဆက်တွေး၏။ ‘ဒီလက်စွပ်ကို ဝတ်ပြီးရင် ထိပ်တန်းသိုင်းပညာရှင် ဖြစ်လာမှာလား။’
ရှမ့်လန်က ချက်ချင်းပဲ မြေကြီးပေါ် လှဲချပြီး ဒိုက်ထိုးကြည့်သည်။ စုစုပေါင်း ၁၅ ကြိမ် ထိုးပြီးနောက် မြေကြီးပေါ်သို့ ပြားပြားမှောက် ကျသွားသည်။ သူ အတွေးလွန်နေပြန်ပြီ။
‘ဒါဆိုရင် ဒီလက်စွပ်ဝတ်ပြီးနောက် ဦးနှောက်ထဲမှာ ကောင်းကင်ဘုံ စာကြည့်တိုက် တစ်ခု ပေါ်လာပြီး ရှေးဟောင်းကျမ်းစာအုပ်တွေ အများကြီး ပါလာမလား။’
ရှမ့်လန်က အစွမ်းကုန် ကြိုးစားရှာဖွေကြည့်သော်လည်း AI နှင့် X-ray သာ ရှိနေဆဲပင်။ သူ အတွေးလွန်နေခြင်းသာ ဖြစ်သည်။
ထိုသို့ဆိုလျှင် လက်စွပ်ထဲ၌ အဘိုးအိုတစ်ဦး ခိုအောင်းနေသည်လား။ ထိုအရာက သူ ပို၍ အတွေးလွန်သွားခြင်း ဖြစ်သည်။ စုစုပေါင်း မိနစ် ၃၀ ခန့် ကြာမြင့်သည်အထိ ရှမ့်လန်က ဖြစ်နိုင်ချေပေါင်းစုံကို စမ်းသပ်ကြည့်သည်။ နောက်ဆုံးတွင်မူ သူမျှော်လင့်ထားသော လုပ်ဆောင်ချက် တစ်ခုမှ မရှိကြောင်း သိလိုက်ရ၏။
Lord of the Rings ရုပ်ရှင်ထဲတွင် လက်စွပ် (One Ring) ကို ဝတ်ဆင်သူသည် မသေနိုင်ခြင်းနှင့် ကိုယ်ပျောက်နိုင်ခြင်း စွမ်းရည်များကို ရရှိသည်။ မသေနိုင်ခြင်းဟူသည် လောလောဆယ် ရှမ့်လန်အတွက် ဆွဲဆောင်မှု မရှိလှပေ။ အဘယ့်ကြောင့်ဆိုသော် သူက ငယ်ရွယ်သေးသောကြောင့်ပင်။ အခြားသော စွမ်းရည်များ တိုးတက်လာခြင်းက ပို၍ လက်တွေ့ကျပေလိမ့်မည်။
ကိုယ်ပျောက်နိုင်ခြင်း စွမ်းရည်မှာမူ အလွန်ကောင်းမွန်သည်။ သို့သော်ငြား မိန်းကလေးတစ်ယောက် ရေချိုးသည်ကို ချောင်းကြည့်ချင်လျှင်ပင် သူက ပေါ်တင်ကြည့်၍ ရနေသည် မဟုတ်ပါလား။ ကိုယ်ပျောက်နေရန် လုံးဝ မလိုအပ်ပေ။ မင်းသမီး ဒိုဟာဆိုလျှင်လည်း ရှမ့်လန် ကြည့်သည်ကို ဂရုစိုက်မည် မဟုတ်ပေ။
ထို့အပြင် ရုပ်ရှင်ထဲတွင် လက်စွပ်ကို ဝတ်ဆင်ပြီးနောက် ထူးဆန်းသော အာကာသနယ်ပယ်တစ်ခုထဲသို့ ရောက်သွားတတ်သော်လည်း ရှမ့်လန်မှာမူ မည်သည့်အရာကိုမျှ မခံစားရပေ။ ထို့ကြောင့် ကိုယ်ပျောက်နိုင်ခြင်း စွမ်းရည်လည်း မရှိတာ သေချာသည်။
‘သောက်ကျိုးနည်း... ဒီလက်စွပ်အစုတ်က ဘာလုပ်ဆောင်ချက် ရှိတာလဲ။’
ဤအရာမှာ ရှေးဟောင်းဘုရင်လက်စွပ် ဖြစ်သည်။ ၎င်း၏ တန်ဖိုးက နဂါးနောင်တ ထက် သာလွန်သည်ဟု ရှမ့်လန် ခံစားနေရဆဲပင်။ လုပ်ဆောင်ချက် လုံးဝ မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ သို့သော်ငြား လက်စွပ်ကို ရရှိခဲ့ပြီးဖြစ်သည်မို့ အေးအေးဆေးဆေးမှ လေ့လာပေတော့မည်။ သူ မလောတော့ပေ။ ထို့ကြောင့် အပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။
နောက်တစ်ကြိမ် ရှေးဟောင်းနန်းဆောင်၏ စွမ်းအင်ဝဲကတော့ အရှေ့သို့ ရောက်ရှိလာပြန်၏။ ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး မျက်နှာပြင်ကို လှမ်းထိလိုက်သည်။
“ပိတ်စမ်း။” သူက စိတ်ထဲမှ အော်လိုက်၏။ ချက်ချင်းပဲ မျက်နှာပြင် ပျောက်ကွယ်သွားသည်။ အပြင်ဘက်၌ မင်းသားကျင်းသည် စွမ်းအင်ဝဲကတော့ကို ကျောပေးပြီး မြေကြီးပေါ်တွင် မလှုပ်မယှက် ထိုင်နေ၏။
“ပွင့်စမ်း။” ရှမ့်လန်က စိတ်ထဲမှ ထပ်မံ အမိန့်ပေးလိုက်သည်။
ချက်ချင်းပဲ စွမ်းအင်ဝဲကတော့ ပြန်ပေါ်လာသည်။ ဤလုပ်ဆောင်ချက်က အလုပ်ဖြစ်သည်လား။ သို့သော်ငြား သိပ်ပြီး အသုံးမဝင်သလိုပင်။ တုတ၊ တုအာနှင့် အခြားလူများကို ဝင်ခိုင်းပြီး ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းကို သယ်ထုတ်ခိုင်းရမည်လား။ သို့မဟုတ် နတ်ဘုရားရုပ်တုကို သယ်ထုတ်ခိုင်း ရမည်လား။
ဟုတ်ပေသည်။ ဤနည်းလမ်းဖြင့်ဆိုလျှင် စေတီတောင် ထိန်းချုပ်ထားသော ဧရာမ ရှေးဟောင်း အပျက်အစီး၏ စွမ်းအင်ဝဲကတော့ကို ပိတ်ပစ်၍ ရနိုင်သည်။ သို့သော်ငြား အဓိပ္ပာယ်တော့ မရှိလှပေ။ စွမ်းအင်ဝဲကတော့၏ တစ်ဖက်ခြမ်းတွင် ထိပ်တန်းသိုင်းပညာရှင်များ၊ အထူးစစ်သည်များနှင့် ရှေးဟောင်း လက်နက်များ မည်မျှ ရှိနေမည်ကို မည်သူသိနိုင်မည်နည်း။
ရှမ့်လန်က စွမ်းအင်ဝဲကတော့ကို ပိတ်လိုက်သည်နှင့် စေတီတောင်မှလူများ ချက်ချင်း ရောက်ရှိလာကြပေ လိမ့်မည်။ ဤရှေးဟောင်းဘုရင်လက်စွပ်က စွမ်းအင်ဝဲကတော့ကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်၍ရသော အသုံးမကျသည့် လုပ်ဆောင်ချက် တစ်ခုတည်းသာ ရှိသည်လား။
‘ငါ မယုံဘူး။ ငါ ရှာမတွေ့သေးတဲ့ တခြား အရမ်းအစွမ်းထက်တဲ့ လုပ်ဆောင်ချက်တွေ ရှိကို ရှိရမယ်။’
ရှမ့်လန်က ရှေးနန်းဆောင်ထဲမှ ထွက်လာခဲ့၏။ မင်းသားကျင်းက မတ်တတ်ထရပ်ပြီး မေးမြန်းလိုက်သည်။ “အရှင် .... ပြန်ကြမလား။”
အတွင်းထဲ၌ ဘာတွေ ရခဲ့သလဲဆိုသည်ကို သူ မမေးပေ။ အဘယ့်ကြောင့်ဆိုသော် ဤကိစ္စသည် သူ မေးမြန်းသင့်သော ကိစ္စမဟုတ်ဟု မင်းသားကျင်း ခံစားရသောကြောင့်ပင်။
…
နာရီဝက်ခန့် ကြာပြီးနောက် ရှမ့်လန်က နန်းဆောင်ထဲ၌ ပြန်လည် ပေါ်ထွက်လာ၏။ သူနှင့်အတူ အထူး လူသန်ကြီး သုံးဦး ဖြစ်သော တုတ၊ တုအာနှင့် လန်ပေါင်တို့ ပါလာကြသည်။ သူက စွမ်းအင်ဝဲကတော့ကို ပိတ်ပြီး လူသန်ကြီး သုံးဦးကို ဝင်ခွင့်ပေးကာဖြင့် ပစ္စည်းများ သယ်ထုတ်ခိုင်းရန် စဉ်းစားနေခြင်းပင်။
မီတာ ၅၀ မြင့်သော လူမျက်နှာနှင့် မြွေခန္ဓာကိုယ် နတ်ဘုရားရုပ်တုကြီးကို ရွှေ့နိုင်လျှင် ရွှေ့မည်။ မရွှေ့နိုင်လျှင်လည်း ရှိစေတော့။
သို့သော်ငြား အဆုံးတွင်တော့ သူတို့ လုံးဝ မရွှေ့နိုင်ကြချေ။ လူမျက်နှာနှင့် မြွေခန္ဓာကိုယ် နတ်ဘုရားရုပ်တုကြီးမှာ ကြီးမားလွန်းပြီး လေးလံလွန်း၏။ ထို့ဆိုလျှင် ရှေးဟောင်းဘုရင် ကျောက်ဖြစ် ရုပ်ကြွင်းကို ရွှေ့ကြမည်။ သို့သော်ငြား အဆုံးတွင်တော့ သူတို့ မရွှေ့နိုင်ကြပြန်ချေ။
ဤသုံးဦးသည် အထူး လူသန်ကြီးများ ဖြစ်ကြသည်။ သာမန် လူကျောက်ဖြစ်ရုပ်ကြွင်း မဆိုထားနှင့် ဆင်တစ်ကောင် ဆိုလျှင်ပင် သူတို့ ရွှေ့နိုင်ကြသည်။ သို့သော်ငြား လုံးဝ မရွေ့ချေ။
“ဒါဆိုရင် လက်မောင်းတစ်ဖက် ပြတ်သွားအောင် လုပ်ဖို့ နည်းလမ်းစဉ်းစား။” ရှမ့်လန်က အမိန့်ပေးလိုက်၏။
မင်းသားကျင်း၏ မျက်နှာမှာ တုန်လှုပ်သွားသည်။ သူက ဝင်ရောက် အကြံပြုချင်လာသည်။ “အရှင်... ဒါက... ဒါက ရှေးဟောင်းဘုရင် တစ်ပါးလေ။ မြင့်မြတ်တဲ့ သွေးမျိုးဆက် ရှိကောင်း ရှိနိုင်ပါတယ်။ ဒါက နည်းနည်း မသင့်တော်ဘူး မဟုတ်လား။”
ရှမ့်လန်က ပြန်ပြောလိုက်သည်။ “မသင့်တော်စရာ ဘာမှ မရှိဘူး။ ရှေးဟောင်းယဉ်ကျေးမှုကိုတော့ ကျုပ်တို့ လေးစားရမှာပေါ့။ ဒါပေမဲ့ လက်တွေ့ အကျိုးစီးပွားနဲ့ ပဋိပက္ခ ဖြစ်လာရင်တော့ လက်တွေ့ အကျိုးစီးပွားကိုပဲ ဦးစားပေးရမှာပဲ။”
တုတသည် ဤစကားကို စောင့်နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ သူက ရုတ်တရက် ရွှေနက်ဓားကြီးကို ဆွဲထုတ်ကာ အစွမ်းကုန် ခုတ်ပိုင်းချလိုက်၏။
“ဒုန်း...”
နားကွဲမတတ် အသံကြီး ထွက်ပေါ်လာသည်။ တုတ၏ ဧရာမ ခန္ဓာကိုယ်ကြီးက နောက်သို့ လွင့်ထွက်သွား၏။ လက်ကြားမှ သွေးများ စီးကျလာပြီး ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာသည်။ သို့သော်ငြား ရှေးဟောင်းဘုရင် ကျောက်ဖြစ်ရုပ်ကြွင်း၏ လက်မောင်းမှာ အထိအခိုက်မရှိ ကျန်ရစ်ခဲ့သည်။
‘ဒါ... ဒါက သိပ်ကို မာကျောလွန်းတယ်။’
တုတ မယုံကြည်နိုင်ပေ။ ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ပုံပျက်သွားသော ရွှေနက်စစ်ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး နောက်ထပ် ခုတ်ရန် ပြင်လိုက်ပြန်၏။
“တော်တော့။”
ရှမ့်လန်က ပြောလိုက်သည်။ “သွားကြစို့။”
…………………
“အရှင်မင်းကြီး... လူငါးသောင်း စုစည်းပြီးပါပြီ။ အချိန်မရွေး ထွက်ခွာနိုင်ပါပြီ။”
အရူးလန်က လျှောက်တင်လိုက်၏။ “ပြီးတော့ ကျင်းကန်တောင် အပျက်အစီးထဲက အရင်းအမြစ်တွေ အားလုံးကိုလည်း ထုပ်ပိုးပြီးပါပြီ။ အားလုံး သယ်ထုတ်သွားလို့ ရပါတယ်။”
အရင်းအမြစ်ဆိုသည်မှာ အခြေခံအားဖြင့် အစားအစာအမျိုးမျိုး ဖြစ်၏။ ရှမ့်လန်အတွက်မူ အဖိုးတန် မျိုးစေ့များ ဖြစ်ကြသည်။ လူငါးသောင်း စုစည်းပြီးပြီ ဖြစ်သော်လည်း မည်သည့်နေရာမှ ထွက်ခွာကြမည်နည်း။ ထွက်ခွာနိုင်သည့် လမ်းကြောင်း နှစ်ခုရှိ၏။ တစ်ခုမှာ အရှေ့ဘက်ရှိ စွမ်းအင်ဝဲကတော့ ဖြစ်သည်။
ရှမ့်လန်က စွမ်းအင်ဝဲကတော့ကို ပိတ်ပြီး လူငါးသောင်းကို စေတီတောင် ထိန်းချုပ်ထားသည့် ဧရာမ ရှေးဟောင်းအပျက်အစီးထဲသို့ ခေါ်ဆောင်သွားနိုင်သည်။ ထို့နောက် အရှေ့ဘက် မိုင်ထောင်ချီဝေးသော ကျောက်မဲကျွန်းမှတစ်ဆင့် ထွက်ခွာနိုင်၏။
သို့သော်ငြား ဤလမ်းကြောင်းမှာ မဖြစ်နိုင်ပေ။ စွမ်းအင်ဝဲကတော့၏ တစ်ဖက်ခြမ်းတွင် စေတီတောင်သခင်က အင်အား မည်မျှချထားသနည်း ဆိုသည်ကို မသိရပေ။ ရှမ့်လန်နှင့် လူငါးသောင်း ပေါ်လာသည်နှင့် တပြိုင်နက် ရှေးဟောင်းလက်နက်များ၏ သတ်ဖြတ်ခြင်းကို ခံရဖို့ များသည်။
နောက်ထပ် ထွက်ပေါက်တစ်ခု ရှိသေး၏။ ဘိုးဘေးလော်က မင်းသားကျင်းနှင့် အခြားလူများကို ခေါ်ဆောင်လာခဲ့သည့် နေရာပင်။ ထိုထွက်ပေါက်က ယခု ပိတ်နေ၏။ မင်းသားကျင်းက ရှမ့်လန်ကို ခေါ်ကာ ပြခဲ့သည်။ စွမ်းအင်ဝဲကတော့ မဟုတ်ဘဲ ဖျက်ဆီး၍မရနိုင်သော တံခါးကြီး ဖြစ်သည်။ ထို့အပြင် ကျင်းကန်တောင် ၏ အပြင်ခွံနှင့် တစ်သားတည်း ဖြစ်နေ၏။