← Chapters

အခန်း (၁၄၃၈-၁၄၄၀)

Vol. 96 Ch. 1438-1440

အခန်း (၁၄၃၈-၁၄၄၀)

Vol. 96 Ch. 1438-1440

အခန်း (၁၄၃၈)

ရှန်ယွဲ့မင်းသား

ရန်ယန်နိုင်ငံက လူတစ်ယောက်ကို ဤနေရာသို့ အဘယ်ကြောင့် စေလွှတ်လိုက်သည်ကို လုချန်း အကြမ်းဖျင်း ခန့်မှန်းမိပြီးသား ဖြစ်သည်။

ထိုစဉ် ငွေလမင်း ဧကရာဇ်လောင်းက ဆက်လက်၍

“ရှန်ယွဲ့နိုင်ငံက ရှနိုင်ငံကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ သူတို့က ရှနိုင်ငံတစ်ခုတည်းကိုပဲ ပစ်မှတ်ထားမှာ မဟုတ်ပါဘူး။ ရှန်ယွဲ့စစ်တပ် ဖြတ်သန်းသွားတဲ့ နေရာတိုင်းမှာ ပျက်စီးခြင်းတွေပဲ ကျန်ရစ်မှာပါ။ သူတို့လမ်းကြောင်းပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမဆို ရှန်ယွဲ့စစ်တပ်ရဲ့ ချေမှုန်းခြင်းကို ခံရမှာပါ။”

ထိုသို့ပြောပြီးနောက် ငွေလမင်း ဧကရာဇ်လောင်းလည်း ခဏခန့် ရပ်နားကာ လုချန်း၏ တုံ့ပြန်မှုကို အကဲခတ်လိုက်၏။ အတွေးထဲနစ်မြောနေသော လုချန်းကို မြင်လျှင် ငွေလမင်း ဧကရာဇ်လောင်းက သတိကြီးစွာဖြင့် စကားဆက်လိုက်ပြန်၏။

“တကယ်တော့ ရှန်ယွဲ့နိုင်ငံရဲ့ ပစ်မှတ်ဟာ သူတို့ရဲ့ မင်းသားပဲ ဖြစ်ပါတယ်။ အကယ်၍ ရှနိုင်ငံက အဲ့ဒီမင်းသားကို လွှဲပြောင်းပေးနိုင်မယ်ဆိုရင်...”

ဤနေရာတွင် ငွေလမင်း ဧကရာဇ်လောင်းက စကားကို တစ်ချက်ရပ်ကာ လုချန်း၏ တုံ့ပြန်မှုကို ထပ်မံကြည့်ရှုလိုက်၏။ လုချန်းဆက် ပြုံးနေသေးသည်ကိုသာ တွေ့လိုက်ရသဖြင့် တစ်ခုခု မှားယွင်းနေပြီဟု ငွေလမင်း ဧကရာဇ်လောင်း စိတ်ထဲ ခံစားလိုက်ရ၏။

လက်ရှိတွင် ရှန်ယွဲ့နိုင်ငံ၏ ကိုးယောက်မြောက်မင်းသားသည် ရှနိုင်ငံ၏ ဧကရာဇ်ဖြစ်ကြောင်းကို စကြဝဠာထဲ၌ လူနည်းစုသာ သိကြသည်။ ထို့ကြောင့် အချို့သော နိုင်ငံများအတွက် ထိုမင်းသားဆိုသူမှာ ရှနိုင်ငံကို အားကိုး၍ ရှနိုင်ငံအတွင်း၌ ပုန်းအောင်းနေသူဟုသာ ထင်မှတ်နေကြသည်။

အကယ်၍ ရှနိုင်ငံက ကိုးယောက်မြောက်မင်းသားကို လွှဲပြောင်းပေးနိုင်လျှင် ရှန်ယွဲ့စစ်တပ် ကိုယ်တိုင်လာရန် မလိုတော့ပေ။ ထိုအခါလမ်းကြောင်းတစ်လျှောက်ရှိ ကြယ်နယ်မြေများ ခံစားရမည့် ဒုက္ခများမှလည်း ကင်းဝေးသွားမည် ဖြစ်သည်။

တကယ်တော့ ထိုအရာက သူတို့၏ တစ်ဖက်သတ် အတွေးသာ ဖြစ်၏။ လုချန်းကိစ္စ ပါဝင်ခြင်း မရှိခဲ့လျှင်လည်း လုယန်ဟွာက စစ်ပွဲကို စတင်မည်သာ ဖြစ်သည်။ ထိုအရာက အနှေးနှင့်အမြန် ဖြစ်လာမည်သာ ဖြစ်၏။

လုချန်းက တိုက်ရိုက်ပင်

“ကျုပ်က ရှန်ယွဲ့နိုင်ငံရဲ့ ကိုးယောက်မြောက်မင်းသားပဲ။ ကျုပ်ကို လွှဲပြောင်းပေးဖို့ ခင်ဗျားတို့က ရည်ရွယ်နေတာလား”

ငွေလမင်း ဧကရာဇ်လောင်း၏ နှလုံးတစ်ချက် ရပ်တန့်သွား၏။

သွားပြီ...

သူတို့ တကယ့်လူနှင့်တိုးနေပြီ။

ရှန်ယွဲ့နိုင်ငံ၏ ကိုးယောက်မြောက်မင်းသားသည် သူတော်စင်အဆင့်သာ ရှိကြောင်း သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။

ထိုအရာကို တွေးတောလျက် ငွေလမင်း ဧကရာဇ်လောင်းက လုချန်းကို တစ်ချက် ထပ်ကြည့်လိုက်၏။ သူ့ရှေ့ရှိလူသည် အမှန်တကယ်ပင် သူတော်စင်အဆင့်၌သာ ရှိပုံရသည်။ သို့သော် အင်ပါယာ နိုင်ငံတစ်ခု၏ ဧကရာဇ်ဖြစ်လာနိုင်သူက သူတော်စင်အဆင့်မည်သို့ဖြစ်နိုင်မည်နည်း။

ငွေလမင်း ဧကရာဇ်လောင်းက

“ဒီကိစ္စကို ကျွန်တော်တို့ မင်းကြီးထံ အစီရင်ခံရမှာမို့လို့ ခင်ဗျားကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး”

ဟု ချက်ချင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ငွေလမင်း ဧကရာဇ်လောင်းသည် အနောက်မှ နတ်လှေများနှင့်အတူ အလွန်ပျာပျာသလဲ ဖြစ်လျက် ထွက်ခွာသွားတော့၏။ အသက်လု၍ ထွက်ပြေးနေသည့် အလားပင်။

သူတို့၏ နောက်ကျောကို ကြည့်ရှုရင်း ဧကရာဇ် တန်ယန်က

“မင်းကြီး အဲ့ဒီလူက မင်းကြီးကို စော်ကားလိုက်တာပါ။ သူတို့အားလုံးကို ကျွန်တော် ရှင်းပစ်လိုက်ရမလား။”

လုချန်းက

“မလိုပါဘူး...သူတို့ကို သတင်းစကား ပြန်ပေးခိုင်းလိုက်ပါ”

ဟု ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

အခြားသော နိုင်ငံများသည် ရှန်ယွဲ့စစ်တပ် မရောက်လာမီ ရှနိုင်ငံကို တိုက်ခိုက်ပြီး သူ့အား ရှန်ယွဲ့နိုင်ငံထံ လွှဲပြောင်းပေးရန် ကြိုးစားလာကြလိမ့်မည်ဟု လုချန်း ကြိုတင်ခန့်မှန်းပြီးသား ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရှန်ယွဲ့နိုင်ငံက သူတို့အား တိုက်ခိုက်မည့်လာမည့် အရေးကို ရှောင်ရှားနိုင်မည်ဟု သူတို့ ယူဆထားကြ၏။

ချီးကျူးဖွယ် အတွေးပင်...

ရှန်ယွဲ့စစ်တပ် သူတို့နယ်မြေသို့ မရောက်မီ ရှနိုင်ငံကို သိမ်းပိုက်နိုင်မည့် အင်အားမျိုး သူတို့တွင် ရှိမရှိကို ယခု စောင့်ကြည့်ရပေမည်။ လုချန်းက ဧကရာဇ် တန်ယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းချင်းဖုန်းကို

“ကွေးရီဂိုဏ်းကို အထီးကျန် မီးအိမ် ကြယ်နယ်မြေ ခေါ်သွားလိုက်ပါ။”

ကျန်းချင်းဖုန်းက

“ဟုတ်ကဲ့ပါ မင်းကြီး”

သူ့အသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လုချန်းလည်း ထိုနေရာမှ ပျောက်ကွယ်သွား၏။ ဧကရာဇ် တန်ယန်နှင့် ကွေးရီဂိုဏ်းဝင်များလည်း ဟင်းလင်းပြင်သို့ ဦးညွှတ်ကာ

“မင်းကြီးကို နှုတ်ဆက်ပါတယ်”

ထို့နောက် ချက်ချင်းပင် အထီးကျန် မီးအိမ် ကြယ်နယ်မြေသို့ ကွေးရီဂိုဏ်းကို ကျန်းချင်းဖုန်း ဦးဆောင်ခေါ်သွားလိုက်သည်။ ချူးယွမ်ကျိသည် ကွေးရီဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်သောကြောင့် လမ်းတစ်လျှောက်တွင် ဧကရာဇ် တန်ယန်က သူမ အကြောင်းကိုသာ အဆက်မပြတ် စုံစမ်းနေခဲ့သည်။ လုချန်းနှင့် သူမ၏ ပတ်သက်မှု အဆင့်အတန်း မြင့်မားလေလေ ရှနိုင်ငံအတွင်း ကွေးရီဂိုဏ်း၏ အဆင့်အတန်း ပိုမြင့်မားလေလေ ဖြစ်ပေလိမ့်မည်။

ဧကရာဇ် တန်ယန်က ပြုံးလျက်

“ခင်ဗျားရဲ့ နာမည်ကို သိပါရစေ”

ဟု ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

ကျန်းချင်းဖုန်းက

“ကျွန်တော့်နာမည်က ကျန်းချင်းဖုန်းပါ။ အကြီးအကဲက ကျွန်တော့်ကို ရှောင်ကျန်းလို့ခေါ်နိုင်ပါတယ်။”

ကျန်းချင်းဖုန်းသည် ကွေးရီဂိုဏ်းနှင့် အလွန် ရင်းနှီးခြင်း မရှိသော်လည်း ရှဧကရာဇ် ကိုယ်တိုင် လက်ခံတွေ့ဆုံသူ မှန်သမျှ အရေးကြီးမှာ သေချာ၏။ ထို့ပြင် ကွေးရီဂိုဏ်း၏ နတ်လှေ အမြောက်အမြားနှင့် သူခံစားမိသော ဧကရာဇ်အဆင့် အငွေ့အသက်များစွာအရ ကွေးရီဂိုဏ်း၏ စုစုပေါင်းအင်အားသည် ရှနိုင်ငံတော်နှင့်ပင် ယှဉ်နိုင်ကြောင်း သိသာနေသည်။

ကွေးရီဂိုဏ်း၏ ဂိုဏ်းချုပ်ရှေ့တွင် သူ နှိမ့်ချနေရမည် ဖြစ်သည်။ ကျန်းချင်းဖုန်းသည် ဧကရာဇ်လောင်း တစ်ဦး ဖြစ်နေပြီ ဖြစ်သောကြောင့် ဧကရာဇ် တန်ယန်က သူ့အား ရှောင်ကျန်းဟု မခေါ်ဝေါ်ဘဲ သင့်လျော်သလိုသာ ဆက်ဆံလိုက်သည်။

ထို့နောက် ဧကရာဇ် တန်ယန်က

“ချင်းဖုန်း... ခင်ဗျား ချူးယွမ်ကျိအကြောင်း ကြားဖူးလား။”

ထိုအရာကို ကြားလျှင် ကျန်းချင်းဖုန်းက

“မိဖုရားကြီး ချူးကို ပြောတာလား။ ကျွန်တော်ကြားဖူးပါတယ်။”

“မိဖုရားကြီး” ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ဧကရာဇ် တန်ယန် အနည်းငယ် အံ့အားသင့်သွား၏။

မိဖုရားကြီး အဆင့်ပဲလား။

မိဖုရားခေါင်ကြီး မဖြစ်သင့်ဘူးလား။

သူတို့၏ အကြီးအကဲချုပ်သည် လုချန်းထံတွင် မြင့်မားသော အဆင့်အတန်း မရှိပုံမရပေ။

ဧကရာဇ် တန်ယန်က ဆက်လက်၍

“မိဖုရားကြီး ချူးအပေါ် မင်းကြီးရဲ့ ခံစားချက်က ဘယ်လိုလဲ။”

ကျန်းချင်းဖုန်းက ဧကရာဇ် တန်ယန်ကို သံသယဖြင့် တစ်ချက်ကြည့်လိုက်ပြီး

“အကြီးအကဲက ဒီကိစ္စကို ဘာကြောင့် စုံစမ်းနေတာလဲ”

ဟု ပြန်မေးလိုက်၏။

ဧကရာဇ် တန်ယန်က

“မိဖုရားကြီးချူးက ကျုပ်တို့ ကွေးရီဂိုဏ်းရဲ့ အကြီးအကဲချုပ် ဖြစ်သလို အခုလည်း ဂိုဏ်းရဲ့ သူတော်စင်မအဖြစ် ပြန်လည် မွေးဖွားလာသူပါ။ ဒါကြောင့် သူရဲ့ အကြောင်းတွေကို သိချင်ရတာပါ။”

ကျန်းချင်းဖုန်းက

“နားလည်ပါပြီ။ အကြီးအကဲ စိတ်မပူပါနဲ့။ မင်းကြီးရဲ့ အမျိုးသမီးတွေ အားလုံးက မင်းကြီးနဲ့ ချစ်ခင်တဲ့ ဆက်ဆံရေး ရှိကြပါတယ်။ နောက်ပြီး မင်းကြီးမှာ ကိုယ်ပွားတွေ အမြောက်အမြား ရှိတဲ့အတွက် မိဖုရားတွေကြားထဲမှာ ပြိုင်ဆိုင်မှုတွေ မရှိပါဘူး။ မိဖုရားဆောင်က အရမ်းကို သဟဇာတ ဖြစ်ပါတယ်။”

ဧကရာဇ် တန်ယန်က

“ရှနိုင်ငံတော်ရဲ့ မိဖုရားခေါင်က ဘယ်လို ကျင့်စဉ်အဆင့် ရှိသလဲ”

ဟု ဆက်၍ စုံစမ်းပြန်၏။

ကျန်းချင်းဖုန်းက

“အကြီးအကဲက မယ်တော်ကြီးအကြောင်းကို မေးနေတာလား။”

ဧကရာဇ် တန်ယန်က ဇဝေဇဝါဖြင့်

“မယ်တော်ကြီး ဟုတ်လား”

ကျန်းချင်းဖုန်းက

“လက်ရှိ ရှနိုင်ငံတော်ရဲ့ ဧကရာဇ်ကတော့ မင်းကြီးရဲ့ အကြီးဆုံးသားတော် ဖြစ်ပါတယ်။ မင်းသားက အခု နိုင်ငံရဲ့ အရှင်သခင် အဖြစ် ရှိနေတာပါ။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်က ရှနိုင်ငံတော်ကို တည်ထောင်သူ ဖြစ်တဲ့အတွက် မင်းဆက်ကံစွမ်းအားကိုတော့ သူကပဲ ထိန်းချုပ်ထားတုန်းပါပဲ။”

ဧကရာဇ် တန်ယန် နားလည်သွား၏။

“ဒါဆိုရင် မယ်တော်ကြီးက ဘယ်လို ကျင့်စဉ်အဆင့် ရှိသလဲ”

ဧကရာဇ် တန်ယန်၏ ရည်ရွယ်ချက်ကို ကျန်းချင်းဖုန်း ရိပ်မိသွားသည်။

“မိဖုရားဆောင် အတွင်းမှာ အာဏာလုမှုတွေ မဖြစ်အောင် ကောင်းကင်ဧကရာဇ်က မိဖုရားခေါင် ရာထူးကို ပယ်ဖျက်ထားပါတယ်။ အခုမင်းကြီးရဲ့ မိဖုရားဆောင်မှာ မိဖုရားနဲ့ မိဖုရားကြီး အဆင့်ပဲရှိပါတယ်။”

ထို့နောက် ကျန်းချင်းဖုန်းက

“အကြီးအကဲ....ကောင်းကင်ဧကရာဇ်က ထီးနန်းရေးရာတွေမှာ ဝင်ရောက် စွက်ဖက်တာကို အင်မတန် မုန်းတီးပါတယ်”

ဟု အကြံပြုလိုက်သည်။

ထိုစကားကို ကြားသောအခါ ဧကရာဇ် တန်ယန်က အသာအယာ ပြုံးလိုက်ပြီး

“ကျုပ်က ဒီလိုပဲ မေးကြည့်တာပါ”

ဧကရာဇ် တန်ယန်သည် ချူးယွမ်ကျိ မိဖုရားခေါင် ဖြစ် မဖြစ်ကို ဂရုစိုက်နေခြင်း မဟုတ်ပေ။ လုချန်း၏ မိဖုရားဆောင်ကို စီမံခန့်ခွဲသူများကြောင့် သူမ ဒုက္ခရောက်မည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။ ယခု ချူးယွမ်ကျိသည် လုချန်း၏ မိဖုရားဆောင်တွင် သင့်တင့်သော အဆင့်အတန်းတစ်ခု ရရှိထားသည်ဖြစ်ရာ သူ စိတ်ပူစရာ မလိုတော့ပေ။

…….

ခမ်းနားထည်ဝါသော ခန်းမကြီးအတွင်း၌ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ဧကရာဇ်အဆင့် အသီးသီး၏ နိယာမ ပုံရိပ်များသည် ခန်းမအလယ်တွင် ရပ်နေကြပြီး ပုံရိပ်ဖမ်းကျောက်တုံးမှ ထုတ်လွှင့်ပြသနေသော ပုံရိပ်ယောင်ကို ကြည့်ရှုနေကြသည်။ ထိုပုံရိပ်ယောင်တွင် ဟင်းလင်းပြင်အတွင်း၌ ငွေလမင်း ဧကရာဇ်လောင်းနှင့် လုချန်းတို့ စကားပြောနေသည့် မြင်ကွင်းကို ပြသနေသည်။

လုချန်းနှင့် ငွေလမင်း ဧကရာဇ်လောင်းတို့၏ အပြန်အလှန် ဆက်ဆံမှုအားလုံးကို ကြည့်ရှုပြီးနောက် ဧကရာဇ်အဆင့် တစ်ဦးက မျက်မှောင်ကြုတ်လိုက်၏။

“ဒါက ပြဿနာပဲ။ ရှနိုင်ငံတော်ရဲ့ ဧကရာဇ်က ရှန်ယွဲ့နိုင်ငံရဲ့ ကိုးယောက်မြောက်မင်းသား ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။”

သူတို့၏ မူလ အစီအစဉ်က ရှနိုင်ငံတော်အား ရှန်ယွဲ့နိုင်ငံ၏ ကိုးယောက်မြောက်မင်းသားကို လွှဲပြောင်းပေးရန် အကျပ်ကိုင်ဖို့ ဖြစ်သည်။ သို့မှသာ ရှန်ယွဲ့နိုင်ငံက သူတို့အား တိုက်ခိုက်မည် မဟုတ်ပေ။ မင်းသားကို လွှဲပြောင်းပေးလိုက်ခြင်းဖြင့် ရှန်ယွဲ့နိုင်ငံက သူတို့ကဲ့သို့ အစွန်အဖျား နေရာများသို့ စစ်တပ်စေလွှတ်ရန် မလိုတော့ပေ။

သူတို့၏ နိုင်ငံ ဆယ်နိုင်ငံ ပူးပေါင်းလိုက်လျှင် ရှနိုင်ငံတော်ကို အလွယ်တကူ ခြိမ်းခြောက်နိုင်မည်ဟု သူတို့ ယုံကြည်ထားကြပေသည်။ သို့သော်လည်း ရှနိုင်ငံတော်၏ ဧကရာဇ်က လုချန်း ဖြစ်နေပါက အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။ ရှန်ယွဲ့နိုင်ငံက သူ့အား သတ်ရန် ကြိုးစားနေသည်ကို လုချန်းက ဧကန်မုချ သိပြီးသား ဖြစ်ရာ သူ့ဘက်က အသည်းအသန် ခုခံလိမ့်မည်မှာ မလွဲဧကန်ပင်။

ထိုအခိုက်အတန့်တွင် ရန်ယန်နိုင်ငံ၏ ရန်ယန်ဧကရာဇ်က နှာခေါင်းရှုံ့လိုက်၏။

“သူကိုယ်တိုင်က ဧကရာဇ် ဖြစ်နေမှတော့ ဆွေးနွေးနေစရာ မလိုတော့ဘူး။ စစ်ပွဲအတွက်သာ ပြင်ဆင်ကြတော့။”

……………

အခန်း (၁၄၃၉ )

နယ်စပ်ဖြတ်ကျော်ကျောက်တုံး

ရှန်ယွဲ့နိုင်ငံသည် စစ်တပ်စုစည်း ပြီးနေပြီ ဖြစ်၏။ ရှန်ယွဲ့နိုင်ငံ၏ တပ်ဖွဲ့များက စတင်တိုက်ခိုက်လာသည်နှင့် တစ်ပြိုင်နက် နိုင်ငံကြီး ဆယ်နိုင်ငံ ပူးပေါင်းထားလျှင်ပင် သူတို့ကို တားဆီးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ရှနိုင်ငံကို အမြန်ဆုံး အနိုင်ယူပြီး လုချန်းကို ဖမ်းဆီးကာ ရှန်ယွဲ့နိုင်ငံထံ အပ်နှံရန်က ရန်ယန်ဧကရာဇ်၏ ရိုးရှင်းသော အစီအစဉ်ပင် ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းဖြင့်သာ သူတို့အနေနှင့် ဘေးဒုက္ခကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ရန်ယန်ဧကရာဇ်၏ စကားကို ကြားလျှင် ဦးခေါင်းထက်တွင် ရေခဲပိုးကောင် တင်ထားသည့် ထောင့်တစ်နေရာမှ ဧကရာဇ်တစ်ပါးက တုံ့ပြန်လိုက်သည်။

“ရန်ယန် ဧကရာဇ် ပြောတာ မှန်တယ်။ နိုင်ငံဆယ်နိုင်ငံ ပေါင်းလိုက်ရင် ရှနိုင်ငံကို ဖျက်ဆီးဖို့က လွယ်လွယ်လေးပဲ။ အားလုံးပဲ ရှနိုင်ငံကို ချက်ချင်း စစ်ချီကြစို့။”

ထိုအခိုက်အတန့်တွင် မင်ရှင်းဧကရာဇ်က ဝင်ပြောလိုက်သည်။

“စစ်ချီဖို့ကတော့ သေချာပါတယ်။ ကျုပ်တို့ ထျန်းမင်နိုင်ငံက စစ်တပ်ကို စုစည်းပြီး ရှနိုင်ငံဆီ ချီတက်နေပါပြီ။ ဒါပေမဲ့ အဲဒါမတိုင်ခင် ဒီပုံရိပ်တွေကို အရင်ကြည့်လိုက်ကြပါဦး။”

ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ ဧကရာဇ် နိယာမ ကိုယ်ထည်များအားလုံး ပုံရိပ်ဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။ ဧကရာဇ်တစ်ပါးက ဇဝေဇဝါဖြင့်

“ဘာကြည့်စရာ ကျန်သေးလို့လဲ။ သူက ရှန်ယွဲ့နိုင်ငံရဲ့ ကိုးယောက်မြောက်မင်းသား မဟုတ်ဘူးလို့ ခင်ဗျား သံသယရှိနေတာလား။”

မင်ရှင်းဧကရာဇ်က ရင်ဘတ်ပေါ် လက်တင်ကာ လက်တစ်ဖက်ဖြင့် မေးစေ့ကို ပွတ်နေပြီး တွေးတောနေသည့် အမူအရာဖြင့်

“ဒီအပြာရောင် အလင်းတံတိုင်းက တစ်ခုခုကို ကာကွယ်ထားတဲ့ အတားအဆီး မဟုတ်ဘူးလား။”

ထိုအရာကို ကြားလျှင် ဧကရာဇ်များလည်း လုချန်းနှင့် ငွေလဝန်း ဧကရာဇ်လောင်းကြားရှိ မှိန်ဖျော့သော အပြာရောင် အလင်းတံတိုင်းကို သတိပြုမိသွားကြသည်။ ရန်ယန်ဧကရာဇ်က မထီမဲ့မြင်ဟန်ဖြင့်

“ဒါက အတားအဆီးတစ်ခုပဲလေ။ ဘာထူးခြားလို့လဲ။ ကျွန်တော်တို့ ဆယ်နိုင်ငံ ပေါင်းလိုက်ရင် ဒီလောက် အတားအဆီးလေးတစ်ခုကို မဖျက်ဆီးနိုင်ဘူးလား။”

မင်ရှင်းဧကရာဇ်က

“အဲဒါတော့ ဟုတ်ပါတယ်”

ရန်ယန်ဧကရာဇ်က

“ရှန်ယွဲ့နိုင်ငံက သူ့ကိုတိုက်ဖို့ စစ်တပ်စေလွှတ်လိုက်တာကို နံပါတ်ကိုး ရှန်ယွဲ့မင်းသားက ကြိုသိပြီးသားဆိုတော့ နည်းဗျူဟာတွေနဲ့ အတားအဆီးတွေကို ကြိုတင်ပြင်ဆင်ထားတာက မဆန်းပါဘူး။”

“ဒါပေမဲ့ ကျုပ်တို့သာ ညီညွတ်ရင် အဲဒီနည်းဗျူဟာတွေနဲ့ အတားအဆီးတွေက ဘယ်လောက်ပဲ ခိုင်မာပါစေ ကြာရှည်ခံမှာ မဟုတ်ပါဘူး။”

နိုင်ငံကြီး ဆယ်နိုင်ငံကို ပေါင်းလိုက်လျှင် ဧကရာဇ် အရေအတွက်သည် အနည်းဆုံး ဆယ်ပါးရှိပြီး အချို့နိုင်ငံများတွင် တစ်ပါးထက်မက ရှိသည်။ အကယ်၍ နိုင်ငံဆယ်နိုင်ငံမှ ဧကရာဇ်များ ပူးပေါင်းလိုက်ပါက ၎င်းကို စကြဝဠာအတွင်းရှိ အထူးအင်အားကြီးအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ စကြဝဠာအစွန်အဖျားရှိ နိုင်ငံတစ်နိုင်ငံကို ဖြေရှင်းရန်က သူတို့အတွက် အလွန် ခက်ခဲသော ကိစ္စ မဟုတ်သင့်ပေ။

ရန်ယန်ဧကရာဇ်က ဆက်လက်၍

“ကောင်းပြီ...အချိန်မဖြုန်းကြနဲ့တော့။ အခုပဲ စစ်တပ်တွေ စေလွှတ်ကြစို့။ ရှနိုင်ငံမှာ ဆုံကြမယ်။”

ရန်ယန်ဧကရာဇ်၏ စကားဆုံးသည်နှင့် ခန်းမအတွင်းရှိ ဧကရာဇ် နိယာမ ကိုယ်ထည်များ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။ မကြာမီမှာပင် နိုင်ငံကြီး ဆယ်နိုင်ငံက နတ်လှေ ရာပေါင်းများစွာ၊ ဧကရာဇ်လောင်း ပေါင်းများစွာနှင့် ဧကရာဇ်အဆင့် ဆယ်ပါးကျော်တို့သည် ရှနိုင်ငံဆီသို့ အင်တိုက်အားတိုက် ချီတက်လာကြတော့သည်။

ရန်ယန်နိုင်ငံနှင့် အခြားနိုင်ငံများ၏ စစ်အင်အား ဖြန့်ကျက်မှုကို လုချန်း ကြိုတင်ခန့်မှန်းထားပြီးဖြစ်သော်လည်း သူက အရေးစိုက်ခြင်း မရှိပေ။ ကောင်းကင်ဧကရာဇ် မရှိသရွေ့ နတ်ဝိညာဉ်ထီးက တိုက်ခိုက်မှုအားလုံးကို တားဆီးရန် လုံလောက်သည်။

ထို့ပြင် ကောင်းကင်နတ်ဆိုးများ ဖြစ်တည်လာနိုင်သော ဘေးအန္တရာယ်ကို တားဆီးရန်အတွက်လည်း ပြင်ဆင်မှုအချို့ လုချန်း ပြုလုပ်ထားသေးသည်။ လက်ရှိတွင် ရှနိုင်ငံအတွင်း၌ နဂါးစစ်တပ်သည် အရေးပေါ်အခြေအနေများအတွက် လေ့ကျင့်နေကြသည်။ ရှန်ယွဲ့နိုင်ငံကို တိုက်ခိုက်ရန်သာမက အခြား မဟာအင်အားကြီးအဖွဲ့အစည်းများ၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းရည်များကို ရင်ဆိုင်နိုင်ရန်အတွက်လည်း ဖြစ်သည်။

လက်ရှိတွင် နဂါးစစ်တပ်မှ စစ်သည်အများစု၏ ကျင့်စဉ်အဆင့်မှာ နတ်ဘဝပြောင်းလဲခြင်းအဆင့် သို့မဟုတ် ဥပဒေနိယာမ အလုံးစုံ အဆင့်များသာ ရှိကြသည်။ ပြန်လည်ပျက်စီးခြင်းအဆင့်ကတော့ အနည်းငယ်သာ ရှိသည်။ ဤစစ်သည်များက ရှန်ယွဲ့နိုင်ငံ၏ သာမန်စစ်သည်များကို ဟန့်တားရန်နှင့် ပေါ်ပေါက်လာနိုင်သော ကောင်းကင်နတ်ဆိုးများကို ကိုင်တွယ်ရန်အတွက်သာ အဆင်ပြေပေလိမ့်မည်။

ရှန်ယွဲ့နိုင်ငံက ရှနိုင်ငံဆီသို့ ချီတက်လာသည်နှင့် လမ်းတစ်လျှောက်တွင် များစွာသော သက်ရှိများ သေဆုံးရလိမ့်မည် လုချန်းက ကြိုတင်ခံစားမိနေသည်။ စစ်ပွဲများကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများကြောင့် စကြဝဠာအတွင်း ကောင်းကင်နတ်ဆိုးများ ပို၍ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုအချိန်တွင် ရှနိုင်ငံ ရင်ဆိုင်ရမည့် အကြီးမားဆုံးပြဿနာမှာ ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်ထက် ကောင်းကင်နတ်ဆိုးများကို ကိုင်တွယ်ရမည့် အရေးဖြစ်လာလိမ့်မည်။

……..

အဆောင်တစ်ခု အတွင်း၌။

ပေရှုဟွာ၏ နံဘေးတွင် လုချန်း၏ ပင်မခန္ဓာ လှဲလျောင်းနေသည်။ သူတို့၏ ခန္ဓာကိုယ်များသည် သက်ဝင်ရွှေကုတင်၏ နိမ့်ဝင်နေသော အပိုင်းထဲသို့ မြုပ်ဝင်နေသည်။ ကံကောင်းထောက်မစွာဖြင့် သက်ဝင်ရွှေဖြင့် ပြုလုပ်ထားသော ကုတင်သည် ကျုံ့နိုင်ဆန့်နိုင်စွမ်း ကောင်းမွန်လှသည်။ ထို့ကြောင့် ကုတင် ဘောင်များ မြေကြီးနှင့် ထိလုနီးပါး ဖြစ်နေသော်လည်း ပြိုကျပျက်စီးသွားခြင်း မရှိပေ။

စနစ်စာမျက်နှာကို လုချန်း ကြည့်လိုက်၏။

[ဇနီးတစ်ဦး ရရှိသည့်အတွက် သခင်အား ဂုဏ်ပြုပါသည်။ ဆုလာဘ်: နယ်စပ်ဖြတ်ကျော်ကျောက်တုံး တစ်တုံး။]

ထိုဆုလာဘ်ကို မြင်လျှင် နယ်စပ်ဖြတ်ကျော်ကျောက်တုံးနှင့် အသုံးဝင်ပုံကို လုချန်း ချက်ချင်း စိတ်ဝင်စားသွားသည်။ စိတ်အာရုံဖြင့် ထိတွေ့ကာ နယ်စပ်ဖြတ်ကျော်ကျောက်တုံးနှင့် ပတ်သက်သည့် စနစ်၏ ဖော်ပြချက်ကို ဖွင့်ကြည့်လိုက်သည်။

[နယ်စပ်ဖြတ်ကျော်ကျောက်တုံး : သခင်အား နယ်နိမိတ်ပင်လယ်ကို ဖြတ်ကျော်ရန် ကူညီပေးနိုင်ပါသည်။ အဆင့် သတ်မှတ်ချက် မရှိပါ။]

ထိုဖော်ပြချက်ကို မြင်လျှင် လုချန်း နောက်တစ်ကြိမ် ဇဝေဇဝါ ဖြစ်သွားရပြန်သည်။

“နယ်နိမိတ်ပင်လယ်... အဲ့ဒါက ဘယ်လိုနေရာမျိုးလဲ...”

သူ၏ ယခင်ဘဝ သို့မဟုတ် ထိုထက်စောသော ဘဝများမှ မှတ်ဉာဏ်အမြောက်အမြားကို ပြန်လည်ရရှိထားသော်လည်း နယ်နိမိတ်ပင်လယ်အကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

နယ်နိမိတ်ပင်လယ်က ပြင်ပနယ်မြေမှာ ရှိနေတာလား....

လုချန်းက

“စနစ်... နယ်နိမိတ်ပင်လယ်က ဘယ်မှာလဲ”

စနစ်က

“သခင် ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်ရှိသွားတဲ့အခါ နယ်နိမိတ်ပင်လယ်ကို မြင်တွေ့ရပါလိမ့်မယ်။”

ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းမှသာ နယ်နိမိတ်ပင်လယ်ကို မြင်တွေ့နိုင်မည် ဆိုနေ၏။

နယ်နိမိတ်ပင်လယ်က ကျင့်စဉ်နှင့် ဆက်စပ်နေသည်ဟု ဆိုလိုခြင်းလား....

လုချန်း အတွေးများသွားသည်။

“ကျင့်စဉ်လမ်းစဉ်ရဲ့ အဆုံးသတ်မှာ နယ်နိမိတ်ပင်လယ် ရှိနေတာလား။ နယ်နိမိတ်ပင်လယ်ကို ဖြတ်ကျော်နိုင်မှ ပိုမြင့်မားတဲ့ အဆင့်တွေကို ရောက်နိုင်မှာလား။ ဒါမှမဟုတ် ဒီစကြဝဠာက အထပ်ထပ် ဖြစ်နေပြီး ကျင့်စဉ်အဆင့် မြင့်မားတဲ့သူတွေမှပဲ အဲဒီနယ်နိမိတ်တွေကို မြင်နိုင်တာလား။”

ပြီးခဲ့သည့် ခေတ်တုန်းက သူ ကောင်းကင်ဧကရာဇ်အဆင့် ရောက်ခဲ့သော်လည်း နယ်နိမိတ်ပင်လယ် ဆိုတာကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ လုချန်းက ထပ်မံမေးမြန်းရန် ပြင်လိုက်သော်လည်း စနစ်က

“ သခင် ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်ရှိသွားတဲ့အခါ နယ်နိမိတ်ပင်လယ်ကို မြင်တွေ့ရပါလိမ့်မယ်”

ဟုသာ ထပ်ပြောနေသည်။

စနစ်က နယ်နိမိတ်ပင်လယ်နှင့် ပတ်သက်ပြီး ဘာမှပြောပြရန် အစီအစဉ်မရှိကြောင်း လုချန်း ချက်ချင်း နားလည်လိုက်သည်။ မည်သို့ပင်ဆိုစေ ဤဘဝတွင် သူ၏ တကယ့်ဇစ်မြစ်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်လိမ့်မည်။

ယခင်ခေတ်က မကြားဖူးခဲ့သော နယ်နိမိတ်ပင်လယ်အကြောင်း ထွက်ပေါ်လာခြင်းက သူသည် အမှန်တရားနှင့် ပိုနီးစပ်နေပြီဖြစ်ကြောင်း သက်သေပြနေသည်။ အနည်းဆုံးတော့ သူ၏ အတိတ်က လျှို့ဝှက်ချက်များနှင့် ပတ်သက်လျှင် ယခင်ခေတ်ကထက် ပို၍ နီးစပ်နေပြီ ဖြစ်သည်။

ထိုသို့ တွေးတောပြီးနောက် လုချန်း ဆက်မစဉ်းစားတော့ပဲ သူ့အနားရှိ အမျိုးသမီးကို ခေါင်းငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ ထရပ်လိုက်ပြီး ပေရှုဟွာကို ကုတင်၏ နိမ့်ဝင်နေသော နေရာမှ ဆွဲထုတ်လိုက်သည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ကုတင်တစ်ခုလုံးသည် စုံတွဲကျင့်စဉ် မကျင့်ကြံမီက အခြေအနေသို့ ချက်ချင်း ပြန်ရောက်သွားသည်။

လုချန်း ရပ်တန့်သွားသည်ကို မြင်လျှင် သတိပြန်ဝင်လာသော ပေရှုဟွာလည်း သက်ပြင်းတစ်ချက် အသာအယာ ချလိုက်သည်။ လုချန်းက သူမကို ကျင့်စဉ်အဆင့် မတက်မချင်း လွှတ်ပေးမည်မဟုတ်ဟု သူမက ထင်နေခဲ့သော်လည်း သူက သူမကို စနောက်နေခြင်းသာ ဖြစ်သည်။

“တော်သေးတာပေါ့”

ပေရှုဟွာ ခေါင်းကို လှည့်လိုက်ပြီး စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းများဖြင့် လုချန်းကို ကြည့်လိုက်သည်။

“ရှင် စိတ်ပျက်သွားအောင် လုပ်မိလို့ ကျွန်မ တောင်းပန်ပါတယ်... ကျွန်မ အဆင့်မတက်နိုင်ခဲ့ဘူး...”

ပေရှုဟွာ၏ ချောမွေ့သော ပါးပြင်ကို လုချန်း လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ

“ရပါတယ်.... ကိုယ်တို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ မင်း ကျင့်စဉ် ဆက်ပြီး လေ့ကျင့်ပေးလို့ ရတာပဲ။”

ပေရှုဟွာ၏ ရင်ခုန်သံများ မြန်လာပြီး အလျင်အမြန် တုံ့ပြန်လိုက်သည်။

“စုံတွဲကျင့်စဉ်က ကျွန်မအတွက် ထိရောက်မှု မရှိတော့ပါဘူး။ ကျွန်မရဲ့ ကျင့်စဉ်အဆင့်ကို ခဏလောက် ထပ်ပြီး တည်ငြိမ်အောင် လုပ်ပါရစေဦး။”

လုချန်း သူမကို ထပ်မံ ဖိအားပေးမည်ကို ပေရှုဟွာက တကယ် ကြောက်ရွံ့နေမိသည်။ လုချန်းက

“ထိရောက်မှု မရှိဘူးလား။ ဟုတ်လို့လား။ မင်းဆီက ထွက်နေတဲ့ လမ်းစဉ်အငွေ့အသက်တွေက တော်တော်လေး ပြင်းထန်နေတာကို ကိုယ် မြင်နေရတယ်လေ။”

ထိုအရာကို ကြားလျှင် သူမ၏ ကာကွယ်ခြင်းလမ်းစဉ်က လုချန်းနှင့် တစ်စုံတစ်ရာအထိ ဆက်နွှယ်သွားပြီ ဖြစ်ကြောင်း ပေရှုဟွာ နားလည်လိုက်သည်။ ထို့ကြောင့် စုံတွဲကျင့်စဉ် ကျင့်ကြံနေစဉ်အတွင်း သူတို့၏ ခန္ဓာကိုယ်များမှ လမ်းစဉ်အငွေ့အသက်များ သဘာဝအတိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

လမ်းစဉ်အငွေ့အသက်များ အဆက်မပြတ် ထွက်ပေါ်နေခြင်းက သူမ၏ ကျင့်စဉ် တကယ် တိုးတက်လာခြင်းကို ဖော်ပြနေသည်။ သို့သော်လည်း ဧကရာဇ်နယ်ပယ်တွင် အဆင့်တက်ခြင်းက မည်သည့်အခါကမှ လွယ်ကူခဲ့သောအရာ မဟုတ်ခဲ့ပေ။

……………

အခန်း (၁၄၄၀)

နိုင်ငံကြီးဆယ်နိုင်ငံ စစ်ချီခြင်း

လုချန်းက သူမ၏ လိမ်ညာမှုများကို ရိပ်မိသွားသည်ကို ပေရှုဟွာ မြင်လိုက်ရသောအခါ သူမ၏ နီရဲနေသော ပါးပြင်များသည် ထိလိုက်လျှင်ပင် ရေထွက်လာတော့မည့်အလား ပို၍နီမြန်းသွားသည်။ ဂုဏ်သရေရှိပြီး မြင့်မြတ်သော ပေရှုဟွာသည် ယခုအခါ ဇနီးငယ်လေးတစ်ဦး၏ စွဲမက်ဖွယ်အလှများဖြင့် ပြည့်နှက်နေသည်။ ပေရှုဟွာ၏ ထိုကဲ့သို့ အခြေအနေကို မြင်လျှင် လုချန်း၏ စိတ်ထဲ၌ အတွေးအချို့ ပေါ်လာခဲ့သည်။

သို့သော် ပေရှုဟွာသည် ထျန်းဟုန်ဧကရီ သို့မဟုတ် ချူးယွမ်ကျိတို့ကဲ့သို့ ကြံ့ခိုင်သူ မဟုတ်သည်ကို သူသိသည်။ ထို့ကြောင့် လုချန်း သူမကို အတင်းအကျပ် မပြုမူခဲ့ပေ။ သူက ပေရှုဟွာ၏ နှာခေါင်းလေးကို အသာအယာ ဆွဲလိုက်ပြီး ပြုံးလိုက်ကာ

“ကောင်းပြီ...ကိုယ် မင်းကို ထပ်မစတော့ဘူး။ အခု ခဏလောက် အနားယူလိုက်ဦး။”

လုချန်း၏ ကြင်နာမှုကို သိသဖြင့် “ကျေးဇူးတင်ပါတယ် မင်းကြီး “

ဟု ပေရှုဟွာ အလျင်အမြန် ပြောလိုက်သည်။

လုချန်းက ရုတ်တရက် ရယ်လိုက်ကာ

“ကိုယ့်ကို မင်းကြီးလို့ ခေါ်နေတုန်းပဲလား”

ပေရှုဟွာ ခဏခန့် ကြောင်သွားသည်။ လုချန်းသည် ရှနိုင်ငံ၏ ဧကရာဇ်ဖြစ်သဖြင့် သူ၏ အမျိုးသမီး အနေနှင့် မင်းကြီးဟု ခေါ်ဆိုခြင်းက မမှားပေ။

ဒါပေမဲ့...

သူတို့ စုံတွဲကျင့်စဉ် ကျင့်ကြံနေစဉ်အတွင်း သူမကို ‘မောင်တော်’ သို့မဟုတ် ‘ချစ်သူ’ ဟု ခေါ်ရန် လုချန်းက အတင်းအကျပ် ခိုင်းစေခဲ့သည်ကို သူမ ရုတ်တရက် သတိရသွားသည်။ ပေရှုဟွာလည်း မကြသေးမီက အဖြစ်အပျက်များကို ပြန်အမှတ်ရသွားပြီး “ချစ်သူ.....” ဟု တိုးတိုးလေး ညည်းတွားလိုက်သည်။

လုချန်းလည်း ပေရှုဟွာ၏ နှုတ်ခမ်းကို ပြင်းပြင်းပြပြ နမ်းလိုက်သည်။ ထို့နောက်

“အဲဒီလိုမှပေါ့”

“ကောင်းပြီ...ကိုယ် လုပ်စရာတွေ ရှိသေးတယ်။ သွားတော့မယ်။ ဒီနေရာက နောက်ဆိုရင် ထျန်းချန်ကမ္ဘာက မင်းရဲ့ နန်းဆောင်ပဲ။ ဒီမှာ မနေချင်ရင်လည်း ချီယွဲ့နိုင်ငံရဲ့ ပင်မကြယ်ဆီကို ပြန်သွားလို့ ရပါတယ်။ ကိုယ့်ကို သတိရတဲ့အခါ ကိုယ် ပေးထားတဲ့ သစ်သားရုပ်လေးကနေတစ်ဆင့် ဆက်သွယ်လိုက် ပေါ့။”

ထိုစကားကို ကြားလျှင် စုံတွဲကျင့်စဉ် ကျင့်ကြံပြီးနောက် ‘သတိရခြင်း’ ၏ အဓိပ္ပာယ်ကို နားလည်သွားသော သတို့သမီးသစ်လေး၏ မျက်နှာ ထပ်မံ နီမြန်းသွားပြန်သည်။ ထို့နောက် သူမကို ထပ်မစတော့ပဲ လုချန်း အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။

ထိုအခါ တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသလို ပေရှုဟွာ ခံစားလိုက်ရသည်။ ထို့နောက် သူမ၏ လှပသော ဦးခေါင်းကို မော့ကာ နန်းဆောင်အတွင်းကို ဝေ့ဝဲကြည့်လိုက်ရင်း သူတို့၏ စုံတွဲကျင့်စဉ် ကျင့်စဉ်က မြင်ကွင်းများကို စိတ်ထဲ၌ ထပ်တလဲလဲ ပြန်လည်တွေးတောနေမိသည်။ မကြာမီ ပေရှုဟွာကိုယ်တိုင်ပင် သတိမထားမိပဲ သူမ၏ နှုတ်ခမ်းထောင့်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာခဲ့တော့သည်။

………

နိုင်ငံကြီး ဆယ်နိုင်ငံ၏ ချီတက်နှုန်းက အလွန် မြန်ဆန်လှသည်။ သူတို့သည် ရှနိုင်ငံနှင့် ကြယ်နယ်မြေစု တစ်ခုတည်း အတွင်း၌ ရှိနေကြသဖြင့် ခရီးက မဝေးကွာလှပေ။ ထို့ပြင် ရှန်ယွဲ့နိုင်ငံ၏ စစ်တပ် မရောက်လာမီ ရှနိုင်ငံကို အပြတ်ချေမှုန်းရန် အတွက် နိုင်ငံကြီး ဆယ်နိုင်ငံ၏ တပ်ဖွဲ့များက အရှိန်အကုန်မြှင့်၍ ချီတက်လာကြခြင်းဖြစ်သည်။

ယခုအခါ ဖုန်းယန် ကြယ်နယ်မြေ၏ အပြင်ဘက်ရှိ ကောင်းကင်ယံတွင် နိုင်ငံအသီးသီးမှ နတ်လှေများဖြင့် ပြည့်နှက်နေသည်။

ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ရှနိုင်ငံ၏ ဖုန်းယန် ကြယ်နယ်မြေဘက်တွင်တော့ အာကာသယာဉ် ဆယ်စင်းကျော်ခန့်သာ ရှိနေသည်။ ထိုအချိန်တွင် နိုင်ငံကြီး ဆယ်နိုင်ငံမှ ဧကရာဇ်များအားလုံး ဖုန်းယန် ကြယ်နယ်မြေ၏ အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုစဉ် ရေခဲပိုးကောင် ဧကရာဇ်က နောက်ဆုံးမှ ရောက်ရှိလာပြီး အာကာသဟင်းလင်းပြင်ထဲတွင် အခြားဧကရာဇ်များ ဘာမှမလုပ်ပဲ ကြည့်နေကြသည်ကို မြင်လျှင် အနားသို့ကပ်လာပြီး

“ဘာဖြစ်လို့လဲ...ဘာလို့ မစကြသေးတာလဲ”

ရေခဲပိုးကောင် ဧကရာဇ်၏ မေးခွန်းကို ရန်ယန်ဧကရာဇ်က တုံ့ပြန်ခြင်း မပြုပဲ ဖုန်းယန် ကြယ်နယ်မြေအတွင်းရှိ အာကာသယာဉ် ဆယ်စင်းကျော်ကို ကြည့်လိုက်သည်။ ထို့နောက်

“ရှနိုင်ငံရဲ့ ဒီနတ်လှေတွေက တော်တော်လေး ထူးခြားတယ်။ သူတို့က မောင်းနှင်ဖို့အတွက် စိတ်ဝိညာဉ် စွမ်းအားကို မသုံးဘူး။”

ဧကရာဇ် ပိုရှန်းက

“ရှနိုင်ငံကို ဖျက်ဆီးပြီးတာနဲ့ ဒီနတ်လှေတွေ ထုတ်လုပ်တဲ့နည်းပညာတွေက ကျုပ်တို့လက်ထဲ ရောက်လာမှာပဲ။ အဲ့ဒီအခါကျရင် ကျုပ်တို့လည်း အဲ့ဒါတွေ အမြောက်အမြား ထုတ်လုပ်လို့ ရပြီ။”

သူတို့နှစ်ဦး၏ စကားကို ကြားလျှင် ရေခဲပိုးကောင် ဧကရာဇ်က စိတ်မရှည်စွာဖြင့်

“ဒါဆိုရင် ဘာလို့ အမြန် လှုပ်ရှားမကြတာလဲ။”

မင်ရှင်းဧကရာဇ်က

“ထူးဆန်းတယ်...ဘာလို့ တစ်ဖက်လူက ဘာပြင်ဆင်မှုမှ မရှိသလို ဖြစ်နေတာလဲ။”

ရှနိုင်ငံသည် စကြဝဠာ၏ အစွန်အဖျားတွင် ရှိသော်လည်း အင်ပါယာနိုင်ငံတစ်ခု ဖြစ်နေသေးသည်။ အင်ပါယာ နိုင်ငံတစ်နိုင်ငံတွင် နတ်လှေ ဆယ်စင်းကျော်သာ ရှိနေခြင်းက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

နိုင်ငံကြီး ဆယ်နိုင်ငံက နယ်စပ်ကို ဖိအားပေးနေပြီး ဧကရာဇ်များပင် ရောက်ရှိနေကြပြီဖြစ်သည်။ သို့သော် ရှနိုင်ငံဘက်က ဘာကာကွယ်ရေးမှ မရှိခြင်းက နိုင်ငံကြီး ဆယ်နိုင်ငံကို အလေးမထားခြင်းပင် ဖြစ်သည်။

ရေခဲပိုးကောင် ဧကရာဇ်က

“ထားလိုက်ပါတော့...ဒီအတားအဆီးကို အရင်ဖျက်ကြစို့”

ထိုသို့ပြောပြီးနောက် ရေခဲပိုးကောင် ဧကရာဇ်၏ အငွေ့အသက်များ မြင့်တက်လာသည်။ နောက်တစ်ခဏတွင် ကြီးမားသော ရေခဲပိုးကောင် နိယာမ ပုံရိပ်တစ်ခု ဟင်းလင်းပြင်ထဲ၌ ပေါ်ထွက်လာ၏။

ရေခဲပိုးကောင် ပုံရိပ်သည် ၎င်း၏ကြည်လင်တောက်ပသော တောင်ပံများ အနည်းငယ် ခတ်လိုက်သည်။ ထိုအခါ ဟင်းလင်းပြင်ထဲ၌ ရေခဲဥက္ကာခဲများစွာ ပေါ်လာပြီး အပြာရောင် အတားအဆီးဆီသို့ အပြင်းအထန် ပစ်လွှတ်လိုက်သည်။

အတားအဆီး၏ ကြံ့ခိုင်မှုကို သိနိုင်ရန် အတွက် အားလုံးက ရေခဲဥက္ကာခဲများ ကျရောက်ရာ နေရာကို အာရုံစိုက်ကြည့်နေကြသည်။ တစ်နာရီခန့် ကုန်ဆုံးသွားသော်လည်း ရေခဲပိုးကောင် နိယာမ ပုံရိပ်၏ တိုက်ခိုက်မှုအောက်တွင် အပြာရောင် အတားအဆီး၍ အက်ရာတစ်ခုပင် မရှိပေ။ ထိုအတားအဆီးသည် နဂိုအတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။

သူ၏ စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို အသုံးပြုထားရကြောင်း ရေခဲပိုးကောင် ဧကရာဇ် သိသည်။ ထို့ကြောင့် တိုက်ခိုက်မှုကို ပြန်ရုပ်သိမ်းလိုက်သည်။

ထို့နောက် ရှေ့ရှိ အပြာရောင် အတားအဆီးကို မျက်ခုံးတွန့်ကာ ကြည့်လိုက်သည်။ စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုထားသော်လည်း အက်ကြောင်းလေးတစ်ခုပင် မဖြစ်ပေါ်ခဲ့ပေ။ ထို့ကြောင့် ဤနည်းဗျူဟာပုံစံသည် အလွန်ပင် ထူးခြားလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရန်ယန်ဧကရာဇ်က

“အဲ့ဒီလူက ရှန်ယွဲ့နိုင်ငံရဲ့ မင်းသား လုချန်းပဲ။ အဆင့်မြင့် နည်းဗျူဟာ ပုံစံတစ်ခု ပြင်ဆင်ထားတာက မဆန်းပါဘူး။ အားလုံး အတူတူ လှုပ်ရှားကြစို့။”

ရန်ယန်ဧကရာဇ်၏ စကားကို ကြားလျှင် ဘေးရှိ ဧကရာဇ်များလည်း ချီတုံချတုံ မဖြစ်တော့ပဲ သူတို့၏ နိယာမ ပုံရိပ်များကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။ ထို့နောက် ရန်ယန်ဧကရာဇ်၏ နိယာမ ပုံရိပ်အတွင်းသို့ စိတ်ဝိညာဉ် စွမ်းအားများ အကုန်အစင် ထည့်သွင်းပေးလိုက်ကြသည်။

ရန်ယန်ဧကရာဇ်က

“နေဝင်ချိန် ပျက်စီးခြင်း”

ဟု အော်ဟစ်လိုက်သည်။

ချက်ချင်းပင် ရန်ယန်ဧကရာဇ်၏ နိယာမ ပုံရိပ် နောက်တွင် အလင်းနှစ် တစ်နှစ်အကွာအဝေးအထိ ရှည်လျားသော နေဝင်ဆည်းဆာ ပုံရိပ်ကြီး ပေါ်လာသည်။

ထို့နောက် အနီရောင် အလင်းတန်းတစ်ခု ဖုန်းယန် ကြယ်နယ်မြေ အပြင်ဘက်ရှိ အပြာရောင် အတားအဆီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ အနီရောင် အလင်းတန်း များသည် အပြာရောင် အတားအဆီးနှင့် ထိတွေ့ခါနီးတွင် တောက်လောင်နေသော မီးလျှံများ ဝန်းရံထားသည့် ဖီးနစ်ငှက်ကြီးတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွား၏။

ထို့နောက် နတ်ဝိညာဉ်ထီးက ဖန်တီးထားသော ကာကွယ်ရေးကို ၎င်း၏ ချွန်ထက်သော နှုတ်သီးဖြင့် အပြင်းအထန် ထိုးနှက်လိုက်သည်။ သို့သော်လည်း အတားအဆီး ပျက်စီးခြင်း မရှိသေးသည်ကို အားလုံး ချက်ချင်း သတိပြုမိလိုက်ကြသည်။ ရန်ယန်ဧကရာဇ်က သူ၏ အနောက်ရှိ ဧကရာဇ်များကို

“စွမ်းအားတွေ ထပ်မြှင့်လိုက်ကြစို့”

ဟု အလျင်အမြန် တိုက်တွန်းလိုက်သည်။

ချက်ချင်းပင် ဧကရာဇ်များ၏ အငွေ့အသက်များ ထပ်မံ မြင့်တက်လာ၏။ ထို့နောက် ရန်ယန်ဧကရာဇ်ထံသို့ စိတ်ဝိညာဉ် စွမ်းအားများကို အစွမ်းကုန် ထည့်သွင်းပေးလိုက်ရာ အပြာရောင် အတားအဆီးကို တိုက်ခိုက်နေသည့် ဖီးနစ်ငှက်ကြီးလည်း ပို၍ပင် ကြီးမားလာသည်။

ဤသို့ဖြင့် တစ်လခန့် ကုန်ဆုံးသွားခဲ့သည်။ စကြဝဠာအတွင်း ဧကရာဇ်များကြား တိုက်ပွဲသည် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာအထိ ကြာမြင့်လေ့ရှိသည်။

ထို့ကြောင့် တစ်လဆိုသည်က ဘာမှ မဟုတ်ပေ။ သို့သော် အပြာရောင် အတားအဆီး၌ အက်ကြောင်းလေးတစ်ခုပင် မရှိသေး ကြောင်း မြင်ရလျှင် ရောက်ရှိနေသော ဧကရာဇ်များ အနည်းငယ် စိုးရိမ်လာကြသည်။

ယခုအခြေအနေအရ အချိန်သည် သူတို့အတွက် အလွန်တန်ဖိုးကြီးနေသည်။ ရှနိုင်ငံကို အမြန်ဆုံး မဖျက်ဆီးနိုင်ပါက သူတို့ကိုယ်တိုင် ဖျက်ဆီးခံရမည့်သူများ ဖြစ်သွားလိမ့်မည်။

ရေခဲပိုးကောင် ဧကရာဇ်က

“ဒါက ဘယ်လို ငရဲကလာတဲ့ အတားအဆီးမျိုးလဲ။ တစ်လတောင် ကြာသွားပြီ။ အက်ကြောင်းလေး တစ်ခုတောင် မရှိဘူး”

ဟု ကျိန်ဆဲလိုက်သည်။

မင်ရှင်းဧကရာဇ်က

“ရှနိုင်ငံက ကျုပ်တို့ကို အလေးမထားတာ မဆန်းဘူး။ ရှန်ယွဲ့နိုင်ငံက သူ့ကို လာတိုက်မယ်ဆိုတာကို သိနေရက်နဲ့ မင်းသား လုချန်း ဘာလို့ ဒီမှာ ဆက်နေရဲတာလဲဆိုတဲ့ မေးခွန်းကနေ စဉ်းစားကြည့်ရင်တော့ သူ့မှာ အားကိုးစရာ တစ်ခုခု ရှိနေလို့ ဖြစ်ရမယ်”

ဟု မှတ်ချက်ပေးလိုက်သည်။

ရေခဲပိုးကောင် ဧကရာဇ်က

“သူ့ရဲ့ အားကိုးစရာက ဘာပဲဖြစ်ဖြစ် ဒီအတားအဆီးကို မခွဲနိုင်ရင် ကျုပ်တို့ပဲ ထွက်ပြေးရလိမ့်မယ်။”

ဧကရာဇ်တစ်ပါး အနေနှင့် သူ တည်ထောင်ထားသော နိုင်ငံကို စွန့်ခွာရန် မလွယ်ကူပေ။ အကြောင်းမှာ ဧကရာဇ် တစ်ပါးအတွက် နိုင်ငံတစ်နိုင်ငံသည် တစ်သက်တာ ကြိုးစားအားထုတ်မှု၏ ရလဒ် ဖြစ်နိုင်သည်။ ထို့ပြင် မင်းဆက်ကံစွမ်းအားကလည်း သူတို့၏ လက်ရှိ စွမ်းရည်ကို မြှင့်တင်ပေးထားသောကြောင့် ဖြစ်သည်။

သူတို့ နိုင်ငံကို စွန့်ခွာပြီး ထွက်ပြေးလျှင် သူတို့၏ အင်အားကို များစွာ လျော့နည်းစေမည် ဖြစ်သည်။ ခေတ်ပျက်ကပ်ဘေးကြီးက နီးကပ်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် အင်အား လျော့နည်းသွားခြင်း၏ နောက်ဆက်တွဲ ရလဒ်များအား အထူးပြောနေရန်ပင် မလိုတော့ပေ။

All Chapters