အခန်း (၁၄၂၆-၁၄၂၈)
Vol. 96 Ch. 1426-1428
အခန်း (၁၄၂၆)
သေလူတစ်ယောက်အတွက် ဘာများ ဂုဏ်ပြုစရာ ရှိလို့လဲ
ရှန်ဝူဧကရာဇ် တံခါးပိတ်ကျင့်စဉ် ဝင်သည်နှင့် တစ်ပြိုင်နက် ရှန်ယွဲ့နိုင်ငံတော်ကြီးကို အိမ်ရှေ့မင်းသား လုယန်ဟွာက လက်တွေ့ ထိန်းချုပ်ခွင့် ရတော့မည် ဖြစ်သည်။ လတ်တလောတွင် ကောင်းကင်နတ်ဆိုးများ သောင်းကျန်းနေကြသဖြင့် အိမ်ရှေ့မင်းသားနှင့် ရင်းနှီးသော အုပ်စုများကတော့ နတ်ဆိုးများကို ရင်ဆိုင်ရန် မလိုအပ်ပေ။
သို့သော်လည်း အိမ်ရှေ့မင်းသားနှင့် မရင်းနှီးသူများကတော့ နတ်ဆိုးကျူးကျော်မှုကို ခုခံရန်အတွက် မဖြစ်မနေ စေလွှတ်ခြင်း ခံရမည် ဖြစ်၏။ ဤသို့သော အချိန်မျိုးတွင် မည်သည့်ဘက်၌ ရပ်တည်မည်ဟူသော ရွေးချယ်မှုက အထူးပင် အရေးကြီးလာတော့သည်။
လုယန်ဟွာအား အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်လိုက်ကြောင်း ကြားသိရပြီးနောက် အစက အခြားမင်းသားများဘက်မှ ရပ်တည်ခဲ့သူများ အပါအဝင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ် အမြောက်အမြား သူ့ထံသို့ လာရောက်ကာ ဂုဏ်ပြုကြသည်။
မထင်မှတ်သောအရာ တစ်ခုခု ဖြစ်မလာခဲ့လျှင် လုယန်ဟွာ၏ အိမ်ရှေ့မင်းသား ရာထူးသည် ဧကန်မုချ တည်ငြိမ်နေပြီ ဖြစ်သည်။ ဧကရာဇ်ရာထူး လုပွဲကြီးမှာလည်း ပြီးဆုံးသွားပြီ ဖြစ်ကြောင်းကို လူတိုင်း ကောင်းစွာ သိသွားကြသည်။ အကယ်၍ သူတို့သည် ယခုအချိန်တွင် အခြားမင်းသားများကို ဆက်လက် ထောက်ခံနေကြပါက လုယန်ဟွာ ဧကရာဇ် ဖြစ်လာလျှင် ပင်ပန်းပြီး နိမ့်ကျသော အလုပ်များကိုသာ သူတို့ လုပ်ကိုင်ရဖွယ် ရှိသည်။
……..
ရှန်ယွဲ့နိုင်ငံတော်။
အရှေ့နန်းတော်။
အမိန့်တော် ရရှိပြီးနောက်တွင် အရှေ့နန်းတော်သို့ လုယန်ဟွာ ချက်ချင်း ပြောင်းရွှေ့လာခဲ့သည်။ ရှန်ယွဲ့နန်းတော်၏ ဘယ်ဘက်ခြမ်းတွင် တည်ရှိသော ထိုနန်းတော်သည် ပင်မ နန်းတော်၏ တစ်ဝက်နီးပါးခန့် ကြီးမားကျယ်ဝန်း၏။
အရှေ့နန်းတော်အတွင်းရှိ ကြမ်းပြင်ကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ခင်းကျင်းထားသည်။ သက်ဝင်ရွှေကို အဓိထား အသုံးပြု၍ ဆောက်လုပ်ထားသဖြင့် အလွန်တရာ ခမ်းနားထည်ဝါလှသည်။
ထိုအခိုက်အတန့်တွင် အရှေ့နန်းတော်၏ ခန်းမတစ်ခုလုံး အလွန်စည်ကားနေသည်။ လုယန်ဟွာ၏ မျက်နှာသာ ပေးမှုကို ရရှိရန်အတွက် လက်ဆောင်ပစ္စည်းများ ကိုယ်စီ ကိုင်ဆောင်ထားကြသော ဧကရာဇ်အဆင့် ပုဂ္ဂိုလ် အမြောက်အမြား ရှိနေကြသည်။
အရှေ့နန်းတော်အတွင်း ဧကရာဇ်အဆင့်များစွာ စုဝေးနေသည်ကို မြင်တွေ့ရလျှင် လုယန်ဟွာ၏ မာန်မာနလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။ နောက်ဆုံးတွင်တော့ သူ အစောကတည်းက တောင့်တခဲ့သော နေရာသို့ အမှန်တကယ် ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် မိုးကြိုးဧကရာဇ်သည် လှပသော သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ လုယန်ဟွာထံသို့ လျှောက်လာပြီး မြှောက်ပင့်ကာ ပြောဆိုလိုက်သည်။
“အိမ်ရှေ့မင်းသား သူတော်စင် အဆင့်ကို ရောက်ရှိသွားတာ ဂုဏ်ပြုပါတယ်။ ဒါကတော့ မပြောပလောက်ပေမဲ့ ကျွန်တော့်ရဲ့ စေတနာလက်ဆောင်လေးပါ။”
မိုးကြိုးဧကရာဇ်ကို မြင်လျှင် လုယန်ဟွာက ရယ်မောရင်း
“မိုးကြိုးဧကရာဇ်...... ခင်ဗျားက ကျုပ်ရဲ့ နံပါတ်ကိုးညီတော်နဲ့ တော်တော်လေး ရင်းနှီးခဲ့တာကို ကျုပ် မှတ်မိနေသေးတယ်။ ခင်ဗျား ဒီနေ့ အရှေ့နန်းတော်ကို ရောက်လာတာကိုသာ သူ သိသွားရင် ဘယ်လိုများ ထင်မလဲ မသိဘူး။ သူ မကျေမနပ် ဖြစ်မှာကို ခင်ဗျား မစိုးရိမ်ဘူးလား။”
မိုးကြိုးဧကရာဇ်က ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင်
“ဘာတွေ ပြောနေတာလဲ အိမ်ရှေ့မင်းသား။ မင်းသားက အိမ်ရှေ့မင်းသား ဖြစ်သလို နိုင်ငံတော်ရဲ့ အနာဂတ် ဧကရာဇ်လည်း ဖြစ်ပါတယ်။ အစေအပါး တစ်ယောက် အနေနှင့် အိမ်ရှေ့မင်းသားကို လာရောက် ဂုဏ်ပြုရတာက သဘာဝပဲ မဟုတ်လား။”
“လုချန်း ဆိုတာကတော့ ရှန်ယွဲ့နိုင်ငံတော်အတွက် သစ္စာဖောက် တစ်ယောက်ထက် မပိုပါဘူးဗျာ။”
ထိုသို့ပြောပြီးလျှင် မိုးကြိုးဧကရာဇ်သည် နာကျင်ခံစားရဟန်ဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ဆက်လက်၍
“အင်း... အဲ့ဒီသစ္စာဖောက်နဲ့ အဲဒီတုန်းက ရင်းနှီးခဲ့တာ ကျွန်တော် မျက်စိကန်းခဲ့လို့ ဖြစ်မှာပါ။”
မိုးကြိုးဧကရာဇ်၏ စကားကို ကြားရလျှင် လုယန်ဟွာ စိတ်ထဲ အလွန်ကျေနပ်သွားသည်။ အရင်တုန်းက ပါရမီနှင့် ကျင့်စဉ်ပိုင်းတွင် များစွာ သာလွန်သဖြင့် သူ့ကို လုချန်းက အမြဲတမ်း အသာစီး ရခဲ့သည်။ လုချန်း၏ ဘေးနားတွင်လည်း အရည်အချင်း ရှိသူများ အမြဲတစေ စုဝေးနေခဲ့ကြသည်။ ယခုတော့ လုချန်းသည် အရာအားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ရှန်ယွဲ့နိုင်ငံတော်၏ သစ္စာဖောက်တစ်ဦးပင် ဖြစ်သွားခဲ့ပြီ။
ထိုအကြောင်းကို တွေးမိရင်း လုယန်ဟွာ ကျယ်လောင်စွာ ရယ်မောပစ်ချင်စိတ် ပေါက်သွားတော့သည်။ အဆုံးတွင်တော့ အရာအားလုံးကို သူသာ ရရှိခဲ့သည် မဟုတ်ပါလား။
ပါရမီနှင့် ကျင့်စဉ် မည်မျှပင် မြင့်မားနေပါစေ အခုတော့ လုချန်းသည် လမ်းဘေးခွေး တစ်ကောင်လို ဖြစ်သွားပေပြီ။
မိုးကြိုးဧကရာဇ် ဂုဏ်ပြုပြီးနောက် အခြား ဧကရာဇ်အဆင့်များကလည်း လုယန်ဟွာ၏ ရှေ့တွင် စုဝေးလာကြသည်။ ထို့နောက် မြှောက်ပင့်စကားများကို တဖွဲဖွဲ ပြောဆိုကြလေတော့သည်။
ထိုအချိန်တွင် မိုးကြိုးဧကရာဇ်သည် ဘေးသို့ ဆုတ်ခွာသွားခဲ့သည်။ အစောပိုင်းက သူ၏ မြှောက်ပင့်နေသည့် မျက်နှာထားလည်း ချက်ချင်းပျောက်ကွယ်သွားကာ တည်ငြိမ်လေးနက်သော အမူအရာသို့ ပြောင်းလဲသွားသည်။
အရှေ့နန်းတော်သို့ ဝင်လိုက်သည်နှင့် ရင်းနှီးနေသော ယင်ယန် အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။ ထိုအရာက နန်းတွင်းထဲတွင် ချူးယွမ်ကျိကို လုပ်ကြံရာ၌ ပါဝင်ခဲ့သည့် ဧကရာဇ်အဆင့် အချို့ကို ချက်ချင်းပင် သတိရသွားစေ၏။
လုယန်ဟွာနှင့် ထိုဧကရာဇ်များကြားတွင် ဆက်နွှယ်မှု ရှိနိုင်ကြောင်း သူ ခန့်မှန်းထားခဲ့သည်။ သို့သော်လည်း ထိုကိစ္စကို ရှန်ဝူဧကရာဇ်ထံ သတင်းပို့ရန် သူမရည်ရွယ်ပေ။
ထိုဧကရာဇ်အဆင့်များသည် ယင်ယန်စွမ်းအားကို ပိုင်ဆိုင်ထားကြပြီး ထျန်းကျိရဲတိုက်နှင့် ဆက်နွှယ်မှု ရှိနေကြသည်။ လတ်တလောတွင် ထျန်းကျိရဲတိုက်နှင့် ရှန်ယွဲ့နိုင်ငံတော်သည် မဟာမိတ်များ ဖြစ်နေကြသဖြင့် ဤအကြောင်းကို ထုတ်ပြောလိုက်ခြင်းက သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်သည်။
ထို့ပြင် လုယန်ဟွာ၏ ဘေးနားရှိ ဧကရာဇ်အဆင့်များကို ရှန်ဝူဧကရာဇ်ကလည်း သိပြီးသား ဖြစ်မည်ဟု မိုးကြိုးဧကရာဇ် ယုံကြည်ထားသည်။ ဤနေရာသည် နေပြည်တော် ဖြစ်သဖြင့် ရှန်ဝူဧကရာဇ်၏ အာရုံခံနိုင်စွမ်းနှင့်ဆိုလျှင် မသိပဲ နေစရာ အကြောင်းမရှိပေ။
သို့သော်လည်း တစ်စုံတစ်ရာကြောင့် ကြီးကျယ်သော ကိစ္စများ ဖြစ်လာတော့မည်ဟု မိုးကြိုးဧကရာဇ် ခံစားနေရသည်။ အိမ်ရှေ့မင်းသား ခန့်အပ်ခြင်းက အဆုံးသတ် မဟုတ်ပဲ အဖြစ်အပျက် အချို့၏ အစသာ ဖြစ်နိုင်၏။
……..
တစ်ချိန်တည်းမှာပင်။
ကွေ့ရီဂိုဏ်း။
ကျယ်ပြောလှသော ကုန်းမြေပေါ်တွင် ကြီးမားလှသော ကျောက်တုံးများစွာဖြင့် တည်ဆောက်ထားသည့် မြင့်မားသော မျှော်စင်များ ရှိနေသည်။ ကျောက်နံရံများပေါ်တွင်မူ နားလည်ရခက်သော နံရံဆေးရေးပန်းချီများကို ထွင်းထုထား၏။
ကျောက်မျှော်စင် တစ်ခု၏ အပေါ်ဆုံးထပ်ရှိကြမ်းပြင်ပေါ်၌ အဖိုးအို နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူတို့ကြားတွင် စစ်တုရင်ခုံတစ်ခုံ ရှိနေ၏။
ထိုအခိုက်အတန့်တွင် ဘယ်ဘက်မှ အဖိုးအိုက စကားစလိုက်သည်။
“ဂိုဏ်းချုပ်ကြီး။ အဲ့ဒီအိမ်ရှေ့မင်းသားကို သွားပြီး ဂုဏ်မပြုဘူးလားဗျ။”
ထိုအရာကို ကြားလျှင် ဂိုဏ်းချုပ်ဟု ခေါ်ဆိုခံရသော အဖိုးအိုက ခပ်ဖွဖွပြုံးလိုက်သည်။ ထို့နောက်
“သေလူတစ်ယောက်အတွက် ဘာများ ဂုဏ်ပြုစရာ ရှိလို့လဲဗျာ။”
ထိုသို့ပြောရင်း ဂိုဏ်းချုပ်သည် စစ်တုရင် နယ်ရုပ်တစ်ခုကို လက်ချောင်းများဖြင့် ကိုင်ကာ ခုံပေါ်တွင် တင်လိုက်၏။
နောက်တစ်ခဏတွင် စစ်တုရင်ခုံမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။ ထို့နောက် ထျန်းချန်ကမ္ဘာ၏ ပုံရိပ် စစ်တုရင် ခုံပေါ်၌ ပေါ်လာတော့သည်။ ဂိုဏ်းချုပ်ကြီးက ဆက်လက်၍
“အခုတော့ သူတော်စင်မက သူရဲ့ ဘေးဒုက္ခတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတော့ ကျွန်တော်တို့ ထျန်းချန်ကမ္ဘာကို သွားဖို့ အချိန်တန်ပြီပေါ့။”
ထိုစကားကို ကြားလျှင် ဂိုဏ်းချုပ်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသော အကြီးအကဲက
“ကွေ့ရီဂိုဏ်းရဲ့ တာဝန်က ပြီးဆုံးသွားပြီပဲ။ ဘာဖြစ်လို့ အဲဒီမိန်းမနောက်ကို ဆက်လိုက်နေဦးမှာလဲ။”
ဂိုဏ်းချုပ်က တည်ငြိမ်စွာဖြင့်
“သူတော်စင်မရဲ့ အရင်ဘဝတုန်းက ကွေ့ရီဂိုဏ်းကို သူကိုယ်တိုင် တည်ထောင်ခဲ့တာ။ သူသာ မရှိရင် ဒီနေ့ ကွေ့ရီဂိုဏ်း ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ကွေ့ရီဂိုဏ်းက ထာဝရ သူရဲ့ ကွေ့ရီဂိုဏ်းပဲ ဖြစ်နေမှာပါ။”
ထိုအရာကို ကြားလျှင် အကြီးအကဲက ရယ်မောလိုက်ရင်း
“ခင်ဗျားကတော့ တကယ့်ကို ခေါင်းမာတာပဲ။”
“ဒါပေမဲ့ ကျွန်တော် သိချင်တာက သူ ဘာလို့ လုချန်းကို ရွေးချယ်ခဲ့တာလဲဆိုတာပဲ။ သူတို့က အရင်ဘဝတုန်းက တစ်စုံတစ်ရာ ပတ်သက်မှု ရှိခဲ့လို့လား။”
ဂိုဏ်းချုပ်က
“ဘယ်သူ သိမှာလဲဗျာ....အဲ့ဒါက သူရဲ့ ကိစ္စပဲလေ။”
“ကဲပါ... ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ ခင်ဗျားလည်း ပြန်သင့်ပြီ။ ဒီထက် ပိုကြာကြာ နေနေရင် ရှန်ဝူဧကရာဇ်က ခင်ဗျားကို သိသွားလိမ့်မယ်ဗျ။”
ထိုစကားများ ပြောပြီးနောက် သူတို့ရှေ့ရှိ စစ်တုရင်ခုံ ပျောက်ကွယ်သွားသည်။ ထို့နောက် ဂိုဏ်းချုပ်က မတ်တပ်ရပ်လိုက်ပြီး သူ၏ ဝတ်ရုံကို ဝှေ့ယမ်းလိုက်ရာ ထိုနေရာမှ သူ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ စစ်တုရင်ကစားဖော် အဖိုးအိုသာ ကျန်ရစ်ခဲ့တော့သည်။
ခဏခန့် အကြာတွင် အကြီးအကဲလည်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အဝေးမှ ကျောက်မျှော်စင်ကို ကြည့်ကာ ပြုံးလျက်
“စိတ်ဝင်စားစရာပဲ”
ဟု သူ့ဘာသူ ရေရွတ်လိုက်၏။
ထိုအကြီးအကဲသည် ထိပ်တန်း စကြဝဠာ အင်အားစုတစ်ခုဖြစ်သော မဟာမြင့်မြတ်နယ်မြေ၏ အရှင်သခင် ရွှေမီးတောက်ဧကရာဇ် ဖြစ်သည်။ အစက သူသည် ကွေ့ရီဂိုဏ်းကို မဟာမြင့်မြတ်နယ်မြေထဲသို့ ဝင်ရောက်လာရန် ဆွဲဆောင်ဖို့ ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ကွေ့ရီဂိုဏ်းက စွန့်ပစ်ခံ မင်းသားတစ်ပါးကို ရွေးချယ်ခဲ့သည်ကို မြင်ရသဖြင့် သူ အံ့အားသင့်သွားခဲ့သည်။
ကွေ့ရီဂိုဏ်းသည် သာမန်အင်အားစုတစ်ခုကဲ့သို့ ထင်ရသော်လည်း ဤခေတ်ကာလ စတင်ကတည်းက စကြဝဠာထဲတွင် တည်ရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မြင့်မြတ်သောနယ်မြေ အမြောက်အမြားထက် သမိုင်းကြောင်း ပိုမို ရှည်လျားကြောင်း ရွှေမီးတောက်ဧကရာဇ် သိထား၏။
ကွေ့ရီဂိုဏ်းသည် လူမသိအောင် နေထိုင် နေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော အင်အားကိုလည်း မည်သူမှ တိတိကျကျ သိလိမ့်မည် မမဟုတ်ပေ။
ကွေ့ရီဂိုဏ်း၏ လှုပ်ရှားမှုတိုင်းကို ရွှေမီးတောက်ဧကရာဇ် စောင့်ကြည့်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ကွေ့ရီဂိုဏ်းက သူတို့၏ သူတော်စင်မကို ရှန်ယွဲ့နန်းတော်သို့ စေလွှတ်လိုက်စဉ်က ကွေ့ရီဂိုဏ်းသည် သူထင်ထားသလောက် အားမကြီးတော့ပဲ အားနည်းသွားပြီဟု သူ သံယယဝင်ခဲ့ဖူးသည်။ သူမသည် သူတို့၏ သူတော်စင်မ ဖြစ်သဖြင့် အကယ်၍ သူတို့တွင် အင်အားကြီး ပုဂ္ဂိုလ်များ တကယ် ရှိနေပါက ရှန်ယွဲ့နန်းတော်၏ ဆန္ဒကို လိုက်လျော၍ သူမကို စေလွှတ်မည် မမဟုတ်ပေ။
အခု ဂိုဏ်းချုပ်နှင့် တွေ့ဆုံပြီးမှသာ သူ၏ အရင်က အယူအဆများ မှားယွင်းနေကြောင်း ရွှေမီးတောက်ဧကရာဇ် သိလိုက်ရသည်။ ဂိုဏ်းချုပ်သူ့အပေါ် ပေးလိုက်သော ဖိအားက ထိပ်တန်း မြင့်မြတ်နယ်မြေများ၏ ဘိုးဘေးများထက် မနိမ့်ကျပေ။
ရှန်ဝူဧကရာဇ်ပင် သူ့ကို ယှဉ်နိုင်ရန် မသေချာပေ။ ဂိုဏ်းချုပ်သည် သူတော်စင်မကို လွှဲပြောင်းပေးအပ်လိုက်စဉ်ကတည်းက တစ်စုံတစ်ခုကို ကြံစည်နေခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုအတွေးနှင့်အတူ ရှနိုင်ငံကို ပိုနီးကပ်စွာ စောင့်ကြည့်ရန် ရွှေမီးတောက်ဧကရာဇ် စဉ်းစားလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကွေ့ရီဂိုဏ်း၏ အကြီးအကဲ တစ်ဦးထံမှ အမွေခံ မှတ်ဉာဏ်တစ်ခု ရွှေမီးတောက်ဧကရာဇ် ရရှိခဲ့ဖူးသည်။ ထိုအရာမှတစ်ဆင့် ကွေ့ရီဂိုဏ်း၏ သူတော်စင်မသည် သာမန်မဟုတ်ပဲ ကွေ့ရီဂိုဏ်းကို တည်ထောင်ခဲ့သည့် ဧကရီ၏ လူဝင်စား ဖြစ်နိုင်ကြောင်း သူ သိခဲ့ရသည်။
ဤကဲ့သို့ မြင့်မားသော အဆင့်အတန်း ရှိသူ တစ်ဦးက ရှန်ဝူဧကရာဇ် စွန့်ပစ်ထားသော မင်းသား တစ်ပါးကို အဘယ်ကြောင့် ရွေးချယ်ခဲ့ရသနည်း။
လုချန်းသည်လည်း ရိုးရှင်းသူ တစ်ယောက် မဟုတ်ဘူးလား။
…………….
အခန်း (၁၄၂၇ )
ချူးယွမ်ကျိ၏ စိုးရိမ်ပူပန်မှု
စကြဝဠာအတွင်း ဖရိုဖရဲ ကစဉ့်ကလျားဖြစ်မှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ လုချန်းလည်း စတင်အလုပ်ရှုပ်လာတော့သည်။ ကောင်းကင်နတ်ဆိုးများ အလုံးအရင်းနှင့် ပေါ်ထွက်လာပြီးနောက် လုချန်း၏ ပထမဆုံး အတွေးမှာ နတ်ဝိညာဉ်ထီးသည် ကောင်းကင်ဧကရာဇ်၏ တိုက်ခိုက်မှုများကိုပင် ခုခံနိုင်ဟူသော အချက်ဖြစ်၏။
ထို့ကြောင့် နတ်ဝိညာဉ်ထီး၏ ကာကွယ်မှုအောက်တွင် ဆက်လက်ပုန်းအောင်းကာ သူ၏ဇနီးများကို ကျင့်စဉ်ကျင့်ကြံရာ၌ ကူညီပေးခြင်းကိုသာ အာရုံစိုက်ပြီး စကြဝဠာကပ်ဘေး ရောက်ရှိလာမည်ကို စောင့်ဆိုင်းရန် သူက ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုအတွေးကို လုချန်း မကြာမီပင် စွန့်လွှတ်လိုက်၏။ စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီးများ စကြဝဠာအတွင်း ရှိနေသေးလားဆိုတာကို သူမသေချာပေ။ ရှနိုင်ငံတော်အတွင်း၌သာ သူဆက်လက်ပုန်းအောင်းနေပါက ထိုအမျိုးသမီးများ စကြဝဠာထဲ ရှိနေလျှင်ပင် သူ ရှာတွေ့နိုင်မည် မဟုတ်ပေ။
ပန်းနီရထားက သင့်တော်သော အမျိုးသမီးအချို့ကို သူ့ထံ ရံဖန်ရံခါ ခေါ်ဆောင်လာတတ်သော်လည်း ပန်းနီရထားကို သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် နောင်တွင်လည်း စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသမီးများကို ပန်းနီရထားက ဆက်လက်ခေါ်ဆောင်လာမည်ဟု မည်သူမှ အတပ်မပြောနိုင်ပေ။ ထိုင်စောင့်နေရခြင်းက အကူအညီမဲ့နေသကဲ့သို့ ခံစားရစေ၏။
ထို့ပြင် ဘဝသံသရာ ကျောက်တုံးအတွင်းရှိ မှတ်ဉာဏ်များအရ စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီးများသည် သူ၏ မရေမတွက်နိုင်သော အတိတ်ဘဝများမှ ဘဝသံသရာလက်တွဲဖော်များ ဖြစ်နိုင်ခြေ အလွန်များကြောင်း ကောက်ချက်ချနိုင်သည်။ သူ၏ မရေမတွက်နိုင်သော အတိတ်ဘဝများတွင် စကြဝဠာကပ်ဘေး မရောက်မီကပင် စကြဝဠာအနှံ့ ပျံ့နှံ့နေသော ထိုဘဝသံသရာလက်တွဲဖော်များကို လုချန်းက အမြဲတစေ ရှာဖွေခဲ့သည်။
ဤဘဝတွင် စနစ်၏ အကူအညီဖြင့် သူ၏အတိတ်ဘဝမှ အမျိုးသမီး အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သူတို့နှင့် ပြန်လည်ဆုံစည်းနိုင်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူနှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့နိုင်သည့် အမျိုးသမီးအားလုံးကို အဆုံးထိ ရှာဖွေရန် သူက စဉ်းစားလိုက်သည်။ ထိုအမျိုးသမီးအားလုံးကို ရှာတွေ့ပြီးနောက်တွင် သူ တကယ်မည်သူမည်ဝါဖြစ်ကြောင်း ပဟေဠိကို အပြည့်အဝ ဖော်ထုတ်နိုင်မည့်အပြင် သားများဆုလာဘ်များစနစ်၏ မူလအစကိုလည်း သူ သိနိုင်ပေလိမ့်မည်။
ဤဘဝတွင် ထိုသို့ အထပ်ထပ်အခါခါ ဖြစ်နေသည့် ကစားပွဲကို သူက ဆက်မကစားသင့်တော့ပေ။ အကယ်၍ ဤဘဝတွင် ထိုဘဝသံသရာလက်တွဲဖော်များကို ရှာမတွေ့ခဲ့လျှင် နောက်ထပ် ဘဝတစ်ခုတွင် သူတို့ ကွဲကွာသွားနိုင်ပြီး ဘဝသံသရာလက်တွဲဖော်များကို ပြန်လည်ရှာဖွေရသည့် သံသရာထဲသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
………
ထျန်းချန်ကမ္ဘာ။
ရန်မြို့။
နန်းတော်။
ညဉ့်နက်သန်းခေါင်ယံအချိန်။
နန်းတော်၏ အမြင့်ဆုံး အဆောက်အအုံထိပ်ရှိ ခေါင်မိုးပေါ်၌ လုချန်း၏ ပင်မခန္ဓာ ထိုင်နေ၏။ သူသည် ကောင်းကင်ယံမှ ကြယ်စုတန်းများကို ကြည့်ရင်း ဝိုင်ကို အရသာခံ သောက်နေသည်။ သူ၏အနီးတွင် အလှပဂေးနှစ်ဦးဖြစ်သော လျှိုချင်းယွမ်နှင့် ချူးယွမ်ကျိတို့ ရှိနေကြ၏။
ယခုရက်ပိုင်းအတွင်း လုချန်း၏ ပင်မခန္ဓာသည် ထိုအမျိုးသမီးနှစ်ဦးအပေါ်တွင်သာ အာရုံစိုက်ထားသည်။ ယခု သူသည် ဧကရာဇ်အဆင့်လေးသို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် သူ၏ကိုယ်ပွားအားလုံးထက် များစွာအားကောင်းသည်။ လျှိုချင်းယွမ်နှင့် ချူးယွမ်ကျိကဲ့သို့ မာနကြီးသော အမျိုးသမီးကို အကြွင်းမဲ့ လက်နက်ချစေရန် သူ၏ ပင်မခန္ဓာကိုယ်တိုင် ဆောင်ရွက်ရန်လိုအပ်၏။
ထိုအခိုက်အတန့်တွင် ချူးယွမ်ကျိက
“မင်းကြီး..... နယ်မြေချဲ့ထွင်ဖို့ အစီအစဉ်မရှိဘူးလား။ ကောင်းကင်နတ်ဆိုးတွေက သောင်းကျန်းနေပြီး အင်ပါယာအတော်များများလည်း အကြီးအကျယ် ပျက်စီးနေပြီ။ အခုက ရှနိုင်ငံတော်အတွက် နယ်မြေချဲ့ထွင်ဖို့ အကောင်းဆုံးအချိန် ဖြစ်နိုင်တယ်။”
မကြာသေးမီက ရှနိုင်ငံတော်တွင် ကြီးမားသော လှုပ်ရှားမှု အနည်းငယ်သာ ရှိသည်ကို ချူးယွမ်ကျိ သတိပြုမိခဲ့၏။ နန်းတွင်း၏ အာရုံစိုက်မှုမှာ ကောင်းကင်နတ်ဆိုးများကို နှိမ်နင်းရန်သာ ဖြစ်နေပြီး အင်ပါယာ ပြင်ပသို့ နယ်မြေချဲ့ထွင်မည့် အရိပ်အယောင်ကိုမူ မတွေ့ရပေ။ ထိုအရာကို ကြားလျှင် လုချန်းက ခပ်ဖွဖွပြုံးလိုက်ပြီး ဝိုင်ခွက်ကို ချလိုက်၏။ ထို့နောက် ချူးယွမ်ကျိဘက်သို့ လှည့်၍
“မင်းက ဘာဖြစ်လို့ ဒီအကြောင်းတွေကို ရုတ်တရက် စိတ်ဝင်စားသွားရတာလဲ။”
မကြာသေးမီက ချူးယွမ်ကျိသည် သူနှင့် နေ့စဉ်နီးပါး အချိန်ဖြုန်းနေခဲ့သော်လည်း သူတို့၏ ဆက်ဆံရေးသည် စုံတွဲကျင့်စဉ် ကိစ္စများအပေါ်တွင်သာ အဓိက လည်ပတ်နေ၏။ ထိုအကြောင်းအရာထက် ကျော်လွန်သည်များကို သူမ ပြောဆိုခြင်း မရှိခဲ့ပေ။ ယခု သူမက နယ်မြေ ချဲ့ထွင်ရေးအကြောင်းကို ရုတ်တရက် ပြောလာသဖြင့် လုချန်း အံ့အားသင့်သွားခဲ့ရသည်။
ချူးယွမ်ကျိက
“ကောင်းကင်နတ်ဆိုးတွေ ဒီလောက်စောစော ပေါ်လာတာဆိုတော့ စကြဝဠာကပ်ဘေးကလည်း အရင်ကထက် ပိုစောပြီး ရောက်လာနိုင်ခြေ အများကြီးရှိတယ်။ အကယ်၍ စကြဝဠာကပ်ဘေး မရောက်ခင်မှာ ရှနိုင်ငံတော်က လုံလောက်တဲ့ ကံစွမ်းအားတွေကို မစုဆောင်းထားနိုင်ဘူးဆိုရင် အဲဒီကပ်ဘေးဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များ ပြန်မရသေးသော်လည်း ကွေးရီဂိုဏ်း၏ သူတော်စင်မ ဖြစ်ခဲ့သူ ချူးယွမ်ကျိသည် စကြဝဠာကပ်ဘေးနှင့် ပတ်သက်သော ကိစ္စ အချို့ကို နားလည်ထား၏။ ရှေးဟောင်းခေတ်မှ ကျန်ရစ်သော သမိုင်းမှတ်တမ်းအချို့အရ ကောင်းကင်နတ်ဆိုးများသည် စကြဝဠာကပ်ဘေး စတင်တော့မည့် အချိန်တွင်မှသာ အလုံးအရင်းနှင့် ပေါ်ထွက်လာလေ့ရှိသည်။
စကြဝဠာကပ်ဘေး နှစ်ပေါင်း တစ်သောင်းအတွင်း ဧကန်မုချ ဖြစ်ပွားလိမ့်မည်ဟု ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ခန့်မှန်းထားခဲ့ပြီး ထို ဟောကိန်းသည် အတော်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ ကပ်ဘေးသည် နှစ်ပေါင်း ငါးထောင်အတွင်း ဖြစ်ပွားခဲ့လျှင်လည်း နှစ်တစ်သောင်းအတွင်းပင် ဖြစ်ပြီး နှစ်တစ်ထောင် သို့မဟုတ် နှစ်ငါးရာအတွင်း ဖြစ်ပွားခဲ့လျှင်လည်း နှစ်တစ်သောင်းအတွင်းပင် ဖြစ်ပေသည်။
နှစ်ပေါင်း တစ်သောင်းဆိုသည်က ကပ်ဘေးဖြစ်ပွားမည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်၏။ စကြဝဠာကပ်ဘေး မည်သည့်အချိန်၌ အမှန်တကယ် စတင်မည်ကို မည်သူမှ တိတိကျကျ မပြောနိုင်ကြပေ။
ချူးယွမ်ကျိ၏ စကားများကို ကြားပြီးနောက် လုချန်းက ဝိုင်တစ်ခွက် ထပ်ငှဲ့လိုက်၏။ ထို့နောက် အဆုံးမဲ့သော ကြယ်တာရာ ကောင်းကင်ယံကို စိုက်ကြည့်ကာ
“မင်းပြောတာ မှန်ပါတယ်...ဒါပေမဲ့ အခုလောလောဆယ်တော့ ကိုယ်တို့ အလျင်စလိုလုပ်ဖို့ မလိုသေးဘူး။”
“နယ်မြေချဲ့ထွင်ဖို့ လိုအပ်တာမှန်ပေမဲ့ အချိန်ကတော့ မရောက်သေးဘူး။ စကြဝဠာကြီး အခုထက်နည်းနည်း ပိုပြီး ရှုပ်ထွေးသွားတဲ့အထိ စောင့်ကြည့်သင့်တယ်။”
“နောက်ပြီး ကိုယ်တို့ အရမ်းလည်း စိုးရိမ်စရာမလိုပါဘူး။ ကောင်းကင်နတ်ဆိုးတွေ ပေါ်လာတာက ကပ်ဘေးက ပိုစောလာပြီလို့ ဆိုလိုတာ မဟုတ်ဘူး။”
လုချန်း၏ စကားများကို ကြားလျှင် လျှိုချင်းယွမ်က
“ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ”
ဟု စူးစမ်းစွာ မေးလိုက်သည်။
ရှေးဟောင်းခေတ်မှ ကျန်ရစ်သော မှတ်တမ်းများအရ ကောင်းကင်နတ်ဆိုးများ ပေါ်လာလျှင် စကြဝဠာကပ်ဘေး မကြာမီ ရောက်ရှိလာတတ်သည်။ ရှေးဟောင်းခေတ်အကြောင်း အနည်းငယ် သိသူတိုင်း ဤအချက်ကို သိထားကြသည်။
ဝိုင်ခွက်ကို မြှောက်ကာ အသာအယာ တစ်ငုံသောက်ပြီး လုချန်းက
“ဒါက ကိုယ့်ရဲ့ ခန့်မှန်းချက်သက်သက်ပါ။ မှန်ချင်မှလည်း မှန်မှာပါ။”
“ကောင်းကင်နတ်ဆိုးတွေက စိတ်ပျက်အားငယ်မှုနဲ့ ကြောက်ရွံ့မှုတွေကို စားသုံးကြတာလေ။ စကြဝဠာကြီးက ပိုပြီး ရှုပ်ထွေးလေလေ သူတို့ အားကြီးရှင်သန်ဖို့အတွက် ပိုပြီး သင့်တော်လေလေပဲ။ ကပ်ဘေးတစ်ခု စတင်တိုင်းမှာ စကြဝဠာကြီးက ဖရိုဖရဲ ဖြစ်သွားတတ်တယ်။ အဲဒါကြောင့်လည်း သူတို့ရဲ့ အရေအတွက်က ရုတ်တရက် အရမ်းများလာတာပေါ့။”
“ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက စကြဝဠာကပ်ဘေးကို ကြိုတင်ခန့်မှန်းခဲ့တော့ စကြဝဠာကြီးက အချိန်မတိုင်ခင်မှာပဲ ဖရိုဖရဲ ဖြစ်ကုန်တယ်။ အဲဒါက ကောင်းကင်နတ်ဆိုးတွေ ပေါက်ဖွားဖို့အတွက် နေရာတစ်ခု ဖြစ်သွားစေပြီး သူတို့တွေ ဒီလောက်အလုံးအရင်းနဲ့ မြန်မြန်ဆန်ဆန် ပေါ်လာရတာပဲ။”
လုချန်း၏ ယူဆချက်ကို ကြားပြီးနောက် ချူးယွမ်ကျိနှင့် လျှိုချင်းယွမ်တို့ ခဏခန့် စဉ်းစားကြည့်ရင်း ယုတ္တိရှိသည်ဟု ခံစားရသော်လည်း ၎င်းသည် သက်သေမပြနိုင်သေးသော ခန့်မှန်းချက်တစ်ခုသာ ဖြစ်နေသေး၏။
ထိုအချိန်တွင် ဝိုင်ခွက်ကို လုချန်း ချလိုက်ရာ သူ၏ခန္ဓာကိုယ်ကို စိမ်းလန်းသော စိတ်ဝိညာဉ်စွမ်းအားများက ဝန်းရံသွား၏။ ထို့နောက် ဖန်တီးခြင်း လမ်းစဉ်ကို အသုံးပြုကာ ပြန်လည်ပျက်စီးခြင်းအဆင့်ရှိသော ကိုယ်ပွားတစ်ဒါဇင်ခန့်ကို ဖန်တီးလိုက်သည်။ ခေါင်မိုးပေါ်တွင် ထိုမျှများပြားသော ကိုယ်ပွားများ ရုတ်တရက် ပေါ်လာသည်ကို မြင်လျှင် အမျိုးသမီးနှစ်ဦး ခဏခန့် မှင်တက်သွားပြီး အနည်းငယ် စိုးရိမ်စိတ် ဝင်သွားကြသည်။
လုချန်းက ကစားပွဲ အသစ်တစ်မျိုးကို ကစားတော့မည် လားဟုလည်း သူတို့ တွေးနေကြ၏။ အမျိုးသမီးနှစ်ဦး စိုးရိမ်နေစဉ်မှာပင် ကိုယ်ပွားအားလုံးကို လုချန်းက အဝေးသို့စေလွှတ်လိုက်သည်။ ကိုယ်ပွားများ ပျောက်ကွယ်သွားသည်ကို မြင်မှသာ အမျိုးသမီးနှစ်ဦး သက်ပြင်းချနိုင်တော့သည်။
“ဟုတ်တယ်။ ကိုယ်တို့တွေ စကြဝဠာထဲက အခြေအနေတွေကို ပိုပြီး ဂရုစိုက်သင့်တယ်။”
လုချန်း၏ စကားများကို ကြားလျှင် စကြဝဠာအတွင်းရှိ အခြားသော အင်အားစုများ၏ အခြေအနေကို စုံစမ်းရန်အတွက် လုချန်းက ထိုမျှများပြားသော ကိုယ်ပွားများကို တစ်ပြိုင်နက် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးနှစ်ဦး နားလည်လိုက်ကြသည်။
ထိုအခိုက်အတန့်မှာပင် ချူးယွမ်ကျိ၏ စိတ်အာရုံ ရုတ်တရက် တုံ့ခနဲ ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှ လမ်းစဉ်အငွေ့အသက်များ အလိုလို ထွက်ပေါ်လာကာ လမ်းစဉ်အင်းကွက်များလည်း သူမအား ဝန်းရံလာသည်။ ချူးယွမ်ကျိ၏ ခန္ဓာကိုယ်အတွင်းမှ ထူးခြားမှုကို လုချန်း ခံစားမိပြီး
“ဘာဖြစ်တာလဲ”
ဟု ချက်ချင်း မေးလိုက်သည်။
ချူးယွမ်ကျိက ချက်ချင်း ပြန်မတုံ့ပြန်ပေ။ သူမက ကျောက်စိမ်းကဲ့သို့ လှပသော လက်ဖြင့် နဖူးကို အသာအယာ ဖိထားပြီး ဇဝေဇဝါ ဖြစ်နေသည့်ပုံ ပေါ်နေ၏။ လုချန်းက အမြန်ပင် သူမထံသို့ အသက်စွမ်းအားများ ပေးပို့လိုက်သော်လည်း ချူးယွမ်ကျိ၏ လက္ခဏာများ သက်သာမသွားပေ။
ခဏခန့် အကြာတွင် ချူးယွမ်ကျိက ခေါင်းကို ရုတ်တရက် မော့လိုက်၏။ သူမ၏ ကြယ်တာရာကဲ့သို့ မျက်ဝန်းများ တောက်ပနေပြီး မျက်နှာတွင်လည်း ဆွဲဆောင်မှုရှိသော နီမြန်းမှုများ ပေါ်လွင်နေကာ ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်နေသည်။
ဤမြင်ကွင်းကို မြင်လျှင် သူမ ကျင့်စဉ်အဆင့် တက်တော့မှာလားဟု လုချန်း တွေးမိ၏။ ချူးယွမ်ကျိ၏ လမ်းစဉ်မှာ အချစ်လမ်းစဉ် ဖြစ်ပြီး သူမ ကျင့်စဉ်အဆင့် တက်တိုင်း လုချန်းက ဘေးမှ ကူညီပေးရန် လိုအပ်သည်။ သူမကို ဤသို့ မြင်လိုက်ရသဖြင့် သူမ ကျင့်စဉ်အဆင့် တက်တော့မည်ဟု လုချန်းက ချက်ချင်းပင် ထင်မှတ်မိလိုက်ခြင်းဖြစ်သည်။
နောက်တစ်ခဏတွင် ချူးယွမ်ကျိက သူမ၏ သွယ်လျသော လက်မောင်းများကို မြှောက်လိုက်၏။ ထို့နောက် လုချန်း၏ လည်ပင်းကို ဖက်ကာ သူ၏ရင်ခွင်ထဲသို့ တိုးဝင်၍ အချစ်ကို တောင်းဆိုနေသည့် အမူအရာကို ပြသလိုက်တော့သည်။
……………
အခန်း (၁၄၂၈)
ချူးယွမ်ကျိ၏ အတိတ်ဘဝမှတ်ဉာဏ်များ ပြန်လည်နိုးထလာခြင်း
ချူးယွမ်ကျိတစ်ယောက် သက်သောင့်သက်သာမရှိ ဖြစ်နေသည်ကို မြင်လျှင် လုချန်း အနည်းငယ်မျှပင် တွန့်ဆုတ်မနေတော့ပေ။ သူသည် ကောင်းကင်ကို စောင်အဖြစ်၊ ခေါင်မိုးကို ကုတင်အဖြစ် အသုံးပြုကာ ချူးယွမ်ကျိ၏ နာကျင်မှုကို လျှော့ချရန် ကူညီပေးနေခဲ့သည်။
အနီးနားတွင်ရှိသော လျိုချင်းယွမ်သည် လုချန်း အလုပ်လုပ်နေသည်ကို မြင်ပြီး သူမ၏နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ရုံသာ စေ့လိုက်ပြီး ဘာမှ မပြောခဲ့ပေ။ သူမကို လုချန်းက ပြန်ခေါ်လာသည့် အချိန်ကတည်းက လုချန်းကို သူမတစ်ဦးတည်း ပိုင်ဆိုင်ရန်ကတော့ မဖြစ်နိုင်ကြောင်း သူမ လက်ခံထားပြီး ဖြစ်သည်။ ထိုကဲ့သို့သော အတွေးမျိုးကိုလည်း သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။
ထို့ပြင် လုချန်း၏ ပင်မခန္ဓာထံမှ ချစ်ခင်ကြင်နာမှုကို အမျိုးသမီးတိုင်း ခံနိုင်ရည် မရှိကြပေ။ မကြာသေးမီက လုချန်း၏ ပင်မခန္ဓာနှင့်အတူ ကျင့်ကြံနေစဉ်အတွင်း သူမ သေလုနီးပါး ဖြစ်နေပြီဟု အကြိမ်ကြိမ် တွေးမိခဲ့သည်။
လုချန်း ထိုအမျိုးသမီးနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံသည်ကို သူမ စိတ်ထဲမထားပေ။ သို့သော် သူမရှေ့တည့်တည့်တွင် လုချန်း ထိုသို့ ဆိုးသွမ်းစွာ ပြုမူနေသည်ကို မြင်ရလျှင် လျိုချင်းယွမ်၏ စိတ်ထဲ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုခံစားချက်ကို သူမ ဖော်ပြ၍ မရပေ။ ၎င်းသည် တစ်ဖက်သား၏ ဒုက္ခကို ကြည့်ပြီး ဝမ်းသာသလိုဖြစ်သည့် ခံစားချက်မျိုးနှင့် အနည်းငယ် ဆင်တူသည်။
ထိုအခိုက်အတန့်တွင် ချူးယွမ်ကျိ၏ ခန္ဓာကိုယ်ပေါ်ရှိ လမ်းစဉ် ဆွဲဆောင်မှုများ ပို ၍ပြင်းထန်လာသည်။ လျိုချင်းယွမ်ပင်လျှင် ၎င်း၏ လွှမ်းမိုးမှုအောက်တွင် မိမိကိုယ်ကိုယ် ထိန်းချုပ်ရန် ခက်ခဲလာခဲ့၏။
လျိုချင်းယွမ်၌ ပြောစရာ စကားပင် မရှိတော့ပေ။ သူမသည် ဇာတ်လမ်းကြည့်ရန်သာ လာခဲ့ခြင်း ဖြစ်သော်လည်း သူမကိုယ်တိုင်ပင် ထိခိုက်ခံလာရသည်။
စိတ်ကို တည်ငြိမ်စေရန်အတွက် စိတ်ဝိညာဉ်စွမ်းအားများကို လျိုချင်းယွမ် အလျင်အမြန် လှည့်ပတ်လိုက်သည်။ သို့သော် စိတ်ဝိညာဉ်စွမ်းအား လှည့်ပတ်မှုနှင့်အတူ စိတ်သည် ပို၍သာ ရှုပ်ထွေးလာခဲ့ပြီး သူမ စိတ်ဝိညာဉ်၏ တုန်လှုပ်မှု ပို၍ သိသာလာကြောင်း တွေ့ရှိလာသည်။
လျိုချင်းယွမ်သည် လုချန်းနှင့် ချူးယွမ်ကျိတို့ အလုပ်ရှုပ်နေကြသည်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ရင်း
“ယုတ်ညံ့လိုက်တာ”
ဟုစိတ်ထဲရေရွတ်လိုက်၏။
ရာဂစိတ်များ ဖုံးလွှမ်းနေသော ဤလူယုတ်မာ နှစ်ယောက်သည် သူမကိုပင် သူတို့၏ ရှုပ်ထွေးမှုထဲသို့ ဆွဲသွင်းရန် ကြိုးစားနေကြသည်ဟု သူမ ထင်မှတ်လာသည်။ လျိုချင်းယွမ် လုချန်းကို ဆွဲထုတ်ရန် သွားဖို့ စဉ်းစားနေစဉ်မှာပင် ချူးယွမ်ကျိ၏ စိတ်ဝိညာဉ်စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ထို့နောက် သူတို့နှစ်ဦးလုံးကို အလင်းဝိုင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်လုံးရှေ့တွင် မရေမတွက်နိုင်သော ပုံရိပ်များ ပေါ်လာ၏။ ထိုပုံရိပ်များသည် အလွန်လျင်မြန်စွာ ဖြစ်ပေါ်နေသည်။
၎င်းကို မြင်လျှင် သူမ ကြုံတွေ့ခဲ့ဖူးသော အတွေ့အကြုံများကို လျိုချင်းယွမ် ပြန်လည် သတိရလာခဲ့၏။ သူမ စိတ်ထဲတွင်လည်း ရုတ်တရက် သံသယ ဖြစ်လာခဲ့သည်။
ချူးယွမ်ကျိသည်လည်း အတိတ်ဘဝတွင် လုချန်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိခဲ့လေသလား။
သူမ၏ အတိတ်ဘဝမှတ်ဉာဏ်များ နိုးထလာနေပြီလား။
လျိုချင်းယွမ် ထိုသို့ တွေးနေစဉ်မှာပင် ချူးယွမ်ကျိသည် သူမ၏ ငိုက်မြည်းနေသော မျက်လုံးများကို ဖွင့်လိုက်၏။ ထို့နောက် တွေဝေနေသော အကြည့်များမှ နူးညံ့သိမ်မွေ့သော အကြည့်များဆီသို့ ပြောင်းလဲသွားခဲ့သည်။
သူမ ဘေးရှိ အမျိုးသားကို ကြည့်ရင်း ချူးယွမ်ကျိ၏ မျက်လုံးထဲတွင် ချစ်ခင်မှု အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။ ထို့နောက် သူမ၏ သွယ်လျသော လက်ဖြင့် လုချန်း၏ ဆံပင်များကို ဖြည်းညှင်းစွာ သပ်ပေးလိုက်၏။
ချူးယွမ်ကျိ၏ ပြောင်းလဲမှုကို သတိထားမိလျှင် လုချန်း ချက်ချင်း ရပ်တန့်လိုက်ကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် ချူးယွမ်ကျိ၏ အကြည့်သည် ရာဂစိတ်များ မရှိတော့ပဲ ချစ်ရသူကို တွေ့မြင်ရသဖြင့် ဖြစ်ပေါ်လာသော နူးညံ့သိမ်မွေ့မှုများသာ ရှိတော့သည်။
ချူးယွမ်ကျိကို ထိုသို့ မြင်ရလျှင် လုချန်းလည်း ပြင်းထန်မှုကို တိုးမြှင့်သင့်မသင့် ချီတုံချတုံဖြစ်သွားခဲ့သည်။
လုချန်းက သိချင်စိတ်ဖြင့်
“ဘာဖြစ်လို့လဲ”
စကားပြောရင်း ချူးယွမ်ကျိ၏ ကျင့်စဉ်အဆင့်ကို လုချန်း အာရုံခံကြည့်လိုက်သည်။ သူမသည် ဧကရာဇ်အဆင့်တစ်တွင်သာ ရှိနေသေးပြီး အဆင့်တိုးတက်မှု မရှိသေးပေ။
ကျင့်စဉ်အဆင့် မတိုးပဲနှင့် ခုနက ဘာကြောင့် ဤမျှကြီးမားသော လှုပ်ခတ်မှုကို ဖြစ်စေခဲ့သနည်း။ ထိုအရာ လုချန်းကို အလွန် ဇဝေဇဝါ ဖြစ်စေခဲ့သည်။
ချူးယွမ်ကျိက ပြုံးလျက်
“ကျွန်မရဲ့ အတိတ်ဘဝမှတ်ဉာဏ်တွေ နိုးထလာပြီ။”
ထိုအရာကို ကြားလျှင် လုချန်း ခဏခန့် မှင်တက်သွားခဲ့သည်။
အတိတ်ဘဝမှတ်ဉာဏ်တွေ နိုးထလာတာလား။
သူတွေးထားသလို တကယ်ပဲလား။
စနစ်၏ အခြေအနေများနှင့် ကိုက်ညီသော အမျိုးသမီးများနှင့် သူနဲ့ အတိတ်ဘဝမှာ ပတ်သက်မှုတွေ တကယ် ရှိခဲ့ကြတာလား။
သတိပြန်ဝင်လာပြီးနောက် လုချန်းက ပြုံးကာ
“ကိုယ်တို့ရဲ့ အတိတ်ဘဝက ပတ်သက်မှုက ဘာလဲ။”
ချူးယွမ်ကျိက လုချန်းကို တမ်းတမ်းတတ ကြည့်လိုက်ရင်း
“ရှင် အဖြေကို သိပြီးသားပါ”
လုချန်းသည်လည်း မှတ်ဉာဏ်အချို့ကို ပြန်ရရှိထားပြီး ဖြစ်မည်ဟု သူမ ယုံကြည်နေသည်။ သူတို့သည် အတိတ်ဘဝတွင် လမ်းစဉ်ဖော်များ ဖြစ်ခဲ့ကြ၏။
ပို၍ တိတိကျကျ ဆိုရလျှင် သူတို့၏ ရေတွက်မရနိုင်သော အတိတ်ဘဝများစွာတွင် လမ်းစဉ်အဖော် ဖြစ်ခဲ့ခြင်းဖြစ်သည်။ သူမသည် လုချန်းကို ပြန်လည်ရှာဖွေရန်အတွက် ဘဝများစွာကို ဖြတ်သန်းခဲ့ရ၏။
သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ချစ်ခင်စွာ စိုက်ကြည့်နေကြသည်ကို မြင်လျှင် လျိုချင်းယွမ် အနည်းငယ် စိတ်ပျက်လာ၏။ သူမက ရုတ်တရက် အေးစက်စွာဖြင့်
“ယွမ်ကျိ.....ရှင့်ရဲ့ အတိတ်ဘဝမှာ ကျွန်မကို မြင်ဖူးလား။”
သူမ၏ အတိတ်ဘဝတွင် လုချန်းနှင့် လမ်းစဉ်ဖော် ပတ်သက်မှုမျိုး ရှိခဲ့နိုင်သည်ဟု လျိုချင်းယွမ်လည်း သံသယရှိနေသည်။ ထို့ကြောင့်ပင် ဤဘဝတွင် သူမ သူ့လက်ခုပ်ထဲက ရေ ဖြစ်နေရခြင်း ဖြစ်နိုင်ပေသည်။
လျိုချင်းယွမ်၏ အသံကို ကြားရမှသာ လုချန်းနှင့် ချူးယွမ်ကျိတို့လည်း သူတို့ကို ကြည့်နေသည့် အခြားလူတစ်ဦး ရှိနေသေးကြောင်း သတိရသွားကြသည်။ ချူးယွမ်ကျိက လျိုချင်းယွမ်ကို လှည့်ကြည့်လိုက်ရင်း
“မမြင်ဖူးဘူး”
“ဒါပေမဲ့ ဒါက ပုံမှန်ပါပဲ။ လုချန်းက ဘဝပေါင်း မရေမတွက်နိုင်အောင် ပြန်လည်ဝင်စားခဲ့တာ။ ဖြစ်နိုင်တာက ရှင့်ရဲ့ ဘဝတစ်ခုမှာ ရှင်ကလည်း သူ့ရဲ့ လမ်းစဉ်ဖော် ဖြစ်ခဲ့ဖူးမှာပေါ့။”
ထိုသို့ ပြောလိုက်ချိန်တွင် ချူးယွမ်ကျိ၏ အသံထဲတွင် မနာလိုမှု အရိပ်အယောင်အနည်းငယ် ပါဝင်နေသည်။
“သူက ကျွန်မနဲ့အတူ ရှိခဲ့တဲ့ ဘဝတွေမှာတောင် သူ့ရဲ့ အတိတ်ဘဝက လက်တွဲဖော်တွေကို အမြဲတမ်း ရှာဖွေနေခဲ့တာ။ သူ့ရဲ့ ဘဝဝင်စားမှုတွေမှာ လမ်းစဉ်ဖော် ဘယ်နှစ်ယောက် ရှိခဲ့သလဲဆိုတာ သူကိုယ်တိုင်တောင် မသိဘူး။”
ချူးယွမ်ကျိက ဤကဲ့သို့သော ကိစ္စရပ်များကို သိလိမ့်မည်ဟု လုချန်း မမျှော်လင့်ထားခဲ့ပေ။ သူတို့ အတူရှိခဲ့ကြသော ဘဝတွင် သူသည် ဘဝသံသရာ ကျောက်တုံးမှ မှတ်ဉာဏ်အများစုကို ဖွင့်ခဲ့ဖူးသည်။ ချူးယွမ်ကျိကိုပင် ထိုအကြောင်း ပြောပြခဲ့ပုံရ၏။
ထိုအချိန်တွင် လုချန်းက ချောင်းဟန့်လိုက်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
“ဒါနဲ့ မင်းရဲ့ အတိတ်ဘဝမှတ်ဉာဏ်တွေက အခုမှ ဘာလို့ရုတ်တရက် နိုးထလာရတာလဲ”
ချူးယွမ်ကျိက
“ကွေးရီဂိုဏ်းမှာ ကျွန်မ ချန်ထားခဲ့တဲ့ အမွေအနှစ်ကျောက်တုံးကို တစ်ယောက်ယောက်က အသက်သွင်းလိုက်လို့ပါ။”
လုချန်းက ဇဝေဇဝါဖြင့်
“အမွေအနှစ်ကျောက်တုံး... အဲ့ဒါက ဘာလဲ”
ချူးယွမ်ကျိက
“အမွေအနှစ်ကျောက်တုံးဆိုတာ ကျွန်မရဲ့ မှတ်ဉာဏ်တွေကို သိုလှောင်ထားတဲ့ ကျောက်တုံးပါ။ တစ်ယောက်ယောက်က အဲဒါကို အသက်သွင်းလိုက်ရင် ကျွန်မ အဲ့ဒီမှတ်ဉာဏ်တွေကို ပြန်ရနိုင်တယ်။ ဒါပေမဲ့ အမွေအနှစ်ကျောက်တုံးထဲမှာ မှတ်ဉာဏ်တွေက အများကြီးရှိသလို ကံတရား ဆက်နွယ်မှုတွေလည်း ပါဝင်နေတယ်။ ကျွန်မရဲ့ ကျင့်စဉ်အဆင့်က ဧကရာဇ်အဆင့်ကို မရောက်ရင် အဲ့ဒီ အကျိုးဆက်တွေကို ကျွန်မ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အတိတ်ဘဝတုန်းက ကွေးရီဂိုဏ်းကို တည်ထောင်ပြီးနောက် ဘဝဝင်စားတဲ့အခါမှာ ကျွန်မရဲ့ ဘဝသံသရာမှတ်ဉာဏ်တွေနဲ့ ဆက်စပ်နေတဲ့ အကျိုးအကြောင်း ဆက်နွယ်မှုတွေ အားလုံးကို ချိပ်ပိတ်ခဲ့ရတယ်။”
ချူးယွမ်ကျိသည် တစ်ကြိမ်တည်းသာ ဝင်စားခဲ့ခြင်း မဟုတ်ပေ။ အချိန်မည်မျှကြာသွားမှန်း မသိအောင် မရေမတွက်နိုင်သော ဘဝပေါင်းများစွာ သူမ ဝင်စားခဲ့သည်။ သူမ၏ အရင်ဘဝ မှတ်ဉာဏ်များနှင့် ၎င်းတို့ သယ်ဆောင်လာသော အကျိုးအကြောင်း ဆက်နွယ်မှုများက အလွန်ကျယ်ပြန့်လှသည်။
ဧကရာဇ်အဆင့်သို့ မရောက်ခင် ထိုမှတ်ဉာဏ်များနှင့် ကံတရား ဆက်နွယ်မှုများကို ဆက်ခံခဲ့လျှင် ဤဘဝမှ သူမ၏ ဝိညာဉ်အသိစိတ်သည် ထိုမှတ်ဉာဏ်များ၏ လွှမ်းမိုးခြင်းကို ခံရမည်ဖြစ်ပြီး ၎င်းက သူမကို ရူးသွပ်သွားစေနိုင်သည်။
လူတစ်ယောက်သည် အကြိမ်ပေါင်းများစွာ ဝင်စားခဲ့ပါက အတိတ်ဘဝမှတ်ဉာဏ်များကို စီမံခန့်ခွဲဖို့က အလွန်ခက်ခဲလှ၏။ အရင်ဘဝ မှတ်ဉာဏ်များက ထိုသူကို အခြားတစ်ယောက်ကဲ့သို့ ခံစားရစေနိုင်သည်။
လုံလောက်သော အင်အားမရှိပါက မှတ်ဉာဏ်တွေကြား ပဋိပက္ခဖြစ်ပြီး ရူးသွပ်ခြင်း သို့မဟုတ် စိတ်ဝေဒနာပင် ဖြစ်သွား စေနိုင်သည်။
အကြိမ်ပေါင်းများစွာ ဝင်စားခဲ့ဖူး သောကြောင့် ချူးယွမ်ကျိထံ၌ မှတ်ဉာဏ် အမြောက်အမြား စုပုံနေခဲ့သည်။ ဧကရာဇ်အဆင့်သို့ မရောက်ရှိပဲ ထိုမှတ်ဉာဏ်များကို ဖွင့်လိုက်လျှင် သူမကို ရူးသွပ်သွားစေလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်အဆင့် ဝင်စားသူ အများစုသည် သူတို့၏ ကိုယ်ပိုင် မှတ်ဉာဏ်များကို ချိပ်ပိတ်ထားတတ်ကြသည်။ လုံလောက်သော အင်အားရှိလာသည်အထိ စောင့်ဆိုင်းပြီးမှ တဖြည်းဖြည်းချင်း မှတ်ဉာဏ်များ ပြန်ဖွင့်ကြခြင်း ဖြစ်သည်။
ယခုတွင် ချူးယွမ်ကျိသည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အတိတ်ဘဝမှတ်ဉာဏ်များ သူမ၏ စိတ်ထဲတွင် ပြန်လည်ပေါ်လာသော်လည်း စိတ်ဝေဒနာ ပြဿနာ တစ်စုံတစ်ရာ မရှိပဲ လျင်မြန်စွာ ပေါင်းစပ်သွားခဲ့သည်။
ချူးယွမ်ကျိ၏ စကားကို ကြားလျှင် လုချန်းအနည်းငယ် အံ့အားသင့်သွားခဲ့သည်။ တစ်စုံတစ်ယောက်က ကံတရား ဆက်နွယ်မှုကို ချိပ်ပိတ်ထားနိုင်သည်ဟု ယခုမှ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။ အတိတ်ဘဝက ချူးယွမ်ကျိသည် ဤသို့ ပြုလုပ်နိုင်ခဲ့လျှင် ထိုစဉ်က သူမ အလွန် အစွမ်းထက်ခဲ့မှာ သေချာ၏။
ဒါဆိုလျှင် သူမက ဘာကြောင့် ဝင်စားဖို့ ရွေးချယ်ခဲ့တာလဲ...
လုချန်းက နားမလည်နိုင်စွာဖြင့်
“မင်းရဲ့ အတိတ်ဘဝတုန်းကလည်း ဒီစကြဝဠာထဲမှာပဲ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် မှတ်ဉာဏ်တွေနဲ့ အကျိုးအကြောင်း ဆက်နွယ်မှုတွေကို ချိပ်ပိတ်ပြီး ဝင်စားဖို့ ရွေးချယ်ခဲ့တာလဲ။”
ချူးယွမ်ကျိက
“ကျွန်မရဲ့ အတိတ်ဘဝဟာ ရှေးဟောင်းခေတ် ကတည်းက ရှင်သန်လာခဲ့တာပါ။ ကျွန်မရဲ့ သက်တမ်းကလည်း ကုန်ဆုံးတော့မယ့် အပိုင်းအခြားကို ရောက်နေပြီ။ ဝင်စားဖို့ မလုပ်ခဲ့ရင် မကြာခင်မှာ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ပါ အပြီးတိုင် ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။”
ချူးယွမ်ကျိ၏ အခြေအနေသည်လည်း လုချန်းနှင့် ဆင်တူနေသည်။ လုချန်းသည်လည်း ခေတ်သစ်သို့ ရောက်ရှိလာပြီးနောက် ကောင်းကင်ဧကရာဇ် အဆင့်၌ ရှိနေခဲ့သေးသော်လည်း သက်တမ်း ကန့်သတ်ချက်များကြောင့် နောက်ဆုံးတွင် ဝင်စားခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။
သူသည် ရှန်ဝူဧကရာဇ်၏ သားအဖြစ် ပြန်လည်မွေးဖွားလာခဲ့ရ၏။ ရှေးဟောင်းခေတ်၏ နိယာမ အများစုသည် ခေတ်သစ်တွင် အသုံးမဝင်တော့ပေ။ ရှေးဟောင်းခေတ်မှ ခန္ဓာကိုယ်များကို ပြန်လည် မပြုပြင်နိုင်ပါက ခေတ်ပြောင်းလဲခြင်း ကပ်ဘေးမှ ရှင်သန်လွတ်မြောက်ခဲ့လျှင်ပင် ခေတ်သစ်တွင် ကျဆုံးသွားနိုင်ဆဲ ဖြစ်သည်။
…………..