အခန်း (၁၀၇၉-၁၀၈၀)
Vol. 63 Ch. 1079-1080
အပိုင်း (၁၀၇၉)
ကလေးထိန်းနေရသောကြောင့် နင်ယွမ်ရှန်းနှင့် မိဖုရားပျံ့တို့၏ အချိန်ဇယားများလည်း ကမောက်ကမ ဖြစ်နေရသည်။ သို့သော်ငြား နင်ယွမ်ရှန်းက စိတ်လက်ကြည်လင်နေပြီး လွန်ခဲ့သည့် နှစ်ဝက်ကထက် ပို၍နုပျိုလာသကဲ့သို့ ရှိသည်။
တောင်ထိပ်ရှိ ဇရပ်ဆောင်တစ်ခုတွင် မိဖုရားပျံ့က ပုခက်ကို ဖြည်းဖြည်းချင်း လွှဲပေးနေပြီး ရှမ့်မိုလေးက ပုခက်ထဲတွင် အိပ်ပျော်နေ၏။ ဤကလေးက အရမ်းဆိုးသည်။ နေ့ဖက်တွင် လူသံကြားမှ အိပ်သည်။ တိတ်ဆိတ်လွန်းလျှင် မအိပ်ဘဲ ပုခက်လွှဲပေးနေမှ ရသည်။ ပုခက်ရပ်လိုက်သည်နှင့် ချက်ချင်း နိုးလာပြီး ငိုတော့၏။
နင်ယွမ်ရှန်းက ကလေးအချို့ကို စာသင်ပေးနေသည်။
“မင်း အလုပ်ရှုပ်နေရင် နုရှောင့်မြို့ကို ပြန်တော့လေ။”
နင်ယွမ်ရှန်းက ပြော၏။ “ရင်ကွမ်းနဲ့ စေတီတောင် မဟာမိတ် ရေတပ်က တိုက်ခိုက်ဖို့ လာနေပြီဆို။”
“ဟုတ်ပါတယ်။ အခုဆို နုရှောင့်မြို့နဲ့ မိုင် ၂၅၀၀ အကွာကို ရောက်နေပါပြီ။”
“ပြဿနာ ရှိနိုင်လား။”
“ပြဿနာ မရှိပါဘူး။ နုရှောင့်မြို့မှာ စစ်မီးတောက်လောင်မှာ မဟုတ်ပါဘူး။ နုရှောင့်မြို့နဲ့ မိုင် ၅၀၀ အကွာအဝေး မှာတင် တိုက်ပွဲတွေအားလုံး ပြီးဆုံးသွားပါလိမ့်မယ်။”
“ဒါဆို နောက်တစ်ပွဲကျရင်ရော။”
“နောက်တစ်ပွဲကျရင်လည်း နုရှောင့်မြို့မှာ စစ်ဖြစ်မှာ မဟုတ်ပါဘူး။”
နင်ယွမ်ရှန်းက သတိပေးလိုက်သည်။ “ချန်နိုင်ငံသစ်က လူတွေရဲ့ မင်းအပေါ်ထားတဲ့ ခံစားချက်က ရှုပ်ထွေးနေတယ်။ မင်းကို တကယ်မကြိုဆိုတာလည်း ဖြစ်နိုင်တယ်။”
“ကျုပ် သိပါတယ်။ ဒါကြောင့် ချန်နိုင်ငံသစ်ကို သိမ်းပိုက်ဖို့ တခြားနည်းလမ်း သုံးရပါလိမ့်မယ်။”
“စစ်တပ်နဲ့ တိုက်ခိုက်သိမ်းပိုက်တာက အဓိပ္ပာယ် မရှိဘူး။ ချန်နိုင်ငံသစ်ကို ပြန်ယူချင်ရင် ရင်ကွမ်းတို့ သားအဖကို သတ်လိုက်ရင် ရပြီ။ လာမယ့်တိုက်ပွဲမှာ အခက်ခဲဆုံးအပိုင်းက စေတီတောင် မဟာမိတ်ရေတပ်ကို ချေမှုန်းဖို့ပဲ။”
“အဖေပြောတာ မှန်ပါတယ်။”
.........................
ရှမ့်လန် နုရှောင့်မြို့သို့ ပြန်ရောက်လာ၏။ ကောင်းကင်မှ သတင်းအချက်အလက်များ ဆက်တိုက် ရောက်ရှိနေ၏။
စေတီတောင်နှင့် ရင်ကွမ်း မဟာမိတ် ရေတပ်တွင် လူအင်အား တစ်သိန်းခန့်ပါဝင်ပြီး သင်္ဘောအစင်း ၅၀၀ ရှိသည်။ အများစုမှာ ရှေးဟောင်းစစ်သင်္ဘောများ ဖြစ်ကြသည်။
တိုက်ခိုက်နိုင်စွမ်းအားသည် ကောင်းကင်ပင်လယ်နန်းဆောင်၏ ဖျက်ဆီးခြင်း သင်္ဘောအုပ်စုထက် သုံးလေးဆမျှ ပိုမိုအားကောင်းသည်။ ထိုတင်သာ မကသေးပေ။ ရန်သူ့ဘက်တွင် လေကြောင်းစစ်သည် ၃၀၀ ကျော် ပါဝင်ပြီး အားလုံးက ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသော အထူးစစ်သည်များ ဖြစ်ကြ၏။
ကံကောင်းသည်မှာ ရှမ့်လန် ပြန်ရောက်လာခဲ့ပြီး နဂါးနောင်တ နှစ်ခု ရှိနေခြင်း ဖြစ်သည်။ မဟုတ်ပါက ဤတိုက်ပွဲက အန္တရာယ်များပေလိမ့်မည်။ စေတီတောင် မဟာမိတ်ရေတပ်က မျှော်လင့်ထားသည်ထက် ပို၍အားကောင်းနေသည်။
လူအင်အား တစ်သိန်းသာ ရှိသော်လည်း နုရှောင့်မြို့ကို ဆယ်ကြိမ်မက ဖျက်ဆီးနိုင်သော စွမ်းအားရှိသည်။ ထို့ကြောင့်လည်း ရှမ့်လန်က စွန့်စားပြီး နဂါးနောင်တကို ခိုးယူခဲ့ခြင်း ဖြစ်သည်။ အရာအားလုံးက ထိုက်တန်မှု ရှိခဲ့၏။
“ရန်သူ့ရေတပ်ကြီးက နုရှောင့်မြို့နဲ့ မိုင် နှစ်ထောင် အကွာမှာ...”
“မိုင် တစ်ထောင့်ခုနစ်ရာ အကွာ...”
“မိုင် တစ်ထောင့်ငါးရာ အကွာ...”
မင်းသမီးဟီလာက အကြံပြုလိုက်သည်။ “မောင်လေး... နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို ရှေးဟောင်း စစ်သင်္ဘောပေါ်တင်ပြီး တောင်ဘက်က ရန်သူ့ရေတပ်မကြီးကို သွားတိုက်ရင် မရဘူးလား။ ဒါဆိုရင် ငါတို့ ပိုပြီးလှုပ်ရှားရ လွယ်ကူမယ်။ နဂါးနောင်တကို ဘယ်နေရာကနေ ပစ်လွှတ်မလဲဆိုတာ ရွေးချယ်လို့ ရတာပေါ့။”
“အကြံကောင်းပဲ။”
ရှမ့်လန်က ပြော၏။ “ဒါပေမဲ့ သတိထားရမယ်။ နုရှောင့်မြို့မှာ နဂါးနောင်တရော ၊ နဂါးအရှိန်အဝါ ပါ ရှိနေမှ အပြည့်အဝ ဟန့်တားနိုင်မှာ။”
“ငါတို့မှာ နဂါးနောင်တ နှစ်ခုပဲ ရှိတယ်။ တစ်ခုပဲ ပစ်လွှတ်လို့ရမယ်။ လုံလောက်ပါ့မလား။”
“လုံလောက်တယ်။ သေချာပေါက် လုံလောက်တယ်။ ဒီတစ်ကြိမ် စေတီတောင်နဲ့ ရင်ကွမ်းကို ပြပွဲ ကောင်းကောင်း ပြသရမယ်။ အခုချိန်ထိ သူတို့က ကျုပ်ကို ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးထဲမှာ ရှိနေသေးတယ်လို့ ထင်နေကြတုန်းပဲ။ ကျုပ်ရဲ့ နဂါးနောင်တက အကြီးမားဆုံး ရလဒ်တွေ ဆောင်ကြဉ်းပေးမှာ သေချာတယ်။”
နာရီအနည်းငယ် ကြာပြီးနောက် ကောင်းကင်မှ သတင်းထပ်ရောက်လာသည်။
“အရှင်... ရင်ကွမ်းနဲ့ စေတီတောင် ရေတပ်ကြီးက နုရှောင့်မြို့နဲ့ မိုင် တစ်ထောင် အကွာကို ရောက်နေပါပြီ။”
ရှမ့်လန် စိတ်လှုပ်ရှားမနေဘဲ မနေနိုင်ပေ။ ပြပွဲကြီး စတင်တော့မည်။
...............
ယခင်ရွှဲ့ပြည်နယ် ဝန်ကြီးချုပ်၊ အိမ်ရှေ့စံဆရာ ဆော့ရွှမ်းက အလုပ်များနေဆဲပင်။ ဤအဘိုးအိုသည် ကျူးဟုန်ကျူး ထက်ပင် အသက်ကြီးသေးသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်တည်းက ရာထူးမှ အနားယူခဲ့ခြင်း ဖြစ်သည်။ အမှန်စစ်စစ် ကျူးဟုန်ကျူးကို ရှုံးနိမ့်ပြီး အနားယူလိုက်ရခြင်း ဖြစ်သည်။ အတိုင်းအတာ တစ်ခုထိ ပြောရလျှင် ကျူးဟုန်ကျူးသည် သူ၏တစ်သက်တာ ရန်သူပင်။
ယခု သူ၏အသက် ၈၀ ကျော် အရွယ်တွင် အလုပ်ခွင်သို့ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာသကဲ့သို့ ဖြစ်နေသည်။ နေ့စဉ် နံနက် ၅ နာရီထကာ အလုပ်လုပ်ပြီး ည ၁၀ နာရီမှ အနားယူသည်။
တော်ဝင်ချန် အင်ပါယာ၏ ပြည်ထဲရေးကိစ္စ ထက်ဝက်ခန့်ကို သူတစ်ယောက်တည်း တာဝန်ယူထားသည်။ သူ့မိသားစုတစ်ခုလုံး ဤနေရာသို့ ရောက်နေကြသည်။ သား ၅ ယောက်နှင့် မြေး ၂၃ ယောက်။ ထက်ဝက်က ရွှဲ့ပြည်နယ်တွင် အမှုထမ်းပြီး ကျန်ထက်ဝက်က နုရှောင့်မြို့တွင် အမှုထမ်းကြ၏။
သို့သော်ငြား ဝန်ကြီးချုပ်အိုကြီးက အနည်းငယ် ဝမ်းနည်းနေမိသည်။ အရှင်မင်းကြီး ရှမ့်လန်က ညီလာခံ တက်ရောက်ခြင်း မရှိသလို မိမိကိုယ်ကိုယ်လည်း တော်ဝင်ချန် အင်ပါယာ ဧကရာဇ်အဖြစ် သဘောမထားသောကြောင့်ပင်။
ဤသည်က အလွန်နှမြောစရာ ကောင်းသည်။ မဟုတ်လျှင် နုရှောင့်မြို့သည် သေးငယ်သော်လည်း အရှေ့တိုင်းလောကတစ်ခုလုံး၏ အမြင့်ဆုံး ညီလာခံ ကျင်းပရာ နေရာဖြစ်လာပေမည်။ တော်ဝင်ရန် အင်ပါယာနှင့် အဆင့်အတန်း တူညီနေပြီ ဖြစ်သည်။
ဆိုလိုသည်မှာ ဆော့ရွှမ်းသည် နောက်ဆုံးတွင် ကျူးဟုန်ကျူးကို အနိုင်ယူလိုက်နိုင်ခြင်းပင်။ ကျူးဟုန်ကျူး၏ အမြင့်ဆုံး အောင်မြင်မှုမှာ ရွှဲ့ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ပြီး ဆော့ရွှမ်းမှာမူ တော်ဝင်ချန် အင်ပါယာ၏ ဝန်ကြီးချုပ် ဖြစ်လာသည်။ အဆင့်အတန်း တစ်ဆင့်ပိုမြင့်သွားသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ရှမ့်လန်၌ တကယ့်ဝန်ကြီးများနှင့် လျှို့ဝှက်ကောင်စီ မရှိသေးခြင်းပင်။
“အိမ်ရှေ့စံမင်းသားတို့... ဘာလို့ စိတ်နဲ့ကိုယ်နဲ့ မကပ် ဖြစ်နေကြတာလဲ။”
ဆော့ရွှမ်းက မျက်မှောင်ကြုတ်ပြီး ဆူပူလိုက်၏။ “ဒါက တော်ဝင်ချန်အင်ပါယာရဲ့ ဝန်ကြီးတာဝန်နဲ့ အတူတူပဲဆိုတာ သိထားရမယ်။ မင်းတို့ရဲ့ လှုပ်ရှားမှုတိုင်းက ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံရဲ့ ကံကြမ္မာကို သက်ရောက်စေနိုင်တယ်။ ငါ မှတ်မိတာ မမှားရင် မင်းတို့ရဲ့ အလုပ်က သုံးနိုင်ငံ စစ်တပ် ပြုပြင်ပြောင်းလဲရေး မဟုတ်လား။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို လုပ်နေရင်း စိတ်လွင့်နေလို့ ဖြစ်မလား။”
ဝူနှင့် ချောင်ပြည်နယ်တို့မှ အိမ်ရှေ့စံများသည် နုရှောင့်မြို့တွင် ရှိနေကြဆဲပင်။ သူတို့ကို ရာထူးတစ်ခု ပေးရမည်ဆိုလျှင် တော်ဝင်ချန်အင်ပါယာ ဝန်ကြီးချုပ်ဆော့ရွှမ်း၏ အတွင်းရေးမှူးများအဖြစ် ပြည်ထဲရေး ကိစ္စများကို ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် တော်ဝင်ချန် အင်ပါယာအတွက် အရေးကြီးဆုံးကိစ္စမှာ ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံကို တပ်တော်သစ် ဖွဲ့စည်းရာတွင် ကူညီပေးရန် ဖြစ်၏။
အင်အား ၂ သိန်း သတ်မှတ်ထားသည်။ ချောင်ပြည်နယ်က ၁ သိန်း၊ ရွှဲ့ပြည်နယ်က ၆ သောင်းနှင့် ဝူပြည်နယ်က ၄ သောင်း ဖြစ်သည်။ ဤတပ်တော်သစ်သည် အလွန်ပြည့်စုံသည်။ အမြှောက်တပ်များ၊ မြင်းတပ်များ ပါဝင်ပြီး နုရှောင့်မြို့မှ ထုတ်လုပ်သော ယမ်းတောင့်ထိုး သေနတ်များ တပ်ဆင်ထားသည်။
“ဝန်ကြီးချုပ်... တောင်းပန်ပါတယ်။”
ချောင်အိမ်ရှေ့စံက ပြော၏။ “ဒါပေမဲ့ စစ်ပွဲက နီးကပ်နေပြီ။ ရင်ကွမ်းနဲ့ စေတီတောင် မဟာမိတ်တပ်တွေက မိုင် တစ်ထောင် အကွာကို ရောက်နေပြီ။ ကျုပ်တို့က စစ်သည်တော်တွေ ဖြစ်တဲ့အတွက် ရှေ့တန်း စစ်မြေပြင်မှာ ရန်သူကို ကာကွယ်သင့်တယ်လို့ ထင်ပါတယ်။”
ဆော့ရွှမ်းက ပြတ်သားစွာ ပြောသည်။ “မင်းသားနှစ်ပါးမှာ ဒီလိုစိတ်ဓာတ်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အရှင်ရှမ့်လန်က နုရှောင့်မြို့မှာ စစ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောထားတယ်။ သူက စစ်မဖြစ်ဘူးပြောရင် စစ်မဖြစ်ဘူးပေါ့။ ဒါကြောင့် မင်းတို့အားလုံး ဒီမှာပဲနေပြီး နိုင်ငံရေးကိစ္စတွေ ဆက်လုပ်ကြ။ ဆက်ခံသူကျုံး... မင်းရော ဘယ်လိုထင်လဲ။”
ကျုံးယောင်နှင့် ကျုံးအီတို့သည် ရွှဲ့ပြည်နယ်နန်းတွင်း၌ ရှိနေကြသော်လည်း သူတို့၏ သားဖြစ်သူကို နုရှောင့်မြို့သို့ စေလွှတ်ပြီး တော်ဝင်ချန်အင်ပါယာ၏ လက်အောက်ခံအဖြစ် အမှုထမ်းစေသည်။ လျှို့ဝှက်ကောင်စီတွင် ပညာသင်ကြားနေသည်ဟု ဆိုနိုင်၏။
သို့သော်ငြား လျှို့ဝှက်ကောင်စီ မဖွဲ့စည်းရသေးသောကြောင့် နှစ်ဖက်ပူးပေါင်း လုပ်ဆောင်နေရသည်။ ဆက်ခံသူကျုံး၏ တာဝန်ကလည်း ကြီးမားလှသည်။ တပ်မှူးလန်ဖုန်းကို ကူညီပြီး တပ်တော်သစ် ဖွဲ့စည်းခြင်း၊ တပ်စွဲမည့်နေရာများကို ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ရသည်။
ဆက်ခံသူကျုံးက မင်းသားနှစ်ပါးကို ကြည့်ပြီး ပြောလိုက်၏။ “ဝန်ကြီးချုပ်... တကယ်တော့ ကျုပ်လည်း ရှေ့တန်းစစ်မြေပြင်ကို သွားကြည့်ချင်ပါတယ်။ သူတို့နှစ်ယောက်အနေနဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အငွေ့အသက်ကို ခံစားဖူးရင် အနာဂတ်အုပ်ချုပ်ရေးအတွက် အများကြီး အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။”
ဆော့ရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်၌ ကျင်းကျိုး ဝင်လာပြီး ပြော၏။ “အိမ်ရှေ့စံတို့၊ ဆက်ခံသူကျုံး... မင်းတို့နှစ်ယောက်က စစ်မတိုက်ခင် အငွေ့အသက်ကို လာခံစားချင်ကြတာလား။ ဝန်ကြီးချုပ်ဆီမှာ ခွင့်တောင်းပေးမယ်လေ။”
ဆော့ရွှမ်း၏ စိတ်ထဲတွင် ကျင်းကျိုး၌ ထိုသို့လုပ်ပိုင်ခွင့် မရှိဟု ထင်သော်လည်း သူသည် တော်ဝင်ချန် အင်ပါယာ၏ ယောက္ခမ ဖြစ်သောကြောင့် မျက်နှာသာ ပေးသင့်ပေသည်။
“ထားလိုက်တော့။ မင်းတို့ကို နယ်စားကျင်းကျိုးက အသနားခံပေးနေတော့လည်း သွားကြပေတော့။” ဆော့ရွှမ်းက လက်ကာပြလိုက်၏။
ချက်ချင်းပဲ ချောင်အိမ်ရှေ့စံ၊ ဝူအိမ်ရှေ့စံနှင့် ဆက်ခံသူကျုံးတို့သည် အပြင်သို့ ပြေးထွက်သွားကြသည်။
....................
ရှမ့်လန်က နုရှောင့်မြို့တွင် စစ်ဖြစ်မည်မဟုတ်ဟု ပြောထားသော်လည်း တစ်မြို့လုံးတွင် လေးလံ ဖိစီးသော အငွေ့အသက်များ လွှမ်းခြုံနေသည်။ အချိန်အတော်ကြာ နုရှောင့်မြို့တွင် မြို့ရိုးမရှိခဲ့သော်လည်း ယခုရှိနေပြီ ဖြစ်သည်။ သံမဏိကွန်ကရစ်ဖြင့် တည်ဆောက်ထားသော မြို့ရိုးသစ်ကြီး ဖြစ်၏။
အရှည်မိုင် ၆၀ ကျော်၊ အမြင့် ၁၉ မီတာကျော်နှင့် အထူ ၁၀ မီတာကျော် ရှိသည်။ လူအင်အား ၁ သိန်း ၁ သောင်း သုံးစွဲခဲ့ပြီး တစ်နှစ်နီးပါးကြာမှ ပြီးစီးခဲ့သည်။ အလုပ်သမားအများစုကို ရွှဲ့ပြည်နယ်က ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။
ဤမျှရှည်လျားသော မြို့ရိုးကြီး ရှိသော်လည်း မြို့ထဲတွင် လူဦးရေ ၁ သိန်းခွဲအောက်သာ ရှိသည်။ ထက်ဝက်မှာ စစ်သည်များဖြစ်ပြီး ကျန်ထက်ဝက်မှာ သုတေသီများ၊ လက်မှုပညာရှင်များနှင့် မိသားစုဝင်များ ဖြစ်ကြ၏။
မြို့ရိုးအတွင်း၌ ခံတပ် ၁၃ ခု၊ ပစ်ပေါက် ၆၀၀၊ အမြောက် ရာပေါင်းများစွာနှင့် ရှေးဟောင်း လေးမြားစင်များ ရှိသည်။ အမြှောက်ကြီးတစ်ခုစီအတွက် သီးသန့်ခံတပ်တစ်ခု စီစဉ်ပေးထားသည်။
သဘာဝလွန်အဖွဲ့အစည်း၏ လျှို့ဝှက်စစ်တပ်သာ မရှိလျှင် ဤမြို့သည် ထိုးဖောက်၍မရနိုင်သောမြို့ ဖြစ်နေပေလိမ့်မည်။ ကံဆိုးစွာဖြင့် သဘာဝလွန်အဖွဲ့အစည်း၏ အထူးစစ်သည်များ ရှေ့မှောက်တွင် ဤခံစစ်သည် အဓိပ္ပာယ် မရှိပေ။ စေတီတောင်၏ ငရဲတပ်ဖွဲ့ကိုပင် တားဆီးနိုင်မည် မဟုတ်ချေ။
ယခုအချိန်၌ နုရှောင့်မြို့ရှိ စစ်သည်အင်အားမှာ ၇ သောင်းခန့်သာ ရှိသည်။ အထူးစစ်သည် ၂၀၀ နီးပါးနှင့် သွေးဝိညာဉ်တပ်ဖွဲ့ သံချပ်ကာ ဝတ်ဆင်ထားသော အထူးစစ်သည် ၁ သောင်းခန့် ပါဝင်သည်။ မဟာပညာရှင် ၃၅ ဦးကျော်လည်း ရှိသည်။
စစ်သည် ၅ သောင်းက မြို့ရိုးပေါ်သို့ တက်ရောက်နေပြီး တိုက်ပွဲကြီးအတွက် အသင့်ပြင်ထားကြသည်။ ရှေးဟောင်း စွမ်းအင်ဗဟိုချက် ၉ ခုအနက် ၃ ခုကို စတင် အသက်သွင်းထား၏။
အိမ်ရှေ့စံနှစ်ပါး ရောက်လာပြီးနောက် ပင်လယ်ပြင်ကို လှမ်းမျှော်ကြည့်လိုက်ကြသည်။ ဦးခေါင်းခွံ စစ်သည်များက ရှေးဟောင်း စစ်သင်္ဘောများပေါ်သို့ တက်ရောက်နေကြပြီ ဖြစ်သည်။ စစ်သင်္ဘော ၁၀၀ ကျော် စုစည်းထားပြီး အချိန်မရွေး ထွက်ခွာရန် အသင့်ပြင်ထားသည်။
သင်္ဘော ၁၀၀ ၏ ထက်ဝက်ခန့်ကို သံချပ်ကာ တပ်ဆင်ထားသည်။ အသစ်စက်စက် တန်ချိန် ၄၀၀၀ ကျော် စစ်သင်္ဘောကြီး ၃ စီးလည်း ပါဝင်သည်။ တစ်နှစ်ကျော် ကြာပြီးနောက် သင်္ဘောအများစုတွင် ဟောင်ဝစ်ဇာ အမြောက်သစ်များ တပ်ဆင်ထားပြီး ဖြစ်၏။
“ချင်ဘုရင်မ... နုရှောင့်မြို့က စစ်မြေပြင် ဖြစ်လာမှာလား။ ကျုပ်တို့ စစ်တိုက်ခွင့် ရပါ့မလား။” ဝူအိမ်ရှေ့စံက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ချင်နိုင်ငံသည် မူလက အရှေ့တိုင်းမင်းဆက်တွင် မပါဝင်ခဲ့ပေ။ အာယုနာနာသည် ချင်နိုင်ငံကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ ယခုအခါမှာတော့ ချင်နိုင်ငံသည် ချန်နိုင်ငံသစ်၏ လက်အောက်ခံ ဖြစ်လာသည်။ သို့သော်ငြား တော်ဝင်ချန် အင်ပါယာတွင် ချင်နိုင်ငံသာမက တာ့နန်နိုင်ငံလည်း ပါဝင်သည်။ တိကျသော အမိန့်ပြန်တမ်း မရှိသော်လည်း နုရှောင့်မြို့ရှိ လူတိုင်းက အာယုနာနာကို ချင်နိုင်ငံဘုရင်မအဖြစ် သတ်မှတ်ထားကြသည်။ သူမ၏ အဆင့်အတန်းသည် ရွှဲ့ဘုရင်၊ ချောင်ဘုရင်၊ ဝူဘုရင်တို့နှင့် တန်းတူဖြစ်၏။
အာယုနာနာက ပြောသည်။ “အရှင်က နုရှောင့်မြို့မှာ စစ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောထားတယ်။ သံသယ ဖြစ်မိပေမယ့် သူ့စကားက မှားခဲတယ်ဆိုတာ ရှင်တို့လည်း သိသားပဲ။”
“နှမြောစရာပဲ။ ကျုပ်တို့နုရှောင့်မြို့က ရန်သူမှန်သမျှကို ရင်ဆိုင်ဖို့ လုံလောက်တဲ့အင်အား ရှိနေပြီလို့ ခံစားရတယ်။”
“စစ်အတွက် ပြင်ဆင်ထားတာက အမြဲတမ်း မှန်ကန်ပါတယ်။”
“စစ်ပြင်...” ရုတ်တရက် ကလေးအသံတစ်သံ ထွက်ပေါ်လာသည်။
ဝူအိမ်ရှေ့စံ လန့်သွား၏။ အဘယ့်ကြောင့် ဆိုသော် ထိုလူက သံချပ်ကာအပြည့် ဝတ်ဆင်ထားပြီး အရပ် ၁.၇ မီတာရှိသောကြောင့်ဖြစ်ပြီး လူကြီး တစ်ယောက်ဟု ထင်မှတ်ထားခဲ့သောကြောင့်ပင်။
“အိမ်ရှေ့စံ အာယုကျွမ်း ပါလား။”
ထိုစစ်သည်က မျက်နှာဖုံးကို ချွတ်လိုက်ရာ အရပ်နှင့် မလိုက်ဖက်သော ကလေးမျက်နှာလေး ပေါ်လာသည်။ သူသည် အရူးကြီး၏ သား အာယုကျွမ်းပင် ဖြစ်သည်။ အသက် ၈ နှစ်အရွယ်ဖြင့် မိခင်နောက်လိုက်ကာ စစ်မြေပြင် ဝင်နေပြီဖြစ်သည်။ ပို၍ကြောက်စရာကောင်းသည်မှာ သူ၏ခွန်အားက သာမန်တပ်မှုး တစ်ယောက်ထက် သာလွန်နေခြင်းပင်။
“နုရှောင့်တပ်တော်သစ်... ချီတက်...”
အမိန့်သံအဆုံးတွင် တပ်တော်တစ်ခုသည် လမ်းကြောင်းအတိုင်း စီတန်းကာ မြို့ရိုးပေါ်သို့ တက်ရောက်လာသည်။ ဤနုရှောင့်တပ်တော်သစ်သည် အနာဂတ် ဝူ၊ ချောင်၊ ရွှဲ့ သုံးနိုင်ငံ တပ်တော်သစ်၏ ရှေ့ပြေးပုံစံ ဖြစ်သည်။ လုံးဝစမ်းသပ်အဆင့်သာ ရှိသေးသည်။ ဓားများ ကိုင်ဆောင်ခြင်း မရှိဘဲ သေနတ်နှင့် လှံစွပ်များကိုသာ ကိုင်ဆောင်ထားသည်။ နေ့စဉ် သေနတ်ပစ်လေ့ကျင့်ပြီး လေးမြားများကို လုံးဝမထိတွေ့ကြပေ။ လက်ရှိတွင် တပ်တော်သစ် အင်အား ၁ သောင်းခန့်သာ ရှိသေး၏။
“နေရာယူကြ... တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြ။” အမိန့်သံနှင့်အတူ တပ်တော်သစ် ၁ သောင်းသည် သက်ဆိုင်ရာ နေရာများသို့ ဝင်ရောက်ပြီး မီတာ ၅၀၀၀ ကျော် ရှည်လျားသော မြို့ရိုးကို ကာကွယ်ထားလိုက်ကြသည်။
ဝူအိမ်ရှေ့စံက တိုးတိုးလေး ပြောလိုက်၏။ “အစ်ကိုကြီး... တကယ်တော့ ကျုပ်တို့ ပြင်ဆင်ပြီးပြီလို့ ခံစားရတယ်။ အရှင် ပြောသလို နုရှောင့်မြို့မှာ စစ်မဖြစ်ဘူးဆိုရင်တော့ တကယ်နှမြောစရာပဲ။”
ချောင်အိမ်ရှေ့စံက နှစ်သိမ့်လိုက်သည်။ “မင်းက စစ်တိုက်ချင်နေတာလား။ အခွင့်အရေးတွေ အများကြီး ရှိလာအုံးမှာပါ။ တပ်တော်သစ် ၂ သိန်း လေ့ကျင့်ပြီးတာနဲ့ အရှင်က မြောက်ပိုင်း စစ်ဆင်ရေး စတင်တော့မှာ။”
“မြောက်ပိုင်းစစ်ဆင်ရေး...”
ဝူအိမ်ရှေ့စံက ရေရွတ်လိုက်၏။ “အဲဒီနေ့ အမြန်ဆုံး ရောက်လာဖို့ မျှော်လင့်ပါတယ်။ အဲဒီကျရင် ကျုပ်တို့ တော်ဝင်ချန် အင်ပါယာက ကလောကြီးကို ပေါင်းစည်းနိုင်လိမ့်မယ်။”
.........................
နုရှောင့်မြို့ ရဲတိုက်တွင် ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသော မဟာပညာရှင် ၃၀ ကျော်သည် ရှမ့်လန်ကို ဝိုင်းရံကာကွယ်ထားကြသည်။ ရှမ့်လန်ကိုယ်တိုင်လည်း ရှားပါးသော ကိုယ်လုံးပြည့် သံချပ်ကာကို ဝတ်ဆင်ထား၏။ မျက်နှာကိုပါ ဖုံးအုပ်ထားသောကြောင့် အပြင်ပန်း ကြည့်ရုံဖြင့် သူမှန်း မသိနိုင်ပေ။
“အရှင်... ရှေ့က လေသင်္ဘောတွေဆီက အချက်ပြသင်္ကေတ ရောက်လာပါပြီ။ ရန်သူ့ အဓိကတပ်ဖွဲ့က နုရှောင့်မြို့နဲ့ မိုင် ၈၀၀ အကွာကို ရောက်နေပါပြီ။”
ရှမ့်လန် ခေါင်းညိတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။ “နံပါတ် ၁ ပစ္စည်း နဂါးနောင်တ အတု...”
ရှမ့်လန်၏ အမိန့်ပေးသံအဆုံးတွင် စစ်သည်တစ်ဒါဇင်ခန့်က နဂါးနောင်တ အတုတစ်ခုကို သယ်ဆောင်လာပြီး နဂါးအရှိန်အဝါ ပစ်လွှတ်စင်ပေါ် တင်လိုက်ကြသည်။ အတုဖြစ်သော်လည်း အစစ်နှင့် ခွဲမရအောင် တူညီ၏။
“အရှင်...ရန်သူ့ရေတပ်က လူစုခွဲထားရင် ကျွန်မတို့ရဲ့ နဂါးနောင်တအတွက် အဆင်မပြေဘူးနော်။” မင်းသမီး ဒိုဟာက စိုးရိမ်တကြီး ပြောသည်။
မှန်ပေသည်။ နဂါးနောင်တ၏ တိုက်ခိုက်မှု အချင်းဝက်သည် မီတာ ၃၀၀၀ ခန့် ရှိသည်။ အလွန်ကြောက်မက်ဖွယ် ကောင်းပြီး ၃၀ စတုရန်းကီလိုမီတာ အတွင်းရှိ စစ်တပ်ကို အသေအပျောက် များစေနိုင်၏။
ရင်ကွမ်းနှင့် စေတီတောင် ရေတပ်တွင် လူအင်အား ၁ သိန်းနှင့် သင်္ဘော ၅၀၀ ရှိသည်။ တစ်နေရာတည်း စုစည်းနေလျှင် ၃၀ စတုရန်းကီလိုမီတာထက် မကျော်လွန်နိုင်ပေ။ သို့သော်ငြား လူစုခွဲလိုက်လျှင် နဂါးနောင်တဖြင့် အကုန်အစင် ဖျက်ဆီးရန် ခက်ခဲသွားလိမ့်မည်။
အပိုင်း (၁၀၈၀)
သို့သော်ငြား နောက်ထပ် အချက်တစ်ချက် ရှိသေးသည်။ စေတီတောင်နှင့် ရင်ကွမ်း မဟာမိတ်ရေတပ် အများစုမှာ ရှေးဟောင်းစစ်သင်္ဘောများ ဖြစ်ပြီး စစ်သည် ၁ သိန်းအနက် အများစုမှာ ရှေးဟောင်း လက်နက်ကိရိယာများ ကိုင်ဆောင်ထားကြသည်။ ထို့ကြောင့် ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေးဗဟိုချက် လိုအပ်ပြီး စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်တိုင်းတွင် အချင်းဝက် အကန့်အသတ် ရှိနေခြင်းပင်။
“ကျုပ်တို့ရဲ့ အိမ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးတွေ ဘယ်လိုအခြေအနေ ရှိလဲ။” ရှမ့်လန်က မေးလိုက်၏။
“အများကြီး ရှိပါတယ်။”
မင်းသမီး ဒိုဟာက ဖြေသည်။ “ဒါပေမဲ့ ရန်သူ့ စွမ်းအင်ထိန်းချုပ်ရေးဗဟိုချက်ကို ပြတ်တောက်သွားအောင် လုပ်ဖို့တော့ မလုံလောက်သေးဘူး။ ကျွန်မတို့က သူတို့ကို ဝိုင်းထားတာ မဟုတ်ဘူးလေ။”
ဤ နဂါးနောင်တအတုများ အတွင်း၌ အိမ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး အများအပြား ထည့်သွင်းထားသည်။ ယခင်ကဆိုလျှင် ဤမျှများပြားသော အရင်းအမြစ်များကို သုံးစွဲရန် ဝန်လေးကြမည် ဖြစ်သော်လည်း ကြယ်တံခွန် ဝင်တိုက်မှု အပြီးတွင် အိမ်မက်ဆိုးကျောက်တုံး သလင်းကျောက် အမြောက်အမြား ရရှိခဲ့ပြီး အားလုံးက အဆင့်မြင့် သလင်းကျောက်များ ဖြစ်ကြ၏။
‘လောကပျက်ကပ် စီမံကိန်း’ အဖွဲ့ .... ။ သူတို့က နဂါးနောင်တ သုတေသနတွင် တိုးတက်မှု မရှိသော်လည်း နဂါးအရှိန်အဝါ ပစ်လွှတ်စင်နှင့် အိမ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများတွင် များစွာ တိုးတက်မှု ရရှိခဲ့သည်။ သို့သော်ငြား ဤဗုံး၏ သဘောတရားမှာ ရှမ့်လန်၏ မူလဗုံးနှင့် အတူတူပင်ဖြစ်ပြီး စွမ်းအား အဆတစ်ရာခန့် ပိုမိုပြင်းထန်ခြင်းသာ ရှိသည်။
စေတီတောင်၏ စွမ်းအင်ထိန်းချုပ်ရေး ဗဟိုချက်တွင် အကာအကွယ် အလွှာများစွာ ရှိပြီး အရန်စွမ်းအင်ဗဟိုချက်များလည်း အများအပြား ရှိနေသောကြောင့် ထိရောက်မှု ရှိ၊ မရှိ မသေချာပေ။
“ပြင်ဆင်ထားကြ... နောက် ၁၅ မိနစ်နေရင် ပထမဆုံး နဂါးနောင်တ အတုကို ပစ်လွှတ်မယ်။”
.........................
နုရှောင့်မြို့နှင့် မိုင် ၈၀၀ အကွာတွင် ရင်ကွမ်းနှင့် စေတီတောင် ရေတပ်မကြီးသည် တစ်နာရီ ၃၅ ကီလိုမီတာ နှုန်းဖြင့် နုရှောင့်မြို့ဆီသို့ ဦးတည်ချီတက်နေ၏။
“အရှင်မင်းသား... နုရှောင့်မြို့မှာ ထူးခြားတဲ့ မိုးပျံပူဖောင်းတွေကို တွေ့ရှိရပါတယ်။ လေသင့်ရာ လွင့်ပါတာမျိုး မဟုတ်ဘဲ ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။ ပြီးတော့ အမြင့်မီတာ ၁ သောင်းကနေ ပျံသန်းနေလို့ ကျုပ်တို့ရဲ့ နှင်းလင်းယုန်တွေ ပျံသန်းနိုင်တဲ့ အမြင့်ထက် ကျော်လွန်နေပါတယ်။ တိုက်ခိုက်ဖို့ နည်းလမ်းရှာရမလား။” ရင်ဝူချယ်က မေးလိုက်သည်။
“စုစုပေါင်း ဘယ်နှစ်စင်းလဲ။”
“အခုထိတော့ ၆ စီး တွေ့ရပါတယ်။”
“သူတို့က ကျုပ်တို့ကို တိုက်ခိုက်မယ့် အရိပ်အယောင် ရှိလား။”
“မရှိပါဘူး။ တိုက်ခိုက်ရေးလက်နက်တွေ မပါပုံရပါတယ်။ စောင့်ကြည့်နေရုံ သက်သက်ပါပဲ။”
“ဒါဆိုရင် ထားလိုက်ပါ။ နုရှောင့်မြို့ရေတပ်ကရော တပ်ဖြန့်ထားပြီးပြီလား။”
“လေကြောင်းကင်းထောက်တွေရဲ့ အစီရင်ခံစာအရ နုရှောင့်မြို့က စစ်သည်သောင်းချီ အားလုံး နေရာယူထား ပြီးပါပြီ။ ခေတ်မီစစ်သင်္ဘောတွေလည်း အချိန်မရွေး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါပြီ။ ကောင်းကင်ပင်လယ် နန်းဆောင်ဆီက သိမ်းပိုက်ထားတဲ့ ရှေးဟောင်းစစ်သင်္ဘောလည်း ပါပါတယ်။ ဒါပေမဲ့ ဆိပ်ကမ်းထဲမှာပဲ ရှိနေသေးပြီး ထွက်မလာသေးပါဘူး။”
ရင်ဝူချယ်က ပြုံးလိုက်သည်။ “သနားစရာပဲ။ သူတို့က သတ္တိရှိတာ ပြချင်ပေမယ့် နုရှောင့်မြို့ရဲ့ လိပ်ခွံ အကာအကွယ် အောက်ကနေ ထွက်မလာရဲကြဘူး။ အမြှောက်ကြီးတွေက လုံခြုံမှု ပေးနိုင်မယ်လို့ မျှော်လင့်နေကြတာ။ နုရှောင့်မြို့ရဲ့ ထိုးဖောက်မရနိုင်တဲ့ ခံစစ်ဆိုတာ ကျုပ်တို့အတွက် အဓိပ္ပာယ် မရှိဘူးဆိုတာ မသိကြဘူး။”
တော်ဝင်ရန်အင်ပါယာ၏ မင်းသားမင်က ရုတ်တရက် အကြံပြုသည်။ “ဒုတိယမင်းသား... နုရှောင့်မြို့မှာ နဂါးနောင်တ ရှိတယ်လို့ ကြားတယ်။ ဒါကြောင့် ဘေးကင်းအောင် ကျုပ်တို့ရေတပ်ကို လူစုခွဲလိုက်ရင် မကောင်းဘူးလား။ တကယ်လို့ နုရှောင့်မြို့က နဂါးနောင်တနဲ့ ပစ်ခတ်ရင်တောင် ကျုပ်တို့ အကုန်အစင် ပျက်စီးသွားမှာ မဟုတ်ဘူးလေ။”
ရင်ဝူချယ်က ပြန်ပြောလိုက်၏။ “ပထမအချက်ကတော့ ဒါဟာ ကောလာဟလ သက်သက်ပါပဲ။ နုရှောင့်မြို့မှာ နဂါးနောင်တ ရှိတယ်ဆိုတာ ဘာသက်သေမှ မရှိပါဘူး။ ဒုတိယအချက်ကတော့ ကျုပ်တို့ရဲ့ ရေတပ်ကို ရှေးဟောင်း အိပ်မက်ဆိုးကျောက်တုံး စွမ်းအင်နဲ့ မောင်းနှင်ထားတာ ဖြစ်တယ်။
အကယ်၍ လူစုခွဲလိုက်မယ်ဆိုရင် စွမ်းအင်ဗဟိုချက်ရဲ့ လွှမ်းခြုံမှု အဝန်းအဝိုင်းကနေ ကင်းလွတ်သွားပြီး အမြန်နှုန်းက သိသိသာသာ ကျဆင်းသွားပါ လိမ့်မယ်။ တချိန်တည်းမှာပဲ ရှေးဟောင်းဒူးလေးတွေရဲ့ စွမ်းပကားကလည်း အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားနိုင်တယ်။ ဒါပေမဲ့ ဘေးကင်းလုံခြုံမှုအတွက် ရေတပ်ကို လူစုခွဲပါ့မယ်။ နုရှောင့်မြို့နဲ့ ကီလိုမီတာ ၇၀၀ အကွာကို ရောက်တာနဲ့ ရေတပ်ကို သုံးဖွဲ့ ခွဲလိုက်ပါမယ်။”
ရင်ဝူချယ်က ထိုသို့လုပ်ဆောင်ရန် မလိုအပ်ဟု ယူဆ၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးထဲတွင် ရှိနေသေးသောကြောင့်ပင်။ နုရှောင့်မြို့တွင် နဂါးနောင်တ ရှိနေသည် ဆိုလျှင်ပင် ပစ်လွှတ်နိုင်မည် မဟုတ်ပေ။ သို့သော်ငြားလည်း အခြေအနေအရ ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစုခွဲခြင်းက လိုအပ်ပေသည်။
“စိတ်မလောပါနဲ့ မင်းသားမင်... ကျုပ်တို့နဲ့ နုရှောင့်မြို့က ကီလိုမီတာ ၈၀၀ လောက်ပဲ ဝေးတော့တာပါ။ မကြာခင် သူတို့အားလုံးကို သတ်ဖြတ်ပြီး နုရှောင့်မြို့ကို ဒီလောကကြီးထဲကနေ ဖျက်ဆီးပစ်နိုင်တော့မှာပါ။” ရင်ဝူချယ်က ပြုံး၍ ပြောလိုက်၏။
ထိုအချိန်မှာပဲ ကောင်းကင်ပေါ်ရှိ နှင်းလင်းယုန် စစ်သည်သုံးဦးက ရုတ်တရက် အရှိန်မြှင့်တင်ကာ ရေတပ်ဆီသို့ ပျံသန်းလာကြသည်။
“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်...”
“ဘုန်း ဘုန်း ဘုန်း ဘုန်း...”
ထိုနှင်းလင်းယုန် စစ်သည်များက ယမ်းမီးခိုး အချက်ပြများကို ကောင်းကင်ယံသို့ ပစ်ဖောက်လိုက်ကြသည်။ “နဂါးနောင်တ လာနေပြီ။ နဂါးနောင်တ လာနေပြီ။”
နှင်းလင်းယုန် စစ်သည်တစ်ဦးက ရင်ဝူချယ်၏ သင်္ဘောပေါ်သို့ ထိုးဆင်းလိုက်ပြီး အော်ဟစ် သတိပေးလိုက်၏။ “အကြီးအကဲဝူ... ဒုတိယမင်းသား... နဂါးနောင်တ လာနေပြီ။ တိုက်ခိုက်လာနေပြီ။”
အကြီးအကဲဝူ၊ ရင်ဝူချယ်နှင့် မင်းသားမင်တို့အပါအဝင် သင်္ဘောပေါ်ရှိ လူတိုင်း တုန်လှုပ်သွားကြ၏။ တကယ်ပဲ နဂါးနောင်တ ရှိနေသည်လား။ ဘာတွေ ဖြစ်ကုန်သနည်း။ ရှမ့်လန်က နုရှောင့်မြို့၌ မရှိဘူး မဟုတ်လား။
ရင်ဝူချယ်၏ ဆံပင်များ ထောင်ထသွားသော်လည်း ထိုညက အဖြစ်အပျက်ကို သူ ချက်ချင်း ပြန်သတိရ လိုက်သည်။ နုရှောင့်မြို့က နဂါးနောင်တ အတုကို ပစ်ဖောက်ပြီး အစစ်ကို လှည့်စား ခေါ်ထုတ်ခဲ့ဖူးသည်။
“စိတ်အေးအေးထားကြ... စိတ်အေးအေးထားကြ။ နုရှောင့်မြို့က နဂါးနောင်တကို ပစ်လွှတ်နိုင်စွမ်း မရှိဘူး။ ဒါ သေချာပေါက် အတုပဲ ဖြစ်ရမယ်။”
ရင်ဝူချယ်က အော်ပြောလိုက်၏။ “အမြန်နှုန်းက ဘယ်လောက်လဲ။”
“မြန်တယ်။ သိပ်မြန်တယ်။”
“ဘယ်လောက်တောင် မြန်တာလဲ။ အစစ်လိုမျိုး မြန်တာလား။”
နှင်းလင်းယုန် စစ်သည်မှာ ကြောင်အမ်းသွား၏။ အဘယ့်ကြောင့်ဆိုသော် သူက နဂါးနောင်တ အစစ် ပျံသန်းသည်ကို တခါမှ မမြင်ဖူးသောကြောင့် ဖြစ်သည်။
သူ့ကို မေးနေစရာ မလိုတော့ပေ။ ရင်ဝူချယ် ကိုယ်တိုင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ မြောက်ဘက် ကောင်းကင်ယံမှ ကြယ်တံခွန်တစ်ခု ပျံသန်းလာသကဲ့သို့ ရှိပြီး အမြီးပိုင်းတွင် အစိမ်းရောင် မီးတောက်များ ပါရှိ၏။
ဟုတ်ပေသည်။ ပုံစံက နဂါးနောင်တနှင့် တစ်ထပ်တည်း တူညီ၏။ မှန်ပြောင်းဖြင့် ကြည့်လိုက်ချိန်တွင်လည်း နဂါးနောင်တနှင့် တူနေဆဲပင်။ သို့သော်ငြား အလွန်နှေးကွေးလှသည်။ အစစ်၏ အမြန်နှုန်း သုံးပုံတစ်ပုံခန့်သာ ရှိသည်။
“ဒါ နဂါးနောင်တ အတုပဲ... အတုပဲ။”
ရင်ဝူချယ်က ကျယ်လောင်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ အခြေအနေအရ လူတိုင်း အသင့်ပြင်ထားကြ။ ကျလာတာနဲ့ ရေထဲခုန်ချကြမယ်။ အားလုံး သံချပ်ကာ ဝတ်ဆင်ပြီး လေရှူကိရိယာတွေ တပ်ဆင်ထားကြ။”
ရင်ဝူချယ်၏ အမိန့်ပေးသံအဆုံးတွင် အလံကိုင်စစ်သည်များက အလံများကို ဝှေ့ယမ်းလိုက်ကြ၏။ နှင်းလင်းယုန် စစ်သည်များကလည်း သင်္ဘောအသီးသီး၏ အထက်သို့ ပျံသန်းကာ အမိန့်ကို လိုက်လံပို့ဆောင်ကြသည်။ တကယ်တမ်းတွင် လူတစ်သိန်းခန့် ရှိသော တပ်မကြီးသည် ဤလေ့ကျင့်ခန်းကို အကြိမ်ကြိမ် လေ့ကျင့်ထားခဲ့ပြီး ဖြစ်၏။
သင်္ဘောကို ထိန်းချုပ်ရန် မလိုအပ်သူ အားလုံးက ကုန်းပတ်ပေါ်သို့ တက်လာကြပြီး ကိရိယာ တန်ဆာပလာ အစုံအလင် ဝတ်ဆင်ကာ ကောင်းကင်ကို မော့ကြည့်နေကြ၏။ နဂါးနောင်တ သူတို့အပေါ်သို့ ရောက်ရှိပြီး ပြုတ်ကျလာသည်နှင့် တပြိုင်နက် ရေထဲသို့ ချက်ချင်း ခုန်ချပြီး ပုန်းရှောင်ကြမည် ဖြစ်သည်။
“ရွှစ်... ရွှစ်... ရွှစ်...”
ဤနဂါးနောင်တက တကယ်ပင် နှေးကွေးလွန်းလှသည်။ တစ်စက္ကန့်လျှင် မီတာ ၂၀၀ နှုန်းပင် မကျော်လွန်ချေ။ သင်္ဘောပေါ်မှ လူများ လှမ်းမြင်လိုက်ရချိန်တွင် မီတာ သုံးသောင်းကျော် အကွာ၌ ရှိနေသေး၏။ ပျံသန်းရောက်ရှိလာရန် သုံးမိနစ်ခန့် ကြာမြင့်ဦးမှာ ဖြစ်သည်။
နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ ရေတပ်ဖွဲ့၏ အထက်တည့်တည့်သို့ ရောက်သည်နှင့် ကောင်းကင်မှ ရုတ်တရက် ထိုးဆင်းလာတော့၏။
“ရွှစ်...”
“ခုန်ချ...” ရင်ကွမ်းနှင့် စေတီတောင် မဟာမိတ်တပ်ဖွဲ့မှ လူတစ်သိန်းခန့်သည် ရေထဲသို့ ပြိုင်တူ ခုန်ချလိုက်ကြပြီး ရေနက်ပိုင်းသို့ ငုပ်လျှိုးသွားကြသည်။
ဆယ်စက္ကန့် ကြာပြီးနောက် ......
နဂါးနောင်တ အတုက ပင်လယ်ရေပြင်ပေါ်သို့ ကျရောက် ပေါက်ကွဲသွား၏။
“ဘုန်း ဘုန်း ဘုန်း ဘုန်း...”
ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့၏။ သို့သော်ငြား မှိုပွင့်တိမ်တိုက် ထွက်ပေါ်မလာသလို နေမင်းထက် တောက်ပသော အလင်းရောင်လည်း ထွက်ပေါ်မလာခဲ့ပေ။ အပြာရောင် အလင်းတန်း တစ်ခုသာ ဖြစ်ပေါ်ခဲ့သည်။
ရင်ဝူချယ် ရေထဲမှ ပြန်တက်လာ၏။ သူ ထင်ထားသည့်အတိုင်းပင် ဤနဂါးနောင်တက အတုသာ ဖြစ်၏။
…............
တစ်မိနစ် ကြာပြီးနောက် လူအားလုံး သင်္ဘောပေါ်သို့ ပြန်တက်လာကြသည်။
“အရှင်မင်းသား... နုရှောင့်မြို့က နဂါးနောင်တ အတုကို ပစ်လွှတ်လိုက်တာပါ။ ပြီးတော့ ပေါက်ကွဲသွားတာက အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး ဖြစ်ပါတယ်။ အစွမ်းက သိပ်ကို ပြင်းထန်ပါတယ်။”
ရင်ဝူချယ်က မေးလိုက်၏။ “ဘာဖြစ်သွားသလဲ။”
“ကျုပ်တို့ရဲ့ စွမ်းအင်ထိန်းချုပ် ဗဟိုချက်မတွေကို အခြေခံအကာအကွယ်တွေနဲ့ ကာကွယ်ထားတဲ့အတွက် ပျက်စီးသွားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ သက်ရောက်မှုတော့ ရှိခဲ့ပါတယ်။ စွမ်းဆောင်ရည် ကျဆင်းသွားပါတယ်။”
“စွမ်းဆောင်ရည် ကျဆင်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။”
“တစ်နည်းအားဖြင့် ပြောရရင် ကျုပ်တို့ ရေတပ်ရဲ့ အမြန်နှုန်း ကျဆင်းသွားမှာ ဖြစ်သလို ရှေးဟောင်းဒူးလေး တွေရဲ့ စွမ်းပကားလည်း ထိခိုက်သွားပါလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့မှာ စွမ်းအင်ဗဟိုချက် ၉ ခုနဲ့ အရန် စွမ်းအင်ဗဟိုချက် ၇ ခု ရှိတဲ့အတွက် သိပ်ပြီး ကြီးကြီးမားမားကြီးတော့ ဖြစ်မှာ မဟုတ်ပါဘူး။”
ရင်ဝူချယ်က စဉ်းစားလိုက်သည်။ “ဒါဆိုရင် လူစုခွဲလိုက်ရင် တိုက်ခိုက်နိုင်စွမ်းက ပိုပြီး အားနည်းသွားမှာ မဟုတ်ဘူးလား။”
“မှန်ပါတယ် အရှင်မင်းသား။ ဘာဖြစ်လို့လဲဆိုတော့ စွမ်းအင်ဗဟိုချက်တွေက တစ်ခုနဲ့တစ်ခု အပြန်အလှန် လွှမ်းခြုံပြီး အထောက်အကူ ပြုနေကြလို့ပါ။”
တော်ဝင်ရန်အင်ပါယာမှ မင်းသားမင်က ဝင်ပြော၏။ “ကျုပ်တို့ရဲ့ရေတပ်ကို လူစုခွဲလိုက်ရင်တောင် နုရှောင့်မြို့ကို လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်တုန်းပဲ မဟုတ်လား။”
ရင်ဝူချယ်က အမိန့်ပေးလိုက်သည်။ “လူစုခွဲဖို့ ပြင်ဆင်ကြ။”
သို့သော်ငြား ထိုအချိန်မှာပဲ ကောင်းကင်ပေါ်မှ နှင်းလင်းယုန် စစ်သည်က သတိပေးချက် ထပ်မံပေးပို့ လာပြန်၏။
“နဂါးနောင်တ လာနေပြီ။ နဂါးနောင်တ လာနေပြီ။”
ခဏကြာချိန်မှာတော့ လူတိုင်း မော့ကြည့်လိုက်ကြရာ မြောက်ဘက်မှ နောက်ထပ် နဂါးနောင်တ တစ်စင်း ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ယခုတစ်ကြိမ်တွင်လည်း အလွန်နှေးကွေးနေဆဲ ဖြစ်ပြီး တစ်စက္ကန့်လျှင် မီတာ နှစ်ထောင်ထက် မပိုချေ။
ရင်ဝူချယ်က မထီမဲ့မြင် ပြုံးလိုက်သည်။ “ဒါက ဘာအဓိပ္ပာယ်ရှိလို့လဲ။ ဘာအဓိပ္ပာယ်မှ မရှိဘူး။”
သို့သော်ငြား သူက နောက်ထပ် အမိန့်တစ်ခု ထပ်ပေးရုံမှတပါး ရွေးချယ်စရာ မရှိချေ။ လူတိုင်း နဂါးနောင်တ ပေါက်ကွဲမှုကို ရှောင်ရှားရန် ရေထဲသို့ ခုန်ချဖို့ ပြင်ဆင်လိုက်ကြ၏။
နောက်ထပ် မိနစ်အနည်းငယ် ကြာပြီးနောက် ဒုတိယမြောက် နဂါးနောင်တ အတုက ကောင်းကင်မှ ကျဆင်း လာပြန်သည်။
“ဘုန်း...”
ဒုတိယမြောက် နဂါးနောင်တအတု ပေါက်ကွဲသွားသော်လည်း ယခုတစ်ကြိမ်တွင်လည်း အိပ်မက်ဆိုး ကျောက်တုံး သံလိုက်ဗုံးသာ ဖြစ်နေပြန်၏။
… …
မိနစ်အနည်းငယ် ကြာပြီးနောက် ရင်ဝူချယ်နှင့် အခြားသူများ ရေထဲမှ ပြန်တက်လာကြရာ ကြွက်စုတ်များ သဖွယ် ဖြစ်နေကြသည်။
“အရှင်မင်းသား...နုရှောင့်မြို့က သံလိုက်ဗုံးတွေပဲ ဆက်ပစ်နေပါတယ်။ ကျုပ်တို့ရဲ့ စွမ်းအင်ဗဟိုချက်တွေကို ထပ်ပြီး ထိခိုက်စေခဲ့သလို ဆုံးရှုံးမှုတွေလည်း ထပ်ဖြစ်စေခဲ့ပါတယ်။”
ရင်ဝူချယ်က အမိန့်ပေးလိုက်၏။ “ရေတပ်ကို တရားဝင် လူစုခွဲလိုက်တော့။ တွက်ချက်မှုတွေ လုပ်ကြ။ ဒီအတိုင်း ဆက်သွားရင် ရေတပ်အင်အားက အတိုင်းအတာအထိ ကွဲသွားလိမ့်မယ်။ တိုက်ခိုက်ရေး စွမ်းရည်လည်း အကြီးအကျယ် ထိခိုက်သွားလိမ့်မယ်။”
“အရှင်မင်းသား...ဒါက နုရှောင့်မြို့က ဘယ်နှကြိမ် ပစ်အုံးမလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။”
“ရေတပ်ကို နှစ်ဖွဲ့ ခွဲလိုက်ကြမယ်။ နုရှောင့်မြို့ကို အရှေ့နဲ့ အနောက် နှစ်ဖက် ညှပ်ပြီး တိုက်မယ်။ ဘယ်လိုသဘောရလဲ အကြီးအကဲဝူ။”
“ကောင်းပါပြီ။”
ချက်ချင်းပဲ စေတီတောင်နှင့် ရင်ကွမ်း၏ ရေတပ်ကြီးသည် တရားဝင် နှစ်ဖွဲ့ ကွဲသွားတော့သည်။ ရေတပ်ဖွဲ့ နှစ်ခုကြား အကွာအဝေးက တဖြည်းဖြည်း ဝေးကွာလာပြီး မီတာ နှစ်သောင်းကျော်အထိ ရောက်ရှိသွားရာ နဂါးနောင်တ၏ သတ်ဖြတ်နိုင်စွမ်း အကွာအဝေးထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ရန်သူရေတပ် လူစုမခွဲခင် အဘယ်ကြောင့် နဂါးနောင်တ မပစ်ခဲ့သလဲဟု တစ်စုံတစ်ယောက်က မေးလာနိုင်သည်။ ပထမအချက် အနေဖြင့် နဂါးနောင်တ အစစ်သည် အလွန်လေးလံသောကြောင့် ကီလိုမီတာ ၂၅၀ ထက် ပိုဝေးသော နေရာသို့ ပစ်လွှတ်၍ မရနိုင်ပေ။ နဂါးနောင်တ အတုကတော့ ပေါ့ပါးသည့်အတွက် ပိုဝေးဝေး ပစ်လွှတ်နိုင်၏။
ဒုတိယအချက် အနေဖြင့် နဂါးနောင်တ အစစ်ကို ပစ်လွှတ်လိုက်သည်နှင့် တပြိုင်နက် ရန်သူ၏ စစ်သည် တစ်သိန်းက ပေါက်ကွဲမှုကို ရှောင်ရှားရန် ပင်လယ်ကြမ်းပြင်အထိ ငုပ်လျှိုးသွားကြမည် ဖြစ်သည်။ ထိုထိုသို့ဆိုလျှင် သင်္ဘောများသာ ပျက်စီးပြီး လူအများအပြား အသက်ရှင်ကျန်ရစ်နေဦးမည်။
နောက်ထပ် နာရီဝက် ထပ်မံကုန်ဆုံးသွားပြန်သည်။ ကောင်းကင်ပေါ်မှ နှင်းလင်းယုန် စစ်သည်က သတိပေးချက် ထပ်မံပေးပို့လာပြန်၏။
“နဂါးနောင်တ လာနေပြီ။ နဂါးနောင်တ လာနေပြီ။”
သို့သော်ငြား မည်သူကမျှ ဂရုမစိုက်ကြတော့ချေ။ သိုးကျောင်းသား ပုံပြင်လိုပင် ဖြစ်နေ၏။ ပထမအကြိမ် ဝံပုလွေ လာသည်ဟု အော်ချိန်မှာတော့ ရွာသားများ ပြေးထွက်လာကြသော်လည်း ဝံပုလွေ ရောက်မလာခဲ့ချေ။ ဒုတိယအကြိမ် ဝံပုလွေ လာသည်ဟု အော်ချိန်မှာတော့ ရွာသားများ တိုက်ခိုက်ရန် ပြေးထွက်လာကြသော်လည်း ဝံပုလွေ ရောက်မလာပြန်ချေ။ တတိယအကြိမ် ဝံပုလွေ လာသည် ဆိုချိန်မှာတော့ မည်သူကမှ မယုံကြည်ကြတော့ပေ။
ထင်ထားသည့်အတိုင်းပင် ခဏကြာချိန်မှာတော့ မြောက်ဘက် မိုးကုပ်စက်ဝိုင်းမှ နောက်ထပ် နဂါးနောင်တ တစ်စင်း ပျံသန်းလာသည်ကို ရင်ဝူချယ် မြင်လိုက်ရသည်။ သို့သော်ငြား အလွန်နှေးကွေးနေဆဲပင်။ နောက်ထပ် နဂါးနောင်တ အတု။
“သောက်ကျိုးနည်း နုရှောင့်မြို့...ဒီလိုကစားနေရတာ အဓိပ္ပာယ် ရှိလို့လား။ ငါ့ရဲ့ ရေတပ်ကြီး ရောက်လာတာနဲ့ မင်းတို့အားလုံးကို သတ်ပစ်မယ်။”
တကယ်တမ်းတွင် စေတီတောင်နှင့် ရင်ကွမ်းတို့တွင်လည်း နဂါးနောင်တ အတု ရှိသလို နဂါးအရှိန်အဝါ ပစ်လွှတ်စင် အများအပြားလည်း ရှိသည်။ သို့ပေမည့် စေတီတောင်ရဲ့ နဂါးနောင်တအတုထဲတွင် ကူပိုးကောင်လက်နက်တွေ တပ်ဆင်ထားသည်။ သို့သော်ငြား လုံလောက်သော ဖျက်ဆီးနိုင်စွမ်း ရှိစေရန် ရင်ဝူချယ်က ကီလိုမီတာ ၃၀၀ အကွာရောက်မှ ပစ်လွှတ်မည် ဖြစ်သည်။
နုရှောင့်မြို့မှ ပစ်လွှတ်လိုက်သော တတိယမြောက် နဂါးနောင်တသည် တပ်ဖွဲ့ (ခ) ၏ အထက်သို့ ရောက်ရှိလာပြီး ကောင်းကင်မှ ထိုးဆင်းလာ၏။
“ခုန်ချ...” အမိန့်သံနှင့်အတူ ဤရေတပ်ဖွဲ့မှ စစ်သည်အားလုံးသည် ရေထဲသို့ ထပ်မံခုန်ချလိုက်ကြပြီး ရေနက်ပိုင်းသို့ ငုပ်လျှိုးသွားကြသည်။
ဆယ်စက္ကန့်ကျော် ကြာပြီးနောက် “ဘုန်း...”
နုရှောင့်မြို့၏ တတိယမြောက် နဂါးနောင်တအတု ပေါက်ကွဲသွားပြန်သည်။ နောက်ထပ် အိပ်မက်ဆိုး ကျောက်တုံး သံလိုက်ဗုံးပင် ဖြစ်၏။ သောင်းနှင့်ချီသောလူများ ရေထဲမှ ပြန်တက်လာကြရာ ကြွက်စုတ်များသဖွယ် ဖြစ်နေကြပြန်၏။