← Chapters

အခန်း (၁၀၇၃-၁၀၇၄)

Vol. 63 Ch. 1073-1074

အခန်း (၁၀၇၃-၁၀၇၄)

Vol. 63 Ch. 1073-1074

အပိုင်း (၁၀၇၃)

‘သောက်ကျိုးနည်း... မင်းကလည်း ငါ... ရှမ့်လန်လို ကြွားရတာ ကြိုက်တဲ့ကောင်ပဲ။’

ရှမ့်လန် အံ့အားသင့်ပြီး လေးစားအားကျသွားသည့် ပုံစံမျိုးကို ထိုအကောင်ကြီးက မြင်ချင်သည်။

သို့သော်ငြား ရှမ့်လန်က ခေတ္တမျှ ကြောင်အသွားပြီးနောက် သတ္တဝါကြီးကို လက်ခလယ် နှစ်ချောင်း ထောင်ပြလိုက်’။ “ဒါက သေးသေးမွှားမွှားပါကွာ။ ဘာမှ မဟုတ်ပါဘူး။ သိပ်လည်း မစွမ်းပါဘူး။” ဟု ပြောနေသကဲ့သို့ပင်။ အထင်အမြင်သေးစွာဖြင့် တောက်ပင် ခေါက်ပြလိုက်သေး၏။

ရှေးဟောင်းသတ္တဝါကြီး ကြောင်အသွား၏။ ထို့နောက် ချက်ချင်း ဒေါသထွက်သွားသည်။ ‘ငါက ဒီလောက် အစွမ်းထက်တာကို လူသားသေးသေးလေး တစ်ယောက်က အထင်သေးရဲတယ်ပေါ့။’

သတ္တဝါကြီး၏ မျက်လုံးများက ရှမ့်လန်ကို စိုက်ကြည့်၏။ ပြီးနောက် ရှမ့်လန်ဘက်သို့ ပါးစပ်လှည့်ကာ လေကို ရှူသွင်းလိုက်ပြီး မှုတ်ထုတ်ရန် စတင် ပြင်ဆင်လိုက်သည်။ စက္ကန့် အနည်းငယ်ကြာ အရှိန်ယူပြီးနောက် ရှမ့်လန်ကို ရုတ်တရက် ဟိန်းဟောက်လိုက်၏။

တစ်ခဏချင်းမှာပဲ နောက်ထပ် အစွမ်းထက်သော အကြမ်းစား အသံလှိုင်းတစ်ခုက ရှမ့်လန်ကို တိုက်ခိုက်သည်။

သာမန် အခြေအနေမျိုးဆိုလျှင် ရှမ့်လန် တစ်စစီ ဖြစ်သွားပေမည်။ ဤရှေးဟောင်းသတ္တဝါကြီး၏ အကြမ်းစား အသံလှိုင်းက ပေါင်ရာချီ လေးလံသော ကျောက်တုံးကြီးကိုပင် တစ်ခဏချင်း ဖျက်ဆီးပစ်နိုင်ရာ ရှမ့်လန်ကဲ့သို့ သာမန်လူသားဆိုလျှင် ပြောဖွယ်ရာ မရှိချေ။

သို့သော်ငြား အကြမ်းစား အသံလှိုင်းဖြင့် တိုက်ခိုက်လာချိန်မှာတော့ ရှမ့်လန်က လက်ထဲရှိ ရှေးဟောင်းလက်စွပ်ကို ရုတ်တရက် မြှောက်လိုက်၏။

“ဘုန်း...”

အကြမ်းစားအသံလှိုင်း က လေထုနံရံ တစ်ခုခုကို ဝင်တိုက်မိသကဲ့သို့ ဖြစ်ပြီး ပြန်ကန်ထွက်သွားသည်။

“ဘုန်း...”

ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာပြီး ပြန်ကန်ထွက်သွားသော အကြမ်းစား အသံလှိုင်းကြောင့် မာကျောသော ကျောက်နံရံတွင် အပေါက်ကြီး တစ်ပေါက် ဖြစ်သွား၏။

‘တကယ်ကို သောက်ရမ်းကြမ်းတာပဲ။’

ဤအကြမ်းစား အသံလှိုင်းက အစွမ်းထက်သည် ဆိုသော်လည်း ရှမ့်လန်၏ ရှေးဟောင်းလက်စွပ်က ပိုပြီး အစွမ်းထက်နေသေးသည်။ ထိုအရာ၏ ကောင်းကင်ဘုံကို အာခံနိုင်သော စွမ်းရည်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေသည်။

ရှေးဟောင်းသတ္တဝါကြီးမှာလည်း တုန်လှုပ်သွား၏။ ‘ဒီလူသား သေးသေးလေးက ဒီလောက်တောင် အစွမ်းထက်တာလား။’

သူ မယုံကြည်နိုင်ချေ။ သူ၏ အစွမ်းထက်ဆုံးသောလက်နက်မှာ အကြမ်းစား အသံလှိုင်း ဖြစ်သည်။ ကြွားချင်လွန်း၍ ထုတ်သုံးလိုက်သော်လည်း ရှမ့်လန်က လွယ်လွယ်ကူကူ ပြန်ကန်ထုတ်လိုက်သည်လား။

ထို့ကြောင့် သူက နောက်တစ်ကြိမ် အရှိန်ယူပြီး ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။

“ဘုန်း...”

တစ်ခဏချင်းမှာပဲ အကြမ်းစားအသံလှိုင်းတစ်ခု ထပ်မံ တိုက်ခိုက်လာပြန်သည်။ သို့သော်ငြား ရှမ့်လန်က အလွယ်တကူ ပြန်ကန် တွန်းထုတ်လိုက်ပြန်၏။

တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်…

ရှေးဟောင်းသတ္တဝါကြီးက ရှမ့်လန်ကို အသည်းအသန် တိုက်ခိုက်နေသည်။ အကြမ်းစား အသံလှိုင်းများကို ဆက်တိုက် ပစ်လွှတ်နေပြီး ရှမ့်လန်ကလည်း ဆက်တိုက် ပြန်တွန်းထုတ်နေသည်။

တကယ့်ကို ခေါင်းမာလွန်းလှချေသည်။ တစ်ခါတည်း ကိုက်သတ်လိုက်လည်း ရှမ့်လန်ကို သတ်၍ရသည်။ သို့ပေမည့် အဘယ့်ကြောင့် အကြမ်းစားအသံလှိုင်း တိုက်ခိုက်မှုကိုပဲ အဘယ့်ကြောင့် တစိုက်မတ်မတ် အသုံးပြုနေရသနည်း။

သို့သော်ငြား သတ္တဝါကြီးက ထိုသို့ မလုပ်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ အကြမ်းစား အသံလှိုင်း တိုက်ခိုက်မှုက အလွန်အစွမ်းထက်သည်ဟု ခံစားရပြီး အလွန် ကြမ်းတမ်းသည်ဟု ထင်မြင် ယူဆထားသောကြောင့်ပင်။ သို့သော်ငြား ယခုအခါ အသုံးမဝင် ဖြစ်နေသောကြောင့် အကြမ်းစား သတ္တဝါ တစ်ကောင်အဖြစ် ထင်မှတ်ထားသော သူ၏ ဘဝကို သံသယ ဝင်လာသည်။

ထို့ကြောင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် လိုအပ်ပြီး ရှမ့်လန်ကို အကြမ်းစား အသံလှိုင်းဖြင့် သေအောင် ပစ်လွှတ်ရမည်။ ထိုမှသာလျှင် ဤတိုက်ခိုက်မှု နည်းလမ်းက အစွမ်းထက်နေဆဲ ဖြစ်ကြောင်း သက်သေပြနိုင်မည်။

ဤအခြေအနေက ပြိုင်ကားမောင်း ဘုရင်တစ်ပါးဖြစ်သည့် မိုက်ကယ်ရှူးမေကာနှင့် တူညီသည်။ သူက စက်ဘီးစီးလည်း ကျွမ်းကျင်ကောင်း ကျွမ်းကျင်နိုင်သည်။ သို့သော်ငြား တစ်နေ့တွင် တစ်စုံတစ်ယောက်က သူနှင့် တူညီသောကားကို သူ့ထက် ပိုမြန်အောင် မောင်းသွားပြီး ရလဒ်လည်း ပိုကောင်းခဲ့လျှင်၊ ထို့အပြင် ထိုသူက ကလေးတစ်ယောက်သာ ဖြစ်နေလျှင် သူ ဘယ်လို လက်ခံနိုင်ပါ့မည်နည်း။ သူက ကားမောင်းပြိုင်ပွဲတွင် ထိုကလေးကို အနိုင်ယူပြီး သူသည် ကမ္ဘာ့နံပါတ်တစ် ဖြစ်ကြောင်း သက်သေ ပြချင်မည်သာ။ ထိုကလေးနှင့် စက်ဘီးစီး ပြိုင်နေမည် မဟုတ်ပေ။

အကြိမ်ပေါင်း ဒါဇင်ချီ ပစ်လွှတ်ပြီးနောက် ဤဧရာမ ရှေးဟောင်းသတ္တဝါကြီး စိတ်ဓာတ်ကျဆင်းသွားသည်။ သူ၏ တစ်ကိုယ်လုံး မြေကြီးပေါ်သို့ ပုံကျသွား၏။ မူလတည်းက ဆာလောင်မွတ်သိပ်နေပြီး ယခု စွမ်းအင်အားလုံး ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။ ဘာစကားမှ မဆိုတော့ဘဲ ရေကန်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားပြီး ရေကိုသာ ဝအောင် သောက်လိုက်၏။ ထို့နောက် ရေကန်အောက်ခြေတွင် ပုန်းအောင်းကာ စိတ်ကောက်နေပြီး ရှမ့်လန်ကို လုံးဝ ဂရုမစိုက်တော့ပေ။ မျက်စောင်းပင် လှည့်မထိုးတော့လောက်အောင် စိတ်နာသွားသည်။

စောစောက သူ တိုက်ခိုက်လာစဉ် ရှမ့်လန်က X-ray အမြင်ဖြင့် ထိုအကောင်ကြီး၏ တစ်ကိုယ်လုံးကို စစ်ဆေးကာ ဦးနှောက်ထဲ၌ လေ့လာခဲ့၏။

သို့နှင့် ဤအကောင်ကြီးသည် လင်းနို့နှင့် ပုတ်သင်ညို ပေါင်းစပ်ထားသော မျိုးစပ်သတ္တဝါ ဖြစ်နိုင်ကြောင်း အကြမ်းဖျင်း ဆုံးဖြတ်လိုက်၏။ ထိုအရာက ကြောက်စရာ ကောင်းလွန်းသည်။ မျိုးပွားခြင်းဆိုင်ရာ သီးခြား ဖြစ်တည်နေသော မျိုးစိတ်နှစ်ခု ဖြစ်နေသောကြောင့်ပင်။

ခြင်္သေ့နှင့် ကျား ပေါင်းစပ်လျှင် ကျားခြင်္သေ့ မွေးဖွားနိုင်သည်။ မြင်းနှင့် မြည်း ပေါင်းစပ်လျှင် လား မွေးဖွားနိုင်သည်။ သို့သော်ငြား လင်းနို့နှင့် ပုတ်သင်ညိုကို မည်သို့ မျိုးပွားမည်နည်း။ ဤသည်မှာ ခွေးနှင့် ကြောင် ပေါင်းစပ်ခြင်းထက်ပင် ပို၍ ရယ်စရာ ကောင်းနေသေးသည်။

လူတိုင်း သိကြသည့်အတိုင်း လင်းနို့များက မျက်စိမမြင်ရဘဲ ပျံသန်းရန် အကြမ်းစား အသံလှိုင်းများကိုသာ လုံးလုံး လျားလျား အားကိုးကြသည်။ သူတို့က အကြမ်းစား အသံလှိုင်းများကို အဆက်မပြတ် ထုတ်လွှတ် ကြသည်။ ရှေ့တွင် အရာဝတ္ထု တစ်ခုခုနှင့် တွေ့ဆုံပြီး အသံလှိုင်းများ ပြန်ကန်ထွက်လာပါက အတားအဆီး ရှိကြောင်း သိရှိပြီး လမ်းကြောင်း ပြောင်းကြ၏။

ယခု သူ့ရှေ့ရှိ ရှေးဟောင်းသတ္တဝါကြီးက ဤအကြမ်းစား အသံလှိုင်း စွမ်းရည်ကို အဆပေါင်းများစွာ ချဲ့ထွင်ထားပြီး ပေါင်ရာချီ လေးလံသော ကျောက်တုံးကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။ ထိုသို့ဆိုလျှင် ရှေးဟောင်း လင်းနို့ကြီး တစ်ကောင်ကို တိုက်ရိုက် မွေးမြူလိုက်လျှင် မရဘူးလား။ အဘယ်ကြောင့် အားအားယားယား ပုတ်သင်ညိုနှင့် ပေါင်းစပ်ရသနည်း။

ရှမ့်လန်က သက်ဆိုင်ရာ ရှေးဟောင်းစာအုပ်များကို မဖတ်ဖူးသောကြောင့် မသိရပေ။ ဖြစ်နိုင်သည်မှာ ပုတ်သင်ညိုက ပိုမို ကောင်းမွန်သော လေခွင်းအား ကိုယ်ခန္ဓာမျိုးရှိသောကြောင့် ပိုမို လျင်မြန်စွာ ပျံသန်းနိုင်ခြင်း၊ ထိန်းချုပ်ရလွယ်ကူခြင်းနှင့် ထိပ်တန်း တိုက်ခိုက်ရေး စွမ်းရည်များ ရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

သေချာကြည့်ရှုပြီးးနောက် ရှမ့်လန် ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိခဲ့၏။ ဤအသံထက်မြန်သော ပျံသန်းသတ္တဝါ၏ ဦးနှောက်ထဲတွင် အိမ်မက်ဆိုးကျောက်တုံး ကိရိယာတစ်ခု ရှိနေပြီး အလွန်လည်း ကြီးမားသည်။ ခေါင်းပေါ်တွင် အင်တာနာ တစ်ချောင်းပင် ပါရှိသေး၏။

အစပိုင်းတွင် ရှမ့်လန်က သဘာဝအတိုင်း ပါလာသည်ဟု ထင်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအင်တာနာက သတ္တုတစ်မျိုး ဖြစ်ပြီး ဦးနှောက်ထဲရှိ အိမ်မက်ဆိုးကျောက်တုံး ကိရိယာနှင့် တိုက်ရိုက် ချိတ်ဆက်ထား၏။ နောက်မှ ထပ်ဖြည့်ထားခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ရှေးဟောင်း ယဉ်ကျေးမှုက တကယ် အံ့မခန်းပင်။ သူတို့က ဤအသံထက်မြန်သော သတ္တဝါပျံကြီးကို အိမ်မက်ဆိုး ကျောက်တုံး ကိရိယာမှတစ်ဆင့် ထိန်းချုပ်ထားသည်မှာ ထင်ရှားသည်။ တစ်ကောင်တည်း ပျံသန်း တိုက်ခိုက်နိုင်ရုံသာမက အုပ်စုလိုက် တိုက်ခိုက်ခြင်းနှင့် ကွပ်ကဲခြင်းတို့ကိုပါ ပြုလုပ်နိုင်၏။

စောစောက ထိပ်တိုက် တွေ့ဆုံမှုမှတစ်ဆင့် ဤအသံထက်မြန်သော သတ္တဝါပျံကြီးက အလွန် ဉာဏ်ကောင်းပြီး အလွန်လည်း မာနကြီးကြောင်း တွေ့ရှိရသည်။ မူလက ထိုအကောင်သည် အလွန် ဆာလောင် မွတ်သိပ်နေပြီး ရှမ့်လန်ကို တစ်ကိုက်တည်း ဝါးစားပစ်ချင်ခဲ့သည်။

သို့သော်ငြား နောက်ပိုင်းတွင် သူ ဂုဏ်ယူဝင့်ကြွားသော အသံထက်မြန်သော အကြမ်းစား အသံလှိုင်း တိုက်ခိုက်မှု ကျရှုံးသွားသောကြောင့် အလွန် ဝမ်းနည်းသွားခဲ့သည်။ အစာပင် မစားတော့ဘဲ ရေကန်ထဲတွင် ပုန်းအောင်းကာ နေမထိထိုင်မသာ ဖြစ်နေသည်။ အစွမ်းထက် သတ္တဝါတစ်ကောင်ဖြစ်သော သူ၏ဘဝကို သံသယ ဝင်နေလေ၏။

သူသည် ရှေးဟောင်း ယဉ်ကျေးမှုမှ ဖန်တီးထားသော လေကြောင်း တိုက်ခိုက်ရေး သတ္တဝါ တစ်မျိုး ဖြစ်သည်မှာ ထင်ရှား၏။ သူက ဥမှ ပေါက်ဖွားလာကာစ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်က အလွန် ကြီးမားနေပြီ ဖြစ်သလို ဦးနှောက်ထဲတွင် အိမ်မက်ဆိုးကျောက်တုံး ကိရိယာ ထည့်သွင်းထားပြီး ဖြစ်သောကြောင့်ပင်။ ဆိုလိုသည်မှာ ရှေးဟောင်းယဉ်ကျေးမှု မပျက်သုဉ်းခင်တည်းက တည်ရှိခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော်ငြား ရှေးဟောင်းခေတ် မဟာနိဗ္ဗာန ဖြစ်စဉ်သည် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အလွန် အစွမ်း ထက်သော ရှေးဟောင်းဘုရင်ပင် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားခဲ့ရာ ဤအကောင်က မည်သို့ အသက်ရှင် ကျန်ရစ်ခဲ့သနည်း။

ရှေးဟောင်းခေတ် မဟာနိဗ္ဗာန ဖြစ်စဉ်က မည်မျှ ကြာမြင့်ခဲ့ပြီနည်း။ အနည်းဆုံး နှစ်ပေါင်း ၁၀၀၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤအသံထက်မြန်သော သတ္တဝါပျံကြီးက အလွန် သန်မာသော်လည်း ဤမျှ ကြာရှည်စွာ အသက်ရှင် နေထိုင်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် အသက်ရှင် ကျန်ရစ်ခဲ့သနည်း။ အဘယ်ကြောင့် ဤလောက၌ ပေါ်လာရသနည်း။ အလွန် ထူးဆန်းလှ၏။

ထိုသံသယများကို ခေတ္တမျှ ဘေးဖယ်ထားလိုက်၏။ ယခု အရေးကြီးဆုံးမှာ ဤသတ္တဝါပျံကြီးကို ယဉ်ပါးအောင် လုပ်ရန် ဖြစ်သည်။ စေတီတောင်တွင် လေတပ်တော် ရှိကြောင်း သိထားရမည်။ သူတို့၏ နှင်းလင်းယုန် အရေအတွက်က တော်ဝင်ရန် အင်ပါယာလောက် မများသော်လည်း လုံးဝ နည်းပါးမည် မဟုတ်ပေ။

ယခုတစ်ကြိမ် စေတီတောင်နှင့် ရင်ကွမ်းတို့က နုရှောင့်မြို့တော်ကို တိုက်ခိုက်ရန် စစ်တပ်ကြီး စုဆောင်းထားပြီး နှင်းလင်းယုန် အချို့ကိုလည်း သေချာပေါက် စေလွှတ်ကြပေလိမ့်မည်။

အဘယ့်ကြောင့်နည်း။ ရှမ့်လန်တွင် မိုးပျံ ပူဖောင်းများ ရှိနေသောကြောင့် ရှမ့်လန်ကို ဝေဟင် ထိန်းချုပ်ခွင့် မပေးလိုသောကြောင့်ပင်။

အရေးကြီးဆုံးအချက်မှာ ရှမ့်လန်က နုရှောင့်မြို့တော်သို့ အမြန်ဆုံး ပြန်ရောက်ရန် လိုအပ်နေပြီး ဤနေရာက နုရှောင့်မြို့တော်နှင့် အလွန် ဝေးကွာလွန်းသည်။ မြင်းဖြင့် ပြန်လျှင် နှေးကွေးလွန်းနေမည်။ ရှမ့်လန် ပြန်ရောက်သည်နှင့် နဂါးနောင်တကို ပစ်လွှတ်နိုင်မည် ဖြစ်ပြီး စေတီတောင်၏ ရေတပ်ကို အကြီးအကျယ် ဖျက်ဆီးပစ်နိုင်မည်။

သို့သော်ငြား နဂါးနောင်တက ကောင်းကင်ယံ မီတာ ထောင်ချီ အမြင့်တွင် ပျံသန်းနေသော နှင်းလင်းယုန် တပ်တော်ကို ဘာမှမလုပ်နိုင်ပေ။ စေတီတောင်၏ နှင်းလင်းယုန် တပ်တော်တွင် အထူးစစ်သည်များ ပါဝင်သည်။ သူတို့ကို နုရှောင့်မြို့တော် အထက်၌ ပျံသန်းခွင့် ပေးလိုက်ပါက ကပ်ဘေးကြီး ဖြစ်လာပေလိမ့်မည်။

နုရှောင့်မြို့တော်တွင် လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်တစ်ချို့ ရှိသော်လည်း အမြင့်ပျံ နှင်းလင်းယုန် တပ်တော်ကို ခုခံရန် ခက်ခဲပေလိမ့်မည်။ သို့စေကာမူ ဤ အသံထက်မြန်သော သတ္တဝါပျံကြီးကို ရရှိလိုက်လျှင် အခြေအနေ ကွာခြားသွားပေမည်။

ဤအကောင်ကြီး၏ ပျံသန်းနှုန်းက ပိုမြန်မည် ဖြစ်သလို အကြမ်းစား အသံလှိုင်းများလည်း ပစ်လွှတ်နိုင်သည်။ ဝေဟင် တိုက်ခိုက်ရေး စွမ်းရည်က နှင်းလင်းယုန် တပ်တော်ထက် များစွာ သာလွန်သည်။ တစ်ကောင်တည်း ရှိလျှင်ပင် စေတီတောင်၏ လေတပ်တော်ကို ခြိမ်းခြောက်နိုင်ပေလိမ့်မည်။

ယခု အဓိက တွေးရမည့်အချက်မှာ မည်သို့ ယဉ်ပါးအောင် လုပ်မည်နည်း။

အသက်ပြင်းပြင်း ရှူပြီးနောက် ရှမ့်လန်က ရေကန်ထဲသို့ ထပ်မံ ခုန်ဆင်းလိုက်၏။ ဤအသံထက်မြန်သော သတ္တဝါပျံကြီးက ရေကန်အောက်ခြေတွင် ပုန်းအောင်းနေပြီး မလှုပ်မယှက် နေ,နေ၏။ ရှမ့်လန်ကို လုံးဝ ဂရုစိုက်ချင်ပုံ မရပေ။ သူသည် အကြီးအကျယ် စိတ်ထိခိုက်သွားခဲ့သည်။ သူ၏ အကြမ်းစား အသံလှိုင်းများက အလွန် အစွမ်းထက်ပါလျက် ဤမပြောပလောက်သော လူသားလေးအပေါ် အသုံးမဝင် ဖြစ်ခဲ့ရ၏။ မည်မျှ ရာဇဝင်ရိုင်းခဲ့သနည်း။

ရှမ့်လန်က ရေထဲသို့ ပိုမို နက်ရှိုင်းစွာ ငုပ်လျှိုးသွား၏။ ကံကောင်းထောက်မစွာဖြင့် သူ့၌ ရှေးဟောင်းဘုရင် လက်စွပ် ရှိနေသည်။ သို့မဟုတ်ပါက ရေထဲတွင် အသက်ရှူကျပ် သေဆုံးသွားပေလိမ့်မည်။ သူ ရေကန်အောက်ခြေသို့ ရောက်ရှိသွားပြီး သတ္တဝါပျံကြီး၏ ကျောပေါ်သို့ တက်လိုက်သည်။

“ဝေါင်း...”

အကောင်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

‘ငါက မင်းကို လာမစဘူး။ မင်းက ငါ့ကို လာစနေတာလား။’

ထို့နောက် အကောင်ကြီးက ရေအောက်တွင် သွားဖြီးပြီး ထက်မြက်သော သွားများကို ထုတ်ဖော်ကာ ရှမ့်လန်ကို ခြိမ်းခြောက်လိုက်သည်။

သို့သော်ငြား ထိုအကောင်ကြီးက လူသား မစားချင်ကြောင်း ရှမ့်လန် သိလိုက်သည်။ အစပိုင်းတွင် ရှမ့်လန်ကို ချက်ချင်း မျိုချလိုက်ခြင်းမှာ သေချာ မမြင်ရသောကြောင့် ဖြစ်သည်။ ရှမ့်လန် ပေါ်လာသည်နှင့် တန်းပြီး မျိုချလိုက်ခြင်းပင်။ နောက်ပိုင်း သေချာ မြင်လိုက်ရချိန်မှာတော့ မစားချင်တော့ပေ။

ဤအချက်က ငယ်စဉ်တည်းက သင်ကြားပေးလိုက်သော အသိဉာဏ်ပညာနှင့် သက်ဆိုင်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ တိုက်ပွဲဝင် မိတ်ဖက်များမှာ လူသားများ ဖြစ်ကြသည်။ အမှန်စစ်စစ်တွင် အာဖရိက ဆာဗားနား မြက်ခင်းပြင်ရှိ ကျားများနှင့် ခြင်္သေ့များသည် လူသား မစားကြပေ။ တိုက်ခိုက်ခြင်းမျိုးရှိလျှင်ပင် လူသားကို မစားကြချေ။

ဤအသံထက်မြန်သော သတ္တဝါပျံကြီးဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။ အတိုင်းအတာ တစ်ခုအထိ လူသားများသည် ရှေးဟောင်းလူသားများ ဖြစ်လင့်ကစား သူတို့၏ သခင်များ ဖြစ်ကြသည်။

သူက ခေတ္တမျှ သွားဖြီးပြနေ၏။ ရှမ့်လန် မကြောက်သည်ကို မြင်ချိန်မှာတော့ မျက်လုံးမှိတ်ပြီး ပြန်လှဲချကာ ရှမ့်လန်ကို လုံးဝ လျစ်လျူရှုထားလိုက်၏။

ရှမ့်လန်က အကောင်ကြီး၏ လည်ပင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။ “နိုးနေတာ ဘယ်လောက် ကြာပြီလဲ။ အရမ်း အထီးကျန်နေလား။”

အကောင်ကြီးက မျက်လုံးမှိတ်ထားဆဲ ဖြစ်ပြီး ပြန်မဖြေပေ။ ရေထဲတွင် ဤသို့ နေထိုင်နိုင်ခြင်းက တကယ် ထူးဆန်းသည်။ အသက်ရှူမကျပ်ပေဘူးလား။

ထို့နောက် ရှမ့်လန်က ဘာမှ မလုပ်တော့ဘဲ လည်ပင်းကိုသာ ဆက်လက် ပွတ်သပ်ပေးနေ၏။ တဖြည်းဖြည်းနှင့် အကောင်ကြီး၏ ရန်လိုမှုများ လျော့နည်းလာသော်လည်း မာနကြီးသော ပုံစံကိုတော့ ထိန်းသိမ်းထားဆဲပင်။ မျက်လုံးမှိတ်ထားပြီး မလှုပ်မယှက် နေနေ၏။

ရှမ့်လန်ထံမှ ရင်းနှီးသော အငွေ့အသက် တစ်ခုခုကို ရနေ၍ ဖြစ်နိုင်သည်။ ရှေးဟောင်းလူသား မဟုတ်သော်လည်း ရှမ့်လန်၏သွေးမျိုးဆက်က ထူးခြားသည်။ ရှေးဟောင်းအပျက်အစီးများတွင် မြင့်မားသော လုပ်ပိုင်ခွင့် အာဏာ ရှိနေသောကြောင့် ဤအသံထက်မြန်သော သတ္တဝါပျံကြီးအပေါ် သက်ရောက်မှု ရှိကောင်း ရှိနိုင်သည်။

ခေတ္တမျှ နှစ်သိမ့်ပေးပြီးနောက် ရှမ့်လန်က ထိုအကောင်ကြီး၏ ခေါင်းပေါ်သို့ တက်ပြီး အင်တာနာကို လှမ်းထိလိုက်၏။

တစ်ခဏချင်းမှာပင် သတ္တဝါကြီးက ရုတ်တရက် သတိဝင်လာသည်။ မျက်လုံးဖွင့်ပြီး ရှမ့်လန်ကို နောက်တစ်ကြိမ် သွားဖြီးပြသည်။ ခြိမ်းခြောက်ခြင်းပင်။

ရှမ့်လန်က ထပ်မံ နှစ်သိမ့်ပေးလိုက်ပြီး ရုတ်တရက် ရှေးဟောင်းဘုရင် လက်စွပ်ကို အသံထက်မြန်သော သတ္တဝါပျံကြီး၏ သတ္တုအင်တာနာနှင့် တိုက်ရိုက် ထိတွေ့လိုက်သည်။

“ထိရောက်ပါစေ။”

“ဘုန်း...”

တစ်ခဏချင်းမှာပဲ သူ၏ ရှေးဟောင်းဘုရင် လက်စွပ်က ရုတ်တရက် လင်းလက်လာ၏။ တစ်ချိန်တည်းမှာပဲ အသံထက်မြန်သော သတ္တဝါပျံကြီး၏ အင်တာနာလည်း လင်းလက်လာသည်။ ထို့နောက် ရှမ့်လန်၏ ဦးနှောက်ထဲတွင် ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာ၏။

သတ္တဝါပျံကြီး၏ ဦးနှောက်ထဲရှိ အိမ်မက်ဆိုးကျောက်တုံး ကိရိယာမှလည်း ထူးခြားသော စွမ်းအင်လှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ ဤခံစားမှုက အလွန် အံ့သြဖွယ် ကောင်းလှသည်။ ဘလူးတုသ် ချိတ်ဆက်မှု အောင်မြင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤအသံထက်မြန်သော သတ္တဝါပျံကြီးက မျက်လုံးဖွင့်ပြီး ရှမ့်လန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ ရှမ့်လန်လည်းမယုံကြည်နိုင်စွာ ပြန်ကြည့်လိုက်၏။

အပိုင်း (၁၀၇၄)

သူ ဒီလိုပဲ အောင်မြင်သွားသည်လား။ အသံထက်မြန်သော သတ္တဝါပျံကြီးကို တိုက်ရိုက် ထိန်းချုပ်ခွင့် ရလိုက်သည်လား။ ရှေးဟောင်း ယဉ်ကျေးမှုက တကယ့်ကို စွမ်းဆောင်နိုင်လွန်း၏။ တိုက်ပွဲဝင် သတ္တဝါများကို ယဉ်ပါးအောင် လုပ်ရန် လူသားစွမ်းရည်ကို အားကိုးစရာမလိုဘဲ အိမ်မက်ဆိုးကျောက်တုံး၏ လုပ်ပိုင်ခွင့် အာဏာကို တိုက်ရိုက် အသုံးပြုနိုင်သည်။

“ဗိုက်ဆာနေပြီလား။” ရှမ့်လန်က မေးလိုက်၏။

ဤအသံထက်မြန်သော ရှေးဟောင်းသတ္တဝါပျံကြီးက ပြန်မဖြေနိုင်သော်လည်း ဗိုက်ထဲမှ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။

“စာကောင်းတာတွေ သွားစားကြမလား။ ငါ မင်းကို သေချာပေါက် ဗိုက်ဝအောင် ကျွေးပါ့မယ်။” ရှမ့်လန်က ပြောလိုက်သည်။ ထို့နောက် သူက အသံထက်မြန်သော ရှေးဟောင်းသတ္တဝါပျံကြီး၏ ကျောပေါ်သို့ တက်လိုက်ပြီး လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ပြီးနောက် ပုတ်ပေးကာ ပြောလိုက်၏။ “အပြင်ထွက်ကြစို့။”

ဤအသံထက်မြန်သော သတ္တဝါပျံကြီးက ရေထဲမှ ပြင်းထန်စွာ ခုန်ထွက်လိုက်သည်။ သို့သော်ငြား လှိုဏ်ဂူထဲမှာ ဖြစ်နေသောကြောင့် အစွမ်းကုန် မပျံသန်းနိုင်ချေ။ မပျံသန်းနိုင်သောကြောင့် ခြေထောက်ကို အသုံးပြု၍ ပြေးထွက်လိုက်သည်။ သတ္တဝါကြီးက တကယ် မြန်ဆန်လှသည်။ ခြေထောက်ဖြင့် ပြေးသည် ဆိုလျှင်တောင် စစ်မြင်းထက် ပိုမြန်နေသေးသည်။

“ပြေး... ပြေး... ပြေး...”

လှိုဏ်ဂူထဲမှ တိုက်ရိုက် ပြေးထွက်ပြီး ချောက်နက်ကြီးထဲမှ ခုန်ထွက်လိုက်သည်။ ထို့နောက် စတင် ပြုတ်ကျလေတော့၏။

သောက်ကျိုးနည်း။

ရှမ့်လန် ကြောက်လန့်တကြား ဖြစ်သွားရ၏။ အဘယ့်ကြောင့်ဆိုသော် လုံးဝ လွတ်လပ်စွာ ပြုတ်ကျခြင်း ဖြစ်နေသောကြောင့်ပင်။

ပြုတ်ကျ... ပြုတ်ကျ... ပြုတ်ကျ... …..

မီတာ ၂၀၀၀၀ ခန့် ပြုတ်ကျပြီးနောက် ရုတ်တရက် တောင်ပံဖြန့်ကာ လေထဲတွင် ငြိမ်သက်စွာ ပျံဝဲလိုက်သည်။ ဤအကောင်က တော်တော် ဆိုး၏။ ရှမ့်လန်ကို သက်သက်မဲ့ ခြောက်လှန့်နေခြင်း ဖြစ်သည်။ ထို့နောက် တောင်ပံခတ်ပြီး အထက်သို့ ဆက်တိုက် ပျံတက်၏။

“ပျံသန်း…ပျံသန်းစမ်း... ပျံသန်းစမ်း...”

ရှမ့်လန် စိတ်လှုပ်ရှားလွန်းသောကြောင့် ရင်ခုန်သံများ မြန်ဆန်လာ၏။ လူသားများသည် ပျံသန်းခြင်းကို အလွန် တပ်မက်ကြသည်။ ရှမ့်လန် အပါအဝင် လူတိုင်းသည် ကောင်းကင်ပေါ် ပျံသန်းနိုင်ခြင်းအား တောင့်တကြသည်။ သူ မိုးပျံပူဖောင်း စီးဖူးသော်လည်း အမြန်နှုန်း နှေးကွေးလွန်းသောကြောင့် ပျံသန်းခြင်း၏ အရသာကို မခံစားခဲ့ရပေ။ ထို့အပြင် မိုးပျံပူဖောင်း၏ ပျံသန်းမှုက ပုံသေဆန်ပြီး တောင့်တင်းလွန်းသည်။

သို့သော်ငြား ဤ အသံထက်မြန်သော သတ္တဝါပျံကြီးက မတူညီပေ။ ပျံသန်းနှုန်းက အလွန် မြန်ဆန်ပြီး အလွန် သွက်လက်သည်။ လေထဲတွင် ပျံသန်းနေသော ဟန်ပန်က အလွန် လှပ၏။ ဒေါင်လိုက် လှည့်ပတ်ခြင်း၊ Z ပုံစံ ပျံသန်းခြင်း စသည့် လှုပ်ရှားမှုများကို အလွယ်တကူ ပြုလုပ်နိုင်၏။

ရှမ့်လန်ကမူ သူ၏ လည်ပင်းကိုသာ တင်းတင်းကျပ်ကျပ် ဖက်ထားရ၏။ ပြုတ်ကျမည် စိုးသောကြောင့် မလှုပ်ရဲပေ။

ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်းဘုရင် လက်စွပ် ရှိနေသည်။ အကောင်ကြီးက ရှမ့်လန်၏ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းပေးထား၏။ ထိုသို့မဟုတ်ပါက ရှမ့်လန်၏ ဟန်ချက်ထိန်းစနစ် ကမောက်ကမ ဖြစ်ပြီး လောကကြီးတစ်ခုလုံး ဂျွမ်းထိုးမှောက်ခုံ ဖြစ်ကာ သတိလစ်သွားပေလိမ့်မည်။

ထို့အပြင် ဤ အသံထက်မြန်သော သတ္တဝါကြီးက ဆိုးသွမ်းသော်လည်း အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်း ထားသေးသည်။ အလွန်အမင်း ကြမ်းတမ်းစွာ မပျံသန်းပေ။ ထိုသို့မဟုတ်ပါက ရှမ့်လန် ပြုတ်ကျသွားခဲ့ပြီး ဖြစ်ပေမည်။

“အ... အား...”

ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက် ရှမ့်လန်သည် သတ္တဝါပျံကြီး၏ ကျောပေါ်မှ ပြုတ်ကျသွားသည်။ သူ့အားအင်များ ကုန်ခမ်းနေပြီ ဖြစ်သည်။ လက်များက အားမရှိတော့သောကြောင့် လွှတ်လိုက်မိခြင်းဖြစ်၏။ သူ၏ တစ်ကိုယ်လုံးသည် အဆုံးမရှိသော ချောက်နက်ကြီးထဲသို့ ထိုးဆင်းကျသွားသည်။

သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ အကောင်ကြီးက သူ့ကို ဖမ်းမိလိုက်၏။ အသံထက်မြန်သော သတ္တဝါပျံကြီး၏ ခြေသည်းများက သူ့ခန္ဓာကိုယ်ကို လွယ်ကူစွာ ဖမ်းယူလိုက်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။

ဤပုံစံက ပို၍ သက်တောင့်သက်သာ ရှိသည်။ အကောင်ကြီး၏ လက်ဖဝါးတွင် အသားဖုများစွာ ရှိနေပြီး အလွန် ကြီးမားသောကြောင့်ပင်။ ရှမ့်လန်၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း နာကျင်ခြင်း မရှိသလို နေရခက်ခြင်းလည်း မရှိပေ။ အချိန်အတန်ကြာ ပျံသန်းပြီးနောက် အသံထက်မြန်သော သတ္တဝါပျံကြီးက သူ၏ အသိုက်သို့ ပြန်ရောက်လာပြီး ရှမ့်လန်ကို ချပေးလိုက်သည်။

“တချောင်... မင်း ဒီမှာပဲ နာရီအနည်းငယ်လောက် စောင့်နေနော်။ ငါ မကြာခင် ပြန်လာခဲ့မယ်။” ရှမ့်လန်က အကောင်ကြီး၏ ခေါင်းပေါ်ရှိ အင်တာနာကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။

“ဂလု... ဂလု...”

အသံထက်မြန်သော သတ္တဝါပျံကြီး၏ ဗိုက်ထဲမှ တဂွီဂွီသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူ တကယ် ဗိုက်ဆာနေပြီ ဖြစ်၏။ ထို့နောက် သူက မြေကြီးပေါ်တွင် ဝပ်လိုက်ပြီး ခေါင်းကို ကြမ်းပြင်ပေါ် တင်ကာ အနားယူနေသည်။

“လိမ္မာတယ်။” ရှမ့်လန်က အကောင်ကြီး၏ မေးစေ့ကို ကုတ်ပေးလိုက်ပြီး လှိုဏ်ဂူထဲမှ ထွက်ခွာလာခဲ့၏။ သူ လာခဲ့သော လမ်းကြောင်းအတိုင်း ပြန်လှည့်လာခဲ့၏။

မမျှော်လင့်ထားသော ကိစ္စများ မဖြစ်ပေါ်ပါက ဤနေရာမှတစ်ဆင့် သတ္တဝါပျံကြီးကို စီးနင်းပြီး မြေအောက် အပျက်အစီးများမှ ထွက်ခွာသွားနိုင်၏။ သို့သော်ငြား မင်းသားကျင်းနှင့် အခြားသူများကို နှုတ်ဆက်ရန် လိုအပ် သေးသည်။ ထို့အပြင် သူ၏စိတ်ကူးအချို့ကို အတည်ပြုရန် ရှေးဟောင်းရင်ပြင်သို့ ပြန်သွားပြီး သက်ဆိုင်သော အရာများကို စစ်ဆေးရန် လိုအပ်နေသေးသည်။

ကျောက်သားလမ်းအတိုင်း လျှောက်လှမ်းပြီးနောက် လျှို့ဝှက်လမ်းကြောင်းသို့ ပြန်ရောက်လာသည်။ ထိုမှတစ်ဆင့် ရှေးဟောင်းရင်ပြင်သို့ ရောက်ရှိ၏။

ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်း သိန်းချီက ရင်ပြင်ပေါ်တွင် သပ်သပ်ရပ်ရပ် ဒူးထောက်နေဆဲဖြစ်ပြီး ရုပ်တုများကဲ့သို့ မလှုပ်မယှက် ငြိမ်သက်နေကြသည်။

ဤတစ်ကြိမ်တွင် ရှမ့်လန်၌ ရည်ရွယ်ချက် တစ်ခုရှိ၏။ ဤရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်းများကို စစ်ဆေးရန် ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင်။ သဲလွန်စအချို့ တွေ့ရှိလိုက်ရ၏။

ဤရှေးဟောင်းလူသား သိန်းချီအနက် အဆင့်အတန်း မြင့်မားသော စစ်သည်များ၊ စစ်သူကြီးများနှင့် မှူးမတ်အချို့ ပါဝင်၏။ သူတို့၏ လက်ချောင်းများတွင် လက်စွပ် ဝတ်ဆင်ထားခဲ့သော အရာများ ကျန်ရှိနေသော်လည်း လက်စွပ်များမှာ ပျောက်ဆုံးနေသည်။

ဤအချက်က မည်သည့်အရာကို သက်သေပြနေသနည်း။ ရှမ့်လန် ရဲရဲဝံ့ဝံ့ ခန့်မှန်းလိုက်၏။ ရှေးဟောင်း ယဉ်ကျေးမှုတွင် လက်စွပ်များသည် အလွန် အရေးပါသော အရာများ ဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာ၏ သင်္ကေတများ ဖြစ်ကြသည်။ လူတစ်ဦး၏ အဆင့်အတန်း မြင့်မားလေ သူဝတ်ဆင်သော လက်စွပ်အဆင့် မြင့်မားလေ ဖြစ်ပြီး သူ၏ လုပ်ပိုင်ခွင့် အာဏာလည်း မြင့်မားလေ ဖြစ်၏။

ဤလက်စွပ်များသည် ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ရုံသာမက စွမ်းအင်ဝဲကတော့များကို ဖွင့်နိုင်၊ ပိတ်နိုင်ပြီး ရှေးဟောင်းသတ္တဝါများကိုလည်း ထိန်းချုပ်နိုင်၏။ သူ ခန့်မှန်းထားသည့်အတိုင်း မှန်ကန်ပါက ရှေးဟောင်း သတ္တဝါ အားလုံး၏ ခန္ဓာကိုယ်ထဲတွင် အိမ်မက်ဆိုးကျောက်တုံးများ ထည့်သွင်းထားပြီး လုပ်ပိုင်ခွင့် လက်စွပ် ရှိသူများသာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ရှမ့်လန် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်၏။ ရင်ပြင်ပေါ်ရှိ လူသိန်းချီအနက် လုပ်ပိုင်ခွင့် လက်စွပ် ပိုင်ဆိုင်သူ ထောင်ဂဏန်းခန့် ရှိပေမည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ လက်ချောင်းများတွင် လက်စွပ်ရာများ ရှိနေသောကြောင့် ဖြစ်၏။

သို့သော်ငြား လက်စွပ်အားလုံးမှာ အစအနမကျန် ပျောက်ဆုံးနေ၏။ တစ်ကွင်းမှ ကျန်မနေခဲ့ပေ။ ထို့ဆိုလျှင် ဤလုပ်ပိုင်ခွင့် အာဏာကို ပိုင်ဆိုင်သော လက်စွပ်များ မည်သည့်နေရာသို့ ရောက်သွားသနည်း။ မည်သူ ယူသွားသနည်း။

ရှမ့်လန်၏ လက်ချောင်းပေါ်ရှိ လုပ်ပိုင်ခွင့်အာဏာ လက်စွပ်က လွန်စွာ အဆင့်မြင့်မားသည်မှာ ထင်ရှားသည်။ မည်သို့ပင်ဖြစ်စေ ဘုရင်လက်စွပ် ဖြစ်သည်။ ဤလက်စွပ် မပျောက်ဆုံးရသည့် အကြောင်းရင်းမှာ လောကပျက်ကပ် ကြုံတွေ့ချိန်တွင် ဤလက်စွပ်ကို ဝတ်ဆင်ထားသော ဘုရင်က ကျောင်းဆောင်ထဲ ရှိနေသောကြောင့် ဖြစ်မည်။ ကျောင်းဆောင်တွင် သာမန်လူများ မဝင်ရောက်နိုင်သော စွမ်းအင်ဝဲကတော့ ရှိသည်။ ရှမ့်လန်ကဲ့သို့ သွေးမျိုးဆက်မျိုး ရှိသူများသာ ဝင်ရောက်နိုင်၏။

ထို့ကြောင့်ပင် ဤဘုရင်လက်စွပ်က ဘေးကင်းစွာ ကျန်ရစ်ခဲ့ပြီး ရှမ့်လန် ပိုင်ဆိုင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ ဤအရာအားလုံးက ကောင်းကင်ဘုံ၏ အလိုဆန္ဒ ဖြစ်ပုံရသည်။

ထို့အပြင် ရှမ့်လန်၏ ခံစားချက် မှန်ကန်နေခဲ့သည်။ ဤဘုရင်လက်စွပ်က နဂါးနောင်တ ထက် ပို၍ တန်ဖိုးရှိသည်။ ရှေးဟောင်းယဉ်ကျေးမှု၌ ထိုအရာသည် စွမ်းအား၊ အာဏာနှင့် အရာအားလုံးကို ကိုယ်စားပြု၏။

ရှေးဟောင်းလောကတွင် လူတစ်ယောက်၏ လုပ်ပိုင်ခွင့်၊ အာဏာ၊ အဆင့်အတန်းသည် သူဝတ်ဆင်ထားသော လက်စွပ် အဆင့်အတန်းပင် ဖြစ်သည်။ သို့သော်ငြား ကျူးမိသားစု၏ လျှို့ဝှက်စခန်းတွင် ရှမ့်လန် တွေ့ရှိခဲ့သော ရှေးဟောင်းလူသား ကျောက်ဖြစ်ရုပ်ကြွင်း အနည်းငယ်မှာမူ လက်ချောင်းများတွင် လုပ်ပိုင်ခွင့် လက်စွပ် မရှိကြပေ။

ရှမ့်လန်၏ တွက်ချက်မှုအရ ရင်ပြင်ပေါ်ရှိ လူသိန်းချီမှာ ရှေးဟောင်း ယဉ်ကျေးမှု၏ မဟာပျက်သုဉ်းခြင်း နှင့် ကြုံတွေ့ခဲ့ရသူများ ဖြစ်သည်။ ကျူးမိသားစု၏ လျှို့ဝှက်စခန်းရှိ ရှေးဟောင်းလူသားများမှာမူ ရှေးဟောင်း ပျောက်ဆုံးအင်ပါယာ၏ ရန်သူများနှင့် ကြုံတွေ့ခဲ့ရသူများ ဖြစ်သည်။ သူတို့အားလုံး လူသား ကျောက်ဖြစ် ရုပ်ကြွင်းများ ဖြစ်ကြသော်လည်း ခေတ်ကာလ တူညီမည် မဟုတ်ချေ။

………….

နာရီအနည်းငယ် ကြာပြီးနောက် ရှမ့်လန်က ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးများဆီသို့ ပြန်သွားသည်။ သို့သော်ငြား အတော်လေး ဝေးကွာနေသေး၏။

မင်းသားကျင်းနှင့် အခြားသူများက ထိုနေရာတွင် စောင့်ဆိုင်းနေကြသေးသည်။

ပြန်ရောက်သည်နှင့် ရှမ့်လန်က စိတ်ကြိုက် စားသောက်လိုက်၏။ အသားမပါသော်လည်း အခြား အစားအစာများ နှင့် သစ်သီးများ ပေါများသည်။ အရသာ ရှိလှ၏။ မြင်းနို့ရည်ပင် ရှိသေးသည်။ ယခုအချိန်တွင် လူ ၅ သောင်း စုစည်းပြီးပြီ ဖြစ်သောကြောင့် အချိန်မရွေး ထွက်ခွာနိုင်၏။

“အစ်ကိုကျင်း... အနောက်ဘက် ရှေးဟောင်း အထူးလမ်းကြောင်းမှာ စွမ်းအင်ဝဲကတော့ တစ်ခု ရှိတယ်။ ဝဲကတော့ရဲ့ တစ်ဖက်ခြမ်းမှာ ရှေးဟောင်းအပျက်အစီး တစ်ခု ရှိတယ်။ အဲဒါက ကြီးမားတဲ့ ရင်ပြင်ကြီး တစ်ခုပဲ။ ရင်ပြင်ရဲ့ မြေအောက် လမ်းကြောင်းကနေတစ်ဆင့် ကြီးမားတဲ့ ချောက်နက်ကြီး တစ်ခုဆီ ရောက်သွားတယ်။ အဲဒီ ချောက်နက်ကြီးမှာ ထွက်ပေါက် တစ်ခု ရှိလိမ့်မယ်။ အဲဒါက ရှေးဟောင်းအင်ပါယာရဲ့ လေတပ် ထွက်ပေါက်ဖြစ်ဖို့ များတယ်။

ကျုပ် အသက်ရှင် ကျန်ရစ်နေတဲ့ ရှေးဟောင်း သတ္တဝါပျံကြီး တစ်ကောင် တွေ့ခဲ့တယ်။ အရမ်း အစွမ်းထက်တယ်။ အဲဒီအကောင်က ကျုပ်ကို ခေါ်ထုတ်သွားပြီး နုရှောင့်မြို့တော်ဆီ တိုက်ရိုက် ပျံသန်း သွားနိုင်လိမ့်မယ်။ အခုလောလောဆယ် ကျင်းကန်တောင် အပြင်ဘက်မှာ စေတီတောင်က စစ်သည် အများအပြား ချထားလိမ့်မယ်။ ကျုပ်တို့ ထွက်သွားတာနဲ့ ချက်ချင်း အသတ်ခံရလိမ့်မယ်။

အနောက်ဘက် ထွက်ပေါက်ကျတော့ ခင်ဗျားတို့ ဖြတ်သန်းလို့ မရဘူး။ အောက်ဆီဂျင် လုံးဝ မရှိတဲ့အပြင် အမြင့်ဆုံး အပူချိန်က တစ်ထောင် ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ ဒါကြောင့် ခင်ဗျားတို့ ဒီမှာပဲ ခဏလောက် ဆက်နေကြပါ။ ကျုပ် တစ်ယောက်တည်း ပျံသန်းထွက်ခွာပြီး နုရှောင့်မြို့တော်ကို အမြန်ဆုံး ပြန်သွားမယ်။ စေတီတောင်နဲ့ ရင်ကွမ်းရဲ့ စစ်တပ်ကို အနိုင်တိုက်မယ်။

စစ်ပွဲ ပြီးတာနဲ့ ကျင်းကန်တောင် အပြင်ဘက်က စေတီတောင် တပ်ဖွဲ့တွေ ဆုတ်ခွာသွားလိမ့်မယ်။ အဲဒီအချိန်ကျမှ ကျုပ်က ကျင်းကန်တောင် ထွက်ပေါက်ကို အပြင်ကနေ လာဖွင့်ပေးမယ်။ ပြီးရင် ခင်ဗျားတို့ ထွက်လာကြပေါ့။ အလွန်ဆုံး တစ်လ မပြည့်ခင်မှာ ခင်ဗျားတို့ကို ဒီကနေ ခေါ်ထုတ်ပြီး နုရှောင့်မြို့တော်ဆီ ပြန်ခေါ်သွားနိုင်ပါလိမ့်မယ်။ ပြဿနာ ရှိမလား။” ရှမ့်လန်က မေးလိုက်သည်။

“ပြဿနာ မရှိပါဘူး။”

မင်းသားကျင်းက ပြော၏။ “တစ်လလောက် အချိန်ရမယ်ဆိုရင် ပိုတောင် ကောင်းပါသေးတယ်။ မြေဆီလွှာနဲ့ အပင်များများ သယ်ထုတ်လာလို့ ရတာပေါ့။”

ရှမ့်လန်က မင်းသားကျင်း၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “အဲဒီကျမှ တွေ့ကြမယ်။”

ထို့နောက် ရှမ့်နု၏ ရင်ခွင်ထဲမှ လသားအရွယ်ရှိ မျက်လုံးပြာ ကလေးငယ်ကို ပွေ့ချီလိုက်၏။ “မင်းကို ငါ နောက်ဆုံးချီတုန်းကလည်း အိပ်နေတယ်။ အခုလည်း အိပ်နေတုန်းပဲလား။ တာ့တာ... ကလေးလေး။ မင်းကို မကြာခင် အိမ်ပြန်ခေါ်သွားမယ်နော်။ ဟုတ်ပြီလား။”

ရှမ့်လန်က ကလေးငယ်၏ နဖူးကို ဖွဖွလေး ထိလိုက်ပြီး မရပ်မနား ပြန်လည် ထွက်ခွာလာခဲ့သည်။

“ဘေးကင်းပါစေ အရှင်...”

“ဘေးကင်းပါစေ အရှင်...”

ရှိနေသော လူ ၅ သောင်းက စည်းကမ်းတကျ ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။

ရှမ့်လန်က လက်ကို အသာအယာ ဝှေ့ယမ်းပြပြီး အနောက်ဘက် ရှေးဟောင်း အထူးလမ်းကြောင်းမှတစ်ဆင့် နောက်တစ်ကြိမ် ထွက်ခွာသွားသည်။

………………

တစ်ရက် ကြာပြီးနောက် ရှမ့်လန်က အောက်ခြေမဲ့ ချောက်နက်ကြီးဆီသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြီး အသံထက်မြန်သော ရှေးဟောင်း သတ္တဝါပျံကြီး၏ အသိုက်ဆီသို့ ရောက်ရှိလာ၏။ တချောင်က ကြမ်းပြင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေဆဲပင်။ ဗိုက်ထဲမှ အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ သူ တကယ် ဗိုက်ဆာနေပြီ ဖြစ်၏။

“ကဲ တချောင်... သွားကြစို့။ ငါ မင်းကို အပြင်ခေါ်သွားပြီး ဝဝလင်လင် ကျွေးမယ်။” ရှမ့်လန်က တချောင်၏ မေးစေ့ကို ကုတ်ပေးလိုက်သည်။

သတ္တဝါပျံကြီးက မတ်တပ် ထရပ်လိုက်၏။ သူက ရှမ့်လန်ကို ကျောပေါ် အစီးမခံတော့ပေ။ ထိုအစား ခြေသည်းများဖြင့် ဆုပ်ကိုင်ပြီး ချောက်နက်ကြီးထဲမှ မြန်ဆန်စွာ ခုန်ထွက်ကာ တောင်ပံဖြန့်ပြီး မြင့်မားစွာ ပျံသန်းသည်။ ချောက်နက်ကြီးတစ်လျှောက် အပေါ်သို့ ဆက်တိုက် ပျံတက်သွား၏။ မီတာ သောင်းချီ ပျံတက်ပြီးနောက် နောက်ဆုံးတွင် ချောက်နက်ကြီး၏ အဆုံးသို့ ရောက်ရှိသွား၏။

ဟုတ်ပေ၏။ ဤနေရာက ထွက်ပေါက်ပင်။ ရှေးဟောင်းအင်ပါယာ၏ လေတပ်တော်က ဤနေရာမှ ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။ သို့သော်ငြား ဤထွက်ပေါက်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည့် အလွန် ကြီးမားသော ကျောက်တံခါးကြီး တစ်ချပ် ရှိနေသည်။

ဤ အသံထက်မြန်သော သတ္တဝါပျံကြီးက အကြိမ်များစွာ ပျံသန်းထွက်ရန် ကြိုးစားခဲ့သော်လည်း ဤတံခါးကြီး ပိတ်ဆို့ထားသောကြောင့် မအောင်မြင်ခဲ့ပုံရသည်။ သူက ခေါင်းငုံ့ပြီး ရှမ့်လန်ကို ညည်းတွားပြနေ၏။ အပြင်မထွက်နိုင်လျှင် အတွင်းထဲ၌ ငတ်သေသွားရတော့မည့် ပုံပင်။ ဤထွက်ပေါက်တံခါး ဘေးတွင် စင်မြင့်တစ်ခု ရှိနေပြီး ထိုစင်မြင့်ပေါ်တွင် ထိန်းချုပ်ခလုတ် တစ်ခု ရှိ၏။

“တချောင်... ငါ့ကို ချပေး။” ရှမ့်လန်က အမိန့်ပေးလိုက်သည်။

အသံထက်မြန်သော သတ္တဝါပျံကြီးက ပျံသန်းသွားပြီး ရှမ့်လန်ကို စင်မြင့်ပေါ်သို့ ညင်သာစွာ ချပေးလိုက်၏။

ရှမ့်လန်က ခလုတ်ကို သွားလှည့်သော်လည်း လုံးဝ မလှုပ်ရှားပေ။ သို့သော်ငြား ခလုတ်အောက်တွင် မှေးမှိန်နေသော လက်ဗွေရာ တစ်ခု ရှိနေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။ လက်စွပ်ရာလည်း ပါရှိသည်။

သူက လက်ဖဝါးကို တိုက်ရိုက် တင်လိုက်၏။ အထူးသဖြင့် ရှေးဟောင်းဘုရင် လက်စွပ်ရာကို သေချာ ဖိထားလိုက်သည်။ ရုတ်တရက် ချောက်နက်ကြီး ထွက်ပေါက်၏ ခလုတ်က လင်းလက်လာ၏။ ဤအရာကလည်း အိမ်မက်ဆိုးကျောက်တုံးဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ထွက်ပေါက် ခလုတ် ပွင့်သွားပြီ ဖြစ်၏။

ရှမ့်လန်က လက်လှမ်းပြီး ခလုတ်ကို လှည့်လိုက်သည်။

“ဂလုန်း...”

ချောက်နက်ကြီး ဝင်ပေါက်၏ တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်လာသည်။ အပြင်ဘက်မှ လရောင်များ ဝင်ရောက်လာ၏။ တကယ်ပဲ အပြင်ဘက် ကမ္ဘာမြေပင်။

နောက်ဆုံးတော့ မြေပြင်ပေါ် ပြန်ရောက်တော့မည်။ ရှမ့်လန်က ဝမ်းသာလွန်း၍ မျက်ရည်ကျချင်သလို ဖြစ်သွားရသည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူက မြေအောက်ကမ္ဘာတွင်သာ အချိန်ကုန်ဆုံးခဲ့ရ၏။ ယခု နောက်ဆုံးတော့ လွတ်လပ်စွာ မြေပြင်ပေါ် ပြန်တက်နိုင်တော့မည်။

ဤ အသံထက်မြန်သော ရှေးဟောင်းသတ္တဝါပျံကြီးက ပို၍ပင် စိတ်လှုပ်ရှားနေ၏။ တောင်ပံခတ်လိုက်၊ ခြေထောက်ယက်လိုက်ဖြင့် ရှမ့်လန်ကို အဆက်မပြတ် အော်မြည်ပြနေသည်။ အပြင်မထွက်ရလျှင် တကယ် ငတ်သေတော့မည်။ ယခုတော့ သူလည်း အပြင်ထွက်ရတော့မည်။ သူလည်း လွတ်လပ်တော့မည်။

ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “သွားစို့ တချောင်... နုရှောင့်မြို့တော်ဆီ ပျံသန်းကြမယ်။ အခုအချိန်ဆိုရင် စေတီတောင်နဲ့ ရင်ကွမ်းရဲ့ စစ်တပ်တွေ စုစည်းပြီးလောက်ပြီ။ နုရှောင့်မြို့တော်ကို တိုက်ခိုက်တော့မယ်။ ပြီးတော့ သူတို့မှာ လေတပ်လည်း ပါလာတယ်။

ငါတို့ အခု ပြန်သွားပြီး စေတီတောင်နဲ့ ရင်ကွမ်းကို အံ့အားသင့်စရာ အကြီးကြီး ပေးလိုက်ကြရအောင်။ တချောင်... မင်းရဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်ကို ပြသရမယ့် အခွင့်အရေး ရောက်လာပြီ။ သွားပြီး သူတို့ကို အကုန် သတ်ပစ်လိုက်ကြစို့... ဟား ဟား ဟား။”

“ဂါး... ဂါး... ဂါး...”

အသံထက်မြန်သော ရှေးဟောင်းသတ္တဝါပျံကြီးကလည်း ရွှင်လန်းတက်ကြွစွာ အော်မြည် လိုက်၏။

ပြီးနောက် ရှမ့်လန်ကို ခြေသည်းများဖြင့် တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ တောင်ပံခတ်ပြီးနောက် ချောက်နက်ကြီး ထွက်ပေါက်မှ ကောင်းကင်ယံသို့ ပျံတက်ပြီး နုရှောင့်မြို့တော်ရှိရာ အရပ်ဆီသို့ ဦးတည်သွား လေသည်။

…………..

All Chapters