အခန်း (၁၀၇၁-၁၀၇၂)
Vol. 63 Ch. 1071-1072
အပိုင်း (၁၀၇၁)
ရှမ့်လန်က ရှေးဟောင်းဘုရင် လက်စွပ်ကို အသုံးပြု၍ ဤတံခါးကြီးကို ဖွင့်ကာ လူငါးသောင်းကို ခေါ်ထုတ် သွားနိုင်သည်။ သို့သော်ငြား အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေပြီးနောက် သူ မဖွင့်ခဲ့ပေ။ သူ၏ တွက်ချက်မှုအရ စေတီတောင်နှင့် ရင်ကွမ်းတို့က ဤထွက်ပေါက်တွင် ကြီးမားသော တပ်ဖွဲ့များ ချထားပြီး ဖြစ်ပေလိမ့်မည်။
စေတီတောင်နှင့် ရင်ကွမ်းတို့အတွက် တန်ဖိုးအရှိဆုံးလူမှာ ရှမ့်လန် ဖြစ်သည်။ သူတို့က ရှမ့်လန်ကို ဖမ်းဆီးရန် မည်သည့်အရာမဆို လုပ်ဆောင်ကြလိမ့်မည်။ ထိုမှသာ နဂါးနောင်တကို ဆက်လက် ပစ်လွှတ်နိုင်မည် ဖြစ်ပြီး တော်ဝင်ရန်အင်ပါယာကို မဟာဗျူဟာအရ ဟန့်တားထားနိုင်မည် ဖြစ်သည်။
ဤထွက်ပေါက် နှစ်ခုစလုံး အသုံးပြု၍ မရချေ။ သို့သော်ငြား ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးတွင် တတိယ ထွက်ပေါက် မရှိတော့ပေ။
မည်သို့လုပ်ရမည်နည်း။ ဤနေရာမှ အမြန်ဆုံး ထွက်ခွာပြီး နုရှောင့်မြို့ကို ပြန်သွားရမည်။
……………
ရှမ့်လန်၏ ခန့်မှန်းချက်က မှန်ကန်နေခဲ့သည်။ ဤစွမ်းအင်ဝဲကတော့၏ အရှေ့ဘက်ဖြစ်သော တောင်ဘက် ပင်လယ်ဒေသ ရှေးဟောင်းအပျက်အစီး၏ အဆုံးတွင် စေတီတောင်က အံ့မခန်း များပြားသော ရှေးဟောင်း လက်နက်များကို ချထားသည်။ ရှေးဟောင်း ဒူးလေးများ၊ ကူပိုးကောင် လက်နက်များနှင့် ငရဲတပ်ဖွဲ့ အများအပြား ရှိနေ၏။
ရှမ့်လန်က လူများကို ဦးဆောင်ပြီး စွမ်းအင်ဝဲကတော့မှ ထွက်လာသည်နှင့် တပြိုင်နက် စေတီတောင်က ချက်ချင်းပဲ အပြင်းအထန် တိုက်ခိုက်ချေမှုန်းတော့မှာ ဖြစ်၏။ ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လူငါးသောင်းမှာ ခဏချင်းပင် ပြာကျသွားပေလိမ့်မည်။
ထိုမျှမကသေးပေ။ စေတီတောင်နှင့် ရင်ကွမ်းတို့က ကျင်းကန်တောင် ထွက်ပေါက်၏ အပြင်ဘက်တွင်လည်း ရှေးဟောင်းလက်နက် အမြောက်အမြား ချထားသည်။ စွမ်းအင်ထိန်းချုပ်ရေးဗဟိုချက် ကိုးခုနှင့် လင်းယုန်စီး အထူးစစ်သည် ရာပေါင်းများစွာ ရှိနေ၏။ ရှမ့်လန်၏လူများ ထွက်လာသည်နှင့် အပြင်းအထန် တိုက်ခိုက်ခံ ရဦးမည် ဖြစ်သည်။
“ဘယ်လို လုပ်ကြမလဲ။”
ရှမ့်လန်က အထူးလမ်းကြောင်း၏ အခြားတစ်ဖက်သို့ အကြည့်ပြောင်းလိုက်၏။ အထူး ရှေးဟောင်း လမ်းကြောင်းသည် ရှေးဟောင်းမြို့တော်အသီးသီးကို ဆက်သွယ်ထားသော လှိုဏ်ခေါင်း တစ်ခုနှင့် တူသည်။ အရှေ့ဘက်က တောင်ပင်လယ်ဒေသ ရှေးဟောင်းအပျက်အစီးဆီ ပေါက်သည်ဆိုလျှင် အနောက်ဘက် ကရော ......။
“အရှင်... ကျုပ်တို့ အနောက်ဘက်က အထူးလမ်းကြောင်းကို ဆယ်ကြိမ်ထက်မနည်း သွားရောက် စူးစမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အားလုံး လက်လျှော့ခဲ့ရတယ်။”
မင်းသားကျင်းက ပြော၏။ “ဘာဖြစ်လို့လဲဆိုတော့ အနောက်ဘက် အထူးလမ်းကြောင်းက အကြီးအကျယ် ပျက်စီးနေပြီး အရမ်း အန္တရာယ်များလို့ပါ။ ကျုပ်တို့ အဲဒီမှာ လူပေါင်း ရာနဲ့ချီ ဆုံးရှုံးခဲ့ရပါတယ်။”
‘ပျက်စီးနေတဲ့ အထူးလမ်းကြောင်းလား။’
ထိုအရာက အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း မင်းသမီး ဟယ်လင် ပြောသည်ကို ရှမ့်လန် ကြားဖူးသည်။ လေထု မရှိခြင်းမျိုး၊ စွမ်းအင်ယိုစိမ့်ခြင်းမျိုး သို့မဟုတ် သံမဏိကိုပင် အရည်ပျော်စေနိုင်သည့် အပူချိန်မျိုးများ ရှိတတ်သည်။
အတိုချုပ်ပြောရလျှင် ရှေးဟောင်းအပျက်အစီးအတွင်းရှိ အထူးလမ်းကြောင်းများ၌ ဘာမဆို ဖြစ်သွားနိုင်၏။ မင်းသမီး ဟယ်လင်ကဲ့သို့ အစွမ်းထက်သူပင်လျှင် ဇွတ်တိုးမဝင်ရဲဘဲ အထူးလမ်းကြောင်း၏ အက်ကွဲကြောင်း မှတစ်ဆင့် ထွက်ခွာပြီး ပင်လယ်ထဲ ပြန်ဝင်ရန် ရွေးချယ်ခဲ့ရ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ဝင်ပြီး စူးစမ်းကြည့်မယ်။”
မင်းသားကျင်း တုန်လှုပ်သွား၏။ “ကျုပ်လည်း လိုက်ခဲ့မယ်။”
ထို့နောက် မင်းသားကျင်း၊ တုတ၊ တုအာ၊ လန်ပေါင်နှင့် အခြားသူများ၏ အကာအကွယ်ဖြင့် ရှမ့်လန်က ကျင်းကန်တောင်၏ အနောက်ဘက် အထူးလမ်းကြောင်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။ အရှေ့ဘက် အထူးလမ်းကြောင်းက စေတီတောင် ထိန်းချုပ်ထားသော ဧရာမ ရှေးဟောင်းအပျက်အစီးဆီ ပေါက်သည်ဆိုလျှင် အနောက်ဘက်ကရော မည်သည့်နေရာသို့ ပေါက်မည်နည်း။
ထိုအရာက လုံးဝ မသိရသေးသည့် အရာဖြစ်သည်။ အနောက်ဘက်သို့ တောက်လျှောက် လျှောက်လာရင်း မိုင်သုံးဆယ် မပြည့်ခင်မှာပင် လေထုက ပို၍ ပို၍ ပါးလွှာလာ၏။ သို့သော်ငြား အလွန် ထူးဆန်းသည်မှာ ရှမ့်လန်က မွန်းကျပ်ခြင်း လုံးဝ မရှိချေ။ သူ ပုံမှန်အတိုင်း အသက်ရှူနိုင်ပြီး သွေးတွင်းအောက်ဆီဂျင် ပမာဏ ကလည်း လုံးဝ ပုံမှန်ပင် ဖြစ်နေသည်။
‘ဒါ... ဒါက ထူးဆန်းတယ်။’
မကြာခင်မှာပဲ ရှမ့်လန် နားလည်သွား၏။ သူ့လက်ထဲတွင် ဝတ်ဆင်ထားသော ရှေးဟောင်းဘုရင် လက်စွပ်ကြောင့်ဖြစ်၏။ နောက်ဆုံးတော့ အထူးလုပ်ဆောင်ချက်တစ်ခု ရှိလာခဲ့ပြီး ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် အသက်ရှင်သန်နိုင်စေခြင်းပင်။ မည်သည့်နေရာရောက်ရောက် အသက်ရှူကျပ်မည်ကို ပူစရာ မလိုတော့ပေ။
“ဟီ...”
မကြာခင်မှာပဲ စစ်မြင်းက ခံနိုင်ရည် မရှိတော့သောကြောင့် မြေကြီးပေါ် ဒူးထောက်ကျသွားကာ ဆက်လက် မသွားနိုင်တော့ပေ။ အောက်ဆီဂျင် ပမာဏက အလွန် နည်းပါးနေပြီ ဖြစ်သောကြောင့်ပင်။
ရှမ့်လန်က မြင်းပေါ်မှ ဆင်းပြီး လမ်းလျှောက်လိုက်သည်။ “စစ်မြင်းတွေကို ပြန်ယူသွားလိုက်ပါ။”
“ကောင်းပါပြီ။” သိုင်းပညာရှင်အချို့က ပြောပြီး စစ်မြင်းအားလုံးကို ပြန်လည် ဆွဲယူသွားကြတော့၏။
မင်းသားကျင်းက ထိပ်တန်း သိုင်းပညာရှင်တချို့ကို ဦးဆောင်ပြီး ရှမ့်လန်နှင့်အတူ ဆက်လက် လိုက်ပါ လာခဲ့၏။ အနောက်ဘက် အထူးလမ်းကြောင်းထဲသို့ သူတို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ လေထုက ပို၍ ပါးလွှာလာပြီး အပူချိန်ကလည်း ပိုမို မြင့်တက်လာလေသည်။
“အရှင်... ရှေ့မီတာ ထောင်ဂဏန်းလောက်မှာ ပျက်စီးနေတဲ့ အထူးလမ်းကြောင်း အပိုင်းအစ တစ်ခု ရှိပါတယ်။ အပူချိန်က သံမဏိကိုတောင် နီရဲသွားစေနိုင်တဲ့အထိ ပူပြင်းလွန်းတယ်။ ကျုပ်တို့ စူးစမ်းတိုင်း ရှေ့ မီတာ ၅၀၀ အရောက်မှာတင် လှည့်ပြန်ခဲ့ရတာပါ။” မင်းသားကျင်းက မောဟိုက်စွာ ပြောလိုက်၏။
သူ၏ သိုင်းပညာ အဆင့်အတန်းမှာ အလွန်မြင့်မားသော်လည်း ယခုအချိန်တွင် အလွန် နေရခက်နေ၏။ ဦးနှောက်သို့ အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးလာသောကြောင့် အချိန်မရွေး လဲကျသွားနိုင်သည့် အခြေအနေ ဖြစ်သည်။
ထို့အပြင် တုတ၊ တုအာနှင့် လန်ပေါင် တို့ကဲ့သို့ မဟာပညာရှင်အဆင့်သို့ ရောက်ရှိထားသော အလွန် အင်အားကြီးမားသည့် လူသန်ကြီး ၃ ယောက်ပင် ယခုအချိန်တွင် အသက်ရှူကျပ်လုနီးပါး ဖြစ်နေကြ၏။ လမ်းတစ်လျှောက်လုံး စကားမပြောဘဲ ခပ်တည်တည် နေနိုင်ခဲ့သူ ၃ ယောက်မှာ ယခုအခါတွင် ခွေးသေကောင်များကဲ့သို့ ယိုင်နဲ့နေပြီး အချိန်မရွေး လဲကျတော့မည့်ဟန်ဖြစ်နေ၏။
ရှေ့မီတာထောင်ဂဏန်းလောက်တွင် အထူးလမ်းကြောင်းပျက်စီးနေပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပူပြင်းကြောင်း ရှမ့်လန် သိလိုက်ရ၏။။ ထုတ်လွှင့်သမျှ အောက်ဆီဂျင် အကုန် လောင်ကျွမ်းသွားသည့် အတွက် ရှေ့ဆက်သွားလေ အောက်ဆီဂျင် နည်းပါးလေ ဖြစ်နေခြင်းပင်။
ဤနေရာရှိ အပူချိန်က ၆၀ ဒီဂရီ စင်တီဂရိတ် ကျော်နေပြီ ဖြစ်သည်။ ရှမ့်လန်မှလွဲ၍ ကျန်လူ ၃ ယောက်လုံးသည် ချွေးများ ရွှဲနစ်နေပြီး မကြာမီ ရေဓာတ် ခမ်းခြောက်သွားပေတော့မည်။
ရှေ့ဆက်သွားလျှင် ရေပါလာသည် ဆိုဦးတော့ အသုံးဝင်မည် မဟုတ်ချေ။ ရေများ ဆူပွက်သွားပြီး သောက်သုံး၍ ရတော့မည် မဟုတ်သောကြောင့်ပင်။
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့ ပြန်သွားကြတော့။ ကျုပ် တစ်ယောက်တည်း ဆက်သွားမယ်။ အရင်းအမြစ် တချို့ကို သယ်ပြီး ကျုပ် ရှေ့ဆက်သွားမယ်။”
မင်းသားကျင်းက စကားပြောရန် ပြင်လိုက်စဉ် ရှမ့်လန်က တားလိုက်၏။ “ဒါ အမိန့်ပဲ။ စိတ်မပူပါနဲ့။ ကျုပ်က အသက်ရှူမကျပ်တဲ့အပြင် အပူဒဏ်ကိုလည်း မခံစားရပါဘူး။”
ယခင်ကသာဆိုလျှင် ဤမျှ ပူပြင်းသော အပူချိန် ၆၀ ဒီဂရီကို ရှမ့်လန် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ အပူဒဏ်ကြောင့် ဖျားနာရုံသာမက သေပင် သေသွားနိုင်သည်။ သို့သော်ငြား ယခုအခါတွင် သူက သက်တောင့်သက်သာ ရှိနေပြီး တစ်ကိုယ်လုံး ပုံမှန် အပူချိန် အတိုင်း ရှိနေသကဲ့သို့ ခံစားနေရသည်။
“အန္တရာယ် ရှိတယ်လို့ ခံစားရတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါမယ်။ စိတ်မပူပါနဲ့။ ဒီပတ်ဝန်းကျင် အနေအထားက ကျုပ်ကို ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။”
“အမိန့်တော်အတိုင်းပါ အရှင်...” မင်းသားကျင်းက ပြန်ဖြေလိုက်၏။
ထို့နောက် ရှမ့်လန်က အရင်းအမြစ် အနည်းငယ်ကို သယ်ဆောင်ပြီး ရှေ့သို့ ဆက်သွားသည်။ သူက ယခင်အတိုင်း သွက်လက်နေဆဲပင်။ အနောက်ဘက် ရှေးဟောင်း အထူးလမ်းကြောင်းအတိုင်း နက်ရှိုင်းစွာ ဝင်ရောက်သွားလေ လေထုက ပို၍ ပါးလွှာလာလေ၊ အပူချိန်က ပို၍ မြင့်မားလာလေ ဖြစ်သည်။
နောက်ဆုံးတွင် အပူချိန်က ဒီဂရီ ၅၀၀၊ ၆၀၀ ကျော်လွန်လာသော်လည်း ရှမ့်လန်က ဘာမှမခံစားရပေ။ ရှေးဟောင်းဘုရင် လက်စွပ်က သူ့ခန္ဓာကိုယ်ကို အကောင်းဆုံး အခြေအနေအဖြစ် အပြည့်အဝ ကာကွယ် ပေးထား၏။ အောက်ဆီဂျင် ပြတ်လပ်၍ အသက်ရှူကျပ်ခြင်း မရှိသလို အပူချိန် မြင့်မား၍ လောင်ကျွမ်းခြင်း လည်း မရှိပေ။
သို့သော်ငြား ရှမ့်လန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုတော့ တိုးမြှင့်မပေးချေ။ ကီလိုမီတာ အနည်းငယ် လမ်းလျှောက်ပြီးနောက် ရှမ့်လန် မောပန်းလာသည်။
‘သောက်ကျိုးနည်း... ခွန်အားလေး နည်းနည်းလောက် ပိုပေးလို့ မရဘူးလား။ အများကြီး မတောင်းဆိုပါဘူး။ အနည်းဆုံးတော့ ငန်းတစ်ကောင်လောက် သန်မာရင် ကျေနပ်ပါပြီ။ မူလန်ကို နိုင်ဖို့အထိ မတောင်းဆိုပါဘူး။ ကျန်းချွင်းဟွာ လောက်ကို ဖိချေနိုင်တဲ့ စွမ်းရည်လောက်တော့ ပေးသင့်တာပေါ့။’
မကြာမီ ရှမ့်လန်က ပျက်စီးနေသော အထူးလမ်းကြောင်း၏ အပိုင်းအစကို မြင်လိုက်ရသည်။ ဤရှေးဟောင်း အထူးလမ်းကြောင်းသည် ဥမင်လှိုဏ်ခေါင်း တစ်ခုကဲ့သို့ပင်။
မူလက အပြစ်အနာအဆာ ကင်းမဲ့သော်လည်း ယခုအခါ အလယ်ပိုင်းတွင် အရည်ပျော်ကာ ပုံပျက်နေပြီး အံ့အားသင့်ဖွယ် အပူချိန်များ ထွက်ပေါ်နေ၏။ ဤနေရာရှိ အပူချိန်က မည်သည့် သက်ရှိမှ ဖြတ်သန်း၍ မရနိုင်လောက်အောင် မြင့်မားလွန်းနေသည်။
သို့သော်ငြား ရှမ့်လန်က မည်သည့် အတားအဆီးမှမရှိဘဲ လျှောက်လှမ်းသွားနိုင်ပြီး ပိုမို နက်ရှိုင်းစွာ ဝင်ရောက် သွားသည်။ နောက်ပိုင်းတွင် ဤရှေးဟောင်း အထူးလမ်းကြောင်း၏ ပျက်စီးမှုက ပိုမို ဆိုးရွားလာပြီး သက်ရှိများ ဝင်ရောက်ခွင့် မရှိသော နယ်မြေတစ်ခု ဖြစ်လာသည်။ လေထု လုံးဝ မရှိတော့သော်လည်း အပူချိန်က အံ့အားသင့်ဖွယ် ကောင်းနေဆဲပင်။
ကြောက်မက်ဖွယ်ကောင်းသည်မှာ စွမ်းအင် ပေါက်ကွဲမှုများပင်။ လမ်းကြောင်း တစ်လျှောက်လုံးတွင် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည်။ အလွန် တုန်လှုပ်ဖွယ်ရာ ကောင်းပြီး မည်သည့် သက်ရှိကိုမဆို အလွယ်တကူ ဆွဲဖျက်ကာ အပိုင်းပိုင်း အစစ ဖြစ်သွားအောင် ချေမှုန်းပစ်နိုင်၏။
ဤသည်မှာ စွမ်းအင်ဝဲကတော့ မဟုတ်သောကြောင့် လုပ်ပိုင်ခွင့် အာဏာလည်း မရှိချေ။ ယခင် ရှမ့်လန်သာ ဆိုလျှင် ပြာဖြစ်သွားခဲ့ပြီ ဖြစ်ပေမည်။ မင်းသမီး ဟီလာ ပြောဖူးသည်မှာ သူ၏ သိုင်းပညာ အဆင့်အတန်း မြင့်မားသော်လည်း ဤစွမ်းအင် ပေါက်ကွဲမှုများကို မထိရဲဘဲ အသည်းအသန် ရှောင်တိမ်းခဲ့ရသည် ဟူ၍ပင်။
သို့သော်ငြား ရှမ့်လန်က ဘေးကင်းလုံခြုံနေဆဲပင်။ စွမ်းအင် ပေါက်ကွဲမှုများ သူ့ခန္ဓာကိုယ်ကို လာရောက် ရိုက်ခတ်ချိန်မှာတော့ ချက်ချင်းပဲ အစအနမကျန် ပျောက်ကွယ်သွားပြီး ယားကျိကျိ ခံစားမှုလေးသာ ပေးစွမ်းသည်။
ရှမ့်လန်က ပိုမို နက်ရှိုင်းစွာ ဆက်လက် ဝင်ရောက်သွား၏။ အနောက်ဘက် ရှေးဟောင်း အထူးလမ်းကြောင်း အတိုင်း ကီလိုမီတာ အနည်းငယ် လမ်းလျှောက်ပြီးနောက် လုံးဝ အားကုန်ခမ်းသွားသကဲ့သို့ မောပန်းလာ၏။
ပြန်လှည့်ရမည့်အချိန် ရောက်ပြီဖြစ်၏။ ယခုထက်ပိုပြီး နက်ရှိုင်းစွာ သွားလျှင် ရေကုန်သွားလိမ့်မည်။ ခွန်အား လုံးဝ ကုန်ခမ်းသွားလျှင် ပြန်လှည့်ရန် ခက်ခဲလိမ့်မည်။ ဤရှေးဟောင်း အထူးလမ်းကြောင်းက အဆုံးမရှိသည့်အလား ထင်ရ၏။ ရှမ့်လန် မီတာ သောင်းချီ လမ်းလျှောက်ခဲ့သော်လည်း နေရာတိုင်းတွင် ပျက်စီးမှုများသာ ရှိနေသည်။ အရာအားလုံး အရည်ပျော်ပြီး ပုံပျက်နေသည်။
သူ နောက်ထပ် မီတာ တစ်ထောင် လမ်းလျှောက်လိုက်သည်။ တကယ်တမ်း မီတာ တစ်ထောင် လမ်းလျှောက် ပြီးချိန်မှာလည်း ဘာမှမတွေ့ရသေးချေ။ ထို့ကြောင့် နောက်ထပ် မီတာ တစ်ထောင် ထပ်လျှောက်ရန် မိမိကိုယ်ကို တွန်းအားပေးလိုက်ပြန်သည်။ ထိုနည်းဖြင့် သူ ကီလိုမီတာ မည်မျှ လမ်းလျှောက်ခဲ့မိမှန်း မသိတော့ပေ။
ရုတ်တရက် ရှမ့်လန်၏ ရှေ့တွင် စွမ်းအင်ဝဲကတော့ တစ်ခု ပေါ်လာ၏။ သူ ဝမ်းသာအားရ ဖြစ်သွား၏။ စွမ်းအင်ဝဲကတော့ ရှိနေသည် ဆိုခြင်းမှာ သူက နောက်ထပ် ရှေးဟောင်းအပျက်အစီး တစ်ခုသို့ ဝင်ရောက်သွားပြီဟု ဆိုလိုခြင်းလား။
ဤတစ်ကြိမ်တွင်တော့ ရှမ့်လန် သတိထားမနေတော့ပေ။ စကားတစ်ခွန်းမှမဆိုဘဲ စွမ်းအင်ဝဲကတော့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလိုက်၏။ ယခင်အတိုင်းပင် သူ ဘာမျှ မခံစားရပေ။ သာမန် အလင်းနှင့် အရိပ်ကို ဖြတ်သန်းလိုက်ရသလိုပင်။ ရှမ့်လန်က နောက်ထပ် ရှေးဟောင်းအပျက်အစီး တစ်ခုထဲသို့ တိုက်ရိုက် ဝင်ရောက်သွား၏။
ထို့နောက် သူ လုံးဝ ကြောင်အသွားတော့သည်။
‘ဒါ... ဒါက ဘယ်နေရာလဲ။’
ယခင် ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးတွင် လူသူအရိပ်အယောင်မျှပင် မတွေ့ခဲ့ရပေ။ ဤရှေးဟောင်း အပျက်အစီးမှာတော့ ကြီးမားသော ပြည်သူ့ရင်ပြင်ကြီးတစ်ခု ဖြစ်နေ၏။ မရေမတွက်နိုင်သော လူများ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသည်။
သို့သော်ငြား လူတိုင်းက ကျောက်ဖြစ်ရုပ်ကြွင်းများ အဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်ပြီး သူတို့၏ မျက်နှာများတွင် နာကျင်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နှက်နေ၏။
ဤမြင်ကွင်းက ကမ္ဘာပျက်ကပ်နှင့် ပို၍ တူနေသည်။ သိန်းချီသောလူများက ဤနေရာတွင် ဒူးထောက်ပြီး ပျက်သုဉ်းခြင်း ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြသည်။
ဤလူသိန်းချီထဲတွင် သာမန်ပြည်သူများ၊ မှူးမတ်များ၊ စစ်သည်များ၊ အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်ကြပြီး သူတို့အားလုံးက ရှေးဟောင်းလူသားများ ဖြစ်ကြ၏။ သို့သော်ငြား သူတို့အားလုံး ကျောက်ဖြစ် ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်၏။
သူတို့၏ ခန္ဓာကိုယ်များသာမက အဝတ်အစားများ၊ ပစ္စည်းကိရိယာများနှင့် လက်နက်များပါ ကျောက်ဖြစ်သွားပြီး ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား ဤမြင်ကွင်းက အလွန် တုန်လှုပ်ဖွယ် ကောင်းလှသည်။
ရှမ့်လန် အနေဖြင့် လူအများအပြားကို မြင်ဖူးသည်မှာ ပထမဆုံး အကြိမ် မဟုတ်ပေ။ တင်းယွမ်မြို့ စစ်ပွဲတွင် ကျင်းနိုင်ငံ အိမ်ရှေ့မင်းသားက အနောက်ဘက်မှ လူ ၆ သိန်းကို ဦးဆောင်လာခဲ့ဖူးသည်။ ကီလိုမီတာ ရာချီ ရှည်လျားပြီး အဆုံးကိုပင်မမြင်နိုင်ခဲ့ပေ။
ယခု လူသိန်းချီက ရင်ပြင်ပေါ်တွင် သပ်သပ်ရပ်ရပ် တန်းစီကာ ဒူးထောက်နေကြခြင်း ဖြစ်သည်။ ပျမ်းမျှအားဖြင့် လူတစ်ဦးလျှင် ၃ စတုရန်းမီတာအောက်သာ နေရာယူထားသည်။ ဆိုလိုသည်မှာ လူသိန်းချီကို ၂ စတုရန်း ကီလိုမီတာအောက်သာရှိသော နေရာတွင် စုစည်းထားခြင်းဖြစ်ပြီး လူသား သစ်တောကြီး တစ်ခုကဲ့သို့ပင် ခံစားရ၏။
ဤရှေးဟောင်းအပျက်အစီးသည် အလယ်တွင် ရှေးဟောင်း နန်းတော်တစ်ခုရှိသော ရင်ပြင်ကြီး တစ်ခုသာဖြစ်ပြီး လက်ရှိ ရှမ့်လန်၏ နေရာနှင့် မီတာ ၂၀၀၀ ခန့် ဝေးကွာသည်။
ရှမ့်လန်က ရင်ပြင်၏ တစ်ဝက်ကို ဖြတ်ကျော်ပြီး ပြည့်ကျပ်နေသော ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်း များကို ဖြတ်သန်းကာ ရင်ပြင်အလယ်ရှိ ပင်မ ခန်းမဆောင်ကြီးဆီသို့ ဦးတည်သွားလိုက်၏။
လူသိန်းချီက ကျောက်ရုပ်စစ်သည်များကဲ့သို့ ကျောက်ဖြစ်နေကြသောကြောင့် အလွန် ကြောက်မက်ဖွယ် ကောင်းသော ခံစားမှုမျိုး ပေးစွမ်းနေသည်။ သူတစ်ယောက်တည်းသာ လှုပ်ရှားသွားလာနိုင်ပြီး လူတိုင်းက သူ့ကို ဝိုင်းကြည့်နေသကဲ့သို့ ခံစားရသည်။
လူအုပ်ကြီးကို အမြန် ဖြတ်ကျော်ပြီးနောက် ရှမ့်လန်က ရင်ပြင်အလယ်ရှိ ပင်မခန်းမဆောင်ကြီးသို့ ရောက်ရှိ လာသည်။ သို့သော်ငြား အတွင်း၌လည်း ဗလာသက်သက်ပင်။ ကြီးမားသော ကျောက်ခေါင်းတလားကြီး တစ်လုံးမှလွဲ၍ ဘာမှမရှိပေ။ ကျောက်ခေါင်းတလားထဲရှိလူက မည်သူနည်း။ ရှမ့်လန်၏ အင်အားဖြင့် ဤမျှကြီးမားသော ကျောက်ခေါင်းတလားကြီးကို ဖွင့်နိုင်မည် မဟုတ်ပေ။
သို့သော်ငြား ကျောက်ခေါင်းတလား မျက်နှာပြင်ပေါ်တွင် လက်ဗွေရာ တစ်ခု ရှိနေပြီး ထိုလက်ဗွေရာပေါ်တွင် လက်စွပ်တစ်ကွင်း ရှိနေသည်ကို တွေ့လိုက်ရ၏။ ရှမ့်လန် လက်ထဲရှိ ရှေးဟောင်းဘုရင် လက်စွပ်နှင့် ထပ်တူနီးပါး တူညီနေသည်။ ထို့ကြောင့် ရှမ့်လန်က အလိုအလျောက်ပင် လက်ဗွေရာပေါ်သို့ လက်တင်လိုက်၏။
“ဂလုန်း... ဂလုန်း...”
ကျောက်ခေါင်းတလား ပွင့်လာသောကြောင့် ရှမ့်လန် အနည်းငယ် လန့်သွားရသည်။
အတွင်း၌ ဘုရင်တစ်ပါး လဲလျောင်းနေ၏။ ထိုသူ၏ခေါင်းပေါ်တွင် သရဖူ ဆောင်းထားပြီး ရွှေရောင် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ လက်နှစ်ဖက်ဖြင့် ရှည်လျားသော ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ညာဘက် လက်သူကြွယ်တွင် အရာတစ်ခု ရှိနေ၏။ ၎င်းမှာ လက်စွပ်ကို အချိန်ကြာမြင့်စွာ ဝတ်ဆင် ထားခြင်းကြောင့် ကျန်ရစ်ခဲ့သောအရာ ဖြစ်သော်လည်း လက်စွပ် မရှိတော့ပေ။ သူ ဝတ်ဆင်ခဲ့သော လက်စွပ်ကို နောက်ထပ် ဘုရင်တစ်ပါးထံ လက်ဆင့်ကမ်းခဲ့သည်မှာ ထင်ရှား၏။
ရှမ့်လန်၏ ခန့်မှန်းချက် မှန်ကန်ပါက ကျောက်ခေါင်းတလားထဲမှ ဘုရင်သည် ယခင် ရှေးဟောင်းနတ်ဘုရား ကျောင်းဆောင်ထဲမှ ဘုရင်၏ ဖခင် ၊ အဘိုး သို့မဟုတ် ထိုထက်ပို၍ မျိုးဆက်မြင့်သောသူ ဖြစ်နိုင်၏။ ထိုသူက ကမ္ဘာပျက်ကပ်ကို မကြုံတွေ့ခဲ့ရဘဲ အသက်ကြီး၍ သေဆုံးသွားခြင်း ဖြစ်သောကြောင့် ပြည်သူအများ ဂါရဝပြုနိုင်ရန် ရင်ပြင်၏ ပင်မခန်းမဆောင်ကြီးတွင် မြှုပ်နှံထားခြင်း ဖြစ်နိုင်သည်။
အပိုင်း (၁၀၇၂)
ရှမ့်လန်က ရှေးဟောင်းဘုရင်လက်ထဲမှ ဓားကိုယူရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက် ရသည်။ ကျောက်ခေါင်းတလားထဲမှ ဘုရင်သည်လည်း ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သော်လည်း သူ၏အဝတ်အစား၊ သရဖူနှင့် ဓားတို့မှာ ကျောက်မဖြစ်သေးသလို ကျောက်ဖြစ်နေသော ခန္ဓာကိုယ်နှင့်လည်း ပေါင်းစပ်မသွားသေးပေ။
သို့သော်ငြား ဓားက လေးလံလွန်းလှ၏။ ပေါင်ရာချီ လေးလံသောကြောင့် ရှမ့်လန် မ,မနိုင်ပေ။ ထို့အပြင် ဓားက အလွန် လှပသောကြောင့် အလှဆင်ပစ္စည်းနှင့် ပိုတူနေသည်။ ဓားကို မ,မနိုင်သော်လည်း သရဖူကိုတော့ ယူသွားနိုင်၏။ သို့သော်ငြား ထားလိုက်ပါတော့။ ရွှေနှင့် ကျောက်မျက်ရတနာများ စီခြယ်ထားသော သရဖူ တစ်ခုသာ ဖြစ်သည်။
သို့ပေမည့် ရှမ့်လန်က ကျောက်ခေါင်းတလားထဲရှိ ရှေးဟောင်းဘုရင်၏ လည်ပင်းအောက်တွင် ရှေးဟောင်း ကျမ်းစာလိပ် တစ်ခု ရှိနေသည်ကို ဝမ်းသာအားရ တွေ့ရှိလိုက်ရသည်။ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေသော ရှေးဟောင်း ကျမ်းစာလိပ် ဖြစ်၏။
ရှမ့်လန်က ဆွဲထုတ်ယူလိုက်ရာ အလွယ်တကူ ရရှိလိုက်၏။ သူက X-ray မျက်လုံးဖြင့် ရှေးဟောင်း ကျမ်းစာလိပ်ကို စစ်ဆေး ဖတ်ကြည့်ပြီးနောက် ချက်ချင်းပဲ လက်လျှော့လိုက်ရသည်။
ရှေးဟောင်း ကျမ်းစာလိပ်၏ အကြောင်းအရာက အရေးမကြီးသောကြောင့် မဟုတ်ဘဲ သတင်းအချက်အလက် ပမာဏက များပြားလွန်းသောကြောင့်ပင်။
ဤကျမ်းစာလိပ်ထဲတွင် စာမျက်နှာ ထောင်ချီ ပါဝင်ပြီး ရှမ့်လန် ပထမဆုံး ဖတ်လိုက်သော စာမျက်နှာမှာ လွန်စွာ နက်နဲ ခက်ခဲသောကြောင့် လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။ ဤကျမ်းစာလိပ်က အလွန် အရေးကြီး၏။ ရှေးဟောင်းယဉ်ကျေးမှုမှ အလွန် တန်ဖိုးရှိသော ရှေးဟောင်း စာအုပ်တစ်အုပ် ဖြစ်နိုင်၏။ အထဲတွင် လျှို့ဝှက်ချက်များနှင့် ဆက်စပ် နည်းပညာများစွာ ပါဝင်နေနိုင်၏။
သို့သော်ငြား ရှမ့်လန်တွင် အချိန်မရှိပေ။ ကျမ်းစာလိပ်ကို ဖတ်ရုံဖြင့်ပင် နာရီအနည်းငယ် ကြာမြင့်လိမ့်မည်။ သူက ကျမ်းစာလိပ်ကို ရင်ခွင်ထဲထည့်လိုက်ပြီး ကျောက်ခေါင်းတလား မျက်နှာပြင်ပေါ်ရှိ လက်ဗွေရာပေါ်သို့ လက်တင်လိုက်သည်။
“ဂလုန်း... ဂလုန်း...” ကြီးမားသော ကျောက်ခေါင်းတလားကြီး ပြန်ပိတ်သွား၏။
…
နောက်ထပ် ရှမ့်လန်က ရှေးဟောင်းရင်ပြင်၏ အပျက်အစီးများကို ဆက်လက် စူးစမ်းရှာဖွေခဲ့၏။ ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်း သိန်းချီမှလွဲ၍ အခြား ဘာမှမရှိသလောက်ပင်။ ရှမ့်လန်က ဤနေရာရှိ ရှေးဟောင်းလူသားများ၏ သွေးကျောက်ဖြစ်ရုပ်ကြွင်းများကို ယူဆောင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။ သူတို့၏ ကျောက်ဖြစ်နေသော ခန္ဓာကိုယ်များက ဖျက်ဆီး၍မရ၊ ထိုးဖောက်၍ မရအောင် မာကျောနေဆဲပင်။
တကယ်ကို ထူးဆန်းသည်။ ယခင် ရှေးဟောင်းကျောင်းဆောင်ထဲမှ ဘုရင်ကျောက်ဖြစ်ရုပ်ကြွင်းက သွေးမျိုးဆက် မြင့်မားသောကြောင့် ဖျက်ဆီး၍ မရခြင်း ဖြစ်သည်။ သို့သော်ငြား ယခု လူသိန်းချီထဲတွင် စစ်သူကြီးများနှင့် စစ်သည်များစွာ ပါဝင်နေသည်မှာ ထင်ရှားသည်။ သူတို့က ဘုရင်များ မဟုတ်ကြသော်လည်း သူတို့၏ ကျောက်ဖြစ်နေသော ခန္ဓာကိုယ်များကလည်း ဖျက်ဆီး၍မရအောင် မာကျောနေ၏။
ရှမ့်လန် ဆက်လက် လေ့လာကြည့်ရာ ဤလူသိန်းချီတွင် တူညီသော မျက်နှာအမူအရာ ရှိကြောင်း တွေ့ရသည်။ သူတို့က မမျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ညှိုးနွမ်းခြောက်သွေ့နေကြသည်။ ဤခံစားမှုနှင့်အတူ သူတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ထာဝရကျောက်ရုပ်များ အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ရှမ့်လန်က သူတို့၏ ခန္ဓာကိုယ်များကို X-ray ဖြင့် ထပ်မံကြည့်ရာ ဤရှေးဟောင်းလူသားများက လက်ရှိကမ္ဘာမှ လူသားများထက် များစွာ ပိုမိုသန်မာကြောင်း ထပ်မံ အတည်ပြုနိုင်ခဲ့သည်။ သူတို့၏ သွေးကြောများ၊ နှလုံးများ၊ သို့မဟုတ် ကိုယ်တွင်းအင်္ဂါများ ဖြစ်စေ အားလုံး ကွဲပြားနေသည်။
သူတို့၏ နှလုံးထုထည်က လက်ရှိလူသားများထက် ၆၀ ရာခိုင်နှုန်း ပိုကြီးပြီး ဦးနှောက်ထုထည်က ၃၀ ရာခိုင်နှုန်း ပိုကြီးသည်။ အရပ်အပုဆုံး ရှေးဟောင်းလူသားပင်လျှင် ၂.၃ မီတာကျော် ရှိပြီး အရပ်အရှည်ဆုံးက ၂.၆ မီတာကျော် ရှိ၏။
သူတို့၏ တစ်ကိုယ်လုံး ကျောက်ဖြစ်သွားပြီ ဖြစ်သောကြောင့် အရိုးနှင့် သွေးကြောများ၏ ထူးခြားချက်များကို ခွဲခြားရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် မည်သည့် စွမ်းအင်ကိုမှ အာရုံခံ၍ မရတော့ချေ။ ကျောက်လွှာ မျက်နှာပြင် က အရာအားလုံးကို ဖုံးအုပ်ထားသကဲ့သို့ပင်။
သို့သော်ငြား ဤရှေးဟောင်းလူသားများ၊ သာမန်စစ်သည်များပင်လျှင် အလွန်တရာ သန်မာကြကြောင်း ရှမ့်လန် အကြမ်းဖျင်း ပြောနိုင်၏။ မူလန်က လုံလောက်အောင် သန်မာပြီး ဖြစ်သော်လည်း သူမက သွေးမျိုးဆက် ပြောင်းလဲခြင်းသာ လုပ်ဆောင်ထားပြီး ရှေးဟောင်းလူသားများနှင့် နီးစပ်ရုံမျှသာ ရှိသေး၏။ မင်းသမီး နင်ဟန်က ပို၍ သန်မာသော်လည်း သူမသည်လည်း သွေးမျိုးဆက် ပြောင်းလဲခြင်းကို လုပ်ဆောင်ပြီး ရှေးဟောင်းလူသား များနှင့် နီးစပ်ရုံသာ ဖြစ်သည်။
ထိုသို့ဆိုလျှင် စစ်မှန်သော ရှေးဟောင်းလူသားများက မည်မျှတောင် သန်မာကြလိမ့်မည်နည်း။ ထိုမျှ အစွမ်းထက်သော ရှေးဟောင်းလူသားတို့၏ ယဉ်ကျေးမှုကြီးက လုံးဝ ပျက်စီးသွားခဲ့ရသည်။ ထိုသူတို့ကို ဖျက်ဆီးလိုက်သည့် အင်အားစုက မည်သည့်အရာမျိုးဖြစ်မည်နည်း။
ဤအတွေးက သူ့စိတ်ထဲ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့် ဖယ်ရှားရန် မဖြစ်နိုင်တော့ချေ။ သို့သော်ငြား ရှမ့်လန်က ချက်ချင်းပဲ စိတ်ကိုထိန်းချုပ်ကာ ဘေးဖယ်ထားလိုက်၏။ သူ ထွက်ပေါက် ဆက်ရှာမှ ဖြစ်မည်။ ဤမြေအောက် အပျက်အစီးမှ ထွက်ခွာပြီး နုရှောင့်မြို့တော်ကို ကယ်တင်ရန် အမြန်ဆုံး ပြန်မှ ဖြစ်မည်။ အချိန်အရဆိုလျှင် စေတီတောင်နှင့် ရင်ကွမ်း၏ တပ်များ စုစည်းပြီးလောက်ပြီ ဖြစ်သလို နုရှောင့်မြို့တော် ဆီသို့ ချီတက်တော့ပေမည်။
……………
နောက်ထပ် အချိန်များတွင် ရှမ့်လန်က ဤရင်ပြင်ကြီး၏ နေရာအနှံ့ကို သေချာစွာ စူးစမ်းရှာဖွေခဲ့၏။ မူလက ဘာမှ တွေ့ရှိလိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း နောက်ဆုံးတွင် ရင်ပြင်ထောင့်တစ်နေရာ၌ ကျောက်တံခါးတစ်ချပ် တွေ့ရှိလိုက်ရသည်။ မြေအောက်သို့ ဆင်းသွားသည့် ကျောက်တံခါး ဖြစ်၏။ အရေးကြီးဆုံးမှာ ဤကျောက်တံခါးက ပွင့်နေခြင်းပင်။
ရှေးဟောင်းအပျက်အစီးများ၏ ကျောက်တံခါး အားလုံး ပိတ်နေသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ဤတံခါးက ပွင့်နေရသနည်း။
ကျောက်တံခါး၏ နောက်ကွယ်တွင် နက်ရှိုင်းသော လှေကားထစ်များ ရှိနေသည်။ ရှမ့်လန်က သတိထားပြီး ဆင်းသွားလိုက်၏။ သူ ပိုမို နက်ရှိုင်းစွာ ဆင်းသွားသည်။ မကြာမီ တည်နေရာ၌ အောက်ဆီဂျင် မရှိတော့သော်လည်း ရှမ့်လန်က ရှေးဟောင်းဘုရင် လက်စွပ် ရှိနေသောကြောင့် ဘေးကင်းလုံခြုံနေဆဲပင်။ မီတာ တစ်ထောင်တိတိ ဆင်းသွားပြီးနောက် နောက်ဆုံးတွင် အဆုံးသို့ ရောက်ရှိသွားသည်။
ထို့နောက် ရှမ့်လန် လုံးဝ ကြောင်အသွားရသည်။ သူ့ရှေ့တွင် အလွန် ကြီးမားသော ချောက်နက်ကြီး တစ်ခု ရှိနေ၏။ ကြီးမားလွန်းသောကြောင့် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ အောက်ခြေကို မမြင်ရသလို အပေါ်ကို မော့ကြည့်လျှင်လည်း အဆုံးကို မမြင်ရပေ။
ရှမ့်လန်က ချောက်နက်ကြီးကို စတင် လေ့လာကြည့်လိုက်၏။ အချင်း မီတာ သောင်းချီ ကျယ်ဝန်းသော တွင်းကြီးတစ်ခု ဖြစ်သည်။ ချောက်ကမ်းပါးယံတွင် အပေါက်ပေါင်း သိန်းချီ ရှိနေပြီး တစ်ခုစီက မီတာ ဒါဇင်ချီ ကျယ်ဝန်း၏။
‘ဒီအပေါက်တွေက အသိုက်နဲ့ တူနေပါလား။’
ချောက်ကမ်းပါးယံတွင် ကွေ့ကောက်နေသော လမ်းကြောင်းတစ်ခု ရှိပြီး ကျောက်သားကို ထွင်းထုထားခြင်း ဖြစ်သည်။ ရှမ့်လန်က ကျောက်သားလမ်းကြောင်းအတိုင်း လှိုဏ်ဂူများကို လိုက်လံ စူးစမ်းကြည့်လိုက်သည်။
ပထမဆုံး လှိုဏ်ဂူသို့ ရောက်ချိန်မှာတော့ သူ ထပ်မံ တုန်လှုပ်သွားရ၏။
‘ဒါ... ဒါက တကယ့် အသိုက်ပဲ။ သတ္တဝါကြီး တစ်ကောင်ရဲ့ အသိုက်ပဲ။’
အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က အရိုးစုကို တွေ့လိုက်ရသောကြောင့်ပင်။ မီတာ ၂၀ ကျော် ရှည်လျားပြီး တောင်ပံအလျား ၁၅ မီတာကျော် ရှိသည်။ ဤသည်မှာ ကြီးမားသော ပျံသန်းနိုင်သည့် သတ္တဝါကြီး ဖြစ်သည်။ လင်းယုန်ကြီး မဟုတ်ဘဲ ပို၍ ထူးခြားသော သတ္တဝါနှင့် ပိုတူသည်။
ရှမ့်လန် စိတ်လှုပ်ရှားသွားမိ၏။ ‘ဒီလို ကြီးမားတဲ့ သတ္တဝါပျံကြီးက အကောင်းဆုံး လေတပ်သား ဖြစ်မှာ သေချာတယ်။ နှင်းလင်းယုန်ထက် ပိုသန်မာမည်မှာ သေချာတယ်။ ဥအနည်းငယ်လောက် ရလိုက်ရင် သိပ်ကောင်းမှာပဲ။’
သူက နောက်ထပ် အသိုက်တစ်ခုကို ဆက်လက် စူးစမ်းရာ ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။ အသိုက်များထဲတွင် အရိုးစုများစွာ ရှိသော်လည်း အချို့အသိုက်များက ဗလာ ဖြစ်နေ၏။ ကြောက်စရာ ကောင်းသည်မှာ လှုပ်ရှားသွားလာမှု ခြေရာများ ရှိနေခြင်းပင်။
‘ဘာအဓိပ္ပာယ်လဲ။ လွန်ခဲ့တဲ့ အချိန်အကြာကြီးတုန်းက တစ်စုံတစ်ယောက် ဒီနေရာကို ရောက်ခဲ့ဖူးတယ်လို့ ဆိုလိုတာလား။ ပြီးတော့ ဒီလှိုဏ်ဂူတွေထဲက ပစ္စည်းတွေကို ယူသွားခဲ့တာလား။’
သတ္တဝါပျံကြီး တစ်ကောင်ရဖို့အထိ သူ မမျှော်လင့်ရဲပေ။ ဥတစ်လုံးလောက် ရလျှင်ပင် လုံလောက်နေပြီ ဖြစ်၏။ သို့သော်ငြား အသိုက်ပေါင်း ဒါဇင်ချီ စူးစမ်းရှာဖွေပြီးနောက် ဥတစ်ခြမ်းပင် မတွေ့ရချေ။ အသိုက် အများစုမှာ ဗလာဖြစ်နေပြီး အသိုက်အနည်းငယ်တွင်သာ အရိုးစုများ ရှိနေသည်။ တစ်ချို့မှာတော့ သတ္တဝါပျံကြီး၏ ကျောက်ဖြစ်ရုပ်ကြွင်းများပင်။
အသိုက် အခု ၁၀၀ မြောက်။
ဤအသိုက်ကို စူးစမ်းပြီးနောက် ရပ်တန့်ရန် ရှမ့်လန် ဆုံးဖြတ်လိုက်သည်။ စူးစမ်းခြင်းကို ချက်ချင်း လက်လျှော့ပြီး ထွက်ပေါက်ကို ဆက်လက် ရှာဖွေရမည်။ သို့သော်ငြား ဤ အသိုက် အခု ၁၀၀ မြောက်က အလွန် ထူးဆန်းပြီး ကွဲပြားနေ၏။ အခြား အသိုက်များက မီတာ ဒါဇင်အနည်းငယ်သာ နက်သော်လည်း ဤအသိုက်က နက်လွန်းသောကြောင့် အဆုံးကို မမြင်ရပေ။
ရှမ့်လန်က ပိုမို နက်ရှိုင်းစွာ ဆက်လက် ဝင်ရောက်သွား၏။ မီတာ ရာချီ လမ်းလျှောက်ပြီး နောက်ဆုံးတွင် လှိုဏ်ဂူ၏ အဆုံးသို့ ရောက်ရှိသွားသည်။ ဤနေရာတွင် ကြီးမားသော ရေကန်ကြီး တစ်ခု ရှိနေသည်။
ရှမ့်လန်က ခေါင်းကို အသာအယာ ပြူထွက်ကြည့်ပြီး ရေကန်ထဲတွင် ဘာရှိသလဲ ဆိုတာကို X-ray ဖြင့် ကြည့်ချင်စိတ် ဖြစ်ပေါ်လာ၏။
သို့သော်ငြား နောက်တစ်စက္ကန့်တွင် “ဝေါင်း...”
အတိုင်းအဆမဲ့ ကြီးမားသော အရိပ်မဲကြီးတစ်ခု ရုတ်တရက် ခုန်ထွက်လာပြီး ပါးစပ်ဟကာ ရှမ့်လန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် မျိုချလိုက်လေသည်။ လုံးဝ အသင့်ပြင်မထားသော ရှမ့်လန်မှာ တစ်ခါတည်း အစားခံလိုက်ရသည်။
…………………
ရှမ့်လန် ချက်ချင်း ကြောင်အသွားရ၏။ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ဤရှေးဟောင်း သတ္တဝါကြီး၏ ဗိုက်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ ၎င်း၏ ပုံသဏ္ဍာန်ကိုပင် သေချာ မမြင်လိုက်ရချေ။ ယခင်ကသာဆိုလျှင် သူ သေချာပေါက် သေဆုံးသွားပြီ ဖြစ်ပေမည်။
ရှေးဟောင်းသတ္တဝါကြီး၏ အစာအိမ်ရည်ကြောင့် မဟုတ်ပေ။ အမှန်စစ်စစ် ရှေးဟောင်းသတ္တဝါကြီး၏ အစာအိမ်ထဲတွင် ရေများဖြင့် ပြည့်နှက်နေသော်လည်း ဗလာဖြစ်နေ၏။ အလွန်အမင်း ဆာလောင် မွတ်သိပ် နေသည်မှာ ထင်ရှားသည်။ ထို့ကြောင့်ပင် ဤမျှ လျင်မြန်စွာ လှုပ်ရှားခဲ့ခြင်း ဖြစ်ပြီး ရှမ့်လန် ပေါ်လာသည်နှင့် တပြိုင်နက် ချက်ချင်း မျိုချလိုက်ခြင်း ဖြစ်သည်။ သို့သော်ငြား အစာအိမ်ထဲတွင် အစာချေရည်များ ရှိနေဆဲ ဖြစ်ပြီး တိုက်စားမှုများ ရှိနေ၏။ ထို့အပြင် အစာအိမ်က အစာရပြီဟု ထင်မှတ်ကာ အစာချေရန် စတင် လှုပ်ရှား၏။
ရှေးဟောင်းဘုရင့်လက်စွပ်က အလွန် အစွမ်းထက်သည်။ ရှမ့်လန်သည် ရေထဲတွင် လုံးဝ နစ်မြုပ်နေသော်လည်း အသက်ရှူ မကျပ်ပေ။ သို့သော်ငြား အစာအိမ်ရည်၏ တိုက်စားမှုကိုတော့ မခုခံနိုင်ချေ။ သူ နေရခက်လာပြီ ဖြစ်သည်။
ထို့အပြင် ရှေးဟောင်းသတ္တဝါကြီး၏ အစာအိမ်က သူ့ခန္ဓာကိုယ်ကို ချေဖျက်ရန် စတင် ကြိတ်ချေနေပြီ ဖြစ်သည်။ ရှမ့်လန်၏ ခန္ဓာကိုယ်က ခံနိုင်ရည် မရှိပေ။ ဤသောက်ကျိုးနည်း နေရာကနေ အမြန်ဆုံး ထွက်ခွာမှ ဖြစ်မည်။
ထိုအချိန်မှာပဲ ရှမ့်လန်၏ လက်ထဲရှိ ရှေးဟောင်းဘုရင် လက်စွပ်က လျှပ်စစ်စီးကြောင်း တစ်ခု ထုတ်လွှတ်လိုက်သကဲ့သို့ ရုတ်တရက် လင်းလက်လာ၏။
“ဖတ်...”
ဤလျှပ်စစ်စီးကြောင်းက ရှေးဟောင်းသတ္တဝါကြီး၏ အစာအိမ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ တစ်ခဏချင်းမှာပင် ၎င်း၏ အစာအိမ်က ပြင်းထန်စွာ ကျုံ့သွားလေသည်။
“ဘုန်း...”
မရေမတွက်နိုင်သော ရေစီးကြောင်းများက ရှမ့်လန်နှင့်အတူ တိုက်ရိုက် ပန်းထွက်သွား၏။ အားကောင်းသော ရေပန်းတစ်ခုကဲ့သို့ မီတာ ဒါဇင်ချီ ပန်းထွက်သွားခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရေကန်ထဲသို့ တန်းတန်းမတ်မတ် ပြန်ကျသွား၏။ ထိုသို့မဟုတ်ပါက ကန်ဘောင်ကို ရိုက်မိပေလိမ့်မည်။
ပြီးနောက် ရှမ့်လန်က ကန်ဘောင်ဆီသို့ အစွမ်းကုန် ကူးခတ်ပြီး ပြန်တက်လာခဲ့သည်။ ထိုအချိန်တွင် ရှေးဟောင်းသတ္တဝါကြီးက ရေကန်ထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး ဦးခေါင်းနှင့် လည်ပင်းကို ထုတ်ဖော်လိုက်၏။ တကယ်ကို ကြီးမားလွန်းလှသည်။ လည်ပင်းတစ်ခုတည်းပင် ၁၀ မီတာ ရှည်လျားသည်။ ဦးခေါင်းက ၂ မီတာ အပြည့် ထူထဲသည်။ ကြောက်မက်ဖွယ် ကောင်းသော မျက်လုံးနှစ်လုံးဖြင့် ရှမ့်လန်ကို စိုက်ကြည့်နေ၏။
‘ဒါ... ဒါက ဘာသောက်ကောင်ကြီးလဲ။’
ရှမ့်လန် လုံးဝ မမြင်ဖူးချေ။ ရှေးဟောင်းစာအုပ်များထဲတွင်လည်း မပါရှိပေ။ သူ့ဦးနှောက်ထဲတွင်လည်း သက်ဆိုင်ရာ သတင်းအချက်အလက် မရှိပေ။
ဤသတ္တဝါကြီးကလည်း ရှမ့်လန်ကို စိုက်ကြည့်ရင်း ဒေါသထွက်နေသည်။ ‘ဒီအကောင်သေးသေးလေးက ဘာလဲ။ ခုဏကမှ စားလိုက်တာ၊ ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် ပြန်အန်ထွက်လာရတာလဲ။’
ထို့နောက် သတ္တဝါကြီးက ပါးစပ်ကို ဖြည်းညှင်းစွာ ဟလိုက်ရာ ဓားမြှောင်ငယ်လေးများကဲ့သို့ ထက်မြက်သော သွားများစွာ ပေါ်ထွက်လာပြီး လည်ပင်းပေါ်ရှိ အကြေးခွံများကလည်း ရုတ်တရက် ထောင်မတ်လာသည်။ ရှမ့်လန်ကို ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသည်မှာ ထင်ရှား၏။
“ဝေါင်း...”
ထို့နောက် ၎င်းက ပါးစပ်ဟကာ ဟိန်းဟောက်လိုက်၏။ ချက်ချင်းပဲ ညှီစော်နံသော လေပြင်းတစ်ခု တိုက်ခတ်လာပြီး ရှမ့်လန်ကို မီတာ ဒါဇင်ချီ လွင့်ထွက်သွားစေသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်က ရေကန်ထဲမှ ရုတ်တရက် ခုန်ထွက်လာသည်။
ရှမ့်လန်က ၎င်း၏ ပုံသဏ္ဍာန် အပြည့်အစုံကို နောက်ဆုံးတွင် မြင်လိုက်ရ၏။
‘ဘာ... ဘာကြီးလဲ။ ပျံလွှားပုတ်သင်လား။ ဒါမှမဟုတ် ရှေးဟောင်း လင်းနို့ကြီးလား။’
အဘယ့်ကြောင့်ဆိုသော် သတ္တဝါ၏ ဦးခေါင်းနှင့် လည်ပင်းမှာ ပုတ်သင်ညိုနှင့် တူသော်လည်း လင်းနို့တောင်ပံနှင့် ထပ်တူနီးပါး တူညီသော ကြီးမားသည့်တောင်ပံကြီး တစ်စုံ ရှိနေသောကြောင့်ပင်။ သို့သော်ငြား တကယ်ကို ကြီးမားလွန်းလှသည်။ အလျား မီတာ ၃၀ အပြည့် ရှိပြီး တောင်ပံအလျားမှာလည်း မီတာ ၃၀ ကျော်ပြီး တိုက်လေယာဉ်ကြီး တစ်စင်းထက်ပင် ပိုကြီးမားနေသည်။
ဟိန်းဟောက်ကာ ရှမ့်လန်ကို လွင့်ထွက်သွားစေပြီးနောက် သူက အနိုင်ရသွားပြီဟု ခံစားလိုက်ရသည်။ ထို့နောက် မောက်မာစွာ လျှောက်လှမ်းလာပြီး ရှမ့်လန်ကို ငုံ့ကြည့်လိုက်၏။ နောက်တစ်ကြိမ် ထက်မြက်သော သွားများကို ဖြီးပြပြီး ရှမ့်လန်ကို ခြိမ်းခြောက်၏။
ရှမ့်လန်က ထိုအကောင်၏ ဆိုလိုရင်းကို နားလည်သလို ရှိ၏။ ရှမ့်လန်ကို ကိုက်ပြီး အနှစ်ဖြစ်သွားအောင် ဝါးစားပစ်ချင်နေခြင်းပင်။ သို့သော်ငြား ထိုသို့ မလုပ်ခဲ့ပေ။ ထိုအစား ရှမ့်လန်ကို ငုံ့ကြည့်ပြီး ကျောက်တုံးတစ်တုံးပေါ်သို့ အကြည့်ရွှေ့လိုက်သည်။
အသက်ပြင်းပြင်းရှူပြီး ဟိန်းဟောက်လိုက်၏။ သို့သော်ငြား ဤတစ်ကြိမ်တွင် အသံ မထွက်လာချေ။ ထိုအရာမှာ အသံလှိုင်း ဖြစ်၏။
“ဘုန်း...”
တစ်ခဏအတွင်းမှာပဲ ရှေ့ မီတာ ၁၀ ကျော်အကွာရှိ ကျောက်တုံးကြီးမှာ တိုက်ရိုက် ကွဲကြေပြီး ပေါက်ကွဲ ထွက်သွားလေသည်။
ရှမ့်လန်က လုံးဝ ကြောင်အသွား၏။
‘ဒါ... ဒါက သိပ်ကြမ်းလွန်းတယ်။ ဒီရှေးဟောင်းသတ္တဝါကြီးက အသံလှိုင်းနဲ့ တိုက်ခိုက်နိုင်တယ်တဲ့လား။ စွမ်းအားကလည်း အံ့မခန်းပဲ။’
ခေတ်သစ်ကမ္ဘာမြေတွင် အသံထက်မြန်သော စက်များစွာ ရှိသည်။ သွားဆေးခန်းများရှိ သွားသန့်ရှင်းရေး စက်များပင် အသံထက်မြန်သည်။ လူ၏နားက ဟတ်ဇ် ၂၀၀၀၀ အောက် အသံလှိုင်းများကိုသာ ကြားနိုင်သည်။ ဤအတိုင်းအတာ ကျော်လွန်ပါက လွန်ကဲသော အကြမ်းစား အသံလှိုင်း ဖြစ်သွားသည်။
ခေတ်သစ်ကမ္ဘာမြေတွင် အကွာအဝေး တိုင်းတာခြင်း၊ ဂဟေဆော်ခြင်း၊ ကျောက်ခွဲခြင်း စသည့် စက်မှုလုပ်ငန်း ရည်ရွယ်ချက် အမျိုးမျိုး အတွက် အသုံးပြုသော ကြီးမားသည့် အသံထက်မြန်သော စက်များစွာ ရှိ၏။
အကြမ်းစား အသံလှိုင်း၏ အစွမ်းသတ္တိသည် အလွန်အမင်း သိပ်သည်း၏။ ထိုအရာ၏ ထုတ်လွှတ်သော စွမ်းအင်က ထုတ်လွှတ်သော ဧရိယာပမာဏပေါ်တွင် မူတည်သည်။ ဤရှေးဟောင်းသတ္တဝါကြီးက ပေါင် ရာချီ လေးလံသော ကျောက်တုံးကြီး တစ်တုံးကို တစ်ခဏချင်း အစအနမကျန် ပေါက်ကွဲသွားစေနိုင်သောကြောင့် စွမ်းအင် သိပ်သည်းဆမှာ အလွန်တရာ အစွမ်းထက်သည်ဟု ဆိုရမည်။
ကျောက်တုံးကို ဖျက်ဆီးပြီးနောက် ရှေးဟောင်းသတ္တဝါကြီးက ရှမ့်လန်ကို မောက်မာ ဝင့်ကြွားစွာ လှမ်းကြည့်နေသည်။ ထိုအကြည့်များ၌ ‘ငါ ဘယ်လောက် မိုက်လဲ တွေ့လား။’ ဟူသော အဓိပ္ပာယ်များ ပါဝင်သည်။