အခန်း (၁၄၃၂-၁၄၃၄)
Vol. 96 Ch. 1432-1434
အခန်း (၁၄၃၂)
လူသတ်အရိပ်၏ ခြိမ်းခြောက်မှု
လုချန်း ရှန်ယွဲ့နိုင်ငံမှ လွတ်မြောက်သွားပြီးနောက် ထျန်းချန်ကမ္ဘာသို့ တကယ် ပြန်သွားခြင်း ရှိမရှိ လုယန်ဟွာ သေချာ မသိပေ။ သို့သော်လည်း အခြေအနေကို သိရရန်အတွက် တစ်စုံတစ်ယောက်အား စောစောစီးစီး စေလွှတ်၍ စုံစမ်းရန် စီစဉ်လိုက်သည်။
လုယန်ဟွာ၏ အမိန့်သံ ဆုံးသည်နှင့် သူ၏ နောက်ကွယ်ရှိ အရိပ်ထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြင်းထန်သော အနက်ရောင် မိစ္ဆာစွမ်းအားများ ကိန်းဝပ်နေသည်။
ထိုသူသည် လူသတ်အရိပ်ဖြစ်သည်။ သူသည် လုယန်ဟွာကို ကာကွယ်ရန် ထျန်းကျိရဲတိုက်မှ စေလွှတ်လိုက်သော ဧကရာဇ်အဆင့် များထဲမှ တစ်ဦးလည်း ဖြစ်သည်။
လုယန်ဟွာ၏ စကားကို ကြားလျှင် လူသတ်အရိပ်က
“မင်းကြီး... လုချန်းက ထျန်းချန်ကမ္ဘာကို ပြန်မသွားတာလည်း ဖြစ်နိုင်ပါတယ်။ ထျန်းကျိရဲတိုက်က စီနီယာတွေကို သူ့ရဲ့ တည်နေရာကို တွက်ချက်ခိုင်းကြည့်ရင် ဘယ်လိုလဲ။”
လုယန်ဟွာက
“မလိုဘူး...ကျုပ်မှာ ကြိုတင်သိမြင်မှုတစ်ခု ရှိနေတယ်။ သူ အခုထိ ထျန်းချန်ကမ္ဘာမှာပဲ ရှိနေဦးမှာပဲ။”
ဤခံစားချက်က မည်သည့်နေရာမှ လာသည်ကို လုယန်ဟွာ တိတိကျကျ မပြောနိုင်ပေ။ သို့သော်လည်း လုချန်းသည် ထျန်းချန်ကမ္ဘာတွင် ရှိနေဆဲ ဖြစ်သည်ဟု သူ ခံစားနေရသည်။ ထိုအရာက သွေးသားတော်စပ်မှုကြောင့်လည်း ဖြစ်နိုင်သည်ဟု သူယူဆ၏။
ထင်ရှားသည်က သူနှင့် လုချန်ကြားတွင် မည်သည့် သွေးသားဆက်နွှယ်မှုမှ မရှိတော့သည်ကို လုယန်ဟွာ မသိသေးခြင်းပင်။ လုချန်း၏ ကိုယ်ခန္ဓာကို လုချန်းကိုယ်တိုင် ဖန်တီးခြင်းလမ်းစဉ်ကို သုံး၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။
လုယန်ဟွာ၏ စကားကို ကြားလျှင် လူသတ်အရိပ်က ခေါင်းညိတ်ကာ
“နားလည်ပါပြီ... ကျွန်တော် အခုပဲ ထျန်းချန်ကမ္ဘာကို သွားလိုက်ပါ့မယ်။”
ထျန်းကျိရဲတိုက်တွင် စကြဝဠာအနှံ့၌ မရေမတွက်နိုင်သော ဌာနခွဲများ ရှိသည်။ ထိုဌာနခွဲများတွင် ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာ ပုံစံများ ရှိသဖြင့် ကြယ်နယ်မြေစု တစ်ခုမှ တစ်ခုသို့ လွယ်ကူစွာ ကူးသန်းနိုင်သည်။ ထျန်းချန်ကမ္ဘာသို့ ရောက်ရန် ဆယ်ရက်ပင် မကြာနိုင်ပေ။ မကြာမီ ရလဒ်ကို သိရတော့မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူသတ်အရိပ်၏ ခန္ဓာကိုယ် ထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။ ထို့နောက် လုယန်ဟွာ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြန်သည်။
“လုချန်း သေသွားပြီဆိုရင် လုယွမ်ကျန်း တစ်ယောက်ပဲ ကျန်တော့မယ်”
ဟု သူ့ဘာသူ တစ်ဦးတည်း ရေရွတ်လိုက်သည်။
“လုယွမ်ကျန်း... အို လုယွမ်ကျန်း... မင်း ဘယ်မှာ ပုန်းနေတာလဲ။ မင်းကို ရှာရတာ တကယ်ကို ခက်ခဲလွန်းတယ်။”
လုယွမ်ကျန်းသည် လုချန်းပြီးလျှင် ဧကရာဇ်ရှန်ဝူ၏ ဝင်စားခြင်းအစီအစဉ်ကို အရင်ဆုံး သိသူ ဖြစ်သည်။ သို့သော် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ အကာအကွယ်ကြောင့် လုယွမ်ကျန်းကို ရှာရန်က လွယ်ကူသော အလုပ် မဟုတ်ပေ။
သို့သော်လည်း လုယန်ဟွာ လက်မလျှော့ပေ။ ရှန်ဝူဧကရာဇ်၏ သားသမီးအားလုံးကို သတ်နိုင်မှသာ ရှန်ယွဲ့နိုင်ငံ၏ ကံစွမ်းအားကို သူ အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် လုချန်းကဲ့သို့ပင် လုယွမ်ကျန်းသည်လည်း ဧကန်မုချ သေရမည် ဖြစ်သည်။
……..
ဆယ်ရက်ခန့်အကြာ။
ဖုန်းယန် ကြယ်နယ်မြေသို့ လူသတ်အရိပ် ရောက်ရှိလာသည်။ နယ်မြေ၏ နယ်စပ်သို့ ရောက်သောအခါ ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားသည့် မမြင်ရသော အင်အားတစ်ခုကို သူ ခံစားလိုက်ရသည်။
မိမိမျက်စိရှေ့တွင် ထူးဆန်းသော နတ်လှေများ အသွားအလာ ရှုပ်ထွေးနေသည်ကို မြင်လိုက်ရသဖြင့် လူသတ်အရိပ် မျက်မှောင်ကြုတ်သွားသည်။ ဤကဲ့သို့ ဝေးလံသော ကြယ်နယ်မြေတစ်ခုတွင် ဤမျှ စည်ကားသော မြင်ကွင်းမျိုး ဘယ်လိုလုပ် ရှိနေနိုင်ပါသနည်း။
ထိုအနက်ရောင် လှေတွေက ဘယ်လိုယာဉ်မျိုးတွေလဲ။
အစွန်အဖျား ကြယ်နယ်မြေတစ်ခုမှာ နတ်လှေတွေ ဒီလောက်တောင် များနေရသလား။
ထိုအနက်ရောင် လှေများသည် သာမန်နတ်လှေများနှင့် မတူပေ။ ၎င်းတို့ပေါ်တွင် စိတ်ဝိညာဉ်စွမ်းအား စီးဆင်းမှု မရှိပေ။ မျက်နှာပြင်တွင် အင်းကွက်အစီအရင်များ ရှိသော်လည်း ထိုအနက်ရောင် လှေများ၏ မောင်းနှင်အားသည် စိတ်ဝိညာဉ်စွမ်းအားပေါ်တွင် အခြေမခံပေ။
ထို့ပြင် အနက်ရောင် လှေများ၏ အင်းကွက် အစီအရင်များတွင်သာ သက်ဝင်ရွှေကို သုံးထားပြီး သုံးစွဲထားသော ပမာဏမှာလည်း အလွန်နည်းပါးသည်။ လှေ၏ အစိတ်အပိုင်း အများစုကိုမူ ထိုအနက်ရောင် သတ္တုနှင့်သာ လုပ်ထားခြင်း ဖြစ်သည်။
တစ်ခုခုတော့ မှားနေပြီ ဖြစ်သည်။
ခဏခန့် စဉ်းစားပြီးနောက် လူသတ်အရိပ်သည် လက်ဝါးဖြင့် ဖုန်းယန် ကြယ်နယ်မြေဆီသို့ ရိုက်ချလိုက်ကာ စတင်လှုပ်ရှားလိုက်သည်။ လက်ဝါးရိပ် ပေါ်လာသည်နှင့် ချက်ချင်းပင် အဆပေါင်းများစွာ ကြီးထွားလာသည်။ မကြာမီ သူရိုက်လိုက်သော လက်ဝါးသည် ကမ္ဘာတစ်ခုထက်ပင် ကြီးမားလာခဲ့သည်။ သို့သော် ဤကြီးမားသော လက်ဝါးသည် အတားအဆီးတစ်ခုနှင့် ထိမိသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
လက်ဝါးပုံရိပ် အလင်းစက်များအဖြစ် ပျော်ဝင်သွားသည်ကို မြင်လျှင် လူသတ်အရိပ်လည်း ကြောင်တောင်တောင် ဖြစ်၍ ကျန်ရစ်ခဲ့တော့သည်။
သူသည် ဧကရာဇ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပါလျက် အပြင်ဘက်က တားမြစ်ချက်ကို မဖျက်ဆီးနိုင်ဘူးလား။
ဤတားမြစ်ချက်ကို ဘယ်သူက ချမှတ်ထားတာလဲ။
ထိုအခိုက်အတန့်တွင် အတားအဆီး၏ အခြားတစ်ဖက်၌ ဧကရာဇ်လောင်း တစ်ဦး ပေါ်လာသည်။ ကျန်းချင်းဖုန်းသည် အတားအဆီးအတွင်းမှနေ၍ ကြီးမားလှသော လက်ဝါး ပုံရိပ်ကြီးကို မြင်သဖြင့် ဟန့်တားရန် ရောက်လာခြင်း ဖြစ်သည်။ သို့သော်လည်း လက်ဝါးပုံရိပ် ချက်ချင်း ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရသည်။
အရင်က ဧကရီတစ်ဦး ဖုန်းယန် ကြယ်နယ်မြေကို တိုက်ခိုက်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည့် မြင်ကွင်းနှင့် တူနေသည်။ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရပြီး ထိုသူသည် ဧကရာဇ်လောင်း တစ်ဦးသာ ဖြစ်ကြောင်း သိလိုက်ရလျှင် လူသတ်အရိပ်က ချက်ချင်း ခြိမ်းခြောက်လိုက်သည်။
“ကျုပ်က ရှန်ယွဲ့ဧကရာဇ် စေလွှတ်လိုက်တဲ့သူပဲ။ အခုချက်ချင်း အကာကအကွယ်ကို ဖယ်ရှားလိုက်။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်။”
ထိုအရာကို ကြားလျှင် ကျန်းချင်းဖုန်း ခဏခန့် တုံ့ဆိုင်းသွားပြီး ရယ်မောကာ
“စီနီယာ... ဒီအကာအကွယ်က ကျွန်တော် ချမှတ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်က သာမန် ဧကရာဇ်လောင်း တစ်ယောက်ပဲ။ ဒီလောက် အဆင့်မြင့်တဲ့ အကာအကွယ်ကို ဘယ်လိုလုပ် ဖယ်ရှားနိုင်မှာလဲ။”
လူသတ်အရိပ်က မျက်နှာပျက်ပျက်နှင့် မေးလိုက်သည်။
“ဒီနေရာကို ဘယ်အင်ပါယာက အုပ်ချုပ်တာလဲ။ ခင်ဗျားတို့ရဲ့ ဧကရာဇ်ကို အခုချက်ချင်း ခေါ်ခဲ့စမ်း။”
ကျန်းချင်းဖုန်းက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ့ဘေးတွင် တစ်စုံတစ်ယောက် ရှိနေသည်ကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ လုချန်း၏ ကိုယ်ပွားကို တွေ့လိုက်ရသဖြင့် အလျင်အမြန် ဂါရဝ ပြုလိုက်သည်။
“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
ဤဘွဲ့အမည်ကို ကြားလိုက်ရလျှင် လူသတ်အရိပ် ခဏခန့် မှင်တက်သွားသည်။
ကောင်းကင်ဧကရာဇ် ဟုတ်လား.....
ဒါက ဘယ်လို ဟာသမျိုးလဲ ...
တစ်စုံတစ်ယောက်က ကောင်းကင်ဧကရာဇ် ဘွဲ့ကို ခံယူရဲတယ်တဲ့လား...
သတိပြန်ဝင်လာလျှင် လူသတ်အရိပ်က လှောင်ပြုံးပြုံးကာ
“တကယ့်ကို သတ္တိရှိတာပဲ။ ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကများ ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်လို့ ခေါ်ဝံ့တယ်။ ဒီလိုသတ္တိတွေ ခင်ဗျားကို ဘယ်သူပေးထားတာလဲ။”
လုချန်းက လူသတ်အရိပ်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် စနစ်မျက်နှာပြင်၌
[အမည်: လူသတ်အရိပ်]
[အချက်အလက်: ထျန်းကျိရဲတိုက်၏ အဖွဲ့ဝင်၊ ရှန်ယွဲ့ဧကရာဇ်၏ သက်တော်စောင့်။ ဧကရာဇ် အဆင့်တစ်]
[ သစ္စာစောင့်သိမှု: သုည ]
လုချန် ခဏခန့် အံ့အားသင့်သွားသည်။
ထျန်းကျိရဲတိုက် အဖွဲ့ဝင်တစ်ယောက်က ဘယ်လိုလုပ် ရှန်ယွဲ့ဧကရာဇ်ရဲ့ သက်တော်စောင့် ဖြစ်လာတာလဲ။
ရှန်ယွဲ့ဧကရာဇ် ဆိုတာ လုယန်ဟွာကို ပြောတာ ဖြစ်ရမည်။
လုယန်ဟွာက ဘယ်တုန်းက ဧကရာဇ်အဆင့် ဖြစ်သွားတာလဲ။
သူက သူတော်စင်အဆင့်မှာပဲ ရှိတာ မဟုတ်လား။
သူက အချိန်တိုအတွင်းမှာ ဧကရာဇ်အဆင့် ဖြစ်သွားတာလား။
လုချန်း နှုတ်ဆိတ်နေသည်ကို မြင်လျှင် လူသတ်အရိပ်လည်း စိတ်မရှည်တော့ပဲ ထပ်မံ ခြိမ်းခြောက်လိုက်ပြန်သည်။
“အခုချက်ချင်း တားမြစ်ချက်ကို ဖယ်ရှားစမ်း...မဟုတ်ရင် ရှန်ယွဲ့စစ်တပ်က ဝိုင်းရံတိုက်ခိုက်လိမ့်မယ်။ ခင်ဗျားတို့ရဲ့ ကြယ်နယ်မြေလည်း သွေးချောင်းစီးသွားလိမ့်မယ်။”
ထိုအရာကို ကြားလျှင် လုချန်းက အသာအယာ ရယ်မောလိုက်ပြီး
“ကျုပ်တို့ ကြယ်နယ်မြေကို သွေးချောင်းစီးအောင် လုပ်မလို့လား။ ဒါဆိုရင် ခင်ဗျားတို့ ရှန်ယွဲ့နိုင်ငံက ကျုပ်တို့ ကြယ်နယ်မြေကို သွေးချောင်းစီးအောင် လုပ်နိုင်စွမ်း ရှိမရှိ ကျုပ် ဒီနေရာကနေပဲ စောင့်ကြည့်နေပါ့မယ်။”
ဤစကားကြောင့် လူသတ်အရိပ် ခဏခန့် အံ့အားသင့်သွားသည်။ တစ်စုံတစ်ယောက်က သူ့ကို ဤသို့ ပြောလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။ အထူးသဖြင့် သူသည် ရှန်ယွဲ့နိုင်ငံ၏ အရှိန်အဝါကို ထုတ်သုံးထားသော်လည်း တစ်ဖက်လူက အရေးမစိုက်ပဲ ရှိနေသည်က ထူးဆန်းလှပေသည်။
ယခုအချိန်တွင် မြင့်မြတ်နယ်မြေ အဆင့်ရှိ အင်အားကြီးတွေတောင် ရှန်ယွဲ့နိုင်ငံနဲ့ စစ်ဖြစ်မှာကို ကြောက်နေကြခြင်း ဖြစ်၏။ သို့သော် စကြဝဠာ အစွန်အဖျားက အင်ပါယာလေးတစ်ခုရဲ့ ဧကရာဇ်က ရှန်ယွဲ့နိုင်ငံကို တိုက်ခိုက်ဖို့ တိုက်ရိုက် စိန်ခေါ်ဝံ့နေသည်။
သူ အခြားစကြဝဠာတစ်ခုထဲသို့ ရောက်သွားပြီလားဟုပင် လူသတ်အရိပ် တွေးတောမိသွားသည်။
ဘယ်တုန်းကများ အစွန်အဖျား ကြယ်နယ်မြေက လူတွေက ဒီလောက်တောင် မောက်မာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကြတာလဲ။
ဒီလူက ကိုယ်ပွားတစ်ခုပဲ ဖြစ်ပြီး သူ့နောက်ကွယ်မှာ ပိုအစွမ်းထက်တဲ့သူ ရှိနေလို့လား။
လူသတ်အရိပ်သည် သေချာစဉ်းစားပြီးနောက် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ဧကရာဇ်အဆင့် တစ်ယောက်တောင် အလွယ်တကူ မဖျက်ဆီးနိုင်သည့် တားမြစ်ချက်ကို ချနိုင်သူသည် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ဦးတော့ မဟုတ်နိုင်ပေ။
ဒီအင်ပါယာရဲ့ ဧကရာဇ်က ပြန်လည်ပျက်စီးခြင်းအဆင့်ပဲ ဖြစ်နေရင်တောင် သူ့နောက်ကွယ်မှာ အလွန်အစွမ်းထက်တဲ့ ဧကရာဇ်အဆင့် တစ်ယောက် ရှိနေမှာ ဧကန်မုချပင်။
မဟုတ်ရင် သူ ဘယ်လိုလုပ်ပြီး ဒီလောက် သတ္တိရှိနိုင်မှာလဲ။
သို့သော်လည်း ၎င်းတို့၏နောက်ကွယ်တွင် မည်သို့သော အားကြီးသည့် ပုဂ္ဂိုလ်မျိုး ရှိနေပါစေ လက်ရှိ ရှန်ယွဲ့နိုင်ငံကို လာရောက်ရန်စခြင်းက ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သည်။
စကားများများပြောရန် လူသတ်အရိပ်
မရည်ရွယ်တော့ပေ။ ဤကြယ်နယ်မြေ၏ တားမြစ်ချက်ကို မဖောက်ထွင်းနိုင်ပဲ ထျန်းချန်ကမ္ဘာသို့ သူ မရောက်နိုင်ပေ။ ထို့ပြင် ရှန်ယွဲ့နိုင်ငံသည်လည်း ပြင်ပသို့ စစ်ချီရန် ပြင်နေသဖြင့် ဤအင်ပါယာသည် ပစ်မှတ်ကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့နောက် လူသတ်အရိပ်က လှည့်ကြည့်ကာ
“နောက်တစ်ခါ ကျုပ်တို့ ထပ်တွေ့တဲ့အခါမှာလည်း ခင်ဗျား အခုလိုပဲ မောက်မာနိုင်ပါစေလို့ မျှော်လင့်ပါတယ်။”
ဤစကားများကို ပြောပြီးနောက် လူသတ်အရိပ်လည်း ပြတ်ပြတ်သားသားပင် ထွက်ခွာသွားတော့သည်။
အခန်း (၁၄၃၃)
စစ်ချီအမိန့်
လူသတ်အရိပ် ထွက်ခွာသွားသည်ကို မြင်လျှင် ကျန်းချင်းဖုန်းက လုချန်းဘက်သို့ လှည့်လိုက်ကာာ စိုးရိမ်တကြီးဖြင့်
“မင်းကြီး... အဲ့ဒီလူက ဘာပဲပြောပြော ရှန်ယွဲ့နိုင်ငံက စေလွှတ်တဲ့ တမန်တစ်ဦးပဲ။ သူတို့ကို အခုလို စော်ကားလိုက်တာက...ကျွန်တော် စိုးရိမ်မိတာက...”
ရှန်ယွဲ့နိုင်ငံ၏ အကြောင်းကို ကောင်းကောင်းသိထားသဖြင့် ကျန်းချင်းဖုန်း ဆက်၍ပင် မပြောရဲတော့ပေ။ ထိုနိုင်ငံသည် ဗဟိုကြယ်နယ်မြေအတွင်း စစ်ပွဲအများဆုံး ဆင်နွှဲခဲ့ပြီး စကြဝဠာတစ်ခုလုံးတွင် ကျော်ကြားသည့် နိုင်ငံဖြစ်သည်။
ကျန်းချင်းဖုန်း၏ စကားများကို ကြားလျှင် လုချန်းက ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
“ခင်ဗျားတို့အားလုံး ကျုပ်ကို ကောင်းကင်ဧကရာဇ်လို့ ခေါ်နေကြတာပဲ...ဒီကိစ္စတွေအတွက် စိတ်ပူမနေသင့်ဘူး။”
ထိုစကားများက ကျန်းချင်းဖုန်းကို မှင်တက်သွားစေသည်။ တကယ်တော့ သူ့အတွက် ကောင်းကင်ဧကရာဇ်ဟူသော ဘွဲ့မှာ အမည်တစ်ခုမျှသာ ဖြစ်သည်။ ကောင်းကင်မီးမျိုးနွယ်စုမှ လူများမှလွဲ၍ လုချန်းကို ကောင်းကင်ဧကရာဇ်ဟု မည်သူမှ တကယ် မယုံကြည်ကြပေ။
သို့သော် ယခု ကောင်းကင်ဧကရာဇ်က ထိုသို့ပြောလာသဖြင့် အနာဂတ်တွင် သူ၏ ကျင့်စဉ်အဆင့်သည် ကောင်းကင်ဧကရာဇ်အဆင့်သို့ တကယ် ရောက်ရှိသွားနိုင်သည်ဟု ဆိုလိုတာလား။
သို့မဟုတ် သူ ကောင်းကင်ဧကရာဇ် ဖြစ်နေပြီလား။
ထိုသို့မဟုတ်ပါက ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်အဆင့်ကို သူထိုသို့ ပြောဆိုလိမ့်မည် မဟုတ်ပေ။
ထိုဖြစ်နိုင်ခြေကို တွေးမိသည်နှင့် ကျန်းချင်ဖုန်း၏ အသက်ရှူသံများ မြန်ဆန်လာ၏။ ၎င်းမှာ စကြဝဠာအတွင်းရှိ ဧကရာဇ်အဆင့် အမြောက်အမြား အိပ်မက်မက်ခဲ့ကြသော်လည်း မည်သူမှ မလှမ်းနိုင်ခဲ့သည့် အဆင့်တစ်ခု ဖြစ်သည်။
လုချန်းက
“ကောင်းပြီ.....ဖုန်းယန်ကြယ်နယ်မြေကို စောင့်ကြည့်ထားလိုက်ပါ။ ကျုပ် ပြန်တော့မယ်။”
စကားအဆုံးတွင် လုချန်း၏ ကိုယ်ပွား လှည့်ထွက်သွားသည်။ သတိပြန်ဝင်လာလျှင် ကျန်းချင်ဖုန်းလည်း ဟင်းလင်းပြင်သို့ကြည့်၍ အလျင်အမြန်ပင် နှုတ်ဆက်လိုက်၏။
“ခရီးလမ်း သာယာပါစေ မင်းကြီး။”
……..
ခြောက်ရက် ကြာမြင့်ပြီးနောက်။
ရှန်ယွဲ့နိုင်ငံ။
ကောင်းကင်နန်းတော်။
လုယန်ဟွာသည် လူသတ်အရိပ်ကို ကျောခိုင်းလျက် ကောင်းကင်နန်းတော်၏ အစွန်းတွင် ရပ်ကာ အောက်ဘက်ရှိ ရှုခင်းများကို ကြည့်နေ၏။
လူသတ်အရိပ်၏ အစီရင်ခံမှုကို ကြားလျှင် လုယန်ဟွာ အေးစက်စွာ ရယ်မောလိုက်သည်။
“ဒီနေ့ခေတ်မှာ ဘယ်လို အညတရမျိုးမဆို ရှန်ယွဲ့နိုင်ငံကို လျစ်လျူရှုရဲနေကြပြီ ထင်တယ်။”
“ကျွန်တော့်ဖခင် ကျဆုံးသွားပြီးနောက်ပိုင်း ရှန်ယွဲ့နိုင်ငံက ဆုတ်ယုတ်သွားပြီး ဘာမှမလုပ်နိုင်တော့ဘူးလို့ သူတို့ တကယ် ထင်နေတာလား။ စကြဝဠာရဲ့ အစွန်အဖျားက နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်သူက အခုလို မောက်မာရဲတယ်ပေါ့။ ကောင်းပြီလေ။ အချိန်ရောက်ပြီ ထင်တယ်။ ထျန်းချန်ကမ္ဘာကို စစ်တပ်တွေ ချက်ချင်း စေလွှတ်ဖို့ ကျွန်တော့်အမိန့်ကို ထုတ်ပြန်လိုက်။ လမ်းမှာတွေ့တဲ့ ဘယ်နိုင်ငံကိုမဆို အမြစ်ပြတ် တိုက်ခိုက်ပစ်ရမယ်။”
စကြဝဠာ အစွန်အဖျားမှ နိုင်ငံတစ်နိုင်ငံကတောင် လက်ရှိ ရှန်ယွဲ့နိုင်ငံကို အထင်သေးရဲလျှင် အခြားသော နိုင်ငံများလည်း ထိုနည်းတူ ခံစားရနိုင်သည်ဟု လုယန်ဟွာ ယုံကြည်ထားသည်။ ထို့ကြောင့် ရှန်ယွဲ့နိုင်ငံနှင့် သူ့ကို အထင်သေးနေသူများ အမြင်မှန်ရစေရန် စစ်ပွဲတစ်ပွဲကို သူ အရေးတကြီး ဆင်နွှဲရန် လိုအပ်၏။
ထို့ပြင် သတ်ဖြတ်ခြင်းလမ်းစဉ်နှင့် ကောင်းကင်ခိုးယူခြင်းကျင့်စဉ်တို့မှတစ်ဆင့် သူ ပိုအားကောင်းလာရန် လိုအပ်သည်။ ထို့ကြောင့် စစ်ပွဲများက မဖြစ်မနေ လိုအပ်သည်။ လုယန်ဟွာ၏ စကားကို ကြားလျှင် လူသတ်အရိပ်က
“ဟုတ်ကဲ့ပါ မင်းကြီး”
မကြာမီ ရှန်ယွဲ့နိုင်ငံ၏ လက်အောက်ခံ ကြယ်နယ်မြေအသီးသီး၌ စစ်သားစုဆောင်းမှုများ အပြင်းအထန် စတင်လာသည်။ နတ်လှေများနှင့် စစ်သည်အရေအတွက် တဟုန်ထိုး တိုးပွားလာပြီး ရှန်ယွဲ့နိုင်ငံ၏ အထွတ်အထိပ်ကာလမှ အင်အားကိုပင် ခဏအတွင်း ကျော်လွန်သွားတော့၏။
ရှန်ယွဲ့နိုင်ငံက ရုတ်တရက် အကြီးအကျယ် စစ်အင်အား တိုးချဲ့မှုကြောင့် စကြဝဠာတစ်ဝှမ်းရှိ အင်အားကြီးအဖွဲ့အစည်းများလည်း သတိထားလာကြတော့သည်။ မြင့်မြတ်နယ်မြေအဆင့် အဖွဲ့အစည်းများပင်လျှင် စစ်ပွဲအတွက် စတင်၍ ပြင်ဆင်လာကြ၏။ ရှန်ဝူဧကရာဇ် ကျဆုံးသွားသော်လည်း ထိုအင်အားကြီးအဖွဲ့အစည်းများသည် သာမန်လူများထက် ပိုသိထားကြသဖြင့် ရှန်ယွဲ့နိုင်ငံကို အထင်မသေးကြပေ။
လက်ရှိ ရှန်ယွဲ့နိုင်ငံသည် ထျန်းကျိရဲတိုက်၏ ကျောထောက်နောက်ခံ ရှိနေပြီး ဧကရာဇ်အသစ်သည်လည်း မည်သို့သော နည်းလမ်းဖြင့် ဧကရာဇ်အဆင့်သို့ ခဏအတွင်း ရောက်ရှိသွားသည်ကို မသိရချေ။
ထို့ပြင် လုယန်ဟွာသည် သတ်ဖြတ်ခြင်းလမ်းစဉ်နှင့် ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကို ကျင့်ကြံနေသည်။ ထို့ကြောင့် ရှန်ယွဲ့နိုင်ငံသည် စကြဝဠာအတွင်းရှိ မည်သည့်အင်အားကြီးအဖွဲ့အစည်းထက်မဆို ပို၍ခြိမ်းခြောက်မှု ဖြစ်စေ၏။
အချို့သော အင်အားကြီးအဖွဲ့အစည်းများ အမြင်တွင် ရှန်ယွဲ့နိုင်ငံသည် ယခုအခါ ကောင်းကင်နတ်ဆိုးများထက်ပင် ပို၍ ကြောက်စရာကောင်းနေပြီဖြစ်သည်။
…….
ဗဟိုကြယ်နယ်မြေ။
ထျန်းယွမ်ကမ္ဘာ။
အနက်ရောင် ဝတ်ရုံဝတ်ထားပြီး ခမောက်ဆောင်းထားသော အမျိုးသားတစ်ဦးသည် စည်ကားနေသော လမ်းမထက်တွင် လမ်းလျှောက်နေ၏။ ထိုအခိုက်အတန့်တွင် လမ်းမတစ်လျှောက်ရှိ ကျင့်ကြံသူများသည် ရှန်ယွဲ့နိုင်ငံမှ စတင်တော့မည့် စစ်ပွဲအကြောင်းကို ဆွေးနွေးနေကြသည်။
“ရှန်ယွဲ့နိုင်ငံက တကယ်ပဲ စစ်တိုက်တော့မယ်”
ဟု တစ်ဦးက ဆို၏။
“လောဘကြီးလိုက်တာ...ဒါကို ကျွန်တော်တို့ နန်းတော်သခင်က ကြိုတင် ခန့်မှန်းထားပြီးသားပဲ”
ဟု နောက်တစ်ဦးက ဆိုသည်။
“ရှန်ယွဲ့နိုင်ငံရဲ့ ဧကရာဇ်အသစ်က တကယ်ပဲ စိတ်မရှည်နိုင်ဖြစ်နေတာပဲ။”
“သူက ဘယ်လိုလုပ် စိတ်ရှည်နိုင်မှာလဲ။ သူက သတ်ဖြတ်ခြင်းလမ်းစဉ်နဲ့ ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကို ကျင့်ကြံနေတာလေ။ အင်အားတိုးတက်ဖို့အတွက် သူ စစ်တိုက်ရမှာပဲ။”
“ကံကောင်းတာက ဒီတစ်ခါ သူတိုက်ခိုက်မှာက စကြဝဠာ အစွန်အဖျားက နိုင်ငံတစ်နိုင်ငံပဲ။ ကြားရသလောက်တော့ ထျန်းချန်ကမ္ဘာကို အဓိက ပစ်မှတ်ထားတာဆိုတော့ လောလောဆယ် ကျွန်တော်တို့ကို မထိခိုက်နိုင်သေးပါဘူး။”
“ခင်ဗျားက အရမ်းရိုးတာပဲ...ကျွန်တော်တို့နဲ့ ရှန်ယွဲ့နိုင်ငံက ဗဟိုကြယ်နယ်မြေထဲမှာပဲ ရှိနေတာ။ နောက်ဆုံးတော့ စစ်ပွဲက ကျွန်တော်တို့ဆီ ရောက်လာမှာပဲ။ အင်အားကြီးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီခြိမ်းခြောက်မှုကို အမြစ်ပြတ်အောင် လုပ်သင့်တယ်။”
ဟု တစ်ဦးက စိတ်အားထက်သန်စွာ ဝင်ပြောသည်။
“ခင်ဗျားကမှ ရိုးအနေတာ။ ထျန်းကျိရဲတိုက်က ရှန်ယွဲ့နိုင်ငံကို ထောက်ပံ့ပေးထားတာ...သူတို့ကို တားဆီးဖို့ဆိုရင် အရင်ဆုံး ထျန်းကျိရဲတိုက်ကို အနိုင်တိုက်ရလိမ့်မယ်။ စကြဝဠာထဲမှာ ထျန်းကျိရဲတိုက်ကို ယှဉ်နိုင်တဲ့ အဖွဲ့အစည်း ဘယ်နှစ်ခုရှိလို့လဲ။”
ထိုကျင့်ကြံသူများ သက်ပြင်းကိုယ်စီ ချနေကြ၏။ လူများ၏ ဆွေးနွေးမှုများကို ကြားလျှင် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။
ရှနိုင်ငံကို တိုက်ခိုက်ဖို့ လုယန်ဟွာက ဤမျှအင်အားသုံးတော့မှာလား။
ဘာလို့ ဒီလိုဖြစ်လာရတာလဲ။
အမှန်အတိုင်း ပြောရလျှင် သူနှင့် လုယန်ဟွာကြားတွင် ကြီးကြီးမားမား ရန်ငြိုးရန်စ မရှိခဲ့ပေ။
အစက သူ၏ ပါရမီက လုယန်ဟွာထက် သာလွန်ခဲ့သဖြင့် လုယန်ဟွာကို မကျေနပ်မနပ် ဖြစ်စေခဲ့ရုံသာရှိ၏။ သို့သော် ယခု လုယန်ဟွာသည် ဧကရာဇ်အဆင့် ဖြစ်နေပြီဖြစ်ကာ ရှန်ယွဲ့နိုင်ငံ၏ အုပ်ချုပ်သူလည်း ဖြစ်သည်။
အဘယ်ကြောင့် ထိုရန်ငြိုးများကို ဆက်ထားနေရသနည်း။
ထိုအချိန်တွင် လုချန်း၏ ဘေးနားရှိ ကျင့်ကြံသူတစ်ဦးက
“ထူးဆန်းတယ်... ရှန်ယွဲ့နိုင်ငံက ဘာလို့ စကြဝဠာ အစွန်အဖျားက နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ချင်နေတာလဲ။”
“ဒီအကြောင်းကို ကျွန်တော် သိတယ်...ရှန်ယွဲ့နိုင်ငံရဲ့ မင်းသား လုချန်းက ထျန်းချန်ကမ္ဘာလို့ ခေါ်တဲ့ နေရာမှာ ရှိနေတယ်လို့ ပြောကြတယ်။”
“ဒါဆို ဧကရာဇ်ကိုယ်တိုင်က သူ့ညီကို လိုက်ဖမ်းနေတာပေါ့။ သူက သူ့ညီကို မကျေနပ်ဘူးလား။ ဒါမှမဟုတ် သူ့ရဲ့ ထီးနန်းက တရားမဝင်လို့လား။”
“တရားမဝင်တာတော့ မဟုတ်ပါဘူး...သူက ရှန်ဝူဧကရာဇ်ရဲ့ သွေးမျိုးဆက်ကို ဖျက်ဆီးပြီး မင်းဆက်ကံစွမ်းအားအားလုံးကို သူ့ဆီမှာပဲ စုစည်းထားချင်တာပါ။”
ထိုကျင့်ကြံသူများ၏ ဆွေးနွေးမှုကို ကြားလျှင် လုယန်ဟွာ သူ့ကို ဒုက္ခပေးရန် ကြိုးစားနေရသည့် အကြောင်းရင်းက မင်းဆက်ကံစွမ်းအားကြောင့်ဖြစ်ကြောင်း လုချန်း သဘောပေါက်သွား၏။
သို့သော် လုယန်ဟွာ သိသေးပုံ မရသည့် အချက်တစ်ချက်ရှိ၏။ သူ ဧကရာဇ်အဆင့် ဖြစ်လာကတည်းက ရှန်ယွဲ့နိုင်ငံနှင့် သက်ဆိုင်သည့် ကံစွမ်းအားများအားလုံးသည် ရှနိုင်ငံတော်၏ ကံစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည် ဟူသောအချက်ဖြစ်သည်။
သူ့ကို သတ်ခြင်းဖြင့် ရှန်ယွဲ့နိုင်ငံ၏ ကံစွမ်းအားကို ရရှိမည်မဟုတ်ပဲ ရှနိုင်ငံတော်၏ ကံစွမ်းအားကိုသာ ရရှိလိမ့်မည် ဖြစ်၏။ သို့သော် ကံမကောင်းစွာဖြင့် သူ့ကို သတ်ရန် မလွယ်ကူကြောင်း လုယန်ဟွာ မကြာမီ တွေ့ရှိသွားလိမ့်မည်။
နတ်ဝိညာဉ်ထီး ရှိနေသဖြင့် လုယန်ဟွာဘက်မှ ကောင်းကင်ဧကရာဇ်တစ်ပါး ပါမလာပါက ရှနိုင်ငံတော် အုပ်ချုပ်သည့် ကြယ်နယ်မြေအတွင်းသို့ပင် ဝင်ရောက်နိုင်မည် မဟုတ်ချေ။ သူ့ကို သတ်ရန်က ပို၍ပင် ဝေးသေးသည်။
လုယန်ဟွာ ရှနိုင်ငံတော်ကို အနိုင်တိုက်နိုင်မည် မဟုတ်ကြောင်း သိသော်လည်း ကြိုတင်ပြင်ဆင်ထားရန် လုချန်း ဆုံးဖြတ်လိုက်၏။ အကယ်၍ လုယန်ဟွာ ကိုယ်တိုင် ရှနိုင်ငံတော်ကို တိုက်ခိုက်ရန် လာခဲ့လျှင် လုယန်ဟွာကို ဖမ်းဆီးနိုင်မည့် အခွင့်အရေးကို သူ ရယူနိုင်မည်ဖြစ်ပြီး သူ့ထံမှ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ပြန်လည် သိမ်းယူနိုင်လိမ့်မည်။ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး လုယန်ဟွာ၏ လက်ထဲ ရှိနေသလား ဆိုတာကတော့ မသေချာသေးပေ။
ထိုသို့တွေးတောရင်း ထျန်းချန်ကမ္ဘာရှိ လုချန်း၏ ပင်မခန္ဓာသည် ချူးယွမ်ကျိနှင့် ခွဲခွာလိုက်ကာ ရှနိုင်ငံတော်၏ ကျင့်ကြံသူများ အစည်းအဝေးကို ချက်ချင်းပင် ခေါ်ယူလိုက်သည်။ အင်အားကြီးအဖွဲ့အစည်းတစ်ခုက သူတို့ကို တိုက်ခိုက်ရန် ရည်ရွယ်နေသည်ကို ကြားလျှင် ရှနိုင်ငံတော်မှ ဧကရာဇ်လောင်းများ စိုးရိမ်သောက ရောက်သွားကြ၏။
သို့သော် သူတို့တွင်လည်း သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျွမ်းကျင်သည့် ဧကရာဇ်အဆင့်တစ်ပါး ရှိနေသည်ကို ချက်ချင်း သတိရသွားကြသည်။ စစ်ပွဲဖြစ်ပွားပါက ရှနိုင်ငံတော်သည် တစ်ဖက်အုပ်စုထက် အင်အား နိမ့်ကျ နေလိမ့်မည် မဟုတ်ပေ။
……………
အခန်း (၁၄၃၄ )
ပေရှုဟွာ
ရှနိုင်ငံတော်ကို လုချန်းက တည်ထောင်ခဲ့သော်လည်း ကျင့်ကြံသူ အမြောက်အမြားကတော့ ထျန်းဟုန် ဧကရီ၏ စွမ်းအားကို ပို၍ ယုံကြည်သည့်ဘက်သို့ ယိမ်းကြသည်။ ထျန်းဟုန် ဧကရီသည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့်ဖြစ်၏။
သို့သော် ထိုအရာများကို လုချန်း အရေးတယူ ဂရုမစိုက်ပေ။ ရှနိုင်ငံတော်မှ လူများ သူ့ကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ထိုအရာက အရေးကြီးသည့် ကိစ္စမဟုတ်ပေ။ အကြောင်းမှာ ထျန်းဟုန် ဧကရီသည်လည်း သူ၏ အမျိုးသမီး ဖြစ်နေသောကြောင့် ဖြစ်သည်။ သူတို့သည် လင်မယားအဖြစ် တစ်သားတည်း ဖြစ်နေကြသဖြင့် ထျန်းဟုန် ဧကရီကို ယုံကြည်ခြင်းက သူ့ကို ယုံကြည်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
တကယ်တော့ နတ်ဝိညာဉ်ထီး ရှိနေသရွေ့ သူတို့က သူ့ကို မယုံကြည်သဖြင့် ရှနိုင်ငံတော်ကို သစ္စာဖောက်ချင်လျှင်ပင် ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။ ရှနိုင်ငံတော်ကို အခြားကြယ်နယ်မြေများမှ ခွဲထုတ်ရန်အတွက် နတ်ဝိညာဉ်ထီး၏ စွမ်းအားကို လုချန်း အသုံးပြုခဲ့ပြီး ဖြစ်သည်။ အပြင်သို့ ထွက်ရန် သို့မဟုတ် အတွင်းသို့ ဝင်ရန်အတွက် နတ်ဝိညာဉ်ထီးဖြင့် တည်ဆောက်ထားသော အကာအကွယ်ကို ဖောက်ထွက်ရမည် ဖြစ်သည်။ မဟုတ်လျှင်မူ ၎င်းအကာအကွယ်ရှေ့တွင် ကြောင်စီစီနှင့်သာ ရပ်နေနိုင်မည် ဖြစ်သည်။
……..
ခန်းမဆောင်ကြီးတစ်ခုအတွင်း၌။
လုချန်းက အစည်းအဝေး တက်ရောက်လာသူများကို တစ်ချက် ကြည့်လိုက်ပြီး
“ခင်ဗျားတို့ ပြောစရာရှိတာရှိရင် အခု ပြောနိုင်တယ်။”
ထိုအရာကို ကြားလျှင် ဧကရာဇ်လောင်းတစ်ဦးက
“မင်းကြီး... ကျွန်တော်တို့ကပဲ အရင်စတိုက်ရမလား။ ဒါမှမဟုတ် ခံစစ်ပြင်ပြီး ရန်သူလာမှာကိုပဲ စောင့်ရမလား”
ရှနိုင်ငံတော်တွင် သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ်အဆင့်တစ်ဦး ရှိနေသောကြောင့် လူ အမြောက်အမြားက ယုံကြည်မှု ရှိနေကြသည်။ အချို့က တိုက်စစ်ဆင်ရန်ပင် စဉ်းစားနေကြသည်။
ထိုမေးခွန်းကို ကြားလျှင် လုချန်းက ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
“ကျုပ်တို့က ခံစစ်ကိုပဲ အဓိကထားရမယ်။ ရှန်ယွဲ့နိုင်ငံမှာ လူသိရှင်ကြား ဧကရာဇ်အဆင့် ဆယ်ဂဏန်းကျော်ရှိသလို လျှို့ဝှက်ထားတာတွေလည်း ရှိနိုင်တယ်။ သူတို့နဲ့ ထိပ်တိုက်တွေ့ဖို့ မလိုဘူး။”
“ရှနိုင်ငံတော်ထဲမှာပဲ နေသရွေ့ကတော့ ကောင်းကင်ဧကရာဇ်တစ်ယောက် မပါပဲနဲ့ ကျုပ်ချထားတဲ့ ကန့်သတ်ချက် အကာအကွယ်တွေကို ရှန်ယွဲ့နိုင်ငံက ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။”
အကာအကွယ်များအကြောင်း ပြောရင်း လုချန်း ခဏ ရပ်လိုက်၏။
“ရှနိုင်ငံတော် ပတ်ပတ်လည်က ကန့်သတ်ချက်တွေအကြောင်း ခင်ဗျားတို့လည်း အခုလောက်ဆို သိလောက်ပြီ မဟုတ်ဘူးလား။”
ခန်းမဆောင်အတွင်းရှိ လူအားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် လုချန်းထံသို့ အကြည့်များ ရောက်ရှိသွားကြသည်။ ထိုကန့်သတ်ချက် တည်ရှိနေသည်ကို သူတို့ တကယ်ပင် သတိထားမိခဲ့ကြပေ။ ယခုလောလောဆယ်၌ နဂါးတပ်ဖွဲ့မှ စစ်သည်များမှလွဲ၍ မည်သူမှ ရှနိုင်ငံတော်မှ ထွက်ခွာ၍ မရသလို ပြင်ပလူများလည်း ဝင်ရောက်၍ မရပေ။
ထိုအခိုက်အတန့်တွင် ခန်းမ၏ ညာဘက်ခြမ်း၌ ထိုင်နေသော ပေရှုဟွာက
“မင်းကြီး... ဒီကန့်သတ်ချက်က တကယ်ပဲ ဧကရာဇ်အဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာလား”
လုချန်းက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။
“တိတိကျကျ ပြောရရင်တော့ ရန်သူက ကောင်းကင်ဧကရာဇ် မဟုတ်သရွေ့ ဘယ်လို ဧကရာဇ်အဆင့်မျိုးရဲ့ တိုက်ခိုက်မှုကိုမဆို တားဆီးနိုင်တယ်။ ရှနိုင်ငံတော်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ဖို့ မဖြစ်နိုင်ဘူး။”
ထိုစကားများနှင့်အတူ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာသည်။
လုချန်း ပြောသည့်အတိုင်း အမှန်ဖြစ်လျှင် ရှနိုင်ငံတော်သည် မည်သို့မှ တိုက်ခိုက်၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိသွားပြီ မဟုတ်ပါလား။
သို့သော် ရှဧကရာဇ်က ထိုမျှ အစွမ်းထက်သော ကန့်သတ်ချက်ကို တကယ် ချမှတ်နိုင်ပါ့မလား။
ထိုအချိန်တွင် ကျန်းချင်းဖုန်းက
“မင်းကြီး ချမှတ်ထားတဲ့ ကန့်သတ်ချက်ကို စမ်းသပ်ပြီးပါပြီ။ ဧကရာဇ်အဆင့် နှစ်ဦးက အဲ့ဒါကို ဖောက်ထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပေမဲ့ အကာအကွယ်ကို မဖောက်နိုင်ခဲ့ကြပါဘူး။”
ပြောဆိုရင်း ကျန်းချင်းဖုန်းက လက်ကို မြှောက်လိုက်ရာ ခန်းမအတွင်း၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ပုံရိပ်ထဲတွင် ဧကရာဇ် နိယာမကိုယ်ထည်တစ်ခုက ဖုန်းယန်ကြယ်နယ်မြေကို မနားတမ်း တိုက်ခိုက်နေသော်လည်း တိုက်ခိုက်မှုတိုင်းသည် အပြာရောင် အကာအကွယ်တစ်ခု၏ တားဆီးခြင်းကို ခံနေရသည်။ အကာအကွယ်ကတော့ ထိခိုက်မှု တစ်စုံတစ်ရာ မရှိပေ။
ထို့နောက် မြင်ကွင်း ပြောင်းသွားသည်။ အနက်ရောင်ဝတ်စုံဝတ် ဧကရာဇ်အဆင့်တစ်ဦးက ဖုန်းယန်ကြယ်နယ်မြေကို တိုက်ခိုက်နေသည်ကို တွေ့ရသော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်ပြီး အကာအကွယ်ကို မည်သို့မှ သက်ရောက်မှု မရှိပေ။ အကာအကွယ်၏ ထိရောက်မှုကို ကိုယ်တိုင် မြင်တွေ့လိုက်ရလျှင် ခန်းမအတွင်းရှိ လူများလည်း ရှန်ယွဲ့နိုင်ငံကို အနိုင်ယူရန် ပို၍ ယုံကြည်မှု ရှိလာကြသည်။
ကျန်းချင်းဖုန်းက ပုံရိပ်ယောင်ကို ပြန်သိမ်းလိုက်ပြီးနောက် လုချန်းက
“တခြား ဘာစဉ်းစားထားတာ ရှိသေးလဲ။ မရှိရင်တော့ ပြန်ပြီး ပြင်ဆင်ကြပါတော့။”
လူတိုင်း တစ်ဦးကိုတစ်ဦး ထပ်မံ ကြည့်လိုက်ကြသည်။ မည်သူမှ ထပ်မံ မပြောတော့သည်ကို မြင်လျှင် အားလုံးက ပြိုင်တူ ထရပ်လိုက်ကြပြီး
“ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး”
ဂါရဝပြုပြီးနောက် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြတော့သည်။ သို့သော် အားလုံး လှည့်ထွက်သွားချိန်တွင် လူတစ်ဦးက လုချန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ထွက်ခွာရန် ပြင်နေသော ပေထျန်းလုလည်း တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ သူ လှည့်ကြည့်လိုက်ရာ ပေရှုဟွာက လုချန်းကို ချီတုံချတုံ ဖြစ်နေသည့် အကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ထိုမြင်ကွင်းကို မြင်လျှင် ပေထျန်းလုလည်း ဖြစ်ပျက်နေသည့်အရာကို ချက်ချင်း နားလည်သွား၏။ သူသည် ပြုံးလျက် လှည့်ထွက်ကာ ခန်းမအတွင်းမှ အမြန် ထွက်ခွာသွားတော့သည်။
အားလုံး ထွက်သွားပြီးနောက် ခန်းမဆောင်ကြီးအတွင်းတွင် လုချန်းနှင့် ပေရှုဟွာတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ပေရှုဟွာသည် ဘာစကားမှ မပြောပဲ လုချန်းကိုသာ ဆက်ကြည့်နေ၏။ ပေရှုဟွာက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လျှင် မိမိ၏ ပင်မကိုယ် မကြာမီ အလုပ်ရှုပ်တော့မည် ဖြစ်ကြောင်း လုချန်း နားလည်လိုက်သည်။
ယနေ့တွင် ပေရှုဟွာသည် အစိမ်းရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခါးတွင် လှပသော ကြာပန်းခါးပတ်ကို ပတ်ထားရာ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အား ပေါ်လွင်နေစေသည်။ ပိုးထည်ဝတ်စုံသည် သူမ၏ ခန္ဓာကိုယ်တွင် ကပ်နေပြီး အတွင်းမှ အသားကို မြင်နေနိုင်စေသည်။ သူမ၏ ဆံပင်ကို ထုံးဖွဲ့ထားပြီး ဆံနွယ်အချို့သည် ပုခုံးပေါ်သို့ ဝဲကျနေကာ နူးညံ့သိမ်မွေ့သော ပုံစံမျိုး ပေါက်နေသည်။
လုချန်းက ပြုံးလျက်
“ရှုဟွာ... မင်း စိတ်ထဲမှာ တစ်ခုခုရှိနေတာလား”
ပေရှုဟွာ ချက်ချင်း ပြန်မတုံ့ပြန်ပေ။ သူမ၏ မျက်နှာတွင် အတွေးများဖြင့် ရုန်းကန်နေရသည့် အရိပ်အယောင်များ ပေါ်နေသည်။ တကယ်တော့ လုချန်းအပေါ် ထားရှိသော သူမ၏ ခံစားချက်ကို သူမကိုယ်တိုင်လည်း သေချာ မသိပေ။ အချစ်လား ဆိုတော့လည်း မဟုတ်ဟု ခံစားရ၏။ ကျေးဇူးတင်မှုက ပိုများနေသည်။
လုချန်း၏ များပြားလှသော အကူအညီများကို ပြန်ဆပ်ရန်အတွက် သူမကိုယ်သူမ ပေးအပ်သင့်သလား ဆိုတာကို သူမက နှစ်အတော်ကြာ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ အဆင့်အတန်းအရ ချစ်မှုရေးရာ ကိစ္စများက အထူးတလည် အရေးမကြီးပေ။
လုချန်းနှင့် နီးစပ်ရခြင်းကို သူမ၏ စိတ်ထဲတွင် ငြင်းဆန်လိုခြင်းမျိုး မရှိခဲ့ပေ။ သို့သော် လုချန်းတွင် အမျိုးသမီး အမြောက်အမြား ရှိနေပြီး သူမကဲ့သို့ နောက်ထပ်တစ်ဦး မလိုအပ်တော့ဟု တွေးမိသောကြောင့် သူမ စိတ်မချသလို ချီတုံချတုံ ဖြစ်နေသည်။ သူမကိုယ်သူမ လိုလိုလားလား ပေးအပ်ရန် လိုအပ်ပါ့မလား။
ပေရှုဟွာ၏ စိတ်ထဲမှာ ဝေခွဲမရ ဖြစ်နေပြီး သူမအတွက် သတ္တိ အနည်းငယ်သာ လိုအပ်ကြောင်း လုချန်း သိလိုက်သည်။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးက သူမကို တွန်းအားပေးရန် လိုအပ်၏။
ထိုအတွေးနှင့်အတူ လုချန်းလည်း ခဏခန့်ပင် မတွေဝေတော့ပဲ ပေရှုဟွာ၏ ရှေ့တည့်တည့်တွင် ပေါ်လာလိုက်သည်။ သူ ချက်ချင်း ပေါ်လာခြင်းကြောင့် ပေရှုဟွာမှာ ခဏခန့် ကြောင်သွား၏။
သူမ အလိုလိုနောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း လုချန်းက ရုတ်တရက် လက်လှမ်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ မြဲမြံစွာ ဆွဲသွင်းလိုက်သည်။
ပေရှုဟွာ ရုန်းကန်ရန် ကြိုးစားသော်လည်း မတွန်းလှန်နိုင်မှန်း သိလိုက်ရသည်။ လုချန်း၏ သန်မာသော လက်များက သူမ၏ သွယ်လျသော ခါးကို ဖက်ထားသောကြောင့် သူ့ကို တွန်းထုတ်ရန် အင်အားမဲ့သွားခဲ့သည်။
လုချန်း ခေါင်းကို အနည်းငယ် ငုံ့လိုက်၏။ သူ၏ စူးရှသော အကြည့်များက ပေရှုဟွာ၏ မျက်လုံးများနှင့် ဆုံသွားသည်။
“ရှုဟွာ... ကိုယ့်အမျိုးသမီး လုပ်ပါလား။”
ပေရှုဟွာကို အနည်းငယ် တက်တက်ကြွကြွ ချဉ်းကပ်လိုက်ရုံနှင့် သူမ သဘောတူမည် ဖြစ်ကြောင်း သိသောကြောင့် စကားလုံးကြီးများကို ရှောင်ကြဉ်ကာ တိုက်ရိုက်ပင် တိုက်တွန်းလိုက်သည်။
သတိပြန်ဝင်လာလျှင် ပေရှုဟွာက လုချန်းကို တည်ငြိမ်စွာ ကြည့်လျက်
“ဒါက မင်းကြီးရဲ့ အမိန့်လား”
လုချန်းက ပြုံးပြီး
“အဲ့ဒီလိုလည်း တွေးနိုင်ပါတယ်”
ပေရှုဟွာက
“အဲဒီလိုဆိုရင်တော့ ကျွန်မမှာ ရွေးချယ်စရာ မရှိတော့ဘူးပေါ့။”
လုချန်းက
“ မှန်တယ်။ ကိုယ် မင်းကို စမြင်ကတည်းက မင်း ကိုယ့်လက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။”
ပေရှုဟွာက
“မင်းကြီးက တကယ့်ကို အနိုင်ကျင့်တတ်တာပဲ။ မင်းကြီးရဲ့ အမျိုးသမီးတွေအားလုံးကိုလည်း ဒီလိုပဲ သိမ်းပိုက်ခဲ့တာ ဖြစ်မှာပါ။”
ထိုအခိုက်အတန့်တွင် လုချန်း၏ လက်သည် ပေရှုဟွာ၏ ကိုယ်ပေါ်သို့ တဖြည်းဖြည်း ရွေ့လျားသွား၏။
“တချို့ကတော့ ဟုတ်တယ်...တချို့ကျတော့လည်း မဟုတ်ဘူးပေါ့။”
…………..