အခန်း (၁၀၈၁-၁၀၈၂)
Vol. 63 Ch. 1081-1082
အပိုင်း (၁၀၈၁)
စေတီတောင်မှ ပညာရှိတစ်ဦး ရင်ဝူချယ်ထံ ရောက်လာပြီး တင်ပြသည်။ “အရှင်မင်းသား...အစီရင်ခံစရာ ရှိပါတယ်။ နုရှောင့်မြို့က ပစ်လွှတ်တဲ့ သံလိုက်ဗုံးတွေက သိပ်ကို အားပြင်းပါတယ်။ ကျုပ်တို့ ရေတပ်ကလည်း နှစ်ဖွဲ့ ကွဲနေတော့ သံလိုက်စွမ်းအင်ရဲ့ ထိခိုက်မှုက ပိုပြင်းထန်ပါတယ်။ ရေတပ်ရဲ့ အမြန်နှုန်း ကျဆင်းသွားမှာ ဖြစ်သလို ရှေးဟောင်းလက်နက်တွေလည်း အားနည်းသွားပါလိမ့်မယ်။ အရေးကြီးဆုံးအချက်က ကျုပ်တို့ရဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင်တွေက ကီလိုမီတာ ၃၀၀ အကွာအဝေး ရောက်မှ ကူပိုးကောင်လက်နက်တွေကို ပစ်လွှတ်နိုင်တော့မှာပါ။”
ရင်ဝူချယ်က ခေါင်းညိတ်လိုက်၏။ “ရှိပါစေတော့။ ကိစ္စမရှိပါဘူး။”
နုရှောင့်မြို့က ပစ်လွှတ်လိုက်တဲ့ နဂါးနောင်တက အတုတွေ ဖြစ်ကြောင်း သူ သေချာသွားပြီ ဖြစ်သည်။ “သူတို့ရဲ့ ရည်ရွယ်ချက်က ရေတပ်နဲ့ ရှေးဟောင်းလက်နက်တွေကို အားနည်းသွားစေဖို့ပဲ။ နဂါးနောင်တ အစစ်ကို ပစ်လွှတ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။”
နောက်ထပ် နာရီဝက် ထပ်မံကုန်ဆုံးသွားပြန်၏။
စေတီတောင် အထက်ရှိ နှင်းလင်းယုန် စစ်သည်က သတိပေးချက် ထပ်မံပေးပို့လာပြန်သည်။ “နဂါးနောင်တ လာနေပြီ။ နဂါးနောင်တ လာနေပြီ။”
သောက်ကျိုးနည်း... ချီးလိုပဲဟေ့။
ဤတစ်ကြိမ်တော့ ရင်ဝူချယ် တစ်ယောက်တည်း ဆဲရေးခြင်း မဟုတ်ဘဲ တစ်တပ်လုံး ဆဲရေးကြတော့၏။ “နုရှောင့်မြို့...မင်းတို့ ပြီးကြပြီလား။ နဂါးနောင်တအတုတွေပဲ ဆက်တိုက် ပစ်နေတာ ပျော်ဖို့ ကောင်းရဲ့လား။”
လူတိုင်းက ရင်ဝူချယ်နှင့် အကြီးအကဲဝူကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ “တပ်မှူးတို့ရေ... ကျုပ်တို့ ရေထဲ ခုန်ချရအုံးမှာလား။ ဒါက နဂါးနောင်တ အတုမှန်း သိနေရဲ့သားနဲ့ ရေထဲ ခုန်ချပြီး ရှောင်နေရတာ အဓိပ္ပာယ် မရှိပါဘူး။”
“ခုန်ချ...” ရင်ဝူချယ်က အော်ဟစ်လိုက်သည်။
သို့နှင့် လူငါးသောင်းကျော်က ရေထဲသို့ ထပ်မံခုန်ချလိုက်ကြပြီး နဂါးနောင်တကို ရှောင်ရှားရန် ရေနက်ပိုင်းသို့ ငုပ်လျှိုးသွားကြပြန်သည်။ ကောင်းကင်ပေါ်မှ ပျံသန်းလာသည်မှာ အတုမှန်း သိရက်နှင့် ဖြစ်၏။
စက္ကန့် အနည်းငယ် ကြာပြီးနောက် “ဘုန်း...”
နုရှောင့်မြို့မှ ပစ်လွှတ်သော လေးစင်းမြောက် နဂါးနောင်တ အတု ပေါက်ကွဲသွားပြန်သည်။ နောက်ထပ် အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးပင် ဖြစ်၏။ ဤအချိန်တွင် ရင်ဝူချယ်၏ ရေတပ်က နုရှောင့်မြို့နှင့် ကီလိုမီတာ ၅၃၀ သာ ကွာဝေးတော့သည်။
… …
“အရှင်မင်းသား...ရေထဲ လေးကြိမ်တိုင်တိုင် ခုန်ချပြီး ရေနက်ပိုင်းကို ငုပ်ခဲ့ရတဲ့အတွက် လေ သိုလှောင်ထားသမျှ ကုန်သလောက် ဖြစ်နေပါပြီ။ ရှေးဟောင်းသံချပ်ကာ ဝတ်စုံတွေကပဲ လေအများအပြားကို ထောက်ပံ့ ပေးနိုင်တော့မှာပါ။”
“အဲဒါ ဘာသဘောလဲ။”
“နောက်ဆိုရင် ကျုပ်တို့ ရေထဲ ခုန်ချတဲ့ အကြိမ်ရေ လျှော့ချဖို့ လိုပါလိမ့်မယ်။ တကယ်တော့ ရေထဲ ခုန်ချဖို့၊ ရေငုပ်ဖို့ မလိုတော့ဘူး မဟုတ်လား။”
ရင်ဝူချယ်က ခေါင်းညိတ်လိုက်သည်။ ရှမ့်လန်က ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီးထဲမှာ ရှိနေသေးကြောင်း သူတို့ သိထားကြ၏။ နုရှောင့်မြို့ အနေနှင့် နဂါးနောင်တ မပစ်လွှတ်နိုင်ဘူး ဆိုတာလည်း သိထားကြသည်။ သို့သော်ငြား ဘေးလွတ်ရာ ရှောင်ရှားဖို့အတွက် ရေထဲ ခုန်ချနေရတာက သိပ်ကို ရူးမိုက်လွန်းရာ ကျနေသည်။
ရေတပ်ကြီးက နောက်ထပ် နာရီဝက်ခန့် ခုတ်မောင်းလာခဲ့၏။
“အရှင်မင်းသား...နုရှောင့်မြို့နဲ့ ကီလိုမီတာ ၅၀၀ အကွာကို ရောက်ပါပြီ။ ကျုပ်တို့ရဲ့ ကူပိုးကောင်ဗုံး ပစ်လွှတ်လို့ ရပြီလား။”
“ဘေးကင်းလုံခြုံမှုအတွက် ၄၉၀ ကီလိုမီတာ အကွာရောက်မှ ပစ်တာ အကောင်းဆုံးပဲ။ ကျုပ်တို့ရဲ့ စွမ်းအင် ဗဟိုချက်က အကြီးအကျယ် ထိခိုက်ထားလို့ပဲ။”
… …
နုရှောင့်မြို့ ရဲတိုက်အတွင်း ရှမ့်လန် သက်ပြင်းချလိုက်မိသည်။
နဂါးနောင်တအတု လေးစင်း ဆက်တိုက် ပစ်လွှတ်ဖို့ဆိုတာ တကယ် မလွယ်ကူပေ။ ယခုတော့ သူ တကယ် စတင်ကစားလို့ ရပြီ။
“ပထမဆုံး နဂါးနောင်တ... နေရာယူ။” ရှမ့်လန်က အမိန့်ပေးလိုက်၏။
စစ်သည် ဆယ်ဂဏန်းခန့်က အံ့မခန်း လေးလံလှသော နဂါးနောင်တ အစစ်ကို ပစ်လွှတ်စင်ပေါ်သို့ အစွမ်းကုန် အားစိုက်၍ တင်လိုက်ကြ၏။ ဤတစ်ကြိမ်မှာတော့ ရှမ့်လန်က သွေးရောစပ်နေစရာ မလိုတော့ပေ။ သူ့လက်ချောင်းဖြင့် နဂါးနောင်တစာလုံးကို ဖွဖွလေး ပွတ်ဆွဲလိုက်ရုံဖြင့် အသက်ဝင်လာပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် ရှေးဟောင်းဘုရင် လက်စွပ် ရှိနေသောကြောင့် ဖြစ်သည်။
စတင်အသက်ဝင်လာသည်နှင့် တပြိုင်နက် နုရှောင့်မြို့ ရဲတိုက်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးလိုသည့် အရှိန်အဝါများ လွှမ်းခြုံသွားပြီး ဧရာမနဂါးကြီးတစ်ကောင် တီးတိုးရွတ်ဆိုနေသကဲ့သို့ ဖြစ်ပေါ်လာ၏။
ရှမ့်လန်က ပစ်မှတ်နှင့် အကွာအဝေးကို ချိန်ညှိလိုက်သည်။ ထို့နောက် အိပ်မက်ဆိုးကျောက်တုံး ခလုတ်ကို ရုတ်တရက် လှည့်လိုက်သည်။
နဂါးဟိန်းသံ တစ်ချက်။ နဂါးနောင်တ အစစ်ကို ပစ်လွှတ်လိုက်ပြီ ဖြစ်၏။
“ရွှစ်...” မီတာ ရာပေါင်းများစွာ ပျံသန်းပြီးနောက် နဂါးနောင်တ၏ အမြီးပိုင်းမှ ပလာစမာ မီးတောက်များ မှုတ်ထုတ်လိုက်သော်လည်း အသံထက်မြန်သော ပေါက်ကွဲသံ ထွက်မလာသလို အသံထက်သုံးဆ မြန်သော အရှိန်လည်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က ပျံသန်းနှုန်းကို တစ်စက္ကန့်လျှင် ၂၉၀ မီတာသာ ရှိစေရန် ချိန်ညှိထားသောကြောင့် ဖြစ်သည်။ နဂါးနောင်တ အတုများနှင့် တူညီစေရန် ဖြစ်သည်။
............
စေတီတောင်မှ နှင်းလင်းယုန် စစ်သည်သည် မြောက်ဘက် ကောင်းကင်ယံမှ ကြယ်တံခွန်ကဲ့သို့ ပျံသန်းလာသော လမ်းကြောင်းကို ထပ်မံတွေ့ရှိလိုက်ပြန်သည်။ အရှိန်က အလွန်နှေးကွေးနေဆဲ ဖြစ်ပြီး နောက်ထပ် နဂါးနောင်တ အတု တစ်စင်းသာ ဖြစ်သော်လည်း သူက သတိပေးခေါင်းလောင်း ထိုးရပေမည်။
“နဂါးနောင်တ လာနေပြီ။ နဂါးနောင်တ လာနေပြီ။”
ရင်ဝူချယ် ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ “ပြီးနိုင်ကြအုံးမှာလား။”
သူကလည်း နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို ကိုင်တွယ်မောင်းနှင်နေပြီး နုရှောင့်မြို့ဆီသို့ ကူပိုးကောင်ဒုံးကျည် ပစ်လွှတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ လုပ်ဆောင်ပုံ အဆင့်ဆင့်က သူ့အတွက် အနည်းငယ် ရှုပ်ထွေးနေ၏။ နဂါးအရှိန်အဝါ ပစ်လွှတ်စင်တွင် ပစ်မှတ်နှင့် အကွာအဝေးကို ချိန်ညှိနေရ၏။
“အရှင်မင်းသား... ပိုနီးလာပါပြီ။”
ရင်ဝူချယ်က မိုးကုပ်စက်ဝိုင်းဆီ မော့ကြည့်လိုက်သည်။ နဂါးနောင်တက တကယ်ပင် နီးကပ်လာနေပြီး အလွန်နှေးကွေးနေဆဲပင်။ သို့သော်ငြား ယခုအချိန်တွင် သူ တကယ်ပင် စိုးရိမ်စိတ် မရှိတော့ပေ။ နဂါးနောင်တအတု၏ တိုက်ခိုက်မှုကို လေးကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရသူ မည်သူမဆို စိုးရိမ်တော့မည် မဟုတ်ပေ။
“အရှင်မင်းသား... ရေထဲ ထပ်ခုန်ချအုံးမလား။”
“အကြီးအကဲဝူ... ရေထဲ ခုန်ချအုံးမလား။ မင်းသားမင်ကော...”
မည်သူမျှ ပြန်မဖြေကြပေ။ ခုန်ချသင့်သလား၊ မခုန်ချသင့်ဘူးလား ဆိုတာ သူတို့ တကယ် ဝေခွဲမရ ဖြစ်နေကြသည်။ သိသာထင်ရှားစွာပင် နောက်ထပ် နဂါးနောင်တ အတု တစ်စင်းသာ ဖြစ်သည်။ ရှမ့်လန်က နုရှောင့်မြို၌ မရှိသည်မို့ နဂါးနောင်တ အစစ် ဖြစ်လာစရာ အကြောင်းမရှိပေ။ သို့ပေမဲ့ အကယ်၍များ အစစ် ဖြစ်နေခဲ့လျှင်ရော ....။
“အလောတကြီး လုပ်စရာ မလိုပါဘူး။ မလိုပါဘူး။”
ရင်ဝူချယ်က နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို ဆက်လက် ချိန်ညှိနေသည်။ အရာအားလုံး ချိန်ညှိပြီးသွားပြီ ဖြစ်ပြီး နုရှောင့်မြို့ရှိရာဘက်သို့ ဦးတည် ချိန်ရွယ်ထားပြီး ဖြစ်သည်။
“နုရှောင့်မြို့ရေ... စေတီတောင်ရဲ့ အမျက်ဒေါသကို ခံစားလိုက်ကြပေတော့။ အဆုံးမဲ့ ကူပိုးကောင် ဒုံးကျည်တွေက မင်းတို့အားလုံးကို သတ်ဖြတ်ပစ်ပြီး ငရဲတမျှ ရက်စက်တဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်စေရမယ်။ ဒီကူပိုးကောင်တွေက မင်းတို့ရဲ့အသက်တိုင်းကို ဝါးမျိုပစ်ပြီး အသားပျော့ဖတ်ပုံကြီး ဘဝ ရောက်သွား စေရမယ်။”
ထိုအချိန်တွင် နုရှောင့်မြို့မှ ပစ်လွှတ်လိုက်သော နဂါးနောင်တသည် ကောင်းကင်မှ ကျဆင်းလာခဲ့ပြီ ဖြစ်၏။
“အရှင်မင်းသား... ရေထဲ ခုန်ချချင်ရင် အမြန်လုပ်မှ ရပါတော့မယ်။”
ရင်ဝူချယ်က အိပ်မက်ဆိုးကျောက်တုံး ခလုတ်ကို ပြင်းထန်စွာ လှည့်လိုက်ရာ ချက်ချင်းပဲ စေတီတောင်၏ ကူပိုးကောင်ဒုံးကျည်များ ပစ်ထွက်သွားတော့သည်။
ကောင်းကင်ယံမှ နဂါးနောင်တသည် ပို၍ ပို၍ မြန်ဆန်လာ၏။ လူတိုင်းက အထင်အမြင်သေးစွာ ကြည့်နေကြသည်။ နောက်ထပ် နဂါးနောင်တ အတု တစ်စင်း။
‘နုရှောင့်မြို့က တကယ့်ကို ဉာဏ်ကုန်နေပြီ။ ရယ်စရာ ကောင်းလိုက်တာ။’
ရင်ဝူချယ်က အဘယ်ကြောင့် ရင်တုန်လာသည်ကို မသိပေ။ ထို့နောက် သူက ရေထဲသို့ တန်း၍ ခုန်ချပြီး အော်ဟစ်လိုက်၏။ “ခုန်ချ... ခုန်ချ... ခုန်ချ...”
အခြားသော သောင်းနှင့်ချီသည့် စစ်သည်များ လန့်ဖျပ်သွားကြပြီးနောက် သင်္ဘောကုန်းပတ်ပေါ်မှ ခုန်ချလိုက်ကြသည်။ သို့သော်ငြား နောက်ကျသွားခဲ့ပြီ။ ပင်လယ်ရေမျက်နှာပြင်နှင့် မီတာ ဆယ်ဂဏန်းခန့် အလိုတွင် နဂါးနောင်တ ပေါက်ကွဲသွားသည်။
မြေလောကတစ်ခုလုံး တုန်လှုပ်သွားစေသည့် ပေါက်ကွဲမှုကြီး။ မိုးမြေကမ္ဘာ ပျက်စီးသွားသကဲ့သို့ပင်။ တခဏအတွင်း နေမင်းထက် အဆပေါင်းများစွာ တောက်ပသော အလင်းရောင် ထွက်ပေါ်လာပြီး ထိတ်လန့်ဖွယ်ရာ ကောင်းသော အစိမ်းရောင် မှိုပွင့်တိမ်တိုက် မီးတောက်ကြီး ပေါ်ထွက်လာသည်။
တပ်ဖွဲ့ (ခ) တစ်ခုလုံး၊ စေတီတောင်နှင့် ရင်ကွမ်း၏ မရေမတွက်နိုင်သောစစ်သည်များသည် တခဏချင်းမှာပင် ပြာကျသွားတော့၏။
.................
ငရဲကြာပန်းကြီး တဖန်ပွင့်လန်းလာပြန်၏။ ဗဟိုချက်ရှိ အပူချိန်မှာ ဒီဂရီသန်းရာချီ ရှိသောကြောင့် အနီးနားရှိ အရာအားလုံးကို ချက်ချင်း အငွေ့ပျံသွားစေသည်။ ကျောရိုးမကြီး စိမ့်တက်အောင် ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခု ထပ်မံပေါ်လာပြန်သည်။
ပေါက်ကွဲမှု ဗဟိုချက်ရှိ စစ်သင်္ဘောများ၊ ရှေးဟောင်းသင်္ဘောများ အပါအဝင် အားလုံးသည် ဤလောကထဲမှ ပျောက်ကွယ်သွားကြ၏။
ဗဟိုချက်ရှိ ပင်လယ်ရေများ ဆိုလျှင် ဆူပွက်ခြင်း၊ အငွေ့ပျံခြင်း အဆင့်များကို ကျော်လွန်ပြီး တိုက်ရိုက် ပျောက်ကွယ်သွားသည်။ ပင်လယ်ပြင် အလယ်တွင် ကြီးမားသော ဟင်းလင်းပြင်ကြီးတစ်ခု ပေါ်လာ သကဲ့သို့ပင်။
ဤအချိန်တွင် စေတီတောင်နှင့် ရင်ကွမ်း မဟာမိတ်တပ်မှ စစ်သည်အားလုံးတို့သည် ရေထဲသို့ ခုန်ချလိုက်ကြသည်။ ဓာတ်ပုံတစ်ပုံကဲ့သို့ပင် အလွန်ထူးဆန်းပြီး ရင်သပ်ရှုမောဖွယ် ကောင်းသော မြင်ကွင်း ဖြစ်သည်။
အမိကမ္ဘာမြေမှ လူများက အခိုက်အတန့်များကို ဖမ်းယူရိုက်ကူးရသည်ကို နှစ်သက်ကြသည်။ အပေါ်သို့ ခုန်တက်သည်ဖြစ်စေ၊ အောက်သို့ ခုန်ချသည်ဖြစ်စေ လေထဲတွင် ဝဲပျံနေတတ်ကြသည်။ ယခု သောင်းနှင့်ချီသောလူများသည် ရေထဲသို့ခုန်ချလိုက်သည့် အခိုက်အတန့်မှာပဲ ပျောက်ကွယ်သွားခဲ့ကြ၏။
မီးလုံးကြီး ပေါက်ကွဲပြီးနောက် ငရဲမုန်တိုင်းကြီး တိုက်ခတ်လာသည်။ အပူချိန်နှင့် စွမ်းအင်တို့မှာ တုန်လှုပ်ဖွယ် ကောင်း၏။ သေမင်း၏ လေပြင်းမုန်တိုင်းကြီး အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ကျက် တိုက်ခတ်သွားသကဲ့သို့ ရှိသည်။
စစ်သင်္ဘောများသည် တစ်စင်းပြီးတစ်စင်း မှောက်သွားပြီး လေထဲတွင်ပင် ချက်ချင်း ပြာကျသွားကြသည်။ သံရည်ပူများအဖြစ် အရည်ပျော်ကျသွားပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းများအောက်တွင် စုတ်ပြတ်သတ်ကုန်ကြ၏။
ရင်ဝူချယ် အပါအဝင် လူတိုင်းနီးပါး ပင်လယ်ထဲသို့ ခုန်ချရန် အချိန်မမီလိုက်ကြပေ။
ရင်ဝူချယ်၏ တုံ့ပြန်မှုမှာ အမြန်ဆုံးဖြစ်သော်လည်း သူ ပင်လယ်ထဲသို့ ခုန်ချလိုက်သည့်အချိန်တွင် နဂါးနောင်တ ပေါက်ကွဲပြီးနေပြီ ဖြစ်သည်။ ဤမြင်ကွင်းကို သူကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသည်။ ထို့နောက် သူ မျက်လုံးများကို ချက်ချင်း မှိတ်ပြီး ပင်လယ်ထဲသို့ ခုန်ချလိုက်သော်လည်း အမြင်အာရုံများ ချက်ချင်း ကွယ်ပျောက်သွားရသည်။
“ရှမ့်လန်... မင်း တကယ် ယုတ်မာတဲ့ကောင်ပဲ။ မင်း နုရှောင့်မြို့ကို ပြန်ရောက်နေပြီ။ မင်း ပြန်ရောက်နေခဲ့တာပဲ။ မင်း ဘယ်အချိန်တုန်းက နုရှောင့်မြို့ကို ပြန်ရောက်သွားတာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက ပျံတတ်လို့လား။ ခရီးက ကီလိုမီတာ တစ်သောင်းကျော် ဝေးတာလေ။ ဆယ်ရက်မပြည့်ခင် မင်း ဘယ်လိုလုပ် ပြန်လာနိုင်တာလဲ။” ရင်ဝူချယ်က စိတ်ထဲမှနေ၍ ဒေါသတကြီး ကျိန်ဆဲလိုက်၏။
ဤအရာအားလုံးသည် ရှမ့်လန်၏ ယုတ်မာကောက်ကျစ်သော လက်ရာများ ဖြစ်ပုံရသည်။ နဂါးနောင်တက အလွန်အစွမ်းထက်သော်လည်း ပင်လယ်ထဲသို့ ငုပ်လျှိုးနိုင်ပါက ရှောင်တိမ်းနိုင်ကြောင်း ရှမ့်လန် သိထားသည်။ ထို့ကြောင့် သူက နဂါးနောင်တ အတုများကို ထပ်ခါတလဲလဲ ပစ်ခတ်ခဲ့ပြီး နုရှောင့်မြို့တွင် အစစ် မရှိတော့ဟု ရင်ဝူချယ်တို့ ယုံကြည်သွားအောင် လုပ်ဆောင်ခဲ့သည်။
သူတို့သည် ပင်လယ်ထဲသို့ အကြိမ်ကြိမ် ခုန်ချခဲ့ကြပြီး နောက်ဆုံးတွင် မခုန်တော့ဘဲ ရပ်တန့်လိုက်ကြသည်။ ထိုအချိန်ကျမှ နဂါးနောင်တအစစ် ရောက်လာခဲ့ခြင်း ဖြစ်၏။
ထိုအရာကလည်း အတုနှင့်မခြား အလွန် နှေးကွေးစွာ ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရေတပ်ဖွဲ့(ခ) တစ်ခုလုံးသည် နဂါးနောင်တ၏ ပေါက်ကွဲမှု အချင်းဝက် အတွင်းသို့ ကျရောက်နေပြီ ဖြစ်သည်။ သူတို့အားလုံးနီးပါး သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။
“ရှမ့်လန်... မင်းက တကယ့်ကို ကောက်ကျစ်လွန်းတယ်။ ယုတ်မာလွန်းတယ်။”
ရင်ဝူချယ်၏ စိတ်အခြေအနေ သည် အချိန်တိုတစ်ခုသာ ခံသည်။ ထို့နောက် နဂါးနောင်တ၏ ပေါက်ကွဲမှု မုန်တိုင်းကြီးသည် ချက်ချင်း လွှမ်းမိုးသွားတော့သည်။ သူ၏ ကံတရားက မဆိုးလှပေ။ သူသည် ပေါက်ကွဲမှု ဗဟိုချက်နှင့် မီတာ ၁၅၀၀ ခန့် ကွာဝေးသော နေရာတွင် ရှိနေ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းများ ဖြတ်သန်းသွားချိန်မှာတော့ သူ၏ ဦးစီးသင်္ဘောကြီး ချက်ချင်း နီရဲသွားပြီး သံရည်ပူများအဖြစ် အရည်ပျော်ကျသွားသည်ကို ရင်ဝူချယ် အတိုင်းသား မြင်လိုက်ရသည်။ သူက အစွမ်းကုန် ကြိုးစားပြီး ရေအောက်သို့ ငုပ်လျှိုးလိုက်သည်။
သို့သော်ငြား နောက်ကျသွားခဲ့ပြီ။
နဂါးနောင်တ၏ ငရဲမုန်တိုင်း ဖြတ်သန်းသွားချိန်မှာတော့ ပင်လယ်ရေမျက်နှာပြင် တစ်ခုလုံး ဆူပွက်သွားပြီး ရေနွေးငွေ့များအဖြစ် ပြောင်းလဲသွားသည်။ မူလက ပင်လယ်ရေအောက်၌ ရှိနေသော ရင်ဝူချယ်သည် လေထုနှင့် တိုက်ရိုက် ထိတွေ့သွားရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရှေးဟောင်းသံချပ်ကာသည် အလွန်အစွမ်းထက်သော်လည်း တုန်လှုပ်ဖွယ် ကောင်းလောက်အောင် မြင့်မားသော အပူချိန်ကို ခံနိုင်ရည် မရှိပေ။ သံချပ်ကာ တစ်ခုလုံး နီရဲလာပြီး အရည်ပျော်ကာ ပုံပျက်သွား၏။
“အား... အား... အား...”
ရင်ဝူချယ်၏ သနားစရာကောင်းသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားသည်။ သူ၏ ရှေးဟောင်းသံချပ်ကာ အတွင်းရှိ အိမ်မက်ဆိုး ကျောက်တုံး ပေါက်ကွဲသွားခြင်း ဖြစ်၏။
နောက်ဆုံးအချိန်၌ သူက နုရှောင့်မြို့ဆီသို့ ကူပိုးကောင် ဒုံးကျည်တစ်ခု ပစ်လွှတ်လိုက်သေးသည်။ အကယ်၍ ထိုဒုံးကျည်သာ နုရှောင့်မြို့၏ အရေးပါသော အူတိုင်ကို ထိမှန်ခဲ့လျှင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေလိမ့်မည်။
သို့သော်ငြား သူ အတွေးလွန်နေခြင်းပင်။ ဤကူပိုးကောင် ဒုံးကျည် ပစ်လွှတ်မှုက နောက်ကျလွန်းနေသည်။ မီတာ ၁၅၀၀ မပြည့်ခင်မှာပင် နဂါးနောင်တ ပေါက်ကွဲသွားခဲ့သည်။ ကူပိုးကောင် ဒုံးကျည်သည် လေထဲတွင်ပင် ပျက်စီးသွားပြီး အတွင်းရှိ ကူပိုးကောင်များ အားလုံး ချက်ချင်း ပြာကျသွားခဲ့ရသည်။
.........................
စေတီတောင် ဥပဒေပြုခန်းမဆောင်၏ အကြီးအကဲဝူသည် တစ်ကိုယ်လုံး တုန်ယင်နေ၏။ အသက်ပင် ဝဝ မရှူနိုင်တော့ပေ။ မူလက သူသည် ရင်ဝူချယ်၏ ဦးဆောင်သင်္ဘောပေါ်တွင် တော်ဝင်ရန်အင်ပါယာ မင်းသားမင် နှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား အကြောင်းပြချက် မရှိဘဲ အကြီးအကဲဝူ၏ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်လာခဲ့သည်။ အကြောင်းရင်းကို သူ ရှင်းပြ၍ မရနိုင်ပေ။
အခြား ရေတပ်ဖွဲ့ (ခ)အတွက် စိတ်ပူနေခြင်းလော။ မဖြစ်နိုင်ပေ။ အခြား ရေတပ်ဖွဲ့ (ခ)ကို ဦးဆောင်သူမှာ သူ့သား ဝူကျွယ် ဖြစ်သည်။ ယုတ္တိအရဆိုလျှင် ပြဿနာ မရှိနိုင်ပေ။ သူ့သားသည် ရှမ့်လန်နှင့် အချိန်အကြာကြီး ဆက်ဆံဖူးပြီး အလွန် ဉာဏ်များသူ ဖြစ်သည်။ ထို့ကြောင့် အကြီးအကဲဝူက သူ့ကို သီးသန့် တာဝန်ယူခိုင်းခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား ရှမ့်လန် နဂါးနောင်တကို တစ်လုံးပြီးတစ်လုံး ပစ်ခတ်နေသည်ကို မြင်ချိန်မှာတော့ သူ၏ စိတ်လေးလံမှုက ပို၍ ကြီးထွားလာသည်။ ရှမ့်လန်က ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး အတွင်း၌ ရှိနေရမည် ဖြစ်ကြောင်း သူ သိထားသည်။ ထွက်ပြေး လွတ်မြောက်လာလျှင်တောင် နုရှောင့်မြို့သို့ ဤမျှ လျင်မြန်စွာ ပြန်ရောက်လာရန် မဖြစ်နိုင်ပေ။
စိတ်မသန့် ဖြစ်ရသည့် အကြောင်းရင်းကို ရှာမတွေ့သောကြောင့် အကြီးအကဲဝူသည် နှင်းလင်းယုန်ကို စီးကာ ကောင်းကင်သို့ ပျံတက်ပြီး အခြား ရေတပ်ဖွဲ့ (ခ)ရှိရာသို့ ထွက်ခွာလာခဲ့သည်။ သူ့သားမှာ အစွမ်းထက်သော်လည်း အသက် ၃၉ နှစ်သာ ရှိသေးသည်။ အခြေအနေကို ထိန်းသိမ်းရန် သူ့ကို လိုအပ်နေသေးသည်ဟု ခံစားမိ သောကြောင့်ပင်။
ထို့ကြောင့် ရှမ့်လန်က စတုတ္ထမြောက် နဂါးနောင်တကို ပစ်လွှတ်ပြီး မကြာခင်မှာပဲ အကြီးအကဲဝူ ထွက်ခွာ လာခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်မှ ပျံသန်းလာသော ပဉ္စမမြောက် နဂါးနောင်တကို သူ မြင်လိုက်ရသော်လည်း အတုဟု ထင်မှတ်ကာ သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
ထို့နောက်တွင် နဂါးနောင်တ ပေါက်ကွဲသွားပြီး ငရဲကြာပန်းကြီး ပွင့်လန်းလာတော့သည်။
ထိုအချိန်၌ သူသည် ပေါက်ကွဲမှုနှင့် မီတာ ၁ သောင်းခွဲခန့် အကွာအဝေး၊ အမြင့် မီတာ ၄၀၀၀ တွင် နှင်းလင်းယုန်ကို စီးနင်း၍ ပျံသန်းနေခြင်း ဖြစ်သည်။ ဤမျှ ဝေးကွာသော နေရာမှတောင် ပေါက်ကွဲမှု၏ ကြောက်မက်ဖွယ် အလင်းရောင်ကို သူ တိုက်ရိုက် မကြည့်ရဲပေ။ ပြင်းထန်သော တုန်ခါမှုကြောင့် မျက်လုံးများကို မှိတ်ထားလိုက်ရ၏။
အချိန်အတော်ကြာမှ သူ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအချိန်၌ မီးလုံးကြီးသည် အမြင့် မီတာ တစ်ထောင်ကျော်အထိ မြင့်တက်နေပြီ ဖြစ်သည်။
ထို့နောက် ကောင်းကင်ယံ၌ နာကျင်စွာ အော်ဟစ်နေသော နှင်းလင်းယုန် စစ်သည် ဒါဇင်ပေါင်းများစွာကို သူ မြင်လိုက်ရသည်။ သူတို့သည် မီးတုတ်များသဖွယ် မြေပြင်သို့ ပြုတ်ကျသွားကြသည်။ ထိုအစွမ်းထက်သော ရှေးဟောင်းစစ်သင်္ဘောများ အရုပ်များသဖွယ် စုတ်ပြတ်သတ်သွားသည်ကို သူ ကိုယ်တိုင် မျက်မြင် တွေ့လိုက်ရ၏။
အပိုင်း (၁၀၈၂)
‘ရှမ့်လန်... ရှမ့်လန် လက်ချက်ပဲလား။ သူ ပြန်ရောက်နေပြီ။ သူ နုရှောင့်မြို့ကို ပြန်ရောက်နေပြီပဲ။’
မကြာခင်မှာပဲ နဂါးနောင်တ၏ ငရဲမုန်တိုင်းကြီး တိုက်ခတ်လာသည်။ ဤမျှ အကွာအဝေးမှပင် ပြင်းထန်သော အပူချိန်ကို ခံစားနေရသည်။
သူ စီးနင်းလာသော နှင်းလင်းယုန်သည် အန္တရာယ်ကို အာရုံခံမိသောကြောင့် နဂါးနောင်တ၏ တုန်ခါမှုလှိုင်းကို ရှောင်တိမ်းရန် အရှေ့ဘက်သို့ အစွမ်းကုန် ပျံသန်းသည်။ ချက်ချင်းပဲ ၎င်း၏ အမွေးအတောင်များ တွန့်လိမ်သွားပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။
သို့သော်ငြား နှင်းလင်းယုန်သည် အလွန်အထင်ကြီးဖွယ် ကောင်းသည်။ နာကျင်မှုကို ကြိတ်မှိတ်သည်းခံပြီး ရေတပ်ဖွဲ့ (ခ)၏ အထက်သို့ ရောက်သည်အထိ ပျံသန်းလာခဲ့သည်။ ထို့နောက် အောက်သို့ စတင် ဆင်းသက်သည်။
ပင်လယ်ပြင်နှင့် မီတာ ရာဂဏန်း အလိုသို့ ရောက်ချိန်မှာတော့ မခံနိုင်တော့ဘဲ ပြုတ်ကျသွား၏။
စွန်တစ်ကောင်ကဲ့သို့ပင် အကြီးအကဲဝူသည် ပေါ့ပါးစွာ ခုန်ဆင်းလိုက်ပြီး စေတီတောင် အခြားသော ရေတပ်ဖွဲ့ (ခ)၏ သင်္ဘော ကုန်းပတ်ပေါ်သို့ ဆင်းလိုက်သည်။
သူ့သား ဝူကျွယ်နှင့် အခြားသော ငရဲတပ်ဖွဲ့ ဗိုလ်ချုပ်များ ပြေးလာကြ၏။
ရေတပ်ဖွဲ့ နှစ်ခုသည် မီတာ ၃ သောင်းခန့် ကွာဝေးကြသည်။ ဤအကွာအဝေး၌ ကြောက်မက်ဖွယ် မုန်တိုင်းနှင့် အပူချိန်ကို ခံစားရသော်လည်း ထိခိုက်ပျက်စီးခြင်း မရှိပေ။ သို့သော်ငြား အနောက်ဘက် ပင်လယ်ပြင်မှ ထွက်ပေါ်လာသော တုန်လှုပ်ဖွယ် မီးလုံးကြီးကို သူတို့ အတိုင်းသား မြင်တွေ့နေရသည်။ အခြား ရေတပ်ဖွဲ့ ပျက်စီးသွားသည့် မြင်ကွင်းကို မမြင်ရသော်လည်း ရလဒ်ကို ခန့်မှန်း၍ ရနေပြီ ဖြစ်သည်။
“အဖေ... ဟိုဖက်က တပ်ဖွဲ့တော့ ကိစ္စတုံးသွားပြီ။” ဝူကျွယ်က တုန်ယင်သော အသံဖြင့် ပြောမိ၏။
အကြီးအကဲဝူက ခေါင်းညိတ်လိုက်ပြီး တုန်ယင်စွာ ပြေသည်၏။ “ရှမ့်လန် ပြန်ရောက်နေပြီ။ ဘယ်လို ပြန်ရောက်လာလဲ မသိပေမဲ့ သူ နုရှောင့်မြို့မှာ ရှိနေပြီ။”
ပြောရလျှင် ဝူကျွယ်နှင့် ရှမ့်လန်သည် သိကျွမ်းခဲ့သည်မှာ နှစ်အနည်းငယ် ရှိပြီ ဖြစ်သည်။ ကျမ်းသစ္စာ ကျိန်ဆိုထားသော သွေးသောက် ညီအစ်ကိုများအဖြစ် ဟန်ဆောင်ခဲ့ဖူးသည်။
ရှမ့်လန်၏ ရန်သူစာရင်းတွင် သူ မပါဝင်ကောင်း မပါဝင်နိုင်သော်လည်း သူ့ရန်သူစာရင်းတွင် ရှမ့်လန် ပါဝင်ကြောင်း ဝူကျွယ် သိထားသည်။ ဤနှစ်များအတွင်း သူ ရှမ့်လန်ကို ဘယ်နှစ်ကြိမ် ဆန့်ကျင်ခဲ့ဖူးသနည်း။ ရှမ့်လန်ကို ဘယ်နှစ်ကြိမ် ချောက်တွန်း ခဲ့ဖူးသနည်း။
“ရှမ့်လန်ဆီမှာ နဂါးနောင်တ တစ်လုံး ကျန်သေးတယ်။ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။” ဝူကျွယ်က မေးလိုက်၏။
အကြီးအကဲဝူ မျက်မှောင်ကြုတ်လိုက်သည်။ သူ အသက်ရှူရန်ပင် ခက်ခဲနေ၏။ ဟုတ်သည်။ ရှမ့်လန်က နဂါးနောင်တ နှစ်လုံး ခိုးယူသွားပြီး တစ်လုံး ပစ်ခတ်လိုက်ပြီ ဖြစ်သည်။ နောက်ထပ် တစ်လုံး ကျန်သေးသည်။
ဝူကျွယ်က သုံးသပ်ပြ၏။ “ရှမ့်လန်က အဲဒီတစ်လုံးကို မဟာဗျူဟာမြောက် ခြိမ်းခြောက်မှု အနေနဲ့ သိမ်းထားချင်လို့ မပစ်ဘဲ နေလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ ရေတပ်ဖွဲ့ (ခ)က နုရှောင့်မြို့ဆီ ဆက်တိုးသွားမယ် ဆိုရင် သေရေးရှင်ရေး အန္တရာယ်ကို ခံစားရတာနဲ့ သူက နဂါးနောင်တ ကို ပစ်ခတ်ပါလိမ့်မယ်။”
“ငါတို့ရဲ့ ကျန်ရှိနေတဲ့ ရေတပ်ဖွဲ့ (ခ)က နုရှောင့်မြို့ကို ဖျက်ဆီးနိုင်သေးလား။”
“ဖျက်ဆီးနိုင်ပါတယ်။ လုံလောက်တာထက်တောင် ပိုပါသေးတယ်။ ပြဿနာက နဂါးနောင်တနဲ့ တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို ကျုပ်တို့ စွန့်စားရဲသလား ဆိုတာပါပဲ။”
အကြီးအကဲဝူက အကြပ်ရိုက်သွားသည်။ ရှေ့တိုးမရ၊ ဆုတ်မရ ဖြစ်နေသည်။
ထိုအချိန်မှာပဲ ကောင်းကင်မှ နားကွဲမတတ် စူးရှသော အချက်ပေးသံ ထွက်ပေါ်လာ၏။ “နဂါးနောင်တ လာနေပြီ။ နဂါးနောင်တ လာနေပြီ။”
ထို့နောက် ရေတပ်ဖွဲ့ (ခ) အတွင်းရှိ ခေါင်းလောင်းအားလုံး တပြိုင်နက် မြည်ဟီးလာသည်။
မြောက်ဘက်မှ ပျံသန်းလာသော နဂါးနောင်တမှာ အဝေးကြီးတွင် ရှိနေသေးသော်လည်း သောင်းနှင့်ချီသော စစ်သည်များသည် အမိန့်မစောင့်ဘဲ ပင်လယ်ထဲသို့ ခုန်ချလိုက်ကြ၏။
“ဒီ နဂါးနောင်တက အတုပဲ။” ဝူကျွယ်က ပြောလိုက်သည်။
အကြီးအကဲဝူ ခေါင်းညိတ်လိုက်သည်။ သူလည်း အတုဟု ဆုံးဖြတ်ထားသော်လည်း အစစ် ဖြစ်နိုင်ခြေကို ဘယ်သူ လောင်းကြေးထပ်ရဲမည်နည်း။ ထို့ကြောင့် မီတာ ထောင်ပေါင်းများစွာ အလိုမှာပင် အကြီးအကဲဝူနှင့် ဝူကျွယ်တို့သည် ပင်လယ်ထဲသို့ ခုန်ချပြီး ရေအောက်သို့ ငုပ်လျှိုးလိုက်ကြ၏။
တစ်မိနစ် ပြည့်ချိန်မှာတော့ .....
“ဘုန်း...”
နဂါးနောင်တ အတု ပေါက်ကွဲသွားလေသည်။ အိမ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးပင် ဖြစ်နေပြန်သည်။ လူတိုင်း သင်္ဘောကုန်းပတ်ပေါ်သို့ ပြန်တက်လာကြသည်။
“အဖေ... ဒီလို ဆက်သွားလို့ မဖြစ်ဘူး။ ကျုပ်မှာ အကြံတစ်ခု ရှိတယ်။”
“မင်း ဘာတွေးနေလဲ ငါ သိတယ်။ ဒါပေမဲ့ ပြောကြည့်ပါအုံး။”
ဝူကျွယ်က အကြံပြု၏။ “ကျုပ်တို့ဆီမှာ နှင်းလင်းယုန် စစ်သည် ၃၀၀ ရှိတယ်။ အခုတော့ တစ်ဝက်လောက်ပဲ ကျန်တော့မှာပေါ့။ အထူးစစ်သည်တွေ ဘာမှမဖြစ်ပေမဲ့ နှင်းလင်းယုန်တွေ သေကုန်ကြပြီ။ လေကြောင်း စစ်သည် ၁၅၀ ဆိုရင် လုံလောက်ပါပြီ။ ကျုပ်တို့ နုရှောင့်မြို့ကို လေကြောင်းကနေ တိုက်ခိုက်လို့ ရပါတယ်။ နဂါးနောင်တ မရှိတော့ပေမယ့် နုရှောင့်မြို့ကို ဖျက်ဆီးပြီး လူတွေကို သတ်ပစ်နိုင်မယ့် ကူပိုးကောင် ဗုံးတွေ ရှိပါတယ်။”
အကြီးအကဲဝူ တိတ်ဆိတ်နေသည်။
ဝူကျွယ်က ဆက်ပြော၏။ “ဒီကြားထဲမှာ ကျုပ်တို့ ရေတပ်က ချက်ချင်း ဆုတ်ခွာဖို့ လိုတယ်။ ရှမ့်လန်ရဲ့ နဂါးနောင်တ နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ သူ့ရဲ့ သံလိုက်ဗုံးတွေက အရမ်း အားကောင်းပြီး ကျုပ်တို့ ရေတပ်ရဲ့ စွမ်းအင်ဗဟိုချက်ကို ဆက်တိုက် ဖျက်ဆီးနေလိမ့်မယ်။”
အကြီးအကဲဝူသည် ဆုံးဖြတ်ချက် ချပြီးသား ဖြစ်သည်။ ဖြစ်နိုင်ခြေ အမျိုးမျိုးကို ချိန်ဆနေခြင်းသာ ဖြစ်သည်။
“ရှမ့်လန်ဆီမှာ ပျံသန်းနိုင်တဲ့ မိုးပျံပူဖောင်း တစ်မျိုး ရှိတယ်။ ဒါပေမဲ့ အရမ်းနှေးပြီး လှုပ်ရှားရ ခက်ခဲတယ်။ အမြင့်ကြီး ပျံနိုင်ပေမဲ့ ကျုပ်တို့ရဲ့ နှင်းလင်းယုန် စစ်သည်တွေအတွက် ခြိမ်းခြောက်မှု မရှိပါဘူး။ ပြီးတော့ အရေအတွက်လည်း နည်းပြီး စောင့်ကြည့်ဖို့လောက်ပဲ သုံးလို့ရတာ။
နုရှောင့်မြို့မှာ ဧရာမ လေးမြားစင်တွေ အများကြီး ရှိပေမဲ့ ကျုပ်တို့ရဲ့ နှင်းလင်းယုန်တွေက မီတာ ၅၀၀၀ အထိ ပျံသန်းနိုင်တယ်။ လေကြောင်းရန် ကာကွယ်ရေးလက်နက်တွေ မမီနိုင်တဲ့ အကွာအဝေးပါပဲ။ နှင်းလင်းယုန် စစ်သည် ၁၅၀ နဲ့ ကူပိုးကောင် ဗုံးထောင်ချီ ရှိရင် နုရှောင့်မြို့က လူသောင်းချီကို သတ်ပစ်ဖို့ လုံလောက်ပါတယ်။
ဘယ်လိုသံချပ်ကာကမှ ကူပိုးကောင်ကို မကာကွယ်နိုင်ဘူး။ ချောင်ယောင်းအာတောင် သေရလိမ့်မယ်။ အကောင်းဆုံးအချက်က ရှမ့်လန်က ကူပိုးကောင် အားလုံးကို ခံနိုင်ရည် ရှိလို့ သူ သေမှာ မဟုတ်ဘူး။ နုရှောင့်မြို့က လူအားလုံးကို သတ်ပြီးရင် ရှမ့်လန်ကို အလွယ်တကူ ပြန်ဖမ်းလို့ ရပြီ။”
အကြီးအကဲဝူ တိတ်ဆိတ်နေဆဲပင်။
“အဖေ... သဘောမတူဘူးလား။ ဒါမှမဟုတ် ပိုကောင်းတဲ့ အကြံ ရှိလို့လား။”
အကြီးအကဲဝူ ခေါင်းခါလိုက်၏ “မရှိဘူး။ မင်းအကြံက အရမ်းကောင်းတယ်။ ဒီနည်းလမ်းပဲ ရှိတယ်။ ဒီတာဝန်ကို ငါကိုယ်တိုင် သွားလုပ်ရမလားလို့ စဉ်းစားနေတာ။”
“အဖေကိုယ်တိုင် သွားစရာ မလိုပါဘူး။”
“တခြားလူသွားရင် နုရှောင့်မြို့က လူတွေကို သတ်နိုင်ရင်တောင် ရှမ့်လန်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ပါ့မလား။ ဒီလူက ကောက်ကျစ်စဉ်းလဲပြီး ယုတ်မာလွန်းတယ်။ စကားလုံးတွေနဲ့ ဖော်ပြလို့တောင် မရဘူး။ ဉာဏ်ကစားတဲ့ နေရာမှာ တခြားလူတွေ သူ့ကို ယှဉ်နိုင်မယ် ထင်လား။”
ဝူကျွယ် ခေါင်းခါလိုက်သည်။ ရှမ့်လန်နှင့် တိုက်ခိုက်ဖူးသူများသာ သူ ဘယ်လောက် ကြောက်စရာ ကောင်းကြောင်း သိကြသည်။ ဤလူက စေတီတောင်၌ အဖမ်းခံခဲ့ရဖူးပြီး ထွက်ပြေး လွတ်မြောက်ခဲ့သူ ဖြစ်သည်။
ကြက်တစ်ကောင် ဖမ်းချုပ်ရန်ပင် အားမရှိသော်လည်း အလွယ်တကူ ထွက်ပြေး နိုင်ရုံသာမက နဂါးနောင်တ နှစ်လုံးကိုပါ ခိုးယူသွားခဲ့သည်။ သူ ဘာများ မလုပ်နိုင်ဘဲ ရှိဦးမည်နည်း။ ရှမ့်လန်ကို ဖမ်းဖို့ တခြားလူ လွှတ်ရမလား။ နုရှောင့်မြို့က လူတွေကို သတ်ဖို့လား။ တော်ရုံဖြင့် စိတ်မချနိုင်ပေ။
“ငါကိုယ်တိုင် သွားမယ်။”
အကြီးအကဲဝူက အံကြိတ်လိုက်၏။ “ဟိုဘက်က ရေတပ်ဖွဲ့ (ခ)လည်း ပျက်စီးသလောက် ဖြစ်သွားပြီ။ ရင်ဝူချယ်နဲ့ မင်းသားမင်လည်း သေလောက်ပြီ။ ဒါပေမဲ့ ငါတို့ အသက်ရှင်နေသေးတယ်။ နုရှောင့်မြို့က လူတွေကို မသတ်ရင်၊ ရှမ့်လန်ကို မဖမ်းနိုင်ရင် ငါတို့ တာဝန်ပြီးမြောက်မှာ မဟုတ်ဘူး။”
“ကျုပ် ရေတပ်ဖွဲ့ (ခ)ကို ဦးဆောင်ပြီး မိုင် ၃၀၀ လောက် ဆုတ်ခွာနေပါ့မယ်။ အနောက်ဘက်ကို ရေတပ် အငယ်စား တစ်ခုလွှတ်ပြီး အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေခိုင်းလိုက်မယ်။”
.........................
၁၅ မိနစ် ကြာပြီးနောက် အကြီးအကဲဝူက လေကြောင်း အထူးစစ်သည်များကို စုစည်းလိုက်သည်။ စုစုပေါင်း ၁၈၉ ဦး ရှိပြီး မျှော်မှန်းထားသည်ထက် ပိုများနေသည်။ နှင်းလင်းယုန် စစ်သည် ၃၀၀ အနက် ဒါဇင်အနည်းငယ်သာ နဂါးနောင်တကြောင့် သေဆုံးခဲ့ပြီး ဒါဇင်အနည်းငယ်မှာ စီးတော်ယာဉ်များ ဆုံးရှုံးခဲ့ရသည်။
“နှင်းလင်းယုန် စစ်သည် ၃၉ ယောက် မင်းကို ပေးခဲ့မယ်။ ကျန်တဲ့ ၁၅၀ ကို ငါခေါ်ပြီး နုရှောင့်မြို့ကို သွားဖျက်ဆီးမယ်။ ဒီ ၃၉ ယောက်ကို ပတ်ဝန်းကျင် စောင့်ကြည့်ဖို့နဲ့ ရေတပ် လုံခြုံရေးအတွက် သုံးလိုက်။ တခြား တာဝန်တွေ သွားမလုပ်ခိုင်းနဲ့။”
“နားလည်ပါပြီ။”
အကြီးအကဲဝူက အော်ဟစ်မေးမြန်းလိုက်၏။ “နှင်းလင်းယုန် စစ်သည်အားလုံး... ကူပိုးကောင် ဗုံးတွေ ပါကြလား။”
“အားလုံး ပါပါတယ်။”
အရင်က တစ်ထောင်ဟု ပြောခဲ့သော်လည်း နောက်ဆုံးတွင် ၁၅၀၀ ပါလာခဲ့သည်။ ရှိသမျှ အကုန်နီးပါး ယူဆောင်လာခြင်း ဖြစ်သည်။ ဗုံးတစ်လုံးစီတွင် ကူပိုးကောင် သန်းထောင်ချီ ပါဝင်သည်။ နုရှောင့်မြို့ကို သတ်ဖြတ်ရန် ကူပိုးကောင် ကုဋေပေါင်းများစွာ အသုံးပြုခြင်းသည် အမှန်တကယ်ပင် များပြားလှသော ပမာဏ ဖြစ်သည်။
ကူပိုးကောင် ကုဋေပေါင်းများစွာ ဆိုသည်မှာ ကြောက်စရာ ကောင်းသလို ရှိသော်လည်း လူကြီး ၁၀၀ ၏ တစ်နှစ်စာ စားနပ်ရိက္ခာနှင့်သာ အရင်းအနှီး ပမာဏ ညီမျှသည်။ ကူပိုးကောင်များသည် ပုံစံ အနည်းငယ် ကွဲပြားပြီး သက်တမ်းတိုသော ပိုးကောင်များဖြစ်သည်။ သို့သော်ငြား ဤ ကူပိုးကောင် ဗုံး ၁၅၀၀ ပေါက်ကွဲလျှင် နုရှောင့်မြို့တစ်မြို့လုံးကို လွှမ်းခြုံရန် လုံလောက်ပြီး ဆိုးရွားသော လူသတ်ပွဲကြီး ဆင်နွှဲနိုင်ပေမည်။
ထို့အပြင် ဤဗုံး ၁၅၀၀ ထဲတွင် ကူပိုးကောင် အမျိုးအစား ၁၀၀ ကျော် ပါဝင်နေသည်။ ကူပိုးကောင် ဗုံးသည် အချိန်မရွေး အန္တရာယ် ပေးနိုင်သောအရာ ဖြစ်သောကြောင့် မပစ်ခင် အချိန်ထိ လုံးဝ လုံခြုံအောင် ပိတ်ဆို့ထား ရသည်။ အနည်းငယ်မျှပင် ယိုစိမ့်၍ မရပေ။
ဤအထူးစစ်သည် ရာပေါင်းများစွာသည် စေတီတောင်၏ ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း စေတီတောင်တွင် အထူးစစ်သည် ထောင်ပေါင်းများစွာ ရှိသောကြောင့် ကူပိုးကောင် အားလုံးကို ခံနိုင်ရည် ရှိရန် မဖြစ်နိုင်ပေ။
“မင်းတို့ မှတ်ထားရမှာက နုရှောင့်မြို့အပေါ် ရောက်ရင် တစ်ယောက်ကို ဧရိယာတစ်ခုစီ တာဝန်ယူပြီး ကူပိုးကောင် ဗုံးတွေ ပစ်ချရမယ်။ ပစ်ချပြီးတာနဲ့ ချက်ချင်း ထွက်ခွာရမယ်။ ကြာကြာ မနေနဲ့။ မဟုတ်ရင် ပြန်ပြီး ထိခိုက်နိုင်တဲ့ အန္တရာယ် ရှိတယ်။
ဒီ ကူပိုးကောင်တွေရဲ့ သက်တမ်းက အရမ်းတိုတယ်။ အာဟာရရည် ထဲကနေ ထွက်လာတာနဲ့ ၁၅ မိနစ် အတွင်း သေဆုံးပြီး သတ်ဖြတ်နိုင်စွမ်း ပျောက်ဆုံးသွားလိမ့်မယ်။ ဒါကြောင့် ဗုံးကြဲပြီး နာရီဝက်နေမှ နုရှောင့်မြို့ထဲ ဆင်းသက်ပြီး ရှမ့်လန်ကို ဖမ်းမယ်။
“နားလည်လား။ မင်းတို့က ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ကြရမှာ။ ဒါက အရှေ့တိုင်းကမ္ဘာရဲ့ ပထမဆုံး အကြီးစား လေကြောင်းတိုက်ခိုက်မှုပဲ။ စေတီတောင်အနေနဲ့လည်း တိုက်ခိုက်မှု လုပ်ဖို့ ဒီလောက်များပြားတဲ့ ကူပိုးကောင် လက်နက်တွေကို ပထမဆုံး အသုံးပြုခြင်းပဲ။ မင်းတို့ တစ်ကြိမ်တည်းနဲ့ အောင်မြင်ရမယ်။ နုရှောင့်မြို့က လူအားလုံးကို သတ်ပစ်ရမယ်။ နဂါးနောင်တ ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ သူတွေအတွက် လက်စားချေရမယ်။”
“နုရှောင့်မြို့ကို ချေမှုန်းကြ။ နုရှောင့်မြို့ကို ချေမှုန်းကြ။”
ဒေါသတကြီး အော်ဟစ်သံများ ကြားတွင် နှင်းလင်းယုန်များက တစ်ကောင်ပြီးတစ်ကောင် အတောင်ပံဖြန့်ကာ ကောင်းကင်သို့ ပျံတက်သွားကြပြီး သေသပ်သော စစ်ရေးပုံစံဖြင့် နေရာယူလိုက်ကြသည်။ စစ်ဘက်ဆိုင်ရာ အကြီးအကဲ၊ စေတီတောင် အကြီးအကဲဝူ ကိုယ်တိုင် ဦးဆောင်သည်။
“ချီတက်...”
အကြီးအကဲဝူ၏ အမိန့်ဖြင့် နှင်းလင်းယုန် စစ်သည် ၁၅၀ က ကြောက်မက်ဖွယ် ကူပိုးကောင်ဗုံး ၁၅၀၀ ကို သယ်ဆောင်ပြီး နုရှောင့်မြို့ ကောင်းကင်ယံသို့ ပျံသန်းသွားကြ၏။
‘သောက်ကျိုးနည်း... ဒီမြင်ကွင်းက တော်တော် ရင်းနှီးနေသလိုပဲ။’
နဂါးနောင်တ ပေါက်ကွဲမှုသည် ပုလဲဆိပ်ကမ်းကို ဝင်ရောက် စီးနင်းမှုနှင့် တူညီပြီး ယခု စေတီတောင် အကြီးအကဲဝူက နှင်းလင်းယုန် စစ်သည် ၁၅၀ ကို ဦးဆောင်ကာ နုရှောင့်မြို့ကို လေကြောင်းမှ တိုက်ခိုက်ခြင်း သည် အမေရိကန် စစ်တပ်က တိုကျိုကို လက်တုံ့ပြန် ဗုံးကြဲခြင်းနှင့် တူညီနေသည်။ ဤလောကကြီးက တကယ် စိတ်ဝင်စားစရာ ကောင်းသည်။
ရှမ့်လန်က အကြီးစား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် အမြဲ စဉ်းစားခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်က မိုးပျံပူဖောင်းများကို တီထွင်ခဲ့ပြီး မကြာသေးမီက လေသင်္ဘောများကိုပါ တီထွင်ခဲ့သည်။ သို့သော်ငြား ပထမဆုံး အကြီးစား လေကြောင်းတိုက်ခိုက်မှုကို ရန်သူက ဦးအောင် လုပ်ဆောင်သွားခဲ့၏။
.........................
မီတာ ၅၀၀၀ အမြင့်တွင် အကြီးအကဲဝူ ဦးဆောင်သော နှင်းလင်းယုန် စစ်သည် ၁၅၀ သည် တကယ့် တိုက်လေယာဉ် အုပ်စုကဲ့သို့ ကောင်းကင်ယံ၌ ပျံသန်းနေကြသည်။ နှင်းလင်းယုန်များ၏ အမြန်နှုန်းသည် အသံထက်မြန်အောင် ပျံသန်းနိုင်သည့် သားရဲထက် များစွာ နှေးကွေးပြီး တစ်နာရီ ကီလိုမီတာ ၂၀၀ ထက် မကျော်လွန်ပေ။ သို့သော်ငြား ထိုနှုန်းသည်ပင် အလွန်မြန်ဆန်နေပြီ ဖြစ်သည်။
တစ်နာရီ အတွင်းမှာပဲ သူတို့သည် နုရှောင့်မြို့ ကောင်းကင်ယံသို့ ရောက်ရှိလာကြပြီး ကီလိုမီတာ ၁၀၀ အောက်သာ လိုတော့၏။
ယနေ့ ရာသီဥတုက အလွန် သာယာနေသောကြောင့် အကြီးအကဲဝူသည် နုရှောင့်မြို့ တစ်မြို့လုံးနှင့် ပင်လယ်ပြင်ရှိ ရေတပ်ကိုပါ မြင်တွေ့နေရသည်။
အခြေအနေများက နေ့ချင်းညချင်း ပြောင်းလဲနေသည်။ ရှမ့်လန် ပြန်ရောက်ပြီး တစ်နှစ်ခွဲ အတွင်းမှာပဲ နုရှောင့်မြို့သည် ကျားတစ်ကောင်၊ နဂါးတစ်ကောင်ကဲ့သို့ လေကျိုးကျွန်းပေါ်တွင် ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။ ကြီးမားသော မြို့ရိုးကြီးသည် နုရှောင့်မြို့ တစ်ခုလုံးကို ကာကွယ်ထားသည့် သားရဲကြီး တစ်ကောင် ကဲ့သို့ပင်။
ထို့အပြင် နုရှောင့်မြို့၏ သောင်းနှင့်ချီသော စစ်သည်များသည် မြို့ရိုးပေါ်တွင် ရှိနေကြသည်။ ပြီးပြည့်စုံလွန်း သည်။ လူသတ်ပွဲ ဆင်နွှဲရန် အကောင်းဆုံး နေရာပင်။
လမ်းတစ်လျှောက်တွင် အကြီးအကဲဝူသည် နုရှောင့်မြို့၏ လေသင်္ဘော ၄ စီးကို တွေ့ရှိခဲ့သော်လည်း တိုက်ခိုက်နိုင်စွမ်း မရှိသလို အလွန် နှေးကွေးသောကြောင့် နှင်းလင်းယုန် စစ်သည်များအတွက် ခြိမ်းခြောက်မှု မရှိကြောင်း ထင်ရှားသည်။ အနည်းဆုံးတော့ နုရှောင့်မြို့၏ ကောင်းကင်ယံ တစ်ခုလုံးသည် စေတီတောင်နှင့် နှင်းလင်းယုန် စစ်သည်များပိုင် ဖြစ်နေသည်။
အကြီးအကဲဝူ၏ အသက်ရှူနှုန်း မြန်ဆန်လာသည်။ လူသတ်ပွဲကြီး စတင်တော့မည်။
‘ရှမ့်လန်... မကြာခင်မှာ မင်း စေတီတောင်ရဲ့ အမျက်ဒေါသကို ခံစားရတော့မယ်။ လူသောင်းချီ၊ သိန်းချီ မင်းရှေ့မှာ သေဆုံးသွားတာကို ဘာမှ မလုပ်နိုင်ဘဲ ကြည့်နေရတာ အရမ်း နာကျင်မှာပဲ။ မင်းက အနက်ရောင် သေမင်းဗုံးကို သုံးပြီး မြို့အချို့ကို ဖျက်ဆီးခဲ့ဖူးတယ်။ ကြောက်စရာ ကောင်းပေမဲ့ ဘယ်သူမှ မမြင်ခဲ့ရသလို အမြန်နှုန်းကလည်း နှေးကွေးတယ်။
ဒီနေ့ ၁၅ မိနစ် အတွင်းမှာ နုရှောင့်မြို့က လူသိန်းချီ သေဆုံးသွားလိမ့်မယ်။ ဒီမြင်ကွင်းက တကယ့်ကို ပြိုင်ဘက်ကင်းပြီး ရက်စက်ကြမ်းကြုတ်စွာနဲ့ တုန်လှုပ်ဖွယ် ဖြစ်လိမ့်မယ်။’
“မြန်မြန်... မြန်မြန်သွား... နုရှောင့်မြို့ကို ချေမှုန်းမယ်။” အကြီးအကဲဝူ၏ အမိန့်ဖြင့် နှင်းလင်းယုန် စစ်သည် ၁၅၀ က အရူးအမူး အရှိန်မြှင့်လိုက်ကြပြီး သပ်ရပ်သော ပုံစံဖြင့် နုရှောင့်မြို့ ကောင်းကင်ယံဆီမှ ထိုးဆင်းသွား ကြ၏။
“သတ်... သတ်...”
“အကုန်သတ်...”
.........................