အခန်း (၁၀၇၇-၁၀၇၈)
Vol. 63 Ch. 1077-1078
အပိုင်း (၁၀၇၇)
အစည်းအဝေးတစ်လျှောက်လုံးတွင် ရင်ဝူချယ်တစ်ဦးတည်းသာ စကားပြောဆိုခဲ့၏။ ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန် တို့က စကားပြောခဲလှသည်။ ရင်ကွမ်း၏ သဘောထားမှာ မင်းသားလျန် ရှေ့တွင်သာမက အိမ်ရှေ့မင်းသား ရှေ့တွင်လည်း ထိုအတိုင်းပင်။
မင်းသားလျန်က မေးလိုက်ပြန်သည်။ “ညီနောင်ရင်ကွမ်း... ခင်ဗျားကိုယ်တိုင် မြောက်ဘက်စစ်ချီပြီး နုရှောင့်မြို့တော်ကို တိုက်ခိုက်မှာလား။”
ရင်ကွမ်းက ခေါင်းခါလိုက်၏။ “ကျုပ် မသွားပါဘူး။ ရင်ဝူချယ် သွားပါလိမ့်မယ်။”
“ဪ...”
မင်းသားလျန် က ပြောသည်။ “မင်းသားမင်... ခင်ဗျား စစ်တပ်နဲ့အတူ မြောက်ဘက်သို့ လိုက်ပါပြီး နုရှောင့်မြို့တော်ကို သိမ်းပိုက်လိုက်ပါ။”
“ကောင်းပါပြီ။” မင်းသားမင် က ပြန်ဖြေ၏။
ဤလောကတွင် တန်းတူညီမျှဆက်ဆံမှုကို တန်ဖိုးထားသည်။ အကယ်၍ ရင်ကွမ်းကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပါက မင်းသားလျန် လိုက်ပါရမည်မှာ သဘာဝကျသည်။ သို့သော်ငြား ရင်ကွမ်းမသွားလျှင် သူလည်း သွား၍ မဖြစ်ပေ။ တော်ဝင်ရန်အင်ပါယာကိုယ်စား မင်းသားမင်က စစ်တပ်ကို ဦးဆောင်ခြင်းကပင် ကြီးမားသော ဂုဏ်ယူစရာ ဖြစ်နေသည်။
ရင်ကွမ်းက ပြော၏။ “ဒါဆိုရင် အရှင်မင်းသားကို ကျောက်မဲရဲတိုက်ကြီးမှာ ရက်အနည်းငယ်လောက် တည်းခိုဖို့ ဖိတ်ခေါ်ပါတယ်။”
.................
နောက်တစ်နေ့တွင် စေတီတောင်သခင်၊ မင်းသားလျန် နှင့် ချန်နိုင်ငံသစ်ဘုရင် ရင်ကွမ်းတို့က မြောက်ဘက်သို့ စစ်ချီမည့် စစ်တပ်ကို ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။
ခေါင်းဆောင်ကြီး ၃ ဦးစလုံးက အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြ၏။ စေတီတောင်၏ မိန့်ခွန်းမှာ တိုတောင်းသော်လည်း ရင်ကွမ်း၏မိန့်ခွန်းမှာ ပို၍ပင် တိုတောင်း၏။
“နုရှောင့်မြို့တော်ကို မြေလှန်ဖျက်ဆီးပစ်မယ်။”
“တော်ဝင်ချန်အတုအယောင်ကို အမြစ်ဖြတ် ချေမှုန်းပစ်မယ်။”
အခြားတစ်ဖက်တွင် မင်းသားလျန်ကမူ စကားပိုများသည်။ သူက ပထမဦးစွာ ချန်နိုင်ငံသစ်နှင့် တော်ဝင်ရန် အင်ပါယာတို့၏ ရင်းနှီးသောဆက်ဆံရေးကို ပြောပြသည်။ ထို့နောက် ရှမ့်လန်၏ ယုတ်မာသော သဘော သဘာဝကို ပြောပြသည်။ နောက်ဆုံးတွင် တော်ဝင်ရန်အင်ပါယာ၏ တရားမျှတမှုကို ပြောပြသည်။
နိဂုံးချုပ်အနေဖြင့် ဤစစ်ပွဲသည် တရားမျှတသော စစ်ပွဲကြီးဖြစ်ကြောင်း၊ ဤစစ်ပွဲက ရှမ့်လန်၏ မကောင်းဆိုးဝါး အင်အားစုများကို အပြီးတိုင် ဖျက်ဆီးပစ်ပြီး ကမ္ဘာလောကကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ကြေညာ၏။
“ငါ ဘယ်မှ မသွားဘူး။ ဒီရဲတိုက်ကြီးမှာနေပြီး မင်းတို့ရဲ့ အောင်ပွဲကို စောင့်နေမယ်။ တော်ဝင်ချန် အတုအယောင် ပျက်စီးသွားပြီဆိုတဲ့ သတင်းကောင်းကို ဒီနေရာမှာ စောင့်နေမယ်။ သွားကြတော့။ မြောက်ဘက်သို့ စစ်ချီကြတော့။”
ခေါင်းဆောင် ၃ ဦး၏ အမိန့်ဖြင့် စေတီတောင်နှင့် ရင်ကွမ်း၏ မဟာမိတ်တပ်ဖွဲ့သည် မြောက်ဘက်သို့ စစ်ချီခဲ့ကြသည်။ ဤအင်အားကြီးမားသော ရေတပ်တော်တွင် ရှေးဟောင်းစစ်သင်္ဘော ဒါဇင်ပေါင်းများစွာ ပါဝင်ပြီး ကြောက်မက်ဖွယ် ဖျက်ဆီးရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူတို့သည် တစ်နာရီလျှင် ၃၇ ကီလိုမီတာနှုန်းဖြင့် နုရှောင့်မြို့တော်ဆီသို့ ဦးတည်ခုတ်မောင်းသွားကြသည်။
အင်ပါယာ၏ မင်းသားမင်၊ ချန်နိုင်ငံသစ်၏ ဒုတိယမင်းသားရင်ဝူချယ်နှင့် စေတီတောင်၏ ဥပဒေပြု ခန်းဆောင်သခင်တို့သည် ဤစစ်တပ်၏ စစ်သေနာပတိများ ဖြစ်လာကြ၏။
သူ့ဖခင် ရင်ကွမ်းနှင့် ဂိုဏ်းချုပ်ရန်တို့၏ စကားများသည် ရင်ဝူချယ်၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ ဤစစ်ပွဲသည် တော်ဝင်ရန်အင်ပါယာကို ပြသရန် ပြဇာတ်တစ်ခု ဖြစ်သည်။ အင်ပါယာသံတမန်ကို ပြင်းထန်သော ဟန့်တားမှုတစ်ခု ပြုလုပ်ရန် ဖြစ်သည်။
သူတို့သည် နုရှောင့်မြို့တော်နှင့် တော်ဝင်ချန် အတုအယောင်ကို အချိန်တိုအတွင်း ဖျက်ဆီးပစ်ရမည်။ ရှမ့်လန်မရှိလျှင် နုရှောင့်မြို့တော်သည် အကာအကွယ်မဲ့ ဖြစ်နေ၏။ နဂါးနောင်တ မှလွဲ၍ နုရှောင့်မြို့တော် တွင် စစ်တပ်ကို ထိခိုက်စေနိုင်သော လက်နက်မရှိပေ။ စစ်သည်တစ်သိန်း ပါဝင်သော စစ်တပ်ကြီးအနေဖြင့် နုရှောင့်မြို့တော်ကို ဖျက်ဆီးရန်မှာ လက်ဖျားခါသည်ထက်ပင် လွယ်ကူပေလိမ့်မည်။
............
သတ္တဝါပျံကြီးက အလွန်တရာ လျင်မြန်လှ၏။ ချန်နိုင်ငံမှ နုရှောင့်မြို့တော်သို့ ရောက်ရှိရန် ၉ နာရီအောက်သာ ကြာမြင့်သည်။ ထို့အပြင် လမ်းခရီးတွင် လုံးဝအနားမယူခဲ့ပေ။ ဤအချိန်တွင် ရင်ကွမ်းနှင့် စေတီတောင်၏ စစ်သည်တစ်သိန်းက နုရှောင့်မြို့တော်နှင့် ကီလိုမီတာ ၅၀၀၀ ကျော် ဝေးကွာနေသေး၏။
“ကျား ..”
ရှမ့်လန်က ကောင်းကင်ယံတွင် ပါးစပ်ဟကာ အော်လိုက်သည်။
သတ္တဝါပျံကြီးကလည်း ပါးစပ်ဟလိုက်၏။ “ဝေါင်း...”
“ရင်ကွမ်းနဲ့ စေတီတောင် မဟာမိတ်တပ်ဖွဲ့တို့ရေ... မြန်မြန် လာကြစမ်းပါ။ ငါ့ရဲ့ နဂါးနောင်တက ဆာလောင် မွတ်သိပ်နေပြီ။ ငါရဲ့ တချောင်ကြီးကလည်း ဆာလောင်နေပြီ။ ငါတို့ သတ်ဖြတ်ပွဲကြီး ကျင်းပဖို့ အဆင်သင့် ဖြစ်နေပြီ။”
ဤအသံထက်မြန်သော သတ္တဝါပျံကြီး နုရှောင့်မြို့တော် အထက်သို့ ရောက်ရှိလာချိန်မှာတော့ နုရှောင့်မြို့တော် တစ်ခုလုံး၏ လေကြောင်းရန် ကာကွယ်ရေးစနစ်တွင် ကြီးမားသော လှုပ်ခတ်မှု ဖြစ်ပေါ်သွားသည်။
တစ်ခဏချင်းမှာပဲ ရှေးဟောင်းဒူးလေးများနှင့် လေးများမှ မြားပေါင်းများစွာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ တစ်ချိန်တည်းမှာပင် မီးပုံးပျံ ဒါဇင်ချီ ကောင်းကင်သို့ မြင့်တက်လာကြ၏။
သို့သော်ငြား နုရှောင့်မြို့တော်၏ လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုလုံးသည် တချောင်ရှေ့တွင် အသုံးမဝင် ဖြစ်သွားရ၏။ ၎င်း၏ အမြန်နှုန်းက မြန်ဆန်လွန်းပြီး လှုပ်ရှားနိုင်စွမ်းကလည်း ကောင်းမွန်လွန်းသည်။
ကြီးမားသော သတ္တဝါကြီးက လေထဲတွင် ဤမျှသွက်လက်နေသည်မှာ ယုံကြည်နိုင်စရာ မရှိပေ။
“ဝူး... ဝူး... ဝူး...”
တချောင်က ခမ်းနားထည်ဝါသော စွမ်းဆောင်ရည်ကို ထပ်မံပြသလိုက်ပြန်သည်။ တစ်စက္ကန့်လျှင် အသံထက် ၂ ဆကျော် မြန်သော အမြန်နှုန်းဖြင့် ထိုးဆင်း၏။
မီတာ ၈၀၀၀၊ ၉၀၀၀ အမြင့်မှ ထိုးဆင်းလာရာ သူ၏ပုံသဏ္ဍာန်မှာ တကယ်ကို ကြည့်ကောင်းလွန်းပြီး လေခွင်းအား၊ အလှတရားများနှင့် ပြည့်စုံနေသည်။ မြေပြင်မှ ကြည့်လိုက်လျှင် နဂါးနောင်တ ကျဆင်း လာသကဲ့သို့ ခံစားရသည်။
“ဘုန်း...”
ဧရာမ မြားကြီးတစ်စင်းကဲ့သို့ပင် တချောင်သည် နုရှောင့်မြို့တော် ရဲတိုက်ကြီး၏ အလယ်ဗဟိုရှိ ရင်ပြင်ပေါ်သို့ တိကျစွာ ဆင်းသက်လိုက်သည်။ တစ်ချိန်တည်းမှာပင် လူရိပ်ဒါဇင်ချီက လျှပ်စီးကြောင်းများကဲ့သို့ အလျှင်အမြန် ပြေးဝင်လာကြ၏။
အမှန်စစ်စစ်တွင် ဤအကွာအဝေး၌ ရှေးဟောင်းဒူးလေးများ ပစ်ခတ်လိုက်ပါက တချောင်အတွက် အလွန် အန္တရာယ် ရှိပေသည်။
သို့သော်ငြား မြေပြင်နှင့် မီတာ ၃၀၀၀ အလိုတွင် ရှေးဟောင်းဒူးလေးများနှင့် လေးများအားလုံး ပစ်ခတ်မှု ရပ်တန့်သွားကြသည်။
အဘယ့်ကြောင့်ဆိုသော် မှန်ပြောင်းတစ်ခုထက်မက က အသံထက်မြန်သော သတ္တဝါပျံကြီး၏ ခြေသည်းပေါ်ရှိ ရှမ့်လန်ကို မြင်လိုက်ရသောကြောင့်ပင်။ မြေပြင်နှင့် ၃ မီတာသာ လိုတော့သည့်အချိန်တွင် အသံထက်မြန်သော သတ္တဝါကြီးက ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ပြီး မြေပြင်နှင့်အညီ ပျံဝဲကာ ရှမ့်လန်ကို မြေပြင်ပေါ်သို့ အသာအယာ ချပေးလိုက်၏။
ဤအကောင်က တကယ်ကို စိတ်လှုပ်ရှားစရာများ ပြုလုပ်ရခြင်းကို ကြိုက်နှစ်သက်ပြီး ထိုးဆင်းတိုင်း အန္တရာယ်များသော လုပ်ရပ်များကို လုပ်ဆောင်လေ့ ရှိသည်။
ရှမ့်လန် မြေကြီးပေါ် ခြေချလိုက်သည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်က ချက်ချင်း ဖက်လိုက်သည်။ တင်းကျပ်လွန်းသောကြောင့် အသက်ရှူကျပ်လုနီးပါး ဖြစ်သွားရ၏။
ဖက်လိုက်သောအားက တချောင်လောက် မညင်သာပေ။ တချောင်၏ ခြေသည်းများက ကြီးမားပြီး သန်မာသော်လည်း ရှမ့်လန်၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားချိန်တွင် အားစိုက်ထုတ်မှုက ပြီးပြည့်စုံသည်။
ဟီလာက ရှမ့်လန်ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူ့ကိုယ်သင်းနံ့ကို အားပါးတရ ရှူရှိုက်လိုက်သည်။ အချိန်ခဏကြာပြီးနောက် သူမက ပြောလိုက်၏။ “မင်းက လူယုတ်မာပဲ... သိရဲ့လား။ မင်းက တကယ့်ကို လူယုတ်မာပဲ။”
တစ်မိနစ်တိတိ ကြာပြီးမှ ဟီလာက ရှမ့်လန်ကို လွှတ်ပေးလိုက်သည်။
ရှမ့်လန်က ချောင်ယောင်းအာ ရှေ့သို့ လျှောက်သွားပြီး အံ့မခန်း ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသော သူမ၏ ခန္ဓာကိုယ်ကို ဖက်လကာ လည်ပင်းကို နမ်းလိုက်၏။
“ယောင်းအာ... ငါ့ကို လွမ်းနေလား။ ငါ မင်းကို သေလောက်အောင် လွမ်းနေတာ။ မယုံရင် စမ်းကြည့်လိုက်။” ရှမ့်လန်က တိုးတိုးလေး ပြောလိုက်သည်။
“ခံစားမိပါတယ်။” ချောင်ယောင်းအာက ပြန်ပြောသည်။ သို့သော်ငြား သူမ၏အကြည့်က အသံထက်မြန်သော သတ္တဝါပျံကြီးဆီသို့ ရောက်နေပြီး မျက်လုံးများထဲတွင် ရှားပါးသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ အချိန်အတော်ကြာမှ သူမက လှည့်ကြည့်ပြီး မေးလိုက်၏။ “အခု ကျွန်မနဲ့ အတူအိပ်ချင်နေတာလား။”
ရှမ့်လန် ကြောင်အသွားရသည်။ “အခုလား။ မင်း အဲဒီလောက်တောင် လောနေတာလား။”
ချောင်ယောင်းအာက တည်ငြိမ်စွာပင် ပြန်ပြော၏။ “ကျွန်မက သိပ်မလောပါဘူး။ ရှင် လောနေမှာ စိုးလို့ပါ။ ဒါပေမဲ့ ရှင် သိပ်မလောဘူးဆိုရင်တော့ ကျွန်မ ဟိုအကောင်ကြီးနဲ့ သွားပြီး ရင်းနှီးအောင် လုပ်ချင်တယ်။”
ချောင်ယောင်းအာ ရည်ညွှန်းသည်မှာ သူကို အမှန်တကယ် အံ့အားသင့်စေခဲ့သော အသံထက်မြန်သော သတ္တဝါပျံကြီး ဖြစ်သည်။
“အင်း... သွားလေ။” ရှမ့်လန်က ခွင့်ပြုလိုက်၏။
ထို့နောက် သူက မင်းသမီး ဒိုဟာ ရှေ့သို့ လျှောက်သွားပြီး ဖက်လိုက်သည်။ အချိန်အတော်ကြာမှ ရှမ့်လန်က စနောက်လိုက်သည်။ “ဒိုဟာ... ငါ့လက်ကို အဲဒီနေရာမှာ ထားမိရင် မင်း စိတ်မဆိုးဘူး မဟုတ်လား။ အရင်ကဆိုရင် မင်း ကိုယ့်လက်ကို ရိုက်ချလိုက်မှာ။”
“ရှင် နေရာမှားထားမိတာ လက်တစ်ဖက်တည်း မဟုတ်ပါဘူး အရှင်...”
မင်းသမီး ဒိုဟာက ပြန်ပြော၏။ “ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကျွန်မ ဂရုမစိုက်တော့ပါဘူး။ အရှင် ပျော်ရင် ပြီးတာပါပဲ။”
ရှမ့်လန်က မင်းသမီး ဒိုဟာ၏ ခါးပေါ်မှ လက်ကို ဖယ်လိုက်သည်။ အမှန်တကယ်တွင် သူ အနှစ်သက်ဆုံးမှာ ထိလိုက်သည်နှင့် အရိုက်ခံရသော ရင်ခုန်စိတ်လှုပ်ရှားမှု ဖြစ်သည်။ ယခု ဒိုဟာက သူ့ကို ပွင့်ပွင့်လင်းလင်း ပေးထိနေချိန်မှာတော့ သိပ်ပြီးမကောင်းသလို ခံစားလိုက်ရသည်။
ရှမ့်လန်က တစ်ယောက်ပြီးတစ်ယောက် လိုက်ဖက်နေ၏။ ဟုတ်ပေ၏။ ထိုသူတို့အားလုံးက အမျိုးသမီးများ ဖြစ်ကြသည်။
“အင်း...” ရွှယ်ရင်နှင့် ရင်ဆိုင်ရချိန်မှာတော့ ရှမ့်လန် ခေတ္တမျှ တွန့်ဆုတ်နေမိသည်။ သို့သော်ငြား သူက ရှေ့တက်လာပြီး သူမကို ဖက်လိုက်၏။
“အရူးကောင်လေး ... မင်က အရူးကောင်လေးပဲ။” နတ်သမီးရွှယ်ရင်က တုန်ယင်စွာ ပြောလိုက်သည်။ သူမက စကားပြောရင်း တုန်ယင်နေ၏။ ထို့နောက် ရှမ့်လန်၏ ဆံပင်ကို နမ်းလိုက်သည်။ ရှမ့်လန်အပေါ်ထားရှိသော သူ၏ ခံစားချက်များက ရှုပ်ထွေးလွန်းလှ၏။ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ရှုပ်ထွေးသည်။
လွန်ခဲ့သော လအနည်းငယ်က ရှမ့်လန် ပျောက်ဆုံးသွားခြင်းမှာ ရှိနေသောလူတိုင်းအတွက် ကြီးမားသော နှိပ်စက်မှုကြီး ဖြစ်ခဲ့၏။ သို့သော်ငြား ရှမ့်လန်က သူ့ကို လိုက်ရှာစရာ မလိုကြောင်း၊ သူ့အစီအစဉ်အတိုင်းသာ ဆောင်ရွက်ကြရန် ရှင်းလင်းစွာ မှာကြားထားခဲ့သည်။ အုပ်ချုပ်သူတစ်ဦးအနေဖြင့် ရှမ့်လန်က အရည်အချင်း မပြည့်မီပေ။ သူက စိတ်ဆန္ဒ စောလွန်းပြီး စွန့်စားလွန်း၏။
ရွှယ်ရင်ကို လွှတ်ပေးပြီးနောက် ရှမ့်လန်က မဟာပညာရှင် ပန်ရော့ ရှေ့သို့ လျှောက်သွားပြီး လက်နှစ်ဖက် ဖွင့်ပေးလိုက်သည်။
မဟာပညာရှင် ပန်ရော့က တားလိုက်၏။ “မလုပ်နဲ့။ အရှင်က ငယ်လွန်းတယ်။ အရှင်က အရှင့်အဖေ မဟုတ်ဘူး။”
“အင်း...”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်ပါပြီ။ ကျုပ်ရဲ့ မိထွေး ဖြစ်ချင်တဲ့သူတွေက ကျုပ် ထင်ထားတာထက် ပိုများနေပုံရတယ်။”
မဟာပညာရှင် ပန်ရော့က ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည်။ “အဲဒီလို မဟုတ်ပါဘူး။ ကျွန်မက အပျိုစင်ဘဝနဲ့ပဲ နေမယ့်သူပါ။ တကယ်လို့ ဘုရားသခင်က ကျွန်မအတွက် ယောကျ်ားတစ်ယောက် စီစဉ်ပေးမယ်ဆိုရင် အရှင်က အရှင်မင်းကြီးကျန်းလီထက် ပိုကောင်းနိုင်တယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ အရှင်က ငယ်လွန်းနေသေးတယ်။ ဒါက သဘာဝတရားနဲ့ ဆန့်ကျင်နေသလို ခံစားရတယ်။ ကံကောင်းလို့ ကျုပ် ဒီတစ်သက် အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသလို ယောကျ်ားတွေကိုလည်း စိတ်မဝင်စား ပါဘူး။ မဟုတ်ရင် ပြဿနာ တက်နိုင်တယ်။ ကျွန်မက နုပျိုတဲ့ခန္ဓာကိုယ်ကို အမြဲ သဘောကျခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာအရ...”
မဟာပညာရှင် ပန်ရော့ စကားမဆုံးခင် သူကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို သတိထားမိလိုက်သည်။ သူ၏ စီနီယာအစ်မ လင်းရှန်ပင်။ သူမက ကျုံးချူးကဲ့ကို တိုက်ခိုက်ရာတွင် တစ်ခါမှ မနိုင်ဖူးပေ။
“နင်က အရှက်မရှိဘူး။”
လင်းရှန်က ပြောလိုက်သည်။ “နင့်လိုလူက နတ်ဆိုးချောက်ကမ်းပါး နန်းတော်သခင် ဖြစ်ထိုက်လို့လား။”
“စီနီယာအစ်မ... ကျွန်မက အစ်မလိုပဲ အပျိုစင်ပါပဲ။”
ပန်ရော့က ပြန်ပြောလိုက်၏။ “ဒါပေမဲ့ အစ်မက နန်းတော်သခင်နေရာကို အရမ်းလိုချင်နေတယ်ဆိုရင် အခုပဲ ပေးလိုက်ပါ့မယ်။”
လင်းရှန်က ဒေါသတကြီး တုံ့ပြန်လိုက်သည်။ “နင် ဘာကို ဆိုလိုတာလဲ။ နင့်သနားမှုကို ငါ လိုလို့လား။ နန်းတော်သခင်ရာထူးကို နင် ပေးကမ်းတာ ငါ လိုလို့လား။ ငါက သနားစရာ ကောင်းတယ်လို့ နင် ထင်နေတာလား။ နင် ထင်နေတာက...”
သူတို့နှစ်ဦး အချိန်မရွေး ရန်ဖြစ်နိုင်၏။ ပိုမိုတိကျစွာ ပြောရလျှင် လင်းရှန်က အချိန်မရွေး ပေါက်ကွဲနိုင်၏။
“ယောကျ်ား... ရှင်က ဒီလို မဖွယ်မရာတွေဖြစ်နေတုန်း ကျွန်မကို ဖက်ထားဖို့ အကြံပြုချင်ပါတယ်။ အနည်းဆုံးတော့ ကျွန်မက ရှင့်ကို နည်းနည်း ကာကွယ်ပေးထားလို့ ရတာပေါ့။”
ကျန်းချွင်းဟွာ ရောက်ရှိလာသည်။ ၁၀ မီတာအောက် အကွာအဝေးသို့ ရောက်ချိန်မှာတော့ ကျက်သရေရှိစွာ လမ်းလျှောက်လာပြီး ရှမ့်လန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ တိတ်ဆိတ်စွာ ပွတ်သပ်နေသည်။ ထို့နောက် မူးနေသကဲ့သို့ တိုးလျလျ ပြောသည်။
“ယောကျ်ား... အစ်မကြီး ချောင်ယောင်းအာက အခု ရှင့်ကို တကယ် ဘာမှမလုပ်ချင်ဘူး။ သူက တခြားအရာကို စိတ်ဝင်စားနေတယ်။ ဒါကြောင့် ကျွန်မတို့အခန်းထဲ သွားကြမလား။ ရုံးခန်းဆိုရင်လည်း ရပါတယ်။ သွားစမ်း... တောင်းပန်ပါတယ်။... နောက်ဆုံး စကားလုံးနှစ်လုံးက ကျွန်မနောက်က အရှက်မရှိတဲ့ အမျိုးသမီးအတွက်ပါ။”
သူမ၏ အနောက်တွင် ကျန်းယွီယင်က အေးအေးဆေးဆေး လမ်းလျှောက်လာနေ၏။
ချောင်ယောင်းအာက အသံထက်မြန်သော သတ္တဝါပျံကြီးကို အမှန်တကယ် စိတ်ဝင်စားနေခြင်းပင်။ တချောင် မြေပြင်ပေါ် ဆင်းသက်ပြီးနောက် ချက်ချင်းပဲ ပျင်းရိစွာ လဲလျောင်းလိုက်ပြီး သွယ်လျသော လည်ပင်းကို ကြမ်းပြင်ပေါ်တင်ကာ မာနကြီးပြီး ပျင်းရိသောပုံစံဖြင့် နေနေသည်။
ချောင်ယောင်းအာက လျှောက်သွားပြီး တချောင်၏ခေါင်းကို လှမ်းပွတ်လိုက်၏။
“ဟွန်း...”
ချောင်ယောင်းအာက တချောင်၏မေးစေ့ကို ထပ်ကုတ်ပေးလိုက်သည်။ တချောင်က ပျင်းရိစွာ မျက်လုံး မှိတ်လိုက်သည်။
..................
နောက်ဆုံးတွင် ရှမ့်လန်က ဘက်လိုက်ခဲ့သည်။ နုရှောင့်မြို့တော်သို့ ပြန်ရောက်ပြီးနောက် ချောင်ယောင်းအာ ၏ ကုတင်ပေါ်သို့ တက်ရန် မစောင့်နိုင်တော့ပေ။ သူ၏လက်ရှိအင်အားဖြင့် ကျန်းချွင်းဟွာ ကို နှစ်သိမ့်ပေးရန် မနက်ဖြန်အထိ စောင့်ရပေမည်။
“ဒီရက်တွေမှာ ကျွန်မ... ရှင့်ကို တကယ်လွမ်းနေခဲ့တာ။”
ချောင်ယောင်းအာက ပြော၏။ “ပြီးတော့ နောက်တစ်ခါ ထပ်မဖြစ်ဖို့ တကယ် မမျှော်လင့်ပါတယ်။ ရှင် ကိုယ်တိုင် စွန့်စားပြုလုပ်တာက ကျွန်မတို့ကို အသုံးမကျသူတွေလို ဖြစ်စေတယ်။ အထူးသဖြင့် ရှင် အန္တရာယ် ဖြစ်မှာ ကျွန်မ မလိုလားဘူး။”
ရှမ့်လန်က ပြန်ပြောသည်။ “ကောင်းပြီ။ ဒါပေမဲ့ ငါ ပြင်ပြောလိုက်အုံးမယ်။ ငါက အခု နတ်ပြည်မှာ ရောက်နေတာ။”
သူတို့နှစ်ဦး တင်းတင်းကျပ်ကျပ် ဖက်ထားကြ၏။
အချိန်အတော်ကြာမှ ချောင်ယောင်းအာက မေးသည်။ “သူ့နာမည်က ဘာလဲ။”
“တချောင်” ရှမ့်လန်က ဖြေ၏။
“ရှင် တစ်ယောက်တည်း စီးဖို့လား။”
“မဟုတ်ပါဘူး။ တကယ်တော့ မင်းက သူ့ရဲ့ အကောင်းဆုံး တိုက်ပွဲဝင်မိတ်ဖက်ပါ။ ဒါပေမဲ့ လောလောဆယ် ကောင်းကင်ပေါ်မှာ မင်း စီးလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ လျှို့ဝှက်ထားဖို့ လိုလို့။ အရေးကြီးတဲ့အချိန်ကျရင် သူက စေတီတောင် လေတပ်တော်ကို အသေအလဲ တိုက်ခိုက်လိမ့်မယ်။”
ချောင်ယောင်းအာက ခေါင်းညိတ်လိုက်သည်။ “ဒါဆို သူ့ကို ဝှက်ထားဖို့ လိုတာပေါ့။”
“သူက အရမ်းကြီးမားပေမဲ့ ဝှက်ထားဖို့ အရမ်းလွယ်ပါတယ်။ ပင်လယ်ထဲမှာ ဖြစ်ဖြစ်၊ ရေကန်ထဲမှာ ဖြစ်ဖြစ် နေလို့ရတယ်။ သူက ရေထဲမှာ နေရတာ ကြိုက်တယ်။”
...............
အပိုင်း (၁၀၇၈)
လက်တွေ့တွင်တော့ ရှမ့်လန် ပြန်ရောက်လာခြင်းသည် နုရှောင့်မြို့တော်တွင် ကြီးမားသော လှုပ်ခတ်မှု မဖြစ်စေခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် နုရှောင့်မြို့တော်ရှိ လူအများစုသည် လွန်ခဲ့သော လအနည်းငယ်က သူ ဘယ်ရောက် သွားသနည်း၊ ဘာတွေကြုံတွေ့ခဲ့ရသနည်း ဆိုသည်ကို မသိကြသောကြောင့်ပင်။ လူနည်းစုသည်သာ ဖြစ်ပျက် ခဲ့သည်များကို သိရှိကြသည်။
ထို့အပြင် ရှမ့်လန်သည် အမြဲတမ်း ပဟေဠိဆန်ပြီး ဖမ်းဆုပ်ရခက်သူ ဖြစ်သည်။ အနောက်တိုင်းတွင် ဖြစ်စေ၊ အရှေ့တိုင်းတွင် ဖြစ်စေ သူ လူလုံးထွက်ပြသသည်မှာ နည်းပါးသည်။ သို့သော်ငြား မည်သို့ပင်ဖြစ်စေ သူ ပြန်လည် ပေါ်ထွက်လာခြင်းသည် နုရှောင့်မြို့တော်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သလိုပင်။
နောက်တစ်နေ့ နံနက်တွင် ကျန်းချွင်းဟွာက လွန်ခဲ့သော လအနည်းငယ်အတွင်း အရေးကြီးသော လုပ်ငန်း ဆောင်ရွက်မှု တိုးတက်မှုများကို လာရောက်တင်ပြ၏။ သေချာသည်မှာ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် တင်ပြနေစဉ် သူမ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများက နည်းသထက် နည်းလာသည်။ နောက်ဆုံးတွင် သူမက အလွန်ဆွဲဆောင်မှုရှိသော နည်းလမ်းများကို အသုံးပြု၍ တင်ပြခဲ့၏။
“ရှေးဟောင်းစစ်သင်္ဘောရဲ့ ကနဦး ပြုပြင်မှုတွေ ပြီးစီးပါပြီ။ ရှင် ဆန္ဒရှိမယ်ဆိုရင် ဒီတစ်ခါ နုရှောင့်မြို့တော် စစ်ပွဲမှာ ဝင်တိုက်လို့ ရပါပြီ။”
ကျန်းချွင်းဟွာက ပြောသည်။ “သူ့ရဲ့ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းရည်ကို ၆၀ ရာခိုင်နှုန်းလောက် ပြန်ရနိုင်ပါလိမ့်မယ်။”
ရှမ့်လန် ခေါင်းခါလိုက်၏။ “မလိုပါဘူး။ ဒီစစ်ပွဲမှာ အဲဒါကို မသုံးဘူး”
ကျန်းချွင်းဟွာက ထပ်မံတင်ပြသည်။ “ရေနွေးငွေ့အင်ဂျင်ကို အသေးစားဖြစ်အောင် ဖန်တီး တည်ဆောက်တာလည်း ပြီးစီးပါပြီ။ ရှင့်ရဲ့ အမြင့်ဆုံးရည်မှန်းချက်ထက်တောင် ပိုသေးငယ်ပါတယ်။ လေသင်္ဘောပေါ်မှာ အောင်မြင်စွာ တပ်ဆင်ပြီးပါပြီ။ ပထမအသုတ်အနေနဲ့ လေသင်္ဘော ၁၀ စင်း တည်ဆောက် ထားပါတယ်။”
ရှမ့်လန်၏ အမိုးနီးယား လေသင်္ဘောသည် ကဏ္ဍစုံတွင် အလွန် ခေတ်နောက်ကျနေပုံ ရ၏။ ပျံသန်းနှုန်း သို့မဟုတ် သွက်လက်မှုတွင်ဖြစ်စေ ရန်သူ၏ နှင်းလင်းယုန် တပ်တော်ထက် များစွာ နိမ့်ကျနေသည်။ သို့သော်ငြား ထိုအရာ၌ ကြီးမားသော အားသာချက်တစ်ခု ရှိသည်။ ၎င်းမှာ အလွန်မြင့်မားသော အမြင့်၊ မီတာ ၁၀၀၀၀ ကျော်အထိ တက်ရောက်နိုင်ခြင်းပင်။ ဤအမြင့်သည် ရန်သူ့နှင်းလင်းယုန်များ၏ ပျံသန်းနိုင်မှု ကန့်သတ်ချက်ကို ကျော်လွန်နေသောကြောင့် ဤအမြင့်တွင် အလွန်ဘေးကင်းသည်။ သေချာသည်မှာ တိုက်ခိုက်၍ မရသလောက်ပင်။
ရှမ့်လန်က မေးလိုက်၏။ “လောကပျက်ကပ်စီမံကိန်း ဘယ်လိုအခြေအနေ ရှိလဲ။”
လောကပျက်ကပ်စီမံကိန်း ဆိုသည်မှာ အဘယ်နည်း။ ထိုအရာမှာ နဂါးနောင်တ ဖန်တီးခြင်းဖြစ်ပြီး အကြမ်းဖျင်း အားဖြင့် မန်ဟက်တန်စီမံကိန်းနှင့် ညီမျှသည်။ မီးနဂါးကြယ်တံခွန် ဝင်တိုက်စဉ်က နဂါးဥနှစ်လုံး ဆိုသည်မှာ အတုများ ဖြစ်သော်လည်း နေရောင်ခြည်အရောင်ရှိသော အထူးအရည်မှာမူ အစစ်အမှန် ဖြစ်သည်။ ထိုအရည်သည် နဂါးနောင်တ၏ ကုန်ကြမ်းပစ္စည်းဖြစ်ပြီး နုရှောင့်မြို့တော်တွင် နဂါးသွေး ဟု ခေါ်ဆိုသည်။
ဤပစ္စည်းကို ရရှိပြီးသည့်နောက် ရှမ့်လန်က ‘လောကပျက်ကပ် စီမံကိန်း’ ဟု အမည်ပေးထားသော စီမံကိန်း တစ်ခုကို ချက်ချင်းပဲ ရေးဆွဲခဲ့သည်။ သူက မြေအောက်လျှို့ဝှက်စခန်းတစ်ခုကို စတင် တည်ဆောက်ပြီး လူအင်အား တစ်ထောင်ကျော်ပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့၏။
လက်ရှိအချိန်၌ ဤ ‘လောကပျက်ကပ် စီမံကိန်း’ သည် နုရှောင့်မြို့တွင် လျှို့ဝှက်ချက် အဆင့်အမြင့်ဆုံးဖြစ်ပြီး ဤကိစ္စကို သိရှိသူ သုံးဦးထက် မပိုပေ။
“အရမ်း... အရမ်းကို နှေးကွေးလွန်းတယ်။”
ကျန်းချွင်းဟွာက ညည်းတွားလိုက်သည်။ “ဒီစီမံကိန်း စတင်ခဲ့တာ နှစ်ဝက်လောက် ရှိနေပြီ။ ဒါပေမဲ့ တိုးတက်မှု လုံးဝမရှိဘူးလို့ ပြောလို့ရတယ်။ ကျွန်မတို့အဖွဲ့ ဖွဲ့စည်းပြီးပေမဲ့ အခုချိန်ထိ လက်တွေ့စမ်းသပ်မှု တစ်ခုမှ မလုပ်ရသေးဘူး။ အားလုံးက သီအိုရီတွေကိုပဲ လေ့လာနေကြရတယ်။ ဒါတောင်မှ သီအိုရီလေ့လာဖို့ အချိန်မလောက်သလို ဖြစ်နေတယ်။
ကောင်းကင်ပင်လယ်နန်းဆောင်က ရလာတဲ့ ရှေးဟောင်းစာအုပ်တွေကိုပဲ အသည်းအသန် ဖတ်ရှုပြီး နဂါးနောင်တနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေနေကြရတာ။ တချို့လူတွေက လက်ရှိ ရှိနေတဲ့ နဂါးနောင်တ တစ်ခုကို ဖြုတ်ပြီး လေ့လာဖို့ အကြံပြုကြတယ်။ ဒါပေမဲ့ ငြင်းပယ်ခံလိုက်ရတယ်။ တကယ်လို့ သဘောတူခဲ့ရင်တောင် လက်ရှိအချိန်မှာ နဂါးနောင်တ ကို ဖြုတ်ပစ်ဖို့ နည်းလမ်း မရှိသေးဘူး။”
အမိကမ္ဘာမြေ၏ မန်ဟက်တန်စီမံကိန်းသည် အမေရိကန်၌ နှစ်စဉ် GDP သန်း ၂၀၀ သာ ရှိချိန်တွင် ဒေါ်လာ ၂ ဘီလီယံ အသုံးပြုခဲ့ရပြီး ဂျာမနီမှလွဲ၍ အနောက်တိုင်းကမ္ဘာရှိ ထူးချွန်သော သိပ္ပံပညာရှင် အားလုံးနီးပါး ပါဝင်ကာ လူအင်အား တစ်သိန်းခန့်ဖြင့် သုံးနှစ်ကြာ ကြိုးစားပြီးမှ နျူကလီးယားဗုံးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ခြင်း ဖြစ်၏။
ထိုအချိန်က နျူကလီးယားဗုံး သီအိုရီများ ပေါ်ပေါက်ပြီးသား ဖြစ်သော်လည်း ရှမ့်လန်၏ အဖွဲ့တွင်မူ နဂါးနောင်တ နှင့် ပတ်သက်သော သီအိုရီ ဗဟုသုတများသည် ဗလာသက်သက်သာ ရှိနေသေးသည်။
“မလောပါနဲ့။”
ရှမ့်လန်က နှစ်သိမ့်လိုက်၏။ “ဒီစီမံကိန်းကို စတင်တည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ။ ၅ နှစ်၊ ၁၀ နှစ်လောက် ကြာသွားရင်လည်း ပုံမှန်ပါပဲ။”
ကျန်းချွင်းဟွာက ဆက်ပြောသည်။ “‘လောကပျက်ကပ်စီမံကိန်း’ က အကျိုးအမြတ် မရသေးပေမယ့် အိမ်မက်ဆိုး ကျောက်တုံး ကိရိယာတွေနဲ့ ပတ်သက်တဲ့ သုတေသနကတော့ အရှိန်အဟုန်နဲ့ တိုးတက်နေတယ်။ ကြယ်တံခွန် ဝင်တိုက်တုန်းက အိမ်မက်ဆိုးကျောက်တုံး သလင်းကျောက်တွေနဲ့ ဆန်းကြယ်တဲ့ သတ္တုတွေ အများကြီး ရရှိခဲ့တယ်။ သူတို့က အိမ်မက်ဆိုးကျောက်တုံး ကိရိယာ အများအပြားကို ဖြုတ်ပြီး လေ့လာခဲ့ကြလို့ အခုဆိုရင် ကိရိယာ အမျိုးအစား တစ်ထောင်ကျော်ရဲ့ တည်ဆောက်ပုံနဲ့ ပြုပြင်နည်းတွေကို ကျွမ်းကျင်နေကြပြီ။ သီအိုရီတွေကိုတောင် ရေးမှတ်ထားနိုင်ကြပြီ။”
အံ့သြဖွယ်ရာ ကောင်းလှသည်။ ဤသည်မှာ သူအလိုချင်ဆုံးသော ရလဒ်ပင်။ ‘လောကပျက်ကပ် စီမံကိန်း’ က အမြင့်ဆုံးအဆင့်ဖြစ်ပြီး လောလောဆယ် တိုးတက်မှု မရှိသေးသော်လည်း အခြားသော နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုကို ဦးဆောင်နိုင်ခဲ့၏။
ဤသည်မှာ ခေတ်မီစစ်ဘက်ဆိုင်ရာ နည်းပညာများ၏ သက်ရောက်မှုပင် ဖြစ်သည်။ အမေရိကန်၏ အပိုလို စီမံကိန်းကဲ့သို့ပင်။ အပေါ်ယံကြည့်လျှင် လကမ္ဘာသို့ သွားရောက်ခြင်းသာ ဖြစ်သော်လည်း လက်တွေ့တွင်မူ နည်းပညာ တော်လှန်ရေးကြီး ဖြစ်ခဲ့သည်။ ၂၁ ရာစု ရောက်သည်အထိ ကမ္ဘာမြေ၏ နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ဟု ထင်ရသော်လည်း အပိုလိုစီမံကိန်းနှင့် ယှဉ်လျှင် အရည်အသွေးပိုင်း ဆိုင်ရာ ခုန်ပျံကျော်လွှား တိုးတက်လာမှုမျိုး မရှိခဲ့ပေ။
“နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို ဖြုတ်တပ်လို့ရတာကြောင့်ရော၊ အသေးစိတ် ပုံစံတွေ ရှိနေတာကြောင့်ရော... စီမံကိန်းအဖွဲ့က နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို အရင်ဆုံး တည်ဆောက်ချင်နေကြတယ်။ ဒါမှ နဂါးနောင်တ ရဲ့ သီအိုရီကို ပိုပြီး နားလည်လာမယ်လို့ မျှော်လင့်ရတယ်။”
ကျန်းချွင်းဟွာက ဆက်ပြောသည်။ “ပြီးတော့ အဖွဲ့က နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို အရွယ်အစား သေးငယ်အောင် ပြုလုပ်ချင်ကြတယ်။”
“ဖြစ်နိုင်ပါ့မလား။” ရှမ့်လန်က သံသယဖြင့် မေးလိုက်၏။
“အဖွဲ့ရဲ့ သုတေသနအရ နဂါးအရှိန်အဝါ ပစ်လွှတ်စင်က ဘာလို့ ဒီလောက်ကြီးမားနေရသလဲဆိုတော့ အချို့သော အိမ်မက်ဆိုးကျောက်တုံး သလင်းကျောက်တွေရဲ့ အဆင့်အတန်း မမြင့်မားလို့ပါတဲ့။ တကယ်လို့ အဆင့်မြင့် သလင်းကျောက်တွေသာရှိရင် ပစ်လွှတ်စင်ကို ပိုပြီးသေးငယ်အောင် လုပ်လို့ရပါတယ်။ အခု ကြယ်တံခွန် ဝင်တိုက်မှုကနေ အဆင့်မြင့် သလင်းကျောက် အများအပြား ရရှိထားပါတယ်။”
ဤသည်မှာ တကယ့်ကို သတင်းကောင်းပင်။ နဂါးနောင်တက လူအများအပြားကို သေစေနိုင်သော မဟာဗျူဟာမြောက် လက်နက်ဖြစ်သော်လည်း နဂါးအရှိန်အဝါ ပစ်လွှတ်စင်သည်လည်း နည်းဗျူဟာအရ အလွန် အရေးပါသည်။
ပထမဆုံးအချက်အနေဖြင့် ထိုအရာသည် အမြှောက်များထက် ပိုမိုဝေးကွာသော နေရာသို့ ပစ်ခတ်နိုင်ပြီး ကော့ချွန်ပုံ၊ စက်လုံးပုံ စသဖြင့် မည်သည့်ပုံသဏ္ဍာန်ကိုမဆို ပစ်လွှတ်နိုင်၏။
လောလောဆယ်တွင် ရှမ့်လန်၌ နဂါးအရှိန်အဝါ ပစ်လွှတ်စင် တစ်ခုသာရှိပြီး အရွယ်အစား ကြီးမားလွန်းသောကြောင့် အဆင်မပြေပေ။ အကယ်၍ အရွယ်အစား သေးငယ်သော ပစ်လွှတ်စင်ကို ပြုလုပ်နိုင်ခဲ့လျှင် နဂါးနောင်တကို မပစ်လွှတ်နိုင်လျှင်တောင် ကြီးမားသော အမြှောက်ဆံများကို ပစ်ခတ်ရာတွင် အသုံးပြုနိုင်သည်။
တန်ချိန် ၂၀ ကျော် လေးလံသော ဗုံးကြီးတစ်လုံးကို ကီလိုမီတာ ၁၀၀ ကျော် အကွာအဝေးသို့ ပစ်လွှတ် လိုက်သည်ဟု မြင်ယောင်ကြည့်ပါ။ တိုက်ခိုက်နိုင်စွမ်းအားက အကန့်အသတ်မဲ့ ဖြစ်သွားမည်။ သာမန် အမြှောက်ဆံ ရာပေါင်းများစွာ၏ စွမ်းအားထက် သာလွန်ပေလိမ့်မည်။
ကျန်းချွင်းဟွာက ပြော၏။ “ဒါပေမဲ့ စီမံကိန်းအဖွဲ့ရဲ့ အစီရင်ခံစာအရတော့ အရွယ်အစား သေးငယ်တဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင် သုတေသနက အစပျိုးအဆင့်မှာပဲ ရှိပါသေးတယ်။ တွက်ကြည့်ရင်တောင် ပထမဆုံး စမ်းသပ်ပစ်လွှတ်စင် ထွက်လာဖို့ ၂ နှစ်ကနေ ၃ နှစ်လောက် ကြာပါလိမ့်မယ်။”
၂ နှစ်၊ ၃ နှစ် ဆိုသည့်အချိန်က ကြာမြင့်သော်လည်း မြန်ဆန်သည်ဟု ဆိုနိုင်သည်။ သိပ္ပံနည်းကျ သုတေသန ဆိုသည်မှာ ထိုသို့ပင်။ နှစ်အနည်းငယ် ကြာသွားသည်ဆိုခြင်းမှာ အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “မီးနဂါးကြယ်တံခွန် ဝင်တိုက်မှုကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါ ၉ ကောင်ကျော် ရရှိခဲ့ပြီး ‘နွီဝါး စီမံကိန်း’ ကို စတင်ခဲ့တယ်။ အဲဒီမှာရော တိုးတက်မှု ရှိလား။”
အဘယ့်ကြောင့် ‘နွီဝါး စီမံကိန်း’ ဟု ခေါ်သနည်း။ နွီဝါးသည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့် ဖြစ်သည်။ ကြယ်တံခွန်က တွင်းနက်ကြီးထဲသို့ ဝင်တိုက်မိရာမှ လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါသစ်များ ပါလာခဲ့သည်။ မျိုးစိတ်သစ်များ၊ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျိုးစိတ်များ ဖြစ်ပေါ် လာနိုင်သောကြောင့် ‘နွီဝါး စီမံကိန်း’ ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်က ‘လောကပျက်ကပ် စီမံကိန်း’ အတွက် လူအင်အား တစ်ထောင်ကျော် ပေးထားသော်လည်း နွီဝါးစီမံကိန်းမှာမူ သန္ဓေသားအဆင့်သာ ရှိသေးသည်။ လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ ပါဝင် ပတ်သက်နေသောကြောင့် အလွန်အန္တရာယ်များသည်။ ထို့ကြောင့် ရှမ့်လန်ကိုယ်တိုင် ဦးစီးလုပ်ကိုင်ရသည်။ မတော်တဆမှု တစ်ခုခုဖြစ်ပွားခဲ့လျှင် နောက်ဆက်တွဲ ဆိုးကျိုးများက တွေးရဲစရာပင် မရှိချေ။ နုရှောင့်မြို့ ကိုပင် ပျက်စီးသွားစေနိုင်၏။
ကျန်းချွင်းဟွာက ပြောသည်။ “တိုးတက်မှု မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီစီမံကိန်းကို ရှင်ကိုယ်တိုင် ဦးစီးထားလို့လေ။”
“ဟုတ်သားပဲ... ငါ မေ့နေတာ။ ဒုတိယအသုတ် ကုန်သွယ်ရေး သင်္ဘောအုပ်စုနဲ့ တော်ဝင်ချန်အင်ပါယာရဲ့ သံတမန်အဖွဲ့က ရှီလွန်မင်းဆက်ဆီကို ထွက်ခွာသွားကြပြီမလား။ ငါတို့ရဲ့ သဝဏ်လွှာနဲ့ ဒီဘိုရာ သားအမိအတွက် ခန့်အပ်လွှာတွေလည်း ယူသွားကြတယ်မလား။”
“လွန်ခဲ့တဲ့ ၄ လကျော်တည်းက ထွက်ခွာသွားကြပါပြီ။ အခုလောက်ဆို ရှီလွန်မင်းဆက်ကို ရောက်နေလောက်ပြီ။ ကုန်သွယ်မှုတွေနဲ့ ဆက်သွယ်ရေးတွေ လုပ်ဆောင်နေကြလောက်ပြီ။ ရှီလွန်မင်းဆက်ရဲ့ ဘုရင်မမြို့တော်နဲ့ ကျောက်စိမ်းလှိုင်းကျွန်းဆွယ်က ဧကရီမြို့တော် (မူလန်မြို့တော်) တွေမှာ သံရုံးနှစ်ခု ဖွင့်လှစ်ပြီး အရာရှိ ဒါဇင်ပေါင်းများစွာကို တာဝန်ချထားပါလိမ့်မယ်။”
ကျန်းချွင်းဟွာက ဆက်ပြော၏။ “မီးနတ်ဘုရားဂိုဏ်းရဲ့ ပုရောဟိတ်မကြီး ရှယ်လီက ရှင့်ကို တစ်လလောက် စောင့်နေခဲ့ပေမယ့် အရေးကြီးကိစ္စရှိလို့ အနောက်ဘက်ကို ပြန်သွားပါပြီ။ လွန်ခဲ့တဲ့ တစ်လက မီးနတ်ဘုရား ဂိုဏ်းက တန်ဖိုးကြီးလက်ဆောင်တွေ ပို့လာခဲ့တယ်။ ချောင်ယောင်းအာ၊ မင်းသမီးဟီလာ၊ နယ်စားကြီး ကျင်းကျိုး နဲ့ ကျွန်မတို့ ပူးပေါင်းပြီး ရှင့်ကိုယ်စား လက်ခံရယူထားပါတယ်။
အဲဒီအထဲမှာ တန်ဖိုးအကြီးဆုံးကတော့ ငရဲမီးပိုးကောင် အမှုန့်တွေပါပဲ။ ၃၉၅ ကီလိုဂရမ်လောက် ပါလာတယ်။ ငရဲမီးရည် ကီလိုဂရမ် ၅ သောင်းလောက် ဖော်စပ်ဖို့ လုံလောက်တယ်။ ကျွန်မတို့ရဲ့ လက်နက်ရုံက ငရဲမီးရည်ကို ယမ်းတွေထဲ ထည့်ပြီး စမ်းသပ်ကြည့်တော့ ရလဒ်က အလွန်ပြင်းထန်တယ်။ ပေါက်ကွဲတဲ့ အပူချိန်ကို ၂၀၀၀ ဒီဂရီ စင်တီဂရိတ်ကျော်အထိ မြှင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ သဘာဝလွန် အဖွဲ့အစည်းတွေရဲ့ အထူးသံချပ်ကာတွေကို ဖျက်ဆီးနိုင်ဖို့ ပိုကောင်းတဲ့ ဖော်မြူလာကို ရှာဖွေနေဆဲပါပဲ။”
ပုံမှန် ပြင်းအားမြင့် ယမ်းပေါက်ကွဲမှု အပူချိန်သည် ဒီဂရီ ၁၀၀၀ ထက် မကျော်လွန်ပေ။ ထိုသို့ဆိုလျှင် နဂါးနောင်တ၏ ဗဟိုချက် အပူချိန်က ဘယ်လောက်ရှိမည်နည်း။ လုံးဝတိုင်းတာ၍ မရနိုင်ပေ။ သို့သော်ငြား ဒီဂရီ သန်း ၁၀၀ ကျော်နိုင်သည်ဟု ရှမ့်လန် ခန့်မှန်းထားသည်။ ထိုအရာက ကမ္ဘာမြေကို တုန်လှုပ်စေမည့် ကိန်းဂဏန်းတစ်ခု ဖြစ်သည်။
ထို့ကြောင့် နဂါးနောင်တသည် သာမန်အမြှောက်ဆံများနှင့် လုံးဝကွဲပြားခြားနားသည်။ စွမ်းအင် ဗဟိုချက်၏ အဆင့်အတန်း ကွာခြားလွန်းသည်။ နဂါးနောင်တသည် အဆုံးစွန်သော လူသတ်လက်နက် ဖြစ်သော်လည်း အရေအတွက် နည်းပါးလွန်းသည်မှာ ဝမ်းနည်းစရာပင်။
လက်ရှိအချိန်တွင် နုရှောင့်မြို့၌ နဂါးနောင်တ နှစ်ခုသာရှိပြီး အလွန်လျှို့ဝှက်သောနေရာ၌ သိမ်းဆည်းထား သည်။ ထိုနေရာကို သိရှိသူ တစ်ဦးတည်းသာရှိပြီး ချောင်ယောင်းအာ ဖြစ်သည်။ ကျန်းချွင်းဟွာပင် မသိရှိချေ။
ဝမ်းနည်းစရာ ကောင်းသည်မှာ သူတို့၌ နဂါးနောင်တ နှစ်ခုသာရှိပြီး ယခုအကြိမ်တွင် တစ်ခုကို ထုတ်သုံးရပေတော့မည်။
.....................
“ပျံတက်ကြ...” ရှမ့်လန်၏ အမိန့်ပေးသံအဆုံးတွင် ကြီးမားသော လေသင်္ဘော ၅ စီး တပြိုင်နက် ပျံတက် သွားကြ၏။ ရေနွေးငွေ့စက် ယန္တရားများ ပါရှိသောကြောင့် လေသင့်ရာ လွင့်မျောနေစရာ မလိုဘဲ ထိန်းချုပ် မောင်းနှင်နိုင်ပြီ ဖြစ်သည်။
“မှတ်ထားကြ။ မင်းတို့ရဲ့ တာဝန်က စောင့်ကြည့်ပြီး သတင်းပို့ဖို့ပဲ။ တိုက်ခိုက်ရေးတာဝန် မရှိဘူး။” ရှမ့်လန်က အလေးအနက် ပြောလိုက်၏။
“ဟုတ်ကဲ့ပါ။” တပ်မှူး ကွေ့နင်က ပြန်ပြောလိုက်သည်။
လေသင်္ဘော ၅ စီးသည် တဖြည်းဖြည်း မြင့်တက်သွားပြီး မီတာတစ်သောင်း အမြင့်သို့ ရောက်ရှိသွားသည်။ ထိုကဲ့သို့ လေဖိအားနည်းပြီး အပူချိန်နိမ့်ကျသော ပတ်ဝန်းကျင်မျိုးတွင် ထိပ်တန်းအမေဇုန် အမျိုးသမီး စစ်သည်တော်များသာ အသက်ရှင် နေထိုင်နိုင်သည်။ ထိုသို့တိုင်အောင် သူတို့အားလုံး ရှေးဟောင်း သံချပ်ကာများကို ဝတ်ဆင်ထားကြရ၏။
အမြင့်လုံလောက်စွာ ရောက်ရှိပြီးနောက် လေသင်္ဘောများသည် တောင်ဘက်သို့ ဦးတည်ပျံသန်းသွားကြ၏။ တကယ်တမ်းတွင် ဤအမြင့်သည် မိုးတိမ်များကြား ဖြတ်သန်း၍ပျံသန်းရခြင်း ဖြစ်သည်။ ဖုံးကွယ်ရန် ကောင်းမွန်သော်လည်း ပင်လယ်ပြင်ရှိ ပစ်မှတ်များကို ရှာဖွေရန် ခက်ခဲသည်။
“ပျံသန်းမှုအကွာအဝေး ကီလိုမီတာ ၁၀၀၀ ခန့်... စေတီတောင်နဲ့ ရင်ကွမ်း မဟာမိတ် ရေတပ်ကို မတွေ့ရသေး။”
“ပျံသန်းမှုအကွာအဝေး ကီလိုမီတာ ၂၀၀၀ ခန့်... ရန်သူ့ရေတပ်ကို မတွေ့ရသေး။”
ကံကောင်းသည်မှာ ရေပြင်ပေါ်မှ သင်္ဘောများ ဖြစ်နေခြင်းပင်။ မြေပြင်ပေါ်မှ စစ်တပ်ဆိုလျှင် ဤမျှအမြင့်မှ မြင်နိုင်မည် မဟုတ်ပေ။ ပင်လယ်ပြင်သည် အဆုံးအစမဲ့ ကျယ်ပြောပြီး ကွယ်ဝှက်စရာ နေရာမရှိပေ။ ရာသီဥတု သာယာနေလျှင် သေချာပေါက် မြင်တွေ့ရမှာ ဖြစ်၏။
“ပျံသန်းမှုအကွာအဝေး ကီလိုမီတာ ၃၀၀၀... ရန်သူ့ရေတပ်ကို မတွေ့ရသေး။”
“သတိပေးချက်... သတိပေးချက်... ရန်သူ့ကင်းလှည့် မြင်းစီးစစ်သည်တွေကို တွေ့ရှိရ။ အောက် မီတာ ၅၀၀၀ လောက်မှာ ရှိနေတယ်။”
မျက်စိအမြင်အာရုံက တကယ်ကို အံ့မခန်းပင်။ နှင်းလင်းယုန်ဆိုသည်မှာ ကြည့်လျှင် အစက်အပျောက်တစ်ခုသာ ရှိသည်။
“အရှင်က ရန်သူ့လေတပ်စုနဲ့ မတိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်။ နောက်တန်းက လေသင်္ဘောတွေက ရန်သူ့ လေတပ်ကို ဆက်လက် စောင့်ကြည့်နေပါ။ ငါတို့ တောင်ဘက်ကို ဆက်သွားပြီး ရန်သူ့ရေတပ်မကြီးကို ရှာဖွေမယ်။”
နောက်ထပ် နာရီအနည်းငယ် ကြာချိန်မှာတော့ ...
လေသင်္ဘောပေါ်မှ အမေဇုန် စစ်သည်တော်တစ်ဦး အော်ဟစ်လိုက်၏။ “ရန်သူ့ရေတပ်ကို တွေ့ပြီ။ ရန်သူ့ရေတပ်ကို တွေ့ပြီ။ မှတ်တမ်းတင်လိုက်။ စေတီတောင်နဲ့ ရင်ကွမ်း မဟာမိတ်ရေတပ်က နုရှောင့်မြို့နဲ့ ၃၇၀၀ ကီလိုမီတာ အကွာအဝေးမှာ ရှိနေတယ်။ အလံပြသင်္ကေတ ပို့ပြီး အမှတ် ၂ လေသင်္ဘောကို ပြန်ခိုင်းလိုက်။ အရှင် ရှမ့်လန်ကို သတင်းပို့ခိုင်းလိုက်။ ငါတို့က ရန်သူ့ ရေတပ်မကြီးကို ဆက်လက် စောင့်ကြည့်နေမယ်။”
“ကောင်းပါပြီ။”
အမှတ် ၂ လေသင်္ဘောသည် အမြင့်ပျံသန်းရင်း ကွေ့ဝိုက်ကာ နုရှောင့်မြို့ဆီသို့ ပြန်လှည့်သွားလေသည်။
………………….
စေတီတောင်နှင့် ရင်ကွမ်း မဟာမိတ် ရေတပ် ရောက်ရှိလာပြီဆိုတာ ရှမ့်လန်သိသော်လည်း ကီလိုမီတာ ထောင်ချီ ဝေးကွာနေသေးသည်။ သူက ‘လောကပျက်ကပ် စီမံကိန်း’ အဖွဲ့နှင့် နွီဝါးစီမံကိန်း အဖွဲ့တို့ကို သွားရောက် စစ်ဆေးပြီး လမ်းခရီးတွင် လေ့ကျိုးကျွန်းစံအိမ်သို့ ဝင်ရောက်ခဲ့၏။
မင်းသမီးနင်ယန်က လွန်ခဲ့သော တစ်လကျော်က မီးဖွားခဲ့သည်။ ဤတစ်ကြိမ်တွင် ကလေးမှာ လစေ့ပြီး ကျန်းမာသန်စွမ်းလှသည်။
ရှမ့်လန်၏ သဘောတူညီချက်အရ ကလေးကို နင်မျိုးရိုး ပေးရမည်ဖြစ်သော်လည်း နင်ယွမ်ရှန်းက ရှမ့်မို ဟု အမည်ပေးလိုက်သည်။ အဘယ်ကြောင့် ဤနာမည်ပေးရသနည်း။
ကလေးက အရမ်းဆူညံလွန်းသောကြောင့် ဖြစ်သည်။ ရှမ့်လီနှင့် လုံးဝဆန့်ကျင်ဘက်ပင်။ ရှမ့်လီ မွေးဖွားလာစဉ်က အလွန်အားနည်းပြီး တိတ်ဆိတ် ငြိမ်သက် လွန်းသည်။ လိမ္မာပြီး ငိုခဲ၏။
ဤကလေးကား မွေးဖွားလာသည်နှင့် အသံကုန်ဟစ်၍ ငိုကြွေးသည်။ မွေးတည်းက ၈ ကီလိုဂရမ် (၁၇ ပေါင်ကျော်) ရှိသောကြောင့် ‘ရှမ့်ပါကျင်း’ (ရှမ့် ၈ ပိဿာ) ဟု ချစ်စနိုး ခေါ်ကြသည်။ ပုံမှန်အားဖြင့် ကလေးများသည် ပထမလတွင် အိပ်ပျော်နေတတ်သော်လည်း ဤကလေးကတော့ အားအင်ပြည့်ဖြိုးပြီး အလွန် အသံဆူညံသည်။
ကံကောင်းသည်မှာ နင်ယွမ်ရှန်းနှင့် မိဖုရားပျံ့တို့ အပျင်းပြေ ဆော့ကစားရန် မွေးလာသကဲ့သို့ ဖြစ်နေသောကြောင့် သူတို့က ဆူညံသည်ဟု မထင်ကြပေ။
ဤအရွယ်လူကြီးများသည် အထီးကျန်ခြင်းကို အကြောက်ဆုံး ဖြစ်သည်။ ထို့ကြောင့် အချိန်အများစုတွင် မိဖုရားပျံ့ နှင့် စုဖေးတို့က ကလေးကို ပြုစုစောင့်ရှောက်ကြသည်။ မဟုတ်လျှင် နင်ယန်တစ်ယောက် ကလေးထိန်းရင်း ရူးသွပ်နေလောက်၏။
ပြီးခဲ့သည့် တစ်လအတွင်း နို့တိုက်ချိန်မှလွဲ၍ မိဖုရားပျံ့က ကလေးကို အချိန်ပြည့်နီးပါး ထိန်းကျောင်းပေး ခဲ့သည်။
ဤအချိန်မှာတော့ ရှမ့်မိုလေးသည် ရှမ့်လန်၏ ရင်ခွင်ထဲ၌ အိပ်ပျော်နေ၏။ အိပ်ပျော်နေချိန်၌ပင် ငြိမ်ငြိမ်မနေဘဲ ခြေထောက်ကန်ခြင်း၊ လက်ဝှေ့ယမ်းခြင်းများ ပြုလုပ်သည်။ ဤကလေးက နောင်ကြီးလာလျှင် နင်ယန်လို ပေါ့တီးပေါ့ဆ နိုင်မည့်သူ ဖြစ်လောက်၏။
ရှမ့်လန်က နင်ယန်နှင့် စကားပြောနေသော်လည်း ကလေးက နိုးမလာဘဲ အိပ်ပျော်နေဆဲပင်။ ငယ်စဉ်က ရှမ့်လီသာဆိုလျှင် နိုးနေလောက်ပြီ။ နင်ယွမ်ရှန်းက ဒုတိယမြေးကို နင်မျိုးရိုး မပေးဘဲ ရှမ့်မျိုးရိုး ပေးလိုက်သည့် အကြောင်းရင်းကို ရှမ့်လန် နားလည်လိုက်သည်။
နင်ယန်၏ စရိုက်က ကြမ်းတမ်းလွန်းသောကြောင့် အနာဂတ်တွင် ရွှဲ့ပြည်နယ်၏ထီးနန်းကို ဆက်ခံရန် မသင့်တော်ပေ။ ရှမ့်လီ ကသာ ပို၍သင့်တော်သည်။ ရှမ့်လီက အလွန်ဉာဏ်ကောင်းသူ မဟုတ်သော်လည်း တည်ငြိမ်ပြီး ဇွဲရှိကာ စေ့စပ်သေချာသည့် စရိုက်ရှိ၏။
နင်ကျန်း ထီးနန်းပြန်တက်သည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း ကိုယ်လုပ်တော်ယူရန် စိတ်ကူး မရှိသေးပေ။ မိဖုရားလျှို တစ်ယောက်တည်းသာရှိပြီး သူကလည်း ကလေးမရနိုင်သေးပေ။
ထို့ကြောင့် အနာဂတ်တွင် ရှမ့်လီသည် မိခင်၏ မျိုးရိုးကိုယူကာ နင်မျိုးရိုး ပြောင်းလဲပြီး ရွှဲ့ပြည်နယ်ကို ဆက်ခံရန် ဖြစ်နိုင်ခြေ များပြားနေသည်။