← Chapters

အခန်း (၁၀၇၅-၁၀၇၆)

Vol. 63 Ch. 1075-1076

အခန်း (၁၀၇၅-၁၀၇၆)

Vol. 63 Ch. 1075-1076

အပိုင်း (၁၀၇၅)

“ဝေါင်း...”

အသံထက်မြန်သော သတ္တဝါပျံကြီးသည် မြေအောက်မှ ပြေးထွက်လာပြီးနောက် တောင်ပံများကို အစွမ်းကုန် ခတ်ကာ လေထုထဲသို့ ဆက်လက် ပျံတက်သွား၏။ ခဏအကြာတွင် အမြင့် မီတာ ၄၀၀၀၊ ၅၀၀၀ ခန့်သို့ ရောက်ရှိသွားသည်။ အမှန်စစ်စစ်တွင် သူက ပို၍ မြင့်မားစွာ ပျံသန်းနိုင်သေးသည်။

ဤသည်မှာ သူ၏ တိုက်ပွဲဝင် အလေ့အထပင်။ လေထဲသို့ ရောက်သည်နှင့် တပြိုင်နက် ကောင်းကင်တစ်ခုလုံး ကို စီးမိုးကြည့်ရှုနိုင်ပြီး ပစ်မှတ်ကို ရှာဖွေနိုင်ရန် အသာစီးရသော အမြင့်တစ်ခုကို ယူလိုက်ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်းဘုရင့်လက်စွပ် ရှိနေသည်။ ထိုသို့မဟုတ်ပါက ဤအမြင့်တွင် ရှမ့်လန် ခဲသေသွားနိုင်၏။

မြင့်မားသော နေရာသို့ ရောက်ပြီးနောက် အသံထက်မြန်သော သတ္တဝါပျံကြီးသည် ချက်ချင်း ရှေ့ဆက်မသွားဘဲ ကောင်းကင်တွင် စက်ဝိုင်းပုံစံ တစ်ပတ် ပျံဝဲလိုက်၏။ ရန်သူ့အခြေအနေကို စောင့်ကြည့်ရန်ပင်။

ဤအချိန်တွင် ၎င်း၏ မျက်လုံးများမှ အစိမ်းရောင် အလင်းယုန်န်းများ ထွက်ပေါ်လာ၏။ အမှောင်ထဲတွင်ပင် တောက်ပနေသည်။ ထို့အပြင် မျက်စိသူငယ်အိမ်များက မြင်ကွင်းကို လှည့်ပတ်ကြည့်ရှုနိုင်၏။ မျက်လုံးနှစ်လုံးဖြင့် ၃၆၀ ဒီဂရီ မြင်ကွင်းကို ရရှိနိုင်ပြီး သီးခြားစီလည်း အာရုံစိုက် ကြည့်ရှုနိုင်သည်။

ယခုတော့ ပုတ်သင်ညိုနှင့် လင်းနို့တို့၏ မျိုးစပ်သတ္တဝါ ဖြစ်ရခြင်းကို ရှမ့်လန် နားလည်ခဲ့လေသည်။ ပုတ်သင်ညို မျိုးဗီဇကြောင့် ခန္ဓာကိုယ်က လေခွင်းအား ပိုကောင်းပြီး ပိုမို လျင်မြန်ကာ ပိုမို သွက်လက်စေသည်။ ပို၍ အရေးကြီးသည်မှာ အမြင်အာရုံပင်။

ကမ္ဘာမြေပေါ်တွင် လူသားများထက် အမြင်အာရုံ ပိုကောင်းသော တိရစ္ဆာန်များစွာ ရှိသည်။ အိမ်မြှောင်နှင့် ပုတ်သင်ညိုတို့သည် ထိပ်ဆုံးတွင် ရှိကြပြီး ဤနှစ်ကောင်စလုံးမှာ ပုတ်သင်မျိုးနွယ်များ ဖြစ်ကြသည်။ သူ့ရှေ့ရှိ အသံထက်မြန်သော သတ္တဝါပျံကြီးသည် ဤတိရစ္ဆာန်များ၏ အားသာချက်များကို ရရှိထားခြင်း ဖြစ်၏။

ယခုအချိန်သည် ညအချိန်ဖြစ်ပြီး ဤနေရာက ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးနှင့် မိုင် ၂၀၀ ကျော် ဝေးကွာသည်။ စေတီတောင်၏ နှင်းလင်းယုန်တပ်ဖွဲ့က ဤဧရိယာ၏ ကောင်းကင်ကို ထိန်းချုပ်ထား သော်လည်း ကောင်းကင်ကြီးက ကျယ်ပြောလွန်းလှသည်။

မိုင်ရာချီ ကျယ်ဝန်းသော နေရာတွင် ပျံသန်းနေသော အရာဝတ္ထုတစ်ခုကို အချိန်တိုအတွင်း ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်သလောက်ပင်။

“ဂလုန်း...”

ရှမ့်လန်နှင့် အသံထက်မြန်သော သတ္တဝါပျံကြီး ထွက်ခွာသွားသည်နှင့် တပြိုင်နက် ချောက်နက်ကြီး ထွက်ပေါက်၏ တံခါးကြီးမှာ ဖြည်းညှင်းစွာ ပြန်ပိတ်သွားပြီး သာမန် မြေပြင်အတိုင်း ပြန်ဖြစ်သွားသည်။ ကျောက်တုံးများက သာမန် မြေပြင်နှင့် ထပ်တူနီးပါး တူညီနေသောကြောင့် ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်တော့ပေ။

ပတ်ဝန်းကျင်ရှိ ဝေဟင်နယ်နိမိတ်တစ်ခုလုံး ဘေးကင်းကြောင်း သေချာပြီးနောက် အသံထက်မြန်သော သတ္တဝါပျံကြီးသည် အောက်သို့ ဆင်းသက်လာပြီး သူ၏ ထူးကဲသော အမြင်အာရုံဖြင့် မြေပြင်ကို ရှာဖွေကာ အစာရှာတော့သည်။

သို့သော်ငြား ကံဆိုးစွာဖြင့် ရှေးဟောင်းမျိုးနွယ် နယ်မြေတစ်ခုလုံးသည် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်ခန့်က ဂေဟစနစ် ပျက်သုဉ်းစေသော ကပ်ဘေးကြီးတစ်ခု ကြုံတွေ့ခဲ့ရသည်။ မိုင်ထောင်ချီသော ရှေးဟောင်း သစ်တောကြီးများ မီးလောင်ကျွမ်းခဲ့ပြီး တိရစ္ဆာန်အားလုံး မီးလောင်သေဆုံးခဲ့၏။

ဤနေရာသည် ပင်လယ်နှင့် နီးကပ်ပြီး အပူချိန် မြင့်မားကာ စိုထိုင်းဆ များပြားသောကြောင့် မီးလောင်ကျွမ်း ထားသော တောင်များနှင့် တောရိုင်းမြေများတွင် အစိမ်းရောင် အပင်များ ကျဲပါးစွာ ပြန်လည် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

ဤအပင်များ၏ မျိုးစေ့များ မည်သည့်နေရာမှ ရောက်လာသနည်း ဆိုသည်မှာ မသိရသော်လည်း မျိုးပင်တို့၏ ရှင်သန်နိုင်စွမ်းက အလွန် ကောင်းမွန်သည်။ သို့သော်ငြား တောရိုင်းတိရစ္ဆာန်ဟူ၍ မရှိသလောက်ပင်။

ထို့ကြောင့် တချောင်သည် အချိန်ကြာမြင့်စွာ ရှာဖွေသော်လည်း ဘာမှ မတွေ့ရပေ။ သူ့ဗိုက်ထဲမှ တဂွီဂွီ အသံများ ပို၍ ကျယ်လောင်လာသည်။

ရှမ့်လန်က နှစ်သိမ့်ပေးလိုက်၏။ “နည်းနည်းလောက် သည်းခံလိုက်ပါအုံး။ မြောက်ဘက် မိုင် ၆၀၀၀ အကွာက ချင်နိုင်ငံ ကုန်းမြင့်ဒေသကို ရောက်ရင် နွားတွေ၊ သိုးတွေ အများကြီး ရှိတယ်။ အဲဒီကျရင် မင်း စိတ်ကြိုက် စားလို့ရပြီ။”

အသံထက်မြန်သော သတ္တဝါပျံကြီးသည် ကောင်းကင်ယံသို့ တစ်ဖန် ပြန်လည် ပျံတက်သွား၏။ ဒီတစ်ကြိမ်တွင် ပို၍ပင် မြင့်မားသည်။ အမြင့် မီတာ ၇၀၀၀၊ ၈၀၀၀ အထိ တိုက်ရိုက် ပျံတက်သွားပြီး မြောက်ဘက်သို့ ဦးတည် ပျံသန်း၏။ ဤပျံသန်းနှုန်းက တကယ်ကို အံ့မခန်းပင်။

ရှမ့်လန် တွက်ချက်ကြည့်ရာ တစ်နာရီလျှင် မိုင် ၁၀၀၀ နှုန်းအထိ ရောက်ရှိနေသည်။ ထိုနှုန်းသည် ကီလိုမီတာ ၅၀၀ နှင့် ညီမျှ၏။ ဤသည်မှာ ပုံမှန် ပျံသန်းနှုန်းသာ ဖြစ်ပြီး အမြန်နှုန်း မြှင့်တင်ထားခြင်း မဟုတ်ပေ။ ထို့အပြင် အလွန်အမင်း ဆာလောင်နေသော အခြေအနေတွင် ဖြစ်သည်။

ထို့အပြင် ဤမျှ မြင့်မားသော အမြင့်သည် စေတီတောင် နှင်းလင်းယုန် တပ်တော်၏ မြင်ကွင်းအပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ရန်သူ ပို၍ နည်းပါးသည်။ တချောင်၏ ပျံသန်းနိုင်စွမ်းမှာ အလွန် ကောင်းမွန်ပြီး ၆ နာရီတိတိ မနားမနေ ပျံသန်းနိုင်၏။

သို့နှင့် လူတစ်ယောက်နှင့် သတ္တဝါတစ်ကောင်သည် မီတာထောင်ချီ အမြင့်မှ မြောက်ဘက်သို့ ပျံသန်းလာခဲ့ ကြသည်။

ရှမ့်လန်က အသံထက်မြန်သော သတ္တဝါပျံကြီးပေါ်မှနေ၍ ရှေးဟောင်းနယ်မြေတစ်ခုလုံးကို စီးမိုးကြည့်ရှုနိုင် ခဲ့သည်ဟု ဆိုရမည်။ မိုင် ၄၀၀၀ ကျော် ပျံသန်းပြီးနောက် နောက်ဆုံးတွင် ထူထပ်သော သစ်တောတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ရှေးဟောင်းမျိုးနွယ်၏ နောက်ဆုံး ကျန်ရစ်သော သစ်တောပင်။

၆ နာရီ ကြာ ပျံသန်းပြီးနောက် နောက်ဆုံးတွင် ရှေးဟောင်းမျိုးနွယ် နယ်မြေမှ ထွက်ခွာပြီး ချင်နိုင်ငံ ကုန်းမြင့်ဒေသသို့ ရောက်ရှိလာ၏။

ချင်နိုင်ငံ၏ လူဦးရေမှာ အလွန် နည်းပါးသော်လည်း နယ်မြေ အကျယ်အဝန်းမှာ အလွန် ကြီးမားသည်။ မျိုးနွယ်စု၏ အမဲလိုက်ကွင်းများအပြင် တောရိုင်းနွားနှင့် တောရိုင်းသိုးများလည်း အများအပြား ရှိသည်။

ချင်နိုင်ငံ ကုန်းမြင့်ဒေသသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် အသံထက်မြန်သော သတ္တဝါပျံကြီးသည် အလွန် လွတ်လပ် ပေါ့ပါးသော အသံဖြင့် အော်မြည်လိုက်၏။

ချက်ချင်းပဲ တောရိုင်းနွားအုပ် တစ်အုပ်ကို မျက်စိကျသွားသည်။ ထို့နောက် အမြန်ဆုံး တိုက်လေယာဉ် တစ်စင်းကဲ့သို့ ဒေါင်လိုက်နီးပါး ထိုးဆင်းလေတော့၏။ ဤအရာက သောက်ကျိုးနည်း လေထဲမှ ပြုတ်ကျခြင်းကဲ့သို့ပင်။

ကံကောင်းထောက်မစွာဖြင့် ရှမ့်လန်၌ ရှေးဟောင်းဘုရင့်လက်စွပ် ရှိနေသည်။ ထိုသို့မဟုတ်ပါက ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ထိုးဆင်းမှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ ရိုလာကိုစတာ စီးရခြင်းထက် အဆပေါင်း မည်မျှ ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းသနည်းကို မသိပေ။ အမြင့် မီတာ ၈၀၀၀ မှ ထိုးဆင်းမှုသည် စက္ကန့် ၂၀ မျှသာ ကြာမြင့်၏။ ကြောက်ခမန်းလိလိပင်။

တောရိုင်းနွားအုပ်မှာ အေးအေးဆေးဆေး မြက်စားနေကြစဉ် ရုတ်တရက် ကောင်းကင်မှ ရန်သူကြီး တစ်ကောင် ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။

“ဝေါ...” အသံထက်မြန်သော သတ္တဝါပျံကြီးသည် မြေကြီးနှင့် မီတာ ဒါဇင် အနည်းငယ်သာ လိုတော့သည့် အချိန်တွင် လမ်းကြောင်း တိုက်ရိုက် ပြောင်းလိုက်ပြီး မြေပြင်နှင့်အညီ ပျံသန်း၏။

‘ဒီလောက်ကြီး လုပ်ဖို့ လိုလို့လား ... ချီးတဲ့မှ။’

ရှမ့်လန်က မြေကြီးနှင့် ဝင်တိုက်တော့မည်ဟု အမှန်တကယ် ထင်မှတ်ခဲ့သည်။ ထို့အပြင် မြေကြီးနှင့် တစ်မီတာအောက်သာ ကွာဝေး၏။ ဤထိန်းချုပ်နိုင်စွမ်းက မည်သည့် တိုက်လေယာဉ်ထက်မဆို အပြည့်အဝ သာလွန်နေသည်။

ထိုတောရိုင်းနွားမှာ မြက်စားနေဆဲ ဖြစ်၏။ ရုတ်တရက် ခန္ဓာကိုယ် တစ်ခုလုံး ကောင်းကင်ပေါ်သို့ လွင့်တက် သွား၏။

အသံထက်မြန်သော သတ္တဝါပျံကြီးက ခြေသည်းတစ်ဖက်ဖြင့် ဖမ်းဆွဲပြီး ကောင်းကင်သို့ ပျံတက်သွားကာ ဆက်တိုက် မြင့်တက်သွားသည်။

ဤတောရိုင်းနွားမှာ ပေါင် တစ်ထောင်ခန့် လေးလံပြီး မီတာ အနည်းငယ် ရှည်လျားသည်။ သို့သော်ငြား အသံထက်မြန်သော သတ္တဝါပျံကြီးက ခြေသည်းတစ်ဖက်တည်းဖြင့် ဖမ်းဆွဲသွားနိုင်သည် ဆိုတော့ မည်မျှ အင်အားကြီးမားလိုက်သနည်း။

ထိုအချိန်တွင် တောရိုင်းနွားမှာ လုံးဝ ကြောင်အသွားသည်။

‘သောက်ကျိုးနည်း... ဘာဖြစ်သွားတာလဲ။ လွန်ခဲ့တဲ့ တစ်စက္ကန့်က ငါ မြေကြီးပေါ်မှာ မြက်စားနေတာလေ။ ဘယ်လိုလုပ် ရုတ်တရက် ကောင်းကင်ပေါ် ရောက်သွားရတာလဲ။ ဒါ ဘယ်နေရာလဲ။ ငါ ဘယ်သူလဲ။ ငါ ဘယ်သွားနေတာလဲ။’

ကောင်းကင်ယံ မီတာ ရာချီ အမြင့်သို့ ရောက်ချိန်မှာတော့ အသံထက်မြန်သော သတ္တဝါပျံကြီးက ခြေသည်းဖြင့် ကုတ်ထားခြင်းကို လွှတ်လိုက်ပြီး တောရိုင်းနွားကို အောက်သို့ ပစ်ချလိုက်၏။

“ဘုန်း...”ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး တောရိုင်းနွားမှာ မြေကြီးပေါ် ပြုတ်ကျကာ တစ်စစီ ဖြစ်သွားသည်။

‘သောက်ကျိုးနည်း... ရက်စက်လွန်းလိုက်တာ။’

ထို့နောက် တချောင်က ကောင်းကင်သို့ ပျံတက်သွားပြီး နောက်တစ်ကြိမ် ပြန်လည် ထိုးဆင်းလာပြန်သည်။ နောက်ထပ် တောရိုင်းနွား တစ်ကောင်ကို ဖမ်းဆွဲပြီး ကောင်းကင်မှ ပစ်ချလိုက်ပြန်၏။

တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက် .....။

ရှမ့်လန် ကြောင်အသွားသည်။ “မင်း... နွားဘယ်နှကောင် ဖမ်းမှာလဲ။ ဒါ ဘူဖေးလို့ ထင်နေတာလား။ မကုန်နိုင်ရင်တောင် အတင်း ယူနေသေးတယ်။ အိမ်ကို ပါဆယ်ဆွဲလို့ မရဘူးနော်။”

စုစုပေါင်း နွား ၅ ကောင် တစ်စစီ ဖြစ်သွားပြီး တစ်နေရာတည်းတွင် စုပုံကျနေသည်။ အသံထက်မြန်သော သတ္တဝါပျံကြီးက သူ၏ မြင်ကွင်းထဲတွင် နောက်ထပ် တောရိုင်းဆိတ် တစ်ကောင်ကို တွေ့ရှိလိုက်ပြီး တိုက်ရိုက် ဖိသတ်လိုက်ပြန်၏။

နောက်ဆုံးတွင် ကောင်းကင်မှ ဆင်းသက်လာပြီး မြေပြင်သို့ ပြန်ရောက်လာကာ အကြီးအကျယ် စားသောက်ဟန် ပြင်တော့၏။ ထို့နောက် သေဆုံးနေသော တောရိုင်းဆိတ်ကို ရှမ့်လန် ရှေ့သို့ ချပေးသည်။

“အင်း... ကျေးဇူးပါပဲ။ ဒါပေမဲ့ ငါက အစိမ်း မစားတတ်ဘူး။ မီးမရှိဘူး။” ရှမ့်လန်က ပြောလိုက်သည်။

အသံထက်မြန်သော သတ္တဝါပျံကြီးက ခြေသည်းများဖြင့် ပြင်းထန်စွာ ကုတ်ခြစ်လိုက်ပြီး ဆူးချုံပုတ် တစ်ပုံကို တူးထုတ်လိုက်၏။ ထို့နောက် မာကျောသော ကျောက်မဲတုံးကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်ရာ မီးပွားများ ထွက်ပေါ်လာပြီး ဘေးနားရှိ ဆူးချုံပုတ်ကို တိုက်ရိုက် မီးစွဲသွားစေ၏။

‘သောက်ကျိုးနည်း... သောက်ကျိုးနည်း...’

ရှမ့်လန်က ကြောင်အသွားသည်။ ‘ဒါက လွန်လွန်းနေပြီ။ တိုက်ပွဲဝင် သတ္တဝါ တစ်ကောင်အနေနဲ့ မင်းရဲ့ ဉီးနှောက်က နည်းနည်း များလွန်းနေပြီ။’

သို့နှင့် လူတစ်ယောက်နှင့် သတ္တဝါတစ်ကောင်သည် ညစာ စတင် စားသောက်ကြ၏။

ရှမ့်လန်က တောရိုင်းဆိတ်၏ အကောင်းဆုံး အစိတ်အပိုင်းကို လှီးဖြတ်ပြီး မီးဖိုပေါ်တွင် ကင်လိုက်၏။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များ ထုတ်ယူပြီး တစ်ခုချင်းစီ ဖြူးလိုက်သည်။ ရှေးဟောင်းဘုရင့် လက်စွပ်ကို ကျေးဇူးတင်ရမည်။ ၎င်းကြောင့်သာလျှင် ပျက်စီးနေသော အထူးလမ်းကြောင်း အတွင်းရှိ အပူချိန်မြင့်မားသော ပတ်ဝန်းကျင်မှ ဟင်းခတ်အမွှေးအကြိုင်များကို သယ်ဆောင်လာနိုင်ခဲ့ခြင်းပင်။

သို့သော်ငြား နောက်တစ်စက္ကန့်တွင် ရှမ့်လန် ထပ်မံ တုန်လှုပ်သွားရပြန်၏။ အဘယ့်ကြောင့်ဆိုသော် ဤ အသံထက်မြန်သော သတ္တဝါပျံကြီးသည် အစာကို အငမ်းမရ ဝါးမြိုခြင်း မပြုဘဲ တောင်ပံများကို အသုံးပြု၍ တောရိုင်းနွားများကို ခုတ်ထွင်သည်။ အရေခွံခွာပြီး အသားများကို အပိုင်းလိုက် လှီးဖြတ်သည်။ တစ်ပိုင်းလျှင် ပေါင် ၂၀ ခန့် ရှိ၏။

သပ်သပ်ရပ်ရပ် စီထားပြီး မြေကြီးပေါ်တွင် တိုက်ရိုက် မတင်ဘဲ နွားအရေခွံခင်းထားသည့်အပေါ် တင်ထားသည်။ အတွင်းကလီစာများကို မစားဘဲ အသားတုံးကြီးများကိုသာ စား၏။ သူ၏ တောင်ပံ အစွန်းရှိ အရိုးဆူးများက အလွန် ထက်မြက်ပြီး တောရိုင်းနွားများကို အလွယ်တကူ လှီးဖြတ်နိုင်ကြောင်း ထိုအချိန်ကျမှ ရှမ့်လန် သတိပြုမိလိုက်သည်။

ထို့နောက် တချောင်က ခြေသည်းများဖြင့် အမဲသားတုံးကြီး တစ်တုံးကို သပ်ရပ်စွာ ထိုးယူပြီး ပါးစပ်ထဲ ထည့်ကာ ဖြည်းညှင်းစွာ ဝါးစားသည်။ တစ်ခါစားလျှင် တစ်တုံး၊ တစ်တုံးလျှင် ပေါင် ၂၀။ ပါးစပ်သုတ်ရန် လက်သုတ်ပဝါ မရှိ၍သာ။

ထိုသို့မဟုတ်ပါက အလွန် ကြမ်းတမ်းသော သတ္တဝါကြီးက အနောက်တိုင်း အစားအစာ စားနေသည်ဟု ရှမ့်လန် တကယ် ထင်မိပေလိမ့်မည်။ တောင်ပံရှိ အရိုးဆူးများကို ဓားအဖြစ် သုံးပြီး ခြေသည်းများကို ခက်ရင်းအဖြစ် သုံးကာ လူကြီးလူကောင်း တစ်ယောက်လို သပ်သပ်ရပ်ရပ် စားသောက်နေခြင်းပင်။

အဘယ့်ကြောင့် တောရိုင်းနွား ၅ ကောင်ကို တပြိုင်နက် ဖမ်းရသနည်း ဆိုသည်ကို ရှမ့်လန် နားလည်သွားပြီ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုအကောင်က အလွန် ဂျီးများပြီး အကောင်းဆုံးသော အသားကိုသာ ရွေးစားသောကြောင့်ဖြစ်၏။

ရှမ့်လန်လည်း ဆိတ်နံရိုးကင်ပြီးသွားပြီ ဖြစ်သည်။ ဓားနှင့် ခက်ရင်းကို ထုတ်ယူပြီး အစာ စားရန် ပြင်လိုက်သည်။ ဤတောရိုင်းဆိတ်က ပေါင်ဒါဇင်အနည်းငယ်သာ ရှိ၏။ ရှမ့်လန်က အတုံးကြီးကြီး ကင်ထားပြီး ဟင်းခတ် အမွှေးအကြိုင်များ ထည့်ထားသည်။ ပြီးနောက် ထိုအရာကို နွားအရေခွံပေါ်တင်ပြီး တချောင် ရှေ့သို့ တွန်းပို့ပေးလိုက်သည်။ “မြည်းကြည့်ချင်လား။”

အသံထက်မြန်သော သတ္တဝါပျံကြီးက ဆိတ်နံရိုးကင်ကို ခြေသည်းဖြင့် ထိုးယူပြီး စားလိုက်သည်။ ရုတ်တရက် မျက်လုံးများ မှေးစင်းသွားပြီး အရသာရှိသော အစားအစာကို ခံစားလိုက်ရသလိုပင်။

ထို့ကြောင့် ရှမ့်လန်က ဒုတိယ တစ်တုံး ထပ်ကင်ပေးချင်သော်လည်း ဤအသံထက်မြန်သော သတ္တဝါပျံကြီးက ရှမ့်လန်ကို တားလိုက်ပြီး ၎င်း၏ အမဲသားစိမ်းကိုသာ ဆက်လက် စားသောက်သည်။

ရှမ့်လန်က ကြောင်အသွား၏။ ‘အရသာကို ဒီလောက်တောင် စိစစ်တာလား။ အမဲသားစိမ်းကိုပဲ စားတယ်ပေါ့။’

သို့သော်ငြား ရှမ့်လန် မကြာခင် သိလိုက်ရသည်မှာ သူကင်ထားသော ဆိတ်နံရိုးကင်ထဲရှိ ဟင်းခတ် အမွှေးအကြိုင်များ၊ အထူးသဖြင့် ဆားက အသံထက်မြန်သော သတ္တဝါပျံကြီးအတွက် အန္တရာယ် ရှိနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်သောကြောင့်ပင်။

ရှမ့်လန် နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။ ရှေးဟောင်းအင်ပါယာက ဤအသံထက်မြန်သော သတ္တဝါပျံကြီးများကို အလွန် ကောင်းမွန်စွာ ပညာပေးထားခဲ့သည်။ ကလေးများထက်ပင် ပို၍ လိမ္မာနေသည်။ ထို့ကြောင့် ဟင်းခတ်အမွှေးအကြိုင်ပါသော အသားကင်ကို ကြိုက်နှစ်သက်သော်လည်း အရသာမြည်းရုံသာ မြည်းပြီး ရပ်တန့်လိုက်ခြင်း ဖြစ်၏။

သို့နှင့် လူတစ်ယောက်နှင့် သတ္တဝါတစ်ကောင် သပ်သပ်ရပ်ရပ် ညစာ စားခဲ့ကြသည်။ ရှမ့်လန်က ဆိတ်နံရိုးကင် တစ်ပေါင် စားပြီး အသံထက်မြန်သော သတ္တဝါပျံကြီးက ပေါင် ၂၀၀၀ စားသည်။

‘ဒီကောင်က အစားပုတ်လွန်းတယ်။’

တချောင်၏ စားနိုင်စွမ်းက တကယ် အံ့မခန်းပင်။ တောရိုင်းနွား ၅ ကောင် တပြိုင်နက် ဖမ်းခဲ့သည်မှာ မဆန်းပေ။ လုံးဝ အလေအလွင့် မရှိစေရချေ။ အမဲအသား အကုန်စားပြီးနောက် နှလုံးကို စတင် စားသောက်သည်။ အချိုပွဲ အနေဖြင့် သဘောထားလိုက်ပုံ ရ၏။ သောက်ကျိုးနည်း။

ထိုအချိန်တွင် ချင်နိုင်ငံမှ စစ်သည်တစ်ဦး လျှောက်လာသည်။ ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ မိုးကြိုးပစ် ခံလိုက်ရသကဲ့သို့ လုံးဝ ကြောင်အသွားရသည်။ ကြက်သေ,သေစွာဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

‘ဘာ... ဘာဖြစ်နေတာလဲ။ ငါ... ငါ မျက်စိမှားနေတာလား။ တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်နဲ့ သတ္တဝါတစ်ကောင်က မြေကြီးပေါ်မှာ ထိုင်ပြီး သပ်သပ်ရပ်ရပ် ညစာ စားနေကြတာလား။ ဘယ်က လူကြီးလူကောင်းတွေလဲ။ အဲ .. မဟုတ်သေးဘူး .. ဘယ်က ငှက်ကြီးလူကောင်းတွေလဲ။’

ရှမ့်လန်က ချင်နိုင်ငံစစ်သည်ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့လိုက်သည်။ အသံထက်မြန်သော သတ္တဝါပျံကြီးကလည်း သူ့ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ခြေသည်းဖြင့် နောက်ထပ် နှလုံးတစ်လုံးကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

“အား...”

ချင်နိုင်ငံ စစ်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး အော်ဟစ်ကာ ထွက်ပြေးလေတော့၏။ “သတ္တဝါကြီး... သတ္တဝါကြီး...”

စက္ကန့် အနည်းငယ် ကြာပြီးနောက် သတ္တဝါပျံကြီးက ပြင်းထန်စွာ လေမှုတ်ထုတ်လိုက်သည်။ အသံထက်မြန်သော စွမ်းအင်လှိုင်းတစ်ခု ချက်ချင်း ပစ်လွှတ်လိုက်ခြင်းပင်။ တစ်ခဏချင်းမှာပဲ ထွက်ပြေးနေသော ချင်နိုင်ငံ စစ်သည်မှာ တိုက်ရိုက် အပိုင်းပိုင်း အစစ ဖြစ်သွားသည်။

သတ္တဝါပျံကြီးက နောက်ဆုံး ကျန်နေသော နှလုံးတစ်တုံးကို အေးအေးဆေးဆေး အတောင်ပံနှင့် ထိုးစိုက် စားသောက် လိုက်၏။ ထို့နောက် ကျေနပ်အားရသောအသံ ထွက်ပေါ်လာ၏။ “ဂေ့...”

အပိုင်း (၁၀၇၆)

နောက်ဆုံးတော့ ဗိုက်ဝသွားပေပြီ။ ပြီးနောက် တချောင်က ရေကန်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ ထို့နောက် ပါးစပ်ပိတ်ပြီး ညင်သာစွာ လေမှုတ်ထုတ်နေ၏။

‘ဒါ... ဒါ ဘာလုပ်နေတာလဲ။’

ရှမ့်လန် ဇဝေဇဝါ မဖြစ်ဘဲ မနေနိုင်တော့ချေ။ အသံထက်မြန်သော သတ္တဝါပျံကြီးက ပါးစပ်ပိတ်ပြီး ဆက်တိုက် လေမှုတ်ထုတ်နေသည်။ မကြာခင် ရှမ့်လန် နားလည်သွား၏။ ဤအကောင်က အကြမ်းစား အသံလှိုင်းကို သုံးပြီး သွားတိုက်နေခြင်းပင်။

“လူတွေက အစာစားပြီးရင် သွားတိုက်ကြတယ်။ မင်းက ကိုယ့်ရဲ့ အကြမ်းစား အသံလှိုင်းကို သုံးပြီး သွားကို ဆေးကြောနေတာလား။ သွားကြားထဲက အသားစတွေ ချက်ချင်း ကြေမွသွားမှာပဲ။ ချီးတဲ့မှ .... ဒါက နည်းနည်း အဆင့်မြင့်လွန်း မနေဘူးလား။”

ထို့နောက် တချောင်က ရေကန်ထဲသို့ ခေါင်းထိုးပြီး ရေတစ်လုတ် သောက်သည်။ ပလုတ်ကျင်းပြီး ရေကန်ထဲသို့ ပြန်မထွေးဘဲ မြေကြီးပေါ်သို့ ထွေးထုတ်လိုက်၏။ အရာအားလုံး ပြီးစီးသွားချိန်မှာတော့ ခေါင်းကြီးကို လှည့်လာပြီး ရှမ့်လန်ကို သွားဖြီးပြလိုက်သည်။ သူ၏ သွားများ မည်မျှ ဖြူစင်သန့်ရှင်းကြောင်း ကြွားဝါပြနေခြင်းပင်။

ရှမ့်လန်က လက်မထောင်ပြလိုက်ပြီး ပြောလိုက်သည်။ “ကောင်းတယ်။ သိပ်သန့်ရှင်းတာပဲ။”

သူလည်း သွားပွတ်တံနှင့် ဆားမှုန့်ကို ထုတ်ယူပြီး သွားတိုက် ပလုတ်ကျင်းလိုက်၏။

“ကဲ... ဗိုက်ဝပြီဆိုတော့ သွားကြစို့။” ရှမ့်လန်က ပြောလိုက်သည်။

အသံထက်မြန်သော သတ္တဝါပျံကြီးက ရှမ့်လန်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး တောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်သည်။ နောက်တစ်ကြိမ် မီတာ ၈၀၀၀ အမြင့်သို့ ပျံတက်သွားပြီး ကီလိုမီတာ ၈၀၀၀ ကွာဝေးသော နုရှောင့်မြို့တော်ဆီသို့ တိုက်ရိုက် ဦးတည် ပျံသန်းလေတော့သည်။

အစားစားပြီးနောက် အသံထက်မြန်သော သတ္တဝါပျံကြီး၏ ပျံသန်းနှုန်း မတိုးလာသော်လည်း ပိုမို တည်ငြိမ်ပြီး ပိုမို သပ်ရပ်လာကြောင်း ရှမ့်လန် တွေ့ရှိလိုက်ရ၏။

…………….

တောင်ပင်လယ်ဒေသ

စေတီတောင်နှင့် ရင်ကွမ်း၏ မဟာမိတ်တပ်ဖွဲ့များက စုစည်းပြီးပြီ ဖြစ်သည်။ စစ်သည်အင်အား စုစုပေါင်း ၁ သိန်း နှင့် စစ်သင်္ဘော စုစုပေါင်း ၅၀၀ ရှိ၏။ ၁ သိန်း ဆိုသည်မှာ ကောင်းကင်ပင်လယ်နန်းဆောင်၏ ဖျက်ဆီးရေး ရေတပ်တော်လောက် မများဟု ထင်ရသည်။ စစ်သင်္ဘော အရေအတွက်လည်း ပိုနည်းသည်။ သို့သော်ငြား သူတို့၏ အင်အားက ထိုစဉ်က နင်ဟန်၏ ရေတပ်တော်ထက် များစွာ သာလွန်သည်။

ပထမအချက်မှာ ထိုစဉ်က နင်ဟန်၏ ရေတပ်တော်တွင် ရှေးဟောင်း စစ်သင်္ဘော တစ်စင်းသာ ပါဝင်သည်။ ယခုတစ်ကြိမ် စေတီတောင်နှင့် ရင်ကွမ်း၏ မဟာမိတ်တပ်ဖွဲ့တွင် ရှေးဟောင်း စစ်သင်္ဘော ဒါဇင်ချီ ပါဝင်သည်။ ဒုတိယအချက်မှာ ထိုစဉ်က ကောင်းကင်ပင်လယ်နန်းဆောင်၏ အထူးစစ်သည် ၅၀၀ သာ ပါဝင်၏။ ယခုတစ်ကြိမ် စေတီတောင်နှင့် ရင်ကွမ်းဘက်တွင် ၁၃၀၀ အထိ ပါဝင်၏။

ဤအထူးစစ်သည် ၁၃၀၀ လုံးက သွေးမျိုးဆက် ပြောင်းလဲခြင်း လုပ်ဆောင်ထားပြီး ဖြစ်၏။ သူတို့အားလုံး ရှေးဟောင်း သံချပ်ကာ၊ ရှေးဟောင်း ဒူးလေးနှင့် အိမ်မက်ဆိုးကျောက်တုံး ရှေးဟောင်း တိုက်ပွဲဝင်ဓားများ တပ်ဆင်ထားကြသည်။

သူတို့က တစ်ခဏချင်း မီတာ ဒါဇင်ချီ ပြေးနိုင်ပြီး မီတာ ဆယ်ဂဏန်း အမြင့်သို့ ခုန်တက်နိုင်၏။ အိမ်မက်ဆိုး ကျောက်တုံး ရှေးဟောင်း တိုက်ပွဲဝင်ဓားများက အပူချိန် ဒီဂရီ သောင်းချီ ထုတ်လွှတ်နိုင်ပြီး မည်သည့်အရာကိုမဆို အလွယ်တကူ ဖြတ်တောက်နိုင်၏။

ဤအထူးစစ်သည် ၁၃၀၀ အနက် ၃၀၀ က လေကြောင်းသူရဲကောင်းများ ဖြစ်ကြပြီး သူတို့က နှင်းလင်းယုန်များကို စီးနင်း တိုက်ခိုက်ကြသည်။ ဤသည်မှာ အရှေ့တိုင်းလောကတွင် ပထမဆုံးအကြိမ် ကြီးမားသော လေတပ်တော်ကို စေလွှတ်ခြင်း ဖြစ်နိုင်၏။ လေကြောင်း သူရဲကောင်း ၃၀၀ က နုရှောင့်မြို့တော်ရှိ မည်သည့် မိုးပျံပူဖောင်းကိုမဆို အလွယ်တကူ ဖျက်ဆီးနိုင်ပြီး ဝေဟင်ကို အလွယ်တကူ ထိန်းချုပ်နိုင်မှာ ဖြစ်သည်။

ထိုစဉ်က ကောင်းကင်ပင်လယ်နန်းဆောင်တွင် သွေးဝိညာဉ် တပ်သား ၃ သောင်းသာ ပါဝင်၏။ ယခုတစ်ကြိမ် စေတီတောင်နှင့် ရင်ကွမ်းတို့က ငရဲတပ်သား ၅ သောင်းကို ပူးပေါင်း စေလွှတ်ထားသည်။ အခြားသော ဆက်တိုက် ပစ်ခတ်နိုင်သည့် အထူး ရှေးဟောင်း ဒူးလေးများနှင့် ရှေးဟောင်းလေးများမှာမူ မရေမတွက်နိုင်အောင် များပြားလှ၏

ပို၍ ကြောက်စရာ ကောင်းသည်မှာ စေတီတောင်၌ ပိုးမွှားလက်နက်များ ရှိနေခြင်း ဖြစ်သည်။ ဤပိုးမွှားများကို ရှေးဟောင်းမြားကြီးများထဲတွင် ထည့်သွင်းပြီး ပစ်ခတ်၍ ပေါက်ကွဲသွားပါက လုံးဝ သတ်ဖြတ်ပွဲကြီး ဖြစ်သွားပေလိမ့်မည်။

သို့သော်ငြား ဤအရာက စေတီတောင်နှင့် ရင်ကွမ်းတို့၏ အင်အားတစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးသည်။ မည်သို့ပင်ဆိုစေကာမူ ဤအင်အားစုနှစ်ခုသည် ၂၅ နှစ်ကျော်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်၏။ သူတို့က ငရဲတပ်တော်ကို အတူတကွ ပြုစုပျိုးထောင်ခဲ့ကြပြီး ဆယ်စုနှစ်များစွာကြာအောင် သွေးမျိုးဆက် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြ၏။

ထိုမျှသာမကသေးချေ။ သူတို့က လွန်ခဲ့သည့် ၃ နှစ်အတွင်း မိုင်ထောင်ချီကျယ်ဝန်းသည့် တောင်ပင်လယ် ရှေးဟောင်းအပျက်အစီးများမှ ရှေးဟောင်းပစ္စည်းကိရိယာ အမြောက်အမြားကို ရရှိထားခဲ့သည်။

ထို့ကြောင့် စစ်သည်တစ်သိန်းအကြားတွင် ရှေးဟောင်းပစ္စည်းကိရိယာနှင့် လက်နက်အချိုးအစားက အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ပုံမှန်တိုက်ခိုက်ရေးစွမ်းရည်အရ တွက်ချက်မည်ဆိုလျှင် ဤစစ်တပ်က နုရှောင့်မြို့တော်ကို ၁၀ ကြိမ်မက ဖျက်ဆီးပစ်ရန် လုံလောက်သည်။ ဤသည်မှာ လုံးဝ ဖျက်ဆီးရေး သက်သက်အတွက် ဖွဲ့စည်းထားသော အင်အားစုပင်။

သို့သော်ငြား ရင်ကွမ်းနှင့် စေတီတောင်သခင်တို့သည် ဤစစ်တပ်ကို ကိုယ်တိုင်ဦးဆောင်မည် မဟုတ်ပေ။ ရင်ဝူမင်သည်လည်း မီးတောက်မြို့တော်တွင် ရှိနေဆဲဖြစ်၏။ ထို့ကြောင့် ဤစစ်တပ်၏ စစ်သေနာပတိများမှာ ရင်ဝူချယ်နှင့် စေတီတောင် ဥပဒေပြုခန်းဆောင်မှ အကြီးအကဲဝူ တို့ ဖြစ်ကြသည်။

ရင်ကွမ်းနှင့် စေတီတောင်သခင်တို့ မာနကြီးလွန်း၍ နုရှောင့်မြို့တော်ကဲ့သို့သော တိုက်ပွဲတွင် မပါဝင်ခြင်းမျိုး မဟုတ်ချေ။ ထိုအစား သူတို့တွင် ပို၍အရေးကြီးသော တာဝန်များ ရှိနေသောကြောင့် ဖြစ်သည်။

စေတီတောင် ဂိုဏ်းချုပ်ရန်က ရှမ့်လန် ထွက်ပြေးမည်ကို တားဆီးရန် အရှေ့ဘက်ရှိ စွမ်းအင်ဝဲကတော့ကို စောင့်ကြည့်နေရသည်။ ရင်ကွမ်းသည်လည်း ရှမ့်လန် ထွက်ပြေးမည်ကို တားဆီးရန် ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ကို စစ်တပ်ဖြင့် ပိတ်ဆို့ထား၏။

“ငါတို့အတွက် နုရှောင့်မြို့တော်ကို ဖျက်ဆီးရုံသတ်သတ်က ဘာတန်ဖိုးမှ မရှိပါဘူး။ တကယ်တမ်း ၁၀ ကြိမ် ဖျက်ဆီးပစ်လည်း အဓိပ္ပာယ် မရှိဘူး။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ရှမ့်လန်က အရေးအကြီးဆုံးပဲ။ သူ့ကို ဖမ်းမိမှသာ တော်ဝင်ရန် အင်ပါယာကို မဟာဗျူဟာမြောက် ပြန်လည်ဟန့်တားနိုင်လိမ့်မယ်။”

ရင်ကွမ်းက ပြောလိုက်၏။ “ဟုတ်ပါတယ်။ တော်ဝင်ရန်အင်ပါယာက ရှမ့်လန်ကို ငါတို့ လက်လွှတ်လိုက်ရမှန်း မသိသေးဘူး။ ဒါပေမဲ့ ရှမ့်လန်က ငါတို့လက်ထဲမှာ ရှိနေသေးကြောင်း သက်သေပြရမယ်။ ဘယ်လိုလုပ်မလဲ။ နုရှောင့်မြို့တော်ကို ဒီကမ္ဘာမြေကနေ လုံးဝပျောက်ကွယ်သွားအောင် လုပ်ရမယ်။ နုရှောင့်မြို့တော် ပျက်စီးသွားပြီးတာတောင် ရှမ့်လန် ပေါ်မလာဘူးဆိုရင် ရှမ့်လန်က ငါတို့လက်ထဲမှာ ရှိနေသေးပြီး နဂါးနောင်တ ပစ်လွှတ်နိုင်တဲ့စွမ်းရည် ငါတို့မှာ ရှိနေသေးတာကို တော်ဝင်ရန်အင်ပါယာ သိသွားအောင် ပြောလိုက်တာနဲ့ အတူတူပဲ။”

အကြီးအကဲဝူက မေးမြန်းလိုက်သည်။ “အရှင်တို့... ဒီစစ်ပွဲကို ဘယ်အတိုင်းအတာထိ တိုက်ရမလဲ။”

ဂိုဏ်းချုပ်ရန်က ပြတ်သားစွာ ပြောလိုက်၏။ “နုရှောင့်မြို့တော်ကို မြေလှန်ဖျက်ဆီးမယ်။ အတွင်းထဲက လူ အကုန်သတ်ပစ်မယ်။”

ထိုစကားကို ကြားလိုက်ရသည့်အချိန်မှာတော့ ရင်ဝူချယ်၏ မျက်နှာပေါ်ရှိ ကြွက်သားများက ပြင်းပြင်းထန်ထန်ကို လှုပ်ရှားသွားသည်။ သူ အတိုင်းအဆမရှိ ပျော်ရွှင်သွားခြင်း ဖြစ်၏။ နောက်ဆုံးတော့ ဤနေ့ ရောက်လာခဲ့လေပြီ။ ရှမ့်လန်ကို ပါးရိုက်နိုင်ပေတော့မည်။ ရှမ့်လန်၏ လူများကို ဘာမှငဲ့ကွက်စရာ မလိုဘဲ သတ်ဖြတ်ပစ်နိုင်တော့မည်။

အကြီးအကဲဝူက ဆက်ပြောသည်။ “ရှမ့်လန်က သံယောဇဉ်ကြီးတဲ့လူပဲ။ ဒါကြောင့် နုရှောင့်မြို့တော်ကို သေချာပေါက် အာရုံစိုက်နေမှာ။ စစ်ပွဲစတာနဲ့ ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးထဲကနေ ထွက်လာဖို့ နည်းလမ်းရှာပါလိမ့်မယ်။ သူ့ကို အောင်မြင်စွာ ဖိအားပေးပြီး ထွက်လာခိုင်းနိုင်ပြီဆိုရင် နုရှောင့်မြို့တော်ကို ဆက်တိုက်အုံးမလား။ ရပ်လိုက်မလား။”

ဂိုဏ်းချုပ်ရန်က အမိန့်ပေးလိုက်၏။ “ဆက်တိုက်မယ်။ ဒီစစ်ပွဲအတွက် အမိန့်တစ်ခုတည်းပဲ ရှိတယ်။ နုရှောင့်မြို့တော်ကို လုံးဝဖျက်ဆီးပစ်ပြီး အတွင်းထဲက လူအကုန်သတ်ပစ်ဖို့ပဲ။”

ရင်ကွမ်းကလည်း ဖြည့်စွက်ပြောလိုက်သည်။ “နုရှောင့်မြို့တော်က ရှမ့်လန်ရဲ့ အမာခံနယ်မြေပဲ။ တော်ဝင်ချန် အင်ပါယာရဲ့ ယာယီမြို့တော်ပေါ့။ ဒါပေမဲ့ ရှမ့်လန်ရဲ့ မိသားစုဝင်အားလုံးက လေ့ကျိုးကျွန်းစံအိမ်မှာ ရှိနေတယ်။ နုရှောင့်မြို့တော် ပျက်စီးပြီးတာနဲ့ မင်းတို့ လေ့ကျိုးကျွန်းစံအိမ်ကို သွားပြီး သူတို့ကို ဖမ်းဆီးရမယ်။ ဒီကို ခေါ်လာပြီး ဓားစာခံအဖြစ် အသုံးပြုကာ ရှမ့်လန် ထွက်လာအောင် လုပ်ရမယ်။”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး...” အကြီးအကဲဝူက ပြောလိုက်၏။

ထိုစဉ် ရင်ဝူချယ်က ကြားဖြတ်ပြောလိုက်သည်။ “အဖေ၊ ဂိုဏ်းချုပ်ရန်... နောက်ထပ် အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်။”

“တော်ဝင်ရန်အင်ပါယာ မဟုတ်လား။” ရင်ကွမ်းက မေးလိုက်၏။

“ဟုတ်ပါတယ်။ ရှမ့်လန်က ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးထဲမှာ ပုန်းအောင်းနေတုန်းပဲ။ ဒါပေမဲ့ တော်ဝင်ရန်အင်ပါယာမှာ နဂါးနောင်တ ပစ်လွှတ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ သူတို့ကများ ကျုပ်တို့ စစ်တပ်ဆီ နဂါးနောင်တ ပစ်လွှတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အကျိုးဆက်က တွေးရဲစရာတောင် မရှိဘူး။”

ရင်ကွမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “စောင့်ကြည့်လိုက်ပါ။ သူတို့ မကြာခင် ရောက်လာလိမ့်မယ်။”

........

အမှန်စစ်စစ်တွင် စေတီတောင်နှင့် ရင်ကွမ်း၏ မဟာမိတ်တပ်ဖွဲ့က ပင်လယ်ပြင်ပေါ်တွင် စုစည်းပြီးပြီ ဖြစ်သည်။ သို့သော်ငြား သူတို့ စစ်တပ် စေမလွှတ်သေးခြင်းမှာ တော်ဝင်ရန်အင်ပါယာမှ သံတမန်ကို စောင့်ဆိုင်း နေသောကြောင့် ဖြစ်၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က အိမ်ရှေ့မင်းသား ရင်ဝူမင်က မီးတောက်မြို့တော်သို့ ပန်ကြားလွှာတစ်စောင် ပေးပို့ခဲ့သည်။

“အရှေ့တိုင်းလောကတစ်ခုလုံးတွင် တော်ဝင်ချန်အင်ပါယာ တစ်ခုတည်းသာရှိပြီး သူတို့သည် ဧကရာဇ် မင်းမြတ်၏ ဉာဏ်ပညာကြီးမားသော အုပ်ချုပ်မှုအောက်ရှိ ချန်နိုင်ငံသစ် ဖြစ်သည်။ အခြားသော တော်ဝင်ချန် အင်ပါယာဆိုသည်မှာ တရားမဝင်ဖြစ်ပြီး တော်ဝင်ရန်အင်ပါယာ၏ အလိုဆန္ဒနှင့် ဆန့်ကျင်နေသည်။

ရှမ့်လန်က ရူးသွပ်သွားပြီး ဟွမ်လူမြို့တော်ကို ဖျက်ဆီးရန် နဂါးနောင်တကို အသုံးပြုခဲ့သည်။ ထိုလုပ်ရပ်မှာ လူမဆန်သော လုပ်ရပ်ဖြစ်၏။ အပြစ်မဲ့လူသားများနှင့် လောကကို ဖြေရှင်းချက်ပေးရန် ချန်နိုင်ငံသစ် အနေဖြင့် နုရှောင့်မြို့တော်သို့ စစ်ချီပြီး ဤအပြစ်သားတို့ တည်ရှိရာ မြို့တော်ကို လောကမြေမှ ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည်။ တော်ဝင်ရန်အင်ပါယာအပေါ် လေးစားမှုပြသရန် မီးတောက်မြို့တော်မှ သံတမန် တစ်ဦး စေလွှတ်ပြီး စစ်မြေပြင်တစ်ခုလုံးကို ကြီးကြပ်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။”

ဤစကားလုံးများသည် တရားမျှတပြီး လေးစားမှုရှိသယောင် ထင်ရ၏။ ရင်ကွမ်းနှင့် စေတီတောင်က ခြေကုပ် ယူပြီးပြီဖြစ်သလို တော်ဝင်ရန်အင်ပါယာမှ ခွဲထွက်ရန်လည်း စီစဉ်ထားသည်။ ရင်ဝူမင်က သဘာဝလွန်အင်အားစု အစည်းအဝေးတွင် စေတီတောင်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီးဖြစ်သလို နှစ်ဖက်စလုံးက တစ်ဖက်နှင့် တစ်ဖက် နဂါးနောင်တ ပစ်လွှတ်ခဲ့ကြပြီး ဖြစ်၏။

သို့သော်ငြား နောက်ဆုံးတွင် ရင်ကွမ်း၏ သဘောထားမှာ ယခင်ကထက်ပင် ပို၍လေးစားသမှု ရှိလာပြီး တော်ဝင်ရန်အင်ပါယာကို ထောက်ခံပါသည်ဟုပင် ပြောဆိုလာ၏။ ထို့ကြောင့် ရင်ကွမ်းနှင့် စေတီတောင်က တော်ဝင်ရန်အင်ပါယာ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရုံသာ ရှိတော့သည်။ မီးတောက်မြို့တော်က မည်သည့်အဆင့် သံတမန်ကို စေလွှတ်မည်နည်းဆိုသည်ကို စောင့်ကြည့်ရပေမည်။

တော်ဝင်ရန်အင်ပါယာ၏ အိမ်ရှေ့စံမင်းသားက ရင်ကွမ်း၏ ဉာဏ်နီဉာဏ်နက်ကို ချက်ချင်း ရိပ်မိလိုက်၏။ သူတို့ နုရှောင့်မြို့တော်ကို ဖျက်ဆီးပြီးနောက် တော်ဝင်ရန်အင်ပါယာက ပင်လယ်ပြင်မှနေ၍ ရုတ်တရက် နဂါးနောင်တ ပစ်လွှတ်လိုက်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ တံငါသည်က နောက်မှနေ၍ အကျိုးအမြတ်ရယူသွားမည့် အဖြစ်မျိုးပင်။ ထိုအရာက ရွံရှာဖွယ် ကောင်းလှသည်။

ထို့ကြောင့် အိမ်ရှေ့မင်းသားက အင်ပါယာသံတမန် နှစ်ဦးကို စစ်မြေပြင်တစ်ခုလုံးအား ကြီးကြပ်ရန် စေလွှတ် ရမည်။

သူတို့ကလည်း အင်ပါယာသံတမန် နှစ်ဦးကို ဓားစာခံအဖြစ် အသုံးပြုလိုခြင်းပင်။ အကယ်၍ တော်ဝင်ရန်အင်ပါယာက နဂါးနောင်တ ပစ်လွှတ်လိုက်ပါက အင်ပါယာသံတမန်နှစ်ဦးလည်း သေဆုံးသွားပေလိမ့်မည်။ အမှန်စစ်စစ် ဤသည်မှာ မဟာဗျူဟာမြောက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်သည်။ မီးတောက်မြို့တော်က မည်သည့်အဆင့် သံတမန်ကို စေလွှတ်မည်နည်း ဆိုသည်အပေါ် မူတည်ပေလိမ့်မည်။

“တော်ဝင်ရန်အင်ပါယာက အရေးမပါတဲ့ လူနှစ်ယောက်ကို စေလွှတ်လိုက်မယ်ဆိုရင် စေတီတောင်ရဲ့ ရေတပ်ကို ဖျက်ဆီးဖို့ နဂါးနောင်တ ပစ်လွှတ်တော့မယ်လို့ ဆိုလိုရာရောက်လိမ့်မယ်။ ဒါပေမဲ့ အင်ပါယာသံတမန် နှစ်ဦးက အဆင့်အတန်း အလွန်မြင့်မားတဲ့သူတွေ ဖြစ်နေရင်တော့ တော်ဝင်ရန် အင်ပါယာအနေနဲ့ နဂါးနောင်တ ပစ်လွှတ်ဖို့ ဆန္ဒမရှိဘူးဆိုတာ သေချာသွားပြီ။ အင်ပါယာသံတမန်ကို ကြည့်လိုက်တာနဲ့ တော်ဝင်ရန်အင်ပါယာရဲ့ သဘောထားကို သိနိုင်ပါလိမ့်မယ်။”

ထိုစဉ် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ “အရှင်... အင်ပါယာသံတမန်တော်တွေ ရောက်ရှိလာပါပြီ။”

ရင်ကွမ်းက ချက်ချင်းပဲ အမိန့်ပေးလိုက်သည်။ “ဝေဟင်ဂုဏ်ပြုတပ်ဖွဲ့ကို ပြင်ဆင်လိုက်ပါ။ တော်ဝင်ရန် အင်ပါယာ သံတမန်တော်တွေကို ကြိုဆိုရမယ်။”

………………..

ထို့နောက် ကောင်းကင်ယံတွင် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ ချန်နိုင်ငံသစ်နှင့် စေတီတောင်တို့သည် ဝေဟင်ဂုဏ်ပြုတပ်ဖွဲ့ဝင် ၃၀၀ ကို စေလွှတ်ထား၏။ သူတို့အားလုံးက ခမ်းနားထည်ဝါသော အထူးစစ်သည်များ ဖြစ်ကြပြီး တော်ဝင်ရန်အင်ပါယာ သံတမန်များကို ကြိုဆိုရန် ကောင်းကင်ယံတွင် သပ်သပ်ရပ်ရပ် တန်းစီထားကြ၏။

ကောင်းကင်ယံ၌ ချန်နိုင်ငံသစ်ဘုရင် ရင်ကွမ်းနှင့် ဒုတိယမင်းသား ရင်ဝူချယ်တို့က တော်ဝင်ရန်အင်ပါယာ သံတမန်နှစ်ဦးကို ကြိုဆိုရန် မြောက်ဘက် မိုင် ၁၀၀ အကွာအထိ ပျံသန်းသွားရောက်ခဲ့ကြသည်။ တော်ဝင်ရန် အင်ပါယာက လျှို့ဝှက်ချက်ထိန်းသိမ်းရာတွင် အလွန်ကောင်းမွန်သည်။ အင်ပါယာသံတမန်နှစ်ဦး၏ အမည်နာမကို လုံးဝထုတ်ဖော်ခြင်း မရှိသလို သတင်းအချက်အလက် တစ်စုံတစ်ရာ ပေါက်ကြားခြင်း မရှိခဲ့ချေ။

မိုင်အနည်းငယ်အကွာမှနေ၍ ရင်ကွမ်းသည် အင်ပါယာသံတမန်နှစ်ဦး၏ မျက်နှာကို သေချာစွာ မြင်တွေ့လိုက် ရသည်။ ပြီးနောက် ချက်ချင်းပဲ သက်ပြင်းချနိုင်သွား၏။ သူတို့မှာ အင်ပါယာ၏ မင်းသားလျန် နှင့် မင်းသားမင် တို့ ဖြစ်ကြ၏။ တော်ဝင်ရန်အင်ပါယာက မင်းသားနှစ်ပါးကို စေလွှတ်လိုက်ခြင်းပင်။ သူတို့၏ အဆင့်အတန်း မှာ အလွန်မြင့်မားသည်။ ရင်ကွမ်းနှင့် စေတီတောင်တို့ နောက်ဆုံးတွင် စိတ်အေးသွားရပြီ ဖြစ်၏။

ကောင်းကင်ယံတွင် ရင်ကွမ်းက ဦးညွှတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ “ကျုပ် ရင်ကွမ်း... အင်ပါယာ သံတမန်တော် မင်းသားများကို ဂါရဝပြုပါတယ်။ အရှင်အင်ပါယာ... သက်တော်ရာကျော် ရှည်ပါစေ။”

တော်ဝင်ရန်အင်ပါယာ သံတမန်များ၏ နှင်းလင်းယုန်များကို အလွန်သက်တောင့်သက်သာ ရှိစေရန် ပြုပြင်မွမ်းမံ ထား၏။ ထိုင်ခုံများက အလွန်ထည်ဝါပြီး ပျံသန်းမှုတွင် အလွန်တည်ငြိမ်သည်။ အချိန်အများစုတွင် ပုံမှန် အမြန်နှုန်းဖြင့်သာ ပျံသန်းလေ့ရှိ၏။

အဝေးမှနေ၍ မင်းသားလျန်၏ ရယ်မောသံကို ကြားလိုက်ရသည်။ “ညီနောင် ရင်ကွမ်း... နေကောင်းကျန်းမာရဲ့လား။”

မင်းသားလျန်က တကယ်ကို လက်တွေ့ဆန်သော လူစားမျိုးပင်။ ယခင်က ရွှဲ့ဘုရင်၊ ဝူဘုရင် သို့မဟုတ် ချောင်ဘုရင် ရှေ့တွင်ဖြစ်စေ သူသည် အမြဲတမ်း မောက်မာစွာ ပြုမူလေ့ရှိသည်။ သူတို့အားလုံး မင်းသားများ ဖြစ်ကြသော်လည်း သူက အဆင့်အတန်း တစ်ဝက်ခန့် ပိုမြင့်နေသကဲ့သို့ ပြုမူတတ်သည်။ သို့သော်ငြား ရင်ကွမ်းရှေ့တွင်မူ သူ၏ ယခင်နှိမ့်ချမှုကို ပြန်လည်ရရှိသွားသကဲ့သို့ ရှိနေ၏။

“သံတမန်တော် မင်းသားများကို ကြိုဆိုပါတယ်။” စစ်သည်ရာချီက တညီတညွတ်တည်း ကြွေးကြော်လိုက် ကြသည်။

ရင်ကွမ်းနှင့် ရင်ဝူချယ်တို့ ရှေ့သို့တက်လာပြီး ပြောလိုက်၏။ “သံတမန်တော် မင်းသားများ... ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ ဝေဟင်ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးပေးပါအုံး။”

မင်းသားလျန်က ပြုံးပြီး ပြောသည်။ “တကယ် မျက်စိပွင့်သွားတာပဲ။ အခုဆိုရင် ဝေဟင်ဂုဏ်ပြုတပ်ဖွဲ့တောင် ရှိနေပြီပဲ။”

ထို့နောက် ရင်ကွမ်းနှင့် ရင်ဝူချယ်တို့၏ လိုက်ပါပို့ဆောင်မှုဖြင့် တော်ဝင်ရန်အင်ပါယာ သံတမန်များက ချန်နိုင်ငံသစ်၏ ဝေဟင်ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ကြသည်။ ပြီးနောက် ကျောက်မဲကျွန်းရှိ ရဲတိုက်ကြီးပေါ်သို့ ဆင်းသက်ကာ ဆွေးနွေးပွဲ စတင်ခဲ့ကြ၏။

................

“ဒီတစ်ခါ သဘာဝလွန်အင်အားစု အစည်းအဝေးက အောင်မြင်မှု ကြီးမားပါတယ်။ အိမ်ရှေ့မင်းသား ရင်ဝူမင်ရဲ့ စွမ်းဆောင်ရည်က ထူးချွန်ပြောင်မြောက်လှပါတယ်။ ညီနောင် ရင်ကွမ်း... ခင်ဗျားမှာ ဆက်ခံသူကောင်း တစ်ယောက် ရှိတာပဲ။” မင်းသားလျန် က ပြုံးပြီး ချီးမွမ်းလိုက်သည်။

အမှန်စစ်စစ် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် စည်းမျဉ်းများနှင့် ဆန့်ကျင်နေ၏။ ဤနေရာက မည်သည့် နေရာနည်း။ စေတီတောင်၏ တောင်ပင်လယ် ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ရှိ ကျောက်မဲ ရဲတိုက်ကြီး တွင် ဖြစ်၏။

ရင်ကွမ်းက အင်ပါယာသံတမန်များကို ချန်မြို့တော်တွင် လက်ခံတွေ့ဆုံသင့်သည် မဟုတ်ပါလား။ စေတီတောင်နယ်မြေတွင် ဘာကိစ္စ လာနေရသနည်း။ ဤသည်မှာ ချန်နိုင်ငံသစ်နှင့် စေတီတောင်တို့ ပေါင်းစည်းသွားပြီ ဖြစ်ကြောင်း ကမ္ဘာလောကကြီးကို ကြေညာနေခြင်း မဟုတ်ပါလား။ ဤသည်မှာ ဧကရာဇ်၏ အလိုဆန္ဒနှင့် လုံးဝဆန့်ကျင်နေသည်။ သဘာဝလွန် အင်အားစုများက လောကီရေးရာ ကိစ္စများနှင့် သီးခြားစီ ရှိနေသင့်သည်။ ကျူးကျော်ခြင်း သို့မဟုတ် ပူးပေါင်းကြံစည်ခြင်း မပြုလုပ်သင့်ပေ။

သို့သော်ငြား မင်းသားလျန်က ဤကိစ္စကို မသိသကဲ့သို့ ပြုမူနေသည်။ နှစ်ဖက်စလုံး ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြပြီး လေထုအခြေအနေမှာ ယခင်ကထက်ပင် ပိုမိုကောင်းမွန်နေ၏။ ယခင်က အက်ကြောင်း ဖြစ်ခဲ့ဖူးသည် ဆိုတာကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ ဤအင်အားစုနှစ်ခုက တစ်ဖက်နှင့် တစ်ဖက် နဂါးနောင်တ ပစ်လွှတ်ကာ မြို့တော်များကို အပြန်အလှန် ဖျက်ဆီးခဲ့ကြသည် ဆိုခြင်းကို ယုံကြည်ရန် ခက်ခဲလှသည်။

မင်းသားမင်က ရုတ်တရက် မေးလိုက်၏။ “အရှင်ရင်... ရှမ့်လန်က ခင်ဗျားတို့လက်ထဲ ရောက်နေပြီလို့ ကြားတယ်။ ဟုတ်ပါသလား။”

“မဟုတ်ရပါဘူး။” ရင်ကွမ်းက ဖြေသည်။

ချန်နိုင်ငံသစ်၏ ဒုတိယမင်းသားရင်ဝူချယ်က ဝင်ရောက်ကာ ပြောကြား၏။ “ဒါတွေက ကောလာဟလတွေပါ။ ရှမ့်လန်က နုရှောင့်မြို့တော်မှာ ရှိနေတုန်းပါပဲ။ ကျုပ်တို့လက်ထဲ ဘယ်လိုလုပ် ရောက်လာမှာလဲ။ ကျုပ်တို့ စစ်တပ်က မြောက်ဘက်သို့ စစ်ချီပြီး တော်ဝင်ချန်အတုအယောင်ကို ဖျက်ဆီးဖို့ သွားနေတာပါ။ တော်ဝင်ရန်အင်ပါယာအတွက် သူပုန်တွေကို နှိမ်နင်းပြီး အင်ပါယာတစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ပါပဲ။”

“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်”

မင်းသားလျန်က ပြောသည်။ “အရှင်ရင်ရဲ့ သစ္စာရှိမှုကို သက်သေပြပြီးပါပြီ။ ဒါက တရားမျှတတဲ့ စစ်ပွဲပါ။ မင်းသားရင်... ခင်ဗျားက ကမ္ဘာလောကအတွက် စံပြဖြစ်လာပါလိမ့်မယ်။”

ရင်ဝူချယ်က ပြန်ပြော၏။ “အရှေ့တိုင်းလောကမှာ အင်ပါယာတစ်ခုတည်းပဲ ရှိရမယ်။ အဲဒါက တော်ဝင်ရန် အင်ပါယာပါ။ အရှေ့တိုင်းလောကမှာ ဧကရာဇ်တစ်ပါးတည်းပဲ ရှိရမယ်။ အဲဒါက တော်ဝင်ရန် ဧကရာဇ်မင်းမြတ်ပါ။ ပုန်ကန်ချင်သူ ဘယ်သူဆို ချန်နိုင်ငံသစ်ရဲ့ အလောင်းကောင်တွေကို ကျော်ဖြတ်သွားရ ပါလိမ့်မယ်။”

All Chapters